မြတ်သောအလှူဒါန 22.8.2014 မုဖ်သီ ဦးသန်းအောင် (LL.B)
မြတ်သောအလှူဒါန
မုဖ်သီ ဦးသန်းအောင် (LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ကျွန်တော့်အနေနဲ့ အခုလို ဂျွမ္မာဟ်ခွတ္တဗာဟ်ပြောကြားခွင့် ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား ကျေးဇူးတင် ချီးမွမ်းမှုပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော့်ရဲ့ မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဂါရ၀ပြု ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော် ဒီနေ့တင်ပြမဲ့ ခေါင်းစဉ်က `မြတ်သောအလှူဒါန´ ဆိုတဲ့ ခေါင်းစဉ်ပဲဖြစ်ပါတယ်။ တကယ်ဆိုရင် ကျွန်တော်တို့ ကုရ်အာန်အသိပညာပြန့်ပွားရေးအဖွဲ့အနေနဲ့ နောက်တစ်ပတ်သောကြာနေ့မှာ ခွတ္တဗာဟ်ဟောဖို့ အလှည့်ရောက်တဲ့ဆရာက ဘာခေါင်းစဉ်နဲ့ ဟောမယ်ဆိုတာကို ဗွီဒီယိုရိုက်ကူးရေးညီနောင်တွေနဲ့ ကြိုတင်တိုင်ပင် ရပါတယ်။ ကုန်လွန်သွားခဲ့တဲ့ သောကြာနေ့က ဒီအပတ် ကျွန်တော့်အလှည့်မှာ ပြောမဲ့ခေါင်းစဉ်က `အီဗရာဟင်မ် (အ) အကြောင်း´ကိုပြောဖို့ပါ။ နောက်လ အလှည့်ကျ ကျွန်တော်အလှည့်ရောက်တဲ့အခါ အီဗရာဟင်မ်(အ)နဲ့ ဟဂ်ျ ဆိုတဲ့ကိစ္စပြောဖို့ကို ကျွန်တော်ပြင်ဆင်ထားခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့မှာ ဒီဆုတောင်းပြည့် အစ္စလာမ့်ဝတ်ကျောင်းတော် မိသားစုဝင်များနဲ့ ဘိုင်သုလ်မာလ်ကော်မတီရဲ့ အလှူငွေတွေကို ရေဘေးအလှူအတွက် သွားရောက်ပေးဖို့အတွက် ကျွန်တော် လိုက်ပါသွားတဲ့အခါမှာ ပဲခူးမြို့ကိုရောက်တဲ့အထိလည်း ဆရာ ဦးတင်ထွန်းဦးနဲ့ ကျွန်တော်ပြောတဲ့အခါမှာ မူလ ခေါင်းစဉ် အီဗရာဟင်မ် (အ)အကြောင်းကို ပြောဖို့ရှိနေခဲ့ပါတယ်။
ဒါပေမယ့် သနပ်ပင်မြို့ကို ရောက်တဲ့အခါမှာတော့ ကျွန်တော်ခေါင်းစဉ်ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော်နဲ့အတူသွားခဲ့ကြတဲ့ ဆရာမုဖ်သီ ဦးစန်းအောင် အပါအ၀င်(၅)ဦးစလုံးကလည်း ခေါင်းစဉ်ပြောင်းမယ့် ကျွန်တော်ရဲ့ အဆိုပြုမှုကို လက်ခံသဘောတူကြပါတယ်။
အမှန်က အလှူဒါနတစ်ခုပြုဖို့ဆိုရင် အခြေအနေနဲ့ အချိန်အခါလိုအပ်ချက်ရှိနေပါတယ်။ ကျွန်တော်ယခု ကုရ်အာန်အယသ်တွေကို ပြောပြီးသွားတဲ့ အချိန်မှာ ကျွန်တော်ရဲ့သုံးသပ်ချက်လွဲချော်မှုတွေကိုလည်း ကျွန်တော် ပြန်ပြီး တင်ပြပါ့မယ်။ ကျမ်းတော်မြတ်ကုရ်အာန်မှာ အလှူဒါနပြုဖို့နဲ့ ပတ်သက်ပြီး အခြေအနေနဲ့ အချိန်အခါဖော်ပြ ထားပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာ(၃) အာယသ်တော်(၁၃၄)မှာဆိုရင် မုတ္တကီးန်တွေနဲ့ပတ်သက်ပြီးတော့ သူတို့ ရဲ့စွမ်းဆောင်ချက်တွေကို ဖော်ပြရာမှာ အချက်နှစ်ခုကို ဖော်ပြပါတယ်။
“ ထိုမွတ္တကီးန်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါ၊ အခြေအနေများ၌လည်းကောင်း ၊ ဆင်းရဲဒုက္ခအဆင်မပြေ၊ ကျပ်တည်းမှုများနှင့် ကြုံနေရသည့် အချိန်အခါ အခြေအနေများ၌ လည်းကောင်း (အချိန်အခါအခြေအနေမရွေး) ပေးကမ်း စွန့်ကြဲ လှူဒါန်းကြကုန်လေ၏ ” ကုရ်အာန်(၃း၁၃၄)
ဒီအာယသ်အရ မုတ္တကီးန်တွေဟာ အခြေအနေတစ်ရပ်ဖြစ်တဲ့ တိုးတက်အောင်မြင် အဆင်ပြေနေတဲ့ အခြေအနေဖြစ်စေ၊ ကျပ်တည်းကျဉ်းမြောင်းတဲ့ အခြေအနေဖြစ်စေ မျှဝေလှူဒါန်းကြရအောင်ဆိုပြီး ဖြော်ပထား ပါတယ်။ တစ်ခါ ကျမ်းမြတ် ကုရ်အာန် ဆူရာ(၆၃) အာယသ်တော်(၁၀)မှာ-
“ အသင်တို့အနက် တစ်ဦးတစ်ယောက်ထံသို့ သေခြင်းတရား ရောက်ရှိလာခြင်းမရှိမီ ငါအရှင်မြတ်ချီးမြှင့် ပေးသနားတော်မူထားတဲ့ (အရည်အသွေး၊ အရည်အချင်း၊ ဥစ္စာဓန၊ ငွေကြေး)တွေထဲကနေ အသင်တို့လှူဒါန်း ပေးကမ်းမျှဝေ သုံးစွဲမှုပြုကြကုန်။ ” ကုရ်အာန် (၆၃း၁၀)
ဒီအာယသ်တော်ကို လေ့လာကြည့်တဲ့အခါ လှူဒါန်းပေးကမ်းမှု အချိန်အခါဟာ လူ၊ လူ့အဖွဲ့အစည်းဝင်တွေ အသက်ရှင်ရပ်တည်နေသမျှ ကာလပတ်လုံး အလ္လာဟ်ချီးမြှင့်ထားတဲ့ အရည်အသွေး၊ အရည်အချင်းတွေထဲကနေ နောက်လူတွေကို မျှဝေပေးရမယ်လို့ ဖော်ညွှန်းပြဆိုနေတာကို တွေ့ရမှာဖြစ်ပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာ(၂) အာယသ်တော်(၂၅၄)မှာ-
“ အို — အီမာန်သက်ဝင်ယုံကြည်အပေါင်းတို့၊ အသင်တို့ ရောင်းဝယ်ဖောက်ကားမှု လုပ်လို့ မရတော့တဲ့ အချိန်ကာလမတိုင်ခင်၊ ဒါမှ မဟုတ်ရင် တစ်ယောက်နဲ့တစ်ယောက် အပေါင်းအသင်း၊ ရောင်းရင်း၊ မိတ်ဆွေ အချင်းချင်း လောကကြီးမှာ ပိုရပ်တည်လို့ရတယ်ဆိုတဲ့ အခြေအနေမျိုးလည်း မရှိနိုင်တော့ပဲ အချိန်၊ တစ်စုံတစ် ယောက်က တစ်စုံတစ်ယောက်အတွက် ကြားဝင်ကူညီစောင်မ ဖေးကူ၊ ဆောင်ရွက်ပေးလို့ မရတော့တဲ့အချိန် တနည်းအားဖြင့် `ကိယမသ်´လို့ခေါ်တဲ့ ပြန်လည်ရှင်ပြန်ထမြောက်မယ့် အချိန်ကာလမှာ တွေ့ကြုံရမဲ့အချိန် ဆိုလိုရင်းက အခုသက်ရှိထင်ရှားရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးသနား တော်မူထားတဲ့ အရည်အသွေး၊ အရင်းအမြစ်၊ ဥစ္စာပစ္စည်းဓန ငွေကြေးတွေကို နောက်လူတွေကို မျှဝေသုံးစွဲမှုပြုခြင်း ဖြင့် အနာဂါတ်အတွက် ကြိုတင်ရင်းနှီးမြှပ်နှံထားပါလို့ ကျမ်းမြတ်ကုရ်အာန်က ယုံကြည်သက်ဝင်သူတွေကို သင်ကြားပေးထားပါတယ်။ ” ဒီအာယသ်မှာပဲ တစ်ဆက်တည်း—
“ ကာဖိရ်လို့ ပြောတဲ့ အလ္လာဟ်လမ်းညွှန်မိန့်ကြားချက်တွေကို သွေဖီ၊ ငြင်းဆန်၊ ဖုံးကွယ် မလိုက်နာမကျင့် သုံးသူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေဟာ မတရားတဲ့လူတွေ၊ စည်းမျဉ်းချိုးဖောက်တဲ့လူတွေ၊ အလွဲသုံးစားလုပ်တဲ့လူ တွေဖြစ်တယ်။ ” ကုရ်အာန်(၂း၂၅၄)
ဒီနေရာမှာ နောက်ပိုင်း ကျွန်တော်ရှင်းပြတဲ့အခါမှာ လူကြီးမင်းများ မြင်သာထင်သာရှိသွားမယ့် စကားလုံး လေးကို လူကြီးမင်းများမှတ်သားထားဖို့ လိုပါလိမ့်မယ်။ အဲဒါဘာလဲဆိုရင် — `ရား… အိုက်ယုဟလ္လဇီးန အားမနူး..´ `အို… အီမာန်သက်ဝင်ယုံကြည်သူ´ဆိုတဲ့ စကားလုံးပါ။
အခြေအနေနဲ့ အချိန်အခါပြီးသွားတော့ တစ်ခါမျှဝေသုံးစွဲရမဲ့ အနေအထားကို ကျမ်းမြတ်ကုရ်အာန် ဆူရာ(၂)အာယသ် (၂၁၉)မှာ …..
“……. လူသားတွေရဲ့ ဘ၀အေးချမ်းသာယာရေးနဲ့ သာယာဝပြောဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘယ်ရွေ့ ဘယ်မျှ၊ မျှဝေသုံးစွဲလှူဒါန်းရမှာလဲလို့ ….. အသင်တမန်တော်ကို မေးမြန်ကြလေတယ်… `ကူလီလ် အဖ္ဖ၀´ အသင်တမန်တော် ကြေညာလိုက်ပါ။ အသင်တို့အတွက် လိုအပ်သည်ထက်ပိုလျှံသောအရာကို မျှဝေလိုက်ပါ …”
ဒီအာယသ်ရဲ့ `ကူလီလ် အဖ္ဖ၀´ဆိုတဲ့ လိုတာထက်ပိုသောဆိုတဲ့ ကိစ္စကို ပြီးခဲ့တဲ့ ဇန်န၀ါရီလလောက်မှာ ကျွန်တော်သိသွားတဲ့အကြေင်းတစ်ခုကို လက်ဆင့်ကမ်းချင်ပါတယ်။ အဲဒါက ကျွန်တော့်ဦးလေးက အသက်(၇၆) နှစ် ရှိပါပြီ။ အင်္ဂလန်နိုင်ငံမှာနေပါတယ။် အင်္ဂလန်မှာနေတယ ၄၈နှစ်ရှိပါပြီ။ အခုအသက် ၇၆နှစ်အထိ အခွန်ဆောင် ရပါတယ်။ ပင်စင်ရတဲ့ပိုက်ဆံကနေ အခွန်လစဉ်ဖြတ်ပြီးမှ ရတယ်လို့ပြောတော့ ကျွန်တော်က အသက် ၇၆နှစ်၊ ပင်စင်စား အခွန်ဆောင်စရာလိုသလားလို့ မေးတော့– ဟုတ်တယ်။ အခွန်ဆောင်ရတယ်။ ငါတို့အစိုးရက အားလုံး သိတယ်။ အလုပ်မရှိရင်လည်း လူမှုဖူလုံရေးက ပံ့ပိုးပေးတယ်။ အလုပ်လုပ်တာနဲ့၊ ၀င်ငွေရတာနဲ့ အခွန် ဆောင်ရတယ်။ ကျွန်တော့်ဦးလေးက မြေလည်းပိုင်တယ်။ သုံးထပ်တိုက်လည်း ပိုင်တယ်။ မိသားစုလေးယောက် ၀င်ငွေနဲ့သုံးစွဲပြီး ပိုလျှံငွေရှိတယ်ဆိုတာကို အင်္ဂလန်အစိုးရက သိနေတယ်။ ဒါကြောင့် အခွန်ဆောင်ရတယ်။
အဲဒီစကားကြောင့် ကျွန်တော့်အနေနဲ့`ကူလီလ် အဖ္ဖ၀´ကို သဘောပေါက်သွားတယ်။ လူတိုင်း၊ လူတိုင်း ဟာ ကိုယ့်အခြေအနေ ကိုယ့်ဘာသာ အသိဆုံးပဲ။ ဘယ်လောက် ပိုလဲ၊ ဘယ်လောက်လိုလဲ၊ မလိုဘူးလား။ သိနိုင် တယ်။ အဲ့ဒီအသိလေး ကျွန်တော်မျှဝေချင်ပါတယ်။
နောက်တစ်ခါ ကျမ်းမြတ်ကုရ်အာန် ဆူရာ(၂၅) အာယသ်တော် (၆၇)မှာ-
