အာယသ်တော်များအကြောင်း သိကောင်းစရာ 12.9.2014 မုဖ်သီ ဦးစန်းအောင် (B.Sc)
အာယသ်တော်များအကြောင်း သိကောင်းစရာ
မုဖ်သီ ဦးစန်းအောင် (B.Sc)
လေးစားအပ်ပါသော ဂျမာအသ်ဝင်မိသားစုများနှင့်တကွ ကြွရောက်လာကြသော မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား —
အတ်စလာမုအလိုင်းကွန်း(မ) ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု..
ကျနော်ဒီနေ့(၁၂-၉-၂ဝ၁၄)မှာ တင်ပြမဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ `ကုရ်အာန်မှ အာယသ်တော်များ အကြောင်း´ပဲဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ပြီးခဲ့တဲ့ ရမဒွါန်လထဲမှာတော့ ကုရ်အာန်မှ ဆူရာဟ်တော်များအကြောင်း ကိုတင်ပြခဲ့ပြီးဖြစ်လို့ ကျနော့်အနေနဲ့ ဆက်လက်ပြီး အာယသ်တော်များအကြောင်းကို တင်ပြသွားဖို့တာဝန်ရှိတယ် လို့ ခံယူမိပါတယ်။
မွတ်ဆလင်မ်တိုင်းဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့လမ်းညွှန်ချက်များ၊ အနှစ်သာရများကို နားလည်သဘော ပေါက်အောင် ကြိုးစားဖို့တာဝန်ရှိပါတယ်။ ဒီလိုသဘောပေါက်အောင် ကြိုးစားတဲ့အပိုင်းမှာ ကျမ်းတော်မြတ်ကုရ် အာန်ရဲ့ တည်ဆောက်ထားပုံ(Structure of The Quran)နဲ့တကွ၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ အခင်းအကျင်းတွေ၊ ထူးခြားချက်တွေ၊ အမှတ်သညာအစရှိတာတွေကိုလည်း နားလည်သဘောပေါက်ထားဖို့လိုအပ်ပါမယ်။ ဒါကြောင့် ဒီကနေ့ ကျနော်တင်ပြသွားမဲ့ အာယသ်တော်များရဲ့ အခန်းကဏ္ဍနဲ့ အခင်းအကျင်းတွေကိုလည်း နားလည်သဘော ပေါက်ဖို့ လိုအပ်ပါတယ်။
ဒီနေရာမှာ ကျနော်မေတ္တာရပ်ခံ အသိပေးလိုတာကတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယသ်တော်များ အကြောင်းကို တင်ပြတဲ့အခါမှာ ပညာရှင်များအကြားမှာ ဖြစ်ပေါ်နေတဲ့ အယူအဆကွဲပြားမှုတွေ၊ အမြင်မတူမှုတွေ၊ သဘောထားမကိုက်ညီမှုတွေကိုပါ ထည့်သွင်းတင်ပြသွားမှာဖြစ်ပါတယ်။ ဒီလိုကွဲပြားခြားနားမှုတွေကို ဖြေရှင်းလို့ မရတဲ့ ပြသနာများအဖြစ် သဘောမထားပဲ ဖြေရှင်းရန်တာဝန်ရှိတဲ့ ပုစ္ဆာတစ်ပုဒ်လို့ပဲ သဘောထားပြီး ဆက်လက် လေ့လာသုံးသပ်သွားရမယ်လို့ နားလည်သဘောပေါက်ပေးပါ။
ရှေးဦးစွာခွတ္တဗာဟ်ရဲ့ နိဒါန်းပိုင်းမှာ ကျနော်ရွတ်ဖတ်သွားတဲ့ ကုရ်အာန်(၁၆း၁၂)ကို ဦးစွာပထမရှင်းပြပါ ရစေ။
