မြတ်တမန် နှင့် ကျမ်းကုရ်အာန် (အပိုင်း-၃) မုဖ်သီ ဦးသန်းအောင် (LL.B)

မြတ်တမန် နှင့် ကျမ်းကုရ်အာန် (အပိုင်း-၃)

မုဖ်သီ ဦးသန်းအောင် (LL.B)

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ကျွန်တော်အနေနဲ့ အခုလို ဂျုမုအာဟ်ခွတ္တဗာဟ် ပြောကြားခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘ နှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြုကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားလိုပါတယ်။

ကျွန်တော် ဒီတပါတ် ဆက်လက်တင်ပြသွားမှာကတော့ `မြတ်တမန်နှင့်ကျမ်းကုရ်အာန်´ (အပိုင်း-၃) ခေါင်းစဉ်နဲ့ တင်ပြသွားမှာဖြစ်ပါတယ်။  ကျွန်တော်အပိုင်း-၂ကို တင်ပြတဲ့နေရာမှာ တမန်တော်မြတ် မုဟမ္မဒ် (ဆွ) ဟာ အလ္လာဟ်အရှင်မြတ်ထံတော်က ကျမ်းမြတ်ကုရ်အာန်ထုတ်ပြန်ပို့ချပေးခြင်းခံရတဲ့အခါမှာ သူ့အရပ် သူ့ဒေသ မှာရှိတဲ့ လူတွေနဲ့ နောင်လာနောက်သားတွေ အွမ္မသ်သားမြေးတွေကို ကျမ်းမြတ်ကုရ်အာန်အားဖြင့် ၀ဟီ ထင်ထင် ရှားရှား ပို့ဆောင်ပြီး ဒါဝသ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခါမှာ နားမျက်စိတွေကန်းနေပြီး မိမိရဲ့အတ္တနောမတိကို ရှေ့တန်းတင်တဲ့ လူတွေကိုတော့ သူတို့အမှန်ကို ကြား၊ သိ၊ မြင်တွေ့နေလျက်သားနဲ့ နောက်ဆုတ်ကျောခိုင်း လှည့် ထွက်သွားမယ်ဆိုရင် အဲဒီလိုလူတွေကိုတော့ ကိုယ်တော်ဟာ ကြားသိစေနိုင်ခြင်းမရှိပဲနဲ့ လမ်းညွှန်ပြသနိုင်ခြင်း လဲ မရှိဘဲ၊ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို တိကျစွာလိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့၊ အီမာန် သက်ဝင်ယုံကြည်တဲ့ လူတွေကိုသာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ အမှန်အတိုင်း သိနားလည်သဘောပေါက်စေပြီး လမ်းညွှန် ပြသတော်မူနိုင်မယ်လို့ အလ္လာဟ်က အမိန့်ရှိထားခဲ့ပါတယ်လို့ တင်ပြခဲ့ပြီးဖြစ်ပါတယ်။

တဆက်တည်းမှာဘဲ ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ပို့ချခြင်းခံရတဲ့ တမန်တော်မြတ်(ဆွ)ဟာ အလ္လာဟ် ဥပဒေလမ်းညွှန်ပြဌာန်းချက်ရဲ့ သွန်သင်ဆုံးမမှုကြောင့် လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါမှာ သူဟာ စိတ်နှလုံး ခက်ထန်မာကျောခြင်းမရှိဘဲနဲ့ သိမ်မွေ့နူးညံ့မှုရှိတာကိုလည်း ကျွန်တော်တို့ လေ့လာတွေ့ရှိရမှာဖြစ်ပါတယ်။ ပြီးနောက်သူ့ကို ဘာသင်ပေးသလဲဆိုရင် စိတ်နှလုံးခက်ထန်မာကျောမယ်ဆိုရင် သူ့အနားကနေ လူတွေ အဝေးကို ထွက်သွားလိမ့်မယ်ဆိုပြီးတော့ ကျွန်တော်တို့လည်း ကိုယ်တော်မြတ်ရဲ့ သွန်သင်ဆုံးမမှုကိုကြည့်ပြီး ကျွန်တော်တို့ ဘ၀တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်တိုင် ကိုယ်တော်မြတ်လမ်းစဉ်ကို လိုက်နာကျင့်သုံးတဲ့အနေနဲ့ စိတ်နှလုံးခက်ထန်မာကျော်သူတွေ၊ အပြောအဆို မယဉ်ကျေးတဲ့သူတွေ မဖြစ်ဖို့ ကုရ်အာန်က သွန်သင်ဆုံးမပေး ပါတယ်။

ပြီးတဲ့နောက်မှာ လူတွေနဲ့ပတ်သက်လာရင် အမြဲတမ်းခွင့်လွှတ်ခြင်းတရား လက်ကိုင်ထားပြီးတော့ တနည်းအားဖြင့် နိမ့်ကျတဲ့အချိန်မှာ သည်းခံပြီးတော့ အောင်နိုင်ချိန်မှာ ခွင့်လွှတ်တတ်တဲ့ သူတော်ကောင်းတရား၊ ယောက်ျားမြတ်တွေ၊ မိန်းမမြတ်တွေမှာ ရှိတတ်တဲ့တရားကိုလည်း သင်ပေးတယ်ဆိုတာကို ကျွန်တော်တို့ သိရပါ တယ်။ ယခုဆက်လက်ပြီး ကျွန်တော်တင်ပြသွားမယ့် အပိုင်းတွေမှာ ဘာကိုတွေ့ရသလဲဆိုရင် အလ္လာဟ်အရှင် မြတ်က တမန်တော်မြတ် (ဆွ)ထံကို ကုရ်အာန်ကျမ်း ထုတ်ပြန်ပို့ချ ပေးခဲ့ပါတယ်။ ကျမ်းမြတ်ကုရ်အာန် ထုတ်ပြန်ပို့ချပေးခြင်းခံရတဲ့ ကိုယ်တော်ဟာ အလ္လာဟ့်လမ်းညွှန် မိန့်ကြားချက်နဲ့ နောင်လာနောက်သား၊ သားမြေးတွေ၊ အွမ္မသ်သားတွေ၊ ကမ္ဘာ့လူသားတစ်ရပ်လုံးကို ကျမ်းမြတ် ကုရ်အာန်နဲ့ သွန်သင်ဆုံးမလမ်းညွှန်ပြပြီး သတင်းကောင်းပေးတယ်။ သတိပေးနှိုးဆော်မှုတွေ ပြုတယ်ဆိုတဲ့ အပိုင်းပြီးတဲ့နောက်မှာ အလ္လာဟ်ဥပဒေလမ်းညွှန် ပြဌာန်းချက်ကို လက်တွေ့လိုက်နာကျင့်သုံး၊ အလ္လာဟ်အမှုတော် ထမ်းရွက်တဲ့လူတွေဟာ ဘာတွေ၊ ဘယ်လို လုပ်သလဲဆိုတဲ့အပိုင်းတွေကို ကျွန်တော်ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၈ အာယသ် ၁ မှာ အခုလိုမိန့်တော်မူထားပါတယ်။ ဒီအာယသ်တော်ဟာ များသောအားဖြင့် ကျွန်တော်တို့ ခွတ္တဗာဟ်စတင်တဲ့အခါ အမြဲတမ်းဂုဏ်တော်မွှန်းရင်းနဲ့ ဖတ်လေ့ရှိပါတယ်။ အဓိပ္ပါယ်ကတော့ `ချီးမွမ်းထောပနာမှုအပေါင်းသည် အလ္လာဟ်အရှင်သာ ခံယူထိုက်တော်မူသည်။ ထိုအရှင်မြတ် သည် မိမိ၏အမိန့်နာခံတော် (တမန်တော်မြတ် မုဟမ္မဒ်)ထံသို့ ကျမ်းဂန်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးတော်မူခဲ့ လေသည်။ ထို့ပြင် ထိုကုရ်အာန်ကျမ်းဂန်တွင် မည်သည့်ဝေ့၀ိုက်၊ ကွေ့ကောက်မှုကိုမျှ ပြုလုပ်ပြဌာန်းထားခြင်း အလျင်းမရှိပေ။´

