နောက်လိုက်ကောင်းဆိုသည်မှာ… မုဖ်သီဦးစန်းအောင် (B.Sc)

နောက်လိုက်ကောင်းဆိုသည်မှာ…

မုဖ်သီဦးစန်းအောင် (B.Sc)

ဒီကနေ့(၃၁.၇.၂ဝ၁၅)နေ့မြင့်မြတ်လှတဲ့ ယောင်မွလ်ဂျူမုအာဟ်နေ့မျာအလ္လာဟ်အရှင်မြတ်ကိုအိဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား။

“ အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လာဟိဝဘရကာသုဟု……….”

ဒီကနေ့ကျနော်ဟောကြားတင်ပြမဲ့ ခွတ္တဗာဟ်ရဲ့ခေါင်းစဉ်ကတော့ `နောက်လိုက်ကောင်းဆိုသည်မှာ´ ဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာများသောအားဖြင့် `ခေါင်းဆောင်မှု၊ Leadership´အကြောင်းကိုပဲဦးစားပေးပြောလေ့ရှိပါတယ်။ ‘ခေါင်းဆောင်မှု’ နဲ့ပတ်သက်တဲ့သင်တန်းပေးတာတွေပဲရှိပါတယ်။ နောက်လိုက်ကောင်းတစ်ဦးဖြစ်ဖို့ ဆွေးနွေးပြောဆိုတာတွေ၊သင်တန်းပေးတာတွေကတော့ မတွေ့ရသလောက်ပါပဲ။ အဲဒီတော့ ကျွန်တော်ကစဉ်းစားတယ်။ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ဖို့ နောက်လိုက်ကောင်းတွေရောမလိုဘူးလား။

ကျနော့အမြင်အရတော့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကိုထူထောင်ရာမှာ‘ခေါင်းဆောင်ကောင်း‘လိုအပ်သလို‘နောက်လိုက်ကောင်း’ ဆိုတာလည်းလိုအပ်ပါတယ်။ ခေါင်းဆောင်ဘယ်လောက်ကောင်းကောင်း၊ နောက်လိုက်ကောင်းမရှိရင် ခေါင်းဆောင်ကောင်းရဲ့ စီမံကိန်းဟာပျက်စီးသွားမှာပါပဲ။ ဒီကနေ့ ကျနော်တို့ ခေါင်းဆောင်ကောင်းကိုပဲရှာဖွေနေကြတယ်။မိမိကိုယ်မိမိနောက်လိုက်ကောင်းဖြစ်အောင် ဘယ်လိုလုပ်ကြမယ်ဆိုတာစဉ်းစားတွေးခေါ်သူကနည်းပါတယ်။

ဒီကနေ့ လူ့အဖွဲ့အစည်းမှာဒီမိုကရေစီဆိုတာကိုသေသေချာချာနားမလည်ပဲအလွဲလွဲအချော်ချော် ကျင့်သုံးမိတဲ့အတွက် နောက်လိုက်တွေရဲ့ စောဒကတက်မှုတွေအပေါ်မှာ ပြိုကွဲသွားတဲ့ လူ့အဖွဲ့အစည်းတွေလည်းရှိပါတယ်။ ဒီမိုကရေစီဆိုတာအများစုရဲ့ ဆန္ဒကိုဦးစားပေးတယ်။ မဲခွဲလိုက်ရင် (၄၉)မဲနဲ့ (၅၁)မဲဆိုရင် (၅၁)မဲကိုဦးစားပေးရတယ်။ ကျမ်းမြတ်ကုရ်အာန်အရတော့ မဲ(၂)မဲပဲကွာတဲ့ အနည်းစုရဲ့အဆိုကိုလည်းထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ ဒါကြောင့် ကုရ်အာန်က

