(၂ဝ၁၆) အီဒွလ်ဖိသိရ် ခွတ္တဗါဟ် မုဖ်သီ ဦးစန်းအောင် (B.Sc)

(၂ဝ၁၆) အီဒွလ်ဖိသိရ် ခွတ္တဗါဟ်
မုဖ်သီ ဦးစန်းအောင် (B.Sc)
ဒီကနေ့ အီဒွလ်ဖိတိရ် ဝါကျွတ်ပွဲတော်နေ့မှာ အလ္လာဟ်အရှင်ြမတ်ကို အီဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား။
`အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လာဟိ ဝဘရကားသုဟု´
ရှေးဦးစွာ အီဒွလ်ဖိတိရ်ဆွလားသ်နဲ့ ခွတ္တဗာဟ်ကို ဦးဆောင်ခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်ကို အထူးကျေးဇူးတင် ချီးမွမ်းမှုပြုပါတယ်။ ပြီးတဲ့နောက် ဒီကနေ့ပြောကြားခွင့်ရတဲ့ အီဒွလ်ဖိတိရ် ခွတ္တဗါဟ်မှာ နိုင်ငံအတွက်၊ အထူးသဖြင့် ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်လူ့အဖွဲ့အစည်းအတွက် အရေးတကြီးလိုအပ်တဲ့ ခွတ္တဗာဟ် တစ်ခုကို ကျမ်းတော်မြတ်ကုရ်အာန်အထောက်ထားပြုပြီး ပြောကြားခွင့်ရရှိတဲ့အတွက် ကြွရောက်လာကြသူ အမျိုးသား၊ အမျိုးသမီးအားလုံးနဲ့ တာဝန်ရှိဝတ်ကျောင်း တော်အုပ်ချုပ်ရေးအဖွဲ့ကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။
ဒီကနေ့ (၇.၇.၂ဝ၁၆) နေ့မှာ ကျရောက်တဲ့ အီဒွလ်ဖိတိရ်ဝါကျွတ်ပွဲတော် ခွတ္တဗါဟ်မှာ ကျွန်တော်တင်ပြချင် တဲ့ ခွတ္တဗါဟ်ကတော့ အရဗီလိုပြောရရင် (ဗိနာအ အွမ္မာဟ်)၊ မြန်မာလိုတော့ `အမျိုးသားနိုင်ငံတော်တစ်ရပ်ကို တည်ဆောက်ခြင်း´(Nation Building) ဖြစ်ပါတယ်။ ဒီခေါင်းစဉ်ကို ဒီနေ့လို့ အီဒွလ်ဖိတိရ်ခွတ္တဗါဟ်မှာ တင်ပြရခြင်းဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ဘာသာရေးအကြမ်းဖက်မှုတွေကို ချုပ်ငြိမ်းပပျောက်စေလိုတဲ့သဘောနဲ့ နိုင်ငံတော်ကို ကမ္ဘာ့တန်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်စေဖို့အရေးမှာ ဘာသာတရား ကို အခြေခံတည်ဆောက်ခြင်းမဟုတ်တဲ့ (Secular State) ‘လောကီရေးဆိုင်ရာ အခြေခံနိုင်ငံတော်’ တစ်ရပ်အဖြစ် တည်ဆောက်စေလိုတဲ့အတွက် ဖြစ်ပါတယ်။
ဘာသာရေးကို အခြေခံပြီးနိုင်ငံတော်တစ်ရပ်တည်ဆောက်ရင် ဘယ်တော့မှ မအောင်မြင်နိုင်ပါဘူး။ နိုင်ငံ တစ်နိုင်ငံမှာ ဘာသာတစ်ရပ်ကို နိုင်ငံတော်ဘာသာလို့ ပြဌာန်းလိုက်မယ်ဆိုရင် အဲဒီနိုင်ငံဟာ ဘာသာပေါင်းစုံရှိတဲ့အပေါ်မှာ ကျန်ဘာသာဝင်များအတွက် မျက်နှာငယ်စရာဖြစ်လာလိမ့်မယ်။ ဒီကနေ့ လူကိုလူလိုတန်ဖိုးထားတဲ့ နိုင်ငံတွေမှာ Secular State နဲ့ နိုင်ငံတည်ဆောက်နေပြီဖြစ်တယ်။ ဘာသာတရားကို အခြေခံမှုမရှိတော့ဘူး။ ဒါလေးတွေကို ကျွန်တော်တို့သိဖို့လိုအပ်တယ်။ ပြောချင်တာက မင်န်ဘရ် ပေါ်တက်ပြီး နိုင်ငံရေးတွေပြောနေတာလားလို့ မေးစရာရှိလာပါတယ်။ ဟုတ်ပါတယ်။ ဒီကနေ့ နိုင်ငံရေးပြောနေရပါ တယ်။ နိုင်ငံရေးပြောဖို့ အခွင့်အလန်းတွေ ကြုံလာပြီ။
