ကျေးဇူးတရား (အပိုင်း-၃) မုဖ်သီ ဦးသန်းအောင် (LL.B)

ကျေးဇူးတရား (အပိုင်း-၃)

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော်အနေနဲ့ အခုလို ဂျုမုအာဟ် ခွတ္တဗာဟ်ပြောကြားခွင့်ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ် အား ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော့်အနေနဲ့ ဇူလိုင်လခွတ္တဗာဟ်မှာ အီးဒ်နဲ့ဂျွမ္မာဟ်တိုက်ဆိုင်ခဲ့တဲ့အတွက် `ကျေးဇူးတရား´ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောပြောတင်ပြခဲ့ပါတယ်။ တစ်ချို့က`အဲဒီ ကျေးဇူးတရားနဲ့ပတ်သက်ပြီး နောက်ထပ်အခန်းဆက် တင်ပြပေးပါလို့´ပြောလို့ (၂၈-၈-၂၀၁၅) သောကြာခွတ္တဗာဟ်မှာ `ကျေးဇူးတရား´(အပိုင်း-၂)ကို ဆက်လက် တင်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်သောကြာ (၂၅-၉-၂၀၁၅)ရက်နေ့ကလည်း တိုက်တိုက်ဆိုင်ဆိုင် `အီဒွလ်အဿွဟာ´ နေ့နဲ့ထပ်တူကျနေပြီး ကျွန်တော်အနေနဲ့ `ကျေးဇူးတရား(အပိုင်း-၃)´ကို ဒီကနေ့ ဆက်လက်တင်ပြဖို့ ရွေးချယ် ထားခဲ့ပါတယ်။ တမန်တော်မြတ် အီဘရာဟင်မ်(အ)ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀၀၀)ကျော်က ယူဖရေးတီးစ် မြစ်နဲ့ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ကြားက `ဥူးရ်´ဆိုတဲ့ အရပ်ဒေသမှာ မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါတယ်။

အဲဒီခေတ်အခါ ထိုပတ်ဝန်းကျင်ရှိ လူသားတွေဟာ သဘာဝတရားလို့ခေါ်တဲ့ နေ၊လ၊ နက္ခတ်တာရာ၊ ကြယ်၊ မိုး၊ မြေ စတဲ့အရာတွေအပြင် မိမိတို့စိတ်ကူးနဲ့ ပုံဖော်ပြီး အမည်နာမအမျိုးမျိုး ပေးထားတဲ့ ရုပ်ဝတ္ထုပစ္စည်း တွေကို ကိုးကွယ်လျက်ရှိပါတယ်။ ဒါ့အပြင် အုပ်ချုပ်သူဘုရင်ကိုလည်း ဘုရားတစ်ဆူအဖြစ် ကိုးကွယ်အားထား လျက်ရှိပါတယ်။ အထက်စီးရတဲ့လူတွေလို့ ပြောတဲ့ `အကာဘီ´တွေအပါအ၀င် တမန်တော်မြတ်ကြီးရဲ့ ဖခင်ပင် လျှင် အထက်ဘိုးဘေးဘီဘင် မိဘရိုးရာ`အစွဲအလမ်း´မှိုင်းမိကာ အယူမှားနေခဲ့ကြပါတယ်။

တမန်တော်မြတ် အီဘရာဟင်မ်(အ)ကတော့ အလ္လာဟ်ကျေးဇူးတော်နဲ့ ငယ်စဉ်ကတည်းက အမှန်သစ္စာ တရားကို စူးစမ်းရှာဖွေ၊ တွေးစဆင်ခြင် ဝေဖန်ပိုင်းခြားမှုပြုနိုင်ခဲ့ပါတယ်။ အီဘရာဟင်မ်(အ)က ဖြူစင်သောနှလုံး သား မှန်ကန်သော အသိတရား၊ သတိတရား၊ ခိုင်မာတည်မြဲသော ယုံကြည်ချက်၊ စွဲမြဲသောခံယူချက်၊ မယိမ်း မယိုင် ကျောက်စာတိုင်ပမာတည်ရှိသော ခံနိုင်ရည်(ဆွဗရ်)၊ တည်ကြည်သောစိတ်ဓါတ်၊ ကောင်းမြတ်သော သီလ သမာဓိ၊ ပညာ၊ သစ္စာ၊ မေတ္တာ၊ အံ့ဖွယ်ကောင်းသော ဇွဲ၊ လုံ့လ၊ သတ္တိ၊ ကြံ့ခိုင်မှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံမှု၊ အလ္လာဟ်တစ်ပါးတည်းအပေါ် အကြွင်းမဲ့၊ သံသယမဲ့ ယုံပုံကိုးစားအားထားမှု၊ အလ္လာဟ်လမ်းညွှန်အမိန့်တော်နှင့် ပတ်သက်လာရင် မိမိပတ်ဝန်းကျင်ရဲ့ မှားယွင်းတဲ့ ယုံကြည်ချက်၊ အစွဲမျိုးစုံ၊ မိမိရဲ့ အသက်အိုးအိမ်စည်းစိမ်၊ မိဘ၊ မိသားစု၊ သားမြေးတို့ကိုပင် စွန့်လွှတ်ရန် အမြဲတမ်းအဆင်သင့်ရှိနေမှုတွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန်တွင် တမန်တော်မြတ် အီဘရာဟင်မ်(အ)နှင့် ပတ်သက်ပြီး အလ္လာဟ်အရှင်မြတ်က

(ဟနီးဖ်) – အမှားကိုရှောင်၍ အမှန်တရားပေါ်၌ ကြံ့ခိုင်စွာရပ်တည်သူ၊ ဖြောင့်မတ်တည်ကြည်သောသူ။

(ဆွီဒီးက်) – အမှန်ကို အမြဲပြောဆို ပြုမူလုပ်ကိုင်ဆောင်ရွက်သူ။

(ဟလီးမ်) – ထောက်ထားညှာတာသူ၊ ခမာဂုဏ်နှင့်ပြည့်စုံသူ၊ ခန္ဓီတရားထားရှိသူ။

(အောင်ဝ်၀ါဟ်) – စိတ်နှလုံးအလွန်နူးညံ့သူ။

(မူနီးဗ်) – မိမိအရှင်အား တစိုက်တမတ်တည်း အလွန်အာရုံပြုသူ။

(ရှာကီးရ်) – ကျေးဇူးလွန်စွာသိတတ်သူ။

(မွတ်စလင်မ်) – အမိန့်နာခံသူ၊ ငြိမ်းချမ်းရေးကို မြတ်နိုးအကောင်အထည်ဖော်သူ။

(မွတ်စ်သဖား) – ရွေးချယ်ချီးမြှင့်တော်မူခြင်း ခံရသူ။

(ခလီးလ်) – ရင်းနှီးကျွမ်းဝင်သော အဆွေခင်ပွန်း၊ မိတ်ဆွေ။

(ဆွာလေဟ်) – ပါရမီရှင် သူမွန်သူမြတ်၊ မိမိကိုယ်ကို လွန်စွာပြုပြင်သူ၊ လောကလူသားကောင်းကျိုးပြုသူ။

(အွမ္မသွန်န် ကာနိဟ်) – အလွန်အတုယူထိုက်သော ရှေ့ဆောင်ရှေ့ရပ်၊ အုပ်စုကြီးကဲ့သို့ ရပ်တည်လျက်ရှိသူ။

