အွမ်ရာဟ် အတွေ့အကြုံ မုဖ်သီ ဦးသန်းအောင် (LL.B)

အွမ်ရာဟ် အတွေ့အကြုံ

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော် ယခုအပတ်တင်ပြမယ့် ခေါင်းစဉ်ကတော့ `အွမ်ရာဟ်အတွေ့အကြုံ´ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ဧပြီလ(၁၁)ရက်၊ ၂၀၁၆ ရက်နေ့က မြန်မာနိုင်ငံကနေ ဆော်ဒီအာရေးဗီးယားနိုင်ငံကို အွမ်ရာဟ်ပြုဖို့ ထွက်ခွာခဲ့ကြပါတယ်။ ၂၅ ရက်နေ့မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။

ပထမဦးဆုံး ကျွန်တော့်အနေနဲ့ `အွမ်ရာဟ်´ဆိုတဲ့ စကားလုံးကို အဘိဓါန်သဘောနဲ့ ကျွန်တော်ရဲ့ လေ့လာတွေ့ရှိချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ `အလ်အွမ်ရာဟ်´အဘိဓါန်မှာဖြော်ပထားချက်အရဆိုရင် လူများစွာ စည်စည်ကားကားရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုပေးသလို ကာလကြာရှည်စွာ မြေကမ္ဘာတစ်ခွင် စည်ပင် သာယာဝပြော စည်ကားလာအောင်ဆောင်ရွက်ခြင်း၊ တွေ့ဆုံနှုတ်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေရပါတယ်။

နောက်တစ်ခါ အလ္လာဟ်အရှင်ြမတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်များ အပြည့်အ၀လိုက်နာကျင့်သုံးရာ ဗဟို ဌာနဖြစ်တဲ့ မဆ်ဂျိဒ်ကျောင်းတော်၊ အလ်မဆ်ဂျိဒ်ဟရာမ် အလ္လာဟ်အမိန့်နှင့် ဆန့်ကျင်သော အမှုကိစ္စအ၀၀၊ အထူးသဖြင့် `ရှိရ်က်´တုဘက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ်ယုံကြည်အားထား ဆောင်ရွက်မှုများမှ ကင်းစင်သော မြင့်မြတ်သောဝတ်ကျောင်းတော်၊ အမြဲတမ်း စည်းကားသိုက်မြိုက်မှုတွေကနေတဆင့် အဲဒီအရပ်ဒေသကို သွားပြီး တော့ လူသားတွေရဲ့ အကျိုးပြုလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကြိုတင်တွေ့ဆုံဆောင်ရွက်တဲ့ အစုအဖွဲ့၊ အစု အဝေးတွေ ဆောင်ရွက်ခြင်းကို `အလ်အွမ်ရာဟ်´လို့ခေါ်ဝေါ်သတ်မှတ်ကြောင်း လေ့လာတွေ့ရှိပါတယ်။

ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့ဟာ ဒီကနေဂျစ်ဒါဆိုတဲ့လေဆိပ်ကို မရောက်ခင် တစ်ချို့က အချိန် နည်းတယ်ဆိုရင် ဘန်ကောက်မှာ `အိဟ်ရာမ်´၀တ်ပါတယ်။ ကျွန်တော်တို့ကတော့ ကာတာမှာ ၀တ်ပါတယ်။ ကာတာမှာဝတ်ပြီးမှ ဂျစ်ဒါကနေ ထွက်လာပြီဆိုရင် မက္ကာဟ်မြို့ကို မ၀င်ခင်မှာ သင်္ကေတတွေရှိပါတယ်။ အဲဒီ သင်္ကေတက ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကုရ်အာန်တင်ဖတ်တဲ့ ရီဟာလ်လို သင်္ကေတမျိုးနဲ့ ဟရာမ် နယ်နမိတ်အဖြစ် သတ်မှတ်ထားပေးခြင်းမျိုးဖြစ်ပါတယ်။ ကျွန်တော်တို့ အဲဟ်ရာမ်ဝတ်ပြီးကတည်းက လဘ်ဘိုက်္က ဆိုတဲ့ အခါ ဒီ လဘ်ဘိုက်္ကမှာ ပါဝင်ချက်ကို ကျမ်းမြတ်ကုရ်အာန်ကို အရဗီဘာသာစာစကားကို လေ့လာလိုက်စားထားသူ၊ သို့မဟုတ် ကုရ်အာန်ဘာသာပြန်ကို လေ့လာထားသူများဟာ အွမ်ရာဟ်ပဲသွားသွား၊ ဟဂ်ျပဲသွားသွား ကအ်ဗာဟ် ကျောင်းတော်ကြီးကို မြင်တာနဲ့ ကျွန်တော်ထင်တယ်။ အဲဒီလူဟာ Heart ထိသွားပါလိမ့်မယ်။

ဘာကြောင့်လဲဆိုရင် ပေ ၃၀ လောက်ရှိတဲ့ ကျောက်တုံးကြီး ၃၅ ပေခန့်အမြင့်ရှိတဲ့ လေးထောင့်စပ်စပ် အ၀တ်အမဲအုပ်ထားတဲ့ ကျောက်တုံးကြီးဟာ ဘာမှမဟုတ်ပါဘူး။ အဲဒီ ဘာမှမဟုတ်ဘူးဆိုတဲ့ တောင်ကြားနေရာမှာ လူသူ အရောက်အပေါက်နည်းပြီးတော့ လူတွေ လာဖို့သွားဖို့ အင်မတန်ခက်ခဲတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းလေးထောင် ငါး ထောင်ခန့််က အဲဒီခေတ်က တမန်တော်အဖြစ် ပွင့်ပေါ်ခဲ့တဲ့ အီဗရာဟင်မ်(အ)နဲ့ သူ့ရဲ့သားတော် အိစ္စမာအီလ်(အ) တို့ရဲ့ဆောင်ရွက်ချက်ကို (အလ္လာဟ်အရှင်မြတ်သည် `အင်န္နလားဟ၊ အလာကုလ်လိ ရှိုင်းအင်န်ကဒီရ်´ ဆိုတဲ့ အတိုင်း အလ္လာဟ်အရှင်မြတ်သည် အရာရာကို စွမ်းဆောင်နိုင်တော်မူတဲ့အရှင်ဖြစ်တော်မူသည်ဆိုတဲ့ သက်သေပြရာ ရောက်ပါတယ်။ မျက်ဝါးထင်ထင်မြင်ရပါတယ်။

မက္ကာဟ်မြို့ရဲ့ အစွန်တစ်ဖက်ကို ရောက်နေပြီးတောင်တွေရဲ့ကြားထဲက ဒယ်အိုးလိုခွက်နေတဲ့ ရင်ပြင်ထဲ မှာ တည်ဆောက်ထားတဲ့ ကျောင်းတော်ကြီးဟာ အမှန်တကယ်တန်ခိုး သြဇာတိက္ကမနဲ့ ပြည့်ပြီး ကျောင်းတော်ကြီးကိုသာ ကိုးကွယ်အားထားနေရတာမှန်ရင် ယနေ့ရှိနေတဲ့ မြင့်မားတဲ့ အဆောက်အဦးတွေ၊ ဟော်တယ်တွေ ဆောက်ကြ မှာမဟုတ်ပါဘူး။ ကျောင်းတော်ကြီးသာလျှင် အမြင့်ဆုံးမှာရှိနေရမှာဖြစ်ပါတယ်။ အခုဟာက သူကအောက်ရောက် ပြီး ကျန်တဲ့ဟော်တယ်တွေ၊ အဆောက်အဦးတွေက သူ့အပေါ်မှာရှိနေပါတယ်။