`အလ္လာဟ်အရှင်မြတ်သည် ညကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊ သူရိယနေမင်းကိုလည်းကောင်း၊ လစန္ဒာကိုလည်းကောင်း သင်တို့အကျိုးကျေးဇူးအတွက် အမိန့်တော်ကို လိုက်နာစေခဲ့သည်။ ထို့ပြင်မက နက္ခတ် တာရာများသည်လည်း အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို လိုက်နာခဲ့ပေပြီ။ ဧကန်မလွဲ ယင်းအရေးကိစ္စ၌ အသိတရားရှိသူတို့အဖို့ သက်သေလက္ခဏာတော်များ ရှိလေသည်။´ (ကုရ်အာန် ၁၆း၁၂)
ဒီနေရာမှာ ကြားဖြတ်တင်ပြလို့တဲ့အချက်တစ်ရပ် ရှိပါတယ်။ ဘာလဲဆိုတော့ ဒီအာယသ်မှာပါရှိတဲ့ နေ၊လ၊ ကြယ်၊ နက္ခတ်တွေဟာ လူတွေအကျိုးကို ထမ်းဆောင်နေတယ်၊ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့အချက်ကို ထောက်ပြ ပြီး Astrologer လို့ခေါ်တဲ့ နက္ခတ္တဗေဒဆရာများက ကြယ်နက္ခတ်တွေရဲ့ပြောင်းလဲသွားလာ လှုပ်ရှားမှုများဟာ လူတွေရဲ့ဘဝဖြစ်စဉ်ကို ပြောင်းလဲသွားနိုင်ကြောင်း၊ ကုရ်အာန်ကပြထားပါတယ်ဆိုပြီး Astrology ဆိုတဲ့ နက္ခတ္တ ဗေဒပညာကို အထူးတလည် လေ့လာလိုက်စားကြပါတယ်။ လူနဲ့လူ့ပတ်ဝန်းကျင်ရဲ့ ရှေ့ဖြစ်၊ နောက်ဖြစ်တွေကို ဟောကြားကြပါတယ်။ ဒီနေရာမှာ အထူးသဘောပေါက်ရမှာကတော့ ကျနော်က လူတွေရဲ့ ယူဆပုံကို တင်ပြထားခြင်းသာဖြစ်ပြီး ဗေဒင်ပညာကို ယုံရမယ်လို့ပြောနေတာ မဟုတ်ပါဘူး။
ဆက်လက်ပြီး ကျနော့်ရဲ့ခေါင်းစဉ်အပိုင်းကို ဆက်လက်တင်ပြပါ့မယ်။ ကျမ်းမြတ်ကုရ်အာန်မှာ `အာယသ်´ လို့ဆိုတဲ့ အရဗီဝေါဟာရကို တစ်ခုကိန်း(Singular)အဖြစ် (၈၄)ကြိမ် ပါရှိသုံးနှုံးထားပြီး အများကိန်း(Plural)အဖြစ် (၁၄၈)ကြိမ်ပါရှိ သုံးနှုံးထားပါတယ်။ နောက်ဆက်နာမ်စားများနဲ့ တွဲဖက်ပြီးတော့ အကြိမ်ရေများစွာ ပါဝင်ပါတယ်။ အဲဒီတော့ ကျနော်တို့ ပထမဦးဆုံး လေ့လာရမဲ့အပိုင်းက ကျမ်းမြတ်ကုရ်အာန်မှာ `အာယသ်´ဆိုတဲ့ ဝေါဟာရကို ဘယ်လိုအနက်သဘော ဖွင့်ဆိုသလဲဆိုတာကို ဖြစ်ပါတယ်။
`အာယသ်´ဟူသော ဝေါဟာရမှာ အရဗီဝေါဟာရဖြစ်ပြီး အင်္ဂလိပ်ဘာသာအားဖြင့် (Verse)ဆိုပြီးလည်း ကောင်း၊ မြန်မာဘာသာအားဖြင့် `စာကြောင်းတစ်ကြောင်း´ဆိုပြီးလည်းကောင်း၊ ယေဘုယျအားဖြင့် အဓိပ္ပါယ် ထွက်ရှိပါတယ်။ ဒါပေမဲ့ ကျမ်းမြတ်ကုရ်အာန်က `အာယသ်´ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို အနက်သဘော (၄)မျိုးဖြင့် ဖော်ပြထားပါတယ်။
အဲဒီ(၄)မျိုးကတော့…….