(နဗီ) – အလ္လာဟ်ထံမှ သတင်းစကား(၀ဟီ)လက်ခံ ရရှိသူ နဗီတမန်တော်မြတ်။

(အိမာမွန်နားစ်) – လူသားခပ်သိမ်းတို့၏ ဦးစီးခေါင်းဆောင်နာယကအဖြစ် အလ္လာဟ်အရှင်မြတ်က ရွေးချယ် ခန့်အပ်တာဝန်ပေးထားတာကို လေ့လာတွေ့ရှိရပါတယ်။

အဲဒီလို ဂုဏ်ထူးဝိသေသတွေနဲ့ ပြည့်စုံတဲ့ တမန်တော်မြတ် အီဘရာဟင်မ်(အ)ထံမှာ ကျွန်တော်တို့ အတွက် အကောင်းဆုံးသော စံနမူနာတွေရှိတယ်လို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ထံမှတဆင့် အလ္လာဟ်အရှင်မြတ်က လမ်းညွှန်မိန့်ကြားထားပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၆၀း၎)မှာ

ဧကန်အမှန် အသင်တို့အဖို့ အီဘရာဟင်မ်ထံ၌လည်းကောင်း၊ ထိုအီဘရာဟင်မ်နှင့်အတူ ရှိခဲ့ကြသော သူတို့ထံ၌လည်းကောင်း၊ မွန်မြတ်လှစွာသော အကောင်းဆုံးသော စံနမူနာသည်ရှိပြီး ဖြစ်သည်။”လို့ ဖော်ပြထား ပါတယ်။

ဒါကြောင့် အီဘရာဟင်မ်(အ)အပါအ၀င် သူနှင့်အတူရှိခဲ့ကြသော အိမ်တော်သူအိမ်တော်သားများ၊ တပည့်သားမြေးများရဲ့ ယုံကြည်ချက်၊ လက်တွေ့လိုက်နာကျင့်သုံးမှုနဲ့ အလ္လာဟ်အမိန့်အတွက် ဦးလည်မသုံ ဆောင်ရွက်မှုတွေဟာ ကျွန်တော်တို့်အတွက် အကောင်းဆုံးသော စံနမူနာတွေအဖြစ် တည်ရှိနေပါတယ်။ စောစောက အီဘရာဟင်မ်(အ)နဲ့ ပတ်သက်ပြီး ဖော်ပြချက်တွေကို သေသေချာချာ လေ့လာလိုက်တဲ့အခါမှာ အစ္စလာမ်ဆိုတာ ကြောက်လို့ယုံရတာ မရှိပါဘူး။ တခါ မိဘနှစ်ပါးက မွတ်ဆလင်မ်ဖြစ်လို့ သားသမီးက မွတ်ဆလင်မ် ဖြစ်ရမယ်ဆိုတာလည်း မရှိပါဘူး။

လူတိုင်းလူတိုင်းဟာ မိမိကို အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးထားတဲ့ ဆင်ခြင်တုံတရားနဲ့ အသိပညာကို ဆည်းပူးပြီး စဉ်းစားဆင်ခြင်တွေးခေါ် မြှော်မြင်သုံးသပ်ဆင်ခြင်ခြင်းကို အစ္စလာမ်ကအားပေးပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ကိုယ်တိုင်သိနားလည်သဘောပေါက်ပြီး ကြိုက်မှလက်ခံ ယုံကြည်မှလက်ခံ ယုံကြည်၊ ငြင်းပယ် လိုကငြင်းပယ်၊ လွတ်လပ်စွာ ရွေးချယ်ခွင့် ပေးထားပါတယ်။ အစ္စလာမ်က လူတိုင်းကို မိရိုးဖလာ၊ သက်ဝင် ယုံကြည်ခြင်း ဆိုတာထက် မိမိတို့ ကိုယ်တိုင်လေ့လာ စူးစမ်းပြီး နားလည်သဘောပေါက်မှ ကိုယ်တိုင်အသိနဲ့ လွတ်လပ်စွာ လက်ခံယုံကြည်တဲ့ ကိုယ်တိုင်သိ မွတ်ဆလင်မ်၊ ကိုယ်တိုင်သိ မုအ်မင်န်သက်ဝင်ယုံကြည်သူ ဖြစ်စေရေး၊ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုပေးထားပါတယ်။

တစ်နည်းအားဖြင့် ကျွန်တော်တို့ပြောနေတဲ့ မွေးရာပါမွတ်ဆလင်မ်များတို့၊ `နမ်းကားဝါစ်တေး´မွတ် ဆလင်မ်များတို့ မိရိုးဖလာ မွတ်ဆလင်မ်ဆိုတဲ့ အဆင့်ကနေကိုယ်တိုင် သိနားလည်သဘောပေါက် လက်ခံ ယုံကြည်တဲ့ စစ်မှန်တဲ့မွတ်ဆလင်မ်၊ မုအ်မင်န်ဖြစ်စေရေးအတွက် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုပေးခြင်းဖြစ်ပါ တယ်။

အီဘရာဟင်မ်(အ)ရဲ့သွန်သင်ဆုံးမမှုတွေကို ကျမ်းမြတ်ကုရ်အာန်မှာ သူရဲ့ရပ်တည်ချက်တွေကို အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို ပြန်ပြီး သင်ကြားပေးပါတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၁၆ အာယသ် ၁၂၀ မှ ၁၂၃ အထိ လေ့လာကြည့်ရင်

ဧကန်စင်စစ် အီဘရာဟင်မ်သည် အလွန်အတုယူထိုက်သော ဦးစီးခေါင်းဆောင် ရှေ့ဆောင်၊ ရှေ့ရပ်၊ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်ကို ဦးထိပ်ပန်ဆင်လိုက်နာ ကျင့်သုံးသူ၊ အမှန်သစ္စာတရားအပေါ် တစ်စိတ်၊ တစ်လက်တည်း ရပ်တည်သူဖြစ်လေသည်။”လို့ ဖော်ပြထားပါတယ်။

ဒီနေရာမှာ (ဟနီးဖ်)ဆိုတဲ့ စကားလုံးကို တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့တိုက်ရိုက်အဓိပ္ပါယ်က ဖြောင့်မတ် တည်ကြည်ခြင်း၊ အာရုံအထူးစူးစိုက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။ တိုးချဲ့စဉ်းစားလိုက်ရင် သူ့ရဲ့ဆန့်ကျင်ဘက် ဖြစ်တဲ့`ဒွလာလသ်´လို့ခေါ်တဲ့ မိမိတို့ရဲ့ လုပ်ရပ်တွေဟာ သဲထဲရေသွန်ဖြစ်ပြီး အချည်းအနှီးဖြစ်စေမယ့် ကိစ္စရပ် တွေကို စွန့်ပယ်ပြီးတော့ တရားလမ်းစဉ် အမှန်တရားကို နှစ်ခြိုက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ရပါတယ်။ အလ္လာဟ်အရှင်မြတ်မှတပါး အခြားသော ယုံကြည်လေးစားကိုးကွယ် အားထားရာ၊ အရာအားလုံးကို စွန့်လွှတ်ပြီး တော့ အမှန်သစ္စာတရားဖြစ်တဲ့ အလ္လာဟ်တစ်ပါးတည်းရဲ့ အမိန့်ကိုသာ ဦးလည်မသုံလက်တွေ့လိုက်နာပြီး ဟုတ်မှန်တာကိုသာ တည်တည်ကြည်ကြည် ဖြောင့်ဖြောင့်မတ်မတ် လုပ်ကိုင်ဆောင်ရွက်ခြင်းဆိုတဲ့ အဓိပ္ပါယ်ကို လည်းရပါတယ်။

