အွမ္မဟ် – လူ့အဖွဲ့အစည်း ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
အွမ္မဟ် – လူ့အဖွဲ့အစည်း
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။ အခုလို သောကြာဂျူမု အဟ် ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုအပ်ပါတယ်။
ကျွန်တော့်အနေနဲ့ ဧပြီလအလှည့်ကျ ခွတ္တဗာဟ်မှာ အစ္စလာမ်သည် ဘ၀တည်ဆောက်မှုလမ်းစဉ်ဖြစ်တယ်။ အစ္စလာမ်ကို ကျင့်သုံးနိုင်ဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုတည်ဆောက်ရပါတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီလိုယုံကြည်မှုတွေမှာ အလ္လာဟ်ကို ယုံကြည်မှု၊ တမန်တော်တွေကို ယုံကြည်မှု၊ အနာဂါတ် အာခေရသ်ကိုယုံကြည်မှု၊ မလာအေကာဟ် စွမ်းအားစုကို ယုံကြည်မှု၊ ကုရ်အာန်ကို ယုံကြည်ဖို့ဖြစ်ပါတယ်။ ဒီ ယုံကြည်မှုတွေကို ဘာသာရေးဆန်ဆန် ယုံကြည်ဖို့ မဟုတ်ဘဲနဲ့ ဘ၀ တည်ဆောက်မှုလမ်းစဉ်အဖြစ် ယုံကြည်ဖို့ လိုအပ်ပါတယ်လို့ ကျွန်တော်တင်ြပခဲ့ပါတယ်။
အရင်တုန်းက လူတွေက Seeing is believing မြင်မှယုံမယ်ဆိုတဲ့ အတွေးတွေရှိခဲ့ပါတယ်။ ဒါပေမယ့် လောကမှာ မမြင်ရပေမယ့်လည်း အမှန်တကယ်ရှိနေတဲ့အရာတွေကို သိမြင်လာကြပါတယ်။ ဥပမာ ကျွန်တော်တို့ ရှူနေတဲ့လေထဲက အောက်ဆီဂျင်တို့ မိမိပတ်ဝန်းကျင်မှာရှိနေတဲ့ မမြင်ရတဲ့ ပိုးမွှားတွေ အစရှိတာတွေဟာ မမြင်ရပေမယ့် တကယ့်အရှိတရားတွေဖြစ်ပါတယ်။ ဒါတွေကို မမြင်ရပေမယ့်လည်း ခိုင်လုံတဲ့ အထောက်အထားတွေအရ အောက်ဆီဂျင်၊ ဟိုက်ဒြိုဂျင်၊ ကာဗွန်၊ နိုင်ထရိုဂျင် စသဖြင့် သိရှိနားလည်လက်ခံနေကြ ရပါပြီ။
ဒီလိုဘဲ ကမ္ဘာဂြိုဟ်နဲ့ စကြ၀ဠာကြီးဖြစ်ထွန်းပေါ်ပေါက်နေတာ၊ နေ့နဲ့ညတလှည့်စီဖြစ်နေတာ၊ အရာအားလုံး ဟာ သတ်မှတ်ထားတဲ့ ကာလဒေသအလိုက်ပြောင်းလဲဖြစ်ထွန်းနေတာတွေကို လေ့လာကြည့်ခြင်းအားဖြင့် ဖြစ်ထွန်း ပေါ်ပေါက်လာစေတော်မူသော အလ္လာဟ်အရှင်ရှိတယ်ဆိုတာကို ကျွန်တော်တို့ ယုံကြည်နိုင်ပါတယ်။ ဒါပေ မယ့် အချို့က သဘာဝသည်ပင်လျှင် အလ္လာဟ်ဖြစ်သည်လို့ အတွေးခေါင်သွားကြတယ်။ အလ္လာဟ်ဆိုတာ ဘာနဲ့မှ မတူဘူး၊ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အရှင်ဖြစ်ပါတယ်။ `လိုင်းစ ကမိစ်လိဟိ ရှိုင်းအွန်´ဆိုပြီးတော့ အလ္လာဟ်ရဲ့ ဂုဏ်တော်တစ်ရပ်ကို ကုရ်အာန်မှာဖော်ပြထားပါတယ်။ အလ္လာဟ်ဟာ ဘာအရာနဲ့မှ နှိုင်းလို့မရဘူးဆိုတာ အလ္လာဟ် ရဲ့ ဂုဏ်တော်တစ်ခုပါ။ အလ္လာဟ်ကို သဘာဝနဲ့ နှိုင်းယှဉ်လို့မရဘူးဆိုတာပါဘဲ။ တကယ်တော့ သဘာဝဆိုတာ အလ္လာဟ်က ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ စနစ်ဇယားတစ်ခုသာလျှင် ဖြစ်ပါတယ်။
