ကျေးဇူးတရား (အပိုင်း-၂) မုဖ်သီ ဦးသန်းအောင် (LL.B)
ကျေးဇူးတရား (အပိုင်း-၂)
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော်အနေနဲ့ အခုလို ဂျုမုအာဟ် ခွတ္တဗာဟ်ပြောကြားခွင့်ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ် အား ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လခွတ္တဗာဟ်မှာ အီးဒ်နဲ့ဂျွမ္မာဟ်နဲ့ တိုက်ဆိုင်ခဲ့တဲ့အတွက်ကြောင့် `ကျေးဇူးတရား´ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောပြောတင်ပြခဲ့ပါတယ်။ အဲဒီလို တင်ပြပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့ ဟောပြောတင်ပြချက်တွေနဲ့ ပတ်သက်ပြီးခံစားရတဲ့ လူတွေထဲက အချို့ကပြောပါတယ်။ `ခွတ္တဗာဟ်ပြောတာ လည်းပြောပေါ့။ လူတွေကို သိပ်ငိုအောင်မလုပ်ပါနဲ့´လို့ပြောပါတယ်။ တချို့ကလည်း `လူတွေရဲ့စိတ်၊ သိပ်ထိခိုက် အောင် မလုပ်ပါနဲ့´လို့ပြောကြပါတယ်။ တချို့ကလည်း `အဲဒီကျေးဇူးတရားနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် အခန်းဆက်၊ ဆက်လက်တင်ပြပါ´လို့ ပြောကြပါတယ်။
ကျွန်တော် အားလုံးကိုကြိုဆိုပါတယ်။ အရှိတရားတွေကို ပြောလိုက်တဲ့အခါမှာ လူသားတွေဟာ နှလုံးသား ပိုင်ရှင်တွေဖြစ်တဲ့အတွက် သူတို့ရဲ့နှလုံးသားတွေ လှုပ်ခတ်သွားတဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကို ၀မ်းမြောက် ၀မ်းသာဖြစ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမ်းမြတ်ကုရ်အာန်ထဲက လမ်းညွှန်မိန့်ကြားချက်တွေကို ပြောလိုက်တဲ့အချိန်မှာ သူတို့ရဲ့နှလုံးသားတွေ လှုပ်သွားတယ်ဆိုတဲ့ဟာသည် တကယ်တမ်းပြောရရင် ကျွန်တော် တို့ အားလုံးရဲ့ အီမာန်တိုးပွားလာတဲ့ အနေအထားလို့ ကျွန်တော်ယုံကြည်မိပါတယ်။ ဒါကြောင့် ယခုအပတ်မှာ `ကျေးဇူးတရား အပိုင်း(၂)´ကို ဆက်လက်တင်ပြသွားပါမယ်။
ကျေးဇူးတရားကို စပြီးတော့ ပုံဖော်တဲ့အခါမှာ အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးဟာ ကျွန်တော်တို့လူသား တွေအတွက် အတိုင်းအဆမဲ့ ရှိနေပါတယ်။ အဲဒီလို ရှိနေတဲ့ကျေးဇူးတော်တွေထဲမှာ ကျွန်တော်တို့ ဘာတွေပဲ လုပ်လုပ်၊ ဘာတွေပဲကိုင်ကိုင် တနည်းအားဖြင့် အမာလ်တွေ ဘယ်လောက်များများလုပ်လုပ်၊ ကျွန်တော်တို့ ပြောနေတဲ့ နမားဇ်တွေ ဘယ်လောက်ပဲဖတ်ဖတ်၊ ဇကားသ်တွေ ဘယ်လိုပဲပေးပေး၊ ဟဂ်ျတွေ ဘယ်နှစ်ကြိမ် မြောက်ပဲလုပ်လုပ်၊ ဆွီယာမ်(ဥပုသ်) တစ်နှစ်ပတ်လုံးပဲထားထား၊ အဲဒီလို လုပ်နေပါတယ်ဆိုတဲ့ လူတွေသည်ပင် လျှင် အင်မတန်အရေးကြီးတဲ့ ပွိုင့်တစ်ခုကို သူတို့အမြဲတမ်းနှလုံးသွင်းထားဖို့ လိုအပ်ပါတယ်။
အဲဒါဟာ ဘာလဲဆိုရင် သူလုပ်တဲ့ကိစ္စရပ်တိုင်းမှာ `သောင်ဝ်ဟီးဒ်´မှန်ဖို့ အရေးကြီးပါတယ်။ `သောင်ဝ်ဟီးဒ်´မမှန်ဘူးဆိုရင် သူကျင့်ကြံပါတယ်ဆိုတဲ့ ဆွလားသ်၊ ဇကားသ်၊ ဆွီယာမ်၊ ဟဂ်ျ၊ နောက်ထပ် အမ္မလေဆွာလေဟာ ကြိုက်တာ၊ ကြိုက်သလောက်လုပ်ပါ။ အားလုံးမှားနေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အတွက် သောင်ဝ်ဟီးဒ်က အရမ်းအရေးကြီးပါတယ်။ သောင်ဝ်ဟီးဒ်နဲ့ ပတ်သက်လာရင် တစ်ပါးတည်းသောအရှင်၊ နိစ္စ ထာဝရတည်ရှိခြင်း၊ တစ်ဖြစ်ခြင်း၊ ဘယ်နေရာမှာ တစ်ဖြစ်လဲဆိုရင် အလ္လာဟ်အရှင်မြတ်ဟာ (သောင်ဝ်ဟီးဒ် ရဗူဗီ ယသ်)လို့ခေါ်တဲ့ အရာဝတ္ထုတွေ၊ ဒြပ်ပစ္စည်းတွေ သက်ရှိ၊ သက်မဲ့တွေကို ကြီးထွားဖွံ့ဖြိုးမှုဖြစ်စေပြီး၊ အစမှ အဆုံးထိ လိုအပ်သမျှ အာဟာရ၊ စားနပ်ရိက္ခာ၊ အထောက်အပံ့မျိုးစုံ၊ လိုအပ်ချက်များကို ထောက်ပံ့ဖြည့်ဆည်းပေးကမ်း ချီးမြှင့်ပေးထားသော အစစအရာရာကို ပြုစုပျိုးထောင်ပေးသောအရှင် နေရာမှာလည်း အလ္လာဟ်ဟာနံပါတ်တစ် ပဲဖြစ်ပါတယ်။ ဒုတိယတစ်ချက်က `သောင်ဝ်ဟီးဒ် အုလူးဟိယသ်´ယုံကြည်လေးစား ကိုးကွယ်အားထားမှု ခံထိုက် သည့် အာဏာ၊ စွမ်းအား၊ လွှမ်းမိုးမှုအရာတွင် ပြည့်စုံတော်မူသော အရှင်ဖြစ်ခြင်းမှာလည်း တစ်ပါးတည်းသော အရှင်ဖြစ်ပါတယ်။
