မြတ်တမန်၏ ရဲဘော်ရဲဘက်များ အပိုင်း(၂)
မြတ်တမန်၏ ရဲဘော်ရဲဘက်များ
အပိုင်း(၂)
မုဖ်သီဦးသန်းအောင် (LL.B)
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
လေးစားအပ်ပါသော လူကြီးမင်းအပေါင်းတို့ခင်ဗျား- မြတ်တမန်ရဲ့`အဆ်ဟားဘ်´တော်တွေဟာ မြတ်တမန်ဟောကြားတင်ပြတဲ့ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်း နိစ္စထာဝရတည်ရှိပြီး၊ ယုံကြည်လေးစား၊ ကိုးကွယ်အားထားထိုက်တဲ့ တစ်ပါးတည်းသောအရှင်၏ စနစ်`သောဝ်ဟီးဒ်´ကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး ကနေ နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်ခဲ့ကြပြီး `ရေဆာလာဟ်´လို့ခေါ်တဲ့ (မြတ်တမန်အပေါ် အလ္လာဟ်အရှင် မြတ်ထံတော်မှ ပေးပို့လာသော ဓမ္မသတင်းစကားဆင့်ပြန်ချက်) တနည်း ကျမ်းမြတ်ကုရ်အာန်ကို သက်ဝင်ယုံ ကြည်ခဲ့ကြသူတွေ ဖြစ်ကြပါတယ်။
ဒါကြောင့် မြတ်တမန်ရဲ့ရဲဘော်ရဲဘက်တွေဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အမိန့်၊ လမ်းညွှန်ချက်နဲ့ သစ္စာ တရားကို ဆန့်ကျင်၊ ဖီဆန်၊ ဖုံးကွယ်တဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လာရင် ပြင်းပြင်းထန်ထန် တုံ့ပြန်တတ်ကြပေ မယ့် သစ္စာအမှန်တရားအတွက် ရည်ရွယ်ချက်တူ၊ ဦးတည်ချက်တူ၊ ပန်းတိုင်တူ၊ ယုံကြည်ချက်တူ၊ ခံယူချက်တူသူ တွေနဲ့ပတ်သက်လာရင်တော့ သစ္စာတရား၊ မေတ္တာတရား၊ ကိုယ်ချင်းစာတရား၊ အကြင်နာတရား၊ ကရုဏာတရား၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှု စတဲ့ သမ္မာတရားတွေ ထားရှိကြသူတွေဖြစ်ကြောင်းကို တွေ့ရှိရမှာဖြစ်ပါတယ်။ အလ္လာဟ် အရှင်မြတ်နဲ့ အလ္လာဟ်ရဲ့တမန်တော်ရဲ့ အမိန့်၊ လမ်းညွှန်ပြဌာန်းချက်တွေကို မြေ၀ယ်မကျနာခံပြီး ဦးလည်မသုံ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရင်းနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ်သက်သဘောတူညီမှု (ရိဒ်ဝါးန်)ကို စေတနာသန့်သန့် (အိခ်လားစ်) နီယာသ်နဲ့ ဘ၀သက်တမ်းတစ်လျှောက် နေထိုင်အသက်ရှင် ရပ်တည် ခဲ့ကြသူများဖြစ်ကြောင်း ကျွန်တော်တို့ လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။
ဆက်လက်ပြီးတော့ မြတ်တမန်ရဲ့ `အဆ်ဟားဘ်´တော် ရဲဘော်ရဲဘက်တွေရဲ့ ယုံကြည်ချက်ဘယ်လိုရှိလဲ ဆိုတာကို တင်ပြမှာဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၂) အာယတ် (၂၈၅) မှာ-
ယုံကြည်ချက်တွေထဲမှာ မူလတုံးက မည်သို့ပင် ယုံကြည်ချက်ရှိခဲ့စေကာမူ တမန်တော်မြတ်ကြီး(ဆွလ္လ)ထံ ကို အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်တည်းဟူသော နောက်ဆုံးလမ်းညွှန်ချက်ကို ထုတ်ပြန်ပေးသနား တော်မူလိုက်တဲ့အချိန်ကစပြီး တမန်တော်မြတ်ကြီး(ဆွလ္လ)ဟာ ကိုယ်တိုင်ပင်လျှင် ကျမ်းတော်မြတ်ကုရ်အာန်ရဲ့အစ အလယ်၊ အဆုံး အားလုံးကို အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ သက်ဝင်ယုံကြည်ခဲ့ပါတယ်။ အဲဒီလိုပဲ တမန်တော် မြတ်ရဲ့ အမိန့်၊ လမ်းညွှန်ချက်ကို သက်ဝင်ယုံကြည်တဲ့ `မုအ်မင်န်´သက်ဝင်ယုံကြည်သူတွေဟာလည်း သူတို့ရဲ့ ပြုစုပျိုးထောင်ရှင်ဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံကနေ ထုတ်ပြန်ပို့ချပေးသနားတော်မူတဲ့ ကျမ်းတော်မြတ်ကုရ်အာန် ကို အစ၊ အလယ်၊ အဆုံး အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ သက်ဝင်ယုံကြည်ခဲ့ကြပါတယ်။
အဲဒီတမန်တော်မြတ်ကြီးအပါအ၀င် တမန်တော်မြတ်ရဲ့ `အဆ်ဟားဘ်´တော်များ `မုအ်မင်န်´ဆိုတဲ့ သက်ဝင်ယုံကြည်သူများအားလုံးဟာ အလ္လာဟ်ကို သက်ဝင်ယုံကြည်ခဲ့ကြပါတယ်။ `မလာအိကာဟ်´ အလ္လာဟ် အရှင်မြတ်ရဲ့ သဘာဝစွမ်းအားစုများကို သက်ဝင်ယုံကြည်ခဲ့ကြပါတယ်။ အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ခပေးခဲ့တဲ့ ကျမ်းဂန်ဒေသနာတော်များကို သက်ဝင်ယုံကြည်ခဲ့ကြပါတယ။် `ရဆူလ်´ အလ္လာဟ်အရှင်မြတ် စေလွှတ်တော်မူခဲ့ တဲ့ ရဆူလ်တမန်တော်မြတ်များကို သက်ဝင်ယုံကြည်ခဲ့ကြပါတယ်။
