အလ္လာဟ်အမှုတော် ထမ်းရွက်ကြသူများ မုဖ်သီ ဦးသန်းအောင် (LL.B)

အလ္လာဟ်အမှုတော် ထမ်းရွက်ကြသူများ

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော် ဒီတစ်ပတ်တင်ပြသွားမယ့် ခေါင်းစဉ်ကတော့ `အလ္လာဟ်အမှုတော် ထမ်းရွက်ကြသူများ´ဖြစ် ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ကျွန်တော်တင်ပြနေတဲ့ ခေါင်းစဉ်ရဲ့ အာယသ်အဆက်ဆိုလည်း မမှားပါဘူး။ ဒီ အပတ်မှာတင်ပြမယ့် ခေါင်းစဉ်ကိုပြောင်းလဲလိုက်ရတဲ့ အကြောင်းအရင်းရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တ်ာအခုတင်ပြမယ့် ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၅ အာယသ် ၇၃၊ ၇၄၊ ၇၅ နဲ့ပတ်သက်ပြီး တင်ပြတဲ့ အပိုင်းမှာ ကျွန်တော်တို့ အလ္လာဟ်အမှုတော်ထမ်းရွက်တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ တော်ရုံတန်ရုံ အရည်အချင်း ရှိတဲ့ လူတွေလောက်မဟုတ်ပဲနဲ့ အရည်အသွေး၊ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်မှု အရည်အချင်း အရည်အသွေး ပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့၊ နှလုံးသွင်းထားဖို့လိုတယ်ဆိုတဲ့အချက်၊ အဲဒီခေါင်းဆောင်ဆိုတဲ့ ပုဂ္ဂိုလ် တွေထဲမှာမှ မြတ်သောအကျင့်ကို ကျင့်တဲ့ တနည်းအားဖြင့် သူတော်ကောင်းတွေရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ကုရ်အာန်မှာ နှလုံးသွင်းပြီး ဆောင်ရွက်ဖို့ ပြဌာန်းထားတာကို ကျွန်တော်ကတင်ပြဖို့ ရွေးချယ်ခဲ့ခြင်းဖြစ်ပါတယ်။  ဒီကနေ့အခါအခွင့်သင့်တဲ့အချိန်ဟာ ကျွန်တော်လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့က ကျွန်တော်တို့ ပြည်သူလူထုရဲ့ ညီညွတ်မှုကို ပြခဲ့တဲ့ ဒီလက်သန်းလေးတွေရဲ့ ဆောင်ရွက်မှုရဲ့ရလာဒ်ဖြစ်တဲ့ နိုင်ငံတော်မှာ ခေါင်းဆောင်မှုအပြောင်းအလဲတွေ ဖြစ်ခဲ့ပါ တယ်။

အဲဒီ ကျွန်တော်တို့ ပြည်သူတွေရဲ့ ညီညွတ်မှုရဲ့ တုန့်ပြန်မှုရလာဒ်အပေါ်မှာ ရှေ့လာမယ့် ကျွန်တော်တို့ ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ အစိုးရနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတွေကို ကျွန်တော်တို့ မွတ်ဆလင်မ် အသိုင်းအ၀ိုင်းက ကျွန်တော်တို့ လူ့အဖွဲ့အစည်းဝင်တွေက ပြောင်းလဲဖို့အချိန်တန်ပြီဆိုတဲ့မူကို ကျွန်တော်တို့ ထောက်ခံလို့ အခုပြောင်းလဲဖို့လိုတဲ့ ကာလရောက်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံးကလည်း ကျွန်တော်တို့ တစ်ဦးချင်းမှာရှိတဲ့ အရည်အသွေး၊ အရည်အချင်း၊ အရင်းအမြစ်တွေနဲ့ ကျွန်တော်တို့ ကိုယ်တိုင်ကျွန်တော်တို့ တိုင်းပြည်၊ ကျွန်တော်တို့လူ့အဖွဲ့အစည်းကို ပြောင်းလဲဖို့နေရာမှာ ကျရာအခန်းကနေ ပါဝင်ဖို့လိုမယ်လို့ ယုံကြည် တဲ့ အတွက် ကျွန်တော်ဒီနေ့ ဒီခေါင်းစဉ်တင်ြပရခြင်းဖြစ်ပါတယ်။ ဒီအာယသ်ကလည်း တထပ်တည်းလာကျနေတာကို တွေ့ရပါတယ်။

ပထမဦးဆုံးပြောင်းလဲဖို့အချိန်တန်ပြီလို့ ပြောခဲ့တဲ့ကျွန်တော်တို့တတွေ၊ ကျွန်တော်တို့တတွေရဲ့ မူလ အတွေးအမြင်၊ အတွေးအခေါ်အယူအဆ၊ အကျင့်အကြံ၊ အကျင့်အမူတွေထဲမှာ အမှန်သစ္စာတရားနဲ့(သို့) အရှိ ပကတိတရားနဲ့ ဆန့်ကျင်နေတဲ့ အယူအဆတွေ၊ အတွေးအခေါ်တွေ၊ အကျင့်အမူတွေ၊ စိတ်နေစိတ်ထားတွေ၊ ခံယူချက်တွေ၊ ယုံကြည်ချက်တွေ၊ အလုပ်အကိုင်တွေ၊ အပြောအဆိုတွေ၊ အရေးအသားတွေ၊ တရားချီးမြှင့်မှုတွေ၊ တရားပါတယ်လို့ ပြောပြီး၊ မတရားဖြစ်စေတဲ့ကိစ္စတွေ စတဲ့စတဲ့လူနှင့်လူ့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ ကိစ္စကနေသွေဖီနေတဲ့ အကြံအစည်၊ အပြုအမူ၊ အပြောအဆို တွေအားလုံးကို ကျွန်တော်တို့တစ်ဦးချင်းတစ်ဦးချင်းကနေ ပြောင်းလဲပစ်လိုက်ဖို့၊ အဲဒီလိုပြောင်းလဲရင်းနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းသာယာစည်ပင်ဝပြောရေး ကို ကျွန်တော်တို့အားလုံးကလည်း ကျွန်တော်တို့ပုခုံးပေါ်မှာ ကျလာမယ့်တာဝန်ကို ညီညွတ်ကျေပွန်စွာ ထမ်းရွက်ရင်း နဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ခေတ်မီတဲ့နိုင်ငံကြီးဖြစ်ဖို့ ဆောင်ရွက်ဖို့တာဝန် ကျွန်တော်တို့မှာရှိတယ်ဆိုတာကို ကျွန်တော်မြင်မိလို့ ဒီခေါင်းစဉ်ကို တင်ပြရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ကို စွပ်စွဲပါတယ်။ ဘာကို စွပ်စွဲသလဲဆိုတော့ အစ္စလာမ်ဆိုတာ နောက်ဆုံးပေါ်သာသနာလို့ ပြောပါတယ်။ အဲဒါက စွပ်စွဲချက်သက်သက်သာဖြစ်ပါတယ်။ အစ္စလာမ်ဟာ နောက်ဆုံးပေါ်သာသနာမဟုတ်ပါဘူး။ အစ္စလာမ်ဟာ ကမ္ဘာဦးသာသနာဖြစ်ပါတယ်။ တမန်တော်အားလုံးရဲ့ ပထမဦးဆုံးတမန်တော်အဖြစ် ကျမ်းမြတ် ကုရ်အာန်မှာ နာမည်ပေးဖော်ပြခြင်းခံရတဲ့ တမန်တော်မြတ် နူးဟ်(အ)က ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၀း၇၂ မှာ

