ပြောင်းလဲဖို့ အချိန်တန်ပြီ…. မုဖ်သီ ဦးသန်းအောင် (LL.B)

ပြောင်းလဲဖို့ အချိန်တန်ပြီ….

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ဒီကနေ့ အီဒွလ်အဿွဟာနေ့မှာ ကျွန်တော့်အနေနဲ့ အခုလို့ အီးဒ်ခွတ္တဗာဟ်ကို ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

အီဒွလ်အဿွဟာနဲ့ ပတ်သက်လာရင် ကျွန်တော်တို့အားလုံးရဲ့ နှလုံးသားထဲမှာ စွဲမြဲစွာမှတ်မိနေတဲ့ တမန် တော်မြတ်ကြီးတွေရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ ဖခင်ကြီးလို့ပြောရင်လည်း မမှားတဲ့ တမန်တော်အီဘရာဟင်မ်(အ)၊ သားတော် တမန်တော်အီစ္စမာအီလ်(အ)နဲ့ သားတော် တမန်တော် အိစ္စဟာက်(အ) အပါအ၀င် ကြင်ယာတော်များဖြစ်ကြတဲ့ ဟဂျရာသခင်မနဲ့ ဆာရာသခင်မတို့ဖြစ်ပါတယ်။ သူတို့နဲ့ အဆက်အစပ် ပြုပြီးတော့ ၎င်းတို့ရဲ့သားစဉ်မြေးဆက်တွေဟာ ကျွန်တော်တို့အတွက် အလေးထားစရာ၊ စံနမူနာပြုစရာ ပုဂ္ဂိုလ် တွေဖြစ်တာကို ကျွန်တော်တို့အားလုံး သိကြပြီးဖြစ်ပါတယ်။

အာရဗ်တွေ မသိပေမယ့် အာရှနိုင်ငံတွေအနက်က အိန္ဒိယပညာရှင်တွေနဲ့ ဆက်နွယ်တဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာတို့ပဲသိတဲ့ ကုရ်ဘာနီဆိုတဲ့ ဝေါဟာရ။ အရဗီမှုမှာ သွားကြည်ရင်တော့ `ကာ- ရိ – ဗ´ နီးကပ်သည်။ `ကုရ်ဗာဟ်´နီးကပ်စေခြင်း၊ နီးကပ်စေရန် ချဉ်းကပ်ခြင်း၊ ကျမ်းမြတ်ကုရ်အာန်မှာ (၃)ကြိမ်ပါတဲ့ စကားလုံးအတိုင်းဆိုရင် `ကုရ်ဘာနန်းန်´နီးကပ်မှုရရှိရန် ချဉ်းကပ်မှုဆိုပြီးတော့ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီ စကားလုံးတွေကို ယူပြီးတော့ အိန္ဒိယစကော်လာတွေ ဒီဘက်ကို ရောက်လာတော့ ကျွန်တော်တို့ဆီမှာ ကုရ်ဘာနီ ဆိုပြီးဖြစ်လာပါတယ်။

 

