အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသည် အကြီးကျယ်ဆုံး မုဖ်သီဦးသန်းအောင်(LL.B)
အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသည် အကြီးကျယ်ဆုံး
မုဖ်သီဦးသန်းအောင်(LL.B)
29-11-2013
လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့ခင်ဗျား-
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော် ဒီနေ့တင်ပြမယ့်ခေါင်းစဉ်ကတော့ `အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသည် အကြီး ကျယ်ဆုံး´ ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ မွတ်ဆလင်မ်မုအ်မင်န်တွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့အားလုံး ငယ်ငယ်လေးထဲကနေ နောက်ဆုံးထွက်သက်အထိ အလ္လာဟ်အရှင်မြတ်ကို ယုံကြည် အားကိုးပြီးတော့ နေထိုင်အသက်ရှင် ဘ၀တည်ဆောက်သွားကြဖို့ အီမာန်သက်ဝင်ယုံကြည်ထားကြသူတွေ ဖြစ်ပါတယ်။
အဲဒီတော့ ကျွန်တော်တို့ရဲ့`အီမာန်´ အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်ခြင်း၊ ကျွန်တော်တို့ရဲ့ အေဗါဒသ် အလ္လာဟ်တစ်ပါးတည်းကို သြဇာခံပြီး အလ္လာဟ်တစ်ပါးတည်းကို နိစ္စထာဝရ တည်ရှိတော်မူကြောင်း၊ ယုံကြည်သက်ဝင်လျက် အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို ကျိုးနွံနာခံခြင်း၊ `သက္က၀ါ´လို့ခေါ်တဲ့ အလ္လာဟ် အရှင်မြတ်ကို မမေ့မလျော့တဲ့နည်းနဲ့ ဆင်ခြင်ပြီးတော့ အလ္လာဟ်ရဲ့အမိန့်ကို မြေ၀ယ်မကျနာခံပြီး၊ ဦးလည်မသုံ လိုက်နာကျင့်သုံးခြင်း၊ အလ္လာဟ်အရှင်မြတ်က ပြဌာန်းသတ်မှတ်ထားတဲ့ ကောင်းမြတ်တဲ့လုပ်ငန်းဆောင်တာတွေ ကို တသွေမတိမ်း ပြုလုပ်ဆောင်ရွက်ခြင်း၊ အလ္လာဟ်လမ်းညွှန်ချက်နဲ့အညီ အလ္လာဟ်ချီးမြှင့်အပ်နှင်းထားသည့် မိမိတို့မှာရှိတဲ့ အရင်းအမြစ်တွေနဲ့ လူနဲ့လူ့ပတ်ဝန်းကျင်အတွက် အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရင်းနဲ့ မျှဝေခံစား ပေးကမ်းစွန့်ကြဲ ဒါနပြုခြင်း။ အလ္လာဟ့်အမိန့်လမ်းညွှန်ကို ဦးထိပ်ပန်ဆင်ကာ ကိုယ်ကျိုးစွန့် အနစ်နာခံကာ တစ်နည်းအားဖြင့် အမှန် သစ္စာတရားအတွက် မိမိရဲ့ အသက်၊ အိုးအိမ်၊ စိည်းစိမ်တို့ကိုပင် စွန့်လွှတ်(ကုရ်ဘာနီ)ပြုလုပ်ခြင်းအားဖြင့် ဘ၀ သက်တမ်းတစ်လျှောက် အပတ်တကုပ် ကြိုးပမ်းအားထုတ် `ဂျီဟာဒ်´လုပ်ခြင်း စတဲ့ကောင်းမြတ်တဲ့ လုပ်ငန်းဆောင်တာတွေကို ကျွန်တော်တို့တစ်ဦးချင်း၊ လူ့အဖွဲ့အစည်း အလိုက် လုပ်ကိုင်ဆောင်ရွက် အကောင်အထည် ဖော်လျက်ရှိနေကြပါတယ်။
ဒီနေရာမှာ ကျွန်တော့်အတွက် မေးခွန်းတွေဖြစ်ပေါ်လာပါတယ်။ စောစောက တင်ပြခဲ့တဲ့ အီမာန်၊ အေဗါဒသ်၊ သက္က၀ါ၊ အမ္မာလေဆွာလေဟာ၊ ဂျီဟာဒ် စတဲ့ကိစ္စတွေ လုပ်ရပ်တွေကို ဘာကြောင့် ကျွန်တော်တို့လုပ်နေကြတာလဲ! အလ္လာဟ်အရှင်မြတ်ကို ကြောက်လို့လား! ဒါမှမဟုတ် အလ္လာဟ်ကိုမယုံရင်၊ အလ္လာဟ့်အမိန့်ကို ဆန့်ကျင်ရင်၊ အလ္လာဟ်က အရေးယူအပြစ်ပေးမှာကို ကြောက်လို့လား! ဒါမှမဟုတ် စီးပွားလာဘ်လာဘတွေ မဖြစ်ထွန်းတော့ဘဲ ပျက်စီးဆုံးရှုံးမှုတွေနဲ့ တွေ့ကြုံခံစားရမှာ ကြောက်လို့လား! တောင်သူဦးကြီးတွေအနေနဲ့ လယ်ယာစိုက်ပျိုး ဥယျာဉ် ခြံမြေတွေ အထွက်မတိုးတော့ဘဲ ဈေနှုန်းကျဆင်း၊ ရာသီဥတုဘေးတွေနဲ့ တွေ့ကြုံခံစားရမှာ ကြောက်လို့လား!
ဒါမှမဟုတ် အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့ သုခချမ်းသာရပြီး နောင်ဘ၀ကြရင် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးအပ်မယ့် အမတသုခဘုံ(ဂျန္နသ်)၀င်ရောက်စံမြန်းပြီး ငြိမ်းအေးသော ဘ၀ပိုင်ရှင်ဖြစ် ချင်လို့လား! ဒါမှမဟုတ် ပျက်ကွက်ခဲ့ရင် ငရဲကြီးမယ်၊ ဒါ့အပြင် ဒုက္ခဆင်းရဲကျရောက်ပြီး သေပြီးရင်လဲ ဂျဟန္နမ်ဆို တဲ့ ငရဲမီး၊ သောကပင်လယ်ဝေမှုတွေ တွေ့ကြုံခံစားရမှာ ကြောက်လို့လား! ဒါကြောင့် အလ္လာဟ်ကိုယုံနေတာလား! အလ္လာဟ်ကို အေဘာဒသ်လုပ်နေတာလား! အလ္လာဟ်ကို သက္က၀ါထားနေတာလား! ခိုင်းတဲ့အလုပ်တွေကို မြေ၀ယ် မကျနာခံပြီး ဦးလည်မသုံ ကျင့်သုံးနေတာလား! ကောင်းမြတ်တဲ့လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ဆောင်ရွက် နေကြတာလား!