ဒီအာယသ်တော်ရဲ့ အစမှာပါတဲ့ (ဟမ်းဒ်)ဆိုတဲ့ စကားလုံးဟာ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူးတော်တွေ ဟာ ကျွန်တော်တို့အပေါ်မျာ အလွန်အင်မတန်များပြားနေတယ် ဆိုတာကို ကျွန်တော်တို့က အလ္လာဟ်အရှင်မြတ် ကို မချီးမွမ်းရရင် မနေနိုင်လောက်အောင်၊ စကြ၀ဠာ လောကခပ်သိမ်းကို ပြုစုပျိုးထောင်ပြီး အလ္လာဟ်စီမံထားတဲ့ လောကကမ္ဘာမြေမှာ အသက်ရှင်သန်ဖွံ့ဖြိုး၊ ဘ၀တည်ဆောက်ခွင့်ရရှိပြီး၊ အလ္လာဟ်ချီးမြှင့်ထားတဲ့ နေ၊လ၊ နက္ခတ် တာရာ၊ ရေ၊ လေ၊ သစ်တော၊ သယံဇာတတွေနဲ့ အောက်စီဂျင်အပါအ၀င် လူသားတွေ အသက်ရှင်သန်ရပ်တည် နေနိုင်ဖို့အတွက် အလ္လာဟ်အရှင်မြတ်က လူသားတွေတောင့်တခြင်းမရှိခင် အချိန်ကတည်းက အဆင်သင့်ပြုလုပ် စီရင်ထားခြင်းဆိုတာကို ကျွန်တော်တို့ကိုယ်၊ နှုတ်၊ နှလုံးသုံးပါးစလုံးနဲ့ သိနားလည်သဘောပေါက်ပြီး အလ္လာဟ် ကို (ဟမ်ဒ်)လုပ်ခြင်း၊ `အလ်ဟမ္မဒုလိလ္လာဟ်´လို့ ပြောကြခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ဒါကို အနည်းဆုံးဘယ်အချိန်မှာ ရွတ်ဖတ်ကြသလဲဆိုရင် အစားအသောက်စားသုံးပြီး သွားတဲ့အခါမျိုးမှာတော့ ဖတ်ရွတ်လေ့ရှိကြပါတယ်။ ပိုပြီးအသေးစိတ် သိချင်တယ်ဆိုရင်တော့ ဒီ (ဟမ်ဒ်)နဲ့ ပတ်သက်တဲ့ ရှင်းလင်းထားချက်များကို ဆရာ မုဖ်သီဦးမြတ်သူ ပြုစုထားတဲ့ ကျမ်းမြတ်ကုရ်အာန် (စူရာဟ် ဖှာသိ ဟာဟ်)အဖွင့်နိဒါန်းဆိုတဲ့ စာအုပ်ကို လေ့လာမယ်ဆိုရင်တော့ ပိုပြီးအသေးစိတ်ရှင်းလင်းထားမှုများကို သိနိုင်ပါ လိမ့်မယ်။ `အလ်ဟမ္မ်ဒုလိလ္လာဟ်´ အလ္လာဟ်ရဲ့ကျေးဇူးတော်တွေ မြောက်များစွာ၊ ချီးမွမ်းခြင်းခံထိုက်တဲ့ အကြောင်းအရင်းတွေ မြောက်များစွာထဲက၊ အလ္လာဟ်အရှင်မြတ်ကို အလွန်အင်မတန်ချီးမွမ်းသင့်တဲ့အချက် နောက်တစ်ခုက ဘာလဲဆိုရင် `အလ်လဇီး အန်ဇလ အလာ အဗ်ဒိဟီလ်ကိသာဗ်´ အဲဒီအရှင်မြတ်ကဘဲ သူ့ရဲ့ (အဗ်္ဗ) တနည်း သူ့ရဲ့အမှုတော်ထမ်း၊ သူ့ရဲ့အမိန့်နာခံတော် တနည်းအားဖြင့် ဒီနေရာမှာ ပြောနေတဲ့(အဗ်္ဗ)ဆိုတာဟာ တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ပြောတာပါ။ တမန်တော်မြတ်အပေါ်ကို ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချ ပေးခဲ့တဲ့အတွက် ချီးမွမ်းခြင်းလည်းဖြစ်ပါတယ်။

ဒါဆိုရင် ကျွန်တော်တို့ အလ်ဟမ္မဒုလိလ္လာဟ် ရွတ်ဆိုတာဟာ အစာစားပြီးဆိုတဲ့အပြင် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ရဲ့ အွမ္မသ်သားမြေးတွေဖြစ်ခြင်းဟာလည်း ကျွန်တော်တို့ အလ္လာဟ်ကို မချီးမွမ်းရင် မဖြစ်လောက် အောင် ချီးမွမ်းခြင်းပြုဖို့ တာဝန်ပိုလာပါတယ်။ နောက်တခါ တမန်တော်မြတ် (ဆွ)နဲ့အတူ ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခဲ့ခြင်းဟာလည်း ကျွန်တော်တို့ မချီးမွမ်းရရင် မနေနိုင်လောက်အောင် ချီးမွမ်းခြင်းပြုဖို့အတွက် `အလ်ဟမ္မဒ်ဒုလိလ္လာဟ်´လို့ အလ္လာဟ်ကဘဲ ပြန်ပြီးသင်ပေးပါတယ်။ အလ္လာဟ်အရှင်မြတ်ဟာ တမန်တော်မြတ် (ဆွ)ထံကို ကျမ်းတော်မြတ်ကုရ်အာန်ထုတ်ပြန်ပို့ချပေးခဲ့တော်မူခြင်းဟာ အလ္လာဟ်ကိုကျွန်တော်တို့ ချီးမွမ်းမှုပြုဖို့ အင်မတန်ထိုက်တန်တယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ထပ်ပြီးရှင်းပြပါတယ်။ `၀လမ်ယဂ်ျအလ်လဟု အိဝဂျာ´

ဒီကျမ်းမြတ်ကုရ်အာန်ရဲ့ အစ၊ အလယ်၊ အဆုံးမှာ မည်သည့်ဝေ့၀ိုက်၊ ကွေ့ကောက်မှုမှမပါပါဘူး။ တနည်း အားဖြင့် အရေးအသားပြောပြော၊ အဖွဲ့အနွဲ့ဆိုဆို ရှေ့နောက်ညီညွတ်မှု စကားလုံးအသုံးအနှုန်းတိကျခိုင်မာ ပြတ်သားမှု၊ ထိရောက်လေးနက်မှု၊ ရှင်းလင်းလွယ်ကူမှု၊ လိုက်နာကျင့်သုံးဖို့အတွက် အကောင်အထည်ဖော်ဖို့ ဖြစ်နိုင်တဲ့အကြောင်းအရာတွေကိုသာ ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားပြီး၊ ဖြောင့်မတ်မှန်ကန်ပြီး အတိုဆုံးနဲ့ အမြန်ဆုံးပန်းတိုင်ကိုရောက်ဖို့ လမ်းကြောင်းကို အလ္လာဟ်အရှင်မြတ်က ဒီကျမ်းမှာ လမ်းညွှန်ဖော်ပြထားတဲ့ အတွက်လည်း (အလ်ဟမ်ဒုလိလ္လာဟ်) အလ္လာဟ်အရှင်မြတ်သည် ချီးမွမ်းခြင်းအလုံးစုံကို ခံထိုက်တော်မူတယ်လို့ ဖော်ပြထားပါ တယ်။

