အပြန်အလှန်ဂုဏ်ပေးလေးစားခြင်း ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
အပြန်အလှန်ဂုဏ်ပေးလေးစားခြင်း
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ချီးမွမ်းထောပနာပြုအပ်ပါတယ်။`အလ်ဟမ်ဒုလိလ္လာဟ်´
ကြွရောက်လာကြတဲ့ လူကြီးမင်းများ အပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်အဖြာဖြာ ကျရောက်ပါစေ ကြောင်း ဆန္ဒပြုရင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု —
ဒီကနေ့ ကျွန်တော်တင်ပြဆွေးနွေးမယ့်အကြောင်းအရာ ကတော့ `အပြန်အလှန်ဂုဏ်ပေး လေးစားခြင်း´။ Mutual Respect ဆိုတဲ့ခေါင်းစဉ်ပါပဲ။ ဒီခေါင်းစဉ်ကို ဒီကနေ့မှာဆွေးနွေးတင်ပြဖို့ ရည်ရွယ်ချက်ကရှိပြီးသားပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြီးခဲ့တဲ့ ၂၁-၉-၂၀၁၆ ရက်နေ့ဟာ `အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့´ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ အခမ်း အနားတွေ ကမ္ဘာတ၀ှမ်းမှာလည်း ကျင်းပတယ်။ မြန်မာနိုင်ငံမှာလည်း ကျင်းပတယ်။ ပြီးခဲ့တဲ့ အစိုးရ သက်တမ်းလက်ထက်ကစလို့ နိုင်ငံတော်အဆင့် အခမ်းအနားအနေနဲ့ ကျင်းပခဲ့တယ်။
ပြီးတော့ ၁၇-၉-၂၀၁၆ မှာ ကျွန်တော်တို့ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်မှာလည်း `ယုံကြည် ချက်ပေါင်းစုံဖြင့်ငြိမ်းချမ်းမှု တည်ဆောက်ခြင်း´ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခု ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပြောချင်တာက ဒီ ၉ လပိုင်း (စက်တင်ဘာ)ထဲမှာ Peace Process နဲ့ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ ကို လုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီ Peace ကို အခြေခံပြီးတော့ ဒီခေါင်းစဉ်ပေးထားခြင်းဖြစ်ပါတယ်။ ကျွန်တော်ယခင်က ပြောခဲ့တဲ့ ခွတ္တဗာဟ်တွေမှာလည်း ဒီလိုမျိုး ကမ္ဘာ့အထိမ်းအမှတ်တွေ နေ့ထူးနေ့မြတ်တွေနဲ့ ဆက်စပ်ပတ်သက်ပြီး တော့ ကျွန်တော်ပြောရမယ့်အလှည့်ရောက်လာရင် အဲဒီအကြောင်းအရာတွေရော၊ ကျမ်းမြတ်ကုရ်အာန် အစ္စလာမ် သာသနာက မြင်တဲ့ရှုထောင့်တွေကို ကျွန်တော်ရွေးချယ်ပြီးတင်ပြလေ့ရှိတယ်။ ဒီကနေ့လည်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒီခေါင်းစဉ် `အပြန်အလှန် ဂုဏ်ပေးလေးစားခြင်း´ (Mutual Respect ပြီးတော့ သူ့ရဲ့အပိုင်းတွေထဲမှာ Mutual Understanding , Mutual Relation အပြန်အလှန် နားလည်မှုပေးခြင်း၊ အပြန်အလှန်ဆက်ဆံခြင်းတို့ ပါဝင်ပါတယ်။)ကို ဟောပြောတင်ပြရခြင်းဖြစ်ပါတယ်။
အပြန်အလှန် ဆက်ဆံခြင်းဆိုတော့ အနည်းဆုံးလူနှစ်ယောက်တော့ ရှိရမယ်။ သူနဲ့ကျွန်တော်။ မောင်ဖြူနဲ့ မောင်နီ။ အဲဒီထက်နည်းနည်းကျယ်ပြန့်စွာတွေးရင် လူ့အဖွဲ့အစည်းတစ်ခုနဲ့ အခြားလူ့အဖွဲ့အစည်းတစ်ခု။ မိသားစု တစ်ခုနဲ့အခြားသော မိသားစုတစ်စု။ ဒီလိုပုံစံနဲ့လူတွေဟာ လူ့အဖွဲ့အစည်းဝင်တွေဟာ တစ်ဖက်နဲ့တစ်ဖက် ဆက်ဆံ ကြတယ်။ အဲဒီလို ဆက်ဆံတဲ့အခါမှာ ဘယ်လိုပုံစံနဲ့ဆက်ဆံရမလဲဆိုတော့ အခုခေတ်လူသားပညာရှင်တွေက သီအိုရီတွေအများကြီးထုတ်ခဲ့တယ်။ ကမ္ဘာကြီးငြိမ်းချမ်းအောင် တစ်ယောက်နဲ့တစ်ယောက် နားလည်ခွင့်လွှတ်ပေး ပါ။ Heat Speech တွေ မပြောကြပါနဲ့ စသဖြင့် သီအိုရီတွေထုတ်ခဲ့ကြတယ်။ ကျနော့်အနေနဲ့ကတော့ကျမ်းမြတ်ကုရ် အာန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့လူသားတွေကို အလ္လာဟ်အရှင်မြတ်က ဘယ်လိုဘယ်ပုံလမ်းညွှန် သွန်သင်ဆုံးမထားသလဲဆိုတာကို ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။
အဲဒီတော့ လူတွေအချင်းချင်း ဆက်ဆံတဲ့အခါမှာ အရမ်းအရေးကြီးပါတယ်။ မိဘနဲ့သားသမီး ဆက်ဆံတာ လည်းအပြန်အလှန်ဆက်ဆံခြင်းဖြစ်တယ်။ မိသားစုအတွင်း အပြန်အလှန်ဆက်ဆံခြင်း၊ ညီအကို မောင်နှမ အချင်းချင်း၊ အပြန်အလှန်ဆက်ဆံခြင်း၊ ပြီးတော့ လူ့အစုအဝေးအချင်းချင်း ဟိုဘက်ဒီဘက် အပြန်အလှန်ဆက်ဆံ ခြင်းတွေရှိမယ်။ အထူးသဖြင့် Indentity မတူညီတဲ့ လူ့အစုအဝေးနှစ်ခု အပြန်အလှန်ဆက်ဆံကြရတာရှိတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဒီ အပြန်အလှန်ဆိုတဲ့ဝေါဟာရနဲ့ပတ်သက်ပြီး စူရာဟ် ၁၀၃ ကို လေ့လာရင်
