ရေ မုဖ်သီ ဦးသန်းအောင် (LL.B)
ရေ
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျွမ္မာဟ်ခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော်ဒီကနေ့တင်ပြမယ့် ခေါင်းစဉ်ကတော့ “ရေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ နေ့စဉ် ထုတ်သတင်းစာများကို ဖတ်နေတဲ့ကျွန်တော် ပြီးခဲ့တဲ့တစ်ပါတ် ဆယ်ရက်လောက်က ကြော်ငြာတွေကို တွေ့ခဲ့ပါ တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲ့ဒီနေ့ကစပြီး ဒီကနေ့မနက်ထိ ကျွန်တော်တို့ ရန်ကုန်မြို့နဲ့ အနီးတ၀ိုက်မှာ ရေ ပြတ်လတ်မှုနဲ့ ကြုံနေရပါတယ်။ ရေရဲ့တန်ဖိုးကို ရေမလာတဲ့အချိန်မှာ လူတော်တော်များများက သိလာကြပါတယ်။
၂၁.၃.၂၀၁၅ မနက်ဖြန်ဟာ “အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့” ဖြစ်ပါတယ်။ ပြီးတော့ ၂၂.၃.၂၀၁၅ ရက်နေ့ဟာ `ကမ္ဘာ့ရေနေ့´ဖြစ်ပါတယ်။ ၂၃.၃.၂၀၁၅ ရက်နေ့ဟာ “ကမ္ဘာ့မိုးလေ၀သနေ့” ဖြစ်ပါတယ်။ အဲ့ဒီနေ့တွေ ကို ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံတော်အဆင့်အနေနဲ့ အထိမ်းအမှတ်ပြုပြီး ကျင်းပလျက်ရှိပါတယ်။ လွန်ခဲ့သော နှစ်သန်းပေါင်း ၄၅၀၀ ခန့်က ကမ္ဘာကြီး စတင်ပေါ်ပေါက်ခဲ့ကြောင်းနှင့် လွန်ခဲ့သောနှစ်သန်းပေါင်း ၃၅၀၀ ရောက်ခဲ့ သောအခါ သမုဒ္ဒရာ မြေမျက်နှာပြင်မှာ Algae (အလ်ဂျေး)လိုအရာတွေ စတင်ဖြစ်ပေါ်လာပြီး ယင်းသည် သက်ရှိ လောက၏အစလို့ သတ်မှတ်ထားကြောင်း ပညာရှင်များက ဆိုကြပါတယ်။
ယခုကာလကိုကြည့်မယ်ဆိုရင်တော့ နွေရာသီရောက်သည်နှင့်အမျှ ရာသီဥတုဟာ အလွန်ပဲပူပြင်းလာနေ တာကို လူကြီးမင်းများတွေ့ရမှာ ဖြစ်ပါတယ်။ လူသားတွေဟာ နိစ္စဓူဝ အလုပ်လုပ်ကိုင် စီးပွားရှာဖွေရှင်သန် လှုပ်ရှားရုန်းကန်နေကြရင်း မိမိတို့ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ရေဓါတ်တွေ ကုန်ခမ်းလာတာကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီကုန်ခမ်းလာတဲ့ ရေဓါတ်ကို ပြန်ဖြည့်ဆည်းဖို့အတွက် သောက်သုံးရေဟာ မရှိမဖြစ်လိုအပ်ပါတယ်။
လူသားတွေအပါအ၀င် သက်ရှိဆိုတဲ့ ဇီဝတွေအသက်ရှင်ရပ်တည်နေနိုင်ရေးအတွက် “ရေ”ဟာ မရှိမဖြစ် အရေးပါ အရာရောက်တဲ့ ပစ္စည်းတစ်ခုဖြစ်တယ်ဆိုတာ လူကြီးမင်းများအားလုံး သိရှိပြီးဖြစ်ပါတယ်။ ရေနဲ့ပတ်သက် ပြီး မြန်မာမှုနယ်ပယ်မှာဆိုရင် “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဆိုပြီး ခိုင်းနှိုင်းထားတာတွေ ရှိရမှာဖြစ်ပါတယ်။