အဲဒီလို `လား´ပေါင်းများစွာသော မေးခွန်းတွေကို ကျွန်တော့်ကိုကျွန်တော် အကြိမ်ပေါင်းများစွာ မေးကြည့် မိပါတယ်။ လူကြီးမင်းများမှလည်း ကျွန်တော်တင်ပြခဲ့တဲ့ `လား´ပေါင်းများစွာမေးခွန်းတွေကို ကျွန်တော်မတင်ပြမီ ကိုယ့်ကိုယ်ကိုယ် စိတ်ထဲမှာမေးပြီး မိမိတို့ရဲ့အမြင်ရှုထောင့်တွေကို ဖြေထားစေချင်ပါတယ်။ လူကြီးမင်းတို့ရဲ့အဖြေ နဲ့ ကျွန်တော် ဆက်လက်တင်ပြမယ့်အဖြေ လိုက်လျောညီထွေရှိနေတယ်ဆိုရင်တော့ ဒီကနေ့ ကျွန်တော်တင်ပြရ ကျိုးနပ်တယ်လို့ပဲ မှတ်ယူရမှာဖြစ်ပါတယ်။
ကျွန်တော် ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာဆည်းပူးစဉ် မသိခင်တုံးကဆိုရင် စောစောကပြောတဲ့ အချက်တွေဟာ ကျွန်တော်ရဲ့လက်တွေ့ဘ၀ ဖြစ်နေခဲ့ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာဆည်းပူး သင်ယူခဲ့ပြီးနောက် အနည်းငယ် နားလည်သဘောပေါက်လာရတဲ့ အချက်တွေထဲက အချို့ကို Share မျှဝေ ပေးသွားမှာဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်ရဲ့အမြင်တွေကိုလည်း တင်ပြသွားမှာဖြစ်ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၅) အာယတ်(၁၅)နဲ့ (၁၆)မှာ အခုလိုဖော်ပြထားပါတယ်။
တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်အရှင်မြတ်က စေလွှတ်လိုက်တဲ့အကြောင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီတမန်တော်မြတ်မတိုင်ခင်က အလ္လာဟ့်ရစူလ်၊ နဗီတမန်တော်မြတ်တွေ စေလွှတ်ပြီးတော့ ကျမ်းဂန်ချီးမြှင့်ခံခဲ့ရတဲ့ `အဟ်လေကိသားဗ်´ဆိုတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ်။ အဲဒီလူတွေကို အလ္လာဟ်အရှင်မြတ်က အခုလိုမိန့်တော်မူတယ်။
“ အို … ကျမ်းဂန်ရရှိသူအပေါင်းတို့ ဧကန်အမှန် ငါအရှင်မြတ်၏ရစူလ်တမန်တော်သည် အသင်တို့ထံသို့ မုချ ရောက်ရှိခဲ့ပြီးဖြစ်သည်။ ”
ဒီနေရာမှာ ကျွန်တော်တို့ အွမ္မသ်သားမြေးတွေ လက်ထက်ကြမှ ပေါ်လာတယ်လို့ထင်ရတဲ့ အစဉ်အလာ တစ်ခု။ အဲဒါဘာလဲဆိုရင် ကျွန်တော်တို့ခေတ် တမန်တော်မြတ်(ဆွ)ရဲ့ အွမ္မသ်သားမြေးတွေခေတ်မှာလည်း အလ္လာဟ်ထုတ်ပြန်ပို့ချပေးခဲ့တဲ့ ကျမ်းဂန်ဒေသနာမှာ ပါဝင်ခဲ့တဲ့လူသားတွေ ယုံကြည်သက်ဝင် လိုက်နာကျင့်သုံးရ မယ့် အချက်အလက်တွေထဲက ကိုယ်နဲ့ကိုယ့်ဆန္ဒနဲ့ ကိုယ့်ဆရာသမားတွေဆန္ဒနဲ့ ကိုယ့်မိဘ၊ အထက်အစီးရတဲ့ လူတွေရဲ့ဆန္ဒနဲ့ မကိုက်ညီတာတွေကို ပုန်းလျိုး၊ ကွယ်လျိုး၊ ဖုံးဖိ၊ ဖျောက်ဖျက်ထားလေ့ရှိပါတယ်။
ဒီလိုကိစ္စတွေကို ကျွန်တော်တို့ထက်အရင် အလ္လာဟ့်ကျမ်းဂန် ဒေသနာတွေကို ရရှိခဲ့ပြီးဖြစ်တဲ့ ကျွန်တော် တို့ရဲ့ညီနောင် `အဟ်လေကိသားဗ်´တွေ (တစ်နည်း) ရဟူဒ်-နာဆွရာတွေလို့ပြောတဲ့ ဘနီအစ္စရာအီလ်တွေ `အဟ်လေကိသားဗ်´တွေလုပ်ခဲ့တဲ့ အလုပ်တွေ။ ကျွန်တော်တို့လည်း လုပ်ကြတယ်။ တစ်ဖက်က ကျွန်တော်တို့က သူတို့ကိုမုန်းတယ်လို့ပြောတယ်။ ပြီးတော့ သူတို့လုပ်တဲ့အလုပ်ကို ကျွန်တော်တို့လည်းလုပ်တယ်။
ထိုရဆူလ်တမန်တော်သည် “ အလ္လာဟ့်ကျမ်းဂန်များထဲမှ အသင်တို့ ထိန်ချန်ဖုံးအုပ်ထားလျက်ရှိသော အရာများအနက်မှ များစွာသောအရာများကို အသင်တို့အား ထင်ရှားရှင်းလင်းစွာ ဖော်ပြလျက်ရှိသည်။ ၎င်းပြင် များစွာ သောကိစ္စရပ်များကို ထိုရစူလ်က ခွင့်လွှတ်ပေးလေသည် ” နောက်တော့မှ လူသားခပ်သိမ်းအတွက် ရောက်ရှိလာ တဲ့ “ အသင်တို့ထံသို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ လင်းရောင်ခြည်တော်တည်းဟူသော ထင်ရှားလှစွာသော ကျမ်းဂန်(မြတ်ကုရ်အာန်)သည် အသေအချာပင် ရောက်ရှိခဲ့ပြီးဖြစ်သည် ”