အဲဒီအပေါ်ကနေ လှမ်းကြည့်လိုက်ရင် ဒီလိုနေရာကို ဒီလို လူသားတွေများစွာ စုစုရုံးရုံး ဖြစ်အောင်လုပ်နိုင်တာဟာ အလ္လာဟ်အရှင်မြတ် သာလျှင်ဖြစ်ကြောင်း သိနိုင်ပါတယ်။ တမန်တော် အီဗရာဟင်မ်(အ)နဲ့ သားတော်အိစ္စမာအီလ်(အ)တို့ ဒီကျောင်း တော်ကြီးကို တည်ဆောက်ပြုပြင်တဲ့အချိန်မှာ ဒီအရပ်ဒီဒေသဟာ စားရေရိက္ခာအင်မတန်ရှားပါးပြီးတော့ ဝေးလံခေါင်သီပြီး လူသူအရောက်အပေါက်နည်းတဲ့ ရာသီဥတုဆိုလည်း အင်မတန် ပူလောင်ပြင်းပြတဲ့ အရပ်ဒေသဖြစ်ပါတယ်။ ကျမ်းမြတ် ကုရ်အာန် ဆူရာဟ် အမှတ် ၁၄ အာယသ် ၃၅၊ ၃၆၊ ၃၇ မှာ လေ့လာရင် တွေ့ရမှာဖြစ်ပါတယ်။ ကျောင်းတော်ကို မြှင့်တင်တဲ့ကိစ္စကို လေ့လာချင်ရင် စူရာဟ် ၂ အာယသ် ၁၂၂၊ ၁၂၃၊ ၁၂၄ မှာလေ့လာလို့ရပါတယ်။ ကုရ်အာန်ကို လေ့လာထားတဲ့ လူတစ်ယောက်အမှန်အတိုင်း ပြောရရင် ဒီတမန်တော်တွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေ အဟ်လေဘိုင်သ်တွေ၊ သူတို့ရဲ့အဆွေခင်ပွန်းတွေ၊ သူတို့ရဲ့သားစဉ်မြေးဆက်တွေ၊ ကျွန်တော်တို့ပြောနေတဲ့ အစ္စလာမ်၊ ကျွန်တော် တို့ မြန်မာနိုင်ငံက အစ္စလာမ်ကတော့ သာမန်မွတ်ဆလင်မ်တွေထက်တော့ နည်းနည်းထူးကဲတာပေါ့။ အနှောင့်အယှက်ပယောဂ၊ ဒုက္ခဆင်းရဲခြင်း မြောက်များစွာကြားထဲက အီမာန်ကို ခိုင်မြဲအောင်လုပ်ပြီး ရပ်တည်နေရတဲ့ မွတ်ဆလင်မ်တွေ၊ တနည်းအားဖြင့် ကျွန်တော်တို့ မြန်မာပြည်ကပါလို့ပြောရင် သူတို့မသိကြပါဘူး။ ဘင်္ဂါလီလို ဗူးရ်မားလို့ပြောရင် နည်းနည်းပါးပါးသိကြပါတယ်။

အဲဒီမှာ ကျွန်တော်တို့က ဗီရူးမားလို့ပြောလိုက်ရင်သူတို့က ကျွန်တော်တို့ကို တော်တော်သနားစရာ အရပ် ဒေသကလာတဲ့လူတွေလို့ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အခေါ်အဝေါ်နဲ့ဆိုရင် မြန်မာနိုင်ငံဟာ `ဒါရူလ်ဟရဗ်´မွတ်ဆလင်မ်အစိုးရမဟုတ်သော အစိုးရအုပ်ချုပ်နေတဲ့ အရပ်ဒေသကလူတွေ၊ သူတို့ကိုယ်သူတို့ ဆိုရင် `ဒါရူလ်စလာမ်´`ဒါရူလ်မူအီန်´လို့ခေါ်ကြတယ်။ အစ္စလာမ်တရားဥပဒေနဲ့အညီ အုပ်ချုပ်တဲ့အရပ်ဒေသ။ အဲဒီ အရပ်ဒေသက လူတွေရဲ့အနေအထား ကျွန်တော်တို့ကို သိတဲ့အနေအထားမှာ ကျွန်တော်တို့ရဲ့ အီမာန်ပိုပြီး ဘယ်လိုတိုးပွားလာရသလဲ။ ကျွန်တော်တို့က မိဘမွတ်ဆလင်မ်ဖြစ်လို့ အားနကွန်းမ်၊ ဘာနကွန်းမ်၊ သအ်လမုနား၊ ယအ်လမုနား မွတ်ဆလင်မ်ဖြစ်တယ်လို့ ပြောနေကြတာ၊ မိရိုးဖလာမွတ်ဆလင်မ်ဖြစ်တဲ့ ကျွန်တော်တို့က ဘာမှ အရင်းအနှီး ပေးဆပ်လိုက်ရတာမရှိဘူး။

ဒါပေမယ့် တမန်တော်တွေနဲ့ အိမ်တော်သူအိမ်တော်သားတွေနဲ့ ဇနီး၊ သားသမီးဆွေစဉ်မျိုးဆက်ကနေ အီမာန်သက်ဝင်ယုံကြည်မှုကို ခံယူလိုက်တဲ့ အဆ်ွဟာဘ်တော်တွေရဲ့ စွန့်လွှတ်စွန့်စားမှု၊ အီမာန်သက်ဝင်ယုံကြည် မှု၊ အစ္စလာမ်ရဲ့မီးရှူးတန်ဆောင် အလင်းရောင်ကို တောက်ပစွာထွန်းညှိမှုမှာ မိမိတို့ရဲ့အသက်အိုးအိမ်၊ စည်းစိမ် ကို စွန့်လွှတ်စွန့်စားမှုတွေ ပြုခဲ့လိုက်ကြတဲ့ အမှတ်အသားတွေကို အဲဒီမြေပေါ်မှာ ကျွန်တော်တို့အများကြီး တွေ့ခဲ့လိုက် ကြတယ်။ တွေ့ခဲ့ရတဲ့အချိန်မှာ ကျွန်တော့်ကိုယ်ကျွန်တော် ခံယူလိုက်မိပါတယ်။ ကျွန်တော်ဆိုတဲ့ သန်းအောင်ဟာ အဲဒီလူတွေရဲ့အရှေ့မှာ သူတို့ခြေဖ၀ါးအောက်မှာရှိတဲ့ သဲမှုန်ပေါင်းများစွာထဲက သဲမှုန်လေးတစ်မှုန်အဆင့်တောင် မရှိဘူးလို့ ခံယူမိပါတယ်။ တကယ်ပဲသူတို့ဟာ ပေးဆပ်ခဲ့ရသူတွေဖြစ်ပါတယ်။

ကျွန်တော် သ၀ါဖ် ၇ပတ် ပတ်ပြီးရင် စအီပြေးမယ်။ စအီပြေးမယ့် အရပ်မှာက စဖါနဲ့မရ်ဝါက တောင်းဆိုတဲ့ သင်္ကေတပဲ ကျန်တော့တယ်။ ဒေသဖွံ့ဖြိုးရေးတွေလုပ်လိုက်တော့ အနည်းငယ်သာမြင့်တဲ့တောင်အဖြစ် ကျန်တော်တာကိုတွေ့ ရတယ်။ ကျွန်တော်က အခုအခြေအနေမှာက ပန်ကာတွေ အဲကွန်းတွေဖွင့်ထားတဲ့ အောက်ကသွားရမှာ။ တမန်တော် အီဗရာဟင်မ် (အ.စ)ရဲ့ ကြင်ယာတော် ဟာဂျရာသခင်မက သူ့သားအတွက် ရေရှာတဲ့အချိန်မှာ ဘယ်လိုသောကနဲ့ ဒီလိုတောင်စွယ်တွေကြား၊ သဲသောင်ပြင် ပေါ်မှာ လွင်တီးခေါင်အရပ် အပေါ်နေပူ၊ အောက်အပူကြားမှာ ရေရရှိရေးအတွက် ဘယ်လိုသောကထားခဲ့သလဲ။ ဒါကို ကျွန်တော်တို့အတူသွား အုပ်စုဝင်တွေက ငါတို့သာငါတို့သားသမီးအတွက်ဆို ဘယ်လိုများသောကထားမလဲ ဆိုတဲ့ စိတ်သွင်းပြီးသွားကြတဲ့အခါ အဲကွန်းဖွင့်ထားပေမယ့် ကျွန်တော်တို့ခန္ဓာကိုယ်တွေဟာ ချွေးတွေနဲ့ ရွှဲနစ်နေ ပါတယ်။ ကျွန်တော်ဆိုရင် ကျွန်တော်ရဲ့အာရုံကို လွန်ခဲ့တဲ့နှစ်ပေါင်း လေးထောင်၊ ငါးထောင်ကို ပို့ကြည့်ပါတယ်။

