အစ္စလာမ်-ငြိမ်းချမ်းရေး – မုဖ်သီ ဦးသန်းအောင်(LL.B)

အစ္စလာမ်-ငြိမ်းချမ်းရေး  –  မုဖ်သီ ဦးသန်းအောင်(LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်း အပေါင်းတို့ခင်ဗျား-

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု´

            ကျွန်တော့်အနေနဲ့ အခုလို သောကြာခွတ္တဗါဟ်ပြောကြား ခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်။ ပြီးတဲ့နောက်မှာ ကျနော့်ကို ငယ်စဉ်တောင်ကျေး ကလေး ဘ၀ထဲက ပြုစုပျိုးထောင်ခဲ့ကြတဲ့ မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီနေရာကနေ ဂါရ၀ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

                   ကျွန်တော် ဒီနေ့ ဟောပြောမယ့်ခေါင်းစဉ်ကတော့ `အစ္စလာမ် … ငြိမ်းချမ်းရေး´ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။ အစ္စလာမ်သည် စကြ၀ဠာအပေါင်း၏ သဘာဝလမ်းစဉ် တစ်ရပ်ဖြစ်ပါတယ်။ စကြ၀ဠာအတွင်းရှိ သက်ရှိသက်မဲ့ အရာခပ် သိမ်းကို ငြိမ်းချမ်းစွာလှုပ်ရှားစေပြီး သုခချမ်းသာကို ဖန်တီးပေးတဲ့ လမ်းစဉ်ဖြစ်ပါတယ်။ အစ္စလာမ်ဟာ လူတစ်ဦးချင်းရဲ့ အကျင့် စာရိတ္တ ကောင်းမွန်ရေးအပြင် ပတ်ဝန်းကျင်တစ်ခုလုံးရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်ရေးကို အလေးထားပါတယ်။ လူသား တစ်ဦးချင်း အကျင့်စာရိတ္တကောင်းမွန်ပြီး စည်ပင်သာယာဝပြော ကာ ငြိမ်းချမ်းအေးငြိမ်းတဲ့ ဘ၀ပိုင်ဆိုင်ဖို့ အရေးပါကြောင်း အစ္စလာမ်က အသိအမှတ်ပြုပါတယ်။

            အစ္စလာမ်ဆိုတဲ့ နာခံအပ်နှင်းခြင်း၊ ငြိမ်းချမ်းရေးလမ်းစဉ် ကို လျှောက်လှမ်းနေကြတဲ့ မွတ်ဆလင်မ် နာခံသူ၊ ငြိမ်းချမ်းသူ တို့ဟာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်း လုပ်လို့မရပါဘူး။ အများအကျိုးသယ်ပိုးပြီး ကမ္ဘာ့လူသားအားလုံး သုခချမ်းသာရရှိပြီး ငြိမ်းချမ်းတဲ့ဘ၀ပိုင်ဆိုင်ဖို့ စုပေါင်းညှိနှိုင်းတိုင် ပင်ဆွေးနွေးပြီး စုပေါင်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ လူဖြစ် သည်နှင့်အညီ လူ့ပတ်ဝင်းကျင်ရှိ အမျိုးမျိုး အပြားပြားသော လူသားတွေနဲ့ သဟဇာတဖြစ်စွာ လူ့ပတ်ဝင်းကျင် အသိုင်းအ၀ိုင်း မှာ ပေါင်းသင်းဆက်ဆံပြောဆို လုပ်ကိုင်ဆောင်ရွက်သွားကြဖို့ လိုပါတယ်။

            လူမှုပတ်ဝန်းကျင်မှာ တစ်ဦးကိုတစ်ဦး ကိုယ်ချင်းစာနာ စိတ်၊ မေတ္တာစိတ်ထားရှိကြတဲ့ လူတွေဟာ အချင်းချင်း မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာထားကြပြီး စိတ်ထားဖြူစင်ကြပါတယ်။ စေတနာသန့်စင်ကြပါတယ်။ တစ်ဦး၏ကောင်းကျိုးကို တစ်ဦးက လိုလားကြပါတယ်။ တစ်ဦးအပေါ်တစ်ဦး အထင်မှားမှုမရှိ၊ မလိုမုန်း တီးမှုမရှိ၊ တစ်ဦးကိုတစ်ဦး မစွပ်စွဲကြ၊ နောက်ကွယ်မှာ မဆင်မခြင် အတင်းပြောဆိုခြင်းမရှိဘဲ အဖျက်လုပ်ရပ် ပြုလုပ်ကျူးလွန်တဲ့၊ ပြစ်မှုကျူးလွန်တဲ့လူတွေကို တရားဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရန် သက်ဆိုင်ရာကို ပို့ဆောင်ပြီး လူ့ပတ်ဝန်းကျင် နယ်မြေအေးချမ်းသာယာရေးအတွက် အတူပူးပေါင်းဆောင်ရွက် တတ်ကြလို့ အဲဒီလူ့အဖွဲ့အစည်း၊ လူ့အသိုင်းအ၀ိုင်းဟာ ငြိမ်းချမ်း သာယာတဲ့ ပတ်ဝန်းကျင်ဖြစ်ကြောင်း သိမြင်နိုင်ပါတယ်။

            မနက်ဖြန် ၂၁-၉-၂၀၁၃ (စနေနေ့)ဟာ “အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့”  ဖြစ်ပါတယ်။ အစ္စလာမ်က ငြိမ်းချမ်း ရေးကို ဖော်ဆောင်ပြီး ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးဖြစ်အောင် လူတစ်ဦး ချင်းနာခံအပ်နှင်းပြီး ငြိမ်းချမ်းရေးရသည်မှ ကမ္ဘာ့လူသား လူ့ဘောင် ငြိမ်းချမ်းရေးရဖို့ ကြောင်းကျိုးဆီလျော်စွာ လမ်းညွှန်ပြသထားပါ တယ်။ ကျမ်းမြတ်ကုရ်အာန်ဆူရာဟ်(၂) အာယတ်တော် (၁၂၅-၁၂၆) မှာ-