ကျွန်တော်တို့သည် အလ္လာဟ်ကို ယုံပါတယ်လို့ပြောပြီး အလ္လာဟ်ဆီကိုသွားဖို့တော့ ဘယ်နေ့ ဘယ်ရက် တွေ၊ ဘယ်လိုပုဂ္ဂိုလ်တွေ၊ ဘယ်ဆရာသခင် ကျေးဇူးရှင်တွေကိုတော့ (Stepping stone)လို့ခေါ်တဲ့(ဇူလ်ဖာ)တွေ၊ ခုတုံး၊နင်းတုံးအဖြစ် တဆင့်ခံ၊ ကြားခံပုဂ္ဂိုလ်တွေအဖြစ် ကျွန်တော်တို့ရဲ့ ယုံကြည်လေးစားကိုးကွယ် အားထားမှု မှာ အဲဒီလူတွေ၊ အဲဒီပစ္စည်းတွေ၊ အဲဒီအရာတွေကို ထားလိုက်မယ်ဆိုရင် စောစောကပြောတဲ့ ကျွန်တော်တို့ရဲ့ (သောင်ဝ်ဟီးဒ်)က ယိမ်းယိုင်သွားပြီ။အလ္လာဟ်ကို ယုံပါတယ်လို့ပြောတာဟာ အပြည့်အ၀ယုံကြည်ရာ မကျတော့ဘူး။ အဲဒီအခါမှာ အလဟဿ ဖြစ်လာနိုင်ပါလိမ့်မယ်။ နောက်တစ်ခါ(သောင်ဝ်ဟီဒ်)(အလ်အစ္စမအ်ဝ ဆွေဖသ်)အလ္လာဟ်ထံတော်မှာ (၀လီလ်လလာ ဟိလ် အစ္စမာအုလ်ဟွစ္စနာဟ်) အကောင်းဆုံးဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး ညီညွတ်မျှတ၊ အချိုးအစားကျနဆုံး၊ နာမ တော်၊ နည်းလမ်းစနစ်တွေရှိတယ်။ (ဆွေဖသ်)အလ္လာဟ်ထံမှာ ဂုဏ်တော်တွေ အနန္တရှိနေတယ်။ အဲဒီ ဂုဏ်တော် အနန္တနဲ့ နာမတော်ကောင်းတွေနဲ့ ပြည့်စုံတော်မူခြင်းမှာလည်း အလ္လာဟ်ဟာ(တစ်)ဖြစ်တယ်။ ဒါကို ကျွန်တော်တို့က ယုံကြည်၊ လေးစား၊ ကိုးကွယ်အားထားပြီးတော့ အလ္လာဟ်ကိုသာလျှင် မိမိတို့ရဲ့ဘ၀တစ်ခုလုံး ယုံပုံလွှဲအပ်ပြီး ယုံကြည်မှုထားဖို့လိုပါလိမ့်မယ်။ ဒါကြောင့် အလ္လာဟ်တစ်ပါးတည်းသော နိစ္စထာဝရ တည်ရှိတော်မူခြင်းဆိုတဲ့ သောင်ဝ်ဟီးဒ် မှန်ကန်မှသာ ကျန်တဲ့ကိစ္စတွေ မှန်ကန်မှုရှိလာပါလိမ့်မယ်။
လေ့လာကြည့်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်သည် အနန္တစကြ၀ဠာနဲ့ ကမ္ဘာဂြိုဟ်၊ အာကာသ၊ ရေထု၊ လေထု၊ မြေထု၊ သစ်ပင်၊ သဘာဝသယံဇာတ၊ သက်ရှိသက်မဲ့စတဲ့ အရာအားလုံးတွေကို ဖြစ်ထွန်းပေါ်ပေါက်စေတော်မူထားပါတယ်။ အခုအချိန်ဟာ မိုးတွင်းကာလဖြစ် နေတာရယ်၊ မကြာမီက ဖြစ်ပေါ်ခဲ့တဲ့ တိုင်းနှင့်ပြည်နယ် အတော်တော်များများမှာ ရေလွှမ်းမိုးမှုကြောင့် ရေဘေး ဒုက္ခရောက်ခဲ့ကြတာ အားလုံးသိပြီးဖြစ်ပါတယ်။ အဲဒီရေဟာ ကျွန်တော်တို့သက်ရှိတွေအတွက် ဘယ်လောက် အရေးပါအရာရောက်ပြီး၊ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေ ကျွန်တော်တို့ဆီမှာ တည်ရှိနေလည်းဆိုတာ တင်ပြပါမယ်။
ကမ္ဘာပေါ်ရှိ သဘာဝသယံဇာတများအနက် အရေးအပါဆုံး၊ အဓိကနဲ့ပဓါနအကျဆုံးက `ရေ´ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အပေါများဆုံးအဖြစ်၊ ကမ္ဘာမြေမျက်နှာပြင်ရဲ့ လေးပုံသုံးပုံဟာ ရေဖြင့်ဖုံးလွှမ်းနေပါတယ်။ မြေဆီလွှာနဲ့ လေထုထဲမှာပင် ရေဓါတ်များစွာပါဝင်နေပါတယ်။ သက်ရှိအတွက်ရေက အဓိကအရေးကြီးပါတယ်။ ပင်လယ်ရေ၊ ကုန်းတွင်းရေ၊ သက်ရှိများအတွင်းရှိရေ၊ လေထုထဲများထဲကရေ၊ မြေအောက်မှာရှိတဲ့ရေတို့ဟာ တစ်နေရာမှတစ်နေရာကို အရည်အဖြစ်လည်းကောင်း၊ အခဲအဖြစ်လည်းကောင်း၊ အငွေ့အဖြစ်လည်းကောင်း၊ ပုံသဏ္ဍာန်မျိုးစုံနဲ့ ပြောင်းလဲ လှည့်ပတ်ပြီးနေပါတယ်။