အဲဒီမှာရှိတဲ့ကျောင်းတော်ကို ဘိုင်သွလ္လာဟ်လို့လည်းခေါ်သလို၊ အလ်မဆ်ဂျစ်ဒ်ဒွလ်ဟရမ်လို့လည်း ခေါ်ပါတယ်။ အလ်ဘိုက်သ်ဆိုတာကို လွယ်လွယ်လေးဘာသာပြန်လိုက်ရင် (ညဖက်ကုန်ဆုံးစေတဲ့နေရာ)လို့ တွေ့ရပါတယ်။ အိမ်လို့လဲ ဘာသာပြန်လို့ရပါတယ်။ သူ့ကို ဆက်ပြီးတိုးချဲ့စဉ်းစားလိုက်ရင် အလ်ဘိုက်သ်ဆိုတဲ့ဟာက ဂုဏ်သိက္ခာ၊ အဆင့်အတန်းဆိုတာလည်း အဓိပ္ပါယ်ရပါတယ်။ ဒီကျောင်းတော်ရဲ့ ပရ၀ဏ်ကို ရောက်လာတဲ့လူတွေ သူတို့ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပြီးတော့ သူတို့ကိုယ်တိုင်ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းကို မြင့်မားအောင် လုပ်ရင်း နဲ့ နောက်ထပ်လူနဲ့၊ လူ့အဖွဲ့အစည်းဝင်တွေရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ဖို့ ဒီကျောင်း တော်ကနေ သင်ကြားပေးနေတယ်ဆိုတဲ့ သင်ခန်းစာလည်း ကျွန်တော်တို့ လက်ခံရရှိနိုင်ပါတယ်။

နောက်တစ်ခါ `အလ်မဆ်ဂျိဒ်ဒုလ် ဟရာမ်´။ အဲဒီတော့ ဒီဘက်မှာ (အလ်မဆ်ဂျိဒ်) ဒီဘက်မှာ (ဟရာမ်) ကျွန်တော်တို့က အခြားအချိန်မှာ သေသေချာချာစဉ်းစားကြည့်ပါ။ ဟရာမ်ဆိုတဲ့ပစ္စည်း၊ အရာကို ကြောက်ကြပါ တယ်။ ဒါပေမယ့် အဲဒီဒေသကိုရောက်သွားတော့ ဘယ်ကိုသွားမလဲဆိုတော့ အားလုံးက ဟရာမ်၊ ဟရာမ်၊ ဟရာမ်။ အဲဒါဘယ်လိုဖြစ်တာလဲ။ ဒီဟရာမ်နဲ့ ဟိုဟရာမ်အတူတူဘဲ။ အမှန်က ဟရာမ်ဆိုတဲ့ အဓိပ္ပါယ်က တားမြစ်ထားခြင်း။ အဲဒီအရပ် အဲဒီဒေသ အဲဒီပတ်ဝန်းကျင်မှာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ပျက်စီးဆုံးရှုံးထိခိုက်နစ်နာစေမယ့် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေမယ့်ကိစ္စရပ်များ ကို ကြံစည်ခြင်း၊ ပြောဆိုခြင်း၊ ဆောင်ရွက်ခြင်း၊ ကြိုးပမ်းအားထုတ်ခြင်းစတဲ့ အမှုကိစ္စအ၀၀တွေကို တားမြစ်ပိတ် ပင်ထားတဲ့အရပ်ဖြစ်နေတော့ အဲဒီအရပ်ဒေသက အော်တိုမက်တစ် မကောင်းမှုဒုစရိုက်တွေကနေ တားမြစ်ထားတဲ့ အတွက် ကောင်းမှုသုစရိုက်တွေ ဆောင်ရွက်သော၊ မြင့်မြတ်သော၊ သန့်ရှင်းစင်ကြယ်သောနေရာ ဖြစ်သွားရခြင်း ဖြစ်တယ်။

၁။ အဲဒီမှာ ဘာကိုတားမြစ်ထားတာလဲဆိုရင် (အဲဒီတားမြစ်ချက်က အရေးကြီးဆုံး ပွိုင့်လို့ ကျွန်တော်မြင်ပါတယ်။) သောင်ဝ်ဟီးဒ်လို့ခေါ်တဲ့ အလ္လာဟ်အရှင်ြမတ်တစ်ပါးတည်း နိစ္စထာဝရတည်ရှိပြီး အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းသာ လောကလူသားခပ်သိမ်းတို့ရဲ့ ယုံကြည်လေးစား၊ ကိုးကွယ်အားထားခြင်းကို ခံယူ ထိုက်သော အရှင်ဖြစ်ကြောင်းနဲ့ ထိုအရှင်မြတ်၏ လမ်းညွှန်ပြဌာန်းမိန့်ကြားချက် (အလ်ကုရ်အာန်)ကို ဂျမာအသ် အစုအဝေးဖြင့် လိုက်နာအကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။  (ဒီနေရာမှာ ကျွန်တော်ရှင်းပြချင်ပါတယ်။ ကမ္ဘာပေါ်မှာ ဘာသာတရားတွေ အများကြီးရှိပါတယ်။ အဲဒီဘာသာတရားတွေနဲ့မတူတဲ့ လူ့ဘ၀တည် ဆောက်မှုလမ်းစဉ်ဆိုတဲ့ (ဒီန်) အစ္စလာမ်မှာဘဲ ဂျမာအသ်နဲ့ လုပ်ရတဲ့ အလုပ်တွေရှိပါတယ်။ ကျန်တဲ့ဘာသာ တရားတွေမှာ ဂျမာအသ်အစုအဝေးနဲ့ လုပ်ရခြင်းကိစ္စ ဘာမှမရှိပါဘူး။ အားလုံးသည် တစ်ကိုယ်ရည်တစ်ကာယ မိမိအကျိုးစီးပွားအတွက် ၀တ်ပြုတည်ဆောက် ဆောင်ရွက်ကုသိုလ်ရယူကြတာဘဲ ရှိပါတယ်။ အဲဒါဟာ အစ္စလာမ်ရဲ့အင်မတန်ထူးခြားတဲ့ အနေအထားပါ။ ကျွန်တော်တို့က အဲဒီဒေသကို ရောက်သွားတာ တနင်္လာ၊ အင်္ဂါဆိုတော့ သိပ်မသိသာသေးဘူး။ ကြာသပတေးနေ့ရောက်တဲ့အချိန်မှာ ကျွန်တော် တို့အားလုံး သြချသွားပါတယ်။ ဒီလူတွေ ဘယ်ကရောက်လာကြတာလဲ။ သူတို့ဆီမှာ သောကြာက အလုပ်ပိတ်၊ ရုံးပိတ်ရက်ဆိုတော့ ဂျုမုအာဟ်ဆွလားသ်ကို အစုအဖွဲ့နဲ့တည်ဆောက်ဖို့ရန်အတွက် ဂျမာအသ်ဆိုတဲ့ ကြာသပတေးနေ့ မဂ်ရိဘ်မတိုင်ခင်ကတည်းက လူတွေအများကြီးရောက်လာတာ ကျွန်တော်တို့ ဂျုမုအာဟ်ကို အတွင်းပိုင်းထိဝင်ပြီး ဖတ်ဖို့စီစဉ်ထားပေမယ့် ၀င်လို့မရခဲ့ပါဘူး။ အဲဒီလူတွေ အလ္လာဟ်ဟုအက်ဘရ်၊ လက်္ကဘိုက်္က ဆိုပြီးအော်တဲ့ အသံတွေကြားရတော့ ကမ္ဘာပေါ်ကလူတွေ ကြောက်မယ်ဆို ကြောက်စရာဘဲလို့ ကျွန်တော်သုံးသပ် မိပါတယ်။) အဲဒီလို ဂျမာအသ်အစုအဝေးဖြင့် လက်တွေ့ပုံဖော်လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရင်းနဲ့ ကမ္ဘာ့လူသားအားလုံး၏ တည်ငြိမ်အေးချမ်းဘေးကင်း လုံခြုံပြီးဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို စုပေါင်း ဆောင်ရွက်ရာဗဟိုဌာနကို အလ်မဆ်ဂျိဒ် ဒုလ်ဟရာမ်လို့ ခေါ်ပါတယ်။

