မြတ်တမန် နှင့် ကျမ်းကုရ်အာန် (အပိုင်း-၂) မုဖ်သီ ဦးသန်းအောင် (LL.B)
မြတ်တမန် နှင့် ကျမ်းကုရ်အာန် (အပိုင်း-၂)
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော့် ဒီတပါတ် ဆက်လက်တင်ပြသွားမှာကတော့ `မြတ်တမန်နှင့်ကျမ်းကုရ်အာန်´ (အပိုင်း-၂) ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြီးခဲ့တဲ့တာဝန်ကျတဲ့အပတ်မှာ ကျွန်တော်တို့ အားလုံးရဲ့ `ခါသမန်န် နဗီရင်န်´နောက်ဆုံးအန္တိမ တမန်တော်မုဟမ္မဒ်(ဆွ) လောကခပ်သိမ်းအတွက် မဟာကရုဏာတော် တစ်ရပ်အဖြစ် ပွင့်ပေါ်လာရခြင်းနှင့် ပတ်သက်ပြီး ဟိုးအထက်ဘိုးဘေးတွေဖြစ်သော တမန်တော်အီဗရာဟင်မ် (အ) နှင့်တမန်တော် အီစ္စမာအီလ်(အ)တို့က အိမ်တော်ကို အောက်ခြေခိုင်မာအောင် ပြုလုပ်မြှင့်တင်ပြီးတော့ ယဉ်ကျေး မှုထွန်းကားအောင် လုပ်ခဲ့ပြီးတော့၊ လူတွေရဲ့ ဂုဏ်ရည်ဂုဏ်သွေးကို မြှင့်တင်ပေးခဲ့ပြီးတဲ့အခါမှာ သူတို့ မျိုးနွယ်ထဲ က ရစူလ်တမန်တော် တစ်ပါးစေလွှတ်ပေးဖို့ အလ္လာဟ်ထံပန်ကြားခဲ့တာနှင့် နောက်ဆုံးဒုတိယမြောက် တမန်တော် မြတ်ဖြစ်တဲ့ တမန်တော်အီစာ(အ)ကလည်း သူ့ရဲ့ ဘနီအစ္စရာအီလ်တွေကို
`ငါရဲ့နောက်မှာ ရစူလ်တမန်တော်တစ်ပါး အသေအချာပဲ ရောက်လာမှာဖြစ်တယ်ဆိုပြီး´ အီစာ(အ)က သူ့ထံအလ္လာဟ်ချပေးတဲ့ ၀ဟီကိုထုတ်ပြန်ပို့ချပေးခဲ့တယ်။ အဲဒီလိုနဲ့ တမန်တော်မုဟမ္မဒ်(ဆွ) ပွင့်ပေါ်လာတဲ့အခါ မှာတော့ ဗနီအစ္စရာအီလ်တွေဟာ သူတို့လိုချင်တဲ့ အကြောင်းခြင်းရာတွေနဲ့ မကိုက်ညီပဲ မျိုးနွယ်မတူလို့ဆိုပြီးတော့ လက်မခံဘဲ ဒါဟာယုံတမ်းစကားပဲဖြစ်ပါတယ်လို့ သူတို့ရဲ့တမန်တော် အီစာ(အ)ရဲ့ လမ်းညွှန်မိန့်ကြားချက်ကို သူတို့ကိုယ်တိုင်ငြင်းဆန်ပယ်ချခဲ့တဲ့အကြောင်း၊ တမန်တော်မုဟမ္မဒ်(ဆွ)၊ အလ္လာဟ်ထံကနေ ကျမ်းတော်မြတ် ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခြင်းခံရပြီး လူတွေကို အလ္လာဟ်လမ်းညွှန်ချက်ကို ယုံကြည်သက်ဝင်လိုက်နာစေဖို့ အတွက် တမန်တော်ပွင့်ပေါ်ခဲ့ပါတယ်လို့ ပထမပိုင်းမှာ ကျွန်တော်တင်ပြခဲ့ပြီးဖြစ်ပါတယ်။
အဲဒီ ကျမ်းတော်မြတ်ကုရ်အာန်ကို အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ပို့ချပေးတဲ့အချိန်မှာ ဗနီအီစ္စရာအီလ် တွေရဲ့ဖြစ်စဉ်မျိုး၊ လုပ်ရပ်မျိုး၊ အကြံအစည်မျိုး၊ အပြုအမူမျိုး၊ အကျင့်အကြံမျိုး၊ အလုပ်အကိုင်မျိုး၊ ယုံကြည်ချက်မျိုး တွေ နောက်ဆုံးအန္တိမတမန်တော် မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်သားမြေးတွေဖြစ်သွားမှာကိုစိုးလို့ အင်မတန်ကျေးဇူး တော် အနန္တနဲ့ပြည့်စုံတဲ့ အလ္လာဟ်အရှင်မြတ်က ကုရ်အာန်ကျမ်းရတွေကို သောင်ရသ်ကျမ်းရတွေလို မဖြစ်စေချင်လို့ စူရာဟ်ဂျုမုအာဟ်မှာ အခုဖော်ပြမယ့် အာယသ်ကို ကျွန်တော်တို့ မွတ်ဆလင်မ်မုအ်မင်န် အားလုံးကို သင်ကြား ပေးခဲ့ပါတယ်။
အဲဒီမှာ တမန်တော်ပွင့်လာခြင်းဟာ အဲဒီခေတ် အဲဒီအခါမှာရှိတဲ့ လူတွေအတွက်ရော၊ ကေယာမသ်တိုင် အောင်ရှိနေမယ့် ပေါ်ပေါက် ပေါက်ဖွားလာမယ့် လူတွေအတွက်ရောဖြစ်တယ်။ အဲဒီတမန်တော်ထံကို ထုတ်ပြန် ပို့ချပေးခြင်းခံရတဲ့ နောက်ဆုံးနဲ့အပြီးပြည့်စုံဆုံးဖြစ်သော အလ္လာဟ်ရဲ့နောက်ဆုံးကျမ်းဂန်၊ မြတ်ကုရ်အာန်ဟာ ကမ္ဘာပေါ်မှာ ရှိနှင့်ပြီးလူတွေနဲ့ ရှိလာဦးမယ့် လူတွေအားလုံးအတွက် လမ်းညွှန်ချက်ဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြပါတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ်(၆၂း၎)မှာ — `နောက်ဆုံးအန္တိမတမန်တော်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်က စေလွှတ်တော်မူပြီးတော့ အပြီးပြည့်စုံဆုံးနဲ့ အမှန်ကန်ဆုံးဖြစ်သော