ဒါ့အပြင် အဲဒီပုဂ္ဂိုလ်တွေဟာ မည်သည့်ရဆူလ်တမန်တော် တစ်ပါးနှင့်တစ်ပါးစပ်ကြား ခွဲခြားဆက်ဆံမှုမရှိ ဘဲနဲ့ အားလုံးကို အလ္လာဟ်အရှင်မြတ်ရဲ့ ရဆူလ်တမန်တော်မြတ်များဖြစ်ကြောင်း သူတို့ အခိုင်အမာ သက်ဝင်ယုံ ကြည်ခဲ့ကြပါတယ်။ ခွဲခြားဆက်ဆံမှု လုံးဝမပြုခဲ့ကြပါဘူး။ ဒီနေရာမှာ `မုအ်မင်န်´တွေဟာ ဘာကြောင့်တမန်တော် မြတ်များကို ခွဲခြားဆက်ဆံမှုမပြုတာလည်းဆိုရင် ရှေးတမန်တော်မြတ်များရဲ့ `အွမ္မသ်´သားမြေးတွေက သူတို့ထံ ကို စေလွှတ်ခြင်းခံရတဲ့ နဗီရဆူလ်တမန်တော်မြတ် တစ်ဦးတည်းကိုပဲ သက်ဝင်ယုံကြည်ပြီးတော့ အလ္လာဟ်အရှင် မြတ်က နောက်ဆုံးရွေးချယ် စေလွှတ်တော်မူခဲ့တဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)ကို သူတို့ရဲ့ မူရင်းကျမ်းမှာ နောက်ဆုံးပွင့်မယ့်တမန်တော် သူ့နာမည်ဟာ (အဲဒီတုန်းက ဘာသာစကားအရ) `အဟ်မဒ်´ ဖြစ် တယ်လို့ သူတို့ရဲ့မူရင်းကျမ်းဂန်မှာပါခဲ့ပေမယ့် သူတို့ဟာ သူတို့ရဲ့မူရင်းကျမ်းဂန်ကို အကြွင်းမဲ့၊ သံသယမဲ့၊ စောဒက မဲ့ ယုံကြည်ကြသူတွေမဟုတ်ကြတော့တဲ့အတွက် တမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ) ပွင့်ပေါ်လာတဲ့အခါမှာ နောက်ဆုံးတမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)ကို သက်ဝင်ယုံကြည်ခြင်းမရှိကြပါဘူး။
ဒါပေမယ့် `မုအ်မင်န်´ဖြစ်တဲ့ ကျွန်တော်တို့အားလုံးကတော့ အလ္လာဟ်အရှင်မြတ်စေလွှတ်ရွေးချယ်ခဲ့တဲ့ နဗီရဆူလ်တမန်တော်မြတ်များအားလုံး (ကျမ်းမြတ်ကုရ်အာန်မှာ နာမည်နဲ့တကွပါဝင်သော ရဆူလ်တမန်တော်မြတ် များနှင့် နာမည်မပါဝင်သော ရဆူလ်တမန်တော်မြတ်များ) နောက်ဆုံးအန္တိမတမန်တော်မြတ် မုဟမ္မဒ်(ဆွလ္လ)နှင့် ၎င်းမတိုင်မီ ပွင့်ပေါ်ခဲ့လေပြီးဖြစ်သော နဗီရဆူလ်တမန်တော်မြတ်များအားလုံးကို တစ်ပါးနဲ့တစ်ပါး ခွဲခြားမှုမပြုဘဲနဲ့ သက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြပါတယ်။ ပြီးတဲ့နောက်မှာ ဟိုးယခင် နဗီတမန်တော်မြတ်များရဲ့ အွမ္မသ်တွေဟာ သူတို့ကို သူတို့ရဲ့ကျမ်းထဲမှာ မည်သို့ပင် လမ်းညွှန်ပြဌာန်းထားစေကာမူ `ကျွန်တော်တို့ကြားနာကြပါပြီ၊ သို့သော် မလိုက်နာကြပါဘူး´ အဲဒီလို သူတို့ကပြောကြတယ်။
အဲဒီတော့ အလ္လာဟ်အရှင်မြတ်က နောက်ဆုံးအန္တိမတမန်တော်မြတ် အွမ္မသ်သားမြေး `အဆ်ဟားဘ်´ တော်များအပါအ၀င် ကျွန်တော်တို့ကို သင်ပေးတဲ့အခါမှာ ကျွန်တော်တို့ရဲ့ရင်ထဲမှာ ရှိရမယ့်အနေအထားက ဘာလဲ ဆိုရင် ကျွန်တော်တို့ကြားနာကြပါပြီ။ ကျွန်တော်တို့ လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်ကြပါမည်လို့ အမြဲ တမ်းပြောလေ့ရှိပါတယ်။
ဒါဟာ တမန်တော်မြတ်ကြီးရဲ့ `အဆ်ဟားဘ်´တော်တွေရဲ့ ယုံကြည်ချက်နဲ့ပတ်သက်လာရင် လက်တွေ့ လိုက်နာကျင့်သုံးမှုနဲ့ပတ်သက်လာရင် တွေ့ရှိရတဲ့အနေအထားပါ။ ပြီးတော့ ကျွန်တော်တို့က အမြဲတမ်း ကျွန်တော် တို့ကို ပြုစုပျိုးထောင်တဲ့အရှင် အလ္လာဟ်ရဲ့ခွင့်လွှတ်ချမ်းသာမှုပြုပြီး လုံခြုံမှုပြု ပေးသနားတော်မူမှုကို အမြဲတမ်းမျှော် လင့်လျက်ရှိနေတယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရဲ့ နောက်ဆုံးအန္တိမပန်းတိုင်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ရှေ့တော်မှောက်မှာ ကျွန်တော်တို့ရဲ့လုပ်ရပ်နဲ့ ပတ်သက်တဲ့အကျိုးဆက်ကို စစ်ဆေးမေးမြန်းခြင်းခံယူရမယ်ဆိုတာ ကို ကျွန်တော်တို့ နားလည်သဘောပေါက် ယုံကြည်လက်ခံထားပါတယ်ဆိုပြီးတော့ သူတို့ဟာ အမြဲတမ်း လျှောက် ထားပန်ကြားလျက်ရှိပါတယ်။
နောက်တစ်ခါ ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၇) အာယတ်(၁၅၇)မှာ တမန်တော်မြတ်မုဟမ္မဒ်(ဆွလ္လ) နဲ့ သူ့ကိုသက်ဝင်ယုံကြည် လိုက်နာကျင့်သုံးခဲ့တဲ့ `အဆ်ဟားဘ်´တော် ရဲဘော်ရဲဘက်များရဲ့အနေအထားကို ဖော် ပြထားပါတယ်။ ကျွန်တော်တို့ အဲဒီလိုမြင်လိုက်ပြီဆိုရင် သိလိုက်ပြီဆိုရင် ကျွန်တော်တို့အားလုံးလည်း တမန်တော် မြတ်ရဲ့လမ်းစဉ်ကို လိုက်နာကျင့်သုံး၊ အကောင်အထည်ဖော်သူတွေ အချင်းချင်းကြားမှာ ဘယ်လိုမျိုးမျှဝေခံစား၊ ပံ့ပိုးကူညီထောက်ခံကြမလဲဆိုတာကို ကျွန်တော်တို့ မြင်လာမှာဖြစ်ပါတယ်။
ဒီအာယတ်ရဲ့အစမှာ ရဆူလ်တမန်တော်မြတ်ကို နောက်ထပ် ဂုဏ်ထူးဝိသေသနှစ်ခုနဲ့ ဖော်ပြထားပါတယ်။ `အွမ္မီ´ဆိုတာကို တော်တော်များများမွတ်ဆလင်မ်ဆိုသူများကတော့ စာပေမတတ်ကျွမ်းသူလို့ ပြောကြပါတယ်။ တကယ်တမ်းမှာတော့ စာပေမတတ်ကျွမ်းသူဆိုတာထက် မည်သည့်လူပုဂ္ဂိုလ် တစ်စုံတစ်ဦးထံကမှ စာပေပညာ သင်ယူဆည်းပူးခဲ့ဘူးခြင်းမရှိခဲ့ခြင်းကို ဆိုလိုတာပါ။ တမန်တော်မြတ်ဟာ အမိဝမ်းက ကျွတ်သည့်ပမာ ကလေးငယ် သကဲ့သို့ပဲ ဖြူစင်သန့်ရှင်းတဲ့နှလုံးသားပိုင်ရှင်ဖြစ်ပြီး၊ အစွန်း၊ အထင်းကင်းတယ်ဆိုတာကို ဖော်ပြခြင်းဖြစ်ပါတယ်။
