အီဗရာဟင်မ်(အ)၏ စံနမူနာ မုဖ်သီ ဦးသန်းအောင်

အီဗရာဟင်မ်(အ) ၏ စံနမူနာ

 

လေးစားအပ်ပါသော မိုးထဲလေထဲက ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့ခင်ဗျား- `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ  ၀ဘရကာသုဟု´  ကျွန်တော့်အနေနဲ့ အခုလို ခွတ္တဗါဟ်ဟောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား အထူးကျေးဇူး တင်ရှိခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ငယ်စဉ်တောင်ကြေး ကလေးဘ၀ထဲက ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့ မိဘနှစ်ပါးနဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။  ဒီလဟာ ကျွန်တော်တို့အတွက် အမှတ်တရဖြစ်စရာတွေနဲ့ တွေ့ကြုံနေရတဲ့ တစ်နည်းအားဖြင့် အစ္စလာမ် သမိုင်းကြောင်းမှာ အချိန်ကိုက်ဖြစ်ခဲ့တဲ့ တမန်တော်မြတ်ကြီး အီဗရာဟင်မ်(အ)နဲ့ သားတော်အီစ္စမာအိလ်(အ) မိသားစုဝင်များ အိမ်တော်သူ၊ အိမ်တော်သားများရဲ့ အမှတ်တရဖြစ်စဉ်တွေနဲ့ ၎င်းတို့ကနေ စတင်ခဲ့တဲ့ ဟဂ်ျ ပါဝင် ဆောင်ရွက်မှုအပိုင်းကဏ္ဍတွေဟာ ဒီ`ဇွလ်ဟိဂ်ျဂျဟ်´လမှာ တွေ့ကြုံရတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ အီဒွလ်အသွာဟာနေ့မှာ ကျွန်တော်က အချိန်နဲ့တစ်ပြေးညီ ပြောလိုက်ရတဲ့အတွက် တစ်ချို့ အားမလိုအားမရဖြစ် နေတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွန်တော် အဆက်ကိုဆက်ပြောမှာဖြစ်ပါတယ်။  ဒီနေရာမှာ ကျွန်တော်ရဲ့ခေါင်းစဉ်ကိုတော့  `အီဗရာဟင်မ်(အ)၏ စံနမူနာ´ လို့ဖော်ပြမှာဖြစ်ပါတယ်။ တမန်တော်မြတ်ကြီး အီဗရာဟင်မ်(အ)ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်ကျော်က ယူကရေးတီး(စ)မြစ်နဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့နားက အူးရ် ဆိုတဲ့အရပ်ဒေသမှာ မီးရှူးသန့်စင် ဖွားမြင်ခဲ့ပါတယ်။ အဲဒီခေတ်ကာလ၊ အဲဒီ ပတ်ဝန်းကျင်ဒေသမှာရှိတဲ့ လူတွေဟာ သဘာဝတရားလို့ခေါ်တဲ့ နေ၊ လ၊ ကြယ်တာရာ၊ မိုး၊ မြေ၊ အရာဝတ္ထုများ စတဲ့အရာတွေအပြင် မိမိတို့စိတ်ကူးနဲ့ ပုံဖော်ပြီးတော့ လက်တွေ့နဲ့ပြုလုပ်ပြီး အမည်ပေး ကင်ပွန်းတပ်ကာ အဲဒီအရာဝတ္ထု၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မိမိတို့ရဲ့ ကိုးကွယ်အားထားရာ အရှင်သခင်များအဖြစ် သူတို့ ကိုယ်တိုင် ဖန်တီးပြုလုပ်ထားခဲ့ကြပါတယ်။  ဒါ့အပြင် လူတွေထဲမှာ သြဇာအာဏာညောင်းတဲ့ သူတို့ရဲ့ အုပ်ချုပ်သူဘုရင်ကိုလည်း ဘုရားတစ်ဆူအဖြစ် ကိုးကွယ်အားထားလျက်ရှိခဲ့ကြပါတယ်။ အထက်စီးရတဲ့လူတွေ `အကာဘီရ်´ လို့ခေါ်တဲ့ လူတွေအပါအ၀င် တမန်တော်မြတ်ကြီး အီဗရာဟင်မ်(အ)ရဲ့ ဖခင်ကပင်လျှင် မိမိရဲ့အထက် ဘိုးဘွားဘီဘင် မိရိုးဖလာ၊ အစွဲအလန်း မှိုင်းမိပြီးတော့ အယူလွဲမှားနေခဲ့ကြပါတယ်။ တမန်တော်မြတ်ကြီး အီဗရာဟင်မ်(အ)က အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ ငယ်စဉ်ကတည်းက အမှန်သစ္စာတရားကို စူးစမ်းရှာဖွေ၊ တွေးဆ ဆင်ခြင်၊ ဝေဖန်ပိုင်းခြားမှု ပြုလုပ် နိုင်ခဲ့ပါတယ်။  အီဗရာဟင်မ်(အ)ဟာ ဖြူစင်သောနှလုံးသား၊ မှန်ကန်သော အသိတရား၊ သတိတရား၊ ခိုင်မာတည်ကြည် တဲ့ ယုံကြည်ချက်၊ စွဲမြဲသောခံယူချက်၊ မယိမ်းမယိုင် ကျောက်စာတိုင်ပမာ တည်ရှိတဲ့ ခံနိုင်ရည်(ဆွဘရ်)၊ တည်ကြည်တဲ့စိတ်ဓါတ်၊ ကောင်းမြတ်တဲ့ သီလ၊ သမာဓိ၊ ပညာ၊ သစ္စာ၊ မေတ္တာ၊ စာနာမှု အံ့သြဘွယ်ကောင်းတဲ့ ဇွဲ၊ သတ္တိ၊ ကြံ့ခိုင်မှု၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ အဲဒီခေတ်အခါမှာ ရှားမှရှားတဲ့ အလ္လာဟ်အရှင်မြတ်ပေါ် အကြွင်းမဲ့ ယုံပုံကိုးစား အားထားမှု၊ အလ္လာဟ့်လမ်းညွှန် အမိန့်တော်နဲ့ ပတ်သက်လာလျှင် မိမိပတ်ဝန်းကျင်ရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်၊ အစွဲအလမ်းမျိုးစုံ၊ မိမိရဲ့အသက် အိုးအိမ်စည်းစိမ်နဲ့ မိသားစု သားစဉ်မြေးဆက်ကိုတောင် စွန့်လွှတ်ဖို့ အမြဲတမ်း အဆင်သင့် ရှိနေမှုတွေနဲ့ပြည့်စုံတဲ့ တမန်တော်မြတ်ကြီးပဲ ဖြစ်ပါတယ်။  အလ္လာဟ်အရှင်မြတ်က