(က) နိမိတ်လက္ခဏာ(သို့) ကြိုတင်ညွှန်ကြားချက်
ကျမ်းမြတ်ကုရ်အာန်(၂း၂၄၈)မှာ အလ္လာဟ်အရှင်မြတ်က `အာယသ်´ဟူသော ဝေါဟာရကို အစ္စရာအီးလ် အမျိုးသားများနှင့် ပတ်သက်ပြီး နိမိတ်လက္ခဏာတစ်ရပ် အဖြစ် အောက်ပါအတိုင်း သုံးနှုံးထားပါတယ်။
`အီစ်ရာအီးလ်မျိုးနွယ်တို့အား သူတို့၏ နဗီတမန်တော်က ဤသို့မိန့်ကြားတော်မူလေသည်။
`ဧကန်အမှန်ပင် `တွာလူးသ်´အနေဖြင့် ဘုရင်အဖြစ်ခန့်အပ်ခံရခြင်းသည် တမန်တော်မူစာ(အ)၏ အဆက်အနွယ်များနှင့် တမန်တော်ဟာရွန်(အ)၏ အဆက်အနွယ်များက ကြွင်းကျန်ထားရစ်ခဲ့သည့် ဓါတ်တော် မွေတော်(သမိုင်းအမွေအနှစ်)များ သင်တို့ထံသို့ ပြန်လည်ရောက်ရှိလာလျက် ရှိသည်ဟူသော နိမိတ်လက္ခဏာပင် ဖြစ်သည်။ ယင်းဓါတ်တော်မွေတော်များထဲ၌ သင်တို့ကို မွေးမြူပြုစုပျိုးထောင်သော အလ္လာဟ်အရှင်မြတ်ထံမှ ငြိမ်း အေးသာယာမှုရှိပြီး၊ `မလာအိကာဟ်´သဘာဝအင်အားစုများက ယင်းအမွေအနှစ်များကို သယ်ဆောင်ထားလျက် ရှိပေသည်။ အကယ်၍ သင်တို့သည်အီမာန်သက်ဝင် ယုံကြည်သူများဖြစ်ကြမည်ဆိုလျှင် ယင်းအထဲ၌ သင်တို့ အတွက် ဧကန်အမှန်ပင် သက်သေလက္ခဏာတစ်ရပ် ရှိလေသည်။´ (ကုရ်အာန် – ၂း၂၄၈)
( ဒီ အာယသ်က ဗနီအီစ်ရာအီလ်းတွေရဲ့ သမိုင်းအဆစ်အချိုးအကွေ့တစ်ခုကို ဖေါ်ထုတ်ပြနေခြင်းဖြစ်ပါ တယ်။ ဗနီအီစ်ရာအီလ်းတို့အပေါ် အလ္လာဟ်အရှင်မြတ်က ‘ တွာလူသ်း’ ကိုအုပ်ချုပ်သူအဖြစ်ခန့်အပ်လိုက်တဲ့အခါမှာ ဗနီအီစ်ရာအီလ်းတွေက လက်မခံကြပါဘူး။ ဒီအချိန်အခိုက်မှာ ဗနီအီစ်ရာအီလ်းတို့ စစ်ရှူံးနိမ့်နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာအတွက်၊ သူတို့ရဲ့ ရှူံးနိမ့်နေတဲ့စစ်ပွဲအတွက် ဗနီအီစ်ရာအီလ်းတွေဟာ အောင်နိုင် ရေးစစ်ပွဲတစ်ပွဲကို မဖြစ်မနေဆင်နွှဲရတော့မှာဖြစ်ပါတယ်။ ဒီအောင်နိုင်ရေးစစ်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ‘တွာလူသ်း’ ကို မဖြစ်မနေ ဘုရင်တစ်ပါးအဖြစ် ဗနီအီစ်ရာအီလ်းတွေက တင်မြှောက်ရမယ်ဆိုတာကို သူတို့ရဲ့ တမန်တော် တစ်ပါးဖြစ်တဲ့ Samuel က အသိပေးနေခြင်းပဲဖြစ်ပါတယ်။ အကယ်၍ ‘တွာလူသ်း’ သာ အီစ်ရာအီလ်းတို့အတွက် ဘုရင်ဖြစ်ခဲ့လျှင် အီစ်ရာအီလ်းမျိုးနွယ်တို့ရဲ့ အနေအထားဟာ တမန်တော်မူစာ(အ)တို့၊ တမန်တော် ဟာရူန်း(အ) တို့ရဲ့ ဖိရ်အောဝ်ဘုရင်အပေါ် အောင်နိုင်ခဲ့တဲ့ အခြေအနေတစ်ရပ်ကို ပြန်လည်ရောက်ရှိသွားမဲ့သဘောကို ‘နိမိတ် လက္ခဏာတစ်ရပ်’ အနေနဲ့ အထက်ပါ အာယသ်တော်က ပုံဖေါ်နေခြင်းဖြစ်ပါတယ်။
