လောကဓံကိုရင်ဆိုင်ခြင်း ကုရ်အာန်သုတေသီဦးခင်မောင် (B.Sc)
လောကဓံကိုရင်ဆိုင်ခြင်း
ကုရ်အာန်သုတေသီဦးခင်မောင် (B.Sc)
လေးစားအပ်ပါသောဂုဏ်သရေရှိအမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
အားလုံးပဲသိကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ အင်မတန်ဆိုးဝါးလှတဲ့ ရေဘေးဒုက္ခနဲ့ကြုံတွေ့ နေရပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ကြရ။ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ရ။ ကောက်ပဲသီးနှံတွေ ဆုံးရှုံးကြနဲ့ တော်တော် လေးဘေးဒုက္ခတွေနဲ့ ကြုံတွေ့နေကြရတာပါ။ ဒါတွေဟာလောကဓံတရားတွေပဲဖြစ်တယ်။ ဒါကြောင့် ယနေ့ ၁၄-၈-၂၀၁၅ နေ့မှာလောကဓံကိုရင်ဆိုင်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ကုရ်အာန်ကိုလေ့လာတင်ြပဖို့ ရည်ရွယ်ပါတယ်။
မည်သူမဆိုဘုရင်ဖြစ်စေ၊ သူဌေးဖြစ်စေ၊ ဆင်းရဲသူများဖြစ်စေ၊ စိုးရိမ်သောကရောက်စရာတွေ၊ ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရတာချည်းပါပဲ။ ဘယ်လိုလူမျိုးမှ လောကဓံတရားတွေနဲ့ ကင်းလွတ်မှာမရနိုင်ပါဘူး။ မိမိတို့ အနှစ်နှစ် အလလကရှာဖွေစုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေဟာတစ်နှစ်တည်း၊ တစ်လတည်းနဲ့ ပျက်စီးဆုံးရှုံးမှု တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအခါ ဟိုးအရင်ပစ္စည်းဥစ္စာတစ်ခုမှ မရှိခင်အချိန်တုန်းကလိုပဲ ပြန်လည်ကြိုးပမ်းရှာဖွေ ရမဲ့အစားဆုံးရှုံးသွားတဲ့ပစ္စည်းဥစ္စာတွေကိုပဲလွမ်းဆွတ်တသနှမြောနေရင်းနဲ့ အချိန်တွေ ကုန်ဆုံးပြီး၊ စိတ်ဓါတ်တွေ ကျဆင်းနေကြတယ်။ ကမ္ဘာကျော်သူဌေးကြီးတွေရဲ့ အတ္ထုပတ္တိတွေကိုလေ့လာကြည့်ပါ။ သူတို့မချမ်းသာခင်ကပစ္စည်းဥစ္စာတွေ အကြိမ်ကြိမ်ဆုံးရှုံးခဲ့ကြတာပါ။ ဒါပေမယ့် သူတို့တွေဟာဆုံးရှုံးတဲ့ပစ္စည်းဥစ္စာတွေကို ကြာကြာလွမ်းဆွတ်မှု၊ မလုပ်ဘဲအစကနေပြန်ကြိုးစားခဲ့ကြလို့ အင်မတန်ချမ်းသာတဲ့ ဘီလျံနာကြီးတွေ ဖြစ်တာဆိုတာတွေ့ကြရမှာပါ။