ဒီမှာ နည်းနည်းလေးချွတ်ချော်နေတဲ့ အချက်တစ်ခုရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျွန်တော်တို့ ကျမ်းမြတ် ကုရ်အာန်မှာ ဒီဟရာမ်ဆိုတဲ့ နယ်မြေဟာ တစ်ခုပဲရှိပါတယ်။ ဒါပေမယ့် အမှန်အတိုင်းတော့ ပြောဆိုတင်ပြ ရမှာပဲဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၉း၂၈ မှာ ဖော်ပြထားတာက ဟရာမ်က တစ်နေရာဘဲ။ မတ်စ်ဂျီဒွလ်ဟရာမ်သည်ကျောင်းတော်ရဲ့ ပရ၀ဏ်မှာ ရှိရ်က်၊ ကုဖ် နဲ့ ပတ်သက်တဲ့မည်သည့် အမှုကိစ္စမျိုးကိုမှ ဆောင်ရွက်ခြင်း မရှိစေရလို့ တားလိုက်တာ။ ဒါပေမယ့် လက်ရှိက ဟရမိုင်းရှရီဖိုင်း ဆိုပြီးဖြစ်လာတာ။

မဒီနာကိုပါ လက်ရှိဟရာမ်ထဲမှာထည့်ထားတယ်။ အဲဒီတော့ မဒီနာကိုပါ Non Muslim က ၀င်လို့မရဘူး။ ကုရ်အာန်အရဆိုရင်တော့ မုရှ်ရိက်တွေ ချဉ်းကပ်မှုမရှိစေရတဲ့ ဟရာမ်က မဆ်ဂျိဒ်ဒုလ်ဟရာမ် ကိုပဲ ပြောတာ။ ဒါပေမယ့် လက်ရှိအုပ်ချုပ်သူ ဘုရင်မင်း နဲ့ စဉ်ဆက်အုပ်ချုပ်လာတဲ့ ဘုရင်တွေရဲ့ သတ်မှတ်ချက်ကို ကျွန်တော်တို့ ကုရ်အာန်အရပါလို့ သွားပြောလို့ရှိရင် လက်ဖြစ်စေ၊ ဇက်ဖြစ်စေ ဖြတ်ခံထိသွားမှာဖြစ်တယ်။

၂။ မဆ်ဂျိဒ်ဒီလ် ဟရာမ်ဆိုတဲ့အရပ်ကို လူသားမှန်လျှင် (အတည်တကျနေထိုင်သူဖြစ်စေ၊ ယာယီခရီး သွားဖြစ်စေ) လူ့အခွင့်အရေးအပြည့်အ၀ ရရှိခံစားခွင့် ရရှိပြီး ခွဲခြားဆက်ဆံမှု ကင်းမဲ့သည့်နေရာဌာနအဖြစ် အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပေးထားတဲ့နေရာဖြစ်တယ်။ အခုလက်ရှီ အဲဒီလူသား (အန္နားစ်)ဆိုတဲ့နေရာမှာ အလ်မွတ်ဆလင်မ် ဖြစ်နေပါတယ်။ အင်ရှာအလ္လာဟ် ကမ္ဘာပေါ်မှာ အုလီလ်အမ်ရိ မိမ်ကူမ်ဆိုတဲ့ မုအ်မင်န် မွတ်ဆလင်မ်တွေထဲက အမိန့်သတ်မှတ်ပြဌာန်းပိုင်ခွင့်ရှိတဲ့ မဂ်ျလစ်စေရှူရာဟ်ဆိုတဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိသော ကောင်စီတစ်ရပ်ပေါ်ပေါက်လာပြီး အူလီလ်အလ်ဗားဘ်လို့ခေါ်တဲ့ ဥာဏ်ရှင်ပညာရှင်တွေရဲ့ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ဆုံးမမှုကို သူတို့(ဘုရင်)ကို အဆိုပြုတင်ပြပြီး ဆုံးဖြတ်လိုက်မယ်ဆိုရင် (ကျွန်တော်ဆန္ဒအရ အကြံပြုတင် ပြပိုင်ခွင့်ရှိမယ်ဆိုရင် အဲဒီ အလ်မဆ်ဂျိဒ်ဒီလ် ဟရာမ်ဆိုတဲ့နေရာကို ဒီနေ့ အီတလီနိုင်ငံမှာရှိနေတဲ့ ဗာတီကန်လို သီးခြားလွတ်လပ်တဲ့ နေရာဒေသအဖြစ် သတ်မှတ်ဆောင်ရွက်ဖို့ ကျွန်တော်အဆိုပြုတင်ပြမှာဖြစ်ပါတယ်။) အစ္စလာမ်ကမ္ဘာ့ ပညာရှင်နှင့် စီမံခန့်ခွဲပိုင်ခွင့်ရှိသူတွေက လိုအပ်သလို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရင် ရမှာပါ။

၃။ ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာတို့မှာ သူတို့ရဲ့ယုံကြည်သက်ဝင်၊ အသက်ရှင်ဘ၀တည်ဆောက်မှု မှန်သမျှကို သန့်ရှင်းစင်ကြယ်မှုတွေ ဖြစ်စေရန် အမြဲတမ်း၊ ဂရုတစိုက်သွန်သင်ဆုံးမနေတဲ့ ဗဟိုဌာနလည်းဖြစ်ပါ တယ်။ လူတွေရဲ့စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော တည်ရှိနေတဲ့သူတို့ရဲ့ စိတ်ဓါတ်တွေ၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့လည်း အဲဒီအရပ်ဒေသကို ရောက်သွားတော့ စည်းကမ်းတွေ လိုက်နာနေတယ်။ စိတ်ဓါတ် တွေတည်ကြည်နေတယ်။ ယုတ်မာ၊ ကောက်ကျစ်ပက်စက်ပြီး သူများကို ဒုက္ခပေးချင်တဲ့ မကောင်းတဲ့ မကောင်းတဲ့စိတ်တွေပျောက်နေတယ်။ နူးညံ့သိမ်မွေ့နေကြပါတယ်။ ဘာကြောင့်လဲ အဲဒီနေရာမှာ အလ္လာဟ်နေလို့လား။ အလ္လာဟ်မနေပါဘူး။ အဲဒီကျောင်းထဲမှာ အလ္လာဟ်နေလို့လား။ မနေပါဘူး။ တစ်ခုတော့ ရှိပါတယ်။ ပစ္စည်းဝယ်မယ်ဆိုရင်တော့ ထက်ဝက်ဈေးဆစ်ဖို့ မမေ့ပါနှင့်။