ကျွန်တော်တို့ထင်တာက ကုရ်ဘာနီဆိုတာ သားကောင်တစ်ကောင်ကောင်ကို သတ်ပြီး၊ အရပ်ထဲမှာ ဝေပေးလိုက်ရင် ကုရ်ဘာနီဖြစ်မယ်လို့ထင်တယ်။ တမန်တော် အီဘရာဟင်မ်(အ)ကပဲ လုပ်ခဲ့သလိုလို၊ တမန်တော် မုဟမ္မဒ်(ဆွ)ကပဲ လုပ်ခဲ့သလိုလို၊ လုပ်ခဲ့သလိုလိုနဲ့ ဒီကနေ့ လုပ်နေကြတာပါ။ တကယ်တမ်းတော့ တမန်တော် အီဘရာဟင်မ်(အ)လည်း မလုပ်ခဲ့ပါဘူး။ တကယ်လုပ်ခဲ့ကြတာ ဘာလဲဆိုရင် လူသားဟာ သူရဲ့နဖ်စ်ကိုယ်ရည် ကိုယ်သွေး ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတန်းမြင့်မားတိုးတက်လာအောင် အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှာ `သက္က၀ါ´တရားအပြည့်ထားပြီး၊ အလ္လာဟ်ကျေနပ်နှစ်သက်မှုရယူရန် ချဉ်းကပ်တာ(အလ္လာဟ်ညွှန်ကြားချက် အတိုင်း ကောင်းမြတ်သောလုပ်ငန်းများ ဆောင်ရွက်ခြင်း)ကို `ကုရ်ဘာနန်းန်´လို့ ကျမ်းတော်မြတ်ကုရ်အာန်မှာ သုံးထားပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ နားလည်မှုလွဲမှားတာ ချွတ်ချော်မှုကြောင့် သတင်းစာမှာ အစိုးရက တရားဝင် ရုံးပိတ်ရက်အဖြစ် ကြေညာတာတောင် ဘယ်အဖွဲ့အစည်းအဝေးက ပို့လိုက်မှန်းမသိတဲ့ စာအရ အီဒွလ်အဿွဟာ (ဘက္ကရီးအစ်နေ့)။ ဘက္ကရီးရဲ့ အဓိပ္ပါယ်က ဆိတ်၊ အဲဒီ အီဒွလ်အဿွဟာကိုတောင် ဆိတ်အစ်လို့ နာမည်ပြောင်း လိုက်တယ်။ အဲဒီလို ပြောင်းတယ်၊ ပြောင်းတယ်နဲ့ ကျွန်တော်တို့ပြောင်းလဲခြင်း သံသရာမှာ ကျင်လည်နေကြရပါ တယ်။ ဒါကြောင့် ဒီကနေ့ ခွတ္တဗာဟ်ကို `ပြောင်းလဲဖို့ အချိန်တန်ပြီ´လို့ အမည်ပေးထားပါတယ်။ တစ်ချို့ကပြော တယ်။ ကုရ်ဘာနီက ယဇ်ပူဇော်တာပါတဲ့။ တစ်ချို့ကလည်း ပြောပါတယ်။ ယဇ်ပူဇော်တာ မဟုတ်ပါဘူးတဲ့။ တကယ်တော့ ကုရ်ဘာနီဟာ ယဇ်ပူဇော်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့ တချို့မွတ်ဆလင်မ်တွေရဲ့ အတွေးအခေါ်မှားယွင်းနေတဲ့အပေါ်မှာ ပတ်ဝန်းကျင်က လူတွေရဲ့မြင်တဲ့အမြင် တိမ်းစောင်းသွားခြင်းသာ ဖြစ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုရင် သီရိလင်္ကာလို နိုင်ငံမှာရှိတဲ့မွတ်ဆလင်မ် မဟုတ်တဲ့လူတွေက သားကောင်ကို ဂုတ်ကနေတစ်ချက်ထဲနဲ့ အပြတ် ပြတ်အောင်(ခေါင်းတခြား ကိုယ်တခြား)ခုတ်ထစ်တာမျိုးက တကယ်ယဇ်ပူဇော်တာပါ။

ဒါမျိုးတွေနဲ့ နှိုင်းယှဉ်ပြီးကြည့်လိုက်တဲ့အခါ မွတ်ဆလင်မ်တွေကလည်း သားကောင်ကို `ဇဗာဟ်´ လုပ် လိုက်ရင်သူတို့လည်း အလ္လာဟ်မြတ်စွာဘုရားကြီးကို ကြောက်ရွံ့ပြီးတော့ တခုခုနဲ့ ပူဇော်၊ ပသ၊ ယဇ်ပူဇော်တယ်လို့ (န၀တ)လက်ထက်တုန်းက သတင်းစာမှာ တရားဝင်ထုတ်ပြန်ပြီးရေးလိုက်တယ်။ မွတ်ဆလင်မ်များ၏ ယဇ်ပူဇော် သောအီဒ်ဆိုပြီး။ နောက်နေ့မှ အမှားပြင်ဆင်ချက်ဆိုပြီး ပါလာတာကို လူကြီးမင်းများ မှတ်မိမယ်လို့ ထင်ပါတယ်။ အမှန်ကတော့ မိမိအပြစ်ဂုနာတွေ ပပျောက်အောင် ဆေးကြေားခြင်းလည်းမဟုတ်ပါ။ အနန္တမဟာကရုဏာတော် ရှင်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်အတွက် အရာရာကို စွန့်လွှတ်ရန်အမြဲအဆင်သင့်ရှိကြောင်း စစ်မှန်တဲ့နှလုံးသားထဲ က ခံယူချက်ကို ပြင်ပသင်္ကေတအဖြစ် တမန်တော်အီဘရာဟင်မ်(အ)ရဲ့ သမိုင်းဝင်စံပြုမှုကို စံနမူနာယူပြီး တစ်နှစ် မှာ တစ်ရက် အီဒွလ်အဿွဟာနေ့မှာ မိမိတို့မှာရှိတဲ့ အရည်အသွေး၊ အရည်အချင်းတွေကို စွန့်လွှတ်ရင်းနဲ့ စွန့်လှူ ရင်းနဲ့ မိမိတို့မှာ အသက်၊ သွေး၊ ချွေးတွေကို စွန့်လွှတ်ဖို့ အဆင်သင့်ရှိကြောင်း ပြယုဂ်တစ်ခုဖြစ်ပါတယ်။

