မြတ်တမန်၏ ရဲဘော်ရဲဘက်များ အပိုင်း(၁)

မြတ်တမန်၏ ရဲဘော်ရဲဘက်များ အပိုင်း(၁)

မုဖ်သီ ဦးသန်းအောင် (LL.B)

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

          ချစ်ခင်လေးစားရပါသော အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား။ ကျွန်တော် ဒီကနေ့ဟောကြားတင်ပြ မယ့် ခွတ္တဗါဟ်ရဲ့ခေါင်းစဉ်ကတော့ `မြတ်တမန်၏ ရဲဘော်ရဲဘက်များ´ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။

          ကျမ်းမြတ်ကုရ်အာန်ထဲမှာ တမန်တော်မြတ်ကြီးတွေနဲ့အတူ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်များကို စွန့်လွှတ်စွန့်စား အနစ်နာခံခဲ့ကြပြီး သောဝ်ဟီးဒ်ဆိုတဲ့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာ နိစ္စထာဝရတည်ရှိ ကြောင်း ထုတ်ဖော်ပြီး အစ္စလာမ်ကို ယုံကြည်သက်ဝင်ခဲ့ကြတဲ့ တမန်တော်မြတ်တွေရဲ့ `အဆ်ဟားဘ်´ ရဲဘော် ရဲဘက်တွေအကြောင်းကို ကျမ်းမြတ်ကုရ်အာန်ထဲမှာ အများကြီးဖော်ပြထားပါတယ်။

          အဲဒီအကြောင်းအရာများထဲကမှ ဒီကနေ့ ကျွန်တော်အနေနဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ရဲ့ ရဲဘော်ရဲဘက်များအကြောင်းကို တင်ပြမှာဖြစ်ပါတယ်။ လူကြီးမင်းများအားလုံး သိရှိ ကြပြီးတဲ့အတိုင်း လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က အာရေးဘီးယားကျွန်းဆွယ်မှာ ဂျာဟေလီယာသ်လို့ခေါ်တဲ့ အမိုက်မှောင်ထုဖုံးလွှမ်းနေတဲ့ အချိန်ကာလမှာ လောကခပ်သိမ်းကို အလင်းဆောင်ဖို့အတွက် ကျွန်တော်တို့ရဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) မီးရှူးသန့်စင်ဖွားမြင်ခဲ့ပါတယ်။

          အဲဒီအုပ်စုတွေထဲမှာပဲ နှစ်ပေါင်း(၄၀)လောက် ကျင်လည်ကျက်စားပြီးနေခဲ့တုန်းက တစ်ရင်းတစ်နှီးရှိနေခဲ့ ကြတဲ့လူတွေပါပဲ။ ဒါပေမဲ့ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ `မုဟမ္မဒွရ် ရစူလွလ္လာဟ်´ဆိုပြီး `မုဟမ္မဒ်သည် အလ္လာဟ်၏ ရဆူလ်တမန်တော်ဖြစ်သည်´ဆိုပြီးတော့ ရွေးချယ်ခံရပြီး သောဝ်ဟီးဒ်ကို ကြေညာလိုက်တဲ့အခါကျ တော့ စောစောက ကျေနပ်နေတဲ့၊ သဘောကျနေတဲ့ အုပ်စုတွေထဲကပဲ သက်ဝင်ယုံကြည်လက်ခံသူ၊ လူနည်းစုကပဲ သက်ဝင်ယုံကြည်လက်ခံ ကြပြီး၊ သက်ဝင်ယုံကြည် လက်ခံခြင်းမရှိတဲ့လူများစုက ခွဲထွက်သွားကြပါတယ်။

          အဲဒီလိုနဲ့ ပထမပိုင်းမှာ တမန်တော်မြတ်ကြီး(ဆွ)ကို လူတွေမှန်ရင် ကြိုက်နှစ်သက်ကြတဲ့ တစ်နည်းအားဖြင့် လူယောက်ျားမှန်ရင် ကြိုက်နှစ်သက်လေ့ရှိတဲ့ အချောအလှ ပျိုကညာတွေနဲ့ ဖျားယောင်းသွေးဆောင်ပါတယ်။ စည်းစိမ်ဥစ္စာ၊ ရာထူးအာဏာနဲ့ ဖျားယောင်းသွေးဆောင်ပါတယ်။ ဒါပေမဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ဟာ သောဝ်ဟီးဒ် သစ္စာ တရားကို သက်ဝင်ယုံကြည်ပြီး ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်မိန့်ကြားချက်များကို စောစောက လူတိုင်းနှစ်သက် မြတ်နိုး၊ တွယ်တာကြတဲ့အရာတွေကို စွန့်လွှတ်ပြီး အီမာန်သက်ဝင်ယုံကြည်မှုကို ပြညွှန်ခဲ့ပြီး ကိုယ်တိုင် ကျမ်းမြတ် ကုရ်အာန်ရဲ့မီးရှူးတစ်ဆောင်၊ အလင်းရောင်ကို ထွန်းညှိခဲ့ပါတယ်။

          ဒီအခါမှာ အဲဒီဒေသခံတွေထဲကပဲ ဆွေမျိုးသားချင်းတွေအပါအ၀င်၊ အကြီးအကဲတွေအပါအ၀င် ကိုယ်တော် မြတ်ကို စည်းရုံးသိမ်းသွင်းလို့မရတော့တဲ့အဆုံးမှာ တိုက်ခိုက်၊ ဖိနှိပ်ချုပ်ခြယ်မှုတွေ ပြုလုပ်ကျူးလွန်လာရာက နောက်ဆုံးအဆင့်မှာ အသက်၊ အိုးအိမ်စည်းစိမ်ကို ထိခိုက်ဖို့အတွက် လုပ်ကြံသတ်ဖြတ်မယ့်အဆင့် အစီအစဉ် အထိ ဖြစ်ပေါ်လာပါတယ်။ အဲဒီအခါမှာ အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်နဲ့အတူ တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ)က မိမိရဲ့မွေးရပ်မြေဖြစ်တဲ့ မက္ကာဟ်ဆိုတဲ့ အရပ်ဒေသကနေ မဒီနာဆိုတဲ့ အရပ်ဒေသဆီ ပြောင်းရွှေ့ထွက်ခွာ `ဟစ်ဂျရသ်´ ပြုခဲ့ရပါတယ်။

          ပထမပိုင်းမှာ တမန်တော်မြတ်ကြီးနဲ့ ရဲဘော်ရဲဘက်အနည်းငယ်ပဲ ပြောင်းရွှေ့ထွက်ခွာပြီး နောက်ပိုင်းမှာ ယုံကြည်သက်ဝင်သူတွေကို ဒုက္ခပေးလာတဲ့အခါမှာ အဲဒီယုံကြည်သက်ဝင်သူအများစုဟာ မိမိတို့ရဲ့မွေးရပ်မြေ မက္ကာဟ်ကိုစွန့်ခွာပြီး မဒီနာကို ရွှေ့ပြောင်းသွားကြရပါတယ်။ အဲဒီလို မိမိတို့ရဲ့ အသက်၊ အိုးအိမ်စည်းစိမ်နဲ့ မိမိတို့ရဲ့ မွေးရပ်မြေမက္ကာဟ်ကို စွန့်ခွာသွားကြရတဲ့ ယုံကြည်သက်ဝင်သူတွေကို `ကျမ်းတော်မြတ်ကုရ်အာန်´မှာ `မုဟာဂျီရ်´ လို့ဖော်ပြပါတယ်။

          အဲဒီလို အသက်၊ အိုးအိမ်စည်းစိမ်၊ မွေးရပ်မြေကို စွန့်ခွာလာကြတဲ့လူတွေကို မဒီနာမြို့နဲ့ပတ်ဝန်းကျင်မှာရှိ တဲ့ အားပေး၊ ကူညီကြတဲ့လူတွေကို ကျမ်းတော်မြတ်ကုရ်အာန်မှာ `အာန်ဆွာရ်´လို့ဖော်ပြထားပါတယ်။ အဲဒီ `မုဟာဂျီရ်´ နဲ့ `အာန်ဆွာရ်´ (အဆွာဟာဘ်တော်) ရဲဘော်ရဲဘက်တွေရဲ့ ရင်ထဲမှာရှိနေတဲ့ စိတ်နေစိတ်ထား၊ နှလုံး သား တစ်ဦးချင်းတစ်ဦချင်းစီရဲ့ သဘောထားတွေဟာ ကျွန်တော်တို့လူတစ်ဦးချင်းစီအနေနဲ့ အတုယူမှတ်သားစရာ ကိုယ်ကျိုးစွန့် အနစ်နာခံမှု၊ ရိုင်းပင်းကူညီမှု၊ ဦးစားပေးမှုတွေကို ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။