မွတ်ဆလင်မ်တွေအတွက်တော့ ရေအသက်ဟာ တစ်မနက်မဟုတ်ပဲ တစ်ရက်တော့ ခံနိုင်ရည်ရှိပါတယ်။ ဘာကြောင့်လဲဆိုရင် ဆွီယာမ်တည်ဆောက်တဲ့အခါ တစ်ရက်လုံးလုံး ရေမသောက်ပဲ နေနိုင်တာကိုကြည့်ရင် ရေအသက်က တစ်မနက်မဟုတ်ဘဲ တစ်ရက်ခံနိုင်တာကိုတွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီတော့ သက်ရှိရဲ့အစကို ပညာ ရှင်တွေက မည်သို့ပင် ဖော်ပြထားစေကာမူ ကျမ်းမြတ်ကုရ်အာန်မှာ “သက်ရှိအစအဘယ်က” ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ဖို့ လိုလာပါပြီ။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂၁း၃၀)မှာ-
“ကာဖိရ်လို့ခေါ်တဲ့ အလ္လာဟ်အရှင်မြတ်ကို မယုံကြည်၊ ငြင်းပယ်ပြီး၊ သွေဖီ၊ ဖုံးကွယ်၊ ဆန့်ကျင်နေတဲ့ လူတွေ ဟာ အသိဥာဏ် ဆင်ခြင်တုံတရားကို အသုံးပြုပြီး သူတို့လေ့လာဆည်းပူး သုတေသနပြု၊ မစူးစမ်း၊ မဆင်ခြင်ကြ ဘူးလား။ ဧကန်စင်စစ် စကြ၀ဠာ၊ အာကာသမိုးကောင်းကင်နဲ့ ကမ္ဘာဂြိုဟ်ဟာ မူလအနေအထားတုန်းက ပူးကပ်လျက် ပိတ်လျက် ရှိနေတယ်ဆိုတာ ကြည့်လိုက်ရင် သိသင့်ပါတယ်။ အဲဒီမူလ ပူးကပ်နေတဲ့ အခြေအနေ စကြာဝဠာ အနန္တ နဲ့ ကမ္ဘာဂြိုဟ်ကို အလ္လာဟ်ရှင်မြတ်ကပဲ ဖွင့်ပေးပြီးခွဲခြားလိုက်တယ်။”
ကမ္ဘာဂြိုဟ်က ကမ္ဘာဂြိုဟ်၊ အနန္တစကြာဝဠာမှာရှိတဲ့ ဂြိုဟ်တွေကိုလည်း သီးခြား၊ သီးခြားစီ ခွဲခြားလိုက် တယ်။ “ပြီးတာနဲ့ ရှိရှိသမျှသော သက်ရှိဇီဝအားလုံးကို အလ္လာဟ်အရှင်မြတ်က ရေကနေ ပြုလုပ်ဖန်တီးထားတော် မူခဲ့တယ်။” ဒါကြောင့် ကျမ်းမြတ်ကုရ်အာန်အရ သက်ရှိတွေရဲ့အစဟာ ရေကဖြစ်တယ်လို့ ဖော်ပြထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်အခုနောက်ပိုင်း ပညာရှင်တွေ စုစည်းထားတဲ့ နာဆာအဖွဲ့နဲ့ တော်တော်များများ သိပ္ပံပညာရှင် တွေဟာ စကြ၀ဠာထဲမှာရှိတဲ့ ဂြိုဟ်တွေကို သွားရောက်စူးစမ်းလေ့လာတဲ့အခါ ပထမဦးဆုံး ရှာဖွေတာဟာ ရေဖြစ်ပါ တယ်။ ဘာကြောင့်လဲဆိုရင် အဲ့ဒီဂြိုဟ်မှာ ရေသာရှိခဲ့ရင် အဲ့ဒီဂြိုဟ်မှာ သက်ရှိတွေရှိဖို့ အလားအလာရှိတယ်လို့ သူတို့တွက်ချက်သတ်မှတ် လာကြပါတယ်။ တနည်းအားဖြင့် `သက်ရှိအစ၊ ရေက´ဆိုတာကို သိပ္ပံပညာရှင်တွေ နားလည်သဘောပေါက်လက်ခံ လာကြခြင်းဖြစ်ပါတယ်။
အလ္လာဟ်အရှင်မြတ်က (အဖှလာ ရုအ်မိနူးန်)ဆိုပြီး မေးခွန်းမေးထားပါတယ်။
“သူတို့သက်ဝင်ယုံကြည်မှု မရှိကြဘူးလားလို့ မေးထားပါတယ်။” အဲဒီလို ရေကနေဖြစ်လာတဲ့ သက်ရှိဆိုတဲ့ ဇီဝမျိုးစုံထဲမှာ ဇီဝမျိုးကွဲတွေကိုလည်း အလ္လာဟ်အရှင်မြတ်က ဖြစ်ထွန်းပေါ်ပေါက်စေထားတော်မူတဲ့ အကြောင်းကို အလ္လာဟ်အရှင်မြတ်က ဆူရာဟ်(၂၄း၄၅)မှာ အခုလိုဖော်ပြထားပါတယ်။
“အလ္လာဟ်အရှင်မြတ်သည် သွားလာလှုပ်ရှားလျက်ရှိသော (သက်ရှိဇီဝမျိုးစုံ) သတ္တ၀ါအသီးအသီးကို ရေမှ ဖြစ်ထွန်းပေါ်ပေါက်စေတော်မူခဲ့သည်။ ၀မ်းဗိုက်ဖြင့်တွား၍သွားသော သတ္တ၀ါများ၊ ခြေနှစ်ချောင်းဖြင့်သွားသော သတ္တ၀ါ၊ ခြေလေချောင်းဖြင့် သွားသောသတ္တ၀ါ စသဖြင့် အလ္လာဟ်အရှင်မြတ်သည် အလိုရှိတော်မူသောအရာကို စီရင်ဖြစ်ထွန်းစေတော်မူသည်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူပေသည်။” ကုရ်အာန် (၂၄း၄၅)