နိုင်ငံရေးဆိုတာဘာလဲ။ ဒါကိုသိဖို့လိုပါတယ်။ နိုင်ငံရေးဆိုတာ တကယ်တော့ လူသားတွေရဲ့အရေးဖြစ်ပါတယ်။ လူသားတွေ နိစ္စဓူဝရင်ဆိုင်ကြုံတွေ့နေရတာတွေကို ဖြေရှင်းရေး ဟာ နိုင်ငံရေးပဲဖြစ်တယ်။ အဲဒီနိုင်ငံရေးဟာ နိုင်ငံရေးသမားနဲ့ပဲဆိုင်တယ်ဆိုတဲ့ခေတ်ဟာ ကုန်လွန်သွားပါပြီ။ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ဗုဒ္ဓဘာသာနဲ့လည်းသက်ဆိုင်တယ်။ ခရစ်ယာန်၊ ဟိန္ဒူ၊ မွတ်ဆလင်မ်အားလုံးနဲ့ သက်ဆိုင်တယ်။ ဒီနိုင်ငံ အတွင်းမှာ မှီတင်းနေထိုင်တဲ့ နိုင်ငံသားအားလုံး (ဘာသာ၊ လူမျိုးမရွေး၊ ကျားမ မရွေး)အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီအသိလေးသိဖို့ ကျွန်တော်တို့ကြိုးစားရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံဟာ Nation Building တစ်ခုတည်ဆောက်နိုင်ပါမှ ခေတ်မီတိုးတက်သော နိုင်ငံတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။ National Building ကို အခြေခံပြီး မှသာ State Building တစ်ခုကို တည်ဆောက်ဖို့ဖြစ်ပါလိမ့်မယ်။ Nation Building ကို မလုပ်ပဲနဲ့ State Building မတည်ဆောက်နိုင်ပါဘူး။
ထူးခြားတဲ့ အချက်တစ်ရပ်က မြန်မာနိုင်ငံဟာ နိုင်ငံတစ်ခုအတွင်းမှာပဲ လူမျိုးစုပေါင်းများစွာဖြစ်တည်နေတဲ့ ဒေသတစ်ခုဖြစ်နေပါတယ်။ (One State – Multination)။ ပြီးခဲ့တဲ့ ဦးနေ၀င်းအစိုးရလက်ထက်မှာ တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးစုဖြစ်သွားပြီးတော့ ပြည်နယ် (State) ရှိတဲ့ လူမျိုးစုတွေရှိသလို ပြည်နယ်မဲ့ (Stateless) လူမျိုးစုတွေလည်းရှိနေတယ်။ ဒါတွေကို ဘယ်လိုစဉ်းစားမလဲ။ ဒီပြဿနာတွေအများကြီးတက်နေပြီ။ ဒါတွေကို ဖြေရှင်းဖို့အရေးမှာ `ငါတို့ မွတ်ဆလင်မ်တွေ နဲ့ ဘာဆိုင်လဲလို့´ပြောလို့မရဘူး။ ကျွန်တော်တို့ ဒီနိုင်ငံအတွင်းမှီတင်းနေထိုင်တဲ့အတွက် ဒီနိုင်ငံရဲ့ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးရေးအတွက် ကျွန်တော်တို့နဲ့လည်း သက်ဆိုင်ပါတယ်။