အီဘရာဟင်မ်(အ)ဟာ (၀လာမ်ယကု-မီနာလ်မူရှ်ရေကီးန်)လို့ ပြောတဲ့အတွက် ဒီ(ဟာနီးဖ်)လမ်းစဉ်ကို လက်တွေ့လိုက်နာကျင့်သုံးတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ ဘယ်သောအခါမှ(ရှရိက်)လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်ကို တစ်စုံ တစ်ရာနဲ့မျှ တုဖက်၊ နှိုင်းယှဉ်၊ ယှဉ်တွဲကိုးကွယ်အားထားတဲ့ လူတွေထဲမှာ ဘယ်တုန်းကမှမပါခဲ့ပါဘူး။ အီဘရာ ဟင်မ်(အ)ဟာ စဉ်းစား၊ ဆင်ခြင်၊ တွေးခေါ်ပြီးမှ မိရိုးဖလာယုံကြည်မှုများကို အပြီးစွန့်လွှတ်ပြီးမှ၊ မွတ်စလင်မ် ဆိုတဲ့ အလ္လာဟ်အမိန့်နာခံသူ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူဖြစ်လာတယ်ဆိုတာကို ကျွန်တော်တို့လေ့လာတွေ့ ရှိရမှာဖြစ်ပါတယ်။

အီဘရာဟင်မ်(အ)သည် ထိုအရှင်မြတ်က ၎င်းအပေါ်ပြုပေးသနားတော်မူသော၊ ကျေးဇူးအထူးပြုမှုများ အပေါ်လွန်စွာ ကျေးဇူးသိတတ်သူဖြစ်တယ်။ ဒါကြောင့် ထိုအရှင်မြတ်သည် ၎င်းအားရွေးချယ်ချီးမြှောက်တော်မူ၍ ဖြောင့်မတ်မှန်ကန်ပြီး ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုရစေသော တရားလမ်းစဉ်ကိုလည်း လမ်းညွှန်ပြသတော်မူသည်။” (၁၆း၁၂၁)

အလ္လာဟ်အရှင်မြတ်က အီဘရာဟင်မ်(အ)အပေါ်ပြုထားတဲ့ ကျေးဇူးနဲ့ပတ်သက်ပြီး ကျေးဇူးအထူးပြု တတ်သော ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဖော်ပြနေပါတယ်။ ဒါကြောင့် အီဘရာဟင်မ်(အ)ရဲ့ အွမ္မသ်အဖွဲ့ဝင် အစဉ်အဆက် ဖြစ်ခဲ့တဲ့ ကျွန်တော်တို့အနေနဲ့လည်း ကျေးဇူးတရားကို အထူးသိတတ်သူများဖြစ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ အလ္လာဟ် အရှင်မြတ်ကို တစ်စုံတစ်ရာ၊ တစ်စုံတစ်ယောက်နဲ့ တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲ၊ တန်းတူထား၊ ဂုဏ်တုဂုဏ်ပြိုင် ကိုင်ဆောင်ထားတဲ့ လူ့အဖွဲ့အစည်းဝင်တွေဟာ ဘယ်တော့မှ အလ္လာဟ်အကူအညီရလာမှာ မဟုတ်ပါဘူး။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၄ မှာ အလ္လာဟ်အရှင်မြတ်က အလ္လာဟ်အကူအညီ ရရှိမှုကိစ္စနှင့် ပတ်သက် ပြီးတော့ ရှရိက်လုပ်တဲ့သူဟာ အလ္လာဟ်အကူအညီရဖို့ ဘယ်တော့မှ မမျှော်လင့်နဲ့လို့ ပြောထားပါတယ်။ ဒါကြောင့် ရှရိက်ဟာ ကျွန်တော်တို့အတွက် အလွန်အင်မတန် အရေးကြီးတဲ့ ရှောင်ကျဉ်ရမယ့် ကိစ္စရပ်တစ်ခုဆိုတာ ထင်ရှား ပါတယ်။ အီဘရာဟင်မ်(အ)ကို သေသေချာချာ ရွေးချယ်တင်မြှောက်တိုးတက် မြင့်မားမှုကို ရရှိစေတဲ့ လမ်းစဉ် ကို အလ္လာဟ်အရှင်မြတ်က အသေအချာပင် လမ်းညွှန်ပြသခဲ့ပါတယ်။ ဒါဆိုရင် သေချာတာက ကျွန်တော်တို့သာ အီဘရာဟင်မ်(အ)လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခဲ့သလို ကျွန်တော်တို့လိုက်နာကျင့်သုံးမယ်ဆိုရင် ကျွန်တော်တို့လည်း ဖြောင့်မတ်မှန်ကန်ပြီး ရှေ့ကိုဘ၀တိုးတက်စေမယ့် မြင့်မားစေမယ့် လမ်းစဉ်ကိုချီးမြှင့်ခြင်း ခံရမယ်ဆိုတာ ထင်ရှားပါတယ်။

အီဘရာဟင်မ်(အ)ရဲ့ ဘ၀ရပ်တည်မှု ပစ္စုပ္ပန်နဲ့အနာဂါတ်တစ်လျှောက်လုံးမှာ ကောင်းကျိုးဝေဖြာပြီး၊ ဖွံ့ဖြိုး တိုးတက်မှုကို ဖြစ်စေတဲ့ ညီညွတ်မျှတ၊ အချိုးအစားကျနတဲ့ အခြေအနေကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေး သနားတော်မူခဲ့ပါတယ်။ အီဘရာဟင်မ်(အ)ဟာ ပစ္စုပ္ပန်မှာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုး ပြုပြီး၊ အလ္လာဟ်အမှုတော်ကို ထမ်းရွက်ပြီး၊ လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်လိုက်တဲ့အတွက် သူ့ရဲ့အနာဂါတ်ကာလမှာလည်း သူဟာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်စေတဲ့ (ကျွန်တော်တို့ စကားနဲ့ ပြောရရင် သူဟာ)သူတော်စင်၊ သူတော်ကောင်း၊ သူတော်မြတ်တွေထဲမျာ အသေအချာပဲ ပါခဲ့ပါတယ်။

အဲဒီတော့ ကျွန်တော်တို့မှာ သေသေချာချာကြည့်ရင် အတိတ်ဆိုတာရှိပါတယ်။ ပစ္စုပ္ပန်ဆိုတာရှိပါတယ်။ အနာဂါတ်ဆိုတာရှိပါတယ်။ အတိတ်က ကျွန်တော်တို့အတွက် သင်ခန်းစာယူစရာတွေရှိပါတယ်။ မှတ်သားစရာ တွေရှိမှာပါ။ ပစ္စုပ္ပန်ဟာ ကျွန်တော်တို့အတွက် အရေးပါအရာအရောက်ဆုံး အနေအထားမှာရှိပါတယ်။ မနေ့က၊ ဒီနေ့နဲ့မနက်ဖြန်ဆိုတဲ့ အနေအထားသုံးရပ်ထဲက ဒီကနေ့မှာ ကျွန်တော်တို့ဟာ အလ္လာဟ်အမိန့်လမ်းညွှန်ပြဌားန် ချက်(ကုရ်အာန်)နဲ့အညီ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်မယ်ဆိုရင် အနာဂါတ်တွေ လှပနေမှာဖြစ်ပါတယ်။