လူဟာမွေးဖွားလာကတည်းက လက်ဝှေ့ကြိုးဝိုင်းထဲ ပစ်ချခံရသလို၊ ကိုယ့်ကိုအလဲထိုးမဲ့သူနှင့် ဘ၀တစ်လျှောက်လုံးရင် ဆိုင်ယှဉ်ပြိုင်နေရတာပါ။ ကိုယ့်ရဲ့ပြိုင်ဘက်ကလောကဓံတရားတွေပဲဖြစ်တယ်။ လူတိုင်းကလောကဓံရဲ့ ထိုးနှက် ချက်တွေကြောင့် အကြိမ်ကြိမ်လဲကျနေရတာပါ။ ပြန်ထမှာလား။ မထတော့ဘူးလားဆိုတာကမိမိရဲ့ရွေးချယ်မှုပါ။ အလဲထိုးခံရတိုင်းအကြိမ်ကြိမ်ပြန်ထတဲ့သူကိုလောကဓံတရားကအနိုင်ပေးပါတယ်။ ကုရ်အာန် ဆူရာဟ် ၂း၁၅၄ မှာ – “လူသားတို့သည် ကြောက်ရွံထိတ်လန့်မှု၊ ဆာလောင်ငတ်မွတ်မှု၊ ဥစ္စာပစ္စည်းနဲ့ ကောက်ပဲသီးနှံများပျက်စီးဆုံးရှုံးရမှု၊ မိမိတို့၏ အသက်များစွန့်လွှတ်ရမှုဟူသောလောကဓံတရားများနှင့် ရင်ဆိုင်ကြုံတွေ့ရမည်သာဖြစ်ကြောင်း ကြံ့ကြံ့ခံရင်ဆိုင်သူတို့အားသတင်းကောင်းပါးပါတယ်။”
လောကဓံတရားများနှင့် ရင်ဆိုင်ကြရလေတိုင်း`အင်န်နာလိလ္လာဟိ ၀အင်န္နာအိလိုင်းဟိရာဂျိအူးန်´“ငါတို့သည် အလ္လာဟ်၏စည်းမျဉ်းအတွင်းနေထိုင်ကြရပြီ။ ထိုစည်းမျဉ်းတိုင်းသာလိုက်နာကြရပါသည်ဟုရင့်ကျူးကြရလေသည်။” ကျွန်တော်တို့ဟာငယ်စဉ်က `အင်န်နာလိလ္လာဟိ ၀အင်န္နာအိလိုင်းဟိရာဂျိအူးန်´ကိုငါတို့ဟာအလ္လာဟ်အတွက်ဖြစ်တယ်။ အလ္လာဟ်ထံပဲ ပြန်သွားရမှာဖြစ်တယ်ဆိုတဲ့ အသိကနေ၊ ကုရ်အာန်ကိုလေ့လာတဲ့အခါကြမှ အရာရာတိုင်းဟာအလ္လာဟ်သတ်မှတ်ထားတဲ့ ပရ၀ုဏ်အတွင်းကနေ ဘယ်မှထွက်လို့မရဘူး။ ဘယ်လိုနည်းနဲ့ပဲအလ္လာဟ်ကိုလက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေအလ္လာဟ်ပြုလုပ်ထားတဲ့ သဘာဝရဲ့စည်းမျဉ်းတွေကို လိုက်နာနေကြရတာပါလားလို့ နားလည်မိပါတော့တယ်။ ကျွန်တော်တို့ ပိုင်ဆိုင်တဲ့အရာတွေဟာလည်းအချိန်ကာလတစ်ခုအတွက်ခေတ္တအပ်နှံထားတဲ့အမာနသ်တွေပဲလို့ သဘောပေါက်ပါတော့တယ်။ ကျွန်တော်တို့ကိုအလ္လာဟ်အပ်နှံထားတဲ့ (အမာနသ်)တွေထဲမှာအသက်ခန္ဓာနဲ့ ဥစ္စာပစ္စည်းတွေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ သယံဇာတပစ္စည်းတွေလည်း ပါဝင်ပါတယ်။ မိမိတို့ရဲ့အသက်၊ အိုးအိမ်စည်းစိမ်တွေကိုထိန်းသိမ်းစောင့်ရှောက်ရသလို သဘာဝပတ်ဝန်းကျင် ယိုယွင်းမှုမရှိအောင် ကာကွယ်စောင့်ရှောက်ရမဲ့တာဝန်လည်းရှိပါတယ်။ မိမိရဲ့အသက်ခန္ဓာနဲ့ သဘာဝပတ်ဝန်းကျင် တစ်ခုလုံးသည် အလ္လာဟ်စည်းမျဉ်းကိုနာခံပြီး သက်ဝင်လှုပ်ရှားနေတာပါ။ လူသားရဲ့စိတ်ဓါတ်ကလည်းအလ္လာဟ်ရဲ့စည်းမျဉ်းများကိုနာခံရိုကျိုးရန် လိုအပ်ပါတယ်။