          အဲဒီလိုတစ်ဖက်ကို စွန့်လွှတ်ထွက်ခွာခဲ့ပေမယ့်လည်း ရန်သူအဖြစ်သတ်မှတ်တဲ့လူတွေက ဟိုဒေသ(မဒီနာ) အထိလိုက်ပြီးတော့ ဒုက္ခပေးကြပါတယ်။ ဒီလိုနဲ့ အသက်ကိုပါ ရန်ရှာဒုက္ခပေးကြတဲ့အခါမှာ ဒုက္ခကို မခံစားနိုင်တော့ တဲ့အဆုံး `ခုခံစစ်ပွဲ´ ဆင်နွှဲကြရပါတယ်။ အဲဒီ `ခုခံစစ်ပွဲ´ ဆင်နွှဲလာကြတဲ့အခါကျတော့ မွတ်ဆလင်မ်တွေ ဘက်ကလည်း တိုက်ပွဲတစ်ရာ၊ အောင်ပွဲတစ်ရာ ရခဲ့တဲ့အနေအထားကို တွေ့ရမှာဖြစ်ပါတယ်။ အဲဒီလိုတိုက်ပွဲမှာ အောင်ပွဲခံလာတဲ့အခါမှာ သုံ့ပန်းလက်ရ၊ ပစ္စည်းတွေအလှူရရှိမှုတွေလည်း ရရှိလာခြင်းရှိခဲ့ပါတယ်။ အဲဒီလိုရရှိလာ တဲ့ စားနပ်ရိက္ခာနဲ့ ဥစ္စာပစ္စည်းဆိုင်ရာတွေနဲ့ပတ်သက်ပြီး ဘယ်လိုအသုံးပြုရမလဲ! ဘယ်သူတွေခံစား၊ ခံစားပိုင်ခွင့်ရှိ သလဲဆိုတာကအစ ကျမ်းတော်မြတ်ကုရ် အာန်မှာ ဖော်ပြထားပါတယ်။

          အခု ကျွန်တော်ပြောနေတာက ကျမ်းတော်မြတ်ကုရ်အာန်မှာပါတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က အဖြစ်အပျက်ပါ။ အခု ကျွန်တော်ပြောနေတဲ့ အာယတ်တွေကို လူကြီးမင်းများ နားဆင်နေရင်းနဲ့ မျက်မှောက် မြန်မာ နိုင်ငံအပါအ၀င် ကမ္ဘာအရပ်ဒေသအသီးသီးမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့မြင်ကွင်းကိုလည်း မြင်ကြလိမ့်မယ်ထင်ပါတယ်။

          ကုရ်အာန်ကျမ်းတော်မြတ် ဆူရာဟ်(၅၉) အာယတ်(၈)မှာ “ တိုက်ပွဲအောင်ပြီးရရှိလာတဲ့ သုံ့ပန်းလက်ရ ပစ္စည်းတွေ၊ (အထောက်အပံ့ရရှိလာမယ့်) စားနပ်ရိက္ခာ၊ ဥစ္စာပစ္စည်းတွေကို ပထမဦးစားပေးအနေနဲ့ မိမိတို့ရဲ့နေရပ်၊ နေအိမ်၊ ပစ္စည်းဥစ္စာ အရင်းအမြစ်တွေကို စွန့်လွှတ်၊ စွန့်ခွာ ထွက်လာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည် မုဟာဂျီရ်များအတွက်ဖြစ်သည် ”   

          ကျွန်တော်တို့ မုဟာဂျီရ်လို့ပြောလိုက်တော့ ဒီကိစ္စက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က တမန်တော်မြတ် ရဲ့ (အဆွာဟာဘ်တော်)တွေ မုဟာဂျီရ်တွေအတွက်လို့ပဲ မမြင်မိဖို့လည်း လိုပါတယ်။ အဲဒီလူတွေအတွက် ပြောရင်းနဲ့ ကျမ်းတော်မြတ်ကုရ်အာန်သည် ခေတ်တိုင်း၊ စနစ်တိုင်းအတွက် မီးရှူးတန်ဆောင်အလင်းရောင်ဖြစ်တဲ့ အတွက် ဒီကနေ့ ခေတ်ရော၊ လာမယ့်အနာဂါတ်ခေတ်တိုင်းအတွက်ရော၊ ကျမ်းတော်မြတ်ကုရ်အာန်ဟာ ကျွန်တော် တို့ကို လမ်းပြနေမှာပဲဖြစ်ပါတယ်။ ပြီးတော့ စောစောကပြောတဲ့ မုဟာဂျီရ်ဆိုတဲ့လူတွေ မိမိတို့ရဲ့နေရပ်၊ နေအိမ်တွေ နဲ့ မိမိတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ၊ အရင်းအမြစ်တွေ ကျွန်တော်တို့ ဒီကနေ့ လက်တစ်ကမ်းမှာမြင်နေရပါတယ်။ ကျောင်း တက်ချင်တယ်၊ စာသင်ချင်တယ်၊ ကျောင်းမရှိဘူး။ ကျောင်းသင်ခန်းစာ၊ ပညာပို့ချသင်ကြားပေးမယ့်ဆရာ မလုံလောက်ဘူး။ ဘာဖြစ်လို့လဲဆိုရင် သူ့အသက်ကိုသူ စိုးရိမ်လို့။ အဲဒီတော့ ဒီလူတွေမှာ စောစောကပြောတဲ့ စားနပ် ရိက္ခာအကူအညီ၊ ငွေကြေးဆိုင်ရာအကူအညီ၊ အဆောက်အအုံ ပြန်လည်ထူထောင်ရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဲဒီလူတွေမှာ ရပိုင်ခွင့်ရှိတယ်။

          အဲဒီလူတွေက သေသေချာချာကြည့်ရင် တမန်တော်မြတ်ကြီးနဲ့အတူရှိခဲ့တဲ့ အဆွာဘ်တော်တွေထဲက မုဟာဂျီရ်တွေရဲ့အနေအထားကို ကြည့်မယ်ဆိုရင် သူတို့မှာ အလ္လာဟ်အရှင်မြတ်ထံက ချမှတ်ပြဌာန်းလိုက်တဲ့လမ်း စဉ်ကို ကျင့်သုံးအကောင်အထည်ဖော်ရင်း ထိုအရှင်မြတ်ရဲ့ ကျေနပ်နှစ်သက် သဘောတူညီမှုကို ရှာဖွေရုံမှလွဲရင် သူတို့မှာ အခြားဘာရည်ရွယ်ချက်မှမရှိဘူး။ သူတို့ဘာလုပ်လုပ် အလ္လာဟ်အရှင်မြတ် ကျေနပ်၊ နှစ်သက်၊ သဘောတူ လက်ခံမှုအပေါ်မှာ မူတည်ပြီးတော့ သူတို့ဘ၀ရှင်သန်ရပ်တည်လျက် ရှိနေကြတယ်။

          မုဟာဂျီရ်တွေ တစ်နည်း တမန်တော်မြတ်ကြီးလက်ထက်က အတူရှိခဲ့ကြတဲ့ မုဟာဂျီရ်တွေကိုပြောတာ။ ဒီမုဟာဂျီရ်တွေက “ သူတို့ (မုဟာဂျီရ်)က အလ္လာဟ်ကို ကူညီရိုင်းပင်းလျက်ရှိနေကြတယ်။ ရဆူလ်(တမန်တော်မြတ်) ကိုလည်း ကူညီရိုင်းပင်းလျက်ရှိကြတယ် ”   အဲဒီတော့ ဘာသာပြန်ရိုးရိုးလေးကြည့်လိုက်ရင် အလ္လာဟ်ကို ကူညီရိုင်း ပင်းလျက်ရှိနေတယ်ဆိုတော့ အလ္လာဟ်က အကူအညီတွေ လိုနေလို့လား! ရဆူလ်ကို ကူညီရိုင်းပင်းနေတယ်လို့ ပြောတော့ ရဆူလ်ကရော အကူအညီလိုနေလို့လား!

