လူ့ အခွင့်အရေး – ကုရ်အာန်သုတေသီ ဦးတင်ဝင်း(LL.B)

လူ့အခွင့်အရေး

လေးစားအပ်ပါသော ဤဗလီဝတ်ကျောင်းတော်သို့ ကြွရောက်လာကြတဲ့ ယုံကြည်သူ မွတ်ဆလင်မ် အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား- အခုလိုမြင့်မြတ်လှတဲ့ ယောင်မွလ်ဂျူမုအာနေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေးချမ်းတည်ငြိမ်စွာနဲ့ အေဗာဒသ်ပြုခွင့်ရရှိတဲ့အပေါ်မှာ ရှေးဦးစွာ ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ကို အထူးကျေးဇူးတင်ရှိရမှာ ဖြစ်ပါတယ်။ ယနေ့ ယောင်မွလ်ဂျူမုအာမှာ ကျွန်တော် လေ့လာတွေ့ရှိတဲ့ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အသိပညာ တွေကို တဆင့်ပြန်လည် တင်ပြခွင့်ပြုတဲ့ ဤ၀တ်ကျောင်းတော်အုပ်ချုပ်ရေးအဖွဲ့ဝင်များနဲ့ ကြွရောက်အားပေးကြ တဲ့ ယုံကြည်သူ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ `အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ  ၀ဘရ်ကဟ်သုဟု´  ယနေ့ ကျွန်တော်တင်ပြမှာကတော့ `လူ့အခွင့်အရေး´ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးဆို သည်မှာ လူသားဆိုင်ရာ ဂုဏ်သိက္ခာပင်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၁၇) အာယတ်(၇၀)၌   “ ငါအရှင်သည် လူသားအားလုံးကို မွန်မြတ်သောဂုဏ်သိက္ခာ ချီးမြှင့်ထားခဲ့သည် ”  ဟု ဆိုထားသည်။ လူတွင် အဘယ်ကြောင့် ဂုဏ်သိက္ခာရှိနေရသနည်း။ လိုရင်းတိုရှင်းပြောရလျှင် လူသားတစ်ဦ်းသည် လူဖြစ်နေခြင်း သည်ပင်လျှင် ဂုဏ်သိက္ခာရှိနေခြင်းဖြစ်သည်။ သို့ဆိုလျှင် လူသားဂုဏ်သိက္ခာကို မည်သည့်အရာဖြင့် တိုင်းတာ ကြမည်နည်း။ လူသားဂုဏ်သိက္ခာကို `လွတ်လပ်ခွင့်´ဟူသောအရာဖြင့် တိုင်းတာနိုင်သည်။ လွတ်လပ်မှုသည်ပင် လူ၏ဂုဏ်သိက္ခာဖြစ်သည်။ ထိုလွတ်လပ်မှုသည်ပင် လူသား၏ ကိုယ်ပိုင်ပစ္စည်းဖြစ်သည်။ မွေးရာပါ ရပိုင်ခွင့်ဖြစ် သည်။ လူ့အခွင့်အရေးဖြစ်သည်။ လူတစ်ယောက်ရဲ့ မွေးရာပါလူ့အခွင့်အရေးကို အုပ်ချုပ်သူနိုင်ငံတော်အစိုးရက သတ်မှတ်ပေးထားခြင်း မဟုတ်။ သဘာဝတရားက သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ကုရ်အာန်အရပြောရလျှင် အလ္လာဟ်အရှင်မြတ်က လူသားအားလုံးကို သတ်မှတ်ပြဌာန်းပေးထားခြင်းသာလျှင် ဖြစ်သည်။ လွတ်လပ်မှုသည် လူ့အခွင့်အရေးဟုဆိုလျှင် လွတ်လပ်မှုဆိုသည်က အဘယ်နည်း။ လွတ်လပ်မှုဆိုသည် မှာ လူတစ်ယောက်သည် သူလုပ်ချင်သည့်အရာကို ပိတ်ပင်တားဆီး ဟန့်တားခြင်းမခံရဘဲ လုပ်ခွင့်ရနေခြင်းသည် ပင် လွတ်လပ်မှုဖြစ်သည်။ ယေဘုယျအားဖြင့် မှန်ပါသည်။ လူ့အဖွဲ့အစည်းဖြင့် နေထိုင်ပြီဆိုလျှင် မိမိရဲ့လွတ်လပ် ခွင့်ကို ကျင့်သုံးရာ၌ အခြားသူတွေရဲ့ အခွင့်အရေးကိုလည်း မထိပါးစေရ ဆိုတာကို ကမ္ဘာ့လူသားအားလုံးက တညီတညွတ်တည်း လက်ခံထားကြပါတယ်။ ကျမ်းမြတ်ကုရ်အာန်တွင် လူသား၏လွတ်လပ်ခွင့်ကို ဤသို့ပြဌာန်း ထားသည်။ “ ငါအရှင်သည် လူသား၏လွတ်လပ်ခွင့်ကို