အစ္စလာမ် နှင့် လွတ်လပ်စွာတွေးခေါ်သူများ (Islam and Freethinkers) မုဖ်သီ ဦးစန်းအောင် (B.Sc)
အစ္စလာမ် နှင့် လွတ်လပ်စွာတွေးခေါ်သူများ
(Islam and Freethinkers)
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့ (၁၆-၉-၂၀၁၆) ယောင်မွလ်ဂျုမုအာဟ်မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြုရန် ကြွရောက် လာကြသူ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား…..
“ အတ်ဆလာမ်း မုအာလိုင်းကွမ်း ဝရဟ်မတွလ္လားဟိ ဝဘရကားသုဟု”
ဒီကနေ့ ကျွန်တော်တင်ပြဖို့ ရွေးချယ်ထားတဲ့ ခေါင်းစဉ်ကတော့ `အစ္စလာမ်နှင့်လွတ်လပ်စွာတွေးခေါ်သူ များ´(Islam and Freethinkers) ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာ ကျွန်တော်တင်ပြချင်တဲ့ အချက်အလက်တွေကတော့ `ကုရ်အာန်နဲ့ ဝေဖန်ပိုင်းခြားမှုဆိုင်ရာ တွေးဆမှု´ (The Quran and Critical Thinking) အပိုင်းကို အဓိကဦးစားပေးတင်ပြသွားသလို ကုရ်အာန်ကဒီလိုမျိုးဝေဖန်ပိုင်းခြားနိုင်မှုဆိုင်ရာ တွေးဆမှု ကို ဘယ်လောက်အားပေးသလဲ။ ဘယ်လိုမျိုး လမ်းညွှန်ထားပါသလဲဆိုတာကိုပါ အခြေပြုပြီးတင်ပြသွားမှာပါ။ ကျွန်တော်ဘာဖြစ်လို့ ဒီခေါင်းစဉ်ကို တင်ပြမှုဖို့ရွေးချယ်ရသလဲဆိုရင်တော့ ကမ္ဘာပေါ်မှာရှိကြတဲ့ ဘာသာတရားတွေ နဲ့ပတ်သက်ပြီး မျိုးဆက်သစ်လူငယ်တွေဟာ မေးခွန်းထုတ်လာမှုတွေ၊ ဆန်းစစ်ဝေဖန်လာမှုတွေ၊ သုံးသပ်ဆင်ခြင်လာမှုတွေ၊ များပြားလာတာကို ကျနော်သတိထားလာမိပါတယ်။ တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီလိုမေးခွန်းထုတ်မှု၊ ဝေဖန်လာမှုတွေကို လစ်လျူရှုလာမယ်ဆိုရင်တော့ ‘ဘာသာတရားဆိုတာက ခေတ်တစ်ခေတ်ရဲ့ စနစ်တစ်ခုတည်းမှာရှိတဲ့ လူသားတွေအတွက် လွှမ်းမိုးချုပ်ကိုင်ထားတဲ့ သတ်မှတ်ချက်တစ်ရပ်’ အသွင်ကို ရောက်ရှိသွားပါလိမ့်မယ်။ ဘာသာတရားကို ဖန်ဆင်းပေးခဲ့တဲ့ ဘုရားသခင်ဆိုတာ လူတွေကမိမိစိတ်ကူး နဲ့ ပုံဖော်ထားတဲ့ အရာတစ်ခုကိုဖြစ်သွားပါတော့မယ်။ ခေတ်အဆက်ဆက်က လူသားတွေကို ဦးဆောင်လမ်းပြဖို့ ပေါ်ထွန်းလာတဲ့ တမန်တော်ကြီးတွေ၊ မဟာလူသားကြီးတွေဟာလည်း ဒဏ္ဍာရီပုံပြင်တွေထဲက လူစွမ်းကောင်းတွေ လောက်ပဲ မှတ်တမ်းတင်ခံရပါတော့မယ်။