အီဘရာဟင်မ်(အ)ကို ကျွန်တော်တို့ရဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကိုယ်တော်တိုင်က (အိသ်သေဗာဟ်)လို့ခေါ်တဲ့ အီဘရာဟင်မ်(အ)ရဲ့ လမ်းစဉ်ကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆရာတွေလည်း ပြောခဲ့ပါတယ်။ တမန်တော်မြတ်တွေရဲ့ အစဉ်အဆက်ကို ကြည့်လိုက်ရင် အီဘရာဟင်မ်(အ)က နူးဟ်(အ)ရဲ့လမ်းစဉ်ကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ် စေလွှတ်လိုက်တဲ့ နဗီတမန်တော် အဆက်ဆက် နောက်ဆုံး တမန်တော် မုဟမ္မဒ်(ဆွ)ထိဟာ တစ်ဦးကိုတစ်ဦး အစဉ်အဆက် အလ္လာဟ်ရဲ့ လမ်းညွှန်ပြဌာန်းချက် နိယာမတရားအတိုင်း လက်တွေ့ လိုက်နာ အိသ်သေဗာဟ် ပြုခဲ့ကြကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်က ကုရ်အာန်ချပေးလိုက်တဲ့အချိန်မှာ ဘာပြောသလဲ ဆိုတော့ ကျမ်းမြတ်ကုရ်အာန် (၁၆း၁၂၃)မှာ

ငါအရှင်မြတ်သည် အသင့် (တမန်တော်မုဟမ္မဒ်(ဆွ))ကို ၀ဟီအားဖြင့် ထင်ထင်ရှားရှား ထုတ်ပြန်ပို့ချ ပေးတော်မူခဲ့ပါသည်။ ဖြောင့်မတ်မှန်ကန် တည်ကြည်ပြီး အလ္လာဟ်လမ်းစဉ်တရားပေါ်မှာ မြဲမြံစွာ ရပ်တည်ခဲ့တဲ့ အီဘရာဟင်မ်ရဲ့ (မိလ္လာသ်)လမ်းစဉ်၊ ဥပဒေသ၊ ပြဌာန်းချက်တွေကို အသင်ထက်ကြပ်မကွာ၊ တိတိကျကျ လက်တွေ့လိုက်နာကျင့်သုံးရန် ငါအရှင်သည် ၀ဟီအားဖြင့် ထင်ထင်ရှားရှား ထုတ်ပြန်ပို့ချခဲ့သည်။ ဧကန်စင်စစ် အီဘရာဟင်မ်(အ)ဟာ အလ္လာဟ်အရှင်မြတ်ကို တစ်စုံတစ်ရာနဲ့ ယှဉ်တွဲနှိုင်းယှဉ် တုဖက်ကိုးကွယ်ကြတဲ့ လူတွေ၊ စနစ်ဇယားတွေထဲမှာ လုံးဝမပါခဲ့”လို့ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ချပေးခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီ အီဘရာဟင်မ်(အ)ရဲ့အကြောင်း အတ္ထုပတ္တိတွေ အများကြီးထဲက အချို့အချက်တွေကို ကျွန်တော် ဆက်လက်တင်ပြသွားပါမယ်။ သက်ဝင်ယုံကြည်မှုအပိုင်းမှာ ကြောက်လို့ ယုံကြည်သွားတာလည်းမဟုတ်။ မျှော်လင့်ချက် တွေအများကြီးပေးပြီး၊ ယုံခိုင်းတဲ့ဟာကို ယုံရတာလဲ မဟုတ်ဘူး။ မိမိရဲ့ဘိုးဘွားဘီဘင်တွေ၊ မိမိ ရိုသေလေးစားရတဲ့ ဆရာသမားကျေးဇူးရှင်တွေ ယုံလို့ ယုံရပါတယ်ဆိုတာလည်း မဖြစ်စေရပါဘူး။ မိမိကိုယ်တိုင် မိမိရဲ့လွတ်လပ်တဲ့ သဘောဆန္ဒနဲ့အညီ အမှန်သစ္စာတရားကို ရှာဖွေပြီး မိမိကိုယ်တိုင် သိနားလည်သဘောပေါက် လက်ခံပြီး မိမိကိုယ်တိုင်လက်ခံ ကျင့်သုံးခြင်းဆိုတာကို အီဘရာဟင်မ်(အ)ရဲ့ အနေအထားကို ပြပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၆ အာယသ် ၆၉ မှ ၉၀ အထိရှိတယ်။ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ပို့ချပြီးတဲ့နောက် အဲဒီကုရ်အာန်ထဲမှာပဲ အီဘရာဟင်မ်(အ)ရဲ့ အတ္ထုပတ္တိအကြောင်း တွေကို နှောင်းလူတွေကို အသိတရား၊ သတိတရား ရစေခြင်းငှာ တမန်တော်မြတ်(ဆွ)မှတဆင့် ပြန်လည် ဖော်ညွှန်းခဲ့ပါတယ်။

အို-တမန်တော် အသင်သည် တမန်တော်မြတ် အီဘရာဟင်မ်(အ)၏ အကြောင်းနှင့်ပတ်သက်ပြီး သတင်းစကားကို နှောင်းလူတွေကို ပြန်ပြောပြလိုက်ပါလေ။” တစ်ဖက်က ပြောပြပါလို့ပြောသလို၊ တစ်ဖက်က နောက်ကနေ လိုက်ပါသွားပါလို့ ပြောတာလည်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် `သေလာဝသ်´ဆိုတဲ့စကားကို ကျွန်တော်တို့နားလည်တာက `သေလာဝသီလ်ကုရ်အာန်´ဆိုရင် ကုရ်အာန်ကိုဖတ်ပေါ့။ ဒီလိုနဲ့ ကျွန်တော်တို့ဟာ ဖတ်တဲ့ဘက်ကို ရောက်သွားတယ်။ ဖှာတရာဆိုလည်း ဖတ်တယ်။ နေကာဟ်ဆိုလည်းဖတ်တယ်။ နမားဇ်ဆို လည်းဖတ်တယ်။ ကလီမာဆိုလည်း ဖတ်တယ်။ နောက်ဆုံးအခု ဟဂ်ျကိုလည်းဖတ်တဲ့အဆင့် ပို့လိုက်ပြီ။ ဖတ်ရင်း၊ ဖတ်ရင်းနဲ့ ကျွန်တော်တို့က ဖတ်တဲ့နေရာမှာပဲ ရပ်နေကြတယ်။

ဒီနေရာမှာ `သေလာဝသ်´ဆိုတာ ဖတ်တာကြီးပဲ မဟုတ်ပဲနဲ့ နောက်ကလိုက်သည်ဆိုတဲ့ အဓိပ္ပါယ်လည်း ပါတဲ့အတွက် လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်တယ်ဆိုတဲ့ အပိုင်းကိုလည်း ဖော်ညွှန်းနေပါတယ်။ အီဘရာဟင်မ်(အ)ဟာ ငယ်ငယ်ထဲက ထက်တယ်။ အတွေးအခေါ်နဲ့ပတ်သက်ပြီး သူ့ရဲ့ဖခင်နှင့် သူ့ရဲ့မျိုးနွယ်စု တွေထဲကလူတွေ သူတို့စိတ်ကူးနဲ့ ပုံဖော်ထားတဲ့အရာတွေကို ကိုးကွယ်နေခဲ့ကြတယ်။ နေ၊ လ၊ ကြယ်၊ နက္ခတ် တာရာ၊ မိုးရွာ၊ မိုးခြိမ်း၊ လျှပ်စီးလက်၊ သဘာဝလောကကြီးနဲ့ လူတွေစိတ်ကူးနဲ့ အကြီးအကဲ အထွဋ်အမြတ်အဖြစ် သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်(သေသူ၊ ရှင်သူ)တွေကို ကိုးကွယ်အားထား ပူဇော်ပသနေကြတယ်။