အလ္လာဟ်ထုတ်ပြန်ပို့ချပေးလိုက်တဲ့ နောက်ဆုံး ကျမ်းဂန်မြတ်ကုရ်အာန်ကို ချီးမြှင့်လိုက်ခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အကြီးအကဲဆုံးသော ကျေးဇူး တော်တစ်ရပ် အသေအခြာဖြစ်ပါတယ်။ အဲဒါဟာလည်း အလ္လာဟ်အရှင်မြတ်က မိမိရဲ့ မရှီရသ်လို့ခေါ်တဲ့ မိမိရဲ့ အလိုရှိမှုအရ ချီးမြှင့်တော်မူတဲ့ (အဲဒီမှာပါတဲ့ `အအ်သာ´၊`ယုအ်သီ´၊`အိအ်သီ´ ဆိုတဲ့ စကားလုံးဟာ ကျွန်တော် တို့ လူသားတွေ ဘာဝီရိယ၊ ဘာလုံ့လ၊ ဘာအချိန်ပေးမှုကိုမှ မပြုလုပ်ရပါဘဲနဲ့ အလ္လာဟ်အရှင်မြတ်က ကျေးဇူး အထူးပြုပြီး ချီးမြှင့်တော်မူတဲ့ ချီးမြှင့်မှုကိုဖော်ပြတဲ့ စကားလုံးဖြစ်ပါတယ်။
တနည်းအားဖြင့် နောက်ဆုံးအန္တိမတမန်တော်မြတ်ရဲ့ အွမ္မသ်ဖြစ်ခြင်းနှင့် ကျမ်းတော်မြတ်ကုရ်အာန်ကို ကျွန်တော်တို့ လက်ခံရရှိကျင့်သုံးလိုက်နာနေရခြင်းဟာ အလ္လာဟ်အရှင်မြတ်ရဲ့ `မရှီယသ်´ဆန္ဒတော်အရ အလ္လာဟ်ရဲ့ ကျေးဇူးအထူးပြုမှုအရဘဲ ဖြစ်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် `၀လ်လာဟု ဇုလ်ဖွာဒ်လီလ် အဇွီးမ်´(အလ္လာဟ်အရှင်မြတ်သည် ကြီးကဲထွဋ်မြတ်လှစွာသော အကျိုးကျေးဇူးတွေရဲ့ ပိုင်ရှင်ဖြစ်လို့ ဖြစ်ပါတယ်။)
အဲဒီမှာ အလ္လာဟ်က ကျွန်တော်တို့ ကုရ်အာန်ကျမ်းရတွေကို သောင်ဝ်ရသ် ကျမ်းရတွေလိုမဖြစ်စေချင်လို့ (ကျွန်တော် ဦးလေးပြောတဲ့စကားကို ပြောရရင် အလ္လာဟ်အရှင်မြတ်က အလွန်အင်မတန် သဘောကောင်းတယ် တယ်တဲ့) ဘာဖြစ်လို့လဲဆိုရင် အလ္လာဟ်အရှင်မြတ်က တစ်ခုခုကို ညွှန်ပြရင် `ဒါလေး လုပ်လိုက်နော်´ ဒါတော့ မလုပ်လိုက်နဲ့နော်၊ ဒါလုပ်ရင် လမ်းမှားရောက်သွားမယ်နော်၊ နော် နော် ဆိုပြီးတော့ လူသားတွေ အလ္လာဟ်ဥပဒေ ပြဌာန်းချက်ကို လိုက်နာစေချင်လာအောင် လမ်းညွှန်မိန့်ကြားတော်မူတဲ့အရှင်ဖြစ်ပါတယ်ဆိုပြီး သင်ပေးခဲ့ပါတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၆၂း၅)မှာ သောဝ်ရသ်ကျမ်းနှင့် ပတ်သက်ပြီး တာဝန်ပေးခြင်း၊ အဲဒီကျမ်း ဂန်ပါ လမ်းညွှန်မိန့်ကြားချက်များကို လက်တွေ့လိုက်နာကျင့်သုံး တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း မရှိကြတဲ့ သူတွေရဲ့ ဥပမာဟာ ကျမ်းစာအုပ်တွေကို သယ်ပိုးထမ်းရွက်သယ်ဆောင်နေတဲ့ မြည်းသတ္တ၀ါနဲ့ အလားသဏ္ဍာန် တူလေတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ အာယသ်သက်သေလက္ခဏာတော်တွေကို မဟုတ်မမှန်ပါလို့ လိမ်လည်စွပ် စွဲငြင်းဆန်ခဲ့သူတွေရဲ့ ဥပမာဟာ လွန်စွာသိမ်ဖျင်းလှပေသည်။
အလ္လာဟ်အရှင်မြတ်က သောင်ဝ်ရသ်ကျမ်းကိုသယ်ပိုး ထမ်းရွက်ထားတဲ့ သောင်ဝ်ရသ်ကျမ်းရတွေရဲ့ ဥပမာဟာ သူတို့ကို သောင်ဝ်ရသ်ကျမ်းကို ချီးမြှင့်ပေးသနားတော်မူလိုက်ပြီးတဲ့ အချိန်ကစပြီး သူတို့ဟာ သောင်ဝ်ရသ်ကျမ်းကို မြည်းသတ္တ၀ါတွေ သူတို့ရဲ့ဝန်တင်ကျောပေါ်မှာ ၀န်တင်ထားသကဲ့သို့ အဲဒီဟာကို သယ်ပိုးထမ်းရွက် နေကြတယ်။ မြည်းတို့လားတို့ သတ္တ၀ါတွေကို လူကြီးမင်းတို့သိမှာပါ။ တောင်ပေါ်ဒေသမြင့်မားမတ်စောက်တဲ့ အရပ်ဒေသတွေမှာ မြည်းသတ္တ၀ါဟာ ကုန်စည်ကိုသယ်ပိုးထမ်းရွက်တဲ့နေရာမှာ Expart ဖြစ်ပါတယ်။ လူတစ် ယောက် သယ်ပိုးထမ်းရွက်နိုင်တာထက် သုံးဆလောက်အဲဒီမြည်းသတ္တ၀ါက ထမ်းရွက်နိုင်စွမ်းရှိပါတယ်။
ဒါပေမယ့် အဲဒီမြည်းသတ္တ၀ါဟာ သူ့ကိုယ်ပေါ်မှာတင်ပေးလိုက်တဲ့ သူသယ်ဆောင်ထားတဲ့ ပစ္စည်းဟာ ကျောက်သံပတ္တမြားလား၊ ကျောက်ခဲသလဲလား၊ ဆိုတာ အဲဒီမြည်းသတ္တ၀ါမသိဘူး။ တန်ဖိုး အနဂ္ဂထိုက်တန်တဲ့ ပစ္စည်းလား၊ တန်ဖိုးမရှိတဲ့ ပစ္စည်းလား အဲဒီမြည်းသတ္တ၀ါမသိဘူး။ အဲဒီတော့ သောဝ်ရသ် ကျမ်းရတွေထဲက သောဝ်ရသ်ကျမ်းကြီးရလာပြီးတော့ သယ်ပိုးထမ်းရွက်ထားပါတယ်လို့ ပြောတဲ့လူတွေဟာ သောဝ်ရသ်ကျမ်းမှာ ပါဝင်သော အလ္လာဟ်အရှင်မြတ်၏ သွန်သင်၊ ဆုံးမ၊ လမ်းညွှန်ပြသညွှန်ကြားမှုတွေကို မြည်းသတ္တ၀ါလိုပဲ သယ်ဆောင်ထားကြတယ်။ ဒါဆိုရင် ကျွန်တော်တို့က သိသွားပြီ၊ ဘာကို သိလာရသလဲ။