(ခ) သွန်သင်ဆုံးမချက်(သို့) သင်ခန်းစာတစ်ရပ်
`ဧကန်အမှန်ပင် ယင်းအရာထဲ၌ ဆင်ခြင်သုံးသပ်သူ အစုအဖွဲ့ဝင်များအတွက် သင်ခန်းစာ(အာယသ်) တစ်ရပ်ရှိလေသည်။´ (ကုရ်အာန် – ၁၆း၁၁)
(ဂ) အံ့ဖွယ်ရာသက်သေလက္ခဏာတော်
`ငါအလ္လာဟ်အရှင်မြတ်က အီစ်ရာအီလ်မျိုးနွယ်တို့အပေါ် ရှင်းလင်းထင်ရှားသော အံ့ဖွယ်ရာသက်သေ လက္ခဏာတော်(အာယသ်) အဘယ်မျှပေးခဲ့သည်ကို အသင်တမန်တော် အီစ်ရာအီးလ်မျိုးနွယ်များအား မေးမြန်း လိုက်ပါလေ။´ (ကုရ်အာန် ၂း၂၁၁)
(ဃ) ဝါကျတစ်ကြောင်း
`ထို့ပြင် ငါအရှင်မြတ်သည် ကျမ်းမြတ်ကုရ်အာန်ပါ ဝါကျတစ်ကြောင်း(အာယသ်)ကို (အခြား)ဝါကျ တစ်ကြောင်း၏ နေရာ၌ပြောင်းလဲတော်မူသောအခါ အလ္လာဟ်အရှင်မြတ်သည်သာလျှင် သူထုတ်ပြန်ထားသော အမိန့်တော်ကို အသိတော်မူဆုံးပင်ဖြစ်သည်။´ (ကုရ်အာန် ၁၆း၁၀၁)
ကျမ်းမြတ်ကုရ်အာန်ကို အခြေပြုပြီးလေ့လာမယ်ဆိုရင် `အာယသ်´ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်တဲ့ အနက် အဓိပ္ပါယ်တွေကို အထက်ပါအတိုင်း(၄)မျိုးခွဲ တွေ့မြင်နိုင်ပါတယ်။ ဒီအချက်တွေက အာယသ် ဆိုတဲ့ အရဗီဝေါဟာရကို ကျမ်းမြတ်ကုရ်အာန်က ဘယ်လို အဓိပ္ပါယ်သတ်မှတ်ချက် (Definition) ဖွင့်တယ်ဆိုတာကို တင်ပြတာပါ။
ဆက်လက်ပြီးကျမ်းမြတ်ကုရ်အာန်မှာ အာယသ်တော်ဘယ်နှစ်ခု ပါရှိသလဲဆိုတာကို တင်ပြပါမယ်။
ကျမ်းမြတ်ကုရ်အာန်၌ `အာယသ်´တော် အရေအတွက် မည်မျှပါရှိသနည်း။
အထက်ပါ မေးခွန်းအပေါ် လေ့လာသုံးသပ်ကြည့်မယ်ဆိုလျှင် ကျမ်းမြတ်ကုရ်အာန်ရှိ `အာယသ်´တော် အများအပြားနှင့်ပတ်သက်လျှင် `အာယသ်´တစ်ခုချင်း၏ အစနှင့်အဆုံးဟာ သတ်မှတ်ချက်တူညီသော်လည်း အချို့သော `အာယသ်´များနှင့် ပတ်သက်လျှင် `အာယသ်´၏ အစနှင့်အဆုံး ကွဲပြားမှုရှိပါတယ်။ ဒီလိုသတ်မှတ် ချက်ကွဲပြားမှုကြောင့် `အာယသ်´အရေအတွက်နှင့် ပတ်သက်လျှင်တွက်ချက်ပုံ ကွဲပြားခြားနားမှုရှိပါတယ်။ ကုရ်အာန်သုတေသီတို့က ကျမ်းမြတ်ကုရ်အာန်မှာ `အာယသ်´အရေအတွက် မည်မျှရှိသနည်း ဆိုတဲ့ မေးခွန်းကို ဖြေဆိုရာမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ အာယသ်အရေအတွက်ကို ခွဲခြားရာမှာ(၇)မျိုး ကွဲပြားနေတယ်လို့ အဆိုပြုကြ ပါ တယ်။