နေရဲ့အပူချိန်ကြောင့် ရေဟာ အခိုးအငွေ့အဖြစ်ပြောင်းလဲပြီး ရေထုဟာလေထုအတွင်း ပျံ့လွင့်ပါသွား ပါတယ်။ အဲဒီရေခိုးရေငွေ့ဟာ အာကာသအထက်ပိုင်းကိုရောက်ပြီး၊ အအေးဓါတ်နဲ့ ထိတွေ့တဲ့အခါ၊ အစိုင်အခဲဖြစ် ပြီး မိုးတိမ်ဖြစ်လာပါတယ်။ အဲဒီနောက် ရေစက်ရေပေါက်တွေဖြစ်ပြီး၊ မိုးရွာလာပါတယ်။ နှင်းအဖြစ်နဲ့လည်း ကျလာ တတ်ပါတယ်။ `ရေ´ဟာ ပုံသဏ္ဍာန်အားဖြင့် ပြောင်းလဲမှုအများဆုံးဖြစ်ပြီး ထုထည်၊ အကြီးမားဆုံးသော အရာ တစ်ခုဖြစ်ပြီး စွမ်းအင်များစွာထုတ်ပေးပါတယ်။ မိုးရေဟာ ဓါတ်ငွေ့တွေနဲ့ကျောက်ဆောင်များထိတွေ့ရာမှာ တိုက်စား ခြင်းဖြစ်ပေါ်ပြီး၊ ရေချိုကနေရေငံအဖြစ် တဖြည်းဖြည်းပြောင်းလဲသွားရပါတယ်။ ကမ္ဘာပေါ်မှာ ရေချိုရှိသလို ရေငံ လည်းရှိပါတယ်။ ရေနှစ်မျိုးဟာ လွတ်လပ်စွာ မျောစီးနေပါတယ်။ သူတို့ကို ကမ္ဘာမြေရဲ့ဆွဲအားနဲ့ အပူတို့ကပြန်ပြီး တားဆီးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ ဒါတွေအားလုံးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ရဗူဗီယာသ်စနစ်က ချီးမြှင့်ပေးအပ်ထားတဲ့ `ကျေးဇူးတော်များ´ဖြစ်ပါတယ်။ အဲဒီကျေးဇူးတော်တွေများ မရှိခဲ့ဘူးဆိုရင် သက်ရှိ (လူသား) ဖြစ်ထွန်းပေါ်ပေါက်ရပ်တည်နိုင်မှာ မဟုတ်ပါဘူး။
အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၅၆)အာယသ်(၆၈မှ၇၀ထိ)မှာ အလ္လာဟ်က လူသားကို သတိပေးထားတာရှိပါတယ်။ အလ္လာဟ်ရဲ့ကျေးဇူးတော်တွေအနက် ရေချိုနဲ့ရေငံကို လူတွေမမြင်ရတဲ့ အတား အဆီး၊ အကာအရံနဲ့ ကာဆီးထားတယ်။ အဲဒီလိုသာ မလုပ်ထားရင် ရေချိုတွေအားလုံးဟာ ရေငန်တွေဖြစ်သွားပြီး ကမ္ဘာပေါ်မှာ သက်ရှိလူသားအဖြစ် ဖြစ်ထွန်းပေါ်ပေါက်ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
“ အသင်လူသားတို့ သောက်သုံးနေကြတဲ့ရေကို အသင်တို့ လေ့လာဆင်ခြင်သုံးသပ် သုတေသနပြုကြပါ သလား။” (၅၆း၆၈)
“ ယင်းရေကို မိုးတိမ်တွေကနေ သင်တို့လူသားတွေကပဲ ရွာသွန်းဖြိုးစေတော်မူခဲ့တာလား။ ဒါမှမဟုတ် ငါအရှင်မြတ်ကပဲ နိယာမပြဌာန်းပြီး ရွာသွန်းစေတော်မူထားတာလား။” (၅၆း၆၉)
“ အကယ်၍သာ ငါအရှင်အလိုတော်ရှိခဲ့ရင် နိယာမပြဌာန်းချက်ကို ပြောင်းလဲလိုက်ရုံနဲ့ အဲဒီရေချိုဟာ ခါးသက်သောအရသာရှိတဲ့ ရေငံအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ ဒါတောင် အသင်လူသားတို့ ငါအရှင်ရဲ့ ကျေးဇူး တော်ကို အဘယ်ကြောင့် မကျေပွန်ကြတာလဲ။” (၅၆း၇၀)
လူသားတွေအနေနဲ့ ဒုက္ခရောက်တဲ့ အချိန်မှာ အလ္လာဟ်ကျေးဇူးကို ပိုပိုပြီးသိလာရပါတယ်။ ရေချိုဟာ ရေချိုအဖြစ်ပဲ တည်ရှိနေပါတယ်။ ရေငံကရေငံအဖြစ်ပဲ တည်ရှိနေပါတယ်။ အဲဒီရေချိုတွေဟာ ရေငံအဖြစ် ပြောင်းမသွားခြင်းဟာ အလ္လာဟ်ကျေးဇူးတော်ကြောင့်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နှလုံးသွင်းထားဖို့လိုပါ တယ်။ အဲဒီမျာ ရေချိုတွေသာ ရေငံဖြစ်သွားမယ်ဆိုလို့ရှိရင် ကမ္ဘာပေါ်မှာ သက်ရှိတွေ မရပ်တည်နိုင်တော့ဘူးလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် အဲဒီရေကြောင့် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိမှုဟာ တကယ်လိုအပ်နေ တယ်ဆိုတာ ထင်ရှားလှပါတယ်။ ပြီးတော့ လူသားဟာ လူဖြစ်လာရတာကိုက ကျွန်တော်တို့အတွက် အလ္လာဟ်ရဲ့ တကယ့်ကျေးဇူးတရားတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ လူအဖြစ် မွေးဖွားခြင်းခံရတာကိုက အလ္လာဟ်ရဲ့ကျေးဇူးပါ။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၃၂၊ အာယသ် ၇ မှ ၉ အထိမှာ