“ အချည်းနှီး ဖြုန်းတီးမှုလည်း မရှိကြပါ။ တွန့်တိုစေးနဲမှုလည်း မရှိကြပါ။ အဲဒီ နှစ်ခုကြား မလွန်မယုတ် စနစ်တကျ စိစစ်သုံးစွဲမှုဖြစ်သည်။ ”
ကျွန်တော်တို့ နားလည်တဲ့စကားနဲ့ပြောရင် (မဇ္ဇိမ ပဋိပဋာ)ဖြစ်ပါတယ်။ အလ္လာဟ်အရှင်မြတ်လမ်းစဉ်မှာ ပိုလျှံတဲ့ အရင်းအမြစ်၊ အရည်အသွေး၊ ဥစ္စာဓန၊ ငွေကြေးတို့ကို လှူဒါန်းမျှဝေ သုံးစွဲရာမှာ ငါရှာထားတဲ့အရာတွေကို ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတဲ့ သဘောဆန္ဒနဲ့ လုပ်ချင်တိုင်းလုပ်လို့ မရပါဘူး။ အလ္လာဟ်အရှင်မြတ် ပြဌာန်း သတ်မှတ်ထားတဲ့ စည်းကမ်းနည်းလမ်း ဥပဒေသနဲ့အညီသာ လုပ်ကိုင်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ဒါကို ကျမ်းမြတ်ကုရ်အာန် ဆူရာ (၁၁)မှာ-
တမန်တော်မြတ်ရှုအိုက်ဗ်(အ)က ဆွလားသ်ဆိုတဲ့ စကားလုံးကို ရှင်းပြတဲ့အခါမှာ — သူရဲ့ အွမ္မသ်တွေက `သင့်ရဲ့ဆွလားသ်က ကျုပ်တို့ရှာထားတဲ့ ငွေကြေးဥစ္စာပစ္စည်းတွေကို ကျုပ်တို့သုံးချင်သလိုသုံးဖို့ကို တားဆီး ပိတ်ပင်နေတာလား´ ဆိုပြီး မေးတဲ့အခါမှာ ရှူအိုက်ဗ်(အ)က ပြန်လည်ရှင်းပြထားပါတယ်။
အလ္လာဟ်လမ်းညွှန်ချက်နဲ့အညီ စုပေါင်းပြီး ဂျမာအသ်ပုံစံနဲ့ ဇကားဟ်ရန်ပုံငွေထူထောင်ပြီး လူ့ဘ၀ရပ်တည် မှုအတွက် စားဝတ်နေရေးပြဿနာ ပညာသင်ကြားရေးပြဿနာ၊ လူမှုရေးပြဿနာ ဖြေရှင်းနေကြရတဲ့ လိုအပ်ချက် ရှိသူ ဆင်းရဲသား ညီအစ်ကိုတော်များရဲ့ လူမှု ဒုက္ခအ၀၀ကို ဖြူစင်တဲ့ စိတ်ရင်းစေတနာကောင်းဖြင့် ဖေးမကူညီ ထောက်ပံ့ဖြေရှင်း ဘ၀ မြှင့်တင်ပေးနိုင်ရေးအတွက် မိမိမှာရှိနေတဲ့ ငွေကြေးဥစ္စာ၊ အရည်အသွေး၊ အရည်အချင်း တွေကို မျှဝေပေးခဲ့ရင် ပတ်ဝန်းကျင်မှာ တွေ့ရှိနေရတဲ့ လူနေမှုစနစ်ကွာဟချက်နဲ့၊ စီးပွားရေးဆိုင်ရာ ကွာဟမှုတွေဟာ လျော့နည်း ပပျောက်သွားပါလိမ့်မယ်။ အဲ့ဒီလို လုပ်ခြင်းဖြင့် ဆင်းရဲသူနည်းပါးပပျောက်ကာ မှန်ကန်ပြီးမျှခြေရှိတဲ့ ပြစ်မှုဒုစရိုက်ကင်းစင်တဲ့ လူမှုပတ်ဝန်းကျင်၊ ငြိမ်းချမ်းတဲ့ ၊ ပဋိပက္ခကင်းစင်တဲ့ လူမှုပတ်ဝန်း ကျင်ဖြစ်ပေါ်လာပြီး လူ့အဖွဲ့အစည်းဝင်တွေဟာ စာရိတ္တမဏ္ဍိုင် ခိုင်မာလာမှာ မလွဲပါဘူး။
ဒါကြောင့် တမန်တော်မြတ် မုဟမ္မဒ်(ဆွ) ပုံဖော်ခဲ့တဲ့ စုပေါင်း၍ဂျမာအသ်ပုံစံနဲ့ ဇကားဟ်ရံပုံငွေ(ဘိုင်သုလ် မာလ်)ထူထောင်ခြင်းဆိုတာ နိုင်ငံတိုင်း၊ မြို့တိုင်း၊ နယ်တိုင်း၊ ဗလီတိုင်းမှာ အမှန်တကယ်ကို ရှိသင့်ရှိထိုက်၊ ရှိနေဖို့ လိုအပ်ပါတယ်။
ကောင်းပါပြီ။ စောစောက အခြေအနေနဲ့ အချိန်အခါရရှိလာတဲ့ အလ္လာဟ်ချီးမြှင့်ထားတဲ့ အရည်အသွေး၊ အရင်းအမြစ်တွေ၊ ဥစ္စာဓန၊ ငွေကြေးတွေကို ဘယ်လိုလှူဒါန်းမလဲ၊ ဘယ်လို မလှူရဘူးလဲ။ ဒါကိုလဲ ကုရ်အာန်က သင်ပေးပါတယ်။ ဇကားဟ်၊ ခိုင်ရာသ်၊ လီလ္လာဟ်၊ ဆွဒကာဟ် ဘယ်လိုပဲ ခေါင်းစဉ်တပ်ထားစေကာမူ လှူဒါန်းဒါနပြု မျှဝေသုံးစွဲရာမှာ (၁) ဂုဏ်ဖော်ခြင်းလုံးဝ မပြုလုပ်ရသလို၊ အလှူပေးပြီး အလှူခံပုဂ္ဂိုလ်တွေကို အနိုင်ကျင့် စိတ်ဒုက္ခ ပေးလို့လဲ မရပါဘူး။ ကျေးဇူးတင်ခံလိုတဲ့ ဂုဏ်ဖော်တဲ့ အလှူနဲ့ အနိုင်ကျင့်စိတ်ဒုက္ခရစေခြင်းတို့ဟာ အရာမထင် အချည်းအနှီးဖြစ်စေတဲ့ အလှူဒါနဖြစ်ပါတယ်။ လူတွေ အမြင်ကောင်းအောင် ပြစားဖို့သက်သက် မိမိတို့ရဲ့အရင်း အမြစ်၊ ဓနငွေကြေး၊ ပစ္စည်းဥစ္စာတွေကို မျှဝေလှူဒါန်းပေးကမ်းမှု ပြုနေသူတွေ အကျိုးမရှိအရာမထင် ဖြစ်မယ့် အကြောင်း ကျမ်းမြတ်ကုရ်အာန် ဆူရာ(၂) အာယသ်တော် (၂၆၂ နှင့် ၂၆၄)တို့မှာ ဖော်ပြထားပါတယ်။
တမန်တော်မြတ်တွေရဲ့ အကောင်းဆုံး၊ စံနမူနာဖြစ်တဲ့ `လှူဒါန်းပေးကမ်းချီးမြှင့်ခြင်းဖြင့် မည်သည့်တုံ့ပြန် အကျိုးပြုမှုမှ ပြန်ရလိုခြင်းမရှိသလို၊ ကျေးဇူးပင်တင်ရန် မလိုပါ´ဆိုတဲ့မူနဲ့ အလှူဒါန ပြုသင့်ကြောင်း ကျမ်းမြတ်ကုရ် အာန်က သင်ပေးပါတယ်။