` ကျွန်ုပ်ဟာ မွတ်ဆလင်မ်ဆိုတဲ့ အမိန့်နာခံအပ်နှင်းသူ ငြိမ်းချမ်းရေး ဖော်ဆောင်သူတွေထဲမှာ အပါအ၀င် ဖြစ်စေရေးအတွက် အမိန့်ပေးခြင်းခံရပြီးဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်ုပ်သည်မွတ်ဆလင်မ်၊ အလ္လာဟ်အမိန့် နာခံသူ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်ပါတယ်လို့။´ပြောပါတယ်။ အဲဒီမွတ်ဆလင်မ်ဟာ မူကိုပြောပြီးတော့ လူက ဘာကိုပြလဲဆိုရင်  Islam ဆိုတဲ့( ဒီန်)နာခံအပ်နှင်းခြင်း၊ ငြိမ်းချမ်းခြင်းဆိုတဲ့ ဘ၀တည်ဆောက်မှုလမ်းစဉ်ကို ပြပါတယ်။ အဲဒီ ဒီန်ကို ပိုင်တဲ့ ပိုင်ရှင်(အရှင်)ရှိပါတယ်။ အဲဒါအလ္လာဟ်အရှင်မြတ်ဖြစ်ပါတယ်။

အစ္စလာမ်ဟာ (ဒီန်)ဘ၀တည်ဆောက်မှုလမ်းစဉ်ပဲဖြစ်ပါတယ်။ အစ္စလာမ်ဟာ (Religion) ဘာသာတရား မဟုတ်ပါဘူး။ အဲဒါကို ကျွန်တော်တို့ တိတိပပနားလည်ထားဖို့ လိုပါတယ်။ `ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ် ထံတော်မှာလက်ခံသဘောတူထားတဲ့ (ဒီန်)ဘ၀တည်ဆောက်မှုလမ်းစဉ်ဆိုတာ နာခံအပ်နှင်းခြင်း၊ ငြိမ်းချမ်းခြင်း ဆိုတဲ့တရားပဲဖြစ်တယ်။´ ဆိုပြီးတော့ ဖော်ပြပါတယ်။ ပြီးတော့ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃း၈၅ မှာ `အဲဒီ အစ္စလာမ်ဆိုတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကလွဲရင် ဘယ်လမ်းစဉ်ကို ရှာလိုက်ရှာလိုက် အဲဒီလူရဲ့ဘ၀ဟာ အချည်း အနှီးပဲ ဖြစ်မယ်။ အဲဒီ ငြိမ်းချမ်းသောလမ်းစဉ် အစ္စလာမ်မှလွဲပြီး အခြားလူတွေ ပြုလုပ်ထားသော စနစ်ဇယားများကို  သူရှာဖွေဆည်းပူးပြီးလက်စွဲကိုင်ခဲ့မယ်ဆိုရင်လည်း အဲဒီဘ၀တည်ဆောက်ပါတယ်လို့ပြောတဲ့ ဘာသာတရားတွေ၊ စနစ်ဇယားတွေဟာ အစ္စလာမ်မှလွဲပြီး အလ္လာဟ်ထံမှာ လက်ခံသဘောတူခြင်း ခံရမှာမဟုတ်ပါဘူး။

နောက်တခါ မွတ်ဆလင်မ်ကို အမည်နာမကင်းပွန်းတပ်ခဲ့တာကလည်း ကျမ်းမြတ်ကုရ်အာန် စူရာဟ်သွလ် ဟဂ်ျလို့ခေါ်တဲ့ စူရာဟ် ၂၂း၇၈ မှာ `အဲဒီ အလ္လာဟ်အရှင်မြတ်ကပဲ အသင်တို့အားလုံးကို မွတ်ဆလင်မ်နာခံ အပ်နှင်းသူများ၊ ငြိမ်းချမ်းရေးဖော်ဆောင်သူများအဖြစ် အမည်ပေးကင်ပွန်းတပ်ခဲ့သည်။ ဒီကျမ်းတော်မြတ်ကုရ်အာန် ထုတ်ပြန်ပို့ချခြင်း မခံရခင်က (ဟိုးရှေးရှေးတုန်းက)နှင့် ဒီကုရ်အာန်ထဲမှာလည်း အသင်တို့ကို မွတ်ဆလင်မ်လို့ နာမည်ပေးကင်ပွန်းတပ်ခဲ့ပါတယ်´လို့ ဖော်ပြထားပါတယ်။ သေသေချာချာကြည့်ရင် ကမ္ဘာဦးအစက အလ္လာဟ် အရှင်မြတ်က နဗီ၊ ရစူလ် တမန်တော်မြတ်တွေ မြောက်များစွာစေလွှတ်တော်မူလိုက်တဲ့ အထဲကကျမ်းမြတ်ကုရ် အာန်ထဲမှာ အမည်စာရင်းဖော်ပြခြင်းခံရသော ပထမဦးဆုံးသော နဗီရစူလ်တမန်တော်မြတ်ကြီးဖြစ်သော နူးဟ်(အ) လက်ထက်ကတည်းက အစ္စလာမ်၊ မွတ်ဆလင်မ်ရှိခဲ့ပြီးဖြစ်ပါတယ်။