တမန်တော် အီဘရာဟင်မ်(အ)နဲ့ ပတ်သက်ပြီးကြည့်လိုက်ရင် ပြောင်းလဲခြင်းမှာ နှစ်မျိုးရှိပါတယ်။ ရုတ်ချည်းပြောင်းလဲလိုက်တဲ့ (Revolution)နဲ့ တဖြည်းဖြည်းချင်းပြောင်းလဲသွားတဲ့ (Evolution)ဆိုပြီး နှစ်မျိုးရှိပါ တယ်။ တမန်တော် အီဘရာဟင်မ်(အ)ရဲ့ ပြောင်းလဲမှုကို ကျွန်တော်တို့ လေ့လာကြည့်တဲ့အခါ မိမိရဲ့အထက် ဘိုး၊ ဘေး၊ မိဘတွေအဆက်ဆက်က မိမိတို့စိတ်ကူးအလိုဆန္ဒတွေနဲ့ စိတ်ကြိုက်ပုံဖော် ယုံကြည်ကိုးကွယ်အားထားနေ တဲ့ ယုံကြည်လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်တဲ့အတွက် ရဲဝံ့ပြတ်သားစွာ ပြောင်းလဲပစ်လိုက်တယ်။ စွန့်လွှတ်ပစ်လိုက်တယ်။ အမှားကို ချက်ချင်းစွန့်လွှတ်ရဲလိုက်တာ အမှန် ဘက်ကို ချက်ချင်းပြောင်းလဲရဲလိုက်တာ တမန်တော် အီဘရာဟင်မ်(အ)ရဲ့ စံနမူနာပဲဖြစ်ပါတယ်။

ပြီးတော့ ရှရိက်လို့ပြောတဲ့ အလ္လာဟ်အရှင်မြတ်ကို တစုံတရာနဲ့ တုဖက်၊ နှိုင်းယှဉ်၊ ယှဉ်တွဲလုပ်ကိုင်ဖို့ အရမ်းအားသာနေရင် အဲဒီပတ်ဝန်းကျင်မှာ မနေတော့ဘူး။ ထားခဲ့လိုက်ရတယ်။ အဲဒီလို ဟစ်ဂျရသ်လုပ်ရဲလိုက်တာ ဟာလည်း ပြောင်းလဲခြင်းရဲ့ သင်္ကေတထဲမှာ အပါအ၀င်ဖြစ်ပါတယ်။ နောက်တခါ မိုက်မဲတဲ့ အဓိပ္ပါယ်ကင်းမဲ့တဲ့ လူမဆန်တဲ့ လူသားတွေကို အများဆုံးဖျက်ဆီးထားတဲ့ ရှေးရိုး၊ အယူဆိုး၊ ၀ါဒဆိုး၊ အလ္လာဟ်အမိန့်နဲ့ဆန့်ကျင်မှု မှန်သမျှ ဓလေ့ထုံးတမ်း၊ အစဉ်အလာဆိုးတွေ ချုပ်ငြိမ်းပပျောက်သွားအောင် ပြုလုပ်ဆောင်ရွက်ခဲ့တဲ့ ပြောင်းလဲခြင်း စံဟာလည်း အီဘရာဟင်မ်(အ)ရဲ့လုပ်ဆောင်ချက်ဟာလည်း ကျွန်တော်တို့အတွက် မှတ်သားစရာဖြစ်ပါတယ်။