`ခေတ်ကာလကို (အလ္လာဟ်အရှင်က) တိုင်တည်ပြီးပြောသည်။ လူသားများသည် ဆုံးရှုံးမှုနွံထဲနစ်နေကြ သည်။ သို့သော် ထိုလူသားများ မပါဝင်ပါ။ (ဘယ်သူတွေလဲ) အီမာန်သက်ဝင်ယုံကြည်သူများ မပါဝင်ပါ။ (ထို့ပြင်) ကောင်းမြတ်သော ကိုယ်ကျင့်တရားရှိသူများမပါဝင်ပါ။ အမှန်တရားနဲ့ပတ်သက်ပြီး အချင်းချင်း အပြန်ပြန်အလှန် လှန် နှိုးဆော်နေကြသူများနှင့် ဆွဗရ်သည်းခံခြင်း၊ ကြံ့ကြံ့ခံရင်ဆိုင်နိုင်သူများသည်လည်း မပါဝင်ပါ။´
ဒီစူရာဟ်ထဲမှာပါဝင်တဲ့ အာယသ်တွေထဲက ကျွန်တော်ပြောချင်တဲ့ စကားလုံးက (သ၀ါဆောင်ဝ်) အရဗီသဒ္ဒါအရ ဒီစကားလုံးက တစ်ဖက်နှင့်တစ်ဖက် နှစ်ဖက်စလုံးက လုပ်ဆောင်ခြင်းဆိုတာကို ပြတယ်။ အပြန်အလှန်ဆိုတဲ့သဘောဖြစ်တယ်။ ဒီအာယသ်မှာ ခေတ်ကို တိုင်တည်ပြီးပြောတယ်လို့ ဖော်ပြထားတယ်။ ခေတ်ပြောင်းတယ်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀၊ ၃၀၀၀ လောက်က AD-BC ခေတ်ကဆိုရင် ခေတ်တစ်ခေတ်ပြောင်းဖို့အရေး နှစ်ပေါင်းရာချီကြာတယ်။ နှစ်သုံးလေးရာ လောက်နေတော့မှ အခြားခေတ် တစ်ခေတ်ကိုပြောင်းတာ။ ဒီကနေ့ခေတ်ကျတော့ ဒီလိုမဟုတ်တော့ဘူး။ ၂၀ ရာစု ၂၁ ရာစုခေတ်ကို ရောက်လာတဲ့ အခါမှာတော့ မနှစ်ကထွက်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ဒီနှစ်သုံးလို့မရတော့ဘူး။ ခေတ်မမှီတော့ဘူး။ မနှစ်က မော်ဒယ်နဲ့ထွက်တဲ့ကားတွေ ဒီနှစ်သိပ်ခေတ်မမှီတော့ဘူး။ Out Of Date ဖြစ်သွားပြီ။ ဒီလိုဘဲ လူမှု အဆောက်အဦးတွေလည်း ပြောင်းလဲတိုးတက်ကုန်ကြပြီ။
ကျွန်တော်ပြောချင်တာက ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အညီ (ကုရ်အာန်က ဘာပြောသလဲ။ လူသားဟာ ဆုံးရှုံးမှုနယ်ပယ်မှာ ရှိနေမယ်။) ဆိုလိုရင်းက လူသားသည် ပြောင်းလဲတိုးတက်လာသော ခေတ်စနစ်နဲ့အညီ မလိုက်နိုင်တာကို ဆုံးရှုံးမှုလို့ ယူဆနိုင်သလို၊ ခေတ်ရေစီးကြောင်းထဲမှာ ပြောပြီး ကုရ်အာန်ရဲ့လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်နိုင်တဲ့ အနေအထားမှာ မရှိတော့ဘူးဆိုရင်လည်း အဲဒီလူကို ဆုံးရှုံးတယ်လို့ သတ်မှတ်မှာသာ ဖြစ်တယ်။ မဆုံးရှုံးတဲ့လူတွေ ဘယ်သူတွေလည်းဆိုတာကိုလည်း အလ္လာဟ်က ဒီစူရာဟ်မှာ ထည့်သွင်းဖော်ပြထား တယ်။ အီမာန်သက်ဝင်ယုံကြည်သူတွေလို့တော့ ကျွန်တော်တို့ရဲ့ဆရာတွေက ပြောတာပေါ့။ အလ္လာဟ်ကို ယုံကြည် တဲ့ လူတွေ။ နမာဇ်၊ ဇကားသ်၊ ဟဂ်ျ၊ ရိုဇာနဲ့ နေတဲ့လူတွေ မပျက်စီးဘူး။ ဆုံးရှုံးတဲ့အထဲမှာ မပါဘူးပေါ့။
ကျွန်တော်တို့နည်းနည်းပိုပြီး တွေးတောဆင်ခြင်မယ်ဆိုရင် အီမာန်သက်ဝင်ယုံကြည်တဲ့သူတွေဆိုတာ ယုံ ကြည်ခြင်းသဒ္ဓါရှိပြီးတော့ ဘ၀မှာအကောင်းဆုံးပုံစံနဲ့ နေထိုင်သွားတာကို ပြောတာ။ အမ္မလေ ဆွာလေဟာဆိုတာ နမားဇ်ဖတ်တာ ဇကီရ်လုပ်တာ ဒါလည်းပါတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းမှာ နမားဇ် ၅ ကြိမ်ဖတ်မယ်။ အကြီး အကျယ်ဇကီရ်လုပ်မယ်။ ကုရ်ဘာနီမှာလည်း နွား ၇ ကောင်လှီးမယ်။ ဟဂ်ျလည်း အခါခါသွားလုပ်မယ်ဗျာ။ ပြီးတော့ အိမ်က အိမ်ဖော်ကိုလည်း လက်ကိုချိုးမယ်ဆိုရင်တော့ မဟုတ်သေးဘူးလေ။ ဒီလိုမျိုးတွေလည်း ရှိနေတာကို။ နမားဇ်တွေ၊ ဇိကိရ်တွေလုပ်ပြီးတော့ အမ်မာလေဆွာလေဟသ်ဘာလဲဆိုတာ သိဖို့လိုပါတယ်။ ဒါကို ကျွန်တော်တို့ စဉ်းစားရမှာပေါ့။ လူ့ဘ၀မှာ အကောင်းဆုံးပုံစံနဲ့ တည်ဆောက်သွားတာကို အမ်မာလေဆွလေဟာလို့ ခေါ်တယ်။
မာသာထရီဇာလည်း သူလုပ်ခဲ့တဲ့ အမာလ်တွေတော်တော်ကောင်းတာဘဲ။ အမာလ်ကို ဒီလိုမြင်ရမှာပေါ့။ အဲဒီလိုမျိုး ဘ၀မှာအကောင်းဆုံးနေထိုင်သွားတဲ့ လူတွေက ဆုံးရှုံးမယ့်လူတွေထဲမှာ မပါဘူး။ ပြီးတော့ သူတို့တတွေ ဟာ ဘယ်လိုလူမျိုးတွေလည်းဆိုတော့ (ဘီလ်ဟာက်) အမှန်တရားနဲ့ပတ်သက်ရင် အမြဲတမ်း အပြန်အလှန် နှိုးဆော်တိုက်တွန်းတယ်။ မှန်ကန်မှုနဲ့ပတ်သက်ရင် မှန်တဲ့ဘက်မှာရပ်တည်ပေးတယ်။ လူတစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန် အလှန် နှိုးဆော်တိုက်တွန်းပြီး အတူတကွစုပေါင်းပြီး လူနဲ့လူ့ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်စေမယ့် ကိစ္စရပ်တွေကို ဆောင်ရွက်ကြတာတွေရှိသလို ဆင်းရဲခြင်း အပါအ၀င်ဒုက္ခအန္တရာယ်တွေ တွေ့ကြုံခံစားရတဲ့အခါမျိုးမှာလည်း အတူ တကွ ကြံ့ကြံ့ခံပြီး ရင်ဆိုင်ကျော်လွှားဖြတ်သန်းတွန်းလှန်တာမျိုးကိုလည်း ဒီအာယသ်က သင်ပေးနေပါတယ်။
