မြတ်တမန် နှင့် ကျမ်းကုရ်အာန် မုဖ်သီ ဦးသန်းအောင် (LL.B)

မြတ်တမန် နှင့် ကျမ်းကုရ်အာန်

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါ တယ်။

ကျွန်တော့် ဒီတပါတ် `မြတ်တမန်နှင့်ကျမ်းကုရ်အာန်´ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။

လူကြီးမင်းများအားလုံး သိကြပြီးတဲ့အတိုင်းဘဲ ဒီလဟာ အရဗီလအနေနဲ့ ရဗီအုလ်အောင်ဝလ် လထဲ ရောက်ရှိနေပြီဖြစ်ပါတယ်။ ရဗီအုလ်အောင်ဝလ်လနဲ့ ပတ်သက်လာပြီဆိုရင် ကျွန်တော်တို့အားလုံးရဲ့ အန္တိမ နောက်ဆုံးတမန်တော်မြတ် မုဟမ္မဒ်(ဆွ)မီးရှူးသန့်စင်ဖွားမြင်တော်မူခြင်းနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ အမြဲတမ်း ရင်နှင့်အမျှ အောက်မေ့သတိရအမှတ်တရ ဖြစ်လျက်ရှိနေကြပါတယ်။ ပြီးတဲ့နောက်မှာ အဲဒီခါသမန် နဗီရင်န်ဆိုတဲ့ နောက်ဆုံးအန္တိမတမန်တော်မြတ်ရဲ့ အတ္တုပ္ပတ္တိကို ဟောပြောတင်ပြကြရင်းနဲ့ မီလာဒွန်နဗီိဆိုတဲ့ တမန်တော်နေ့ (တနည်း)မီးရှူးသန့်စင်ဖွားမြင်တော်မူတဲ့နေ့ဆိုပြီး အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်လျက် ရှိနေကြပါတယ်။

ဒီနှစ်မှာတော့ ထူးထူးခြားခြား ဖြစ်ပေါ်လာတာဟာ ကမ္ဘာ့နိုင်ငံအများအပြားနဲ့ မြန်မာနိုင်ငံရဲ့ မြို့ကြီးအနှံ့အပြားမှာ မီလာဒွန်နဗီ အခမ်းအနားကို အလံတွေထူပြီး လှည့်လည်ကျင်းပလာတာကို တွေ့ရတဲ့အတွက် အင်မတန်ဝမ်းမြောက်ကြည်နူး ဖွယ်ကောင်းပါတယ်။ ကျွန်တော်တို့ဟာ တမန်တော်မြတ်(ဆွ)ရဲ့ အွမ္မသ်သားမြေးတွေဖြစ်ခြင်းကိုက အလ္လာဟ် အရှင်မြတ်က ကျွန်တော်တို့ကို ကျေးဇူးပြုထားတော်မူခြင်းဖြစ်တယ်လို့ ကျွန်တော်နားလည်သဘောပေါက်မိပါ တယ်။

အဲဒီတမန်တော်မြတ်ကြီးရဲ့ အတ္ထုပ္ပတ္တိအကြောင်းအချက်အလက်တွေကို ဟောပြောတင်ပြရင်းနဲ့ တမန်တော်မြတ်(ဆွ)ထံ အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပို့ချပေးခဲ့တဲ့ ပြီးပြည့်စုံပြီး သေချာဂနစွာစနစ်တကျ ရှင်းလင်း ထားတဲ့ ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်သွန်သင်ဆုံးမချက်တွေကို ကျွန်တော်တို့အနေနဲ့ အဲဒီတမန်တော်မြတ် (ဆွ)ရဲ့ အွစ်ဝသွန်ဟစနာလို့ခေါ်တဲ့ အကောင်းဆုံးသော၊ အလှပဆုံးသော အပြောင်မြောက်ဆုံးသော စံနမူကောင်း တွေနဲ့အညီ ကျွန်တော်တို့အားလုံး လက်တွေ့လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည်ဖော်ရန် လိုအပ်တယ်လို့ ယူဆ မိပါတယ်။

ဒီတော့ တမန်တော်မြတ်(ဆွ) မီးရှူးသန့်စင်ဖွားမြင်တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော်ကပါ။ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာလိုက်တဲ့အခါမှာ အင်မတန်မှတ်သားဖွယ်ကောင်းတဲ့ အချက်အလက်တွေ ရောပြွန်း နေပါတယ်။

ကျွန်တော်တို့အားလုံးရဲ့ တနည်းအားဖြင့် `အဟ်လေကီသဗ်´လို့ပြောတဲ့ အလ္လာဟ်ထံက ကျမ်းဂန်ပို့ချပေး ခြင်းခံရတဲ့ ကမ္ဘာ့လူသားအားလုံး တညီတညွတ်တည်း ယုံကြည်၊ လိုက်နာ၊ ကျင့်သုံး၊ လက်ခံ၊ အားထားနေတဲ့ တမန်တော်မြတ်အီဘရာဟင်မ်(အ)ကနေ စလာတာကို တွေ့ရပါတယ်။ အဲဒီ အီဘရာဟင်မ်(အ)နဲ့ သားတော်ကြီးဖြစ်တဲ့ အိစ္စမာအီလ်(အ)တို့ဟာ သူတို့ရဲ့မွေးရပ်မြေဖြစ်တဲ့ အီဂျစ်ကနေ ဒီဘက်အာရဗ်ဖက်ကို ဟစ်ဂျရသ်လုပ်လာပြီးတော့ အာရဗ်မှာရှိနေတဲ့ မက္ကာဟ်မှာရှိပြီးသားဖြစ်တဲ့ အလ္လာဟ်ရဲ့ရှေးဦးကျောင်းတော်ကို သူတို့ခေတ်အခါနဲ့အညီ သူတို့ပြင်ဆင်မွမ်းမံမှုတွေ လုပ်ကြပါတယ်။ မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ခဲ့ကြပါ တယ်။

အဲဒီမှာ ကျွန်တော်ကတိုက်ရိုက်အဓိပ္ပါယ်နဲ့ ကျွန်တော်နားလည်သဘောပေါက်တဲ့အမြင်ကို နှစ်မျိုးစလုံး တင်ပြသွားပါ့မယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၂း၁၂၇-၁၂၉)မှာ

`တမန်တော်မြတ် အီဘရာဟင်မ်(အ)နဲ့ တမန်တော်မြတ် အိစ္စမာအီလ်(အ)တို့နှစ်ဦးဟာ အိမ်တော်ရဲ့ အုပ်မြစ်ကို (နံရံကို) မြှင့်တင်ပြီးတဲ့နောက် ရုပ်ဝတ္တုပစ္စည်းအရ ကြည့်ရင် ဒီကနေ့ပြောနေတဲ့ ကအ်ဗာဟ် ကျောင်းတော်ဆိုတဲ့ အဆောက်အဦးကြီးလို့ မြင်မိမှာပါ။ အဲဒီအဆောက်အအုံကြီးကို တည်ဆောက်တယ်လို့ (ဘိုင်သ် ဆိုတဲ့စကားလုံးကိုကြည့်ပြီး) ပြောရင် စကားလုံး အဓိပ္ပါယ်အရ မှန်နေမှာပါ။

