အစ္စလာမ် နှင့် သဗ်လီစ်ဂ်လုပ်ငန်းစဉ် ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)

အစ္စလာမ် နှင့် သဗ်လီစ်ဂ်လုပ်ငန်းစဉ်

ကုရ်အာန်သုတေသီဦးတင်ဝင်း (LL.B)

          လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ယုံကြည်သူ မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ ခင်ဗျား

ယခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျုမုအာဟ်မှာ အေးချမ်းတည်ငြိမ်စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို အေဗာဒသ်ပြုခွင့်ရရှိတဲ့ အပေါ်မှာ ရှေးဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောမနာပြုပါတယ်။ ပြီးတဲ့နောက် မိဘနှစ်ပါးနှင့် အာရဗီစာပေသင်ကြားပို့ချပေးပါသော ဆရာများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ယနေ့ကြွရောက်လာကြ သော ဂျမ္မာအသ်ဝင်များကို ကျေးဇူးတင်ရှိကြောင်း ပဏာမပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဒီကနေ့ဟောကြားတင်ပြမယ့် အကြောင်းအရာက ကျမ်းမြတ်ကုရ်အာန်နှင့် ကုရ်အာန် ဖြန့်ချိခြင်းလုပ်ငန်း၊ တနည်းအားဖြင့် သဗ်လီစ်ဂ်လုပ်ငန်းစဉ်ဆိုတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး တင်ပြသွားမှာဖြစ် ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီခေါင်းစဉ်ကို ဆွေးနွေးတင်ပြရခြင်းရဲ့ ရည်ရွယ်ချက်က သဗ်လီစ်ဂ်ဆိုတဲ့ လုပ်ငန်းစဉ် ကြီးဟာ အလ္လာဟ်ချမှတ်ပြဌာန်းထားပြီး တမန်တော်မြတ်ကြီးက လက်တွေ့ကျင့်သုံးပြသသွားတာနဲ့အညီ ကျွန်တော် တို့ မွတ်ဆလင်မ်တွေလည်း တမန်တော်မြတ်ကြီးရဲ့ ကျင့်သုံးမှုနည်းလမ်းအတိုင်း မှန်မှန်ကန်ကန် လက်တွေ့ကျင့် သုံးနိုင်ကြစေရေးအတွက် ကျွန်တော့်အနေနဲ့ ဒီအကြောင်းအရာကို တင်ပြရခြင်းဖြစ်ပါတယ်။