စောစောက အာယသ်(၂၁း၃၀)မှာ (ဂျအလ)ဆိုတဲ့ ပြုလုပ်ဆောင်ရွက်မှုကိစ္စ(Made)ကို ဖော်ပြပြီးတော့ အခုအာယသ်(၂၄း၄၅)မှာတော့ (ခလက) ဖြစ်ထွန်းပေါ်ပေါက်စေတော်မူထားခြင်းဆိုတဲ့ စကားလုံးကို သုံးစွဲထား တာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လေ့လာတွေ့ရှိချက်ကို ဖော်ပြရရင် (ခလက)ဆိုတဲ့အပိုင်းကို ရှေးဦးစွာစီရင် ဆောင်ရွက်ထားသည်။ (ဂျအလ)ဆိုတဲ့အပိုင်းကို ဆောင်ရွက်တာဟာ နောက်ကျတဲ့အနေအထားမှာရှိပါတယ်။
နောက်တစ်ခါ (ဂျအလ)ဆိုတဲ့ ဆောင်ရွက်ချက်ကို ဆောင်ရွက်တဲ့အခါမှာ ကုန်ကြမ်းပစ္စည်းရှိပြီးတဲ့ အချိန် မှာ ဆောင်ရွက်တဲ့ ဆောင်ရွက်မှုမျိုးကို ဖော်ညွှန်းတဲ့အခါမှာ ဖော်ပြပါတယ်။ ဒါကြောင့် ကုန်ကြမ်းကနေ ကုန်ချော ထုတ်ပြီးတဲ့အခါမှာ Made in Myanmar : Made in Japan ဆိုတဲ့ ပုံစံမျိုး အရဗီမှာလည်း (ဂျအလ-ယဂ်ျအလု) ဆိုပြီး သုံးထားတာတွေ့ရပါတယ်။
ဒါ့အပြင် အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၂း၁၆၄)မှာ အကြောင်းအရာမျိုးစုံကို သေသေချာချာ စနစ်တကျ၊ တိတိကျကျ ဖော်ပြထားတာကိုလည်း လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။
၁။ ဧကန်စင်စစ် စကြ၀ဠာမိုးကောင်းကင်များ၊ ကမ္ဘာဂြိုဟ်ကို ဖြစ်ထွန်းပေါ်ပေါက်စေခြင်း၌လည်းကောင်း
စကြ၀ဠာကြီးသည် ကြီးကျယ်ခမ်းနားဆန်းပြား၊ ကျယ်ဝန်းစွာတည်ရှိပြီး နေသားတကျ စနစ်ဇယား နှင့်အညီ၊ တိုင်းတာသတ်မှတ်ထားမှုနှင့်အညီ တည်ရှိနေသည်။ အာကာသ မိုးကောင်းကင်၌ နေ၊ လ ၊ကြယ်တာရာ၊ ဂြိုဟ်အသေးအကြီး နက္ခတ်များ အချိန်နှင့်တပြေးညီ မိမိလမ်းကြောင်းအတိုင်း ကူးလူးပျံခတ် သွားလာစီးမျောလျက် ရှိသည်။ ၎င်းအပြင် ကမ္ဘာဂြိုဟ်သည် လွန်စွာထုထည်ကြီးမားလှ၏။ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ သဘာဝ အရင်းအမြစ်၊ သယံဇာတများ ပေါကြွယ်စွာတည်ရှိသည်။ သစ်တောကြီးများ၊ ဥယျာဉ်ခြံမြေ၊ သစ်သီးဝလံ၊ ပန်းမာလ်မျိုးစုံ၊ အရောင်အသွေးမျိုးစုံ၊ ရနံ့မျိုးစုံ၊ အရွယ်အစားမျိုးစုံနှင့် စားနပ်ရိက္ခာအများအပြားကို ပေါက်ရောက် စေလျက် ရှိပါသည်။ မြေအောက်သယံဇာတ အရင်းအမြစ်အဖြစ် ကမ္ဘာမြေအတွင်းပိုင်းမှ တွင်းထွက်သယံဇာတ မျိုးစုံ၊ သစ်တော သယံဇာတ၊ ရေအရင်းအမြစ် သယံဇာတစတဲ့ သဘာဝသယံဇာတမျိုးစုံကို၊ အလ္လာဟ်အရှင်မြတ်ရဲ့ အစီအမံနဲ့ဖြစ်ထွန်းစေတော်မူထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါကို ဥာဏ်စဉ်မြင့်မားတဲ့လူသားတွေသာ သိနားလည် သဘောပေါက်နိုင်ကြောင်း ဒီအာယသ်မှာ ဖော်ပြထားပါတယ်။
၂။ ညဉ့်နှင့်နေ့ ပြောင်းလဲခြင်း၌လည်းကောင်း