အပြန်အလှန် ဆက်ဆံရေးနဲ့ပတ်သက်ပြီး မိဘနဲ့သားသမီးဆက်ဆံရေးကို ကျွန်တော်တို့ လေ့လာကြည့်တဲ့ အခါမှာ အထူးသဖြင့် ကျွန်တော်တို့မွတ်ဆလင်မ် လူ့အဖွဲ့အစည်းမှာ ကလေးတွေကို ဘယ်လို Message တွေပေးပြီး ကြီးပြင်းစေခဲ့သလဲ။ ဘာသာရေး အသိတရားပေးတဲ့အခါမှ မဒရ်ဆာမှာပဲဖြစ်ဖြစ်၊ မိခင်ဖခင်က သင်ပေးတဲ့အခါမှာ ဖြစ်ဖြစ်၊ ဆရာအိမ်ခေါ်သင်တဲ့အခါမှာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် အဖေနဲ့သား၊ အဖေနဲ့သမီး၊ အမေနဲ့သား၊ အမေနဲ့သမီး စသဖြင့် နားလည်မှုထားရမယ့်ပုံစံတွေကို ကျွန်တော်တို့ သေသေချာချာ လေ့လာကြဖို့လိုပါတယ်။ ဒါတွေကို ဒီကနေ့ ဖေ့စ်ဘုတ်မှာတောင် လေ့လာလို့ရတဲ့ အနေအထားတွေရှိပါတယ်။
ကလေးတွေကို တကယ်မလုပ်ပေးဘဲနဲ့ လုပ်ပေးမယ်ဆိုပြီး မှားယွင်းလိမ်လည်တဲ့ Message မှားတွေ ပေးပြီး ဆက်ဆံတဲ့အခါမှာ ကလေးဟာကြာလာတော့ ယုံကြည်မှု မရှိတော့ဘူး။ ဥပမာ ရုပ်ရှင်ပြမယ်၊ မုန့်ဝယ်ကျွေး မယ်၊ အရုပ်ဝယ်ပေးမယ်။ ဘာလုပ်ပေးမယ်။ ဆိုပြီး မလုပ်ပေးခြင်း) ဒါဟာ ကျွန်တော်တို့ မိသားစုတစ်စုထဲမှာ မိဘနဲ့ သားသမီး အပြန်အလှန်ဆက်ဆံတဲ့ ပုံစံပါ။ သိပ္ပံပညာရှင်ကြီး အဲလ်ဘတ်စ် အိုင်းစတိုင်းဟာ ငယ်ငယ်က စာညံ့တာကို ကျွန်တော်တို့သိမှာပါ။ ကျောင်းကတောင် လက်မခံဘူး။ ငယ်ငယ်ရွယ်ရွယ်မှာ အိုင်းစတိုင်းရဲ့ကျောင်းက ဆရာမက အိုင်းစတိုင်းရဲ့မိခင်ကို ခေါ်တွေ့တယ်။ ပြီးတော့ ကျောင်းထုတ်လိုက်ပြီဆိုတဲ့ အကြောင်း၊ စာညံ့ကြောင်း ဥာဏ်ရည်မမှီကြောင်း စသဖြင့် ပြောဆိုပြီး အခြားကျောင်းကို ပြောင်းဖို့ပြောပါတယ်။ ဒီတော့ အိုင်းစတိုင်းရဲ့မိခင်က ဆရာမလေးပေးလိုက်တဲ့ စာရွက်ကိုကိုင်၊ သားကို လက်ဆွဲပြိး ကျောင်းထဲကနေ ထွက်လာခဲ့တယ်။ ဒီအခါမှာ အိုင်စတိုင်းက သူ့အမေကို `အမေ အဲဒီစာရွက်က ဘာတွေရေးပေးလိုက်တာလဲ´လို့ မေးပါတယ်။ ဒီအခါမှာ အမေက `အမေဖတ်ပြမယ်။ သားနားထောင်´လို့ ခပ်တည်တည်နဲ့ပြောပြီး၊ ဖတ်ပြတယ်။ `အိုင်းစတိုင်း၏မိခင်´ရှင့်သားဟာ ဒီကျောင်းမှာ အတော်ဆုံးကလေးတစ်ယောက်ဖြစ်တယ်။ ဒီကျောင်းမှာရှိတဲ့ ကလေးတွေနဲ့အတူ ရှင့်သားကို စာသင်ဖို့ ဒီကျောင်းထားလို့မရဘူး။ ဘာလို့လဲဆိုတော့ ဒီကျောင်းမှာ ဆက်ထား မယ်ဆိုရင် သိပ်တော်တဲ့ ရှင့်သားဟာ အရမ်းညံ့တဲ့ကလေးဖြစ်သွားလိမ့်မယ်။ ပြီးတော့ ရှင့်သားရဲ့ ရှိပြီးသားဥာဏ် ပညာကို လိုက်မီပြီးသင်ပေးနိုင်တဲ့ ဆရာ၊ ဆရာမလည်း ဒီကျောင်းမှာ မရှိဘူး။ ဒါကြောင့် ရှင့်သားကို ရှင်ကိုယ်တိုင် ဘဲ သင်ကြားပေးပြီး ထူထောင်ပေးလိုက်ပါ။ သူဟာ အလွန်တော်တဲ့ကလေးတစ်ယောက်ဖြစ်ပါတယ် ဆိုပြီး အိုင်းစတိုင်းကို ဖတ်ပြပါတယ်။ ပြောင်းပြန်ဖတ်ပြလိုက်တာပါ။ လိမ်တာတော့ လိမ်တာပဲ။ ဒါပေမယ့် အမေက သားကိုလိမ်တာ။ ကျွန်တော်တို့ လိမ်တဲ့နည်းနဲ့ သူလိမ်တာ မတူဘူး။ ဒီနေရာမှာ စာရေးဆရာသုံးသပ်တာက အကယ်၍ အဲဒီအချိန်မှာများ မိခင်ဖြစ်သူဟာ ကျွန်တော်တို့ဆီက မိခင်တွေလိုမျိုး ဆရာမကို ရန်တွေ့လိုက်ရင်ဖြစ်ဖြစ်၊ သို့တည်းမဟုတ် ရင်ဘတ်ကိုထုပြီး သားရယ် မင်းဘ၀တော့ ရှုံးပါပြီဆိုပြီး အော်ငိုလိုက်ရငိ ဖြစ်ဖြစ် အိုင်စတိုင်းဟာ ပညာရှင်ဖြစ်လာဖို့ မလွယ်တော့ဘူးလို့ သုံးသပ်ကြတယ်။
ဒီလိုမျိုး မိဘနဲ့သားသမီး အပြန်အလှန်ဆက်ဆံရေးမျိုး။ အနောက်တိုင်း ရုပ်ရှင်တွေမှာလည်း တွေ့ဖူးမှာပါ။ မိဘက မှားသွားရင် သားသမီးကို sorry လို့ တောင်းပန်တာမျိုး တစ်ခုခုခိုင်းကာနီးမှာ please ကျေးဇူးပြုပြီး လုပ်ပေးပါလို့ ပြောတာမျိုး၊ ပြီးရင် Thank you လို့ ပြောတာမျိုး ကျွန်တော်တို့အသိုင်းအ၀ိုင်းမှာ မတွေ့ဘူး။ မမြင်ဖူးဘူး။ ဒါက မိဘနဲ့ သားသမီး အပြန်အလှန်ဆက်ဆံရေး အသေးငယ်ဆုံးအဆင့်ကို တင်ပြခြင်းသာဖြစ်တယ်။ အဲဒီကနေ တဆင့် တက်လိုက်ရင် Identity မတူတဲ့ လူ့အဖွဲ့အစည်းအချင်းချင်း အပြန်အလှန်ဆက်ဆံရေး။ ကျွန်တော်တို့နိုင်ငံမှာ ဆိုရင် ထင်ထင်ရှားရှား ကျွန်တော်တို့ မွတ်ဆလင်မ်တွေအတွက် နှစ်ခုရှိတယ်။ ပထမတစ်ချက်က မြန်မာနိုင်ငံသား ဖြစ်ခြင်းအတွက် Identity ရှိတယ်။ ဥပမာ ဟာဂျီတွေ ဟဂ်ျကိုသွားကြတယ်။ ဟိုရောက်တော့ အားလုံးစုံညီ အိဟ်ရာမ်ဝတ်ကြရတော့ မြန်မာနိုင်ငံသားများဖြစ်ကြောင်းကို ပြသဖို့ အချက်အလက်တွေ တော်တော်နည်းသွားပြီး တဲ့အခါမှာ အမှတ်သညာအဖြစ် ထင်ထင်ရှားရှားရှိစေမယ့် Identity အဖြစ် မြန်မာနိုင်ငံအလံကို ထောင်ကြတယ်။ အချင်းချင်း မြန်မာစကားပြောမယ်။ ဒါဆိုမြန်မာပြည်က ဟာဂျီအုပ်စုဆိုတာ အားလုံးသိကြမယ်။ ဒီလိုဘဲ မွတ်ဆလင်မ်ဖြစ်ခြင်းရဲ့ Identity လည်းရှိမယ်။ ဥပမာ မုတ်ဆိတ်ထား၊ သံပုရာခွံဦးထုတ်ဆောင်း လန်ဘာကုရ်သာဝတ်။
ကျွန်တော်တို့မွတ်ဆလင်မ် လူ့အဖွဲ့အစည်းက အခြားသောလူ့အဖွဲ့အစည်းတွေနဲ့ ဆက်ဆံတဲ့ အခါမှာ အခြားဘာသာဝင်တွေနဲ့ ဆက်ဆံတဲ့အခါမျိုးမှာ လွယ်ကူတယ်။ သိပ်မခက်ခဲဘူး။ သို့သော် Identity တော် တော်များများတူတဲ့ မွတ်ဆလင်မ်အချင်းချင်း ဆက်ဆံတဲ့အခါမှာ အဆင်မပြေဘူး။ ဒီတော့ ကျွန်တော်တို့က ဘယ်လိုအပြန်အလှန်လေးစားရမလဲဆိုတဲ့ အပိုင်းကိုစဉ်းစားရမယ်။ ကျွန်တော်တို့က ဟိုဘက်အုပ်စုနဲ့ ဆက်ဆံတဲ့ အခါမှာ ဘယ်လိုမျိုး Respect ပေးရမလဲ။ ဘာတွေပေးရမလဲ။ အဲဒီ Respect အတိုင်း ကျွန်တော်တို့ပြန်ရမယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄း၈၆ မှာ ဖော်ပြထားတာက `အသင်တို့ စလာမ်ပေးခြင်းခံရတဲ့အခါ အဲဒီ စလာမ်ပေးတဲ့သူကို သူ့ထက်ပိုကောင်းအောင် စလာမ်ပေးပါ။´လို့ ဘာသာပြန်မှာတွေ့ရပါမယ်။ တကယ်တော့ အဲဒီ အာယသ်မှာ စလာမ်ဆိုပြီးတော့ မပါပါဘူး။ (သဟီးယား) ကောင်းချီးမင်္ဂလာ။ လူတစ်ယောက်က ကျွန်တော်တို့ကို အကျိုးရှိလာစေတဲ့အထိ သူဆက်ဆံလာပြီဆိုရငိ ကျွန်တော်တို့က အနည်းဆုံးသော သူ့လို့ သူ့ကိုပြန်ဆက်ဆံရ မယ်။ ဒီထက်ပိုကောင်းအောင် ဆက်ဆံတတ်ရမယ်။ ဒါဟာ ကျွန်တော်တို့ကို ကျမ်းမြတ်ကုရ်အာန်က ပေးတဲ့ Message ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က စလာမ်နဲ့ ပတ်သက်ပြိး `အတ်စလားမုအလိုင်းကွန်းမ်´`၀အလိုင်း ကွန်းမ်စလာမ်´ပေါ့။ ဒီထက်ကောင်းအောင်ဆိုရင် `အတ်စလာမုအလိုင်ကွန်းမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကား သုဟု´`၀အလိုင်းကွန်းမ်စလာမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု´။ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်ပေးချင် တဲ့ Message က ဒီလောက်လေးဘဲမဟုတ်ဘူး။ စလာမ်တစ်ခုအတွက်ဘဲဆိုရင် ကျွန်တော်တို့မွတ်စလင်မ် အချင်းချင်းအတွက်ဘဲဖြစ်သွားမယ်။ ကျန်တဲ့ဘာသာဝင်တွေနဲ့ ဆက်ဆံတာမပါဘူးဖြစ်နေမယ်။ ဟိုတစ်ဖက်က ကျွန်တော်တို့ကို မင်္ဂလာပါလို့ ပြောရင်ဘယ်လိုလုပ်ကြမလဲ။ တကယ်ဆိုရင် ပြောချင်တာက တစ်ဖက်က `မင်္ဂလာပါ´လို့ပြောရင် အနည်းဆုံးတော့ သူနဲ့အညီ `မင်္ဂလာပါ`လို့တော့ ပြန်ပြောရမယ်။
ဒါကြောင့် လက်တွေ့ကျကျ လူ့အဖွဲ့အစည်းမှာလည်း တစ်ဦးနဲ့တစ်ဦးဆက်ဆံတဲ့အခါမှာလည်း လိုအပ် တယ်။ ဥပမာ ကျွန်တော်တို့ရဲ့ အိဒ်နေ့တွေမှာ မွတ်ဆလင်မ်မဟုတ်သော သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်း တွေက Happy Eid Mubarak ဆိုပြီးလုပ်ကြတယ်။ ကြိုဆိုကြတယ်။ ဒီအခါမှာ ကျွန်တော်တို့ဘက်ကလည်း သူတို့ ရဲ့သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ သင်္ကြန်၊ ခရစ်စမတ်၊ ဒေပါဝလီတွေမှာလည်း ကျွန်တော်တို့ဘက်က ကောင်းမွန် လှပသောတုန့်ပြန်မှု ဂုဏ်ပေးချီးမြှောက်မှု တွေ ကို တုန့်ပြန်ပေးရမယ်။ ဒါဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ဆက်ဆံရေးဘဲဖြစ်တယ်။
ကျွန်တော်တို့ရဲ့ ဒုတိယမြောက်ခလီဖွာကြီး ဟဇရသ်အုမရ်(ရ.အ)ယီမင်ကနေ တစ်နေရာကိုဖြတ်သန်းသွားလာတဲ့ အခါမှာ နဆွရာနီဘုန်းတော်ကြီးက သူ့ရဲ့ကျောင်းမှာခေတ္တ၀င်ရောက်နားခိုဖို့ ဖိတ်ခေါ်ခဲ့တယ်။ ဒီအခါမှာ ဟဇရသ် အုမရ်(ရ.အ)က သူ့အဖွဲ့တွေနဲ့အတူ ခေတ္တ၀င်ရောက်နားခိုခဲ့တယ်။ ဒါပေမယ့် မကြာခင်ဘဲပြန်လည်ထွက်ခွာဖို့ ပြင်ဆင်တဲ့အခါ နဆွရာနီဘုန်းတော်ကြီးက ဘာကြောင့်အမြန်အလောတကြီးသွားလိုပါသလဲ။ နားပါဦး။ လို့ပြောတဲ့ အခါ ဟဇရသ်ကြီးက `ကျွန်တော်တို့ရဲ့အဆွရ်ဆွလာသ်အချိန်ကျရောက်တော့မယ်´လို့ ပြန်လည်ပြောပါတယ်။