ပြီးတဲ့နောက် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ လောက်က ပွင့်ပေါ်တော်မူခဲ့တဲ့ တမန်တော်မြတ်ကြီး အီဘရာဟင်မ်(အ)နဲ့ သားစဉ်မြေးဆက်တွေဟာလည်း `၀နဟ်နုလဟု မွတ်ဆ်လေမူးန်´ဆိုပြီးတော့ ကျွန်တော်တို့ အားလုံးဟာလည်း အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်ကို နာခံအပ်နှင်းကြသူများ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင် ကြသူများ၊ ဖြစ်ကြပါသည်လို့ ကျမ်းမြတ်ကုရ်အာန်စူရာဟ် ၂း၁၃၃ နဲ့ ၂း၁၃၆ မှာ ဖော်ပြထားပါတယ်။ အဲဒီ တမန်တော်မြတ် အီဘရာဟင်မ်(အ)နဲ့ သားစဉ်မြေးဆက်ရဲ့အွမ္မသ် သားမြေးတွေဟာလည်း မိမိတို့အသီးသီးဟာ မွတ်ဆလင်မ်၊ နာခံအပ်နှင်းကြသူ၊ ငြိမ်းချမ်းရေးဖော်ဆောင်ကြသူများဖြစ်ပါတယ်လို့ စူရာဟ် ၃း၈၀ မှာ မိမိတို့ကိုယ် မိမိတို့ မွတ်ဆလင်မ်များဖြစ်ကြကြောင်း လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀၀ က ပွင့်ပေါ်ခဲ့တဲ့ တမန်တော်မြတ် အီဘရာဟင်မ် နဲ့ ၎င်း၏သားစဉ်မြေးဆက်တွေရဲ့ အွမ္မသ်သားမြေးတွေကလည်း မွတ်ဆလင်မ်လို့ပြောပြီး ကြေညာခဲ့ကြပါတယ်။

ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃၉း၃၂ နဲ့ စူရာဟ် ၆း၁၆၃ မှာ နောက်ဆုံးအန္တိမတမန်တော်မြတ်အဖြစ် ပွင့်ပေါ်တော်မူခဲ့တဲ့ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ)ကိုယ်တော်တိုင်ကလည်း `အန အောင်ဝလွလ် မွတ်စ်လေ မီးန်´ဆိုပြီးတော့ မိမိဟာဦးစွာပထမ အလ္လာဟ်အမိန့်ကို နာခံအပ်နှင်းသူ မွတ်ဆလင်မ်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို ဖော်ဆောင်သူဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။

အထက်ဖော်ပြပါ အာယသ်တွေကို ကြည့်ခြင်းအားဖြင့် ဘာကိုတွေ့ရသလဲဆိုရင် အစ္စလာမ်ဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)လက်ထက်မှာ ပေါ်ခဲ့တဲ့ နောက်ဆုံး ပေါ် ဘာသာ သာသနာမဟုတ်ပါ။ ကမ္ဘာဦးကစပြီးတည်ရှိခဲ့တဲ့ အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ ဒီန်၊ ဘ၀တည် ဆောက်မှုလမ်းစဉ်ဖြစ်ပါတယ်။ ဘာသာတရားတွေနဲ့ ဘာကွာလဲဆိုတာ ပြောပြပါမယ်။ ဘာသာတရားတွေကို ကြည့်လိုက်တဲ့အခါမှာ ပညာရှင်တွေ တညီတညွတ်တည်း လက်ခံထားတာရှိပါတယ်။ ဘာသာတရားတွေကို သေချာကြည့်ရင် ဒီကနေ့ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာတရားဆိုတဲ့အရာအားလုံးဟာ လူပုဂ္ဂိုလ်များကိုသော်လည်းကောင်း၊ တိုင်းနိုင်ငံအရပ်ဒေသကိုသော် လည်းကောင်း၊ လူမျိုးတစ်မျိုးကိုသော်လည်းကောင်း အမှီပြု၍ ပေါ်ပေါက်လာကြခြင်းဖြစ်ပါတယ်။

ပါရှားနိုင်ငံ (ယခုအီရန်နိုင်ငံ)မှာ အစပြုပေါ်ထွန်းခဲ့တဲ့ ဇိုရိုအက်စထရီယန်(ခ) ဇိုရိုအက်စတာဝါဒသည် အီရန်လူမျိုး ဇိုရိုအက်စတာက ထူထောင်ခဲ့သော ဘာသာတရားဖြစ်ပြီး ´ပါစီဝါဒ´ဟုလည်း ခေါ်ကြပါတယ်။ ပထမဦးဆုံး အိန္ဒုမြစ်ဝှမ်းအလွန်တွင် အခြေချနေထိုင်ကြသူများဟု အဓိပ္ပါယ်ရသော ဂျူးဝါဒဆိုရင် ဂျူဒ်ဆိုတဲ့အရပ်ဒေသနဲ့ လူပုဂ္ဂိုလ်နဲ့တွေ့ပြီး ဂျူးဝါဒဖြစ်လာတယ်။ ဒီဘက်ကို ရောက်လာတာနဲ့ Siddhatha Gautama Buddha မြန်မာအသံထွက်နဲ့ ပြောရင် သိဒ္ဓတ္ထဂေါတမဗုဒ္ဓကို အမှီပြုပြီးတော့ အမည်နာမကို ယူလိုက်တယ်။ ၎င်းရဲ့တရားတော်ကျင့်စဉ်နဲ့ ကျင့်ကြံအားထုတ်မှုတွေက လက်တွေ့လိုက်နာကျင့်သုံးမယ်လို့ ခံယူလိုက်တဲ့လူတွေကို ဗုဒ္ဓဘာသာလို့ဖြစ်လာပါတယ်။ ဒီဘက်မှာ Jesus Christ ဆိုတဲ့ ပုဂ္ဂိုလ်ကို အမှီပြုပြီးတော့ ခရစ် ယာန်ဆိုတာဖြစ်လာတယ်။ ဒါပေမယ့် အစ္စလာမ်ကို ပုံဖျက်ခဲ့တဲ့လူတွေရှိတယ်။ အဲဒီအထဲမှာ ဗြိတိသျှအပါအ၀င် မွတ်ဆလင်မ် Scholar လို့ပြောတဲ့ ပညာရှင် တနည်းအားဖြင့် အိန္ဒိယနိုင်ငံက ပညာရှင်အချို့ အထူးသဖြင့် Law ကိုလုပ်ခဲ့တဲ့ လူတွေကဘာလုပ်ခဲ့လဲဆိုရင် `မဟာမေဒင်´ Law ဆိုပြီးတော့ လုပ်ခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲ။ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီးဖြစ်တဲ့ မုဟမ္မဒ်ကို အစွဲပြုပြီး သူ့ရဲ့နောက်လိုက် အွမ္မသ်တွေလည်း ငါတို့လိုပဲ ဆိုပြီး မဟာမေဒင်တွေ လုပ်လိုက်ကြတယ်။ လုပ်လိုက်တော့ တော်တော်များများက အဲဒီအချိန်တုန်းက ပညာတတ်တဲ့ အသိုင်းအ၀ိုင်းကနည်းတဲ့အခါကျတော့ အဲဒါကို ရင်ဝယ်ပိုက်ပြီး လက်ခံထား လိုက်ကြတယ်။