(၁) ကုဖာဟ်ပညာရှင်တို့က အာယသ်အရေအတွက်(၆၂၃၆)ခု ရှိတယ်လို့ အဆိုပြုကြပါတယ်။ (ဒီအရေ အတွက်ဟာ လက်ရှိကျနော်တို့လက်ထဲမှာရှိနေတဲ့ ကုရ်အာန်ပါ အာယသ် အရေအတွက်နဲ့ ကိုက်ညီပါတယ်။)
(၂) ဘဆ်ရာ (Basrah) ပညာရှင်တို့က အာယသ်အရေအတွက် (၆၂ဝ၄)ခု ရှိသည်ဟုအဆိုပြုပါတယ်။
(၃) ဒမတ်စကတ် ပညာရှင်တို့က အာယသ်အရေအတွက် (၆၂၂၇)ခု ဟူ၍လည်းကောင်း၊
(၄) ဟင်းမ်(ပါလက်စတိုင်း)ပညာရှင်တို့က အာယသ်အရေအတွက်(၆၂၁ဝ)ခု ဟူ၍လည်းကောင်း၊
(၅) မက္ကာဟ်ပညာရှင်တို့က အာယသ်အရေအတွက်(၆၂၁ဝ)ခု ဟူ၍လည်းကောင်း၊
(၆) မဒီနာမြို့၏ အစောပိုင်းပညာရှင်တို့က အာယသ်အရေအတွက် (၆၂၁၇) ဟူ၍လည်းကောင်း၊
(၇) မဒီနာမြို့၏ အနောက်ပိုင်းပညာရှင်များက အာယသ်အရေအတွက်(၆၂၁၄) ဟူ၍လည်းကောင်း အသီးသီး တွက်ချက်သတ်မှတ်ထားပါတယ်။
အထက်ပါအတိုင်း ပညာရှင်များအကြား အာယသ်အရေအတွက် သတ်မှတ်ချက် ကွဲပြားရခြင်းဟာ ဝေါဟာ ရတွေ၊ အချက်အလက်တွေ၊ အကြောင်းအရာတွေ၊ ပိုမိုများလာခြင်း၊ လျော့သွားခြင်းတို့ကြောင့် မဟုတ်ပါဘူး။ အထက်မှာဖေါ်ပြခဲ့တဲ့ ပညာရှင်များကရည်ညွှန်းနေတဲ့ ကုရ်အာန်များကို အတူထားပြီး တစ်ကျမ်းနဲ့တစ်ကျမ်း တိုက် ဆိုင်စစ်ဆေးလိုက်မယ်ဆိုရင် စကားလုံးတွေ၊ ဝေါဟာရတွေဟာ ၏-သည်မလွဲတူညီနေတာကို တွေ့ရပါမယ်။ နောက်ဆုံး ‘ ဇဘရ်-ဇေ-ပေရှ့်’ အစရှိတဲ့ အရဗီ ‘သရ’တွေကအစ မလွဲပါဘူး။ ကွဲလွဲနေတာက ဥပမာ- ကူဖာဟ် ပညာရှင်တို့က အာယသ်တစ်ခုတည်းလို့ သတ်မှတ်ထားချက်ကို မဒီနာပညာရှင်တို့က အာယသ်(၂)ခုဆိုပြီး သတ် မှတ်ထားခြင်းကြောင့်ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆူရာဟ်ဖာတေဟာရဲ့ နောက်ဆုံးအာယသ်နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း သတ်မှတ်ချက်(၂)မျိုး ကွဲနေသည်ကို တွေ့ရပါတယ်။
`ဆွီရာသွလ္လဇီးန အန်အမ်သ အလိုင်းဟင်မ် ဂိုင်းရ်ရိလ်မဂ်ဒူးဘိ အလိုင်းဟင်မ် ၀လဒ်ဒွါးလီးန်(န)´
အထက်ပါအတိုင်း ဆူရာဖာသိဟဟ်ရဲ့ နောက်ဆုံးအပိုဒ်ကို အာယသ်တစ်ခုတည်း အနေနှင့်သတ်မှတ် ထားမှုရှိသလို….