            “ ဒါ့အပြင် တစ်ခါက ငါအရှင်မြတ်သည် ကအ်ဗာဟ် ကျောင်းတော်ကို လူသားခပ်သိမ်းတို့အတွက် အကြိမ်ကြိမ် ပြန်လည်ဆုံတွေ့ရာဌာနအဖြစ်နဲ့ ငြိမ်းချမ်းရေးကို ပုံဖော်ရာဌာန အဖြစ် ပြုလုပ်ထားတော်မူခဲ့ပြီး ဖြစ်တယ် ”  ကုရ်အာန်(၂း၁၂၅)

            မွတ်ဆလင်မ်သမဂ္ဂအဆောက်အအုံဟာ မက္ကာဟ် ရွှေမြို့ တော်မှာရှိပြီး အဲဒီကအ်ဗာဟ်ကျောင်းတော်မှာ ကမ္ဘာ့လူသား အားလုံးအတွက် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပြီး၊ ငြိမ်းချမ်းသာယာ လုံခြုံတဲ့ဘ၀တွေပိုင်ဆိုင်ဖို့ စီမံခန့်ခွဲ လုပ်ကိုင်ဆောင်ရွက်ရန် ဗဟို ဌာနအဖြစ် အလ္လာဟ်အရှင်မြတ်က ပြုလုပ်ထားတယ်ဆိုတာ တွေ့ နိုင်ပါတယ်။

            ဒါ့အပြင် အီဗ္ဗရာဟင်(မ်)(အ.စ)က လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ခန့်ကတည်းက “ အို – ကျွန်ုပ်၏ ပြုစုပျိုးထောင်ရှင်၊ ဤအရပ်၊ ဤဒေသ၊ ဤမြို့ရွာ၊ ဤတိုင်းပြည်နိုင်ငံကို ဘေးရန်ခပ်သိမ်း ကင်းစင်ပြီး၊ ငြိမ်းချမ်းလုံခြုံသော အရပ်ဒေသဖြစ်စေတော်မူပါ ”  လို့ ဆုမွန်ပန်ချွေ ဆန္ဒပြုခဲ့ပါတယ်။ လူတစ်ဦးချင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မွတ်ဆလင်မ်တွေတာဝန် ဖြစ်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာ တစ်ဦးကိုတစ်ဦး၊ တစ်ဖွဲ့ ကိုတစ်ဖွဲ့ အသိအမှတ်ပြုပြီး ယုံကြည်မှု တည်ဆောက်ဖို့လည်း အလွန်အရေးကြီးပါတယ်။

            ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၄)၊ အာယတ်တော် (၉၄)မှာဆိုရင် ကျွန်တော်တို့တတွေ အရင်က ဒီအာယတ်တော်ကို ဘာသာပြန်ဆို၊ ပြောဆိုတဲ့အခါ “ အသင်တို့ထံသို့ ဆလာမ်မေတ္တာ ပို့သလာသူတစ်ဦးကို အသင် မုအ်မင်န်သက်ဝင်ယုံကြည်သူ တစ်ဦးမဟုတ်ဘူးလို့ မပြောကြလေနှင့် ”  ဟု ဘာသာပြန်ဆို ကြပါတယ်။ စဉ်းစားသင့်တာက ဒီကနေ့လူတစ်ဦးက ဆလာမ်ဆို တာနဲ့ မုအ်မင်န်သက်ဝင်ယုံကြည်သူ ဖြစ်ပါ့မလား။ ကျွန်တော်က ဒီအာယတ်တော်ကို လေ့လာမိတာက ဒီအာယတ်တော်က စစ်ရေး ဆိုင်ရာကိစ္စနှင့်ပတ်သက်ပြီး လမ်းညွှန်မိန့်ကြားထားတာ တွေ့ရပါ တယ်။ သဘောက “ အသင်တို့ထံ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ပြီး ငြိမ်းချမ်းရေးကမ်းလှမ်းလာသူကို အသင်ဟာ ယုံကြည်စိတ်ချရသူတစ်ဦး မဟုတ်ဘူးလို့ မပြောကြလေနှင့်”  ဆို  ပြီး ငြိမ်းချမ်းရေးအတွက် အသိအမှတ်ပြု ယုံကြည်မှု တည်ဆောက် ရန် ညွှန်ကြားချက်ဆိုပြီး ကျွန်တော် နားလည်သဘောပေါက်မိ ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၆) အာယတ်တော်(၅၄) မှာဆိုရင်

            “ အသင်၏ထံသို့ ငါအရှင်မြတ်၏အာယတ် သက်သေ လက္ခဏာတော်များကို သက်ဝင်ယုံကြည်ကြသူများ လာရောက် ကြသောအခါ အသင်သည် အသင်တို့အားလုံး ငြိမ်းချမ်းသာယာ မှုအပေါင်း ခညောင်းရန် ကျွန်ုပ်တာဝန်ယူသည်ဟု ပြောဆိုမိန့် ကြားပါလေ ”  ဒီအာယတ်တော်အရ ဆလာမ်နှုတ်ခွန်းဆက်သ မေတ္တာပို့သရုံသက်သက်မဟုတ်ပါဘဲ ကျွန်ုပ်၏ကာယကံ၊ ၀စီကံ၊ မနောကံကြောင့် အသင်တို့ ဘေးမသီရန်မခ စေရဘဲ ဘေးကင်း လုံခြုံ လွတ်ငြိမ်းချမ်းမှု အပြည့်အ၀ရရှိရန် ကျွန်ုပ်တာဝန်ယူပါ တယ်လို့ ပြောဆိုတာဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

            ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အဓိကအရေးပါတဲ့ အချက်များကို တင်ပြပါမည်။

(၁) ငြိမ်းချမ်းရေး၏ အဓိကပဓာနဖြစ်သော လူသားဖြစ်ခြင်း     (လူ့အဖွဲ့အစည်းဝင်ဖြစ်ခြင်း/ ဖြစ်တည်မှုကို အသိအမှတ်ပြုခြင်း)

            လူသားသည် မည်သည့်ဒေသတွင် နေထိုင်သူဖြစ်ပါစေ၊ မည်သည့်နိုင်ငံတွင် နေထိုင်သူဖြစ်ပါစေ၊ မွတ်ဆလင်မ်ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ တောနက်တွင်နေထိုင်သူဖြစ်လျှင် ဖြစ်မည်၊ သဲကန္တာရတွင် နေထိုင်ကောင်းနေထိုင်မည်၊ မည်သို့ပင် ဖြစ်စေ ယင်းသူတို့သည် လူသားဖြစ်ခြင်းကြောင့် မြင့်မြတ်မှုရှိပြီး လူ့အခွင့်အရေး အပြည့်အ၀ကို ရရှိမည်ဖြစ်သည်။ ယင်းသူတို့သည် လူသားများပင်ဖြစ်ကြသည်။ ဤအခွင့်အရေးနှင့်စပ်လျဉ်း၍ သတ် မှတ်ချက်များကို လူ့အဖွဲ့အစည်းဝင်တို့အဖို့ ပေးဆပ်ကျင့်သုံးရ မည်ဖြစ်သည်။

            “ အကြင်သူတစ်ဦးသည် သေစားသေစေ ပြစ်ဒဏ်    ကျူးလွန်ခြင်းကြောင့်နှင့် တိုင်းပြည် ပုန်ကန်သောင်းကျန်းမှု ကြောင့်မှတပါး လူ့အသက်တစ်ခုကို အကြောင်းတစ်စုံတစ်ရာမရှိဘဲ မတရားသက်သက် သတ်ဖြတ်ခဲ့သော် ယင်းသူသည် လူသား တစ်ရပ်လုံးကို သတ်ဖြတ်သည်မည်၏။ ဤကဲ့သို့ပင် လူ့အသက် တစ်ခုကို အသက်ရှင်ရပ်တည်အောင် ကယ်တင်ခဲ့လျှင် ဤသည် လူသားတစ်ရပ်လုံးကို ကယ်တင်ခြင်းဖြစ်သည် ”  (ကုရ်အာန် – ၅း၃၂)

            မည်သည့်ပြစ်မှုဆိုင်ရာတွင်ဖြစ်စေ၊ ယင်းပြစ်မှုကို စီရင် ဆုံးဖြတ်ပိုင်ခွင့်သည် လူတိုင်းတွင်မရှိ၊ တရားရေးဆိုင်ရာအဖွဲ့ အစည်း၏တာဝန်ဖြစ်သည်ဟု အစ္စလာမ်က ခံယူသည်။ နိုင်ငံများ စပ်ကြား ဖြစ်ပွားသောစစ်ပွဲများနှင့် စပ်လျဉ်း၍ လူမျိုးစုများက ဆုံးဖြတ်ရမည်မဟုတ်ဘဲ နိုင်ငံ၏တိကျသော တရားဝင်အုပ်ချုပ်ရေး အဖွဲ့အစည်းကသာ စီမံခန့်ခွဲရမည်ဖြစ်သည်။ လူတစ်ဦးချင်းသည် အသက်သွေးမြေကျမှုနှင့်စပ်လျဉ်း၍ အပြန်အလှန် ဂလဲ့စားချေ ခွင့်မရှိပါ။ တရားရေးဆိုင်ရာမှတဆင့် ဆုံးဖြတ်ရမည်ဖြစ်သည်။ ယင်းပြစ်မှုကျူးလွန်သောသူတို့ကို ကျမ်းတော်မြတ်ကုရ်အာန်က လူသားတစ်ရပ်လုံးကို သတ်ဖြတ်သူဟု သတ်မှတ်ပြီးဖြစ်သည်။ ဤအချက်နှင့်စပ်လျဉ်း၍ ကျမ်းတော်မြတ်ကုရ်အာန် (၆း၁၅၁)တွင် အောက်ပါအတိုင်းဆိုထားသည်ကို တွေ့ရသည်။

            “ မည်သည့်သက်ရှိကိုမျှ တရားဝင်သော လုပ်ထုံးမှအပ သတ်ဖြတ်ခြင်းကို အလ္လာဟ်အရှင်မြတ်က ဟရာမ်ဟူ၍ သတ်မှတ် ပြီးဖြစ်သည်။ ”  (ကုရ်အာန် – ၆း၁၅၁)

            ဤနေရာတွင်လည်း တရားဝင်သောလုပ်ထုံးဟူသည် တရားရေးဆိုင်ရာအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်းပေါ်လွင် ထင်ရှားလှသည်။ ဤဖော်ပြပြီးသော ကျမ်းတော်မြတ်ကုရ်အာန် တွင် `နဖ်စ်´အသက်ဟူ၍သာ ဖော်ပြထားသည်ကိုတွေ့ရသည်။ မည်သည့်နိုင်ငံသား၊ မည်သည့်လူမျိုး၊ မည်သည့် အရောင်အသွေး၊ မည်သည့်ဘာသာဝင်ဟု သီးခြားဖော်ညွှန်းပြခြင်းမရှိပါ။

            သက်ရှိဟူ၍ ကမ္ဘာ့လူသားတို့အနက် မည်သည့်သက်ရှိ မဆိုဟု ကျယ်ပြန့်သောဝေါဟာရဖြင့် ဖော်ပြထားသည်ကို တွေ့ရ သည်။ သို့ဖြစ်၍ မည်သည့်လူသား မည်သည့်သက်ရှိကိုမဆို လေးစားရမည်ဖြစ်ပြီး ယင်းသူတို့ကို သတ်ဖြတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်၏အမိန့် သွေဖည်ခြင်းဖြစ်သည်။

(၂) လူ့အသက်ကို စောင့်ထိန်းကာကွယ်ခြင်း

            အထက်တွင်ဖော်ပြခဲ့သော ကျမ်းတော်မြတ်ကုရ်အာန် ၏ဖော်ပြချက်တွင် ဆက်လက်၍ဖော်ပြထားသော ကုရ်အာန်၏ လမ်းညွှန်ချက်မှာ

            “ အကြင်သူတစ်ဦးတစ်ယောက်သည် လူ့အသက် တစ်ချောင်း ကယ်တင်ခဲ့သော် ယင်းသူသည် လူသားတစ်ရပ်လုံးကို ကယ်တင်ခြင်းမည်၏ ”  (ကုရ်အာန် – ၅း၃၂)

            လူ့အသက်ကိုကယ်တင်ရေးသည် နည်းလမ်းအမျိုးမျိုး ရှိသည်။ လူ့အသက်ကို နည်းမျိုးစုံဖြင့် ကယ်တင်၍ရနိုင်ပါသည်။ ယင်းလူသည် မည်သည့်အနွယ်ဖြစ်စေ၊ မည်သည့်အသားအရောင် ဖြစ်စေ၊ မည်သည့်ဘာသာတရားကို ကိုးကွယ်သူဖြစ်ပါစေ၊ သူတို့ တွင်စွဲကပ်နေသော ဝေဒနာဒုက္ခများကို ကုစားပေးရပါမည်။ သူတို့ တွင် စွဲကပ်နေသော ဒဏ်ရာဒဏ်ချက်များကို ပျောက်ကင်းအောင် ပြုပေးရပါမည်။ သူတို့ငတ်ပြတ်နေလျှင် ကျွန်ုပ်တို့တွင်ရှိသော အစားအစာများကို ကျွေးမွေးပေးရမည်။ သူတို့နစ်မွန်းနေလျှင် ကျွန်ုပ်တို့ ကယ်ထုတ်ပေးရပါမည်။ သူတို့၏အသက်ဘေး အန္တရာယ်ကို  ကျွန်ုပ်တို့ ကာကွယ်ပေးရပါမည်။ လူဟူသမျှသည် လွတ်လပ်ခြင်း၊ ညီမျှခြင်း၊ တရားမျှတခြင်း၊ တန်းတူညီတူရှိခြင်း၊ ယုံကြည်စိတ်ချရမှုရှိခြင်းတို့ကို ခံစားခွင့်ရှိပြီး အချင်းချင်းငြိမ်းချမ်း ရန် အလျှော့ပေးဆက်ဆံမှု၊ နားလည်မှုရှိရန် လိုအပ်ပါတယ်။

(၃) အမျိုးသမီးတို့၏ဂုဏ်ရည်ကို လေးစားခြင်း

            အစ္စလာမ်က ညွှန်ပြသော ကျားမခွဲခြားခြင်းမရှိတာနှင့် ပတ်သက်သောအချက်တွင် အမျိုးသမီးတို့၏ဂုဏ်ရည်ကို လေးစား ရမည်ဟူသော အချက်ဖြစ်သည်။ ဤဖော်ညွှန်းပြသသော အမျိုး သမီးသည် ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းဝင်လည်း ဖြစ်နိုင်သကဲ့သို့ ကျွန်ုပ်တို့နှင့်ဆန့်ကျင်ဘက်ဖြစ်သော အစုအဝေးမှ အမျိုးသမီး လည်း ဖြစ်နိုင်ပါတယ်။ တစိမ်းအမျိုးသမီးသည် တောနက်တွင် တွေ့ဆုံရသည်ဖြစ်စေ၊ သိမ်းပိုက်နယ်မြေမှ ဖမ်းဆီးရမိသော အမျိုး သမီးဖြစ်စေ၊ သူမတို့အပေါ်တွင် မည်သည့်ပုံစံနှင့်မျှ ဘလက် ကာယပြုခွင့်မရှိပါ။ အကြောင်းမူ အစ္စလာမ်၏စည်းမျဉ်း စည်းကမ်း တွင် နိကာဟ် ထိမ်းမြားမှုပြုခြင်းမှအပ အခြားနည်းလမ်းအားဖြင့် အမျိုးသမီးတို့နှင့် လိင်ဆက်ဆံခြင်းသည် ဇိနာဟ်တားမြစ်ထား သော ဟရာမ် ပညတ်ချက်ဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်က

            “ ဇိနာ မတရားသောလိင်မှု ကာမဆက်ဆံရေးသာမက ယင်းကိုဖြစ်စေသောအရာများ၏ အနီးအပါးကိုပင် ချည်းကပ် ခြင်းမပြုပါနှင့်။ ဧကန်မလွဲ ဤအပြုအမူသည် ညစ်ညမ်းဆိုးဝါး စက်ဆုပ်ရွံရှာဖွယ်ရာ အပြုအမူဖြစ်သည့်အပြင် အလွန်ဆိုးရွားလှ သော ရလဒ်ကိုဖြစ်စေပါသည်။ ”  (ကုရ်အာန် – ၁၇း၃၂)