မြန်မာနိုင်ငံမှာပင်လျှင် ဟိုး အင်္ဂလိပ်မင်းများလက်ထက်ကနေ မကြာသေးခင်အထိ တရားရုံးတွေမှာ မဟာမေဒင် Law နဲ့ ဆုံးဖြတ်တယ်လို့ သုံးပါတယ်။ မွတ်ဆလင်မ်တွေပါ ကျေနပ်ပြီး လက်ခံထားတာကို လူကြီးမင်း များကြည့်ချင်ရင် ရန်ကုန်မြို့ ဗိုလ်မင်းရောင်လမ်း ခြံအမှတ် ၂၂၃၊ ကန်တော်လေး  စွန္နီကဘရ်စတန် ဆိုတဲ့ မုခ်ဦးကြီးကို သွားကြည့်ရင် `မဟာမေဒင်´သုဿာန်လို့ရေးထားတာကို တွေ့ရပါလိမ့်မယ်။ သံပန်းနဲ့သေသေ ချာချာကမ္ဗည်းထိုးထားပါတယ်။ မွတ်ဆလင်မ်တွေ ကိုယ်တိုင်ပင်လျှင် မဟာမေဒင် ဆိုတာကို ဘာပဲဖြစ်ဖြစ် ဘာမသိ ညာမသိနဲ့ လက်ခံရယူခဲ့ပါတယ်။ ဥပဒေပညာရှင်တွေ နောက်ပိုင်းမှာ သိနားလည် လာခဲ့ကြပါတယ်။ အစ္စလာမ်ဟာ လူပုဂ္ဂိုလ်၊ တိုင်းနိုင်ငံ အရပ်ဒေသလူမျိုးတစ်မျိုးကို အမှီပြုပြီး ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ကမ္ဘာဦး(ဒီန်)ဘ၀တည်ဆောက်မှု လမ်းစဉ် ဖြစ်တဲ့အပြင် အစ္စလာမ်ဟာ ဘာသာတရားတစ်ခုလည်း မဟုတ်ဘူး။ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့ (ဒီန်)ဘ၀ တည်ဆောက်မှုလမ်းစဉ်ဖြစ်တယ်။ မည်သည့်ခေတ်ကာလ၊ မည်သည့်အရပ်ဒေသ၊ မည်သည့်တိုင်းနိုင်ငံ၊ မည်သည့် လူမျိုး၊ မည်သည့်အမျိုးအနွယ်၊ မည်သည့်အဖွဲ့အစည်းဝင်ဖြစ်ပါစေ။ မည်သူမဆို အစ္စလာမ်ဆိုတဲ့ နာခံအပ်နှင်းခြင်း (တိုက်ရိုက်အဓိပ္ပါယ်နောက်ပြီး အလ္လာဟ်အမှုတော်ထမ်းရွက်ဖို့ နာခံအပ်နှင်းလိုက်တာ (လက်နက်နဲ့ ငြိမ်းချမ်းရေး လဲတယ်ဆိုတဲ့ စကားလုံးနဲ့လည်း အံဝင်နေပါတယ်။) နောက်တစ်ခါ ငြိမ်းချမ်းခြင်းဆိုတဲ့ အစ္စလာမ်ဟာ မည်သူမဆို  လက်ခံနိုင်တဲ့၊ ယုံကြည်နိုင်တဲ့၊ လက်တွေ့လိုက်နာကျင့်သုံးနိုင်တဲ့ (ဒီန်)ဘ၀တည်ဆောက်မှုလမ်းစဉ်သာ ဖြစ်တယ် ဆိုပြီးတော့ ဖော်ပြပြီးတော့ ဥပဒေပညာရှင်တွေဟာ မဆလခေတ်ဆိုတဲ့ အခြေအနေမှာ မွတ်ဆလင်မ် ဥပဒေ ပညာရှင်ဆရာကြီး ဦးမြသိန်း၊ ဆရာကြီး ဒေါက်တာ ဦးခင်မောင်စိန်တို့က အစ္စလာမ့်ဥပဒေဆိုပြီး သုံးနှုံးရာကစလို့ ယနေ့အစ္စလာမ် တရားဥပဒေ ဆိုပြီး ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါက ဗဟုသုတအနေနဲ့ တင်ပြတာပါ။ နောက်ဆုံး တမန်တော်မြတ်မုဟမ္မဒ် (ဆွ)ထံကို အလ္လာဟ်အရှင်မြတ်က ပြီးပြည့်စုံတဲ့ ကုရ်အာန်ကျမ်းကို ထုတ်ပြန်ပို့ချပေးတော်မူခဲ့ပါတယ်။