ကျွန်တော်နားလည်သဘောပေါက်သလို ဖြန့်ကျက်တွေးလိုက်ရငိ အစ္စလာမ်ရဲ့ တိမ်မြုပ်ပျောက်ကွယ်နေ တဲ့ အစီအစဉ်တွေကို တမန်တော် အီဘရာဟင်မ်(အ)နဲ့သားတော် အိစ္စမာအီလ်(အ)တို့ဟာ အဲဒီအရဗ်ဆိုတဲ့ အရပ်ဒေသမှာ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောအောင် အခြေခံစနစ်ကနေ ခိုင်မာအောင် ပြုလုပ်ပြီး အစ္စလာမ်ရဲ့ မီးရှူးတန်ဆောင်အလင်းရောင်ကို မြှင့်တင်လိုက်တယ်လို့ ပြောမယ်ဆိုရင်လည်း ရမယ်လို့ ယူဆမိပါတယ်။

ပြီးတဲ့နောက်မှာ သူတို့အလ္လာဟ်ထံမှာ အခုလိုဆုပန်ခဲ့ပါတယ်။ `အို – ကျွန်တော်မျိုးတို့၏ ပြုစုပျိုးထောင် ရှင် ကျွန်တော်တို့မှာထံမှာ တောင်းဆိုမှုကို လက်ခံသဘောတူတော်မူပါ။ ဧကန်စင်စစ် အရှင်မြတ်သည် အကြွင်းမဲ့ ကြားတော်မူသော အရှင်၊ အကြွင်းမဲ့ သိတော်မူသောအရှင်။´ဖြစ်တော်မူပါသည်။

ကြားခြင်းနဲ့ သိခြင်းတို့ရဲ့ အရင်းအမြစ်ကို ပိုင်စိုးတော်မူသောအရှင်ဖြစ်တယ်ဆိုပြီး ဆုပန်ခဲ့ပါတယ်။ ဆက်လက်ပြီး (၂း၁၂၈)မှာ ကျွန်တော်သတိပြုစရာ ဖြစ်လာရတာက တမန်တော်မြတ်များပင်လျှင် ဘာကို ဆုပန်ခဲ့ သလဲ၊ ဘာကို အမြဲတမ်းတခဲ့ကြရသလဲ ဆိုတာ အသိသတိအမြဲထားနေရသလဲဆိုတာ သတိပြုရမှာပါ။ အစ္စလာမ်ရဲ့အဓိပ္ပါယ်ကို ကျွန်တော်တို့သိပါတယ်။ `နာခံခြင်း´၊ `အပ်နှင်းခြင်း´၊ အဲဒီနာခံအပ်နှင်းခြင်းကြောင့် ငြိမ်းချမ်းခြင်းဆိုတဲ့ အဓိပ္ပါယ်ကိုရပါတယ်။ မွတ်ဆလင်မ်ဆိုတာ နာခံအပ်နှင်းသူ၊ လိုက်နာကျင့်သုံးသူ၊ ငြိမ်းချမ်းသူ ဆိုတဲ့ အဓိပ္ပါယ်ကိုရတယ်။ တမန်တော်ပါး ဘာပြောခဲ့သလဲဆိုရင်

`အို ကျွန်တော်မျိုးတို့၏ ပြုစုပျိုးထောင်ရှင်၊ ကျွန်တော်မျိုးတို့ နှစ်ဦးအား မွတ်ဆလင်မ်နှစ်ဦး ဖြစ်စေတော် မူပါ။´

ဒါဟာ အလွန်အင်မတန်အံ့သြဖွယ်ရာ ဖြစ်ပါတယ်။ ကျွန်တော်တို့ သတိထားဖို့လိုပါတယ်။ ကျွန်တော်တို့ က မွေးရာပါ မွတ်ဆလင်မ်များ၊ မှတ်ပုံတင်မှာရေးထားတဲ့ မွတ်ဆလင်မ်များ၊ မိရိုးဖလာ မွတ်ဆလင်မ်များအဖြစ်နဲ့ နေနေရင်းကနေ တမန်တော်နှစ်ပါးကတောင် ဆုပန်ခြွေရတဲ့ (မွတ်ဆလင်မ်မိုင်းနိလက်)၊ လ-က (အသင်လမ်း ညွှန်ပြဌာန်းချက်ကို နာခံ၊ အပ်နှင်း၊ လိုက်နာ၊ ကျင့်သုံးအကောင်အထည်ဖော်သူ မွတ်ဆလင်မ်တွေအဖြစ် အလိုရှိ တော်မူပါလို့) ဆုပန်ခဲ့ရတယ်။

ဒါဆိုရင် ကျွန်တော်တို့လို သာမန်လူသားတွေအနေနဲ့ဆိုရင် မွတ်ဆလင်မ်ဖြစ်ဖို့ အများကြီးကြိုးစားရဦး မယ်လို့ ထင်ပါတယ်။ မွတ်ဆလင်မ်ဖြစ်ဖို့ လွယ်တယ်လို့ ထင်လိုက်ရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။ အဲဒီ မှာ အမိန့်နာခံတယ်ဆိုတာ ဘယ်သူ့အမိန့်ကို နာခံမှာလဲ။ (လ-က)(အသင့်) အလ္လာဟ်အရှင်မြတ် အမိန့်ကို နာခံမယ် လို့ ပြောတာ´ ဆက်လက်ပြီးတော့ –

`ကျွန်တော်တို့နှစ်ဦးရဲ့ သားစဉ်မြေးဆက်ကိုလည်း တစ်စုတစ်စည်းတည်းဖြစ်သော၊ အလ္လာဟ်အမိန့်ကို နာခံသူများဖြစ်သော၊ ငြိမ်းချမ်းမှုကို ပုံဆောင်သူများဖြစ်သော၊ လူ့အဖွဲ့အစည်းဝင်တွေအဖြစ် ပြုလုပ်ပေးတော်မူပါ။´ ဆိုပြီးတော့ တောင်းဆိုခဲ့တယ်။ ဒီနေရာမှာတွေ့ရှိချက်က လူဆိုတာ ကိုယ်တစ်ယောက်တည်း မွတ်ဆလင်မ် ဖြစ်လို့ မရဘူး။ ကိုယ့်မိသားစု ကိုယ့်သားစဉ်မြေးဆက်ကိုလည်း အလ္လာဟ်အမိန့်နာခံတော် မွတ်ဆလင်မ်အုပ်စုထဲမှာ ပါဝင် အောင်ကြိုးစားလုပ်ကိုင် ဆောင်ရွက်ဖို့လိုတယ် ဆိုတာကို တွေ့ရပါတယ်။ ပြီးတော့ ထပ်ပြောပါတယ်။