ဆိုတော့ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ ဆူရာဟ်(၇) အာယတ် (၁၅၇)ကိုကြည့်ရင် အဲဒီအလ္လာဟ့်အမိန့်နာခံ တော်တွေက `၀အဇ်ဇရူဟု ၀နစရူဟု´ `အဲဒီလူတွေက အလ္လာဟ်ပြဌာန်းထားတဲ့ လမ်းညွှန်မိန့်ကြားချက်ကို တမန် တော်မြတ်ကြီး ပုံဖော်လျှောက်လှမ်းခဲ့တဲ့အတိုင်း သူတို့က လက်တွေ့လိုက်နာကျင့်သုံးရင်းနဲ့ ကိုယ်တော်မြတ်ရဲ့ လမ်းစဉ်ကို ပံ့ပိုးကူညီလျက်ရှိကြပါတယ်။´ တမန်တော်မြတ် အီစာ(အ)လက်ထက်တုံးကလည်း အီစာ(အ)က သူ့ရဲ့ (ဟ၀ါရီ) အဆွာဘ်တော်တွေကို သူကမေးခဲ့တယ်။ “ အလ္လာဟ့်လမ်းမှာ အကူအညီပေးမယ့်လူတွေ ဘယ်သူတွေလဲ”  လို့ သူကမေးတယ်။ အဲဒီအခါမှာ ဟ၀ါရီတွေကပြောတယ်။ “ ကျွန်တော်တို့သည် အလ္လာဟ်ကို ကူညီနေတဲ့လူတွေ ဖြစ်ပါတယ် ”  ဒီတော့ အလ္လာဟ်က အကူအညီလိုလားဆိုတော့ အလ္လာဟ်က အကူအညီမလိုပါဘူး။

အလ္လာဟ် အကူအညီမလိုပေမယ့် ကျွန်တော်တို့သည် အလ္လာဟ်အရှင်မြတ် ပြဌာန်းထားတဲ့ လမ်းညွှန်မိန့် ကြားချက်ကို ကျွန်တော်တို့ကိုယ်တိုင် လက်တွေ့လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်ရင်းနဲ့ အလ္လာဟ်လမ်းစဉ် မှာ လျှောက်လှမ်းခြင်းဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့လမ်းစဉ်ကို ပုံဖော်ရင်းနဲ့ ကျွန်တော်တို့ဟာ ကူညီသူတွေဖြစ်ပါ တယ်။ အဲဒီလိုကူညီလိုက်လို့ အလ္လာဟ်က အကူအညီရပြီး အကျိုးရှိသွားသလားဆိုရင် မရှိပါဘူး။ ဘယ်သူတွေ အကျိုးရှိလာလဲဆိုရင် ကျွန်တော်တို့ပဲ အကျိုးရှိလာပါတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကျွန်တော်တို့တတွေ ဘာတွေ ဖြစ်လာလဲဆိုရင် ဆူရာဟ် (၅၉) အာယတ်(၈)မှာ

“ အဲဒီလူတွေဟာ အမှန်သစ္စာတရားကို အမှန်အတိုင်း ပြောဆို၊ ပြုမူ၊ လုပ်ကိုင်ဆောင်ရွက်ကြတဲ့ `သစ္စာရှင်´ တွေဖြစ်တယ် ”  တဲ့။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၂၉) အာယတ်(၂)မှာ `လူတွေက ထင်နေလားတဲ့။ သူတို့က ကျွန်ုပ်တို့သည် သက်ဝင်ယုံလိုက်ပါပြီလို့ ပြောရုံမျှနဲ့ သူတို့ရဲ့အရည်အသွေး၊ အရည်အချင်း မစစ်ဆေးဘဲနဲ့ ဒီအတိုင်းလွှတ်ထားလိုက်မယ်လို့ သူတို့ထင်နေ ကြသလားတဲ့´

အလ္လာဟ်အရှင်မြတ်က ဘယ်သူအမှန်ကိုပြောပြီး အမှန်ကို လုပ်ကိုင်ဆောင်ရွက်တာ၊ ဘယ်သူတွေက အမှန်ကိုပြောပြီး အပြောတစ်ခြား၊ အလုပ်တစ်ခြားနဲ့ လှည့်စားနေသလဲဆိုတာကိုလည်း အလ္လာဟ်က အရည် အသွေး စစ်ဆေးနေမှာဖြစ်ပါတယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့အားလုံးအတွက် သေချာတာကတော့ အလ္လာဟ် အရှင်မြတ်ကို ယုံပါပြီလို့နှုတ်ကပြောရုံမျှနဲ့ ပြီးသွားမှာမဟုတ်ဘဲနဲ့ ယုံကြည်ချက်အတိုင်း အလ္လာဟ့်လမ်းညွှန်မိန့်ကြား ချက်တွေကို လက်တွေ့၊ လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်ဖို့ လိုပါတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ခု တော်တော်အံ့သြစရာကောင်းတဲ့အချက် တစ်နည်းအားဖြင့် လူသားဆန်တဲ့ စိတ်၊ လူသားဆန်တဲ့ ဆန္ဒ၊ လူပီသတဲ့ အရည်အသွေးကို ဒီမုဟာဂျီရ်တွေ အန်ဆွာရ်တွေက ဖော်ပြနေတာကို ဆူရာဟ်(၅၉) အာယတ်(၉) မှာဖော်ပြနေပါတယ်။

အဲဒီ မုဟာဂျီရ်တွေ ဘေးဒုက္ခအန္တရာယ်၊ ဆင်းရဲကျပ်တည်းမှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာ အန်ဆွာရ်လို့ ခေါ်တဲ့ ကူညီရိုင်းပင်းသူတွေဟာ (ဒီစကားလုံးလေးဟာ အရမ်းမှတ်သားဖို့ကောင်းပါတယ်)။ ကိုယ်တိုင်အဆင်မပြေ တဲ့ကြားထဲက (အဆင်ပြေလို့လှူတာမဟုတ်ဘူး၊ အဆင်ပြေလို့ပေးတာမဟုတ်ဘူး) အဆင်ပြေလို့မှပေးရင် သူဌေး တွေပဲ ကုသိုလ်ရနေလိမ့်မယ်။ အဆင်မပြေတဲ့ကြားထဲက တစ်ကျပ်နိုင်ရင် တစ်ကျပ်၊ တစ်ဆယ်နိုင်ရင် တစ်ဆယ်၊ တစ်သိန်းတတ်နိုင်ရင် တစ်သိန်း၊ တစ်သန်းနိုင်ရင် တစ်သန်း၊ လှူချင်တဲ့စိတ်ရှိဖို့၊ ပေးချင်တဲ့စိတ်ရှိဖို့ပဲလိုတယ်။ ဒီမှာ ပြနေတာက ကိုယ်က အဆင်မပြေဘူး။ ဒီနေရာမှာ ဟိုတလောက ကြော်ငြာတစ်ခုတွေ့ရတယ်။

ကလေးတွေမှာတောင် မျှဝေပေးတတ်တဲ့စိတ်တွေ ပေါ်နေပြီတဲ့။ ဒါပေမဲ့ လူကြီးတွေမှာရှားတယ်။ ရှားပါး ပစ္စည်းဖြစ်နေတယ်။ ကလေးတွေက မုန့်လေးတစ်ခုလေးယောက်ရှိရင် လေးစိပ် စိပ်လိုက်တယ်။ စိပ်တဲ့အချိန်မှာ နောက်ကလေးလေးယောက် ထပ်ရောက်လာတယ်။ နောက်ထပ် လေးစိပ် ထပ်စိပ်လိုက်တယ်။ နောက်ထပ် ကလေးတစ်ယောက် ထပ်ရောက်လာတယ်။ ခွဲဝေပေးတဲ့ကလေးက သူရတဲ့ဝေစုကို ထပ်ခွဲပေးလိုက်ပါတယ်။ ကလေးတွေမှာတောင် မျှဝေပေးတတ်တဲ့စိတ်ရှိတယ်။