အမှန်တရားနဲ့ အမှားနဲ့ မတရားတာလုပ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့တရားတာ လုပ်ဖို့ကြိုးစားနေတဲ့ မှန်ကန် တော်တည့်အောင် လုပ်နေတဲ့ လူ့အဖွဲ့အစည်းနဲ့ ယှဉ်လာရင် မှန်ကန်အောင်လုပ်ဖို့ ကြိုးစားနေတဲ့ အမှန်တရား လမ်းစဉ်ဘက်ကို လျှောက်နေတဲ့ ဦးဆောင်နေတဲ့ လူတွေဆီကို ကျွန်တော်တို့ ပြောင်းလဲပစ်လိုက်ရမယ်။ကျွန်တော် တို့ရဲ့ လူ့အဖွဲ့အစည်းမှာ မှားယွင်းနေတဲ့ဟာတွေ ရှိနေရင် အဲဒီမှားယွင်းနေတဲ့ ကိစ္စတွေကို ဘေးချိတ်ပြီးတော့ အမှန် သစ္စာတရားအတွက် ရဲရဲဝံ့ဝံ့ပြောင်းလဲဖို့လည်း ရှိပါတယ်။ တနည်းအားဖြင့် ဟိုတုန်းက သားဦးမွေးရင် သတ်ပြီးတော့ ယဇ်ပူဇော်တဲ့ မှားယွင်းတဲ့အတွေးအခေါ်နဲ့ လုပ်ရပ်တွေကို ဦးဆောင်ပြီး စွန့်လွှတ်ရဲ့ခဲ့တာ သူ့ရဲ့သားတော်တွေကလည်း `အကယ်၍ အလ္လာဟ်အမိန့်လမ်းညွှန်တယ်ဆိုရင် အမိန့်တော်အတိုင်း ပြုလုပ်ပါ။´ ကျွန်တော့်ဘ၀၊ ကျွန်တော့်အသက်၊ ကျွန်တော်ရဲ့အချိန်တွေကို စွန့်လွှတ်ဖို့၊ အနစ်နာခံဖို့ အဆင်သင့်ပါဘဲလို့ ပြောတာ၊ အဖေကလည်း သားလုပ်သူကို ပြောတဲ့အခါမှာ ပွင့်လင်းမြင်သာမှုရှိရှိ၊ ဒီနေ့ခေတ်မှာ ခေတ်စားလာတဲ့ စကားလုံးကို တမန်တော်အီဘရာဟင်မ်(အ)က သူ့သားတော် အီစ္စမာအီလ်(အ)ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ က `ငါအိပ်မက်မှာတော့ ဒီလိုမက်တယ်။ သားတော်ရဲ့ အမြင်သဘောထား ဘယ်လိုရှိလဲလို့ ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းတာ တမန်တော် အီဘရာဟင်မ်(အ)ရဲ့ လမ်းစဉ်ပါ။

အဲဒီအခါမှာ သားတော်ကလည်း `အဖေ့ကို အလ္လာဟ်ညွှန်ကြားထားတဲ့အတိုင်း အဖေလုပ်လိုက်ပါ၊ အဖေ သေချာပေါက် ကျွန်တော့်ရဲ့ ကြံ့ခိုက်တဲ့နှလုံးသားပြည့်ဝတဲ့၊ ခံနိုင်ရည်ရှိတဲ့ လူတွေထဲမှာ အပါအ၀င်ဖြစ်တာ အဖေ တွေ့ရပါလိမ့်မယ်လို့ ပြောတယ်။ အဲဒီလို စွန့်လွှတ် စွန့်စားလို့၊ ကိုယ်ကျိုးစွန့်လွှတ်အနစ်နာခံဖို့၊ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းတွေ၊ ကျွန်တော်တို့ မွတ်ဆလင်မ် အွမ္မသ်တွေ၊ ကျွန်တော်တို့မှာ လက်ရှိ ရှိနေတဲ့၊ လူ့အဖွဲ့အစည်း အဖွဲ့ဝင် တွေထဲမှာ ကျွန်တော်တို့ အမူအကျင့်တွေ၊ အပြောအဆိုတွေ Mindset တွေ၊ သဘောထားတွေ၊ ခံယူချက်တွေ၊ ကျွန်တော်တို့ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုတာကိုလည်း ကျွန်တော်တို့ သိနိုင်မှာ ဖြစ်ပါတယ်။

နောက်တခါ အမှန်သစ္စာတရားကို ဖော်ထုတ်တင်ပြကြေညာပြီး၊ သစ္စာတရားနဲ့ မိစ္ဆာအမှားနှစ်ခုရဲ့ တည်ရှိနေတဲ့ တည်ရှိမှုကို သေသေချာချာ စနစ်တကျ ယှဉ်တွဲဖော်ပြအသိပေးမှုအပေါ်မှာ မသိမှုနယ်ပယ်မှာ ကျင်လည်ရင်းနဲ့ မကောင်းမြင်တတ်တဲ့ လူတွေရဲ့(တနည်းအားဖြင့် အုပ်ချုပ်ရေး အာဏာရနေတဲ့ ဘုရင်တို့က သူ့ကို အရှင်လတ်လတ် မီးရှို့သင်္ဂြိုဟ်ဖို့ မီးလောင်တိုက်သွင်း ဒုက္ခမျိုးစုံပေးလိုက်တဲ့အချိန်မှာ အမှန်သစ္စာတရားအပေါ်မှာ မြဲမြံစွာ ရပ်တည်ပြီးတော့ ဒုက္ခကို သုခလုပ်ခဲ့တယ်။ မကြောက်တရားကို ရင်မှာပိုက်ကာ (ကျွန်တော်တို့ ဒီကနေ့ ခေတ်စား နေတဲ့ စကားလုံးနဲ့ဆိုရင်) (Freedom from Fear) ကြောက်ရွံ့ခြင်းမှ ကင်းဝေးတာ။ အဲဒါ တမန်တော်အီဘရာဟင်မ် (အ)ရဲ့ ဆောင်ရွက်ချက်။