(အာယသ်တစ်ခု) ဆွီရာသွလ္လဇီးန အန်အမ်သ အလိုင်းဟင်မ် (နောက်အာယသ်တစ်ခု) ဂိုင်းရ်ရိလ်မဂ်ဒူးဘိ အလိုင်းဟင်မ် ၀လဒ်ဒွါးလီးန်(န) အထက်ပါအတိုင်း ဆူရာဟ်ဖာသိဟဟ်ရဲ့ နောက်ဆုံးအပိုဒ်ကို အာယသ်တော်(၂)ခုအဖြစ် သတ်မှတ်ထား သည်လည်းရှိပါတယ်။ ဒီလို သတ်မှတ်ချက်ကွာခြားခြင်းက ကျမ်းမြတ်ကုရ်အာန်ပါ အာယသ်အရေအတွက် ကွာခြားမှုကို အကျိုးသက်ရောက်စေပါတယ်။
နောက်ဥပမာတစ်ခုက ဆူရာဟ်(၅၅)၊ ဆူရာဟ် ရဟ်မာန်း နဲ့ပတ်သက်ပြီးတင်ပြချင်ပါတယ်။ ဆူရာဟ် ရဟ်မာန်းရဲ့ ပထမဦးဆုံးသော အာယသ်လို့ သတ်မှတ်ခြင်းခံထားရတာကတော့ “ အရ်ရဟ်မာန်း” ဆိုပြီးဖြစ်ပါတယ်။ ဒါက အာယသ်နံပါတ်(၁)ပါ။ ဒုတိယ အာယသ်၊ တစ်နည်းအားဖြင့် အာယသ်နံပါတ်(၂) ကိုတော့ “ အလ်းလမာလ်း ကုရ်အာန်း” ဆိုပြီးဖြစ်ပါတယ်။ ဒါဆိုရင် အာယသ် (၂)ခုဆိုတဲ့သဘောပါ။ ဒါပေမဲ့ အချို့သောပညာရှင်များက ဒါကို အာယသ်(၂)ခုလို့မသတ်မှတ်ပဲ “ အရ်ရဟ်မာန်း အလ်းလမာလ်းကုရ်အာန်း” ဆိုပြီး အာယသ် (၁)ကြောင်းတည်း အနေနဲ့ မှတ်ယူထားပါတယ်။ ဒီလိုသတ်မှတ်ချက်တွေအပေါ်မှာ အာယသ်အရေအတွက် သတ်မှတ်ချက်ကွာခြား သွားတာပဲဖြစ်ပါတယ်။
ထို့ပြင် ဆူရာဟ်တိုင်း၏ ထိပ်ပိုင်း၌ပါရှိသော `ဗိစ္စမိလ္လာဟ်´ကို `အာယသ်´တစ်ခုအဖြစ် သတ်မှတ်ခြင်း၊ မသတ်မှတ်ခြင်းကလည်း အာယသ်အရေအတွက်ကို ကွဲပြားစေသည်။
ဆက်လက်ပြီး “ဗိစ်မိလ္လာ”ကို အာယသ်တစ်ခုအနေနဲ့ သတ်မှတ်သည်၊ မသတ်မှတ်သည်နဲ့ ပတ်သက်ပြီး ပညာရှင်များရဲ့ အဆိုပြု ချက်ကိုတင်ပြပါမယ်။
`ဗိစ်မိလ္လာ´သည် သဒ္ဒါသဘောအရ ပြီးပြည့်စုံသောဝါကျ(Complete Sentence)တစ်ကြောင်းတော့ မဟုတ်ပဲ၊ စကားစု(သို့မဟုတ်) စာပိုဒ်(Phrase)တစ်ခုသာဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ ဆူရာဟ်တိုင်းမှာ (ဆူရာဟ်-သောဝ်ဗါဟ်မှလွဲ၍) ဗိစ္စမိလ္လာဟ် ပါရှိပါတယ်။
