အွမ္မသ်ရဲ့ စုစည်းမှုနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

အွမ္မသ်ရဲ့ စုစည်းမှုနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

ယခုလို မွန်မြတ်လှတဲ့ သောကြာနေ့ ဂျွမ္မာဟ်အချိန်ကာလမှာ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ဖို့ ရောက်ရှိနေကြတဲ့ အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ခင်ဗျား။

`အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု´

အခုလို ဆွလားသ်နဲ့ခွတ္တဗာဟ်ကို ဟောကြားတင်ပြခွင့်ရတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူး တင်ချီးမွမ်းမှုပြုပါတယ်။

ကျွန်တော်တို့အပါအ၀င် လူအချို့သာတည်ငြိမ်အေးချမ်းစွာ နေထိုင်စားသောက်နေနိုင်ပေမယ့် နေရာ တော်တော်များများ ဒေသအသီးသီးမှာ ညီနောက်များဟာ သေကြေ၊ အိုးအိမ်ပျက် စွန့်ခွာပြီး အစားအသောက် ပြတ်လတ်ဘေးဒုက္ခရောက်စေတဲ့ ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့ခံစားနေရကြောင်းကို လူကြီးမင်းတို့လည်း သိရှိပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဒီအခြေအနေတွေနဲ့ လိုက်လျာညီထွေစွာဖြစ်မယ်ထင်လို့ ကျွန်တော်ဟောကြားမယ့် ခေါင်းစဉ်ကို `အွမ္မသ်ရဲ့ စုစည်းမှုနဲ့ ဦးဆောင်မှုအခန်းကဏ္ဍ´ဆိုပြီး ရွေးချယ်ထားပါတယ်။

ဦးဆောင်မှုအခန်းကဏ္ဍဆိုတော့ Leader ဆိုတဲ့အပိုင်းတွေလည်း ပါမှာပေါ့။ ပြီးခဲ့တဲ့ အပတ်ကဆရာ မုဖ်သီ ဦးစန်းအောင်ကလည်း နောက်လိုက်ကောင်း (Good Follower) ဆိုတဲ့ အပိုင်းကိုလည်း တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာ အသုံးအနှုန်းတစ်ခုဖြသ်သည့် အွမ္မသ်နဲ့ပတ်သက်ပြီးတော့ အဓိပ္ပါယ်တွေအများကြီး ရှိပါတယ်။ ကျွန်တော် အကျဉ်းရုံးပြီးပြောရမယ်ဆိုရင် လူတစ်ဦးချင်းစီကိုလည်း အွမ္မသ်လို့ခေါ်တယ်။ အဲဒီလိုပဲ လူ့အဖွဲ့အစည်းတစ်ခုချင်း ကိုလည်း `အွမ္မသ်´လို့ခေါ်တယ်။ မွတ် ဆလင်မ်မှ မဟုတ်ဘူး။ အခြားအခြားသော ဘာသာဝင်တွေလည်း လူ့အဖွဲ့အစည်း `အွမ္မသ်´ထဲမှာ ပါတယ်။

ဥပမာအားဖြင့် ပြောရမယ်ဆိုရင် မိုးဟာ လူသားတိုင်းအတွက်ရွာပေးတာပဲ။ ရေလိုချင်ရင် ခံမယ့်လူပဲ ရေရမယ်ဆိုသလိုပေါ့။ တမန်တော်မြတ်ရဲ့ အွမ္မသ်လို့ပဲ ကျွန်တော်တို့ သတ်မှတ်ရမယ်။ တမန်တော်မြတ်ကို လက်ခံ ခြင်း၊ လက်မခံခြင်းက သူတို့အပိုင်း ဒါပေမယ့်လို့ အွမ္မသ်ပဲ။ ပိုထူးခြားတာက လူမှမ ဟုတ်ဘူး။ လောက ဂေဟစနစ်တစ်ခုလုံးပါ ပါဝင် တယ်။ တိရစ္ဆာန်တွေလည်းပါတယ်။ တော်တော်ကျယ်ကျယ်ပြန့်ပြန့်အဓိပ္ပါယ် ကောက်ယူနိုင် ပါ တယ်။

အဲဒီအွမ္မသ်ဟာ ဘယ်လိုပုံစံနဲ့ ညီညွတ်ရမလဲ။ ဘယ်လိုပုံစံနဲ့ စည်းလုံးရမလဲ။ ဒီအပိုင်းတွေကို ကျွန်တော်ဆွေးနွေးတင်ပြသွားပါမယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄၃း၃၃ မှာ-

ဒီအာယသ်မှာ အွမ္မသေ၀ါဟီဒါဆိုတဲ့ ဝေါဟာရတစ်ခုပါတယ်။ ဒါပေမယ့် ဒီအာယသ်ဟာ အမြဲတမ်းကြားဖူး နေတဲ့ အာယသ်မဟုတ်ဘူး။ ကျွန်တော်တို့ အမြဲတမ်းကြားဖူးနေတဲ့ အာယသ်က ဆူရာဟ် ၄၂း၈ မှာ – `အလ္လာဟ် အရှင်မြတ်သည် သင်တို့လူသားတွေ လူအဖွဲ့အစည်းများကို တစ်စုတစ်စည်းတည်းသော လူ့အဖွဲ့အစည်းဝင်များ အဖြစ် (အွမ္မသေ၀ါဟီဒါ) အလိုရှိတော်မူခဲ့မယ်ဆိုရင် တနည်းအားဖြင့် မိစ္တာသာသနာဝင်အုပ်စုအဖြစ် တစ်ခုတည်းအဖြစ်၊ ဖြစ်သွားရင် အကြောင်းမရှိခဲ့လျှင် ငါအရှင်သည် သူတို့၏ နေအိမ်ခေါင်မိုးများကို ငွေနဲ့ပြုလုပ်ပေး တော်မူပေမည်။ ပြီးလျှင် လှေခါးများကိုလည်း ငွေသတ္တုဖြင့်ပင် ပြုလုပ်ပေးပြီး ၎င်းတို့သည် ယင်းလှေခါးများအသုံး ပြုပြီး အမိုးများပေါ်သို့တက်သွားပေလိမ့်မည်။

ဆိုလိုတာက လူ့အဖွဲ့အစည်းတစ်ခုဟာ မဖောက်မပြန်(ဖောက်ပြန်ခြင်းကင်းလျှင်)ဘူးဆိုရင် သူတော်စင် လူ့အဖွဲ့အစည်းဖြစ်ခဲ့မယ်ဆိုရင် အလ္လာဟ်ကရွှေလမ်းငွေလမ်းတွေ ခင်းပေးလိုက်မယ်လို့ ဆိုလိုခြင်းဖြစ်တယ်။