ဒီအခါမှာ ဘုန်းတော်ကြီးက `အို အာမီးရုလ်မိုအ်မီနီန်း သင်တို့ရဲ့ဆွလားသ်ကို ကျွန်ုပ်၏ ကျောင်းတော်၌၀တ်ပြုပါ။ ကျွန်ုပ်လိုအပ်တာကို ပြင်ဆင်ပေးပါ့မယ်´လို့ပြောပါတယ်။ ဒါပေမယ့် ဟဇရသ်ကြီးက ၀တ်မပြုခဲ့ဘူး။ ခရီး ဆက်လက်ထွက်ခွာသွားခဲ့တယ်။ နောက်ပိုင်းမှာ ဆွဟဗာတွေက ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘာကြောင့်အဲဒီ အချိန်က ၀တ်မပြုခဲ့သလဲဆိုတာကို မေးမြန်းတဲ့အခါမှာ ဟဇရသ်ကြီးက `ငါသာ အဲဒီအချိန်မှာ အဲဒီကျောင်းမှာ ၀တ်ပြုခဲ့မယ်ဆိုရင်၊ နောင်တစ်ချိန် ငါမရှိတော့တဲ့အခါ အသင်တို့မွတ်ဆလင်မ်တွေက အဲဒီကျောင်းမှာ ငါတို့ရဲ့ခလီ ဖွာကြီး အမီရုလ်မုအ်မိနီးန်ဝတ်ပြုခဲ့လို့ ဒီနေရာတို့ပိုင်တယ်ဆိုပြီး ခရစ်ယာန်ဘုရားကျောင်းကို ဗလီ လုပ်ကောင်းလုပ်ကြမယ်။ ဒါကြောင့် ငါဝတ်မပြုခဲ့ခြင်းဖြစ် တယ်။´လို့ပြောခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်တော်တို့အနေနဲ့ အတုယူစရာ၊ သင်ခန်းစာယူစရာ၊ မှတ်သားစရာတွေရပါတယ်။ လူတစ် ယောက်က ကိုယ်ဘယ်နေရာမှာ ရပ်တည်နေသလဲ။ အဲဒီနေရာကနေ ကိုယ့်ကိုယ်ကိုယ်သိနေရမယ်။ အရူးအပေါလို စကားလျှောက်ပြောလို့မရဘူး။ အဖွဲ့အစည်းတစ်ခုရဲ့ ဥက္ကဌလား။ ဥက္ကဌရဲ့စကားတစ်ခွန်းဟာ သမိုင်းတွင်ပြီး နောက်လူတွေ ဒုက္ခရောက်မယ့်စကား၊ လုပ်ဆောင်ချက်တွေ လုပ်လို့ပြောလို့ မရဘူး။ ဒါကြောင့် ကိုယ်ရောက်ရှိနေ တဲ့ နေရာနဲ့ထပ်တူ ကိုယ်ပြောမယ့်စကား၊ ကိုယ့်ရဲ့လုပ်ရပ်တွေဟာ အနာဂါတ်မှာ ဘယ်လောက်အတိုင်းအတာထိ Effective ဖြစ်မလဲဆိုတာ သိထားရမယ်။ ဒါကြောင့် ဟဇရသ် အုမရ်(ရ.အ)က စောစောက ချာ့ခ်ျမှာဝတ်မပြုခဲ့တာ။ အကယ်၍ သူသာဝတ်ပြုခဲ့ရင် နောင်တစ်ချိန်မှာ မွတ်ဆလင်မ်တွေအနေနဲ့ ဒီချာ့ခ်ျမှာ ဟဇရသ်အုမရ်ဝတ်ပြုခဲ့တယ်။ ဒါကြောင့် ချာ့ခ်ျကို ဖြိုဖျက်ပြီးပလီဆောက်ကောင်း ဆောက်ကြမယ်ဆိုတာကို သူကြိုတွေးမိလို့ပဲဖြစ်တယ်။ ကြိုတင် ကာကွယ်တားဆီးခဲ့တာဖြစ်တယ်။
ဒါကြောင့် ကိုယ်မလုပ်ပေးနိုင်တာကို ကိုယ်ကလည်း မတောင်းဆိုနဲ့။ ကျွန်တော်တို့က ဘုန်းတော်ကြီး ကျောင်းမှာ နမားဇ်ဖတ်ချင်တယ်။ ရတာပေါ့။ အလ္လာဟ်ရဲ့နေရာဘဲ ကြိုက်တဲ့နေရာမှာ ဖတ်လို့ရတယ်ပေါ့။ ကောင်းပြီ ကျွန်တော်တို့ဖက်ကရော သူတို့ဝတ်ပြုဖို့အတွက် ကျွန်တော်တို့ပလီထဲမှာ စီစဉ်ခွင့်ပြုပေးနိုင်ကြလား။ အဲဒါ Mutual Respect ဖြစ်တယ်။ အပြန်အလှန် အလေးထား၊ အသိအမှတ်ပြုခြင်းဖြစ်တယ်။ ကျွန်တော်တို့ သူတို့နဲ့ တစ်တန်းတည်းထိုင်ချင်ရင် ကိုယ့်အလှည့်မှာလည်း သူတို့ကို တစ်တန်းတည်းထိုင်ခွင့်ပေးနိုင်သလား။ သူတို့ဆီကို ကျွန်တော်တို့သွားချင်တယ်။ ကောင်းပြီ သူတို့ကျွန်တော်တို့ဆီလာခဲ့ရင်ကော လက်ခံနိုင်ပါ့မလား။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၆း၁၀၈ မှာ ဆိုရင် အခြားဘာသာဝင်တွေကို ဘုရားတွေ၊ နတ်တွေ၊ လူပုဂ္ဂိုလ် တွေကို၊ အဆောက်အဦးတွေကို မကောင်းမပြောနဲ့။ ကဲ့ရဲ့ရှုံ့ချခြင်းအလျင်းမလုပ်ကြနဲ့။ အကယ်၍ အသင်ဒီလို ပြောမယ်ဆိုရင် အလ္လာဟ်ကို ပြောတာနဲ့အတူတူပင်ဖြစ်မယ။် ဘာလို့လဲဆိုတော့ ကိုယ်ကသူ့ကို မကောင်းပြော လိုက်တာနဲ့ သူကလည်းကိုယ့်ကို မကောင်းပြန်ပြောမှာဖြစ်တယ်။ ကိုယ်က သူ့ဘာသာကို သွားစော်ကားရင် သူကလည်း ကိုယ့်ဘာသာကို စော်ကားမှာဖြစ်တယ်။
နောက်တစ်ခါ ကုရ်အာန် စူရာဟ် ၅း၂ မှာ လူ့အဖွဲ့အစည်းတစ် ခုကို မုန်းတီးရုံနဲ့ တရားစည်းမျဉ်းကို ချိုးဖောက် (တရားလက်လွတ်)ဖြစ်စေမယ့် အလုပ်မျိုးကို မလုပ်နဲ့။ အမုန်းတရားကို အခြေခံပြီး မတရားသောစည်းမျဉ်းချိုးဖောက်ပြုမူလုပ်ကိုင်ဆောင်ရွက်ခြင်း မလုပ်ရလို့တားမြစ်ထား ခြင်းဖြစ်တယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အများကြီးရှိတယ်။ ကျွန်တော်တို့ မကြာခဏပြောလေ့ရှိပါတယ်။ ငါတို့ မွတ်ဆလင်မ်တွေဘဲ နှိပ်စက်ခံ၊ အဖိနှိပ်ခံနေရတယ်။ တရုတ်တွေကို သွားလုပ်ကြပါလား။ ဒါမျိုးပြောကြတယ်။ ကိုယ့်ဒုက္ခခံနေရတာ ကိုယ်ဒုက္ခရောက်နေတာနဲ့ပဲ ဘာမှမဆိုင်တဲ့ နောက် လူတွေကိုပါ ဒုက္ခရောက်စေချင်တဲ့ သဘောဖြစ်နေ တယ်။ ဒီပုံစံမျိုးတွေ ကျွန်တော်တို့က ပြောကြတယ်။ ဘာအဓိပ္ပါယ်ရှိလဲ။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက ကိုယ်ခံရ ရင် သူများကိုလည်း ခံစားစေချင်တာလား။ ကိုယ်မကျေနပ်တဲ့သူ အကြောင်းတစ်ခုခုကြောင့်တရားရုံးရောက်နေရင် ကိုယ်ကအကွက်ပဲဆိုပြီးသူ့ကို ထောင်မကျ ကျအောင် သွားရောက်သက်သေခံထွက်ဆိုတာမျိုးတွေ။ အလားတူကိစ္စမျိုးတွေကို သတိပြုရပါမယ်။