ကျွန်တော်တို့ လက်ရှိဖြစ်နေတာက (မန်န်ဆစ်က်)(မနာဆစ်က်)၊ Customary ဆိုတဲ့ ဓလေ့ထုံးစံနဲ့ ပတ်သက်ရင် ကျွန်တော်တို့ ကြောက်တယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ မွေးပြီးကြီးလာရင် မြန်မာနိုင်ငံမှာ ရှိနေတဲ့ ဓလေ့ထုံးတမ်းတွေကို ကျွန်တော်တို့က လိုက်လုပ်ကြပါတယ်။ ကျွန်တော်တို့က တရုတ်ပြည်မှာမွေးပြီး ကြီးလာရင် တရုတ်ပြည်မှာရှိနေတဲ့ ဓလေ့ထုံးတမ်းတွေကို လုပ်မိမှာဘဲ။ အမေရိကားမှာမွေးပြီးကြီးလာရင် အမေရိကားမှာရှိနေ တဲ့ ဓလေ့ထုံးတမ်းတွေကို လုပ်မိမှာဘဲ။ အရဗ်မှာမွေးပြီးကြီးလာရင် အရဗ်မှာရှိတဲ့ ဓလေ့ထုံးတမ်းတွေကို လုပ်မှာ ဘဲ။ တမန်တော် အီဘရာဟင်မ်(အ)လို တမန်တော်မြတ်က ပြောခဲ့တယ်။

`ကျွန်တော်တို့ရဲ့ ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရမယ့် ဓလေ့ထုံးတမ်းတွေနဲ့ သက်ဆိုင်ရာလုပ်ရိုးလုပ်စဉ် ၀ိနည်းတွေကို ကျွန်တော်တို့နှစ်ဦးကို ပြသတော်မူပါ။ လမ်းညွှန်တော်မူပါ။´လို့ တမန်တော် အီဘရာဟင်မ်(အ)နှင့် သားတော်တို့က ပြောခဲ့တယ်။ ပြီးတဲ့နောက် `အရှင်မြတ်သည် ကျွန်တော်တို့ဘက်ကို ပြန်ပြီးလှည့်တော်မူပါ။´

အဲဒီမှာလည်း ကျွန်တော်တို့သိတဲ့ (သားဘ ယသုဘု)ဆိုတဲ့ (သားဘ)ဆိုရင် ၀န်ချတောင်းပန်မှုပြု လုပ်တယ်။ မဟုတ်တာလုပ်ပြီးရင် ပါးနှစ်ဖက်ကို လက်နဲ့ဘယ်ညာရှေ့ရမ်းလိုက်တာကို သောင်ဗာဟ်လို့ ထင်တယ်။ အမှန်က သောင်ဗာဟ်ဆိုတာ သွားနေတဲ့လမ်း၊ မှားနေမှန်းသိရင် ရောက်တဲ့နေရာမှာရပ်ပြီးမှန်တဲ့ဘက်ကို ပြန်လှည့်တာကို သောင်ဗာဟ်လို့ခေါ်ပါတယ်။ ကျွန်တော်တို့ နားလည်ခဲ့တာတွေနဲ့ နည်းနည်းလေးတော့လွဲနေတယ်ပေါ့။

`အသင်အလ္လာဟ်အရှင်မြတ်သည်၊ အသေအချာဘဲ ထောက်ပံ့ချီးမြှင့်မှုအလုံးစုံနဲ့ ပြည့်စုံပြီး အလွန်တရာ ပြန်လှည့်တော်မူသော အရှင်´ဖြစ်ပါတယ်။ ထပ်ပြီးတော့ ဆုပန်ခဲ့တာက `အို – ကျွန်တော်မျိုးတို့၏ ပြုစုပျိုးထောင် ရှင်၊

ဒီနေရာမှာ အလွန်အရေးကြီးတဲ့ ပွိုင့်တစ်ခုရှိပါတယ။် လူကြီးမင်းများအားလုံးသိပါယတ်။ အီဘရာဟင်မ် (အ)ရဲ့ သားစဉ်မြေးဆက် မြောက်များစွာ တမန်တော်တွေပွင့်ခဲ့တယ်။ ဒီအာယသ်မှာ ပြောနေတာက တမန်တော် အီဘရာဟင်မ်(အ)နဲ့ တမန်တော်အိစ္စမာအီလ်(အ)တို့က `ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက်က ရဆူလ်တမန် တော်တစ်ပါးကို စေလွှတ်ပွင့်ပေါ်စေပါလို့´ဆုပန်ခဲ့တာ။

ကျွန်တော်တို့သမိုင်းကြောင်းကို ပြန်လေ့လာလိုက်ရင် အီဘရာဟင်မ်(အ)ရဲ့ နောက်ကြင်ယာတော် တစ်ပါး ကနေ အိစ္စဟာက်(အ)ကို မွေးတယ်။ အဲဒီ အီဘရာဟင်မ်(အ)နဲ့ အိစ္စဟက်(အ)တို့ရဲ့ မျိုးနွယ်ဆက်ကနေ နဗီ ရစူလ်တမန်တော်တွေ ပွင့်လာလိုက်တာ အီဆာ(အ)အထိ။ ဒီဘက်တစ်ခြမ်းမှာ တန်းစီပြီး အများကြီးပွင့်လာတယ်။ အဲဒီအထဲမှာ မူဆာ(အ)၊ ဟာရွန်းန်(အ)၊ ယဟ်ယာ(အ)၊ ဇကရိယာ(အ)၊ ယာကွတ်ဗ် (အ)၊ ယူစွဖ်(အ)၊ ဒါဝူးဒ်(အ)၊ ဆူလေမန်(အ) အဲဒီမှာ တန်းစီပြီး တမန်တော်မြတ်တွေ အများကြီးပွင့်လာတယ်။