ကျမ်းတော်မြတ်ကုရ်အာန်ကို အဓိပ္ပါယ်နှင့်တကွ သိနားလည်သဘောပေါက်အောင် မလုပ်ပဲနဲ့ ကျမ်းတော်မြတ်ကုရ်အာန် စာအုပ်ကြီးကို မိမိတို့ရဲ့အိမ်မှာ၊ ကျောင်းမှာ၊ ပလီမှာ၊ ဆိုင်မှာ၊ အရပ်ဒေသအသီးသီးမှာ ဘယ်လောက်ပဲထားထား၊ ဘယ်နှအုပ်ပဲထားထား၊ ဒါမှမဟုတ် `ငါတို့ကတော့ ကုရ်အာန်သမားကွ´ဆိုပြီး ကုရ်အာန် ကို ပုခုံးပေါ်ထမ်းထားရုံနဲ့တော့ သောဝ်ရသ်ကျမ်းရတွေနဲ့ ကျွန်တော်တို့ သိပ်ကွာမှာ မဟုတ်ပါဘူး။
ကျွန်တော်တို့ ဘာဖြစ်သွားမလဲဆိုရင် `ကမဆလီလ် ဟိမားရ် ယဟ်မိလိ အတ်စ္စဖာရ´ ကျမ်းတွေကို ထမ်းထားတဲ့မြည်းတွေလို ဖြစ်သွားမယ်။ အနှစ်အသား ဘာမှန်းမသိ၊ တန်ဖိုး အနဂ္ဂထိုက်တန်တဲ့ ပစ္စည်းမှန်းမသိ၊ အဲဒီလို မဖြစ်စေချင်လို့ အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန် ထုတ်ပြန်ပို့ချလိုက်တဲ့အချိန်မှာ၊ အင်မတန် အံ့သြစရာကောင်းတာက ဒီအာယသ်ပါ စူရာဟ် အမည်က `စူရာဟ်သွလ် ဂျုမုအာဟ်´လို့ခေါ်တဲ့ အခန်းကဏ္ဍ၊ စုရုံးရာဆိုတဲ့ အခန်းကဏ္ဍမှာဖော်ပြထားခြင်းဖြစ်တယ်။
ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်ကဖြစ်စေချင်တာ သောင်ဝ်ရသ်ကျမ်းနဲ့ပတ်သက်ပြီး တာဝန်ပေးခြင်း ခံရတဲ့လူတွေဟာ အဲဒီကျမ်းဂန်ပါလမ်းညွှန် မိန့်ကြားချက်များကို လက်တွေ့လိုက်နာကျင့်သုံးတာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း မရှိကြဘဲ အဲဒီလူတွေရဲ့ ဥပမာဟာ ကျမ်းစာအုပ်တွေကို သယ်ပိုးထမ်းရွက်သယ်ဆောင်နေတဲ့ မြည်းသတ္တ၀ါနဲ့အလားသဏ္ဍာန်တူလေတယ်။ အဲဒီလိုမဖြစ်စေဖို့ ကျွန်တော်တို့ ကုရ်အာန်ကျမ်းရတွေကို အလ္လာဟ် အရှင်မြတ်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက သွန်သင်ဆုံးမ သတိပေးထားပါတယ်။ အလ္လာဟ် အရှင်မြတ်ရဲ့ အာယသ်သက်သေလက္ခဏာတော်တွေကို မဟုတ်မမှန်ပါလို့ လိမ်လည်စွပ်စွဲငြင်းဆန်ခဲ့သူတွေရဲ့ ဥပမာဟာ လွန်စွာသိမ်ဖျင်းလှပါတယ်။ အလွဲသုံးစားလုပ်ပြီး မိမိနဲ့မိမိပတ်ဝန်းကျင်ရဲ့အကျိုးဖျက်ဆီးမှုကို ပြုလုပ် နေတဲ့လူတွေကို အလ္လာဟ်အရှင်မြတ်က ဘယ်သောအခါမှ လမ်းမှန်ကို ညွှန်ပြမှာလည်းမဟုတ်ဘူးလို့ ဖော်ပြထား ပါတယ်။
အဲဒီလို လူတွေက ကိုယ်ကိုယ်တိုင် လမ်းလွှဲလမ်းမှားမှာရှိပြီး အမှန်သစ္စာတရားကို ယုံကြည်သက်ဝင်တဲ့ လူတွေကို မနာလိုဝန်တိုစိတ်တွေ ငြူစူမှုပြုပြီး ဒုက္ခပေးဖို့ လုပ်လာကြပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃း၁၆၄-၁၆၅ မှာ တမန်တော် မုဟမ္မဒ်(ဆွ)ကို ပွင့်ပေါ်စေတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးအထူးပြုမှုကို အခုလိုထပ်ပြီး ဖော်ပြထားပါတယ်။
အသေအချာပဲ အလ္လာဟ်အရှင်မြတ်ဟာ အီမာန်သက်ဝင်ယုံကြည်တဲ့ မုအ်မင်န်တွေအပေါ်မှာ ကျေးဇူး တရားအထူးပြုခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီအကြောင်းက ဘာလဲဆိုရင် တခါကအလ္လာဟ်အရှင်မြတ်ဟာ လူတွေထဲက မုအ်မင်န်သက်ဝင်ယုံကြည်သူတွေထဲက ရစူလ်တမန်တော်တစ်ပါးကို သူတို့ရဲ့အကျိုးရှေ့ရှုပြီးတော့ စေလွှတ်ပွင့် ပေါ်စေတော်မူခဲ့ပါတယ်။ အဲဒီ ရစူလ်တမန်တော်မြတ်ဟာ ထိုအရှင်မြတ်ရဲ့ အာယသ်သက်သေလက္ခဏာတော် များကို သက်ဝင်ယုံကြည်သူတွေအတွက် ဖတ်ရွတ်ပြသပြီးတော့ နောက်ကနေ ထပ်ကြပ်မကွာ လက်တွေ့လိုက်နာ ကျင့်သုံးစေခဲ့ပါတယ်။ လူတွေမှာ အမှားနဲ့မကင်းနိုင်တဲ့အတွက် အတိတ်ကရှိခဲ့တဲ့ အမှားတွေကို သင်ပုန်းချေပြီး တော့ အမှန်သစ္စာတရားကို လက်တွေ့လိုက်နာကျင့်သုံးရင်းနဲ့ လူ့ဘ၀ကြီး စင်ကြယ်ဖွံ့ဖြိုးတိုးတက်စေမှုကိုလည်း အဲဒီတမန်တော်မြတ်က ပြုလုပ်ပေးတော်မူခဲ့ပါတယ်။ ကျမ်းဂန်မှ သွန်သင်ဆုံးမမှုတွေကိုလည်း အဲဒီ နဗီရစူလ် တမန်တော်က သင်ပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီကျမ်းဂန်ကို လူသားဟာဘယ်လို ဆင်ခြင်ဥာဏ်အမြော်အမြင်နဲ့ စဉ်းစားဆင်ခြင်တွေးခေါ် မြှော်မြင်ရမလဲဆိုတဲ့ အသိတရား အသုံးချမှုကိုလည်း သင်ပေးခဲ့ပါတယ်။