သဗ်လီစ်ဂ်လုပ်ငန်းစဉ်ဟာ အစ္စလာမ်စနစ် တနည်းအားဖြင့် လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းတိုးတက်ရေး အတွက် လိုအပ်သော အဓိကပင်မသွေးကြောကြီးတစ်ခု ဖြစ်ပါတယ်။ သဗ်လီစ်ဂ်လုပ်ငန်းစဉ်ကြီး နှေးကွေးရပ်ဆိုင်း သွားတာနဲ့အမျှ အစ္စလာမ်ရဲ့လုပ်ငန်းစဉ်ကြီးတစ်ခုလုံးဟာ ရပ်ဆိုင်းသွားသည့် အဆင့်ကိုရောက်ရှိသွားမှာဖြစ်ပါ တယ်။ ဒါကြောင့်မို့ လူတစ်ဦးချင်းအရည်အသွေးကောင်းမွန်စေရေးကနေ လူသားထုတစ်ရပ်လုံးတိုးတက်ပြီး ငြိမ်းချမ်းရေး ဦးတည်ရမယ်ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားကြတဲ့ မွတ်ဆလင်မ်တိုင်းအတွက် သဗ်လီစ်ဂ် လုပ်ငန်းစဉ်ဟာ မလုပ်မနေရ တာဝန်တစ်ရပ်ဖြစ်ပါတယ်။ အထူးသဖြင့် အစ္စလာမ်ကို သက်ဝင်ယုံကြည် လက်ခံ ထားတဲ့ မွတ်ဆလင်မ်တိုင်းအတွက် ၀ါဂျစ်ထိုက်ပါတယ်။ ဒါဆိုရင် လူသားထုတစ်ရပ်လုံး ငြိမ်းချမ်း တိုးတက်ရေး အတွက် အင်မတန်မှကို အရေးကြီးလှတဲ့ သဗ်လီစ်ဂ်ဆိုတဲ့ ဝေါဟာရအနက်အဓိပ္ပါယ်ကို ကျွန်တော်တို့ နားလည်ဖို့လိုပါတယ်။ သဗ်လီစ်ဂ်ဆိုတဲ့ ဝေါဟာရအနက်အဓိပ္ပါယ်က ဘာလဲဆိုရင် အရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် တစ်ခုခုသော အရာကို မိမိပေးပို့လိုတဲ့ လူပုဂ္ဂိုလ်ထံ မရောက်ရောက်အာင်ပို့ပေးခြင်းဖြစ်ပါတယ်။ သဗ်လီဂ်ရဲ့ သမိုင်းကြောင်းကို ကျွန်တော်တို့ လေ့လာကြည့်မယ်ဆိုရင် သဗ်လီစ်ဂ်ရဲ့လုပ်ငန်းစဉ်ဟာ လွန်ခဲ့တဲ့ နှစ်ရာစု အနည်းငယ်ကမှ ပေါ်ပေါက်လာခဲ့တာ မဟုတ်ပါဘူး။ ဟိုးလွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ   ကတည်းက ရှိပြီးသား ဖြစ်ပါတယ်။ အလ္လာဟ်က လူသားတွေကို ဖြစ်ထွန်းပေါ်ပေါက်စေထားပြီး၊ အဲဒီလူသားတွေထဲကပဲ ရစူလ် တမန်တော်တွေကို ရွေးချယ်စေလွှတ်ခဲ့ပါတယ်။ သူတို့ထံကို စေလွှတ်ခြင်းခံရတဲ့ ရစူလ်တွေဟာ အလ္လာဟ်က ပေးပို့လိုက်တဲ့ ၀ဟီတွေကို ရေဆာလသ်အဖြစ် လူတွေထံကတဆင့် ဟောပြောပို့ချဖြန့်ချိခြင်းဆိုတဲ့အပိုင်း သဗ်လီစ်ဂ်ဆိုတဲ့လုပ်ငန်းစဉ်ကြီးကို ဆောင်ရွက်ခဲ့ကြရပါတယ်။

သာဓကအားဖြင့် ပြောရမယ်ဆိုရင် ရှေးဦးလူ့အဖွဲ့အစည်းဝင်တစ်ခုဖြစ်တဲ့ တမန်တော်ဟူဒ်လက်ထက်မှာ တမန်တော်ဟူဒ်က သူ့ရဲ့အမျိုးသားတွေကို အလ္လာဟ်ရဲ့ ရေဆာလသ်တွေကို သဗ်လီစ်ဂ်လုပ်ခဲ့တယ် ပို့ဆောင် ဖြန့်ချိခဲ့တယ်ဆိုတာကို (၇း၆၈)မှာ

`အလ္လာဟ်အရှင်မြတ်ရဲ့ တရားဒေသနာတွေကို သင်တို့ထံအရောက်ပို့ဆောင်ခဲ့တယ်။´

ဒါကြောင့် ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့တဲ့ တမန်တော်တွေဟာ သဗ်လီစ်ဂ်လုပ်ငန်းနဲ့ပဲ လူတွေအား လုံးကို အလင်းရောင်ပြသခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အွမ္မသ်ဝင်လူ့အဖွဲ့အစည်းမှာဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၄၀၀)ကျော်တို့က အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အင်မတန်မှရိုင်းစိုင်းတဲ့ အာရဗ်မျိုးနွယ်တွေကို တမန်တော် မြတ် မုဟမ္မဒ်(ဆွ)က သဗ်လီစ်ဂ်ရဲ့လုပ်ငန်းစဉ်နဲ့ပဲ ယဉ်ကျေးသိမ်မွေ့စေခဲ့ပါတယ်။ အရိုင်းဘ၀ကနေ အယဉ်ဘ၀ကို ယဉ်ကျေးမှုကင်းမဲ့တဲ့ဘ၀ကနေ ယဉ်ကျေးမှုရှိတဲ့ဘ၀ကို ဆုတ်ယုတ်ကျဆင်းနေတဲ့ လူ့အဖွဲ့အစည်းကနေ တိုးတက် မြင့်မားတဲ့ လူ့အဖွဲ့အစည်းကို ကူးပြောင်းစေခဲ့ပါတယ်။ ဒါတင်မကဘူး အစ္စလာမ်ရဲ့လမ်းစဉ်ကို ကမ္ဘာပေါ်မှာ လင်းဝင်းတောက်ပစေခဲ့ပါတယ်။ ဒါဟာ စစ်မှန်တဲ့ အစ္စလာမ်ရဲ့စနစ်အပေါ်မှာ အခြေခံထားတဲ့ သဗ်လီစ်ဂ် လုပ်ငန်း စဉ်ရဲ့ အရေးပါပုံဖြစ်ပါတယ်။