ဒီဘက်တခြမ်းဖြစ်တဲ့ အိစ္စမာအီလ်(အ)ဘက်အခြမ်းမှာ လုံးဝရှင်းနေတယ်။ အီဘရာဟင်မ်(အ)၊ အိစ္စမာအိလ်(အ)ပြီးတာနဲ့ ရပ်နေတယ်။ ဘယ်တော့မှ ရောက်လာလဲ၊ တမန်တ်ာမုဟမ္မဒ်(ဆွ)ကျမှ ရောက်လာ တယ်။ အဲဒီမှာလည်း ရစူလ်တွေ အများကြီးလို့ မပါဘူး။ ရစူလ်တမန်တော်တစ်ပါးလို့သာ ဆုပန်ခဲ့တာ။ အဲဒီ ရစူလ်တွေ ပွင့်လာပြီဆိုရင် ဘာတွေလုပ်ဆောင်သလဲဆိုရင် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာ အာယသ် တော်များကို လူတွေအတွက် ဖတ်ကြားပြသလိုက်နာ၊ သွန်သင် ပြလိမ့်မယ်။ ရှေ့ကနေ ဦးဆောင်မှုပေးလိမ့်မယ်။ ပြီးရင် အဲဒီတမန်တော်ဟာ လူတွေကို အလ္လာဟ်ချမှတ်ပေးတဲ့ ကျမ်းဂန်မှာ ဘာတွေပါဝင်သလဲဆိုတာကို သင်ကြား ပြသပေးမှာလဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီကျမ်းဂန်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်တွေကို ဘယ်လိုစဉ်းစားဆင်ခြင် တုံတရားကို အသုံးပြုရလည်းဆိုတဲ့ (Wisdom)ကိုလည်း သင်ပေးဦးမယ်။ ပြီးတဲ့နောက် အဲဒီလူတွေမှာ မူလတည် ရှိနေသော အယူအဆ၊ အစွဲအလန်းမျိုးစုံကို (စွဲမှား၊ တွဲမှား၊ လွဲမှား) တွဲဖက်လျက်ရှိနေတဲ့ ကိစ္စရပ်တွေအားလုံးကို  ကင်းစင်ပပျောက် သွားအောင်လုပ်ပြီး သူတို့ဆီမှာရှိနေတဲ့ အရည်အသွေးတွေ၊ အရည်အချင်းတွေ ဖွံ့ဖြိုးတိုးတက် လာစေအောင်လည်း အဲဒီပုဂ္ဂိုလ် အဲဒီရစူလ်တမန်တော်တစ်ပါးကဘဲ သေသေချာချာလုပ်ပေးလိမ့်မယ်။

တနည်းအားဖြင့် ကျွန်တော်တို့သိတယ်။ ကားတစ်စီး ဆေးမှုတ်တော့မယ်။ ဒါမှမဟုတ် အိမ်၊ ပစ္စည်းတစ်ခု ကို ဆေးသုတ်မယ်ဆိုရင် အဲဒီကား(သို့)ပစ္စည်းရဲ့ မူလရှိနေတဲ့ ဆေးဟောင်း၊ သံချေးစတဲ့အရာတွေကို ပြောင်စင် အောင်ခြစ်ထုတ်ပစ်ရတယ်။ ပြီးတော့မှ သုတ်ချင်တဲ့ဆေးသုတ် အရောင်တင်လိုက်တယ်။

`ဇက္ကီ´ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကလည်း မူလရှိနေတဲ့ အညစ်၊ အကြေး၊ အစွဲအလန်း၊ အယူအဆ၊ ၀ါဒမှိုင်းတွေကို ဖယ်ထုတ်ပြီးတော့မှ သူ့ရဲ့ပကတိစင်ကြယ်ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေတဲ့ စကားလုံးဖြစ်ပါတယ်။ ပြီးတဲ့နောက်-

`အလ္လာဟ်အရှင်မြတ်သည် အလွန်အင်မတန်သြဇာလွှမ်းမိုးနိုင်နင်းတော်မူတဲ့၊ ဆင်ခြင်ဥာဏ်၊ အမြော် အမြင်နဲ့ ပြည်စုံတော်မူတဲ့ အရှင်ဖြစ်ပါတယ်။´လို့ တမန်တော်မြတ် အီဘရာဟင်မ်(အ)နဲ့ တမန်တော်အိစ္စမာအီလ် (အ)တို့က အလ္လာဟ်ထံမှာ တိုင်တည်ဆုပန်ခဲ့ကြကြောင်းကို ကျမ်းမြတ်ကုရ်အာန်ဆူရာဟ် (၂း၁၂၇မှ၁၂၉)အထိမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့အန္တိမတမန်တော် မုဟမ္မဒ်(ဆွ)ပွင့်ပေါ်ဖို့အတွက် တမန်တော်အီဘရာဟင်မ်(အ)ဆီကနေစတာ တွေ့ရပါတယ်။ အဲဒါကတမန်တော်မြတ်တွေ ပွင့်ပေါ်ခြင်းကိစ္စရပ် တွေမှာ အမြဲတမ်းဖြစ်နေတဲ့ (ကျွန်တော်တို့ စကားနဲ့ပြောရရင် စီလ်စိလာ)ကိစ္စဘဲဖြစ်တယ်။

တမန်တော်တစ်ပါးပွင့်မယ်။ အဲဒါကို ဘယ်သူက သက်သေပြသလဲဆိုရင် ဒီကနေ့ဟာ ၂၅ ရက် ဒီဇင်ဘာ ဆိုတော့ Jesus Christ ရဲ့ မွေးနေ့ပေါ့။ ကျွန်တော်တို့ စကားအသုံးအနှုံးကို သေချာသုံးပါတယ်။ Jesus Christ ရဲ့မွေးနေ့။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် အမှတ် ၆၁ အာယသ် အမှတ် (၆-၉)အထိမှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကို ကျွန်တော်တင်ပြချင်ပါတယ်။ “တစ်ခါက မရ်ယမ်၏သား အီဆာ(အ)က ပြောကြားခဲ့လေတယ်။

`အို အစ္စရာအီလ်မျိုးနွယ်အပေါင်းတို့၊ ကျွန်ုပ်သည် အသင်တို့ထံ စေလွှတ်ခြင်းခံရသော အလ္လာဟ်၏ ရစူလ် တမန်တော်တစ်ပါးဖြစ်သည်။ ကျွန်ုပ်၏ အလျင်ရှိနေသော (သောင်ဝ်ရသ်)ကျမ်းစာကို ဟုတ်မှန်ကြောင်း အတည်ပြု သူဖြစ်တယ။် ဒါ့အပြင် ကျွန်ုပ်၏နောက်တွင် `အဟ်မဒ်´ဟူသောအမည်နာမဖြင့် ပွင့်ပေါ်တော်မူလာလိမ့်မည့် ရစူလ် တမန်တော်တစ်ပါးနှင့်ပတ်သက်ပြီး သတင်းကောင်းပေးသူတစ်ဦးအဖြစ် စေလွှတ်တော်မူခြင်း ခံရတဲ့ အလ္လာဟ် ရစူလ်လည်းဖြစ်ပါတယ်။´

ဒီအာယသ်မှာပါတဲ့ သောင်ရသ်ကျမ်းဂန်ဆိုတာ အီဘရာဟင်မ်(အ)ကနေ နောက်ပိုင်း တမန်တော် အဆက်ဆက် မူဆာ(အ)အပါအ၀င် အီဆာ(အ)မတိုင်မီအထိ သောင်ရသ်ကျမ်းဟာ အစဉ်လိုက်တည်ရှိခဲ့တယ်။ ကျွန်တော်တို့သိထားတာက မူဆာ(အ)ကိုပဲ သောင်ရသ်ကျမ်းချပေးတယ်လို့ထင်တယ်။ ဒါပေမယ့် မူဆာ(အ) အပါအ၀င် တမန်တော်အဆက်ဆက် အီဆာ(အ)မတိုင်မီအထိ ဒီသောင်ရသ်ကျမ်းစာဟာ တည်ရှိခဲ့တဲ့ ကျမ်းဆက် ကြီး ဖြစ်တယ်။