ကျွန်တော်တို့ အဲဒီစိတ်ဓါတ်တွေ ကျွန်တော်တို့မှာရှိလာဖို့ ကိုယ့်ကိုယ်ကို ပြုပြင်ရမယ်။ မွေးမြူရမယ်။ တမန် တော်မြတ်ရဲ့ အဆွာဘ်တော်တွေက စောစောကပြောတဲ့စိတ်ဓါတ်မျိုး။ ကိုယ်တိုင်အဆင်မပြေတဲ့ကြားထဲက တစ်ဦး ကိုတစ်ဦး၊ တစ်ဖွဲ့ကိုတစ်ဖွဲ့ မျှဝေပေးကြတယ်။ ဦးစားပေးကြလေ့ရှိပါတယ်။ သူတို့ရဲ့ဘ၀တွေက အလ္လာဟ် အရှင်မြတ် ကျေနပ်နှစ်သက်၊ သဘောတူညီမှုကို ရယူလိုတဲ့ဆန္ဒရှိကြတဲ့အတွက် မုဟာဂျီရ်တွေနဲ့ အန်ဆွာရ်တွေ ဟာ အပြန်အလှန် စာနာ၊ ညှာတာထောက်ထားပြီး သဘောထားကြီးစွာ ဦးစားပေးကြတာ တမန်တော်မြတ်ရဲ့ ရဲဘော်ရဲဘက်၊ အဆွာဘ်တော်တွေရဲ့ မွန်မြတ်တဲ့စိတ်ထား၊ စိတ်ဓါတ်ဆိုတာကို ဆူရာဟ် (၅၉) အာယတ်(၉)မှာ တွေ့ရမှာဖြစ်ပါတယ်။

`မုဟာဂျီရ်တွေကို ဦးစားပေးခဲ့သလို နောက်ထပ်အုပ်စုတစ်စုရှိပါသေးတယ်။ အန်ဆွာရ်တွေပါ။ သူတို့လည်း အကျိုးခံစားပိုင်ခွင့်ရှိပါတယ်။ အဲဒီလူတွေဟာ မုဟာဂျီရ်တွေရောက်ရှိလာခြင်း မရှိခင်ကတည်းက မိမိတို့ရဲ့မြို့ရွာမှာ အီမာန်ယုံကြည်မှု၊ ခိုင်မာစွာနဲ့ နေထိုင်လျက်ရှိနေကြပါတယ်။ စောစောက စစ်ပွဲနိုင်ပြီးရရှိလာတဲ့ ဥစ္စာပစ္စည်းအပါ အ၀င် လက်ရပစ္စည်းများမှ ဝေစုဝေပုံ သက်ဆိုင်ပါတယ်လို့ဖော်ပြထားပါတယ်´

ကျွန်တော်တို့ ဒီကနေ့ ပြောရမယ်ဆိုရင် မိမိတို့ရဲ့ဒေသခံတွေနဲ့ရော၊ စစ်ဘေးရှောင်လာလို့ရောက်လာတဲ့ လူတွေနဲ့ရော ရရှိလာမယ့်အထောက်အပံ့တွေ၊ အကူအညီတွေ၊ စားနပ်ရိက္ခာ၊ ငွေကြေးစတာတွေဟာ အကျိုးခံစား ခွင့်ရှိတယ်ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ `အဲဒီ အန်ဆွာရ်ဆိုတဲ့ ဒေသခံပုဂ္ဂိုလ်တွေဟာ မွေးရပ်၊ အိုးအိမ်၊ စည်းစိမ်စွန့် ခွာလာကြရတဲ့သူတွေရဲ့ ကောင်းကျိုးကိုလိုလားပြီး ချစ်ကြည်မြတ်နိုးမှုရှိအောင်´ (ကျွန်တော်တို့ခေတ်ကလူတွေက ကျွန်တော်တို့ဆီကို နောက်ထပ်လူတွေရောက်လာရင် မလိုလားဘူး။ ရသမျှအားလုံး ငါတို့ပဲ လက်ဝါးကြီးအုပ်သိမ်း မယ်။ ရတာအားလုံး ငါတို့ယူမယ်။ ငါတို့က အမြဲတမ်း တရားမျှတတယ်။ မယုံရင် ဒီမှာကြည့်။ ငါတစ်ကျပ်၊ နင်တစ်ကျပ်၊ ငါတစ်ကျပ်၊ မင်းတစ်ကျပ်၊ ငါတစ်ကျပ်၊ သူတစ်ကျပ်၊ ငါသာလျှင် အင်မတန် တရားမျှတပြီးတော့ မျှတတဲ့ ငါဖြစ်တယ်။ ဘယ်တော့မှမတရားမလုပ်ဘူး။ ကျွန်တော်တို့က အဲဒီလိုစိတ်ထားလေးတွေရှိတယ်)

ကုရ်အာန်ထဲက တမန်တော်မြတ်ရဲ့ ရဲဘော်ရဲဘက်တွေကတော့ သူတို့ဆီကို အိုးအိမ်နေရပ် စွန့်ခွာလာကြ တဲ့လူတွေရဲ့ ကောင်းကျိုးကိုလိုလားပြီး ချစ်ကြည်မြတ်နိုးမှုရှိတယ်။ ( အဲ ကျွန်တော်တို့ကတော့ ပါးစပ်ကပဲ မင်းတို့ ကို ငါတို့သနားပါတယ်။ ဂရုဏာထားပါတယ်။ မေတ္တာထားပါတယ်။ စေတနာထားပါတယ်။ ဒုက္ခသည်စခန်းကို ထမင်းထုပ်လေး ပို့ပေးပါတယ်။ နှုတ်လျှာလောက်ကနေ ပြောနေတဲ့အနေအထားမျိုးမဟုတ်ဘဲနဲ့ အကြောင်းအရင်း အမှန်ကို သိအောင်လုပ်ပြီး ပြေလည်အောင်ဖြေရှင်း၊ ပြီးမြောက်ငြိမ်းအေးစေရမှာဖြစ်ပါတယ်။ `သူတပါးတို့ရဲ့ ကောင်းကျိုးကို မိမိတို့ကိုယ်ထက် ပိုပြီးလိုလားကြပါတယ်တဲ့´

တော်တော်ရှားတဲ့စိတ်ဓါတ်ဗျာ။ ကျွန်တော်တို့ တော်တော်အတုယူဖို့ကောင်းတဲ့၊ ကိုယ့်ကိုယ်ကို mindset ကို ပြင်ဖို့ အရမ်းအလေးသာတဲ့အာယတ်ပဲ။ အဲဒီအန်ဆွာရ်တွေရဲ့ ပင်ကိုယ်စိတ်နှလုံးသားတွေထဲမှာလည်း မုဟာဂျီရ်ဆိုတဲ့ နေရပ်စွန့်ခွာလာရတဲ့လူတွေကို ပေးလိုက်ရတဲ့အကူအညီ၊ အထောက်အပံ့တွေကြောင့် ဘယ်လို မနာလိုမှု၊ မကျေနပ်မှုမှ တွေ့ရမှာမဟုတ်ဘူး။ သူတို့ အဆင်မပြေဘူးနော်။ ကိုယ် အဆင်မပြေတဲ့အချိန်မှာရလာတဲ့ အကူအညီ၊ အထောက်အပံ့ကို နောက်လူကို ဦးစားပေးလိုက်ရတယ်ဆိုတာ တော်ရုံစိတ်ဓါတ်ပိုင်ရှင်တွေတော့ မဟုတ်ပါဘူး။