“ ရှိသမျှအရာခပ်သိမ်းကို အတိုင်းအဆ၊ ညီညွတ်မျှတ၊ အချိုးအစားကျအောင် ဖြစ်ထွန်းပေါ်ပေါက်စေတဲ့ အရှင်သည် အလ္လာဟ်ပင်ဖြစ်သည်။ လူသားကို မြေကြီး၏ သက်မဲ့ပစ္စည်းမှ အရှင်မြတ်သည် စတင်ဖြစ်ထွန်း ပေါ်ပေါက်စေထားသည်။” (၃၂း၇)
ဒီအာယသ်ကို သေသေချာချာလေ့လာကြည့်မယ်ဆိုရင် လူဆိုတဲ့ ကျွန်တော်တို့ဟာ လူရယ်လို့ မဖြစ်လာ ခင်မှာ မြေကြီးရဲ့ဘာမှမဟုတ်တဲ့ အနေအထားမှာပဲ ရှိနေပါသေးတယ်။ အဲဒီလို ဘာမှမဟုတ်တဲ့ မြေကြီးရဲ့ ဓါတ်သဘာဝတစ်ခုအဖြစ် ရှိနေရာကနေ အလ္လာဟ်အရှင်မြတ်က လူသားကို ဘယ်အဆင့်ကို တစ်ဆင့်မြှင့်ပေး လိုက်သလဲဆိုရင်-
“ ၎င်းပြင် အရှင်မြတ်သည် လူသား၏သားစဉ်မြေးဆက်ကို သေးနုပ်လှသော ကာလလရေကြည်မှ စစ်ထုတ် ထားသော ပစ္စည်းမှပေါ်ပေါက်စေထားသည်။” (၃၂း၈)
သေးနုပ်လှသော ကာလလရေကြည်၊ တန်းဖိုးမဲ့ပစ္စည်း၊ အဖိုးမဲ့၊ ၀ယ်သူမရှိ၊ ရောင်းတန်းမ၀င်တဲ့ မြင်ရုံနဲ့ ရွံရှာဖွယ်ရာကောင်းတဲ့ ပစ္စည်းအဖြစ်သတ်မှတ်ထားကြတာ။ အဲဒီအထဲမှာ မျိုးအောင်တဲ့ ပိုးကောင်ပါလာပါတယ်။ အဲဒီကမှ စစ်ထုတ်ထားတဲ့ ပစ္စည်း၊ အလ္လာဟ်သုံးတဲ့ အသုံးအနှုန်းဟာ သိပ္ပံပညာရှင်တွေ မျက်စိလည်သွားစေရ မယ်။ ဒီလောက်အသုံးမကျတဲ့ ပစ္စည်းတွေအများကြီးထဲမှာ မျိုးအောင်တဲ့ပိုးကောင်ဟာ တစ်ကောင်တည်းရှိတယ်။ အဲဒါကို ကုရ်အာန်က သုံးနှုန်းထားတာက `ကာလလ ရေကြည်မှ စစ်ထုတ်ထားတဲ့ပစ္စည်း´ အဲဒီကမှ မမျိုးဥနဲ့ ပေါင်းပြီး လူသားကို ပေါ်ပေါက်စေတော်မူထားပါတယ်လို့ ဖော်ပြထားပါတယ်။
“ ထို့နောက် အရှင်မြတ်သည် လူသားကို အတိုင်းအဆ၊ အချိုးအစား၊ ပြည့်ဝစုံလင်အောင် ပြုလုပ်ထားတော်မူသည်။ တဖန် အရှင်မြတ်ထံတော်မှ စွမ်းအားဖြစ်သော ရူဟ်ကို လူ၏အတွင်းသို့ ထည့်သွင်းစေတော်မူသည်။ ထို့နောက် အကြားစွမ်းရည်၊ အမြင်စွမ်းရည်၊ စဉ်းစားတွေးခေါ်မြှော်မြင်နိုင်စွမ်း(အာရုံခံအစွမ်း)ကို သင်လူသားတို့အား ချီးမြှင့် ပေးသနားတော်မူခဲ့သည်။ သို့သော် ယင်းစွမ်းရည်၊ စွမ်းအားတို့ကို မှန်မှန်ကန်ကန် အသုံးချ၊ အသုံးပြုပြီး အလ္လာဟ်ကျေးဇူး သိတတ်သူ၊ တာဝန်ကျေပွန်သူက အနည်းငယ်သာရှိလေသည်။ ” (၃၂း၉)
အဲဒီ ရူဟ်စွမ်းအင် ကုန်သွားတဲ့အချိန်မှာ ကျွန်တော်တို့ ကြားနိုင်စွမ်းလည်းမရှိ၊ မြင်နိုင်စွမ်းလည်းမရှိ၊ ခံစား နိုင်စွမ်းလည်း မရှိတော့ပဲ အိမ်က မိသားစုက အ၀တ်ဖြူလေးပတ်ပြီး အနီးစပ်ဆုံး ကျွန်တော်တို့ ပြောပြောနေတဲ့ ဂျန္နသွလ်ဘကီးတို့ ဂျန္နသွလ်ရေဝေးတို့ကို ပို့လိုက်ကြပါတယ်။ အဲဒီအချိန်မှာ သူဟာဘာမှ မဟုတ်တော့ဘူး။ သူရှိစဉ်က သူ့ကိုသိပ်ချစ်ပါတယ်လို့ပြောတဲ့ သူ့အိမ်က သူ့မိသားစုထဲက လူတွေတောင် တစ်ချို့ကြောက်တတ်တဲ့ လူတွေသူ့အနားမကပ်တော့ဘူး။ ဒီကြားထဲ တစ်ချို့ဆရာကြီးများရဲ့ ဟောပြောတင်ပြမှုကြောင့် နိကာဟ် ဟရာမ် ဘာညာဆိုတော့ မိန်းမသေရင် ယောက်ကျားမကပ်ရ။ ယောက်ကျားသေရင် မိန်းမမကပ်ရတာနဲ့ ဒီလို ကိစ္စရပ်တွေ ကလည်း ရှိနေပါသေးတယ်။
တကယ်တမ်းဆိုတော့ အလ္လာဟ်ချီးမြှင့်ထားတဲ့ `ရူဟ်´ဆိုတဲ့ စွမ်းရည်ထူးကို ရရှိခဲ့တဲ့လူဟာ အလ္လာဟ် ကျေးဇူးတော်အများကြီးရှိတယ်ဆိုတာ နှလုံးသွင်းထားရမှာဖြစ်ပါတယ်။ သို့သော် ယင်းစွမ်းရည်၊ စွမ်းအားစုတို့ကို မှန်မှန်ကန်ကန် အသုံးချအသုံးပြုပြီး အလ္လာဟ်ကျေးဇူးသိတတ်သူ တာဝန်ကျေပွန်သူက အနည်းငယ်သာရှိပါတယ်။