`သင်တို့အကြားမှာဆွေးနွေးညှိနှိုင်းကြကုန်။´လို့ ပြဌာန်းထားပါတယ်။ ဒါကအနည်းစုရဲ့ ဆန္ဒကိုလည်းမပစ်ပယ်ပဲထည့်သွင်းစဉ်းစားဖို့ ပြဌာန်းထားတာပါ။ အစ္စလာမ်မှာကခေါင်းဆောင်ဆိုတဲ့ အခန်းကဏ္ဍကဘယ်လိုရှိတယ်။ နောက်လိုက်ကောင်းတွေရဲ့ အခန်းကဏ္ဍကဘယ်လိုရှိတယ်ဆိုတာကိုနဗီတမန်တော်တွေနဲ့ သူတို့ရဲ့ အွမ္မသ်သားတွေရဲ့ လူမှုဘဝနေထိုင်မှုတွေနဲ့ ကုရ်အာန်မှာ ပြသခဲ့တာပါ။ နဗီတမန်တော်တွေဟာသူတို့ရဲ့ နောက်လိုက်အွမ္မသ်တွေနဲ့ ပတ်သက်ပြီးဘယ်လောက်အထိ ကြံ့ကြံ့ခံ၊ အနစ်နာခံပြီးလူ့အဖွဲ့အစည်းတစ်ရပ်ကိုဦးဆောင်ပေးခဲ့တယ်ဆိုတာကုရ်အာန်မှာတွေ့မြင်နိုင်ပါတယ်။ နဗီတမန်တော်တွေရဲ့ ခေါင်းဆောင်မှုကောင်းတဲ့ အပေါ်မှာနောက်လိုက်အွမ္မသ်တွေရဲ့ နောက်လိုက်ကောင်းဖြစ်မှုအပေါ်မှာဘယ်လိုတိုးတက်တဲ့ လူအဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်နိုင်ခဲ့သလဲဆိုတာသမိုင်းမှာသက်သေအထောက်အထားနဲ့ မှတ်တမ်းတွေရှိနေပါတယ်။

ဒီကနေ့ကျနော့ရဲ့ ခွတ္တဗာဟ်မှာခေါင်းဆောင်ဘယ်လောက်ပင် ကောင်းပါစေ။ နောက်လိုက်တွေ မကောင်းတဲ့အတွက် တစ်ချိန်ကနယ်မြေပါပျောက်ကွယ်သွားရတဲ့ လူ့အစုအဖွဲ့တစ်ရပ်အကြောင်းကိုတင်ပြပါရစေ။ ကျနော်နိဒါန်းပိုင်းမှာဖတ်ရွတ်သွားတဲ့ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂)၊ အာယသ်တော်(၅၆)မှာ –

“သေဆုံးနေပြီဖြစ်သောအသင်(အိစ်ရာအီလ်မျိုးနွယ်)တို့၏ ဘဝများကိုငါအရှင်မြတ်က ပြန်လည်ရှင်သန် အောင် ပြုလုပ်ပေးခဲ့သည်မှာသင်တို့ ကျေးဇူးတရားကိုသိနားလည်ကြစေရေးအလို့ငှာဖြစ်သည်။” (ကုရ်အာန် ၂း၅၆)

တမန်တော် ‘ယအ်ကူးဗ်(အ)’ရဲ့ အဆက်အနွယ်ဝင်အိစ်ရာအီလ်းတွေဟာတမန်တော် ‘ယအ်ကူးဗ်(အ)’ရဲ့ သားတော်တမန်တော် ‘ယူစွဖ်(အ)’ အီဂျစ်ပြည့်ရှင်ဘုရင်ရဲ့ ထိပ်တန်းအကြီးအကဲဖြစ်တဲ့အချိန်မှာတမန်တော်ယူစွဖ်(အ)က သူ့ရဲ့ဖခင်ဖြစ် ‘ယအ်ကူးဗ်(အ)’နဲ့ မိခင်ကိုအီဂျစ်ပြည်မှာလာရောက်နေထိုင်ဖို့ခေါ်ရင်းနဲ့ အီစ်ရာအီလ်းမျိုးနွယ်စုတွေဟာအီဂျစ်ပြည်မှာဝင်ရောက်အခြေချလာခဲ့ပါတယ်။ ဒါဟာအီဂျစ်နိုင်ငံထဲကိုအီစ်ရာအီလ်းမျိုးနွယ်တွေ ပထမဦးဆုံးအလုံးအရင်းနဲ့ ဝင်ရောက်လာတာပါ။ ဒါပေမဲ့ နောင်နှစ်ပေါင်းတော်တော်ကြာတဲ့အခါမှာဖိရ်အောင်န်မင်းဆက်တစ်ပါးလက်ထက်မှာအီစ်ရာအီလ်းလူမျိုးတွေဟာအီဂျစ်နိုင်ငံမှာတော်တော်လေးနေရာရပြီးချမ်းသာကြွယ်ဝတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာတယ်။ ဒါကိုသတိထားမိတဲ့ ဖိရ်အောင်န်မင်းဆက်ဟာသူ့ရဲ့အီဂျစ်လူမျိုးတွေကိုသွေးထိုးပေးပြီးအီစ်ရာအီလ်းလူမျိုးတွေရဲ့ ပိုင်ဆိုင်မှုကိုမတရားရယူတာတွေ လုပ်ကိုင်လာသလိုဖျက်ဆီးမှုတွေလည်းလုပ်ဆောင်လာကြပါတယ်။ ဒီလိုမတရားလုပ်တာတွေကိုဘုရင်ကသူ့ရဲ့အာဏာနဲ့ အကာအကွယ်ပေးခဲ့ပါတယ်။