ဒီနေရာမှာ ကျွန်တော်တို့ ဘာသာတရားတွေကို ယုံကြည်သက်ဝင်ပြီး လေးစားဦးထိပ်ပန်ဆင်ထားတဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ Critical Thinking လို့ခေါ်တဲ့ `ဝေဖန်ပိုင်းခြားမှုဆိုင်ရာတွေးဆမှု´ကို လက်ကိုင်ပြုထား တဲ့ Freethinker သမားတွေကိုတော့ ဘယ်လိုမှုရှောင်လွှဲလို့မရနိုင်ပါဘူး။ တစ်နေရာ သို့မဟုတ် တစ်နေရာမှာ တော့ ထိပ်တိုက်ရင်ဆိုင်ရပါလိမ့်မယ်။ ရှောင်လွှဲဖို့မလွယ်ပါဘူး။ မိရိုးဖလာအရ ဘာသာတရားတစ်ခုခုကို သက်ဝင် ယုံကြည်ထားတဲ့အပေါ်မှာ Freethinker တွေကို မျက်နှာလွှဲနေနိုင်ပေမယ့်လည်း မိမိဘာသာရားသည် အင်မတန် မှ မှန်ကန်ပါတယ်။ အင်မတန်မှ ခေတ်မီပါတယ်။ အင်မတန်မှ သိပ္ပံနည်းကျပါတယ်ဆိုတဲ့ ယုံကြည်ချက်ကို လက်ကိုင်ပြုထားသူတွေအနေနဲ့တော့ Freethinker တွေရဲ့မေးခွန်းတွေအပေါ်မှာ အဖြေထုတ်ပေးရပါလိမ့်မယ် လို့ ကျွန်တော်ယူဆပါတယ်။ အကယ်၍ ချင်ခြင်းလက်ငင်း အဖြေမထုတ်ပေးနိုင်သေးဘူးဆိုရင်တောင် သူတို့ရဲ့ ဝေဖန် စောဒကတက် မေးမြန်းမှုတွေကို အသိအမှတ်ပြု မှတ်တမ်းတင်ထားပြီး အဖြေထုတ်ပေးနိုင်ဖို့ အချိန်ယူကြိုးပမ်းရပါလိမ့်မယ်။
ရှေးဦးစွာ ကျမ်းမြတ်ကုရ်အာန်က Critical Thinking လို့ခေါ်တဲ့ `ဝေဖန်ပိုင်းခြားတွေးဆမှု´ကို ဘယ် လောက်အထိ လမ်းညွှန်ထားသလဲဆိုတဲ့အပိုင်းကို ကျွန်တော့်ခွတ္တဗာဟ်ရဲ့နိဒါန်းပိုင်းမှာ ရွတ်ဖတ်ပြသွားတဲ့ ကုရ်အာန်(၃ဝး၈)နဲ့ ရှင်းတင်ပြပါရစေ။
“ အလ္လာဟ်အရှင်မြတ်သည် အနန္တစကြဝဠာကိုလည်းကောင်း၊ ကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ ယင်းအရာ(၂) ခုစပ်ကြားရှိသမျှအရာတို့ကိုလည်းကောင်း၊ တိကျသောအချိန်အတိုင်းအတာနှင့်တကွ မှန်ကန်သော ကြောင်းကျိုး တရားအပေါ် အဆင့်ဆင့်စီရင်ဖြစ်ထွန်းစေခဲ့သည်ကို သူတို့ကိုယ်တိုင်က စဉ်းစားတွေးခေါ်မှုမပြုကြလေသလော။ ဧကန်အမှန်တော့ များစွာသောလူသားတို့သည် သူတို့ကိုပြုစုပျိုးထောင် စီမံတော်မူသော အလ္လာဟ်အရှင်၏ (ဥပဒေ) နှင့် မလွဲဧကန်ကြုံတွေ့၊ ထိတွေ့ရမည်ကို ရှောင်ရှား ငြင်းပယ်နေကြသူများသာဖြစ်သည်။” (ကုရ်အာန် ၃ဝး၈)
ဒီအာယသ်တော်အရ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို လေ့လာပြီးသက်ဝင်ယုံကြည်သူ တိုင်းအတွက် `သူတို့ကိုယ်တိုင်စဉ်းစားတွေးခေါ်မှု မပြုကြလေသလော´လို့ မေးခွန်းထုတ်ထားတဲ့အပေါ်မှာ အစ္စ လာမ်က Critical Thinking `ဝေဖန်ပိုင်းခြားနိုင်မှုဆိုင်ရာ တွေးဆမှု´ကိုဘယ်လောက်အထိ နှိုးဆော်တိုက်တွန်းထား သလဲဆိုတာ အကဲဖြတ်ကြည့်နိုင်ပါတယ်။