ဒီလိုဒေသမျိုး၊ ဒီိလိုနိုင်ငံမျိုးမှာ အမျိုးသားရေးသွင်ပြင်လက္ခဏာတစ်ရပ်ကို ဘုံသဘောအဖြစ်ရယူ သတ်မှတ်ဖို့ များစွာအခက်အခဲရှိပါတယ်။ တနည်းအားဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အခြေခံတဲ့ “Nation Building” တစ်ရပ်ကို တည်ဆောက်ဖို့များစွာ အခက်အခဲရှိပါတယ်။ ဘာသာရေးအရ ကြည့်မယ်ဆိုရင်လည်း (၂ဝဝ၈) ဖွဲ့စည်းပုံအရ ဘာသာကြီး (၄)ခုအပြင် နတ်ကိုးကွယ်မှုကိုပါ ဥပဒေပြဌာန်းပြီး ထည့်သွင်းထားတာတွေ့ရပါတယ်။ ဒါကြောင့် လုပ်ကိုင်ဆောင်ရွက်ရတဲ့ ကိစ္စရပ်တွေမှာ အင်မတန်နူးညံ့သိမ်မွေ့၊ သဘောထားကြီးမှုတွေ လိုအပ်ပါ တယ်။ အဲဒီလို နူးညံ့သိမ်မွေ့မှု၊ သဘောထားကြီးမှုတွေမရှိဘူးဆိုရင် Nation Building တစ်ခုကို မတည်ဆောက်နိုင်တဲ့အပြင် ဒီလိုပြဿနာတွေဖြစ်တိုင်း၊ ဖြစ်တိုင်း မွတ်ဆလင်မ်လူ့အဖွဲ့အစည်းဝင်တွေဟာ မြေဇာပင်ဘဝကို ရောက်နေရပါလိမ့်မယ်။
တစ်နည်းအားဖြင့် အမျိုးသားရင်ကြားစေ့ရေးကို အခြေခံတဲ့ Nation Building တစ်ရပ်ကို တည်ဆောက်ဖို့အရေးမှာ ကျနော်တို့မြန်မာနိုင်ငံသားတွေအားလုံးဟာ မှန်ကန်သင့်လျော်တဲ့၊ မွန်မြတ်တဲ့ စိတ်နေစိတ်ထားများ မရှိကြဘူးဆိုရင်တော့ဖြင့် အခက်အခဲအများကြီးရှိပါလိမ့်မယ်။ ဒါကိုဘယ်လိုဖြေရှင်းမလဲ။ ဒါတင်မက နိုင်ငံသားတွေရဲ့ ကိုးကွယ်မှုဆိုင်ရာ `ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူ၊ ခရစ်ယာန်တို့ဟာ ရာစုနှစ်နဲ့ချီပြီး မြန်မာနိုင်ငံအတွင်းမှာ ဖြစ်တည်ထွန်းကားနေခဲ့ပါတယ်။ ဒီလိုဘာသာစုံ၊ လူမျိုးစုံတွေနဲ့ပါဝင် ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်ခုမှာ Nation Building တစ်ရပ်ကို ဘယ်လိုစုစည်းတည်ဆောက်မလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။ ကျွန်တော်တို့ကတော့၊ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်တွေကတော့ ကျမ်းမြတ်ကုရ်အာန်ကို ကျွန်တော်တို့ရဲ့ဘဝလမ်းညွှန်အဖြစ် ခံယူထားတဲ့အပေါ်မှာ အမျိုးသားရေးသွင်ပြင်လက္ခဏာတစ်ရပ်နဲ့ ပြည့်စုံတဲ့ (အမျိုးသားရေးလို့ပြောလို့ ကျွန်တော်က Radical Nationalism ကို ပြောတာမဟုတ်ပါဘူး။) အစွန်းရောက်အမျိုးသားရေးဝါဒကို ရည်ညွှန်းခြင်းမဟုတ်ပါ။ Nation Building တစ်ရပ်ကို ကုရ်အာန်က ဘယ်လိုတည်ဆောက်ခိုင်းထားပါသလဲဆိုတာကို ကုရ်အာန်မှာ လေ့လာရှာဖွေ ကြည့်ပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် (၄၉း၁၃) မှာ –