ကြည့်လိုက်တော့ ညနဲ့နေ့၊ ကျမ်းမြတ်ကုရ်အာန်ရဲ့ စကားလုံးဖွဲ့စည်းပုံတွေကိုကြည့်ရင်၊ သိပ္ပံပညာရှင်တွေ မျက်စိလည်သွားစေပါတယ်။ ပြီးရင် အသိတရားတွေ ရလာပါတယ်။ ပြီးတော့ သူတို့တွေ အလ္လာဟ်ကို မယုံရင် မဖြစ်တော့လောက်အောင် ဖြစ်ပြီးတော့ ယုံလာကြရပါတယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဖွဲ့စည်းပုံက သိပ္ပံရဲ့ရှုမြင်သုံး သပ်ပုံတွေကို သင်ပေးနေသလိုဖြစ်ပါတယ်။ သိပ္ပံပညာကလက်ခံထားတာကလည်း လောကကြီးမှာ ညကအရင် လာတယ်။ မြန်မာမှုမှာ နေ့နဲ့ညလို့ပြောနေပေမယ့် တကယ်ကတော့ ညကအရင်လာတယ်။ နေ့ကနောက်မှလာ တယ်။ အဲဒီညနဲ့နေ့နဲ့ ကွဲပြားနေတဲ့ အခြေအနေမှာလည်း အလ္လာဟ်အရှင်မြတ်ရဲ့ စီမံထားရှိမှုပေါ်လွင်နေတာကို တွေ့ရပါတယ်။ ကမ္ဘာဂြိုဟ်အနှံ့အပြားကို နေကအလင်းစွမ်းအင်၊ အပူစွမ်းအင်နှင့် လက အလင်းရောင်နှင့်အေးမြမှု ရသတို့ကို ပေးလျက်ရှိတယ်။ ပြီးတော့ လူသားတွေဟာ အဲ့ဒီနေနဲ့လကို ကြည့်ပြီးတော့ အချိန်ကာလအပိုင်းအခြား သတ်မှတ်မှုအနေနဲ့ နာရီ၊ နေ့ည၊ နေ့ရက်၊ အချိန်၊ လ၊ နှစ်(ခုနှစ်သက္ကရာဇ်) ပိုင်းခြားတွက်ချက်မှုတို့ကို အသုံးပြုလျက်ရှိနေကြတယ်။ ထို့ကြောင့် နေ့(အလုပ်လုပ်ချိန်)နှင့် ည(အနားယူအပန်းဖြေချိန်)ဆိုပြီး လူသားတို့အတွက် အကျိုး ကျေးဇူးများ ဖြစ်ထွန်းစေခြင်းကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးသနားတော်မူတာ တွေ့ရမှာဖြစ်ပါတယ်။
၃။ လူသားတို့အား အကျိုးကျေးဇူးဖြစ်ထွန်းစေသော ကုန်စည်ပစ္စည်းများကို တင်ဆောင်၍ ပင်လယ်များတွင် စုံဆန် သွားလာနေသော ရေယာဉ်(သင်္ဘော)များ၌လည်းကောင်း
လူသားတို့အတွက် ကုန်စည်ပစ္စည်းများ အများဆုံးနှင့်လေးလံသော ပစ္စည်းများသယ်ယူပို့ဆောင်ရေးတွင် ရေယာဉ်(သင်္ဘော)များသည် အလွန်အရေးပါသည်။ ကမ္ဘာတစ်ဝှမ်း အတိုင်းတိုင်း၊ အပြည်ပြည် ပြည်တွင်းပြည်ပသို့ သင်္ဘောများဖြင့် ကုန်စည်များတင်ဆောင် သွားလာလျက်ရှိသည်။ ကုန်းကြောင်း၊ လေကြောင်းတို့ဖြင့် သယ်ယူမရ နိုင်သော ထုထည်ကြီးမား အလေးချိန်မြင့်မားသော ကုန်စည်များကို ရေကြောင်းမှ ရေယာဉ်(သင်္ဘော)များဖြင့် သယ်ယူကြရပါသည်။ ကျမ်းမြတ်ကုရ်အာန်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက သင်္ဘောနှင့်ကုန်စည် သယ်ယူပို့ဆောင်မှု၊ ဒါကိုစတင်ပြသသွားခဲ့သူက တမန်တော်မြတ်နူးဟ်(အ)ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက သင်္ဘောနဲ့ကုန်စည်ပို့ဆောင်ခြင်းဟာ လူသားတွေကို ပိုမိုအကျိုးဖြစ်ထွန်းစေတယ်ဆိုတာ ပြသခဲ့ ပါတယ်။ ဒါကြောင့် လူသားတွေအတွက် ကုန်စည်ပစ္စည်း သယ်ယူတဲ့နေရာမှာ ရေကြောင်းနဲ့ သယ်ယူခြင်းဟာ အခြားလမ်းကြောင်းများထက် ပိုမိုများပြားစွာ အကျိုးကျေးဇူးဖြစ်ထွန်းစေပါတယ်။ ဒါပေမယ့် စည်းကမ်းနည်းလမ်း တွေကိုလေးစားလိုက်နာဖို့တော့ လိုအပ်ပါတယ်။ သင်္ဘောများ သွားလာလျက်ရှိရာမှ ရေတက်၊ ရေကျ၊ ရေစီးရေလာ၊ ရာသီဥတု အခြေအနေ၊ လေကြောင်းအနေအထား စတဲ့ပညာရပ်မျိုးစုံကို သိနားလည်အောင် ကြိုးစား လာရခြင်းဖြစ်ပါတယ်။