            ဟု ဆိုထားရုံမက ယင်းပြစ်မှုကို ကျူးလွန်သောသူတို့ကို ပြစ်မှုဆိုင်ရာလည်း ပြဌာန်းထားသည်ကို တွေ့ရသည်။ ဤဥပဒေ တွင် တစ်စုံတစ်ရာသောချွင်းချက် ကင်းလွတ်ခွင့်မရှိပါ။ အမျိုးသမီး တို့၏ဂုဏ်ရည်ကို ထိပါးခြင်းသည် မည်သည့်နည်းလမ်းအတွက် မဆို ဟရာမ်တားမြစ်ချက်ဖြစ်သည်။ ဤပြစ်မှုကိုကျူးလွန်မိ၍ ပြစ် ဒဏ်မှလွတ်မြောက်နိုင်မည်မဟုတ်၊ ဤလောကီကမ္ဘာတွင် ရှောင် ပြေးကောင်း ရှောင်ပြေးနိုင်မည်ဖြစ်သော်လည်း အာခေရတ် တမလွန်တွင် ပြစ်ဒဏ်ခံရမည်မှာ အမှန်ပင်ဖြစ်သည်။

            မွတ်ဆလင်မ်တို့၏သမိုင်းတွင် ဤသို့ယုတ်ညံ့သော အဖြစ်အပျက်များကို ရှာဖွေတွေ့ရှိရမည်မဟုတ်ပါ။ မွတ်ဆလင်မ် တို့သိမ်းပိုက်ရရှိသော အသိမ်းပိုက်ခံနယ်မြေများရှိ အမျိုးသမီး များ၏ဂုဏ်သိက္ခာကို စောင့်ထိန်းရမည့်တာဝန်မှာ မွတ်ဆလင်မ် စစ်သည်တို့အတွက်ဟု ခံယူခဲ့ကြသည်။ ဤသည် ကမ္ဘာ့လူသား တို့ကို အစ္စလာမ်ကပေးအပ်သော စံနမူနာဖြစ်သည်။ ဂုဏ်ရည် ဟူသော လေးစားခံရမှုသည် အစ္စလာမ်၏ လူမှုဆက်ဆံရေးနယ် ပယ်တွင် အမျိုးသမီးနှင့်အမျိုးသားဟူ၍ သီးခြားခွဲထားခြင်း မရှိပါ။

            ရန်ကုန်တိုင်းဒေသကြီးတွင် မုဒိမ်းမှုနှင့် မုဒိမ်းမှုကျူးလွန် ရန် ကြံစည်အားထုတ်မှုဖြစ်စဉ် (၁၀၀)ခန့်ရှိရာတွင် အမှု(၇၀) သည် ကလေးသူငယ်များအား ကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်း ဖြစ်ကြောင်း သတင်းစာများအရ သိရပါသည်။ မိမိတို့၏ ရင်သွေး ငယ်များကို အုပ်ထိန်းသူမပါဘဲ အပြင်လွှတ်ခြင်း မပြုသင့်သည့် အပြင် ၀တ်စားဆင်ယင်မှု၊ သွားလာနေထိုင်မှုကို အမြဲမပြတ် ကြည့် ရှုသင့်ပါတယ်။ ယခုအခါ အရက်၊ မူးယစ်စေသောအရာများ သုံးစွဲသူများလာပြီး၊ ခေတ်မီပစ္စည်းများအား အလွဲသုံးပြီး ညစ်ညမ်း ရုပ်ရှင်ကားများ အလွယ်တကူ ကြည့်ရှုကူးယူရရှိခြင်းများဟာလည်း အမှုအခင်းဖြစ်စေရန် အားပေးနေပါသည်။ ဥပဒေအရကြည့်ရင် ကုရ်အာန်တွင် “ မန်းန် – မည်သူမဆို ”  ဟုဖော်ပြထားသလို ၁၈၆၁ ခုနှစ်က ပြဌာန်းခဲ့တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေမှာလည်း `မည်သူမဆို´ ဆိုပြီး ပြစ်မှုကျူးလွန်ရင် ခံရမည့်ပြစ်ဒဏ်ကို (လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အဆင့်အတန်း ကျား၊ မ) ခွဲခြားခြင်းမရှိဘဲ တစ်ပြေးညီဖော်ပြထားပါတယ်။ အဲဒီလိုပြစ်မှုကျူးလွန်သူ မည်သူ မဆို ထိရောက်ပြင်းထန်တဲ့ အပြစ်ဒဏ်ချမှတ်ဖို့လိုအပ်ကြောင်း ပေါ်လွင်ထင်ရှားပါတယ်။

(၄) ဒုက္ခရောက်နေသူများနှင့် လိုအပ်ချက်ရှိနေသူများကို ကူညီပံ့ပိုးဖြည့်ဆည်းပေးရမည့် တာဝန်နှင့် ရပိုင်ခွင့်များ

            “ မွတ်ဆလင်မ်တို့၏ ဥစ္စာပစ္စည်းတွင် အကူအညီ လိုအပ် သော ဒုက္ခရောက်နေသူများနှင့် လိုအပ်ချက်ရှိသောသူတို့၏ ရပိုင် ခွင့်ရှိသည် ”  (ကုရ်အာန် – ၅၁း၁၇)

         ဟုဆိုထားသည်။ မက္ကာဟ်မြို့တွင်ရှိစဉ်ကာလ မွတ်ဆလင်မ် လူ့အဖွဲ့အစည်း ဖွဲ့စည်းချိန်ဖြစ်ပြီး၊ မဒီနာမြို့ရောက်ရှိချိန်မှ လူ့အဖွဲ့ အစည်း နိုင်ငံတော်ဟု ဖြစ်ပေါ်လာခဲ့ရသသည်။ မက္ကာဟ်မြို့တွင် လက်တစ်ဆုပ်စာ မွတ်ဆလင်မ်မှအပ အခြားအားလုံးသော သူတို့ သည် မွတ်ဆလင်မ်မဟုတ်သူများဖြစ်သည်။ ယခုအခါ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး (ပညာသင်ပေးရန်၊ အလုပ်အကိုင် အခွင့် အလမ်းဖန်တီးပေးရန်) ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ လူမှုဒုက္ခအ ပေါင်း ခံစားနေရသူများအား ထောက်ပံ့မျှဝေပေးရန် အားလုံးတွင် တာဝန်ရှိပါသည်။