ကုရ်အာန် (၇း၁၇၉)မှာလည်း အလ္လာဟ်အရှင်မြတ်က လူသားတွေရဲ့ ‘တွေးခေါ်ဝေဖန်မှုဆိုင်ရာစွမ်းအား’ (Reasoning Power)ကို ဘယ်လောက်အထိ အရေးပေးထားပြီး Reasoning Power မရှိသူတွေကို တိရစ္ဆာန်ထက် တောင် နိမ့်ပါးသူတွေလို့ဖော်ပြထားတာကို လေ့လာကြည့်ပါစို့။
“ ငါအလ္လာဟ်အရှင်မြတ်က များစွာသော လူနှင့်ဂျင်န်သတ္တ၀ါတို့အတွက် ပူလောင်ပြင်းပြသော ငရဲဘုံကို အထပ်ထပ်စီမံပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ ထိုသူတို့ထံ၌ (တွေးတောဆင်ခြင်နိုင်သော) နှလုံးသားများရှိသော်လည်း သူတို့သည် ယင်းနှလုံးသားအားဖြင့် တွေးခေါ်ပိုင်းခြားနိုင်မှုစွမ်းအားမရှိကြချေ။ သူတို့ထံ၌ စက္ခုအာရုံများရှိကြသော်လည်း ထိုစက္ခုအာရုံအားဖြင့် သူတို့သည် မြင်နိုင်စွမ်းမရှိကြချေ။ သူတို့ထံ၌ နားများရှိကြသော်လည်း ထိုနားများဖြင့် သူတို့သည် ကြားနိုင်ကြသည်မဟုတ်ပေ။
သူတို့သည်ကား ခြေလေးချောင်း တိရစ္ဆာန်များနှင့် တူညီရုံမျှမက ထိုတိရစ္ဆာန်များထက်ပင်ပို၍ မိုက်မဲ၊ လမ်းလွဲသူများဖြစ်ကြသည်။ သူတို့သည် ဝေဖန်ပိုင်းခြားနိုင်သူများ မဟုတ်ကြပေ။” (ကုရ်အာန် ၇း၁၇၉)
အလ္လာဟ်အရှင်မြတ်က လူသားကို စီရင်ဖြစ်ထွန်းစေရာမှာ ဦးနှောက်ဆိုသည့် အစိတ်အပိုင်းကို ခန္ဓာကိုယ် တစ်ခုလုံး၏ အပေါ်ဆုံး၊ အမြင့်ဆုံးနေရာတွင် ထည့်သွင်းပေးထားခြင်းက တွေးခေါ်စဉ်းစားဝေဖန် ပိုင်းခြားနိုင်မှုကို အသားပေးထားကြောင်း ထင်သာမြင်သာရှိလှပါတယ်။
ကျမ်းမြတ်ကုရ်အာန်ထဲမှာ ယုံကြည်သက်ဝင်သူတွေကို Critical Thinking `ဝေဖန်ပိုင်းခြားနိုင်မှုဆိုင်ရာ တွေးဆမှု´တွေ ပြုလုပ်ကြဖို့ Reasoning Power လို့ခေါ်တဲ့ `တွေးခေါ်ဝေဖန်မှုဆိုင်ရာစွမ်းအား´တွေကို တည်ဆောက်ကြဖို့ အာယသ်တော်အများအပြားနဲ့ လမ်းညွှန်ထားတာကို တွေ့ရပါတယ်။ `ကျမ်းတော်မြတ်ကုရ်အာန်ကို မလေ့လာ၊ မစူးစမ်းဘူးလား။ သင်တို့ရဲ့နှလုံးသးတွေကို သော့အထပ်ထပ်နဲ့ ပိတ်ခတ်ထားသလား၊´ဆိုတဲ့ မေးခွန်းတွေရှိသလို `ကျမ်းမြတ်ကုရ်အာန်သည် အသိဥာဏ်ပညာ (Wisdom) နှင့်ထုံမွှမ်းထားသောကျမ်းတစ်စောင်ဖြစ်သည်၊´ဆိုတဲ့ အာယသ်မျိုးတွေလည်း အများအပြားကို လေ့လာတွေ့ရှိရပါတယ်။