အဲဒီကျမ်း၊ အလ္လာဟ်ချပေးခဲ့တဲ့ကျမ်းမှာ ပါဝင်တဲ့အချက်အလက်တွေဟာ မှန်ကန်ပြီး၊ ဟုတ်မှန်ကြောင်း ထောက်ခံကြောင်းကို အီဆာ(အ)က အတည်ပြုလျက်ရှိတယ်လို့ ဖော်ပြပါတယ်။ ပြီးတော့ ဆက်ပြောတာက ကျွန်ုပ်ရဲ့နောက်မှာ အဟ်မဒ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ အလ္လာဟ်ရဲ့ရစူလ်တမန်တော် တစ်ပါးအဖြစ် ရောက်လာလိမ့်ဦးမယ်။ ဒီနေရာမှာ အီဆာ(အ)ရဲ့ နောက်လိုက်တွေဖြစ်တဲ့ အစ္စရာအီလ်မျိုးနွယ်တွေရဲ့ ဘာသာ စကားဟာ ဟီးဘရူးဘာသာစကားဖြစ်လို့ `အဟ်မဒ်´လို့ သုံးတာဖြစ်တယ်။ `ဟာ၊ မီးမ်၊ ဒါလ်´ဆိုတဲ့ ရင်းမြစ်က လာတာ။ အရဗီမှာကျတော့ မုဟမ္မဒ် မီမ်၊ ဟာ၊ မီမ်၊ ဒါလ် ဆိုတဲ့ စကားလုံးအဖြစ်ပြောင်းလာတာ။ အဲဒီတော့ ဘာကိုတွေ့ရသလဲ ဆိုရင် ဒီတမန်တော်အီဆာ(အ)ဟာ အလ္လာဟ်အရှင်မြတ်စေလွှတ်တော်မူလိုက်တဲ့ ဒုတိယနောက်ဆုံးတမန်တော် ဖြစ်တယ်။ အလ္လာဟ်ရဲ့ Second Last ရစူလ်တမန်တော်ဟာ အီဆာ(အ)ဖြစ်တယ်။ တစ်ချို့လူတွေက Second Last မှာဘဲ ရပ်နေလိုက်တယ်။ တမန်တော် မုဟမ္မဒ်(ဆွ)ပွင့်လာတဲ့အခါကျတော့ အဲဒီလူတွေက လက်မခံကြ တော့ဘူး။ တမန်တော် အီဆာ(အ)ကို ယုံကြည်သက်ဝင်ပါတယ်လို့ ပြောတဲ့လူတွေ တမန်တော်မုဟမ္မဒ်(ဆွ) ပွင့်ပေါ်လာတဲ့အခါ သူတို့ဘာပြောလဲဆိုရင်

`သူတို့ထံကို ရှင်းလင်းထင်ရှားစွာသော သက်သေလက္ခဏာ အထောက်အထားတွေနဲ့တကွ ထိုကိုယ်တော် (မုဟမ္မဒ်(ဆွ))ရောက်လာသည့်အခါ သူတို့ကပြောသည်မှာ ဤအရာသည် အလွန်ရှင်းလင်း ထင်ရှားသော ပဉ္စလက်အတတ်(တနည်း) မျက်လှည့်ပြ ပညာသာဖြစ်ကြောင်း ပြောဆိုကြသည်။´

အဲဒီလို နေနေတဲ့လူတွေကို ကျမ်းမြတ်ကုရ်အာန်မှာ အခုလို သတိပေးပါတယ်။ ကျွန်တော်တို့ အမှတ်မှား နေတာလည်း ရှိပါတယ်။ ဘာလဲဆိုရင် အစ္စလာမ်သည် တမန်တော်မုဟမ္မဒ်က ယူဆောင်လာတယ်။ နောက်ဆုံး ရစူလ်တမန်တော် ယူဆောင်လာတဲ့ နောက်ဆုံးမှပွင့်ပေါ်တဲ့ သာသနာလို့ပြောတယ်။ မှားပါတယ်။ မဟုတ်ပါဘူး။ အစ္စလာမ်ဟာ ကမ္ဘာဦး သာသနာဖြစ်ပါတယ်။ အဲဒီအစ္စလာမ်ကိုဘဲ အလ္လာဟ်စေလွှတ်ခဲ့တဲ့ နဗီရစူလ်တမန်တော်  များက ပုံဖော်ပြသခဲ့ပါတယ်။ အရပ်ဒေသကွဲပြားခြားနားမှုနဲ့ အချိန်ကာလကွဲပြားခြားနားမှုအရ သူတို့ကို သွန်သင် ဆုံးမတဲ့၊ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အချက်တွေမတူညီခြင်းသာဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်သက်ဝင်ရာ မူလ ဘူတဖြစ်တဲ့ `သောင်ဟီဒ်´က အားလုံးအတူတူဘဲဖြစ်ပါတယ်။

အဲဒီတော့ အစ္စလာမ်ကို ဖိတ်ခေါ်ခြင်းခံရပါလျက်နှင့် အဲဒီလူတွေထဲမှာ အင်မတန်ခိုးသွမ်းမိုက်မဲတဲ့ မိမိကိုယ်မိမိဖျက်ဆီးနေတဲ့ လူတွေရှိတယ်။ အဲဒီလူတွေဘယ်လိုပြောလဲဆိုရင် အလ္လာဟ်နဲ့ပတ်သက်လာပြီး သူတို့ ကို အမှန်သစ္စာတရားဘက်ကို ဖိတ်ခေါ်ခြင်းခံရပါလျက်နှင့် သူတို့ဟာ အလ္လာဟ်နှင့်ပတ်သက်ပြီး မဟုတ်မမှန် စွပ်စွဲ ပြောဆိုကြတယ်။ ပြီးတော့ သူတို့က သူတို့ကိုယ် သူတို့ဘဲ ပျက်စီးဆုံးရှုံးအောင်လုပ်နေတယ်။ အဲဒီထဲမှာ ဘယ်လို လူတွေပါဝင်နေလဲဆိုတာကို အလ္လာဟ်က ကျွန်တော်တို့ကို သင်ပေးတယ်။ အဲဒီအုပ်စုတွေထဲမှာ ကျွန်တော်တို့ ပါလို့မရဘူး။