တစ်ချို့ပညာရှင်များက ဒီနေရာမှာ မက္ကာဟ်မြို့သားဖြစ်သော တမန်တော်မြတ် ကြီး သို့မဟုတ် တမန်တော်မြတ်များရဲ့အချုပ်ဖြစ်သော နဗီတွေရဲ့အချုပ်ဖြစ်သော ရဆူလ်တမန်တော်ဆိုပြီးလည်း ယူဆကြပါ တယ်။ မက္ကာဟ်မြို့သား၊ သတင်းစကားထုတ်ပြန်ပို့ချခြင်းခံရသော နဗီ၊ ရရှိလာသော သတင်းစကားကို ကမ္ဘာခပ် သိမ်းရှိ လူသားခပ်သိမ်းထံ မရောက်ရောက်အောင် ဖြန့်ချိပေးသော ရဆူလ်ဖြစ်တဲ့တမန်တော်ကို အဲဒီလူတွေ ဖ၀ါးခြေထပ် ထက်ကြပ်မကွာ လိုက်နာကျင့်သုံးလျက်ရှိကြပါတယ်။
ဒီနေရာမှာ `အလ်လဇီးနု´ဆိုတာ ဘယ်သူတွေပါမလဲဆိုရင် အဲဒီခေတ်အခါမှာရှိခဲ့ကြတဲ့ မုအ်မင်န်၊ မွတ်ဆလင်မ်ဆိုတဲ့ သက်ဝင်ယုံကြည်သူတွေ၊ မုဟာဂျီရ်လို့ခေါ်တဲ့ အမှန်သစ္စာတရား အလ္လာဟ်ကိုယုံလို့ ဒုက္ခပေး ခြင်းခံရတဲ့ နောက်ဆုံး မိမိတို့ရဲ့မွေးရပ်မြေကို စွန့်လွှတ်ခဲ့ရတဲ့လူတွေပါတယ်။ အဲဒီ မုဟာဂျီရ်တွေကို မိမိတို့မှာမရှိတဲ့ ကြားထဲကနေ အားပေးကူညီပံ့ပိုးခဲ့တဲ့ အန်ဆွာရ်တွေပါပါတယ်။ အဲဒီ မုဟာဂျီရ်နဲ့ အန်ဆွာရ်တွေ ပေါင်းမိထားပြီး မိမိတို့ကို ဆက်လက်ဒုက္ခပေးနေတာကို ရဲရင့်ဝင့်ကြွားစွာ တိုက်ပွဲဝင်မှု၊ စိတ်ဓါတ်အပြည့်နဲ့ အမှန်သစ္စာတရားအပေါ် မှာ ရဲရင့်တည်ကြည်စွာ အပတ်တကုတ် ကြိုးစားအားထုတ်ဆောင်ရွက်ခဲ့တဲ့ မုဂျာဟစ်တွေလည်းပါပါတယ်။ အဲဒီလူ တွေဟာ တမန်တော်မြတ်ရဲ့လမ်းစဉ် တစ်နည်းအားဖြင့် `အွတ်စ္စ၀သုလ် ဟစနာ´လို့ခေါ်တဲ့ အကောင်းဆုံးသော စံနမူနာကို ထက်ကြပ်မကွဲ၊ ဖ၀ါးခြေထပ် လက်တွေ့လိုက်နာ ကျင့်သုံးခဲ့ကြပါတယ်။
ဘာကြောင့် လက်တွေ့လိုက်နာကျင့်သုံးရတာလဲဆိုတော့ တမန်တော်မြတ်တရားဓမ္မကို ဟောကြားခဲ့တဲ့ အရပ်ဒေသကလူတွေကိုကြည့်လိုက်ရင် သောင်ရာသ်ကျမ်းရများ၊ အင်ဂျီးလ်ကျမ်းရများ အများဆုံးရှိတဲ့အရပ်ဒေသ ဖြစ်ပါတယ်။ သူတို့ရဲ့ မူရင်းသောင်ရာသ်ကျမ်းမှာ မူရင်းအင်ဂျီလ်ကျမ်းမှာ နောက်ဆုံးတမန်တော်မြတ် ပွင့်ပေါ်တော် မူမယ့်အကြောင်း ရေးသားဖော်ပြ မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်းကို အဲဒီလူတွေ အသေအချာတွေ့မြင်ခဲ့ကြတဲ့ အတွက် သူတို့တမန်တော်မြတ်မုဟမ္မဒ်ကို ယုံကြည်ကြခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဘာကိုတွေ့ရလဲ ဆိုတော့ ကျမ်းထဲမှာဘာပါတယ်ဆိုတာကို သိတဲ့လူတွေက တမန်တော်မြတ်ကိုယုံတာ။ ဒီတော့ ကျွန်တော်တို့ လည်း ကုရ်အာန်ကျမ်းထဲမှာ ဘာတွေပါလဲဆိုတာကို ကျွန်တော်တို့ သိဖို့လိုတယ်ဆိုတဲ့အချက်ကို သိထားရမယ်။ မသိရင် သူတို့ယုံမှာမဟုတ်ဘူး။ သို့မဟုတ် သိရက်သားနဲ့ မယုံချင်မယုံဘူး။ နှစ်မျိုးရှိမှာပေါ့။ သူတို့ကျမ်းထဲမှာ ပါတာကို သူတို့တွေ့မြင်သိရှိလိုက်တဲ့အတွက် ကျမ်းကိုယုံလို့ တမန်တော်မြတ်ကို ယုံခဲ့ကြတာ။
တမန်တော်မြတ်ကလည်း တမန်တော်ဖြစ်ကြောင်း ကြေငြာပြီးတဲ့နောက်မှာ လူတွေကို ပရဟိတစိတ်ဓါတ်၊ လူသားအကျိုးပြုစိတ်ဓါတ်တွေ စပြီးလုပ်ပေးခဲ့တယ်။ သူတို့ကို ကောင်းမွန်တော်တည့် မှန်ကန်ပြီး၊ လူနဲ့လူ့ပတ်ဝန်း ကျင်ကို ဖွံ့ဖြိုးတိုးတက်ပြီး အကျိုးဖြစ်စေမယ့်ကိစ္စတွေ လုပ်ငန်းဆောင်တာတွေကို ကြံစည်လုပ်ကိုင်ဆောင်ရွက်ကြ ဖို့ လမ်းပြညွှန်ကြားခဲ့တဲ့အပြင် တမန်တော်မြတ်ကိုယ်တိုင် လုပ်ကိုင်ဆောင်ရွက်ခဲ့ပြီး လူအများကိုလည်း ဆောင်ရွက် စေခဲ့တယ်။ ပြီးတော့ လူနဲ့လူ့ပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းမှုဖြစ်စေတဲ့ မတရားမှုတွေ၊ မမှန်ကန်မှုတွေကို ရှောင် ကြဉ်ကြဖို့ မလုပ်ကိုင်ကြဖို့ တားမြစ်ခဲ့တယ်။