အမှန်သစ္စာတရားအပေါ်မှာ ရပ်တည်တဲ့အချိန်မှာ မိစ္ဆာအမှားကို ကျူးလွန်နေတဲ့ မတရားတဲ့လူတွေဟာ မတရားမှု ကျူးလွန်ကို ကျူးလွန်လိမ့်မယ်။ အဲဒီအချိန်မှာ ကြောက်ရွံ့ဖြင်းကင်းဝေးဖို့ လိုပါတယ်။ ဒါကြောင့် အလ္လာဟ်အရှင် မြတ်က မိန့်ပါတယ်။

`လူတွေကို ကြောက်မနေနဲ့၊ အဲဒီကြောက်ရွံခြင်းကနေ ကင်းဝေးအောင်နေ၊ တကယ်လို့ ကြောက်ခြင်း ကြောက်ရမယ်ဆိုရင် အလ္လာဟ်ကိုပဲကြောက်၊ အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို ဆန့်ကျင်၊ ဖီလာသွေဖည် လိုက်နာရမယ့်ကိစ္စမျိုးကို ကြောက်ရွံ့ကြပါ´ဆိုပြီးတော့ ပြောပါတယ်။

ဒီတော့ ဒီတမန်တော် အီဘရာဟင်မ်(အ)ရဲ့ မိသားစုကိုကြည့်လိုက်ရင် အမှန်သစ္စာတရားနဲ့ ပတ်သက်လာ ပြီး အလ္လာဟ်အမိန့်လမ်းညွှန်ပြဌာန်းချက်နှင့် ပတ်သက်လာပြီဆိုရင် အလ္လာဟ်အမိန့်လမ်းညွှန်ပြဌာန်းချက်အတွက် မိမိတို့ရဲ့ အသက်ကိုပင် စွန့်ဖို့အဆင်သင့်ဖြစ်နေကြပါတယ်။ မိမိရဲ့ရင်းနှစ်သည်းခြာ သားရတနာကို (တမန်တော် အီဘရာဟင်မ်(အ))ရော ဟဂျရာသခင်မရော အသက်အရွယ် အင်မတန်အိုမင်းရင့်ရော်လာမှ) မွေးလိုက်တဲ့ကလေး စွန့်လွှတ်စွန့်စားဖို့ အနစ်နာခံဖို့ အဆင်သင့်ရှိတယ်။ အဲဒီကလေးဟာလည်း ကလေးဆိုပေမယ့် အလ္လာဟ်လမ်းညွှန် ပြဌာန်းချက်နဲ့ ပတ်သက်လာရင် အမြဲတမ်းစွန့်လွှတ်အနစ်နာခံဖို့ အဆင်သင့်ဆိုတာကို ပြတယ်။

ကျွန်တော်တို့ လူ့အဖွဲ့အစည်း လူ့ပတ်ဝန်းကျင်မှာ မျက်စိရှိသောသူမြင်ပြီး၊ နားရှိသောသူ ကြားမှာပါ။ ကျွန်တော်တို့ရဲ့ လူ့ပတ်ဝန်းကျင်မှာ စွန့်လွှတ်စွန့်စားအနစ်နာခံပြီး ဘ၀ကို ပေးဆပ်နေတဲ့ လူတွေအများကြီးရှိပါ တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အဲဒီ (Sacrifice) လို့ခေါ်တဲ့ တမန်တော် အီဘရာဟင်မ်(အ)ရဲ့ လမ်းစဉ်ကို လက်တွေ့၊ လိုက်နာကျင့်သုံးအကောင်အထည်ဖော်ဖို့ ကျွန်တော်တို့အားလုံး ကျွန်တော်တို့ရဲ့ အချိန်တွေ၊ ကျွန်တော် တို့ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ အဲဒီလိုကိုယ်ကျိုးစွန့် အနစ်နာခံဖို့ အမြဲတမ်းအဆင်သင့်ဖြစ်နေ တယ်ဆိုတာကို ဒီအီဒွလ်အဿွဟာမှာ ကျွန်တော်တို့ပြယုဂ်အနေနဲ့ ပြတာဖြစ်ပါတယ်။

အဲဒါကို တစ်ရက်လေးသားကောင်လေးလှီး၊ အသားဝေကျွေးမွေးတာတို့လောက်နဲ့တင် ကျေနပ်အားရ နေမယ်ဆိုရင်တော့ နည်းနည်းတော့ လွန်နေပြီလို့ပြောရမလားမသိဘူး။ တစ်ခါ တမန်တော်အီဘရာဟင်မ်(အ)ရဲ့ ဇနီးကြင်ယာ၊ တကယ်တမ်းပြောရရင် ဆရာဦးမြတ်သူ၊ ဆရာဦးသူရအပါအ၀င် ကျွန်တော်တို့ရဲ့ဆရာတွေ၊ ဒီမှာ ရှိနေတဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ အခုလိုကြွရောက်လာတဲ့ လူကြီးမင်းတွေအိမ်က ပါရမီဖြည့်ဖက်ဇနီးကြင်ယာ တွေခွင့်မပြုရင် ကျွန်တော်တို့ ဒီလိုလုပ်လို့ရမယ်လို့ထင်လို့လား။ သူတို့ရဲ့အရေးပါအရာရောက်မှုဟာလည်း ကျွန်တော်တို့အတွက် တော်တော်အရေးကြီးတယ်။

တမန်တော် အီဘရာဟင်မ်(အ)ရဲ့ ဇနီးကြင်ယာကလည်း ဒီအတိုင်းပဲ။ အလ္လာဟ်လမ်းညွှန် ဥပဒေအမိန့် ပြဌာန်းချက်ကို လက်တွေ့လိုက်နာကျင့်သုံးအကောင်အထည်ဖော်ရတော့မယ်ဆိုရင် သူတို့အချိန်တွေ၊ သူတို့ဘ၀ တွေကို အင်မတန်စားနပ်ရိက္ခာရှားပါးတဲ့ လွင်တီးခေါင်အရပ်(အခုမှ ဖွံ့ဖြိုးတိုးတက်ပြီး မြင့်မားတဲ့အဆောက်အအုံ တွေ Air Con နဲ့ဘာနဲ့ ဖြစ်တာ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀က သဲကန္တာရလွင်တီးခေါင်ထဲမှာ ထားခဲ့လိုက်တယ်။ ဘယ်သူ့အားကိုးနဲ့ ထားခဲ့တာလဲ။ ဘယ်သူ့အမိန့်နဲ့လဲ၊ အလ္လာဟ်တစ်ပါးတည်းကိုပဲ အားကိုးပြီးထားခဲ့တယ်။ အလ္လာဟ်ကိုပဲ အားကိုးပါရစေ။ ကျွန်တော်ဇနီးသည်နဲ့ သားငယ်ကို လွင်တီးခေါင်ကြီးထဲမှာ ထားခဲ့ပြီ။ အလ္လာဟ်ကျွန်တော့်ရဲ့သားစဉ်မြေးဆက်ကို အလ္လာဟ်အရှင်စောင့် ရှောက်ထိန်းသိမ်းကာကွယ်မှုပေးတော်မူပါလို့ တောင်းဆုချွေပြီး အီဂျစ်ကို ပြန်သွားခဲ့တယ်။ အဲဒီလို စွန့်လွှတ်စွန့် စား၊ အနစ်နာခံဖို့အတွက်လည်း တမန်တော်အီဘရာဟင်မ်ရဲ့ သားစဉ်မြေးဆက်တွေဟာ အဆင်သင့်ရှိနေခဲ့တယ်။