အဲဒါတွေကို အီဘရာဟင်မ်(အ)ဟာ စတင်ပြီးစူးစမ်းလေ့လာခြင်းအားဖြင့် မေးခွန်းတွေ ထုတ်ခဲ့တယ်။ ကျွန်တော်တို့ ဒီခေတ်မှာလည်း လူတစ်ချို့၊ လူတစ်ယောက်က မေးခွန်းထုတ်ပြီဆိုရင် မေးခွန်းမေးခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်တွေက မကြိုက်ကြဘူး။

တစ်ခါက အီဘရာဟင်မ်(အ)ဟာ သူ့ရဲ့ဖခင်နဲ့ သူ့ရဲ့အမျိုးသားအုပ်စုတွေကို မေးမြန်းခဲ့တယ်။ အသင်တို့ဟာ ဘာကိုကိုးကွယ်နေလဲ။ ဘာကိုယုံကြည်လေးစား ကိုးကွယ်အားထား နာခံဘ၀တည်ဆောက် နေကြပါသလဲ။”(၂၆း၇၀)

သူ့စကား၊ သူ့တရား၊ သူ့အမိန့်၊ သူ့သြဇာခံနေတယ်ဆိုတဲ့ (အဗဒ)ကို ဒီအာယသ်မှာ သုံးထားတာကို တွေ့ရ ပါတယ်။ ဒီအခါ တစ်ဖက်ကလည်း ပြန်လည်တုံ့ပြန် ပြောဆိုပါတယ်။

တမန်တော် အီဘရာဟင်မ်(အ)ရဲ့ဖခင်နဲ့ မျိုးနွယ်စုများက ပြန်ပြောတယ်။ ကျွန်တော်တို့ဟာ မိမိရဲ့စိတ် ကူးနဲ့ ပုံဖော်ထားသော ရုပ်ဝတ္ထုတွေကို တို့ဘ၀ရဲ့ မရှိမဖြစ်လိုအပ်ချက်တွေအဖြစ် ယုံကြည်လေးစားကိုးကွယ် အားထားကာ နာခံဘ၀တည်ဆောက်ရင်းနဲ့ သူတို့ရဲ့ သြဇာခံတွေအဖြစ် နေနေကြပါတယ်။” (၂၆း၇၁)

ပြီးတော့ အဲဒီအရာတွေ၊ အဲဒီလူတွေ၊ အဲဒီပစ္စည်းတွေရဲက အနီးအနားမှာ အမြဲတမ်း၊ တွယ်ကပ်ပြီးတော့ စွဲစွဲလန်းလန်းလည်း အဲဒါတွေကို ဖက်တွယ်ထားပါတယ်။” ကျွန်တော်တို့ ဒီနေရာမှာ သတိထားရမှာက အလ္လာဟ် တရား၊ အလ္လာဟ်စကား၊ အလ္လာဟ်လမ်းညွှန်(ကုရ်အာန်)နဲ့ ဆန့်ကျင်ပြီး အခြားသောအရာတွေ၊ ပစ္စည်းတွေ၊ လူပုဂ္ဂိုလ်(သေသူ၊ရှင်သူ)တွေကို ကျွန်တော်တို့ရဲ့ ဘ၀မှာစွဲစွဲလန်းလန်း ဖက်တွယ်ထားမယ်ဆိုရင် ကျွန်တော်တို့ သည်လည်း တမန်တော်အီဘရာဟင်မ်(အ)ရဲ့ ဖခင်နဲ့ဆွေမျိုးအုပ်စုတွေရဲ့ စနစ်ဇယားထဲကို ရောက်သွားမယ် ဆိုတာ သတိထားရမှာဖြစ်ပါတယ်။

ဒီအာယသ်မှာ (အစ္စနားမ်)ကို သေသေချာချာလေ့လာကြည့်တော့ ရိုးရိုးဘာသာပြန်မှာတော့ လူတွေ စိတ်ကူးနဲ့ ပုံဖော်ထားတဲ့ ရုပ်ဝတ္တု၊ ပစ္စည်းများလို့ပဲ ဘာသာပြန်ထားပါတယ်။ သေသေချာချာ လေ့လာကြည့်လိုက် ရင် ဘာတွေ့ရမလဲဆိုတော့ လူတစ်ဦး၊ လူ့အဖွဲ့အစည်းတစ်ခုဟာ သူ့ရဲ့ဘ၀မှာ အလ္လာဟ်အရှင်မြတ်ကို စွန့်၍သော် လည်းကောင်း၊ (အလ္လာဟ်ကိုလုံးဝ မယုံဘူးလို့ပြောတာ) ကျွန်တော်တို့ကကြတော့ အလ္လာဟ်အရှင်မြတ်အပြင် (အလ္လာဟ်ကိုလည်းယုံတယ်) သူတို့ကြည်ညိုလေးစား အားကိုးမှုလွန်ကဲသော ပစ္စည်းတွေ၊ အရာဝတ္တုတွေ၊ လူပုဂ္ဂိုလ် (သေသူ၊ရှင်သူ)တွေကို မိမိဘ၀အတွက် သူတို့မှ မပါရင် မပြီးဘူး။ သူတို့မရှိရင် မဖြစ်ပါဘူး၊ လိုအပ်နေ ပါတယ်လို့ ယုံမှတ်ပုံအပ်ပြီး အားကိုးအားထားပြုခြင်းကို အရဗီစကားလုံး ဝေါဟာရအရ (အစ္စနားမ်)လို့ ခေါ်ပါတယ်။

အလ္လာဟ်အမိန့်ကို ယုံကြည်သက်ဝင်လိုက်နာဖို့ ဆောင်ရွက်ရာမှာ အဟန့်အတား၊ အနှောင့်အယှက်ဖြစ် စေသော ပစ္စည်း၊ လူ၊ အရာဝတ္ထုအားလုံးဟာ (အစ္စနားမ်)ထဲမှာ စာရင်းဝင်ပါတယ်။ အဲဒါကို ကျမ်းမြတ်ကုရ်အာန်ရဲ့ ဆူရာဟ် ၁၉း၄၄ မှာ ဖော်ညွှန်းထားတာက အဲဒီ(အစ္စနားမ်)ဟာ ဘယ်အဆင့်အထိ တိုးတက်ရောက်သွားသလဲ ဆိုရင် အဆင့်တက်လာတဲ့အခါမှာ ရှိုင်တွာန်ဖြစ်သွားတယ်။ ရှိုင်တွာန်ရဲ့ သဘောကဘယ်လိုရှိလဲ။ အလ္လာဟ်က ကောင်းတာလုပ်လို့ ပြောရင် ရှိုင်တွာန်က မကောင်းတာလုပ်လို့ ပြောတယ်။ အလ္လာဟ်က မကောင်းတာကို မလုပ်နဲ့ လို့ ပြောရင် ရှိုင်တွာန်က မကောင်းတာကိုလုပ်၊ ကောင်းတာကို မလုပ်နဲ့လို့ ပြောတယ်။ အလ္လာဟ်ရဲ့လမ်းညွှန်ချက် ကို ဆန့်ကျင်ဖီလာပြုတဲ့အဆင့်ကို ရောက်လာကြပါတယ်။