ဒီတော့ `အဟ်လေကိသားဗ်´တွေအတွက်လည်း ဒီကျမ်းမြတ်ကုရ်အာန်ဟာ လမ်းညွှန်ပြသခဲ့ပြီးဖြစ်တယ် လို့ ကျွန်တော် နားလည်သဘောပေါက်မိပါတယ်။
ပြီးတော့ “ ၎င်းပြင် ထိုသူတို့အား မိမိသတ်မှတ်ပြဌာန်းထားသော အမိန့်လမ်းညွှန် ပြဌာန်းချက်များနှင့်အညီ အမိုက်မှောင်ထုများအတွင်းမှ အလင်းရောင်ဘက်ဆီသို့ ထွက်စေတယ် ”
ဒါကြောင့် အလ္လာဟ်ကျေနပ်နှစ်သက်မှုကို ဘယ်သူတွေရလိုသလဲ! လိုအပ်သူတွေအတွက် အလ္လာဟ်က လမ်းညွှန်ပေးပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ ကျမ်းတော်မြတ်ကုရ်အာန်ကို သိနားလည်အောင်လုပ်ပြီး လက်တွေ့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရင်းနဲ့ အလ္လာဟ်ရဲ့ကျေနပ်နှစ်သက်မှုကို ရှာဖွေဖို့ လိုလာပါလိမ့်မယ်။
အဲဒီလိုနဲ့ ကျမ်းတော်မြတ်ကုရ်အာန်နဲ့အညီ ဘ၀တည်ဆောက်ကြတဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ သူတို့ဘ၀ ငြိမ်းအေးသာယာ၊ ဘေးကင်းလုံခြုံတဲ့လမ်းတွေကို အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပြသပေးတော်မူခြင်းကိုလည်း ခံရမှာဖြစ်ပါတယ်။ အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ လမ်းညွှန်မိန့်ကြားချက် ပြဌာန်းချက်တွေနဲ့အညီ လိုက်နာ ကျင့်သုံး အကောင်အထည်ဖော်ချင်တဲ့သူတွေကို အမိုက်မှောင်ထုအတွင်းမှ အလင်းရောင်ဘက်ဆီသို့ ဆွဲထုတ်ပေး တော်မူလိမ့်မယ်။ “ ၎င်းပြင် ထိုအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တိုးတက်မြင့်မားမှုဖြစ်စေ သော တရားလမ်းကိုလည်း လမ်းညွှန်ပြသတော်မူသည် ” (ကုရ်အာန် – ၅း၁၅-၁၆)
အဲဒီတော့ ကျမ်းတော်မြတ်ကုရ်အာန်ဟာ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်မှုကို ရလိုသူတွေအတွက် တရားလမ်းမှန်ဖြစ်တယ်ဆိုတာ ဒီအာယတ်မှာ ကျွန်တော်တို့တွေ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ အနှစ်ချုပ်ယူလို့ရတာက အလ္လာဟ့်ကျေနပ်နှစ်သက်မှုဟာ အရေးကြီးတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေကို ဘယ်လိုလက်တွေ့ လိုက်နာကျင့်သုံး အကောင် အထည်ဖော်ရမယ်ဆိုတာကို စံနမူနာပြခဲ့တဲ့၊ အလ္လာဟ်စေလွှတ်ခဲ့တဲ့ နဗီရစူလ်တမန်တော်မြတ်များအနက်က အန္တိမ နောက်ဆုံးတမန်တော်မြတ်မုဟမ္မဒ်(ဆွ)နဲ့ သူရဲ့အဆွာဗ်တော်တွေ (ဒီနေရာမှာကျွန်တော် သောဝ်ဗဟ်လုပ်စရာ ရှိပါတယ်။ အမှားဝန်ခံရမယ့်ကိစ္စတစ်ခု ပေါ်လာပါတယ်)။ ကျွန်တော်တို့ မတောက်တစ်ခေါက်၊ တောက်တစ်ခေါက် နဲ့ (ဒီစကား က ကျွန်တော်တို့ရဲ့ဆရာကြီး ဦးမြတ်သူရဲ့စကားပါ) လေ့လာနေဆဲအချိန်မှာ တမန်တော်မြတ်လမ်းစဉ် လိုက်ရင်ပြီး ရော၊ ကျန်တဲ့ဘယ်သူ့လမ်းစဉ်မှ လိုက်စရာမလိုဘူးလို့ ကျွန်တော်တို့ပြောခဲ့ဖူးပါတယ်။ အဲဒါက ရစူလ်တမန်တော် မြတ်အနေနဲ့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ စံနမူနာကို လိုက်တာကိုပြောတာပါ။ တကယ်တော့ တမန်တော်မြတ် (ဆွ)နဲ့ အတူရှိခဲ့တဲ့ အဆွာဗ်တော်တွေရဲ့ ကောင်းမြတ်သော လုပ်ငန်းဆောင်တာတွေကို ထက်ကြပ်မကွာ လိုက်နာကျင့်သုံးဖို့လည်း ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ကျွန်တော်နောက်ပိုင်းမှာ တွေ့ရှိရပါ တယ်။ ဒီအတွက် ကျွန်တော်အရင်တုန်းက ပြောခဲ့တဲ့စကားအတွက် သောဝ်ဗဟ်လုပ်ရပါတယ်။
ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ်(၄၈) အာယတ်(၂၉)မှာ- ဒီနေရာမှာ ကျွန်တော်တို့အားလုံး အမှတ်မမှားဖို့ အတွက် တစ်ခါတည်းဖော်ပြချင်ပါတယ်။ အဲဒါဘာလဲဆိုရင် ကျွန်တော်တို့ ဒီကနေ့ဆိုနေကြတဲ့ `လာအိလားဟ အိလ္လလ်လာဟ် မုဟမ္မဒွရ် ရစူလွလ္လာဟ်´ ဆိုတာက တကယ်တမ်းတော့ အာယတ်တော်နှစ်ခုပါ။ အံ့သြစရာကောင်း တာက (၄၇း၁၉)မှာ `လာအိလားဟ အိလ္လလ်လာဟ်´ (၄၈း၂၉) မှာ `မုဟမ္မဒွရ် ရစူလွလ္လာဟ်´ အာယတ်တော်နှစ်ခု ပါ။ အဲဒါကို ကျွန်တော်တို့က ဆက်ပြီးတော့ ဒါဟာ ကလေမာဟ်ဆိုပြီးတော့ ပြောပါတယ်။ တကယ်လို့ တစ်ခြားတစ် ယောက်ယောက်က ခင်ဗျားတို့က ကုရ်အာန်ဗလီကိုသွားတဲ့လူတွေ အရမ်းကျွမ်းတယ်။ ကလေမာဟ်သွယစ်ဗ်ရဲ့ ကုရ်အာန်အာယတ်လေးပြောပါဆိုရင် ကုရ်အာန်အာယတ်လေးတစ်ခုပဲလို့ ထင်သွားမှာစိုးလို့ မှတ်မိလွယ်အောင် (၄၇း၁၉) နဲ့ (၄၈း၂၉) ပေါင်းထားခြင်းဖြစ်ကြောင်း ပြောကြားရခြင်းဖြစ်ပါတယ်။ ဆူရာဟ် (၄၈း၂၉) မှာ-
`မုဟမ္မဒွရ် ရစူလွလ္လာဟ်´ “ မုဟမ္မဒ်သည် အလ္လာဟ့်ရဲ့ ရစူလ်တမန်တော်ဖြစ်သည် ” “ ဒါ့ပြင် ထိုရစူလ်နှင့် အတူရှိကြသူတို့သည် အလ္လာဟ့်အမိန့်တော်ကို ဖီဆန်၊ ဆန့်ကျင်သောကိစ္စရပ်များကို ပြင်းထန်သူများဖြစ်ကြပြီး၊ အမှန်သစ္စာတရားအပေါ် ရပ်တည်သူ မိမိတို့အချင်း ချင်းကြားတွင် နူးညံ့ပျော့ပြောင်း ညင်သာမှုရှိကာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိကြသည်။ အသင်တို့ သည် ထိုသူတို့အား အမိန့်လမ်းညွှန်ချက်များကို ကိုင်းညွတ်နာခံလျက်လည်းကောင်း၊ ဦးညွတ်နာခံလျက် (ပျဝပ်ဦး ညွတ်လျက်) ရှိကြသည်ကိုလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ထံတော်မှ ကျေးဇူးတော်အစုံနှင့် ကျေနပ်နှစ်သက်မှု ကို ရှာဖွေဆည်းပူးလျက် ရှိကြသည်ကိုလည်းကောင်း တွေ့မြင်ရပေမည်။ ၎င်းတို့၏ ထင်ရှားသောလက္ခဏာမှာ ၎င်းတို့၏ အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်မိန့်ကြားချက်များကို နှစ်ခြိုက်စွာ အပြည့်အ၀ပျဝပ်ဦးညွတ်နာခံမှုကြောင့် ၎င်းတို့၏မျက်နှာများဝယ် ပေါ်လွင်ထင်ရှားလျက်ရှိသည်။ ထိုအရာသည်ကား သောင်ရာသ်ကျမ်းထဲက သူတို့၏ ထူးခြားတဲ့ပုံသဏ္ဍာန်အတိုင်းပင်။ ၎င်းပြင် အင်ဂျီလ်ကျမ်းထဲက သူတို့၏ ထူးခြားတဲ့ပုံသဏ္ဍာန်အတိုင်းပင် ”
တမန်တော်မြတ်(ဆွ)ကို အလ္လာဟ်အရှင်မြတ်က မိန့်တော်မူပါတယ်။ သင်ဟာ သူတို့ရဲ့အခြေအနေနှစ်ရပ် ကို အသေအချာတွေ့ရမှာဖြစ်ပါတယ်။ တမန်တော်မြတ်နဲ့ အတူတကွရှိနေတဲ့ လူတွေထဲမှာ တစ်ဦးနဲ့တစ်ဦး မျှခြေ မရှိနိုင်ပါဘူး။ တူညီမှုမရှိနိုင်ပါဘူး။ ဘယ်သူက ဘယ်လောက်ယုံကြည်သက်ဝင်ပြီး လိုက်နာကျင့်သုံး အကောင် အထည်ဖော်မလဲ! အဲဒီလူ အရှေ့နည်းနည်း၊ အပေါ်နည်းနည်းရောက်မယ်။ နည်းနည်းလုပ်ကိုင်တဲ့လူက နည်းနည်း ပဲရမယ်။ များများလုပ်ကိုင်ဆောင်ရွက်တဲ့လူက ဆုလာဘ်များများရပါမယ်။ အားလုံးကတော့ ယုံကြည်သက်ဝင်တဲ့ လူတွေ ကြီးပဲ။
တခါတလေ ကျွန်တော်ဟာ အလ္လာဟ့်လမ်းညွှန်မိန့်ကြားချက်နဲ့ ပတ်သက်လာရင် ကျွန်တော်ရဲ့ `နဖ်စ်´က စေ့ဆော်တိုက်တွန်းမှုကြောင့် အပြည့်အ၀နာခံဖို့ တွန့်ဆုတ်နေတယ်။ အဲဒီလို တွန့်ဆုတ်နေတဲ့အချိန်မှာ ကျွန်တော့် ရဲ့ `နဖ်စ်စေလောင်ဝါမာ´က ကျွန်တော့်ကို သတိပေးတယ်။ သံဝေဂရစေတဲ့စိတ်၊ ထိမ်းကျောင်းပေးတဲ့စိတ်။ `နဖ်စ်စေအမ္မရာ´က မဟုတ်တာကို လမ်းပြပေးတဲ့အချိန်မှာ `နဖ်စ်စေလောင်ဝါမာ´က သတိပေးတားမြစ်ပေး တယ်။