ကျမ်းမြတ်ကုရ်အာန်ကို အကြွင်းမဲ့၊ သံသယမဲ့ ယုံတယ်ဆိုတာဟာ ကျွန်တော်တို့က အလ္လာဟ်ချပေးတဲ့ ကျမ်းဆိုပြီး မယုံမဖြစ် ယုံနေရတာမဟုတ်ပါဘူး။ အလ္လာဟ်ကိုယ်တော်တိုင်က ကျမ်းတော်မြတ်ကုရ်အာန်ကို ဖွင့်လိုက်တာနဲ့ စူရာဟ် ၂ အစမှာ အလ္လာဟ်လောက် မဟာကရုဏာကြီးကျယ်မြင့်မြတ်တဲ့အရှင်၊ အလ္လာဟ်ပဲရှိ တယ်။ ကျမ်းစာအုပ်ကို ဖွင့်လိုက်တာနဲ့ ဒီကျမ်းထဲမှာ စိတ်ဒွိဟသံသယဖြစ်စရာဘာမှမရှိဘူး။ သံသယဖြစ်စရာရှိရင် ဆက်မဖတ်နဲ့တော့။ မလိုဘူး။ အချိန်ကုန်တယ်။ ပင်ပန်းတယ်။ အဲဒီလိုကရုဏာထားတယ်။ ပြီးတော့ သူချပေးတဲ့ ကျမ်းကို ယုံခိုင်းတဲ့နေရာမှာ စဉ်းစားဆင်ခြင်၊ တွေးခေါ်မြော်မြင်ခြင်းဖြင့် (ဒီနေ့တိုက်တိုက်ဆိုင်ဆိုင် စူရာယာစီန် စာအုပ်လှူထားတော့ စာအုပ်ကို ဖွင့်ကြည့်လိုက်ပါ။) ပထမဦးဆုံး စာမျက်နှာမှာ ပါတာက `လိကောင်းမင် ယသဖက္ကရူးန်´

`ကုရ်အာန်သည် စဉ်းစားဆင်ခြင်တွေးခေါ်မြော်မြင်သူ၊ လူအုပ်စုအတွက်ဖြစ်သည်။´လို့ ဖွင့်ဆိုထားပါ တယ်။ ပြီးတော့ ကျမ်းမြတ်ကုရ်အာန်ကို အနုလုံ ပဋိလုံ စလယ်ဆုံး စနစ်တကျရှာဖွေမွှေနှောက် စူးစမ်းလေ့လာ၊ ဆင်ခြင်သုံးသပ်ခြင်း မပြုကြဘူးလား။´

`သင်တို့ရဲ့ နှလုံးသားကို သော့ခတ်လိုက်ထားကြမှာလား´ဆိုပြီး (၄၇း၂၄)မှာ အလ္လာဟ်က လူသားတွေကို မေးခွန်းမေး ထားပါတယ်။ ဒါကတော့ ကျွန်တော်တို့ ဖြေရမှာပေါ့။ ကျွန်တော်တို့ သဘောပေါ့။ မဟုတ်ဘူး ကျွန်တော်တို့ဖွင့်မယ်။ ဥာဏ်အလင်းတံခါးကို ဖွင့်ပြီး ကျမ်းမြတ်ကုရ်အာန်ကို သိနားလည်သဘောပေါက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်တော်တို့ အပိုင်းပေါ့။ အလ္လာဟ်ကတော့ ကျွန်တော်တို့ကို ဥာဏ်အလင်း တံခါးကို ဖွင့်စေချင်တယ်။ ကျမ်းမြတ်ကုရ်အာန်ကို စနစ်တကျတိတိကျကျ၊ လေ့လာစူးစမ်းဆင်ခြင်၊ ရှာဖွေမွှေ နှောက်စေချင်တယ်။ ဘာဖြစ်လို့လဲ။ စောစောက ကျွန်တော်ပြောတဲ့ အလ္လာဟ်အမှုတော်ထမ်းရွက်တဲ့ လူတွေက ကျမ်းမြတ်ကုရ်အာန်မှာ (တခါတလေ လူအချို့က ကိစ္စတစ်ခုကို ကုရ်အာန်မှာမပါဘဲနဲ့ ပါတယ်လို့ လုပ်ကြတယ်။ ကုရ်အာန်မှာပါရက်နဲ့ မပါဘူးလို့လုပ်ကြတယ်။ ကျွန်တော်က အဲဒါမျိုးနှစ်မျိုးစလုံးနဲ့ ကြုံဘူးတယ်။ ကျွန်တော်က ပြောပါတယ်။ အဲဒါကုရ်အာန်ထဲမှာ မပါဘူးလို့။  ဥပမာ (အသ်သဟိရသု လိလ္လာဟ်)။ အဲဒါကုရ်အာန်ထဲမှာ မပါဘူး လို့ ပြောတော့ဒီလောက် နမားဇ် ၅ ကြိမ်မှာ ဖတ်ရတဲ့ဟာ ကုရ်အာန်ထဲကပေါ့တဲ့။ ကျွန်တော်ကပြောတယ်။ အဲဒါကုရ်အာန်ထဲက မဟုတ်ပါဘူးလို့။ ဘူခါရီ ဟဒီးစ်ထဲကဟာလို့ ပြောပါတယ်။

အဲဒီလို ဘာလို့ဖြစ်တာလဲဆိုတော့ ကျမ်းမြတ်ကုရ်အာန်ကို စနစ်တကျလေ့လာဆည်းပူးမှုရှိ၊ မရှိအပေါ်မှာ ဖြစ်တာပါ။ ပြောတိုင်းယုံဖို့ မလိုပါဘူး။ မွတ်ဆလင်မ်က ထူးခြားပါတယ်လို့။ ပြောတဲ့ဖြစ်စဉ်တစ်ခုကို မြင်တိုင်းလည်း မယုံဘူး။ အပြောကောင်းတဲ့ လူကဆန်းပြားပါတယ်လို့ ပြောလည်းမယုံဘူး။ စဉ်းစားတွေးခေါ်မြော်မြင် ဝေဖန် သုံးသပ်ပြီး ကုရ်အာန်နဲ့ အမှန်တကယ်ကိုက်ညီမှ ယုံတာ။ အလ္လာဟ်ကလည်း အဲဒီလိုပဲ ယုံစေချင်တယ်။ စောစောက အလ္လာဟ်အမှုတော်ထမ်းရွက်တဲ့သူတွေက ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၅း၇၃ မှာ