ရှေ့ဆက်တင်ပြရမယ်ဆိုရင် လူသားတွေဟာ ခေတ်ကာလအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ရတာဖြစ်တဲ့ အတွက် ယုံကြည်ချက်အမျိုးမျိုး အယူဝါဒစနစ်အမျိုးမျိုးတွေနဲ့ လက်ပွန်းတတီးနေခဲ့ကြရပါတယ်။ အချို့သော အယူ ၀ါဒတွေဟာ အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်တဲ့ အယူဝါဒစနစ်တွေရှိခဲ့သလို လူတွေရဲ့အကျိုးစီးပွား ကိုယ်ရည် ကိုယ်သွေးကို ထိခိုက်ပျက်ပြားစေနိုင်တဲ့ အယူဝါဒများလည်း လူ့အဖွဲ့အစည်းထဲမှာ အများကြီးရှိခဲ့ ပါတယ်။ ၀ါဒရေးရာတိုက်ပွဲတွေကလည်းပဲ လူ့အဖွဲ့အစည်းထဲမှာ မဆုံးနိုင်အောင်ကို ပိုပြီးပြင်းထန်လာခဲ့ပါတယ်။ အမျိုးမျိုးသော ကွဲပြားခြာနားချက်စနစ်တွေ အယူဝါဒတွေ လုပ်နည်းလုပ်ဟန်တွေ အတိုက်အခံအပြုအမူတွေဟာ ဖြေရှင်းလို့ မဆုံးနိုင်အောင် ရှုပ်ထွေးသထက်ရှုပ်ထွေးလာခဲ့ပါတယ်။ ဒါကြောင့် အဲဒီပြသနာတွေကို လက်တွေ့ ဖြေရှင်းရာမှာ သဗ်လီစ်ဂ်ဆိုတဲ့ လုပ်ငန်းစဉ်ဟာ လူ့အဖွဲ့အစည်းထဲမှာ အဓိကအဆုံးကဏ္ဍကနေ ပါဝင်လာရတာ ဖြစ်ပါတယ်။

ဒါဆိုရင် သဗ်လီဂ်ဆိုတဲ့လုပ်ငန်းစဉ်ကို ဘယ်ပေါ်မှာ အခြေခံပြီး ဘာမူနဲ့လုပ်ကြမှာလဲ။ တမန်တော်တွေက ရော ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ခဲ့သလဲ။ အလ္လာဟ်အရှင်မြတ်က ဘယ်လိုလုပ်ဖို့ညွှန်ကြားထားသလဲ။ တကယ်လို့ အလ္လာဟ်ရဲ့ညွှန်ကြားချက်အတိုင်း မလုပ်ဘူးဆိုရင် အလ္လာဟ်ကဘယ်လိုသတ်မှတ်မလဲဆိုတာကို (၅း၆၇) သဗ်လီစ်ဂ်ရဲ့မူ လုပ်ငန်းစဉ်ကြီးကို အခုလိုဖော်ပြထားပါတယ်။

`အို တမန်တော် အသင့်ထံထုတ်ပြန်ပို့ချပေးခဲ့တဲ့အရာ ကျမ်းဂန်ကို(၀ါ)ကုရ်အာန်ကို အသင် သဗ်လီစ်ဂ် ဖြန့်ချိပါ။ အကယ်၍ မဖြန့်ချိပါက အသင်သည် ငါအလ္လာဟ်၏ တမန်တော်မဟုတ်။´ (၅း၆၇)