ကျမ်းမြတ်ကုရ်အာန် ဆူရာ(၇၆) အာယသ်တော်(၉)မှာ-
“ ကျွန်ုပ်တို့သည် အသင်တို့အား လှူဒါန်း၊ ပေးကမ်း ကျွေးမွေး၊ အကျိုးခံစားစေခြင်းသည် အလ္လာဟ် အရှင်မြတ်၏ အမိန့်ပြဌာန်းချက်နှင့်အညီသာဖြစ်သည်။ အသင်တို့ထဲမှ မည်သည့်တုန့်ပြန် အကျိုးပြုမှု၊ ကျေးဇူး တစ်စုံတစ်ရာကိုလည်းကောင်း၊ မည်သည့် ကျေးဇူးတင်ခြင်းကိုမှ လည်းကောင်း မလိုလားပေ။ ” ကုရ်အာန်(၇၆း၉)
ဆိုလိုရင်းက လူတွေကို ကျွေးမွေး၊ ပေးကမ်းလှူဒါန်းကူညီလိုက်တဲ့အတွက တကယ်ဆိုရင် ဘာ`အဂျရ်´မှ လည်းမလိုပါဘူး။ ဘာ`ဂျဇာ´မှလည်း မလိုပါဘူး။ အလ္လာဟ်ဥပဒေ အမိန့်ပြဌာန်းချက်နဲ့အညီ (တနည်း – အလ္လာဟ် မျက်နှာ တစ်ခုတည်းနဲ့) တာဝန်ကျေပွန်သောအားဖြင့် လှူဒါန်း၊ ပေးကမ်းချီးမြှင့်ခြင်းသာ ဖြစ်တယ်ဆိုတဲ့ မူကိုသုံးစွဲဖို့ လိုတယ်လို့ သင်ကြားပေးထားပါတယ်။ ဒီနေရာမှာ အလ္လာဟ်မျက်နှာဟုဆိုရာမှာ လူ့လောကမှာ လူတွေအချင်းချင်း ပြောဆိုရာမှာ တစ်ခုခုကူညီပံ့ပိုးလုပ်ကိုင်ပေးရင် ပြောလေ့ရှိတဲ့ လူ့သဘောသဘာဝကို ပေါ်လွင်အောင် သုံးထား တယ်လို့ ကျွန်တော်မြင်ပါတယ်။
လူတွေကို မျှဝေ၊ ပေးကမ်း၊ လှူဒါန်းပေးကမ်းလိုက်တဲ့အတွက် မည်သည့်အကျိုးရလာဒ်မှ မမျှော်လင့်သလို၊ ကျေးဇူးတင်ဖို့တောင် မလိုပါဘူး ဆိုပြီးတော့ ပြောခဲ့ကြပါတယ်။ အရေးကြီးဆုံးက လူတိုင်းလူတိုင်းမှာ မိမိတတ်စွမ်း နိုင်တဲ့ အတိုင်းအတာဘောင်ထဲက လှူဒါန်းပေးကမ်းစွန့်ကြဲလိုတဲ့ နိယသ်လို့ခေါ်တဲ့ ပြင်းပြတဲ့ဆန္ဒ၊ စေတနာ အရမ်း အရေးကြီးပါတယ်။
တစ်ချို့က `မရှိလို့၊ မလှူ´`မလှူလို့၊ မရှိ´ဆိုတဲ့ အနေအထားကို ရောက်မှန်းမသိ ရောက်သွားတဲ့လူတွေ ရှိပါတယ်။ တစ်ကျပ်ပဲရှိပါစေ။ တစ်ဆယ်ပဲရှိပါစေ။ တစ်ရာပဲရှိပါစေ၊ တစ်ထောင်ပဲရှိပါစေ။ သူများတွေ သိန်း၊ သန်း လှူသည်ဖြစ်ပါစေ။ အမှန်က သူ့မှာ တစ်ခြားလူကို မျှဝေပေးကမ်းလှူဒါန်းလိုတဲ့ဆန္ဒ၊ စေတနာ(နိယသ်)ရှိဖို့သိပ် အရေးကြီးပါတယ်။
ဒါကြောင့် လှူဒါန်းလိုသူ(အလှူရှင်)လိုအပ်ပါတယ်။ အလှူဒါနလက်ခံသူ(အလှူခံ) အလှူပစ္စည်း၊ ငွေကြေး လိုအပ်ပါတယ်။ အဲ့ဒီမှာ တွေ့ရမှာ ဘာလဲဆိုရင် ဘာပဲလှူလှူ သူများကို အပိုပေးပါ။ အလ္လာဟ်က ကိုယ့်ကို အပေးပိုလာပါလိမ့်မယ်။ ရလိုတဲ့ စိတ်ကြောင့် မဟုတ်ပေမယ့် အလ္လာဟ်ဥပဒေလမ်းညွှန်ပြဌာန်းချက်ကို လေးစားလိုက်နာသောအားဖြင့် လူတွေထံကို မျှဝေပေးရမှာဖြစ်ပါတယ်။
နောက်တစ်ခါ အဲ့ဒီလိုမျှဝေပေးတဲ့အခါမှာ လူသားတွေ ထားရမယ့် အနေအထားကိုလည်း ကျမ်းမြတ်ကုရ် အာန် ဆူရာ(၂) အာယသ်(၂၆၅)မှာ-
“ … လှူဒါန်းပေးကမ်းမျှဝေ သုံးစွဲသော ပုဂ္ဂိုလ်များသည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်ချီးမြှင့်ပေးသနား ထားတဲ့ အရင်းအမြစ်၊ ဥစ္စပစ္စည်း၊ ငွေကြေးတွေကို မျှဝေသုံးစွဲ၊ ပေးကမ်းလှူဒါန်းတဲ့အခါမှာ သူတို့ရဲ့တစ်ခုတည်း သော ဆန္ဒမှာ အလ္လာဟ် ကျေနပ်နှစ်သက် သဘောတူလက်ခံမှုကို ရှာဖွေဆည်းပူးသောအားဖြင့် အလ္လာဟ်ကျေနပ် နှစ်သက်မှုကိုပဲ ရယူလိုကြတယ်။ ပြီးတဲ့နောက်မှာ မိမိတို့ရဲ့ ကိုယ်ရည်ကိုယ်သွေး(personality)ထက်သန်၊ မြဲမြံ၊ ခိုင်ခန့်စေဖို့ လူတွေကိုအလှူပေးနေခြင်းဖြစ်တယ်။ ” ကုရ်အာန်(၂း၂၆၅)
ပြီးတော့ ဆူရာဟ်(၂) အာယသ်တော်(၂၇၂)မှာ-
“ အလှူဒါနပြုခြင်း မျှဝေသုံးစွဲခြင်းဟာအသင်တို့ရဲ့ (Personality) ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးတိုးတက် စေဖို့အတွက် အင်မတန်ကောင်းတဲ့ စနစ်ဇယားဖြစ်ပါတယ်။ လူတွေဟာ လူမျိုးမရွေး၊ ဘာသာမရွေး၊ အလ္လာဟ် ဥပဒေလမ်းညွှန်ပြဌာန်းချက်နဲ့အညီ အလ္လာဟ်နှစ်သက်ကျေနပ်မှု (အလ္လာဟ်ရဲ့ မျက်နှာ)နဲ့ပဲ ပေးကမ်းလှူဒါန်းရမှာ ဖြစ်ပါတယ်။”
တစ်ချို့လူတွေက ရှိုင်ဿွာန်ရဲ့ နှောက်ယှက်ခြင်းခံရပြီး စေးနဲတွန့်တိုပြီး မိမိမှာရှိတဲ့ပစ္စည်းဥစ္စာ၊ အရည် အသွေးတွေ ကုန်ခမ်းသွားမှာကို စိုးရိမ်သောကဖြစ်ပြီး လှူရမှာကြောက်ကြတယ်။