ဒါကြောင့် ဒီအာယသ်မှာပြောတဲ့ မိစ္ဆာသာသနာဝင်အုပ်စုဆိုတာက မှားယွင်းဖောက်ပြန်သော၊ လူ့အဖွဲ့ အစည်းကို အခက်အခဲ အကျပ်အတည်း ကမောက်ကမဖြစ်စေသော၊ မကောင်းသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း သော အဖွဲ့အစည်းမျိုးရှိနိုင်တယ်လို့ ဒီအာယသ်ကဖော်ပြနေတယ်။ လက်တွေ့လည်းရှိခဲ့တယ်။ ဟစ်တလာက အဖ ဂျာမာန် နိုင်ငံတော်ဆိုပြီး ဘယ်လိုတည်ထောင်ခဲ့လဲ။ တစ်ခြားအာဏာရှင်တွေနဲ့တောင် မတူဘူး။ အများအကြိုက် ဒီမိုကရေစီနည်းနဲ့ တက်လာတာနော်။ အမျိုးသားရေး၊ မျိုးချစ် ဆိုပြီးကြွေးကြော်ခဲ့တာ။ အဲဒီလို တစ်ဖက် သတ် စည်းရုံးပြီး အင်အားများလာတော့ ဘာလုပ်လဲ။ လူသတ်တယ်။ ပြီးတော့ အဖျက်အမှောင့်လုပ်ရပ်တွေ အားလုံးလုပ်တယ်။ ဂျူးတွေကို နယ်နှင်တယ်။ အစုလိုက်အပြုံလိုက်သတ်တယ်။ တစ်ချို့ရောတွေမှာ ပြည်သူတွေပါတယ်နော်။ သမိုင်းဆိုတာ မေ့လို့မရဘူး။ ဒါတွေဟာ လက်နက်ရှိတဲ့ အာဏာရှင်ဟစ်တလာနဲ့ သူ့စစ်တပ်ကပဲလုပ်တာပါလို့ ပြောလို့မရဘူး။ ရုပ်ရှင်တွေရှိတယ်။ ကြည့်ပါ။ ပိုလန်မြို့ပေါ်က ဂျူးတွေကို မောင်းထုတ်တဲ့အခါ ပြည်သူ တွေ ရောယောင်ပြီး ခဲတွေနဲ့ ပေါက်ကြတယ်၊ အော်ဟစ်ဆဲဆိုခဲ့ကြတယ်။ ပိုလန်ဂျူးတွေ လက်တွေကိုခေါင်းပေါ်တင်ပြီး မြို့ထဲက ထွက်ပေးခဲ့ရတယ်။ ဂျူးတွေကို မြို့လယ်ကောင် လမ်းမတွေပေါ်မှာ လူ့ဂုဏ်သိက္ခာကင်းမဲ့အောင် ပြူလုပ်ကြတဲ့နေရာမှာ များစွာ သော ပိုလန်တွေ ၊ များစွာသော ဂျာမန်တွေပါဝင်ခဲ့ပါတယ်။(ဂျူးတွေကို ကယ်တင်ခဲ့တဲ့ ဂျာမန်အနည်းငယ်လည်းရှိခဲ့ပါတယ်) ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း အဲဒီလိုမြင်ကွင်းမျိုးတွေ မကြာသေးမီ အချိန်က မြင်ခဲ့တွေ့ခဲ့ပါတယ်။

ဆိုလိုချင်တာက မကောင်းတဲ့ရည်ရွယ်ချက်နဲ့ပဲ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းတွေရှိတယ်။ ဒီအာယသ်အရ သိရတယ်။ အမေရိကန်မှာလဲ လူမည်းတွေကို သတ်ဖို့အတွက် ဖွဲ့ခဲ့တဲ့ ကေသုံးလုံး အဖွဲ့ရှိခဲ့တယ်။ ဒါလည်း အလွန်ကြီးမားတဲ့ အွမ္မသ်တစ်ခုပဲဖြစ်တယ်။ ဖောက်လွဲဖောက်ပြန် လုပ်နေတဲ့ လူ့အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ တမန်တော်မြတ်ရဲ့ လမ်းညွှန်ချက်တွေ မဟုတ်ဘူး။ လွဲမှားနေတယ်လို့ ဒီအာယသ်ကပြောနေတာ။ ထပ်ပြောတာက အကယ်၍များ အဲဒီလိုမျိုး အွမ္မသ်မျိုးတွေကို အမှန်တရားအတွက် ကောင်းကျိုး ဝေဖြာ စေရေး အတွက် စုစည်းနိုင်မယ်ဆိုရင် လူ့အဖွဲ့ အစည်းမှာ အချင်းချင်း ကူညီရိုင်းပင်းနိုင်တယ်။

ဒီကနေ့ ဖြစ်ပျက်နေတဲ့ ရေဘေး ဒုက္ခရောက်နေတော့ ကျွန်တော်တို့ဘာလုပ်ကြရသလဲ။ အချင်းချင်း စုစည်းကြရတယ်။ ညီညွတ်ကြရတယ်။ ရိုင်းပင်းကူညီကြရတယ်။ ဒီလိုမျိုးလုပ်ဆောင်ဖို့ မက်ဆေ့ခ်ျကို လည်း ကုရ်အာန်ကပေးထားတယ်။ နောက်တစ်ခါ တစ်စုတစ်စည်းတည်းထဲဖြစ်ခြင်း၊ ကျွန်တော်တို့ဘယ်လိုဘယ်ပုံ စုစည်းကြမှာလဲ။ တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့လား။ ကိုယ်နဲ့သဘောထားခြင်း မတိုက်ဆိုင်တာ၊ ကိုယ့်စိတ်ကြိုက် မဖြစ်တာတွေနဲ့ကြုံတွေ့လာပြီဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက စိတ်ခံနိုင်ရည်စွမ်းအားက အတော် နည်းပါးကြတယ်။