ကျွန်တော်တို့ကို အလ္လမာဟ် ဒေါက်တာ် အိက်ဘားလ်ရဲ့ ကဗျာတစ်ပုဒ်မှာ ဘာပြောသလဲဆိုတော့ အခုလည်း တမန်တော် အီဘရာဟင်မ်(အ)ရဲ့ ယုံကြည်ချက်မျိုးနဲ့ လက်တွေ့လိုက်နာကျင့်သုံးတဲ့ အနေအထားရှိရင် ကျွန်တော်တို့ရဲ့ ဒုက္ခတွေအားလုံး ဆူးခင်းလမ်းတွေဟာ ပန်းခင်းလမ်းတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ ကျွန်တော်တို့ သိထားရမှာက ကျွန်တော်တို့မှာ `စိတ်´ဆိုတာရှိပါတယ်။ ကျွန်တော် အင်းစိန်မှာဟောပြောပွဲ သွားတော့ ကုရ်ဘာနီအကြောင်းပြောတာ (ဘာသာပေါင်းစုံက လူတွေလည်းရှိပါတယ်) ကျွန်တော်က `စိတ်´ကို သတ်ရမယ်လို့ ပြောပါတယ်။ ဒီတော့ သူတို့ကနွားမသတ်ရင်လည်း `ဆိတ်´သတ်လို့ ရလားလို့ မေးပါတယ်။ ကျွန်တော်က စလုံးနဲ့ပေါင်းတဲ့ `စိတ်´ကို သတ်ရပါမယ်လို့ပြောတော့ သူတို့တော်တော် သဘောကျသွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူသားတွေဆီမှာ မကောင်းမှုကျူးလွန်ချင်တဲ့ `စိတ်´၊ သူများအပေါ်မှာ မတရား လုပ်ချင်တဲ့`စိတ်´၊ သူများပစ္စည်းကို ခိုးချင်တဲ့`စိတ်´၊ သူများရဲ့ ရပိုင်ခွင့်ကို လိုချင်တဲ့စိတ်၊ သူများကိုလိမ်ချင်တဲ့ စိတ်၊ ပြည့်ဘဏ္ဍာ ကိုယ့်ဟာမှတ်ပါလို့ ကိုယ်ကျိုးအတွက် အဂတိလိုက်စားမှုမျိုးစုံနဲ့၊ ငါ့အတွက်၊ ငါ့ဇနီးအတွက်၊ ငါ့သားသမီးအတွက်၊ ငါ့ဆွေမျိုးသားချင်းအတွက် ရတာအားလုံးသိမ်းချင်တဲ့`စိတ်´၊ ပါပညစ်ကျူးမှုမှာ ပျော်မွေ့ ချင်တဲ့စိတ်၊ လောဘစိတ်၊ ဒေါသစိတ်၊ ရာဂစိတ်၊ မာနစိတ်၊ ပျင်းရိတဲ့စိတ်၊ ရေသာခိုအချောင်လိုက်ချင်တဲ့စိတ်၊ သူတပါးကို ချောင်းတွန်းချင်တဲ့စိတ်၊ တာဝန်ယူတာဝန်ခံမှုမရှိတဲ့စိတ်၊ အစားကြီးတဲ့စိတ်၊ မသိသလိုလို ကိုယ်နဲ့ မဆိုင်သလိုလို နေချင်တဲ့စိတ်၊ အတ္တကြီးတဲ့စိတ်၊ သူတပါးကို နှိမ့်ချခွဲခြား ဆက်ဆံချင်တဲ့စိတ်၊ ငါသာသိ၊ ငါသာတတ်၊ ငါတို့မှ ငါတို့ဆိုတဲ့စိတ်၊ အဲဒီစတဲ့စိတ်တွေ၊ စိတ်ဓါတ်တွေကို သတ်ပစ်ရမယ်။ ကုရ်ဘာနီ လုပ်ပစ်ရမယ်။ စွန့်လွှတ်ပစ်ရမယ်။

ရှိုင်တွာန်ကို ခဲနဲ့ပေါက်မယ်ဆိုပြီးတော့ လုပ်တယ်။ ကျွန်တော်ပြောတယ်။ ရှိုင်တွာန်ကိုခဲနဲ့ပေါက်တယ်ဆို တာ ဟိုမှာရှိနေတဲ့ ကျောက်တိုင်ကြီးကို ခဲနဲ့ပေါက်ရတာ မဟုတ်ဘူး။ ၀မ်းနည်းစရာကောင်းတာက အဓိကနဲ့ သာမညကို ခွဲခြမ်းစိတ်ဖြာပြီး မကြည့်လိုက်တဲ့အခါမှာ တန်ဖိုးရှိတဲ့ လူ့အသက်ပေါင်းများစွာ မနေ့ကပဲ အလ္လာဟ် အရှင်မြတ်ရဲ့ ကရုဏာခံယူသွားပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေအားလုံးကို အလ္လာဟ်အရှင်မြတ်၊ ၎င်းတို့ရဲ့ `အမလ်´၊ အပေါ်မှာ ကျေနပ်နှစ်သက်သဘောတူ လက်ခံပြီး သူတော်စင်၊ သူတော်ကောင်း သူတော်မြတ်များရဲ့စာရင်းမှာ အပါအ၀င်ဖြစ်ပါစေကြောင်း၊ ကျွန်တော်တို့ ဆုမွန်ဒုအာပြုအပ်ပါတယ်။ (အာမီးန်) ပိုပြီးစိတ်မကောင်းဖြစ်ရတာက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ဟာဂျီလောင်း ၂၁ ဦး ပါဝင်ကြောင်း နောက်ဆုံးသတင်းရရှိပါတယ်။ သူတို့ ပျောက်ဆုံး ကွယ်လွန် သေဆုံးသွားတဲ့အတွက် ကျွန်တော်တို့အားလုံး သူတို့မိသားစုဝင်များနဲ့ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းရပါတယ်။ အလ္လာဟ်အရှင်မြတ်၊ သူတို့ကို အမြင့်ဆုံး ဂျန္နသ်သွလ်ဖီရ်သောင်းစ်မှာ ၀င်ရောက်စံမြန်းနိုင်တဲ့ အခွင့် အရေးချီးမြှင့်ပါစေကြောင်း ဆုမွန်ဒုအာပြုပါတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ လေ့လာကြည့်ရင် အလ္လာဟ်က မွတ်ဆလင်မ်တွေ မုအ်မင်န်တွေ တမန်တော် အီဘရာဟင်မ်(အ)ရဲ့ထုံးကို နှလုံးမူရင် ဒုက္ခကနေသုခဖြစ်မယ်။ အလ္လာဟ်ရဲ့ စောင့်ရှောက်ကာကွယ်ဖေးမမှုကို ခံစားရမယ်။ သောကကင်းဝေးပြီး အေးချမ်းသာယာမှုနဲ့၊ ငြိမ်းချမ်းသာယာဘေးကင်း လုံခြုံမှုတွေ ခံစားရမှာဖြစ် ကြောင်း ကျွန်တော်လေ့လာတွေ့ရှိရပါတယ်။