ဒီအာယသ်တော်ကို ကျွန်တော်တို့လေ့လာကြည့်မယ်ဆိုရင် ကုရ်အာန်ရဲ့သဘောသဘာဝအတိုင်း အမိန့် ပညတ်ချက်တစ်ရပ်ကို ပြီးပြည့်စုံစွာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကို တွေ့ရပါမယ။် တမန်တော်မြတ်ကြီးအပေါ်ထုတ်ပြန် ပို့ချပေးခဲ့တဲ့အရာလို့ ဆိုထားတဲ့အတွက် ကုရ်အာန်တစ်အုပ်တည်းကိုပဲ ရည်ညွှန်းတယ်ဆိုတာကို ရှင်းရှင်းလင်းလင်းကြီးကို တွေ့ရမှာဖြစ်ပါတယ်။ ဒါဆိုရင် တမန်တော်အပေါ်ကို ထုတ်ပြန်ပို့ ချပေးခဲ့တဲ့အရာက ကုရ်အာန်ကလွဲပြီး ဘာရှိသေးလဲ။ ဘာမှမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့ မွတ်ဆလင်မ်အများစု က အလ္လာဟ်အရှင်မြတ်အပေါ် လျို့ဝှက်ဝဟီပေးခဲ့တယ်ဆိုပြီး လက်ခံထားကြတယ်။ အဲဒီဝဟီဟာ ကုရ်အာန်မှာ မရှိဘူး။ ကုရ်အာန်ရဲ့ပြင်ပမှာရှိတာတဲ့။ ၀ဟီကိုလည်း အမျိုးမျိုးခွဲခြားထားကြတယ်။ ၀ဟီရေမသ်လူနဲ့ ၀ဟီအေ ဂိုင်ရေမသ်လူး ဆိုပြီးတော့ ရွတ်ဖတ်သရဇ္ဖယ်ရတဲ့ ၀ဟီနဲ့ ရွတ်ဖတ်သရဇ္ဇာဟ်မခံရ လိုက်နာကျင့်သုံးဖို့မလိုတဲ့ ၀ဟီ ရယ်ဆိုပြီး ခွဲထားကြတယ်။ ဒါဆိုရင် ၀ဟီရဲ့အမျိုးအစား ဘယ်နှမျိုးရှိသလဲ ဆိုတာကို ကျွန်တော်တို့ ဆန်းစစ်ဖို့ လိုလာပြီ။ ဘယ်လိုဖော်ပြထားသလဲဆိုရင်

` ငါတမန်တော်ဆီကို ၀ဟီထုတ်ပြန်ပို့ချပေးခဲ့သည် ၀ဟီဆိုသည်မှာ ဤကုရ်အာန်သာလျှင်ဖြစ်ပေသည်။ ယင်းကုရ်အာန်အားဖြင့်သာလျှင် အသင်တို့ကို ဆုံးမသွန်သင်ရန်ဖြစ်သည်။´ (၆း၁၉)

အဲတော့ ၀ဟီဆိုတာဘာလဲ။ ၀ဟီသည် ကုရ်အာန်၊ ကုရ်အာန်သည် ၀ဟီပဲ။ တမန်တော်ဖြန့်ချိခဲ့တာလဲ ကုရ်အာန်ပဲ။ တမန်တော်လိုက်နာကျင့်သုံးခဲ့တာလဲ ကုရ်အာန်ပဲ။ နောက်ထပ်ကုရ်အာန်နဲ့ အလားသဏ္ဍာန်တူတဲ့ ၀ဟီမျိုးဆိုတာလဲ မရှိဘူး။ စောစောကတက်ပြခဲ့တဲ့ အာယသ်တော်တွေအရ ခေတ်အဆက်ဆက်မှာရှိတဲ့ တမန်တော်တွေအားလုံးလည်းပဲ သူတို့ထံချပေးခဲ့တဲ့အရာကိုပဲ သူတို့ဖြန့်ချိခဲ့တယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) လည်းပဲ သူ့ထံ ချပေးခဲ့တဲ့အရာကိုပဲ ဖြန့်ချိခဲ့တယ်။ တကယ်လို့သာ `အသင် တမန်တော်က ကုရ်အာန်ကို ဖြန့်ချိခဲ့တာ မဟုတ်ပဲ တခြားအရာတွေကို ပို့ချဖြန့်ချိနေမယ်ဆိုရင်´ လို့ ပြောထားတဲ့အတွက် သဗ်လီစ်ဂ်ရဲ့ တာဝန် လုပ်ငန်းကို သင်ထမ်းဆောင်နေတာမဟုတ်ဘူး။ ဆိုလိုတာက ကုရ်အာန်ကိုဖြန့်ချိတာမဟုတ်ပဲ အခြားအရာတွေကို ဖြန့်ချိနေရင် အဲဒါက သဗ်လီစ်ဂ်လုပ်တယ်လို့ ပြောလို့မရပါဘူး။