အခုလက်ရှိဖြစ်နေတဲ့ ရေဘေးဒုက္ခကယ်ဆယ်ရေးမှာပဲ တစ်ယောက်က ကလေးသွားချင်တယ်။ တစ်ယောက်က ပဲခူးသွားချင်တယ်။ အဲဒါနဲ့ပဲ ပြဿနာက တက်နေပြီး ရန်ဖြစ်နေကြပြီ။ တစ်ချို့ကလည်း ငါ ဥက္ကဌ ငါ့အမိန့် ငါပြောတဲ့နေရာသွားမယ် ဆိုတာလည်းရှိတယ်။ ဒါလေးတွေကို စိတ်မကောင်းစွာနဲ့ ကြားသိနေရတယ်။ ဒီတော့ တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ တည်ဆောက်မှ အွမ္မသ်ရဲ့ညီညွတ်မှုကို ရမှာလား။ ဆရာလူထု ဦးစိန်ဝင်း ရေးထားဖူးတဲ့ စာတစ်ပုဒ်ထဲမှာ – လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ကျွန်တော်တို့ နိုင်ငံထုတ်သတင်းစာတွေထဲမှာ အမေရိကန် အပါအ၀င်အနောက်ဥရောပ နိုင်ငံတွေရဲ့ လွှတ်တော်တွင်းက အချင်းချင်းရန်ဖြစ်နေကြတာကို အရမ်း ဝေဖန်ကဲ့ရဲ့ကြတယ်။ ဒီမိုကရေစီဆိုတာ မကောင်းဘူး။ ရန်ဖြစ်၊ ထသတ်၊ ပဋိပက္ခကြီးပဲ ဖြစ်နေတယ်ပေါ့။ မြန်မာ နိုင်ငံမှာတော့ နိုင်ငံတော် အကြီးကဲများရဲ့ လမ်းညွှန်ချက်နဲ့အညီ အားလုံးကတက်ညီလက်ညီ စုပေါင်းလုပ်ဆောင် နေကြလို့ ကောင်းတယ်ပေါ့။ ညီညီညွတ်ညွတ် ရှိတယ်ပေါ့။ လူကြီးမင်းများ အဲဒီလို သတင်းမျိုး၊ ဆောင်းပါးမျိုးတွေ ဖတ်ရမှာပေါ့။ အဲဒါက တကယ်ညီညွတ်တာလား၊ စစ်မှန်တဲ့ညီညွတ်မှုရော ဟုတ်ပါသလား။

အမိန့်၊ အာဏာနဲ့ အာဏာရှင်စနစ်ကျင့်သုံးပြီး လက်ညှိုးထောင်၊ ခေါင်းငြိမ့်တာ ညီညွတ်တာလား။ အဲဒါညီညွတ်တာမဟုတ်ပါဘူး။

ကုရ်အာန် ဆူရာဟ် ၃း၁၀၃ မှာ ` အလ္လာဟ် ရဲ့ ကြိုး(ကုရ်အာန်) ကို စွဲမြဲစွာကိုင်ထားကြပါ။´ ဆိုလိုတာက ကျွန်တော်တို့ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ပြဿာနတွေ တက်လာတဲ့အခါမှာ ဒါတွေကို ရှောင်ရှားပြီး ပြေလည်အောင် ဘယ်လိုလုပ်ရမလဲ။ တစ်နည်းအားဖြင့် ဆရာ မုဖ်သီ ဦးမြတ်သူ(ကွယ်လွန်)က စာသင်ရင်းပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ်။

လူတွေက တမန်တော်မြတ်(ဆွ)ကို အရမ်းစကားပြောကောင်းသူတစ်ယောက်လို့ပဲ ထင်ကြတာ မဟုတ် လား။ ဒါပေမယ့် သိထားရမှာက တမန်တော်မြတ်(ဆွ)ဟာ အရမ်းနားထောင်ကောင်းတဲ့ လူတစ်ယောက်လည်း ဖြစ်တယ်နော်တဲ့။ လူကြီးမင်းတို့ စဉ်းစားကြည့်။ ဟဒီးစ်တွေမှာလည်းပါတယ်။ တမန်တော်မြတ်(ဆွ)ကို တစ်နေ့ တစ်နေ့လူပေါင်းမြောက်များစွာလာပြီး ပြောဆို၊ မေးမြန်းတာတွေရှိခဲ့တယ်။ ဒီစွန္နသ်တော်ကိုတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေ လိုက်နာ၊ ကျင့်သုံးရကောင်းမှန်း မသိဘူး။

ဥပမာ အခုရောက်ရှိနေတဲ့ လူကြီးမင်းတို့ ဒီပလီရဲ့နံရံတွေကို ဆေးသုတ်မယ်ပေါ့။ စုပေါင်းတိုင်ပင်ကြပြီ ဆိုပါတော့။ ဒီမှာတစ်ယောက်က အဆိုပြုပြီ။ အပြာရောင်သုတ်မယ်။ အပြာဆိုတာ မျက်စိကိုလင်းဝင်းစေတယ်။ မေတ္တာတရားကို အခြေခံတယ်။ ပြောမယ်ပေါ့။ အဲ နောက်တစ်ယောက်က ပြောမယ်။ အနီရောင်က ကောင်းတယ် ပေါ့။ အဲဒီမှာ ဇာတ်လမ်းစပြီ။ သူက အနီကောင်းတယ်လို့သာ ပြောရသေးတယ်။ အပြာရောင်သမားက ဒါငါ့ကို ဒီကောင်ကလန်ကဆန်လုပ်တာ။ ဒီကောင့်ကို ငါကြည့်နေတာကြာပြီ၊ ငါပြောတိုင်း ဒီကောင်ထထဖောက်တယ်။ ဆန့်ကျင်ဘက်လုပ်တယ်။

အနီရောင်သမားကလည်း အပြာရဲ့ မကောင်းခြင်းတွေကို ချိုးချိုးဖဲ့ဖဲ့ ပြောတယ်။ နောက်ထပ် နီညို တွေ၊ အစိမ်းတွေ၊ အဖြူတွေ၊ အ၀ါတွေ၊ ပန်းရောင်တွေ မလာသေးဘူး။ အလှည့်မရောက်သေးဘူး။

ဒါက စောစောက ဆရာဦးမြတ်သူပြောတဲ့ နားထောင်နိုင်စွမ်းမရှိတာ။ ကိုယ်နဲ့သဘောထားမတူတာ၊ မတိုက်ဆိုင်တာကို ပြုံးပြုံးလေးနဲ့ နားထောင်နိုင်မယ့်စွမ်းအားမရှိတာ။ ကျွန်တော်တို့ ဒီအလေ့အကျင့်ကို ကြိုးစားယူ ရမယ်။ အခုဖြစ်ပျက်နေတဲ့ ရေဘေးဒုက္ခမှာတော့ တော်တော်လေး စုစည်းညီညွတ်ကြတာကို တွေ့ရတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အဆိုးထဲကရလိုက်တဲ့ အကောင်းလို့ ပြောရမယ်။ ကျွန်တော်တို့ Muslim Community ဆိုရင်လည်း လွန်ခဲ့တဲ့ ၂၀၁၂ နောက်ပိုင်းကစပြီး တော်တော်လေး ညီညီညွတ်ညွတ် စုပေါင်းခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေ တည်ငြိမ်ပြီဆိုရင် ကွဲလျက်ပဲ။ ပြဿနာတွေတက်လျက်ပဲ။ ဘေးဒုက္ခတစ်စုံတစ်ရာဖြစ်ရင် ပြန်ညီညွတ် ကြရော။

စောစောက အာယသ် ၁၀၃း၃ အရဆိုရင် ကျွန်တော်တို့ဟာ ပူးပေါင်းကြပြီး အွမ္မသ်ရဲ့စုစည်းမှုကို ရအောင် ယူရမယ်။ ကျွန်တော်တို့ဘက်က ဒါကို အားစိုက်ထုတ်ရမယ်။

