အစ္စလာမ် နှင့် ဝတ်စားဆင်ယင်မှု….. မုဖ်သီဦးစန်းအောင် (B.Sc)
အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု….. မုဖ်သီဦးစန်းအောင် (B.Sc)
ဒီကနေ့(၁၅.၇.၂ဝ၁၆)၊ ကျင်းပတဲ့ ယောဝ်မွလ်ဂျူမုအာဟ်ခွတ္တဗါဟ် မှာတော့ ကျနော်တင်ပြချင်တဲ့ ခွတ္တဗါဟ်ခေါင်းစဉ်ကတော့ “ အစ္စလာမ်နှင့် ဝတ်စားဆင်ယင်မှု” ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကိုကနော်ရွေးချယ်တင်ပြရတဲ့ ရည်ရွယ်ချက်ကတော့ ဒီကနေ့ မြန်မာနိုင်ငံရေးရဲ့ အခင်အကျင်းတစ်ရပ်ပြောင်းလဲလာမှုအပေါ် ကျနော်တို့မြန်မာနိုင်ငံသားတွေဟာ Nation Building တစ်ရပ်ကို မဖြစ်မနေတည်ဆောက်ရပါတော့မယ်။ ဒီအချိန်မှာ နိုင်ငံသားတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့ Natinal Identity တစ်ရပ်ကို ပြသဖို့အချိန်ကျလာတော့မှာပါ။ ဒီလိုမတူညီတဲ့ Identity တွေရှိနေတဲ့နိုင်ငံတစ်ခုမှာ အစ္စလာမ်ဘာသာဝင်တွေအတွက် Identity ထုတ်ဖေါ်ပြသဖို့အရေးမှာ ဝတ်စားဆင်ယင်မှုကလည်း အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပတ်သက်နေတာကို တွေ့ရပါတယ်။ အစ္စလာမ်က ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီး ဘယ်လိုပြဌာန်းထားသလဲဆိုတာကိုတော့ ကျနော်တို့ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်နဲ့ ချိန်ထိုးပြီး အသိတရားတစ်ရပ်ကိုရယူကြပါစို့။
ကျမ်းတော်မြတ်ကုရ်အာန်မှာ အစ္စလာမ်ကိုသက်ဝင်ယုံကြည်သူအားလုံးအတွက် တစ်သမတ်တည်းသတ်မှတ်ထားတဲ့ ဝတ်စားဆင်ယင်ပုံရှိပါသလား…ဆိုတဲ့မေးခွန်းကစပြီးစဉ်းစားကြရပါမယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာတော့ အစ္စလာမ်ကိုသက်ဝင်ယုံကြည်သူတစ်ဦးအတွက် ဘယ်လိုပုံစံအဝတ်အစားဝတ်ရမယ်လို့တော့ တစ်ထစ်ချ၊ ပုံသေကားချပ် ချမှတ်ပေးထားခြင်းမရှိပါဘူး။ အထူးသဖြင့်တော့ အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ ‘အရှက်အင်္ဂါ’ ကိုလုံခြုံစွာ ဖုံးအုပ်ဝတ်ဆင်ဖို့ပဲ ညွှန်ကြားထားပါတယ်။ ပုံစံတစ်ရပ်အနေနဲ့တော့ သတ်သတ်မှတ်မှတ်မရှိပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန် (၂၄း၃၁) ကိုအခြေပြုပြီးအစ္စလာမ့်ဝတ်စားဆင်ယင်မှုကို တင်ပြပါရစေ။ ဒီအာယသ်တော်မှာတော့ အလ္လာဟ်အရှင်မြတ်က ကျနော်တို့ပြောဆိုနေတဲ့ ‘အရှက်အင်္ဂါ’ ဆိုတဲ့ဝေါဟာရကို ‘အလှအင်္ဂါ’ ဆိုပြီး သုံးနှုံးထားပါတယ်။ လေ့လာကြည့်ကြပါစို့၊
