အစ္စလာမ် နှင့် ကလေးသူငယ်စောင့်ရှောက်မှု ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
အစ္စလာမ် နှင့် ကလေးသူငယ်စောင့်ရှောက်မှု
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
ယခုလို မွန်မြတ်လှတဲ့ သောကြာနေ့ ဂျွမ္မာဟ်အချိန်ကာလမှာ ခွတ္တဗာဟ်နဲ့ဆွလာသ်ကို တည်ဆောက်ဖို့ ရောက်ရှိနေကြတဲ့ အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား။
`အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု´
အခုလို ဆွလားသ်နဲ့ခွတ္တဗာဟ်ကို ဟောကြားတင်ပြခွင့်ရတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူး တင်ချီးမွမ်းမှုပြုပါတယ်။
ဒီကနေ့ ကျွန်တော်တင်ပြမယ့် ခေါင်းစဉ်ကတော့ `အစ္စလာမ် နှင့် ကလေးသူငယ်စောင့်ရှောက်မှု´ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီခေါင်းစဉ်ကို ရွေးချယ်တင်ပြရသလဲဆိုတော့ မနက်ဖန် ဖေဖော်ဝါရီလ(၁၃)ရက် နေ့ဟာ မြန်မာနိုင်ငံ ကလေးသူငယ်များနေ့ဖြစ်ပါတယ်။ ပိုပြီးထူးခြားတာက မနက်ဖန် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ ဟာ လွတ်လပ်ရေးခေါင်းဆောင် အာဇာနည်ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၀၁ နှစ်မြောက်မွေးနေ့လည်းဖြစ်တယ်။
ဒီလိုမျိုး အထိမ်းအမှတ်နေ့ တွေဖြစ်တဲ့ ကမ္ဘာ့လူဦးရေနေ့တို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တို့ လို နေ့တွေဟာ ဒီဘက်ခေတ်လူသားသမိုင်းမှာ ပညာရှင်တွေကနေပြီးတော့ ရှာဖွေဖော်ထုတ်လာခဲ့ပြီး၊ ဒါတွေကို လူသားအကျိုး ပြုလုပ်ငန်းတွေအဖြစ် လုပ်ကိုင်ဆောင်ရွက်စေလိုတဲ့ ဆန္ဒတွေနဲ့ ကျင်းပနေကြခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေအနေနဲ့ ဗလီစင်မြင့်ခွတ္တဗာဟ်တွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ လောက်က ပုံသေရေးထားတဲ့ စာတွေကို ဖတ်ပြီး ခွတ္တဗာဟ်ပေးနေမယ့်အစား ဒီလိုမျိုး Message တွေကို (ကုရ်အာန်မှာလည်း ပါပါတယ်) ပေးချင်လို့ပြောရင် ကောင်းမှာဘဲဆိုပြီး ပြောဖြစ်ခြင်းဖြစ်ပါတယ်။
နောက်ပြီးတော့ အဲလိုမျိုး သိသွားခြင်းအားဖြင့် လက်တွေ့နယ်ပယ်မှာ ကျွန်တော်တို့ ခေတ်နဲ့အညီ လုပ်ကိုင် ဆောင်ရွက်လို့ရမှာပါ။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေအနေနဲ့ ဒီလိုကိစ္စရပ်များသည် မိမိတို့နဲ့လားလားမျှ မသက် ဆိုင်ဘူးလို့ ထင်နေမှာစိုးပါတယ်။ အခုလိုမျိုး ပလီတွေ၊ ပလီစင်မြင့်တွေကနေ ခွတ္တဗာဟ်တရား ဟောတဲ့အခါမှာ တစ်နှစ်မှာ ၅၂ ပတ်ရှိတယ်။ အဲဒီ ၅၂ ပတ်မှာ မုဟ်ရမ်လမှာ ဘာဖတ်၊ ရမဿွန်လမှာ ဘာဖတ်။ ဒါဘဲဖတ်တယ်။ ပလီဆရာတွေက တရားဟောရင် အဲဒီခွတ္တဗာဟ်စာအုပ်ထဲကဟာဘဲ ဟောတာများတယ်။ ဒါက အများစုပေါ့နော်။
မြန်မာနိုင်ငံမှာ လစဉ်တိုင်းမှာ ကမ္ဘာကြီးနဲ့သက်ဆိုင်သော၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ထူးခြားဖြစ်စဉ်တွေရှိတယ်။ ဥပမာ ဒီဇင်ဘာလ ပထမပတ်မှာဆိုရင် ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့။ ကျန်းမာရေး စောင့်ရှောက်မှုတွေနဲ့ပတ်သက်ပြီး ကုရ်အာန်က ဘယ်လိုညွှန်းထားသလဲ။ နောက်ဆုံး ဘာသာရေးနဲ့ ပတ်သက်ပြီး သီတင်းကျွတ်လပြည့်နေ့တွေ၊ တန်ဆောင်မုန်းလပြည့်နေ့တွေနဲ့ ကြုံတဲ့ ဂျွမ္မာဟ်ခွတ္တဗာဟ်ရှိတယ်။ အဲဒီအခါကျရင် အဲဒီဘာသာတရားနဲ့ ဆက်စပ်ပြီးကုရ်အာန်ကဘယ်လို ညွှန်ကြားထားသလဲ။ အခြားဘာသာတွေကို ဘယ်လိုလေးစားခိုင်းထားသလဲ ဆိုတာတွေကို ပြောရင် မကောင်းဘူးလား။ ကျွန်တော်စိတ်ကူးတာပေါ့။ တစ်တိုင်းပြည်လုံးကိုပြောစေချင်တာပါ။
ကိုယ့်နည်းကိုယ့်ဟန်နဲ့ပြော။ မလေးရှားတို့ စင်္ကာပူတို့မှာဆိုရင် အဲဒီခွတ္တဗာဟ်ကို တခါတည်း စာပါကြိုထုတ်ပေးတယ်လို့ သိရပါတယ်။ သူတို့နိုင်ငံရဲ့ ဘာသာရေးအဖွဲ့အစည်းတွေကပေါ့နော်။ ဒါပေမယ့် အဲဒီ အဆင့်အထိမဖြစ်ခဲ့ရင်တောင် မက်ဆေ့ခ်ျလေးရသွားရင် ကောင်းတာပေါ့။ ဒါကြောင့် အတတ်နိုင်ဆုံး ကျွန်တော် ဟောတဲ့ ခွတ္တဗာဟ်မှာတိုက်ဆိုင်ပြီးတော့ ကျွန်တော်လေ့လာတွေ့ရှိချက်တွေကို တင်ပြရခြင်းဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ကလေးတွေနဲ့ပတ်သက်ပြီးတော့ ဆူရာဟ် ၉၃ အာယသ် ၉-၁၀ `ဖအမ္မလ်ရသီးမာ၊ ဖလာသက်ဟရ်၊ ၀အမ္မစ်စားအိလ ဖလာသန်ဟရ်´