`အလ္လာဟ် အမှုတော်ထမ်းရွက်တဲ့ လူတွေရဲ့ရှေ့မှာ သူတို့ကို သူတို့ရဲ့အဆင့်ဆင့်ပြုစုပျိုးထောင်တော် မူတဲ့(ရဗ်)အရှင်ရဲ့ အာယသ်သက်သေလက္ခဏာတော်များကို သတိရ၊ တသဖော်ထုတ်ပေးခြင်းခံရတဲ့အခါမှာ အဲဒီအလ္လာဟ်ရဲ့ အာယသ်တော်တွေပဲဖြစ်ပါစေ။ မျက်စိမမြင်တဲ့လူတွေကို နားမကြားတဲ့လူတွေလို သူတို့ဟာ ကျလာကြလိမ့်မှာ မဟုတ်ဘူး။ ´

တနည်းအားဖြင့် သူတို့ရဲ့နှလုံးသားတွေနဲ့ သိနားလည်သဘောပေါက်အောင် စဉ်းစားဆင်ခြင်၊ တွေးခေါ် မြော်မြင်ပြီးမှ အဲဒီ အလ္လာဟ်ရဲ့ ဒေသနာတော်တွေမှာ ကျလာကြတယ်လို့ပါ ပါတယ်။ ကျွန်တော်တို့ တစ်ခါတစ်လေ ဂုဏ်ပြုရင်းပြောတဲ့ စကားရှိပါတယ်။ ခင်ဗျားတို့ အချင်းချင်းသြဘာပေးနေကြတာက ဆွံ့အတဲ့လူက အမှာစကား ပြောတာကို နားမကြားတဲ့လူတွေက ၀ိုင်းပြီးလက်ခုပ်တီးသြဘာပေးနေသကဲ့သို့ ဖြစ်နေတယ်လို့ပြောကြပါတယ်။ ဒါက ကျွန်တော်တို့ ငယ်ငယ်ထဲက ကြားဘူးတာပါပဲ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၅း၇၄ ကို လေ့လာကြည့်ရင် ကျမ်းမြတ်ကုရ်အာန်ကို လေ့လာရင်းနဲ့ အလ္လာဟ်ကို အီမာန်သက်ဝင်ယုံကြည်မှုကို တိုးပွားစေတဲ့ အာယသ်တစ်ခု ဖြစ်ကြောင်း တွေ့ရပါတယ်။

`အို အရှင်မြတ်၊ ကျွန်တော်မျိုး ကျွန်တော်မျိုးမတို့ကို ကျွန်တော်မျိုးတို့ရဲ့ ကြင်ဖော်ကြင်ဖက်များကို လည်းကောင်း၊ ကျွန်တော်မျိုး ကျွန်တော်မျိုးမတို့ရဲ့ သားစဉ်မြေးဆက်များကိုလည်းကောင်း၊ မျက်စိကြည်လင် အေးမြ ပသာဒဖြစ်စရာပြုလုပ်ပေးသနား ချီးမြှင့်တော်မူပါ။ ဒါ့အပြင် အရှင်မြတ်က ပြုလုပ်ပေးသနားတော်မူပါ။ အလ္လာဟ်အမှုတော် ထမ်းရွက်တဲ့ မြတ်သောအကျင့်ကို ကျင့်နေကြတဲ့ မွတ်သကီးန်ဆိုတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ခေါင်းဆောင်ဖြစ်စေတော်မူပါ။´ (၂၅း၇၄)

ဒါက ဘာသာပြန် ရိုးရိုးလေးပေါ့။ သေသေချာချာလေ့လာကြည့်တော့ (ဇောင်းဂျွန်း၊ အဇ္ဇ၀ါးဂျွန်)ဆိုတာ ဇနီး၊ ခင်ပွန်းအပါအ၀င် ကျွန်တော်တို့ရဲ့ ခေတ်ပြိုင်များ၊ အဲဒီဇနီး၊ ခင်ပွန်း၊ ခေတ်ပြိုင်များ၊ မျက်စိပသာဒဖြစ်စရာ ကြုံပြီဆိုရင် အဲဒါဘာလဲဆိုရင် စိတ်ချမ်းသာမှုဖြစ်စေတဲ့ ကိစ္စ၊ အောင်မြင်ဖြစ်ထွန်းမှုတွေဖြစ်စေတဲ့ကိစ္စတွေ ဖြစ်ပါ တယ်။ မနေ့ကဆိုရင် ကျွန်တော်တရားရုံး ရောက်သွားတော့ အမှုပြီးလို့ထွက်နေတဲ့အချိန်မှာပဲ တခြားတစ်ခန်းကနေ ငိုသံတွေကြားနေရပါတယ်။ လူ ၄ ယောက်ကို ပြစ်ဒဏ်ချမှတ်လိုက်တယ်။ လုယက်မှု ကျူးလွန်လို့ဖြစ်တယ်။ လူငယ်လေးက ၂ ယောက်။ လူကြီးက ၂ ယောက်။ ထောင်ဒဏ် ၈ နှစ် ချလိုက်လို့ အမေ တွေ ဆွေမျိုးတွေ ငိုယိုနေကြတယ်။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ချာတိတ်နှစ်ယောက်က လူငယ် ၂၀ ၀န်းကျင်ပေါ့။ ဒီလူငယ်တွေကို ပြုစုပျိုးထောင်ဖို့ မိဘ၊ ဦးလေး၊ အကို၊ မောင်နှမတွေမှာ တာဝန်ရှိတယ်။ ဒီခေတ်မှာ ပဲကြီးလှော်ဝယ်ဖို့ ခက်ချင်ခက်မယ်။ မူးယစ်ဆေးဝါးက ၀ယ်လို့ အရမ်းကိုလွယ်တယ်။ ကွမ်းယာဆိုင်မှာတောင် ၀ယ်လို့ရတယ်လို့ အဆိုရှိနေတယ်။ ဒါကြောင့် လူငယ်တွေဟာ အချိန်မရွေး၊ နေရာမရွေး ပျက်စီးသွားနိုင်တယ်။