“ ၎င်းပြင် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်အမျိုးသမီးတို့အား အသင်တမန်တော် ဤသို့မိန့်ဆိုပါလေ။ အသင်မတို့၏ အမြင်အာရုံများကို စောင့်စည်းထိန်းသိမ်းကြရမည်။ ထို့ပြင် မိမိတို့၏အရှက်အင်္ဂါများကိုလည်း ကာကွယ်ထိန်းသိမ်းကြရမည်။ ပေါ်သင့်ပေါ်ထိုက်သော အလှအင်္ဂါများမှတစ်ပါး ကျန်အလှအပများကို မပေါ်လွင်အောင် ဖုံးထားကြရမည်။ ၎င်းပြင် မိမိတို့အပေါ်ယံခြုံလွှာများကို ရင်ဘတ်ပေါ်သို့ ချထားကြရမည်။” (ကုရ်အာန်-၂၄း၃၁)
အထက်ပါ ကုရ်အာန်အာယတ်တော်မှာ မုအ်မင်န်အမျိုးသမီးတစ်ဦးအတွက် ဝတ်စားဆင်ယင်ပုံကို ကန့်သတ်ပြဋ္ဌာန်းထားပါတယ်။ ကန့်သတ်ပြဋ္ဌာန်းထားတယ်ဆိုပေမဲ့`ပေါ်သင့်ပေါ်ထိုက်သော အလှအင်္ဂါများ´ ဆိုတဲ့စကားစုနှင့်ပတ်သက်ပြီး သာမန်အားဖြင့် လေ့လာကြည့်လျှင် မရေမရာသောသဘောဖြင့် ပြဋ္ဌာန်းထားတာကိုတွေ့ရပါလိမ့်မယ်။ `ပေါ်သင့်ပေါ်ထိုက်သော အလှအင်္ဂါများ´ဆိုသည်မှာ အဘယ်အရာနည်းဟူသောမေးခွန်းများ၊ စောဒက တက်လာစရာအကြောင်းရှိပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်မှာ အတိအကျပြဋ္ဌာန်းထားတဲ့ အချက်အလက်များရှိသလို အထက်ပါအတိုင်း အတိအကျရည်ညွှန်း၍ ပြဋ္ဌာန်းမထားသောအချက်အလက်များလည်းရှိပါတယ်။ အဘယ်ကြောင့် အတိအကျပြဋ္ဌာန်း မထားရသလဲ။ အဓိကအကြောင်းရင်းကို နားလည်သဘောပေါက်ဖို့တော့ အရေးကြီးပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန်က အတိအကျပြဋ္ဌာန်းထားခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်များဟာ လူသားတို့အတွက် လိုက်နာကျင့်သုံးရာမှာ လွယ်ကူပြေပြစ်မှုရှိစေဖို့ ရည်ရွယ်ထားတာကိုလေ့လာတွေ့ရှိရပါတယ်။ အဲဒီလို အတိအကျသတ်သတ်မှတ်မှတ် ပြဋ္ဌာန်း ထားခြင်းမရှိသည့်အပေါ်မှာ လူသားတို့က ခေတ်အခြေအနေ၊ ရေ၊ မြေ၊ သဘာဝ၊ ယဉ်ကျေးမှုနှင့်ပတ်ဝန်းကျင်အပေါ် လိုက်လျောညီထွေစွာဖြင့် ပြုပြင်ပြောင်းလဲ သတ်မှတ်လိုက်နာခွင့် ရရှိသွားပါတယ်။ ဒီအခြေအနေကို နားမလည်ကြသူများက ကုရ်အာန်၏အချို့အာယတ်များသည် တိတိကျကျ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်းမရှိသည့်အတွက်ကြောင့် မပြည့်စုံပါဘူး လို့ လွဲမှားစွာကောက်ချက်ချလိုက်ကြပါတယ်။