နောက်ထပ်ပြီး ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၃၉ အာယသ် အမှတ် ၂၈ မှာ ဖွင့်ဆိုထားတာက `လူသားတို့ အလ္လာဟ်အရှင်မြတ်ကို မမေ့မလျော့ သတိဖြင့်ဆင်ခြင်ပြီး မြတ်သောအကျင့် အမိန့်တော်ကို တိကျစွာ လိုက်နာကျင့်သုံးနိုင်ကြစေရေးအတွက် (အလ္လာဟ်အရှင်မြတ်က) စကားအသုံးအနှုန်း၊ အဖွဲ့အနွဲ့ အလွန်ကောင်းပြီး ရိုးရှင်းလွယ်ကူ ထိမိပေါ်လွင် ထင်ရှားသော၊ အကွေ့အကောက် ကင်းစင်သောကုရ်အာန် ကျမ်းတော်မြတ်အဖြစ် (ထုတ်ပြန်ပို့ချပေးတော်မူခဲ့သည်။)´ (၃၉း၂၈)

စောစောကပြောခဲ့တဲ့ အကွေ့အကောက်၊ အဝေ့အ၀ိုက်မရှိပဲနဲ့ ဖြောင့်မတ်မှန်ကန်တဲ့လမ်းစဉ်ကို အတိုဆုံး၊ အထိမိဆုံး၊ အလွယ်ကူဆုံး၊ အမြန်ဆုံးနဲ့ ရောက်သွားစေမယ်။ အမြင့်မားဆုံးသော စံနှုန်းဆီကို လျှောက်လှမ်းဖို့ လွယ်ကူစေတဲ့ လမ်းစဉ်ဆီကို ဖွင့်ဆိုနေတဲ့ ကျမ်းတော်မြတ်ကုရ်အာန်ဟာ (ကုရ်အားနန် အရဗီယန် ဂိုင်ရဇီ အိဝဂျာ) အဲဒီကျမ်းမြတ်ကုရ်အာန်ဟာ လူသားတွေ အလ္လာဟ်အရှင်မြတ်ကို မမေ့မလျော့သော သတိဖြင့်၊ ဆင်ခြင်အောက် မေ့သတိရပြီး၊ မြတ်သောအကျင့် ကျင့်တဲ့သူတွေဖြစ်လာစေရန်နှင့် အလ္လာဟ်အမိန့်တော်ကို တိကျစွာလိုက်နာ ကျင့်သုံးအကောင်အထည်ဖော်နိုင်စေရေးအတွက် အလ္လာဟ်အရှင်မြတ်က စကားလုံးအသုံးအနှုန်း၊ အဖွဲ့အနွဲ့အလွန် ကောင်းပြီး ရိုးရှင်းလွယ်ကူ၊ ထိမိ၊ ပေါ်လွင်ထင်ရှားသော၊ အကွေ့အကောက်ကင်းစင်သော ကုရ်အာန်ကျမ်းမြတ် အဖြစ်ထုတ်ပြန်ပို့ချပေးလိုက်ပါတယ်လို့ ဖော်ပြထားပါတယ်။

ရှေ့ကစူရာဟ် ၁၈ အာယသ် အမှတ် ၁ မှာ ကျမ်းမြတ်ကုရ်အာန်ကို အလ်ကိသားဗ်လို့ သုံးပြီးတော့ စူရာဟ် ၃၉ အာယသ် ၂၈ မှာ ကုရ်အာန်ဆိုပြီး ပြန်သုံးပြပါတယ်။ နောက် စူရာဟ် ၂၅း၁ မှာ `သဗာရကလ် လဇီး နဇ္ဇလာလ် ဖုရ်ကာန်´ ဆိုပြီး ဖုရ်ကာန်လို့ သုံးနှုန်းထားပါတယ်။ ဖုရ်ကာန်ရဲ့အဓိပ္ပါယ်က မှတ်ကျောက်၊ မှတ်ကျောက် ဆိုတာ ရွှေစစ်၏ မစစ်၏ စစ်ရင်လည်း အရည်အသွေးဘယ်လောက်ရှိလဲ။ စစ်မှန်တဲ့ ပစ္စည်းဖြစ်ကြောင်း မှတ် ကျောက်တင်ခံရဲတယ်လို့ ကျွန်တော်တို့ပြောကြတယ်။ ကွန်ပျူတာအသုံးပြုနေတဲ့လူတွေ ပိုသိကြမှာပါ။ Varify လုပ်တယ်ဆိုတာမျိုးပေါ့။

ကျမ်းမြတ်ကုရ်အာန်ကလည်း သူ့ကိုယ်သူမှတ်ကျောက်လို့ ပြောတယ်။ စ၊ လယ်၊ ဆုံး၊ ရှေ့၊ လယ်၊ နောက် ကြိုက်တဲ့ နေရာကဖောက်ပြီး ကြိုက်သလိုစစ်ကြည့်လိုက် မှတ်ကျောက်တင်ခံရဲတယ်။ သူ့မှာ အကွေ့အကောက်၊ အဝေ့အ၀ိုက်၊ မှားယွင်းမှုတွေ၊ တနေရာမှာ လုပ်ပါလို့ပြောပြီး၊ တနေရာမှာ မလုပ်ပါနဲ့လို့ပြောတာတွေ မရှိဘူး။ ဘယ်ဟာအမှန်လဲ၊ ဘယ်ဟာအမှားလဲ။ ဘယ်ဟာ သစ္စာတရားလဲ၊ ဘယ်ဟာ မိစ္ဆာအမှားလဲ။ ဘယ်ဟာ အဓမ္မလဲ။ ဘယ်ဟာ ဓမ္မလဲ။ အဲဒီလို ကိစ္စရပ်တွေကို ရှင်းလင်းထင်ပေါ်စေတဲ့ မှတ်ကျောက်ဖြစ်တယ်။ စူရာဟ် ၂၅း၁ မှာ ပြောထားတာက

`တမန်တော်မြတ် မုဟမ္မဒ်(ဆွ) သည် စကြ၀ဠာလောကခပ်သိမ်းရှိ လူသားခပ်သိမ်းတို့အတွက် သတိပေး နှိုးဆော်သူ အသေအချာဖြစ်စေရေးအလို့ငှာ မိမိ၏(အမိန့်နာခံတော်) အမှုတော်ထမ်းရွက်သူအပေါ်သို့ အမှားနှင့် အမှန် ဝေဖန်ပိုင်းခြားနိုင်သော မှတ်ကျောက်ကုရ်အာန်ကို အလီလီထုတ်ပြန်ပို့ချပေးတော်မူခဲ့သော အရှင်မြတ်သည် ကောင်းခြင်း မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်ဖြစ်ပါသည်။´ (၂၅း၁)