ဘာလို့လဲ! ကျွန်တော်တို့ရောက်နေတဲ့ခေတ်ပတ်ဝန်းကျင်က စနစ်တကျလိမ်လည်၊ ခိုးယူ၊ အလွဲသုံးစားလုပ်ရင်း မမှန်မကန်မတရားလုပ်နေတဲ့ ပတ်ဝန်းကျင်ထဲမှာ ကျွန်တော်တို့လူဖြစ်နေတာလေ။ အလွဲသုံးစားလုပ်ဖို့ စနစ်တကျအလွဲသုံးစားလုပ်နိုင်တဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ရောက်နေတယ်လေ။ အဲဒီအခြေအနေမှာ ကျွန်တော်တို့က ကိုယ့်ကိုယ်ကို တည့်မတ်ထိန်းကျောင်းတဲ့အခါမှာ တခါတလေ တွန့်ဆုတ်၊ တုန့်ဆိုင်းနေတယ်။ အပြည့်အ၀မနာခံတဲ့အဆင့် ရူကုဟ်အဆင့်မှာပဲ ရှိတယ်။ ကျွန်တော်တို့သတိဝင်သွားတဲ့အချိန်မှာ အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်ကို ကိုင်းညွတ်တယ်။
ဒါပေမဲ့ `နဖ်စ်စေ မွတ္တမာအင်းနဟ်´ လို့ခေါ်တဲ့ တည်ငြိမ်တဲ့ သမာဓိအဆင့်ကို ပိုင်လာတဲ့ ကျွန်တော်ရဲ့ စိတ်နေစိတ်ထား ရောက်လာပြီဆိုတဲ့အပေါ်မှာ ကျွန်တော်ဟာ အလ္လာဟ့်အမိန့် လမ်းညွှန်မှာကြားချက်တွေကို အပြည့်အ၀(ဆဂျီဒါဟ်) ပျဝပ်ဦးချလိုက်ပြီဖြစ်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော် ပြောင်းလဲလိုက်ပြီ။ တမန်တော် မြတ်ကလည်း သူ့ရဲ့အဆွာဗ်တော်တွေထဲမှာ လူတန်းစားနှစ်ရပ်ကို တွေ့ခဲ့ပြီးဖြစ်တယ်။ `ရုကူဟ်´အဆင့်နဲ့ `ဆူဂျုဒ်´ အဆင့်ဖြစ်တယ်။
ဒီနေရာမှာ ကျွန်တော်တို့ အလ္လာဟ်ရဲ့ကျေးဇူးတော်တွေကို သတိပြုဖို့လိုလာပါတယ်။ တစ်ယောက်က နေကောင်းလားမေးတယ်။ ဖြေတဲ့လူက အလ္လာဟ့်အလိုတော်နဲ့ နေကောင်းပါတယ်ပေါ့။ ခင်ဗျား အဆင်ပြေလားမေးတယ်။ ပြေလည်ရဲ့သားနဲ့ မပြေလည်ဘူးဖြေတယ် (ချေးငှား၊ ကျွေးမွေးခိုင်းမှာ စိုးရိမ်လို့)။ ချေးငှား၊ ကျွေးမွေးရမှာက ကိုယ့်ကိစ္စ။ မလုပ်ချင် လည်းရတယ်။ အမှန်အတိုင်း မလိမ်မ၀ှက်ဖြေရမှာက တစ်ပိုင်း။ ဘာဖြစ်လို့လဲ ကျွန်တော်တို့ကို အလ္လာဟ်မေးမယ့် မေးခွန်းထဲမှာ
“ အလ္လာဟ်ချီးမြှင့်အပ်နှင်းထားတဲ့ ကျေးဇူးတော်တွေနဲ့ပတ်သက်ပြီး မည်သို့ မည်ပုံ သုံးစွဲလုပ်ကိုင် ဆောင်ရွက်ခဲ့လဲဆိုတဲ့အပိုင်းကို ကိယာမသ်အခါကာလတွင် အသေအချာမေးမြန်းခံရမှာဖြစ်ပါတယ် ” (ကုရ်အာန် – ၁၀၂း၈) “ အသင့်ကို အသင့်အရှင်က ချီးမြှင့်အပ်နှင်းထားတဲ့ ကျေးဇူးတော်တွေနဲ့ပတ်သက်ရင် နောက်လူတွေကို ထုတ်ဖော်ပြောကြားလိုက်ပါ ” (ကုရ်အာန် – ၉၃း၁၁) အလ္လာဟ့်ကျေးဇူးတော်နဲ့ အဆင်ပြေသွားပြီပေါ့။ ဘယ်လောက်ကောင်းလဲဗျာ။ အရှင့်ကျေးဇူးနဲ့ပတ်သက်ရင် `ဖဟဒ္ဒီးဆ်´ ဆင့်ပြန်လိုက်။
အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက် သဘောတူညီမှုကိုရရှိဖို့ ကျွန်တော်တို့က အဆွာဗ်တော်တွေရဲ့ နာမည်ကိုဖတ်ပြီးရင် ဘာဆိုလဲဆိုရင် `ရဒွီယလ်လာဟုအားန်ဟု´ အလ္လာဟ် သူ့ကို ကျေနပ်နှစ်သက်သဘောတူခဲ့ ပြီးဖြစ်သည်လို့ ကျွန်တော်တို့ပြောတယ်။ အမျိုးသမီးတွေဆိုရင် `ရဒွီယလ်လာဟုအာန်ဟာ´ သူမကို အလ္လာဟ် အရှင်မြတ်က ကျေနပ်နှစ်သက် သဘောတူညီပြီးဖြစ်သည်လို့ ပြောတာဖြစ်တယ်။ တစ်ခါ အဆ်ွဟာဘ်တော်တွေရဲ့ မျက်နှာသွင်ပြင်ဟာ စိဂ်ျဒဟ်လုပ်တာကြောင့် သူတို့မျက်နှာမှာ ပေါ်လွင်နေတယ်ဆိုတဲ့အပိုဒ်ကို တိုက်ရိုက်ဘာသာ ပြန်ရင် သူတို့ရဲ့ ဦးညွှတ်ပျဝပ်လိုက်တဲ့အတွက်ကြောင့် သူတို့ရဲ့မျက်နှာမှာ အမှတ်အသားတွေ၊ ထင်ပေါ်နေတာ တွေ့နေရပါတယ်တဲ့။ ရိုးရိုးဘာ သာပြန်ထဲမှာ အဲဒီအတိုင်းတွေ့ရပါတယ်။ နမာဇီရဲ့ သင်္ကေတတစ်ခုပေါ့။