ဒီအာယသ်ကို ကျွန်တော်တို့သိထားတာ `ယသီမ်´တွေနဲ့ပတ်သက်ပြီးပြောတာ။ ယသီမ်ကို ကျွန်တော်တို့ သိတဲ့အသိက မိဘမဲ့။ အဖေအမေထိန်းသိမ်းစောင့်ရှောက်ခြင်း မရှိတဲ့ ကလေးတွေပေါ့။ ပြီးတော့ အဲဒီလို ကလေး တွေနဲ့ ပတ်သက်ပြီးတော့ ပြောထားတဲ့ အာယသ်တွေထဲက ဆူရာဟ် ၆ အာယသ် ၁၅၂ မှာ ကလေးသူငယ်တွေရဲ့ ဘ၀ကို မသတ်ဖြတ်ကြကုန်နှင့်လို့ ပြောထားတာရှိတယ်။ (တမန်တော်မြတ် ခေတ်မှာတော့ သမီးမိန်းကလေး မွေးရင် သတ်တဲ့အနေအထား တစ်ရပ်ရှိခဲ့တယ်။)
ဆူရာဟ် ၂ အာယသ် ၁၉၅ မှာ `အသင်တို့ရဲ့ မျိုးဆက်တွေရဲ့ဘ၀ကို မင်းတို့လက်တွေနဲ့ မဖျက်ဆီးလိုက်နဲ့´လို့ပြောထားပါတယ်။ ကလေး တွေကို ဂရုစိုက်ပါလို့ပြောတာ။ ပြီးတော့ ကလေးတွေကို မိခင်နို့တိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆူရာဟ် ၂ အာယသ် ၂၃၃ မှာ ကလေးအသက် ၂ နှစ်အထိ မိခင်နို့ရည်တိုက်ကျွေးဖို့၊ နို့ထိန်းနဲ့တိုက်မယ်ဆိုလည်း အခကြေးငွေ အကြေ အလည်ပေးပြီး တိုက်ကျွေးဖို့ စတာတွေကို ရည်ညွှန်းထားပြီးသား ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပြီးသွားတော့ ကမ္ဘာမှာဒုက္ခသည်တွေ အမြောက်အများပေါ်ပေါက်လာကြတယ်။ အခုထက်ထိလည်း ဒုက္ခသည် စခန်း အမြောက်အများရှိနေဆဲဖြစ်တယ်။ အဲဒီ ဒုက္ခသည်စခန်းတွေကို နိုင်ငံခြားအကူအညီတွေပေးကြတဲ့အခါ ချောကလက်တွေ၊ အရုပ်တွေ၊ ကလေးဆော့ကစားစရာတွေ ပါလာတယ်။ ကျွန်တော်တို့ဆီက လူတွေက ဒါကို မလိုအပ်ဘူးလို့ ထင်ကြတယ်။ ချောကလက်တစ်တောင့်အစား ခေါက်ဆွဲခြောက် ၁၀ ထုတ် ၀ယ်လို့ ရရဲ့သားနဲ့ အပိုငွေ ကုန်တယ်လို့ မြင်ကြတယ်။
များသောအားဖြင့် ဆန်၊ ဆီ၊ ဆား စတဲ့တွေပဲ စဉ်းစားကြတယ်။ ကလေးတွေက အမေ့ခံဖြစ် နေကြတယ်။ ကလေးတွေအတွက်ဆိုပြီး ဘယ်သူမှ မစဉ်းစားကြဘူး။ ဒါပေမယ့် နိုင်ငံတကာမှာက ရေဘေး၊ မီးဘေး၊ ငလျင်၊ စစ်ဘေးစတဲ့ ကြီးမားတဲ့ဘေးဒုက္ခ အကြီးကြီးတွေ ဖြစ်လို့ရှိရင် ဒုက္ခသည်တွေကို ကူညီဖို့စဉ်းစားရင် ကလေးတွေအတွက် ဦးစားပေးပြီးစဉ်းစားတယ်။ အရုပ်တွေ၊ ချောကလက်တွေ၊ သကြားလုံးတွေ စတဲ့ကလေး အတွက်လိုအပ်တဲ့ ပစ္စည်းတွေ၊ အစားအစာတွေပါတယ်။ အစုံပါတယ်။
ကျွန်တော်တို့ဆီမှာကျတော့ ချောကလက်တစ်တောင့်ရရင် ရောင်းစားပြီး မာမားခေါက်ဆွဲ ၅ထုတ်ရတယ် ဆိုပြီး ရောင်းစားတယ်။ အမှန်က နိုင်ငံတကာ လာရောက်ကူညီတာက ဗိုက်ဝဖို့တစ်ခုတည်းအတွက် လာရောက် တာမဟုတ်ဘူး။ စိတ်ဓါတ်မြှင့်တင်ရေးတွေအတွက်ပါ စဉ်းစားတာ။ ၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေ ညီလာခံကနေပြီး အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များဆိုင်ရာ ရံပုံငွေအဖွဲ့ဆိုပြီးဖွဲ့ဆို တယ်။ ၁၉၅၃ ခုနှစ်မှာ UNICEF အဖွဲ့ဆိုပြီး သတ်သတ်မှတ်မှတ် ဖွဲ့စည်းခဲ့တယ်။
အဲဒီ UNICEF က ၁၉၇၉ ခုနှစ်မှာကို `အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနှစ်´ဆိုပြီး သတ်မှတ်ခဲ့ တယ်။ ၁၉၆၅ ခုနှစ်မှာ UNICEF အဖွဲ့ကြီးဟာ NOVEL နိုဗယ်လ်ဆုရရှိခဲ့တယ်။ ကျွန်တော်တို့ မွတ်ဆလင်မ် အတော်များများကတော့ သိပ်မသိကြဘူးလေ။ တကယ်တမ်းကျတော့ ကျွန်တော်တို့မွတ်ဆလင်မ်တွေက အလုပ် တွေ အများကြီးလုပ်ပါတယ်။ ၂၀၀၁ ခုနှစ်က ကုလသမဂ္ဂ UNICEF အကူအညီနဲ့ စာအုပ်တစ်အုပ်ထွက်လာတယ်။ အဲဒီစာအုပ်က အစ္စလာမ်ဘာသာနှင့် ကလေးစောင့်ရှောက်မှုဆိုတဲ့ စာအုပ်တစ်အုပ်ထွက်လာတယ်။ ဒီလိုပဲ ဗုဒ္ဓ ဘာသာနှင့်ကလေးစောင့်ရှောက်မှု၊ ခရစ်ယာန်ဘာသာနှင့် ကလေးစောင့်ရှောက်မှုဆိုတဲ့ စာအုပ်တွေထုတ်ထားတာ ရှိတယ်။ တော်တော်ကောင်းပါတယ်။ အဲဒီအထဲက ကောင်းနိုးရာရာလေးတွေကို စုစည်းပြီး ဒီကနေ့ကျွန်တော်ပြော ခြင်းဖြစ်ပါတယ်။