၎။ အဲဒီကျောင်းတော်ကြီးဟာ ကိုးကွယ်အားထားရာနေရာလား။ ကိုးကွယ်ခြင်းခံထိုက်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒါဆိုရင် ကျွန်တော်တို့ စဉ်းစားစရာပေါ့။ ကျွန်တော်တို့သည် ကျွန်တော်တို့ရဲ့နှလုံးသားမှာ အမြဲတမ်း ဒီကျောင်းတော်ရဲ့စိတ်ဓါတ်ကို ထည့်ထားလိုက်ရင် မိမိရောက်ရှိနေတဲ့အရပ်ဒေသမှာ ကျွန်တော်တို့တွေ အမြဲတမ်း ကျမ်းမြတ်ကုရ်အာန်ရဲ့သွန်သင်ဆုံးမမှုတွေနဲ့ ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ဆုံးမနာယူနေလို့ရတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီကျောင်းတော်ကြီး ကျောင်းတော်ကြီးလို့ပြောတဲ့အချိန်မှာ ပညာရှင်တွေက အိမ်တော် ဟာ ကိုးကွယ်အားထားရာ လုံးဝမဟုတ်၊ ကိုးကွယ်ရာမဲ့နေရာသာဖြစ်တယ်။ ဒါကြောင့်မို့ ဟိုမှာရဲတွေရှိတယ်။ ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံရယ်၊ ပါကစ္စတန်လို နိုင်ငံရယ်၊ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံက လူတွေက နည်းနည်းသည်းသည်း လှုပ်တယ်။ နည်းနည်းလို့ပြောတာတောင် ကိုယ်တိုင်ပါတော့ လျော့ပြော လိုက်တာ။

ပြေးပြီးတော့ အုပ်ထားတဲ့အ၀တ်စကို ဆွဲတယ်။ အားရပါးရနမ်းတယ်။ ပါသွားတဲ့ ပစ္စည်းတစ်ခုခုကို အဲဒီ အ၀တ်စမှာသုတ်တယ်။ တချို့က ကပ်ကျေးယူသွားတယ်။ ကပ်ကျေးလောက်တော့ အဲဒီပိတ်က မရပါဘူး။ ဘယ်သူ့ ကိုရှုံးသွားလဲဆိုရင် မြန်မာနိုင်ငံက ခဲတံချွန်တဲ့ ခေါက်ဒါးကို ရှုံးသွားတယ်။ အဲဒီပိတ်ကို လှီးဖြတ်၍ယူလာသော လူရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က စဉ်းစားတာ ဒီအ၀တ်ကြီးက မြင့်မြတ်တယ်။ ကုသိုလ်ရမယ်လို့ထင်နေတဲ့ အချိန်မှာ ကျွန်တော်တို့ ဆန့်ကျင်ဖက် တွေးတတ်တဲ့ အမြင်ရှိတော့ ဒီလူသည် အင်မတန်လှပတင့်တယ်အောင် အလှဆင်ထားသော ပစ္စည်းကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ဖျက်ဆီးခြင်းသာဖြစ်တယ်။

ပြီးတော့ ကျောက်တုံးနက်ကြီးကို မရမကနမ်းတယ်။ ဖီလင်ကို ရှေ့တန်းတင်တဲ့ လူတွေပေါ့။ အဲဒီလို ဖီလင်ကို ရှေ့တန်းတင်တဲ့လူတွေကို အာရဗ်ရဲက တွေ့ရင် ပထမတော့ ကောင်းကောင်းပြောတယ်။ မရရင် ဆွဲထုတ်လိုက်တယ်။ ဒီဘက်မှာ အလ္လာဟ်ကပြောတယ်။ (အီဘရာဟီးမာ မူဆွလ္လာဟ်) အီဘရာဟင်မ်(အ) ရပ်တည်ခဲ့တဲ့ နေရာ။ ဒီနေရာကနေ လူနဲ့လူ့ပတ်ဝန်းကျင်ကို ဖွံဖြိုးတိုးတက်အောင် စီမံခန့်ခွဲအကောင် အထည်ဖော်ခဲ့တဲ့ မူလဘူတနေရာလို့ပြောတော့ အဲဒီခြေရာဆိုတဲ့ နေရာကို ကာထားတော့ အဲဒီအကာအရံကို လက်နဲ့ထိပြီး နမ်းကြပြန်တယ်။ အဲဒါဘာလဲ။ ဖီလင်ပေါ့။ အင်ဒိုနီးရှား၊ မလေးရှားတွေ အဲဒါမျိုးမလုပ်ဘူး။ ကြည့်ရုံကြည့်ပြီး သွားလိုက်ပါတယ်။

ဟဂ်ျနဲ့အွမ်ရာကို Tour နဲ့အမြတ်ယူပြီး လုပ်တဲ့လုပ်ငန်းက မြန်မာတစ်နိုင်ငံတည်းရှိတယ်လို့ ကျွန်တော်ထင် ပါတယ်။ ကျွန်တော် တွေ့ခဲ့တဲ့ အနေအထားကို ပြောတာ။ အင်ဒိုနီးရှားတို့ ဘာတို့ဆိုရင် သူတို့ရဲ့မဆ်ဂျိဒ်တို့ Center တို့ကနေ တဆင့် ပို့ပေးကြတာ။ အဲဒီလူတွေမှာ ဘာမှ အေးဂျင့်ကြေးတွေ၊ ဘာတွေ မရှိဘူး။ မပေးရဘူးလို့ ကျွန်တော်ထင်ပါတယ်။  ကျွန်တော်တို့ အဲဒီအရပ်မှာ အမြဲနှလုံးသွင်းနေရတာက (လာရှရီက လက်က်)(အလ္လာဟ်ဟွမ္မလဘ်ဘိုက်္က)။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ဟဂ်ျမှာ အလ္လာဟ်အမိန့်တော်အရ အီဘရာဟင်မ်(အ)က၊ ဖအဲဇ္ဇ်င်း၊ ဖင်းနားစ် (လူသားတွေကိုဖိတ်ခေါ်ကြေညာလော့) အဲဒီမှာလည်းကြည့်။ လူတွေကိုပဲ အသံပေး ဖိတ်ခိုင်းတယ်။ မွတ်ဆလင်မ်တွေလို့ မပါဘူး။ မုအ်မင်န်တွေလို့ မပါဘူး။ လူတွေကို အသံပြုလိုက်၊ ဒီဟဂ်ျအတွက် ဖိတ်ခေါ်လိုက်။ သူတို့တွေက သူတို့အစီအစဉ်နဲ့သူတို့ လာကြလိမ့်မယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့အသံပြဲတဲ့ လူအော်ရင်တောင် လမ်းထိပ်ထက် ပိုမကြားရဘူး။

ဒါပေမယ့် ဒါသည် အလ္လာဟ်အရှင်မြတ်က မိမိရဲ့အကောင်အထည်ဖော်မှုကို ဖြစ်မြောက်အောင် လုပ်တဲ့အတွက် ဒီကနေ့ နှစ်ပေါင်းလေးငါးထောင်ရှိတဲ့အချိန်မှာ လူတွေသိန်းနဲ့ချီရှိနေတယ်။ အွမ္မရာဟ်မှာတောင် ဒီလောက်ရှိရင် ဟဂ်ျမှာဆိုပိုများမှာပေါ့။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၄း၃၇ မှာကြည့်ရင် အီဘရာဟင်မ်(အ)က သူ့ရဲ့မူလ အီဂျစ်နဲ့ ဆီးရီးယားကို ပြန်သွားဖို့ လုပ်တဲ့အခါကျတော့ ဟာဂျရာသခင်မရယ်။ သားတော် အိစ္စမာအီလ်(အ)ရယ်၊ နောက် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်သက်ဝင်တဲ့ လူတွေရယ်၊ ဆွေတော်မျိုးတော် အချို့ရယ်ကိုထားတော့ အလ္လာဟ်ကိုပြောတယ်။ အင်မတန် စားရေရိက္ခာရှားပါးတဲ့ တောင်ကြားဒေသတစ်ခုမှာ ကျွန်တော်သူတို့ကို အလ္လာဟ်အားကိုးမှု တစ်ခုတည်းနဲ့ ထားခဲ့ပါပြီ။ အလ္လာဟ်သူတို့ကို စားရေရိက္ခာပေါများဖို့အတွက် အရှင်သူတို့ကို ဖြည့်ဆည်းပေးတော် မူပါလို့ ပြောခဲ့ ပန်ကြားခဲ့ပါတယ်။