လူဟာရွေးချယ်ခွင့်ရရှိထားသူဖြစ်တဲ့အတွက် လောကရှိအရာရာ(သက်ရှိ၊ သက်မဲ့)အားလုံးထက် သာလွန် သူဖြစ်ပါတယ်။ ဒီရွေးချယ်ခွင့်ဟာလူရဲ့လွတ်လပ်မှုဖြစ်သလိုမိမိ၏ အသက်ခန္ဓာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှုဟာလည်း တာဝန်ဝတ္တရားဖြစ်ပါတယ်။ အသက်၊ ခန္ဓာကိုလျစ်လျူရှူထားရင် ခန္ဓာကိုယ်ယိုယွင်းပျက်စီးမယ်။ အသက်တိုမယ်။ သဘာဝပတ်ဝန်းကျင်ကို လျစ်လျူရှုထားရင် သဘာဝ၏ ဒဏ်ခတ်မှုနှင့်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာအလ္လာဟ်ရဲ့ပြဌာန်းသတ်မှတ်ချက်ဖြစ်ပါတယ်။
ကမ္ဘာလောကစကြ၀ဠာနဲ့ အရာအားလုံးဟာအလ္လာဟ်တစ်ပါးတည်းရဲ့ စည်းမျဉ်းဘောင်အတွင်းမှာရှိနေ ကြတယ်။ လူကလွဲပြီးအခြားအရာတွေဟာရွေးချယ်ခွင့်၊ ငြင်းဆန်ခွင့်မရှိဘဲနာခံနေကြရတယ်။ လူကတော့ မိမိရဲ့ လွတ်လပ်သော ဆန္ဒနဲ့အညီလက်ခံခွင့်၊ ငြင်းဆန်ခွင့်ရှိတယ်။ ရွေးချယ်သူဖြစ်စေ၊ ငြင်းဆန်သူဖြစ်စေ၊ မိမိနဲ့ တစ်သားတည်းရှိနေတဲ့၊ဆက်စပ်နေတဲ့လောကကိုထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ တစ်သားတည်းရှိနေသောလောကဆိုတာရေ၊ မြေ၊ တောတောင်၊ နေ၊လ၊ နက္ခတ်တာရာတွေနဲ့ ကျန်သက်ရှိသက်မဲ့ အားလုံးဖြစ် ပါတယ်။ ဒီအရာတွေအားလုံးလိုက်နာနေတဲ့ သဘာဝရဲ့စည်းမျဉ်းတွေဟာ အလ္လာဟ်ပြဌာန်းထားတဲ့ စနစ်ဇယားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ လက်ခံထားတဲ့ သောင်ဟီးဒ်ရဲ့ သဘောတရားဖြစ်တဲ့ `လာအိလားဟအိလလ္လာဟ်´ဆိုတဲ့ ယုံကြည်ချက်ဟာ`အလ္လာဟ်မှတစ်ပါးအခြားကိုးကွယ် အားထားရာမရှိ´ဆိုတဲ့အဓိပ္ပါယ်ထက် အများကြီး ကျယ်ဝန်းပါတယ်။သူ့အလိုလိုဖြစ်ပေါ်နေသည်ထင်ရတဲ့ သဘာဝတရားဟာ အလ္လာဟ်ရဲ့ပြဌာန်းချက် ဖြစ်ပါတယ်။ ဒီသဘာဝတရားကို ကုရ်အာန်ကအလ်ဟက်(က)သစ္စာတရား( အမှန်ဖြစ်ပေါ်နေသောအရှိတရား)လို့ သုံးနှုန်းပါတယ်။