ဒီနေရာမှာ ကျွန်တော်စကားညှပ်တစ်ခုကို ပြောချင်ပါတယ်။ ဘယ်တုန်းက ဘယ်သူက ဘယ်လို ကျွန်တော်တို့ကို စွပ်စွဲလဲဆိုတော့ဗျာ ကိုယ်တော့်ကို ကျွန်တော်တို့က စာပို့လုလင်လို့ ပြောတယ်ဆိုပြီးတော့ မနာလို၊ ၀န်တို၊ ငြူစူတဲ့လူတွေထဲက စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ ကျွန်တော်တို့ကတော့ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို မွတ်ဆလင်မ်ဆိုသူတွေ ချစ်ပါတယ်ဆိုတဲ့ အချစ်ထက်မပိုရင်တောင် မလျော့ပါဘူး။ ကိုယ်တော်မြတ်မှာ တာဝန် တွေ အများကြီးရှိပါတယ်။ အခုကျွန်တော်ပြောတဲ့ ကိစ္စတွေကို အဟောင်းတွေကို ပြန်ပြောနေတယ်လို့ မမြင်စေချင် ပါဘူး။ နောက်ဆုံး အနန္တိမတမန်တော်ဆိုတဲ့ ကိစ္စမှာကျွန်တော်တာဝန်တစ်ရပ်အနေနဲ့ တင်ပြနေခြင်းသာဖြစ်ပါ တယ်။
တမန်တော်တစ်ပါးပွင့်ပေါ်ပြီဆိုရင် အဲဒီတမန်တော်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ အာယသ်သက်သေ လက္ခဏာတွေကို ဦးစွာပထမ အဲဒီဒေသမှာရှိတဲ့ လူတွေကိုတင်ပြသွန်သင်ပေးရပါတယ်။ ပြီးတော့ လိုက်နာစေ ရပါတယ်။ ပြီးရင် အဲဒီလူ့အဖွဲ့အစည်းကြီးရဲ့ ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံး စင်ကြယ်ဖွံ့ဖြိုးတိုးတက်မှု ဖြစ်အောင် လုပ်ပေးရပါတယ်။ ပြီးရင် အလ္လာဟ်အရှင်ြမတ်ထုတ်ပြန်ပို့ချပေးလိုက်တဲ့ ကျမ်း (သူ့ထံကို ထုတ်ပြန်ပို့ချပေးလိုက်တဲ့ ကျမ်း)၊ နဗီရစူလ်တမန်တော်တစ်ပါး ပွင့်ပေါ်ပြီဆိုရင် အဲဒီတမန်တော်နဲ့အတူ ကျမ်းပါလာပါတယ်။ အဲဒီကျမ်းကို လည်း လူတွေကို သင်ပေးရပါတယ်။ အဲဒီကျမ်းဂန်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်တွေကို ဘယ်လိုစဉ်းစားဆင်ခြင် တွေးခေါ်မြှော်မြင်ပြီး ဆင်ခြင်တုံတရားကို ဘယ်လိုအသုံးပြုရလည်းဆိုတဲ့ (Wisdom)ကိုလည်း သင်ပေးရပါတယ်။ ဘာဖြစ်လို့လဲ။ တမန်တော်မြတ်သာ မပွင့်ပေါ်ခဲ့ဘူးဆိုရင်၊ ကျမ်းမြတ်ကုရ်အာန်သာ အလ္လာဟ်ချပေးသနားတော် မမူခဲ့ဘူးဆိုရင် သေချာတယ်။ ကျွန်တော်တို့အားလုံးဟာ (ဒွလာလသ်) အချည်းအနှီးသော လမ်းလွဲ၊ လမ်းမှား ဘ၀တွေကိုရောက်သွားမယ်။
ဘာဖြစ်လို့လဲ တမန်တော် မပွင့်ပေါ်မီ တနည်းအားဖြင့် မုဟမ္မဒ်သည် တမန်တော် မုဟမ္မဒ်(ဆွ) မဖြစ်မီ ကာလက၊ လူတွေအားလုံးဟာ ထင်ရှားရှင်းလင်းစွာသော လမ်းလွဲ၊ လမ်းမှားထဲမှာ ရှိနေခဲ့ပါတယ်။ ယုံတဲ့လူတွေက ယုံပြီးတော့၊ လက်တွေ့လိုက်နာကျင့်သုံးဖို့ လုပ်တဲ့အခါမှာ မယုံကြည်သွေဖီတဲ့ လူတွေက မနာလို၊ ငြူစူ၊ ပြစ်တင်၊ ဝေဖန်၊ ကဲ့ရဲ့၊ ရှုတ်ချပြီး မမှန်မကန် ကြံစည်မှုတွေ လုပ်လာပါတယ်။ အဲဒါတမန်တော် လက်ထက်မှာလုပ်ခဲ့ကြတာ ကျွန်တော်တို့သိတယ်။ တောက်လျှောက်မှာ `အဆ်ဆွာဒီးက်၊ အလ်အမီန်း´လို့ ပြောတဲ့ဒေသခံတွေထဲကပဲ၊ ကုရ်အာန်ဆိုတဲ့ ၀ဟီကို တင်ပြတဲ့အချိန်မှာ တမန်တော်ကို စွန့်ခွာသွားကြတယ်။ ဒုက္ခမျိုးစုံးပေးကြတယ်။ အဲဒီလို ဒီကနေ့ ကျွန်တော်တို့ခေတ်ရောက်လာတဲ့ အခါမှာလည်း အလ္လာဟ်တစ်ပါးတည်းကို သက်ဝင်ယုံကြည်ပြီး သောင်ဟီဒ်ကို လက်ခံတာနဲ့ နည်းလမ်းမျိုးစုံနဲ့ ဒုက္ခပေးတဲ့လူတွေ ပေါ်လာပါတယ်။