ဒါပေမဲ့ ကျွန်တော်တို့ကျမ်းမြတ်ကုရ်အာန်ကို စနစ်တကျ သုတေသနလုပ်ရင် လူတစ်ယောက်ရဲ့မျက်နှာ- ၀မ်းသာ၊ ၀မ်းနည်းကြေကွဲ ခံစားရတာတွေ၊ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ရိုကျိုးမှု၊ ကြောက်လန့်မှု၊ တည်ငြိမ်အေးချမ်းမှု၊ မနာလိုမှု၊ ကောက်ကျစ်မှု၊ ဒေါသဖြစ်မှု စတဲ့ ခံစားမှုအပေါင်းဟာ အဲဒီမျက်နှာမှာ ပေါ်ပါတယ်။ လူတစ်ယောက်ရဲ့ မျက်နှာဟာ အဲဒီလူရဲ့ ဒုတိယဘ၀လို့ ပြောလို့ရပါတယ်။ လူတစ်ယောက် ဒါမှမဟုတ် လူ့အဖွဲ့အစည်းဝင်တွေဟာ အလ္လာဟ်ရဲ့အမိန့်ကို သက်ဝင်ယုံကြည် လိုက်နာကျင့်သုံးနေရင်းနဲ့ အဲဒီလူတွေရဲ့မျက်နှာဟာ `နူရ်´ဖြစ်လာပြီးတော့ သူတော်စင်လို့ သတ်မှတ်ကြပါတယ်။ ဒါကြောင့် အဆွာဗ်တော်တွေရဲ့ မျက်နှာတွေဟာ အလ္လာဟ့်အမိန့်လိုက်နာ မှုနဲ့အတူ လင်းဝင်းနေခြင်းဖြစ်တယ်လို့ ဆိုခြင်းဖြစ်ပါတယ်။
တမန်တော်မြတ်က အစ္စလာမ်ကို ဖိတ်ခေါ်ခဲ့တဲ့နေရာမှာ နေရာအနှံ့ကို အဆွာဗ်တော်တွေကို စေလွှတ်ခဲ့ တယ်။ အဲဒီလို နေရာအနှံ့လွှတ်တဲ့ အဆွာဗ်တော်တွေထဲမှာ သူများပစ္စည်း လိမ်ညာ၊ ခိုးဝှက်၊ မတရား အကြံအဖန် နည်းနဲ့ သိမ်းယူတဲ့အကျင့်စရိုက်ရှိတဲ့ လူတွေလွှတ်ရင်ရမယ်လို့ ထင်သလား။ မရဘူး။ အဲဒီလူတွေရဲ့ ကိုယ်ကျင့် တရားက အင်မတန်မြင့်မားတဲ့ အနေအထားမှာရှိတယ်။ သူတို့ရဲ့မျက်နှာကို မြင်လိုက်တာနဲ့ မြင်ရသူဟာ လေးစား ကြည်ညိုပြီးသားဖြစ်နေတယ်။ မျက်နှာမြင် ချစ်ခင်ပါစေဆိုတာမျိုးပေါ့။ သူတို့ရဲ့မျက်နှာကို မြင်ပြီးတာနဲ့ ယုံကြည် လေးစားမှုရှိသွားတယ်။
ဒီအာယတ်ကိုကြည့်လိုက်ရင် သောင်ရသ်ကျမ်းရတွေထဲက (တစ်နည်းအားဖြင့်) တမန်တော်မြတ် အီဗရာဟင်မ်(အ)၊ မူဆာ(အ)၊ ဟာရွန်း(အ)၊ အီစာ(အ) အထိရှိခဲ့တဲ့ တမန်တော်မြတ်တွေရဲ့ အဆွာဗ်တော်တွေ လည်းပဲ ဒီအလုပ်တွေကိုလုပ်ခဲ့တယ်။ အလ္လာဟ်လမ်းညွှန်ချက် အမိန့်ဥပဒေသတွေကို တသွေမတိမ်း လိုက်နာကျင့် သုံးခဲ့ကြတယ်။ အင်န်ဂျီးလ်ကျမ်းရ တမန်တော်မြတ်ကြီး အီစာ(အ)ရဲ့ အွမ္မသ်တွေထဲက အဆွာဗ်တော်ကြီးတွေ လည်း ဒီအရည်အသွေးရှိခဲ့တယ်။ အဲဒီတော့ အလ္လာဟ်ပေးတဲ့ဥပမာ တမန်တော်မြတ်တွေနဲ့အတူရှိခဲ့ကြတဲ့ အဆွာဗ် တော် ရဲဘော်ရဲဘက်တွေဟာ ဥပမာအားဖြင့် `လယ်ယာစိုက်ခင်းတစ်ခု၏ မျိုးစေ့တစ်စေ့နှင့်ပမာတူ၏။ အဲဒီမျိုးစေ့ ဟာ မိမိ၏အစို့အညှောင့်ကို ထွက်စေသည်။ အဲဒီနောက် အဲဒီအစို့အညှောင့်ကို သန်မာစေတယ်။ အဲဒီနောက် တုတ်ခိုင်ကြီးထွားဖွံ့ဖြိုးလာသည်။ ပြီးတော့ သူ့ရဲ့ပင်စည်၊ ပင်ရိုးတံမှာ တည့်မတ်စွာ ထောင်တက်အောင်မြင်လာ တယ်။ အဲဒီအခါ လယ်ယာလုပ်ကိုင်သူ တောင်သူလယ်သမားဟာ အထူး အားရကျေနပ်ပီတိဖြစ်စေမှာ အမှန်ပင်။ (မျိုးစေ့မှန်မှ အပင်သန်သည်) အလ္လာဟ့်အမိန့်နာခံတော်တွေရဲ့ အဲဒီလို တဖြေးဖြေးချင်း စနစ်တကျဖွံ့ဖြိုးတိုးတက် ကြီးထွားရှင်သန် အောင်မြင်ဖြစ်ထွန်းလာတာကို အလ္လာဟ့်အမိန့်တော်ကို သွေဖည်ဆန့်ကျင် ဖုန်းကွယ်တတ်သူတွေအတွက် အမျက် ဒေါသပွားစရာပါ။ (မေတ္တာကရုဏာ၊ မုဒိတာပွားရမဲ့အစား မနာလိုဝန်တိုစိတ် ကြောင့် လောဘ၊ မောဟ၊ ဒေါသတွေဖြစ်နေကြတာပါ။)
ကျွန်တော်တို့က (၂၁)ရာစုမှာ လူလာဖြစ်ပြီး မြန်မာပြည်မှာကြီးပြင်းလာတဲ့ လူတစ်ယောက်ဖြစ်နေတော့ ဒီကနေ့ ကမ္ဘာပေါ်မှာ မွတ်ဆလင်မ်တွေ တိုးတက်ကြီးပွား အဆင်ပြေအောင်မြင် အမြင့်ကိုတက်နေတာကို မလိုလားတဲ့လူတွေ အခုမှပေါ်လာတာမဟုတ်ပါဘူး။ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) အဲဒီမတိုင်ခင် တမန်တော် အီစာ(အ)၊ တမန်တော်မြတ်တွေ အဆက်ဆက်ရဲ့ လမ်းညွှန်မိန့်ကြားချက် အလ္လာဟ့်လမ်းညွှန်ကို လက်တွေ့လိုက် နာကျင့်သုံး အကောင်အထည်ဖော်ခဲ့တဲ့ မွတ်ဆလင်မ်ဆိုတဲ့လူတွေ အမြဲတမ်း အခုလို သူတစ်ထူးရဲ့မကျေနပ် ဒေါသဖြစ်စရာတွေ ကြုံတွေ့နေရတာ ရှိခဲ့ပါတယ်။