ဒီနောက်မှာတော့ အ်ီစ်ရာအီလ်းလူမျိုးတွေဟာအီဂျစ်လူမျိုးတွေရဲ့ ကျွန်သပေါက်ဘဝကိုရောက်ရှိပြီး၊ လူမဆန်အောင်နှိပ်စက်ခံရပါတော့တယ်။ ဒီအခါမှာအလ္လာဟ်အရှင်မြတ်ကအီစ်ရာအီလ်းလူမျိုးတွေကိုအီဂျစ်ပြည်ကကယ်တင်ဖို့ တမန်တော်မူဆာ(အ)ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ တမန်တော်မူဆာ(အ)ဟာအလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်တော်အရအီဂျစ်နိုင်ငံထဲကအီစ်ရာအီးလ်မျိုးနွယ်တွေကိုပင်လယ်နီ(Red sea)ကိုကျော်ဖြတ်ပြီးကယ်ထုတ်ခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ကတမန်တော်မူဆာ(အ)ကိုခေါင်းဆောင်အဖြစ်မြင် နိုင်ပြီး၊ အိစ်ရာအီးလ်မျိုးနွယ်တွေကိုနောက်လိုက်တွေအဖြစ်မြင်နိုင်ပါတယ်။ ခေါင်းဆောင်ရဲ့သတ္တိရှိမှု၊ အစီအမံကောင်းမှု၊ ဆုံးဖြတ်ချက်ကောင်းမှုတို့ကြောင့် အီဂျစ်ဘုရင်ဖိရ်အောင်န်ရဲ့ တားဆီးမှုအသွယ်သွယ်ကနေကျော်လွန်လွတ်မြောက်နိုင်ခဲ့သလိုခက်ခဲလှတဲ့ပင်လယ်နီကြီးကိုကျော်ဖြတ်ပြီးအီစ်ရာအီးလ်လူမျိုးတွေဟာ အန္တရာယ်မှကင်းလွတ်ခဲ့ကြရပါတယ်။

ဒီနေရာမှာကျနော်တို့ သုံးသပ်ရမှာကတမန်တော်မူဆာ(အ)ရဲ့ ခေါင်းဆောင်မှုအရည်အချင်းပြည့်ဝသလိုအီစ်ရာအီလ်းမျိုးနွယ်တွေရဲ့ နောက်လိုက်ကောင်းပီသမှုကဖိရ်အောင်န်ဘုရင်ရဲ့လက်ကလွတ်မြောက်ခဲ့ သလိုအင်မတန်မှ ခက်ခဲတယ်ထင်ရတဲ့ ပင်လယ်နီကြီးကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါဟာအောင်မြင်မှုတစ်ရပ်ပါ။ ဒီအခြေအနေဟာဒီကနေ့ ကျနော်တို့ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ တော်တော်နီးစပ်ပါတယ်။ ဒါကြောင့်ကျနော်တို့အတွက် မှန်ကန်တဲ့၊အရည်အချင်းရှိတဲ့ခေါင်းဆောင်တွေကိုမဲပေးရွေးချယ်ကြဖို့လိုပါတယ်။ အရေးကြီးတာတစ်ခုကကိုယ်ခေါင်းဆောင်ရွေးချယ်နိုင်ဖို့ ရရှိထားတဲ့အခွင့်အရေးကိုမဆုံးရှုံးရလေအောင် မဲစာရင်းမှာမိမိရဲ့နာမည်ပါသည်၊ မပါသည်ကိုသွားကြည့်ဖို့။ မပါဘူးဆိုရင် မိမိတို့ရဲ့အမည်စာရင်းကိုမဲစာရင်းမှာတင်သွင်းဖို့ဟာနောက်လိုက်ကောင်းတွေရဲ့တာဝန်ဖြစ်ပါတယ်။အဲဒီတော့ မဲစာရင်းကိုသွားရောက်စစ်ဆေးကြပါ။ ပြီးရင် မိမိရဲ့မဲတစ်ပြားကိုတိုင်းပြည့်နဲ့လူမျိုးအကျိုးကိုမိမိကိုယ်ကျိုးစွန့်ပြီး၊ မိမိရဲ့မိသားစုအကျိုးကိုစွန့်ပြီးထမ်းဆောင်မဲ့ခေါင်းဆောင်ကိုမဲပေးကြဖို့လိုအပ်ပါတယ်။