ဒီအာယသ်မှာ မှတ်ကျောက်ကုရ်အာန်ဆိုပြီး သုံးထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ပြီးတော့ `အလာ အဗ္ဗ ဒေဟီ´ အလ္လာဟ့်အမှုတော်ထမ်းရွက်သူ ဆိုပြီး တမန်တော်မြတ်မုဟမ္မဒ်(ဆွ)ကို ရည်ညွှန်းထားပါတယ်။ တမန် တော်မြတ်ဟာ စကြ၀ဠာလောကခပ်သိမ်းရှိ လူသားခပ်သိမ်းအတွက် (ကျမ်းတော်မြတ်ကုရ်အာန်မှ တွေ့ရှိချက်တွေ ကို ကျွန်တော်တို့တင်ပြနေခြင်းမှာ ကျမ်းမြတ်ကုရ်အာန်မှာလည်း ကိုယ်တော်မြတ်နဲ့ပတ်သက်ပြီး သတိပေးနှိုး ဆော်တယ်။ သတင်းကောင်းပေးတယ်လို့ ပြောရင် လူသားခပ်သိမ်း၊ လူသားခပ်သိမ်းအတွက် ခေတ်ကာလ အသီးသီး တနည်းအားဖြင့် ကိုယ်တော်မြတ်ပွင့်ပေါ်တဲ့အချိန်ကနေ ဟိုးကေယာမသ်ဆိုတဲ့အခါကာလအထိ တိုးပွား မွေးမြူပေါ်ပေါက်လာမယ့် လူသားအားလုံးကို ကိုယ်တော်မြတ်ဟာ နဗီရစူလ်တမန်တော်တာဝန်ကို ထမ်းရွက်လျက်) ကျမ်းမြတ်ကုရ်အာန်နဲ့ သွန်သင်ဆုံးမနေတယ်လို့ ပြောခြင်းဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့နားလည် သဘော ပေါက်စွဲမြဲစွာ ယုံကြည်ထားဖို့လိုပါတယ်။

အဲဒီလို ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးခဲ့တဲ့ အလ္လာဟ်အရှင်မြတ်က ဘရ်ကသ်ကောင်းချီး မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်ပါတယ်။ သေသေချာချာကြည့်မယ်ဆိုရင် အသိဥာဏ် ဆင်ခြင်တုံ တရားအသုံးမပြုတဲ့ ဂျာဟီလ်တွေ၊ ဥာဏ်စဉ်နိမ့်ပါး၊ အမြင်ချို့ယွင်း၊ နားရှိပါလျက်မကြား၊ မျက်စိရှိပါလျက် မမြင်၊ ဦးနှောက်ရှိပါလျက် အသိဥာဏ်ဆင်ခြင်တုံတရားရှိပါလျက်နဲ့ စဉ်းစားဆင်ခြင်တွေးခေါ် မြော်မြင်ခြင်းမရှိ၊ မသိမှု နယ်ပယ်မှာ ကျင်လည်ကျက်စားရင်းနဲ့ အမှောင်ဝဲသြဂထဲမှာ တ၀ဲလည်လည်ဖြစ်ကာ ဘယ်လမ်းလိုက်လို့ ဘယ်လမ်းလျှောက်ရမှန်းမသိပဲ၊ မိမိတို့ရဲ့ အတ္တနောမတိရဲ့ စေခိုင်းရာနောက်ကို လိုက်နေတဲ့ လူမိုက်တွေ၊ နောက် ဆုတ်ကျောခိုင်းလှည့်ထွက်သွားတဲ့ သူတွေဟာတကယ်တော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အရှိတရား၊ အသိတရား၊ သတိပေးတရားကို နားလည်သဘောပေါက်ပြီး လိုက်နာကျင့်သုံးရမယ့်အစား သူတို့အတ္တစိတ်ဆန္ဒရဲ့ ခိုင်းစေမှု နောက် လိုက်နာကြတာတွေ့ရပါတယ်။ အဲဒီအထဲ ကျွန်တော်တို့ မပါဖို့လိုပါမယ်။

ဘယ်လို လူတွေကပဲ ဒီကျမ်းမြတ်ကုရ်အာန်ကို လိုက်နာကျင့်သုံးသဘောပေါက် အကောင်အထည်ဖော် နိုင်မလဲ၊ ဘယ်လိုလူတွေကိုပဲ ကိုယ်တော်မြတ်(ဆွ)ကို သတိပေးနှိုးဆော်လို့ ရမှာလဲဆိုတာ ကျမ်းမြတ်ကုရ်အာန်မှာ ကျွန်တော်တို့အလွတ်နီးပါးရနေတဲ့ စူရာဟ်သွလ်ယာစီးန် (စူရာဟ် ၃၆)မှာပါ ပါတယ်။

တချို့စောစောကပြောတဲ့ လူမိုက်တွေဟာ `၀ဆ၀ါအွန်းန် အလိုင်းဟင်းမ် အအန်ဇရ်သဟွန်းမ် အမ်လန်မ် သွန်ဇိရ်ဟူမ် လာယုအ်မေနူန်း´ (၃၆း၁၀) အဲဒီလူတွေကို အသိခေါက်ခက် အ၀င်နက်ပြီး၊ မိုက်တွင်းနက်နေတဲ့ လူမိုက်၊ လူ့ဗာလ၊ လူ့အန္ဓတွေ၊ အမှောင်ဝဲသြဃထဲမှာပဲ ပျော်မွေ့ပြီး ဖြစ်ချင်တာဖြစ်ဆိုပြီး နေနေကြတဲ့ လူတွေကို (၀ဆ၀ါအွန်းန် အလိုင်းဟင်းမ်)အဲဒီလူတွေအပေါ်မှာ အသင်(တမန်တော်) (အန်ဇရ်သဟွန်းမ်) သူတို့ကို သတိပေး နှိုးဆော်မှုပြုခဲ့သည် ဖြစ်ပါစေ၊ (အမ်လန်မ် သွန်န်ဇိရ်ဟူမ်) အသင်သတိပေးနှိုးဆော်မှု မပြုသည်ဖြစ်ပါစေ၊ (လာယုအ် မေနူးန်) အဲဒီလူတွေဟာ ယုံကြည်သက်ဝင်မှုပြုလာမှာ မဟုတ်ဘူး။

ဒီအာယသ်အရ ကျွန်တော်တို့လည်း သင်ခန်းစာတစ်ခုရပါတယ်။ ကျွန်တော်တို့ကလည်း ဒီလူမိုက်၊ လူ့ဗာလတွေ တချိန်ချိန်တော့ အသိတရား၊ သတိတရား ရနိုင်ကောင်းပါရဲ့လို့ ထင်ပြီးတော့ အဲဒီလူမိုက်၊ လူ့ဗာလ တွေနဲ့ ကျွန်တော်တို့ကသွားပြီး အခြေအတင်၊ ငြင်းခုံပြောဆိုနေရင် တချို့ကိစ္စတွေမှာ သိပ်အတွင်းကြီးကို ပြောလိုက်တဲ့အချိန်ကျရင် အမုန်းတရားပွားသွားတာပဲရှိတယ်။ ကျွန်တော်တို့မှာက ဗြဟ္မစိုရ်တရားလေးပါးကိုလည်း ကိုင်တွယ်ထားတတ်ဖို့ လိုပါတယ်။ မေတ္တာတွေ၊ ကရုဏာတွေ၊ မုဒိတာတွေနဲ့ဘယ်လောက်ပဲလုပ်လုပ်၊ မရတော့တဲ့ လူကိုတော့ ဥပက္ခာပြုရတယ်။ ကုရ်အာန်ကလည်း သင်ပေးတယ်။ ပြောလို့မရရင် လစ်လျူရှုထား၊ ဥပေက္ခာပြုလိုက် ပါတယ်။ တမန်တော်မြတ် (ဆွ)တောင် ဘယ်လိုလူတွေကိုပဲ နာဇိလ် လုပ်လို့ရလဲ။ စူရာဟ် ၃၆း၁၁ မှာ

`အနန္တမဟာကရုဏာတော်ရှင် (လူသားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းထောက်ပံ့ချီးမြှင့်ပေးသော အရှင်)ကို အကွယ်မှာပင် ကြောက်ရွံ့ရိုသေပြီး အလ္လာဟ်လမ်းညွှန်ပြဌာန်းချက် သတိတရား၊ အသိတရား၊ တရား အသိရစရာ ကုရ်အာန်ကို ဘ၀သက်တမ်းတလျှောက်၊ ဖ၀ါးခြေထပ် လက်တွေ့လိုက်နာ ကျင့်သုံးသူကိုသာလျှင် အသင်တမန်တော် သတိပေးနှိုးဆော်မှုပြုလျက်ရှိနေပေသည်။ ထို့ကြောင့် အသင်သည် ထိုလူသားအား လုံခြုံဘေး ကင်းမှုနှင့် မြင့်မြတ်လှသော အကျိုးတရားရလာဒ်နှင့် ပတ်သက်၍၀မ်းမြောက်ဖွယ် သတင်းကောင်းပေးလိုက်ပါ လေ။´(၃၆း၁၁)