ဆိုလိုတာက ကျမ်းတော်မြတ်ကုရ်အာန်မှာ အတိအကျ ရည်ညွှန်းထားခြင်းမရှိတဲ့ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းများဟာ ခေတ်အခြေအနေ၊ ရေမြေဒေသနှင့် ပတ်ဝန်းကျင်အပေါ်မူတည်ပြီး ပြောင်းလဲပြင်ဆင်သတ်မှတ်နိုင်တယ်ဆိုတဲ့သဘောပါ။ ပိုပြီးထင်ရှားတဲ့အချက်တစ်ချက်ကို တင်ပြရမည်ဆိုလျှင် ကျမ်းတော်မြတ်ကုရ်အာန်ဟာ လူမျိုးတစ်မျိုးမှာရှိနေပြီးဖြစ်တဲ့ ယဉ်ကျေးမှု(Culture)ကို သောင်ဟီးဒ်နှင့်မဆန့်ကျင်လျှင်ဘယ်သောအခါမျှ ဆန့်ကျင်ပယ်ဖျက်ဖို့ ပြဌာန်းမထားပါဘူး။ လက်ခံအတည်ပြုပေးပါတယ်။ ဥပမာအားဖြင့် ကျမ်းတော်မြတ်ကုရ်အာန်ကို အိန္ဒိယတိုက် သားတစ်ယောက်က လက်ခံလိုက်ပြီး အစ္စလာမ်ဘာသာကို ကူးပြောင်းလက်ခံလိုက်မယ်ဆိုရင် ကူးပြောင်းလာတဲ့ အဲဒီအိန္ဒိယတိုက်သားအနေနဲ့ သူ့ရဲ့မူလယဉ်ကျေးမှုဆိုင်ရာ ဝတ်စားပုံ၊ စားသောက်ပုံ၊ နေထိုင်ပုံတွေကို ပြောင်းလဲပစ်ရန်မလိုပါဘူး။ ယုံကြည်ချက်နဲ့ အဲဒီယုံကြည်ချက်အပေါ် အကောင်အထည် ဖော်မှုသည်သာ ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ဒါကို မွတ်စလင်မ်တွေအနေနဲ့ မိမိတို့ လက်ခံယုံကြည်ထားတဲ့ ကုရ်အာန်ရဲ့ သဘောသဘာဝကို နားလည်ထားဖို့လိုအပ်ပါတယ်။
ဒါ့ကြောင့် အထက်မှာကျနော်တင်ပြခဲ့တဲ့ ကုရ်အာန်အာယတ်(၂၄း၃၁)တွင်ပါရှိသော `ပေါ်သင့်ပေါ်ထိုက်သည့် အလှအင်္ဂါ´ ဆိုတဲ့ရည်ညွှန်းချက်ဟာ အခြေအနေ၊ အချိန်အခါနှင့် ပတ်ဝန်းကျင်အပေါ်မူတည်ပြီး လူသားတွေဖက်က ပြောင်းလဲသတ်မှတ် ကျင့်သုံးပိုင်ခွင့်ရှိပါတယ်။ `ပေါ်သင့်ပေါ်ထိုက်သည့် အလှအင်္ဂါ´ဆိုတဲ့သဘောမှာ ဥပမာ ကျန်းမာရေး အတွက် ဆရာဝန်ကိုပြသမည့် အမျိုးသမီးတစ်ဦးအတွက်လည်းကောင်း၊ အားကစားလှုပ်ရှားမှုကို လုပ်ဆောင်သူ အမျိုး သမီးတစ်ဦးအတွက်လည်းကောင်း၊ စစ်ပွဲတစ်ပွဲမှာ တာဝန်ထမ်းဆောင်မည့် အမျိုးသမီးတစ်ဦးအတွက်လည်းကောင်း သတ်မှတ်ပုံချင်း ကွာခြားသွားမှာဖြစ်ပါတယ်။ သာမန်အားဖြင့် အမျိုးသမီးတစ်ယောက်ရဲ့လက်ကို လင်ယောက်ျားမဟုတ်သည့် အမျိုးသားတစ်ယောက်က ဆွဲကိုင်ပိုင်ခွင့်မရှိပေမဲ့ ရေထဲမတော်တဆပြုတ်ကျသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့လက်ကို မည်သည့်အမျိုးသားမဆိုဆွဲကိုင်ပြီး ရေထဲမှဆယ်ယူခွင့်ရှိပါတယ်။
ဒါကြောင့် ကုရ်အာန်ကရည်ညွှန်းနေတဲ့ `ပေါ်သင့်ပေါ်ထိုက်သည့် အလှအင်္ဂါ´ဆိုတဲ့စကားရပ်ကို လှေနံဓါးထစ်၊ တရားသေဖွင့်ဆိုလို့ မရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်ကလည်း အခြေအနေအရပ်ရပ်အပေါ် ကျင့်သုံးသွားရမည်ဖြစ်တဲ့အတွက်ကြောင့် သတ်သတ်မှတ်မှတ် ရည်ညွှန်းမထားခြင်းသာဖြစ်ပါတယ်။ ဒါပေမဲ့ လူအများကြား သာမန်လှုပ်ရှားသွားလာနေကြသူ အမျိုးသမီးများအတွက် ကုရ်အာန်(၂၄း၃၁) က `အပေါ်ယံခြုံလွှာကို ရင်ဘတ်ပေါ်သို့ ချထားကြရမည်´လို့ တိတိကျကျ ကန့်သတ်ပြဋ္ဌာန်းထားသည့်အတွက် အမျိုးသမီးများအနေဖြင့် နှစ်လွှာရှိသော (အတွင်းခံနှင့် အပြင်အင်္ကျီ) အဝတ်အစားကို လုံခြုံစနစ်ကျနစွာ ဝတ်စားဆင်ယင်ရမည်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ပုံဟာ ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်နှင့် ကိုက်ညီလျော်ကန်လျက်ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် ကုရ်အာန်ကရည်ညွှန်းနေတဲ့ `ပေါ်သင့်ပေါ်ထိုက်သည့် အလှအင်္ဂါ´ဆိုတဲ့စကားရပ်ကို လှေနံဓါးထစ်၊ တရားသေဖွင့်ဆိုလို့ မရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်ကလည်း အခြေအနေအရပ်ရပ်အပေါ် ကျင့်သုံးသွားရမည်ဖြစ်တဲ့အတွက်ကြောင့် သတ်သတ်မှတ်မှတ် ရည်ညွှန်းမထားခြင်းသာဖြစ်ပါတယ်။ ဒါပေမဲ့ လူအများကြား သာမန်လှုပ်ရှားသွားလာနေကြသူ အမျိုးသမီးများအတွက် ကုရ်အာန်(၂၄း၃၁) က `အပေါ်ယံခြုံလွှာကို ရင်ဘတ်ပေါ်သို့ ချထားကြရမည်´လို့ တိတိကျကျ ကန့်သတ်ပြဋ္ဌာန်းထားသည့်အတွက် အမျိုးသမီးများအနေဖြင့် နှစ်လွှာရှိသော (အတွင်းခံနှင့် အပြင်အင်္ကျီ) အဝတ်အစားကို လုံခြုံစနစ်ကျနစွာ ဝတ်စားဆင်ယင်ရမည်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအမျိုးသမီးများ မြန်မာ့ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ပုံဟာ ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက်နှင့် ကိုက်ညီလျော်ကန်လျက်ရှိပြီးဖြစ်ပါတယ်။
ဒီကနေ့ မွတ်စလင်မ်အမျိုးသမီးတွေအကြားမှာ `ဘူရ်ခါ´(ခေါ်) ခေါင်းမြီးခြုံဝတ်ရုံများ ခေတ်စားလျက်ရှိပါတယ်။ အဲဒီလို ခေါင်းမြီးခြုံဝတ်စားဆင်ယင်မှုသည် ကုရ်အာန်နှင့်မဆန့်ကျင်သော်ငြားလည်း ကုရ်အာန်ရဲ့ပြဋ္ဌာန်းချက် တစ်ရပ်တော့မဟုတ်ပါဘူး။ ဒီလိုဝတ်ဆင်ခြင်းမှာ လူမျိုးစုဆိုင်ရာ ရိုးရာယဉ်ကျေးမှုသဘောလည်း ပါဝင်ပတ်သက်နေတာကိုတွေ့ရပါတယ်။ ဥပမာ အိန္ဒိယတို့၊ ပါကစ္စတန်တို့နဲ့ ဆက်နွယ်ဆက်စပ်နေသူတွေ၊ အဲဒီမျိုးနွယ်စုတွေက ဝတ်ဆင်တာများပါတယ်။ ရှေးတုန်းကဆိုရင် အထက်မြန်မာပြည်ဖက်မှာ မြန်မာမွတ်ဆလင်မ်အမျိုးသမီးတွေဟာ အိန္ဒိယတို့၊ ပါကစ္စတန်တို့နဲ့ လူမျိုးနွယ်ဆိုင်ရာအဆက်အစပ်နည်းပါးတဲ့အတွက် အဲဒီဖက်ကအမျိုးသမီးတွေဟာ မြန်မာဆန်ဆန်ဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ (၁၉၈၅)ခုနှစ်နောက်ပိုင်းလောက်ကစပြီး အစ္စလာမ်ဘာသာရေးဆရာအချို့ရဲ့ “ ဒီလိုမှ ‘ဘူရ်ခါ’ ခေါင်းမြီးမခြုံဘူးဆိုရင် အစ္စလာမ့်ယုံကြည်ချက်မပြည့်ဝသူဖြစ်သွားမယ်” ဆိုတဲ့ ဖိအားပေးပြောဆိုမှုတွေကြောင့် အထက်မြန်မာပြည်ဖက်က မြန်မာဆန်ဆန်ဝတ်စားဆင်ယင်သူအမျိုးသမီးများသည်ပင်လျှင် ခေါင်းမြီးခြုံဘဝကိုရောက်ခဲ့ရပါတယ်။