အီမာန်သက်ဝင်ယုံကြည်သူတွေကို အလ္လာဟ်အရှင်မြတ်က အမြဲတမ်းကူညီလျှက်ရှိတယ်ဆိုတာကို ကုရ်အာန်မှာဖော်ညွှန်းပြီး အလ္လာဟ်အရှင်မြတ် အားပေးတယ်။ လူတွေထဲကလူတွေ မနာလို၊ ၀န်တို၊ ငြင်းပယ်၊ သွေဖီပြီး မဟုတ်မမှန်၊ မမှန်မကန် ကြံစည်တဲ့လူတွေက အသင်တို့ကို တစ်စုံတစ်ရာ သက်ရောက်မှုကြုံတွေ့စေ လိုက်ရင် အဲဒီလူတွေ သင်တို့ကြုံတွေ့လိုက်ရတဲ့ သက်ရောက်မှုနှစ်ဆ အဲဒီလူတွေ သေချာပေါက် ကြုံတွေ့စေရ မယ်။
ကမ္ဘာကြီးကို လေ့လာကြည့်လိုက်ပါ။ တချို့အရပ်ဒေသတွေမှာ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကို မီးနဲ့ အန္တရာယ်ပေးတယ်။ အဲဒီမီးနဲ့ အန္တရာယ်ပေးတဲ့လူတွေ မေ့နေတဲ့အချိန်မှာ ရေနဲ့အန္တရာယ်သက်ရောက်လာတယ်။ တချို့အရပ်ဒေသတွေမှာ လက်နက်နဲ့အန္တရာယ်ပြုတယ်။ အဲဒီလို လက်နက်နဲ့ အန္တရာယ်ပြုလို့ ဘေးဒုက္ခမျိုးစုံ ကြုံတွေ့သွားရတဲ့လူတွေ ခံစားခဲ့ရသလောက် အန္တရာယ်ပြုတဲ့ အရပ်ဒေသတွေမှာ လေပြင်းမုန်တိုင်းခံစားရတာ မျိုးတွေ၊ ငလျင်အကြီးအကျယ်လှုပ်တာတို့ တခြားသဘာဝ ဘေးဒုက္ခမျိုးစုံကြုံတွေ့ရောက်ရှိလာပါတော့တယ်။
တနည်းအားဖြင့် အဲဒါဟာ ကျွန်တော်တို့မြန်မာမှုမှာဆိုရင် ကံ၊ ကံ၏အကျိုးလို့ခေါ်ပါတယ်။ ကိုယ်ပြုသည့် ကံ၊ ပဲ့တင်သံ၊ ကိုယ့်ထံပြန်လာမည် ဆိုတဲ့အတိုင်းဖြစ်ပါတယ်။ ခရစ်ယာန်တွေမှာဆိုရင်တော့ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့၊ ကိုယ်တိုင်ရိတ်သိမ်းလိုက်ရပါတယ်လို့ ခေါ်ပါတယ်။ အရဗီကုရ်အာန်သုံးဆိုရင်
`လဟာမာ ကစဘသ်၊ ၀အလိုင်းဟာ မက်က်သစဘသ်´ လို့ခေါ်ပါတယ်။ အူရ်ဒူမှာဆိုရင်တော့ (ကာနူးန် မူကာဖေသေ၊ အာမလ်)လို့ခေါ်ပါတယ်။ အလ္လာဟ်အရှင်မြတ်ရဲ့ (Law of equitable) အလ္လာဟ်အရှင်မြတ်ရဲ့ တုန့်ပြန်မှု ဥပဒေပြဌာန်းချက်လို့ခေါ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မွတ်ဆလင်မ်မှန်ရင် ဘယ်သူ့ကိုမှ ကိုယ်၊ နှုတ်၊ နှလုံးမည်သည့် တစ်စုံတစ်ရာနဲ့မှ ဘေးဒုက္ခအန္တရာယ်မဖြစ်ပေါ်စေဖို့ အရေးကြီးပါတယ်။ ဒါဟာ ကုရ်အာန်က လမ်းညွှန်သွန်သင်ဆုံးမထားခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်ကသူတပါးကိုဒီလိုမျိုးလုပ်ရင် သေချာ ပေါက် အဲဒီရဲ့တုန့်ပြန်မှုရလဒ် ကိုယ့်ဆီပြန်လာနိုင်ပါတယ်။ အဲဒီလို မေ့နေတဲ့အချိန်မှာမှ ရုတ်တရက်ဖြစ်လာ တော့ `ကုလ်သွန်မ် အန္နာ ဟာဇာ´မေ့နေတဲ့အချိန်မှာ ၀ုန်းဆိုဖြစ်လာတော့ “ ဒီထိတွေ့မှုအဖြစ်အပျက် ဒုက္ခဟာ ဘယ်ကနေ ဘယ်လိုဆိုက်ရောက်လာသလဲ”လို့ အဲဒီအချိန်မှာ ညည်းညူကြတယ်။
`အသင်တမန်တော် ကြေညာလိုက်ပါ။ အသင်တို့ လက်ချက်နဲ့ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်ရလာဒ်ဟာ အသင်တို့အတွက်ပဲဖြစ်လာတာပါ။ ဧကန်မုချ အလ္လာဟ်အရှင်ြမတ်ဟာ အရာခပ်သိမ်းကို တတ်စွမ်းနိုင်တော်မူသောအရှင်ြဖစ်တယ်။´လို့ ဖော်ပြထားပါတယ်။
ကျွန်တော် ခွတ္တဗာဟ်ပြောဖို့ ကျမ်းမြတ်ကုရ်အာန်ကို လေ့လာမိရင် လူကြီးမင်းတို့ကို ကျေးဇူးတင်ဖို့ အကြောင်းက ဖြစ်ဖြစ်လာပါတယ်။ အဲဒါဘာလဲဆိုရင် မြတ်တမန်နှင့်ကျမ်းကုရ်အာန် အပိုင်း ၂ ကို ပြောဖို့လုပ်တဲ့ အခါမှာ တမန်တော်နဲ့ပတ်သက်ပြီး Heart ထိသွားအောင် ပြောမယ်ဆိုပြီး ကျွန်တော်ကုရ်အာန်မှာ လိုက်ရှာပါ တယ်။ အဲဒီမှာ တော်တော်အံ့သြစရာကောင်းတဲ့ တမန်တော်နဲ့ ပတ်သက်ပြီးဖော်ညွှန်းချက်ကို တွေ့ရပါတယ်။ တမန်တော် မုဟမ္မဒ်(ဆွ)ဟာ နောက်ဆုံးအန္တိမတမန်တော်ပါဆိုပြီး `ခါသမန် နဗီယင်န်´ဆိုတဲ့ စကားလုံးလေး တစ်လုံးအပေါ်မှာပဲ ပြောနေတာမဟုတ်ပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန်က ဖော်ပြထားသော အခြားသော အာယသ်တော်များရဲ့ လမ်းညွှန်မိန့်ကြားချက်တွေကိုပါ လေ့လာပြီးပြောနေခြင်းဖြစ်ပါတယ်။ လူကြီးမင်းများလည်း ကုရ်အာန်ဘာသာပြန်တွေ လေ့လာကြမှာပါ။ လေ့လာကြည့်ပါ။