ဆက်လက်ပြီးတမန်တော်မူဆာ(အ)က အီစ်ရာအီးလ်လူမျိုးတွေကိုအီဂျစ်နိုင်ငံကကယ်ထုတ်သွားပုံကိုတင်ပြသွားပါမယ်။

တမန်တော်မူဆာ(အ)ဟာအီစ်ရာအီးလ်လူမျိုးနွယ်တွေကိုအလ္လာဟ်အရှင်မြတ်သတ်မှတ်ပေးတဲ့ `ကတိတော်လာနယ်မြေ´(Promised Land)ဆီကိုသဲကန္တာရအသွယ်သွယ်၊ တောင်အသွယ်သွယ်ကိုကျော်ဖြတ် ဦးဆောင်ပြီးခေါ်ဆောင်သွားပါတယ်။ ခရီးလမ်းတစ်လျှောက် ပူပြင်းတဲ့ နေပူဒဏ်ကိုခံနိုင်ဖို့ အလ္လာဟ်အရှင်မြတ်ကတိမ်တိုက်တွေကိုဖုံးအုပ်အရိပ်မိုးပေးခဲ့ပါတယ်။ လမ်းခရီးမှာအာဟာရအဖြစ် `မန္နာ´ဆိုတဲ့မုန့်တစ်မျိုးနဲ့ `ဆလ်ဝါ´ ဆိုတဲ့ ငုံးသတ္တဝါကိုအလ္လာဟ်အရှင်မြတ်ကစီစဉ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အီစ်ရာအီလ်တွေဟာရံဖန်ရံခါ ကြုံတွေ့ ရတဲ့ပြဿနာလေးတွေကို၊ဒုက္ခလေးတွေကိုပင် သည်းမခံနိုင်ပဲခေါင်းဆောင်ဖြစ်သူတမန်တော်မူဆာ(အ)ကို ပြဿနာရှာကြပါတော့တယ်။ အီစ်ရာအီးလ်မျိုးနွယ်တွေ စောဒကတက်ပုံက `ငါတို့ အီဂျစ်ပြည်မှာနေရတာအကောင်းသားပဲ။ ကျွန်ပဲခံရခံရ၊ဘာပဲဖြစ်ဖြစ်၊ အခုတော့ သင့်အနောက်ကိုလိုက်ခဲ့မိလို့ ဒုက္ခရောက်ရပြီ။´ဆိုပြီးတမန်တော်မူဆာ(အ)ကိုအပြစ်တင်ရန်ရှာကြပါတယ်။

ကျမ်းမြတ်ကုရ်အာန်(၅း၂၁)မှာဒီလိုဖော်ပြထားပါတယ်။

“တမန်တော်မူဆာ(အ)က အို-အမျိုးသားအပေါင်းတို့ သင်တို့သည် `ကတိတော်လာနယ်မြေ´(Promised Land) သို့ ဝင်ရောက်ကြပါလေ။ ယင်းနယ်မြေသည်ကားအသင်တို့အတွက် အလ္လာဟ်အရှင်မြတ်သာသတ်မှတ် ပြဌာန်းထားပြီးသောနယ်မြေဖြစ်သည်။ သင်တို့နောက်ကြောင်းပြန်မလှည့်ကြလေနှင့်။ အကယ်၍ အသင်တို့ နောက်ကြောင်းပြန်လှည့်မည်ဆိုလျှင် လက်လွတ်ဆုံးရှုံးသူများဖြစ်သွားကြပေးလိမ့်မည်။” (ကုရ်အာန် – ၅း၂၁)