တစ်ဖက်လူ့အဖွဲ့အစည်းကို မုန်းတီးလာပြီး အဲဒီမုန်းတီးမှုကို အခြေခံပြီးတော့ ပြောတဲ့စကားတွေ၊ လုပ်တဲ့ အလုပ်တွေကအစ ဂရုစိုက်ရမယ့် အနေအထားတွေကို တင်ပြပေးတာဖြစ်ပါတယ်။ ဒီအာယသ်မှာ ဆက်ပြောထား တာက ကောင်းတဲ့ကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်၊ တစ်ယောက်နဲ့တစ်ယောက် တိုက်တွန်းနှိုးဆော်၊ `မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်´ပေါ့။ မကောင်းမှုနဲ့ပတ်သက်ရင်တော့ အသင်တို့ အချင်း ချင်း နှိုးဆော်ခြင်းမလုပ်နဲ့ တိုက်တွန်းခြင်းမလုပ်နဲ့။
နမားဇ်ဖတ်မယ်။ ရိုဇာထားမယ်။ သဗ်လီးဂ်ထွက်မယ်။ ဒရ်ဂါသွားမယ်။ ဒါမျိုးကိုတိုက်တွန်းပေါ့။ အရက်ဆိုင်သွားမယ်။ ကေတီဗွီသွားမယ်။ ဒါမျိုးမတိုက်တွန်းကြနဲ့ပေါ့။ ကောင်းမှုလုပ်တယ်ဆိုတာ လူနဲ့လူ့ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းကို သာယာစေမယ့် အေးချမ်းစေမယ့် ဖွံ့ဖြိုးတိုးတက်စေမယ့် ကိစ္စရပ်တွေမှန်သမျှမှာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ရမယ်။ တိုက်တွန်းနှိုးဆော်ရမယ်။ ရဟူဒီဖြစ်ဖြစ်၊ နဆွရာနီဖြစ်ဖြစ် ဟိန္ဒူဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်ဘူး။ အတူတကွပူးပေါင်းဆောင်လို့ ရမယ့်လူဖြစ်ဖို့ဘဲလိုတယ်။ မကောင်းတဲ့ ကိစ္စရပ်တွေကိုတော့ ကျွန်တော်တို့ပြတ်ပြတ်သားသား ဆန့်ကျင်ရမယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့လုပ်ရပ်တွေဟာ လူ့အဖွဲ့အစည်းအတွင်း ပျက်စီးရာပျက်စီးကြောင်းဖြစ်စေမယ့် လမ်းစကို ကျွန်တော် တို့ ရှာဖွေသလိုဖြစ်တယ်။ ဒါကြောင့် မကောင်းမှုကိစ္စမှန်သမျှမှာ ကျွန်တော်တို့ဟာ အချင်းချင်းတိုက်တွန်းနှိုးဆော် သတင်းဖြန့်တာတွေ၊ ပူးပေါင်းဆောင်ရွက်အားပေးကူညီတာတွေ မလုပ်ရဘူးလို့ တားမြစ်ထားခြင်းဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄၉း၁၃ မှာ `အို လူသားအပေါင်းတို့၊ ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့ အား ယောက်ျားတစ်ယောက် မိန်းမတစ်ယောက်မှ(စတင်) ဖန်ဆင်းတော်မူခဲ့သည်။ ထို့ပြင် ငါသည် သင်တို့အချင်း ချင်း တစ်ဦးနှင့်တစ်ဦး ခွဲခြားသိမြင်နိုင်စေရန် အလို့ငှာ၊ လူမျိုးစုအသီးသီး မျိုးနွယ်အသီးသီးပြုလုပ်တော်မူခဲ့သည်။ ဒီလိုဘာလို့လုပ်ထားသလဲဆိုတော့ တစ်ဦးကိုတစ်ဦး အသိအမှတ်ပြု ဆက်ဆံကြရန်ဖြစ်တယ်။ ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် ရန်ရှာဖို့ နှိမ့်ချဆက်ဆံဖို့ မဟုတ်ဘူး။ ဟိုကနီဂရိုး၊ ဟိုက ကုလား၊ ဟိုက တရုတ်တွေ ဆိုပြီး နှိမ့်ချဆက်ဆံဖို့အတွက် အလ္လာဟ်ကလုပ်ထားတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အသိအမှတ်ပြု၊ အပြန်အလှန်ဂုဏ်ပေးဆက်ဆံဖို့ ဖန်တီးထားခြင်းဖြစ်တယ်လို့ ဒီအာယသ်က ညွှန်ပြ နေပါတယ်။
ဒါကြောင့် ကျွန်တော်တို့က အဲဒီလို ဘာသာခြားတွေနဲ့ ဆက်ဆံတဲ့အခါမှာ အဆင်ပြေပေမယ့် ကျွန်တော်တို့ မွတ်ဆလင်မ်အချင်းချင်း ဆက်ဆံတဲ့အခါမှာ မလွယ်ဘူး။ တစ်ခုခု စုပေါင်းပြီး လုပ်ခဲ့ရင်လည်း မကြာခင်မှာဘဲ ပြန်လည်ပြိုကွဲ သွားကြတယ်။ စုစည်းညီညွတ်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်မှာလည်း ဘာသာခြားမိတ်ဆွေတွေကို ခေါ်တာအဆင်ပြေတယ်။ မွတ်ဆလင်မ်မိတ်ဆွေတွေဆို မလာဘူး။ ခေါ်လို့မရဘူး။ ကြောက်နေကြတယ်။ ဒါကလည်း ကျွန်တော်တို့က တစ်ဖက်ကို Respect ပေးရမှာပေါ့။ ကျွန်တော်တို့က ဘာလျော့ ပေးရမှာလဲ။ ကျွန်တော်တို့က စဉ်းစားရမှာပေါ့။ ကျွန်တော်တို့ကရော ဟိုဘက်သွားရင် ဘယ်လိုဖြစ်မလဲ။ အပြန် အလှန်လေးစားတတ်ဖို့ ကြိုးစားရမှာပေါ့။