တမန်တော်မြတ်က `မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ်´ (အရဗီမှာက ကောင်းရာညွှန်လတ်က အရင်၊ မကောင်းမြစ်တားက နောက်) တစ်နည်းအားဖြင့် မူလအရည်အသွေးမျိုးစုံရှိနေတဲ့လူတွေကို ကျမ်းတော် မြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ပြသမှုနဲ့အညီ လူယဉ်ကျေးတွေဖြစ်လာအောင် တမန်တော်မြတ်က သွန်သင်ဆုံးမခဲ့ပါ တယ်။ လူတစ်ဦးချင်း၊ လူ့အဖွဲ့အစည်းဝင်များ စင်ကြယ်သန့်ရှင်း၊ အပြစ်ကင်းပြီး ဖွံ့ဖြိုးတိုးတက်မှုဖြစ်စေတဲ့လုပ်ငန်း နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အသုံးပြုဖွယ်တွေကို ခွင့်ပြုပေးလျက်ရှိတယ်။ (ကျွန်တော်တို့က `သွိုင်ရိဘဟ်´ ကို ဟလာလ်လုပ်တာနဲ့တွဲပြီး စားဖို့တစ်ခုတည်းကို မစဉ်းစားမိဖို့တော့လိုပါတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ ပြောတတ်ကြတဲ့ စီးပွားလုပ်တဲ့အခါမှာ `တို့က လျှာပေါ်မှာမြက်ပေါက်ချင် ပေါက်သွားပါစေ။ သူများကို မတရား တော့မလုပ်ဘူး။ မမှန်မကန် တို့မလုပ်ဘူး။ လူနှင့်သဘာဝပတ်ဝန်းကျင်ပျက်စီးမှ စီးပွားဖြစ်မှာမျိုး တို့မလုပ်ဘူး။´
အဲဒီနည်းကို တမန်တော်မြတ်ကသင်ပေးတာ။ စားတာတစ်ခုတည်းမဟုတ်ပါဘူး။ သန့်ရှင်းစင်ကြယ် အပြစ် ကင်းတဲ့ပရိရေသန ၀မ်းစာရှာနည်းလည်းပါပါတယ်။ အဲဒါကို တမန်တော်မြတ်က ခွင့်ပြုတယ်။ တမန်တော်မြတ် မတိုင်မီက လူတော်တော်များများက မဟုတ်တာတွေ၊ မကောင်းမှုတွေ အကုန်လုပ်ကြတယ်။ အဲဒီလို `ဂျာဟီလီယာသ်´လို့ခေါ်တဲ့ အမိုက်မှောင်ထုဖုံးလွှမ်းတဲ့ အနေ အထားမှာရှိနေကြတဲ့ အရဗ်ကျေးတောသားတွေကို လူယဉ်ကျေးတွေဖြစ်သွားအောင် အစ္စလာမ်က၊ ကုရ်အာန်က၊ တမန်တော်မြတ်က သွန်သင်ဆုံးမလမ်းပြခဲ့တယ်။ သူတို့ဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်နဲ့ ကမ္ဘာပေါ်မှာ စံပြလူ့အဖွဲ့အစည်းဖြစ်ပေါ်လာပြီး ကမ္ဘာကပါ မှတ်တမ်းတင်ခဲ့ရတယ်။
သူတို့ဟာ လူနဲ့လူ့ပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းမှုကိုဖြစ်စေတဲ့ မသန့်ရှင်းတဲ့၊ ကျန်းမာရေးနဲ့ လူတွေကို ဘေးဖြစ်စေတဲ့ (ဒီနေ့ခေတ် – အတုတွေခေတ်စားနေတာမျိုး၊ ဆီလည်းအတု၊ ဆေးဆိုးပန်းရိုက် ပစ္စည်းတွေ၊ အသီး အရွယ်အတု၊ ဆေးဝါးအတု) ဒါတွေကို အစ္စလာမ်က၊ ကုရ်အာန်က တားမြစ်ထားတယ်။ ဒီတော့ ကျွန်တော်တို့ အစ္စလာမ်က အလုပ်လုပ်တာကအစ `ဟလာလ်´ဆိုတဲ့ တရားဝင် ခွင့်ပြုပြီး၊ လူနဲ့လူ့ပတ်ဝန်းကျင်ကို မထိခိုက်စေ တဲ့၊ မတရားမဖြစ်စေတဲ့ စီးပွားရေးကို လုပ်စေရတယ်ဆိုတာပေါ်လွင်ပါတယ်။
မလုပ်ရမယ့်အလုပ်၊ မလုပ်ရမယ့် စီးပွားရေးဆိုတာတွေကိုလည်း တမန်တော်မြတ်က `ဟရာမ်´အဖြစ် တားမြစ်ခဲ့တယ်။ တမန်တော်မြတ်က တားမြစ်တယ်ဆိုတာကလည်း ကုရ်အာန်(၇း၁၅၇)အရ အလ္လာဟ်က အမိန့်ချ မှတ်ထားလို့ အလ္လာဟ့်အမိန့်အရ တမန်တော်မြတ်က တားမြစ်တာပါ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဂုတ်တွေပေါ်မှာ အထုံးတွေရှိတယ်။ အထုပ်တွေရှိတယ်။ ဂွင်းတွေရှိတယ်။ ၀န်ထုပ်ဝန်ပိုးတွေဖြစ်နေတယ်။ နင့်နေတယ်။ မသေရုံ တမည်ဖြစ်နေတယ်။ အဲဒါဘာကြောင့်လဲဆိုရင် ယုံကြည်ချက်နဲ့ပတ်သက်လို့ မှားယွင်းသွေဖည်တဲ့ (ဥပမာ- အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကို အစ္စလာမ်ကို လိုက်နာ၊ လက်ခံကျင့်သုံးရင် မွတ်ဆလင်မ်လို့ အမည်ပေး တယ်။ ကျွန်တော်တို့က မွတ်ဆလင်မ်ဆိုတဲ့အမည်နာမကို စုံမက်စွာနဲ့ ရယူခြင်းမပြုဘဲနဲ့ ရပ်လိုက်သလား၊ မရပ်ဘူး။ မွတ်ဆလင်မ်တော့ ဟုတ်ပြီ။ စွန္နီလား၊ ရှီအာလား၊ စွန္နီတော့ဟုတ်ပြီ။ ဟနဖီလား၊ ရှာအ်ဖီလား၊ မာလီကီလား၊ ဟမ်ဗလီလား၊ ဆလ္လဖီလား။ ဒီတော့ မွတ်ဆလင်မ်လို့မသတ်မှတ်ဘဲနဲ့ တစ်ခြားနာမည်နဲ့ သတ်မှတ်လိုက်ကြတယ်။
အဲဒီလိုနဲ့ လူရဲ့ဂုတ်ပေါ်မှာ ၀န်ထုပ်ဝန်ပိုးတွေ၊ အတုပ်အနှောင်တွေကို တင်လိုက်ကြတယ်။ အဲဒီ ၀န်ထုပ် ၀န်ပိုးတွေ မှားယွင်းတဲ့ယုံကြည်ချက်၊ ခံယူချက်၊ အစွဲအလန်းတွေကို လက်ကိုင်ထားတဲ့အတွက် ကျွန်တော်တို့ရဲ့ ဂုတ်တွေမှာ ၀န်ထုပ်ဝန်ပိုးတွေ ပိနေတာဖြစ်တယ်။
တမန်တော်မြတ်က အဲဒီမှားယွင်းတဲ့ယုံကြည်ချက်တွေကြောင့် ယခင်တင်ရှိနေသော ၀န်ထုပ်ဝန်ပိုးများကို ဂုတ်တွေပေါ်ကနေ ချပေးခဲ့တယ်။ အဲဒီလိုချပေးခဲ့လို့ အဲဒီခေတ်က `အဆ်ဟားဘ်´တော်တွေဟာ သူတို့ရဲ့လုပ်ရပ် တွေဟာ မှန်ကန်တည့်မတ်မှုရလာတယ်။ တမန်တော်မြတ်လွန်လေပြီးတဲ့ နောက်ပိုင်း အခုခေတ် ကျွန်တော်တို့ မွတ်ဆလင်မ်တွေက ကိုယ့်ကိုယ်ကို ၀န်ထုပ်ဝန်ပိုးဖြစ်စေမယ့် ယခင်က တမန်တော်မြတ် အောက်ချပေးခဲ့တဲ့ အယူဝါဒ၊ အစွဲအလန်းမျိုးစုံ ၀န်ထုပ်ဝန်ပိုးတွေကို ကိုယ်ကိုယ်တိုင် ကိုယ့်ဂုတ်ပေါ်ကို ကြည်ကြည်ဖြူဖြူ၊ ကျေကျေနပ်နပ်နဲ့ တင်လိုက်ကြတယ်။ စွပ်လိုက်ကြတယ်။ အဲဒီတော့ ကျွန်တော်တို့က ၀န်တွေနဲ့ပိနေတယ်။ မွတ်ဆလင်မ်က မလွတ်လပ်ဘူးဖြစ်နေတယ်။ လွတ်လပ်တယ်ဆိုတာကလည်း စည်းနဲ့ဘောင်နဲ့ လွတ်လပ်မှုကိုပြော တာပါ။ တကယ်တမ်းပြောရင် မွတ်ဆလင်မ်က ရိုးစင်းတယ်၊ ဖြောင့်မတ်တယ်၊ ဖြူစင်တယ်။ အဲဒီအတွက် တကယ်တမ်း ဘာဝန်ထုပ်ဝန်ပိုးမှမရှိဘူး။ ပေါ့ပါးတယ်။