ကောင်းပြီ။ စုစည်းညီညွတ်မှုအပိုင်းကို တင်ပြပြီးတဲ့ အခါကြတော့ အခုတစ်ခါ ဦးဆောင်မှု (Leader) အခန်းကဏ္ဍကို ဆက်လက်တင်ပြသွားပါမယ်။ ကျမ်းမြတ် ကုရ်အာန် ဆူရာဟ် ၂း၁၂၄ မှာ `အီမမ်ဆိုတဲ့ ဝေါဟာရကို တင်ပြပါတယ်။ အီမာန်ဆိုတဲ့စနစ်ဟာ အစ္စလာမ်မှာရှိ ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ ခေါင်းဆောင်မှု အပိုင်း။

ဒီအာယသ်ကပြောတာက

`ငါအရှင်မြတ်သည် အသင့်အား လူခပ်သိမ်းကုန်တို့၏ ရှေ့ဆောင်ဦးစီးနာယကအဖြစ် ခန့်အပ်တော် ချီးမြှင့် တော်မူအံ့။´ ဒါဟာ နဗီတမန်တော်မြတ် အီဗရာဟင်မ်(အ)ကို ရည်ညွှန်းတာ။ ဒီအခါမှာ နဗီတမန်တော်မြတ် အီဘရာဟင်မ်(အ)ကလည်း `အို အရှင်၊ ကျွန်တော်မျိုး၏ နောင်လာမည့် မျိုးဆက်များတွင်ပါ ဦးစီးဦးဆောင် နာယကများကို ကျွန်တော်မျိုးလိုလားတောင့်တပါတယ်။ ချီးမြှင့်ပေးသနားတော်မူပါ။´လို့ တောင်းဆုပန်ခဲ့တယ်။

ဒါကြောင့် လူ့အဖွဲ့အစည်းမှာ ဒီလိုမျိုးဦးစီး၊ ဦးဆောင်လုပ်ရမယ့် ကဏ္ဍတွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက အဖွဲ့တွေ ဘာတွေဖွဲ့မယ်ဆိုရင်တော့ များသောအားဖြင့်ပေါ့။ (နေရာ)ကို စပြီးစဉ်းစားတယ်။ ဥက္ကဌ၊ အတွင်းရေးမှူး ဒီခုံနေရာအတွက် အရင်ထည့်စဉ်းစားကြတယ်။ ဒါက Muslim Community တစ်ခုတည်းမဟုတ်ဘူး။ Community တိုင်းမှာ ရှိနေတဲ့ ပြဿနာဖြစ်တယ်။ အဲဒီတော့ ဘာဖြစ်သလဲ ဆိုရင် ငါးဖွဲ့လောက်ပေါင်းပြီး အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် ဥက္ကဌက ၅ယောက်၊ ဒုဥက္ကဌက ၅ယောက်၊ အတွင်းရေးမှူးက ၅ယောက်၊ အကုန်လုံး Power Balance တွေ လိုက်လုပ်နေရတယ်။

ဒါပေမယ့် ဒီထက်ကောင်းတဲ့ စနစ်တွေရှိနေတာ ကျွန်တော်တို့မသိဘူး။ ၅ ဖွဲ့မဟုတ်ဘူး။ ၁၀ ဖွဲ့ ပေါင်းလုပ်တာ ဖြစ်ပါစေ။ ဘယ်လို ထိရောက်အောင် စုစည်းညီညွတ်ရမှာလဲဆိုတဲ့ နည်းစနစ်တွေကို ကျွန်တော်တို့ ရှာသင့်တယ်။ ရှိတယ်။ ကမ္ဘာပေါ်မှာ အများကြီးရှိတယ်။ Organization Structure Work မြောက်များစွာရှိတယ်။ အဲဒီမှာ Power Balance ကို ဘယ်လိုလုပ်မလဲ။ သူ့ရဲ့လုပ်ပိုင်ခွင့်၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့် ဘယ်လိုခွဲခြားမလဲ။ ဒီကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်လေ့လာထားမိသလောက် မျှဝေပေးပါ့မယ်။

အဲဒီပူးပေါင်းပြီး လုပ်ကြမလဲဆိုရင် 2T Trust and Transparency ကြားဖူးတဲ့ လူလည်းရှိမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိရမယ်။ ပြီးရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ ပွင့်လင်းမြင်သာမှုမရှိရင် ယုံကြည်မှုပျက်တယ်။

နောက်တစ်ချက် 2S System and Stabillity တစ်ခုခုကို ကျွန်တော်တို့ ပူးပေါင်းပြီးလုပ်တော့မယ်ဆိုရင် စနစ်တကျ၊ စည်းကမ်းတကျ လုပ်ကြဖို့လိုအပ်တယ်။ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ပန်းတိုင် တွေရှိရမယ်။ ဒါတွေ မရှိဘူးဆိုရင် အဲဒီလူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ် နဲ့ ရေရှည်ရပ်တည်နိုင်မှာမဟုတ်ပါဘူး။

နောက်တစ်ချက်က 2F Free and Fair မျှမျှတတရှိရမယ်။ လွတ်လွတ်လပ်လပ် ရှိရမယ်။ အခုနလို ဥက္ကဌ၊ အတွင်းရေးမှူးတွေ ပုံစံနဲ့သွားရင် ဘာကိစ္စလုပ်လုပ် သဘာပတိကြီးက ခွင့်ပြုမှ။ ဆုံးဖြတ်မှ။ ဥက္ကဌ၊ အတွင်း ရေးမှူးမရှိလို့ အစည်းအဝေးအထမမြောက်တာတို့ ဘာတို့ ဒါမျိုးတွေ ဖြစ်တတ်တယ်။

ငွေရှာတဲ့အဖွဲ့၊ ရန်ပုံငွေ သုံးစွဲတဲ့အဖွဲ့ ပြန်ကြားရေးအဖွဲ့ ဒါတွေနဲ့ စနစ်တကျဖွဲ့ပြီး လုပ်ပိုင်ခွင့်ရှိခဲ့မယ်ဆိုရင် သူတို့ရဲ့လုပ်ပိုင်ခွင့်ကို သူတို့ လွတ်လွတ်လပ်လပ် လုပ်နိုင်မယ်။ များသောအားဖြင့် ကျွန်တော်တို့ Muslim Community မှာ ဒါတွေမရှိဘူး။ အလုပ်တိုင်းကို ကိုယ်တိုင်လုပ်ချင်တယ်။ ကိုယ့်နေရာကိုယ့်တာဝန်ဆိုတာ သတ်သတ်မှတ်မှတ်မရှိဘူး။ ဥက္ကဌက တံမြက်စည်း လှည်းချင်လှည်းမယ်။ သန့်ရှင်းရေးဝင်လုပ်မယ်။ နေရာတကာ မှာ ပါချင်တယ်။ အမှန်က တာဝန်ကျတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်ကို နေရာဝင်ယူတာ။ လုလိုက်တာ။ လူကြားထဲ ပဏာယူတာ။ တကယ်လုပ်ရမယ့် လူက အားလျော့သွားရော။ အဲဒီလို Free မဖြစ်တဲ့အတွက် Fair ဖြစ်နိုင်ဖို့ မရှိဘူး။