နောက်ဆုံးချပေးလိုက်တဲ့ ကျမ်းမြတ်ကုရ်အာန်ထဲမှာ တမန်တော်မြတ် ကြီး အီဗရာဟင်မ်(အ)နဲ့ ပတ်သက်ပြီးတော့ `ဟနီးဖ်´  အမှားကိုရှောင်ပြီး အမှန်တရားပေါ်မှာ ကြံ့ခိုင်စွာရပ်တည်သူ၊ ဖြောင့်မတ်တည်ကြည်သူ။   `ဆီဒ်ဒီးက်က´  အမှန်ကိုပဲ အမြဲတမ်း ပြောဆိုလုပ်ကိုင်ဆောင်ရွက်သူ။ ` ဟလီးမ်´  ထောက်ထား ညှာတာသောသူ။ ဂုဏ်နှင့်ပြည့်စုံ၍ ကိုယ်ခြင်းစာတရားရှိသူ။ ` အောက်ဝါးဟွန်´  စိတ်နှလုံး အလွန်နူးညံ့သူ။ ` မုနီးဘ်´  မိမိအရှင်ကို အမြဲတမ်း အာရုံမပြတ်ရှိနေသူ။ ` ရှာကီရ်´  ကျေးဇူး လွန်စွာသိတတ်သူ။ ` မွတ်ဆလင်မ်´ အလ္လာဟ့်အမိန့်ကို မြေ၀ယ်မကျ နာခံအပ်နှင်းသူ။ ` မွတ်စ်သဖါး´  ရွေးချယ် ချီးမြှောက်တော်မူခြင်းခံရသူ။ ` ခလီးလ်´  ရင်းနှီးကျွမ်းဝင်သော အဆွေခင်ပွန်း၊ မိတ်ဆွေ။ ` ဆွာလေ့ဟ်´  ပါရမီရှင်၊ သူမွန်သူမြတ်၊ မိမိကိုယ်ကို လွန်စွာပြုပြင်၍ လူသားကောင်းကျိုးကို အစဉ်မပြတ် ပြုလုပ်လျက်ရှိသူ ` အွမ္မသေ့ကာနိဟ်´  အလွန် အတုယူထိုက်သော ရှေ့ဆောင်ရှေ့ရပ်။  တစ်နည်းအားဖြင့် အီဗရာဟင်မ်(အ)တစ်ယောက်တည်း ရပ်တည်နေခြင်းဟာ လူ့အဖွဲ့အစည်းအုပ်စုကြီး တစ်ခုလုံး ရပ်တည်နေသကဲ့သို့ မိမိရဲ့အမျိုးသားထုအား ခေါင်းဆောင်ကောင်းပီသသည်။ `နဗီ´ အလ္လာဟ့် ထံမှ သတင်းစကားလက်ခံရရှိသူ နဗီတမန်တော်မြတ်။ `အီမာမွန်နားစ်´ အလ္လာဟ်အရှင်မြတ်က ပြုလုပ်ဆောင်ရွက် စေခိုင်းထားတဲ့ လောကလူ့ဘောင်မှာ တွေ့ကြုံနေရတဲ့ စိန်ခေါ်မှုမျိုးစုံကို ခံနိုင်ရည်ရှိရှိ ဖြေရှင်းဆောင်ရွက် ရပ်တည် ခဲ့တဲ့အတွက် လူသားခပ်သိမ်းတို့ရဲ့ ဦးစီးခေါင်းဆောင်အဖြစ် အလ္လာဟ်အရှင်မြတ်က ခန့်အပ်တာဝန်ပေး ရွေးချယ် ထားတာကို ကျွန်တော်တို့ ကျမ်းတော်မြတ်ကုရ်အာန် လေ့လာတဲ့အခါမှာ တွေ့ရှိရပါတယ်။  ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၆၀) အာယတ်(၄)မှာ –  “ ဧကန်အမှန် အသင်တို့အတွက် အီဗရာဟင်မ်(အ)ထံမှာလည်းကောင်း၊ ထို အီဗရာဟင်မ်(အ)နှင့်ရှိခဲ့သော လူတွေထံမှာလည်းကောင်း၊ မွန်မြတ်လှစွာသော အကောင်းဆုံးသော စံနမူနာတွေ တကယ်ရှိခဲ့ပြီးဖြစ်ပါတယ် ”  လို့ ဖော်ပြထားတာကို တွေ့ရှိရပါတယ်။  ဒီနေရာမျာ အီဗရာဟင်မ်(အ)နဲ့ အတူရှိခဲ့တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကို အနီးကပ်လေ့လာလိုက်မယ်ဆိုရင် ၎င်းရဲ့အနီးမှာရှိတဲ့ ၎င်းရဲ့မိသားစုဝင်တွေ၊ သားစဉ်မြေးဆက် နောက်တစ်ခါ ကြင်ဖော်ကြင်ဖက်၊ ပြီးတဲ့နောက် အီဗရာဟင်မ်(အ)ရဲ့ `သောင်ဟီးဒ်´တရားကို ယုံကြည်သက်ဝင် လက်တွေ့လိုက်နာ ကျင့်သုံးခဲ့သူများ၊ အဲဒီနောက် မှာ ခေတ်အဆက်ဆက်ပေါ်ထွန်းခဲ့သော တမန်တော်မြတ်များအားလုံးဟာ အီဗရာဟင်မ်(အ)ရဲ့လမ်းစဉ်ကို လိုက်ခဲ့ ကြသူတွေပဲဖြစ်ပါတယ်။  ကျွန်တော်တို့အနေနဲ့ အီဗရာဟင်မ်(အ)ရဲ့ အတ္ထုပတ္တိအကြောင်းတွေကို ဖော်ပြတဲ့အခါမှာ လူတွေတော် တော်များများက မိမိတို့စိတ်ကူးစိတ်သန်းနဲ့ ပုံဖော်လေ့ရှိကြသလို တစ်ချို့တွေက မိမိတို့ရဲ့ အထက်ဆရာတော်ကြီး များက ဟောကြားတဲ့ကိစ္စတွေကို တင်ပြပြောဆိုဟောကြားလျက် ရှိကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းတော်မြတ် ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်တွေရဲ့ အတ္ထုပတ္တိတွေ၊ အကြောင်းအရာတွေကို ဖော်ပြတဲ့ အခါမှာ ညွှန်ပြသလို ဒီ အီဗရာဟင်မ်(အ)နဲ့ပတ်သက်ပြီး ပြန်လည်တင်ပြ ထုတ်ဖော်တဲ့အခါမှာ သတိပြုစရာ အာယတ်တစ်ခုကို တင်ပြထားပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၁၉) အာယတ်(၄)မှာ- “အီဗရာဟင်မ်(အ)ရဲ့အကြောင်းကို ကျမ်းတော်မြတ်မှာ ဖော်ပြထားတဲ့အတိုင်း သတိရဖော်ထုတ် ကြေညာမှုပြုပါ” ဆိုပြီးတော့ တမန်တော်မြတ်ကြိး မုဟမ္မဒ်(ဆွ)ကို လမ်းညွှန်မိန့်ကြားခဲ့တဲ့ အာယတ်ဖြစ်ပါတယ်။  ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ဟာ တမန်တော်မြတ် အီဗရာဟင်မ်(အ)အကြောင်းကို ပြောမယ်ဆို ရင် ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့ တမန်တော် အီဗရာဟင်မ်(အ)ရဲ့အကြောင်းကို