ကျမ်းမြတ်ကုရ်အာန်က ဘယ်လိုအချိန်မျိုး၊ ဘယ်လိုအခြေအနေမျိုးမှာ ခြုံထည်ခြုံခိုင်းသလဲဆိုတော့ ပတ်ဝန်းကျင်အနေအထား မကောင်းတဲ့အပေါ် အမျိုးသမီးများအနေဖြင့် ခေါင်းမြီးခြုံရမည့် အကြောင်းကို ကုရ်အာန်(၃၃း၅၉)နှင့်(၃၃း ၆ဝ)တို့မှာ ဖော်ပြထားပါတယ်။
“ အို… နဗီတမန်တော်၊ အသင်သည် မိမိ၏ကြင်ယာတော်များအားလည်းကောင်း၊ မိမိ၏သမီးတော်များအား လည်းကောင်း၊ မုအ်မင်န် သင်ဝင်ယုံကြည်သူတို့၏ ဇနီးသည်များအားလည်းကောင်း၊ သူမတို့အနေဖြင့် မိမိတို့၏အပေါ်ယံခြုံထည်များကို ဆင်မြန်းထားကြရန် မိန့်ကြားပါလေ။ ယင်းသည်ကား သူမတို့အား ခွဲခြားသိမြင်နိုင်ရန် အနီးစပ်ဆုံးအနေအထားဖြစ်၏။ သို့ဖြစ်ရာ သူမတို့သည် နှောင့်ယှက်မှုဘေးအန္တရာယ် ကျရောက်မည်မဟုတ်ပေ။ “ (ကုရ်အာန်-၃၃း၅၉)
ဆက်လက်ပြီး အဘယ်ကြောင့်အမျိုးသမီးများအား အထက်ပါအတိုင်း အပေါ်ယံခြုံထည်များဝတ်ဆင်ရန် အမိန့်ပေးရသနည်းဆိုသည်ကို ကုရ်အာန်(၃၃း၆၀)က ဖော်ပြလျက်ရှိပါတယ်။
အကယ်၍ `မုနာဖစ်´အယောင်ဆောင်များသည် လည်းကောင်း၊ နှလုံးသား၌ ထိခိုက်ခံစားပြီး မကျေမနပ်ဖြစ်နေသူများသည်လည်းကောင်း၊ `မဒီနာဟ်´ မြို့တွင်း၌ ထိတ်လန့်ဖွယ် ကောလဟာလ သတင်းလွှင့်နေသူများသည် လည်းကောင်း၊ မိမိတို့၏လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက သူတို့အပေါ်သို့ သင်တမန်တော် လွှမ်းမိုးထိန်းချုပ်သွားနိုင်ရန် ငါအရှင်မြတ်ဆောင်ရွက်တော်မူမည်။ ထိုအခါတွင် သူတို့သည် သင်တမန်တော်၏ အနီးပတ်ဝန်းကျင်တွင် ကာလအနည်းငယ်မှလွဲ၍ ဆက်လက်နေနိုင်ကြတော့မည်မဟုတ်ပေ။(၃၃း၆၀)
အထက်ပါအာယတ်တော်(၃၃း၆ဝ)က တမန်တော်မြတ်နှင့် မွတ်စလင်မ်တို့၏ပတ်ဝန်းကျင်တွင် မွတ်စလင်မ်အယောင် ဆောင်များ၊ အပုပ်ချသူ ရန်သူများဝန်းရံနေတဲ့အနေအထားကို ရည်ညွှန်းနေပါတယ်။ ဒီအခြေအနေကြောင့် မွတ်ဆလင်မ်အမျိုးသမီးများအနေနဲ့ မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ခွဲခြားသိမြင် မှတ်မိနိုင်စေရန်၊ အပေါ်ယံခြုံထည်များဖြင့် ဝတ်စားဆင်ယင်ကြဖို့် အမိန့်ပေးထားခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပတ်ဝန်းကျင်အနေအထား