ပြောချင်တာက လုပ်ပိုင်ခွင့်တွေဘာတွေက တစ်နေရာထဲမှာပဲ စုပြုံနေတာမျိုးဖြစ်နေတာ။ ခွဲခြားမထားတာကို ပြောတာ။ နောက်တစ်ချက်က 2 I Infromation and Interpretation သတင်း အချက်အလက်မှန်ကန်ဖို့ လိုတယ်။ သတင်းအချက်အလက်တွေကို ဖော်ပြတဲ့အခါမှာ မှန်မှန်ကန်ကန် တိတိကျကျဖြစ်ဖို့လိုတယ်။ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို အခြေခံလိုက်တာနဲ့ နောက်ဆက်တွဲ ပြဿနာတွေက အများကြီးရှိလာနိုင်တယ်။ သတင်းအချက်အလက်ကို ဖော်ပြပြီးတဲ့အခါမှာ အဲဒီသတင်းအချက်အလက်ကို အဓိပ္ပါယ်ကောက်ယူမှု၊ နားလည် သဘောပေါက်မှု မှန်ကန်ဖို့လိုသေးတယ်။

နောက်ဆုံးအချက်က 2C Coperation and Co-ordination အဲဒါကတော့ ပူးပေါင်းဆောင်ရွက်နိုင်မှု၊ ပူးပေါင်းဆောင်ရွက်နိုင်မယ့် လူတွေပါဝင်လာဖို့လိုတယ်။ ဆရာနှစ်ယောက် ရန်ဖြစ်ရင် တည့်အောင် လုပ်ပေးရမယ့်အစား ပို၍ဝေးရာဆီကို ရောက်သွားအောင် ဖြန်ဖြေသူက တွန်းပို့ကြတယ်။ များသောအားဖြင့် ပြောတာပါ။ အဲဒါ ပြန်ဖြေသူကောင်းတစ်ယောက်။ ညှိနှိုင်းရေးမှူးကောင်းတစ် ယောက်ဖြစ်မယ်တဲ့လား။

Muslim community ကို လေ့လာကြည့်မယ်ဆိုရင် ကျွန်တော်တို့ မွတ်ဆလင်မ်မဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လုပ်ရတာ အဆင်ပြေတယ်။ တစ်ခါ ကျွန်တော်ပြောဖူးတယ်။ Muslim အချင်းချင်း ပူးပေါင်းလုပ် တဲ့အခါကျတော့ ရှရီအသ်အရ မပိုင်ဘူးတို့၊ ဘာတို့ ဖသ်ဝါပေါင်းသောင်းခြောက်ထောင် ထွက်လာပြီး ပြဿနာ ပေါင်းများစွာနဲ့ ခွာပြဲကြကုန်တယ်။ ညှိနှိုင်းလို့မရ၊ ပူးပေါင်းလို့မရ။ အဲဒီတော့ မွတ်ဆလင်မ်က ယဟူဒ်နဲ့လည်း အဆင်ပြေတယ်။ နဆွာရာနဲ့လည်း အဆင်ပြေတယ်။ အချင်းချင်း အဆင်မပြေဘူး။ အဲဒါတွေဘာကြောင့်လဲ။ ကျွန်တော်တို့အဖြေရှာရမယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄း၅၉ မှာဆိုရင် `အုလီလ် အမ်ရိ မိန်ကွန်းမ်´ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချနိုင်တဲ့၊ ပညာရှင်၊ ခေါင်းဆောင်`အီမမ်´ရဲ့လမ်းညွှန်မှုကို ကျွန်တော်တို့လိုက်နာဆောင်ရွက်ရမယ်။ ဒါက တစ်ယောက်ချင်း လည်းဖြစ်ချင်ဖြစ်မယ်။ တစ်စုတစ်ဝေးတည်းလည်း ဖြစ်ချင်ဖြစ်မယ်။ ကျွန်တော်စာလေးတစ်ပိုဒ်ဖတ်ရတယ်။ (True Leader Don’t Create Followers, They Create More Leader) Leader တကယ်ကောင်းရင် နောက်လိုက်ကောင်းတွေ မွေးထုတ်တယ်တဲ့။ (True Leader)က နောက်ထပ် Leader ကောင်း မြောက်များစွာကို မွေးထုတ်တယ်။ သူ့ နောက်လိုက် သူ ပြောသမျှ လက်ညှိုးထောင်၊ ခေါင်းငြိမ့်မယ့်လူတွေကို မွေးထုတ်မှာ မဟုတ်ဘူး။ ဒါ ကျွန်တော်တို့ Muslim Community အပါ အ၀င် အဖွဲ့အားလုံးမှာရှိနေတဲ့ ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အရည်အသွေး။

ကျွန်တော်တို့က ခေါင်းဆောင်တစ်ယောက်မရှိတော့တာနဲ့ နောက်လိုက် တစ်သိန်းလောက်ရှိလည်း အဖွဲ့က ကွဲပြီ။ ပျက်ရော။ မြင်အောင်ပဲပြောမယ်။ အခု ဆရာဃာဇီမရှိတော့ဘူး။ ကျွန်တော်တို့ Muslim Community မှာ ဆရာဃာဇီလို ပုဂ္ဂိုလ်မျိုး နောက်တစ်ယောက်ပေါ်ပေါက်လာသလား။

အဲဒါကိုပြောတာ။ Good Leader , True Leader ။ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင် စစ်ဆိုတာ သူလိုလူ၊ သူ့ထက်သာတဲ့၊ တော်တဲ့။ တတ်တဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်ရမယ်။ မွေးထုတ်ပေးခဲ့ရမယ်။ မဟုတ်ရင် Leader လို့တောင် ပြောဖို့ခက်တယ်။ နောက်လိုက်အများကြီးရှိတယ်။ ဒါပေမယ့် ခေါင်းဆောင်ကောင်း တစ်ယောက် မထွက်လာဘူး။

လုပ်လို့ရတဲ့နည်းတွေရှိတယ်။ ကျွန်တော်တို့ သဘ်လီးဂ် ဂျမာအသ်ကိုပဲကြည့်။ သူတို့မှာ အခုအမိရ်ဆပ် မရှိတော့ဘူး။ သူတို့ဘယ်လိုခရီးဆက်နေသလဲ။ ရှူရာအ်ဆိုတဲ့အပိုင်းနဲ့ သွားတယ်။ စုပေါင်းလုပ်ဆောင်ကြတယ်။ ကျွန်တော်တို့က မတူညီဘူးဆိုပြီး အတုမယူဘူး။ ပစ်ပယ်ထားလိုက်တယ်။