လူအဆင့်မရောက်မီ သက်မဲ့ပစ္စည်းအဆင့်ကနေ ဆင့်ကဲဖြစ်စဉ်နဲ့ တဖြေးဖြေး ကြီးထွားဖွံ့ဖြိုးတိုးတက်လာ ရာကနေ အလ္လာဟ်ရဲ့ထူးကဲတဲ့ချီးမြှင့်မှု `ရူဟ်´စွမ်းအားကြောင့် လူသားတွေဟာ အမြင်အာရုံ၊ အကြားအာရုံ၊ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေ ရလာတာဟာ သက်ရှိတွေထဲမှာမှ `လူ´တစ်မျိုးတည်းသာရှိပါတယ်။ အဲဒါကလည်း အလ္လာဟ်ကျေးဇူးကြောင့်သာ ဖြစ်ပါတယ်။ ကျန်တဲ့သက်ရှိတွေမှာ မြင်လား မြင်တယ်။ ကြားလား ကြားတယ်။ သိလား မသိဘူး။ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိဘူး။ အဲဒီ `ရူဟ်´ရဲ့ အနေအထားကြောင့် လူသားနဲ့ အခြားသက်ရှိ တွေကြားမှာ၊ များစွာကွာခြားကွာဟသွားတာကို တွေ့ရမှာဖြစ်ပါတယ်။
`ရူဟ်´ကြောင့် လူ့အရည်အသွေး၊ အရည်အချင်း၊ အစွမ်းအစတွေ တန်ဖိုးမြင့်မားလာတာကို တွေ့ရမှာဖြစ် ပါတယ်။ ဒါဟာလည်း အလ္လာဟ်ကျေးဇူးတော်ပါ။ ဒီလောက် အလ္လာဟ်ကျေးဇူးတော်တွေ လူတွေအပေါ်တင်ရှိနေတာတောင် အလ္လာဟ်ကျေးဇူးသိတတ်သူ၊ တာဝန်ကျေပွန်သူ အနည်းငယ်သာရှိပါတယ်လို့ အကြွင်းမဲ့သိနေတော်မူသောအရှင်က ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြခြင်းဖြစ်ပါတယ်။ အဲဒီအလ္လာဟ်ကျေးဇူးသိတတ်သူ၊ တာဝန်ကျေပွန်သူ၊ လူနည်းစုတွေထဲမှာ လူကြီးမင်းများအားလုံးနဲ့ ကျွန်တော်တို့ ပါဝင်ဖို့အရေးကြီးပါတယ်။
စောစောက ကျွန်တော်ပြောခဲ့တဲ့ ရေအကြောင်း၊ ရေဟာ လူအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းဖြစ် တယ်။ ဒီကနေ့ ကျွန်တော်ခွတ္တဗာဟ်မပြောမီ ကျွန်တော့်အကိုကြီးတစ်ယောက်နဲ့ နှုတ်ဆက်စကား ပြောရင်း၊ အကိုကြီး ၀လာတယ်နော်လို့ ပြောတော့ သူက သူ့ဗိုက်ကိုပြပြီး။ ၀တာမဟုတ်ဘူး။ အဲဒါရေတွေလို့ ပြောပါတယ်။ သူက ဆီးချိုရောဂါခံစားနေရတယ်။ ကျောက်ကပ်က ပျက်စီးနေတယ်။ ကျောက်ကပ်ဆေးထားတာ အကြိမ် ၂၀၀ ကျော် ၃၀၀ ထဲကို ရောက်နေပြီ။ လည်ပင်းက သုံးခါလည်း ဖောက်ပြီးပြီ။
လူတွေအတွက် မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့ ရေဟာ ခန္ဓာကိုယ်ထဲမှာ သွေးသားလှည့်ပတ်မှု မှန်ကန်ကောင်းမွန်အောင် အညစ်အကြေးတွေကို စုပ်ထုတ်ရမယ့်အစား မစုပ်ထုတ်နိုင်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ပိုလျှံပစ္စည်းဖြစ်နေရတယ်။ အဲဒီမှာ ဘာကိုတွေ့ရလဲဆိုရင် လူသားကို အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားတဲ့ ကျောက်ကပ်နှစ်ခုတောင် ထည့်ပေးထားတယ်။ အဲဒီအတွက် အလ္လာဟ်ကို ကျွန်တော်တို့ လူသားတွေ ဘာများ ပေးဆပ်ခဲ့ရပါသလဲ။ တစ်ခုရှိရင်လည်း အလုပ်လုပ်လို့ရတယ်။ အဲဒီတော့ ဒီကျောက်ကပ်က ဆီးချိုရောဂါကနေ ဖျက်ဆီးလိုက်တာလေ။ ဒါကြောင့် ကျွန်တော်တို့ ကျန်းမာရေးလည်း လိုက်စားဖို့ လိုအပ်တာပေါ့။ စောစောက အာယသ်ကပြောတဲ့ `ကလီးလာမ် မာသရှ်ကူရူးန်´ဆိုတာက ထမင်းစားပြီး `ရှကူရ် အလ်ဟမ်ဒူလိလ္လာဟ်´ဆိုပြီး ပါးလေးနှစ်ဖက်ကို လက်နှစ်ဖက်နဲ့ ပွတ်တိုက်လိုက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။
ဘာလုပ်ရမလဲဆိုရင် အလ္လာဟ်ချီးမြှင့်ထားတဲ့ ဒီခန္ဓာကိုယ်နဲ့ ဒီအသက်အကြောင်းမဲ့ ပျက်စီးဆုံးရှုံးခြင်းမဖြစ် ဖို့ ကျွန်တော်တို့ တစ်ဦးချင်းစီက တစ်ကိုယ်ရည် ကျန်းမာရေးလိုက်စားဖို့ လိုအပ်လာပါတယ်။ ကျန်းမာရေး ရှုထောင့်ကနေပြီးတော့လည်း အလ္လာဟ်ကျေးဇူးကို သိတတ်ဖို့လိုတာပေါ့။ ကျောက်ကပ်တစ်ခါဆေးရင် တစ်သိန်း ၀န်းကျင်ကုန်ကျ စရိတ်ရှိတယ်။ အကြိမ်နှစ်ရာဆိုရင် တွက်သာကြည့်ပေတော့။ ဒါဆိုရင် အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးသနားတော် မူထားတဲ့ ကျောက်ကပ်တစ်ခုပျက်စီးရင် နောက်ကလိုက်ရတဲ့ ငွေနဲ့မိသားစုရဲ့ သောကတွေ။