သေသေချာချာကြည့်ရင် ဒီနေရာမှာ စားနပ်ရိက္ခာလည်းပါတယ်။ နေရာထိုင်ခင်းလည်းပါတယ်။ ငွေကြေး ဆိုင်ရာ ကူညီပံ့ပိုးမှုလည်းပါတယ်။ ဆေးဝါးကုသမှုတွေလည်းပါတယ်။ ဟိုလူတွေကို ပေးလိုက်ရတဲ့အတွက် ဒေသခံ တွေဖြစ်ပေမဲ့ မကျေနပ်မှုတွေ၊ မလိုမုန်းထားမှုတွေ၊ အဆွာဘ်တော်တွေမှာ မမြင်ရ၊ မတွေ့ရဘူး။ အဲဒီစိတ်ဓါတ်မရှိ ဘူး။ ပြီးတော့ ကျွန်တော်တို့။ ထားလိုက်ပါ ကျွန်တော်ကိုယ်တိုင်ဆိုပါတော့။ ကျွန်တော် အဲဒီစိတ်ဓါတ်ကို ရရှိဖို့ကြိုး စားရဦးမယ်။ `အဲဒီလူတွေ မိမိတို့ကိုယ်တိုင် အဆင်မပြေ၊ ဆင်းရဲကျပ်တည်း၊ ငတ်မွတ်ခေါင်းပါးမှု၊ လုပ်ငန်းအဆင် မပြေမှုတွေ ရှိခဲ့ကြပေမယ့် အခြားသူတွေကို မိမိတို့ထက် ဦးစားပေးကြလေ့ရှိတယ်´

ကျွန်တော်တို့ဆိုရင်တော့ နောင်ခါလာ နောင်ခါဈေးပဲ။ ရတဲ့ဟာအားလုံး ကိုယ့်အိတ်ထဲပဲ ထည့်မယ်ပေါ့။ ဒီနေရာမှာ ကျွန်တော်မြင်လိုက်တာက မွတ်ဆလင်မ်တစ်ယောက်ထားရှိရမယ့် စိတ်ဓါတ်ပိုင်းဆိုင်ရာကို ကျမ်းတော် မြတ်ကုရ်အာန်က သင်ကြားပေးနေတယ်လို့ပဲ မြင်ပါတယ်။ `မရှိလို့မလှူ၊ မလှူလို့မရှိ´ ဒါကြောင့်မို့ ပညာရှင်တွေက ပြောတာပေါ့။ စီးပွားရေးလုပ်နေရင်းနဲ့ လူမှုရေးလုပ်ပါ။ စီးပွားရေးလုပ်နေရင်းနဲ့ ကုသိုလ်ရေးလုပ်ပါ။ စီးပွားရေးလုပ် နေရင်းနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ပါ။ လူတွေပဲလေ။ စီးပွားရေးလုပ်ရင် ကိုယ့်အရှေ့ရောက်လာတဲ့ သူကို ကျွန်တော်တို့ မွတ်ဆလင်မ်စကားနဲ့ပြောရင် `ဂရတ်´ရောက်လာပြီ။ ကောင်းကောင်း ဟလာလ်လုပ်လိုက်ရ မယ်။ အဲဒီစိတ်ဓါတ်ကိုက မှားယွင်းနေတဲ့စိတ်ဓါတ်။

တကယ်တမ်းဆိုရင် ကိုယ့်ဆီကိုရောက်လာတဲ့ Customer အဆင်ပြေဖို့ ကိုယ်ဘာလုပ်ပေးရမလဲဆိုတာကို ပဲ စဉ်းစားသင့်တယ်။ ကျွန်တော်တို့ကတော့ ဆူရာဟ်ယာစင်န် ဖတ်ကောင်းဖတ်နေမယ်။ ဒါမှမဟုတ် ဒုအာပေါင်း ချုပ် ဖတ်ကောင်းဖတ်နေမယ်။ ၀ယ်သူရောက်လာတော့ အပြတ်လှီးမယ်ဆိုတော့ ဖတ်နေတဲ့အရာနဲ့ စိတ်ဓါတ်၊ လုပ်ရပ် မအပ်စပ်ဘူး။ ဘာကြောင့်လဲ! ကိုယ့်အတ္တအကျိုးစီးပွားကိုပဲကြည့်ပြီး သူတစ်ပါးရဲ့ အခွင့်အရေး၊ အခွင့် အလမ်း၊ ရပိုင်ခွင့်တွေကို မတရားလောဘစိတ်နဲ့ ရယူချင်တဲ့စိတ်ဓါတ်တွေ မမွေးမြူရဖို့ ကျမ်းတော်မြတ်ကုရ်အာန်က ကျွန်တော်တို့ကို သင်ပေးနေပါတယ်။

မြတ်တမန်ရဲ့ ရဲဘော်ရဲဘက်တွေဟာ အပြန်အလှန် ဦးစားပေးကြလေ့ရှိသလို၊ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ စိတ်ဓါတ်တွေကို ကျွန်တော်တို့ တွေ့မြင်ရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်မှာမရှိတဲ့ကြားက မျှဝေခံစား တတ်တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဟိုး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀နီးပါးက ဆရာကြီးဃာဇီမုဟမ္မဒ်ဟာရှင်မ်ဆီမှာ ပညာရည် နို့ သောက်စို့ခဲ့တဲ့ ကျွန်တော့်ဦးလေးက ဒီအာယတ်ကို ဆရာကြီးဃာဇီက သူတို့ကို သင်ကြားပေးတဲ့အကြောင်းပြော တာကို ကျွန်တော်မှတ်သားရင်းနဲ့ ကျွန်တော် တော်တော်အံ့သြသွားတယ်။ ဆရာကြီးဃာဇီက ဘာပြောလဲဆိုတော့ အဲဒီ (၅၉း၉) နောက်ဆုံးအာယတ်ကတဲ့  `လူကို လူဖြစ်အောင် ကုရ်အာန်က သင်ပေးလိုက်တဲ့နည်းလမ်းပဲ´ တဲ့။ လွယ်လွယ်လေးတဲ့။ ဒါပေမဲ့ အရမ်းခက်တယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ `ဘယ်သူမဆို မိမိကိုယ်ကို လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန၊ အလိုရမ္မက်၊ ရာဂ ဆန္ဒတွေကနေ ထိန်းသိမ်းကာကွယ် ကင်းဝေးခြင်းခံရပြီဆို ရင် အဲဒီလူ (လူ့အဖွဲ့အစည်း) အောင်မြင်ပြီတဲ့´။ အဲဒီတော့ ကျွန်တော်စဉ်းစားကြည့်တယ်။ ဒီကနေ့ နေ့စဉ်ထုတ်သတင်း စာ၊ ဂျာနယ်တွေဖတ်ကြည့်။ လင်မယားရန်ဖြစ်တယ်။ ယောက်ျားက မိန်းမကိုသံတုတ်နဲ့ရိုက်လိုက်တယ်။ နောက်တစ်ခါ မိန်းမနဲ့ယောက်ျား စကားများတယ်။ မိန်းမက ယောက်ျားကို ဓါးနဲ့ထိုးလိုက်တယ်။ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာအခန်းကို ရောက်သွားတယ်။