အဲဒီအထဲက အစ္စလာမ်ဘာသာနဲ့ ကလေးစောင့်ရှောက်မှုဆိုတဲ့ စာအုပ်ထဲမှာ ကဗျာအရှည်ကြီးတစ်ပုဒ် လည်းပါတယ်။ ကလေးတွေကို ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ။ တမန်တော် ဟဒီးစ်တော်တွေမှာ ဘယ်လိုရှိတယ်။ ဘာသာရေး ဆရာကြီးများရဲ့ လမ်းညွှန်ချက်တွေနဲ့ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိတာပေါ့နော်။ အဲဒီအထဲက ပထမဦးဆုံး ရေးထားတဲ့ကဗျာလေးပေါ့နော်။ ကမ္ဘာ့ဘာသာတရားများနှင့် ကလေးသူငယ်များ ညီလာခံမှာ အသုံးပြု ခဲ့တဲ့ ကဗျာလေးမှာပါတာက `ရက်စက်သော ထုံးဓလေ့များဖြင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသော ကလေးသူငယ်များ ကို ကယ်ဆယ်ပါ။´ ဒါကြောင့် ကျွန်တော်တို့ ဂရုစိုက်ရမှာက ဘာသာတရားရဲ့ ထုံးတမ်းစဉ်လာတွေကြောင့် ကလေးသူငယ်တွေရဲ့ဘ၀ စုတ်ပြတ်သက်သွားမယ့်ကိစ္စ၊ အညွန့်ကျိုးသွားမယ့်ကိစ္စတွေ မလုပ်မိဖို့အရေးကြီးပါ တယ်။
`အကြမ်းဖက်ခြင်းခံနေရသော ကလေးသူငယ်တို့ကို ကယ်ဆယ်ပါ။ အမျိုးဘာသာ၊ အသက်အရွယ်၊ လိင်၊ ဇာတ်ကန့်သတ်ချက်ဖြင့် အဟန့်အတားခံရသောကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။´ဒါက ကျွန်တော်တို့ မွတ်ဆလင်မ်တွေမှာလည်း အရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်။ ကုလသမဂ္ဂကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ အပိုဒ် ၁၄ မှာ ကလေးသူငယ်များသည် မိဘများ၏ လမ်းညွှန်မှုဖြင့်နှစ်သက်ရာ တွေးထင်နိုင်ခွင့်၊ နှစ်သက် သော ဘာသာအယူဝါဒကို ကိုးကွယ်ခွင့်ရှိသည်။ ဒါကို သူတို့ကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို လုပ်လာပြီ။ ကလေးတွေကို ငယ်ငယ်လေးထဲက ကျောင်းပို့တဲ့အခါမှာ (ကျွန်တော်မကြာခဏ ပြောဘူးပါတယ်။) ကျွန်တော်တို့ က ဘာသာတရားတစ်ခုတည်းရဲ့ အကြောင်းဘဲ သင်တယ်။ ကျွန်တော့်ကလေး(၃ နှစ်အရွယ်) ကို အခုမူကြိုပို့ဖို့ စဉ်းစားတဲ့အခါမှာ ကျွန်တော့်အိမ်နားမှာ အရမ်းကောင်းတဲ့ မူကြိုတစ်ခုရှိတယ်။ ဟိုဘက်လမ်းမှာက ပိုကောင်းတဲ့ မူကြိုတစ်ခုရှိတယ်။ ဒါပေမယ့် ကျွန်တော်ရော၊ ကျွန်တော့်အမျိုးသမီးရော စဉ်းစားတဲ့အခါမှာ ကျွန်တော်တို့ ကလေးကိုပို့လို့ မဖြစ်ဘူးလို့ စဉ်းစားမိကြတယ်။ ကျွန်တော်တို့စဉ်းစားပုံ စဉ်းစားနည်းကိုပြောတာ။
ဘာဖြစ်လို့လဲ ဒီဘက်ကျောင်းက ဗုဒ္ဓဘာသာတွေက ဖွင့်တာ။ ဟိုဘက်ကျောင်းကတော့ ခရစ်ယာန်တွေ ဖွင့်တဲ့ကျောင်း၊ အဲဒီတော့ ဟိုးအဝေးကြီးမှာ ဖွင့်ထားတဲ့ မွတ်ဆလင်မ်မူကြိုကို ပို့ဖို့စဉ်းစားကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင်က ဒီဘောင်ထဲကနေ လွတ်အောင်မလုပ်နိုင်ဘူး ဖြစ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဖွားတွေ၊ အမျိုးတွေက ဒီကလေးသုံးနှစ်အရွယ် အလီဖ်၊ ဘေ၊ ဘာမှမသိသေးတဲ့အချိန် သြကာသတွေ ဘာတွေ ရွတ်တတ် သွားမယ်။ ခရစ်ယာန်တွေဆီ ရောက်သွားရင် ဘုရားသခင်ရဲ့ နိုင်ငံတော်တွော ဘာတွေ ရွတ်တတ်သွားရင် သူတို့ရဲ့ နားမခံနိုင်ဘူးဖြစ်နေတယ်။ မွတ်ဆလင်မ်ကျောင်းရောက်သွားလို့ အလ္လာဟ်အရှင်မြတ်၊ တမန်တော်မြတ် အဲဒါတွေ ကလေးပြောသံကြားရတော့ သူတို့ ပျော်နေတယ်။ ကြည်နူးနေတယ်။ ကျွန်တော်တို့ ဘယ်လိုကျော်လွှားမလဲ။
ကလေးရဲ့ Life တစ်ခုလုံး (၁၈ နှစ် အရွယ်အထိ) ဒီနိုင်ငံမှာပေါ့နော်။ ဗုဒ္ဓဘာသာကလည်း အစ္စလာမ် အကြောင်း မပြောဘူး။ မသင်ပေးဘူး။ အစ္စလာမ်ကလည်း တခြားဘာသာအကြောင်း မသင်ပေးဘူး။ ဒါက နှစ်ဖက်ဘာသာမှာဖြစ်နေတဲ့ အခြေအနေ။
“သိက္ခာ၊ သမာဓိရှိခွင့်မရသော၊ ကလေးသူငယ်တို့ကို စောင့်ရှောက်ပါ။” ဒီဘက် ခေတ်ဆိုရင် ကလေးသူငယ်တွေရဲ့ သိက္ခာ သမာဓိကို လူတော်တော်များများက အလေးထားရကောင်းမှန်း မသိကြ ဘူး။ Facebook ပေါ်လာတာ ကောင်းတာတွေ အများကြီးရှိသလို မကောင်းတာတွေလည်း အများကြီးရှိနေတယ်။ ကလေးတစ်ယောက် စွန့်ပစ်ခြင်းခံရတယ်ဆိုပြီး ဓါတ်ပုံရိုက် Line ပေါ်တင်၊ သနားပါတယ်၊ ကရုဏာဖြစ်ရပါတယ်။ ၀မ်းနည်းစရာကောင်းပါတယ်ဆိုပြီး တင်ကြတယ်။
ဒီကလေး ၅ နှစ် ၆ နှစ်ရောက်လို့ ဒီပုံကို ဒီစာသားတွေကို အကယ်၍များ မြင်တွေ့ခဲ့ရင် အဲဒီအချိန်မှာ ခံစားရမယ့် ကလေးရဲ့ရင်ထဲက ခံစားချက်ကို ဘယ်သူကထည့်တွက်စဉ်းစားပေးပါသလဲ။ ဒါတွေက သနားတာ။ စာနာတာ၊ ကြင်နာတာ မှန်ပေမယ့် Media Ethic အရ ဒါတွေလုပ်ခွင့်ရှိသလား။ ဒီကလေးတွေရဲ့ ဂုဏ်သိက္ခာကို ဘယ်အတိုင်းအတာအထိ ထိခိုက်နေသလဲ။ ဒီအပေါ်မှာ ကျွန်တော်တို့ စဉ်းစားရမယ်။