`ဗိစ်မိလ္လာ´ကို `အာယသ်´တစ်ခုအဖြစ် သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ကုရ်အာန်ဆိုင်ရာ ပညာရှင်များ အကြား ကွဲလွဲသောအဆိုပြုချက်များ ရှိပါတယ်။ အချို့က ဗိစ်မိလ္လာသည် ဆူရာဟ်တစ်ပုဒ်၏ ပထမဆုံးသော `အာယသ်´တစ်ပါးဖြစ်သည်ဟု အဆိုပြုကြပါတယ်။ အချို့ကလည်း ဗိစ်မိလ္လာ သည် အာယသ်တစ်ခု မဟုတ်ပဲ ဆူရာဟ်တစ်ပုဒ်နှင့်တစ်ပုဒ်အကြားရှိ `ကောင်းချီးမင်္ဂလာပေးမှုတစ်ရပ်´သာဖြစ်သည်ဆိုပြီး လက်ခံထားကြပါတယ်။ အချို့ကတော့ ယင်းသည် ဆူရာဟ်တစ်ပုဒ်အဆုံးသတ်ပြီးဖြစ်၍ နောက်ဆူရာဟ်တစ်ပုဒ် အစပြုတော့မည်ကို သတိပေး ခြင်းသာဖြစ်သည် လို့ အဆိုပြုကြပါတယ်။
ဒါပေမဲ့ ပညာရှင်အားလုံးကတော့ `ဗိစ်မိလ္လာ´သည် ကျမ်းမြတ်ကုရ်အာန်ပါ အာယသ်တစ်ခု၏ အဓိက အပိုင်း ဖြစ်သည်ဆိုပြီး လက်ခံထားကြပါတယ်။ ကျမ်းမြတ်ကုရ်အာန် (၂၇း၃ဝ)မှာ ဤသို့တွေ့ရှိရပါတယ်။
` အင်န်နဟူ မင်န်ဆူလိုင်းမာန ၀အင်န်နဟူ ဗိစ္စမိလ္လာ ဟိရ်ရဟ်မာနိရ်ရဟီးမ်(မ)´
`ဗိစ်မိလ္လာ´ နှင့် ပတ်သက်ပြီး လေ့လာသုံးသပ်ကြည့်လျှင် အောက်ပါအချက်(၅)ချက်ကိုတွေ့ရှိရပါတယ်။
(၁) ဗိစ်မိလ္လာ သည် ဆူရာတစ်ပုဒ်ချင်း၏ ပထမဦးဆုံးသော `အာယသ်´တစ်ပါးဖြစ်သည်။
(၂) ဗိစ်မိလ္လာ သည် ဆူရာဟ်တိုင်း၌ ပထမဦးဆုံးသော အာယသ်၏ အစဦးပိုင်းဖြစ်သည်။ သီးခြားအာယသ် တစ်ပုဒ်မဟုတ်ပေ။
(၃) ဗိစ်မိလ္လာ သည် ပထမဦးဆုံးသော ဆူရာဟ်ဖြစ်သော ‘ဆူရာဖာသိဟဟ်’ ၏ ပထမဦးဆုံးသော အာယသ်တစ်ပါး သာလျှင်ဖြစ်သည်။ ကျန်ဆူရာဟ်များနှင့် မသက်ဆိုင်ချေ။
(၄) ဗိစ်မိလ္လာ သည် ဆူရာဟ်တိုင်း၏ အထက်တွင် နေရာပေးခြင်းခံထားရသော်လည်း ထိုဆူရာဟ်များ၏ အာယသ် တော်တစ်ပါးအဖြစ် ထည့်သွင်းသတ်မှတ်၍ မရပေ။ ကုရ်အာန်ဆူရာဟ်(၂၇)၏ အမှတ်စဉ်(၃ဝ)မြောက် အာယသ် တော်တစ်ပါးသာဖြစ်သည်။
(၅) ဗိစ်မိလ္လာ သည် ကုရ်အာန်၏အာယသ်တစ်ခု မဟုတ်ဘဲ အာယသ်တစ်ခု(၂၇း၃ဝ)၏ စာပိုဒ်တစ်ပိုဒ်(Phrase) သာလျှင်ဖြစ်သည်။ ဗိစ်မိလ္လာ သည် ဆူရာဟ် တစ်ပုဒ်နှင့်တစ်ပုဒ်အကြား ခွဲခြားထားခြင်းသာဖြစ်သည်။