ကုရ်အာန် (၁၈း၂၉)မှာ “ဤအရှိတရားတို့သည် အလ္လာဟ်ထံမှ လာသောသစ္စာတရားများပင်ဖြစ်သည်။ ဤအရှိတရား(အလ်ဟက်)အပေါ် ယုံကြည်လိုကယုံကြည်နိုင်ပြီး၊ ငြင်းပယ်လိုက ငြင်းပယ်နိုင်ကြပါသည်…”
လူသားသည် မိမိ၏လွတ်လပ်သော ဆန္ဒနှင့်အညီသစ္စာတရားကိုလက်ခံခွင့် ငြင်းပယ်ခွင့်ရှိပါသည်။ လက်ခံသောကြောင့် ရရှိလာသောကောင်းကျိုးများနှင့် ငြင်းပယ်မှုကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများကိုမူရွေးချယ်ခွင့်မရှိတော့ပါ။ ဒီဟာသည်ပင်လျှင် သောင်ဟီးဒ်ရဲ့ သဘောတရားဖြစ်ပါတယ်။ ဒီသဘောတရားကိုလက်ခံနိုင်ရင် လူသားတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ဖို့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးရဲ့ သဘာဝတရားကို ထိန်းသိမ်းဖို့အတွက် လူသားအချင်းချင်းပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ အသိကိုရရှိမှာဖြစ်ပါတယ်။ ဒီလိုမဆောင် ရွက်နိုင်ရင် လူဟာကျဆင်းဆုတ်ယုတ်သွားနိုင်ပါတယ်။
ဒါကိုကုရ်အာန်မှာဘယ်လိုတင်ပြထားလဲဆိုရင် ဆူရာဟ်(အဆွရ်)ကဏ္ဍ ၁၀၃မှာ “ကျဆင်းဆုတ်ယုတ် နေသောခေတ်ကာလကိုတိုင်တည်ရလျှင် အမှန်ပင်လူသားသည် ဆုံးရှုံးမှု၌ရှိနေ၏။ သို့သော် အရှိတရားများကိုယုံကြည် လက်ခံပြိး ပြုပြင်ပြောင်းလဲမှုကိုဆောင်ရွက်၍ သစ္စာတရားအတွက် ပူးပေါင်းဆောင်ရွက်သူများ၊ ဘေးဒုက္ခများကျရောက်လာပါကအပြန်အလှန်ပူးပေါင်း၍ ကြံ့ကြံ့ခံရင်ဆိုင်သူများသည် ဆုံးရှုံးမှုများကိုရင်ဆိုင်ကျော်လွှားနိုင် မည်ဖြစ်ပေသတည်း။”
တည်ငြိမ်သောလူ့ဘောင်ဖြစ်စေရန် လူတန်းစားကွာဟမှုကိုကျဉ်းမြောင်းအောင် ဆောင်ရွက်ရပါမယ်။ ၎င်းကို မျှဝေသုံးစွဲခြင်းဖြင့် လူ့ဘ၀များကို ဖွံ့ဖြိုးမှုကိုဖြစ်စေနိုင်ပါတယ်။မျှဝေသုံးစွဲရာမှာဥစ္စာဓနတစ်ခုတည်းသာမဟုတ်၊ ပညာ၊ မိမိ၏လုပ်ပိုင်ခွင့်(အာဏာ)၊ အကြံဥာဏ်စသည့် အကျိုးရှိစေသောအရာအားလုံးကို မျှဝေသုံးစွဲ ပေးကမ်းချီးမြှင့်ဖို့ လိုအပ်ပါတယ်။ မျှဝေပေးခြင်းခံရသောသူများ၏ ဘ၀ကို ကောင်းမွန်လာစေသလိုပေးကမ်းသူတို့ ၏ အရည်အသွေးများကိုလည်းတိုးတက်လာနိုင်ပါတယ်။ ဘယ်သူတွေအတွက်ဘာတွေကို မျှဝေသုံးစွဲရမှာလဲဆိုတာကို (၂း၂၁၅)တွင် အခုလိုဖော်ပြထားပါတယ်။