ပြောမှသာလျှင် ပြည့်စုံ၊ မှန်ကန်၊ တိကျ၊ လေးနက်မှုကို တွေ့ရှိရမှာဖြစ်ပါတယ်။ “ ဒါ့အပြင် အဲဒီ အီဗရာဟင်မ်(အ)ဟာ သစ္စာတရား ကို မြတ်နိုးတဲ့သူ၊ အမှန်ကိုပြောပြီး တိကျစွာ လိုက်နာကျင့်သုံးတဲ့ အလ္လာဟ်အရှင်မြတ်ထံကနေ သတင်းစကား ထုတ်ပြန်ပို့ချခြင်း ခံခဲ့ရတဲ့ နဗီတမန်တော်မြတ်တစ်ပါးပဲ ဖြစ်ပါတယ်”  ဆိုပြီးတော့ ဖော်ပြထားပါတယ်။  အီဗရာဟင်မ်(အ)ဟာ မိမိထံကို အလ္လာဟ်အရှင်မြတ်ထံကနေ သတင်းစကား ချီးမြှင့်အပ်နှင်းခြင်းခံရတာနဲ့ အမှန်သစ္စာတရား `သောင်ဟီးဒ်´ကို သိနားလည်သဘောပေါက်လာတဲ့အခါမှာ ပထမဦးဆုံး မိမိရဲ့အိမ်ထဲကနေ စပြီး သဗ္ဗလီးက် `ဒါဝဟ်´ လုပ်ငန်းကို စတင်ခဲ့ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၆) အာယတ်(၇၅)မှာ တစ်ခါတုံးက အီဗရာဟင်မ်(အ)ဟာ သူ့ရဲ့ဖခင်ဖြစ်သူ `အာဇရ်´ လို့အမည်ရတဲ့ ပုဂ္ဂိုလ်ကို အခုလိုပြောခဲ့ပါတယ်။  “ ဖခမည်းတော် ဖခင်ဟာ (အဆ်နာမ်း)လို့ခေါ်တဲ့ လူတွေ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေကို မိမိတို့အလိုဆန္ဒအရ မိမိတို့ စိတ်ကြိုက်ထုလုပ်ပြီး ကိုယ်ကိုယ်တိုင်က တန်ခိုးပေးအပ်ချီးမြှင့်ကာ အဲဒီလူတွေ အဲဒီအရာတွေကို ကိုးကွယ်ရာတွေအဖြစ် အမိအရဆွဲကိုင် ရယူမှုပြုလုပ်လျက် ရှိနေပါသလား ” ဆိုပြီးတော့ မေးခဲ့ပါ တယ်။ တစ်ခါတည်း ဆက်ပြောပါတယ်။ အခုနလို အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်ပြီး၊ အလ္လာဟ်အရှင်မြတ်မှအပ ဖြစ်သော မိမိတို့စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ကိုးကွယ်ရာများကို ကိုးကွယ်အားထားနေခြင်းအားဖြင့် အသင်နှင့် အသင်၏အမျိုးသားများ (တစ်နည်းအားဖြင့် ဒီမှာလေ့လာလိုက်တဲ့အခါ ဘာကိုတွေ့ရသလဲဆိုရင်) အီဗရာဟင်မ်(အ)ရဲ့ ဖခင်ကိုယ်တိုင်က အဲဒီအရပ်၊ အဲဒီဒေသမှာ အင်မတန် သြဇာညောင်းတဲ့အုပ်ချုပ်သူ အကြီးအကဲ လူကြီးတွေမှာ အပါအ၀င်ဖြစ်ပါတယ်။  အသင်ရော၊ အသင့်အုပ်စုဝင်တွေရော ထင်ရှားသော လမ်းလွှဲ၊ လမ်းမှား (တစ်နည်းအားဖြင့် လုပ်ရပ်များ အချည်းအနှီးဖြစ်စရာ၊ သဲထဲရေသွန်ဖြစ်စရာ၊ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတယ်လို့ ကျွန်တော် အသေအချာမြင်ပါ တယ်လို့ ပြောခဲ့ပါတယ်။ ဒီနေရာမှာ `အဆ်နားမ်´ကို ရိုးရိုးဘာသာပြန် စောစောက ကျွန်တော်တင်ပြလိုက်တဲ့နေရာမှာ ဘာတွေလဲဆိုတော့ လူတွေစိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ရုပ်ဝတ္ထုပစ္စည်းများ (ကျွန်တော်တို့ အခုခေတ်အခြေအနေနဲ့ ကြည့်လိုက်ရင် ရုပ်ဝတ္ထုပစ္စည်းများကို ကိုးကွယ်နေတဲ့လူတွေကိုပဲ ပြောတယ်လို့ ထင်မြင်ယူဆနိုင်စရာရှိပါတယ်။ ဒီခေတ် ဒီအခြေအနေနဲ့ ပြန်လည်သုံးသပ်ပြီးတော့ တိုးချဲ့စဉ်းစားမယ်ဆိုရင် လူတစ်ဦး ဒါမှမဟုတ် လူ့အဖွဲ့အစည်း တစ်ခုဟာ သူတို့ရဲ့လုပ်ရပ်ဟာ အလ္လာဟ်အရှင်မြတ်ကို စွန့်ပြီး သို့မဟုတ် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပါတယ် လို့ ပြောတဲ့အပြင် သူတို့အချင်းချင်း လေးစားအားကိုးမှု လွန်ကဲတဲ့ အဲဒီပုဂ္ဂိုလ်တွေ၊ အရာဝတ္ထုတွေ၊ အရာဝတ္ထုဆိုတဲ့ နေရာမှာ ကျွန်တော်တို့က ရုပ်ဝတ္ထုပစ္စည်းတစ်ခုခုနဲ့ သို့မဟုတ် သစ်သား၊ ရွှေ၊ ငွေ၊ ကျောက်၊ ကြေး စတဲ့အရာတွေနဲ့ လုပ်ထားတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေလောက်ပဲ မမြင်ပါနဲ့။ ကျွန်တော်တို့ အထင်ကြီးလေးစားနေတဲ့ စက္ကူတွေနဲ့ ပြုလုပ် ထားတဲ့ စာအုပ်တွေဆိုတဲ့အရာတွေ၊ ကျွန်တော်တို့ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ အလ္လာဟ်ကို အားကိုးရာကနေ လွဲပြီး သို့မဟုတ် အလ္လာဟ်ကို အားကိုးနေရာမှာ အဲဒီလူပုဂ္ဂိုလ်၊ အရာဝတ္ထုတွေ၊ စာအုပ်တွေ၊ ပစ္စည်းတွေ ရှိမှ ကိုယ့်ရဲ့ဘ၀ကြီး လုံခြုံအေးချမ်း၊ ဘေးကင်းမယ်။ ယုံမှတ်ပုံအပ်ဖို့ ကြိုးစားမယ်ဆိုရင် အဲဒီပစ္စည်းတွေ၊ အရာတွေ လူတွေအားလုံးဟာ `အဆ်နားမ်´ဆိုတဲ့ ပစ္စည်းစာရင်းမှာ ပါသွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ သတိထားဖို့လိုတာက `အဆ်နားမ်´ လို့ပြောလိုက်တာနဲ့ အရာဝတ္ထု၊ ရုပ်ဝတ္ထု၊ ပစ္စည်းတွေကို အားကိုးတယ်လို့မမြင်ဘဲနဲ့ အခြားသော (အခု ကျွန်တော်တို့ မွတ်ဆလင်မ်၊ အလ္လာဟ်ယုံပါလို့ပြော တယ်။ အလ္လာဟ်ကိုယုံတာနဲ့ လုံလောက်ပါ့မလားလို့ထင်ပြီး အလ္လာဟ့်ဆီကို ရောက်စေမယ့် `ဇုလ်ဖါ´ လို့ခေါ်တဲ့ အရာများ၊ လူပုဂ္ဂိုလ်များ၊ အဲဒီလူတွေ အကူအညီပေးမှ အလ္လာဟ်အရှင်မြတ်ရဲ့ ချစ်ခြင်းမေတ္တာ ခံယူရရှိနိုင်မယ်။ သို့မဟုတ် သူတို့ပြောပေးမှ အလ္လာဟ်အရှင်မြတ် နှစ်သက်သဘောတူမယ်။ သို့မဟုတ် သူတို့ ဒုအာလုပ်ပေးမှ ငါတို့ ဘ၀တွေ ပြည့်စုံမယ်လို့ပြောရင်လည်း အဲဒီလို အားကိုးမှုပြုနေတဲ့အရာတွေအားလုံး အဲဒီဝေါဟာရထဲမှာ အကျုံးဝင် သွားပါတယ်။ အဲဒါကို ကျွန်တော်တို့ သတိထားဖို့လိုပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ် (၁၉) အာယတ် (၄၂) နဲ့ (၄၄) မှာ – အလ္လာဟ်အမိန့်ကို ယုံကြည်သက်ဝင်၊ လိုက်နာကျင့်သုံးရာမှာ အဟန့်အတား၊ အနှောက်အယှက်ဖြစ်စရာ အားလုံး အလ္လာဟ်ကလွဲရင် အကြားအမြင် အသုံးဝင်မှု လုံးဝမရှိဘူး။ အခြေအနေသုံးရပ်ကို ပြထားပါတယ်။ အီဗရာဟင်မ်(အ)က သူ့ရဲ့ဖခင်ကို အခုလိုပြောပါတယ်။  “ အို…ဖခင်။ ဖခင်က ဘာမှလည်း မကြားနိုင်တဲ့ အပြင် ဘာမှလည်း မြင်နိုင်စွမ်းမရှိတဲ့အပြင် ဘာမှလည်း အသင့်အပေါ်မှာ အကျိုးဖြစ်ထွန်းလာမှုကို ပေးစွမ်းနိုင်စွမ်း မရှိတဲ့အရာတွေကို ဘာကြောင့်များ `အေဗါဒဟ်´လုပ်၊ နာခံဘ၀တည်ဆောက်၊ သြဇာခံနေဦးမှာလဲ ”  “ အို…ဖခင်၊ ရှိုင်တွာန်ဆိုတဲ့ အဖျက်အင်အားစု၊ အလ္လာဟ့်အမိန့်ကို ဆန့်ကျင်တဲ့အင်အားစု၊ အလ္လာဟ့်အမိန့် ကို သွေဖည်သွားစေမယ့် အင်အားစုကို သြဇာမနာခံနဲ့။ အေဗါဒသ် မလုပ်နဲ့။ နာခံဘ၀တည်ဆောက်ခြင်း မပြုပါနဲ့။ ဘာကြောင့်လည်းဆိုရင် ဧကန်စင်စစ် ရှိုင်တွာန်ဆိုတဲ့ အဖျက်အင်အားစုဟာ မဟာကရုဏာတော်ရှင်၊ လိုအပ်ချက် အ၀၀ကို ချီးမြှင့်ထောက်ပံ့နေတဲ့ `ရဟ်မာန်´ရှင်ဖြစ်တဲ့ အလ္လာဟ်ရဲ့အမိန့်ကို လွန်စွာမှ ချိုးဖောက်ခဲ့တဲ့၊ ဆန့်ကျင်ခဲ့ တဲ့အရာပဲ သေချာပေါက်ဖြစ်လို့ပါ ”  လို့ ရှင်းပြခဲ့ပါတယ်။ ကျွန်တော် အီးဒ်နေ့က အီးဒ်ခွတ္တဗါဟ်ပြောတဲ့အချိန်မှာ အီဗရာဟင်မ်(အ)က သားတော် အီစ္စမာအီလ်(အ) ပြေးလွှားဆော့ကစားတဲ့အရွယ်ရောက်တဲ့အခါမှာ သားတော်ကို ဇဗာဟ်လုပ်တဲ့ကိစ္စ ပြောတဲ့အခါမှာ ဟဂ်ျမှာ ရှိုင်တွာန်ကို ခဲနဲ့ပေါက်တဲ့အခါ အီဗရာဟင်မ်(အ)က သုံးခါမှားခဲ့တယ်လို့ လူတွေက ပြောဆိုလေ့ရှိကြပါတယ်။  အလ္လာဟ်က ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ `ဆီဒ်ဒီးက်ကဲန် နဗီယန်´ အမှန်ကိုပဲ အမြဲပြောဆိုနေထိုင်သူ။ လူတွေက ပြောတယ်။ အီဗရာဟင်မ်(အ) သုံးခါမှားတယ်။ အဲဒီအတွက် ရှိုင်တွာန်ရဲ့ဖြားယောင်းသွေး ဆောင်မှုကို ခံရတယ်။ အဲဒီအတွက် ရှိုင်တွာန်ကို ခဲနဲ့သုံးကြိမ်ပေါက်ရတယ်။ ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါ မှာ စောစောက သားကိစ္စမှာပြောသလို အခု ကျွန်တော်တင်ပြမယ့် အာယတ်ကိုလည်း ထောက်ပြပြီးတော့ အီဗရာဟင်မ်(အ) ဒီသုံးခုမှားတယ်လို့ပြောတယ်။ အီဗရာဟင်မ်(အ)နဲ့ပတ်သက်ပြီးတော့ အရှင်မြတ်က ငါအရှင်မြတ်ရဲ့ထုံးစံအတိုင်းပဲ အီဗရာဟင်မ်(အ) အရှေ့မှာရှိခဲ့တဲ့ နူးဟ်(အ)က စတင်ခဲ့တဲ့ တမန်တော်တွေကိုလည်း အလ္လာဟ်အရှင်မြတ်က ဖြစ်ထွန်းစီရင်ပေါ် ပေါက်မှုတွေနဲ့ ပတ်သက်ပြီး အမြဲတမ်းရှင်းလင်း ပြသခဲ့ပါတယ်။ ပေါ်လွင်ထင်ရှားစေခဲ့ပါတယ်။ ဒီမှာလည်း အီဗရာဟင်မ်(အ)ကို ပုံမှန်အတိုင်းပဲ သူ့ကိုငါပြလိုက်တယ် တဲ့။ “ စကြ၀ဠာအနန္တနဲ့ ကမ္ဘာဂြိုဟ်ကို ငါအရှင် ဘယ်လိုစိုးပိုင်တော်မူကြောင်းကို ငါသေချာပြလိုက်တယ်။ အဲဒီတော့မှ သူဟာ အကြွင်းမဲ့ လေးနက်စွာ သက်ဝင်ယုံကြည်သူတွေထဲမှာ အပါအ၀င်ဖြစ်လာခဲ့တယ်။ ”  ကျွန်တော်တို့ ဘာကိုတွေ့ရသလဲဆိုရင် သက်ဝင်ယုံ ကြည်မှုမှာ စူးစမ်းဆင်ခြင်၊ တွေးခေါ်မြှော်မြင်ခြင်း အရေးပါတယ်။ မျက်လုံးဇွတ်မှိတ်ပြီးတော့ ယုံဖို့မလိုဘူးဆိုတာ ဒီမှာပါတယ်။ အီဗရာဟင်မ်(အ)အပေါ်က အာယတ်ကိုသာ ကျွန်တော်တို့ စနစ်တကျ ထဲထဲဝင်ဝင်၊ မလေ့လာ မပြောပြ လိုက်တာနဲ့ အနောက်ကပြောတဲ့ အချက်သုံးချက်မှာ ရုတ်တရက်ကြည့်ရင် အီဗရာဟင်မ်(အ)မှားနေတယ်လို့ ထင်ရ တယ်။ ညအမှောင်က သူ့အပေါ်ကို ဖုံးအုပ်လာတဲ့အခါမှာ အီဗရာဟင်မ်(အ)ဟာ ဂြိုဟ်တစ်ခုကိုတွေ့တယ်။ ကုရ်အာန်က မတိကျတဲ့နာမ် (ဂြိုဟ်တစ်ခု)လို့ပြောတယ်။ ပညာရှင်တွေက အဲဒီမှာ နေရာဝင်ယူကြတယ်။ အဲဒီဂြိုဟ်က ဘာဂြိုဟ်လဲသိလားတဲ့။ (ကုရ်အာန်ထဲမှာ ဂြိုဟ်တစ်စင်းလို့ပဲ ပါတယ်တဲ့) ဟုတ်လား။ ဟုတ်ကဲ့ မသိဘူး။ ပြောပြပါဆိုတော့။ အဲဒီဂြိုဟ်က ကြာသပတေးဂြိုဟ်တဲ့။ ကျွန်တော်လည်း တယ်ဟုတ်ပါလား။ ဒီပညာရှင် တော်တော် တော်ပါလားပေါ့။ ခင်ဗျား ဘယ်အထောက်အထားနဲ့ ပြောတာလဲဆို တော့ ဟဒီးဆ်မှာပါတာပေါ့တဲ့။ သူပြောတာကို ကျွန်တော်မှတ်ပြီး (ကုရ်အာန်အလင်းပြကျမ်း) အဲဒီအတွဲကို ပြန်သွားကြည့်ရတယ်။ အဲဒီမှာ သူပြောတာက ပထမ စာကြောင်းကိုပြောတာ။ လူတွေက အဲဒီစာအုပ်မကြည့်ရသေးရင် ဒီလူ လူတော်လို့ ပြောမှာပေါ့။ အဲဒီစာအုပ်အောက်မှာ ဆက်ရေးထားတာက တစ်ချို့ပညာရှင်များက သောကြာဂြိုဟ်ဟု ပြောသည်လို့ ရေးထားတယ်။ ဆရာကြီးဃာဇီတို့ဘာသာပြန်ထားတဲ့ အလင်းပြကျမ်း ဆူရာဟ်(၆)ကို ရှင်းပြတဲ့အခါမှာ ပညာရှင်တစ်ချို့က ကြာသပတေးဂြိုဟ်၊ တစ်ချို့က သောကြာဂြိုဟ်လို့ ပြောတယ်လို့ရေးထား တယ်။ ဟဒီးဆ်ထဲမှာပါတယ်လို့ မရေးထားဘူး။ ဒီတော့ ကြာသပတေးလား၊ သောကြာလား၊ ခဏထားလိုက်။ သေချာတာက ဂြိုဟ်တစ်စင်း၊ ကြယ်တစ်စင်း။ အဲဒီမှာ တစ်ခုခုကို ကျွန်တော်တို့က သုံးသပ်ခဲ့အခါမှာ ဒါအမှန်လားလို့ပြောတယ်။ ဒါမှန်တယ်လို့ စပြီးသုံးသပ်တယ်။ ဒါကြောင့်မို့ အီဗရာဟင်မ်(အ)ဟာ ငယ်စဉ်ကတည်းက (ကျွန်တော်တို့ ဒီနေ့ခေတ်စကားနဲ့ပြော ရရင်) သိပ္ပံနည်းကျ စနစ်တကျ လေ့လာဆည်းပူးတဲ့ပညာတတ်တယ်။ အဲဒီတော့ ရုတ်တရက်ကြည့်လိုက်တော့ အီဗရာဟင်မ်(အ)က ဒီကြယ်ကိုတွေ့တဲ့အခါမှာ ဒါငါ့ရဲ့ ပြုစုပျိုးထောင်တော်မူသောအရှင်ဖြစ်တယ်လို့ပြောတယ်။ ဒါဆိုရင် သူတို့က အီဗရာဟင်မ်(အ)က မှားတယ်။ အဲဒီမှာ စပြီ။ အမှန်က ရှုမြင်သုံးသပ်ချက်။ ကြယ်ကိုမြင်လိုက်တော့ ဒါဟာ ငါ့ရဲ့ပြုစုပျိုးထောင်ရှင်လား လို့ပြောတာ မေးခွန်း ထုတ်တဲ့ပုံစံ သုံးသပ်ပြတာ။ ဒီဂြိုဟ်ဆိုတဲ့ ကြယ်ဟာလည်း အချိန်တန်တော့ ပျောက်ကွယ်သွားတယ်။ ပျောက်သွား တော့ အီဗရာဟင်မ်(အ)က ကြည့်ပြီး `ပျောက်သွားတဲ့အရာကို ငါ ဘယ်တော့မှမနှစ်သက်ဘူး´တဲ့။ နောက်တစ်ခါ လကိုကြည့်တယ်။ လကို လင်းဝင်းနေတဲ့အနေအထားနဲ့တွေ့တယ်။ တွေ့တော့ထပ်ပြော တယ်။ ဒီလကရော ငါ့ရဲ့ ပြုစုပျိုးထောင်ရှင်လား တဲ့။ တိုက်ရိုက်ဘာသာပြန်လိုက်ရင် ဒါဟာ ကျွန်တော့်ရဲ့ပြုစုပျိုး ထောင်ရှင်ဖြစ်တယ်။ ဒီတော့ နှစ်ခါမြောက် အီဗရာဟင်မ်(အ)က မှားသွားတယ်ပေါ့။ အဲဒီလလည်း အချိန်တန်တော့ ပျောက်သွားပြန်ရော။ အဲဒီအခါမှာ အီဗရာဟင်မ်(အ)က ပြောတယ်။ (တကယ်တော့ အီဗရာဟင်မ်(အ) သိပြီးပြီ။ သူ့ရဲ့အရှင် `ရဗ္ဗ´ဘယ်လိုလဲဆိုတာ အီဗရာဟင်မ်(အ)က သိပြီးပြီ။) အကယ်၍ ငါ့ရဲ့ပြုစုပျိုးထောင်ရှင်သာ ငါ့ကို လမ်းညွှန်ပြသတော်မူခြင်း ငါမခံရဘူးဆိုရင် ငါလည်း လမ်းလွဲလမ်းမှားထဲက လူတွေထဲမှာ အသေအချာပါသွားမှာ ဖြစ်ပါတယ်ဆိုပြီး သုံးသပ်ပြတယ်။ ရှေ့မှာ သူ့အဖေနဲ့ သူ့အုပ်စုအမျိုးသားတွေကို ဘာပြောလဲ။ `ဖီးဒွလာလီမ် မုဘီးန်´ အဲဒီ `ဒွလာလင်မ်´က နာမ်ပုံစံမှာ ပြုလုပ်ခြင်း၊ ဒီဘက်က `ဒွါလ်´ဆိုတာက ပြုလုပ်သူဆိုတဲ့ နာမ်ပြဖြစ် သော အဲဒီအုပ်စုထဲက ကျွန်တော့်ကို အလ္လာဟ်သာ လမ်းညွှန်မှုမပြုခဲ့ရင် အဲဒီအုပ်စု လမ်းလွဲလမ်းမှားထဲမှာ ကျွန်တော်လည်း အပါအ၀င်ဖြစ်ဦးမှာလို့ ပြောတာ။ နေ့တိုင်းတွေ့တဲ့ နေ။ နေကတော့ အမြဲတမ်း ထွန်းလင်းတောက်ပနေတယ်။ ဒါကိုကြည့်ပြီး ဒီနေကရော ကျွန်တော့်ရဲ့ပြုစုပျိုးထောင်ရှင်လား။ စကြ၀ဠာထဲမှာ နေဟာ အကြီးဆုံးပဲ။ ဒါကြီးက အကြီးဆုံးကြီး။ ဒီနေကရော ကျွန်တော့်ရဲ့ပြုစုပျိုးထောင်ရှင်ပဲလား။ ဒါကြောင့် အီဗရာဟင်မ်(အ) သိပ္ပံပညာဘယ်လောက်ကျွမ်းလဲဆိုတာ ဒီအာယတ်သုံးခုကို ကြည့်ရင်သိရတယ်။ အဲဒီအချိန်မှာ အဲဒီခေတ်အခါက လူတွေဟာ ကြယ်ကိုကိုးကွယ်တဲ့အုပ်စု၊ လကိုကိုးကွယ်တဲ့အုပ်စု၊ နေကို ကိုးကွယ်တဲ့အုပ်စု သပ်သပ်စီရှိကြတယ်။ အဲဒီ နေ၊ လ၊ ကြယ်၊ နက္ခတ်တာရာတွေဆိုတဲ့ သဘာဝတရားဆိုတဲ့ ကိုးကွယ်ရာတွေဟာ အမှားတွေ ဖြစ်တယ်လို့ အီဗရာဟင်မ်(အ)က အဲဒီလူတွေကို လမ်းညွှန်ပြခဲ့တယ်။ အဲဒီမှာ မြင်နေတဲ့အချိန်မှာ မမြင်ရတော့ဘူး။ ပျောက်ကွယ်သွားတယ်။ အဲဒီတော့ အီဗရာဟင်မ်(အ)က သူ့ရဲ့အမျိုးသား၊ တိုင်းသူပြည်သားတွေကိုပြောတယ်။ ရှရိက်လုပ်နေတဲ့အုပ်စုတွေကိုပြောတယ်။ ကျွန်တော်ကတော့ အသင်တို့နဲ့ ဝေးဝေးမှာပဲ နေပါရစေဆိုပြီးတော့ ပြောခဲ့တယ်။ အမှန်က အဲဒီသဘာဝလောကဓါတ်ရှိသမျှကို ပြုစုပျိုးထောင်တဲ့ ဖြစ်ထွန်းသောအရှင်သည်သာ ကိုးကွယ်ရာအမှန်ပါ။ သူက ဘာပြောလဲဆိုတော့ `မင်းတို့က ရှရီးက် အလ္လာဟ်နဲ့တစ်စုံတစ်ရာကို တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုး ကွယ်၊ အားထားယုံကြည်၊ လေးစားနေတဲ့အခြေအနေနဲ့ ကျွန်တော် လုံးဝကင်းစင်ပါပြီ´ လို့ ပြောခဲ့တယ်။ အဲဒီတော့ ဒီဘက်မှာ ဘာကိုပြန်ပြသလဲဆိုရင် တစ်ဖက်မှာ အဖေကိုပြောတယ်။ အဲဒီလူတွေကို အဲဒီလိုပြောတဲ့အခါကျတော့ သူတို့ကလည်း သိပ်မကြည်ဘူး။ မကြည်တဲ့အခါကျတော့ — ဆူရာဟ်(၂၁) အာယတ် (၆၈ နဲ့ ၆၉) ကျတော့ အီဗရာဟင်မ်(အ)အပါအ၀င် တမန်တော်မြတ်တွေအားလုံးကို အဲဒီခေတ် အဲဒီအခါက အမျိုးသားထုအနက်က သက်ဝင်ယုံကြည်မှုမရှိတဲ့လူတွေဟာ အမြဲတမ်း (သူတို့ဟာ နမိတ်ကို ယုံစားကြတယ်)။ `သင်ဟာ ကျွန်ုပ်တို့ အတွက် နိမိတ်မကောင်းတဲ့ လူပဲဖြစ်တယ်။ သင်ပြောတာ ရပ်တန်းကရပ်လိုက်။ ပထမဦးဆုံး warning သတိပေးတယ်။ ပြီးရင် ညှိကြည့်တယ်။ ဘာကြိုက်လဲ (ရာထူး၊ ဂုဏ်၊ ငွေ၊ မိန်းမ) ကြိုက်တာပေးမယ်။ ဘုရားအများ ကိုးကွယ်နေတဲ့ ငါတို့ရဲ့ စိတ်ကူးနဲ့ပုံဖော်ထားတဲ့ ကိုးကွယ်အားထားရာတွေကိုတော့ ခင်ဗျား မစော်ကားနဲ့။ လိုချင်တာအားလုံးပေးမယ်လို့ ညှိတယ်။ ညှိလို့မရရင် ဒုက္ခပေးမယ်။ ဒုက္ခပေးလို့မရရင် လုပ်ကြံသတ်ဖြတ်မယ့်အထိကို ကြိုးစားခဲ့ကြတယ်။ အီဗရာဟင်မ်(အ)ကိုလည်း အဲဒီလိုပဲလုပ်တယ်။ လုပ်တော့ ဘာတစ်ဆင့်လုပ်ကြလဲဆိုရင် သူတို့က နမ္မရူးသ် ဆိုတဲ့ဘုရင် (ကိုယ်တိုင် ဘုရားအများကိုးကွယ်သူအုပ်စု) ဆိုတော့ အကြိုက်ပဲ။ အဲဒီမှာ ဘုရင်နဲ့ညှိပြီး ဘာလုပ်ကြလဲဆိုရင် အီဗရာဟင်မ်(အ)ကို မီးတင်ရှို့ဖို့ ကြံစည်ကြတယ်။ ဘယ်လိုရှို့ရမလဲ။ “ သူ့ကို အရှင်လတ်လတ် မီးရှို့သတ်။ ပြီးတော့ မင်းတို့ဟာ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းရှိခဲ့မယ်ဆိုရင် မင်းတို့ရဲ့ ကိုးကွယ်အားထားရာ အရှင်တွေကို ကူညီပေးတော်မူခြင်းအားဖြင့် သူ့ကို မီးတင်ရှို့လိုက် ” တဲ့။ အဲဒီမှာ ကြည့်ခြင်းအားဖြင့် ဘာတွေရလဲဆိုရင်  အလ္လာဟ်ပြောတဲ့ ကုရ်အာန်ဆူရာဟ်(၁၉) အာယတ်(၄၂  ၊ ၄၄) မှာ- လူတွေစိတ်ကူးနဲ့ ပုံဖော်ပြီး ကိုးကွယ်အားထားနေတဲ့အရာတွေ၊ ပစ္စည်းတွေ၊ လူတွေဟာ ဘာမှလုပ်ကိုင်နိုင်စွမ်း မရှိဘူးဆိုတာ အဲဒီမှာသက်သေပြနေတယ်။ ဘာမှမရှိတဲ့အရာတွေ ဘာလုပ်နိုင်မှာလဲ။ ကျန်တဲ့လူတွေက အုပ်စုဖွဲ့ရမ်းကား သောင်းကျန်းပြီး အီဗရာဟင်မ်(အ)ကို ဒုက္ခပေးဖို့လုပ်ကြတယ်။ သူ့ကို မီးတင်ရှို့ကြတယ်။ နောက်အုပ်စုတစ်စုကျတော့ ဘာပြောလဲ။ ဆူရာဟ်(၂၉) အာယတ်(၂၄) ရောက်တော့ အမှန်သစ္စာတရားကိုပြောပြီး သောင်ဟီးဒ်ကို ပြလျက်နဲ့ လက်မခံတဲ့ အခြားအုပ်စုတစ်စုက သူ့ကို (အီဗရာဟင်မ်(အ)) နည်းလမ်းမျိုးစုံနဲ့ သုတ်သင်ရှင်းလင်း သတ်ပစ်လိုက်။ တစ်အုပ်စုက အရှင်လတ်လတ် မီးတင်ရှို့ကြ။ အဲဒီမှာ ဒီနေ့ခေတ်စကားအရ ဒီမိုကရေစီပေါ့။ မီးတင်ရှို့မယ့်အုပ်စု လူများတော့ နိုင်သွားတာပေါ့။ နိုင်သွားတော့ တကယ်မီးတင်ရှို့ဖို့ ကြိုးစားတယ်။ အဲဒီအချိန်မှာ အဲဒီဒုက္ခမီးဆိုတဲ့ ပင်လယ်ဝေမှုတွေထဲကနေ အလ္လာဟ်ဟာ အီဗရာဟင်မ်(အ)ကို ကယ်တင်စောင်မတော်မူခဲ့တယ်။ အဲဒီကိစ္စဟာ အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေအတွက် ဧကန်စင်စစ် ထင်ရှားစွာသော အာယတ် သက်သေလက္ခဏာ အထောက်အထားတွေ အသေအချာရှိနေတယ်။ အဲဒါကြောင့် အီဗရာဟင်မ်(အ) ဒီလို ဒီလိုဖြစ်ခဲ့တယ်။ အလ္လာဟ်ကပြောတယ်။ “ အို မီး … အီဗရာဟင်မ်(အ)အပေါ်မှာ အေးမြမှုနဲ့ ငြိမ်းချမ်း သာယာ ဘေးကင်းလုံခြုံမှုကို အသင် (မီး) ရှိစေလိုက် ”  တဲ့။ အဲဒီတော့ အီးဒ်နေ့ကလည်း ကျွန်တော်ပြောပါတယ်။ အီဗရာဟင်မ်(အ)ရဲ့ ယုံကြည်သက်ဝင်မှုနဲ့ ဘ၀တည် ဆောက်မှုမျိုး ဒီနေ့ဒီအခါမှာ ကျွန်တော်တို့အားလုံးမှာရှိခဲ့ရင် ကျွန်တော်တို့ကို သူတစ်ထူးက ပြုမူဆောင်ရွက်လုပ် ကိုင်လာမယ့် ဘေးဒုက္ခ အန္တရာယ်တွေဟာ တစ်နည်းအားဖြင့် ဒုက္ခအပေါင်းဟာ သာယာတဲ့ရိပ်မြုံကဲ့သို့ သုခဝေဖြာမှုနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီစိတ်ဓါတ်မျိုးရှိဖို့လိုပါတယ်။ တန်ဖိုးကို တန်ဖိုးထားတတ်ဖို့လိုပါတယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့ အီဗရာဟင်မ်(အ)ရဲ့တန်ဖိုး ကုရ်ဘာနီအီးဒ်နေ့မှာ ကျွန်တော်တို့သတ်စားလိုက်တဲ့ အမဲသားလို ချက်စားလိုက်လို့လည်း မရပါဘူး။ ကြော်စားလို့လဲမရပါဘူး။ ကင်စားလို့လည်း မရပါဘူး။ နှပ်စားလို့လည်း မရပါဘူး။ ဒါပေမဲ့ အဖိုးမဖြတ်နိုင်တဲ့တန်ဘိုးတွေက အများအပြားပါ။ ကျွန်တော်တို့က တန်ဘိုးလို့ပြောလိုက်ရင် ငွေကြေးကို ပြေးမြင်သဘောပေါက်ကြပါတယ်။ အဲဒါက တန်ကြေးပါ။ တန်ဘိုးက အလွန်အရေးပါ အရာရောက်ပြီး လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးတတ်ကြပါတယ်။   ဒါပေမဲ့ တန်ဖိုးမဖြတ်နိုင်တဲ့တန်ဖိုးကို ကျွန်တော်တို့ တကယ်တမ်းသိဖို့ လိုပါတယ်။ အီဗရာဟင်မ်(အ)ရဲ့ တန်ဖိုးဟာ ကျွန်တော်တို့အတွက် အင်မတန်မှ များပြားလှပါတယ်။ ကျွန်တော်တို့ အဲဒါတွေကို သိနားလည် သဘောပေါက်ပြီး လက်တွေ့လိုက်နာကျင့်သုံးဖို့လည်း လိုပါတယ်။ စောစောက ကိစ္စတွေကိုကြည့်ရင်ပဲ အီဗရာဟင်မ်(အ) စံနမူနာထဲမှာ မိမိကိုယ်တိုင်ရဲ့အသက်ကို စွန့်ရဲတဲ့ အထိ ပထမဦးဆုံး မိမိရဲ့မွေးရပ်မြေနဲ့ မိမိရဲ့ဖခင်ကို (ယုံကြည်ချက်မတူတဲ့အတွက်) အေးချမ်းစွာ ဘာလို့လဲဆိုရင် အီဗရာဟင်မ်(အ)က သူ့အဖေနဲ့ ခွဲခွာခါနီးမှာ တစ်နည်း (ကယ်တင်ခြင်းကို ခံရပြီးတဲ့နောက်မှာ) သူဟာ သူ့ရဲ့ မွေးရပ်မြေနဲ့ဖခင်ကိုစွန့်ပြီး ထွက်ခဲ့ရတယ်။ အဲဒီအခါမှာ အဖေကို `ဆလားမွန် အလိုင်းက်´ဆိုပြီး ငြိမ်းချမ်းသာယာမှု အပေါင်း ကျရောက်ပါစေ အဖေဆိုပြီး နောက်ဆုံးအထိ နှုတ်ဆက်ခဲ့တယ်။ ဒီထက်ပိုပြီး ဘယ်လောက်တာဝန်ကျေ လဲဆိုရင် အလ္လာဟ့်အမိန့်ပြဌာန်းချက်မှာ ဘယ်မွတ်ဆလင်မ်တစ်ယောက်ကမှ မွတ်ရှ်ရစ်က်တစ်ယောက်အတွက် ဆုမွန်ဒုအာပေးလို့မရတာ။ ဒါပေမဲ့ အလ္လာဟ်က ချွင်းချက်အနေနဲ့ အီဗရာဟင်မ်(အ)ကိုတော့ ပေးခဲ့တယ်။ အီဗရာဟင်မ်(အ)က အလ္လာဟ်အရှင်မြတ်ကို “ အို…အလ္လာဟ် ဟရှရ်နေ့မှာ ကေယာမသ်နေ့မှာ လူတွေအများကြီးရှေ့မှာ ဒီအီဗရာဟင်မ်(အ)ဆိုတဲ့ ကျွန်တော့်ကို ကျွန်တော့်အဖေရဲ့ လုပ်ကိုင်ဆောင်ရွက် မှု၊ မှားယွင်းမှုကြောင့် အလ္လာဟ် ကျွန်တော့်ကို မျက်နှာမထားတတ်အောင် အလ္လာဟ်မလုပ်လိုက်ပါနဲ့ ” လို့ အီဗရာဟင်မ်(အ)က အလ္လာဟ်အရှင်မြတ်ထံမှာ ဆုပန်လျှောက်ထားခဲ့တယ်။ ကျွန်တော်တို့က ဆွလာဟ်တည် ဆောက်ခါနီးတိုင်း မီမီ မမီမီ အဲဒီ အပိုဒ်ကို အလွတ်ရအောင်ကျက်ပြီး ဖတ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ကို အီဗရာဟင်မ်(အ)က ဘ၀သက်တမ်း တလျှောက်လုံးမှာ အမြဲတမ်း ကျွန်တော်တို့ကို သိနားလည် သဘောပေါက်အောင် လုပ်ကိုင်ဆောင်ရွက်ဖို့ အီဗရာဟင်မ်(အ) ကြွေးကြော်ချက် “ ကျွန်တော့်ရဲ့ဘ၀ဦးတည်ရာကို ကျွန်တော် မျက်မှောက်ပြုလိုက်ပြီ။ အဲဒီမျက်မှောက်ပြုတာဟာ စကြ၀ဠာ အနန္တနဲ့ ကမ္ဘာဂြိုဟ်ကို စတင်ဖြစ်ထွန်းပေါ်ပေါက်စေသည့် သဘာဝတရားကြီးကို ပြုလုပ်ဖန်ဆင်း ဖြစ်ထွန်းပေါ်ပေါက် စေထားတဲ့အရှင် အလ္လာဟ်ရဲ့လမ်းစဉ်ဖက်ကို တိကျစွာ လိုက်နာရန် ကျွန်တော့်ကိုယ်ကျွန်တော်၊ ကျွန်တော့်ရဲ့ဘ၀ ကို၊ ကျွန်တော့်ရဲ့မျက်မှောက်ပြုရာကို၊ ဦးတည်ရာကို ရွေးချယ်ဆောင်ရွက် လိုက်နာပါပြီ ” `ဟနီးဖန်´ “ အဲဒီလို အလ္လာဟ်ရဲ့ ဥပဒေပြဌာန်းချက်များကို