ကမ္ဘာဂြိုဟ်ရဲ့သဘာဝ၊ လူတွေရဲ့ သဘာဝ၊ တိရစ္ဆာန်တွေရဲ့ သဘာဝ၊ စကြ၀ဠာကြီးရဲ့ သဘာဝတွေကို အလ္လာဟ်အရှင်မြတ်က မတူကွဲပြားခြားနားစွာ ဖြစ်ထွန်းပေါ်ပေါက်စေထားပါတယ်။ အလ္လာဟ်ကိုမမြင်ရပေမယ့် အလ္လာဟ်ရဲ့ဂုဏ်တော်တွေကို ကျွန်တော်တို့ ခံစား နေရပါတယ်။ လူအဖြစ် မွေးဖွားခြင်း၊ သက်ရွယ်ကြီးရင့် အိုမင်းရခြင်း၊ ကွယ်လွန်သေဆုံးရခြင်း၊ မြေကြီးပေါ်မှာ နေထိုင်ရပြီး နေမင်းကြီးဆီက စွမ်းအင်တွေရရှိနေခြင်း၊ လရောင်ရဲ့အေးမြမှုကို ခံစားရခြင်း စတဲ့အရာတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ရောင်ခြည်တော်တွေပါ။ ဒါတွေဟာ အလ္လာဟ်ရှိခြင်းရဲ့ အထောက်အထားတွေပါ။
ကျွန်တော်တို့ ပတ်ဝန်းကျင်ကို လေ့လာလေ၊ လေ့လာလေ အလ္လာဟ်ရှိတယ်ဆိုတာကို ယုံကြည်လက်ခံ လာလေဖြစ်လာမှာပါ။ ဒီလိုအကြောင်းအရာတွေကို ခေတ်အဆက်ဆက်မှာ သဗ္ဗညုတဥာဏ်တော်ကို ရရှိခဲ့တဲ့ တမန်တော်များမှတဆင့် လူသားတွေကို အသိပေးပို့ချပေးခဲ့ပါတယ်။ သဗ္ဗညုတဥာဏ်ဆိုတာ မြန်မာအဘိဓါန်မှာ ဖော်ပြထားတာက အရာရာကို နှံ့နှံ့စပ်စပ် သိမြင်သောဥာဏ်ဆိုပြီးပြထားပါတယ်။ အရာရာကို နှံ့နှံ့စပ်စပ်သိမြင်လာ အောင် ကျမ်းမြတ်ကုရ်အာန် ၀ဟီအားဖြင့် တမန်တ်ာမုဟမ္မဒ်(ဆွ)ကို အရှင်မြတ်က ပို့ချပေးခဲ့သလို တခြားတခြား သော တမန်တော်တွေကိုလည်း အလ္လာဟ်အရှင်မြတ်က ၀ဟီအားဖြင့် ကျမ်းဂန်များကို ပို့ချပေးခဲ့ပါတယ်။ ဒါကြောင့် တမန်တော်များဟာ သဗ္ဗညုတဥာဏ်ရှင်များဖြစ်ပါတယ်။
ဒီတမန်တော်များရဲ့ သင်ကြားချက်တွေထဲမှာ ကမ္ဘာ့စွမ်းအားစုများဖြစ်တဲ့ မလာအိကာဟ်တွေအကြောင်းကို ကျွန်တော်တို့လေ့လာနိုင်ပါတယ်။ တမန်တော်တိုင်းဟာ သူရရှိလာတဲ့ဝဟီ ကျမ်းဂန်တွေနဲ့လူသားတွေကို ပို့ချပေးခဲ့ ပါတယ်။ အဲဒီမှာ မလာအိကာဟ်ဆိုတာ သဘာဝစွမ်းအားစုတွေဖြစ်တယ်ဆိုတဲ့အကြောင်းကို အဲဒီကျမ်းတော်တွေ ကနေ ကျွန်တော်တို့သိရှိနားလည်လာရပါတယ်။ မိမိရဲ့ယနေ့လုပ်ရပ်အတွက် အကျိုးကို အနာဂါတ်အာခေရသ်မှာ မလွဲမသွေရရှိခံစားရမယ်ဆိုတဲ့ သင်ကြားချက်တွေဟာလည်း ဘယ်လိုမှ ငြင်းကွယ်လို့မရတဲ့ အရှိတရားများဖြစ်ပါ တယ်။ ပေါ်ထွန်းခဲ့သမျှသော တမန်တော်များရဲ့ သင်ကြားချက်အစစ်အမှန်တွေကို ကုရ်အာန်မှာ ဖော်ပြပါရှိပြီး ဖြစ်ပါတယ်။ ကုရ်အာန်ရဲ့သင်ကြားချက်တွေဟာ ယခုလောလောဆယ်ဆယ် လက်မခံရင်တောင်မှ အနာဂါတ်မှာ မလွဲမသွေထင်ရှားပေါ်လွင်လာမယ့် အရှိတရားတွေဖြစ်ပါတယ်။
ဒီလိုယုံကြည်ချက်တွေကို မိမိဘ၀မှာ တည်ဆောက်ထားတဲ့ လူတွေနဲ့အကောင်းဆုံးသော လူ့အဖွဲ့အစည်း ကို ဖွဲ့စည်းတည်ထောင်ကြရမှာ ဖြစ်ပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွ)နဲ့ သူရဲ့ဆွဟ်ဗာဟ်သာဝကများဟာ ဒီလိုယုံ ကြည်ချက်တွေကို စွဲကိုင်ထားတဲ့လူတွေဖြစ်ပါတယ်။ ဒီလိုယုံကြည်ချက်ရှိတဲ့လူတွေ စုပေါင်းပြီး မဒီနာမြို့ပြ လူ့အဖွဲ့ အစည်းကို စုပေါင်းတည်ထောင်ခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း မက္ကာဟ်ကိုပါ အစ္စလာမ်ရဲ့ ဗဟိုချက်အဖြစ် ပြန်လည် ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ တမန်တော်လက်ထက်မှာ မြို့ပြလူ့အဖွဲ့အစည်းကို စံပြတည်ထောင်ခဲ့ပြီး ဆွဟာ ဗာဟ်ကြီး လေးပါးလက်ထက်မှာ နိုင်ငံလုံးဆိုင်ရာ လူ့အဖွဲ့အစည်းအဖြစ် ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။ အဲဒီနောက် ပိုင်းမှာ နိုင်ငံတော်ဆိုင်ရာ မျိုးချစ်စိတ်ဓါတ် (Civic Nationalism)ကို ပြုစုပျိုးထောင်ရမယ့်အစား အရဗ်အမျိုးသား ရေးဝါဒ၊ မွတ်ဆလင်မ်အမျိုးသားရေးဝါဒတွေ ခေါင်းထောင်လာပြီးတော့ အစ္စလာမ့်အင်ပါယာမှာ Ethnic Nationalism မျိုးနွယ်စုဆိုင်ရာ မျိုးချစ်စိတ်ဓါတ်တွေဖြစ်လာပါတယ်။ အဲဒီလို ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်၊ မျိုးနွယ်စု ဆိုင်ရာ မျိုးချစ်စိတ်တွေကြောင့်ဘဲ အစ္စလာမ့်လမ်းစဉ်ဟာ ဆုတ်ယုတ်ကျဆင်းခဲ့ရပါတယ်။
အစ္စလာမ်က မြို့ပြလူ့အဖွဲ့အစည်းကနေတဆင့် နိုင်ငံလုံးဆိုင်ရာ လူ့အဖွဲ့အစည်းကို တည်ဆောက်ခိုင်းရုံ မက ကမ္ဘာ့လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ ကျမ်းမြတ်ကုရ်အာန်က လမ်းညွှန်ပြသထားပါတယ်။ အမျိုးသားရေး ၀ါဒနဲ့ မလုံလောက်တော့ဘဲ လူသားဝါဒကို ခံယူနိုင်ဖို့ လိုအပ်လာပါပြီ။ ကမ္ဘာကြီးဟာလည်း Globalization ကို စတင်နေပါပြီ။ တမန်တော် မုဟမ္မဒ်(ဆွ)နဲ့ ဆွဟာဗာဟ်များဟာ (Islamization) အစ္စလာမ်တိုးပွားရေးကို လုပ်ခဲ့ တာ မဟုတ်ဘဲ Globalization ကို အစပျိုးခဲ့ခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့် တမန်တော်နဲ့ ဆွဟာဗာဟ်သမ္မတကြီး လေးပါး နောက်ပိုင်းအာဏာကို ရယူခဲ့ကြတဲ့ အာဏာရှင်တွေက ကျဉ်းမြောင်းတဲ့ မွတ်ဆလင်မ်အမျိုးသားရေးဝါဒ ဘက်ကို တိမ်းညွတ်ခဲ့ကြပါတယ်။
အဲဒီလို ကျဉ်းမြောင်းတဲ့ မွတ်ဆလင်မ်အမျိုးသားရေးဝါဒဘက်ကို တိမ်းညွတ်ခဲ့ကြတဲ့ အစ္စလာမ်အင်ပါယာ ကြီးဟာ ကမ္ဘာ့သမိုင်းမှာ နှစ်ပေါင်းမြောက်များစွာ တည်တံ့ပေါ်ထွန်းခဲ့ပါတယ်။ အဲဒီအင်ပါယာကြီးတွေထဲမှာ ယခု ဆီးရီးယားနိုင်ငံဒမတ်စကတ်မြို့ကို နေပြည်တော်လုပ်ပြီးအုပ်စိုးခဲ့တဲ့ အုမိုင်ယာအင်ပါယာ (AD 661-750)၊ ယခု အီရတ်နိုင်ငံဘဂ္ဂဒက်မြို့ကို နေပြည်တော်လုပ်ပြီး၊ အုပ်စိုးခဲ့တဲ့ အဘာဆီအင်ပါယာ (AD-1258)၊ အဘာဆစ်တို့နဲ့ ခေတ်ပြိုင်အီဂျစ်မှာ ပေါ်ထွန်းခဲ့တဲ့ ရှီအာမင်းဆက်တို့ရဲက ဖါတီမိုက်အင်ပါယာ (သူတို့ကတော့ တမန်တော်မုဟမ္မဒ် (ဆွ)ရဲ့ သမီးတော် ဖာသွေမာဟ်သခင်မရဲ့ အဆက်အနွယ်) (AD 909-1171)ထိ နှစ်ပေါင်း ၂၆၀ ကျော် သူတို့ ခေတ်၊ ပြီးတော့ ယခုဆိုဗီယက်ထဲက မွန်ဂိုအင်ပါယာ (AD1260-1481) နှစ်ပေါင်း ၂၇၅ နှစ်ကြာခဲ့ပါတယ်။