ဒီကနေ့ လူတွေအများကြီး သွားနေကြတယ်။ ဥပမာ ဇမ်ဇမ်ရေ ဘာလို့ ဒီလောက်သန်းနဲ့ချီတဲ့ လူတွေ သောက်နေတာ မကုန်လည်းလို့ အရဗ်မှာမေးရဲတဲ့လူ ကျွန်တော်တို့အဖွဲ့ပဲရှိတယ်။ ကျန်တဲ့လူတွေမေးရကောင်းမှန်း သိမှာမဟုတ်ဘူး။ သူတို့ကလည်းရှင်းပြပါတယ်။ လူတွေဘယ်လောက်များများ သုံးသုံး၊ သုံးလိုက်တဲ့ ပမာဏ အတိုင်း ၁၀ စက္ကန့်ပြည့်တိုင်း တွင်းထဲမှာ ပြန်ပြည့်သွားတယ်။ ဇမ်ဇမ်ရေဟာ ရောဂါတော်တော်များများ ပျောက် တယ်လို့ အဆိုရှိပေမယ့် ကျွန်တော်မသိဘူး။ တစ်ခုရှိတာက သောက်လိုက်ရင် အမောတော့ တော်တော်ပြေသွား တာတွေ့ရတယ်။ ရေငတ်လည်းပြေတယ်။ ဇမ်ဇမ်ရေတွင်း ဖြစ်လာတဲ့ အနေအထားကို လေ့လာကြည့်ရင် တော်တော်လေးစိတ်ဝင်စားစရာ ကောင်းတာတွေ့ရပါတယ်။

ဟဂ်ျနဲ့အွမ်ရာဟ် သွားလုပ်လို့ ကျွန်တော်တို့ကုသိုလ်ရမှာ မဟုတ်ပါဘူး။ ဟဂ်ျနဲ့အွမ်ရာဟ်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို လိုက်နာကျင့်သုံးအကောင်အထည်ဖော်ရန်အတွက် အပြည့်အ၀ဆောင်ရွက်ပါလို့ ပြောထားခြင်းဖြစ်ပါတယ်။ ဟာဂျီခေါ်ခံရတာကတော့ အမြတ်ပေါ့ဗျာ။ တချို့လူတွေရှိတယ်။ ကျွန်တော့်ဆွေမျိုး သားချင်းထဲကဘဲ ရှိနေတယ်။ တစ်ခေါက်သွားပြီးပြီ။ ဒုတိယအခေါက်သွားဖို့ ပေါ်လာတော့ `ငါအပြစ်လုပ်ထားတာ တော်တော်များနေပြီ။ အဲဒီတော့ ဟိုမှာနည်းနည်းသွားချေလိုက်ဦးမယ်´လို့ပြောပါတယ်။

အမှန်က ဒီကိစ္စဟာ အတွေးအခေါ်လွဲမှားချက်သာဖြစ်ပါတယ်။ လူတစ်ယောက်က ကောင်းတာလုပ်ရင် ကောင်းကျိုးကို ရှုမြင်ခံစားရမယ်။ ဆိုးတာလုပ်ရင် ဆိုးကျိုးကို ရှုမြင်ခံစားရမယ်။(ကုရ်အာန်) ဆိုးတာတွေ အများ ကြီးလုပ်ပြီး ဟဂ်ျလေးအွမ်ရာဟ်လေး တစ်ခေါက်နှစ်ခေါက်လောက်သွားပြီး ငါတို့အပြစ်တွေတော့ ချေခဲ့ပြီ။ ပြန်လာ တော့ ငါတို့တော့ သူတော်စင်၊ သူတော်ကောင်းဘဲဆိုပြီးတော့ မဖြစ်လာနိုင်ပါဘူး။ အဲဒီအသိအမှားကြီးကို ကျွန်တော်တို့ နားလည်သဘောပေါက်ဖို့လိုပါတယ်။ မျှဝေပါတယ်။ အလ္လာဟ်အရှင်မြတ်ကတော့ (၃း၉၅) အမိန့် ရှိပါတယ်။ ဘာလဲ (ကွလ် ဆွဒကလ္လာဟ်) `အလ္လာဟ်အရှင်သည် အမှန်ကိုပဲ ပြောသည်။ သစ္စာစကားကိုသာပြော သည်။´ (ဖသ်သဘေအူ – မိလ္လသ အိဗ်ရာဟီမာ ဟနီးဖာ) `အီဗရာဟင်မ်(အ) ရဲ့ မိလ္လသ် အစဉ်အလာ ကောင်းမွန် သော၊ စနစ်၊ လမ်းစဉ်သည် ဖြောင့်မတ်မှန်ကန်ပြီး ရှိရ်က်ဆိုတဲ့ အမှုကနေသွေဖည်နေပါတယ်။´

ဘယ်တော့မှ ရှိရ်က် နဲ့မအပ်စပ်ဘူး။ ပြီးတော့ သူဟာပြောရင် ပြောတဲ့အတိုင်းလုပ်တယ်။ ကျွန်တော်တို့ အလ္လာဟ်ကို ယုံတယ်ဆိုရင် အလ္လာဟ်ကို ယုံတယ်။ အလ္လာဟ်ကိုယုံပါတယ်လို့ ပြောပြီးမှ အလ္လာဟ်ကို ယုံဖို့အတွက် ဘယ်ပုဂ္ဂိုလ်ဆရာသခင်ကြီးကတော့ အလ္လာဟ်အချစ်တော်ဝလီ သူတော်စင်ဖြစ်လို့ သူကတဆင့် အလ္လာဟ်ကို ပြောပေးမှ ဖြစ်မယ်ဆိုတာတွေက အစ္စလာမ်နဲ့မသက်ဆိုင်တဲ့ အနေအထားတစ်ရပ်ပါ။ (၀မာကားန၊ မီနလ် မုရှ်ရေ ကီးန်) `အီဗရာဟင်မ်ဟာ ဘယ်တော့မှ ရှိရ်က်လို့ပြောတဲ့ အလ္လာဟ်အရှင်မြတ်နဲ့တစ်စုံတစ်ရာကို တုဖက်၊ နှိုင်းယှဉ်၊ ယှဉ်တွဲ၊ ကိုးကွယ်၊ ယုံကြည်၊ အားထား၊ လေးစား၊ လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်ခြင်း လုံးဝ(လုံးဝ) မရှိတဲ့သူတွေထဲမှာ အပါအ၀င်ြဖစ်ပါတယ်။ ကုရ်အာန် (၃း၉၆)မှာ-