ဒီအာယသ်တော်ရဲ့ သဘောကတမန်တော်မူဆာ(အ)ဟာအီဂျစ်ပြည်ကနေအီစ်ရာအီးလ်မျိုးနွယ်တွေကိုကယ်ထုတ်လာပြီး၊ နောက်ဆုံးအလ္လာဟ်အရှင်မြတ်သတ်မှတ်နေရာပေးတဲ့ `အရ်ဒွါလ်မုကဒ္ဒဆ်´(ယခုဂျေရုစလင်) ဒေသအနီးကိုရောက်ရှိလာပါတယ်။ ဒီအခါမှာအလ္လာဟ်အရှင်မြတ်အမိန့်တော် ရှိတော်မူသည်နှင့်အညီသူ့ရဲ့နောက်လိုက် အီစ်ရာအီးလ်မျိုးနွယ်တွေကိုအဲဒီအလ္လာဟ်အရှင်မြတ် သတ်မှတ်ပေးတဲ့ နယ်မြေကိုဝင်ရောက် ကြဖို့ အမိန့်ပေးပါတယ်။ တစ်ဆက်တည်းမှာလည်းဒီနယ်မြေထဲကိုရဲရဲဝံ့ဝံ့ဝင်ရောက်ကြဖို့၊ဘယ်သူ့ကိုမှ မကြောက် ဖို့၊နောက်ကြောင်းပြန်မလှည့်ကြဖို့၊တကယ်လို့ နောက်ကြောင်းပြန်လှည့်မယ်ဆိုရင် ဘဝပျက်မယ်ဆိုတာကိုပါ သတိပေးပါတယ်။

အဲဒီတော့ ဒီကနေ့ နိုင်ငံရေးလောကမှာရေပန်းစားနေတဲ့ နောက်ကြောင်းပြန်လှည့်ခြင်းသဘောကိုကျမ်းမြတ်ကုရ်အာန်ထဲမှာလွန်ခဲ့တဲ့နှစ်ပေါင်း(၁၄ဝဝ)ကျော်ကတည်းကပျက်စီးဆုံးရှုံးခြင်းသဘောနဲ့ ဖော်ပြထားပါ တယ်။ ဒါဟာမှတ်သားစရာပါ။အဲဒီမှာရေသာခိုအချောင်လိုက်ချင်တဲ့ နောက်လိုက်တွေရဲ့သဘောဟာပေါ်ထွက် လာပါတော့တယ်။ အနေချောင်၊ အစားချောင်တဲ့ အချိန်မှာတော့ လူတွေဟာမှိန်းပြီးအချောင်လိုက်နေကြပါတယ်။ တကယ်နဖူးတွေ့၊ ဒူးတွေ့၊ ရင်ဆိုင်ရတဲ့အခါမှာတော့ အားလုံကြက်ပျောက်၊ ငှက်ပျောက် ဖြစ်သွားသလိုပေါ့။ အချောင်ခိုချင်တဲ့ နောက်လိုက်အီစ်ရာအီလ်တွေကခေါင်းဆောင်ဖြစ်သူတမန်တော်မူဆာ(အ)ကိုဘယ်လိုပြောသလဲဆိုတော့

“အီစ်ရာအီးလ်တို့ကပြောကြသည်မှာ–

အို– မူဆာ၊ ဧကန်အမှန်ပင် ယင်းနယ်မြေထဲ၌ ကြံ့ခိုင်ဖွံ့ဖြိုးအင်အားတောင့်တင်းသောလူမျိုးတစ်မျိုးရှိလေသည်။ ကျွန်ုပ်တို့အနေနှင့် ယင်းနယ်မြေထဲမှ ထိုသူတို့ မထွက်သွားသေးသမျှ ဝင်ရောက်ရန် အလျဉ်းမဖြစ်နိုင်ပေ။ အကယ်၍သူတို့ ထွက်ခွာပေးလျှင် ယင်းနယ်မြေထဲသို့ ကျွန်ုပ်တို့ ဧကန်အမှန်ပင် ဝင်ရောက်ကြပါမည်။” (ကုရ်အာန် -၅း၂၂)