၎။ အလ္လာဟ်အရှင်က မိုးကောင်းကင် အာကာသမှတဆင့် ရေကိုမိုးရေအဖြစ် ရွာသွန်းစေတော်မူတယ်။ ခြောက်သွေ့ကွဲအက်ကာ စိုက်ပျိုးရန် လုံးဝမဖြစ်နိုင်တော့သည့် မြေသေကို ပြန်လည်ရှင်သန်စေပြီး မြေဆီမြေနှစ် မြေသြဇာဖြစ်ကာ စိုက်ပျိုးလိုသမျှ သီးနှံမျိုးစုံကို အောင်မြင်ဖြစ်ထွန်းစေပါတယ်။ ဒါ့အပြင် ရွာသွန်းမိုးရေများက မြေဆီမြေနှစ် အဲ့ဒီအောက်က နုံး၊ သဲ၊ ကျောက်တို့မှတဆင့် မြေလွှာအောက်ရှိ ရေရှိရာရေကြောင်းသို့ စီးဝင်သွားစေ ပြီး လူသားတို့အတွက် မြေအောက်ရေအရင်းအမြစ်အဖြစ် ထုတ်ယူသုံးစွဲနိုင်ပါတယ်။ ဒါတွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ လူသားတို့အတွက် စီမံဆောင်ရွက် ကျေးဇူးပြုထားတော်မူထားတဲ့ ကျေးဇူးတော်ပဲဖြစ်ပါတယ်။
၅။ ထိုပထ၀ီမြေကြီး၌ ပေါက်ပွားပျံ့နှံ့စေတော်မူသော ဇီဝမျိုးကွဲမျိုးစုံ သက်ရှိသတ္တ၀ါမျိုးစုံတို့၌လည်းကောင်း
၆။ စကြ၀ဠာအာကာသနဲ့ ကမ္ဘာဂြိုဟ်ကြားမှာ လူတွေအတွက် မရှိမဖြစ်အရေးကြီး လိုအပ်တဲ့အရာတစ်ခု ရှိပါ တယ်။ လေ ဖြစ်ပါတယ်။ အဲ့ဒီလေ ဘယ်လိုလှည့်လည် တိုက်ခတ်စေထားတော်မူထားခြင်း၌ လည်းကောင်း
၇။ အာကာသနှင့် ကမ္ဘာဂြိုဟ်စပ်ကြားတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို နာခံနေကြသော မိုးတိမ်များ၌ လည်းကောင်း
“ဆင်ခြင်ဥာဏ်အမြော်အမြင် အရင်းခံ၍ စဉ်းစားဆင်ခြင် တွေးခေါ်မြော်မြင်သော ဥာဏ်စဉ်မြင့်မား လူသား တို့အဖို့ အလ္လာဟ်အရှင်မြတ် တည်ရှိတော်မူကြောင်း သက်သေလက္ခဏာတော်များ အသေအချာရှိနေပေသည်။”
ဒီအာယသ်တော်ကို ဆက်လက်လေ့လာလိုက်ရင်-
`မိုး´သည် ရာသီဥတုအလိုက် ရွာသွန်းလျက်ရှိသည်။ လွန်စွာအရေးပါသည်။ ထို မိုးရေကြောင့် လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေရှိ စိုက်ပျိုးပင်များ၊ သစ်ပင်ကြီးငယ်များ ပေါက်ရောက်လျက်ရှိသည်။ ထိုသစ်တောများ များစွာတည်ရှိသည့် နေရာတွင် မိုးကောင်းကင်တတ်ပြန်၏။ ထိုမိုးရေကို လူတို့ကအသိပညာ၊ အတတ်ပညာ၊ နည်း ပညာများ အသုံးပြုလျက် သိုလှောင်ထားကြရသည်။
ကမ္ဘာ့မြေမျက်နှာပြင်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ရေထုဖြင့် ဖုံးလွှမ်းထားပါသည်။ ထိုရေထုများအနက် ၉၆ ရာခိုင်နှုန်းကျော်သည် ပင်လယ်သမုဒ္ဒရာ၊ မြစ်ချောင်း၊ အင်းအိုင်များတွင်တွေ့ရသည်။ ကျန်ရေသယံဇာတသည် မြေအောက်ရေနှင့်ရေငွေ့အဖြစ် တွေ့နိုင်ပါသည်။ သက်ရှိသတ္တ၀ါအားလုံး အထူးသဖြင့် လူတို့အတွက် ရေသည်မရှိ မဖြစ်လိုအပ်လျက်ရှိသည်။