“ အို … လူသားအပေါင်းတို့ အသင်တို့ကို မရှိရာမှ ရှိရာသို့ ငါအရှင်က အဆင့်ဆင့် စီရင်ဖြစ်ထွန်းစေခဲ့တယ်။ အဖို သဘောတစ်ခု(Male)နှင့် အမသဘောတစ်ခု (Female) မှတဆင့် (အဖေနှင့်အမေမဟုတ်) ငါအရှင်မြတ်က အဆင့်ဆင့်စီရင်ဖြစ်ထွန်းစေခဲ့တယ်။ ပြီးတဲ့နောက် လူမျိုးနွယ်စုတွေ၊ အသားအရောင်၊ ဘာသာစကား၊ ဓလေ့ထုံးစံမတူညီတဲ့လူမျိုးစုတွေကို ဖြစ်ပေါ်စေခဲ့တယ်။ ဒီလိုဖြစ်တည်စေရခြင်းဟာ အသင်တို့တစ်ဦးနဲ့တစ်ဦး၊ လူမျိုးနွယ်စုတစ်စုနှင့်တစ်စုအကြားမှာ အပြန်အလှန်နားလည်အသိအမှတ်ပြုနိုင်ရေးအတွက်ဖြစ်တယ်။”
ကုရ်အာန်က မတူကွဲပြားစုံလင်ခြင်းကို အင်အားစုတစ်ခုအနေနဲ့ သတ်မှတ်ပေးထားတယ်။ ဘာသာတရား၊ ဓလေ့ထုံးစံ၊ အသားရောင်၊ လူမျိုး၊ ယုံကြည်မှုကွဲတိုင်း ကုရ်အာန်က ရန်သူအဖြစ် သတ်မှတ်ရမယ်လို့ မပြောထားဘူး။ မညွှန်ကြားထားဘူး။ ယုံကြည်ချက် တူပင်တူလင့်ကစား လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေရင် တနည်း ‘လာအိလားဟ အိလ္လလ်လာဟ်’ ဖတ်ပြီး လူတွေကို ညှင်းပန်းနှိပ်စက်ဒုက္ခပေး သတ်ဖြတ်နေမယ်ဆိုရင် အဲဒီလူတစ်ဦးတစ်ယောက်၊ အစုအဖွဲ့တစ်ဖွဲ့ဖြစ်ပါစေ။ သူတို့ဟာ ကာဖိရ်ဖြစ်တယ်လို့ ကုရ်အာန်ကညွှန်ပြပါတယ်။
`အသင်တို့အထဲတွင် အကောင်းဆုံး အရည်မွန်ဆုံးသူသည် ငါအရှင်မြတ်ထံတွင် အကောင်းဆုံးပင်ဖြစ် သည်။´
ဒီအာယသ်မှာပါတဲ့ အရဗီလို ‘လိသအာရဖူး’ ဆိုတဲ့ စကားလုံးဟာ ဒီအာယသ်တော်ရဲ့ အနှစ်ချုပ်ဖြစ်သလို ဒီကနေ့ Nation Building တည်ဆောက်ရေးကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံတွေအတွက်လည်း အင်မတန်မှ အခရာကျတဲ့ စကားလုံးဖြစ်ပါတယ်။ မျိုးနွယ်စုပေါင်းစုံ၊ လူမျိုးစုပေါင်းစုံ တနည်းအားဖြင့် Multi-race နဲ့ Multi-ethnic တွေ စုပေါင်းရောထွေးနေတဲ့ နိုင်ငံတစ်ခုမှာ၊ ဒါတင်မကပဲ လူမျိုးရေးဆိုင်ရာ အင်အားကြီးနိုင်ငံတွေကို အိမ်နီးချင်းအဖြစ် တည်ရှိလက်ခံနေရတဲ့နိုင်ငံ၊ ဆိုလိုတာက ကျွန်တော်တို့ မြန်မာနိုင်ငံ Nation Building တစ်ရပ်တည်ဆောက်ရေး မှာ ကုရ်အာန်စူရာဟ် (၄၉း၁၃) က ရည်ညွှန်းဖော်ပြနေတဲ့ ‘လိသအားရဖူး’ ဆိုတဲ့ စကားလုံးဟာ အရေးပါတဲ့ စကား လုံးတစ်လုံးဖြစ်နေပါတယ်။ ကောင်းပြီ။ ‘လိသအာရဖူး’ ဆိုတဲ့ အရဗီဝေါဟာရရဲ့ အဓိပ္ပါယ်က ဘာလဲ။
အရဗီလို ‘သအာရုဖ်’ ဆိုတာက အပြန်အလှန်နားလည်မှုပေးခြင်း (Mutual Understanding)၊ အပြန်အလှန် လေးစားမှုပေးခြင်း (Mutual Respect) လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံမှာ မကြာမီငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်မယ်လို့ ကြားပါတယ်။ ဒုတိယပင်လုံညီလာခံကြီးလည်း လုပ်မယ်လို့ ကြားပါ တယ်။ ဝမ်းသာပါတယ်။ ကြိုဆိုပါတယ်။ အောင်မြင်စေချင်ပါတယ်။ Nation