အဲဒီနောက် တာတာမျိုးနွယ်တွေက အိန္ဒိယမှာ တည်ထောင်ခဲ့တဲ့ မဂိုအင်ပါယာ (AD 1526-1857) နှစ်ပေါင်း ၃၃၀ ကျော်ဖြစ်ပါတယ်။ ဇဖရ်ရှားဘုရင်ကြီးဟာ မဂိုတို့ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်ပါတယ်။ တူရကီတို့ရဲ့ အော်တိုမန် အင်ပါယာကတော့ အစ္စလာမ်အင်ပါယာတွေထဲမှာ သက်တမ်းအရှည်ဆုံးဖြစ်ခဲ့ပါတယ်။ (AD 1300-1922) ထိ ကြာမြင့်ခဲ့ပြီး၊ နှစ်ပေါင်း ၆၀၀ ကျော်တည်တံ့ခဲ့ပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွ)နဲ့ ဆွဟာဗာဟ်ကြီး လေးပါး ခေတ်မှာ အစ္စလာမ့်လမ်းစဉ်ကို အတိအကျပုံဖော်နိုင်ခဲ့ပေမယ့် သူတို့လွန်မြောက်ပြီးတဲ့နောက်မှာ အစ္စလာမ့်လမ်းစဉ်ဆိုပြီးတော့ ဘုရင်စနစ်ကို အုမိုင်ယာကပြန်လည် အသက်သွင်းခဲ့ပါတယ်။
ဒီလို အစ္စလာမ်အင်ပါယာကြီးတွေ ပေါ်ထွန်းခဲ့တဲ့အချိန်မှာ ယဉ်ကျေးမှု၊ လက်မှုပညာ၊ စာပေပညာ စတဲ့ ပညာရပ်များစွာဟာ ထွန်းကားခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေဟာ တမန်တော်နဲ့ ဆွဟာဗာဟ်တွေ တည်ထောင် ပုံဖော်ခဲ့ကြတဲ့ ခလီဖွာစနစ်ကို ကျင့်သုံးရမယ့်အစား သက်ဦးဆံပိုင်ဘုရင်စနစ်တွေနဲ့ ပုံဖော်အုပ်ချုပ်ခဲ့ကြတယ်။ ပြီးတော့ မျိုးနွယ်စုဆိုင်ရာ မျိုးချစ်စိတ်ဓါတ်တွေဖြစ်ထွန်းလာအောင် ကျင့်သုံးခဲ့ကြတဲ့အတွက် နှစ်ပါင်းများစွာ တည်တံ့ခဲ့ပေမယ့် နောက်ဆုံးပျက်သုဉ်းခဲ့ကြတာ ဖြစ်ပါတယ်။
အစ္စလာမ်အင်ပါယာကြီးတွေကို လေ့လာကြည့်ရင် မျိုးနွယ်စု အမျိုးသားရေးစိတ်ဓါတ်တွေကြောင့် အဲဒီ လူ့အဖွဲ့အစည်းတွေဟာ ပျက်သုဉ်းကျရှုံးခဲ့ရတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။ အစ္စလာမ်သမိုင်း တွင်သာမက ကမ္ဘာ့သမိုင်းမှာလည်း ဒီ Ethnic Nationalism ဆိုတဲ့ မျိုးနွယ်စုဆိုင်ရာ အမျိုးသားရေးဝါဒစွဲတွေ ကြောင့် ပျက်သုဉ်းပျက်စီးခဲ့ရတဲ့ နိုင်ငံတွေ မနည်းပါဘူး။ အမျိုးသားရေးစိတ်ဓါတ်(တနည်း) မျိုးချစ်စိတ်ဓါတ်ဆိုတာ အင်မတန်မှ လိုအပ်ပါတယ်။ မျိုးချစ်စိတ်ဓါတ်ဆိုတာ မရှိရင် နိုင်ငံတွေတည်တံ့ဖို့အတွက် မလွယ်ကူလှပါဘူး။ မျိုးချစ်စိတ်ဓါတ်နဲ့မှ နိုင်ငံတွေတည်တံ့နိုင်ပါတယ်။ ဒါပေမယ့် အဲဒီမျိုးချစ်စိတ်ဓါတ်ဟာ မျိုးနွယ်စုဆိုင်ရာ မျိုးချစ် စိတ်ဓါတ်မဟုတ်ဘဲနဲ့ မိမိနိုင်ငံတွင်းမှာရှိတဲ့ အသားအရောင်မတူ၊ ဘာသာမတူ၊ ဓလေ့ထုံးစံမတူ၊ ယဉ်ကျေးမှုမတူတဲ့ လူမျိုးတွေအပေါ်မှာထားရှိတဲ့ လူမျိုးတွေကို ကာကွယ်စောင့်ရှောက်တဲ့ မျိုးချစ်စိတ်ဓါတ်ဘဲဖြစ်သင့်ပါတယ်။
ဒီလိုမဟုတ်ဘဲနဲ့၊ မိမိမျိုးနွယ်မှ မြင့်မြတ်တယ်ဆိုတဲ့ မျိုးချစ်စိတ်ဓါတ်၊ မွတ်ဆလင်မ်တွေမှမြင့်မြတ်တယ် ဆိုတဲ့ မျိုးချစ်စိတ်ဓါတ်၊ တူရကီမျိုးနွယ်မှ မြင့်မြတ်တယ်ဆိုတဲ့ မျိုးချစ်စိတ်ဓါတ်တွေကို အခြေခံပြီး ဖွဲ့စည်းတည် ထောင်ခဲ့တဲ့အတွက် အစ္စလာမ်အင်ပါယာကြီးတွေ ပျက်သုဉ်းကျရှုံးခဲ့ရသလို ကမ္ဘာ့သမိုင်းမှာ အချို့နိုင်ငံတွေလည်း ပျက်သုဉ်း ကျရှုံးခဲ့ရခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်က မျိုးချစ်စိတ်ဓါတ်မရှိရဘူးလို့ ပြောတာမဟုတ်ဘဲနဲ့ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓါတ်မဟုတ်ဘဲနဲ့ မိမိနိုင်ငံတွင်းမှာရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး၊ ဆင်းရဲချမ်းသာမရွေးအပေါ်မှာ နိုင်ငံသူ၊ နိုင်ငံသားပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့ ကျယ်ပြန့်တဲ့ မျိုးချစ်စိတ်ဓါတ်၊ ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်ကို ထိခိုက်လာရင် အသက်စွန့်ကာကွယ်မယ်ဆိုတဲ့ မျိုးချစ် စိတ်ဓါတ်တွေရှိမှသာလျှင် စစ်မှန်တဲ့ မျိုးချစ်စိတ်ဓါတ်ဖြစ်မှာသာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန်ဟာ ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်ဓါတ်ကို ရှုတ်ချပြီးတော့ မြင့်မြတ်တဲ့ မျိုးချစ်စိတ်ဓါတ် ထားဖို့ ညွှန်ပြပါတယ်။ ဒါ့အပြင် ကျမ်းမြတ်ကုရ်အာန်က နိုင်ငံလုံးဆိုင်ရာ မျိုးချစ်စိတ်ဓါတ်တွေမှာသာ ရပ်တန့်မနေ ဘဲနဲ့ Global Nationalism လို့ခေါ်တဲ့ လူသားဝါဒဆီကို လမ်းညွှန်ပါတယ်။ ဒါဟာ တမန်တော် မုဟမ္မဒ်(ဆွ) လက်ထက်မှာမှ လမ်းညွှန်တာမဟုတ်ဘဲနဲ့ ရှေးတမန်တော်တွေ အဆက်ဆက်ကစလို့ သောင်ဝ်ဟီးဒ်ကို ဟောကြား ရင်း လူသားဝါဒကို ပျိုးထောင်ခဲ့တာပါ။ လူသားအားလုံးဟာ အလ္လာဟ်အရှင်ရဲ့ဖန်ဆင်းခံတွေသာ ဖြစ်တယ်။ လူသားတွေဟာ တစ်မျိုးတစ်နွယ်ထဲ ကနေ ဆင်းသက်လာခြင်းသာဖြစ်တယ်။ လူတွေမှတ်သားမှတ်ထားမိဖို့သာ အသားအရောင်၊ မျိုးနွယ်စု၊ ဘာသာ စကားတွေ ကွဲပြားနေခြင်းဖြစ်တယ်လို့ ကုရ်အာန်ကညွှန်ပြပါတယ်။
လူကို လူလို့သာမြင်ရမှာဖြစ်ပြီး၊ အမြင့်မြတ်ဆုံးလူဟာ ကိုယ်ကျင့်တရားကောင်းမွန်ဆုံးသူသာဖြစ်တယ်လို့ ကျမ်းမြတ်ကုရ်အာန်က သင်ပေးခဲ့ပါတယ်။ ဒါပေမယ့် လူတွေ က ဒါကိုလိုက်နာရမယ့်အစား ကိုယ့်မျိုးနွယ်မှ မြင့်မြတ်တယ်။ ကိုယ့်အုပ်စုမှ မြင့်မြတ်တယ်လို့ သဘောထားယိမ်း ယိုင်သွားကြခြင်းဖြစ်ပါတယ်။ လူတွေရဲ့အတ္တဆန်မှုကြောင့် အလ္လာဟ်ရဲ့သင်ကြားညွှန်ပြမှုတွေဟာ ဘေးဖယ်ထား ခြင်းခံရပါတယ်။
အစ္စလာမ်က ကုရ်အာန်မှာ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်ဖို့ပြောတဲ့အခါမှာ လူ့အဖွဲ့အစည်းကို အွမ္မာဟ်လို့ ရည်ညွှန်းပါတယ်။ အွမ္မဟ်ဆိုတဲ့စကားဟာ အွမ်မွန်ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ အွမ်မွန် ဆိုတာ အရဗီအဓိပ္ပါယ်အရ မိခင်ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။ အရဗီလိုလေ့လာပြီး အဘိဓါန်ထုတ်တဲ့ ပညာရှင်တွေက အွမ်မွန်ဆိုတဲ့ စကားလုံးမှာအခြေခံအဓိပ္ပါယ် ၃ မျိုးရှိတယ်လို့ ဖော်ပြပါတယ်။ ၁။ အုပ်စု ၂။ အခြေခံ ၃။ စုံစည်းရာ နေရာ၊ လမ်းဆုံဖြစ်တယ်လို့ ဖော်ပြပါတယ်။