`လေ´သည် ရာသီဥတုအလိုက် တိုက်ခတ်လျက်ရှိသည်။ လေနုအေး၊ လေပြေလေညင်း၊ လေကောင်း လေသန့်၊ လေပြင်း၊ မုန်တိုင်း၊ လေပွေ စသဖြင့် အဆင့်ဆင့်ရှိသည်။ လေသည် ရေထုမှဖြစ်ပေါ်လာသော ရေခိုး ရေငွေ့များကို ကမ္ဘာ့အရပ်ဒေသ အသီးသီးသို့ ပို့ဆောင်လျက်ရှိသည်။ သက်ရှိသတ္တ၀ါတို့သည် လေကိုရှုရှိုက်ကြရ ၏။ အလ္လာဟ်အရှင်မြတ် ဖြစ်ထွန်းစေတော်မူထားသော `လေ´ကို သက်ရှိသတ္တ၀ါနှင့် လူသားတို့မည်သည့် အဖိုး စားနား တစ်စုံတစ်ရာမှ ပေးရန်မလိုဘဲရှုရှိုက်ကြရ၏။ သို့သော် တစ်ချိန်ချိန်တွင် ထို `လေ´ကိုပင် အဖိုးစားနား သတ်မှတ်ပေးချေ၍ ၀ယ်ယူကြရလေသည်။ ရေနှင့်လေတို့သည် ကမ္ဘာပေါ်တစ်ခွင် အရေးကြီးဆုံးနှင့် အပေါများဆုံး လည်းဖြစ်ပါသည်။
မိုးရေနှင့် ပတ်သက်ရင် နည်းနည်းသတိထားရမယ့် အချက်တော့ ရှိပါတယ်။ သစ်ပင်တွေများများပေါက် ခြင်းနှင့် မိုးများများရွာခြင်းဟာ ဆက်စပ်နေပါတယ်။ သစ်ပင်တွေကို စည်းကမ်းမဲ့ များများခုတ်လိုက်ပြီဆိုရင် မိုးဟာ နည်းသွားပါလိမ့်မယ်။ မိုးနည်းပြီဆိုရင် အဲ့ဒီဒေသဟာ ရေရှားပါးလာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ မြန်မာ နိုင်ငံရဲ့ အလယ်ပိုင်းဒေသကို မိုးနည်းရေရှားရပ်ဝန်းလို့ ခေါ်ပါတယ်။ အဲ့ဒီလို ဘာလို့ဖြစ်ရသလဲဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ၀န်းကျင်လောက်က သူတို့ရဲ့စိတ်ကူးဆန္ဒနဲ့ လုပ်ကိုင်ဖွယ်ရာရှိသည်များကို သစ်ပင်တွေ မြောက် များစွာ ခုတ်ပစ်လိုက်တဲ့အတွက် မိုးခေါင်လာခြင်းဖြစ်ပါတယ်။ မိုးခေါင်လာတဲ့အတွက် ရေရှားပါးပြတ်လတ်မှု ဖြစ်လာပါတယ်။ ရေဒုက္ခကို ခံစားလာကြရပါတယ်။ သစ်တော သစ်ပင်နဲ့ ရေရရှိရေးဟာ အပြန်ပြန်အလှန်လှန် ဆက်စပ်နေတဲ့အတွက် တိုက်ရိုက်အချိုးညီတယ်ဆိုရင် မမှားပါဘူး။
လူသားတွေအတွက် အရေးပါအရာရောက်လှတဲ့ မိုး၊ မြေ၊ ရေ၊ လေ၊ နက္ခတ်တာရာ၊ ကြယ်တာရာ၊ ပင်လယ်သမုဒ္ဒရာတွေဟာ အချင်းချင်းအမှီသဟဲပြု ဆက်သွယ်လျက်ရှိနေတာကို လေ့လာတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။ တစ်ခုနှင့်တစ်ခု အပြန်အလှန်ကျေးဇူးပြု အားအင်ဖြည့်တင်းလျက်ရှိနေတာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။
ဤအခြင်းအရာများသည် စကြ၀ဠာ၊ အာကာသမိုးကောင်းကင်များ၏ ကမ္ဘာဂြိုဟ်တို့ကို မရှိရာမှရှိရာသို့ ဆင့်ကဲဖြစ်ထွန်းပေါ်ပေါက်စေတော်မူသော အလ္လာဟ်အရှင်မြတ်၏ ရွှေလက်ရာတော်ဖြစ်တယ်ဆိုရင်လည်း မမှားပါ ဘူး။
ဆက်လက်ပြီး ကျွန်တော်တို့`ရေ´ရဲ့အကြောင်းကို တင်ပြချင်ပါတယ်။ ကမ္ဘာ့လူဦးရေ တစ်နေ့ထက်တစ်နေ့ များပြားတိုးပွားလာနေသဖြင့် ကမ္ဘာ့အရပ်ဒေသအသီးသီးတွင် ရေအရင်းအမြစ်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုတင်စီမံ ဆောင်ရွက်ထားခဲ့ကြပါသည်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ လွန်ခဲ့တဲ့ ၁၀ရက်လောက်က ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတဟောင်း မြန်မာနိုင်ငံကို ရောက်လာပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ်အတွက် ရေအရင်းအမြစ် အသုံးချရေးကိစ္စ ကို သူတို့နိုင်ငံမှာ လုပ်ကိုင်ဆောင်ရွက်မှုကိစ္စတွေ လာရောက်တင်ပြသွားတာ တွေ့ရပါတယ်။