“မိမိတို့၌ရှိနေသောအရာများထဲမှ ကောင်းမွန်သည့် အရာတိုင်းကို မျှဝေကြလော့။ မိဘများ၊ ဆွေမျိုးနီးစပ်များ၊ အိမ်နီးချင်းများ၊ မိမိတို့ဘ၀ကို ကိုယ်တိုင်ကိုယ်ကျ မတည်ဆောက်နိုင်သူ(ယသီးမ်များ) သူဆင်းရဲ(မိစ္စကီးန်များ)၊ ဖွံ့ဖြိုးမှု လမ်းစဉ်၌လျှောက်လှမ်းနေသူ (အစ်ဗ်နေစဘီးလ်)များအား မျှဝေပေးကမ်းပါလော့။”
မျှဝေပေးကမ်းရာမှာ မိမိထံမှာရှိတဲ့မကောင်းတဲ့အရာတွေ၊ မကောင်းတဲ့စရိုက်တွေ အခြားသူတွေဆီကိုမရောက်သွားဖို့ အရေးကြီးပါတယ်။ မိမိမှာရှိတဲ့ အရာတွေထဲကကောင်းသောအရာတွေ၊ ကောင်းသောအလေ့ အကျင့်တွေကို မျှဝေပေးကြပါ။ မိဘဆွေမျိုးများနှင့် မိမိရဲ့အိမ်နီးချင်းတွေကို မျှဝေပေးကမ်းခြင်းဖြင့်မိမိမိသားစုနဲ့ ပတ်ဝန်းကျင်ကို တည်ငြိမ်အေးချမ်းစေချင်ပါတယ်။ ယသီး(မ်)များနဲ့ မိစ္စကီးန်(န)များကိုပေးကမ်းစွန့်ကြဲခြင်းဖြင့်၊ သူတို့ ဘ၀တိုးတက်မှုကို ဖော်ဆောင်ပေးခြင်းဖြင့် ခိုးမှု၊ လုယက်မှု၊ အကြမ်းဖက်မှုများကိုကာကွယ်တားဆီးနိုင်ပါတယ်။ အစ်(ဗ်)နေစဘီးလ်ဆိုတာလမ်းခရီးသွားရင်းဒုက္ခရောက်နေသူများသာမဟုတ်။ ဘ၀ခရီးလမ်းမှာ တစ်ဝက်တစ်ပျက်ဖြစ်နေသူ၊ (ဥပမာ)သက်မွေးဝမ်းကျောင်းပညာဖြစ်စေ၊ အခြေခံပညာဖြစ်စေ၊ အထက်တန်းပညာများကိုဖြစ်စေ၊ သင်ကြားနေရင်းဆက်သင်ယူဖို့ အခက်အခဲရှိနေသူများအတွက်(ပညာသင်ကြားခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့အတွက်) ကူညီထောက်ပံ့ခြင်းဖြစ်ပါတယ်။ ဒီလိုကျောင်းသူ၊ ကျောင်းသားများ၊ ပညာဆည်းပူးသင်ယူနေသူများကို မျှဝေပေးကမ်းခြင်းဖြင့် ကျွန်တော်တို့ရဲ့ အနာဂါတ်ကိုပိုမိုကောင်းမွန် တောက်ပစေပါတယ်။
လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်တယ်ဆိုတာလူသားအကျိုးကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာမိမိတစ်ဦးတည်းရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ၊ ကာယပိုင်းဆိုင်ရာမှာတိုးတက်ကောင်းမွန်ဖို့ ရှေးဦးစွာလေ့ကျင့်တည်ဆောက်ယူရပါတယ်။ တစ်ဆက်တည်းတစ်ချိန်တည်းမှာပဲမိမိရဲ့မိဘဆွေမျိုးများ၊ အိမ်နီးချင်းများလိုအပ်ချက်ရှိနေသူများကိုလည်းတတ်စွမ်းနိုင်သလောက် ဖြည့်ဆည်းဖို့ဟာ လူသားတိုင်းရဲ့တာဝန်ပါ။ ဒီတာဝန် တွေကိုထမ်းဆောင်ရာမှာ မျှတခြင်း(အဒလ်)နဲ့ တစ်ခါတစ်ရံ တာဝန်ရှိတာထက်ပိုမို ဆောင်ရွက်ရတာတွေ ရှိပါ တယ်။ အဲဒါကို (အစ်ဟ်ဆါန်)လို့ ကုရ်အာန်မှာဖော်ပြထားပါတယ်။ အခုအခါမှာ ကျွန်တော်တို့နိုင်ငံ အနှံ့အပြားမှာရေဘေးဒုက္ခရောက်နေတဲ့သူတိုင်းကိုလူမျိုး၊ အသားရောင်၊ ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ မခွဲခြားဘဲ လှူဒါန်းကြပါတယ်။ ဆန်တွေ၊ ဆီတွေ၊ ရေသန့်တွေ၊ အစားအသောက်တွေ၊ အ၀တ်အထည်တွေကို လှူဒါန်းကြပါတယ်။ အ၀တ်အထည်တွေ လှူဒါန်းရာမှာတစ်ချို့က အသစ်တွေကို ၀ယ်ယူလှူဒါန်းကြပါတယ်။ တတ်နိုင်သူများအတွက်တော့ အင်မတန်ကောင်းမွန်တဲ့ အလှူဒါနဖြစ်ပါတယ်။ အသစ်တွေဝယ်ယူပြီး မလှူဒါန်းနိုင်သူတွေကလည်းမိမိတို့မှာရှိနေတဲ့ အ၀တ်အစားတွေကို လှူဒါန်းကြပါတယ်။ အင်မတန်လေးစားစရာကောင်းပါတယ်။ တခါတလေ အဲဒီအ၀တ်အစားတွေထဲက စုတ်ပြတ်နေတဲ့ အ၀တ်အစားတွေကိုရေဘေးဆိုပြီးပေးကမ်းနေတာတွေကိုတွေ့တော့ စိတ်မကောင်းဖြစ်မိပါတယ်။ မိမိအသုံးမလိုတော့တဲ့အတွက် အမှိုက်အဖြစ်စွန့်ပစ်ရမဲ့ အစားရေဘေးအလှူဆိုပြီးပေးကမ်းခြင်းဖြင့် နာမည်ကောင်းယူနေကြတာများလားဆိုပြီးတွေးမိလို့ပါ။ ဒီလိုလုပ် ခြင်းဟာအဒလ်မရှိတာ။ မျှတမှု မရှိတာဖြစ်ပါတယ်။ လှူဒါန်းရာမှာမိမိကိုယ်တိုင်က နှစ်သက်လိုလားတဲ့အရာ၊ ကောင်းမွန်တဲ့အရာတွေကိုပေးကမ်းမှသာဒါနမြောက်ပါတယ်။ မိမိကိုယ်တိုင် မကြိုက်တဲ့အရာတွေကိုပေးကမ်းစွန့်ကြဲရင်းမိမိနာမည်ရလိုမှုကိုမျှော်မှန်းပြီးလှူဒါန်းရင် ပြစားမှုဖြစ်ပါတယ်။
တစ်ခါတစ်လေလိုအပ်ချက်တွေဖြည့်ဆည်းပေးလိုက်ပေမယ့် ဖြည့်ဆည်းခံရတဲ့လူတစ်ချို့ဟာ မိမိတို့ဘ၀ ကိုဆက်လက်တိုးတက်ကောင်းမွန်အောင် မဆောင်ရွက်နိုင်ဘဲမူလအတိုင်းပြန်ဖြစ်သွားတာတွေ ရှိနိုင်ပါတယ်။ ဒီလိုလူတွေကိုအသုံးမကျတဲ့သူတွေပဲဆိုပြီးပစ်ပယ်မထားဘဲလိုအပ်ချက်တွေဖြည့်ဆည်းပေးပြီးတဲ့နောက် သူတို့ ရဲ့ဘ၀တိုးတက်မှုအတွက် ဆက်လက်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒါဟာ တာဝန်ရှိသည်ထက်ပိုမိုဆောင်ရွက် ပေးခြင်း(အစ်ဟ်ဆာန်)ဖြစ်ပါတယ်။ ကုရ်အာန် ၁၆း၃၀ မှာ-
“ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှု(အဒလ်)ရှိရန်၊ တာဝန်ရှိသည်ထက် စေတနာအလျောက် ပိုမိုဆောင်ရွက်ရန်(အစ်ဟ်ဆန်)၊နီးစပ်သူများကို မျှဝေပေးကမ်းရန် လမ်းညွှန်တော်မူ၏။ မကြားဝံ့၊ မနာသာမှုများ၊ ညစ်ညမ်းမှုများ၊ ဆူပူသောင်းကျန်းမှုများကိုတားမြစ်တော်မူ၏။ ဤသည်လူသားတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆုံးမသြ၀ါဒများပင် ဖြစ်ပေသတည်း။” လို့ဖော်ပြထားပါတယ်။ အဒလ်နဲ့ အစ်ဟ်ဆန် ပြီးရန်အရေးကြီးတာကမကောင်းမှုများ၊ ညစ်ညမ်းမှုများ၊ မတရားမှုများကိုတားဆီးဟန့်တားဖို့ဖြစ်ပါတယ်။ အခြားသူတွေ ကျူးလွန်နေတဲ့ မကောင်းမှုဟာမိမိနဲ့မဆိုင်သလိုမနေဘဲ၊ သူကကျူးလွန်နေတဲ့ မကောင်းမှုတွေကိုရပ်တန့်နိုင်အောင် ကူညီဆောင် ရွက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ ကြားဖူးနေတဲ့ပုံပြင်တစ်ခုလို`ကြွက်ထောင် ချောက်ဟာ ကြွက်တစ်ကောင်းတည်းကိုဒုက္ခပေးမှာမဟုတ်ဖူး။ ကြွက်နဲ့အတူတစ်မြေတည်းနေ၊ တစ်ရေတည်းသောက်နေကြတဲ့ မြွေ၊ နွားတို့၊ ၀က်တို့၊ လူတို့အတွက်လည်း အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့ အသိရှိဖို့လိုပါတယ်။
ကျွန်တော်တို့နဲ့ တစ်မြေတည်းနေတစ်ရေတည်းသောက်နေကြတဲ့ သူတွေကမကောင်းမှုကို ကျူးလွန်နေကြရင်၊ ဒုက္ခပင်လယ်ဝေနေကြရင် ကျွန်တော်တို့ရဲ့ အရေးကိစ္စများသဖွယ် သဘောထားပြီးကူညီစောင့်ရှောက်ကြ ရမှာပါ။ သူတို့အရေးကိစ္စတွေကိုပစ်ပယ်ထားရင်းသူတို့ရဲ့ဒုက္ခတွေဟာ ကျွန်တော်ဆီကိုလည်းကူးစက်လာမှာပါ။ မိမိတို့လူသားများသာမက ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရေ၊ မြေ၊ တော၊ တောင်၊ ကျေးငှက်တိရစ္ဆာန် များရဲ့ တည်တံ့ခိုင်မြဲမှုဟာလူသားတွေရဲ့တည်တံ့မှုအတွက်နဲ့ တစ်ဆက်တစ်စပ်တည်းပါ။