            သို့ဖြစ်၍ ဤလမ်းညွှန်ချက်တရားသည် မွတ်ဆလင်မ် တို့၏ပိုင်ဆိုင်မှုတွင် လူသားတို့၏ရပိုင်ခွင့်အတွက် ပြဌာန်းချက် ဖြစ်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာဝင်၊ မည်သည့်အရောင်အသွေးရှိသူဖြစ်ပါစေ ငွေကြေးတတ်စွမ်းသော မွတ်ဆလင်မ်တစ်ဦးထံ ဒုက္ခရောက်၍ အကူအညီတောင်းခံလာလျှင် မွတ်ဆလင်မ်အဖို့ ဤသို့သော အခြေအနေတွင် အကူအညီပေးရန် တာဝန်ရှိသည်။ အလ္လာဟ် အရှင်မြတ်သည် ငွေကြေးတတ်စွမ်းသော မွတ်ဆလင်မ်အပေါ် တာဝန်ပေးထားသည်ကို မမေ့အပ်ချေ။

(၅) လူသားတိုင်းတွင် လွတ်လပ်စွာရပ်တည်ပိုင်ခွင့်

            အစ္စလာမ့်ဥပဒေတွင် လွတ်လပ်သော လူသားတစ်ဦးကို ဖမ်းဆီးပြီး ကျွန်ပြုခြင်း၊ လူကိုရောင်းစားခြင်းသည် ဟရာမ် တားမြစ်ချက်ဟု ပြဌာန်းထားသည်။ မည်သည့်လူမျိုး၊ မည်သည့် နိုင်ငံသား၊ မည်သည့်အနွယ်ဝင်ဟူ၍ မပါရှိပေ။ လူသားဟူ၍ ပါရှိ ခြင်းဖြစ်သည်။ အနောက်တိုင်းသားတို့သည် ကမ္ဘာပေါ်တွင် ငွေဝယ် ကျွန်စနစ်ကို သူတို့က ပိတ်ပင်ခဲ့သည်ဟု ဆိုကြသည်။ သူတို့သည် ၁၉-ရာစုနှစ်တွင် ဤပိတ်ပင်မှုကို ပြုခဲ့သော်လည်း အာဖရိကတိုက် မှ လူမည်းများကိုဖမ်းဆီးကာ အခြားနိုင်ငံများသို့ ခေါ်ဆောင်မှုများ၊ ရောင်းဝယ်မှုများကိုလည်း သူတို့သာ လုပ်ခဲ့ကြသည်။ ယင်းလူမည်း များကို တိရစ္ဆာန်ပမာ ဆက်ဆံခဲ့သော အဖြစ်အပျက်များကို အနောက်တိုင်းသားတို့ ပြုစုခဲ့သောကျမ်းများတွင် တွေ့မြင်နိုင်ပါ သည်။ ယခုခေတ်သစ် ကျွန်ပြုမှုစနစ်သည် လူကုန်ကူးမှုပြုပြီး၊ လူအချင်းချင်း ကိုယ်စိတ်ဒုက္ခမျိုးစုံပေးနေခြင်းကို အစ္စလာမ်က ခွင့်မပြုကြောင်း ပေါ်လွင်ထင်ရှားပါသည်။

            ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာပေါ်ရှိ အရပ် ဒေသ တော်တော်များများတွင် ပြသနာများ၊ ပဋိပက္ခများ၊ အကြမ်း ဖက်မှုများ၊ စစ်ပွဲများ များစွာဖြစ်ပျက်နေသည်ကို တွေ့ရပါမည်။ ငြိမ်းချမ်းရေးကို လိုလားသူများက ငြိမ်းချမ်းရေးဖော်ဆောင်ရန် ၀ိုင်းဝန်းကြိုးပမ်းလျက် ရှိပါသည်။ ကုရ်အာန် (၈း၄၆-၄၇) မှာ-

            “ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် အသင်တို့ အချင်းချင်း အငြင်းမပွားကြလေနှင့်။ အဲဒီလိုအငြင်းပွားကြရင် အသင်တို့ဟာ စိတ်ဓါတ်ကျဆင်းကြလိမ့်မယ်။ အသင်တို့ရဲ့ လေ (အင်အား) လဲ လျော့နည်းကျဆင်းလာပါလိမ့်မယ်။ (အငြင်းပွားမှု၊ ကွဲလွဲမှုတွေမလုပ်နှင့်၊ လုပ်ရင် စိတ်ဓါတ်ကျပြီး အင်အားကုန်ခမ်း သွားမယ်) စိတ်ရှည်၊ သည်းခံ၊ ကြံ့ခိုင်၊ ခံနိုင်ရည်ရှိကြ။ အဲဒီလို လူတွေလိုတော့ မဖြစ်စေကြနဲ့။ အဲဒီလူတွေဟာ လူတွေကိုပြစားဖို့ (မိမိလိုသလို အသုံးချဖို့ / လူမြင်ကောင်းအောင် အကြောင်းပြ ကောင်းအောင်) လက်တွေ့မပါတဲ့ စိတ်စေတနာမပါဘဲ ပြစားဖို့ သူတို့ရဲ့နေအိမ်ဌာနတွေကနေ ထွက်လာခဲ့ကြတယ်။ ”  (ကုရ်အာန် – ၈း၄၆-၄၇)