ဒါဘာဖြစ်လို့လဲ! ဒီပြသနာတွေရဲ့အစဟာ မီးဖိုချောင်က စတာ။ မီးဖိုချောင်မှာ ဘာဖြစ်လို့စဖြစ်လဲဆိုရင် အလုပ်အကိုင်ရှားပါးပြီး ၀င်ငွေရလမ်း ခက်ခဲလာတဲ့အခါမှာ ဆင်းရဲနွမ်းပါးမှုနဲ့ ပညာရည်မပြည့်ဝမှုတွေက ပိုလာ တယ်။ အဲဒီအခါကျ လူတွေမှာ ဒေါသတွေအလွယ်တကူ ပေါက်ကွဲလာတယ်။ ဒီအခါမှာ အဲဒီလူ့အဖွဲ့အစည်းမှာ မကြာခဏကြီးမားတဲ့ ပြသနာတွေတက်လာတယ်။ အဲဒီလိုဖြစ်နေရင်းနဲ့ တစ်ဖက်မှာ တစ်ဖက်ကလူတွေက အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ကောင်းမွန်ပြီး မှန်မှန်ကန်ကန်လုပ်တော့ အောင်မြင်နေတာကို တွေ့ရတယ်။ အဆင်ပြေနေတာကိုတွေ့တော့ တစ်ဖက်ကို `မုဒိတာ´ပွားရမယ့်အစား မကျေနပ်မှုဖြစ်ပေါ်လာတယ်။ အဲဒီကစလို့ မနာလိုဝန်တိုမှုတွေပေါ်လာ တယ်။ အဲဒီမနာလို ၀န်တိုမှုကို ရှေ့တန်းသိပ်တင်လိုက်တဲ့အခါကျတော့ သူ့မှာ မောဟဖုံးလွှမ်းသွားတယ်။ မှန်ခြင်း၊ မှားခြင်း၊ ကောင်းခြင်း၊ ဆိုးခြင်းဆိုတာ ဝေခွဲနိုင်ခြင်းမရှိတော့ဘူး။ ပြီးတော့ သူများချမ်းသာတာကိုမြင်ပြီး ငါတို့လည်း ရတဲ့နည်းနဲ့ ချမ်းသာအောင်လုပ်မယ်ဆိုပြီးတော့ သူဘာလုပ်လာလဲဆိုရင် လောဘတွေ မတရားတက်ပြီး မလုပ်သင့် မကိုင်သင့်တဲ့ အလုပ်တွေလုပ်လာတယ်။ အဲဒီလိုနဲ့ ဥပဒေနှင့်မညီတဲ့ လုပ်ရပ်လုပ်တော့ အဖမ်းခံရတော့ သောကတွေ ထပ်ဖြစ်လာရတော့တယ်။

အခြားတစ်ဖက်က ချမ်းသာလာတဲ့လူတွေလည်း အဆင်ပြေလာတာနဲ့အမျှ ရောင့်ရဲတင်းတိမ်မှု လျော့နည်း လာတာနဲ့အမျှ လောဘ၊ အလိုရမ္မက်တွေ မတရားကြီးထွားလာတယ်။ အဲဒီလိုနဲ့ ရတာမှန်သမျှ၊ ရှိတာမှန်သမျှ ငါ့ဟာ၊ ငါ့အတွက်ဆိုပြီး အားလုံးသိမ်းကျုံးယူတာလုပ်ကြတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်ရဲ့လက်တစ်ကမ်းကို ကြည့်ရင် တွေ့မှာပါ။

ဘယ်နှစ်သက်စားလို့မှ မကုန်နိုင်တဲ့ လူတွေပင်လျှင် ထပ်ပြီး ရတာအားလုံးယူဦးမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ရယူနေကြဆဲဖြစ်တယ်။ လောဘတွေအများကြီးတက်လာပြီး ငွေအမြောက်အများရလာပြီး သုံးစရာနေရာမရှိတဲ့ အခါကျတော့ ဘာလုပ်ကြလဲဆိုရင် သုံးဖို့ဖြုန်းဖို့ကောင်းတဲ့နေရာတွေမှာ သွားပြီးသုံး၊ ဖြုန်းကြတယ်။ အဲဒီအခါမှာ ဆန္ဒ၊ ရမ္မက်၊ ရာဂ၊ အဲဒီလိုင်းတွေမှာ ရောက်သွားကြတယ်။ အဲဒီတော့ လူဟာ မိမိကိုယ်မိမိ Self Control မတည့်မတ်နိုင်ဘူးဆိုရင် အချန်မရွေး ဟိုဘက်၊ ဒီဘက်ကိုရောက်သွားနိုင်တယ်။ ဒါကြောင့် ကုရ်အာန်က သင်ပေး နေတာ။ ဘယ်သူမဆို လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ အလိုရမ္မက်၊ အတ္တတွေကို ထိန်းသိမ်းနိုင်ပြီဆိုရင် အဲဒီလူ အောင်မြင်မယ်တဲ့။ ကုရ်အာန်ကျမ်းပါ လမ်းညွှန်ချက်တွေနဲ့ ကျွန်တော်တို့ရဲ့ စိတ်နေစိတ်ထားတွေကို ပြင်လို့ရမှာ ဖြစ်ပါတယ်။

ဟိုရက်က ကျွန်တော် ဧရာဝတီတိုင်းဘက်ကိုသွားရင်းနဲ့ မိတ်ဆွေတွေနဲ့စကားပြောကြတော့ ကျောင်းတွေ မှာ ပြည်သူ့နီတိသင်ရင် ကောင်းမယ်ဆိုပြီးပြောတယ်။ ကျောင်းမှာစာတမ်းတွေ ရေးထားတယ်။ `မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်´ `မိမိအတန်းကို ကောင်းအောင်ကြိုးစားမည်´ မပြည့်စုံဘူးထင်တယ်လို့ ကျွန်တော်တို့ အချင်းချင်းပြောကြတယ်။

ကျွန်တော်တို့ မနက်မိုးလင်း အိပ်ယာထရင် မျက်နှာသစ်ကြတယ်။ ဘာဖြစ်လို့လဲ။ မျက်နှာကြီးက ဟောင်း သွားလို့လား။ မဟုတ်ဘူး။ အမှန်က မျက်နှာသစ်ရင်းနဲ့ ကိုယ့်ကိုယ်ကို ပြန်သစ်အောင်လုပ်ဖို့ ကျွန်တော်တို့ ကြိုးစား သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ပြန်သစ်လိုက်တာနဲ့ အတိတ်က ဟောင်းသွား တဲ့ လုပ်ရပ်ဟောင်း၊ မကောင်းတဲ့ဟာတွေအားလုံး ထားခဲ့ရမယ်။ ပြီးတော့မှ မျက်နှာသစ်ရင်းနဲ့ ကိုယ့်ကိုယ်ကို သစ် မယ်။ ပြီးတော့ သပ်သပ်ရပ်ရပ်ဖြစ်လားဆိုတာသိဖို့ မှန်ကြည့်ကြတယ်။ မှန်ကြည့်နေရင်းနဲ့ပဲ စောစောကပြောတဲ့ ကြွေးကျော်သံကို နေ့တိုင်းရွတ်မယ်။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်။ ကျွန်တော် ဒီနေ့ကစပြီး ကောင်း အောင်ကြိုးစားမည်။ မိမိရဲ့စိတ်ကိုကောင်းအောင် ကြိုးစားမည်။ မိမိရဲ့နှုတ်ကို ကောင်းအောင်ကြိုးစားမည်။ ဘယ်သူ့ ကိုမှ မမှန်မကန်မပြောဘူး။

မိမိရဲ့လက်ကိုကောင်းအောင် ကြိုးစားမည်။ မိမိကြောင့် မည်သူမှ ဒုက္ခရောက်အောင် မလုပ်ဘူး။ အန္တရာယ် မဖြစ်စေရ။ ပြီးတော့ မိမိရဲ့အကြံအစည်ကို ကောင်းအောင်ကြိုးစားမည်။ ဒီနေ့ကစပြီး ကျွန်တော်ကြံစည်မယ့် အကြံ အစည်အားလုံးဟာ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်နဲ့ တမန်တော်မြတ်ကြီးရဲ့ အကောင်းဆုံး သောစံနမူနာနဲ့အညီဖြစ်အောင် ကျွန်တော်ကြံစည်ပါမယ်ဆိုပြီးတော့ ပြောပါမယ်၊ လုပ်ပါမယ်။  