“စစ်ဘေး။ အဖျက်ဘေး၊ အငတ်ဘေးကြောင့် အခြေမဲ့သော ကလေးသူငယ်များကို စောင့်ရှောက်ပါ။” ဒါကတော့ ကျွန်တော်တို့ ရှင်းပါတယ်။ “လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုရခွင့်မရှိသော ကလေးသူငယ်များကို စောင့်ရှောက်ပါ။” ဒါကိုလည်း ကျွန်တော် တို့ အားလုံး နားလည်ပါတယ်။ ဒီလိုကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးပွဲတွေမှာလည်း တင်ပြခဲ့ဘူးပါတယ်။
ကျွန်တော်တို့ဟာ သားသမီးတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့မိဘတွေ (ဒီနေရာမှာ ကျွန်တော်ကြိုတင် မေတ္တာရပ်ခံလိုပါတယ်။ ကျွန်တော့်ကို အထင်မလွဲပါနဲ့။ မိဘကျေးဇူးတွေကို စော်ကားနေတယ်လို့လဲ မထင်ပါနဲ့။ မထေမဲ့မြင် ပြုနေတာလား။ မျက်ကွယ်ပြုတာလားလို့လည်း မထင်ကြပါနဲ့။ ကျွန်တော်က မိဘကျေးဇူးရှိတယ်ဆိုတာကို လုံးဝအကြွင်းမဲ့၊ သံသယမဲ့ ယုံကြည်ပါတယ်။ အငြင်းမပွားပါဘူး။ သိထားရမှာက ကလေးတွေရဲ့ အခွင့် အရေးနဲ့ပတ်သက်ပြီး ကလေးတွေရဲ့ရပိုင်ခွင့်တွေကို ဆွေးနွေးတင်ပြချင်တာဖြစ်တဲ့အတွက် နားလည်ပေးစေချင် ပါတယ်။ ) ဘာတွေကို သတိထားပြီးပြုမူဆောင်ရွက်ရမလဲဆိုတာကို ဆွေနွေးချင်တာပါ။
သားသမီးတွေမှာ ကျေးဇူးရှိတယ်တဲ့။ သားသမီးက ကျေးဇူးရှင်။ ကျေးဇူးရှိတာလူကြီးမင်းများအားလုံးသိ တယ်။ ကျွန်တော်တို့က အသိအမှတ်မပြုတာနဲ့ ဒီလူ့အဖွဲ့အစည်းမှာ လက်တွေ့ကျကျ မကျင့်သုံးတာဘဲရှိတယ်။ နိုင်ငံခြားရုပ်ရှင်တွေမှာရှိတယ်။ အမေကမအားလို့ သားသမီးကိုခိုင်းရင် သားသမီးကလုပ်ပေးပြီးတဲ့အခါမှာ `ကျေးဇူး တင်ပါတယ်´သားရယ်လို့ ပြန်လည် အသိအမှတ်ပြုကြတယ်။ အဲဒီလို ကျွန်တော်တို့ ကလေးတွေကို ကျွန်တော်တို့ က ကလေးတွေကို ကျေးဇူးတင်ပါတယ် သားရယ်၊ သမီးရယ်လို့ ပြောဖူးပါသလား။ အဲဒီအလေ့အကျင့် ကျွန်တော် တို့မှာ မရှိဘူး။ အနောက်တိုင်းမှာက ဒါမျိုးတွေရှိတယ်။ ပြီးတော့ အဖေအမေက သားသမီးကို ဆောရီးလို့ ပြောဖူး လား။ ပိုဆိုးတယ်။ မှားသွားပါတယ်။ သားရယ် သမီးရယ်လို့ ကျွန်တော်တို့ပြောဘူးလား။ ပြောချင်တာက သားသမီး တွေကျေးဇူးရှိကြောင်းကို ပြောချင်တာ။
အိမ်ထောင်ပြုပြီး ကလေးမရသေးပဲ၊ အိမ်ထောင်သက် ၂ နှစ် ၃ နှစ်ရောက်နေတဲ့ အိမ်ထောင်တွေရှိမယ်။ အိမ်ထောင်တစ်ခုမှာ ကလေးမရသေးရင် များသောအားဖြင့် ၉၀ %ပေါ့။ ဖခင်ဘက်က မိသားစုက ပွစိပွစိဖြစ်လာမယ်။ အမြုံလား။ ဘာလားပေါ့။ နောက်မိန်းမပဲ ထပ်ပေးစားရတော့မလိုပေါ့။ မျိုးဆက်ပြတ်သွားမယ်ပေါ့။ အဲဒီတော့ ဆရာသခင်တွေဆီသွား၊ ဆရာဝန်ဆီ သွား၊ ဒရ်ဂါသွား ပုခက်လွှဲ၊ ဗေဒင်မေး၊ ကိုယ်ဝန်ရဖို့၊ ကလေးတစ်ယောက်ရဖို့အရေး၊ ရှုတ်ထွေး၊ ဗျာများနေရတယ်။
ပြောချင်တာက ကလေးမရလို့ ဖြစ်ရတဲ့ပြဿနာ။ ကောင်းပြီ ကလေးရပြီဆိုရင် ဘယ်လိုဖြစ်မလဲ။ စဉ်းစားကြည့်ပေါ့။ ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ဘာဖြစ်လာပြီလဲ၊ ယောက်ကျားကလည်း စောစောအိမ်ပြန်၊ အ၀တ်လျှော်၊ စတဲ့အိမ်မှုကိစ္စတွေကို လုပ်ပေးလာကြတယ်။ ယောခမနဲ့ချွေးမ ဆက်ဆံရေး ဘယ်လိုဖြစ်လာမယ်ထင် သလဲ။ အဆင်မပြေဘူးလား။ သမီးယောက်မ ဆက်ဆံရေးတွေ အဆင်မပြေဘူးလား။ မိသားစုအတွင်းကြီးကြီး မားမား ပြဿနာမရှိတော့ဘူး။ ရှိနေရင်လည်း ဖြေလျော့ပြစ်ကြတယ်။
အဲဒီလို ဘယ်သူကြောင့်ဖြစ်တာလဲ။ လူ့လောကထဲကို မရောက်လာသေးဘဲ သန္ဓေသားဘ၀မှာတင် မိသားစုအတွင်းမှာ သည်လိုကောင်းချီးမင်္ဂလာတွေ ယူဆောင်လာတာဟာ ဘယ်သူလဲ။ ဒီကလေး။ မိခင်ဝမ်းထဲ ရှိနေတဲ့ ကာလတစ်လျှောက်လုံး ပျော်စရာတွေကောင်းလာတယ်။ မွေးဖွားမယ့်အချိန်ကောင်းနေတာပဲ။ နောက် အဲဒီကလေးရဲ့ ဘ၀ဖြတ်သန်းမှု၊ ဦးလေး၊ အဒေါ်၊ အဖိုး၊ အဖွား ဆွေမျိုးတသိုက်ကို ပျော်ရွှင်မှုတွေပေးပြီး ဘယ်လောက်ကျေးဇူးပြုနေသလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ကျွန်တော်တို့မိဘတွေဘဲ ကျေးဇူးရှိတယ်လို့ ထင်နေ တာ။ မိဘကလည်း မိဘကျေးဇူးဆိုတာ ရှိသလို၊ ကလေးတစ်ယောက်လူ့လောကထဲ ရောက်လာတဲ့အတွက် ကျေးဇူးရှိတာလည်း ရှိနေတယ်။
အဲဒီကလေးက လူကြီးမင်းတို့ဆီကို လာပါရစေလို့ ပြောခဲ့လို့လား။ ကျွန်တော်ပဲ ဖြစ်ပါစေပေါ့။ ဘီလ်ဂိတ် တို့၊ အိုဘားမားတို့ စတဲ့ ဘီလျံနာတွေဆီကိုပဲ သွားချင်မှာပေါ့။ ဒါပေမယ့် အဲဒီကလေးတွေကို ခင်ဗျားတို့ ကျွန်တော် တို့ ရွေးချယ်ခွင့်ပေးခဲ့ပါသလား။