ယခင်က လူတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ မကျေနပ်မှုတွေ၊ မတရားမှုတွေ၊ မနာလိုဝန်တိုမှု တွေ၊ ရန်ညှိုးရန်စ၊ အာဃာတတွေရှိခဲ့တယ်။ ဒီတော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် မယုံကြည်ဘူး။ ဒီကနေ့ ကမ္ဘာအရပ်ဒေသအသီးသီးမှာ ဖြစ်ပျက်နေတဲ့ ပြသနာပေါင်းစုံကိုကြည့်ရင် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိ တော့လို့ဖြစ်ကြရတာ။ အခု ဘာပြန်လုပ်နေရသလဲဆိုရင် တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်နေကြရတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုမရှိတော့ရင် တစ်ဖက်နဲ့တစ်ဖက် အမြဲတမ်းအမြင်စောင်းမယ်၊ မကျေနပ်မှုတွေဖြစ်မယ်၊ ပြသနာဖြစ်မယ်၊ ရန်ညှိုးဖြစ်မယ်၊ နောက်ဆုံးအဆင့် တိုက်ပွဲဖြစ်မယ်၊ စစ်ပွဲတွေဖြစ်မယ်။ အဲဒီအခါ မြို့ရွာ၊ နိုင်ငံ၊ တိုင်းပြည် မငြိမ်းချမ်းဘူးဖြစ်မယ်။
ဒါကြောင့် အလ္လာဟ်အရှင်မြတ်ရဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ကြီးက သူတို့ထံမှာရှိနေတဲ့ ရန်ညှိုး၊ ရန်စ၊ အာဃာတဆိုတဲ့ ၀န်ထုပ်ဝန်ပိုးတွေ ဖယ်ရှားပေးလိုက်တော့ တစ်ယောက်နဲ့တစ်ယောက်တွေ့လိုက်တာနဲ့ ရင်းနှီးပွင့်လင်းစွာ နှစ်ဖက်စလုံး ဖြူစင်သွားတယ်။ စေတနာ သန့်သွားတယ်။ တစ်ဦးနဲ့တစ်ဦး ဘယ်လိုဆော်လိုက်ရ မလဲ။ ဘယ်လိုတီးလိုက်ရမလဲ ဆိုတဲ့ ရုပ်မာပက်စက်တဲ့စိတ် မရှိတော့ဘူး။ ဘယ်လို အနိုင်ကျင့်လိုက်ရမလဲဆိုတဲ့ စိတ်ဓါတ်မရှိတော့ဘူး။ အပြန်အလှန်အားဖြင့် တည်ရှိမှုကိုလေးစားတယ်။ သူလဲ လူ၊ ငါလဲ လူ။ အဲဒါကိုသာ နားလည်လိုက်ရင် လောကကြီးမှာ ကိုယ်ချင်းစာတရားထားကြည့်။ ကိုယ် သူ့ကို မတရားလုပ်ရင် သူခံနိုင်ပါ့မလား။ တစ်စုံတစ်ယောက်က ကိုယ့်ကို မတရားလုပ်ရင်ရော ကိုယ်ခံနိုင်ပါ့မလား။ ဒါကြောင့် သူ့နေရာမှာ ကိုယ်ခဏ၀င်ပြီး ကိုယ်ချင်းစာတရားနဲ့ နားလည်လိုက်ရင် လောကကြီးငြိမ်းချမ်းသွားမယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲဒီလို အရည်အသွေးတွေနဲ့ လူတွေရဲ့ဘ၀ကို မြှင့်တင်ပေးခဲ့တဲ့ တမန်တော်မြတ်ကို (အဲဒီခေတ်မှာ ကျွန်တော်တို့ အကယ်၍ လူဖြစ်ခဲ့ရင်လည်း တမန်တော်မြတ်ခြေထောက်ကို ဖက်ထားမှာပဲ) ဒီလောက်ကောင်းတဲ့ တမန်တော်၊ လူတွေကို လူတစ်လုံး၊ သူတစ်လုံးဖြစ်အောင် မြှင့်တင်ပေးတဲ့တမန်တော်၊ အဲဒီတမန်တော်မြတ်ကို သူ့ရဲ့အဆ်ဟားဘ်တော်တွေက အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ ယုံခဲ့ကြတယ်။ ယုံကြည်ခြင်း- ယုံတာရယ်၊ ကြည် တာရယ်။ ယုံပြီးမကြည်ရင်လည်း မရဘူး။ ယုံနဲ့ကြည်က တွဲနေတယ်။ ကြည်လင်စွာနဲ့ ယုံကြည်မှုရှိနေတော့ ပြီးသွား ပြီပေါ့။
အဲဒီတော့ သူတို့ဘာလုပ်လဲ။ သူတို့ အသက်အိုးအိမ်၊ စည်းစိမ်တွေကိုပါစွန့်ပြီး တမန်တော်မြတ်လျှောက် လှမ်းမယ့်လမ်းစဉ်မှာ တမန်တော်မြတ်အတွက် သူတို့ဟာ အားပေးကူညီ ယိုင်းပင်း၊ အင်အားဖြည့်တင်း ထောက်ခံ ကူညီမှုပြုခဲ့ကြတယ်။ တမန်တော်မြတ်ရဲ့ အဆ်ဟားဘ်တော်တွေဟာ တမန်တော်မြတ်ရဲ့လမ်းစဉ် တည်တံ့ခိုင်မြဲ ရေးအတွက်၊ အောင်မြင်ရေးအတွက် သူတို့ ကူညီပံ့ပိုးပေးခဲ့ကြတယ်။
တမန်တော်မြတ်နဲ့ အဆ်ဟားဘ်တော်တွေရဲ့ လုပ်ငန်းဆောင်တာများကို ကျွန်တော်တို့အားလုံး တစ်တပ် တစ်အား ပါဝင်လုပ်ကိုင်၊ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ တမန်တော်မြတ် ဘယ်လိုလျှောက်လှမ်းခဲ့သလဲ။ ကျွန်တော်တို့ အဲဒီအတိုင်း ဖ၀ါးခြေထပ် လိုက်နာလျှောက်လှမ်းရ မှာဖြစ်ပါတယ်။ တမန်တော်မြတ် ဘာကိုယုံခဲ့လဲ။ အဲဒီအတိုင်း ကျွန်တော်တို့ယုံရမယ်။ တမန်တော်မြတ် လူသားအကျိုးပြုလုပ်ငန်းတွေ ဘယ်လိုလုပ်ခဲ့သလဲ။ ကျွန်တော်တို့ အဲဒီအတိုင်းလုပ်ရမှာပေါ့။ လူနဲ့လူ့ပတ်ဝန်းကျင် ပျက်စီးစေမယ့်လုပ်ရပ်တွေ၊ လုပ်ငန်းတွေကို မလုပ်နဲ့ လို့ တားခဲ့တဲ့အတိုင်း ကျွန်တော်တို့မလုပ်ဘဲနေရမှာပေါ့။ ကျွန်တော်တို့ရဲ့ စိတ်ကူး၊ အကြံဉာဏ်၊ လုပ်ရပ်တွေ ကြောင့် လူနဲ့လူ့ပတ်ဝန်းကျင် ပျက်စီးယိုယွင်းစေမယ့်လုပ်ရပ်၊ လုပ်ငန်းဆောင်တာတွေကို မလုပ်ဘူးလို့ စွဲမြဲစွာ ခံယူ ထားဖို့လိုပါလိမ့်မယ်။