အလ္လာဟ်နဲ့ပတ်သက်ပြီး ကိစ္စရပ်တစ်ခုကို ကျွန်တော်တို့မသိဘဲနဲ့ စွပ်စွဲပြောဆို ငြင်းပယ်လို့မရဘူး။ သိနားလည်သဘောပေါက်ပြီး လက်ခံဖို့လိုမယ်ဆိုတာကို သိရပါလိမ့်မယ်။ (ဇလွန်မ်လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကို အကျိုးဖျက်ဆီးသူတွေ၊ စည်းမျဉ်းချိုးဖောက်သူတွေ) တမန်တော်အီဆာက ငါ့ရဲ့နောက် တမန်တော်တစ်ပါး ပွင့်မယ်။ သူ့အမည်က အဟ်မဒ်ဖြစ်ပါတယ်လို့ မြွက်ဟကြေညာထားခဲ့ပါလျက်၊ တမန်တော်မုဟမ္မဒ်(ဆွ)ပွင့်ပေါ် လာတဲ့အခါ ငြင်းပယ်ကြတယ်။ ထပ်ပြီး ငြင်းလို့ရတဲ့တစ်ကွက်ရှိတယ်။ အဲဒီနောက်ဆုံး အန္တိမတမန်တော် မုဟမ္မဒ် (ဆွ)ရဲ့ နောက်မှာထပ်ပြီး ရစူလ်တမန်တော်တွေ နဗီတွေလာဦးမယ်လို့ ပြောရင်ရော ဘာဖြစ်မယ်ထင်လဲ။

တော်တော်သတိထားဖို့ကောင်းတဲ့ အချက်ပါ။ ဘာဖြစ်လို့လဲ။ လူတွေထဲမှာ လူတွေရှိတယ်။ အဲဒီလူတွေ ထဲကလူတွေဘဲ သူတို့က သူတို့ကို အလ္လာဟ်ချီးမြှင့်ထားတဲ့ ပါးစပ်နဲ့ သူတို့ကို အလ္လာဟ်ပေးထားတဲ့ `လေ´နဲ့ သူတို့ကထင်နေတယ်။ အလ္လာဟ်ချီးမြှင့်ထားတဲ့ လင်းဝင်းတဲ့ အလင်းရောင်(တနည်းအားဖြင့်) ကျွန်တော်တို့ အကြီးဆုံးလို့ မြင်နေရတဲ့ `နေ´ရဲ့ အလင်းရောင်ကို ဖယောင်းတိုင်အမှတ်နဲ့ မှုတ်ပြီးငြှိမ်းဖို့ ကြိုးစားနေတယ်။ သူတို့စိတ်ထဲမှာ အမြဲတမ်းဆန္ဒထားတယ်။ ဘာကိုလဲဆိုရင် သူတို့ရဲ့နှုတ်လျှာနဲ့ သူတို့ အလ္လာဟ်ရဲ့ `နူရ်´လင်း ရောင်ခြည်ကို ပျောက်သွားအောင် စွမ်းဆောင်နိုင်လိမ့်မယ်လို့ သူတို့ကထင်နေကြတယ်။ (၆၁း၈)

သူတို့က ဒီအစ္စလာမ်မရှိရင် ကောင်းမယ်ပေါ့။ အခု ကျွန်တော့်ဦးလေး နိုင်ငံခြားကလာလည်တော့ ဦးလေး ရဲ့ပြောစကားအရဆိုရင် ကျွန်တော်တို့ ဂုဏ်ယူစရာဖြစ်ရပါတယ်။ သူပြောတက `ငါလေ့လာတာ မမှားဘူးဆိုရင် အရှေ့တောင်အာရှက မွတ်ဆလင်မ်တွေကမှ မွတ်ဆလင်မ်ဖြစ်တယ်။´ လို့ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျမ်းမြတ်ကုရ်အာန်နဲ့အညီ တမန်တော်မုဟမ္မဒ်ရဲ့ လမ်းစဉ်ကိုလိုက်နာကျင့်သုံးဖို့ အခါမလပ် ကြိုးစားနေကြပါတယ်။ အာရဗ်နိုင်ငံ အများအပြားက အစွန်းရောက်တွေကတော့ အစ္စလာမ်ကို ခေါင်းပုံချပြီး သူတို့လုပ်ချင်တာလုပ်နေတယ်။ လူတွေကို သတ်ဖြတ်နေကြတယ်။ မွတ်ဆလင်မ်အချင်းချင်းလည်း သတ်နေကြတယ်။ မွတ်ဆလင်မ် မဟုတ်သူကိုလည်း သတ်တယ်။

ကျွန်တော်ပြောပါရစေ။ အစ္စလာမ်နဲ့မွတ်ဆလင်မ်ကို ကြည့်မယ်ဆိုရင်တော့ ဒီအာရဗ်တွေကို ကြည့်ပြီးတော့ မွတ်ဆလင်မ်တွေ အားလုံးလဲဒီလိုပါဘဲလို့ပြောရင်တော့ သူလေတော်တော်ဆိုးတယ်လို့ဘဲ ပြောရလိမ့် မယ်။ မွတ်ဆလင်မ်တွေကို ကြည့်တဲ့အခါမှာ အစ္စလာမ်ကို နားလည်သဘောပေါက်အောင် လုပ်ပြီးမှကြည့်ရင် ပိုပြီး ကောင်းမယ်လို့ ကျွန်တော်ထင်ပါတယ်။ တနည်းအားဖြင့် ဒီကနေ့ခေတ်မှာရှိနေတဲ့ မွတ်ဆလင်မ်ဆိုသူတွေရဲ့ အခြေအနေဟာ ကျမ်းမြတ်ကုရ်အာန်က သွန်သွင်ဆုံးမတဲ့အတိုင်း သွားဖို့လိုနေတယ်ဆိုတာကိုလည်း ဒီခေတ်ကြီး ကမီးမောင်းထိုးပြနေတယ်လို့ ကျွန်တော်ယူဆမိပါတယ်။

ဘာဖြစ်လို့လဲ လူတွေက အလ္လာဟ်ရဲ့လင်းရောင်ခြည်ကို သူတို့ရဲ့နှုတ်လျှာနဲ့ မှုတ်ပြီးတော့ အလင်းကို ပျောက်သွားအောင် လုပ်ချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် အလ္လာဟ်ဘဲဗျာ။ ကျွန်တော်တို့ ယုံသည်ဖြစ်စေ၊ မယုံသည် ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်ထူးဝိသေသက တစိုးတစိမျှ လျော့သွားစရာမရှိ။

`အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်၊ အမှန်သစ္စာတရားကို ဆန့်ကျင်၊ သွေဖည်ငြင်းဆန်၊ ဖုံးကွယ် လျက်ရှိနေကြတဲ့လူတွေ သူတို့မနှစ်မြို့ဘူးဆိုရင်လည်း အလ္လာဟ်ကသူ့ရဲ့လင်းရောင်ခြည်ကို ပြီးပြည့်စုံစွာ လင်းဝင်း တောက်ပဖို့ သူဆောင်ရွက်ပြီးဖြစ်တယ်။ အဲဒီအရှင်၊ အလ္လာဟ်အရှင်မြတ်က သူ့ရဲ့အလင်းရောင်ကို ပြီးပြည့်စုံခြင်း ဖြစ်မြောက်ရေးအတွက် (နောက်ဆုံးအန္တိမတမန်တော် မုဟမ္မဒ်(ဆွ)ကို) အဲဒီအရှင်ကဘဲ ရစူလ်တမန်တော်တစ်ပါး အဖြစ် အသေအချာဘဲ စေလွှတ်စေတော်မူလိုက်တယ်။ (ဘီလ်ဟုဒါ)လမ်းညွှန်ချက်နှင့်တကွ။´ ကောင်းပြီး အလ္လာဟ် လမ်းညွှန်သည် ဘယ်ဟာလဲ။ အလ္လာဟ်လမ်းညွှန်သည် ကျမ်းမြတ်ကုရ်အာန်ဖြစ်တယ်။ `အမှန်သစ္စာ တရားတည်းဟူသော ဘ၀တည်ဆောက်မှုလမ်းစဉ်။´

ကျွန်တော်တို့သိတယ်။ ဘာလဲဆိုတော့ `အလ် အစ္စလာမ်´အဲဒါသည် (ဒီနီလ် အစ္စလာမ်)။ `လူတွေ စိတ်ကူးနဲ့ပုံဖော်ဖန်တီးထားတဲ့ စနစ်ဇယားမျိုးစုံ၊ ၀ါဒမျိုးစုံရဲ့အထက်မှာ သူဟာ အထွဋ်အထိပ်ဖြစ်နေတယ်။´

လူတွေစိတ်ကူးနဲ့ ကြိုက်သလောက် ပုံဖော်ထားလိုက်ပါ။ အဲဒီလို လူတွေရဲ့ စိတ်ကူးစိတ်သန်း ထင်မြင် ယူဆချက်စဉ်းစားဥာဏ်နဲ့ ပုံဖော်ထားတဲ့ စနစ်ဇယားတွေအားလုံးဟာ အလ္လာဟ်ရဲ့ ဒီနီလ်ဟက်ရဲ့ အရှေ့မှာ ငယ်ငယ်ကစကားနဲ့ ပြောရရင် (နုပါသေးတယ်ပေါ့။ ငယ်ပါသေးတယ်ပေါ့။ စာရင်းမရှိပါဘူးပေါ့ဗျာ။ နှိုင်းယှဉ်လို့မရ နိုင်ပါ။)

`အလ္လာဟ်နဲ့တစ်စုံတစ်ရာကို တုဖက်နှိုင်းယှဉ်၊ ယှဉ်တွဲ၊ ကိုးကွယ်၊ ယုံကြည်အားထားတဲ့ လူတွေက ဘယ်လောက်ပဲ မနှစ်မြို့ပါစေနဲ့´ မယုံဘူး၊ မကြိုက်ဘူးလို့ ကြိုက်သလိုပြော၊ ကြိုက်သလောက်ပြော၊ ရင်ထုထုပြီး ပြော၊ လက်ညှိုးကိုကိုက်ပြီး ကြိတ်မှိတ်ကာ ယူကျုံးမရဖြစ်နေပေမယ့် အလ္လာဟ်က ကျမ်းမြတ်ကုရ်အာန်မှာ ပြောပြီးသားပါ။ (အစ္စလာမ်ကို ငါအရှင်ပြီးပြည့်စုံတော်မူလိုက်ပြီ။) ဒါတောင် တစ်ချို့မွတ်ဆလင်မ်ဆိုသူတွေက ကုရ်အာန်က မပြီးပြည်စုံဘူးလို့ ပြောပြီးတော့ တစ်ချို့လူတွေက ဘာကျမ်းစာအုပ်တွေလိုသေးတယ်လို့ပြောတယ်။ တစ်ချို့လူတွေက  တမန်တော်အပြင် နောက်ထပ်သူလိုလူတွေလို သေးတယ်လို့ထင်တယ်။ ဒီတော့ သူတို့ပြောသလိုဆိုရင် အလ္လာဟ်က မပြည်စုံဘူး။ အလ္လာဟ့်ရစူလ်တမန်တော်က တာဝန်မကျေပွန်ခဲ့ဘူးလို့ ဖြစ်နေတယ်။ လုံးဝမဟုတ်ပါ။ အလ္လာဟ်စနစ်ပြီးပြည့်စုံ၍ တမန်တော်မြတ်သည် နဗီရစူလ်တာဝန် အထူးကျေပွန် ခဲ့သည်။

လူတွေစိတ်ကူးနဲ့ ပုံဖော်ထားတာတဲ့အရာတွေဆိုတာ တကယ်တမ်းတော့ ဘယ်တော့မှ ပြီးပြည့်စုံတဲ့ အနေအထားကို မရောက်ပါဘူး။ ကျွန်တော်တို့်ဆီကို အလ္လာဟ်ရွေးချယ်စေလွှတ်ခဲတဲ့ အန္တိမရစူလ်တမန်တော် မုဟမ္မဒ်(ဆွ)လည်း ပွင့်ခဲ့ပြီဖြစ်သလို၊ သူနဲ့အတူ အလ္လာဟ်အရှင်ရဲ့(၀ဟီ)လမ်းညွှန်(လူ့ဘ၀တည်ဆောက်မှုစနစ် ဇယား) ဥပဒေသလည်း လက်ဝယ်ရရှိပြီးဖြစ်တယ်။ အစ္စလာမ်ဆိုတဲ့ ဟာက်ကလည်း လင်းဝင်းတောက်ပခဲ့ပြီ။ အဲဒါဘာလဲ အဲဒါ ကျွန်တော်တို့ကို အလ္လာဟ်က ကျေးဇူးပြုလိုက်ခြင်းဖြစ်တယ်။ အဲဒီကျေးဇူးကို ကျွန်တော်တို့ အသိ အမှတ်ပြုဖို့လိုတယ်။ အလ္လာဟ်အရှင်မြတ်က ရှေးကလူတွေဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်မျိုး ကျွန်တော်တို့ကို မဖြစ်စေချင်တော့ဘူး။ ဆူရာဟ် ၆၂ အာယသ် ၂ မှ ၅ မှာ ဘာပြောသလဲဆိုရင်

အလ္လာဟ်အရှင်မြတ်ဟာ အရာခပ်သိမ်းကို ဘယ်လောက်စနစ်တကျ စီမံခန့်ခွဲတော်မူတဲ့အရှင်ဆိုတာကို ပြသလဲဆိုရင် ဟိုဘက်မှာ အီဘရာဟင်မ်(အ)နဲ့ သားတော် အိစ္စမာအီလ်(အ)ရဲ့ မျိုးနွယ်ဘက်ကနေ ရစူလ် တမန်တော်တွေ အများကြီးပွင့်ပြီး ကျမ်းတွေချပေးတယ်။ ဒီဘက် တမန်တော် အီစ္စမာအီလ်(အ)ဘက်မှာ