ကလေးတစ်ယောက်ရဲ့ စဉ်းစားပုံ စဉ်းစားနည်းတွေအတွက် ကျွန်တော်တို့လူကြီးတွေက ကြားလမ်းကနေ ၀င်ရောက်ပြီး ဆုံးဖြတ်ပေးတယ်။ ဟိုလို မဖြစ်သင့်ဘူး။ ဒီလို ဖြစ်သင့်တယ်။ ကျွန်တော့်သမီးက ဘောလုံးကန်ချင် တာကို မရဘူး။ မိန်းကလေးပဲ။ အိုးပုတ်ချိုးရုပ်တွေနဲ့ ကစားရမယ်လို့ ပြောလို့ရမလား။ ပြောချင်တာက ကျွန်တော် တို့က ကလေးကိုနားလည်မပေးနိုင်ဘူး။ ကလေးဘောလုံးကန်ချင်တယ်။ ကန်ပါစေပေါ့။ ကမ္ဘာကျော် ဘော်လုံး သမားဖြစ်ချင်ဖြစ်သွားမှာပေါ့။ အဆိုတော်ဖြစ်ချင်ဖြစ်သွားမှာပေါ့။ ဟာ မရဘူးကွာ၊ ကလေးဆိုတာ ဒီလိုမဖြစ်ရဘူးဆိုပြီး ကျွန်တော်တို့က် တဖက်သက်ကြီး ထိန်းကျောင်းမှုပုံစံတွေ ကျွန်တော်တို့ Life Style မှာရှိနေ တယ်။
ကုလသမဂ္ဂ ကလေးအခွင့်အရေးအပိုဒ် (၁၀)မှာ `မိဘနှင့်အတူမနေနိုင်သော ကလေးများ၊ မိဘမှ စွန့်ပစ်ခြင်းခံရသော ကလေးငယ်ဖြစ်စေ မိဘဆုံးပါးသွားခြင်းဖြစ်စေ၊ အခြားအကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ။ အုပ်ထိန်းသူကို ဆုံးရှုံးလိုက်ရသော ကလေးငယ်များနှင့် ပတ်သက်ပြီး ပညာရှင်များ အကျယ်တ၀င့်ဖွင့်ဆိုတဲ့အခါမှာ (၁) မိဘအုပ်ထိန်းသူ ပတ်ဝန်းကျင်မှ ယာယီ သို့မဟုတ် အမြဲတမ်းအတွက် စွန့်ပစ်ခွဲခွာ စွန့်လွှတ်ခြင်းခံရသော ကလေးငယ်များကို ၎င်းကလေးနေထိုင်သော နိုင်ငံတော်က တာဝန်ယူရမည်။ ကျွန်တော်တို့ မွတ်ဆလင်မ်မှာတော့ ပညာရှင်များက ဖွင့်ဆိုတဲ့အခါမှာ မိခင်နှင့် ဆွေမျိုးသားချင်းများ၏ ထိန်းသိမ်းစောင့်ရှောက်မှုစဉ်ဆက်ကတာဝန်ယူရပါတယ်။
ပြောချင်တာက မွတ်ဆလင်မ်တွေက ဒီကလေးသူငယ်တွေကို ဒီအတိုင်းမပစ်ထားဘူးလို့ပြောတာ။ ကျွန် တော်တို့ လက်ထက်ရောက်မှ ဒါတွေက် ဘယ်လိုမေ့ပစ်လိုက်သလဲတော့ မသိဘူး။ သူတို့ဘယ်လို သတ်မှတ်ခဲ့ကြ သလဲ။ အကယ်၍ ကလေးတစ်ယောက်ဟာ မိခင်နှင့်ဖခင် မရှိတော့ဘူးဆိုရင် ဘယ်သူထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသလဲတဲ့။ နာနီ(မိခင်ရဲ့အမေ)၊ နာနီမရှိဘူးလား။ ဒါမှမဟုတ် အဆင်မပြေဘူးလား။ ဒါဆို ဒါဒီ(ဖခင်ရဲ့အမေ)၊ မရှိ ဘူးလား။ အမအရင်း (ကလေးရဲ့အမ)၊ မရှိဘူးလား။ အဒေါ်(မိခင်ရဲ့ ညီအမများ)။ မရှိဘူးလား။ ဖခင်ဘက်မှ အဒေါ်။ မရှိဘူးလား။ အဖွားများ အဖွားအရင်းရဲ့ ညီအမများ။ အမေဖက်က ဆွေမျိုးတွေလုံးဝမရှိဘူးဆိုရင် အဖေ့ ဘက်က ဆွေမျိုးတွေ၊ လုံးဝမရှိဘူးဆိုရင် အဖေဘက်က အမျိုး။ ပြောချင်တာက ကျွန်တော်ဒါလေးကို ဘာကြောင့် မှတ်တမ်းတင်ထားရလဲဆိုရင် ကျွန်တော်တို့ အစ္စလာမ်က ဆင်းသက်လာတဲ့ပုံစံက ကလေးတွေကို စောင့်ရှောက်တဲ့ အခါမှာ လက်လွတ်စပယ် ပစ်မထားဘူး။ သေသေချာချာ ဂရုတစိုက်စောင့်ရှောက်ခဲ့တယ်ဆိုတာလေးကို ကျွန်တော် တင်ပြရခြင်းဖြစ်ပါတယ်။
အခုတခါ မိဘနဲ့သားသမီးကြားဆက်ဆံရေးအကြောင်း တင်ပြပါမယ်။ ကလေးတစ်ယောက် လူ့လောက ကိုရောက်လာတဲ့အခါမှာ သားသမီးနဲ့မိဘတို့ကြား ဆက်ဆံရေးတစ်ခုဖြစ်လာပါတယ်။ ကလေး အသက် ၄ နှစ် ၅ နှစ် ရောက်လာပြီဆိုရင် မိဘတွေရဲ့ ဆက်ဆံမှုကို ကလေးတွေက သိလာပြီ။ ဒါကြောင့် အနောက်နိုင်ငံမှာ ကလေး ၄ နှစ် ၅ နှစ် သိတတ်တဲ့အရွယ်ရောက်ရင် မိဘနဲ့ အခန်းခွဲပြီး သိပ်တာတွေရှိတယ်။ ဒါဟာ မေတ္တာတရားခေါင်းပါးလို့ မဟုတ်ဘူး။ အကြောင်းမဲ့မဟုတ်ဘူး။ အကြောင်းရှိတယ်။ အမှန်က ကျွန်တော်တို့ အရှေ့တိုင်းက လူတွေက အနောက်တိုင်းက ယဉ်ကျေးမှုကို အသလွတ် အထင်သေးနေတာ အရိုင်းအစိုင်းတွေ၊ မယဉ်ကျေးသူတွေ အတို အပြတ် ဖော်ချွတ်ဝတ်တယ်ဆိုပြီး ပြောကြတာ။ အမှန်က အဲဒါဟာ သူတို့ယဉ်ကျေးမှုမဟုတ်ဘူး။ အဲဒါက သရုပ်ပျက်ယဉ်ကျေးမှုပါ။
သရုပ်ပျက်ယဉ်ကျေးမှုကို ကျွန်တော်တို့က အနောက်တိုင်း ယဉ်ကျေးမှုလို့ထင်နေတာ။ သူတို့ရဲ့ အမှန် ယဉ်ကျေးမှုတွေကို ကျွန်တော်တို့ ကြည့်တတ်မြင်တတ်ရမယ်။ သူတို့ကလေးတွေကို ဘယ်လိုထိန်းသိမ်းလဲ။ သူတို့ကလေးတွေကို ဘယ်လိုစောင့်ရှောက်လဲ။ ကျွန်တော်တို့ဆီမှာ အဖေနဲ့အမေက သားသမီးတွေကို ဆက်ဆံတဲ့ အခါ အမေက `နင့်အဖေ၊ ကွမ်းအရမ်းစားတယ်။ အရက်သောက်တယ်။ ပါးစပ်က နံနေတယ်။ ပြောလိုက် ရွံစရာ ကြီးလို့´စသဖြင့် သားသမီးအနေနဲ့ အဖေကို အထင်သေးစေမယ့် စကားတွေကို ပြောတယ်။ ရည်ရွယ်ချက်ကောင်း သလိုလိုရှိပေမယ့်၊ သားသမီးတွေကို အသုံးချခံတစ်ခုလုပ်လိုက်ခြင်းဖြစ်တယ်။ အဖေကလည်း ဒီအတိုင်းပဲ။ နင့် အမေ နှစ်လုံးထီထိုးတယ်။ ဖဲရိုက်တယ်။ fb ပဲသုံးနေတယ်တို့ ဆိုပြီး ကလေးကို အသုံးချတာပဲ။