Building တစ်ခုတည်ဆောက်ဖို့ အရေး မှာ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးဟာတစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အပြန် အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှုကို ထားရှိရပါလိမ့်မယ်။ ကျွန်တော်အကြံပြုချင်တယ်။ ဒီကနေ့ ပင်လုံညီ လာခံလုပ်မယ်ဆိုရင်တော့ တိုင်းရင်းသားပေါင်းစုံက ဒီညီလာခံကိုတက်လာမယ်။ ဒီအခါမျိုးမှာ တိုင်းရင်းသားတစ်စုချင်းရဲ့အရေးဆိုတာထက်ကို နိုင်ငံတော်အကျိုးရှိရေး၊ တည်တံ့ခိုင်မြဲရေးကို ဦးစားပေးဆွေးနွေးဖို့လိုပါတယ်။ မဟုတ်ရင်တော့ မပြီးဆုံးနိုင်သေးသော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညီလာခံကြီးပဲဖြစ်သွားပါလိမ့်မယ်။
အပြန်အလှန်လေးစားမှုပေးဖို့၊ အပြန်အလှန်နားလည်မှုပေးဖို့ဆိုရင် အခြေခံအားဖြင့် ဘာကိုလိုအပ်ပါသလဲ။ ကုရ်အာန်က ပြဆိုညွှန်ပြတဲ့ Tolerace လို့ခေါ်တဲ့ `ဆွဗရ်တရား´ကို လက်ကိုင်ပြုထားရပါမယ်။ ‘ဆွဗရ်’ ဆိုတဲ့ ကျမ်းမြတ်ကုရ်အာန် ပါ ဝေါဟာရဟာ ဒီနေရာမှာ `ကြံ့ကြံ့ခံခြင်း´ဆိုတဲ့ အဓိပ္ပါယ်ကို ရရှိသလို၊ ‘အဆုံးအစွန်သော နားလည်လေးစားမှုပေးခြင်း’ ကိုလည်း ရည်ညွှန်းနေပါတယ်။ ဒီကနေ့ဖြစ်နေတဲ့ ကိစ္စတွေဟာ ‘ဆွဗရ်’ (Tolerance) မရှိလို့ဖြစ်ရတာပါ။
Nation Building ကို တည်ဆောက်ပြီဆိုရင် ဘာအရေးကြီးလာပြီလဲ။ လူမျိုးစုတွေ၊ နိုင်ငံသားတွေရဲ့ Identity ကို စုစည်းညီညွတ်စွာပြသဖို့ လိုအပ်ပါတယ်။ Nation Building တစ်ရပ်ကို တည်ဆောက်မယ်ဆိုရင် နိုင်ငံတစ်ခုလုံးအတွက်ဆိုရင် တော့ National Indentity ပေါ့။ နိုင်ငံတစ်ခုလုံးအတွက်အဓိကထားပြီး ဦးစားပေးစဉ်စားမယ်ဆိုရင်တော့ တစ်ဦးချင်းတစ်ဖွဲ့ချင်းရဲ့ Identity ကို ရှေ့တန်းတင်လို့မရပါဘူး။ ငါကဘယ်သူ၊ ငါ့လူမျိုးစုကဘယ်လို၊ ငါ့အဖွဲ့အစည်းကဘယ်လောက်အင်အားသာတယ်၊ အဲဒါတွေကို ဘေးဖယ်ထားရလိမ့်မယ်။ အဲဒီလိုတစ်ဦးချင်း၊ တစ်စုတစ်ဖွဲ့ချင်းရဲ့ Identity တွေက ရှေ့တန်းရောက်နေတဲ့အတွက်ကြောင့် စည်းလုံးညီညွတ်မှု တွေ ဒီကနေ့ပြိုကွဲနေခြင်းဖြစ်တယ်။ ဒါကြောင့် စည်းလုံးညီညွတ်မှုကိုအမှန်တကယ်သွားကြမှာလား။ စဉ်းစားပေးပါ။ Nation Building ကို တည်ဆောက်တော့မယ်ဆိုရင် မိမိရဲ့ Identity ကို ရှေ့တန်းမတင်ပဲ National Identity ကိုပဲ ဦးစားပေး၊ ရှေ့တန်းတင်ရပါလိမ့်မယ်။ ဒီအခါမှာ ကုရ်အာန် (၄၉း၁၃)က ညွှန်ပြတဲ့ ‘သအာရဖူး’ လို့ခေါ်တဲ့ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်ပေးမှုဆိုတာဟာ အသက်ဝင်လာပါလိမ့်မယ်။ ဒီလို အသက်ဝင်လာခြင်းဟာ Nation Building တည်ဆောက်ရေးမှာ ပထမဦးဆုံး ခြေလှမ်းဖြစ်လာပါလိမ့်မယ်။