သို့သော် လက်ရှိကမ္ဘာ့လူဦးရေ ခန့်မှန်း(သန်း ၁၀၀၀)သည် ရေဖူလုံစွာ မရသေးသည့်အပြင် သန်းပေါင်း ၂၅၀၀ခန့်သည်လည်း သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာမရရှိကြသေးပါ။ ဒီနေရာမှာ ဒီအကြောင်း ကို ကျွန်တော်တင်ပြခဲ့တာဟာ အကြောင်းရှိပါတယ်။
ကျွန်တော်တို့ ပိုက်ခေါင်းလေးဖွင့်လိုက်တာနဲ့ ကျွန်တော်တို့ အိမ်မှာရေအဆင်သင့်ရတယ်။ ဘာမှမဖြစ်ဘူး။ တကယ်တော့ ရေနဲ့ပတ်သက်ရင် ကျွန်တော်ထင်တယ်။ ကိုယ်ချင်းစာတရားဟာ ရေနဲ့ပတ်သက်ရင် လူတွေမှာရှိဖို့ လိုအပ်ပါတယ်။ ကားမောင်းနေတဲ့ ကားဆရာတစ်ယောက်ဟာလည်း ကိုယ်ချင်းစာတရားရှိရမှာပါ။ သူဘယ် လောက် ဆွဘရ်ရှိသလဲ။ ဘယ်လောက်နှုတ် ယုတ်ရင်းကြမ်းတမ်းသလဲ၊ ဘယ်လောက်စိတ်လိုက်မာန်ပါ လုပ်တတ် သလဲ၊ ဘယ်လောက်ဆဲရေးတိုင်းထွာတတ်သလဲ၊ ကိုယ်ချင်းစာတရား ဘယ်လောက်မရှိဘူးလဲ၊ ဘယ်လောက်ရှိသ လဲ၊ အားလုံးပေါ်လွင်ပါတယ်။
ရေနဲ့ပတ်သက်ပြီး တိုင်းပြည်နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ် ဖွံ့ဖြိုးတိုးတက်မှုရှိုခြင်း၊ မရှိခြင်း ရေကောင်း ရေသန့်၊ ရေဖူလုံစွာရရှိမှုရှိခြင်းတို့ အပြန်အလှန် ဆက်စပ်လျက်ရှိပါသည်။ ကြည့်လိုက် စုတ်ပြတ်နုံခြာ၊ စနစ်ဇယား မှားယွင်းနေတဲ့တိုင်းပြည်နိုင်ငံတွေမှာပဲ ရေရှားပါးတဲ့ ဒဏ်ကိုခံနေရပြီးတော့၊ စီးပွားရေး မဖွံ့ဖြိုးသေးတဲ့ အရပ်ဒေသ မှာပဲ ရေရှားတဲ့ဒဏ်ကို ခံနေရပြီးတော့ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ နိုင်ငံတွေမှာ ရေရှားပါးမှုဒဏ်ကို မခံစားရပါဘူး။ ဘာကြောင့်လဲ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ စင်္ကာပူလိုနိုင်ငံမှာ ရေရှားပါးတဲ့အချိန်က မလေးရှားနိုင်ငံက နှစ်ချုပ်နဲ့ ရေ၀ယ်သုံးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ စင်္ကာပူဟာ ရေဆိုးရေညစ်ကနေ ရေသန့်ထုတ်နိုင်အောင် ကြိုးစားဆောင် ရွက်ခဲ့ပါတယ်။
ဒါကြောင့်တိုင်းပြည်နိုင်ငံတစ်ခု၊ လူ့အဖွဲ့အစည်းတစ်ရပ် မှားယွင်းတဲ့စနစ်ဇယားအောက်မှာ လျှောက်လှမ်း ခဲ့ရင် အဲ့ဒီတိုင်းပြည်၊ အဲ့ဒီလူ့အဖွဲ့အစည်းမှာနေတဲ့လူတွေ စကားစပ်လို့ပြောရရင် နေတဲ့လူတွေသေလိုက်ဖို့ပဲရှိတယ်။ လာမယ့် ၂၀၂၅ ခုနှစ်ခန့်မှာတော့ ရေနှင့်ဆက်စပ်သော ရောဂါများ ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ခန့်(လူကြီးမင်းတို့ ကျွန်တော်တို့လည်းပါနိုင်တယ်) ခံစားရနိုင်တယ်လို့ လေ့လာသုံးသပ်ချက် တွေ့ရှိနေရပါတယ်။ ရေကိစ္စကို အဝေး ကြီးသွားမကြည့်ပါနဲ့။ ငွေ ၁၀၀ ကုန်ရင် ရန်ကုန်မြို့ရဲ့ တစ်ဖက်ကမ်း