ယင်းအချက်(၅)ချက်ကို လေ့လာကြည့်လျှင် `ဗိစ်မိလ္လာ´သည် ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်တော်များ ၏ ပထမဦးဆုံးသော အာယသ်ဖြစ်ပါတယ် လို့ အဆိုပြုတဲ့ပညာရှင်အုပ်စုနှင့် ဗိစ်မိလ္လာသည် အာယသ်တော်တစ်ပါး မဟုတ်ဆိုပြီး အဆိုပြုတဲ့ပညာရှင်အုပ်စု တစ်နည်းအားဖြင့် အဓိကပညာရှင်အုပ်စုကြီး(၂)ခုကို ခွဲထုတ်သတ်မှတ် နိုင်ပါတယ်။
`ဗိစ်မိလ္လာ´ သည် ဆူရာတော်များ၏ ပထမဦးဆုံးသော အာယသ်တစ်ပါး ဖြစ်သည်ဟူသော အယူအဆကို အေမာမ်ရှာဖီအီ(d – 204 A.H) နှင့် အေမာမ်အဟ်မဒ် (d – 241 A.H) အစရှိသော ပညာရှင်ကြီးများက လက်ခံ ထားကြပါတယ်။ သူတို့က
`တမန်တော်မြတ်သည် ဆွဟာဘာ သာဝကကြီးများအား သူ့ထံသို့မနေ့က ဆူရာဟ်တစ်ပုဒ် ကျရောက် လာသည်ဟု မိန့်တော်မူကာ ဗိစ်မိလ္လာ ကို ရွတ်ဆိုပြီးနောက် `ဆူရာဟ်-ကောင်စရ်´ကို ရွတ်ဖတ်ပြလေသည်။´
ဆိုပြီးအထောက်အထား ပေးကြပါတယ်။ အလားတူ တတိယသမ္မတကြီး ဟဇ်ရသ်အုမရ်(ရဒွီ)လက်ထက် ကုရ်အာန်ကို ပြုစုရာမျာ ဆူရာဟ်-သောဝ်ဗါဟ် မှလွဲပြီး ကျန်ဆူရာဟ်အားလုံးရဲ့ အစပိုင်းမျာ `ဗိစ်မိလ္လာ´ကို ထည့်သွင်းရေးသားစေတယ်ဆိုပြီးလည်း သက်သေပြကြပါတယ်။
သို့သော် အေမာမ်အဘူဟနီဖာ(d-150 A.H) နှင့် အေမာမ်မာလီးက်(d-179 A.H) တို့ကတော့ `ဗိစ်မိလ္လာ´ သည် ဆူရာဟ်တစ်ပုဒ်ချင်း၏ အာယသ်မဟုတ်ပဲ ဆူရာဟ်တစ်ပုဒ်၏ အဆုံးသတ်နှင့် နောက်ဆူရာဟ်တစ်ပုဒ်၏ အစပြုခြင်းကို ခွဲခြားပေးခြင်းသာ ဖြစ်သည် လို့အခိုင်အမာ အဆိုပြုထားကြပါတယ်။ သူတို့ဘက်ကလည်း သက်သေ ပြမှုများ ရှိပါတယ်။
ဒီလိုကွဲပြားနေတဲ့ အယူအဆများနဲ့ပတ်သက်ပြီး နောက်ပိုင်းပညာရှင်တို့က သဘောတူညီချက်တစ်ရပ်ကို ညှိနှိုင်းရယူခဲ့ပါတယ်။ ယင်းညှိနှိုင်းသဘောတူညီချက်မှာ-
“ ဗိစ်မိလ္လာ သည် ကျမ်းမြတ်ကုရ်အာန်၏ ပထမဦးဆုံးသော ဆူရာဟ်ဖြစ်သည့် ဆူရာဟ်ဖာသိဟဟ်၌ `အာယသ်´တစ်ပါး အနေနှင့်ထည့်သွင်း သတ်မှတ်ရမည်ဖြစ်သော်လည်း၊ ကျန်ဆူရာဟ်များနှင့် ပတ်သက်၍မူ ဆူရာဟ်တစ်ပုဒ်အဆုံးသတ်နှင့် နောက်ဆူရာတစ်ပုဒ်၏ အစပြုခြင်းကို ကြားခံအဖြစ် ခွဲခြားပေးထားခြင်းသာဖြစ် သည်။” …ဆိုပြီး သတ်မှတ်လိုက်ပါကြောင်းတင်ပြရင်းနဲ့ ကျနော့ရဲ့ ခွတ်ဗါဟ် ကိုနိဂုံးချုပ်လိုက်ရပါတယ်။