အမှန်တကယ်မှာတော့ အလ္လာဟ်အရှင်မြတ်နေရာသတ်မှတ်ပေးတဲ့ ဒီ`ကတိတော်လာနယ်မြေ´ထဲမှာအလွန် မတန်မှ ခက်ထန်ပြီးတိုက်ရည်ခိုက်ရည်ကြွယ်ဝတဲ့ ပါလက်စတိုင်းအမျိုးသားတွေရှိနေပါတယ်။ သူတို့ကိုတိုက်ခိုက် မောင်းထုတ်ပြီးဒီနေရာကိုအီစ်ရာအီးလ်မျိုးနွယ်တွေကရယူရမှာဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ကဒီလိုနေရာရယူဖို့အမိန့်ပေးကြောင်းကုရ်အာန်(၂း၅၈)မှာလည်းဖော်ပြထားတာကိုလေ့လာနိုင်ပါတယ်။ ဒီအခါမှာခေါင်းဆောင်ဖြစ်သူတမန်တော်မူဆာ(အ)က ဘယ်လိုအမိန့်ပေးသလဲဆိုရင်-

“အလ္လာဟ်အရှင်မြတ်ကိုနာခံရိုကျိုးပြီးအလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတရားကိုသိတတ်နားလည်သူ နှစ်ဦးကဤသို့ဆိုလေသည်။ သင်တို့သည် ပင်မတံခါးပေါက်ကြီးမှ ဝင်ရောက်ကြပါ။ သင်တို့ဝင်လိုက်သည်နှင့် တစ်ပြိုင်နက်ဧကန်မုချ သင်တို့အောင်နိုင်ကြလိမ့်မည်။ အကယ်၍ သင်တို့သည် အီမာန်သက်ဝင်ယုံကြည်သူများဖြစ် ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ် သင်တို့အားထားယုံပုံလွှဲအပ်ကြပါလေ။” (ကုရ်အာန် ၅း၂၃)

ဒီအာယသ်တော်မှာဖော်ပြတဲ့ ကျေးဇူးသိတတ်သူနှစ်ဦးဆိုတာတမန်တော်မူဆာ(အ)နဲ့ ညီအစ်ကိုတော် ဟာရွန်(အ)တို့ကိုရည်ညွှန်းတာဖြစ်ပါတယ်။ ကုရ်အာန်အထောက်အထားအရဟာရွန်(အ)ဟာဒီခရီးစဉ်မှာလိုက်ပါလာတာကိုသမိုင်းဖြစ်စဉ်အနေနဲ့ မှတ်သားရပါတယ်။

“ထိုအခါ အီစ်ရာအီးလ်မျိုးနွယ်တို့ကဤသို့တုန့်ပြန်ကြလေသည်။

အို-မူဆာ၊ ထိုနယ်မြေအတွင်း၌ သူတို့(ပါလက်စတို်င်းတို့) ရှိနေသမျှကာလပတ်လုံးငါတို့သည် ယင်းနယ်မြေအတွင်းသို့ ဘယ်သောအခါမျှ ဝင်ရောက်ကြမည်မဟုတ်ပေ။ သို့ဖြစ်ရာ (ထိုနယ်မြေအတွင်းသို့ ငါတို့ဝင်ရောက်လိုလျှင်) သင်နှင့်သင့်ကိုပြုစုပျိုးထောင်သောအသင်၏အလ္လာဟ်တို့နှစ်ဦးသာလျှင်သွားရောက်ပြီးစစ်ခင်းတိုက်ခိုက်ကြပါလေ။ ကျွန်ုပ်တို့ကတော့ ဤနေရာမှတစ်ဖဝါးမျှ ရွေ့မည်မဟုတ်ပေ။” (ကုရ်အာန် – ၅း၂၄)

ဒီနေရာမှာခေါင်းဆောင်ကောင်းတစ်ဦးကိုအယုံအကြည်မရှိတဲ့နောက်လိုက်တွေရဲ့ အနေအထားကိုမီးမောင်းထိုးပြနေတာပါ။

“တမန်တော်မူဆာကအလ္လာဟ်အရှင်မြတ်ထံဤသို့လျှောက်တင်ပေပြီ။ အို- ကျွန်ုပ်၏ မွေးမြူရှင်၊ ကျွန်ုပ်နှင့် ကျွန်ုပ်၏နောင်တော်(ဟာရွန်နဗီ)တို့သည် မိမိတို့ကိုယ်မိမိတို့မှလွဲ၍ အခြားလုပ်ကိုင်ခွင့် ဘာမျှရှိတော့ သည်မဟုတ်ပေ။ သို့ဖြစ်ရာစည်းကမ်းဖောက်ဖျက်သွေဖည်သူမျိုးနွယ်စုများနှင့် ကျွန်ုပ်တို့၏အကြားခွဲခွဲခြားခြားစည်းခြားပေးလိုက်တော်မူပါ။” (ကုရ်အာန် – ၅း၂၅)