`ကျမ်းဂန် ပို့ချခြင်းခံရမှုမရှိသော (အွမ္မီ) ဘာမှမသိတဲ့လူအုပ်စု ကျမ်းမရသူတွေထဲက တစ်ဦးကို ရစူလ်တမန်တော်အဖြစ် စေလွှတ်ခဲ့တယ်။´

အဲဒါဘယ်သူလဲဆိုရင် နောက်ဆုံးအန္တိမတမန်တော် မုဟမ္မဒ်(ဆွ)ဖြစ်ပါတယ်။`ထိုအရှင်မြတ်၏ အာယသ် တော်များကို သူကဖတ်ကြားပြသလိုက်နာစေမယ်။ သူတို့တတွေရဲ့ ရှေးအစွဲအလန်းတွေကို ချွတ်ပြီး စင်ကြယ်ဖွံ့ဖြိုး တိုးတက်မှုကိုဖြစ်ပေါ်စေမယ်။ ကျမ်းဂန်ကို သင်ပေးခဲ့တယ်။ ပြီးတော့ အဲဒီကျမ်းဂန်ကို ဘယ်လိုတွေးခေါ်စဉ်းစား ဆင်ခြင်မြော်မြင်ပြီး လောကမှာ ဥာဏ်အမြော်အမြင်ရှိတဲ့လူတွေဖြစ်အောင်၊ ပညာရှင်တွေဖြစ်အောင် ဘယ်လိုလုပ် ရသလဲဆိုတာကို သင်ပေးတယ်။´

အဲဒီမှာ အရမ်းအရေးကြီးတဲ့အချက်ရှိတယ်။ အဲဒီတမန်တော်မပွင့်၊ အဲဒီကုရ်အာန်မရှိရင် `အင်မတန် ရှင်းလင်းထင်ရှားတဲ့ လမ်းမှားမှာ ရောက်နေခဲ့တယ်။´ အဲဒီတော့ ကျွန်တော်တို့ ကောက်ချက်ဆွဲကြည့်ရင် ဒီတမန်တော်ကို မသိ၊ ဒီကုရ်အာန်ကို မလိုက်နာရင် ဒီတမန်တော်မပွင့်မီ၊ ဒီကုရ်အာန်မရှိမီက လူတွေနဲ့ အတူတူ အမှောင်လမ်းမှာ စမ်းတ၀ါးဝါးနဲ့ လမ်းမှားနေသူတွေပဲဖြစ်လိမ့်မယ်။

တခါ ကျမ်းမြတ်ကုရ်အာန် ၆၂း၃ မှာ `ထို့ပြင် ၎င်းတို့အနက်မှ ၎င်းတို့နှင့်လာရောက်ပူးပေါင်းခြင်းမရှိ သေးသော (နှောင်းလူများ)သူတို့အတွက်လည်း တမန်တော်မြတ်(ဆွ)ကို စေလွှတ်တော်မူခဲ့ပါတယ်။ (ကိယာမသ် အထိလာရောက်)ပူးပေါင်းကြမည့် လူသားများအားလုံး ပါဝင်သည်။´

ဆိုလိုတာက တမန်တော်မုဟမ္မဒ်(ဆွ)ကို အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့အပါအ၀င် နှောင်းလူတွေ တနည်းအားဖြင့် ကိယာမသ်တိုင်တဲ့အထိ လူသားတွေအတွက် နဗီရစူလ်တမန်တော်တစ်ပါးအဖြစ် စေလွှတ်တော် မူခဲ့ခြင်းဖြစ်ပါတယ်။ ဆိုလိုရင်းက ကိယာမသ်အထိ လာရောက်ပူးပေါင်းကြမယ့်လူတွေ အားလုံးနဲ့ ဒီကုရ်အာန်၊ ဒီတမန်တော်၊ ဒီအစ္စလာမ်ဟာ တိုက်ဆိုင်သူနဲ့ပတ်သက်နေတယ်ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကျွန်တော်တို့ရဲ့ တမန်တော်ကို ချစ်တာ သိပ်ကောင်းပါတယ်။ မေတ္တာထားတာလည်း သိပ်ကောင်းပါတယ်။ တမန်တော်မြတ်ကတော့ ပြောခဲ့ပါတယ်။ ဆူရာဟ် (၃း၃၁)မှာ –

`သင်တို့အလ္လာဟ်ကို ချစ်တယ်ဆိုရင် ငါတမန်တော်ရဲ့လမ်းစဉ်ကို လက်တွေ့လိုက်နာ ကျင့်သုံး အကောင် အထည်ဖော်ပါ။ ဒါဆိုရင် အလ္လာဟ်အရှင်မြတ်က သင်တို့ အပေါ်လည်းပြန်ပြီး မေတ္တာထားတော်မူမယ်။ ´တမန် တော်မြတ်ရဲ့ လမ်းစဉ်ကို ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ဆုံးမမှုအတိုင်း ကျွန်တော်တို့လက်တွေ့၊ လိုက်နာ၊ ကျင့်သုံး၊ အကောင်အထည်ဖော်နိုင်စွမ်း အရှင်မြတ်ပေးသနားချီးမြှင့်တော်မူပါ။ အစ္စလာမ်ရဲ့ မီးရှူးတန်ဆောင် အလင်းရောင်ကို စွမ်းစွမ်းတမံ ထွန်းညှိခဲ့ကြတဲ့ အန္တိမတမန်တော် မုဟမ္မဒ်(ဆွ)နဲ့ ဆွဟာဗာဟ်သာဝကကြီးများ၊ ယုံကြည်သက်ဝင်သူများအားလုံးအပေါ်မှာ ဆလ၀သ် ဆလာမ်မေတ္တာပို့သပါ၏။

တမန်တော်မြတ်(ဆွ)နှင့် ၎င်း၏ရဲဘော်ရဲဘက်တွေဟာ အစ္စလာမ်အတွက် အသက်အိုးအိမ်စည်းစိမ်ကို စွန့်လွှတ်ပြီးအမှန်သစ္စာတရားအတွက် မားမားမတ်မတ် ခြေကုပ်စွဲမြဲစွာရပ်တည်နိုင်သူတွေ ဖြစ်ခဲ့သလို ကျွန်တော်တို့အားလုံးကိုလည်း အမှန်သစ္စာတရားအတွက် ခြေကုပ် မြဲမြံစွာရပ်တည်နိုင်သော အစွမ်းအစများ၊ စွမ်းအားများကို အရှင်မြတ်ပေးသနားတော်မူပါလို့ ဆုပန်ချွေရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။