ကမ္ဘာပေါ်မှာ အလ္လာဟ်အရှင်မြတ်က တမန်တော်မုဟမ္မဒ်(ဆွ) မတိုင်ခင်မှာ နဗီရစူလ်တမန်တော်တွေ အများကြီးပွင့်ပေါ်စေခဲ့တယ်။ ကုရ်အာန်မှာ အလ္လာဟ်က အမည်နာမဖော်ပြထားသော တမန်တော်တွေရှိသလို၊ အလ္လာဟ်မဖော်ပြထားတဲ့ တမန်တော်တွေရှိတယ်။ မှတ်တမ်းများအရဆိုရင် တစ်သိန်းနှစ်သောင်း လေးထောင် ကျော် နဗီတမန်တော်တွေ ပွင့်ခဲ့တယ်လို့ အဆိုရှိတယ်။ မည်သို့ပင်ဆိုစေကာမူ ရှေးတမန်တော်တွေ ပွင့်ပေါ်ခဲ့ တာကို ကြည့်လိုက်ရင်(အာဒ်)တွေအတွက် ပွင့်လာတဲ့ တမန်တော်၊(စမူဒ်)တွေအတွက် ပွင့်လာတဲ့တမန်တော်၊ မဒ်ယန်ကို ရောက်လာတဲ့တမန်တော် ဥပမာ တမန်တော်မြတ်ဟုဒ်၊ ဆွာလေ၊ ရှူအိုက်ဗ်(အ.စ)ဆိုပြီးတွေ့ရမယ်။ လူမျိုးစုတစ်စု၊ အရပ်ဒေသ တစ်ခု၊ ခေတ်ကာလတစ်ခု၊ အခြေအနေတစ်ရပ်၊ အဲဒီလိုတမန်တော်တွေ ပွင့်ခဲ့ပါတယ်။
နောက်ဆုံးအန္တိမတမန်တော်ကြတော့ အရဗ်တွေအတွက်ဘဲ မပွင့်ဘူး။ လူသားအားလုံးအတွက်လို့ ပြောလိုက်တယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃၄း၂၈ မှာ-
`အိုတမန်တော် ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင့်အား လူသားခပ်သိမ်းတို့အဖို့ ၀မ်းမြောက်ဖွယ် မင်္ဂလာသတင်းကောင်းပေးသူအဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း စေလွှတ်တော် မူခဲ့လေသည်။ သို့ရာတွင် များစွာသော လူတို့မှာ သိနားလည်သဘောပေါက်ခြင်း မရှိကြပေ။´ (၃၄း၂၈)
ဒီအာယသ်မှာပါတဲ့ (ကါဖ္ဖသလ်လင်န်နာစ်)လို့ သုံးထားပါတယ်။ လင်န်နာစ္စရဲ့ အရှေ့မှာ ကါဖ္ဖဟ်ဆိုပြီး အလုံးစုံ၊ အားလုံးဆိုပြီး တပ်သုံးထားတာတွေ့ရမှာပါ။ တခြားတမန်တော်တွေကို ဖော်ပြတဲ့အခါမှာ ဒီလိုသုံးနှုန်းမှု မျိုး သုံးတာကို ဒီကနေ့ မနက်အထိ ကျွန်တော်သန်းအောင်ရှာလို့ မတွေ့သေးပါဘူး။ တမန်တော် မုဟမ္မဒ်(ဆွ)ကို ပြောတဲ့အခါကျမှ (၀မာအရ်စလ်နာက အီလ်လာတဖ်ဖာသန်းန် လင်န်နာစ်)လို့ ၃၄း၂၈မှာပြောတယ်။ စူရာဟ် ၂၁း၁၀၇မှာကျတော့ (၀မာ အရ်စလ်နာက အီလ်လာ ရဟ်မသန်န်လီလ် အာလလမီးန်)လို့ပြောတယ်။
`စကြ၀ဠာလောကခပ်သိမ်းအတွက် မဟာကရုဏာတော်တစ်ရပ်အဖြစ် စေလွှတ်တော်မူခဲ့ပါတယ်´လို့ ပြောတယ်။ လူသားအားလုံးအတွက်လို့ (၃၄း၂၈)မှာပြောတယ်။ အသင်တမန်တော်ကို လူသားအားလုံးအတွက် ငါအရှင်မြတ်က စေလွှတ်တော်မူခဲ့ပြီး ဖြစ်တယ်လို့ ပြောပါတယ်။ `အလ္လာဟ်ရဲ့ သွန်သင်ဆုံးမလမ်းညွှန်ပြသချက်ကို လက်တွေ့လိုက်နာကျင့်သုံးအကောင် အထည်ဖော်ပြီး ယုံကြည်သက်ဝင်ဘ၀အသက်ရှင်ခဲ့တဲ့ လူတွေအတွက် မင်္ဂလာသတင်းကောင်းပေးရန်အတွက်၊ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို ဆန့်ကျင်၊ သွေဖီငြင်းပယ်ပြီး မိမိတို့ရဲ့စိတ်ဆန္ဒရဲ့စေရာကိုလိုက်ပြီး၊ ယုံချင်တာယုံ၊ ပြောချင်တာပြော၊ လုပ်ချင်တာလုပ်၊ နေချင်သလိုနေမယ် ဆိုတဲ့ လူတွေအတွက်တော့ (၀နဇီးရာ) သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်ခဲ့ခြင်းဖြစ်တယ်။´
(၀လာကင်န်န အက္ကစရန်န်နာဆိ၊ လာရအ်လမူးန်) ဒါလည်း ပြောရဦးမယ်။ တခါတလေ online မှာ ကြည့်ရင် များရာစု၊ များရာစုလို့ ပြောကြတယ်။ တနည်းအားဖြင့် အများနည်းတူဆိုတဲ့ သဘော။ အများနည်းတူ၊ များရာစု ဆိုရင် ကျွန်တော်တို့ အားလုံးခရစ်ယာန်လုပ်ကြရမှာလား၊ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ခရစ်ယာန်က အများဆုံးပဲလေ။ ဒါပေမယ့် ကုရ်အာန်ကပြောတာကတော့ အရမ်းရှင်းပါတယ်။ တမန်တော်မုဟမ္မဒ်(ဆွ)ဟာ လူသားခပ်သိမ်းအတွက် မင်္ဂလာသတင်းစကားပြောဖို့နဲ့၊ သတိပေးနှိုးဆော်သူအဖြစ် စေလွှတ်တော်မူခြင်းခံရပါ တယ်လို့ ပြောနေတာတောင် မြောက်များစွာသော လူတွေဟာသိနားလည် သဘောပေါက်ခြင်းမရှိကြပါဘူးတဲ့။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄း၇၉ မှာ ကောင်းတဲ့ကိစ္စ၊ အောင်မြင်မှုတွေ ကြုံလာရင် လူတွေက ငါကွ လို့ အော်တယ်။ ကိုယ့်လုပ်ရပ်နဲ့ဆုံးဖြတ်ချက် မှားယွင်းလို့ တစ်ခုခု ဆုံးရှုံးမှုနဲ့တွေ့ရင် အလ္လာဟ်လုပ်တာလို့ပြောတယ်။ အလ္လာဟ်ပြောတာက