ဒီအာယသ်မှာက ကျမ်းမြတ်ကုရ်အာန်ကို အလ်ဇိက္ကရုလို့ သုံးပါတယ်။ စောစောက (အလ်ကိသားဗ်) (အလ်ကုရ်အာန်)(အလ်ဖုရ်ကာန်)လို့ သုံးခဲ့ပါတယ်။ ဒီအာယသ်မှာပါတဲ့ ရဟ်မာန်ကို ကျွန်တော်တို့ အများနားလည် တာက (အလွန်တရာ သနားကြင်နာတော်မူ၍ မဟာကရုဏာတော်ရှင်ဖြစ်တော်မူသော) ကရုဏာတရား လောက်ကိုပဲ ကျွန်တော်တို့က သဘောပေါက်တယ်။ ရဟ်မာန်ရဲ့မူလစကားလုံးက ဖော်ပြထားတဲ့ အခြေအနေကို ပြောမယ်ဆိုရင် လူသားဟာ သူ့မှာလိုအပ်ချက်ရှိတဲ့ဟာကို လိုအပ်ချက်ရှိကြောင်း မသိသေးခင်ကတည်းက အဲဒီ လူသားတွေရဲ့ လိုအပ်ချက်ကို အလ္လာဟ်အရှင်မြတ်ကသိပြီး ကြိုတင်ဖြည့်တင်း၊ ထောက်ပံ့၊ ချီးမြှင့်ထားတဲ့စကား လုံးကို ကျမ်းမြတ်ကုရ်အာန်ရဲ့ အသုံးအရ အရ်ရဟ်မာန်လို့ ခေါ်ပါတယ်။

လိုအပ်ချက်တွေရှိတာကို လိုအပ်ချက်ရှိမှန်းမသိခင်ကတည်းက လိုအပ်ချက်အ၀၀ကို ဖြည့်တင်းထောက်ပံ့ ပေးတော်မူသောအရှင်လို့ ပြောရင်လည်းမမှားပါဘူး။ အဲဒီလိုအပ်ချက်တွေကို ဖြည့်တင်းထောက်ပံ့ပေးတဲ့ အရှင်ရဲ့ ကျေးဇူးတော်တွေကို သိနားလည်သဘောပေါက်ပြီး အဲဒီအရှင်ကို အကွယ်မှာရှိတာသိလျက်နဲ့ အကွယ်ကနေ တောင် ကြောက်ရွံ့ရိုသေပြီး၊ အလ္လာဟ်ကို ကြောက်တယ်ဆိုပြီး ပြောတာဟာ ကျွန်တော်တို့ပြောနေတဲ့ စကားနဲ့ မရောသွားဖို့လိုပါတယ်။ အလ္လာဟ်ကို ကျွန်တော်တို့ကြောက်တယ်ဆိုတာဟာ တစုံတရာသော ဒုက္ခဆင်းရဲဘေး အန္တရာယ်ကို ပေးမယ့်အရှင်ကြီး၊ ပုဂ္ဂိုလ်ကြီးမို့လို့ ကြောက်ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရဟ်မာန်အရှင် အလ္လာဟ်ကို ကြောက်တယ်ဆိုတာအဲဒီအလ္လာဟ့်ဥပဒေ သတ်မှတ်လမ်းညွှန်ပြဌာန်းထားတဲ့ ပြဌာန်းချက်(ကုရ်အာန်) ကို ဆန့်ကျင်သွေဖည်ဖောက်ဖျက်ရမှာကို ရှက်တာ၊ ကြောက်တာကို ပြောတာပါ။ အလ္လာဟ့်အမိန့်ကို ဖောက်ဖျက် လိုက်ရမှာကို ကြောက်ရွံ့ခြင်းကို ပြောခြင်းဖြစ်ပါတယ်။

အဲဒီလို အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို ကြောက်ရွံ့ရိုသေပြီးတော့ အသိတရား၊ သတိတရား၊ တရားအသိရစေရန် ကုရ်အာန်ကို ဘ၀သက်တမ်းတလျှောက် ထက်ကြပ်မကွာ၊ ဖ၀ါးခြေထပ် လိုက်နာကျင့်သုံးသူ တွေကိုသာလျှင် အသင်(တမန်တော်)သတိပေး နှိုးဆော်လို့ရမှာဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီလို သတိပေးနှိုးဆော်မှုကို ခံယူပြီး လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်တဲ့လူတွေအတွက် အလ္လာဟ် အရှင်မြတ်က မင်္ဂလာသတင်းကောင်းကို ကိုယ်တော်မြတ်(ဆွ) အခုလိုပြောခိုင်းပါတယ်။

(ဖဘရှ်ရှီးရ်ဟု) တစ်ဦးချင်း၊ တစ်ဦးချင်း၊ မည်သူမဆို၊ လူ့အဖွဲ့အစည်းဝင်တွေထဲက အလ္လာဟ်ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို အကွယ်မှာရှိတာကို သိလျက်နဲ့၊ လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်တဲ့ သူတွေကို (ဘေမဂ်ဖိရ သင်းန်ဝ် ၀အဂ်ျရင်းန်ကရင်းမ်) မဂ္ဂဖိရသ် ခွင့်လွှတ်ချမ်းသာ၊ လုံခြုံအေးချမ်းမှုကို ဖြစ်စေ တယ်။ ပြီးတော့ အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို မလိုက်နာခင်တုန်းက နေချင်သလိုနေ၊ ထိုင်ချင်သလို ထိုင်၊ ဖြစ်ချင်သလိုဖြစ်ဆိုတဲ့၊ အနေအထားကနေ ပြုပြင်တည့်မတ်ပြီးတော့ အလ္လာဟ့်ဥပဒေလမ်းညွှန်ပြဌာန်းချက်နဲ့ အညီ ဆောင်ရွက်လိုက်တဲ့အတွက် မူလပထမ ကျူးလွန်လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ပြစ်မှုဒုစရိုက်တွေဟာ ရပ်တန့် သွားပါတယ်။ တနည်းအားဖြင့် အဇားဗ်က ရပ်သွားပါတယ်။ အဇားဗ်က ရပ်သွားပြီး အလ္လာဟ်အမှုတော်ထမ်း လုပ်ကိုင်ဆောင်ရွက်လိုက်တဲ့အတွက် အလ္လာဟ်ချီးမြှင့်ပေးတဲ့ မဂ္ဂဖေရသ်ဆိုတဲ့ လုံခြုံအေးချမ်းမှုကို ရသွားတဲ့ အခွင့်အလမ်းကို အလ္လာဟ်ကချီးမြှင့်ပေးခြင်းဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အင်မတန်မြင့်မြတ်တဲ့ ကောင်းကျိုးချမ်း သာ တုန့်ပြန်မှုရလာဒ်၊ အကျိုးသက်ရောက်မှုလည်း အသေအခြာရှိတယ်။ အဲဒီမင်္ဂလာသတင်းစကားကို ပါးလိုက် ပါလို့ တမန်တော်မြတ်(ဆွ)ကို အသိပေးခြင်းဖြစ်ပါတယ်။