ဒီနေရာမှာတော့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်တွေနဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။ မြန်မာနိုင်ငံမှာနေထိုင်တဲ့ တိုင်းရင်းသားလူမျိုးစုတိုင်းက (ဥပမာ ကချင်၊ ချင်း၊ ရခိုင်၊ မွန်) သူတို့ရဲ့ ကိုယ်ပိုင် Identity တွေကို ထုတ်ပြကြတယ်။ ဒီတော့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်နိုင်ငံသားတွေက လည်း သူတို့ရဲ့ကိုယ်ပိုင် Identity တစ်ရပ်ကို ထုတ်ပြဖို့အားထုတ်ကြိုးပမ်းလာတာကို တွေ့ရပါတယ်။ ခက်တာက မွတ်ဆလင်မ်က Identity ကို ပြရာမှာ ဘာသာရေး (Religious Identity) ကိုပြလိုက်တယ်။ ဥပမာ ဝတ်စုံပေါ့ဗျာ။ အဲဒီမှာ ကွဲပြားခြားနားမှုတွေ ဖြစ်လာပါတယ်။ အစ္စလာမ်ဘာသာရေးဆိုင်ရာ ဆရာသမားကြီးတွေက သူတို့ရဲ့ Indentity ကို ပြတဲ့ အနေနဲ့ ဘာသာရေးဝတ်စုံကို ပြတာတော့ မထူးဆန်းပါဘူး။ ပြဿနာလည်းမရှိပါဘူး။ ခရစ်ယာန်မှာရော၊ ဗုဒ္ဓဘာသာမှာရော၊ ဟိန္ဒူမှာရော ဘာသာရေးဆရာကြီးတွေက ဘာသာရေးအဆောင်အယောင်ဝတ်စုံတွေနဲ့ Indentity ကို ပြတာ ပြဿနာမရှိပေမယ့်၊ သာမန်အရပ်သူ အရပ်သားတွေကပါ ဘာသာရေးဝတ်စုံကို ဝတ်ပြီး ကွဲပြားတဲ့ Indentity ကို ပြလာတော့ ပြဿာနာက တက်လာပါတော့တယ်။ အာလင်မ်တွေဝတ်တာက ပြဿနာမရှိပေမဲ့ သာမာန်အရပ်သားတွေကပါ လိုက်ပြီးဝတ်စားလာမယ်ဆိုရင်တော့ တစ်ဖက်ကစဉ်းစားစရာဖြစ်လာပါလိမ့်မယ်။ ဒီထက်ပိုဆိုးတာက မွတ်ဆလင်မ် အချို့က မြန်မာ Indentity ဖြစ်တဲ့ တိုက်ပုံကို ပုတ်ခတ်ပြောလာတော့ ပိုဆိုးတာပေါ့။ အမှန်တော့ ကုရ်အာန် (၄၉း၁၃) မှာ ပြဌာန်းထားတာသလို တစ်ဘာသာနဲ့တစ်ဘာသာ၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊ မတူညီတဲ့ယဉ်ကျေးမှုတွေအပေါ်မှာ နားလည်မှု မပေးခြင်းပါဘဲ။ လေးစားမှု မပေးခြင်းပါဘဲ။ ဒါကိုရေးကြီးခွင်ကျယ်လက်ညှိုးထိုးအပြစ်ပြောနေကြမယ်ဆိုရင်တော့ Nation Building တည်ဆောက်ရေးမှာ အခက်အခဲအများကြီးဖြစ်လာပါလိမ့်မယ်။