            သဘောက စိတ်ထဲကမပါဘဲ လက်တွေမကျတဲ့ ရိုးသား ဖြောင့်မတ် ဖြူစင်တဲ့စိတ်မရှိဘဲ လူမြင်ကောင်းအောင်၊ လူကြား ကောင်းအောင် ဟန်ပြသဘောနဲ့ ဘာအလုပ်မှမလုပ်ပါနှင့်။ ဒါကြောင့် ငြိမ်းချမ်းရေးကိုလိုလားပြီး ငြိမ်းချမ်းရေးဖော်ဆောင်လို သူတွေဟာ

            တစ်ဦးနှင့်တစ်ဦး ၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ သံသယစိတ်၊ မယုံ ကြည်မှုတွေဖျောက်ရန်၊ စိတ်ရှည်၊ သည်းခံ၊ ရိုးသား၊ ကတိတည်၊ အပြန်အလှန် အသိအမှတ်ပြုကြရန်၊ မုန်းတီးစိတ်ဖြစ်ပေါ်စေတဲ့ စကား၊ တရား၊ အကြောင်းတွေက ကင်းစင်ရန်၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်၊ အကြောင်းကိုသိအောင်လုပ်ပြီး ပြုပြင် ပြောင်းလဲကာ အကျိုးရလဒ် ကောင်းအောင်လုပ်ရန်၊ စားပွဲဝိုင်း ဆွေးနွေးပွဲတွေကနေ ဆွေးနွေးညှိနှိုင်းအဖြေရှာကာ ပြီးခဲ့တာတွေ ကို ခွင့်လွတ်နားလည်ပေးပြီး သင်ပုန်းချေကာ Forgive and Forget လုပ်ရန်        အစ္စလာမ်က သင်ကြားပေးထားပါတယ်။

      ဒါတွေဆောင်ရွက်ရတာ အပြောလွယ်သလောက် အလုပ်ခက်ခဲတဲ့ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လို လားတဲ့ ကျနော်တို့အားလုံး ကျရာအခန်းကဏ္ဍကနေ ပါဝင်ထမ်း ရွက်ကြပါစို့လို့ ပြောကြားလိုပါတယ်။ သမိုင်းပညာရှင် Drသန်းထွန်း က `ငြိမ်းချမ်းရေးလုပ်နေကြပေမဲ့ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေး မရှိပါဘူး´ လို့ တိုကျိုညီလာခံမှာ ပြောကြားခဲ့ပါတယ်။

      ဒီစကားမှန်ကန်ကြောင်း ကျွန်တော်လေ့လာမိသလောက် တင်ပြရရင် မည်သူမဆို မည်သည့်ဘာသာဝင်မဆို မိမိယုံကြည် သက်ဝင်တဲ့ ဘာသာတရားက ပြဌာန်းထားတဲ့ တရားဓမ္မ အစစ် အမှန်ကိုသာ တိတိကျကျ၊ မှန်မှန်ကန်ကန်၊ လက်တွေ့လိုက်နာ ကျင့်သုံး အကောင်အထည်ဖော်ခဲ့မယ်ဆိုရင် လူတစ်ဦးချင်းရဲ့ ကိုယ်၊ စိတ်၊ နှလုံး သုံးပါးစလုံး ငြိမ်းချမ်းသာယာပြီး စစ်ပွဲတွေ၊ ပဋိပက္ခတွေ၊ အနိုင်ကျင့် ဗိုလ်ကျမှုတွေ၊ တရားမဲ့ပြုကျင့်မှုတွေ ပပျောက်ကာ ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းရေးရရှိမှာ မြေကြီး လက်ခတ်မလွဲပါ။

      ဥပမာ- မွတ်ဆလင်မ်တွေ မိမိတို့သက်ဝင်ယုံကြည်တဲ့ အစ္စလာမ် ဘာသာသာသနာ၊ လမ်းစဉ်က ဆုံးမသွန်သင်ချက်တွေ ဖြစ်တဲ့ ကုရ်အာန်ကျမ်းမြတ်ကို ယုံကြည်တဲ့အတိုင်း အဲဒီကျမ်းထဲက လမ်းညွှန်ချက်အတိုင်း လက်တွေ့လိုက်နာကျင့်သုံးရင် လောက ကြီးမှာ ဘာပြသနာမျှ ရှိတော့မည်မဟုတ်ကြောင်း လေးနက်စွာ ယုံကြည်ပါသည်။

တစ်ဆက်တည်းမှာပဲ လူတွေကို ပညာသင်ကြားပေးရင်း ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ပါတယ်။ ကျနော်တို့တွေဟာ မသိမှု နယ်ပယ်မှာ ကျင်လည်နေကြပြီး မသိတာတွေ သိပ်များနေကြတဲ့ အတွက် `အကြောင်းကို သိခြင်း၊ အမှားအမှန်ကို ဝေဖန်ပိုင်း ခြားနိုင်တဲ့အသိဆိုတဲ့ ပညာ´ကို သင်ပေး၊ သင်ယူလုပ်ခြင်းဖြင့် ဓမ္မနှင့် အဓမ္မ၊ အမှောင်နှင့်အလင်း၊ အမှန်နှင့်အမှား၊ သစ္စာတရား နှင့် မိစ္ဆာအမှား စတာတွေကို ခွဲခြားနားလည်နိုင်လာပါလိမ့်မယ်။ အကြောင်းတရားကြောင့် အကျိုးတရားဖြစ်ရတာ၊ အမှန်တရား ဖြစ်လို့ အကြောင်းတရားကို သိအောင်လုပ်ပြီး အဲဒီအကြောင်းကို ဖြေရှင်းနိုင်ပြီဆိုရင် အကျိုးဆက်က ကောင်းမွန်လာမှာဖြစ်ကာ လူတစ်ဦးချင်း ငြိမ်းချမ်းပြီး လောကကြီးလည်း ငြိမ်းချမ်းပါပြီ။

      ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတော်တော်များများ သွားနေတဲ့ လမ်းကြောင်းက ရှေ့တိုးလေ၊ အမှောင်ဆိုးလေလား၊ အလင်းတိုး လေလား ပြောရတာ တော်တော်ခက်ပါတယ်။ အနောက်ကမ္ဘာ အပါအ၀င် ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ ကမ္ဘာ့အရပ်ဒေသများစွာမှာ ငြိမ်းချမ်းမှုအလင်းတန်းတွေ ယှက်ဖြာထွန်းတောက်နေပေမဲ့ ဖွံ့ဖြိုး ဆဲ၊ မဖွံ့ဖြိုးသေးတဲ့ အရပ်ဒေသတွေမှာ အမှောင်ထုထည်ကြီးက လည်း တွယ်ကပ်ကျရောက်နေလျက်ပါပဲ။

      ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတွေက လူသားပညာရှင်တွေက ဖန်တီးထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်း၊ ရုပ်ဝတ္ထုအမည်သစ်  အကောင်းစားတွေများစွာ ထွက်ပေါ်တိုးတက်လာနေပေမဲ့ အဲဒီ ပစ္စည်း ထုတ်ကုန်တွေကို ၀ယ်ယူသုံးစွဲဖို့ နေနေသာသာ မထိတွေ့ နိုင်သူ၊ မ၀ရေစာ မသေထမင်း၊ မသေဟင်း စားနေရတဲ့ အစာ မ၀သူ၊ လွတ်လပ်မှုနှင့်ငြိမ်းအေးလုံခြုံတဲ့ ဘ၀အသက်ရှင်ခွင့်ရဖို့ လိုနေသူတွေ၊ ငတ်မွတ်ခေါင်းပါးနေတဲ့ လူတွေက ဒုနဲ့ဒေးပါ။

      ကမ္ဘာ့အရပ်ဒေသအသီးသီး၊ နိုင်ငံအများအပြားမှာ အခြေ ခံပြည်သူ လူအများစုကြီးကို လူအနည်းငယ်က နည်းမျိုးစုံနဲ့ အနိုင် ကျင့်ဖိနှိပ်ချုပ်ခြယ် ဗိုလ်ကျစိုးမိုးနေကြတာကိုကြည့်ရင် ၂၁ရာစု ပညာခေတ်၊ သတင်းခေတ်၊ အလင်းခေတ်၊ နည်းပညာခေတ် ရောက်နေပြီလို့ ကြွေးကြော်ထုတ်ဖော် ပြောဆိုနေကြပေမဲ့ လူတစ် ချို့၊ လူတစ်စုရဲ့ အတွေးအခေါ်နဲ့ အမူအကျင့်လုပ်ရပ် အများပြား ဟာ ကမ္ဘာဦးကာလက လူတွေကြံစည် ပြုမူပြောဆို လုပ်ကိုင် ဆောင်ရွက်ပုံတွေလို ဖြစ်နေဆဲပါပဲ။

      ဒီကနေ့ ကမ္ဘာပေါ်မှာ စစ်ပွဲများ၊ ပဋိပက္ခများ၊ အကြမ်း ဖက်မှုများ၊ လက်နက်များ အနိုင်ကျင့်ဗိုလ်ကျစိုးမိုးမှုများ၊ စီးပွားရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေး အညှစ်အသတ်များကြောင့် လူသား သန်း နှင့်ချီပြီး သေနေကြ၊ ဒုက္ခမျိုးစုံခံစားနေကြ၊ ငတ်မွတ် ခေါင်းပါးမှုတွေ ဖြစ်နေကြ၊ ကိုယ်/စိတ်ဒဏ်ရာ အနာတရတွေဖြစ်ကြပြီး မိဝေးဖဝေး၊ သားကွဲမယားကွဲ ဖြစ်နေကြရပါတယ်။

      အဲဒီလို အနိဌာရုံတွေ ပပျောက်ကင်းစင်ပြီး ကမ္ဘာတစ်ခွင် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ၊ စစ်ပွဲတွေအစား အေးချမ်း သာယာ၊ ဘေးကင်းလုံခြုံတဲ့ ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်စေဖို့ ကုလသမဂ္ဂ က(၁၉၄၈ ခုနှစ်ကစပြီး) ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ကုလသမဂ္ဂရဲ့ တံဆိပ်ဟာ ချိုးဖြူငှက် (ငြိမ်းချမ်းရေးရဲ့သင်္ကေတ) ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လူသားအားလုံး (အသားအရောင်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/မ၊ ဆင်းရဲချမ်းသာ၊ ဆူကြုံ နိမ့်မြင့် မခွဲခြားဘဲ) လူသားချင်း စာနာထောက်ထားပြီး အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် အားပေးဆောင်ရွက် လျက်ရှိပါတယ်။

      `မွတ်ဆလင်မ် သမဂ္ဂ´ ကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက ဖွဲ့စည်းထားပြီး လူသားအားလုံး ဘေးရန် ခပ်သိမ်းကင်းဝေးပြီး ငြိမ်းချမ်းသာယာတဲ့ ဘ၀တွေပိုင်ဆိုင်ရေးအ တွက် `အစ္စလာမ် ခေါ် ငြိမ်းချမ်းရေးလမ်းစဉ်´ကို ကုရ်အာန်ကျမ်း မြတ်ထဲမှာ ဖော်ပြလမ်းညွှန်ထားပါကြောင်း တင်ပြအပ်ပါတယ်။    ။