တနည်းအားဖြင့် လွယ်လွယ်လေး စဉ်းစားရင် ကျမ်းတော်မြတ်ကုရ်အာန်ကို လက်တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ခြင်းဖြင့် ကျွန်တော်တို့ဟာ ယခင်တုန်းက မှားယွင်းချွတ်ချော်မှုကြောင့် အပြစ်(အဇာဗ်)ဟာ ရပ်တန့်ခြင်းခံရပြီး အလ္လာဟ်ချီးမြှင့်တဲ့ကောင်းကျိုးဝေဖြာ ကျွန်တော်တို့စကားနဲ့ပြောရရင် `ကုသိုလ်´တွေ အများ ကြီးရမယ်ပေါ့။ အမှန်ကတော့ ကုသိုလ်၊ အကုသိုလ်က အဓိကမဟုတ်ပါဘူး။ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေနပ်နှစ် သက်သဘောတူမှုကသာလျှင် အဓိကဖြစ်ပါတယ်။

အဲဒီ အလ္လာဟ်အမှုတော်ထမ်းရွက်တဲ့ (အေဗာဒုရ် ရဟ်မာန်)၊ ကျွန်တော်တို့က ပထမတုန်းက ကျမ်းမြတ် ကုရ်အာန်ဟာ အရေးအကြီးဆုံးပဲ။ ကျမ်းမြတ်ကုရ်အာန်မှာ အသေးစိတ် အကြောင်းတွေလည်းပါတယ်။ ဟိုဟာ လည်းပါတယ်။ ဒီဟာလည်းပါတယ်။ အခု ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် ပြန်ပြီးပြောင်းလိုက်တာရှိတယ်။ ကုရ်အာန် ကောင်းတယ်။ ကိုယ်တော်မြတ်(ဆွ) မိန့်တော်မူခဲ့တယ်။ ကုရ်အာန်မှာ အိဗာဒ်ဆိုတဲ့စကားလုံးပါတယ်။ အိဗာဒ်ဆိုတဲ့စကားလုံးက အဗ္ဗဒွန်ဆိုတဲ့ စကားလုံးကနေလာတာ။ အဲဒီမှာ ဘာသာပြန်ရိုးရိုးကို သွားကြည့်ရင် `ကျွန်´လို့ ပြန်ထားတာကို တွေ့ရပါမယ်။ စကားလုံးအားဖြင့် ကျွန် ဆိုတာက အစ္စလာမ်က ကျွန်စနစ်ကို တားမြစ် ပါတယ်လို့ပြောတယ်။ အမေရိကလို နိုင်ငံမှာတောင် ကျွန်စနစ်ပပျောက်သွားတာ မကြာသေးဘူး။ အခုထိရော ပပျောက်သွားပြီလား။

စကားလုံးအားဖြင့် ကျွန်ဆိုတာကိုသာ လူတွေကမကြိုက်တာ။ ကျွန်တော်တို့ ကိုယ်တိုင်ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ဆန်းစစ်ဖို့လိုတယ်။ ကိုယ့်ရဲ့လက်အောက်ငယ်သားတွေကို ကျွန်တော်တို့ ဘယ်လိုဆက်ဆံ ကြပါသလဲ။ ၀န်ထမ်းလိုဆက်ဆံလား။ ကျွန်လိုဆက်ဆံလား။ ခွတ္တဗာဟ်မှာ ပြောရတာတော့ သိပ်မကောင်းဘူး။ ကျွန်တော်တို့ ရုပ်ရှင်ကြည့်ရင် ပိုပြီးထင်ရှားပါတယ်။ မင်းသမီးက စိန်နားကပ်၊ ရွှေလက်ကောက်တွေဝတ်ပြီး ဆိုဖာ အကောင်းစားပေါ်မှာ ထိုင်နေ၊ တောသူမ အသားဖြူဖြူ အ၀တ်ခပ်နွမ်းနွမ်းနဲ့ အိမ်ကြီးရှင်ယောက်ျား သို့မဟုတ် သားရဲ့ခြေတော်တင်ခံရမယ့် ကျွန်အဖြစ်ကြမ်းခင်းပေါ် ဒူးတုတ်ထိုင်ခါးညွှတ်ထားတဲ့ ပုံစံမျိုးဟာ ကျွန်နဲ့သခင် ပြယုဂ် မဟုတ်ဘူးလား။ ကျွန်တော်တို့က ကျွန် ဆိုတဲ့ စကားလုံးကိုတော့ မုန်းသလား မပြောနဲ့။ ဒါပေမယ့် လူတွေကို ကိုယ့်လက်အောက်ငယ်သားတွေကို ကျွန်လိုပြုမူဆက်ဆံနေရင် ကျွန်စနစ်ကို အားပေးနေတာနဲ့ အတူတူပေါ့။

ကုရ်အာန်မှာ ကျွန်လို့ပြောထားတယ်လို့ဆိုပေမယ့် အဲဒီခေတ် အဲဒီအခါက ကျွန်လို့ပြောရင် အားလုံး နားလည်လွယ်တော့ ကျွန်လို့ရေးခြင်းဖြစ်ပါတယ်။ အခု ဒီဘက်ခေတ်ကို ရောက်လာတော့ အနီးစပ်ဆုံးဖြစ်အောင် အမှုတော်ထမ်းလို့ ပြောင်းလိုက်တာပေါ့။ နောက်တချိန်မှာ နောက်တစ်ယောက်က ဖွဲ့နွဲ့လိုက်လို့ ဒီ အဗ္ဗဒွန်ဆိုတဲ့ ဝေါဟာရဟာ နာခံတော်လို့ပြောင်းမလား။ ဒါမှမဟုတ် မြန်မာစကားလုံးဘယ်လို ပြောင်းမလဲ။ သင့်မြတ်တဲ့ ဝေါဟာရ ပြောင်းမှာပေါ့။ အခုတော့ ကျွန်တော်က အီဘာဒု ရဟ်မာန်ကို ကရုဏာတော်ရှင်အလ္လာဟ်၏ အမှုတော် ထမ်းရွက်သူများလို့ ပြန်ပါ့မယ်။

ကျွန်တော်ဆက်လက်တင်ပြမယ့် အာယသ်တွေကို သေသေချာချာကြည့်ရင် စောစောက အလ္လာဟ့်အမှု တော်ထမ်းရွက်တဲ့ တမန်တော်မြတ်(ဆွ)ထံကို အလ္လာဟ်ကကုရ်အာန်ကို ထုတ်ပြန်ပို့ချပေးလိုက်တယ်။ အဲဒီအခါမှာ လက်တွေ့လိုက်နာကျင့်သုံးပြီး ဘ၀တည်ဆောက်မယ်လို့ ပြောတဲ့လူတွေကို တမန်တော်မြတ်က ကုရ်အာန်နဲ့ သွန်သင်ဆုံးမတယ်။ သတိပေးနှိုးဆော်တယ်။ အဲဒီကနေတဆင့် အလ္လာဟ်အမိန့်ကို လက်တွေ့လိုက်နာကျင့်သုံး ရင်းနဲ့ အခု ကျွန်တော်တင်ပြမယ့် အိဘာဒိရဟ်မာန်ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့လုပ်ကိုင်ဆောင်ရွက်ချက်တွေကိုကြည့်ရင် ကျွန်တော်တို့ဒီကနေ့ တော်တော်ခေတ်စားနေတဲ့ Leadership skill တွေဆိုတာ တွေ့လာပါလိမ့်မယ်။ ကျမ်းမြတ် ကုရ်အာန် စူရာဟ ၂၅း၃၆ မှာ