ဒီကနေ့ အနေအထားနဲ့ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မျာ သဗ်လီစ်ဂ်လုပ်ငန်းစဉ်ကြီးဟာ ကျယ်ကျယ် ပြန့်ပြန့်ကြီးကိုရှိနေပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကြီး ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာတောင် ကနေ့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းဝင်တွေက အခြားအခြားသော ကမ္ဘာ့လူ့အဖွဲ့အစည်းဝင်တွေနဲ့ ယှဉ်ကြည့်လိုက် အမြဲတမ်း နောက်ကျကျန်ရစ်နေတာကို တွေ့ရပါတယ်။ ဒီလုပ်ငန်းစဉ်ကြီး တမန်တော်ကြီးရဲ့လက်ထက်မှာ အောင်မြင်ခဲ့သလို ဆွဟဗာကြီးများရဲ့ ခေတ်ကာလမှာလည်း အောင်မြင်ခဲ့တယ်။ ကျွန်တော်တို့ ခေတ်ကာလ လက်ထက်မှာ ဘာကြောင့်မအောင်မြင်ရတာလဲ။ လုပ်ငန်းစဉ်ကြီး လည်ပတ်နေတာလေးကိုပဲ ကြည့်ပြီး အောင်မြင်တယ်လို့ ပြောလို့မရဘူး။ အဲဒီကရလာတဲ့ ရလဒ်ကိုကြည့်ပြီးမှ အောင်မြင်တယ်။ မအောင်မြင်ဘူးဆိုတာ ကို ပြောလို့ရမယ်။ တကယ်တမ်း စေ့စေ့ငှငှ၊ လေ့လာကြည့်မယ် ဆိုရင် တမန်တော်မြတ်ကြီးနဲ့ ဆွဟဗာသာဝကကြီးတွေ ဆောင်ရွက်ခဲ့တဲ့ သဗ်လီဂ်လုပ်ငန်းစဉ်ကြီးဟာ ကုရ်အာန် ပေါ်မှာ အခြေခံပြီးလုပ်ခဲ့တာ။ တကယ့်လက်တွေ့မှာ ကျွန်တော်တို့က ဘာနဲ့လုပ်နေကြတာလဲ။ ကျွန်တော်တို့ လုပ်နေတာက လူပုဂ္ဂိုလ် တစ်ယောက်ပေါ်မှာ အခြေခံပြီး မူတွေအများကြီးစွဲကိုင်ပြီး လုပ်ဆောင်နေကြတာ။ ခေတ်နောက်ပြန်ဆွဲနေတဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေနဲ့ အယူဝါဒတွေကို အခြေခံပြီး လူတွေကိုသဗ်လီစ်ဂ်လုပ်ဖို့ အားထုတ် နေကြတာပါ။ ကုရ်အာန်မှာပြောထားတာက အလ္လာဟ်ထုတ်ပြန်ပို့ချပေးခဲ့တဲ့ လမ်းညွှန်ချက်ကိုပဲ အခြေခံပြီး လူတွေထံ ပို့ဆောင်ဖြန့်ချိခြင်း အလ္လာဟ်ဘက်ကို ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ အတွေးအခေါ် အမြော် အမြင်ရှိရမယ်။ ပစ္စုပ္ပန်ကို မျက်မှောက်ပြုရမယ်။ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်ကာလနဲ့ လိုက်လျောညီထွေမှု ရှိရမယ်။ ဆင်ခြင်တုံ တရားကိုအခြေခံရမယ်။ အဲဒီလုပ်ငန်းစဉ်ကြီးကို ဆောင်ရွက်တော့မယ်ဆိုရင် အခြေခံလက် ကိုင်ပြုထားရမယ့် မူဝါဒတစ်ခုကို ကုရ်အာန်ကပြောတယ်။