တမန်တော်မြတ်ရဲ့ အဆ်ဟားဘ်တော်တွေဟာ တမန်တော်မြတ်ကို `အစ်သေဗဟ်´လုပ်ခဲ့ပြီးနောက် ထိုတမန်တော်မြတ်နှင့်အတူ ထုတ်ပြန်ပို့ချပေးခြင်းခံရသော တစ်ခုတည်းဖြစ်သော လင်းရောင်ခြည်ဖြစ်သည့် ကျမ်းတော်မြတ်ကုရ်အာန်ကို (အဲဒီ အဆ်ဟားဘ်တော်တွေ၊ မုအ်မင်န် သက်ဝင်ယုံကြည်သူတွေ၊ မုဟာဂျီရ်တွေ၊ အန်ဆွာရ်တွေ၊ မူဂျာဟစ်တွေ) ထက်ကြပ်မကွာ၊ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခဲ့ကြတယ်။ ကျမ်းမြတ် ကုရ်အာန်နဲ့ မြတ်တမန်နဲ့ အာယတ်တစ်ခုတည်းမှာ လိုက်နာကျင့်သုံးမှုကို ဖော်ပြထားပါတယ်။ (ပထမဦးဆုံး မြတ်တမန်ကိုယုံပါတယ်။ မြတ်တမန်ရဲ့လမ်းစဉ်ကို လိုက်ပါမယ်ဆိုတဲ့ ကျွန်တော်တို့လိုလူတွေဟာ တစ်ခုတည်းဖြစ် သော လင်းရောင်ခြည်ဖြစ်တဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကိုယုံကြည်ပြီး လက်တွေ့လိုက်နာ၊ ကျင့်သုံးဖို့တာဝန်ရှိ တယ်ဆိုတာ ဒီအာယတ်က ပေါ်လွင်ပါတယ်)။ တစ်နည်းအားဖြင့် `မြတ်တမန်နဲ့ ကျမ်းကုရ်အာန်´ ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့ တမန်တော်မြတ်ရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေနဲ့ (အွတ်စ္စဟသုလ် ဟစနာ) ဆိုတဲ့ အကောင်းဆုံး၊ အလှပဆုံး စံနမူနာတွေကို ကျွန်တော်တို့က သိအောင်လုပ်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော် ဖို့လိုတယ်ဆိုတာ ဒီအာယတ်က သင်ကြားပေးနေပါတယ်။
သူတို့က တမန်တော်မြတ်ရဲ့ လမ်းစဉ်ကိုလည်းလိုက်တယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းစဉ်ကိုလည်းလိုက် တယ်။ အဲဒီနှစ်ခု ညီမျှခြင်းထိုးလို့ရတယ်။ ဒါဆိုရင် ဘာဖြစ်မလဲ။ အဲဒီလူတွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက် အောင်မြင်ကြီး ပွားမယ့် အနေအထားပိုင်ရှင်တွေဖြစ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။ လူတွေဆိုတော့ အခြေအနေမျိုးစုံနဲ့ ကြုံတွေ့ ရတာပေါ့။ အောင်မြင်နေတာရှိသလို၊ အဲဒီအောင်မြင်မှုကြောင့်ပဲ ဒုက္ခရောက်တာလည်းရှိတယ်။ တစ်ခါတစ်လေ ကိုယ်က အောင်မြင်နေတဲ့အခြေအနေမှာ မအောင်မြင်တဲ့ လူတန်းစားနဲ့ လူ့အဖွဲ့အစည်းတွေက အောင်မြင်နေတဲ့ လူတွေကို မနာလိုဝန်တိုမှုတွေဖြစ်ပြီးတော့ ဒုက္ခအမျိုးမျိုးပေးတာလည်းရှိတယ်။ အဲဒီတော့ ဘယ်လိုလုပ်ရမလဲ။ တမန်တော်မြတ်ရဲ့ အဆ်ဟားဘ်တော်တွေကတော့ ဘယ်အခြေအနေကိုပဲရောက်ရောက် အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းကိုပဲ အမြဲတမ်း အားကိုးစိတ်ထားပြီး အလ္လာဟ်အရှင်မြတ်ထံတော်ကပဲ အကူအညီရယူဖို့ မျှော်လင့် ချက်ထားလျက်ရှိနေကြပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၂) အာယတ်(၂၁၄-၂၁၅)မှာ (အလျင်းသင့်လို့ နည်းနည်းတင်ပြရမယ် ဆိုရင်) ကျွန်တော်တို့ မွတ်ဆလင်မ်တွေက ထင်နေတယ်။ တော်တော်များများကလည်း ပြောကြပါတယ်။ မွတ်ဆလင်မ်တွေပဲ `ဂျန္နသ်´ရမယ်။ ကျန်တဲ့ လူတွေက `ဂျန္နသ်´မရဘူး။ `လာအိလားဟ အိလ်လလ္လာဟ်၊ မုဟမ္မဒွရ် ရဆူလွလ္လာ´ဆိုတဲ့ ကလေမာဖတ်လိုက်ရင် `ဂျန္နသ်´ရမယ်။ ဒီခေါင်းစဉ်နဲ့ မပတ်သက်လို့ ကျွန်တော် အကြမ်းဖျင်းပဲပြောပါ့မယ်။ ဒီစကားက မွတ်ဆလင်မ်တွေ အခုမှပြောတာပါ။ သောင်ရာသ်ကျမ်းရနဲ့ အင်ဂျီးလ်ကျမ်း ရတွေဖြစ်တဲ့ ရဟူဒီနဲ့ နဆွရာနီက ပြောခဲ့တာပါ။ မွတ်ဆလင်မ်တွေက ရဟူဒီနဲ့ နဆွရာနီကို မုန်းတယ်လို့တစ်ဖက်က ပြောတယ်။ ရဟူဒီနဲ့ နဆွရာနီတွေရဲ့အမူအကျင့်ကို ရင်ဝယ်ပိုက်ထားတယ်။ တစ်ခါတည်း တမြတ်တနိုးသိမ်း ထားတယ်။
ကျမ်းတော်မြတ်ကုရ်အာန်မှာ အလ္လာဟ်က မိန့်တော်မူတယ်။ ရဟူဒီနဲ့ နဆွရာနီတွေက ဘာပြောခဲ့လိုဆိုရင် ငါတို့ ရဟူဒီနဲ့ နဆွရာနီတွေပဲ ဂျန္နသ်ကိုဝင်ရမှာ။ ရဟူဒီနဲ့ နဆွရာနီမဟုတ်သူများ ဂျန္နသ်နှင့် လားလားမျှမထိုက်။ အလ္လာဟ်ကလည်း သဘောက အရမ်းရှင်းတယ်။ မင်းသေချာတယ်ဆိုရင် သေကြည့်လိုက်တဲ့။ ရှင်းရှင်းလေးပဲ။ မွတ်ဆလင်မ်တွေကလည်း အဲဒီစကားကို ရင်ဝယ်ပိုက်ထားတယ်။ ကုရ်အာန်ထဲမှာလည်းမပါဘူး။ အခြားကျမ်းတွေ အရ ငါတို့မွတ်ဆလင်မ်ပဲ ဂျန္နသ်ရမယ်။ အလ္လာဟ်အရှင်မြတ်က ဆူရာဟ်(၂း၂၁၄)မှာ-
“ ဂျန္နသ်ကို လွယ်လွယ်ကူကူလေးနဲ့ ၀င်ထွက်သွားလာလို့ရလိမ့်မယ်လို့ မင်းတို့က ထင်နေသလားတဲ့ ” အလ္လာဟ်က မေးလိုက်တယ်။ မင်းတို့အခုတွေကြုံခဲ့တဲ့ အခြေအနေအရပ်ရပ်က မင်းတို့မတိုင်မီက လူတွေဆီ သက်ရောက်လာခဲ့တဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်တွေဟာ တကယ်တမ်းပြောရင် သင်တို့ဆီကို သိပ်မရောက် သေးပါဘူးတဲ့။ ပါးပါးလေးပဲ ရှိသေးတယ်လို့ပြောတဲ့သဘော။ ဟိုလူတွေ ဘယ်လောက်ဒုက္ခရောက်ခဲ့လည်းမသိဘူး။
ကျွန်တော်တို့ သမိုင်းကြောင်းလေ့လာလိုက်ရင် တမန်တော်မြတ်နဲ့ အဆ်ဟားဘ်တော်တွေရဲ့ဒုက္ခ။ ဟဇရသ်ဘီလားလ်ကိုဆိုရင် ဘယ်လောက်ဒုက္ခပေးကြသလဲ။ ပြီးတော့ အစ္စလာမ်ကို သက်ဝင်ယုံကြည်လို့ အလ္လာဟ်ကိုယုံတာနဲ့ ခံလိုက်ရတဲ့ဒုက္ခ။ လှံနဲ့ပစ်ပြီး လူအရှင်လတ်လတ် ကို ရင်ဘတ်ကိုခွဲ၊ အသဲနှလုံးထုတ် စားသောက်ခြင်းခံခဲ့ရတဲ့ အဆ်ဟားဘ်တော် ဟဇရသ်ဟမ်ဇဟ်(ရဿွီ)ကို သိကြမှာပါ။ ဟိုခေတ်က သဲကန္တာရထဲမှာ အဲဒီယုံကြည်ချက်ကို တည်ဆောက်ခဲ့ကြတဲ့ လူတွေရဲ့အနေအထား ဒီကနေ့ ဟဂ်ျသွားခဲ့တဲ့သူတွေသိမှာပါ။ အခုသွားရင် ဇိမ်ပဲ။ လေယာဉ်ပျံနဲ့၊ အဲယားကွန်းကားနဲ့။ ဟိုခေတ်က မက္ကာဟ်နဲ့မဒီနာခရီး ဟစ်ဂျရသ်လုပ်တာ အခုခေတ်လို ကားနဲ့သွားလို့ရတာမဟုတ်ဘူး။ သူတို့ သွားနေတာက သူတို့ရဲ့အနောက်မှာ သူတို့ကိုသတ်မယ့်၊ သတ်ဖို့လိုက်နေတဲ့ ရန်သူရဲ့ရှေ့ကနေ အသက်ကို ဖက်နဲ့ ထုပ်ပြီးပြေးခဲ့ရတာ။ အဲဒီလူတွေ အဲဒီတုန်းက ကြုံတွေ့ခဲ့ရတဲ့အနေအထားမျိုး မှတ်တမ်းတင်ကျန်ရစ်နေပါတယ်။
အကြပ်အတည်းတွေ တွေ့တယ်။ ဆင်းရဲဒုက္ခရောက်တယ်။ ကျွန်တော်တို့ ဒီဒုက္ခတော့ တွေ့ကြုံနေရပါပြီ။ အနှောက်အယှက်တွေပေးခြင်း ခံရတဲ့အခါမှာသော်လည်းကောင်း၊ ရောဂါဘယ ဘေးဥပါဒ်ဖိစီးနှိပ်စက် ထူပြော ဆိုက်ရောက်ထိတွေ့ခဲ့ကြပြီး၊ ဒီနေရာမှာ လူဟာ ရောဂါဘယ၊ ဘေးဥပါဒ်ဖိစီးနှိပ်စက်မှုနဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်တွေ့ကြုံခံစားလာပြီဆိုရင် အဲဒီလူရဲ့ဘ၀မှာ တုန်လှုပ်ခြောက်ခြားမှုတွေ ကြုံတွေ့လာတယ်။ အဲဒီလိုကြုံ တွေ့လာတဲ့အချိန်မှာ တမန်တော်မြတ်ကလည်း အခုလိုပြောတယ်။ (တမန်တော်မြတ်နဲ့အတူရှိနေတဲ့ အီမာန်သက် ၀င်ယုံကြည်သူတွေကလည်း ပြောတယ်)။ ဘာပြောလဲဆိုတော့ “ အလ္လာဟ်အရှင်မြတ်ရဲ့အကူအညီ ဘယ်တော့ ရောက်ရှိပါမည်နည်း ” ဟု ပြောဆိုလျက်ရှိကြတယ်။ တမန်တော်မြတ်နဲ့ သူ့ရဲ့အဆ်ဟားဘ်တော်တွေဟာ အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းအပေါ် ယုံပုံလွှဲအပ် ပုံအပ်ကာ အားကိုးမှုပြုကြတာကို ဒီနေရာမှာ ဒီအာယတ်က သက်သေ ပြုနေတာတွေ့ရမှာပါ။ ကျွန်တော်တို့ခေတ်မှာတော့ လူသားအချင်းချင်း အားကိုးမှုတွေပြုနေကြပါတယ်။
ဒါပေမဲ့ သေချာတာက လူသားဟာ လူသားအချင်းချင်းကို ဘာမှမလုပ်ပေးနိုင်ဘူး။ အလ္လာဟ်အရှင်မြတ်ပဲ ကူညီစောင်မမှုကိုပေးနိုင်တယ်။ အဲဒီလို အခက်အခဲ၊ အကျပ်အတည်းဖြစ်ပေါ်နေတဲ့အချိန်မှာ နောက်အာယတ် တစ်ခုက ပြောတယ်။ အလ္လာဟ်ကပြောတယ်။
မင်းတို့ဆီမှာ `ဆွဘရ်´ဘယ်လောက်ရှိပြီလဲ။ အခက်အခဲ၊ အကျပ်အတည်းဖြစ်ပြီဆိုရင် လူဟာ ယုံကြည် ချက်ကို ရောင်းစားတတ်ကြတယ်။ ယုံကြည်ချက်ကို အပွန်းခံတယ်။ စီးပွားလာဘ်လာဘဖြစ်ဖို့ပဲ ဦးစားပေး တယ်။ အဲဒီအခါကျတော့ သူ့ရဲ့ယုံကြည်ချက်က ကွဲလာပြီးတော့ `ဘယ်လိုလုပ်မလဲ … သူတို့က အလ္လာဟ့်အေဗါဒီ တွေဆိုတော့ အလ္လာဟ့်အချစ်တော်တွေလေ။ သူတို့ အလ္လာဟ်ကို ပြောပေးလို့ရတယ်။ ဒါမျိုးတွေလည်းရှိသေး တယ်။ အလ္လာဟ်ကိုသာ အားကိုးရမယ့်အစား တမန်တော်မြတ်နဲ့ အီမာန်သက်ဝင်ယုံကြည်တဲ့ တမန်တော်မြတ်ရဲ့ အဆ်ဟားဘ် ရဲဘော်ရဲဘက်တွေကတော့ ` အလ္လာဟ်ရဲ့အကူအညီ ဘယ်အချိန်ရမလဲ။ ဘယ်လောက်ရမလဲ၊ ဘယ်လိုရမလဲ။ သူတို့ အလ္လာဟ်တစ်ပါးတည်းရဲ့အကူအညီကိုပဲ မျှော်လင့်တယ်။ အလ္လာဟ်ပဲ။ အကြွင်းမဲ့သိတော်မူ သော၊ မြင်တော်မူသော အရှင်ပဲ။