အရဗီစကားနဲ့ အမေကို အွမ်မွန်လို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေဟာ သက်ရှိဖြစ်ခြင်းရဲ့ အခြေခံရင်းမြစ်ဖြစ်ပါတယ်။ ပြီးတော့ ကျမ်းမြတ်ကုရ်အာန် ကိုလည်း အွန်မ်မွလ်ကီသဗ်ဆိုပြီး စူရာဟ် ၁၃း၃၉ နဲ့ စူရာဟ် ၄၃း၎ မှာ ဖော်ပြထားပါတယ်။ ကုရ်အာန်ဟာ လူ့ဘ၀ တည်ဆောက်မှုလမ်းစဉ်အတွက် အခြေခံဥပဒေဖြစ်တယ်။ လူ့ဘ၀တည်ဆောက်မှုအတွက် ရင်းမြစ်ဥပဒေဖြစ်တယ်။ ဒါကြောင့် ကုရ်အာန်ကို အွန်မ်မွလ်ကီသဗ်လို့လည်းခေါ်ပါတယ်။
ကျွန်တော်တို့ ရှေးဦးကျောင်းတော်ကြီးရှိရာ မက္ကာဟ်ရွှေမြို့တော်ကို အွမ်မွလ်ကူရာလို့ခေါ်ပါတယ်။ ကျမ်း မြတ်ကုရ်အာန် စူရာဟ် ၄၂း၇ မှာ ဖော်ပြထားပါတယ်။ အဲဒီ မက္ကာဟ်မြို့ဟာ အနယ်နယ်အရပ်ရပ် ကမ္ဘာတစ်လွှားက လူတွေလာရောက်တွေ့ဆုံ ဆုံစည်းရာ အရပ်ဖြစ်ပါတယ်။ အဲဒီ အွမ်မွလ်ကနေ ဆင်းသက်လာတဲ့ အွမ္မသ်ဆိုတဲ့ ဝေါဟာရမှာ အုပ်စုဆိုတဲ့ စကားလုံးပါရှိပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်လောကမှာ ကေယာမသ် နေ့ကျရင် ရှဖာအသ်ပေးဖို့ တမန်တော်က` ရား အွမ္မသီ´လို့ပြောနေမယ် ဆိုတဲ့ စကားကြားဘူးကြမှာပါ။
ဒါကြောင့် တမန်တော်ရဲ့ အွမ္မသ်ဆိုတာ တမန်တော်သက်ရှိထင်ရှားရှိချိန်မှာ စပြီး ကေယာမသ်တိုင် ဖြစ်လာမယ့် လူ့အဖွဲ့အစည်းဝင်တွေ အားလုံးဟာ တမန်တော်ရဲ့ အွမ္မသ်ဖြစ်ပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ တမန် တော်အီဘရာဟင်မ်(အ) ရဲ့ အွမ္မသ်တွေ၊ လူးသ်နဗီရဲ့ အွမ္မသ်တွေ၊ တမန်တော်အီဆာ(အ)ရဲ့ အွမ္မသ်တွေ စသဖြင့် ဖော်ပြခဲ့ပါတယ်။ ဒီ အွမ္မသ်တွေဆိုတာ အဲဒီတမန်တော်ရှိစဉ်က ပေါ်ထွန်းခဲ့တဲ့ လူ့အစုအဝေးနဲ့ ဒီတမန်တော်ရဲ့ သင်ကြားချက်ကို လက်ဆင့်ကမ်းဖြန့်ဝေခဲ့တဲ့ လူသားထုကြီးကို ရည်ညွှန်းခြင်းဖြစ်ပါတယ်။ တမန်တော်အီဘရာ ဟင်မ်(အ)ရဲ့ အွမ္မသ်ဆိုတာ ယူဖရေးတီးနဲ့ တိုက်ဂရစ်မြစ်ဝှမ်းကြားမှာရှိတဲ့ လူ့အစုအဝေးကြီးဖြစ်တယ်။ တစ်ချိန် တည်းမှာပဲ လူးသ်(အ)ရဲ့ အွမ္မသ်လည်း အဲဒီဒေသတွေမှာ ရှိခဲ့ပါတယ်။
ပြီးတဲ့နောက် တမန်တော်မူဆာ(အ)ရဲ့ အွမ္မသ်ဆိုတာ ဗနီအီစရာအီလ်တွေဖြစ်ပါတယ်။ တမန်တော်အီဆာ (အ)လက်ထက်ရောက်တဲ့အချိန်မှာ ဗနီအီစ္စရာအီလ်နဲ့တကွ တခြားလူ့အဖွဲ့အစည်းတွေကိုပါ တမန်တော် အီဆာ(အ)ရဲ့ အွမ္မသ်အဖြစ် စတင်လာခဲ့ပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွ)လက်ထက်ရောက်တဲ့အချိန်မှာ တစ်ကမ္ဘာလုံးက ရှိရှိသမျှလူ့အဖွဲ့အစည်းအားလုံးဟာ တမန်တော်မုဟမ္မဒ်(ဆွ)ရဲ့ အွမ်မသ်ဆိုတဲ့ Globalization စနစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်တွေထဲမှာ လူ့အဖွဲ့အစည်းတွေ အမျိုးမျိုး ပါဝင် တယ်။ အဲဒီလူ့အဖွဲ့အစည်းတွေထဲမှာ အစ္စလာမ့်အသိုင်းအ၀ိုင်းဆိုတာ အကောင်းဆုံးသော လူ့အဖွဲ့အစည်းဖြစ်ရ မယ်လို့ ကုရ်အာန်က သွန်သင်ဆုံးမပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၃း၁၁၀)မှာ