ဒီလိုကိစ္စရပ်တွေကို ကျွန်တော်တို့ ဂရုစိုက်ရမယ်။ ရှောင်ရမယ်။ ပြီးတော့ ကလေးနဲ့ပတ်သက်ပြီး ပညာရေး မှာ မိဘတွေက လောဘအလိုကြီးတယ်။ သူငယ်တန်းကစလို့ အဆင့် ၁ ရမှ၊ ဆယ်တန်းမှာလည်း ၆ ဘာသာ ဂုဏ်ထူးထွက်မှ၊ စသဖြင့် ကလေးသိတတ်စအရွယ်ကနေ ၁၈ နှစ်ရောက်သည်အထိ ကျွန်တော်တို့က သားသမီးကို ဘာရွေးချယ်ခွင့်၊ ဆုံးဖြတ်ခွင့်မှ မပေးပဲနဲ့ ကျွန်တော်တို့ရဲ့ မိဘတွေရဲ့ဆန္ဒအတိုင်း မိဘတွေရဲ့ဖြစ်ချင်တဲ့အတိုင်း တဖက်သက် ပုံစံ တွေနဲ့သွားကြတယ်။ တကယ်တမ်းကျတော့ ဆရာမောင်သာချိုပြောသလို ပြောရမယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း ဆယ်တန်းအောင်တာ တစ်နိုင်ငံလုံး ပထမ မဟုတ်ဘူး။ မာသာထရီဇာလည်း အတန်းတိုင်းမှာ ပထမ မရခဲ့ဘူး။ ပြောချင်တာက ပညာရေးဆိုတာ ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုသာလျှင်ဖြစ်တယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်တို့ဘ၀တစ်ခုလုပ်နေကြတာ။
ကျွန်တော်တို့ကလေးတွေကို နားလည်မပေးနိုင်ဘူး။ ကလေးဆိုတာ ကလေးအရွယ်မှာ အဓိကအလုပ်က ကစားခြင်းပဲ။ ဒါပေမယ့် ကျွန်တော်တို့ မိဘတွေက ကလေးကစားတာကို မြင်လို့ကြည့်လို့မရဘူး။ လက်ခံလို့မရဘူး။ ဆိုလိုတာက ကလေးတွေကို အရွယ်ရောက်သည်အထိ သူတို့ကိုဘာတစ်ခုမျှ ရွေးချယ်ခွင့်မပြုပဲ၊ ကိုယ်ဖြစ်ချင်တာ ကိုပဲ အတင်းအဓမ္မ သွတ်သွင်းပုံဖော်ကြတယ်။ မိဘ၀တ်ကဗျာကို ပြန်ကြည့်ရအောင်။
မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ၀တ်ငါးအင်၊ ဖခင်မယ်တို့တာ။ ကျွန်တော်တို့ ငယ်ငယ်ကသင်ခဲ့ရတယ်။ ပြည်သူ့နိတိတွေကို သင်ပေးရမယ်။ မိဘတွေက သားသမီးတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောတတ်ရမယ်။ ဆောရီးလို့ပြောတတ်ရမယ်။
နောက်တစ်ချက်က ကျွန်တော်တို့ မွတ်ဆလင်မ်မှာ ယဉ်ကျေးမှု၊ အစဉ်အလာဟောင်းတွေက ကလေးကို ပညာသင်ကြားရေး၊ လူမှုရေး၊ ဆက်ဆံ ရေး စတဲ့ကိစ္စတွေမှာ အနှောင့်အယှက်ဖြစ်နေတယ်။ စောစောက ကျွန်တော်တင်ပြခဲ့တဲ့ မူကြိုကျောင်းကိစ္စမျိုးပေါ့။
မွတ်ဆလင်မ်ကလေးတွေ ကျောင်းကပြန်လာတယ်။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ကဗျာတွေရွတ်နေတယ်။ မိဘတွေမြင်ပြီး၊ ကြားပြီးရင်ဖိနေတယ်။ ငါ့ကလေးတော့သွားပြီ။ ကြာရင်မလွယ်ဘူး။ အမြန်မော်လ၀ီဆပ်ဆီပို့မှ၊ မဟုတ်ရင် ဒုက္ခရောက်တော့မယ်။ အီမာန်ပျက်တော့မယ်။ မုရ်သဒ်ဖြစ်တော့မယ်။ ဒါမျိုးတွေ ကျွန်တော်တွေးတယ်။ လက်တွေ့၊ မျက်တွေ့လည်း ဒီအတိုင်းဖြစ်နေတယ်။ ကျောင်းတွေမှာလည်း ဒီအတိုင်းပဲ။ ကျွန်တော်လူကြီးမင်းများကို တစ်ခါပြောခဲ့ဘူးပါတယ်။ Civic နဲ့ပတ်သက်ပြီး ကျွန်တော်သွားတင်ပြတဲ့အခါ ကျောင်းတွေမှာ ပြည်သူ့နီတိ သင်ကြားရေးမှာ ကျွန်တော်တို့ကလေးတွေအတွက် ဗုဒ္ဓဘာသာချည်းပဲ ကိုယ်ကျင့်တရားကောင်းမွန်စေရေး ပုံပြင် တွေ၊ စာတွေနဲ့ပဲ မလုံလောက်ဘူး။ လူမျိုးရေးတွေနဲ့ ပတ်သက်လို့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန် စတဲ့ လူမျိုးတွေ ရဲ့ ပုံပြင်တွေ စာတွေလည်း ထည့်သွင်းသင်ကြားပေးပါ။ အဲဒီလိုပဲ ဘာသာတရားနဲ့ ပတ်သက်ရင်လည်း ခရစ်ယာန် ဘာသာက ပြောသော၊ အစ္စလာမ်ကပြောသော ကဗျာ၊ လင်္ကာ၊ ပုံပြင် စာပေတွေကို ထည့်သွင်းသင့်ပါတယ်လို့ ကျွန်တော်တင်ပြခဲ့ တယ်။ ကျွန်တော်အဲဒီမှာ အာဘောင်အာရင်းသန်သန်နဲ့ တစ်ခုပြောခဲ့လိုက်သေးတယ်။
သမ္မတ နှင့် မင်းလုလင် စာအုပ်ကို ကျွန်တော်ဖတ်ခဲ့ရတယ်ပေါ့။ အဲဒီလိုမျိုးစာတွေသာ အခုခေတ်မှာ ထည့် မယ်ဆိုရင် အရမ်းကောင်းမှာလို့ပြောခဲ့ပါတယ်။ အဲဒါက ဟဇရသ် အူမရ်အကြောင်း တင်ပြထားတာလေ။ မိဘ တွေအနေနဲ့လည်း ဒီအကြောင်းတတ်မြောက်တယ်ဆိုတာ ကြားသိတာနဲ့ ကျောင်းလွှတ်ဖို့ စိတ်အားထက်သန်ကြ မှာပဲ။