အလ္လာဟ်အရှင်မြတ်ရဲ့ အကူအညီ အနီးအနားမှာပဲရှိတယ်နော်တဲ့။ အဲဒါကို ကျွန်တော်တို့က အလ္လာဟ်ကို ထားပြီး တခြားကိုခေါ်သွားတယ်။ အဲဒီမှာဘာဖြစ်သွားလဲဆိုတော့ ကိုယ့်ရဲ့အီမာန်ထိခိုက်တယ်။ လွယ်လွယ်လေး မဟုတ်ဘူး။ အလ္လာဟ်ကို ယုံကြည်မှုအပြည့်ထားပြီး `အင်ရှာအလ္လာဟုသအားလာ´ ဒီကိစ္စကို အလ္လာဟ်အရှင်မြတ် ရဲ့အကူအညီနဲ့ ငါဟာ မကြာခင်မှာ အောင်မြင်မှုရရှိစေလာမယ်ဆိုပြီး လူဟာ ခံယူချက်ထားရမယ်။ ယုံကြည်ချက် ထားရမယ်။ အလ္လာဟ်ဆီမှာပဲ `အိယားက နအ်ဘုဒု၊ ၀အိယားက နတ်စ်သအီးန်´ ကျွန်တော်တို့အမြဲရွတ်ဖတ်နေ တယ်လေ။ အလ္လာဟ်ကိုပဲ နာခံဘ၀တည်ဆောက်ပြီး အေဗါဒသ်လုပ်၊ အလ္လာဟ်သြဇာပဲ ခံပါ့မယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်အ၀၀ကို အရှင်မြတ်ထံတော်ကပဲ တောင်းခံရယူပါမယ်လို့ ကျွန်တော်တို့ ကတိပြုနေတယ်လေ။ ဒါဆိုပြီးပြီ ပေါ့။ အလ္လာဟ်သည် အကောင်းဆုံးချီးမြှင့်တဲ့အရှင်၊ အလ္လာဟ် ချီးမြှင့်မှာပေါ့။ ကုရ်အာန်(၂း၁၂၅)မှာဆိုရင်
ဒုက္ခ၊ သုက္ခနဲ့ကြုံပြီးတော့ အလ္လာဟ်အကူအညီရရှိမှုကြောင့် အောင်မြင်လာတဲ့အချိန်၊ အစဉ်ပြေလာတဲ့အချိန် သို့မဟုတ် မည်သို့ပင်ဖြစ် စေ၊ သူတို့ဟာ (ဒီနေ့ခေတ်စားနေတဲ့စကားလုံး ပရဟိတ) ပရဟိတအလုပ်တွေလုပ်ကြတယ်။ အသင်(တမန်တော်) ကို သူတို့က ကျွန်တော်တို့ဘာတွေကို မျှဝေသုံးစွဲ လှူဒါန်းပေးကမ်းရမှာလဲလို့ မေးနေကြပြီ။ “ အသင်ဖြေလိုက်ပါ။ ပြောပြလိုက်ပါ။ သင်တို့ကို အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ပေးထားတော်မူသောအရာများထဲက ကောင်းတာတွေကို မျှဝေပေးပါ ” အင်္ကျီအဟောင်း၊ ပုဆိုးအ ဟောင်းတွေပေးဖို့ စဉ်းစားလို့မရပါဘူး။ ဒါပေမဲ့ အလ္လာဟ်ကပြောတယ်။ ကောင်းတာကိုပေးတဲ့၊ ကောင်းတာဆိုတာ လွယ်လွယ်လေးလေ။ ကောင်းတာနဲ့ပတ်သက်ရင် လူသားက အားလုံးသိတယ်။ ဘယ်ဟာကောင်းလဲ ဘယ်ဟာ မကောင်းဘူးလဲ။ ကောင်းတာတွေပေး။ ပေးတဲ့အခါတော့ စနစ်တကျဖြစ်အောင် သင့်ရဲ့မိဘနှစ်ပါးကို ဦးစားပေးရမယ်။ အနီးကပ်ဆုံးရှိတဲ့လူတွေ (ဆွေမျိုးသားချင်း ဖြစ်ချင်ဖြစ်မယ်၊ ဆွေမျိုးသားချင်းမဟုတ်ရင်လည်းနေ မယ်)။ လုပ်ငန်းခွင်မှာဆိုရင် လုပ်ငန်းခွင်က ကိုယ့်ရဲ့တပည့်အလုပ်သမားတွေ၊ ကိုယ့်လက်အောက်ငယ်သားတွေ၊ အဲဒီလူတွေကိုပေးရမယ်။ မိဘရှိသည် ဖြစ်စေ၊ မိဘမရှိသည်ဖြစ်စေ သူ့ဘ၀ကို သူဘာသာသူ ရပ်တည်လို့မရ လောက်အောင်ဖြစ်နေတဲ့ လူတွေ၊ နှုတ်စောင့်စည်းမှုပြုရင်းနဲ့ နှုတ်ပိတ်ထားလို့မရလောက်အောင် ဒုက္ခတွေနဲ့ တွေ့ကြုံနေရတဲ့အတွက် နှုတ်ကနေ ထုတ်ဖော်ပြောဆို၊ တောင်းဆိုလာတဲ့လူတွေကိုလည်းပေး။ အလုပ်အကိုင် လုပ်နေရင်းနဲ့ လမ်းခုလပ်မှာတန့်နေတာ။ ကျွန်တော် တို့သိထားတာက `၀ဘ်နစ္စ ဆဘီးလ်´ဆို ခရီးသည်။ ဒီမှာပြောနေတဲ့ လမ်းခရီးမှာရောက်နေတဲ့လူဆိုတာ အလုပ်တစ်ခုကို သူ့အရင်းအနှီးနဲ့သူ လုပ်နေရင်းနဲ့ လမ်းခုလပ်မှာတန့်သွားတာမျိုး။ အလုပ်ဆက်လုပ်ဖို့ ကိုယ်က ပံ့ပိုးပေးလိုက်ရင် သူအဆင်ပြေသွားမယ်။ ခရီးသည်လည်းပါတော့ ပါတာပေါ့။ ဒါပေမဲ့ သေချာတာက ခရီးသွားပဲဖြစ် ဖြစ်၊ ခရီးသွားမဟုတ်သူပဲဖြစ်ဖြစ် သူ့ရဲ့လုပ်ငန်းဆောင်တာမှာ လမ်းခုလပ်မှာ ရပ်တန့်သွားနိုင်တဲ့လူမျိုးကိုလည်း ပေးပါ။
အသင်တို့ မည်သို့သော ကောင်းမြတ်သည့်လုပ်ငန်းဆောင်တာကို ပြုလုပ်ကြံစည်ဆောင်ရွက်သည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်က ထိုအပြုအမူ၊ အပြောအဆို၊ အကြံအစည်၊ အလုပ်အကိုင်၊ ဆောင်ရွက်ချက်မှန်သမျှကို အလုံးစုံသိတော်မူသော အရှင်ဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ (၁၂-၂-၂၀၁၄)မှာ တမန်တော်နေ့အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။ တမန်တော်မြတ်(ဆွလ္လ)ဟာ လူတွေကို လူပီသအောင် စနစ်တကျ ကျမ်းတော်မြတ်ကုရ် အာန်ရဲ့ လမ်းညွှန်မိန့်ကြားချက်နဲ့အညီ ပြုစုပျိုးထောင် တည့်မတ်ပေးခဲ့တယ်။ လမ်းပြပေးခဲ့တယ်။
တမန်တော်မြတ်ရဲ့ အဆ်ဟားဘ်တော်တွေကလည်း တမန်တော်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်နဲ့အညီ မိမိတို့ရဲ့ဘ၀ကို ဆက်လက်ရပ်တည် အကောင်အထည်ဖော်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့လည်း တမန်တော် မြတ်(ဆွလ္လ)ရဲ့ `အွတ်စ်ဝါသုလ် ဟစနာ´လို့ခေါ်တဲ့ အကောင်းဆုံးသော၊ အလှပဆုံးသော စံနမူနာတွေကို သိနား လည်သဘောပေါက်အောင်လုပ်ပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်တဲ့ စွမ်းအား၊ ကျွန်တော် တို့အားလုံးကို အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားတော်မူပါစေလို့ ဆုမွန်ဒုအာပြုရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါ တယ်။