နောက်တစ်ခုက ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄း၈၃ `အသင်တို့ထံ ကြောက်ရွံစိုးထိတ်ဖွယ်ရာသော သတင်းတစ်ပုဒ်ရောက်ရှိလာသော်။ ၎င်းသတင်းကို စဉ်းစားဆင်ခြင်၊ သုံးသပ်တွေးတောခြင်းမရှိပဲ ပျံ့နှံ့စေလေ့ရှိကြသည်။ အကယ်၍သာ ထိုသူတို့သည် ၎င်းသတင်းကို ရဆူလ်တမန်တော်ထံသို့ဖြစ်စေ၊ သို့မဟုတ် သြဇာအာဏာ ရှိသူများထဲသို့ဖြစ်စေ၊ ပို့ဆောင်လွှဲအပ်ခဲ့ကြမူ၊ ထိုသူတို့ အနက်မှ နက်နဲစွာ စဉ်းစားဆင်ခြင်တတ်သော သူတို့သည် ထိုသတင်း၏ အခြေအနေကို မလွဲဧကန် ဝေဖန်ပိုင်းခြား ၍ သိရှိကြပေမည်။´

ပြောချင်တာက သတင်းတွေရောက်လာပြီဆိုရင် အမှန်လား၊ ကောလဟာလလားဆိုတာကို စဉ်းစား၊ ဆင်ခြင်၊ ဝေဖန်ပိုင်းခြား သုံးသပ်နိုင်ကြရမယ်လို့ ဆိုလိုရင်းဖြစ်တယ်။ ဒါကြောင့် ပိုက်ဆံရှိလို့ ဖြစ်လာတဲ့ ခေါင်းဆောင်၊ အသက်အရမ်းကြီးလို့ ဖြစ်လာတဲ့ ခေါင်းဆောင်၊ ခေါင်းဆောင်ကြီးတွေ ဆိုတာမျိုးနဲ့ မဖြစ်ဘူး။ ဘာတွေလိုအပ်သလဲဆိုတာကို ဒီအာယသ်က ညွှန်ပြနေတယ်။ ဝေဖန်ပိုင်းခြားနိုင်ရမယ်။ သုံးသပ်ဆင်ခြင်နိုင်ရမယ်။ အဲဒါ`အူလီလ် အမ်ရိ´ဖြစ်တယ်။ အဲဒီလို ပုဂ္ဂိုလ်မျိုးအဖွဲ့ထဲမှာ ပါရမယ်။ သတင်းတွေ ဝေဖန်ပိုင်းခြားသုံးသပ်ဆင်ခြင်ပါ ဆိုမှတော့ တစ်ခါမှ သတင်းလည်း နားမထောင်၊ TV Internet လည်းမကြည့်(ဟရမ်ဆိုပြီး နားမထောင်၊ မကြည့်) ဘူးဆိုရင် ဘယ်လိုများ ဒီသတင်းတစ်ပုဒ်မှား၏၊ မှန်၏။ ဆုံးဖြတ်မှာတဲ့လဲ။ ဒါကြောင့် အစုအဖွဲ့ထဲမှာ `အူလိလ်အမ်ရ်´ဆိုတဲ့ ရှိသင့်ရှိထိုက်တဲ့ ရှိအပ်တဲ့စွမ်းရည်၊ အရည်အချင်း၊ ပညာ၊ သညာဆိုတဲ့ အရာတွေ မရှိမဖြစ်ရှိကိုရှိနေရမယ်။

ဒါကြောင့် ကျွန်တော်တို့က ဘယ်လိုလူမျိုးကို ခေါင်းဆောင်တင်မလဲ။ ဘယ်လိုလူမျိုးကိုရွေးချယ်ရမလဲ။ ဒါတွေကို စဉ်းစားရမယ်။ ဒီလိုမှသာ ကျွန်တော်တို့အဖွဲ့အစည်းအတွက် လိုအပ်တဲ့အချိန်မှာ အသုံးဝင်မှာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ ရွေးချယ်မှုမမှန်ကန်ဘူးဆိုရင် အခြေအနေတွေကလည်း ကမောက်ကမ ကပြောင်းကပြန်ဖြစ်မှာပဲ။

နောက်တစ်ခုက `အူလိလ်အိလ်မေ´ ဒါက ကုရ်အာန် ဆူရာဟ် ၃း၁၆၁ မှာ- `အလ္လာဟ်အရှင်မြတ်သည် မိမိမှ တစ်ပါးအခြားခ၀ပ်ကိုးကွယ်ရာ အရှင်မရှိကြောင်း (မိမိကိုယ်တော်တိုင်) သက်သေခံတော်မူခဲ့လေပြီ။ ထိုနည်းတူစွာ (မလာအိကာဟ်) အင်အားစုများနှင့် ပညာရှိသုခမိန်အပေါင်းတို့သည်လည်း (မိမိတို့၏ အကျင့်အမူများဖြင့် သက်သေခံခဲ့ကြလေသည်။)

ဒါပေမယ့် ဒီကနေ့လူ့အဖွဲ့အစည်းမှာ အီလိမ် ကိုအခြေခံသောဆိုရင် သာသနာ့ပညာရှင်ဆိုပြီးတော့ ဖြစ်ကုန်ရော။ ကုရ်အာန်က ပြောနေတာက ပညာရှင်ဆိုတာ မိမိမှာရှိတဲ့ အသိတရား၊ ဝေဖန်ပိုင်းခြားနိုင်တဲ့ စွမ်းရည်၊ အဲဒီလိုစွမ်းအားတွေနဲ့ လူ့အဖွဲ့အစည်းအတွက် အလုပ်လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ ဒီလိုပုဂ္ဂိုလ်တွေ လူ့အဖွဲ့အစည်းမှာ အများကြီးရှိတယ်။ နိုင်ငံတော် သမ္မတမှာတောင် အကြံပေးအဖွဲ့တို့ ဘာတို့ရှိတယ်။

အခုဖြစ်နေတဲ့ ရေဘေးကူညီ ကယ်ဆယ်ရေးဆိုရင် နိုင်ငံခြားကလာတဲ့ အဖွဲ့တွေမှာဆိုင် ကလေးသူငယ်တွေအတွက် ချော့ကလက်တို့ ကစား စရာအရုပ်တို့ပါလာတယ်။ ကျွန်တော်အပါအ၀င် ကျွန်တော်တို့ဆီက လူအများစုကပထမတော့နားမလည်ကြပါဘူး။ ဒီလိုချော့ကလက်တွေကစားစရာတွေ ဘာကြောင့်ယူလာတာပါလိမ့်။ ဈေးက ကြီးကြီး၊ ဗိုက်ဝမှာလည်း မဟုတ်၊ အရာမရောက်။ ဒါကြောင့် အဲဒါရောင်းပြီး မာမားခေါက်ဆွဲ ၅ ထုတ်နဲ့ လဲစားလိုက် ကြလို့အကြံပေးကြမယ်။ ဒါဆိုရင် ကလေးတွေဗိုက်ဝမယ်ဆိုပြီး ကျွန်တော်တို့ ဥာဏ်ကြီးရှင်တွေက ဆုံးဖြတ်ကြ မယ်။ အဲဒီအပြင် ချောကလက်ပေးတဲ့ လှူတဲ့လူတောင် ရူးနေတယ်လို့ ပြောချင်ကြသေးတယ်။ ပြောချင် ကြသေးတယ်။ အမှန်က ရူးနေတာ သူတို့မဟုတ်ဘူး။ ကိုယ်တွေကသာ ပညာဥာဏ်အမြော်အမြင် နည်းပါးတာ။