`အစ္စလာမ့် လူ့အဖွဲ့အစည်းသည် လူသားတို့အတွက် အကောင်းဆုံး လူ့အဖွဲ့အစည်းအဖြစ်ပေါ်ထွန်းလာ ခြင်းဖြစ်သည်။ မျှတမှုကို ဆင့်ဆိုကြကုန်။ မကြားဝံ့မနာသာသော ကိစ္စရပ်များကို ဟန့်တားကြကုန်။ အလ္လာဟ်ကို ယုံကြည်ကြကုန်။ ကျမ်းစာရသူ အဟ်လွလ်ကိသာဗ်များသည်လည်း ယုံကြည်ကြလျှင် သူတို့အတွက် သာ၍ကောင်း ပေသည်။ သူတို့အနက် မုအ်မင်န်ယုံကြည်သူများလည်းရှိ၏။ အများစုသည် အသိတရားကင်းမဲ့သူ ဖါစစ်က်များဖြစ် ကြပေသည်။´ (၃း၁၁၀)
ဒီအာယသ်တော်ပါ `အဟ်လွလ်ကိသားဗ်´ကျမ်းစာရသူများလို့ပြောလျှင် မွတ်ဆလင်မ်အများစုကတော့ ရဟူဒ်၊ နဆွရာတွေကိုဘဲ ရည်ညွန်းနေကြပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ လူမျိုးစုတိုင်း၊ လူမျိုးစုတိုင်းထံကို အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်တွေ စေလွှတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ တမန်တော် စေလွှတ်ခြင်းမခံရတဲ့ လူမျိုးနွယ်ဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူးလို့ ကျမ်းမြတ်ကုရ်အာန်က ဖော်ပြပါတယ်။ ဒါကြောင့် လူတိုင်း လူတိုင်းကို အဟ်လွလ်ကိသားဗ်လို့ ကျွန်တော်မြင်ပါတယ်။
လူ့အဖွဲ့အစည်းတိုင်းဟာ တမန်တော် မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်ဖြစ်တဲ့အပြင် ကျမ်းမြတ်ကုရ်အာန်မှာ အတော် ထူးဆန်းတဲ့ အွမ္မသ်အဖွဲ့ဝင်တွေကိုလည်း ဖြော်ပထားတာ တွေ့ရပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၆း၃၈ မှာ ဘယ်လိုဖော်ပြထားလဲဆိုရင် `ကမ္ဘာမြေပြင်ပေါ်ရှိ သတ္တ၀ါများ၊ ပျံသန်းနေသော ငှက်များသည်လည်း သင်တို့ကဲ့သို့ ပင် အွမ္မသ်အုပ်စုဝင်များ ဖြစ်ကြလေသည်။´ လို့ ဖော်ပြထားပါတယ်။ ဒီတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းဆိုတာ က လူသားတွေသာမက လူသားအပါအ၀င်၊ တိရစ္ဆာန်တွေ၊ ကျေးငှက်တွေအားလုံးဟာ လူ့အဖွဲ့အစည်းဝင်တွေ ဖြစ်တယ်။ အွမ္မသ်အဖွဲ့တွေဖြစ်တယ်။ ဒါကြောင့် ဒီအာယသ်တော်က လူသားနဲ့တိရစ္ဆာန်တွေ၊ ကျေးငှက်တွေရဲ့ ဂေဟစနစ်အရ ဆက်စပ်မှုကို ဖော်ပြနေပါတယ်။ တိရစ္ဆာန်တွေနဲ့ပတ်သက်တဲ့ လူသားတို့ရဲ့ တာဝန်တွေကို လည်း ဖော်ပြနေတာဖြစ်ပါတယ်။ တိရစ္ဆာန်တွေမျိုးသုဉ်း မပျောက်ကွယ်သွားရေးအတွက် လူသားတွေက ထိန်းသိမ်း စောင့်ရှောက်ဖို့လိုကြောင်းကိုလည်း ဖော်ပြနေပါတယ်။ ဒါမှသာ သဘာဝပတ်ဝန်းကျင် သာယာလှပပြီး ငြိမ်းချမ်းတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်တို့ မြင်နေရတဲ့ ကမ္ဘာလောကကြီးက လူ့လောကကြီးပါ။ ရေပြင်၊ မြေပြင်၊ လေပြင်မှာရှိတဲ့ သက်ရှိသက်မဲ့တွေ၊ ရေမြေတောတောင်၊ သစ်ပင်ပန်းမာလ်တွေ၊ ကျေးငှက်တိရစ္ဆာန်တွေ အားလုံးဟာ လူသားတွေ အတွက် ဖြစ်ထွန်းပေါ်ပေါက်နေတာဖြစ်တယ်။ လူသားဆိုတာ နေ၊ လ၊ နက္ခတာရာတွေမရှိဘဲ၊ ရေမြေတောတောင် သစ်ပင်ပန်းမာလ်မရှိဘဲ၊ ကျေးငှက်တိရစ္ဆာန်တွေ မရှိဘဲ နေထိုင်လို့မရပါဘူး။ အဲဒါတွေဟာ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကိစ္စရပ်တွေဖြစ်တယ်။ ပညာရှင်တွေက ကျွန်တော်တို့ ဘာမှအသုံးမ၀င်ပါဘူးလို့ ထင်ထားတဲ့ ပုရွက်ဆိတ်မျိုးစိတ်တစ်ခု မျိုးသုန်းပျောက်ကွယ်သွားမယ်ဆိုရင်တောင် ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် အနေအထားတွေ၊ ရာသီဥတုအနေအထားတွေ အကြီးအကျယ်ပြောင်းလဲသွားမယ်လို့ တွက်ချက်ပြကြပါတယ်။
ဒါကြောင့် လူသားဟာ လူ့လောကကြီးရဲ့ အရှင်သခင်ဆိုပြီး ထင်ရာစိုင်းလို့ မရပါဘူး။ လောကမှာ လူသားဟာ အခွင့်အရေးအများဆုံး ရထားတဲ့ သတ္တ၀ါဘဲဖြစ်တယ်။ အခွင့်အရေးအများဆုံးရထားတဲ့ အတွက် တာဝန်ယူမှုဟာလည်း အင်မတန်ကြီးမားပါတယ်။ ရေမြေတောတောင်၊ သစ်ပင်ပန်းမာလ်၊ ကျေးငှက် တိရစ္ဆာန်တွေ မျိုးသုန်းပျောက်ကွယ်မသွားဖို့ ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ကြီးကိုလည်း ထမ်းဆောင်ရပါ တယ်။ ဒါကြောင့် ဒီအာယသ် (၆း၃၈)ဟာ ကျေးငှက်တိရစ္ဆာန်တွေဟာ လူ့အဖွဲ့အစည်းဝင် အွမ္မသ်တွေဖြစ်တယ် ဆိုတာ ဖော်ပြထားခြင်းဖြစ်ပါတယ်။
လူ့လောကမှာ အတွေးအခေါ်၊ အယူအဆတွေ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ အများကြီးရှိနေပေမယ့် အစ္စလာမ်လူ့အဖွဲ့အစည်းကတော့ အကောင်းဆုံးဖြစ်နေရပါမယ်။ အဲဒီလို အကောင်းဆုံးဖြစ်ဖို့အတွက် စောစောက ပြောခဲ့တဲ့ ကုရ်အာန် စူရာဟ် (၃း၁၁၀)မှာပါတဲ့အတိုင်း `အရာရာကို တရားမျှတစွာ ဆောင်ရွက်ရမယ်။ မကြားဝံ့ မနာသာသော ကိစ္စရပ်များကို ဟန့်တားကြရမယ်။´ မကြားဝံ့မနာသာသော ကိစ္စရပ်များဆိုရင် ဆဲရေးတိုင်းထွာက အစ၊ တိရစ္ဆာန်တွေတောင် မလုပ်တဲ့ သဘာဝနဲ့ဆန့်ကျင်တဲ့ ကိစ္စရပ်တွေဆောင်ရွက်တာ အလယ်၊ ရက်စက်ကြမ်း ကြုတ်၊ ရိုင်းစိုင်းတဲ့ အပြုအမူတွေအဆုံး အားလုံးပါဝင်ပါတယ်။
ဒါတွေကို ကျွန်တော်တို့ ရှောင်ရှားရမယ်။ ရှောင်ရှားနိုင်အောင် ကုရ်အာန်ကိုအခြေခံတဲ့ ဥပဒေတွေပြဌာန်းပြီး လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရန်၊ ရှောင်ရန်တွေကို ကျင့်သုံးနိုင်ဖို့အတွက် လုပ်ရပ်တိုင်း အတွက် တုန့်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ စနစ်ကို ပြဌာန်းသတ်မှတ်ထားတဲ့ အလ္လာဟ်ကို ကျွန်တော်တို့ ယုံကြည်ဖို့လိုအပ်ပါတယ်။ ဒါဆိုရင် အကောင်းဆုံးလူ့အဖွဲ့အစည်းဝင်တွေ ဖြစ်လာပါမယ်လို့ ကုရ်အာန်စူရာဟ် (၃း၁၁၀)က အသိပေးထားပါတယ်။
ယနေ့ (၂၀-၅-၂၀၁၆) ကျွန်တော့်ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ `အွမ္မဟ်-လူ့အဖွဲ့အစည်း´ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး အကောင်းဆုံးသော လူ့အဖွဲ့အစည်း၊ အကောင်းဆုံးသော အွမ္မသ်များဖြစ်ကြပါစေလို့ ဆုမွန်တောင်းရင်း ရပ်နားလိုက်ပါတယ်။