`အတွေးအခေါ်၊ ဆင်ခြင်တုံတရားကို အခြေခံပြီး ဒအ်ဝသ်လုပ်ပါ။ ဆင်ခြင်တုံတရားဖြင့် ဒအ်ဝသ် ဖိတ်ခေါ် မှုပြုခြင်းသည် ငါတမန်တော်နှင့် ငါတမန်တော်ကို လိုက်နာသူတို့၏ လမ်းစဉ်သာဖြစ်သည်။´ (၁၂း၁၀၈)

ဒီအာယသ်မှာပါဝင်တဲ့ အတွေးအခေါ် အမြော်အမြင်ဆင်ခြင်တုံတရားဆိုတာ ကုရ်အာန်မှာရှိတဲ့ အာယသ် တော်တွေကို လေ့လာစူးစမ်းဆင်ခြင်သုံးသပ်ပြီး၊ လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုတာကို ကုရ်အာန်က လမ်းညွှန်နေ တာဖြစ်ပါတယ်။ အလ္လာဟ်က ကုရ်အာန်မှာစဉ်းစားဆင်ခြင်ဖို့ ကြိမ်ဖန်ပေါင်းများစွာပြောထားပါတယ်။ စူရာဟ် (၄၇း၂၄)မှာလည်း

`အသင်တို့ ကုရ်အာန်ကို မလေ့လာမစူးစမ်းကြပေဘူးလား။´

အဲဒီလောက်ထိ ကုရ်အာန် အကြိမ်ကြိမ်အဖန်ဖန် လေ့လာဖို့ ပြောထားပါလျက်နဲ့ ကျွန်တော်တို့က ကုရ်အာန်မဟုတ်တဲ့ အခြားကျမ်းတွေပေါ်မှာ အခြေခံပြီးလျှောက်လှမ်းနေကြတယ်။ အလ္လာဟ်အရှင်မြတ်ကတော့ ကုရ်အာန်ကို အပြည့်အ၀အာမခံပေးထားတယ်။ ကုရ်အာန်မှာ ဒွိဟသံသယဖြစ်စရာ ဘာတစ်ခုမှမရှိပါဘူးတဲ့။

အဲဒီလိုမျိုး ကုရ်အာန်ကိုလည်းလက်ခံတယ်။ အခြားကျမ်းတွေကိုလည်း လက်ခံထားကြတယ်ဆိုတာ ကုရ်အာန်ဟာပြီးပြည်စုံတယ်ဆိုတာကို အပြည့်အ၀လက်မခံချင်လို့ဘဲဖြစ်တယ်။

`ကုရ်အာန်ဟာ လူ့ဘ၀တည် ဆောက်မှုအတွက် ပြီးပြည့်စုံ လုံလောက်တဲ့ကျမ်းဖြစ်တယ်။´ (၆း၁၁၆)

ဒီကနေ့ကျွန်တော်တို့တတွေ ကုရ်အာန်တစ်အုပ်တည်းနဲ့ မလုံလောက်ပါဘူး။ ကုရ်အာန်တစ်အုပ်တည်းနဲ့ ဘာမှလုပ်လို့မရဘူးလို့ ပြောနေကြတဲ့လူတွေကို မေးကြည့်လိုက်ပါ။ ကုရ်အာန်တစ်အုပ်တည်းနဲ့ ဘာတွေ လုပ်ကြည့်ပြီးလို့ ဘာမှလုပ်လို့မရဘူးပြောတာလဲ။ ကုရ်အာန်တစ်အုပ်တည်း ဘာမှလုပ်လို့မရဘူးဆိုတာ တကယ် တော့ ကုရ်အာန်တစ်အုပ်တည်းနဲ့ မလုံလောက်ဘူးလို့ ပြောနေတဲ့စကားဟာ ကျွန်တော်တို့ ဒီကနေ့ခေတ်ကျမှ ပြောလာဖြစ်တဲ့ အံ့သြဖွယ်အထူးအဆန်းစကားမဟုတ်ဘူး။ အဲဒီစကားကို တမန်တော်လက်ထက်မှာ ကာဖိရ်တွေက ပြောတဲ့စကားပါ။ အခုမှပေါ်လာတာ မဟုတ်ဘူး။