ကလေးတွေ၊ လူငယ်တွေ၊ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ အများစုဟာ ဘေးဒုက္ခရောက် အန္တရာယ် နဲ့ လတ်တလော ကြုံဆုံခဲ့ရလို့ စိတ်ဓါတ်တွေကျနေတယ်။ အားငယ်စိုးရွံနေတယ်။ စိတ်ကစဥ့်ကလျားဖြစ်နေကြ တယ်။ ဒါဟာ အများစုဖြစ်နေကြတာ။ စိတ်ဓါတ်တွေ ပျက်စီးနေကြတယ်။ ဒါကို ကျွန်တော်တို့ မသိဘူး။ မလေ့လာ ဘူး။ သုတေသန မလုပ်ဘူး။ သူတို့သိတယ်။ သူတို့စနစ်တကျ လေ့လာစူးစမ်း သုတေသနပြုထားကြတယ်။ ဒါကြောင့် ဒုက္ခသည်တွေစိတ်ဓါတ်တက်ကြွလာအောင် ခံစားနေရတာတွေ ခေတ္တခဏဖြစ်ဖြစ် မေ့သွားရလောက်အောင် ပုံပြင်တွေ၊ ပြောမယ်။ ပျော်ရွှင်မှုတွေ ဖန်တီးပေးမယ်။ ကျွန်တော်တို့က ဒါတွေမသိဘူး။ ရေကြီးနေပြီဟေ့ သွားကြမယ်။ ဆန်အိတ်တွေထမ်း။ တစ်ချို့ဆိုရင် ရေထဲ၊ ရွှံ့ထဲပဲ ပစ်ထားခဲ့ကြတယ်။ ဖြစ်သလိုပေါ့။

အဲဒီတော့ ကျွန်တော်တို့က လက်တွေ့ကျကျဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ရပ်ကို ဖြေရှင်းပေးနိုင်တဲ့ လူပုဂ္ဂိုလ်တွေ လိုအပ်တယ်။ ပြည်သူ့နီတိနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခု ကျွန်တော်တို့တက်ရတော့ ပညာရေးဝန်ကြီးဌာနက အရာရှိတွေပါတက်ပါတယ်။ အတန်းစဉ်အလိုက် ပြုစုမည့် ပြည်သူ့နီတိ သင်ရုးစာအုပ်တွေ ပြုစုတဲ့အခါ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေရဲ့ စာရိတ္တ ပညာ သင်ရိုးတွေကိုလဲ ကျောင်းသုံးစာအုပ် တွေမှာ ထည့်မယ်။ ဗုဒ္ဓဘာသာတစ်ခုထဲ မထည့်ပဲ အခြားခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်မ်၊ လူမျိုးစုအနေနဲ့လည်း မွန်၊ ကရင်၊ ရှမ်းစသဖြင့်ပေါ့ ။ ပညာရေးနဲ့ ပတ်သက်လို့ စကားပုံ၊ ပုံပြင်စသဖြင့်ပေါ့။ အဲဒီတော့ ကျွန်တော်တို့ဆီက အစ္စလာမ်နဲ့ ပတ်သက်ပြီး စာရိတ္တ၊ ပြည်သူ့နီတိ၊ ယဉ်ကျေးမှု စတာတွေနဲ့ ပတ်သက်ပြီး ကျောင်းသုံးစာအုပ်ပေးပါလို့ တောင်းလာပြီ။ ဘာပေးမလဲ။ ပြောပါ။ စုစုစည်းစည်းနဲ့ သတ်မှတ်ပြဌာန်းထားတဲ့ စာအုပ်မျိုး ကျနော်တို့ ပြုစု ရတော့မယ်။

ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာလိုအပ်နေတာ ရည်ရွယ်ချက်မှန်ကန်မျှတသော ပညာရှင်မျိုး။ မျက် ကန်းမျိုးချစ်ပညာရှင် မဖြစ်ရဘူး။ ရှရီအသ်တို့ သရီကဒ်တို့ ခလီဖသ်တို့ဆိုပြီး ဇွတ်ကြီးခေါင်းမာနေတဲ့ လူမျိုးမဖြစ်ရ ဘူး။ ဒီအာယသ်ကပြောနေတာက `အူလိလ်အီလ်မေ ကာအေမာန်´မိမိရဲ့ ရပ်တည်ချက်က မှန်ကန်၊ မျှတ၊ ဘက်မလိုက်၊ မျက်ကန်းမျိုးချစ်မဖြစ်ရဘူးလို့ ပြောနေတာ။

ဒီလိုပညာရှင်တွေ ကျွန်တော်တို့မှာ အဆင်သင့်မရှိဘူး။ ကျွန်တော်တို့ ဘာတွေပေးရမှန်း၊ မသိသေးဘူး။ အဲဒီအတွက် မကြာခင် ကျွန်တော်တို့ ကြိုးစား ဆောင်ရွက်ဖို့ ရှိနေပါတယ်။

နောက်တစ်ခုက ကျွန်တော်တို့ `အူလီလ်အလ်ဗားဗ်´ ဒါကဘယ်လိုသဘောလဲ ဆိုရင် ခွဲခြားသိမြင်နိုင်စွမ်းသော ပညာရှင် လို့ဆိုလိုရင်းဖြစ်ပါတယ်။ ဘယ်ကိစ္စ၊ ဘယ်အကြောင်းအရာ၊ ဘယ်လိုဖြေရှင်းစတဲ့ အရည်အသွေးပိုင်ရှင်မျိုး။ ကျွန်တော်တို့မှာ ဒါကလည်းပြဿနာ။ ကုရ်ဘာနီ နွားသရေ ရောင်းပြီး ရလာတဲ့ငွေ ဘယ်လိုသုံးစွဲရမလဲ၊ ဘယ်နေရာမှာ သုံးရမလဲ၊ အဲဒီမှာတင် ပြဿနာကတက်ပြန်ရော။ ဟိုနေရာမှာ သုံးမရ။ သုံးခွင့်မပိုင်။ ဒီနေရာမှာ သုံးမရ။ သုံးခွင့်မပိုင်။ ပြေလည်မှုကို မရဖြစ်ပြန်ရော။ အဲဒါဘာလဲ။ ဘာလို့ဖြစ်ရတာလဲ။ အူလီလ်အလ်ဗာဗ် မရှိလို့။ ရှိရင် ပြဿနာတက်စရာ။ အကြောင်းကို မရှိဘူး။ အားလုံး ပြေလည်နေရမယ်။ အားလုံးစီမံခန့်ခွဲပြီးသား ညီညွတ်၊ မျှတ၊ မှန်ကန်ပြီးသားဖြစ်နေရမယ်။