အလ္လာဟ်အရှင်မြတ်က မိမိတတ်စွမ်းနိုင်သည့်အထဲမှ မျှဝေသုံးစွဲလှူဒါန်းခြင်းဟာ ကိုယ့်ကို အကျိုးရှိစေ တယ်။ ဘယ်ပစ္စည်း၊ ဘယ်အရာပဲလှူလှူ၊ အဲ့ဒီအတွက်အပြည့်အ၀ အစားပေးခြင်းခံရမယ်။ ဘယ်တော့မှ မတရား လုပ်တာမခံရပါဘူးလို့ ဖော်ပြပါတယ်။ မြတ်သောအလှူဒါန တစ်ခုနှင့် ပတ်သက်ပြီး တင်ပြလိုပါတယ်။
နေ့စဉ်ထုတ်သတင်းစာ၊ သတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေကိုကြည့်ရင် ကမ္ဘာပေါ်မှာ ဘေးအန္တရာယ် ဖြစ်ပွားမှုသတင်းတွေ များစွာကြားသိဖတ်ရှုနေရပါတယ်။ အထူးသဖြင့် အာရှတိုက်မှာမှာဆိုရင် မုန်တိုင်းတွေဝင်၊ ရေကြီးနစ်မြှုပ်မှုရေဘေးတွေ၊ မြေပြို၊ ငလျင်လှုပ်၊ စက်ရုံတွေမီးလောင်၊ အဆောက်အဦးပြိုကျ၊ လေယာဉ်တွေ ပျက်ကျ၊ ပျောက်ဆုံး၊ ထူးထူးခြားခြား ရန်ကုန်မြို့မှာဆိုရင် ဓါတ်ကြိုးတွေပြတ်ကျ၊ ကြေကွဲဖွယ် သတင်းတွေ ဖတ်ရှု နေရပါတယ်။ ဒီလိုနဲ့ နေ့စဉ်လူတွေ မြောက်များစွာ သေကြေဒုက္ခရောက်မှုတွေ အများကြီးဖြစ်နေကြပါတယ်။
အခုနောက်ဆုံး ဂီနီ(အနောက်အာဖရိက)နိုင်ငံ အယ်ဘိုလာမြစ်ကမ်းဘေးတစ်နေရာ တောတွင်းကနေ စတင်ခဲ့တဲ့ အီဘိုလာ ရောဂါဗိုင်းရပ်စ်ပိုးတစ်မျိုး ကမ္ဘာ့နိုင်ငံအသီးသီးကို ပျံ့နှံ့နေရာမှာ ကုရာနတ္တိဆေးမရှိသေးဘဲ၊ ရောဂါကူးစက်ခံရသူဟာ အသက်ဆုံးရှုံးနိုင်ရန် ၉၀%အထိရှိကြောင်း၊ အနောက်အာဖရိကမှာ ကူးစက်မြန် အီဘိုလာရောဂါပိုးကြောင့် အသက်ဆုံးရှုံးရသူ (၁၂၂၉)ဦးထိ ရှိနေပြီဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရသိရပါ တယ်။
ထူးဆန်းတာက ဘေးအန္တရာယ်တွေ အသွယ်သွယ်ဖြစ်တဲ့ ဒေသတွေကို လေ့လာလိုက်ရင် လူဦးရေ ထူထပ်ပြီး ဆင်းရဲမွဲတေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ၊ ဒေသတွေမှာပဲ အဖြစ်များပြီး အဲ့ဒီဒေသတွေမှာ ၀န်ထုတ်ဝန်ပိုး ဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘေးအန္တရာယ်တွေအနက်၊ ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်များကြောင့် ဆုံးရှုံးမှုများအနက် ဆိုင်ကလုံးမုန်တိုင်းနှင့် ရေကြီးမှုတွေဖြစ်ခြင်းဟာ ထက်ဝက်ကျော်ကျော်ရှိပါတယ်။ အဓိကဘေး အန္တရာယ်တွေနဲ့ ၆၀%ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ခဲ့ပြီး၊ ဖြစ်ခဲ့တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ၇၀%နီးပါး(၃ ပုံ ၂ပုံ)ခန့်ဟာ အာရှဒေသ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်ပါတယ်။
ပြီးခဲတဲ့ ၂၀၁၄ ၊ ဇူလိုင်လကုန်နှင့် သြဂုတ်လဆန်းရက်မှာ မြန်မာနိုင်ငံတစ်ဝှမ်း ဒေသတော်တော်များများမှာ မိုးအကြီးအကျယ်ရွာခဲ့ပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြိးတွေမှာ ရေကြီး၊ ရေလျှံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အထင်ကရမြစ်ကြီးရှစ်ဆင်း မြစ်ရေတွေ အထူးတလည်တက်ပြီး မြစ်ရေတွေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ကာ ရေကြီးရေမြှပ်မှုတွေဖြစ်ပေါ်ခဲ့ ပါတယ်။
ပဲခူးခရိုင်(၈)မြို့နယ်မှာ ရေလွှမ်းမှုဖြစ်ပေါ်ခဲ့ပါတယ်။ ရေဘေး ကယ်ဆယ်ရေးစခန်း(၁၈)ခု ဖွင့်လှစ်ခဲ့ပြီး၊ ရေဘေးဒုက္ခသည်သောင်းချီတဲ့လူတွေကို ယာယီခိုလှုံရေးစီစဉ်ပေးခဲ့ရပါတယ်။ အဲ့ဒီရေးဘေးကယ်ဆယ်ရေးစခန်း (၁၈)ခု အနက်မှာ မွတ်ဆလင်မ် ရေဘေးကယ်ဆယ်ရေးစခန်း(၁)ခုပဲ ပါဝင်ပါတယ်။