ကောင်းမွန်လျှင် အပေါ်ယံခြုံထည်များ ၀တ်ဆင်ရန်မလိုဘဲ ပတ်ဝန်းကျင်အနေအထားမကောင်းလျှင် အပေါ်ယံခြုံထည်များ ဝတ်ဆင်ကြဖို့လိုအပ်ကြောင်း ကုရ်အာန်က ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ အမှန်တကယ်တော့ဖြင့် အခြေအနေမကောင်းဘူးလို့ယူဆမယ်ဆိုရင် အမျိုးသမီးတွေ အိမ်ထဲမှာလုံလုံခြုံခြုံပဲနေကြပေါ့။ အပြင်မထွက်နဲ့ပေါ့။ ရယ်စရာအဖြစ်ပြောရမယ်ဆိုရင် အိမ်ကထွက်လာတုံးကတော့ တစ်ကိုယ်လုံးခြုံထားတယ်။ အင်းယားကန်ဘောင်ပေါ်ရောက်တော့ ခေါင်းကပုဝါကိုလှန်ချပြီး ဘူးသီးကြော်ကို ငံပြာရည်နဲ့တို့စားနေကြတာမျိုး မကြာခဏတွေ့ရပါတယ်။
အမှန်တကယ်မှာတော့`ဟဂ်ျ´အချိန်ကာလအတွက် အဝတ်ဖြူပိုင်း (အဲဟ်ရာမ်) ဝတ်ဆင်ရန်ပြဌာန်းခြင်းမှလွဲပြီး အစ္စလာမ်မှာ ပုံသေသတ်မှတ်ပြဌာန်းထားတဲ့ ဝတ်စားဆင်ယင်မှုပုံစံတစ်ရပ် သီးသီးခြားခြားမရှိပါဘူး။ မိမိနေထိုင်ရာဒေသရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အဝတ်အစား ဝတ်စားဆင်ယင်မှုအားလုံးကို အစ္စလာမ်က လက်ခံခွင့်ပြုပြီးဖြစ်ပါတယ်။ တမန်တော်မြတ်အပါအ၀င် ဆွဟာဘာသာဝကကြီးတွေဟာ အစ္စလာမ်ကို ယုံကြည်လက်ခံလိုက်သော်ငြားလည်း သူတရဲ့အရဗ်ရိုးရာဝတ်စုံကို ဆက်လက်ဝတ်ဆင်ထားကြပါတယ်။ ဝတ်စားဆင်ယင်မှု ပြောင်းလဲသွားခြင်းမရှိပါဘူး။
အလားတူ အိန္ဒိယတိုက်သားတို့ အစ္စလာမ်ကို လက်ခံလိုက်သော်ငြားလည်း သူတို့ရဲ့ အိန္ဒိယရိုးရာအဝတ်အစားများကိုသာ ဆက်လက်ဝတ်စားဆင်ယင်သွားကြပါတယ်။ ဥပမာ အိန္ဒိယတိုက်ရှိ ထင်ရှားကျော်ကြားတဲ့ အာလင်မ်ပညာရှင်များဟာ အိန္ဒိယရိုးရာအဝတ်အစားများ ကိုပဲ
ဆက်လက်ဝတ်ဆင်သွားကြပါတယ်။ ဆိုလိုတာက ဒီအိန္ဒိယအစ္စလာမ့်ပညာရှင်ကြီးများဟာ အရဗ်တွေဆီက အစ္စလာမ့်ယုံကြည်ချက်အပိုင်းကိုပဲ လက်ခံရယူခဲ့ပြီး အရဗ်တွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ ဝတ်စားဆင်ယင်မှုဆိုင်ရာတွေ၊ ယဉ်ကျေးမှုတွေကို မယူခဲ့ပါဘူး။ မေးခွန်းထုတ်စရာအချက်က ကျနော်တို့အရဗ်လိုဝတ်လို့ အရဗ်လူမျိုးတွေဖြစ်သွားမလား၊ အရဗ်နိုင်ငံတွေကရော နိုင်ငံသားပေးမလား၊ အိန္ဒိယဝတ်စုံကလည်း ဒီသဘောပါပဲ။ ဒီမေးခွန်းလိုပါပဲ။ ဘာပဲဖြစ်ဖြစ်တော့ ကျနော်တို့ဒီနိုင်ငံမှာနေထိုင်ပြီး ဒီနိုင်ငံရဲ့ ဝတ်စားဆင်ယင်မှုကို ဝေဖန်အပြစ်မပြောသင့်ပါဘူး။