နောက်တစ်ချက် အဲဒီလိုလုပ်တဲ့အခါမှာ ကျွန်တော်တို့မှာ အကောင်းဆုံးသော စံနမူနာကောင်းတစ်ခု ရှိနေ တယ်။ အဲဒါက `ဟုဒိုင်ဗီယာ ငြိမ်းချမ်းရေးစာချုပ်´ဖြစ်တယ်။ အဲဒီစာချုပ်ချုပ်တဲ့အခါမှာ (ကုရ်အာန် ဆူရာဟ် ၅း၂မှာ)

`အသင်တို့ လူတွေကို မုန်းတီးမှုကြောင့် (တရားစည်းမျဉ်းများကို) လက်မလွှတ်၊ မကျူးလွန်ကြကုန်နှင့်။´ ဟုဒိုင်ဗီယာနှင့် ပတ်သက်ပြီး လူကြီးမင်းတို့ သိပြီးသားပါ။ တမန်တော်မြတ်နှင့် ဆွဟဗာအပေါင်းကအ်ဗာဟ်ကို သွားတယ်။ မပေးဝင်ဘူး။ ဒုက္ခပေးတယ်။ ချိုးချိုးနှိမ်နှိမ် ဆက်ဆံတယ်။ ပြန်လှည့်လာခဲ့ရတယ်။ မိမိမွေးဖွားရာအရပ် ကိုဝင်ခွင့်မပြုခဲ့တာ။ နှင်ထုတ်ခြင်း ခံရတာ။ နောက်နှစ်စာချုပ်ဖောက်ဖျက်လို့ မက္ကာဟ်ကို ၀င်ရောက်သိမ်းခဲ့တာ သွေးမြေမကျခဲ့ဘူး။

ပြောချင်တာက နာကျည်းချက်တွေ၊ အမုန်းအာဃာတတွေနဲ့ လက်တုံ့မပြန်ခဲ့ဘူး။ ကလဲ့စားချေ ခြင်း မပြုခဲ့ဘူး။ စစ်နိုင်လို့ စစ်ရှုံးတဲ့လူတွေကို လက်တုံ့မပြန်ခဲ့ဘူး။ သိပ်ကိုထူးခြားပါတယ်။ အဲဒါဘာလဲဆိုရင် ကုရ်အာန်အာယသ် ၅း၂ ကပေးတဲ့ Message ပဲ။ လမ်းညွှန်၊ အမိန့်ဖြစ်တယ်။ လူမျိုးတစ်မျိုးကို မုန်းတဲ့အတွက် တရားမျှတမှု လက်မလွတ်စေနဲ့။

ကျွန်တော်တို့ရဲ့စိတ်တွေက မုန်းတီးမှုကို အခြေခံပြီး တရားမျှတမှုကို ချိုးဖောက်ခွင့်မရှိဘူး။ မုန်းတီးမှုကို အခြေခံပြီး လူတစ်ဦးချင်းကိုဖြစ်ပါစေ။ လူ့အဖွဲ့အစည်းတစ်ရပ်ကိုဖြစ်ပါစေ။ လူမျိုးနွယ်စုတစ်ခုကိုဖြစ်ပါစေ။ ဘာသာ တရားတစ်ခုရဲ့ ဘာသာဝင်များကိုဖြစ်ပါစေ။ တရားမျှတမှုကို ချိုးဖောက်လေ့ရှိတဲ့ ကျွန်တော်တို့ကို ဒီလိုမျိုးမဖြစ်စေ ဖို့အတွက် ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်မိန့်ကြားထားခြင်းဖြစ်ပါတယ်။

နောက်ဆုံးနိဂုံးချုပ်ပြောရရင် `ရှူရဟ်´ ကုရ်အာန် ဆူရာဟ် ၄၂း၃၈ မှာ- `ရှူရာဟ် ဘိုင်းနကွန်မ်´ အသင်တို့ကြားမှာ တစ်စုံတစ်ရာပြဿနာ ပေါ်ပေါက်လာ မယ်။ သို့တည်းမဟုတ် လူ့အဖွဲ့အစည်းအတွင်း အကောင်းဆုံးသော ကိစ္စရပ်များကို ပြုလုပ်ဆောင်ရွက်သည့်အခါ အသင်တို့ အချင်းချင်းကြားမှာ ဆောင်ရွက်သည့်အခါ `ရှူရာဟ်´ရှိရမည်။ `ရှူရာဟ်´ မရှိပဲလုပ်လို့ မရဘူး။ ကျွန် တော်တို့မှာတော့ ရှူရာဟ်ရှိပါတယ်။ ဘယ်လိုရှူရာဟ်လည်း ရုတ်တရက် ရေကြီးမှ မီးလောင်မှ၊ ဒုက္ခရောက်မှ လေဘေးဖြစ်မှ၊ အဲဒီအချိန်ကြရင် ရှူရာဟ်ရှိတယ်။ အရမ်းကောင်းတယ်။ ညီညွတ်သွားကြတယ်။

အမြဲတမ်းအတွက် လက်တွေ့ကျကျ၊ မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေး၊ နိုင်ငံသူနိုင်ငံသားအားလုံး အေးချမ်းတည်ငြိမ်ရေး ငါတို့ဘာလုပ်ကြမလဲဆိုတော့ ရှူရာဟ်မရှိဘူး။ ကိုယ်အဖွဲ့၊ ကိုယ့်အုပ်စုနဲ့ ကိုယ် သူတလူ ငါတမင်းနဲ့ပဲသွားနေကြတယ်။ ငါတို့လုပ်နေသည်သာ အကောင်းဆုံး၊ မင်းတို့လုပ်ချင်ရင် ငါတို့နောက်လိုက်၊ ဒီလို ပုံစံမျိုးပဲဖြစ်နေတယ်။ ရှူရဟ်ရဲ့ သဘောသဘာဝအတွက် ဘာရှိသလဲဆိုရင် ဘုံသဘောတူညီချက်ကိုရှာပြီး ရေရှည် အတွက် stable ဖြစ်ဖို့အတွက် system တွေတည်ဆောက်ရမယ်။ အကောင်းဆုံးပုံစံတွေ တည်ဆောက်မှ ဒီရှူရာဟ် အသက်ဝင်မယ်။ တည်ငြိမ်မယ်။ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲမယ်။ ဒါကြောင့် ပြောသူ၊ နာသူအားလုံး အကောင်းဆုံးပုံစံတွေကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်ကြပါစေလို့ ပြောကြားရင်းနိဂုံးချုပ် အပ်ပါတယ်။