ပဲခူးမြို့နယ်မှာ ကျွန်းသာယာ၊ ကလျာဏီ၊ ဖောင်တော်ဦး၊ မဇင်း၊ ကျောက်ကြီးစုတို့မှာ ရေကြီးရေလျှံခဲ့ပြီး ဒုက္ခဆင်းရဲမှုတွေကြုံခဲ့ရပါတယ်။ အဆိုးဝါးဆုံးကတော့ ကလျာဏီနှင့် ကျွန်းသာယာရပ်ကွက်တို့ဖြစ်ကြောင်း သိရ ပါတယ်။ လူများစွာ ရေဘေးဒုက္ခကြုံတွေ့ရသလို လယ်ဧကသောင်းနှင့်ချီပြီး လယ်မြေတွေဟာ ရေဖုံးလွှမ်းခြင်းခံခဲ့ရ ပါတယ်။ ဒါကြောင့် (၁၂.၈.၂၀၁၄)မှာ ပဲခူးရေဘေးအတွက် အလှူဒါနပြုဖို့ ဆရာ မုဖ်သီဦးစန်းအောင်နဲ့ ကျွန်တော် တို့ တိုင်ပင်ခဲ့ကြပါတယ်။ ပြီးတဲ့နောက် တာဝန်ရှိလူကြီးတွေကို ကျွန်တော်တို့ဆက်သွယ်ခဲ့ကြပါတယ်။ ပထမ အဲ့ဒီရက်ထဲမှာ ကျွန်တော်တို့`ဘိုင်သုလ်မာလ်ကော်မတီ´က အစည်းအဝေးလုပ်ဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် အစည်းအဝေးလုပ်တာထက်အရင် ဒီဒုက္ခသည် ကယ်ဆယ်ရေး အလှူဒါနလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပထမပိုင်းက ကျွန်တော်တင်ပြခဲ့တဲ့ ကျွန်တော်ရဲ့သုံးသပ်ချက်မှားယွင်းခဲ့တယ်ဆိုတာ ဒီမှာလာပါပြီ။ ကျွန်တော်တို့က အချိန်နဲ့တပြေးညီသွားဖို့ဆိုပြီး ဆရာ မုဖ်သီ ဦးစန်းအောင်နဲ့ ကျွန်တော်နဲ့က (၁၄.၈.၂၀၁၄) ကြာသပတေးနေ့မှာ သွားဖို့စီစဉ်ခဲ့ပါတယ်။ `ဘိုင်သုလ်မာလ်ကော်မတီ´က တစ်ဆယ်သိန်းမတည်၊ ဆရာ မုဖ်သီ ဦးစန်းအောင်နဲ့ ဥက္ကဌ ဦးကျော်နိုင်ဦးနဲ့က သုံးသိန်းမတည်၊ အဲ့ဒီ တစ်ဆယ့်သုံးသိန်းနဲ့ပဲ အရင်သွားလှူကြမယ်ပေါ့။ ဒါပေမယ့် ဒီနေရာမှာ လူကြီးတွေရဲ့ အမြော်အမြင်ကြီးမားမှု၊ အတွေ့အကြုံရင့်သန်မှုကို တွေ့ရပါတယ။် အဲ့ဒါဘာလဲ ဆိုရင် ကျွန်တော်တို့သွားဖို့ ဖုန်းဆက်ပြီး လူကြီးတွေနဲ့ ဆက်သွယ်တဲ့အခါ လူကြီးတွေက ၁၄ရက်နေ့ ကြာသပတေး နေ့သွားမယ့်အစား ၁၅ရက်နေ့ သောကြာနေ့မှာ ဆုတောင်းပြည့်ဝတ်ကျောင်းတော်ကို ရောက်လာမဲ့ မိသားစုဝင် ဂျမာအသ်သားတွေဆီမှာ ပဲခူးရေကြီးမှုနဲ့ပတ်သက်ပြီး အလှူခံပြီး စိတ်ပါဝင်စားတဲ့ အလှူဒါနပြုလိုသူများရဲ့ စုပေါင်းပါဝင်လှူဒါန်း ခြင်းဖြင့် အလှူငွေရရှိလာတဲ့အပေါ် မူတည်ပြီး နောက်တစ်ရက်မှ သွားရင်လည်း နောက်မကျသေးပါဘူးဆိုပြိး ပြောကြပါတယ်။
တကယ်တမ်းက ကျွန်တော်တို့ရဲ့ ဆန္ဒစောမှုကြောင့်ပဲခူးကို ကြာသပတေးနေ့လာမယ်၊ ပြောလိုက်တယ်။ ဒါပေမယ့် အလ္လာဟ်အရှင်မြတ်ရဲ့ အလိုတော်ဟာ လူသားတွေအတွက် အလွန်ဆန်းကြယ်အံ့သြဖွယ်ရာ ဖြစ်ပါ တယ်။ ဒီလိုဝေခွဲမရဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့က ပထမငွေနဲ့ အရင်တစ်ခေါက်သွားမယ်။ ပြီးရင် အလှူထပ်ခံ ပြီး နောက်တစ်ကြိမ်သွားမယ်ပေါ့။ ၁၃.၈.၂၀၁၄ အတည်ပြုချက်ယူတဲ့အခါ ဦးဆောင်သွားမယ့် ဆရာမုဖ်သီ ဦးစန်းအောင်က ထလို့မရအောင် ကျန်းမာရေးချွတ်ယွင်းသွားခဲ့ပါတယ်။ ကျွန်တော်တို့အစီအစဉ်ကို ဖျက်ပြီး ပဲခူးကို ဖုန်းပြန်ဆက်ပြီး ကြာသပတေးနေ့ မလာနိုင်တဲ့အကြောင်း ပြောခဲ့ရပါတယ်။ စနေနေ့ လာမယ်လို့ဖုန်းဆက်လိုက်ရပါ တယ်။
ဒါနဲ့ပဲ (၁၅.၈.၂၀၁၄) သောကြာနေ့မှာ ဗလီမှာ အလှူခံပါတယ်။ ကျွန်တော်မှားသွားပါတယ်။ ကျွန်တော်က ဆရာ ဦးစန်းအောင်ကို ပြောတာက ရမဒွါန်ပြီးတာ မကြာသေးဘူး။ ကျွန်တော်တို့ ဂျမ္မာအသ်သားတွေ ၀ိတ်ပိနေ မယ်။ ရမဒွါန်မှာလည်းမြောက်များစွာ လှူဒါန်းထားကြတယ်။ အခုထပ်ပြီး ကျွန်တော်တို့က အလှူခံရင်ဖြစ်ပါ့မလား။ ဆရာ ဦးစန်းအောင်ကတော့ `ငါတို့ ဂျမာအသ်သားတွေကို လျှော့မတွက်နဲ့´တဲ့။ `ငါတို့ ဂျမာအသ်သားက အလှူ အတန်းရက်ရောတယ်´။ ဒါနဲ့ပဲ အလှူခံဖြစ်ပါတယ်။
ကျွန်တော်ရဲ့ ဒုတိယအမှားက ကျွန်တော်မှန်းဆချက်က ၅သိန်း။ တကယ်အလှူခံလိုက်တော့ ၀တ်ကျောင်း တော်ဝင် ဂျမာအသ်သားမိသားစုဝင်တွေရဲ့ စုစုပေါင်းအလှူဒါန အလှူငွေက ၁၉၂၇၀၀၀/- ကျပ်ဖြစ်ပါတယ်။ ကျွန်တော်အရမ်းဝမ်းသာခဲ့ရပါတယ်။ ဘိုင်သုလ်မာလ်ကော်မတီရဲ့ မတည်အလှူငွေ ၁၀သိန်းနဲ့ပေါင်းရင် ၂၉၂၇၀၀၀/-ကျပ် ရရှိခဲ့ပါတယ်။