`ပထမဦးဆုံးသော အိမ်တော်ဟာ လူသားတွေအတွက် ဆောက်လုပ်ထားခြင်းဖြစ်ပါသည်။´ တနည်းအားဖြင့် လူသားတွေအကျိုးအတွက် ဆောင်ရွက်ရန်ဖြစ်ပါသည်။ ဒါကြောင့် ကျွန်တော်ဟိုမှာ ရောက်နေတဲ့အချိန်မှာ အချိန်ရလို့ ကျွန်တော် Online မှာ တင်လိုက်တယ်။ ကျွန်တော့်ကိုသာ အလ္လာဟ်အရှင်မြတ်က အစွမ်းအစပေးပြီး စွမ်းဆောင်နိုင်တဲ့ အရည်အချင်းရှိရင် ကျမ်းမြတ်ကုရ်အာန်ပါ အီဗရာဟင်မ်(အ)ရဲ့ ဆောင်ရွက်ချက်တွေ၊ သူ့ရဲ့ သားစဉ်မြေးဆက်ဆောင်ရွက်ချက်တွေကို ထက်ကြပ်မကွာ လိုက်နာကျင့်သုံးခဲ့တဲ့ ကျွန်တော်တို့ရဲ့အန္တိမတမန်တော် မုဟမ္မဒ်(ဆွ)နဲ့ အိမ်တော်သူအိမ်တော်သားများ၊ ဆွဟာဘာသာဝကများ လက်တွေ့ပုံဖော်ခဲ့တဲ့အနေအထားကို ဟဂ်ျနဲ့အွမ်ရာကို လာတဲ့လူတွေတတ်ကျွမ်းတဲ့ ဘာသာစာ စကားများနဲ့ အသိပေးနိုင်လိုက်ရင် အားလုံးအတွက် ပိုမိုအကျိုးရှိပြီးသား ဖြစ်သွားမှာပေါ့။

အီဘရာ ဟင်မ်(အ)ရဲ့ ဆောင်ရွက်ချက်တွေမှာ ကျွန်တော်တို့လို တရားဟောဆရာတွေကို သင်ပေးထားတဲ့ အချက်ရှိတယ်။ အီဗရာဟင်မ်(အ)က ဆီးရီးယားတို့ အီဂျစ်တို့မှာပြောတဲ့တုန်းက စူရာဟ် (၂၆း၇၀-၇၃) မှာပါတယ်။

သူ့အဖေနဲ့သူ့အရပ်ဒေသက လူတွေကိုပြောတာ။ `ယခင်တို့က ကိုယ့်လက်နဲ့ကိုယ်ပြုလုပ်ထားတဲ့ ရုပ်ဝတ္ထု ပစ္စည်းတွေကို ကိုးကွယ်နေကြတယ်။ အဲဒါတွေက မှားနေတယ်။´ ဒါဆိုရင် `မင်းတို့ကိုးကွယ်တဲ့အရှင်က ဘယ်လို လဲ။´ အဲဒီအခါပြောတဲ့ အနေအထားလေး။ အဲဒီဟာကို အလျဉ်းသင့်ရင် ခေါင်းစဉ်တစ်ခုအနေနဲ့ ကျွန်တော်တင်ပြ ပါမယ်။ အီဘရာဟင်မ်(အ)ပြောတာက ကျွန်တော်ရေဆာနေတဲ့ အချိန်မှာ အဲဒီအရှင်က ကျွန်တော့်ကို ရေတိုက် တယ်။ ကျွန်တော်ဗိုက်ဆာနေတဲ့အချိန် အဲဒီအရှင်က ကျွန်တော့်ကို အစာကျွေးတယ်။ ကျွန်တော်ဖျားနေတဲ့အချိန် မှာ အဲဒီအရှင်ကပဲ ကျွန်တော့်ကို ပျောက်ကင်းသက်သာစေတယ်။ ကျွန်တော်တို့ကို သင်ပေးနေတာ။ ကိုယ်ပြော တာကို နားထောင်မယ့်လူတွေရဲ့ အခြေအနေနဲ့ လက်ခံနိုင်စွမ်းကို ပြောတဲ့လူက သိရမယ်။ ကိုယ်ပြောဆိုတာကို နားမလည်တဲ့လူက လက်ခံနိုင်စွမ်းမရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမယ်။

အာရဗ်ကို ရောက်လာတော့ ဒီဘက်မှာက ဆွာဘေအီန်တွေရှိနေတော့ အဲဒီလူတွေကို ပြောတာက စူရာဟ် ၆း၇၆ မှာပါပါတယ်။ `ညဖက်ရောက်တဲ့အခါ အီဗရာဟင်မ်(အ)က ကြယ်တွေ၊ ဂြိုဟ်တွေကိုတွေ့တယ်။ ဒါတွေက ကိုးကွယ်ရာလားတဲ့။ ပြီးတော့ အဲဒါတွေက ပျောက်သွားတယ်။ ပျောက်သွားရင် ကိုးကွယ်ရာ မဖြစ်နိုင်ဘူး။ ပြီးတော့ နေ၊ လကို ပြောတယ်။ ဒါပေမယ့် ပျောက်သွားတယ်။ ကိုးကွယ်ရာ မဖြစ်နိုင်ဘူး။ အမှန်က ကြယ်တွေ၊ လတွေ၊ ဂြိုဟ်တွေနဲ့နေကိုပြပြီး ဒီဟာတွေကို စီရင်ဖြစ်ထွန်းစေထားတဲ့အရှင်သာလျှင် ကိုးကွယ်ယုံကြည်အားထားရာ ဖြစ်ကြောင်း ပြသနေတာဖြစ်တယ်။ ဒီကမှတဆင့် (အင်န်နိဝဂ်ျ ဂျဟသု—- )

`ကျွန်တော်သည် စကြ၀ဠာလောကခပ်သိမ်းနဲ့ ကမ္ဘာဂြိုဟ်ကို ဖြစ်ထွန်းပေါ်ပေါက်စေ၍ ပြန့်ကားထိုးထွက် နေသော အရာခပ်သိမ်းကို မရှိရာမှ ရှိရာသို့ တိုးချဲ့ဖွဲ့စည်းဖြစ်ထွန်းစေထားသော အရှင်ကိုသာလျှင် ကျွန်တော့် ဘ၀ရဲ့ဦးတည်ရာအဖြစ် ဦးတည်ပါပြီ´လို့ ပြောခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့က မုဆွလ္လာဟ်ပေါ်မှာပဲ ဖတ်ကြပြီး အမှန်က မုဆွလ္လာဟ်ပေါ်က ပြန်ရင်လည်း အမြဲတမ်းနှလုံးသွင်းရမှာဖြစ်တယ်။ ပြီး၇င် ကျွန်တော်ဟာ ဖြောင့်မတ် မှန်ကန်တဲ့လူ၊ ပြောတာနဲ့ လုပ်တာ အမြဲညီညွတ်စေသူ၊ အလ္လာဟ်ကို ယုံတယ်လို့ပြောပြီး၊ အလ္လာဟ်အပြင် တခြားအရာတွေ ယုံတဲ့လူထဲမှာ မပါဘူးလို့ ပြောတာ။ အလ္လာဟ်နဲ့တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ်တဲ့လူထဲမှာ ကျွန်တော် ဘယ်တော့မှ မပါဘူးလို့ ကျွန်တော်တို့ ရွတ်ဖတ်နှလုံးသွင်းကြတယ်။ အဲဒါသည် အီဗရာဟင်မ်(အ) ရှင်းပြခဲ့တဲ့ အာယသ်ဖြစ်ပါတယ်။

စူရာဟ် (၂း၁၂၅) `တစ်ခါက ငါအရှင်မြတ်သည် ဗဟိုဌာနကျောင်းတော်ကို လူသားခပ်သိမ်းအတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး အကြိမ်ကြိမ်ပြန်လှည့်လာရသော နေရာဌာနအဖြစ်လည်းကောင်း၊ ငြိမ်းချမ်းသာယာ၍ လုံခြုံမှုပြည့်ဝသော အရပ်ဌာနအဖြစ်လည်းကောင်း၊ သတ်မှတ်ပေးထားလေသည်။ ထို့ကြောင့် ခေါင်းဆောင်မှု အရည်အသွေးပြည့်ဝသော အီဗရာဟင်မ်(အ.စ) ရပ်တည်ဆောင်ရွက်ခဲ့သော လူ့အကျိုးပြုစနစ်ကို ဆက်လက် စွဲမြဲ စွာရပ်တည်ကြပါလေ။