ပြီးခဲ့တဲ့ ၁၇ ရက်နေ့က ၀တ်ကျောင်းတော်မှာ လုပ်သွားတဲ့ဘာသာပေါင်းစုံဆွေးနွေးပွဲ ပုံစံမျိုးပေါ့။ အဲဒီမှာဆို ကျွန်တော်တို့က ခေါင်းစဉ်ကို ယုံကြည်ချက်ပေါင်းစုံလို့ တပ်ထားတယ်။ ဘာလို့လဲဆိုတော့ ဘာသာမဲ့ဆိုတာလည်း ရှိတာကိုး။ ဘယ်ဘာသာမှမကိုးကွယ်တဲ့လူက ငြိမ်းချမ်းရေးကို တည်ဆောက်လို့မရတော့ဘူးလား။ ငြိမ်းချမ်းရေး တည်ဆောက်ခွင့် မရှိတော့ဘူးလားဆိုပြီး ကျွန်တော်တို့ အမေးခံရပါတယ်။ ဒါကြောင့် `ယုံကြည်ချက်ပေါင်းစုံဖြင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း´ဆိုတဲ့ ခေါင်းစဉ်နဲ့ဖိုရမ်တစ်ခု လုပ်ဖြစ်ခဲ့ပါတယ်။ ဘာသာပေါင်းစုံက လာကြပါတယ်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးလည်း ကြွရောက်ခဲ့ပါတယ်။ အဲဒီပွဲမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး ဆရာတော် မိန့်ကြားတာက (ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးက လူတွေကိုခေါ်ရင် အို – ဗုဒ္ဓဘာသာဝင်အပေါင်းတို့လို့ မခေါ် ဘူးတဲ့။ ဘယ်လိုခေါ်လဲဆိုရင် အို ငါ၏ချစ်သား၊ ချစ်သမီးတို့လို့ခေါ်ပါတယ်တဲ့။ အို ငါ၏ ကမ္ဘာသူ၊ ကမ္ဘာသား အပေါင်းတို့။ ဒီလိုပဲခေါ်တာ။) ပြောချင်တာက ဗုဒ္ဓဘုရားနှင့် ကိုယ်တော်မြတ်ကြီးက ဗမာပိုင်ဘုရားမဟုတ်ဘူး။ လူသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဗုဒ္ဓရဲ့တရားတော်တွေဟာ တစ်စုံတစ်ယောက်၊ တစ်စုတစ်ဖွဲ့၊ မျိုးနွယ်တစ်ခုက ပိုင်တာမဟုတ်။ လူတွေအားလုံးပိုင်တယ်။ လူတွေအားလုံးကို လမ်းညွှန်တယ်လို့ဟောပါတယ်။
ကျွန်တော်တို့ကလည်း ကျွန်တော်တို့ တမန်တော်နဲ့ပတ်သက်ပြီး ပြောတယ်လေ။ စကြ၀ဠာလောကခပ်သိမ်းအတွက် အလ္လာဟ်အရှင်မြတ်ရဲ့ ကရုဏာတော်တစ်ရပ်ဖြစ်တယ်။ ကျွန်တော်တို့အတွက်ကြီးဘဲ မဟုတ်ဘူးလေ။ အလ္လာဟ် အရှင်မြတ်က မွတ်ဆလင်မ်တွေဘဲပိုင်တဲ့ အလ္လာဟ်၊ မွတ်ဆလင်မ်တွေရဲ့ အလ္လာဟ်ဘဲ မဟုတ်ဘူးလေ။ တမန် တော်ကလည်း မွတ်စလင်မ်တွေအတွက်ဘဲ တမန်တော်မဟုတ်ဘူးလေ။ လူသားအားလုံးနဲ့ သက်ဆိုင်တယ်ဆို တော့ ဟိုကလည်း အဲဒီလိုမျိုးဘဲလေ။ ကျွန်တော်တို့က တစ်ဖက်ကို သူလည်းဘဲ အလ္လာဟ့်ဘန္ဒါဘဲလေ။ တမန် တော်ရဲ့ အွမ္မသ်ဘဲလေ။ အဲဒီလိုပဲ ဗုဒ္ဓဘာသာဘက်ကလည်း ဒီလိုဘဲမြင်တယ်။ အားလုံးဟာ ဗုဒ္ဓရဲ့သားသမီးတွေလို့ဘဲမြင်တယ်။ ရိုးရိုးလေးဘဲ။ ဒါကို ကျွန်တော်တို့က လက်ခံပေးရင် ဒါဟာ အပြန်အလှန်လေးစားခြင်းဘဲ။ ကျွန်တော်စဉ်းစားမိတယ်။ ကုရ်အာန်ထဲမှာ (ယာအိုင် ယုဟလ်လဇီးန အားမနူး)လို့ ခေါ်ထားတာရှိတယ်။ (ယာအိုင် ယုဟန်န် နားစ်) ဆိုတာလည်း ရှိတယ်။ (ယာအိုင်ယုဟလ် ကာဖိရူးန်)ဆိုပြီး သီးသန့်ခေါ်တာလည်းရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အခြားဘာသာတွေ ကို မြင်တဲ့အမြင်တွေရှိသလို သူတို့ဘက်ကလည်း ကျွန်တော်တို့ကို မြင်တဲ့အမြင်တွေရှိတယ်။ ဒါက ကျွန်တော်တို့ လက်ခံလို့ရတာဘဲ။
ခရစ်ယာန်ဆရာ ဟောကြားတာက ငြိမ်းချမ်းရေးတည်ဆောက်ချင်ရင် ငြိမ်းချမ်းရေးသမားက တစ်ခုခုကို ဖျက်ရတယ်တဲ့။ ကျွန်တော်ကြောက်သွားတယ်။ ငြိမ်းချမ်းရေးသမားပါဆိုမှ တစ်ခုခုဖျက်ရမယ်ဆိုတော့။ သူပြောတာ က အဲဒီငြိမ်းချမ်းရေးသမားက အကြမ်းဖက်တဲ့ အစီအစဉ်တွေ လုပ်ရပ်တွေ အကြမ်းဖက်သမားတွေအားလုံးကို ဖျက်စီးပစ်ရမယ်လို့ပြောပါတယ်။ အခုပွဲမှာ အကြမ်းဖက်သမားတွေ ဖိတ်ထားလားလို့ မေးပါတယ်။ ငြိမ်းချမ်းရေးလုပ် တာဆိုပြီး အမြဲတမ်းနူးညံ့ပျော့ပြောင်းနေလို့ မပြီးသေးဘူး။ ငြိမ်းချမ်းရေးသမားက အကြမ်းဖက်လုပ်ရပ်တွေ၊ အကြမ်းဖက်သမားတွေကို ရှုံ့ချရမယ်။ ဆန့်ကျင်ရမယ်။ သူတို့နဲ့မပတ်သက်ဘူး။ ငြိမ်းချမ်းရေးလို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ စစ်ဖြစ်နေတဲ့နေရာမှာဘဲ မငြိမ်းချမ်းဘူးလို့မြင်တယ်။ စစ်မဖြစ်ဘဲနဲ့ ငြိမ်းချမ်းရေးမရသေးတဲ့ နေရာ တွေရှိတယ်။ အိမ်တွင်းအကြမ်းဖက်မှုတွေ၊ လူ့အဖွဲ့အစည်းအတွင်းမှာ အကြမ်းဖက်မှုတွေရှိတယ်။ ဒါတွေကလည်း ငြိမ်းချမ်းရေးကို ပျက်စီးစေတဲ့ အချက်တွေဘဲ၊ ပြောတော့လည်း ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ကြီးတဲ့။ တစ်နေရာရာမှာ တစ်ခုခုဖြစ်သွားရင် ဘာမှလည်း မပြောဘူး။ ပါးစပ်ပိတ်နေကြတယ်။ စာထုတ်ခြင်း၊ ကြေညာချက် ထုတ်ခြင်းလည်း မရှိဘူး။ ဖာသိဖာသာနေတယ်။