ဒါနဲ့ ပဲခူးရေဘေးကယ်ဆယ်ရေး စခန်းတွေမှာ တစ်ခုသာအပါအ၀င်ဖြစ်တဲ့ ပဲခူးဒါရ်ဂါဗလီမှာ ကျွန်တော်တို့ ရဲ့ မိတ်ဆွေများဖြစ်တဲ့ ဟာဂျီ ဦးချစ်ဆွေ၊ ဟာဂျီ ဦးသောင်းစိန်၊ ဦးခင်မောင်ဝင်း၊ ဦးခင်မောင်လေးနဲ့ ပြီးတော့ အမည် မမှတ်မိလိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် သူတို့နဲ့ဆက်သွယ်ပြီး ပဲခူးမှာရှိနေတဲ့ ရေဘေးဒုက္ခသည်တွေထဲကမှ အများ ဆုံး ထိခိုက်ဆုံးရှုံးသွားတဲ့လူတွေ စာရင်းလေးလုပ်ထားပေးပါလို့ ပြောပြီး မနက်ဖန်(၁၆.၈.၂၀၁၄)မှာ ကျွန်တော် အပါအ၀င် ဆရာ ဦးစန်းအောင်၊ ဦးတင်ထွန်းဦး၊ ဦးသိန်းဝင်း၊ ဒေါ်စန္ဒာဝင်းနဲ့ ကျွန်တော်တို့ ၅ဦး ပဲခူးကို စတင်ထွက်ခွာခဲ့ကြပါတယ်။ ပထမဦးဆုံး ရေပြင်ကျယ်ရေလွှမ်းမိုးမှုများကို စတင်မိတ်ဆက်ခြင်းခံရတာက ထောက်ကြံ့နဲ့လှည်းကူးမြို့ ကြားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင် ကားနဲ့ကျော်ဖြတ်ခဲ့ရပါတယ်။ ဒါနဲ့ပဲ ပဲခူးကို ရောက်ခဲ့ပါတယ်။
ပဲခူးဒါရ်ဂါရောက်တော့ လူ(၅)ဦးပဲရှိနေပါတယ်။ ဒုက္ခသည်မိသားစု (၉၃)စု ရှိပေမယ့် မည်၍မည်မျှ လှူဒါန်း မည်ဆိုတာ မသိလို့၊ သူတို့ကလည်း ခေါ်ထားဖို့ အင်အားမရှိဘူးဖြစ်ခဲ့ပါတယ်။ အဲ့ဒီမှာ လှူဖို့ဆရာဦးစန်းအောင်နဲ့ တိုင်ပင်ပြီး ၁၇သိန်းလောက်အထိ လှူမယ်လို့ပြောပါတယ်။
ဒီနေရာမှာ မွတ်ဆလင်မ်တွေရဲ့ အင်မတန်ချစ်စရာကောင်းတဲ့(တနည်းအားဖြင့် ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၅၉း၉)မှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကို မွတ်ဆလင်မ်တွေ လက်တွေ့အသုံးချနေတာကို ကျွန်တော်တို့ မြင်ခဲ့၊ ကြုံခဲ့ရပါတယ်။ သူတို့ဟာ ပဲခူးမြို့ရေဘေးဒုက္ခသည်စခန်းမှာ ဒုက္ခဖြစ်နေတဲ့အချိန်မှာ သူတို့က `သနပ်ပင်မြို့မှာ အရမ်းခက်ခဲဒုက္ခရောက်နေတဲ့ လူတွေရှိတယ်´လို့ ပြောကြပါတယ်။ ဒုက္ခရောက်နေတဲ့လူတွေဟာ မွတ်ဆလင်မ်တွေကြီးပဲ မဟုတ်ပါဘူး။ သူတို့ဆီဆရာတို့ သွားမယ်ဆိုရင်ကျွန်တော်တို့ လိုက်ပို့ပေးပါ့မယ်လို့ ပဲခူးက ပုဂ္ဂိုလ်(၅)ဦးက ပြောလာကြပါတယ်။ ရွာလေးရွာရှိပါတယ်။ အရမ်းကို ဒုက္ခရောက်နေပါတယ်။ သူတို့ရဲ့စပါးခင်း၊ အိမ် အားလုံး ရေပြင်အောက်မှာပဲရှိနေပါတယ်လို့ ပြောပါတယ်။
ဒါနဲ့ ပဲခူးဒါရ်ဂါမှ တာဝန်ရှိ ၅ဦးနဲ့ ကျွန်တော်တို့ ၅ဦး သနပ်ပင်မြို့ကို ထွက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒါရ်ဂါမှာတော့ ပြန်လာမှ လှူဒါန်းဖို့စီစဉ်ခဲ့ပါတယ်။ ကျွန်တော်တို့ သနပ်ပင်မြို့ ရောက်တဲ့အချိန်မှာ ကိုယ်ကျိုးမဖက် ပရဟိတလုပ်ငန်ုးကို ဆောင်ရွက်နေတဲ့ ဒေါက်တာ စောညိုဝင်းနဲ့ အမျိုးသား တစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ တွေ့ရပြီး သနပ်ပင်မြို့ကနေ နောက်ထပ် ၅ မိုင်ခန့်ကားမောင်းပြီး အဲဒီကနေလှေနဲ့ ၃ နာရီလောက်သွားမှ အဲ့ဒီရွာတွေကို ရောက်မယ်။ အဲဒီမှာ အရမ်းဒုက္ခရောက်နေကြတယ်လို့ ပြောပါတယ်။ ဒါနဲ့ပဲ ကျွန်တော်တို့ အဲဒီကိုသွားဖို့ဆုံးဖြတ် ခဲ့ကြပါတယ်။
ဒီလိုနဲ့ဆန်ကို သနပ်ပင်မြို့ဆန်ဆက်မှာဝယ်ပါတယ်။ ၆၅ အိတ်ဝယ်ပါတယ်။ မူလဈေးက ၁၇၀၀၀/- လှူမယ်ဆိုလို့ ၁၆၅၀၀/-ပဲယူပါတယ်။ အဲ့ဒီမှာ လူကြီးမင်းတို့ရဲ့ အလှူနဲ့ပတ်သက်ပြီး လှိုက်လှိုက်လှဲလှဲ ခံစားရမဲ့ ခံစားချက်က အဲ့ဒီမှာစတွေ့ရပါတယ်။ ဆန်အိတ်ဝယ်ပြီး ဆန်စက်မှာ ဘောက်ချာဖြတ်တော့ ၀ယ်ယူသူ(အလှူရှင်) အမည်ရေးတော့ ဆရာဦးစန်းအောင်နဲ့ ကျွန်တော်က ၅၉လမ်းဗလီလို့ ရေးပါလို့ပြောတဲ့အခါ ဆန်စက်က ဘောက်ချာဖြတ်သူ ဆန်စက်ပိုင်ရှင် အမျိုးသမီးက အလွန်ပဲအံ့သြသွားပါတယ်။ `အမလေး – ကျွန်မကြက်သီး ထလိုက်တာ´ အခုလို စုဝေးပြီး လာရောက် လှူဒါန်းတဲ့ ဘယ်ကြောင်တမှီး၊ ကြွက်တစ်ကောင်မှ မလာသေးပါဘူး လို့ပြောပါတယ်။ သူပြောတာ ဒီထက်ပြင်းပါတယ်။ မွတ်ဆလင်မ်တွေ အခုလို စုဖွဲ့ပြီး လာလှူတာ ကျွန်မတို့အတွက် ပထမဦးဆုံးပါ လို့ဆိုပါတယ်။
ဒါဟာဘာကိုပြသလဲဆိုရင် ကျန်တဲ့လူ့အဖွဲ့အစည်းမှာ ဂျမာအသ်နဲ့လုပ်တဲ့လုပ်ရပ်မရှိပါဘူး။ အစ္စလာမ်မှာပဲ ဂျမာအသ်နဲ့လုပ်တဲ့လုပ်ရပ်ရှိပါတယ်။ ကျွန်တော်တို့ တစ်သင်းတစ်ဖွဲ့တစ်ယောက်တည်းနဲ့ လှူဒါန်းရင် လူမသိဘူး။ ဂျမာအသ်နဲ့ စုစည်းပြီး သွားရောက်လှူဒါန်းလိုက်တဲ့အခါမှာ လူတွေက စိတ်ဝင်တစားရှိကြတယ်။