သူ၏လည်ဂုတ်တွင် လူသားတိုင်းအား တွဲဖက်ချည်နှောင်ပေးခဲ့ သည်။ ၎င်းကို ကေယာမတ်တွင် ငါအရှင်သည် မှတ်တမ်းတစ်ရပ်အဖြစ် ဆွဲထုတ်ပြမည်ဖြစ်သည်။ ”  (ကုရ်အာန် – ၁၇း၁၃) ၎င်းအာယတ်ကို ပိုင်းခြားကြည့်လျှင် အလ္လာဟ်သည် လွတ်လပ်မှုကို လူတိုင်းပေးအပ်ထားသည်ဟု ဆိုသည်မှာ လွတ်လပ်မှုသည် လူတိုင်း၏ မွေးရာပါရပိုင်ခွင့်ဖြစ်သည်။ ၎င်းသည် လူ့အခွင့်အရေးဖြစ်သည်။ တဖန် ထိုလွတ်လပ်ခွင့်ကို အလ္လာဟ်က မှတ်တမ်းတစ်ရပ်အဖြစ်ထားရှိမည်ဟု ဆိုသည်။ ထိုအခါ လွတ်လပ်ခွင့်နှင့်အတူ တာဝန်ယူမှုပါ တွဲဖက်ပါဝင်လာရပါတော့သည်။ တာဝန်ယူမှုမဲ့သော လွတ်လပ်မှုသည် အဓိပ္ပါယ်ရှိမည်မဟုတ်။ တာဝန်ယူမှုပါသော လွတ်လပ်မှုသည်သာလျှင် လွတ်လပ်မှုအစစ်အမှန်ဖြစ်သည်။ လွတ်လပ်မှုသည် လူ့အခွင့်အ ရေးဖြစ်သည်။ လူ့အခွင့်အရေးအကြောင်းပြောလျှင် ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း ထည့်ပြောမှဖြစ်မည်။ ကမ္ဘာ့ကုလသမဂ္ဂက လူ့အခွင့်အရေးကြေညာစာတမ်းကို (၁၉၄၈) ဒီဇင်ဘာ(၁၀)ရက်တွင် နိုင်ငံပေါင်း(၁၆၈)နိုင်ငံက သဘောတူလက်မှတ်ရေးထိုးကာ ကြေညာခဲ့လေသည်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းသည် အပိုဒ်(၃၀)ရှိသည်။ ထိုအရာများသည် လူတစ်ယောက် လူဖြစ်လာပြီဟုဆိုလျှင် မည်သည့် နိုင်ငံဒေသ၌ နေထိုင်သည်ဖြစ်စေ လူသားများ၏ မွေးရာပါရပိုင်ခွင့်ဖြစ်သည်ဟု ဖော်ပြထားသည်ဖြစ်ရာ မည်သည့် အစိုးရ၊ မည်သည့် အာဏာပိုင်ကမှ ပိတ်ပင်တားမြစ်ခြင်းမပြုရဟု ပြဌာန်းထားသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ကုလသမဂ္ဂမှ သတ်မှတ်ပြဌာန်းသည့် လူ့အခွင့်အရေးကြေညာစာတမ်းကို လေးစားလိုက်နာ ကျင့်သုံးပါမည် ဟု လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ လူ့အခွင့်အရေးကြေညာစာတမ်းမှ အလျဉ်းသင့်သည့်အပိုဒ်များကို ထုတ်နုတ်ကိုးကား တင်ပြသွားပါမည်။ အဘယ်ကြောင့် လူ့အခွင့်အရေးကြေငြာစာတမ်း ပြဌာန်းထားရသနည်း။ လူတိုင်းသည် လူ့ဂုဏ်သိက္ခာနှင့်တကွ အညီအမျှ ခံစားခွင့်ရှိသည်။ လူ့အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်းတို့၏ လွတ်လပ်မှု၊ တရား မျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးများကို မထီလေးစားပြု ခြင်းသည် လူခပ်သိမ်း၏အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမူများ ကို ဖြစ်ပေါ်စေခဲ့သောကြောင့်လည်းကောင်း၊ အခြေခံလူ့အခွင့်အရေးများဆုံးရှုံးလျှင် လူတို့သည် လူ့ဂုဏ်သိက္ခာကို ချိုးဖဲ့ဖျက်ဆီးခံရလျှင် မလွဲမရှောင်သာ နောက်ဆုံး လက်နက်စွဲကိုင် တော်လှန်ပုန်ကန်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှု၊ ညှင်းပန်းနှိပ်စက်မှုများ ကမ္ဘာအနှံ့ ဧကန်မလွဲပေါ်ပေါက်လာပေမည်။ ထိုကဲ့သို့ မဖြစ်စေရန်နှင့် လူသားဂုဏ်သိက္ခာကို လေးစားတတ်စေရန် လူအချင်းချင်း၊ နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီး လေးစားစွာ ဆက်ဆံတတ်စေရန်၊ လူ့အခွင့်အရေးကြေညာစာတမ်းကို