အီဘရာဟင်မ်(အ)ဟာ စူးစမ်းရှာဖွေဆည်းပူးတဲ့နေရာမှာ Expert ဖြစ်ပါတယ်။ အီဘရာဟင်မ်(အ)က သေသေချာချာမေးပါတယ်။

လူကြီးမင်းတို့တစ်ခုခု အသံပြုရင်၊ ဖိတ်ခေါ်ရင်၊ အဲဒီအရာတွေ၊ အဲဒီပုဂ္ဂိုလ်တွေကြားရဲ့လား၊ ဒါမှ မဟုတ်အဲဒီအရာတွေ၊ အဲဒီပစ္စည်းတွေ၊ အဲဒီ ပုဂ္ဂိုလ်တွေဟာ အသင်တို့ကို အကျိုးဖြစ်ထွန်းမှုတစ်စုံတစ်ရာရော ပေးနိုင်ကြလို့လား။ ပေးနေကြသလား။ ပေးနေမှာလား။ ဒါမှမဟုတ် သူတို့က အသင်တို့ကို အကျိုးယုတ်အောင် လုပ်မှာလား၊ လုပ်ခဲ့ဘူးလား၊ လုပ်နေသလား။

ကျွန်တော်တို့ သက်ဝင်ယုံကြည်မှုပြုတဲ့အခါမှာ စဉ်းစား၊ ဆင်ခြင်၊ တွေးခေါ်မြော်မြင်ဖို့ လွတ်လပ်စွာ ရွေးချယ်မှုလုပ်ဖို့၊ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် သန်းအောင် မွတ်ဆလင်မ် မိဘနှစ်ပါးက မွေးလိုက်တယ်။ မုဟမ္မဒ်ဆိုတဲ့ မောင်သန်းအောင်ဖြစ်လာပြီး မိရိုးဖလာ မွတ်ဆလင်မ်အဆင့်မှာ ရပ်နေလို့မရဘူး။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ အပြုသဘောနဲ့အညီ လွတ်လပ်စွာ သိနားလည်သဘောပေါက်အောင် လုပ်ပြီး၊ အလ္လာဟ်သတ်မှတ်တဲ့ မွတ်ဆလင်မ်ဖြစ်အောင် ကြိုးစားရမှာဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့လေ့လာဆည်းပူးပြီးမှ သက်ဝင်ယုံကြည်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ဂုတ်ပေါ်မှာ တင်နေတဲ့ ၀န်ထုတ်ဝန်ပိုးကို တမန်တ်ာမြတ်(ဆွ)ချပေးခဲ့တာကို ကျွန်တော်တို့ ပိုနားလည်သဘောပေါက်လာမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ မိရိုးဇလာ(အာနကွန်းမ် ဘာနကွန်းမ်) (သအ်လာမူးနား၊ ယအ်လာမူးနာ)နဲ့ပဲ အချိန်တွေကုန်သွားလိုက်ရင် မိရိုးဖလာမွတ်ဆလင်မ်အဖြစ်နဲ့ပဲ ကျန်ခဲ့လိမ့်မယ်။ ကိုယ်ကိုယ်တိုင် သိနားလည်သဘောပေါက်အောင် လုပ်ပြီး မွတ်ဆလင်မ်ဖြစ်တဲ့ အရသာဟာ ဘယ်လောက်ကောင်းသလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ တမန်တော်မြတ်များဟာ အလ္လာဟ်က ယုံလိုက်ဆို`ဟုတ်ကဲ့၊ ယုံပါပြီ ခင်ဗျာ´လို့ မရှိခဲ့ဘူး။

တမန်တော် အီဘရာဟင်မ်(အ)လည်း အလ္လာဟ်ကိုမေးခဲ့တာပဲလေ။ အလ္လာဟ်လူကို သေပြီးမှ ပြန်ရှင် အောင်လုပ်မယ်ဆိုတော့ အလ္လာဟ်ဘယ်လို လုပ်မှာလဲ။ ကျွန်တော့်ကို နည်းနည်းပါးပါး ပြပါလို့ ပြောခဲ့တယ်။ ဒီတော့ အလ္လာဟ်က`ဟင် ငါပြောတာကို မယုံလို့လား´ဆိုတော့ အီဘရာဟင်မ်(အ)က `မဟုတ်ဘူး´ကျွန်တော် ပိုပြီးယုံချင်လို့ပါ လို့ပြောခဲ့ပါတယ်။ ပြန်ဆက်ရရင် အီဘရာဟင်မ်(အ)ရဲ့ အမျိုးသားတွေက

ငါတို့ရဲ့ ဘိုးဘွားဘီဘင်တွေရဲ့ လုပ်ရပ်အပြုအမူအတိုင်း ငါတို့ လိုက်လုပ်ပြုမူနေခြင်းဖြစ်ပါတယ်။” (၂၆း၇၄)

အီဘရာဟင်မ်(အ)ရဲ့ မျိုးနွယ်စုတွေဟာ ဒီရုပ်ဝတ္ထု၊ ပစ္စည်း၊ လူပုဂ္ဂိုလ်တွေဟာ ဘာမှလုပ်မပေးနိုင်မှန်း သိရက်နဲ့ ဘိုးဘွားဘီဘင်(စီလ်စီလာ)အတိုင်း လိုက်နာကျင့်သုံးနေခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့် သိလျက်နဲ့ လိုက်နာကျင့်သုံးနေခြင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သိလျက်နဲ့မိုက်မဲနေခြင်း၊ အသိခေါက်ခက် အ၀င်နက်နေခြင်း ဖြစ်ပါ တယ်။ ဒီကနေ့ ကျွန်တော်တို့လည်း သေပြီးသား သူတော်စင်၊ သူတော်မြတ်တွေလို မိမိတို့ဖာသာ သတ်မှတ် ထားတဲ့ လူတွေဆီသွားပြိး တောင်းဆိုဆန္ဒပြုနေကြတာမျိုး ရှိနေတာတွေ့ရမှာပါ။

ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်က သေသေချာချာသင်ပေးပါတယ်။ အရှေ့ကလူတွေရဲ့ လုပ်ကိုင် ဆောင်ရွက်ချက်ဟာ အရှေ့ကလူတွေနဲ့တင် ပြီးသွားပြီ။ အသင်တို့ရဲ့ကြံစည်၊ ပြုမူလုပ်ကိုင်ဆောင်ရွက်ချက်တွေဟာ အသင်တို့အတွက်ဖြစ်ပြီးတော့ သူတို့ကိစ္စဟာ သူတို့ကိစ္စ၊ `မင်းတို့မလုပ်ခဲ့တဲ့ ကိစ္စကို ဘယ်တော့မှ ငါမမေး ဘူးလို့´အလ္လာဟ်ကပြောနေပါတယ်။ မင်းတို့လုပ်ခဲ့တဲ့ကိစ္စကိုပဲ မင်းတို့ကို မေးမှာပါလို့ ပြောပါတယ်။ ဂျန္နသ်ကို သွားရင်လည်း အဲဒီ (အမလ်)လုပ်ရပ်နဲ့ပဲ သွားရမှာဖြစ်ပါတယ်။