မကြာသေးမီက ဖြစ်ပေါ်ခဲ့တဲ့ရေဘေး။ ကျွန်တော်တို့ ဒီမှာအလှူခံပြီး ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းမှာ ကူညီဖို့ သွားခဲ့တယ်။ ရေပြင်ကျယ်ကြီး။ ဒါပေမယ့် ရေတွင်း၊ ရေကန်တွေ နစ်မြုပ်ကုန်တယ်။ ရေကိုမြင်နေပါရက်နဲ့ သောက်လို့မရဘူး။ ရေပင်လယ်ထဲမှာ ရေငတ်ကိန်းကြုံတယ်။ ကျွန်တော်တို့လှူတဲ့ အထဲမှာ သောက်ရေသန့်တွေ ပါသွားတော့ သူတို့ဝမ်းမြောက်ဝမ်းသာဖြစ်ကြတယ်။ ကျေးဇူးအရမ်းတင်ကြတယ်။ ကျွန်တော်တို့ဆီက ရေမရခဲ့ ရင်တော့ သူတို့ကမြစ်ရေကို တစ်ရက်ခံထားပြီး နောက်နေ့ကျိုပြိး လက်ဖက်ခြောက်ခတ်သောက်ကြရတယ်။ ရေက အနက်ရောင်ဖြစ်သွားတယ်။ ကျွန်တော်တို့ကတော့ ရေလာဖို့ မော်တာခလုတ်ဖွင့်ပြီး အခြားမှာလုပ်ချင်ရာလုပ်နေ မယ်။ ရေပြည့်ပြီး ရေလျှံပိုက်က ရေလျှံနေမယ်။ ဖြုန်းတီးမှုကို ပြုလုပ်နေတာကို သတိမထားမိဘူး။ တစ်ဖက်မှာ ရေကြောင့် လူအများဒုက္ခရောက်နေကြရတယ်။ သန့်ရှင်းတဲ့သောက်ရေ ရရှိရေးအခက်အခဲ ဖြစ်နေကြပါတယ်။
ဒီတစ်ခေါက် ရေဘေးအန္တရာယ်ဖြစ်လာတော့ Online မှာလည်း ဓါတ်ပုံတွေဝေေ၀ဆာဆာနဲ့ပေါ့။ လမ်းမှာ လည်းကားတန်းရှည်ကြီးပေါ့။ မွတ်ဆလင်မ်တွေ တော်တော်များပါတယ်။ 2015 ဟာ Muslim Year ပေါ့။ မွတ်ဆလင်မ်အလှူဒါနပြုတဲ့နှစ်လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။ ဒီလသြဂုတ်လ ၂၆ ရက်နေ့က ကျွန်တော်တို့ရဲ့ ဆရာကြီးအလ်ဟဂ်ျ မုဖ်သီဦးသူရ ဆုံးသွားတာ (၃)နှစ်ပြည့်တဲ့နေ့ပါ။ ကျွန်တော့်ခွတ္တဗာဟ်နဲ့ တိုက်ဆိုင်နေပါတယ်။ အလှူသွားတဲ့ အချိန်မှာထဲက ကျွန်တော်ပြောခဲ့တယ်။ ဆရာ ဦးစန်းအောင်နဲ့ လူငယ်တွေဟာဂျီကမားလ်တို့လည်း ပါပါတယ်။ ကျွန်တော်တို့ရဲ့ဆရာတွေက မြန်မာ ပြည်မွတ်ဆလင်မ်လောကမှာ နှစ် ၅၀လောက်အရှေ့ရောက်နေတယ်လို့ ပြောခဲ့ပါတယ်။ ဆရာတို့က ဘာဖြစ်လို့လဲလို့ ပြန်မေးပါတယ်။
ရမဿွန်ပြီးတာမှ မကြာသေး။ ၅ ရက် တစ်ပတ်နေတာနဲ့ ရေကြီးရော။ ကျွန်တော်တို့က ၃၁ ရက်နေ့မှာ အလှူခံ တော့ ဘယ်မွတ်ဆလင်မ်တစ်ယောက်ကမှ ငါတို့ရမဿွာန်လမှာ ဒီလောက်အများကြီးလှူပြီးပြီ။ မောနေပြီ၊ အင်န်ရှာအလ္လာဟ် နောက်နှစ်ရမဿွာန်ကျမှ လှူတော့မယ်လို့ မပြောဘူး။ ရမဿွာန်မှာလည်း လှူခဲ့တန်းခဲ့ပြီးတဲ့အပြင် ရေကြီးပြီး လူသားတွေအိုးမဲ့၊ အိမ်မဲ့အတိဒုက္ခရောက်ပြီဆိုတော့ သူတို့တွေ မနေနိုင်ကြတော့ဘူး။ ကုရ်အာန် အာယသ်အတိုင်းပြောရရင် `အလ္လဇီးန၊ ရွန်းန်ဖိကူးန၊ ဖိစ်ဆရ်ရာအိ၊ ၀သ်ဒွရ်ရာအိ´ ဒီကနေ့ အလှူရှင်တွေဟာ သူတို့စီးပွားရေးတွေ အရမ်းကောင်းလွန်းလို့ လှူနေကြတာလား။ ကျွန်တော်တို့လည်း ထိနေတယ်လေ။ ရေကြီးတာ ရေကြီးတဲ့နေရာဒေသကလူတွေပဲ ထိခိုက်နေတာမဟုတ်ဘူး။ ကျွန်တော်တို့အားလုံး ထိခိုက်နေကြတာ။ စီးပွားရေး တွေ အခက်အခဲအကျပ်အတည်း ဖြစ်လာတယ်။ ကုန်ဈေးနှုန်းတွေတက်နေတယ်။ ဒါပေမယ့် ကျွန်တော်တို့ ချောင် လည်နေစဉ်သော်လည်းကောင်း၊ ကြပ်တည်းနေစဉ်သော်လည်းကောင်း `မွတ္တကီးန်´လို့ခေါ်တဲ့ မြတ်သော အကျင့် တည်ဆောက်တဲ့ လူတွေဟာ မရှိတဲ့ကြားက ရှိတာကို မျှဝေပေးခြင်းဖြစ်ပါတယ်။