လူသားတို့၏ စည်းလုံးညီညွတ်မှုမပြိုကွဲစေရေးနှင့် လူ့အဖွဲ့အစည်း မပြိုကွဲရေး၊ တရားဥပဒေစိုးမိုးရေး နယ်မြေအေးချမ်းသာယာရေးနှင့် ရပိုင်ခွင့်အခွင့်အရေးအပြည့်အ၀ရရှိစေရန် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သူများ(တွာအီဖီးန်) အလ္လာဟ်အရှင်မြတ်အား စွဲမြဲစွာအာရုံစူးစိုက်မှုပြုပြီး အလ္လာဟ်လမ်းညွှန်ပြဌားန်ချက်ကိုသာ အမြဲနှလုံးသွင်းကာ အရေးကိစ္စအ၀၀ကို ကောင်းမွန်စွာဆောင်ရွက်နေထိုင်ကြသူများ (အာကိဖီးန်)

အမှန်သစ္စာတရား ပေါ်လွင်ထင်ရှားစေရာတွင် အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ရှေ့မှောက် ဦးညွတ်၊ ဦးချကာအပြည့်အ၀ ရို့ကျိုးလိုက်နာခြင်းဖြင့် မည်သည့်လမ်းစဉ်၊ စည်းမျဉ်းတစ်စုံတရာ၏ရှေ့တွင် မည်သည့်အခါမျှ ဦးညွတ်မည်မဟုတ်၊ အားကိုးမည်မဟုတ်ဟု ၀န်ခံမှုပြုကြခြင်း၊ အမှုကိစ္စများ ဆောင်ရွက်နိုင်ကြရန် ငါ၏ဂုဏ်သိက္ခာ နှင့်ပြည့်စုံသော ကျောင်းတော်ကို သန့်ရှင်းစင်ကြယ်မှုဖြစ်အောင် အသင်တို့နှစ်ဦးပြုလုပ်ရမည်။´ဟု တမန်တော် အီဗရာဟင်မ်နှင့် အစ္စမာအီလ်(အ.စ)တို့အား အလ္လာဟ်က မှာကြားလေသည်။

ဒါကို ကျွန်တော်တို့ သွဝါဖ်မှာလည်း နှလုံးသွင်းကြတယ်။ အဲဒီကနေတဆင့် တက်ပြီး အီဘရာဟင်မ်(အ) နဲ့ သူ့မိသားစုအကြောင်းတွေ ဇေယာရသ်လုပ်တဲ့အချိန်မှာ တမန်တော်မုဟမ္မဒ်(ဆွ)နှင့် သူ့ရဲ့အိမ်တော်သူ အိမ်တော်သားတွေနဲ့၊ အဆ်ွဟာဘ်တော်တွေရှိနေတဲ့ မဒီနာကို အဲယားကွန်း ကားနဲ့သွားတဲ့အချိန်မှာ တမန်တော် မုဟမ္မဒ်(ဆွ)နဲ့ သာဝကကြီး အဘူဘက္ကရ်(ရဒွီ)တို့ ရန်သူလိုက်ပြီး လုပ်ကြံသတ်ဖြတ်လို့ မက္ကာဟ်ကနေ မဒီနာကို သွားခဲ့ရတဲ့ အဲဒီ ခေတ်အခါက ပုံရိပ်ကို မြင်ကြည့်တွေးကြည့်ပြီး ကျွန်တော်တို့မျက်ရည် ကျခဲ့ရပါတယ်။ ကျွန်တော်တို့ အုဟုဒ်ကို ရောက်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မျက်ရည်မဆည်နိုင်တော့ဘူး။ အုဟုဒ်မှာ စစ်ဖြစ်ခဲ့စဉ်က တမန်တော် မုဟမ္မဒ်ရဲ့ စစ်ရေးမဟာဗျူဟာနဲ့ အမိန့်တော်တွေကို တချို့အဆ်ွဟဘ်တော်တွေ တိကျစွာမလိုက်နာနိုင်ခဲ့တဲ့ အတွက် အောင်ပွဲမရောက်ခင်( ပန်းတိုင်မရောက်ခင် လှော်တက်ထောင်မိလိုက်လို့) တဖက်ရန်သူဘက်က အင်မတန် စစ်ရေးကျွမ်းကျင်တဲ့ ခါလီဒ်ဘင်ဝလီဒ်လို ဗိုလ်ချုပ်ကြီးက ဖမ်းပြီးတိုက်ခဲ့တဲ့ အတွက် အထိနာခဲ့ပါတယ်။ အမှန်က တမန်တော် မုဟမ္မဒ်(ဆွ)ဟာ အင်မတန်စစ်ရေး ကျွမ်းကျင်တဲ့ မဟာဗျူဟာ မြောက်ဆရာကြီး ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အုဟုဒ်တောင်ပေါ်မှာ ခုခံစစ်ဆင်နွှဲဖို့ နေရာယူထားခဲ့တဲ့ အနေအထားဟာ အရမ်းကောင်းပါ တယ်။ ဒါပေမယ့် တချို့သော လူတွေရဲ့မှားယွင်းမှုကြောင့် စစ်ရေးနိမ့်ပြီး ရန်သူဘက်က ဘဒရ်စစ်ပွဲမှာ ကျဆုံးခဲ့တဲ့ အဗူဂျာဟီလ်ရဲ့ဇနီး ဟိန္ဒရဲ့ လက်စားချေမှုကို တမန်တော်ရဲ့ ဦးလေးဟမ်ဇာ(ရဒွီ)လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ရ ပါတယ်။ ဒါတွေကို ကြည့်မြင်သိရှိပြီး ကျွန်တော်တို့ တမန်တော်မုဟမ္မဒ်(ဆွ)နဲ့တကွ အစ္စလာမ်ရဲ့မီးရှူးတန်ဆောင် ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းစဉ်ထွန်းကား ပြန့်ပွားရေးအတွက် မိမိအသက်အိုးအိမ်ကို စွန့်လွှတ်ပြီး ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ တမန်တော်ရဲ့ အဆွဟဘ်တော်တွေရဲ့ စိတ်ဓါတ်၊ အမူအကျင့်နဲ့ ယုံကြည်ချက်အီမာန်မျိုး၊ ကျွန်တော်တို့ကို ဆတက်ထမ်းပိုး တိုးပြီးပေးပါ အို – အလ္လာဟ်၊ ယခုကြွရောက်နားသောတ ဆင်နေကြတဲ့ လူကြီးမင်း များ အားလုံးအပေါ်သို့လည်း အီဗရာဟင်မ်(အ)နဲ့ သူ့ရဲ့ကြင်ယာတော်၊ မိသားစုဝင်များ သားစဉ်မြေးဆက်များ၊ တမန်တော်မုဟမ္မဒ်(ဆွ)နဲ့ ဆွဟ်ဘာ၊ သာဝက၊ အိမ်တော်သူ အိမ်တော်သားများရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံကာ အစ္စလာမ်ရဲ့ မီးရှူးတန်ဆောင် အလင်းရောင်ကို ထွန်းလင်းစွာ တောက်ပြောင်ရင်းနဲ့ မိမိတို့ကိုယ်တိုင် အစ္စလာမ်၊ မွတ်ဆလင်မ်အဖြစ် အီမာန်ခိုင်မာ၍ ၎င်းတို့ကဲ့သို့ သေတပန် သက်တဆုံး မိမိတို့ရဲ့သားစဉ်မြေးဆက်ကိုပါ မွတ်ဆ လင်မ်အဖြစ်နဲ့နေပြီး၊ မွတ်ဆလင်မ်အဖြစ်သေသူများဖြစ်အောင် ကြိုးစားဆောင်ရွက်လိုက်နာ အကောင်အထည် ဖော်နိုင်စွမ်း ချီးမြှင့်ပေးသနားတော်မူပါစေလို့ ဆန္ဒပြုရင်းနဲ့ ရပ်နားလိုက်ပါတယ်။