ဒါကြောင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသား၊ မြန်မာနိုင်ငံသားများသည် အစ္စလာမ်ကို လက်ခံယုံကြည်သော်ငြားလည်း မိမိတို့၏တိုင်းရင်းသားဝတ်စုံကိုသာ ဝတ်ဆင်ခြင်းသည် အရဗ်အမျိုးသားများဖြစ်လို့ အရဗ်ဝတ်စုံကိုဝတ်ဆင်ထားကြသော တမန်တော်မြတ်နှင့် ဆွဟာဘာ သာဝကကြီးများကိုလည်းကောင်း၊ အိန္ဒိယနိုင်ငံသားဖြစ်လို့ အစ္စလာမ်ကိုသက်ဝင်ယုံကြည်သော်ငြားလည်း၊ မိမိတို့အိန္ဒိယရိုးရာဝတ်စုံကိုသာဝတ်ဆင်ခဲ့ကြတဲ့ အိန္ဒိယနိုင်ငံသားအာလင်မ်ပညာရှင်ကြီးများကိုလည်းကောင်း ဖဝါးခြေထပ်လိုက်နာကြခြင်းသာဖြစ်ပါတယ်။ လူမျိုးတိုင်းအတွက် မိမိနေထိုင်ရာဒေသရဲ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ တမန်တော်မြတ်နှင့် ဆွဟာဘာသာဝကကြီးများသည် အရဗ်ယဉ်ကျေးမှုကို ထိန်းသိမ်းသောအားဖြင့် အရဗ် ဝတ်စုံကိုပဲဝတ်ဆင်ခဲ့ကြပါတယ်။ တမန်တော်မြတ်ဟာ ‘နဗူဝသ်’ မရခင်ကတည်းက ဒီအရဗ်ဝတ်စုံကိုဝတ်ဆင်ခဲ့သလို ‘နဗူဝသ်’ ရပြီးနောက်ပိုင်းမှာလည်း ဒီအရဗ်ရိုးရာဝတ်စုံကိုပဲ ဆက်လက်ဝတ်ဆင်ခဲ့ပါတယ်။ အလားတူ ဆွဟာဘာကြီးတွေဟာလည်း အစ္စလာမ်မဖြစ်ခင်ကတည်းက အရဗ်ဝတ်စုံကိုဝတ်ခဲ့သလို တမန်တော်မြတ်(ဆွ)ကြောင့် အစ္စလာမ်ကိုသက်ဝင်ယုံကြည်ပြီးနောက်မှာလည်း အရဗ်ဝတ်စုံကို ဆက်လက်ဝတ်ဆင်ခဲ့ကြပါတယ်။ ဒီလိုပဲ အိန္ဒိယတိုက်က အာလင်မ်ပညာရှင်ကြီးများသည် လည်း အစ္စလာမ်ကိုသက်ဝင်ယုံကြည်ပြီးနောက်ပိုင်းမှာ အိန္ဒိယယဉ်ကျေးမှုကို ထိန်းသိမ်းသောအားဖြင့် အိန္ဒိယဝတ်စုံကိုပဲ ဆက်လက်ဝတ်ဆင်ခဲ့ကြပါတယ်။ ဆိုလိုတာက အစ္စလာမ့်အဝတ်အစားပုံစံဆိုတာ မရှိခဲ့သလို အစ္စလာမ်ကို လက်ခံယုံကြည်လိုက်လို့ မူလရိုးရာဝတ်စုံကို ပစ်ပယ်လိုက်ရမဲ့သဘောမျိုးမတွေ့ရပါဘူး။ သို့သော် မြန်မာနိုင်ငံမှာ မြန်မာမွတ်စလင်မ်များက မြန်မာ့ရိုးရာဝတ်စုံကို စွန့်လွှတ်ပြီး တိုင်းတစ်ပါးဝတ်စုံကို ဝတ်ဆင်နေကြခြင်းဟာ အစ္စလာမ်ရဲ့အနှစ်အသားကို သဘောမပေါက်၍သာဖြစ်မယ် လို့ကောက်ချက်ချရပါတော့မယ်။ မွတ်စလင်မ်တစ်ဦးအတွက် မိမိမှီတင်းနေထိုင်ရာဒေသရဲ့ ပတ်ဝန်းကျင်ကို လစ်လျူရှုလို့တော့မရနိုင်ပါဘူး။ လူသားတစ်ဦးအနေနဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်တဲ့အပေါ် ပတဝန်းကျင်က ဘာမှမဖြစ်သွားပေမဲ့ ပတ်ဝန်းကျင်ကပြန်ပြီးဂရုမစိုက်တဲ့အခါ အဲဒီဒါဏ်ကို အဲဒီလူသားက တကယ်ပဲခံနိုင်ရည်ရှိမလားဆိုတာတော့ မေးခွန်းထုတ်ရပါလိမ့်မယ်။
ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က လူသားတွေအတွက် အကောင်းဆုံးလို့သတ်မှတ်ထားတဲ့ ဝတ်စုံတစ်စုံရှိပါတယ်။ ဒီဝတ်စုံနဲ့ပတ်သက်ပြီးတော့ ကုရ်အာန် (၇း၂၆) မှာဒီလိုဖော်ပြထားပါတယ်။