အခုတော့ ဟိုဘက်က ကျွန်တော်ပြောခဲ့လို့ ဆက်သွယ်လာပြီ။ ပြည်သူ့နီတိမှာလည်း ထည့်မယ်တဲ့။ အဲဒါ ဘယ်မှာပါတာလဲဆိုတာမေးပြီး အကူအညီတောင်းလာပါတယ်။ ကျွန်တော်လည်းရှာနေတာ စုံနေပါပြီ။ အမျိုးသား စာကြည့်တိုက်မှာလည်း သွားရှာပါတယ်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်လည်းမရှိဘူး။ ၁၉၇၀/၇၁ တတိယတန်း မြန်မာဖတ်စာအုပ်မှာပါတယ်။ လူကြီးမင်းများ ကူညီပေးပါဗျာ။ ကျွန်တော်တို့ လက်တစ်ကမ်းအလို ရောက်မှ ပြတ်ကျန်ခဲ့မယ့်သဘောဖြစ်လို့ ကျေးဇူးပြုပြီး ၀ိုင်းဝန်းကူညီပါလို့ တောင်းဆိုပါတယ်။
မွတ်ဆလင်မ်တွေကလည်း အဲဒီလိုကိစ္စရပ်များကို ထိန်းသိမ်းထားရကောင်းမှန်း မသိဘူး။ ကျွန်တော်တို့က ပြည်သူ့နီတိမှာ မွတ်ဆလင်မ်တွေရဲ့အကြောင်းအရာ၊ ကဗျာ၊ စာပေတွေကို ပါဝင်အောင် ကြိုးစားပေးရမယ်။ ဒါဆို ရင် ကျွန်တော်တို့ အစ္စလာမ်ဘာသာနဲ့ ပတ်သက်ပြီး အမြင်ရှင်းအောင် ကျွန်တော်တို့ မက်ဆေ့တွေပေးနိုင်သလို အခြားဘာသာဝင်အကြောင်း သိကောင်းစရာအဖြစ် ကျွန်တော်တို့ တင်ပြနိုင်မှာဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဆို ကလေးစာပေက ထွန်းကားတယ်။ မိဘတွေအတွက်ရော၊ မိမိကလေးအတွက်ရော ပညာပေးအသိပေးစာပေ တွေများပါတယ်။
ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ကလေးထိန်းသိမ်းမှုကို ဒီနေရာမှာ ကျွန်တော်နည်းနည်းတင်ပြချင်ပါတယ်။ ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက စစ်ရှုံးခဲ့တယ်။ စစ်မရှုံးခင်က သူဟာဖက်ဆစ်စနစ်နဲ့ နယ်ချဲ့ခဲ့တယ်။ အဲဒီလိုနယ်ချဲ့လို့ နိုင်ငံတော်တော်များများက ဂျပန်ကိုမုန်းတယ်။ ဒီဘက်ခေတ်ရောက်တော့ ဂျပန်ကလေးတွေ ကိုဆရာတွေက မေးတယ်။ တချိန်တုန်းက ငါတို့ နယ်ချဲ့ခဲ့လို့ ကမ္ဘာကြီးကမုန်းမလား ချစ်မလားလို့မေးတယ်။ ကလေးတွေက မုန်းမယ်လို့ဖြေတယ်။ ဒါဆို ချစ်လာအောင် ဘယ်လိုလုပ်ကြမလဲ။ မုန်းနေတဲ့လူတွေ ချစ်လာအောင် ကူညီရမယ်။ တောင်းပန်ရမယ်။ ဘယ်လိုကူညီရမယ် စသဖြင့် ကလေးတွေကို သင်ပေးပြီး မုန်းနေတဲ့လူတွေ ချစ်အောင်၊ ချစ်နေတဲ့လူတွေပိုချစ်အောင် သင်ပေးနေတယ်။ သူတို့က အဲဒီလိုမျိုး သင်ရိုးညွှန်းတမ်းတွေကို ရေးဆွဲပြီးသင်ပေးတယ်။ ကျွန်တော်တို့ကတော့ မုန်းသထက်မုန်းအောင် သင်ပေးနေတယ်။ မုန်းပြီးရင်း မုန်း၊ ဆက်မုန်း။ ဘာမှလည်းစိတ်မ၀င်စားဘူး။ ဘယ်သူ သေသေ၊ ငတေမာပြီးရော။ ဒါတွေကို ဂရုစိုက်ရပါမယ်။
ဂျပန်ငလျင်လှုပ်တုန်းကလည်း အဲဒီလိုပဲ။ သူတို့ရဲ့နျူကလီယားစက်ရုံတွေ ပေါက်ကွဲတယ်လေ။ အဲဒီမှာ လူတွေတော်တော်များများ ဒုက္ခဖြစ်ကြတယ်။ အဲဒီမှာ ကယ်ဆယ်ရေးအနေနဲ့ မုန့်တွေဘာတွေဝေတော့ ကူညီကယ် ဆယ်ရေးက လူကြီးတစ်ယောက်က နောက်ဆုံးမှာတန်းစီနေတဲ့ ငိုယိုတဲ့ကလေးတစ်ယောက်ကို သနားပြီး မုန့်ထုတ် အချို့သွားပေးတယ်။ သူ့ရဲ့ကိုယ်ပိုင်မုန့်ထုတ်ကို သွားပေးတာ။ အဲဒီအခါမှာ ကလေးက မုန့်ထုတ်တွေကို ကြည့်ပြီး ဘာလုပ်မယ်ထင်သလဲ။ အတန်းထဲကထွက်ပြီး သူ့ရှေ့က ကလေးလေးငါးဆယ်ကို ကျော်ပြီး ရှေ့ဆုံးမုန့်ဝေနေတဲ့ စားပွဲခုံပေါ် သွားတင်ပေးလိုက်တယ်။ အဲဒါဆယ်နှစ်အောက်ကလေး။ သူကသွားချလိုက်ပြီး သူ့နေရာသူပြန်လာ တယ်။ ငိုပြီးတန်းပြန်စီနေတယ်။ ဘယ်လိုပြုစုပျိုးထောင်ထားတာလဲ။ သူတစ်ယောက်တည်း အခွင့်အရေးမယူဘူး။ သူတစ်ယောက်တည် အခွင့်အရေးယူရမှာကို သူမသိဘူး။
ဟိုတလောက ဗွီဒီယိုဖိုင်တစ်ခုမှာ ကလေးတွေကို သုတေသနလုပ်တဲ့ အဖွဲ့တစ်ခုကလာပြီး ကလေးတွေကို ခေါ်သွားတယ်။ ကလေးတစ်ယောက်ကို လမ်းထောင့်တစ်နေရာမှာခဏစောင့်ခိုင်းပြီး အဝေးကနေ ဗွီဒီယိုကင်မရာနဲ့ စောင့်ပြီးကြည့်နေတယ်။ သူတို့အဖွဲ့ထဲကနေ လူတစ်ယောက်က ကလေးအရှေ့က ဖြတ်သွားပြီး ကလေးစိတ်ဝင်စား မယ့်ပစ္စည်းတစ်ခုကို ကလေးမသိအောင် ပစ်ချခဲ့တယ်။ ကလေးဘာလုပ်မယ်ဆိုတာ ကြည့်နေကြတယ်။ ကလေး တော်တော်များများဟာ ပိုင်ရှင်ကို လိုက်ပေးတာကို တွေ့ရတယ်။ မသိအောင်ယူလိုက်တဲ့ ကလေးမရှိဘူး။ သူတို့ နိုင်ငံက ကလေးတွေကို သူတို့ပြုစုပျိုးထောင်ပုံနည်း။ ကိုယ်ကျင့်တရားနဲ့ပတ်သက်ပြီး ဂျပန်ကဘယ်လိုပြုစုပျိုး ထောင်သလဲ။