`အနန္တမဟာကရုဏာတော်ရှင်၏ အမှုတော်ထမ်းရွက်ကြသူနာခံတော်များသည် ဤသူများပင်။ ၎င်းတို့ သည် ကမ္ဘာမြေပြင်တွင် ကျိုးနွံ၊ နှိမ့်ချ၊ သိက္ခာရှိစွာ ဘ၀ခရီးလျှောက်လှမ်းကြလေသည်။´ ဒီအာယသ်မှာ ယမ်ရှီ ဆိုတဲ့စကားလုံး အများကိန်းအရ (ယမ်ရှူး)ဆိုပြီး လမ်းလျှောက်တာကစပြီး ဖော်ပြတယ်။ အဲဒီမှာ ဘာတွေ့ရလဲ ဆိုတော့ အပြောအဆို၊ အပြုအမူ၊ အလုပ်အကိုင်၊ အသွားအလာ၊ ဘ၀နေနည်းအရ လူခပ်သိမ်းတို့နှင့် ဆက်ဆံတဲ့ အခါမှာ နူးညံ့သိမ်မွေ့၊ ဣနြေ္ဒသိက္ခာရှိ၊ ဂုဏ်သိက္ခာရှိ ရိုးသားဖြောင့်မတ်တည်ကြည်တာကို တွေ့ရပါတယ်။ အဲဒီ လူတွေဟာ မောက်မာပလွှား၊ ကြွားဝါ၊ ရိုင်းစိုင်းမှုလုံးဝမပြုကြပါဘူး။

ဒီအာယသ်မှာဖော်ပြထားတဲ့အပြင် ကျမ်းမြတ်ကုရ်အာန် စူရာဟ် ဘနီအစ္စရာအီလ်(စူရာ ၁၇)မှာလည်း ဒီလိုမျိုး လျှောက်လှမ်းတဲ့အခါမှာ အလယ်အလတ် လျှောက်လှမ်းပါလို့ဖော်ပြပါတယ်။ တချို့ကရှိတယ်လေ။ ကိုယ့် ပတ်ဝန်းကျင်က ငွေကြေးချမ်းသာတဲ့ လူတွေကိုမြင်ရင် အဲဒီလူတွေထက် အမြန်ချမ်းသာချင်တဲ့ရောဂါ သူရသွား တယ်။ အဲဒီအခါမှာ သူ့ဟာပုံမှန်အားဖြင့် လုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေကို စွန့်လွှတ်ပြီးတော့ ဥပဒေက တားမြစ်ထားတဲ့ ကိစ္စတွေကို အဲဒီလူသွားလုပ်မိတယ်။ ကျွန်တော်တို့ စကားနဲ့ပြောရရင် မြန်မြန်ချမ်းသာ ချင်တော့ ဖြတ်လမ်းကလိုက်တယ်။ အဲဒီအခါမှာ သူဟာဥပဒေရဲ့ အရေးယူအပြစ်ပေးခြင်းကို ခံရပါတယ်။ ထိခိုက် နစ်နာရတယ်။ နောက်လူတချို့ကတော့ ပုံမှန်အတိုင်းရှိနေစဉ်က အကောင်း၊ အလ္လာဟ်အရှင်မြတ် ချီးမြှင့်လိုက်လို့ သူ့မှာငွေကြေးဥစ္စာဓနနဲ့ ပညာစတဲ့ အရည်အသွေးတွေ တိုးပွားလာတဲ့အချိန်မှာ သူကမာန်မာနတွေ ဂုဏ်တွေ၊ မောက်ပြီး ဘ၀င်မြင့်လာတယ်။ မြောက်ကြွ၊ မြောက်ကြွဖြစ်သွားတယ်။ တနည်းပြောရရင် အောက်ခြေလွတ်သွား တယ်။

အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိတော်မူသောအရှင်ဆိုတော့ ဂုဏ်မောက်နေတဲ့လူကို ဘာပြော သလဲဆိုတော့ `မင်းအဲဒီရင်ကို ကော့လိုက်လို့လဲ တောင်တန်းကြီးတွေကို မမှီသွားပါဘူး´တဲ့။ ဆောင့်ဆောင့် ပြီးသွားနေလို့လည်း `ကမ္ဘာမြေကြီး မပြိုကွဲ သွားပါဘူးကွာ´ တဲ့။ ဒါဟာ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ လူသားတွေကို အဲဒီလိုအချိုးမျိုး မချိုးနဲ့လို့ သင်ပေးနေခြင်း၊ သတိပေးနေခြင်းဖြစ်ပါတယ်။ စူရာဟ် ၂၅း၃၆ မှာ ဆက်ပြောထားတာက `– အသိအလိမ္မာ၊ ဥာဏ်ပညာ၊ ဆင်ခြင်ဥာဏ်အမြော်အမြင် ကင်းမဲ့ကြတဲ့ လူမိုက်လူ့ ဗာလတွေနှင့် ဆွေးနွေးပြောဆိုတင်ပြကြတဲ့အခါ ပြဿနာ၊ ရန်ငြိမ်းအေးစေသော ပဋိပက္ခကင်းစေသော၊ အမုန်း မပွားစေသော၊ အပြစ်မဖြစ်စေသော စကားကိုသာ ကောင်းမွန်စွာစကားပြောဆိုကြလေသည်။´ (၂၅း၃၆)

လူမိုက်၊ လူ့ဗာလ၊ အသိခေါက်ခက် အ၀င်နက်သူ၊ အမုန်းပွားများစေသူတွေကို အိဘာဒုရာဟ်မာန်ဆိုတဲ့ ပုဂ္ဂိုလ်တွေက ဝေးစွာရှောင်ကြဉ်ကြပါတယ်။ မိမိရဲ့နှုတ်ကြောင့်ဖြစ်စေ၊ မိမိရဲ့လက်ကြောင့်ဖြစ်စေ၊ မိမိရဲ့လုပ်ကိုင် ဆောင်ရွက်ချက်ကြောင့်ဖြစ်စေ လူနဲ့လူ့အဖွဲ့အစည်း ပျက်စီးဆုံးရှုံးနစ်နာ သွားစေမယ့်ကိစ္စမျိုးကို ဘယ်သောအခါမှ မလုပ်ဘူး။ လူ့ဘောင်ဘ၀ ပတ်ဝန်းကျင်မှာ လူမိုက်လူ့ဗာလတွေနဲ့ အကြောင်းကြောင်းကြောင့် တွေ့ဆုံမိကြရင် လည်း၊ လိမ္မာယဉ်ကျေး သိမ်မွေ့စွာ စကားနည်းရန်စဲလုပ်ပြီး စကားကိုရောက်တဲ့ နေရာမှာ ဖြတ်လိုက်ကြပါတယ်။ ပြီးတော့ သူတို့ဘ၀အေးချမ်းသာယာပြီး အမြန်ဆုံးငြိမ်းချမ်းသာယာမှုရှိစေသောဘ၀လေးကို ပိုင်ဆိုင်သွားကြပါစေ လို့ ဆန္ဒပြုပြီးအမြန်ဆုံး လိမ္မာပါးနပ်စွာနဲ့ သူတို့နားက သွားလိုက်ကြတယ်။ ဒါကိုလည်း ကုရ်အာန်မှာ ကျွန်တော် တို့ကို သင်ပေးထားပါတယ်။