ပြစ်မှုကို ကျူးလွန်ကာနီးအချိန်မှာ ရုတ်တရက်ဖြစ်တဲ့ဆန္ဒ၊ ရုတ်တရက်ဖြစ်တဲ့ ဒေါသ၊ ရုတ်တရက်ဖြစ်တဲ့ လောဘ၊  မောဟ၊ အဲဒီအရာတွေကြောင့် သူတို့က ဒီပြစ်မှုကြီးကို ကျူးလွန်မိသွားတာ။ ထောင် ၈ နှစ်ဆိုတာ နည်းတာ မဟုတ်ဘူး။ ဒါပေမယ့် ခရိုင်တရားရုံးဆိုတာ ပြစ်ဒဏ်ကြီးရငိ သေဒဏ်အထိအပြစ်ပေးနိုင်တယ်။ မြို့နယ်ရုံးမှာ တောင် ၇ နှစ်အထိ ချနိုင်တာကို ခရိုင်ရုံးမှာ ၈ နှစ်ပဲချတာ တရားသူကြီးကိုတောင် ကျေးဇူးတင်ရမယ်။ ၈ နှစ် ဆိုတဲ့ အချိန်ကာလဟာ ဘာမှမကြာဘူးလို့ ထင်ရပေမယ့် အချုပ်အနှောင်သံတိုင်ကြားမှာ နေရတဲ့ သောက၊ ဒုက္ခက အကြာမြင့်ဆုံးပဲ။ ဒီတော့ ဒီမိဘတွေရဲ့ မျက်စိမှာ၊ မျက်စိပသာဒ ဖြစ်စရာရှိပါ့မလား။ ဒါကို ကျမ်းမြတ်ကုရ်အာန်မှာ သင်ပေးနေတာ။ မိမိရဲ့ဇနီးမောင်နှံ (ဇနီးမောင်နှံ အဆင်မပြေရင်လည်း အဲဒီမိသားစုဟာ သောကပင်လယ်ဝေပြီး ဂျဟန္နမ်ရောက်နေတဲ့ အတိုင်းပဲ။)

ဒါကြောင့် မျက်စိပသာဒ မဖြစ်စေဘူးဆိုရင် ဂျဟန္နမ်အခြေအနေဖြစ်သလို။ မျက်စိပသာဒဖြစ်ပြီး တည်ငြိမ် အေးချမ်းနေမယ်ဆိုရင် ဂျန္နသ်ရဲ့အခြေအနေဖြစ်မယ်။ ဒါကို ကျမ်းမြတ်ကုရ်အာန် စူရာ ၂၅း၇၄ က မျက်စိပသာဒ ဖြစ်စရာပေးသနားပါလို့ တောင်းဆုချွေခိုင်းနေခြင်းဖြစ်ပါတယ်။ နားနဲ့မနာ ဖ၀ါးနဲ့နာပါ။ တကယ်တမ်းဆိုရင် အိမ်ထောင်ရှင် အမျိုးသား၊ အမျိုးသမီးတို့အနေနဲ့ ဒီအာယသ်ကို အမြဲတမ်း ဂုဏ်ယူစွာနဲ့ ကြွေးကြော်သင့် တယ်။ အဲဒီလို အချိန်မှာ မွေးဖွားလာမယ့်ရင်သွေးဟာ လိမ္မာယဉ်ကျေး သိမ်မွေ့ပြီး သွက်လက်ထက်မြက်တဲ့ ပညာ ရည်ပြည့်ဝတဲ့၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မွတ်ဆလင်မ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးတွေ ဖြစ်လာမွေးလာပါလိမ့်မယ်။ ဒါဟာ ကုရ်အာန်က ပေးထားတဲ့ အာမခံချက်၊ ပြီးတော့ အဲဒီကလေးတွေ ကြီးပွားလာဖို့၊ တိုးတက်လာဖို့ အတွက်လည်း ဒီအာယသ်က ညွှန်းဆိုပြီး မျက်စိပသာဒ ဖြစ်စရာ၊ စိတ်ချမ်းမြေ့စရာ မိသားစုဖြစ်လာမှာဖြစ်ပါတယ်။

ပြီးတော့ မွတ်သကီးန်ဆိုတဲ့ အဆင့်၊ ပထမ ကျွန်တော်တို့ဟာ မွတ်ဆလင်မ်ဖြစ်လာတယ်။ ပြီးတော့ မုအ်မင်န်ဖြစ်လာပြီ။ ပြီးရင် အမ္မလေဆွာလေဟာတွေ လုပ်ရင်းနဲ့ မွတ်သကီးန်အဆင့်ကို ရောက်သွားပါတယ်။ မွတ်သကီးန်ဆိုတာ အလ္လာဟ်ကလုပ်လို့ ပြောတာကို လုပ်မယ်။ မလုပ်နဲ့လို့ တားထားတာကို မလုပ်ဘူး။ အလ္လာဟ်လမ်းညွှန် မိန့်ကြားချက်နဲ့အညီနေထိုင်ရင်းနဲ့ သူ့ရဲ့သမာဓိအားတက်လာမယ်။ သူပြောရင် သူ့စကား တည်တယ်။ သူလုပ်ရင်တိုင်းက အမှန်ဘက်ကို ဦးတည်တယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာကြည့်ရင် မြင်နေရတယ်။ မွတ်သကီးန်ဆိုတဲ့ လုပ်ရပ်ကိုသွားတော့မယ်ဆိုရင် အီမာန်ယုံကြည်မှုနဲ့သွားတယ်။ ပြီးရင်အမလ် လုပ်ရတယ်။ အဲဒီအမာလ်လုပ်တဲ့နေရာမှာ ဘာလို့လဲဆိုရင် ဆန္ဒဆိုတဲ့နိယသ် မရှီယသ်လိုပါတယ်။ လူတစ်ယောက် မှာ ဆန္ဒ(နိယသ်)က အရေးကြီးပါတယ်။