ကျွန်တော်တို့သိထားတာက ဂျပန်ပစ္စည်းမှန်သမျှ ကောင်းတယ်။ တီဗွီ၊ ဒီဗွီဒီ ကား စက်ပစ္စည်း ဂျပန်ပစ္စည်း မှန်သမျှ အလွန်ကောင်းတယ်ပေါ့။ ဒါပေမယ့် သူတို့နိုင်ငံသားတွေရဲ့ စိတ်ဓါတ်တွေကို ရှယ်ကောင်းအောင်လုပ်ထား ပေးတယ်။ နှလုံးသားက ရှယ်ဖြစ်နေတယ်။ ကျွန်တော်တို့က ဒါကို အတုယူရမယ်။ ကျွန်တော်တို့ရဲ့ နောင်မျိုးဆက် တွေအတွက် ကျွန်တော်တို့က အကောင်းဆုံး၊ ဖန်တီးပေးရမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့တင်ပြရမယ်ဆိုရင် ကျမ်း မြတ်ကုရ်အာန် ဆူရာဟ် ၇၂ အာယသ် ၈ မှာ အလ္လာဟ်အရှင်မြတ်က ဘာပြောလဲဆိုရင်
မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား ချန်ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် အရှင်မြတ်၏ ကျွန်များအား လမ်းလွှဲစေသည်သာမက ၎င်းတို့သည်လွန်စွာ ကျေးဇူးကန်း၊ သွေဖည်ငြင်းပယ် အံ့သော၊ အကျင့် စာရိတ္တဖောက်ပြန်အံ့သော သူတို့ကိုသာ မွေးဖွားကြမည်ဖြစ်သည်။
လိုရင်းကို ပြောရမယ်ဆိုရင် ကျွန်တော်တို့ မိဘတွေက လုပ်ပုံကိုင်နည်း၊ မဟန်ရင် မွေးလာတဲ့ သားသမီးတွေ ပျက်စီးနေမှာပဲ။ မွေးလာတဲ့ သားသမီးတွေဟာ အကျင့်စာရိတ္တဖောက်ပြန်သော၊ လွန်စွာကျေးဇူးကန်း၊ သွေဖီငြင်း ဆန်အံ့သော၊ အလ္လာဟ်အေဗာဒသ်ကို မလုပ်တဲ့လူတွေ၊ ဖောက်လွှဲဖောက်ပြန်ဆန့်ကျင်သော ကာဖိရ်လို မျိုးဆက် တွေ ကျွန်တော်တို့ မျိုးဆက်မှာပေါ်ထွန်းလာမှာတဲ့။
ကျွန်တော်တို့က နည်းမှန်လမ်းမှန်နဲ့မစောင့်ရှောက်ရင် ထွက်လာမယ့် မျိုးဆက်သစ်တွေက ကျွန်တော်တို့ အတွက် ဘာမှအကျိုးရှိမှာ မဟုတ်ပါဘူး။ ဆူရာဟ် ၃ အာယသ် ၁၀မှာဆိုရင် `ဧကန်အမှန် မယုံကြည်သွေဖည်ငြင်း ပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည်လည်းကောင်း၊ ယင်းသူတို့၏ သားသမီးရတနာများသည်လည်း ကောင်း၊ ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်မှ(ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။´
အဲဒါတော်တော်အရေးကြီးပါတယ်။ ကျွန်တော်တို့က သားတစ်ယောက်တော့ မော်လ၀ီ ကျောင်း၊ ဟာဖိဇ်ကျောင်းပို့မှ၊ ဘာဖြစ်လို့ ပို့တာလဲဆိုတော့ ငါတို့ကို ပွလ်ဆွေရသ်တံတားပေါ်ရောက်ရင် ကယ်မှာ ပေါ့။ မသလဗ်က ဘယ်လောက်ဆိုးသလဲဆိုတာ။ ကိုယ့်အတွက် ကိုယ်စဉ်းစားတာ။ ကိုယ့်ကိုယ်ကို ကယ်ရအောင် ကလေးကိုကျောင်းပို့တာ။ ကိုယ်က သေချာပြုပျိုးထောင်တာမျိုးမဟုတ်ရင် သူတို့ဆီက ဘာမှမမျှော်လင့်နဲ့တဲ့။ ဘာတစ်ခုမှ ဟရှရ်နေ့ကျရင် ခင်ဗျားကိုကာကွယ်မှာ မဟုတ်ဘူး။ ကလေးတွေကို အစ္စလာမ်က ဘယ်လောက် အခွင့်အရေးပေးထားသလဲဆိုတော့ မိခင်နို့ရည်ကို ၂ နှစ်အထိတိုက်ကျွေးရမယ်လို သတ်မှတ်ထားတယ်။
ဆရာဝန် ညွှန်ကြားချက်ဆိုရင်တော့ ကလေးကို ၆ လအထိ နို့ချိုတိုက်ကျွေးပါလို့ပြောတယ်။ ပြင်ပရေတောင် မတိုက်နဲ့လို့တားတယ်။ တချို့ကတော့ ပြောတယ်။ အကောင်းဆုံး နို့မှုန့်တွေရှိတာပဲတဲ့။ တိုက်လို့ရတယ်ပေါ့။ ဆရာဝန်တွေရဲ့ သုတေသနအရ မိခင်နို့ရည်မှာ အားရှိပါတယ်။ လူ့သက်တမ်းတစ်လျှောက်ခံနိုင်ရည်အား ပါရှိ တယ်။ ရောဂါများကိုကာကွယ်ဖို့လည်း အကောင်းဆုံးပါပဲ။ မိခင်နို့ရည်နဲ့ပတ်သက်ပြီး အရှရဖ်အလီထာန၀ီရဲ့ ဖွင့်ဆို ချက်က အကယ်၍ ကလေးမွေးထားပြီး မိဘနှစ်ပါးအကြောင်းကြောင်းကြောင့် ဆက်လက်ပေါင်းသင်းရန် မဖြစ်နိုင် သည့် ကိစ္စရပ်များပေါ်ပေါက်လာပါက ပထမဦးဆုံး ဦးစားပေးစဉ်းစားပေးရမှာက ကလေးကိုနို့တိုက်ကျွေးရေးဖြစ် ပါတယ်တဲ့။ လင်မယား ပြဿနာတက် လို့ ကလေးနို့မငတ်ရေးက ပို၍အရေးကြီးပါသည်တဲ့။ တမန်တော်မြတ်ခေတ်က ဆို နို့ထိန်းသည်ရှိပါတယ်တဲ့။
ကလေးနို့ချိုတိုက်ကျွေးဖို့ ဖခင်ဖြစ်သူမှာလည်း တာဝန်ရှိပါတယ်။ မိခင်ကနို့ချိုတိုက်ကျွေးဖို့ အခြေအနေ မရှိပါက ဖခင်က နို့ထိန်းသည်ငှားပေးရပါမယ်။ ဒါကြောင့် ကလေးသူငယ်နဲ့ ပတ်သက်ပြီးကုရ်အာန်အရ ကြည့်ရင် နှစ်ပိုင်းတွေ့ရပါတယ်။ တစ်ပိုင်းက ပုံမှန်အတိုင်း ကလေးသူငယ်တွေကို ဘယ်လိုပြုစုပျိုးထောင် စောင့်ရှောက်ရမယ်ဆိုတာရယ်၊ နောက်တစ်ခုက မိဘမဲ့(ယသီမ်)ကလေးတွေနဲ့ ပတ်သက်ပြီး ဘယ်လိုတာဝန်ယူပြုစုစောင့်ရှောက်ရမယ်။ ဘယ်သူ တွေမှာ တာဝန်ရှိသလဲဆိုတာကို ပြဌာန်းထားပါတယ်။ မိဘမဲ့ ကလေးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ယူဖို့ဝေးစွ၊ အနားတောင်မကပ်ကြနဲ့လို့ ပြောထားတာရှိပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။