Reasoning Power `တွေးခေါ်ဝေဖန်မှုဆိုင်ရာစွမ်းအား´ ကြီးမားသူတို့ကို ဂုဏ်ပေးချီးမွမ်းထားတဲ့ ဒီလို အာယသ်မျိုးကိုလည်း ကျမ်းမြတ်ကုရ်အာန်မှာတွေ့ရပါတယ်။
“ ဧကန်အမှန်ပင် အနန္တစကြဝဠာနှင့်ကမ္ဘာဂြိုဟ်ကို ဆင့်ကဲစီရင်ဖြစ်ထွန်းထားစေရာ၌လည်းကောင်း၊ နေ့နှင့် ညတို့၏ အပြောင်းအလဲဖြစ်မှုကို စီမံထားရှိရာ၌လည်းကောင်း၊ တွေးခေါ်ဝေဖန်ပိုင်းခြားနိုင်မှုကို ပိုင်ဆိုင်သူ ပညာစွမ်းပကားရှင်(အရဗီ – အုလွလ်အလ်ဗါဗ်း) တို့အတွက် ထင်ရှားရှင်းလင်းသော သက်သေလက္ခဏာများပင်ဖြစ်သည်။” (ကုရ်အာန် ၃း၁၉ဝ)
စနစ်တကျစီရင်ဖြစ်ထွန်းထားစေတဲ့အပေါ်မှာ အနန္တစကြဝဠာကြီး အချိန်အခါမလပ်ပြောင်းလဲရွေ့လျားနေ တာကို Reasoning Power ရှိသူတွေကသာ ထင်ထင်ရှားရှားမြင်နိုင်မယ်။ သိနားလည်နိုင်မယ်ဆိုတာကို ကုရ်အာန် (၃း၁၉ဝ)က ရည်ညွှန်းပြဆိုနေတာပါ။
“ ထိုသို့သော တွေးခေါ်ဝေဖန်ပိုင်းခြားနိုင်မှုကို ပိုင်ဆိုင်သူပညာစွမ်းပကားရှင် (အုလုလ်အလ်ဗားဗ်)တို့သည် အလ္လာဟ်အရှင်မြတ်အား မတ်တပ်ရပ်လျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ လဲလျောင်းလျက်ဖြစ်စေ(အခါခပ်သိမ်းမည်သည့်အခြေအနေ၌မဆို) သတိရဖော်ထုတ်လျက်ရှိပေသည်။ ပြီးနောက် ထိုသူတို့သည် အနန္တစကြဝဠာနှင့် ကမ္ဘာဂြိုဟ်တို့၏ ဆင့်ကဲစီရင်ဖြစ် ထွန်းမှုအပေါ် စဉ်းစားတွေးတောဆင်ခြင်ပြီးနောက် ဤသို့ထုတ်ဖော်ပြောကြားလေသည်။
အို – ကျွန်တော်မျိုးတို့ကို ပြုစုပျိုးထောင်တော်မူသောအရှင်မြတ်၊ အရှင်သည် ဤအရာတို့ကို အကြောင်းမဲ့ စွာ၊ ရည်ရွယ်ချက်မဲ့စွာ စီရင်ဖြစ်ထွန်းထားစေသည်မဟုတ်ပါ။ အရှင်မြတ်သည် ချို့ယွင်း ချို့တဲ့ခြင်းအရပ်ရပ်မှ ကင်းစင်တော်မူပြီး ကျွန်တော်မျိုးတို့အား အသိဥာဏ်ပညာမဲ့ခြင်းဟူသည့် ပူလောင်လှသောဘဝဆိုးမှ ကင်းဝေးဖယ် ရှားပေးတော်မူပါ။” (ကုရ်အာန် ၃း၁၉၁)
ဒီအာယသ်အရဆိုရင်တော့ Lack of knowledge လို့ခေါ်တဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိလို့ အသိဥာဏ်ကင်းမဲ့ခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုမှာ ‘ ပူလောင်လှသောဘဝဆိုး’ အဖြစ် ကုရ်အာန်ကတင်စားသုံးနှုံးထားတာကို လေ့လာတွေ့ရှိရပါတယ်။ ဟုတ်ပါတယ်။ ကျနော်တို့ရဲ့ အတွေးအခေါ်တွေ အသက်မရှင်တော့ရင်၊ ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိတော့ရင် ကျနော်တို့ဟာ လူမှုဘဝဝန်းကျင်မှာ အနိမ့်ကျဆုံးသော၊ အောက်တန်းအကျဆုံးသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ကိုရောက်ရှိသွားပြီး အမြဲတမ်းအဖိနှိပ်ခံနေရတဲ့ ဘဝကိုလက်ကိုင်ပြုထားရပါတော့မယ်။ ဒါဟာ အင်မတန်မှ ပူပြင်လောင်ကျွမ်းနေရတဲ့ ဘဝတစ်ခုပါပဲ။
ကျမ်းမြတ်ကုရ်အာန်မှာ Critical Thinking လို့ခေါ်တဲ့ `ဝေဖန်ပိုင်းခြားနိုင်မှုဆိုင်ရာတွေးဆမှု´မရှိခြင်း၊ Reasoning Power လို့ခေါ်တဲ့ `တွေးခေါ်ဝေဖန်မှုဆိုင်ရာစွမ်းအား´မရှိခြင်းစတာတွေကို ကုရ်အာန် (၇း၁၇၉)အရ `တိရိစ္ဆာန်ထက်ပိုပြီးနိမ့်ပါးခြင်း´ဆိုပြိး သတ်မှတ်ဖော်ပြထားပါတယ်။ ဆိုလိုတာက ကုရ်အာန်ကို လက်ခံယုံကြည် လိုက်ပြီဆိုတာနဲ့ လူသားတစ်ဦးဟာ မိမိရဲ့ဦးနှောက်ကို ဖွင့်ထားရမယ်။ မိမိရဲ့တွေးခေါ်နိုင်မှုစွမ်းပကားကို အပြည့် အဝအားဖြည့်ထားရပါလိမ့်မယ်။ ဒါဟာ လူသားတစ်ယောက်ရဲ့ လူဖြစ်ခြင်းနဲ့ ယှဉ်တွဲပါဝင်လာတဲ့ တာဝန်တစ်ရပ်ပါ။
ဒီနေရာမှာ ကျွန်တော်ကြားဖြတ်ပြီး အသိတစ်ခုကိုတင်ပြပါရစေ။ ကျွန်တော်က Facebook ပေါ်မှာ တွေးခေါ်နိုင်မှုစွမ်းအား (Reasoning Power)အကြောင်း ပို့စ်တင်လိုက်တော့ စင်္ကာပူက ကျွန်တာ့်မိတ်ဆွေတစ် ယောက်က ပို့စ်အောက်မှာ ဒီလို Comment လာရေးပါတယ်။
‘ Reasoning Power ကောင်းတဲ့လူတွေ စုဝေးနေထိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်ဟာ တိုးတက်ဖွံ့ဖြိုးပြီး လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်ပါလိမ့်မယ်။ Reasoning Power နည်းတဲ့ လူတွေစုဝေးနေထိုင်တဲ့ လူ့အဖွဲ့အစည်း ကတော့ တစ်သွေးတစ်သံတစ်မိန့်အောက်မှာ ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးရင်းနဲ့ မျက်ကန်းနောက်လိုက် တွေ ဖြစ်နေကြမှာပါ။ အခုလတ်တလောပဲ Facebook ပေါ်မှာ ကြည့်ကြစမ်းပါ။ Facebook တီထွင်ခဲ့တဲ့ Freethinker သမား `မာက်းဇူကာဘတ်´ဟာ ဘာသာရေးအုပ်စုတွေရဲ့ အာဘောင်အာရင်းသန်သန်နဲ့ ငြင်းကြ၊ ခုံကြ၊ ဆော်ကြ၊ နှက်ကြတာတွေကို ပြုံးပြုံးလေးထိုင်ကြည့်နေပါတယ်။ `မာက်းဇူကာဘတ်´က သူရလာတဲ့ Data အချက်အလက်တွေကို Process လုပ်ပြီး လူတစ်ဦးချင်း၊ ဘာသာရေးတစ်အုပ်စုချင်းအတွက် Analysis လုပ်ပြီး တော့ လေ့လာတယ်။
ပြီးတော့ သူကြေညာလိုက်ပုံက….