မကြာမီက ဆော်ဒီမှာကရိန်းပြုတ်ကျသွားလို့ သေဆုံးတဲ့လူတွေအတွက် ကျွန်တော်တို့ လူသားတွေဖြစ်လို့ ၀မ်းနည်းကြေကွဲရပါတယ်။ ဒါပေမယ့် အဲဒီလူတွေ ဂျန္နသ်ရောက်မယ်လို့တော့ ကျွန်တော်တို့အာမမခံနိုင်ဘူး။ ဒါပေမယ့် အဲဒီသေသွားတဲ့ ၁၀၇ ယောက်ကို လူတွေက ဂျန္နသ်ပို့လိုက်တယ်။ ဂျန္နသ်ကသူတို့ပိုင်တဲ့ ပစ္စည်းလို့ ထင်နေကြတယ်။ အဲဒါ ကျွန်တော်တို့ပိုင်တဲ့ ပစ္စည်းမှမဟုတ်တာ။ ဂျန္နသ်က အလ္လာဟ်ပိုင်တာ သေသွားတဲ့ လူတွေဟာ သူတို့ရဲ့(အမလ်)နဲ့ သူတို့ရမှာဖြစ်တယ်။

ကျွန်တော်က ၄၂ ကြိမ်မြောက် သွေးလှူရှင်ဆိုတော့ ဆော်ဒီမှာ ကရိန်းပြုတ်ကျ၊ ဒဏ်ရာရတဲ့လူနာတွေကို ဆော်ဒီက ရှေ့ဆောင်အီမာမ်ကြီးကိုယ်တိုင် ဦးဆောင်သွေးလှူဒါန်းမှုကိုတွေ့ရတော့ မွတ်ဆလင်မ်တွေ သွေးလှူလို့ရပါလားလို့ ၀မ်းမြောက်စွာ ကြိုဆိုမိပါတယ်။ အဲဒီ ကရိန်းပြုတ်တာကလည်း တိုက်တိုက်ဆိုင်ဆိုင် 9/11 – ၁၁ ရက် ၉ လပိုင်း။ အဲဒီဆောက်လုပ်ရေးလုပ်ငန်း သုံးခုပူးပေါင်းလုပ်တဲ့အထဲမှာ အကြီးဆုံးခရိုနီကုမ္ပဏီက `ဘင်လာဒင်´ကုမ္ပဏီ။ ဒီကိစ္စမှာ ထိခိုက်ဒဏ်ရာရတဲ့ လူတွေအတွက် သွေးလှူဒါန်းတာ ဆော်ဒီက ရှေ့ဆောင် အီမာမ်ကြီး ကိုယ်တိုင်ပါတယ်။ ကျွန်တော်တို့မွတ်ဆလင်မ်တွေ ဗမာပြည်ထဲက မွတ်ဆလင်မ်တွေ ဒါကိုသိထားသင့်တယ်။ ဒါတောင် သူတို့က ဆလ်ဖီမို့လို့။ ကျုပ်တို့က ဟနဖီမို့လို့ သွေးလှူလို့ မရဘူးဆိုရင်လည်း မတတ်နိုင်ဘူး။

ကျမ်းမြတ်ကုရ်အာန်အရ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် (အမလ်)။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံစားရမယ် (အမလ်)။ အဲဒီ (အမလ်)နဲ့ပဲ ကျွန်တော်တို့ ဂျန္နသ်ကိုရောက်မယ်။ အဲဒီ(အမလ်) နဲ့ပဲ ကျွန်တော်တို့ ဂျဟန္နမ်ကို ၀င်ရမှာဖြစ်တယ်။ ကျွန်တော်တို့ သိထားရမှာက ဂျန္နသ်၊ ဂျဟန္နမ်ကို ကျွန်တော်တို့ မပိုင် ပါဘူး။ ပိုင်တာက ပိုင်ရှင်က အလ္လာဟ်ပါ။ ကျွန်တော်တို့ ကျေနပ်နှစ်သက် သဘောကျသူတွေကို ဂျန္နသ်ပို့၊ ကျွန်တော်တို့ မျက်မုန်းကျိုး မတည့်သူကို ဂျဟန္နမ်ပို့လို့မရပါဘူး။ အလ္လာဟ်နှစ်သက်ကျေနပ် သဘောတူတဲ့လူ ဂျန္နသ်ရမှာဖြစ်ပါတယ်။ ဆော်ဒီမှာ သေဆုံးတဲ့လူတွေထဲက အလ္လာဟ်ကျေနပ်နှစ်သက် သဘောကျသူ ဂျန္နသ်ရမှာ ပါ။ ဒါကြောင့် ဆော်ဒီမှာကရိန်းပြုတ်ကျသေဆုံးသူများအားလုံး အလ္လာဟ်နှစ်သက်သဘောတူတဲ့လူတွေဖြစ်ပါစေ ကြောင်း ဆုမွန်ဒုအာပြုအပ်ပါတယ်။ (အာမီန်း)

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၆း၇၅)မှာ အီဘရာဟင်မ်(အ)က သူတို့ကို သေသေချာချာ အသိတစ်ခု ထည့်ပေးလိုက်တယ်။

သင်တို့က ဘာကို သက်ဝင်ယုံကြည်နာခံဘ၀တည်ဆောက်ပြီး၊ သြဇာခံနေရတာလည်းဆိုတာနဲ့ ပတ်သက်ပြီး အသင်တို့ နည်းနည်းလေးမှ စူးစမ်း၊ ရှာဖွေ၊ မွှေနှောက် သုတေသနပြု၊ စဉ်းစားဆင်ခြင်ခြင်း မပြုကြ ဘူးလား။” ထပ်ပြီးပြောခဲ့ပါတယ်။

“ အသင်တို့အပါအ၀င် အသင်တို့၏ ရှေးရိုးအစဉ်အဆက်ရှိခဲ့သော ဘိုးဘွားဘီဘင် အထက်စီးရတဲ့ လူတွေရော၊ နည်းနည်းလေးမှ စဉ်းစားဆင်ခြင်တွေးခေါ် မြော်မြင်ခြင်း ဒါမှန်လား၊ ဒါမမှန်ဘူးလား၊ ဒါဓမ္မလား၊ ဒါအဓမ္မလား၊ ဒါသစ္စာတရားလား၊ ဒါမိစ္ဆာအမှားလား၊ ဒါ သောင်ဝ်ဟီးဒ်လား၊ ဒါရှရိက်လား၊ ဒါအီမာန်လား၊ ဒါအီမာန် နဲ့ ဆန့်ကျင်တဲ့ ဘေအီမာန်လား၊ ဒါအလ္လာဟ်ခိုင်းထားတဲ့ အမ္မလေဆွလေဟသ်လား၊ ဒါမှမဟုတ်ရင် လူနဲ့ လူ့ပတ် ၀န်းကျင်ကို ပျက်စီးဆုံးရှုံးမှုကို ဖြစ်စေတဲ့ ဒုစရိုက်မှုလုပ်ငန်းတွေလား ဆိုပြီး စဉ်းစားဆင်ခြင်တွေးခေါ် မြော်မြင်မှု မရှိကြဘူးလားလို့” အီဘရာဟင်မ်(အ)က သူ့အမျိုးသားများကို မေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောက (အစ္စနားမ်)ဆိုတဲ့ အရာတွေက အဆင့်ထပ်တက်လာရင် ရှိုင်တွာန်(အဖျက်လုပ်ရပ်၊ အဖျက်သမား)ဆိုတာ တွေ့ရလို့ဖြစ်ပါတယ်။