ကျွန်တော်ရဲ့အလုပ်အကိုင်ကို ကောင်းအောင်ကြိုးစားမည်လို့ပြောမယ်။ သမာသမတ်ရှိစွာ၊ သမာအာဇီဝ နည်းနဲ့ ရှာဖွေဆည်းပူးလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေရင်းနဲ့ လူမှုရေးလုပ်ပါမယ်၊ ကုသိုလ်ရေး လုပ်ပါမယ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ပါ့မယ်ဆိုတဲ့ စိတ်ဓါတ်ကို ကျွန်တော်တို့မွေးရ မယ်။ အဲဒီလိုပဲ ကျွန်တော်တို့ရဲ့အမူအကျင့်၊ အပြုအမူ၊ အတွေးအခေါ်တွေကိုလည်း ကောင်းအောင်ကြိုးစားပါ့မယ် လို့ဆိုပြီး ကျွန်တော်တို့လုပ်ကြမယ်ဆိုရင်တော့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းဟာ စံပြလူ့အဖွဲ့အစည်းဖြစ်လာမယ်လို့ ထင်ပါတယ်။ အဆွာဘ်တော်တွေက တစ်ဦးကိုတစ်ဦး အနစ်နာခံ၊ ကိုယ်ကျိုးစွန့်၊ ဦးစားပေးဆောင်ရွက်ခဲ့ကြတယ်။ အလ္လာဟ်အရှင်မြတ်ဟာ အလွန်တရာ တရားမျှတတော်မူတဲ့ အရှင်ဖြစ်တယ်။ အဲဒီမှာ ဘာတွေ့ရလဲဆိုတော့ အာယတ်နံပါတ်(၁၀)ရောက်တော့ စောစောက လူ့အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ မုဟာဂျီရ် နဲ့ အန်ဆွာရ်ပဲလားဆိုတော့ မဟုတ်ပါဘူးတဲ့။ အစ္စလာမ်ကပြဌာန်းတဲ့ တစ်နည်းအားဖြင့် ဘယ်လူ့အဖွဲ့အစည်းမှာ မဆို မုဟာဂျီရ်လည်းရှိနေမယ်။ အန်ဆွာရ်လည်းရှိနေမယ်။ ပြီးတော့ တတိယအုပ်စု ယုံကြည်သူများ၊ သူတို့နောက် မှာထပ်မံပြီး ရောက်ရှိလာတဲ့ လူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ သူတို့အမြဲကြွေးကြော်နေပါတယ်။ (၅၉း၁၀)မှာ-

“ အို … အရှင်မြတ် ကျွန်တော်မျိုးတို့၏ဘ၀တွေကို လုံခြုံမှုပြုပေးသနားတော်မူပြီး ခွင့်လွှတ်ချမ်းသာပေးတော် မူပါ။ ဒါ့အပြင် အီမာန်သက်ဝင်ယုံကြည်မှုအပိုင်းမှာ ကျွန်တော်တို့ရှေ့က ဦးဆောင်တည်ရှိခဲ့ကြသော ကျွန်တော်မျိုးတို့ ၏ ညီနောင်များကိုလည်း လုံခြုံမှုပြုပေးသနားတော်မူပြီး ခွင့်လွှတ်ချမ်းသာ ပေးတော်မူပါအရှင် ”

များသောအားဖြင့် ကိုယ့်ရှေ့ကရှိခဲ့တဲ့ ပညာရှင်တွေ၊ လူပုဂ္ဂိုလ်တွေတော်တော်များများကို အဲဒီလူတွေမရှိ တော့တဲ့အချိန်ကျမှ ပြန်ပြီးချေပပိုင်ခွင့်မရှိတော့တဲ့အချိန်ကျမှ အချို့က အပြစ်ပြောချင်ကြတယ်။ အဲဒါက အစ္စလာမ် က သတ်မှတ်ပြဌာန်းထားတဲ့ ပြဌာန်းချက်နဲ့မကိုက်ညီဘူး။ ကိုယ့်ထက်အရင် အီမန်သက်ဝင်ယုံကြည်ခဲ့ပြီးသူတွေကို ကိုယ်တွေက ဘာပဲပြောရမလဲဆိုရင် သူတို့ဘ၀တွေကို လုံခြုံမှုပြုပေးပါလို့ပဲပြောရမယ်။ မွတ်ဆလင်မ်တွေထားရ မယ့် စိတ်နေစိတ်ထားပါ။ အလ္လာဟ်အရှင်မြတ်အမိန့်ကို သက်ဝင်ယုံကြည်တဲ့ အဆွာဘ်တော်တွေ၊ ပြီးတော့ သူတို့ နောက်က သာဘေအီးန်၊ သဗ္ဗသာဘေအီးန်အားလုံးပေါ့။ ပြီးတော့ “ ဒါ့အပြင် ကျွန်တော်မျိုးတို့ရဲ့ စိတ်နှလုံးသားအ တွင်းမှာ သက်ဝင်ယုံကြည်သူတွေနဲ့ ပတ်သက်လာရင် ရန်ညှိုး၊ ရန်စ၊ အာဃာတ တစ်စုံတစ်ရာကိုမျှ မဖြစ်ပေါ်စေပါ စေနှင့် ”

အီမာန်သက်ဝင်ယုံကြည်သူတွေအချင်းချင်းကြားမှာ မကျေနပ်ချက်တွေ၊ အဖုအထစ်တွေ၊ အထစ်အငေါ့ တွေရှိခဲ့ရင် အားသာတဲ့လူက ခွင့်လွှတ်ရမယ်။ အားနည်းတဲ့လူက တောင်းပန်ရမယ်။ မှားတဲ့လူက တောင်းပန်၊ မှန်တဲ့လူက ခွင့်လွှတ်၊ တစ်ဦးနဲ့တစ်ဦးကြားမှာ ရန်ညှိုး၊ ရန်စ၊ အာဃာတမရှိရဘူးလို့၊ မလုပ်ပေးပါနဲ့လို့၊ အလ္လာဟ်ကို ပြောလျက်ရှိတယ်။ ဒါဆိုရင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်ကြည်ရင်းနှီးမှု ရနေမလဲဆိုတာ တွေ့ရပါလိမ့်မယ်။

“ အို … ပြုစုပျိုးထောင်ရှင်၊ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ သိမ်မွေ့နူးညံ့တော်မူသော၊ လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ပေးတော်မူသော အရှင်ဖြစ်ပါတယ် ”   လို့ ဒီအာယတ်မှာဖော်ပြနေပါတယ်။  

ဒီနေရာမှာ `ဆဘက´ဆိုတဲ့စကားလုံးကို တွေ့ရမှာဖြစ်ပါတယ်။ သူက ရှေ့မှာရှိသည်။ ရှေ့ကနေ ဦးဆောင်သည်။ တဖြည်းဖြည်းနဲ့ သူက ထိပ်ဆုံးကိုရောက်သွားတယ်။ အဲဒီတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ဖော်ပြ ချက်အရ လူရယ်လို့ဖြစ်လာရင် ယုံကြည်မှုနဲ့ လုပ်ကိုင်ဆောင်ရွက်မှုကြောင့် ကွဲပြားသွားတဲ့အခြေအနေ(၃)ရပ်ရှိပါ တယ်။ အခြေအနေတစ်ရပ်ကတော့ သူက `လက်ဝဲ´ဘက်သားလို့ခေါ်တယ်။ သူတို့ဟာ လောကမှာ ယုံချင်တာကို ယုံပြီး၊ ပြောချင်တာကိုပြော၊ လုပ်ချင်တာကိုလုပ်ပြီး ဖြစ်ချင်တာကိုဖြစ်ဆိုပြီး နေခဲ့တဲ့လူတွေဖြစ်ပါတယ်။

နောက်အုပ်စုကတော့ `လက်ျာ´ဘက်သားတွေဖြစ်ပါတယ်။ သူတို့ကတော့ အလ္လာဟ်အရှင်မြတ် ယုံကြည် ခိုင်းထားတဲ့အချက်အလက်တွေကို ယုံကြည်ပြီးတော့ အလ္လာဟ့်အမိန့်လမ်းညွှန်ချက်တွေကို တစ်သွေမတိမ်း (ကျွန်တော့်ရဲ့ တစ်ဦးတည်းဆန္ဒအရပြောရင် အောင်မှတ်ရရင် ကျေနပ်ပါတယ်လို့ပြောနေတဲ့ လူတွေ) အဲဒါ လက်ျာ အုပ်စု။

ထိပ်ဆုံးက လူတွေကတော့ ထိပ်ဆုံးမှာပဲ။ အဲဒါကို ကျမ်းတော်မြတ်ကုရ်အာန်မှာ အခုန ကျွန်တော်ပြောနေ တဲ့ စိတ်ဓါတ်ပိုင်ရှင်တွေက တမန်တော်မြတ်နဲ့အတူ မိမိတို့ရဲ့အသက်အိုးအိမ်၊ စည်းစိမ်ကို စွန့်လွှတ်အနစ်နာခံပြီး အီမာန်သက်ဝင်ယုံကြည်ပြီး အစ္စလာမ်ရဲ့မီးရှူးတန်ဆောင် ထွန်းညှိမှုမှာ တစ်တပ်တစ်အားပါဝင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဟာ ထိပ်ဆုံးမှာပဲရှိနေခဲ့ပါတယ်။ အဲဒီလူတွေက အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်တွေနဲ့ အနီးကပ်ဆုံးမှာရှိနေခဲ့ပါ တယ်တဲ့။ ( ကြည့် ဆူရာဟ် – ၅၆း၁၀ )