နောင်နှစ်အနည်းငယ်အတွင်းမှာ သူတို့ Facebook အဖွဲ့ဟာလူတွေရဲ့စိတ်ကိုဖတ်နိုင်တဲ့ ဘုရားသခင်ရဲ့ ဥာဏ်တော်တစ်ခုကို ပိုင်ဆိုင်ပါတော့မယ်တဲ့’……
တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ Critical Thinking နဲ့ Reasoning Power အရေးပါပုံကို အကျဉ်းသဘောတင်ပြပြီးတဲ့နောက်မှာ Freethinker လို့ ခေါ်တဲ့ `လွတ်လပ်စွာ တွေးတောဆင်ခြင်ကြသူများ´အပိုင်းကိုလည်း မိတ်ဆက်ပေးတင်ပြပါရစေ။
ရှေးဦးစွာ ကျွန်တော့်အနေနဲ့ Free Thought ဆိုတဲ့ ဝေါဟာရကို တင်ပြလိုပါတယ်။ Free Thought ရဲ့ အနက်သဘောကတော့….
‘ အကြောင်းအရာတစ်ခုကို မှန်မှန်ကန်ကန် စဉ်းစားသုံးသပ်ရာမှာ အခွင့်အာဏာအားဖြင့် ဆုံးဖြတ်ခြင်း၊ ရိုးရာဓလေ့အရဆုံးဖြတ်ခြင်း၊ တရားသေဝါဒအရဆုံးဖြတ်ခြင်းမျိုးကို ရှောင်ရှားပြီး အကျိုးသင့် အကြောင်းသင့် သုံးသပ်ခြင်း၊ အချိုးအစားညီမျှစွာ သုံးသပ်ခြင်း၊ အချိတ်အဆက်မိစွာဖြင့် ထင်သာမြင်သာရှိအောင် သုံးသပ်ခြင်း၊ အစရှိတဲ့အနေအထားတွေအပေါ်မှာ ဒဿနအမြင် (Philosophical viewpoint) နဲ့ စဉ်းစားဝေဖန်ပိုင်းခြားခြင်း’
ကိုခေါ်ဆိုပါတယ်။ ဒီလိုမျိုး Philosophical viewpoint ဒဿနအမြင်နဲ့ ဝေဖန်ပိုင်းခြားခြင်းကို Freethinking လို့ခေါ်ပြီး ဒဿနအမြင်နဲ့ ဝေဖန်ပိုင်းခြားသူကိုတော့ Freethinker လို့ခေါ်ပါ တယ်။ Freethinker ဆိုတဲ့ဝေါဟာရသည် (၁၇)ရာစုလောက်မှာ စတင်ပေါ်ထွန်းလာပြီး ဘာသာရေးဆိုင်ရာ ရှေးရိုးစွဲ အယူအဆတွေအပေါ်မှာ ပြန်လည်မေးခွန်းထုတ်၊ စူးစမ်းလာသူတွေကို ခေါ်ဝေါ်သုံးနှုန်းခဲ့ပါတယ်။
ဒီနေရာမှာ အချို့က Atheist လို့ခေါ်တဲ့ `ဖန်ဆင်းရှင်မဲ့၊ ဘုရားမဲ့၊ ဘာသာတရားမဲ့´ဝါဒီတွေနဲ့ Freethinker ကိုရောထွေးပြီး လက်ခံလိုက်ကြပါတယ်။ ကျွန်တော့်အမြင်ကတော့ ဒီ(၂)ခုဟာ မတူပါဘူး။ အနှစ်သာရပိုင်းမှာ လည်း မတူကွဲပြားတာတွေရှိပါတယ်။ Freethinker သမားတိုင်းဟာ Athiest မဟုတ်ပါဘူး။ Freethinker သမား တွေဟာ Athiest တွေထက် ပိုမိုကျယ်ဝန်းတဲ့အမြင်တွေ၊ အတွေးအခေါ်တွေရှိပါတယ်။ Freethinker သမားတွေရဲ့ စူးစမ်းလေ့လာလိုမှုကို မကြိုက်နှစ်သက်တဲ့ ရှေးရိုးစွဲဘာသာရေးဝါဒီတွေက