မွတ်ဆလင်မ် အရက်ချက်စက်ရုံရှိပါသလား။ မွတ်ဆလင်မ် စီးကရက်စက်ရုံရှိပါသလား။ မွတ်ဆလင်မ်တွေ ရဲ့ အတိုးချစားတဲ့လုပ်ငန်းလုပ်တဲ့ အပေါင်ဆိုင်ရှိပါသလား။ မွတ်ဆလင်မ်တွေထောင်ထားတဲ့ ကာရာအိုအေဆိုင်၊ မာဆက် ခန်းမများ ရှိပါသလား။ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားမျိုးစုံ လုပ်ကိုင်ခြင်းရှိပါသလား။ မွတ်ဆလင်မ်တွေ ထုတ်လုပ်ရောင်းချနေတဲ့ ဘိန်းဖြူနဲ့မူးယစ်ဆေးဝါး စက်ရုံများရှိပါသလား။ လုံးဝ (လုံးဝ) မရှိပါဘူး။ လူနဲ့ လူ့ပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးနစ်နာစေအောင်၊ ဆင်းရဲသားတွေရဲ့ဘ၀ ဘယ်တော့မှ ရပ်တည်ဖို့မရစေတဲ့ အတိုးပေးစားခြင်းဖြင့် လူ့ဘ၀ကြီး လုံးဝပျက်စီးသွားအောင် လူတွေကို နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးတဲ့အလုပ်တွေကို မလုပ်ရလေအောင် အလ္လာဟ်အရှင်မြတ်က `ဟရာမ်´လို့သတ်မှတ်ထားတဲ့အတွက် ဘယ်မွတ်ဆလင်မ်မှ မလုပ်ကြပါဘူး။ အလ္လာဟ်အရှင်မြတ်က တားမြစ်ပိတ်ပင်ထားပါတယ်။
မွတ်ဆလင်မ်တွေဟာ `ဟလာလ်´ခွင့်ပြုတဲ့လုပ်ငန်းတွေကို တရားသဖြင့်ပဲ စီးပွားရှာစားကြရပါတယ်။ တရားသဖြင့်ပဲ လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိတယ်။ ရရှိလာတဲ့အကျိုးအမြတ်၊ အသီးအပွင့်တွေကိုလည်း တရားသဖြင့် နောက်လူတွေကို မျှဝေခံစားပေးရမှာဖြစ်တယ်။
ဒါပေမဲ့ မွတ်ဆလင်မ်တွေမှာ မတရားစီးပွား ရှာဖွေစားသောက်ခွင့် ဘာမျှမရှိတာတောင် ရှိတဲ့အလုပ်လေး တွေထဲက ကြိုးစားပြီးလုပ်လာတဲ့အခါမှာ လူတွေကြားထဲမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာပွားရမဲ့အစား အဓိက မနာလိုဝန်တိုမှုများနေလို့ ဖြစ်ပါတယ်။ အဲဒီ မနာလိုဝန်တိုမှုကြောင့် လောဘ၊ ဒေါသ၊ မောဟ၊ အတ္တ၊ မစ္စရိယ ပေါ်လာခြင်းဖြစ်ပါတယ်။ အဲဒီလို မနာလိုဝန်တိုမှုတွေကင်းပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ကိုယ်ချင်းစာနာ မှုတွေနဲ့ လူနှင့်လူ့ပတ်ဝန်းကျင်ကို အကျိုးပြုတဲ့လုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်ဖို့နဲ့ ရလာဘ်ကို ဖော်ပြလိုပါတယ်။
အလ္လာဟ်အရှင်မြတ်က “ အလ္လာဟ်အရှင်မြတ်သည် အီမာန်သက်ဝင်ယုံကြည်ပြီး ကောင်းမြတ်သော လုပ်ငန်းဆောင်တာများ (လူနှင့်လူ့ပတ်ဝန်းကျင် ဘေးရန်ကင်းပြီး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေသော လူ့အကျိုးပြု ပရဟိတ လုပ်ငန်းများ)ကို ကျင့်မူဆောက်တည် အကောင်အထည်ဖော်သူတို့အား လုံခြုံဘေးကင်း ခွင့်လွှတ်ချမ်းသာမှုပေးရန် နှင့် ကြီးကဲလှစွာသော အကျိုးကျေးဇူးဆုလာဘ်ကို ချီးမြှင့်ပေးတော်မူရန် ကတိပေးတော်မူပြီးဖြစ်သည် ” (ကုရ်အာန် – ၄၈း၂၉)
အဲဒီလို အလ္လာဟ်အရှင်မြတ် သက်ဝင်ယုံကြည်ခိုင်းထားတဲ့ဟာတွေကို အီမာန်သက်ဝင်ယုံကြည်ပြီး အလ္လာဟ်ပြဌာန်းထားတဲ့ လူနဲ့လူ့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေတဲ့ ကောင်းမြတ်သောလုပ်ငန်းဆောင်တာ များကို ဆောင်ရွက်ဖို့ အလ္လာဟ်က ညွှန်ကြားထားပါတယ်။ အဲဒီလိုလုပ်ခဲ့ရင် အဲဒီလူတွေထဲက လူတွေအတွက် အလ္လာဟ်ဘက်က `မဂ်ဖိရသ်´ မကောင်းမှု၊ မတရားမှုတွေကို ကျူးလွန်ဖောက်ဖျက်နေကြောင်း သိရှိသည်နှင့် တပြိုင်နက် သောဝ်ဗဟ်ပြုလုပ်ပြီး ကောင်းမြတ်တဲ့လမ်းမှန်ပေါ် ရောက်ပြီ၊ ပြုလုပ်ပြီဆိုတာနဲ့ အဇာဗ်(ပြစ်ဒဏ်) ဆိုတာ ရပ်သွားပြီ။ မဂ်ဖိရသ်(လုံခြုံမှု)နဲ့ ရဟ်မသ်(ကရုဏာ၊ အထောက်အပံ့)ရောက်လာမယ်။ အလ္လာဟ်ရဲ့ ခွင့်လွှတ်ချမ်းသာပေးမှု၊ လုံခြုံမှု၊ အေးချမ်းသာယာမှု ရောက်လာမယ်။ ဒါ့အပြင် အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အလ္လာဟ်ကိုကြောက်လို့ အီမာန်သက်ဝင်ယုံကြည်ခြင်း မဟုတ်ပါဘူး။ အလ္လာဟ်ကို ကြောက်လို့ အေဗာဒသ်ပြုခြင်းမဟုတ်ပါဘူး။ အလ္လာဟ်ကိုကြောက်လို့ သက္က၀ါတရားထားခြင်းမဟုတ်ပါဘူး။ အလ္လာဟ်ကိုကြောက်လို့ အလ္လာဟ်ခိုင်းတဲ့အလုပ်တွေ လုပ်နေခြင်းမဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်က လမ်းညွှန် ပြပြီးတော့ မိန့်ကြားထားတဲ့ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူး နားလည်သဘောပေါက်လိုက်တာနဲ့ အလ္လာဟ်ကိုမှမယုံရင် မဖြစ်ဘူးဆိုတဲ့အသိ သူရဲ့စိတ်နှလုံးသားထဲကို ၀င်လာတဲ့အတွက် သူ့ရဲ့လွတ်လပ်တဲ့ သဘောဆန္ဒအရ အဲဒီလူသား၊ အဲဒီလူ့အဖွဲ့အစည်းဝင်တွေဟာ အလ္လာဟ်အရှင်မြတ်ကို သက်ဝင်ယုံကြည်နေကြ ခြင်း ဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်ကိုမှ သြဇာခံခြင်းမရှိရင် မဖြစ်ဘူးလို့သိလို့ အလ္လာဟ်တစ်ပါးတည်းကိုပဲ သြဇာခံနေရ ခြင်းဖြစ်ပါတယ်။ အလ္လာဟ့်လမ်းညွှန်ပြဌာန်းချက်နဲ့ ဘ၀တည်ဆောက်မှဖြစ်မယ်လို့ ယုံကြည်သက်ဝင် လိုက်နာကျင့် သုံးတဲ့အတွက် အလ္လာဟ်ကို သက္က၀ါတရားထားနေကြခြင်းဖြစ်ပါတယ်။ အဲဒီ အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ လမ်းညွှန်မိန့်ကြားချက်နဲ့အညီ လူနဲ့ လူ့ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းမြတ်တဲ့လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ခြင်းဖြင့် လူသားတွေ အကျိုးရှိသွားစေဖို့ ကျွန်တော်တို့မှာတာဝန်ရှိတယ်လို့ ခံယူလို့ `အမလ်လေ ဆွာလေဟာဗ်´ဆိုတဲ့ အလုပ်တွေကို လုပ်နေကြခြင်းဖြစ်ပါတယ်။
အဲဒီတော့ သေချာကြည့်လိုက်ရင် ကျွန်တော်တို့ စိတ်နှလုံးသားတွေထဲကို ကျေကျေနပ်နပ်နဲ့ ကျွန်တော်တို့ ရဲ့ဆန္ဒ၊ ရမ္မက်၊ အတ္တ အူရ်ဒူနဲ့ပြောရင် `မသ်လပ်´ မြန်မာလိုဆိုရင် `ချင်ခြင်း´။ တစ်ခုခုလုပ်ရင် အကျိုးကျေးဇူး ကြီးကြီးမားမားရလာမယ်လို့ မျှော်လင့်မထားဘဲနဲ့ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက် သဘောတူညီမှုတစ်ခုထဲ အတွက်ကြောင့် တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်နေကြခြင်းဆိုတာကို ပေါ်လွင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျမ်းတော်မြတ်ကုရ်အာန် (၉း၇၂)မှာ
“ အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက် သဘောတူညီမှုဟာ အထွတ်ထိပ်ပဲ၊ အကောင်းဆုံးပဲ၊ အကြီးကျယ် ဆုံးပဲ၊ အမြင့်မြတ်ဆုံးပဲ။ ” အဲဒီဟာနဲ့ ညီမျှခြင်းထိုးလို့ရတဲ့ (၂၉း၄၅)မှာ “ အလ္လာဟ်ရဲ့ `ဇိက်ကိရ်´ ၊ အလ္လာဟ်ရဲ့ အဆုံးအမ ကျမ်းမြတ်ကုရ်အာန်ဟာ အထွတ်အထိပ်ပဲ ” အထွတ်အထိပ်ကိုလိုချင်ရင် အထွတ်ထိပ်ဖြစ်တဲ့ကျမ်းမှာ ပါဝင်တဲ့ လမ်းညွှန်မိန့်ကြားချက်တွေကို သိနားလည် သဘောပေါက်အောင်လုပ်ပြီး၊ လက်တွေ့လိုက်နာ ကျင့်သုံး အကောင်အထည်ဖော်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုဆိုတဲ့ အကျိုးကျေးဇူးကိုရမယ်။ `အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်မှုက အကြီးကျယ်ဆုံး၊ အထွဋ်အထိပ်ပါ´ဆိုတာကို တင်ပြရင်းနဲ့ နိဂုံးချုပ် ပါတယ် ။ ။
အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုသည် အကြီးကျယ်ဆုံး
မုဖ်သီဦးသန်းအောင်(LL.B) 29-11-2013