ဒလမြို့ကိုသွားရောက်လေ့လာနိုင်ပါတယ်။ ကျောင်းဆင်းချိန် နေ့လည် ၂ နာရီခန့်မှာ ကျောင်းလွှတ်လိုက်တာနဲ့ ကလေးတွေဟာ လွယ်အိတ်ထားပြီး ရေပုံးနှစ် ပုံးနဲ့ တံဘိုးကိုယူပြီး ရေကန်ရှိရာကို သွားရပါတယ်။ အဲဒီရေကန်မှာ ရေတန်းစီနေတဲ့လူဟာ အယောက် ၁၅၀ ကနေ ၂၀၀ ကြားမှာရှိပါတယ်။ ဒါဟာ ရေကန်တစ်ကန်မှာရှိနေတဲ့ အနေအထားပါ။ တစ်မြို့လုံး ဒီအတိုင်းပါ။ ဒလမှာ မြေကွက် ၀ယ်မယ့်လူတွေက ဈေးကတော့မဆိုးပါဘူး။ ရေတော့ မကောင်းဘူးလို့ပြောပါတယ်။ ဒလက လူတွေကို ကိုယ်ချင်းစာပါတယ်။ ဒီကနေ့အထိ သန့်ရှင်းသောသောက်သုံးရေ မရကြသေးပါဘူး။ ဒါဟာ ရန်ကုန်မြို့နဲ့ တစ်ခေါ်လောက်သာ ဝေးတဲ့အရပ်ပါ။ အဲဒီလိုပါဘဲ- အညာဒေသ၊ မိုးနည်းရပ်ဝန်းဒေသမှာ တစ်ထမ်းရဖို့ အင်မတန် ဝေးကွာတဲ့နေရာကို သွားရောက်သယ်ယူနေရပါတယ်။ “ကျေးလက်ဒေသရေရရှိရေး”ကို အားလုံးဝိုင်းဝန်းကူညီ သင့်ပါတယ်။
ကျွန်တော်တို့ကတော့ ရေဘုံဘိုင်ခေါင်းဖွင့်ပြီး ရေသုံးတာထက် ရေဖြုန်းတီးမှုတွေကို ပြုတယ်။ ကိုယ်ချင်း စာနာစိတ်ပျောက်နေတဲ့ လူတွေ၊ စာနာစိတ်မရှိတဲ့လူတွေ ရေကိုဖြုန်းတီးနေတာဖြစ်တယ်။ ရေတစ်စက် တစ်စက် သိမ်းထား ပြီး၊ ရေမရတဲ့ လူတွေကိုပေးကြည့်ပါ။ ရေကို မဖြုန်းတီးကြပါနဲ့။ တန်ဖိုးရှိတဲ့ အရာကို အကြောင်းမဲ့ မဖြုန်းတီး ကြပါနဲ့။ တန်ဖိုးဖြတ်မရတဲ့ ရေသယံဇာတကို အကျိုးမဲ့ဖြုန်းတီးနေတဲ့လူတွေ အများကြီးရှိနေပါတယ်။ အဲ့ဒီလူတွေ သတိပြုစေချင်ပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၇း၃၁ မှာ –
`အိုမျိုးနွယ်အပေါင်းတို့ — ၊ အသင်တို့ စားကြသောက်ကြ အကျိုးခံစားကြ၊ ဘယ်တော့မှ မဖြုန်းတီးကြနဲ့။ အလ္လာဟ်သည် အကျိုးမဲ့ဖြုန်းတီးသူများကို လုံးဝချစ်နှစ်သက်သူမဟုတ်။´
ကျွန်တော်တို့ကထင်နေကြတယ်။ ဒီလောက် နမားဇ်ဖတ်တယ်။ ဇကိရ်လည်းလုပ်တယ်။ ကျွန်တော် ဒီလောက် အလ္လာဟ်အလုပ်လုပ်တယ်။ ဒါပေမယ့် ကျွန်တော် ဒုက္ခတွေနဲ့ ကြုံနေရတယ်။ တစ်ခါတစ်ရံ ကျွန်တော်တို့က မိမိကုသိုလ်ရရေးအတွက် ပလီအချိန်မှန်သွားတယ်။ ၀ူဇူလုပ်ပြီး ရေဘုံဘိုင် မပိတ်ခဲ့ဘူး။ ပလီတက်ဖို့ ကားနဲ့သွားတယ်။ ကားလမ်းပေါ်မှာ ကားတွေကို လမ်းပိတ်ရပ်ထားလိုက်ပြီး ပလီထဲဝင်သွားတယ်။ ကျန်တဲ့ကားတွေ သူမပြီးမချင်း စောင့်ပေတော့။ ဆေးရုံအရေးပေါ်သွားရမဲ့လူနာဆိုရင် ဘယ်လိုလုပ်မလဲ။ စဉ်းစားကြည့်ပေါ့။ ကိုယ့်ကြောင့် လူတွေကို အနှောင့်အယှက်ဖြစ်စေတယ်။ အဲဒါတွေသတိထားဖို့ လိုအပ်ပါတယ်။ ဖြုန်းတီးတဲ့ လူတွေ ကျွန်တော်တို့ ဖိရ်အောင်န်ကို အရမ်းမုန်းတယ်မဟုတ်လား။ မကောင်းဘူး၊ အာဏာရှင်လို့ပြောတယ်။ အလ္လာဟ်ကပြောတာက ဖြုန်းတဲ့လူတွေထဲမှာ ဖိရ်အောင်န်က နံပါတ်တစ်တဲ့။ အဲ့ဒီဖြုန်းတီးနေတဲ့ လူတွေဟာ မီးထဲ ရောက်မယ်တဲ့။ အလ္လာဟ့်အမိန့်။
အားလုံးကိုကျေးဇူးတင်ပါတယ်။