အဲဒီ ဆန်အိတ် ၆၅ အိတ်ကို ကမာစဲစံပြကျေးရွာကတဆင့် ပင်လယ်ကမ်းနီးရေလွှမ်းကျေးရွာတွေဖြစ်တဲ့ ကသစ်ခုံ(ရွာဟောင်း) ၁၅အိတ်၊ အောင်ဘုံကြီး ၁၅အိတ်၊ ကျွဲဖြူချောင်း ၁၅အိတ်၊ ကပင်ရွာ ၂၀အိတ်ကို စနစ်တကျ ဓါတ်ပုံမှတ်တမ်းများနဲ့ လှေပေါ်တင်လှူဒါန်းခဲ့ကြပါတယ်။ ဒီနေရာမှာ အလှူရှင်တွေ လှူဒါန်းလိုက်တဲ့ ငွေကြေးတွေ ကို ကျွန်တော်တို့ စနစ်တကျစီမံ ခန့်ခွဲပြီး တကယ်လိုအပ်နေတဲ့ နေရာကိုရောက်အောင် ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါဟာ မွတ်ဆလင်မ်တွေက မွတ်ဆလင်မ်မဟုတ်တဲ့ လူတွေအတွက် သောကထားပြီးတော့ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော် ဂျမာအသ်သားမိသားစုဝင်တွေက အခုလို လာရောက်လှူဒါန်းလိုက်တယ်ဆိုတဲ့ ကိစ္စဟာ သူတို့ဆီမှာတော့ တော်တော်လေး ဂယက်ရိုက်ခတ်သွားပါတယ်။
ပဲခူးမြို့ကို ရောက်တဲ့အခါ ကျွန်တော်တို့ကို ဒီအတိုင်းပေးမလွှတ်ပဲ ဇိုင်းဂနိုင်းမြောက်ပိုင်း ၄ လမ်းက ခါလာကြီး ထမင်းဆိုင်မှာ ထမင်းကျွေးပါတယ်။ ထူးဆန်းတာက အဲ့ဒီမှာ ဆရာဦးသူရကို မေးပါတယ်။ ဂါတ်ဗိုလ်ကြီး မပါဘူးလားလို့ မေးပါတယ်။ ဆရာ ကွယ်လွန်သွားပြီဖြစ်ကြောင်းပြောခဲ့ပါတယ်။ အဲ့ဒီနောက် ပဲခူးမြို့ ဒါရ်ဂါဗလီ ခန်းမမှာ အိမ်ထောင်စု ၉၃ စုကို စနစ်တကျ(သန်းခေါင်းစာရင်း အပါအ၀င်) စုစည်းပြီး တစ်အိမ်ထောင် နှစ်သောင်းကျပ်နှုန်းနဲ့ မွတ်ဆလင်မ် အိမ်ထောင်စုပေါင်း ၉၃စုကို ပေးခဲ့ပါတယ်။ ဆရာ ဦးစန်းအောင်နဲ့ ဒါရ်ဂါဗလီ အတွင်းရေးမှူးတို့ကလည်း ရရှိငွေကိုလောင်း ကစားမလုပ်ဖို့နဲ့ လိုအပ်ချက်ရှိမဲ့နေရာမှာ သုံးဖို့၊ ယခုတွေ့ရှိရတဲ့ အခက်အခဲများဟာလည်း ယာယီသာဖြစ်ပြီး မကြာမီ အလ္လာဟ်ရှင်မြတ် အလိုတော်နဲ့ အဆင်ပြေလာမှာဖြစ်ကြောင်း စိတ်ဓါတ်ခွန်အားဖြစ်စေမဲ့စကားတွေ ပြောကြားခဲ့ကြပါတယ်။
ကြားဖြတ်အနေနဲ့တစ်ခု တင်ပြရမယ်ဆိုရင် ဒီခရီးစဉ်မှာ အစမှ အဆုံးထိ ဆရာ ဦးစန်းအောင်က ကားစိုက်ပါတယ်။ ဆရာအပါအ၀င် ကျွန်တော်တို့လိုက်ပါတဲ့သူ ၅ ယောက်က တစ်ယောက် တစ်သောင်းစီစိုက်ရ ပါတယ်။ အလှူရငွေထဲမှ တစ်ပြားတစ်ချပ်မှ ယူသုံးခြင်းမရှိပါဘူး။ အလှူဒါနပြီးဆုံးတော့ ပိုငွေ ၁၅၅၀၀/-ကျပ်ကို ဒီကိစ္စတွေအတွက် နေရာ အသုံးပြုခဲ့တဲ့ ဒါရ်ဂါဗလီ ဝေယျာဝစ္စအတွက် လှူဒါန်းခဲ့ပါတယ်။
အလ္လာဟ်အရှင်မြတ် လမ်းညွှန်ပြသသည့်အတိုင်း ကျေနပ်နှစ်သက်သဘောတူ လက်ခံမှုကိုမျှော်ကိုး ပြီးတော့ လူကြီးမင်းတို့ အားလုံး ပဲခူးမြို့နဲ့ သနပ်ပင်မြို့ ရေဘေးဒုက္ခသည်တွေအတွက် အလှူဒါနပြုမှုကို အလ္လာဟ် အရှင်မြတ် ကျေနပ်၊ နှစ်သက် သဘောတူ လက်ခံတော်မူပါစေကြောင်း ဆုမွန်ဒိုအာပြုအပ်ပါတယ်။
ကျွန်တော်တို့ကို သင်ပေးလိုက်တဲ့ ကုရ်အာန်ရဲ့ လမ်းညွှန်ချက်အရ ကိစ္စတစ်ခုကို လုပ်ကိုင်ဆောင်ရွက်တဲ့ အခါ(ရှုကုရ်)အနေအထားနဲ့ပဲ လုပ်တာပါ။ အပျော်အပါးမဖက်ပါဘူး။ စိတ်မကောင်းစရာ သတင်းတခုတင်ပြရရင်-
လှည်းကူးနဲ့ထောက်ကြံ့ကြားက ရေလွှမ်းနယ်မြေ၊ သူတို့အခေါ်(ထောက်ကြံ့ချောင်းသာ)ဆိုတဲ့ နေရာမှာ ပျော်ပွဲစားလုပ်နေတဲ့ အုပ်စုတွေလည်း တွေ့ခဲ့ရပါတယ်။ အရက်ဝိုင်းသောက်နေကြပါတယ်။ အမျိုးသမီးတွေလည်း ပါပါတယ်။ ကလေးတွေ ရေကူးရေဆော့နေကြပါတယ်။ နောက်နှစ်ရက်လောက်နေတော့ သတင်းစာမှာ စိတ် မကောင်းစရာ သတင်းတစ်ပုဒ်ကို တွေ့လိုက်ရပါတယ်။ ပဲခူးရေဘေးအလှူကို သွားပြီးအပြန် အဖွဲ့တစ်ဖွဲ့က ရေဆင်းကူးရင်း လူတစ်ယောက်ရေနစ်သေဆုံးသွားခဲ့ပါတယ်။ ဒါဟာကျွန်တော်တို့က မျှဝေပေးတာပါ။ ဘယ်သူ့ကို မှအပြစ်တင်နေခြင်းမဟုတ်ပါဘူး။ မိမိနှင့်သက်ဆိုင်သူများ အဲ့ဒီလို အသိသတိမလွတ်ဖို့၊ အပျော်အပါးမဖက်ဖို့ တားမြစ်ပေးကြပါ။ အလွန်အန္တရာယ်များပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။