အဲဒီ အဖျက်လုပ်ရပ်တွေကို လုပ်တဲ့ ရှိုင်တွာန်လုပ်ရပ်တွေဟာ စကြ၀ဠာအနန္တခပ်သိမ်းကို ပြုစုပျိုး ထောင်တော်မူသော အရှင်ရဲ့ သောင်ဝ်ဟီးဒ်တစ်ပါးတည်းသော ယုံကြည်ကိုးကွယ်ခံထိုက်သော အားကိုးအားထား ပြုထိုက်သော ပုဂ္ဂိုလ်၏လမ်းစဉ် စနစ်ဇယားကို သွေဖီဆန့်ကျင်သော လုပ်ရပ်များကို လုပ်ဆောင်သူများဟာ ကျွန်တော့်အတွက်တော့ ရန်ဘက်များဖြစ်သည်။” (၂၆း၇၇)

နိဂုံးချုပ်အနေနဲ့တင်ပြရရင် အီဘရာဟင်မ်(အ)ဟာ သူ့ရဲ့လွတ်လပ်စွာတွေးခေါ် မြော်မြင်စဉ်းစားဆင်ခြင် သုံးသပ်ပြီး ဘာကြောင့် အလ္လာဟ်ကို ယုံရတာလဲ။ ဘာကြောင့် အလ္လာဟ့်လမ်းညွှန်ဥပဒေပြဌာန်းချက်တွေကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရတာလဲ။ အဲဒီမှာ လူတစ်ယောက် မိဘ၊ ဆွေမျိုးအသိုင်း အ၀န်းက အထက်စီးရတဲ့လူဖြစ်လို့ ကိုယ်ကမွတ်ဆလင်မ် သက်ဝင်ယုံကြည်တဲ့လူဖြစ်ဖို့လိုမှာလား။

အီဘရာဟင်မ်(အ)ပတ်သက်ပြီး လူနဲ့လူ့ပတ်ဝန်းကျင်မှာ သဟဇာတဖြစ်စွာနေထိုင်ရင်းနဲ့ စကားပြောဆို ခြင်း၊ အတတ်ပညာ၊ အမှန်သစ္စာတရားဘက်ကို ဖိတ်ခေါ်မှုပြုခြင်းမှာ အခြေအနေ၊ အချိန်အခါ၊ ပတ်ဝန်းကျင် နေရာဒေသတို့ကို အကဲခတ်ပြီး လိမ္မာယဉ်ကျေး သိမ်မွေ့စွာစနစ်တကျ ပြောဆိုညှိနှိုင်းခြင်း။ ဒါကြောင့် ကျွန်တော်တို့ မွေးရာပါမွတ်ဆလင်မ်၊ မိရိုးဖလာ မွတ်ဆလင်မ်၊ ကလီမာ ဖတ်ထားသော မွတ်ဆလင်မ်၊ မှတ်ပုံတင်ပါ မွတ်ဆလင်မ်၊ နားမ်ကားဝစ်တေး မွတ်ဆလင်မ်အဖြစ်ကနေ ကိုယ်တိုင်သိ မွတ်ဆလင်မ်ဖြစ်ဖို့ လိုပါတယ်။

ဆူရာဟ် ဘကရာဟ်မှာ အီဘရာဟင်မ်(အ)ဟာ ကအ်ဗာကျောင်းတော်ကို ပြုပြင်ပြီးတဲ့နောက်မှာ တမန် တော် အီဘရာဟင်မ်နဲ့ သားတော် အီစမာအီးလ်(အ)တို့ နှစ်ဦး ဆုပန်တဲ့အခါမှာ `ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ သားစဉ်မြေးဆက် ကျွန်တော်တို့နှစ်ဦးအပါအ၀င် မွတ်ဆလင်မ် အလ္လာဟ်အမိန့်နာခံသူ၊ ငြိမ်းချမ်းရေးကို ဖော်ဆောင် သူများ ဖြစ်စေတော်မူပါ။´လို့ ဆုပန်ခဲ့တာကိုကြည့်ရင် ဘ၀သက်တမ်းတစ်လျှောက် အမှန်သစ္စာတရားကို လေ့လာ ဆည်းပူးပြီး အပြုသဘောဆောင်တဲ့ မွတ်စလင်မ်၊ ငြိမ်းချမ်းရေးသမားဖြစ်စေရေးအတွက် အသိ၊ သတိမြဲစေဖို့ ဆိုတာတွေ့နိုင်မှာပါ။

ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြုပြင်ပြီး မွတ်ဆလင်မ်ဖြစ်ဖို့ ကြိုးစားပါမည်။ ကျွန်တော်တို့ မုအ်မင်န်ဖြစ်ဖို့ ကြိုးစားရပါမည်။ ကျွန်တော်တို့ နေ့စဉ်အလ္လာဟ်အမှုတော် ထမ်းရွက်ဖို့၊ အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ လမ်းညွှန်ဥပဒေသ(ကုရ်အာန်)ကို လိုက်နာကျင့်သုံးတဲ့ နေရာမှာ တမန်တော်မြတ်များရဲ့ စံနမူနာကိုယူပြီး လက်တွေ့လိုက်နာ ကျင့်သုံးအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ သိနားလည်သဘောပေါက်အောင် လုပ်ပြီး၊ ကိုယ်တိုင်သိမွတ်ဆလင်မ်၊ ကိုယ်တိုင်သိမုအ်မင်န်တွေဖြစ်ဖို့ ကျွန်တော်တို့ တကယ်ကြိုးစားဖို့လိုသေးတယ်ဆိုတာ ကို ပေါ်လွင်နေပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်နဲ့ စေလွှတ်ခြင်းခံရတဲ့ တမန်တော်မြတ် ကြီးအီဘရာဟင်မ်(အ)၊ သူ့ရဲ့သားစဉ်မြေးဆက်များ၊ သူ့ရဲ့အိမ်တော်သူ၊ အိမ်တော်သားများဟာ အလ္လာဟ်အရှင် မြတ်၊ သူတို့အပေါ်မှာ ချီးမြှင့်ပေးသနားတော်မူထားတဲ့ ကျေးဇူးတော်တွေကို သိနားလည်သဘောပေါက်ပြီး၊ ကျေးဇူးတရားကို သိတတ်သူတွေဖြစ်ခဲ့ကြပါတယ်။

အဲဒီအလ္လာဟ်ကျေးဇူးတော်ကို သိတတ်သူများဖြစ်သည့်အားလျော်စွာ အမှုတော်ကို အပြည့်အ၀ ထမ်းရွက် ပြီးတော့၊ အလ္လာဟ်အရှင်မြတ် တားမြစ်ထားတဲ့ မကောင်းမှုတွေကို ရှောင်ကျဉ်ကြပါတယ်။ အဲဒီလိုနဲ့ အလ္လာဟ်ကို ဆန့်ကျင်သွေဖီတဲ့ အုပ်စုတွေထဲမှာ မပါဝင်ခဲ့ပဲနဲ့၊ ကမ္ဘာ့လူသားခပ်သိမ်းရဲ့ ဦးစီးခေါင်းဆောင်အဖြစ် အီဘရာဟင်မ် (အ)ဟာ ရပ်တည်နေပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ရဟူဒီတွေ၊ နဆ်ရာနီတွေ၊ မွတ်ဆလင်မ်တွေအားလုံးဟာ အီဘရာဟင်မ်(အ)ရဲ့ ကျော်ဇောမှု၊ ဦးစီးခေါင်းဆောင်ဖြစ်မှုကို ယနေ့ထက်တိုင် လက်တွေ့လိုက်နာကျင့်သုံးနေရပါတယ်လို့ တင်ပြရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။