အထူးသဖြင့် တင်ပြချင်တာကလယ်သမားလူတန်းစား၊ အလုပ်သမားလူတန်းစားတွေဟာလူသားအများစုကိုအကျိုးပြုဆုံးလူတွေပါ။ လယ်သမားများရဲ့ ကောက်ပဲသီးနှံများကြောင့် လူအများစု၏ စားဝတ်နေရေးကို အဆင်ပြေနေစေပါတယ်။ အလုပ်သမားလူတန်းစားများရဲ့ ၀န်ဆောင်မှုများက ကျွန်တော်တို့ စား၊ ၀တ်၊ နေရေးကိုချောမွေ့စေပါတယ်။ ဒါပေမယ့် လယ်သမားအလုပ်သမားများဟာလူ့အသိုင်းအ၀ိုင်းရဲ့ အနိမ့်ဆုံးဖြစ်နေတာပါ။ သမိုင်းတစ်လျှောက်ပြန်ကြည့်ရင် လယ်သမား၊ အလုပ်သမားတွေရဲ့ ဘ၀တွေ စိုပြေကောင်းမွန်ရင် နိုင်ငံတိုးတက်ဖွံ့ဖြိုးတယ်။ လယ်သမား၊ အလုပ်သမားတွေ ဒုက္ခရောက်ရင် နိုင်ငံဆုတ်ယုတ်ကျဆင်းတယ်။ ဒါပေမယ့် အာဏာရလူတန်းစားတွေဟာလယ်သမား၊ အလုပ်သများတွေရဲ့ဘ၀ကို တိုးတက်အောင် ဦးစားပေးဆောင်ရွက် မယ်ဆိုပြီးအာဏာကိုရယူကြတယ်။ ပြီးတော့ လယ်သမား၊ အလုပ်သမားတွေရဲ့ဘ၀ကို စုတ်ပြတ်နေအောင် အသုံးချပြီးသူတို့ရဲအာဏာခိုင်မြဲအောင် ဆောင်ရွက်သွားတာ၊သူတို့ရဲ့ စည်းစိမ်းတိုးပွားအောင် လုပ်ခဲ့ကြတာတွေပဲများပြားပါတယ်။
လယ်သမားတွေ၊ အလုပ်သမားတွေဆိုတာမြေကြီးနဲ့တူပါတယ်။ အများစုနေထိုင်နိုင်အောင် သူတို့ရဲ့ ချွေးတွေနဲ့ လမ်းခင်းပေးတာပါ။ အခြားသူတွေကသူတို့အပေါ်နင်းလျှောက်ရင်း ဘ၀တွေကို ထူထောင်ထားကြတာ ပါ။ မြေကြီးဆိုတာဖိနှိပ်မှုများရင် မြေလွှာပြောင်းရွှေ့ပြီးငလျင်လှုပ်ခတ်မှုတွေဖြစ်လာနိုင်ပါတယ်။ ငလျင်လှုပ်ရင် အမြင့်ဆုံးမှာရှိနေတဲ့သူတွေ အများဆုံးဒုက္ခရောက်နိုင်ပါတယ်။
ဖိလို့ရတိုင်းဖိ၊ နင်းလို့ရတိုင်းနင်းရင် ဖိလွန်းကကြွ၊ ထိလွန်းကချဆိုသလိုတုံ့ပြန်တတ်ပါတယ်။ဒါကြောင့် လောကဓံတရားကိုရင်ဆိုင်တဲ့အခါမှာအနိုင်မခံ၊ အရှုံးမပေးတဲ့ ကြံ့ခိုင်တဲ့စိတ်ဓါတ်ရှိဖို့လိုအပ်သလို၊ မိမိနဲ့ မိမိပတ်ဝန်းကျင်ရှိ လူနှင့်ရေမြေတောတောင်၊ သစ်ပင်၊ ပန်းမန်နဲ့ ကျေးငှက်တိရစ္ဆာန်များရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု ကိုလည်းတွေးခေါ်ကြံဆဆောင်ရွက်ကြရပါမယ်။ အထူးသဖြင့် နင်းပြားများ၊ ကျောမွဲများ၊ ဒုက္ခသည်များ၏ ဘ၀များ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်းဟာလောကဓံတရားများကိုလျော့နည်းကျဆင်းစေနိုင်ကြောင်းတင်ပြရင်းရပ်နားလိုက်ပါတယ်။