သတ်မှတ်ပြဌာန်းခြင်းဖြစ်သည်။ ထိုပြဌာန်း ထားသည့်အရာများသည် လူသား၏မွေးရာပါ ရပိုင်ခွင့်များဖြစ်သည်။ လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်(၁) လူတိုင်းသည် တူညီလွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့်လည်းကောင်း၊ မွေးဖွားလာသူများဖြစ်သည်။ “ All human beings are born free and equal in dignity and rights ”   ဟုဆိုသည်။ လူသားအားလုံးသည် မည်သည့်မျိုးနွယ်၊ အသိုင်းအ၀ိုင်း၊ နိုင်ငံဒေသ၌ မွေးဖွားလာသည်ဖြစ်စေ တူညီသော ဂုဏ်သိက္ခာ၊ တူညီသောအခွင့်အရေး ရပိုင်ခွင့်များရှိသည်ဟု ဆိုထားသည်ဖြစ်ရာ ထိုအရာသည် လူသား၏မွေးရာပါ ရပိုင်ခွင့်ဖြစ်သည်။ မျိုးနွယ်စုတစ်ခုကြောင့်သော်လည်းကောင်း၊ ဒေသတစ်ခုကြောင့်သော်လည်းကောင်း ဘာသာ တရား ယုံကြည်ချက်ကြောင့်သော်လည်းကောင်း လူ့ဂုဏ်သိက္ခာနှင့်အခွင့်အရေးများ ဆုံးရှုံးစရာမလိုပါ။ ဤသည် လူ့အခွင့်အရေးဖြစ်သည်။ လူ၏မွေးရာပါ ရပိုင်ခွင့်ဖြစ်သည်။ အပိုဒ်(၃) လူတိုင်း၌ အသက်ရှင်သန်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချမှုခွင့်ရှိသည်။ အသက်ရှင်သန်ရန် လွတ်လပ်မှုခွင့် Right to life နှင့် လုံခြုံစိတ်ချမှု Security သည် လူ၏မွေးရာပါ ရပိုင်ခွင့်ဖြစ်သည်။ ထိုအရာကို အဘယ်ကြောင့် လူ့အခွင့်အရေးဟူ၍ ပြဌာန်းထားရသနည်း။ အသက်ရှင်သန်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံမှု ရပိုင်ခွင့်ဟူသော မူလအခွင့်အရေးများ၏အသိကို ဤလူ့အခွင့်အရေးဟူသော ကျင့်ဝတ် ဥပဒေသကို လက်ကိုင်စွဲထားရမှန်း မသိခင်ကပင် ဤအသိကို လူတို့ ကျင့်သုံးဆောင်ရွက်နေကြပြီးဖြစ်သည်။ လူသားတစ်ဦး၏ မူလအခြေခံအခွင့်အရေးအရ လူသားတစ်ဦးသည် ၎င်း၏အသက်ကို အသက်ရှင်သန်စွာ နေထိုင် ခွင့်ရရေးဆိုသည်မှာ မိမိအသက်သည် အခြားသူတစ်ပါး၏ ပယောဂကြောင့် သေဆုံးရခြင်း မဖြစ်ရဟူသော မူဝါဒကို လက်ကိုင်ပြုခြင်းဖြစ်လေသည်။ ဤကမ္ဘာမြေပေါ်တွင် လူသားတစ်ဦး ဖြစ်တည်ပေါ်ပေါက်လာချိန်မှစ၍ ယင်းလူသားသည် အတိမ်း အစောင်း၊ အချွတ်အချော်မဖြစ်စေရန် မူလကပင် လူသားနှင့်အတူ ၎င်း၌ မွေးဖွားလာရပြီးနောက် အသက်ရှင်သန် ရပ်တည်နိုင်ခွင့် အခွင့်အရေးပါ ရှိလာမည်ဖြစ်၍ မွေးဖွားပေးလိုက်သည့် မိဘနှစ်ဦး၊ ညီအစ်ကိုမောင်နှမများ၊ ဆွေမျိုး အသိုင်းအ၀ိုင်းများနှင့် ဘေးပတ်ဝန်းကျင် လူသားတို့က ၀ိုင်းဝန်း၍ ထိန်းသိမ်းစောင့်ရှောက်ပေးရန် တာဝန်ရှိလေ သည်။ ၎င်းလူသားအတွက် မိဘမှစ၍ ဘေးပတ်ဝန်းကျင် လူသားများအထိ ၎င်းတို့ပယောဂကြောင့် သေဆုံးခြင်း မရှိစေရ။ မိခင်တစ်ဦးက သူလွယ်ထားရသည့် သန္ဓေသားကို ဒါ ငါ့ကလေးပဲ ငါပိုင်တယ်။ မကြိုက်လျှင် သန္ဓေသား ဘ၀မှာတင် ငါဖျက်ချမယ်ဟူ၍ လုပ်၍မရ။ ထိုကဲ့သို့လုပ်လျှင် လူ့အခွင့်အရေးချိုးဖောက်တာဖြစ်သည်။ ရာဇ၀တ်မှု မြောက်သွားမည်။ ထိုကလေးအပေါ် ပြစ်မှုကျူးလွန်ခြင်းဖြစ်သည်။ ထိုကလေးရဲ့ Right to life ကို ချိုးဖောက်ခြင်း