အဲဒီတော့ ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ လိုချက်တာတွေ တောင်းဆိုနေမှာလား။ ကုရ်အာန် အတိုင်း ကျွန်တော်တို့က လိုက်နာမှာလား။ ကုရ်အာန်ကတော့ ပြောတယ်။

`အလ္လာဟ်အလိုရှိသည့်အရာကိုသာလျှင် အသင်တို့အလိုရှိကြလေကုန်။´(၈၁း၂၉)

အဲတော့ ကျွန်တော်ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ဘေးမှာထားပြီး အလ္လာဟ်ဖြစ်စေချင်တဲ့အတိုင်း ကျွန်တော်တို့ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် အလ္လာဟ်ချမှတ်ပေးထားတဲ့အတိုင်း တမန်တော်က လက်တွေ့ကျင့်သုံး ပြသသွားတဲ့အတိုင်း ကုရ်အာန်အပေါ်မှာ အခြေခံပြီးသဗ်လီစ်ဂ် ပို့ဆောင်ဖြန့်ချိခြင်းသည် စစ်မှန်တဲ့ သဗ်လီစ်ဂ်လုပ်ငန်း စဉ်ကြီးဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ အလ္လာဟ်ရှင်မြတ်ရဲ့ အမိန့်ကိုနာခံပြီး တမန်တော်မြတ်ကြီးရဲ့ လမ်းစဉ်ကိုလိုက်နာကျင့်သုံး နေထိုင်သူမွတ်ဆလင်မ်တွေအဖို့ ကုရ်အာန်မှာပါရှိတဲ့ ညွှန်ကြားချက်တွေအတိုင်း တသွေမတိမ်းနာခံပြီး သဗ်လီဂ် လုပ်ငန်းကို တာဝန်တစ်ရပ်အနေနဲ့သော်လည်းကောင်း ခေတ်အဆက်ဆက်မှာရှိတဲ့ တမန်တော်များနဲ့ အမွေအနှစ် များအဖြစ် လုပ်ကိုင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုဂိုဏ်းဂဏတစ်ခုအပေါ် အခြေခံထားတဲ့ အဆိုအမိန့်တွေ အယူဝါဒ တွေ၊ ထုံးတမ်းစဉ်လာတွေနဲ့ နှစ်ပေါင်းများစွာ ဆွေးမြေ့ကြာမြင့်နေပြီဖြစ်တဲ့ ဆုံးဖြတ်စီရင်ချက်(ဖွေကာ)တွေကို အခြေခံပြီး သဗ်လီစ်ဂ်လုပ်ခြင်းကို သာမန်လူမဆိုထားနဲ့ တမန်တော်မြတ်ကြီးကိုယ်တော်တိုင်ဖြစ်လင့်ကစား လုပ်ပိုင် ခွင့်မရှိဘူးဆိုတာ ကုရ်အာန်မှာ အတိအလင်းပြဌာန်းထားပြီဖြစ်တယ်။

ဒါကြောင့် အစ္စလာမ်ကို ယုံကြည်လက်ခံထားကြတဲ့ မွတ်ဆလင်မ်တွေအနေနဲ့ မိမိတို့ရဲ့မလုပ်မနေရ တာဝန်တစ်ရပ်ဖြစ်တဲ့ သဗ်လီစ်ဂ်လုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်းဟာ ကုရ်အာန်နဲ့ကိုက်ညီမှုရှိလား မရှိဘူးလားဆိုတာကို မိမိတို့ကိုယ်တိုင်လေ့လာသုံးသပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် သဗ်လီစ်ဂ်လုပ်ငန်းဆိုတာက အလ္လာဟ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ ကုရ်အာန်အပေါ်မှာ အခြေခံကာ ဆင်ခြင်တုံတရားကို လက်ကိုင်ပြုပြီး လူတစ်ဦးချင်းရဲ့ အရည်အသွေးကောင်းမွန်စေရေးကနေ လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းတိုးတက်ရေးကို ဦးတည်ချက်ထား ရည်စူးမှသာလျှင် တမန်တော်မြတ်ကြီးရဲ့ စစ်မှန်တဲ့ သဗ်လီစ်ဂ်လုပ်ငန်းစဉ်ဖြစ်ကြောင်း တင်ပြရင်း ဒီမှာပဲရပ်နားလိုက်ပါတယ်။