`အသင့်မှာ ကောင်းကျိုးဝေဖြာ၊ ညီညွတ်မျှတအချိုးအစားကျတဲ့ ကောင်းခြင်းတွေ သက်ရောက်လာပြီဆို ရင် အဲဒီသက်ရောက်မှုသည် အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းချက်ကြောင့်ဖြစ်တယ်။ အကယ်၍ အဲဒီကောင်းကျိုး ဝေဖြာနေတဲ့ ကိစ္စမဟုတ်သော ပျက်စီးယိုယွင်းမှု၊ အားနည်းချွတ်ချော်မှုတွေ ဖြစ်စေတဲ့ကိစ္စရပ်တွေ သင့်ဆီကို သက်ရောက်လာပြီဆိုရင် အဲဒါဟာသင့်ရဲ့(နဖ်စ်)သင့်ကိုယ်တိုင်ရဲ့လက်ချက်၊ ကြံစည်မှု၊ အပြုအမူ၊ အကျင့်အကြံ အားထုတ်မှုကြောင့်ဖြစ်လိမ့်မယ်။ ဧကန်မုချ အသင်တမန်တော်အား လူသားအားလုံးအတွက် ရစူလ်တမန်တော် တစ်ပါးအဖြစ် ငါအရှင်မြတ်က အသေအချာပဲစေလွှတ်တယ်။´ ဘယ်သူကြိုက်လည်း မကြိုက်လည်း မတတ်နိုင် တော့ဘူး။ ဘာဖြစ်လို့လဲ (၀ကဖာ ဘိလ်လားဟိ ရှဟီဒါ) တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို တမန်တော်ဖြစ်ကြောင်း သက်သေအဖြစ် အလ္လာဟ်ဟာ လုံလောက်ပါတယ်တဲ့။ အလ္လာဟ်ကပြောတယ်။ အခုထပ်ပြောမယ့် ကိစ္စလေးဟာလည်း အရေးကြီးပါတယ်။ သဒ္ဒါအရနားလည်ရင် ပိုပြီးသဘောပေါက်မှာဖြစ်ပါတယ်။ ရိုးရိုး ဘာသာပြန်မှာသွားကြည့်ရင်တော့
`မည်သူမဆို ရစူလ်တမန်တော်ကို နာခံခဲ့မည်ဆိုလျှင် သူသည်အလ္လာဟ်ကို နာခံပြီးဖြစ်သည်။´ သေသေ ချာချာစဉ်းစားကြည့်ရင် တမန်တော်ကို နာခံတာဟာ အလ္လာဟ်အမိန့်ကို နာခံတာပါလို့ ပြောလိုက်သလိုဖြစ်နေ တယ်။ ဒီအာယသ် (၄း၈၀)ရဲ့ အရှေ့မှာက (မိုင်းယုအ်သွိအိ) ပြီးတော့ (အသွအ)ဆိုပြီး ဆုံးထားပါတယ်။ ဒါကြောင့် တကယ်တမ်းဘာသာပြန်ရမယ်ဆိုရင် (မည်သူမဆို တမန်တော်ကို နာခံတော့မယ်ဆိုရင် သူသည် အလ္လာဟ့် အမိန့်ကိုနာခံပြီးဖြစ်ရမည်။) အလ္လာဟ့်အမိန့်ကို မနာခံဘဲနဲ့ တမန်တော်မြတ်အမိန့်ကို နာခံလို့မရဘူး။
`မည်သူမဆို မျက်နှာလွှဲပြီးသွားမယ်။ အလ္လာဟ်အမိန့်လည်းမနာခံဘူး။ ရစူလ်အမိန့်လည်း မနာခံဘဲနဲ့ နောက်ဆုတ်ကျောခိုင်းလှည့်ထွက်သွားမယ်ဆိုရင်လည်း အသင်တမန်တော်ကို ငါအရှင်မြတ်က လူသားတွေ အတွက် တာဝန်ခံအုပ်ထိန်းသူအဖြစ် စေလွှတ်တော်မူခဲ့ခြင်းမဟုတ်ဘူး။´
ဘာမှတာဝန်မရှိပါဘူး။ ကျွန်တော်တို့ အလ္လာဟ့်အမိန့်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ တမန်တော်မုဟမ္မဒ်မှာ ဘာတာဝန်မှမရှိပါဘူး။ ကျွန်တော်တို့ ဂျန္နသ်သွားမလား။ ဂျဟန္နမ်သွားမလား။ တမန် တော်မြတ်မှာ ဘာတာဝန်မှမရှိဘူး။ အလ္လာဟ်အမိန့်ကိုနာခံလို့ ရရင်လည်း ကျွန်တော်တို့ရပြီး တမန်တော်မြတ်က တမန်တော်မြတ်ဘဲ။ ကျွန်တော်တို့ အလ္လာဟ်အမိန့်မနာခံရင်လည်း တမန်တော်မြတ်ဟာ သူ့တာဝန်ကို သူကျေပွန် စွာ ထမ်းရွက်ခဲ့ပြီးဖြစ်တယ်။ ကျမ်းမြတ်ကုရ်အာန်မှာ အလွန်အံ့သြစရာကောင်းတဲ့အချက်တွေ တွေ့ရပါတယ်။ တမန်တော်ရဲ့ဒေသမှာ အများစုလူတွေဟာ `သောဝ်ရသ်´ကျမ်းရတွေဖြစ်ပါတယ်။ ဗနီအစ္စရာအီလ်မျိုးနွယ်ဝင် တွေပါ။ အဲဒီတော့ အဲဒီလူတွေကို တမန်တော်က ကုရ်အာန်ကို ချပြတဲ့အခါ စူရာဟ် ၂၇ အာယသ် ၇၆မှ၈၁အထိမှာ
(၂၇း၇၆) `အမှန်စင်စစ် ဒီကုရ်အာန်ကျမ်းမြတ်က အစ္စရာအီလ်မျိုးနွယ်ဝင်တွေ အရှေ့မှာသူတို့ ကွဲလွဲလျက် ရှိကြတဲ့ အကြောင်းအရာတွေထဲက အကြောင်းခြင်းရာများစွာကို ဖော်ထုတ်ပြသနေပါတယ်။´ သောဝ်ရသ်ကျမ်းဟာ တမန်တော်အဆက်ဆက် ရလာတော့ အဲဒီကျမ်းဟာနောက်ဆုံး ဖရိုဖရဲဖြစ်နေတယ်။ တခါတရံသောဝ်ရသ်ကျမ်းရ ပုဂ္ဂိုလ်တွေက တမန်တော်မုဟမ္မဒ်ကို စောဒကတက်တဲ့အခါ အမှန်တရားကို ပြောတဲ့လူတွေဆိုရင် သောဝ်ရာသ် ကျမ်းကို ငါ့ထံယူလာခဲ့လို့ တမန်တော်ကပြောခဲ့ပါတယ်။