ဒီကိစ္စမျိုးကို ကျွန်တော်တို့ရဲ့ ဆရာကြီးတွေက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော် ၃၀ ကတည်းက ပြောဟော ခဲ့ပြီးဖြစ်တယ်။ ဇကားသ်တို့ လိလ္လာဟ်၊ ဆွဒကာ၊ ခိုင်ရာသ်တို့ဆိုတာ ရမဿွာန်တစ်လတည်း လုပ်ရတာမဟုတ်ဘူး။ လိုအပ်ရင် လိုအပ်သလို အချိန်နှင့်တပြေးညီ မျှဝေပေးကမ်းလှူဒါန်းရမယ်လို့ အလ္လာဟ်ညွှန်ကြားထားပါတယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်ကတည်းက ပြောဟောခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဆရာတွေက မွတ်ဆလင်မ်လောကကို လွန်ခဲ့ တဲ့ နှစ်ပေါင်း ၃၀ ထဲက ရှေ့ဆောင်လမ်းပြခဲ့တာသာဖြစ်တယ်။
ဒါပေမယ့် မွတ်စလင်မ်တွေ အရင်တုန်းကငြိမ်နေခဲ့တယ်။ အခု မငြိမ်တော့ဘူး။ ရမဿွာန်လမှာ ငါတို့ လှူပြီးပြီ။ ငါတို့အိတ်ကို ပိတ်လိုက်ပြီလို့ ဘယ်သူမှ မပြောဖူး။ ဒါဟာ ဘာလဲဆိုရင် ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင် ဆုံးမမှုရဲ့အနှစ်သာရဟာ မွတ်ဆလင်မ်တော်တော်များများရဲ့ နှလုံးသားထဲကို `နာဇီလ်´ကျလာတယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒါတွေပဲလားဆိုတော့ မဟုတ်သေးဘူး။ ကျွန်တော်တို့ ဆရာတွေပြောတဲ့ မြန်မာနိုင်ငံမှာ နေတဲ့အတွက်ကြောင့် Social Harmony လို့ပြောတဲ့ လူမှုသဟဇာတဖြစ်စွာနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ပြီး အပြန်အလှန်လေးစားချစ်ကြည်မှု ပြုရေးဆိုပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွားထဲက လုပ်ခဲ့တယ်။ အဲဒီအခါမှာ ကျွန်တော် တို့ ဆရာကြီးတွေအပါအ၀င် ကျွန်တော်တို့အားလုံးကို ပျက်ရယ်ပြု၊ လှောင်ပြောင်၊ မေးငေါ့၊ ကဲ့ရဲ့၊ ပြစ်တင်၊ ရှုတ်ချ၊ ခဲ့တဲ့ မွတ်ဆလင်မ်ဆိုတဲ့လူတွေ အခု ၂၀၁၅ ခု ဇူလိုင်လနဲ့ သြဂုတ်လမှာတော့ အလှူဒါနပြုတဲ့အခါမှာ အဲဒီ Social Harmony ကို ရှေ့တန်းတင်ပြီး ရောက်တဲ့အရပ်ဒေသတိုင်းမှာ ဘုန်းတော်ကြီးကျောင်းတွေသွား၊ ဘုန်း တော်ကြီးတွေနဲ့ ဓါတ်ပုံတွဲရိုက်ပြီး၊ ၀မ်းမြောက်ဝမ်းသာ အလှူဒါနပြုခဲ့တာကို တွေ့တော့လည်း ကျွန်တော် တော်တော်ဝမ်းသာပီတိဖြစ်မိပါတယ်။
ကျွန်တော်တို့ရဲ့ဆရာတွေ နှစ်ပေါင်း ၂၀၊ ၃၀ ရှေ့ရောက်ပြီး ဟောခဲ့ပြောခဲ့တယ်။ ကျွန်တော်တို့ ဆရာတွေ ရှေ့ကနေလုပ်ခဲ့စဉ်က မေးငေါ့၊ ရှုတ်ချခဲ့တဲ့လူတွေ၊ ဒီကနေ့ သူတို့ကိုယ်တိုင် ဖက်လှဲတကင်းလုပ်ပြီးတော့ တချို့ ဆိုရင် ဘုန်းကြီးကျောင်းမှာပါ နမာဇ်ဖတ်ခဲ့လိုက်တာကို တွေ့ရပါတယ်။ (ပိုင်ခြင်း၊ မပိုင်ခြင်း ဖတ္တ၀ါတွေ ထုတ်နေ ကြပါပြီ။) ဒါကြောင့် ကျွန်တော်တို့ရဲ့ဆရာတွေကို ဒီနေရာကနေ ဂုဏ်ပြုလိုပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၃ အာယသ် ၁၄၄ မှာ လူတွေထဲက ရစူလ်တမန်တော်တွေကို စေလွှတ် တယ်။ ခေတ်အဆက်ဆက် စေလွှတ်ခဲ့တယ်။ နောက်ဆုံး အန္တိမတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)နဲ့အတူ နောက်ဆုံးကျမ်းဂန် မြတ်ကုရ်အာန်ကို ချီးမြှင့်ပြီး စေလွှတ်လိုက်တယ်။ အဲဒီမှာလည်း အလ္လာဟ်ကျေးဇူးကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။ အလ္လာဟ်ဟာ လူသားတွေဘ၀တည်ဆောက် ရပ်တည်ဖို့အတွက် လိုအပ်တဲ့ လမ်းညွှန်ချက်ကို ချီးမြှင့်တယ်။ အဲဒီ လမ်းညွှန်ချက်ကို ချီးမြှင့်တဲ့အခါမှာ လက်တွေ့လိုက်နာ ကျင့်သုံးပုံဖော်ပေး မယ့် ရစူလ်နဗီတမန်တော်ကိုပါ စေလွှတ်လိုက်တယ်။ အဲဒါကျွန်တော်တို့အတွက် အလ္လာဟ့်ရဲ့ကျေးဇူးတရား။
ဒီထက်ပိုပြီး ကျေးဇူးတင်ဖို့ကောင်းတာက ကျွန်တော်တို့ဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ် သားမြေးတွေဖြစ်တဲ့အတွက် ကျန်တဲ့လူတွေထက် ကျွန်တော်တို့က ပိုပြီး ကျေးဇူးတင်ဖို့ကောင်းတယ်။ နောက်တစ်ခါ ကမ္ဘာဆုံးတိုင် ကိယာမသ်အထိ မပြောင်းမလဲပဲ တည်ရှိနေမယ့် ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင် ဆုံးမမှုအရိပ်အာဝါသအောက်မှာ နေထိုင်သက်ရှင် ဘ၀တည်ဆောက်ခွင့်ရတဲ့ ကျေးဇူးဟာလည်း ကျွန်တော်တို့ အတွက် အတိုင်းအဆမဲ့ပါ။