တချို့က ဒီနေ့အီဒွလ်အဿွဟာနေ့မှာ ကုရ်ဘာနီဆိုပြီး ဧည့်ခံမှုတွေလုပ်ခြင်း အလှူဒါနပြုကြပါတယ်။ ဒါဟာတကယ်တော့ ကိစ္စရပ်တွေ အများကြီးထဲက တစ်ခုလို့ပဲပြောရင်လည်း မမှားပါဘူး။ ဧည့်ခံကျွေးမွေးပေးကမ်းတယ်ဆိုတော့ စားတဲ့လူ ဗိုက်ဝတာပေါ့။ ဒါဟာ အစပျိုးခြင်းတစ်ခုသာဖြစ်ပါတယ်။ မိမိတို့ဟာ ဒီနေ့ဒီရက်ကစပြီး အလ္လာဟ်အရှင မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်၊ ဥပဒေ(ကုရ်အာန်)နဲ့ ပတ်သက်လာရင် အမြဲတမ်းစွန့်လွှတ်အနစ်နာခံဖို့ အဆင်သင့် ရှိနေတယ်ဆိုတာကို လက်ကိုင်ထားဖို့ လိုပါတယ်။ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်(ကုရ်အာန်)နဲ့ ပတ်သက်လာရင် မိမိတို့ရဲ့ စိတ်၊ ဆန္ဒ၊ အတ္တ(နာဖ်စ်)ကို ကျွန်တော်တို့ နှိမ့်ချ၊ ချိုးနှိမ်ပြီးတော့ အလ္လာဟ်ဥပဒေလမ်းညွှန် ပြဌာန်းချက်နဲ့အညီ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါတယ်။ အလ္လာဟ်လမ်းညွှန်ပြဌာန်းချက်(ကုရ်အာန်)နဲ့ ပတ်သက်လာရင် ကျွန်တော်တို့ရဲ့ အသက်၊ သွေး၊ ချွေးတွေ စတေးပြီးတော့ ကိုယ်ကျိုးစွန့်အနစ်နာခံသူတွေဖြစ်ဖို့ ကြိုးစားရန်လိုပါတယ်။ သေချာတာကတော့ အလ္လာဟ်ကအားမနာတတ်ပါဘူး။ လူတွေအချင်းချင်းသာ အားနာတတ်ကြတာပါ။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၅း၂၇ မှာ ဘာပြောထားလဲဆိုရင်-

`(သက္က၀ါ)ရှင်ရဲ့ အလှူဒါနကိုသာလျှင် ငါအရှင်၊ ကျေနပ်နှစ်သက် သဘောတူလက်ခံတယ်။´ လို့ပြောပါ တယ်။ ဒါကြောင့် အလှူဒါနတစ်ခုခု လုပ်တော့မယ်ဆိုရင် ကျွန်တော်တို့ဟာ ပထမဦးစွာ မိမိကိုယ်မိမိ(သက္က၀ါ)ရှင် ဖြစ်အောင် ကြိုးစားမှုရှိဖို့လိုပါတယ်။ ဒါလေးကိုလည်း သတိထားဖို့ လိုမှာပါ။

နိဂုံးချုပ်ရရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံမှာပဲ ဘ၀နိဂုံးအဆုံးသတ်ကြရမှာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေ၊ အပြုအမူတွေ၊ သဘောထားတွေ၊ ခံယူချက်တွေအားလုံးကို `ပြောင်းလဲဖို့ အချိန်တန်ပြီ´လို့ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။