ကျွန်တော်တို့ခေတ်မှာကျတော့ ကုရ်အာန်က မည်သို့ပင်ဆိုစေ၊ မည်သို့ပင်ရှိစေကာမူ၊ တခြားအရာတွေ၊ လူလုပ်ကျမ်းတွေနဲ့ ပြလေ့ရှိကြတယ်။ ဒါကြောင့် တမန်တော်မုဟမ္မဒ်(ဆွ)က သူတို့ကိုဒီကုရ်အာန်နှင့် သောဝ်ရသ် ကျမ်းထက်ကောင်းတဲ့ ကျမ်းရှိရင်ယူခဲ့ပါ။ ငါကိုယ်တော် လိုက်နာမယ်လို့ပြောခဲ့ပါတယ်။ ဒါကဘာကို ပြောနေသလဲ ဆိုရင် ကုရ်အာန်ထက်ကောင်းတဲ့ကျမ်း ကမ္ဘာပေါ်မှာ ဘယ်မှာမှမရှိဘူး။
(၂၇း၇၇) `ဒါ့အပြင် အီမာန်သက်ဝင်ယုံကြည်သူ မုအ်မင်န်တွေအတွက် ဒီကုရ်အာန်က လမ်းညွှန်ချက် အမှန် ဖြစ်သလို၊ လိုအပ်သမျှကို စနစ်တကျထောက်ပံ့ဖြည့်ဆည်းပေးတဲ့ ကရုဏာတော်လည်းဖြစ်ပေတယ်။´
ဒီအာယသ်မှာ ကုရ်အာန်ကို ရဟ်မသ်တော်လို့သုံးထားပါတယ်။ တခါ ၂၁း၁၀၇ မှာ ရစူလ်တမန်တော် မုဟမ္မဒ်ဟာ ရဟ်မသ်တော်လို့ ပြောထားတယ်။ ဒါကြောင့် ဒီတမန်တော်နဲ့ ဒီကုရ်အာန်ဟာ ဘယ်လိုမှ ခွဲထုတ်လို့မရ ပါဘူး။
(၂၇း၇၈) `ဧကန်မုချ အသင်၏ပြုစုပျိုးထောင်ရှင်သည် လူသားတို့၏စပ်ကြားတွင် ထိုအရှင်မြတ်၏ အုပ်ချုပ် မှုစွမ်းရည် အမိန့်တော်နှင့်စီရင်ဆုံးဖြတ်တော်မူမည်။ ၎င်းပြင်ထိုအရှင်မြတ်သည် အလွန်တရာစွမ်းဆောင်နိုင်တော် မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်တော်မူပေသည်။´
ဘယ်သူက တမန်တ်ာရဲ့ အွစ်ဝသွန်ဟစနာဆိုတဲ့ အကောင်းဆုံးလမ်းစဉ်ကို လိုက်မလဲ။ ဘယ်သူဟာ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ဆုံးမမှုတွေကို တမန်တော်လက်တွေ့ လိုက်နာကျင့်သုံးအကောင်အထည်ဖော်တဲ့ အတိုင်း လိုက်မလဲ။ မလိုက်ဘူးလဲဆိုတာကို အလ္လာဟ်အရှင်မြတ်ကသာလျှင် ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ ဘာဖြစ် လို့လဲဆိုရင် အရှင်မြတ်သည်အလွန်တရာ စွမ်းဆောင်နိုင်တော်မူသော၊ အကြွင်းမဲ့သိတော်မူသောအရှင်ဖြစ်လို့ပါ။ ဒါကြောင့် ကျွန်တော်တို့ဘာလုပ်ရမလဲ။ တမန်တော်မြတ်ကို အလ္လာဟ်ကသင်ပေးပါတယ်။
(၂၇း၇၉) `အသင်တမန်တော် အလ္လာဟ်အပေါ်မှာ ယုံမှတ်ပုံအပ်ပြီးတော့၊ အားကိုးသမှုပြုလွှဲအပ်လိုက်ပါ။ အသင်တမန်တော်ဟာ ထင်ရှားတဲ့အမှန်သစ္စာတရားအပေါ်မှာ တည်ရှိလျှက်ရှိနေတယ်။´ဆိုပြီးတော့ ဖော်ပြထား ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် (၂၇း၈၀)မှာ
`အမှန်စင်စစ် အသင်ဟာ သေသူတို့ကို ကြားစေနိုင်သည်မဟုတ်ပါ။ ၎င်းပြင် နားပင်းနေသူတွေ ၎င်းတို့ နောက်ဆုတ်ကျောခိုင်း လှည့်ထွက်သွားကြတဲ့အခါ အသင့်ခေါ်သံကို ကြားသိအောင် မပြုလုပ်နိုင်ပါ။´
ဒီအာယသ်တော်အရ သတိထားရမှာက တမန်တော်လို ပုဂ္ဂိုလ်သည်ပင်လျှင် သေသူများကို ကြားအောင် မပြုလုပ်နိုင်လျှင် ကျွန်ုပ်တို့အနေနဲ့ ဘာမဟုတ်တဲ့သေသူတွေထံမှာ တစ်ခုခုကိုယ့်အကျိုးအတွက် သွားတောင်းမယ် ဆိုရင်တော့ ဘယ်သူမပြု၊ မိမိမှုသာဖြစ်ပါတယ်။ လိုချင်တဲ့လူကိုသာ ပေးလို့ရမယ်လို့ပြောတာပါ။ မလိုချင်တဲ့လူကို အတင်းပေးလို့မရပါဘူး။ ဆက်လက်ပြီး
(၂၇း၈၁) `၎င်းပြင် အသင်သည်မျက်စိမမြင်သူ (အသိဥာဏ်ဆင်ခြင်တုံတရားကန်းနေသူ) တွေကိုလည်း ၎င်းတို့ ရွေးချယ်မျှော်လင့်လျက်ရှိသော လမ်းလွဲလိုက်နေမှုကနေ တရားလမ်းမှန်ကို ညွှန်ပြပေးနိုင်သူမဟုတ်ပါ။ အကယ်စင်စစ် အသင်သည် ငါအရှင်မြတ်၏ သက်သေလက္ခဏာ တော်များကို အကြွင်းမဲ့၊ သံသယမဲ့၊ စောဒကမဲ့ သက်ဝင်ယုံကြည်ပြီးနောက် အလ္လာဟ်အမိန့်တော်ကို မြေ၀ယ်မကျ နာခံပြီး၊ ဦးလည်မသုန်၊ ယုံပုံလိုက်နာကျင့်သုံး သူများကိုသာ အသင်သည်ကြားသိစေနိုင်မည် ဖြစ်ပေသတည်း၊ ဟု ကုရ်အာန်မှာ ဖော်ပြထားတာကို တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။