“ အို…အာဒမ်၏သားမြေးအပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့အပေါ်ဝယ် အရှက်အင်္ဂါများကို ဖုံးအုပ်နိုင်စေရန်နှင့် လှပတင့်တယ် ကျက်သရေရှိစေရန် ၀တ်စားတန်ဆာကို စီမံပေးခဲ့ပြီးဖြစ်သည်။ သတ္တ၀ါတည်းဟူသော ၀တ်စားတန်ဆာကိုလည်း စီမံပေးခဲ့ပြီးဖြစ်၏။ ယင်းသက္က၀ါတည်းဟူသော ၀တ်စားတန်ဆာမှာ အကောင်းဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်သည်။” (ကုရ်အာန်-၇း၂၆)
ဒီအာယတ်တော်အရ လူသားတစ်ဦးအတွက် ဝတ်စားဆင်ယင်မှုဟာ မိမိအရှက်အင်္ဂါကို လုံခြုံစေ ရန်နှင့် လှပတင့်တယ် ကျက်သရေရှိစေရန် အရေးကြီးပါတယ်။ မိမိဝတ်ဆင်လိုက်တဲ့ အဝတ်အစားသည် မိမိရဲ့ အရှက်အင်္ဂါကို လုံခြုံစွာဖုံးအုပ်နိုင်သလို နေရာဒေသနှင့် အချိန်ကာလကိုလိုက်ပြီး လှပတင့်တယ် ကျက်သရေရှိတဲ့ အဝတ်အစားမျိုးကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ရမည်ဖြစ်ကြောင်း ကုရ်အာန်က ရည်ညွှန်းနေခြင်းဖြစ်ပါတယ်။ ကုရ်အာန်က အဝတ်အစားသည် မည်သည့်အရောင်အသွေး၊ မည်သည့်ပုံစံ စသည်ဖြင့် သတ်မှတ်ချက်ပေးမထားခြင်းက သက်ဆိုင်ရာရိုးရာဝတ်စုံအားလုံးကို အစ္စလာမ်က လက်ခံကြောင်း၊ ဝတ်ဆင်ခွင့်ရှိကြောင်းအတွက် ထင်ရှားတဲ့ သာဓကတစ်ရပ် ဖြစ်ပါတယ်။
ဒါထက်မက ဒီအာယတ်တော်က ဆက်လက်ညွှန်းနေတာကတော့ ‘လိဘားဆွသ်သက္ကဝါ’ ဆိုတဲ့ဝေါဟာရပါ။ ဆိုလိုတာက အရဗ်အဝတ်အစားဝတ်သည်ဖြစ်စေ၊ အိန္ဒိယအဝတ်အစားဝတ်သည်ဖြစ်စေ၊ အနောက်တိုင်းဝတ်စုံဝတ်သည်ဖြစ်စေ၊ အင်္ကျီရှည်ဝတ်သည်ဖြစ်စေ၊ အင်္ကျီတိုဝတ်သည်ဖြစ်စေ၊ `သက္ကဝါ´တည်းဟူသော အလ္လာဟ်အရှင်မြတ်ကရှောင်ခိုင်းသောအရာများကိုရှောင်ပြီး၊ လုပ်ဆောင်ခိုင်းသောအရာများကို မလုပ်ဆောင်ခဲ့လျှင် တစ်နည်းအားဖြင့် ပြဋ္ဌာန်းချက်အတိုင်း ယုံကြည်ပြီး လက်တွေ့လိုက်နာဆောင်ရွက်ခြင်းမရှိခဲ့လျှင် လူသားတစ်ဦးအတွက် လှပတင့်တယ် ကျက်သရေရှိနိုင်မည်မဟုတ်ကြောင်းကို မီးမောင်းထိုးပြနေပါတယ်။ `သက္ကဝါ´သည်သာလျှင် အလုံခြုံဆုံး၊ အကောင်းဆုံးသော ဝတ်စားဆင်ယင်မှုဖြစ်တယ်။ ‘သက္ကဝါ’ ကိုချပ်ဝတ်တန်ဆာပမာ လူတို့ရဲ့ခန္ဒာကိုယ်မှာ မြဲမြံစွာဝတ်ဆင်ထားရမယ်။ ‘သက္ကဝါတရား’ သည်သာ လူသားတို့အတွက် အလုံခြုံဆုံး၊ ဘဝမှာအေးချမ်းမှုအပေးနိုင်ဆုံးဖြစ်လို့ `သက္ကဝါ´တရားကို အစ္စလာမ့်ဝတ်စုံအဖြစ်သတ်မှတ်ဖို့ ကျမ်းတော်မြတ်ကုရ်အာန်က ရည်ညွှန်းပြဌာန်းနေတယ်ဆိုတာကိုတင်ပြရင်း ကျနော့ရဲ့ခွတ္တဗါဟ်ကို ဒီမှာပဲရပ်နားလိုက်ပါတယ်။