ဖြစ်သည်။ ထိုကလေးသူငယ်သည် အသက်ရှင်သန်ပိုင်ခွင့်ရရုံနှင့်လည်း မပြီးသေးချေ။ သူ့အတွက် security လုံခြုံစိတ်ချမှုရှိရ ဦးမည်ဖြစ်သည်။ မိဘသည် ထိုကလေးအား မွေးဖွားပြီးလျှင် ပြုစုစောင့်ရှောက်ရသည်၊ ကျွေးမွေး ရသည်။ သူ့အပေါ် ကျရောက်လာမည့် ဘေးအန္တရာယ်တို့ကို ကာကွယ်ပေးရသေးသည်။ ယင်းသည် Right to security ဖြစ်သည်။ ထိုမျှနှင့်လည်း မပြီးသေး။ မိဘတို့သည် တဖန်သေရဦးမည်။ ထိုကလေးငယ် သူ့ခြေထောက် ပေါ် သူရပ်တည်ခွင့်ရအောင် မိဘများမရှိသည့်နောက် ပညာရေးအခွင့်အလမ်းများ ဖန်တီးပေးရဦးမည်ဖြစ်သည်။ ပညာရှိမှသာလျှင် ထိုကလေးငယ်သည် အသက်မွေးဝမ်းကျောင်းပြု၍ အသက်ရှင်ရပ်တည်ခွင့်ရပြီး လုံခြုံမှုကိုလည်း ရနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျောင်းနေရမည့်အရွယ် ကလေးငယ်တစ်ယောက် လမ်းဘေးမှာ လက်ဖြန့် တောင်းစားနေသည်ကိုမြင်လျှင် ထိုကလေးသည် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီဖြစ်သည်။ သို့ဖြစ်၍ လူသားတစ်ဦး အသက်ရှင်သန် ရပ်တည်နိုင်ခွင့်နှင့် လုံခြုံမှုတို့ ရရှိစေရန်အတွက် လူသားအချင်း ချင်း ကူညီစောင့်ရှောက်ပံ့ပိုးပေးရန် တာဝန်ရှိသည်ဟု လူ့အခွင့်အရေးကြေငြာစာတမ်းက သတ်မှတ်ပြဌာန်းထား သည်။ အဆုံးစွန်ပြောရလျှင် လူတစ်ယောက်အား ပြစ်မှုကျူးလွန်သောကြောင့် ထောင်ထဲပို့လိုက်ရသည်ဟုပင် ဆိုပါစေဦး။ ယင်းသည် ထိုသူရထားသည့် မွေးရာပါလွတ်လပ်ခွင့်ကို ဥပဒေအရ ရုပ်သိမ်းလိုက်ခြင်းသာဖြစ်သည်။ တစ်ခြားသောလူ့အခွင့်အရေးများ သူ့ကို ပေးထားရပါသေးတယ်။ ဆိုလိုတာက လူ့ဂုဏ်သိက္ခာအရ သူ့ကို လူတစ်ယောက်အဖြစ် ဆက်လက်ပြီးတော့ အသိအမှတ်ပြုတဲ့သဘောပါ။ တကယ်တော့ ထောင်ဒဏ်အပြစ်ပေး တယ်ဆိုတာ ဥပဒေအရ သူ့လွတ်လပ်ခွင့်ကို အချိန်အတိုင်းအတာတစ်ခုအထိ အသိအမှတ်မပြုတော့တာ၊ ရုပ်သိမ်းလိုက်ခြင်းသာဖြစ်တယ်။ သူ့ကို လူအဖြစ် အသိအမှတ်မပြုတော့တာမဟုတ်ဘူး။ တိရစ္ဆာန်ဘ၀၊ ကျေးကျွန်ဘ၀ကို ပို့လိုက်တာမဟုတ်ဘူး။ ထိုအရာသည် လူ့ဂုဏ်သိက္ခာဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံတစ်နိုင်ငံတွင် လုံခြုံကင်းမဲ့သောဘ၀တွင် နေနေရလျှင် မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် ခြိမ်းခြောက်ခံနေလျှင် ကျီးလန့်စာစားနေရမည်ဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရပြီဖြစ်သည်။ မည်သည့်လူသားမှ အသက်ရှင်သန် ပိုင်ခွင့်နှင့် လုံခြုံပိုင်ခွင့် ကင်းမဲ့မှုမရှိစေရဟု လူ့အခွင့်အရေးကြေငြာစာတမ်းက ဆိုပါသည်။ အပိုဒ်(၁၅) အပိုဒ်ခွဲ(၁) လူတိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ ဆိုလိုသည်မှာ ဤကမ္ဘာပေါ်တွင် `နိုင်ငံမဲ့လူသား´ဟူ၍ တစ်ဦးတစ်ယောက်မျှ မရှိစေရဟူ၍ဖြစ်သည်။ လူတစ်ယောက် နိုင်ငံမဲ့အနေအထားမှာ ရပ်တည်နေရပြီဆိုလျှင် ထိုသူသည် လူ့အခွင့်အရေးချိုးဖောက်ခံထားရသူ ဖြစ်သည်။ ဤနေရာတွင် သတိပြုစရာရှိသည်က နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ်ဟူ၍သာ ဖော်ပြထားသည်။ လူမျိုးတစ်မျိုးရဲ့ လူမျိုးစုအခွင့်အရေးဟူ၍ ဖော်ပြမထားချေ။ လူမျိုးတစ်မျိုးရဲ့ လူမျိုးဖြစ်ခွင့်သည် လူ့အခွင့်အရေးဟူ  ၍ မပြဌာန်းထားချေ။ ဘာကြောင့်လဲဆိုရင် လူမျိုးတစ်မျိုးရဲ့ လူမျိုးစုဆိုတာ လူ့ဂုဏ်သိက္ခာနဲ့ မည်သို့မျှ မပတ်သက် လို့ပဲဖြစ်တယ်။ ဒါကြောင့်မို့ လူသားရဲ့ရပိုင်ခွင့်ဟူ၍ မဖော်ပြထားခြင်းဖြစ်သည်။ လူမျိုးတစ်မျိုးရဲ့ လူမျိုးစုဖြစ်ခွင့်ဆို သည်မှာ ကျွန်တော်တို့ရွေးချယ်လို့ရသည့် အရာမျိုးလည်းမဟုတ်။ ကျွန်တော်တို့ ရွေးချယ်ပိုင်ခွင့်မရှိတဲ့အရာပေါ်မှာ ကျွန်တော်တို့ တာဝန်ခံစရာအကြောင်းလည်းမရှိ။ ထို့ကြောင့် လူမျိုးစုကိုအကြောင်းပြုပြီး လူအချင်းချင်း ခွဲခြားဆက်ဆံခြင်းကို လူ့အခွင့်အရေးကြေငြာစာတမ်းက တားမြစ်ထားသည်။ ဒီကနေ့ ကျွန်တော်တို့မွတ်ဆလင်မ် များအတွက် ခွဲခြားဆက်ဆံခံရသော အသုံးအနှုန်းတစ်ခုရှိသည်။ ကုလားဟူသော အသုံးအနှုန်း။ ထိုအသုံးအနှုန်း၏အဓိပ္ပါယ်ကို ကျွန်တော်မသိ။ သိလိုသည့်အတွက် မြန်မာအဘိဓါန် တွင် ရှာကြည့်မိသည်။ မြန်မာအဘိဓါန်တွင် ကုလားဟူသော အသုံးအနှုန်းကို ဤသို့ဖွင့်ဆိုထားသည်။ ကုလား (၁) အိန္ဒိယတိုက်ငယ်ဒေသမှ လာသောလူမျိုးများ  (၂) သာမန်အားဖြင့် မြန်မာနိုင်ငံ၏အနောက်ဘက်ရှိ တိုင်းနိုင်ငံများမှလာသူများ အဘိဓါန်တွင် လူမျိုးများဟူ၍ အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်။ သို့ဆိုလျှင် မေးစရာရှိလာပါသည်။ အိန္ဒိယတိုက် တွင် လူမျိုးစုများစွာရှိပါသည်။ ဥပမာအားဖြင့် စူရ်တီ၊ မေမန်၊ ဂူဂျရသ်တီ။ ၎င်းတို့ မြန်မာပြည်ရောက်လာလျှင် ကုလားဟူ၍ဖြစ်သွားမည်လား။ ထိုလူမျိုးစုများတွင် ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်ဝတ်စား ဆင်ယင်မှု၊ ကိုယ်ပိုင်ဓလေ့ထုံးစံရှိပြီးဖြစ်သည်။ အိန္ဒိယတိုက်တွင် ကုလားဟူသောလူမျိုးစု လုံးဝမရှိ။ မည်သည့် လူမျိုးစုကို ဆိုလိုသနည်း။ မြန်မာနိုင်ငံရဲ့ အနောက်ဘက်ရှိ တိုင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်လည်း ဘင်္ဂါလီ ဟူသော လူမျိုးစုမျိုး ရှိပြီးဖြစ်သည်။ ကုလားဟူသော လူမျိုးစုမတွေ့ရ။ ကျွန်တော်တို့မြန်မာပြည်က လူအတော်များ များ ဘာသာတရားနဲ့လူမျိုးကို ခွဲခြားပြီး မြင်တတ်ပုံမရချေ။ ကုလားဟူသောအသုံးကို နောက်တစ်မျိုး ပြောကြပါသေးသည်။ ကူးလာသူများဖြစ်ကြသည်ဟု ဆိုပါသည်။ အင်္ဂလိပ်တွေက မြန်မာပြည်ကို နယ်ချဲ့သိမ်းပိုက်ကြတယ်။ တိုင်းတစ်ပါးကနေ ကူးပြောင်းလာကြတယ်။ အသားဖြူ မျက်နှာဖြူလို့ ကုလားဖြူလို့ခေါ်ကြတယ်။ ကူးလာလို့ ကုလားဖြစ်သည်ဟုဆိုလျှင် ကမ္ဘာပေါ်တွင် ရှိသမျှလူအားလုံး သည် ကုလားများသာ ဖြစ်ကြတော့မည်။ အဘယ်ကြောင့်နည်း။ ရှင်းဦးအံ့။ ကမ္ဘာတွင် လူသားမျိုးနွယ်များ ပေါ်ပေါက်လာပုံကိုလေ့လာကြည့်လျှင် ထိုအချက်ကို ထင်ရှားစွာ မြင်တွေ့ နိုင်ပါသည်။ ဒေသခံ ဌာနေတိုင်းရင်းသားလူမျိုးစုတွေကိုပင် ဥပမာပေးပါမည်။ ထိုဌာနေလူမျိုးစုတို့သည် ကမ္ဘာဦး ကတည်းက ထိုနေရာတွင် နေထိုင်လာကြသည်မဟုတ်။ မိုးပေါ်က ကျလာသည်လည်းမဟုတ်။ မြေလျှိုး၍ပေါ်လာ သည်လည်းမဟုတ်။ အမိအဖကနေ ပေါင်းစပ်ပြီး လူအဖြစ်ကို မွေးဖွားလာခြင်းသာဖြစ်သည်။ ကမ္ဘာတွင် လူမျိုးစုများ မည်သို့ပျံ့နှံ့လာသနည်း။ ရှေးဦးလူသားတို့သည် ရေကြည်ရာ မြက်နုရာ သွားလာရှာဖွေ စားသောက်နေထိုင်ကြ သည်။ ခြေသလုံးအိမ်တိုင်အဖြစ် နေထိုင်ကြသည်။ ဒေသတစ်ခုနှင့်တစ်ခု ကူးလူးသွားလာကြသည်။ နေရာအတည် တကျမရှိ။ စိုက်ပျိုးရေးခေတ်ရောက်လျှင် မြို့ရွာများဆောက်လုပ်၍ အတည်တကျနေထိုင်လာကြသည်။ ထို့နောက် မွေးမြူရေး။ ထို့နောက် ကူးသန်းရောင်းဝယ်ရေး။ ဤသို့ဖြင့် ဒေသအသီးသီး၌ရှိနေကြသော လူတို့သည် နေရာအနှံ့အပြားသို့ ရွှေ့ပြောင်းနေထိုင်လာကြခြင်း သာဖြစ်သည်။ မည်သည့်လူမျိုးစုမျှ ကမ္ဘာဦးကတည်းက ရှိနေခြင်းမဟုတ်။ အားလုံးကူးလာကြသူများသာဖြစ်သည်။ ထိုအချက်ကိုကြည့်လျှင် ထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။ သမိုင်းရှုထောင့်မှတင်ပြရလျှင် နောင်တွင် လူအမျိုးမျိုးဖြစ်ပေါ်လာမည့် အခြေခံလူမျိုးများမှာ လေးမျိုးခန့်ရှိ မည်ဟု သမိုင်းသုတေသီတို့က ဆိုကြသည်။ ဂရိ၊ ပါးရှန်း၊ အာမေးနီးယန်း၊ ဆလဗ်လူမျိုးများသည် ကော့ကေးဆပ် တောင်ကြောဘက်မှလာသည့် နောဒစ်အမျိုးအနွယ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ အီဂျစ်၊ ဆူမေနီးယန်း၊ အိုင်ယာလန်နှင့် ဝေလလူမျိုးတို့သည် မြေထဲပင်လယ်မှဖြစ်သော အီဘာရီးယန်းမျိုးနွယ်မှ ဆင်းသက်လာသည်ဟု ဆိုသည်။ ဒီဘက်က ကျွန်တော်တို့ တရုတ်၊ ဂျပန်၊ မြန်မာ၊ ယိုးဒယား၊ မလေးလူမျိုးတို့သည်ကား မွန်ဂိုလီးယန်း အနွယ်မှလည်းကောင်း၊ အာဖရိကရှိ အသားမည်းလူမျိုးများ၊ အာရှနီးဂရိုးများမှာမူ နီဂရိုးလူမျိုးမှဆင်းသက်လာကြ ခြင်းသာဖြစ်သည်။ ဤကဲ့သို့ပင် ကမ္ဘာပေါ်၌ လူမျိုးအသီးသီး ပျံ့နှံ့လာကြခြင်းသာဖြစ်သည်။ လူမျိုးစုတစ်ခုသည် ကမ္ဘာဦးကတည်းက သီးခြားဖြစ်တည်နေသည်မဟုတ်။ ကမ္ဘာတွင် သီးခြားလူမျိုးစုတစ်ခုတည်းအဖြစ် ရပ်တည်လို့ ရမည်လည်းမဟုတ်။ လူမျိုးစုများ ရောနှောမည်သာဖြစ်သည်။ သွေးနှောမည်သာဖြစ်သည်။ အာရဗ်လူမျိုးတစ်ဦးနှင့် တရုတ်အမျိုးသမီးတစ်ဦး အိမ်ထောင်ကျပြီး ရလာသည့်ကလေးသည် မည်သည့်လူမျိုးဖြစ်မည်နည်း။ ဥပဒေအရ သတ်မှတ်သည်ကို မဆိုလို။ သေချာသည်မှာ ရာနှုန်းပြည့်အာရဗ်မဟုတ်သလို ရာနှုန်းပြည့် တရုတ်လည်းမဟုတ်။ ဤသည် သမိုင်းအမြင်ဖြစ်သည်။ ဘာသာရေးအမြင်ဖြင့်ကြည့်လျှင်လည်း ရပါသေးသည်။ ခရစ်ယာန်အယူအရ လူသားသည် အာဒမ်နဲ့ဧ၀က ဆင်းသက်သည်ဟုဆိုသည်။ ဗုဒ္ဓဘာသာအမြင်အရမူ ဗြဟ္မာကြီးလေးပါးက ဆင်းသက်သည်ဟုဆိုသည်။ ဌာနေလူမျိုးစုတို့သည် အာဒမ်ဧ၀ (သို့မဟုတ်) ဗြဟ္မာကြီးလေးပါးလက်ထက်ကတည်းက ရှိနေခဲ့သည်မဟုတ်။ ဒါကြောင့် လူမျိုးစုကိုအကြောင်းပြုပြီး ခွဲခြားဆက်ဆံခြင်းသည် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းသာဖြစ် သည်။ လူမျိုးစုတစ်စုရဲ့အမည်နာမကြောင့် လူ့ဂုဏ်သိက္ခာတိုးတက်လာမည်လည်းမဟုတ်။ လူတွေအားလုံး အမိအဖကနေ မွေးဖွားလာကြသူများသာဖြစ်သည်။ ကုရ်အာန် (၄၉း၁၃)မှာ အလ္လာဟ်က အဖိုနဲ့အမ ပေါင်းစပ်ပြီး ဖြစ်ထွန်းလာတယ် လို့ပြောတယ်။ ဆိုလိုသည်မှာ လူသားကို မတူညီတဲ့အရာနှစ်ခုနဲ့ ပေါင်းစပ်ထားတယ်လို့ပြော တယ်။ မတူညီတဲ့အရာဆိုတာ ဘာလဲ။ ဘာသာစကား၊ ယုံကြည်ချက်၊ အသားအရောင်၊ လူမျိုးအားလုံး ပါဝင် ပတ်သက်ပါတယ်။ ဤအမြင်အရမူ လူသားတစ်ယောက် ဖြစ်တည်လာခြင်းကိုက မတူညီတဲ့အရာတွေကို ပေါင်းစပ် သန္ဓေတည်လာတယ်ဆိုတာကို လက်ခံရမည်သာဖြစ်သည်။ မတူညီတဲ့အရာနှစ်ခုမှ ဖြစ်တည်လာသော လူသားတစ် ယောက်က အခြားလူသားတစ်ယောက်ကို အဘယ်ကြောင့် ခွဲခြားဆက်ဆံနေရမည်နည်း။ ဤသို့ ခွဲခြားဆက်ဆံ ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်။ ဒါကြောင့် နိုင်ငံတစ်နိုင်ငံ၏အခြေခံဥပဒေတွင် လူ့အခွင့်အရေးများ ချိုးဖောက်ခံရမှုမရှိရအောင် လူ့အခွင့် အရေး၏ စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် ရေးဆွဲရပါသည်။ အခြေခံဥပဒေချို့တဲ့လျှင် မျိုးဆက်တစ်ခုလုံးပါ ဒုက္ခ ရောက်ပါမည်။ ထို့ကြောင့် အခြေခံဥပဒေကို မော်တော်ကားတစ်စီးနှင့် ခိုင်းနှိုင်းကြသည်။ ကားတစ်စီးသည် အင်ဂျင် လည်း ကောင်းတယ်၊ မောင်းတဲ့ဒါရိုင်ဘာကလည်း ကျွမ်းကျင်တယ်။ ဒါပေမဲ့ ဘီးတစ်ဘီးပေါက်နေလျှင် ခရီးတွင်မည်မဟုတ်။ အင်ဂျင်လည်း ကောင်းတယ်။ ဘီးတွေအားလုံးလည်း ကောင်းတယ်။ မောင်းတဲ့သူ မကျွမ်းကျင်လျှင်လည်းမရ။ ဘာကြောင့်လဲဆိုရင် အဲဒီမော်တော်ကားကို အဲဒီနိုင်ငံသားတွေအားလုံးက စီးနင်း လိုက်ပါရမှာဖြစ်တယ်။ ဒါကြောင့် အခြေခံဥပဒေ ချို့ယွင်းနေလျှင်လည်း ကျွန်တော်တို့ မွတ်ဆလင်မ်တွေနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။ ထိုကိစ္စအတွက် တာဝန်ရှိသည်ဟု မှတ်ယူထားရမည်သာဖြစ်သည်။ မိမိနှင့် မသက်ဆိုင်ဟု မမှတ်ယူအပ်ချေ။ ဤတွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ကျွန်တော်ဖတ်ခဲ့ဖူးသော ပုံပြင်တစ်ပုဒ် ပြောပြပါမည်။ တိုင်းပြည် တစ်ခုမှာ ဘုရင်တစ်ပါးဟာ သူ့တိုင်းပြည်မှာရှိတဲ့ လူတွေအားလုံး လူ့အခွင့်အရေးနဲ့အညီ နေထိုင်ခွင့်ရကြသလား ဆိုပြီး သိလိုသောကြောင့် လေယာဉ်ပျံဖြင့် တိုင်းခန်းလှည့်လည်သည်။ အဲဒီတုန်းက လေယာဉ်ပျံပေါ်ပြီလား မမေးပါနဲ့။ ပုံပြင်ထဲမှာ အကုန်ဖြစ်နိုင်ပါတယ်။ ဘုရင်ကြီးဟာ သူနဲ့အတူ အိမ်ရှေ့မင်းသား၊ စစ်သူကြီး၊ နန်းရင်းဝန် ကိုပါ လိုက်ပါစေပါတယ်။ တိုင်းခန်းလှည့်လည်တဲ့အခါ လေယာဉ်ပျံပေါ်ကနေကြည့်လိုက်တော့ လယ်ကွင်းမှာ ချွေးတလုံးလုံးနဲ့ ပင်ပင်ပန်းပန်း အလုပ်လုပ်နေတဲ့ လယ်သမားတွေကိုမြင်ပြီးတော့ ဘုရင်ကြီးက ပြောတယ်။ ခုနေအခါမှာ ငွေကျပ်တစ်သိန်းတန် တစ်ရွက်လောက် ပစ်ချလိုက်ရင် ရတဲ့သူတော့ ပျော်သွားမှာပဲဆိုပြီးပြောတယ်။ ဒါနဲ့ အိမ်ရှေ့မင်းသားက အရှင်မင်း ကြီး တစ်သိန်းတန်ဆို တစ်ယောက်ပဲပျော်ရမယ်။ ငါးသောင်းတန်နှစ်ရွက်ဆိုရင် နှစ်ယောက်ပျော်ရမှာပေါ့ဆိုပြီး လျှောက်တယ်။ ငါးသောင်းတန်အစား နှစ်သောင်းတန်ဆိုရင် ငါးယောက်တောင် ပျော်ရမှာပေါ့ဆိုပြီး စစ်သူကြီးကလည်း ၀င်ပြောတယ်။ ဒါနဲ့ နန်းရင်ဝန်အမတ်က တစ်သောင်းတန်ဆိုရင် လူဆယ်ယောက် ပိုပြီးပျော်မှာပေါ့ဆိုပြီး လျှောက်ထားပြန်တယ်။ ဒါနဲ့ သူတို့ပြောတာ နားထောင်နေတဲ့ လေယာဉ်မှူးက စကားတစ်ခွန်းဝင်ပြောလိုက်တယ်။ အရှင်မင်းကြီး … အရှင်မင်းကြီးတို့အားလုံး လေယာဉ်ပေါ်က ခုန်ချလိုက်ရင် တစ်တိုင်းပြည်လုံး ပျော်ရွှင်သွားမှာပဲ ဟူ၍ဖြစ်သတည်း။ သဘောတရားက တိုင်းပြည်တစ်ခုမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်နေပြီဆိုလျှင် တိုင်းပြည်ကိုအုပ်ချုပ်နေသည့် အုပ်ချုပ်သူအစိုးရမှာ အဓိကတာဝန်ရှိကြောင်း ပြဆိုနေခြင်းသာဖြစ်သည်။ အပိုဒ် (၁၈) လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့်ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်း ဖြစ်စေ၊ အခြားသူများနှင့်စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိကိုးကွယ် သောဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။ ဒီနေရာမှာပြောချင်တာက လွတ်လပ်စွာကိုးကွယ်ခွင့်ကို ဘာကြောင့် လူ့အခွင့်အရေးတစ်ရပ်အဖြစ် ပြဌာန်း ပေးထားရသလဲ။ ရှင်းပါသည်။ ဘာသာတရားများ ထိပ်တိုက်တွေ့လျှင် ပဋိပက္ခဖြစ်နိုင်သောကြောင့်ဖြစ်သည်။ အစ္စလာမ်က ပြောမယ်။ ဖန်ဆင်းရှင်ရှိတယ်။ ဗုဒ္ဓဘာသာက ပြောမယ်။ ဖန်ဆင်းရှင်မရှိဘူး။ ထို့အတူပဲ ခရစ်ယာန်က ပြောမယ်။ ဖခမည်းတော်၊ သားတော်၊ ၀ိဉာဉ်တော် သုံးခုပေါင်းပြီး သုံးပါးတစ်ဆူပြောမယ်။ အစ္စလာမ်က သောင်ဟီးဒ်ကိုသွားတယ်။ စလုံးရေစ ဆိုတာနဲ့ကွဲပြီ။ ဘာသာတရားတွေ ဘယ်လိုညှိနှိုင်းဆောင်ရွက် ကြမလဲ။ ဘာသာတရားဆိုတာက နဂိုကတည်းက ထိလွယ်ရှလွယ်ဖြစ်တတ်တာကြောင့် ဘာသာတရားနဲ့ပတ်သက် လာလျှင် မည်သူကမျှ အလျှော့ပေးကြမည်မဟုတ်။ ထို့ကြောင့် ဘာသာတရားအားလုံးကို လွတ်လပ်စွာ ကျင့်သုံး ဆောင်ရွက်ခွင့် ပေးထားခြင်းဖြစ်သည်။ ဒီကနေ့ ကျွန်တော်တို့ ကုရ်ဘာနီလုပ်ကြတယ်။ နွားသတ်ကြတယ်။ နောက်ဘာသာတစ်ခုက နွားသတ်ခြင်းသည် အကုသိုလ်ကံဖြစ်သည်ဟူ၍ ၀င်ရောက်စွက်ဖက်၍မရချေ။ မကြိုက်လျှင် လက်မခံရုံသာရှိသည်။ အစ္စလာမ်ဘက်က နွားသတ်ခြင်းသည် မည်သည့်အကြောင်းကြောင့် ဖြစ်ပါသည်ဟူ၍ ရှင်းပြနေရန်မလို။ ဘာသာတရားခေါင်းစဉ်အောက်၌ လွတ်လပ်စွာဆောင်ရွက်ခွင့် ရှိသည်။ အစ္စလာမ်ကို သိလိုသောကြောင့် လေ့လာလျှင် ရှင်းပြသည်က တစ်ပိုင်းဖြစ်သည်။ ထို့ကြောင့် ဘာသာတရားနှင့် ပတ်သက်ပြီး လွတ်လပ်မှုမရှိဘူးဆိုလျှင် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းသာလျှင်ဖြစ်သည်။ လူ့ဂုဏ်သိက္ခာကို စော်ကားခြင်းဖြစ်သည်။ လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာသူများသာလျှင် လူ့အသိုင်းအ၀ိုင်း၌ ယဉ်ကျေးသော လူမျိုးများဖြစ်မည်ဟူ၍ တင်ပြရင်း နိဂုံးချုပ်အပ်ပါသည် ။ ။