ဟိုး အဝေးကြီး မြန်မာပြည် အပြင်ဘက်က နိုင်ငံတွေအချို့မှာ အကြမ်းဖက်မှုတစ်ခုခုဖြစ်ပြီဆိုရင် ဒီက မွတ်ဆလင်မ်အဖွဲ့တွေက စာတွေထုတ်၊ ရှုံ့ချ၊ ဆန့်ကျင်ကြေညာချက်တွေထုတ်။ ဒါမျိုး ဖြစ်နေတယ်။ အရင်ကလည်း ကျွန်တော်ပြောဖူးတယ်။ လမ်းထိပ်မှာ လူတစ်ယောက် သူ့ဘာသာသူမူးယစ်ရမ်းကားဆဲဆိုနေတာ ကျွန်တော်က တစ်အိမ်တက်ဆင်းလိုက်ပြီး အဲဒီငမူးနဲ့ ကျွန်တော်ဘာမှမဆိုင်ပါဘူးလို့ ရှင်းပြနေရသလိုမျိုးဖြစ်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးတည်ဆောက်နေပါတယ် ဆိုတဲ့လူတွေက အကြမ်းဖက်မှုနဲ့ ပတ်သက်လာရင် နှုတ်ဆိတ် နေကြတယ်။ ဒါကြောင့် ခရစ်ယာန်ဆရာတော်က အဲဒီအဖျက်သမားတွေကို ငြိမ်းချမ်းရေးသမားတွေက အပြတ်ချေ မှုန်း ပစ်ရမယ် လို့ဆိုလိုတာဖြစ်တယ်။
ဟိန္ဒူဘာသာ ဆရာတော်က ဘာပြောသလဲဆိုတော့ အမိမြေကို ချစ်တယ်ဆိုတာ မြေလုဖို့ မဟုတ်ဘူးတဲ့။ အမွေလုဖို့ မဟုတ်ဘူးတဲ့။ ဒီမြေမှာမွေး၊ ဒီမြေမှာ ချက်မြုတ်တဲ့လူတွေအားလုံးနဲ့ ဒီမြေဟာ သက်ဆိုင် တယ်။ ဒီမြေကထွက်တဲ့ သံယံဇာတအားလုံးဟာလည်း အားလုံးနဲ့သက်ဆိုင်တယ်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ သက်ဆိုင်တယ်။ တစ်ယောက်ကို တစ်ယောက်အပြန်အလှန်နားလည်မှုထားပြီး တစ်ယောက်ကိုတစ်ယောက်ကို ဖေးမကူညီရင်းနဲ့ ဒီမြေရဲ့အသီးအပွင့်တွေကို ကျွန်တော်တို့ခံစားရမယ်။
ဘဟာအီသာသနာက ဆရာကြီးပြောတာက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဆောင်ရွက်နိုင်ဖို့ အခွင့်အာဏာ ဟာ ဘာသာရေးခေါင်းဆောင်တွေမှာ အဓိကရှိတယ်။ ကျွန်တော်တွေးကြည့်တာ အဲဒါအမှန်တရားပဲ။ နိုင်ငံတော် အစိုးရရဲ့ဥပဒေပိုင်းဆိုင်ရာရှိတာက ရှိတာပဲ။ ဒါကတစ်ပိုင်း။ ဒါပေမယ့် ဘာသာရေးခေါင်းဆောင်တွေက တကယ် ပြောင်းလဲအောင်လုပ်နိုင်တယ်။ ခက်တာက အဲဒီဘာသာရေးခေါင်းဆောင်တွေ ကိုယ်တိုင်က hate speech တွေ ဟောနေ ပြောနေရင် အလုပ်မဖြစ်ဘူး။ သူက ထိန်းသိမ်းနိုင်တယ်။ ဘယ်လိုဒေသထွက်နေတဲ့လူကိုဖြစ်ဖြစ် သူထိန်း လို့ရတယ်။ ဒေါက်တာဇာကိရ်နိုက်ကို လူတော်တော်များများက လေးစားပါတယ်။ ဟိုတလောက ဆရာကြီးတစ်ပါးက ဒေါက်တာဇာကိရ်နိုက်က ကာဖိရ်၊ ရှိုင်တွာန် ဖသ၀ါထုတ်လိုက်တော့ လူတော်တော် များများ ယောင်တောင်ပေါင်တောင်နဲ့ ဖြစ်ကုန်ရော။ အဲဒီဆရာကြီးကိုယုံပြီး ဒေါက်တာဇာကိရ်နိုက်ကို ဆဲတဲ့သူတွေ ဒုနဲ့ဒေးဖြစ်ကုန်ရော။ လူ ၅ ယောက်မှာ ၄ ယောက်က ဒေါက်တာဇာကိရ်နိုက်ကို မသိပါဘဲနဲ့ ဆရာကြီးဆိုတဲ့ လူရဲ့ဖသ၀ါပေါ်မှာ ဒေါက်တာဇာကိရ်နိုက်ကို ကာဖိရ်၊ ရှိုင်တွာနဖြစ်တယ်လို့မြင်ကုန်ရော၊ ကျွန်တော်တို့က ဆရာသခင်တွေရဲ့ နောက်လိုက်ကောင်းအဖြစ် မစဉ်းစား၊ မတွေးခေါ်ဘဲနဲ့လုပ်ကြတဲ့၊ လိုက်ကြတဲ့ လူတွေများတဲ့အတွက် ဘာသာရေး ဆရာတွေဟာ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်တဲ့အခွင့်အာဏာရှိသလို အဖျက်လုပ်ရပ်တွေဖြစ်ပေါ်ဖန်တီးဖို့ဆိုတဲ့ အခွင့်အာဏာလည်းရှိတာကို ကျွန်တော်မြင်ပါတယ်။ ဒါကြောင့် ကောင်းတာလည်း လုပ်နိုင်သလို၊ လမ်းလွဲအောင် လည်း သူလုပ်နိုင်တယ်။
နောက်ဆုံးပိတ် ကျွန်တော်တို့ ဆရာမုဖ်သီ ဦးသန်းအောင် က ဘာပြောသလဲဆိုတော့ ကျွန်တော်အဲဒီနေ့ အခမ်းအနားကို ၅၉ လမ်း ဗလီမှာလုပ်တော့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အိမ်ရှင်ထင်နေတာ။ ဒါကြောင့် ကျွန်တော်က ဧည့်သည်တော်ဆရာများကြွပါ။ အိမ်ရှင်ဆရာကို နောက်ဆုံးမှ ဖိတ်ခေါ်တာပါ။ ဒါမျိုး အိမ်ရှင်၊ ဧည့်သည်ဆိုတဲ့ စကားလုံးနှစ်လုံးကို တော်တော်များများပြောဖြစ်ပါတယ်။ ကျွန်တော်လည်းဂုဏ်ယူနေ တယ်ပေါ့။ ဆရာ ဦးသန်းအောင်က ထပြီးစကားစပြောတာနဲ့ စကားတစ်ခွန်းပြောပါတယ်။ ဒီအိမ်ရှင်၊ ဧည့်သည် ဆိုတဲ့စကားကို ကျွန်တော်မကြိုက်ဘူးတဲ့။ အကုန်လုံးသေမယ့်လူတွေ၊ သေမျိုးတွေဖြစ်တယ်။ ဧည့်သည်တွေဖြစ် တယ်လို့တင်ပြသွားပါတယ်။ ဟုတ်ကဲ့ ကျတော်တို့အားလုံး ဧည့်သည်တွေဖြစ်ပါတယ်။ ဧည့်သည်အချင်းချင်း အပြန်အလှန် နားလည်မှု လေးစားမှု တွေနဲ့ အပြန်အလှန် ဆက်ဆံနိုင်ကြပါစေလို့ ဆုတောင်းရင်း ဒီမှာပဲနိဂုံးချုပ်လိုက်ပါတယ်။