ရှေ့နေဖြစ်ချင်တဲ့ လူတစ်ယောက်ဟာ ကားတာယာဖာတဲ့ ပညာသင်လို့ ရှေ့နေဖြစ်မလာပါဘူး။ ရှေ့နေ ဖြစ်ချင်ရင် ဥပဒေပညာကိုသင်ယူရမယ်။ အင်ဂျင်နီယာဖြစ်ချင်ရင် အင်ဂျင်နီယာပညာကို ရအောင်သင်ယူရမယ်။ အဲဒီဆန္ဒပြင်းပျလာပြီဆိုရင် (အမာလ်)သေသေချာချာ လုပ်ရလိမ့်မယ်။ ၀ီရိယစိုက်ထုတ်ရမယ်။ အင်အားတွေ စိုက်ထုတ်ရမယ်။ အရင်းအနှီးတွေ စိုက်ထုတ်လုပ်ကိုင်ဆောင်ရွက်ရမယ်။ အဲဒီလိုလုပ်လာတဲ့အချိန်မှာ တွေ့ကြုံလာ ရမယ့် အခက်အခဲအကြပ်အတည်းတွေ့နိုင်တယ်။ အဲဒီလိုတွေ့ကြုံခဲ့ရင် သူ့မှာဘာလိုအပ်လာပြီလဲဆိုရင် ဆွဘရ် ဆိုတဲ့ ကြံ့ခိုင်မှု၊ မတုန်မလှုပ်ရပ်တည်နိုင်တဲ့ အင်အားလိုအပ်လာပါမယ်။

အဲဒီဆွဘရ်နဲ့ အမလ်ကို လုပ်နေရင်းနဲ့အောင်မြင်မှုကို တွေ့လာပြီ၊ ရလာပြီဆိုတဲ့အချိန်မှာ လူသားသဘာဝ အရ မော်ကြွားချင်စိတ်ဖြစ်လာတာရှိမယ်။ အဲဒီအချိန်မှာ မိမိကိုယ်မိမိ ထိန်းကျောင်းရပါမယ်။ ဘာနဲ့ထိန်းမလဲဆို တော့ ရူကုရ်နဲ့ထိန်းရပါမယ်။ အလ္လာဟ်ကျေးဇူးကို သိတတ်စွာနဲ့ ရူကုရ်လုပ်ရမယ်။ အဲဒီ ရူကုရ်လုပ်နေတဲ့အချိန်မှာ နိမ့်ကျတဲ့အချိန်က သည်းခံနေလာပြီးမှ မိမိအောင်မြင်လာတဲ့အချိန်မှာ (မြန်မာစကားမှာရှိပါတယ်) အစ္စလာမ် Law နဲ့ ဆန့်ကျင်ဖက်ဖြစ်တဲ့စကားက ငါတို့ပေဖြစ်တုန်းတော့ ခံလိုက်အုံးမယ်။ ငါတို့ တူဖြစ်ပြီဆိုမှတော့ ဘယ်လိုလုပ် လိုက်မယ်ပေါ့။ အစ္စလာမ် Law နဲ့တော့ လုံးဝဆန့်ကျင်တဲ့ စကားရပ်၊ လုပ်ရပ်ဖြစ်ပါတယ်။ အစ္စလာမ်ကပေဖြစ်တဲ့ အချိန်မှာ ဆွဘရ်နဲ့နေတယ်။ တူဖြစ်တဲ့အချိန်မှာ ခွင့်လွှတ်ခြင်းတရားနဲ့ နေလိုက်တယ်။ ဖြစ်ပြီးခဲ့တဲ့ ကိစ္စကို for give and forget လုပ်လိုက်တယ်။ အလ္လာဟ်အရှင်ြမတ်က တိကျပြတ်သားစွာနဲ့ သွန်သင်ဆုံးမပါတယ်။ တော်ရုံနှလုံးသားပိုင်ရှင်တွေ မလုပ်နိုင်ပါဘူးလို့ ပြောပါတယ်။

ဒါကြောင့် အစ္စလာမ်ဆိုတာ သဇ်ဘီထိုင်စိတ်နေရလည်း မဟုတ်ပြန်ပါဘူး။ ၀တ်ပြုကိုးကွယ်ခြင်း သက်သက်လုပ်နေရတာလည်း မဟုတ်ပါဘူး။ သေသေချာချာ လေ့လာလိုက်ရင် ဆရာဦးမြတ်သူ စကားငှားသုံး ရရင် လူကိုအညွန့်တလူလူနဲ့ လူဖြစ်သွားအောင် လူ့ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပေးလိုက်တဲ့စနစ်ဟာ အစ္စလာမ်ဖြစ်နေပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၅း၇၅ မှာ

`လူတစ်ယောက်ဟာ မြင့်မားတဲ့ အဆင့်အတန်းကိုရောက်ဖို့ အလ္လာဟ်အရှင်မြတ်က ရွေးချယ်လိုက်ပြီဆို ရင် အဲဒီလူကို မည်သူတစ်ဦးတစ်ယောက်ကမှ နိမ့်ကျအောင်လုပ်လို့မရဘူး။ သူတို့က အလ္လာဟ်အရှင်ရဲ့ မြင့်မားတဲ့ အဆင့်အတန်း၊ ချီးမြှင့်ခြင်းကို မုချခံစားရမှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ရပ်တည် ခဲ့လို့ဖြစ်ပါတယ်။ သူတို့ဟာ သေချာပေါက် နှစ်ထောင်းအားရကြောင်း ထုတ်ဖော်ပြောဆိုခြင်းနဲ့ ငြိမ်းချမ်းသာယာ သောဘေးကင်းလုံခြုံမှုရှိစေတဲ့ အဖြစ်အပျက်တွေကို သူတို့သေချာပေါက် ရရှိခံစားတွေ့ကြုံမှာဖြစ်ပါတယ် ဆိုပြီး ဒီအာယသ်တွေက ဖော်ပြထားတဲ့အတွက် ကျွန်တော်တို့အားလုံး မိမိတို့၏ ဇနီး၊ ခင်ပွန်းများ၊ သားစဉ်မြေးဆက်နှင့် ရင်းနှီးကျွမ်းဝင်သူ ခေတ်ပြိုင်ယုံကြည်ချက်တူသူများအားလုံးတို့  အလ္လာဟ်အရှင်အမှုတော် ထမ်းရွက်ကြသူများဖြစ် ရေးအတွက် ယခုထက်ပိုပြီး အမလ်၊ အိဘာဒသ် လုပ်နိုင်ကြပါစေကြောင်း တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။