သူ့ရဲ့မလိုလား၊ မနှစ်သက်မှုအပေါ်မှာ Freethinker တွေကို နာမ်နှိမ်ချိုးဖဲ့လိုက်တဲ့သဘောနဲ့ Athiest ဘုရားမဲ့ဝါဒီ၊ ဘာသာတရားမဲ့ဝါဒီလို့ ကင်ပွန်းတပ် လိုက်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော့်အယူအဆကတော့ Athiest ဆိုတဲ့သဘောမှာပင်၊ ဘာသာတရားအပေါ်မကျေနပ်၊ မနှစ်မြို့မှုအပေါ် အခြေခံပြီး Critical Thinking နဲ့ Reasoning Power အားနည်း ခြင်းကြောင့် Athiest ဖြစ်သွားရတာက ရာခိုင်နှုန်းအတိုင်းအတာတစ်ခုရှိတယ်လို့မြင်ပါတယ်။
ဒီနေရာမှာ Freethinker ဆိုတဲ့ဝေါဟာရအပေါ်မှာ American Humanist Association ရဲ့ အမှုဆောင် အရာရှိတစ်ဦးဖြစ်ခဲ့သူ Fred Edwards ရဲ့သဘောထားအမြင်ကို တင်ပြလိုပါတယ်။ သူပြောခဲ့တာက …
`ရှေးရိုးစွဲဘာသာရေးအယူဝါဒတစ်ရပ်ကို မေးခွန်းထုတ်လိုက်တဲ့ အလယ်အလတ်ဘာသာရေးသမားတစ်ဦးသည်ပင်လျှင် Freethinker တစ်ယောက်အဖြစ် အသိအမှတ်ပြုခံရနိုင်ပါတယ်´ တဲ့။
ဒါပေမယ့် ရှေးရိုးစွဲ ဘာသာရေးသမားတစ်ယောက်ဟာ Freethinker တစ်ယောက်ကို ဘယ်လိုမှ လက်မခံ နိုင်ကြပါဘူး။ (၁၉)ရာစု လောက်မှာ ဗြိတိသျှလူမျိုး သင်္ချာနဲ့ဒဿနိကဗေဒပညာရှင် William Kingdon Clifford ဆိုသူက The Ethic of Belief (ယုံကြည်ချက်၏နီတိ) ဆိုတဲ့ စာတမ်းတစ်စောင်ရေးခဲ့ပါတယ်။ သူ့ရဲ့ရေးသားချက် ထဲမှာ ….
`ယုံကြည်ဖို့ရန် ပြည့်စုံလုံလောက်တဲ့ အထောက်အထားမရှိဘူးဆိုရင် အကြောင်းအရာတစ်ခုဟာ ဘယ်သူ ကပြောသည်ဖြစ်စေ၊ ဘယ်နေရာမှာပြောသည်ဖြစ်စေ၊ အဲဒီအကြောင်းအရာဟာ ဘယ်တော့မှမှန်ကန်လိမ့်မည် မဟုတ်´တဲ့။
များစွာသော Freethinker တွေဟာ ဘာသာတရားဆိုင်ရာ ယုံကြည်ချက်ဖြစ်နေပါစေ။ ပြည့်စုံလုံလောက် တဲ့ အထောက်အထားမရှိရင် အမှန်တရားမဟုတ်ရုံမကပဲ လူတွေအတွက်ဘေးဥပါဒ်ပင်ဖြစ်နိုင်တယ်လို့ ခံယူထားတဲ့ အပေါ်မှာ ရှေးရိုးစွဲဘာသာရေးဝါဒီတွေနဲ့ Freethinker တွေအကြားမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေ ရှိနေအုံးမှာပဲဖြစ်ပါ တယ် ဆိုတာ တင်ပြရင်းနဲ့ ကျန်တဲ့အပိုင်းတွေကို ကျနော့ရဲ့ နောက်ပိုင်းအလှည့်ကျ ခွတ္တဗါဟ်တွေမှာ ဆက်လက်တင်ပြသွားပါမယ်။
Salaam…