မျက်မှောက်ပြုရာမှာ ကျွန်တော့်မှာ မယိမ်း မယိုင် ကျောက်စာတိုင်ပမာ ဖြောင့်မတ်မှန်ကန် တည်ကြည်လျက် ကျွန်တော်ဆောင်ရွက်ရန် အဓိဌာန်ပြုပါ၏ ” “ ဒါ့အပြင် ကျွန်တော်ဟာ မွတ်ရှ်ရစ်က်လို့ခေါ်တဲ့ အလ္လာဟ်အရှင် မြတ်ရဲ့အမိန့်တော်ကို တစ်စုံတစ်ရာနဲ့ တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ်ကြတဲ့ လူတွေထဲမှာ ကျွန်တော် လုံးဝမပါဘူး ” ဆိုပြီးတော့ သစ္စာဆိုခဲ့ပါတယ်။ ကျွန်တော်တို့ကလည်း နေ့စဉ် အဲဒီသစ္စာကို ဆိုတဲ့အတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်ဖို့ လိုပါတယ်။ `ဟနီးဖ်´ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ လေ့လာလိုက်တဲ့အခါမှာ အာရုံစူးစိုက်ခြင်း၊ ဖြောင့်မတ်တည် ကြည်ခြင်း၊ ဒွလာလသ်ကိုပယ်ပြီး တရားလမ်းမှန်ကို နှစ်ခြိုက်ခြင်း၊ အလ္လာဟ်အရှင်မြတ်မှတပါး အခြားသော အားကိုးအားထားပြုစရာများကို စွန့်လွှတ်ခြင်းဆိုပြီး တွေ့နိုင်ပါတယ်။ – မိမိ အထက်ဘိုးဘေး မိဘတွေခေတ်အဆက်ဆက် မိမိတို့စိတ်အလိုဆန္ဒအရ စိတ်ကြိုက်ပုံဖော် ကိုးကွယ်အား ထားနေတဲ့ မှားယွင်းတဲ့ယုံကြည်ချက်တွေဟာ အလ္လာဟ့်အမိန့်တော်နဲ့ ဆန့်ကျင်နေလို့ စွန့်လွှတ်ရဲတာ အီဗရာဟင်မ်(အ)ရဲ့ စံနမူနာပါ။ (စွန့်လွှတ်ခြင်း) – မိုက်မဲတဲ့၊ အဓိပ္ပါယ်ကင်းမဲ့တဲ့၊ လူမဆန်တဲ့ လူသားတွေကို အများဆုံးဖျက်ဆီးနေတဲ့ ရှေးရိုးထုံးတမ်းစဉ်လာ အယူ ဆိုး၊ ဓလေ့ဆိုးတွေ ချုပ်ငြိမ်းပပျောက်သွားအောင် ပြုလုပ်ပေးခဲ့ပြီး `သားဦးမွေးရင်သတ်ပြီး ယဇ်ပူဇော်လေ့ရှိတဲ့ မှားယွင်းတဲ့အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ခဲ့တာ အီဗရာဟင်မ်(အ)ရဲ့ စံနမူနာပါ။ – အလ္လာဟ့်အမိန့်တော်၊ အမှန်သစ္စာတရားအတွက် မိမိရဲ့ အထက်စီးရတဲ့လူတန်းစားက မိမိကို ဒုက္ခမျိုးစုံပေးပြီး နောက်ဆုံး မိမိအသက်ကိုသတ်ဖို့ ရန်ရှာတဲ့အခါ မိမိရဲ့အသက်ကိုစွန့်ဖို့ အဆင်သင့်ဖြစ်နေတာ အီဗရာဟင်မ်(အ)ရဲ့ စံနမူနာပါ။ – အလ္လာဟ်အရှင်မြတ်ရဲ့ ကယ်တင်ခြင်းခံရပြီး နောက်ဘ၀မှာ စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ဖြေရှင်းခဲ့ရပါတယ်။ အသက် ကြီးမှရတဲ့သားကို စွန့်လွှတ်ဖို့ အိပ်မက်မြင်မက်။ သားကလည်း အလ္လာဟ့်အမိန့်တော်ဆိုရင် အသက်ကိုစွန့်ဖို့ ၀န်မလေး အဆင်သင့်။ ဇနီးကြင်ရာကလည်း အလ္လာဟ့်အမိန့်တော်ဆိုရင် ကျရာတာဝန် ထမ်းရွက်ဖို့အဆင်သင့် `Sacrifice စွန့်လွှတ်အနစ်နာခံခြင်း´ “ မိသားစုလိုက် အလ္လာဟ့်အမိန့်နာခံအပ်နှင်း စွန့်လွှတ်ခဲ့ကြတာ တွေ့ရပါတယ်” အီဗရာဟင်မ်(အ)ရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ တွေ့ကြုံခဲ့ရတဲ့ ဘေးအန္တရာယ်အသွယ်သွယ်ကို လည်း ရဲဝံ့ပြတ်သားစွာ ရင်ဆိုင်ဖြေရှင်းခဲ့ပါတယ်။ အလ္လာဟ့်အမိန့် နာခံတော် မွတ်ဆလင်မ်ဆိုတဲ့ ဂုဏ်နှင့်အညီ မြေ၀ယ်မကျနာခံပြီး ဦးလည်မသုံ လိုက်နာကျင့်သုံးခဲ့ပါတယ်။  အီဗရာဟင်မ်(အ)ရဲ့အမည်နာမကို ကြားလိုက်ရရင် ကျွန်တော်တို့ဟာ – အမှန်တရားကို စေ့စပ်သေချာစွာ လေ့လာဆည်းပူး ရှာဖွေလိုစိတ် – ပတ်ဝန်းကျင်ရှိလူသားတွေကို အမှန်သစ္စာတရားကို သိရှိနားလည်စေရန် မျှဝေပေးလိုစိတ် – မိစ္ဆာဒိဌိတွေရဲ့ရှေ့မှာ ဒူးမထောက် လက်မမြှောက်လိုစိတ် – လူ့ဘ၀သက်တမ်းတစ်လျှောက် တွေ့ကြုံလာရမယ့် ဘေးဒုက္ခ အဖျက်အနှောင့်အန္တရာယ် အသွယ်သွယ်ကို ဇွဲလုံ့လ၊ ၀ီရိယ၊ သတ္တိ၊ စိတ်ဓါတ်ကြံ့ခိုင်မှုတွေနဲ့ ရင်ဆိုင်လိုတဲ့စိတ် – အမှန်သစ္စာတရားနှင့်ပတ်သက်လာရင် မိမိရဲ့အစွဲအလမ်း၊ သံယောဇဉ်၊ ကိုယ်ကျိုးစီးပွား၊ အတ္တအကျိုး စီးပွား (လိုအပ်ရင် အသက်အိုးအိမ်စည်းစိမ်)ကို စွန့်လွှတ်ရန် အဆင်သင့်ဖြစ်တဲ့စိတ် – မိမိတိုင်းပြည်မြို့ရွာနိုင်ငံနှင့် လူသားတွေ ဘေးရန်ခပ်သိမ်းကင်းစင်ပြီး တည်ငြိမ်အေးချမ်း ဘေးကင်းလုံခြုံ တဲ့ဘ၀ ပိုင်ဆိုင်အောင် စည်ပင်သာယာဝပြောအောင် ပြုလုပ်လိုတဲ့စိတ် – လူကိုလူလိုမြင်ပြီး လူကိုလူလိုဆက်ဆံလိုတဲ့စိတ်တွေ တဖွားဖွားဖြစ်ပေါ်လာရကြောင်း တင်ပြရင်း နိဂုံးချုပ်ပါတယ် ။    ။