ဒီနေရာမှာ ကျွန်တော့်ဖက်ကတင်ပြချင်တာတစ်ခုရှိပါတယ်။ အမှန်တကယ်တော့ ခေါင်းဆောင်(Leadership)ရဲ့ သဘောသဘာဝကိုကပင် တစ်ဖက်မှာခေါင်းဆောင်မှုအပိုင်းတာဝန်ယူရပေမဲ့အခြားတစ်ဖက်မှာတော့ သူဟာနောက်လိုက်(Follower) ဖြစ်နေရပါတယ်။ ဆိုလိုတာကခေါင်းဆောင်ဆိုတာချမှတ်ထားတဲ့ မူဝါဒတစ်ရပ်ကိုနောက်လိုက်အဖြစ်နာခံလိုက်နာနေရတာပါ။ အကယ်၍ ခေါင်းဆောင်တစ်ဦးရဲ့ နောက်ကိုနောက်လိုက်တွေကမှန်မှန်ကန်ကန်လိုက်နာမှု မရှိပဲဦးနင်းပဲ့ထောင်၊ ပဲ့နင်းဦးထောင်ဖြစ်နေမယ်၊ခေါင်းဆောင်ကို ပြဿနာရှာနေမယ်၊ ဆိုရင်တော့ အဲဒီအဖွဲ့အစည်းဟာ `ဖါဆစ်က်´တွေဖြစ်ပြီး၊ ပျက်သုဉ်းသွားမှာပဲ ဖြစ်ပါတယ်။ အရင်တုန်းက ကျွန်တော်တို့ကြားဖူးတာကမုတ်ဆိတ်မထားရင် `ဖါဆစ်က်´ဖြစ်မယ်လို့ ပြောကြတယ်။ ကုရ်အာန်မှာကတော့ မှန်ကန်တဲ့အရည်အချင်းရှိတဲ့ ခေါင်းဆောင်းအနောက်ကိုမှန်မှန်ကန်ကန်မလိုက်ရင် `ဖါဆစ်က်´လို့ သတ်မှတ်ပါတယ်။

ကောင်းပါပြီ။ နောက်လိုက်ကောင်း (Good Follower) မဖြစ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ဟာဘာဖြစ်သွားသလဲဆိုတာကို `ဘနီအီစ်ရာအီးလ်´မျိုးနွယ်တွေကိုအကြောင်းပြုပြီးကုရ်အာန်(၅း၂၆)မှာဘယ်လိုဖော်ပြထားသလဲဆိုတာတင်ပြရင်းနဲ့ နိဂုံးချုပ်ပါမယ်။

“အလ္လာဟ်အရှင်မြတ်သည် ဤသို့ဆုံးဖြတ်ချက်ချလိုက်ပေပြီ။ ဧကန်မုချ ဤ`ကတိတော်လာနယ်မြေ´ နှင့် ပတ်သက်၍ အီစ်ရာအီးလ်မျိုးနွယ်တို့ အပေါ်ဝယ်နှစ်ပေါင်း(၄ဝ)တိုင်တိုင် ဝင်ရောက်နေထိုင်ခွင့်ကိုတားမြစ်ပိတ်ပင် လိုက်ပေသည်။ သူတို့သည် ဤပထ၀ီမြေပေါ်၌ ဒေသမဲ့၊နယ်မြေမဲ့များ ဖြစ်ကြရပေပြီး။ သင်တမန်တော်(မူဆာ)သည် စည်းကမ်းဖောက်ဖျက်သူ ဤ(အီစ်ရာအီးလ်)မျိုးနွယ်အတွက် ပူဆွေးဝမ်းနည်းခြင်းမရှိလေနှင့်။” (ကုရ်အာန် ၅း ၂၆)

ဟုတ်ကဲ့ပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်အနောက်ကိုမှန်မှန်ကန်ကန်မလိုက်နိုင်တဲ့ နောက်လိုက်တွေရဲ့ဘဝနိဂုံးဟာပျက်စီးဆုံးရှူံးမှုနဲ့သာရင်ဆိုင်ရမှာဖြစ်ကြောင်းတင်ပြရင်းနဲ့ နိဂုံးချုပ်လိုက်ရပါတယ်။