တခါ စူရာဟ် ၂၅း၆၄ မှာတော့ ကျွန်တော်ရိုးရိုးလေး ဘာသာပြန်ကို အရင်တင်ပြပါမယ်။ ပြီးမှ ကျွန်တော် အမြင်သုံးသပ်ချက်ကို ပြောပါမယ်။ `အိဘာဒုရဟ်မာန် တွေဟာ ညဘက်မှာ စိဂ်ျဒါ ဦးညွတ်လျက်လည်းကောင်း၊ ကိယာမ် မတ်တတ်ရပ်လျက်လည်းကောင်း၊ ညကို ကုန်ဆုံးစေတယ်။´ (၂၅း၆၄) ဘာသာပြန်က ဒီလောက်ပါပဲ။ အဲဒီ(စိဂ်ျဒဟ်၊ ကိယာမ်)နဲ့ (ယဘိသုနာလိ ရဗ္ဗိဟင်မ်)ကို ကျွန်တော်နားလည်သဘောပေါက်တဲ့ အနေအထားကို တင်ပြပါမယ်။ အဲဒီလူတွေဟာ မိမိတို့၏ ပြုစုပျိုးထောင်စီမံခန့်ခွဲ လမ်းညွှန်ပြသတော်မူသောအရှင်မြတ်၏ ရဗူဗီယသ် စနစ် လူနဲ့လူ့ပတ်ဝန်းကျင် လူသားတို့ရဲ့ ဘ၀ရှင်သန်ထက်မြက်၊ ဖွံ့ဖြိုးစည်ပင်ရေးပြုစုပျိုးထောင်မှုစနစ်ကြီး အတွက် သူတို့ဟာ အလ္လာဟ်အမိန့်တော် လမ်းညွှန်ပြဌာန်းချက် (ကုရ်အာန်)ကို မြေ၀ယ်မကျ ဦးညွတ်နာခံလျက် အရှင့် လမ်းစဉ် သစ္စာတရားရဲ့ ပြဌာန်းချက်(ကုရ်အာန်)အပေါ် မားမားမတ်မတ်၊ မယိုင်မလဲ၊ ခိုင်မြဲတည်ကြည်စွာရပ်လျက် ညဘက်ကို တန်ဖိုးရှိစွာကုန်ဆုံးစေကြသည်။ (၂၅း၆၄)

တနည်းအားဖြင့် အလ္လာဟ်အရှင်မြတ်ရဲ့ ရဗူဘီယသ်စနစ် ပုံပေါ်လာရေး(လူ့အဖွဲ့အစည်းဝင်တွေရဲ့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အီဘာဒုရ်ရာဟ်မာန်တွေဟာ ညဘက်မှာ တခြားသူတွေ နှစ်ခြိုက်စွာ အိပ်စက် အနားယူနေပေမယ့်) အခုနပြောတဲ့ Leadership ခေါင်းဆောင်တွေ ညဘက်အိပ်နေလို့မရဘူး။) အဲဒီညဘက် ဆိတ်ငြိမ်တဲ့အချိန်မှာ သူတို့နဲ့ အတွေးအမြင် ပေးဆပ်မှုပြုဖို့ ရည်ရွယ်ထားတဲ့လူတွေ စုဝေးတိုင်ပင်ပြီး လူနဲ့လူ့ အဖွဲ့အစည်းဝင်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိစ္စတွေအတွက် သူများတွေ အိပ်ကောင်းကောင်းနဲ့ အိပ်နေတဲ့ အချိန်မှာ နေ့မအား၊ ညမနား ဆောင်ရွက်နေကြတယ်။ လူတွေရဲ့အကျိုးကိုပြုဖို့ သူတို့အလုပ်လုပ်နေကြတယ်။ အဲဒီလို နေရင်းနဲ့လည်း သူတို့က လွတ်မသွားအောင် ကိုယ့်ကိုယ်ကိုယ် အမြဲတမ်းထိန်းနေရတယ်။

ဆက်လက်ပြီး စူရာဟ် ၂၅ အာယသ် ၆၅ကို တင်ြပရမယ်ဆိုရင် ဘာသာပြန်ထဲက ဘာသာပြန်ကို ကျွန်တော်မပြောတော့ဘူး။ ဘာသာပြန်ထဲက ဘာသာပြန်ကိုပြောရင် ကျွန်တော်တို့ ဂျဟန္နမ်ကိုပဲ အာရုံက ရောက်သွားလိမ့်မယ်။ ကျွန်တော်နားလည်သလို တင်ပြရရင်

`ထိုသူတို့က ဤသို့လျှောက်ထားပန်ကြားပြောဆိုလျက် ရှိကြလေတယ်။ အို ကျွန်ုပ်တို့အား ပြုစု ပျိုးထောင်လမ်းညွှန်တော်မူသောအရှင် ကျွန်ုပ်တို့အား ပူလောင်ပြင်းပြသော၊ သာယာချမ်းမြေ့မှုများမှ ကင်းမဲ့စေသော၊ အောင်မြင်မှုကင်းမဲ့စေသော၊ ဆင်းရဲမွဲတေငတ်မွတ်မှု ပေါများလာစေမယ့် အခြေအနေကနေ ကျွန်ုပ်တို့ကို ဝေးကွာစေတော်မူပါ။ ဧကန်စင်စစ် ဆင်းရဲမွဲတေ ငတ်မွတ်ခေါင်းပါးမှုနဲ့ သာယာ ချမ်းမြေ့မှုကင်းမဲ့ခြင်း၊ အောင်မြင်မှုကင်းမဲ့ခြင်းတို့ဆိုတာ လူ့ဘောင်လောကအတွက် ပျက်စီးဆုံးရှုံးမှု၊ ဒုက္ခပင်လယ်ဝေမှုအမှန် ပင်ဖြစ်ပါသည်။´ လို့ အလ္လာဟ်ကို သူတို့ကပြောတာ။ ဘာသာပြန်အရတော့ အလ္လာဟ် ကျွန်တော် မျိုးတို့ကို ဂျဟန္နမ်ငရဲမီးကနေ ဝေးကွာအောင် လုပ်ပေးပါ။ အဲဒီမီးဟာ အလွန်ဆိုးဝါးပါတယ်။ ကျွန်တော်တို့က သတိထားမိရင် သိမှာပါ။ လောကငရဲဆိုတာပါ။ ကျွန်တော်တို့လူ့အဖွဲ့အစည်းဝင်တွေရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်း မှားယွင်းမှု၊ ဆုံးဖြတ်ချက်မှားယွင်းမှုတွေကြောင့် လူ့အဖွဲ့အစည်းအတွင်း ဘေးဒုက္ခအန္တရာယ်၊ ပျက်စီးဆုံးရှုံးမှုတွေ တွေ့ကြုံခံစားရမယ့်အခြေအနေ  လောကငရဲအတွင်း မရောက်ရအောင် အခုန (အိဗာဒုရ် ရာဟ်မာန်) ဆိုတဲ့လူတွေက အမြဲတမ်း အသိ၊ သတိမြဲစေဖို့ အခါမလပ်သတိပြုနေရမယ့် အာယသ်တော်လို့ ကျွန်တော် နားလည်မိပါတယ်။ အဲဒီလိုအမှားဟာ တခါလေးမှားလိုက်တာနဲ့ အကျိုးဆက်ကတော့ ကာလရှည် နိုင်ကြောင်း သက်ရောက်မှုတွေလည်း ကာလရှည်ကြာ ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိနိုင်ပါတယ်။

`စီမံခန့်ခွဲမှု မှားယွင်းကာ ဆုံးဖြတ်ချက်မှားယွင်းမှုတွေကြောင့် ဆောင်ရွက်လုပ်ကိုင်မှုတွေ မှားယွင်းမှုတွေ ဖြစ်ပေါ်လာကာ သာယာချမ်းမြေ့မှု၊ အောင်မြင်ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ လောကငရဲနှင့်တူတဲ့ ဒုက္ခပင်လယ်ဝေနေတဲ့ အရပ်ဒေသဟာ ယာယီစခန်းချရာနေရာအရပ်ဖြစ်စေ၊ အမြဲတမ်းနေထိုင်ရာဖြစ်စေ လွန်စွာညံ့ဖျင်းလှပါသည်။´ (၂၅း၆၆) ဟု ကျမ်းမြတ်ကုရ်အာန်မှာ လေ့လာတွေ့ရှိတဲ့ အကြောင်းကို တင်ပြရင်းနဲ့ ဒီမှာပဲ ရပ်နားလိုက်ပါတယ်။