အောင်မှတ်ရရုံနဲ့ ကျေနပ်မယ်ဆိုရင် ရောက်နေတဲ့နေရာမှာ ရပ်နေလိုက်ပါ။ တကယ်လို့ ဂုဏ်ထူးတွေ အများကြီးနဲ့ ထိပ်ဆုံးမှာနေချင်တယ်ဆိုရင်တော့ ရောက်နေတဲ့နေရာကနေ ကြိုးစားပြီးတော့ ကျမ်းမြတ်ကုရ်အာန်နဲ့ အညီ မိမိဘ၀ကို တည့်မတ်၍ အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်ကို တမန်တော်မြတ်ရဲ့လမ်းစဉ်နဲ့အညီ ထက်ကြပ် မကွာလိုက်နာကျင့်သုံးရင်းနဲ့ ဘ၀တည်ဆောက်ကြပါ။ အဲဒါဆိုရင် ထိပ်ဆုံးကိုရောက်ရှိလာပါလိမ့်မယ် … တဲ့။

ဆူရာဟ်(၉) အာယတ် (၁၀၀)မှာ “ ထိပ်ဆုံးကနေ အရင်ဆုံးဦးဆောင်နေတဲ့ မုဟာဂျီရ်တွေနဲ့ အန်ဆွာရ်တွေ ရှိတယ်။ အဲဒီ အဆွာဘ်တော်တွေရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေမှာ အလ္လာဟ်ဥပဒေ၊ လမ်းညွှန်ပြဌာန်းချက်တွေနဲ့ တော်တည့် မှန်ကန်အချိုးအစားကျတဲ့ လုပ်ငန်းစဉ်များကို ထပ်ကြပ်မကွာ လိုက်နာကျင့်သုံးမယ့်လူတွေ … ” ဆိုတော့ ကျွန်တော်တို့က အဆွာဘ်တော်တွေရဲ့ လုပ်ငန်းဆောင်တာတွေမှာ ကျမ်းမြတ်ကုရ်အာန်က ဖော်ပြရာမှာ အံ့သြ စရာကောင်းတာက ဟဇရာသ်အူမရ် နာမည်လည်း ကုရ်အာန်ထဲမှာမပါဘူး။ ဟဇရသ် အဗူဘက္ကရ် ဆီးဒ္ဒီးက်နာမည် လည်း ကုရ်အာန်ထဲမှာမပါဘူး။ ဟဇရသ်အွစ္စမန်းနာမည်လည်း ကုရ်အာန်ထဲမှာမပါဘူး။ ဟဇရသ်အလီ(ရဿွီ) နာမည်လည်း ကုရ်အာန်ထဲမှာမပါဘူး။ ပုဂ္ဂလဓိဌာန်နာမည် ဘယ်သူ့နာမည်မှ မပါဘူး။

ကျမ်းမြတ်ကုရ်အာန်ထဲမှာ ထူးထူးခြားခြားပါနေတာက အိမ်ထောင်ရေးနဲ့ မွေးစားမှုပြုလုပ်ခြင်းကို ကျမ်းတော်မြတ်ကုရ်အာန်က တားမြစ်တဲ့အခါမှာ ဖြစ်ပေါ်လာရခြင်းကြောင့် `ဇိုက်ဒ်´ဆိုတဲ့နာမည်တော့ ကုရ်အာန်ထဲမှာ ဆူရာဟ်နံပါတ် (၃၃) မှာ ပါ ပါတယ်။ အဲဒီတော့ နာမည်မပါတာကို ကျွန်တော်တို့ဘာမှလွမ်းနေ စရာမလိုဘူး။ အဲဒီ အဆွာဘ်တော်တွေဆိုတာ ကုရ်အာန်ကို လေ့လာလိုက်တာနဲ့ မျက်စိထဲမှာ မြင်လာလိုက်လို့ရ တယ်။ တမန်တော်မြတ်ရဲ့ အဆွာဘ်တော်တွေရဲ့ စိတ်နေစိတ်ထားတွေ၊ ဦးဆောင် ဆောင်ရွက်မှုတွေ၊ လက်တွေ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ၊ အသက်အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ခဲ့တာတွေ၊ ကျွန်တော်တို့ တွေ့ရမှာဖြစ်ပါတယ်။

`အလ္လာဟ်ကတော့လေ အဲဒီလူတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ကျေနပ်နှစ်သက် သဘောတူညီခဲ့ပြီး ဖြစ်ပါတယ်။´ တော်ပြီပေါ့ဗျာ။ နောက် ဘာလိုချင်သေးလဲ။ ကျွန်တော်တို့ကတော့ ရှင်းတယ်။ အလ္လာဟ်ကို ယုံတယ်။ အလ္လာဟ့်ဥပဒေပြဌာန်းချက်တွေကို လက်တွေ့လိုက်နာကျင့်သုံးတယ်။ ဘာလိုချင်လို့လဲမေးရင် အလ္လာဟ် ရဲ့ `ရာဇီ´ ဖြစ်ဖို့ပဲ။ အလ္လာဟ် ကျေနပ်နှစ်သက်မှုကိုပဲ လိုချင်ပါတယ်။ ဂျန္နသ်လည်း မလိုချင်ဘူး။ အလ္လာဟ်က `ငါကျေနပ်တယ်၊ နှစ်သက်တယ်´ ဂျဟန္နမ်ကိုသွားဆိုရင် ထိပ်ဆုံးက သွားမယ့်ထဲမှာ `အင်ရှာအလ္လာဟ်´ ကျွန်တော်ပါသွားမှာပါ။

ဒါကို ကျွန်တော်ပထမဦးဆုံးပြောတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၁၄)နှစ် (၁၅)နှစ်လောက်က ကျွန်တော်ရဲ့ ဦးလေး မုဟမ္မဒ်ဟာရှင်က ကျွန်တော့်ကိုပြောတယ်။ အဲဒီတုန်းက ကျွန်တော်က ဦးလေးဘာတွေလျှောက်ပြောနေ လဲ။ ဂျန္နသ် ဒီလောက်ကောင်းတာ မသွားဘူး။ “ အလ္လာဟ်အခုလို ကျေနပ်နှစ်သက်သဘောတူညီလိုက်ခြင်းကို ခံရတဲ့အတွက်လည်း အဲဒီလူတွေဟာ အလ္လာဟ်အပေါ်မှာ ကျေနပ်တယ် ”  

ဒါကြောင့် ကျွန်တော်တို့အားလုံး “ သူတို့အတွက် အလ္လာဟ်အရှင်မြတ်က အမတသုခဘုံကို အဆင်သင့် ပြုလုပ်ထားပြီးဖြစ်တယ် ” အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက် သဘောတူညီမှုကိုရရှိရေးအတွက် အီမာန် သက်ဝင်ယုံကြည်ခြင်း (အမ္မာလေ ဆွာလေဟာ) ကောင်းမြတ်တဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ရင်းနဲ့ တမန်တော်မြတ်ရဲ့ အဆွာဘ်တော်တွေ တော်တည့်မှန်ကန်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ကုရ်အာန့်လမ်းစဉ်ကို ထက်ကြပ်မကွာ လိုက်နာကျင့်သုံးနိုင်တဲ့ အစွမ်းအစ၊ အရည်အသွေး၊ အရည်အချင်းတွေ ကို အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူပါစေကြောင်း ဆန္ဒပြုရင်း ကျွန်တော့်ရဲ့ခွတ္တဗါဟ်ကို ဒီမှာပဲ ရပ်နားလိုက်ပါတယ် ။     

မြတ်တမန်၏ ရဲဘော်ရဲဘက်များ