“ တမန်တော် မုဟမ္မဒ်(ဆွ)အကြီးကျယ်ဆုံး မဟာလူသားသည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ရစူလ် တမန်တော်တစ်ပါးဖြစ်ခြင်းထက် မပိုပါ။” (၃း၁၄၄)
ကျွန်တော်တို့ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ကျွန်တော်တို့ တမန်တော်ကိုတော့ အီဘာဒသ် လုပ်လို့မရပါဘူး။ ကျွန်တော်တို့ တမန်တော်မြတ်ကို `အိသွာအသ်´ပဲလုပ်လို့ရပါတယ်။ `အီသ်သေဗာဟ်´ပဲ လုပ်လို့ရပါတယ်။ သူ့ရဲ့လမ်းစဉ်ကို လက်တွေ့လိုက်နာကျင့်သုံးလို့ရတယ်။ သူ့ကို အလ္လာဟ်နဲ့ တန်းတူထားပြီး ယုံကြည်၊ လေးစားကိုးကွယ်လို့ မရဘူး။ သူ့လမ်းစဉ်ကိုလိုက်နာလို့ရတယ်။
“ တမန်တော်မြတ် မတိုင်မီကလည်း မြောက်များစွာသော ရစူလ်တမန်တော်များပွင့်ပေါ်ခဲ့ပြီးဖြစ်သည်။” သူတို့လည်း ရစူလ်တမန်တော်ကလွဲရင် ဘာမှမဟုတ်ဘူး။ သူတို့ကိုလည်း ကိုးကွယ်နေစရာမလိုဘူး။
“ အကယ်၍ တမန်တော်မုဟမ္မဒ်(ဆွ) ကွယ်လွန်သေဆုံးသွားခဲ့လျှင်သော်လည်းကောင်း၊ အသတ်ခံခဲ့ ရလျှင်သော်လည်းကောင်း၊ အသင်တို့သည် (တမန်တော်ပြဌာန်းခြင်းခံရသော စနစ်ချုပ်ငြိမ်းသွားပြီဟု ယူဆလျက်) တမန်တော်မြတ်လမ်းစဉ်ကို စွန့်လွှတ်ကျောခိုင်း လှည့်ထွက်သွားကြခြင်းကြောင့် အလ္လာဟ်အရှင်မြတ် အဖို့ မည်သည့်တစ်စုံတစ်ရာမျှ ဆုံးရှုံးနစ်နာသွားစရာ အလျဉ်းမရှိပါ။” လူဟာ အသက်ရှိတဲ့အတွက် တစ်နေ့သေမယ်။ မူဟာ ကိယာမသ်နေ့ထိ နိစ္စထာဝရတည်ရှိနေမယ်။ သစ္စာအမှန်တရားဖြစ်တယ်။
“ အလ္လာဟ်အရှင်မြတ်သည် မိမိတို့သက်ဝင်ယုံကြည်သည့် ဒီန်စနစ်ဇယားတစ်ရပ်အပေါ် ဇွဲ၊ လုံ့လ၊ ကြံ့ခိုင်မှု ဖြင့် မြဲမြံစွာ ရပ်တည်လုပ်ကိုင်ဆောင်ရွက် ဘ၀တည်ဆောက်လိုက်နာကျင့်သုံးသူတို့အား ဆုလာဘ် ကျေးဇူးတော် များ အပြည့်အ၀ ချီးမြှင့်ပေးသနားတော်မူမည့် အရှင်ဖြစ်သည်။” တမန်တော်မြတ်ဟာ လူသားဖြစ်တဲ့အတွက် `အန ဘရှရွန် မိစ်လုကွန်းမ်´ သေမျိုးဖြစ်တဲ့အတွက် သူအချိန်တန်ရင်(၀ဖသ်)ကွယ်လွန် အနိစ္စရောက်မယ်။ တိုက်ပွဲနဲ့ ကြုံတွေ့ရတဲ့အတွက် အသတ်ခံရခြင်းလည်းခံရမယ်။ တမန်တော် မရှိတော့ခဲ့ရင်လည်း အလ္လာဟ်လမ်းစဉ် အစ္စလာမ်က ရှိနေဦးမှာပဲ။
ကျွန်တော်တို့ ယာကွတ်တို့ မာမွတ်တို့ အစ္စလာမ်ရဲ့အေးရိပ်ဆာရာကနေ အပြင်ကိုထွက်သွားရင်လည်း ဒေးဗစ်တို့ ဘာတို့က ဒါဝတ်အဖြစ်နဲ့ ရောက်လာလိမ့်မယ်။ ကျွန်တော်တို့ ဒီအတွက် ဘာမှပူနေစရာမလိုဘူး။ လူတွေ ဘာတွေ ဘယ်လိုဖြစ်နေပါစေ။ အစ္စလာမ်ရဲ့ မူဟာ အမှန်သစ္စာတရားအဖြစ် တည်ရှိနေမယ်။ အစ္စလာမ်ဆိုတဲ့ စနစ်၊ ဒီန်၊ လူ့ဘ၀တည်ဆောက်မှုလမ်းစဉ် တနည်းအားဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တယ်။
အဲဒီ ဘ၀တည်ဆောက်မှု လမ်းစဉ်အတွက် မူ၊ ကျမ်းစာဟာ `အလ်ကုရ်အာန်´ ကုရ်အာန်ရဲ့ လမ်းစဉ်ဟာ ကျွန်တော်တို့အတွက် အမြဲတမ်း၊ စနစ်တကျ၊ တည်တံ့ခိုင်မြဲ ပြန့်ပွားနေမှာဖြစ်တယ်ဆိုတဲ့အကြောင်း၊ နောက်ဆုံး အန္တိမတမန်တော်မြတ်(ဆွ)ရဲ့ အွမ္မသ်သားမြေးတွေ ဖြစ်နေရခြင်းနဲ့ ကျမ်းမြတ်ကုရ်အာန် ချီးမြှင့်ခြင်းခံရခြင်းဟာ ကျွန်တော်တို့အတွက် အလ္လာဟ်အရှင်မြတ်ရဲ့ ကြီးကဲထွဋ်မြတ်လှစွာသော ကျေးဇူးတော်တွေများစွာထဲက ကျေးဇူး တော်တစ်ရပ်ဖြစ်တယ်ဆိုတဲ့ အကြောင်း တင်ပြရင်းနဲ့ ကျွန်တော်ရဲ့ ခွတ္တဗာဟ်ကို နိဂုံးချုပ်အပ်ပါတယ်။