ဒီကနေ့ မြန်မာပြည်မှာ ဘာသာရေး ပဋိပက္ခတွေ၊ ဘာသာရေးအကြမ်းဖက်မှုတွေ ဖန်တီးလှုံ့ဆော်၊ ကျူးလွန်နေတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါက မငြင်းနိုင်တဲ့အချက်ပါ။ သူတို့ရဲ့ ရည်ရွယ်ဦးတည်ချက်ကတော့ မြန်မာနိုင်ငံမှာ Nation Building တစ်ရပ်ကို မတည်ဆောက်နိုင်အောင်၊ နိုင်ငံကို ပျက်စီးအောင် ကြံဆောင်နေခြင်း ဖြစ်ပါတယ်လို့ ကျွန်တော်အခိုင်အမာပြောလိုပါတယ်။ ဒီလူတွေရဲ့ လုပ်ရပ်ဟာ အကြောင်းမဲ့မဟုတ်ပါ။ အစ္စလာမ်ရဲ့ သာသနိက အဆောက်အဦးတွေကို ဖျက်ဆီးနေတဲ့အတွက် တိုင်းပြည်မှာ ဆူပူမှုတွေဖြစ်လာလို့ရှိရင် Nation Building တစ်ခုမတည်ဆောက်နိုင်အောင် ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ အုပ်စုတွေဘဲလို့ ကျွန်တော်နားလည်ပါ တယ်။ ဒါကြောင့် ဒီအုပ်စုတွေဟာ နိုင်ငံသားတွေ အချင်းချင်းကြားမှာ ဘာသာတရားကို အကြောင်းပြုပြီး ခွဲခြားဆက်ဆံမှုတွေ၊ ဖိနှိပ်မှုတွေ ပြုလုပ်နေပါတယ်။ ဒီအခြေအနေကို Nation Building ကို တည်ဆောက်ချင်တဲ့ NLD ပါတီလို ဒီမိုကရေစီအစိုးရက တားဆီးပေးသင့်ပါတယ်။ ကျွန်တော်စိတ်မကောင်းဘူး။ နှုတ်ဆိတ်၊ နှုတ်ပိတ်နေတာ စိတ်မကောင်းဘူး။ ကျွန်တော်တို့ အလေးအနက်တောင်းဆိုပါတယ်။ လူနည်းစု ဘာသာဝင်တွေ၊ ပြည်သူတွေရဲ့ လုံခြုံရေး၊ အေးချမ်းရေးကို လက်ရှိအစိုးရက တာဝန်ယူဆောင်ရွက်ပေးသင့်ပါတယ်။ လူနည်းစုဘာသာဝင်တွေရဲ့ ဘာသာ ရေးဆိုင်ရာ အခမ်းအနားတွေကို ပါဝင်တက်ရောက် အားပေးသင့်ပါတယ်။ ဒီလိုနေ့၊ ဒီလိုထူးမြတ်လှတဲ့ ဝါကျွတ်အီဒ်းပွဲတော်အခါသမယမျိုးမှာ နိုင်ငံတော် သမ္မတကြီးဆီက ကမ္ဘာ့ဂုဏ်သရေရှိ ခေါင်းဆောင်များနည်းတူ ပေးပို့လာမယ့် သဝဏ်လွှာကို ကျွန်တော်တို့ မွတ်ဆလင်မ်တွေ မျှော်လင့်နေပါတယ်။
လက်ရှိနိုင်ငံတော်အစိုးရအနေနဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို နိုင်ငံတော်တည်ဆောက် ရေးမှာ အင်အားစုတစ်ရပ်အနေနဲ့ အသိအမှတ်ပြုသဘောထားနိုင်မယ်ဆိုရင် မတူကွဲပြားစုံလင်မှု (Diversity) ကို ဒီမိုကရေစီအစိုးရတစ်ရပ်က တန်ဖိုးထားဆက်ဆံပါတယ်လို့ မြင်မိမှာပါ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေ ဖက်ကလည်း ကိုယ်မွေးတဲ့နိုင်ငံ၊ ကိုယ်နေတဲ့နိုင်ငံ၊ ကိုယ်ခေါင်းချမဲ့နိုင်ငံ အဲဒီိနိုင်ငံတော်အပေါ်မှာ ဘယ်လို သစ္စာရှိရှိ တာဝန်ထမ်းဆောင်ကြမယ်ဆိုတာကို သက်သေပြဖို့ အဆင်သင့်ရှိပါတယ်။ ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်တွေဖက်ကလည်း နိုင်ငံတော် Nation Building တည်ဆောက်ရေးမှာ ကျရာအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုအပ်နေပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံအတွင်းမှာ အစ္စလာမ်ဘာသာဝင်ဆိုတာနဲ့ ဘယ်အချိန် ငါ့အိမ်လာဖျက်မလဲ။ ဘယ်အချိန် ငါ့အသက်ရန်ရှာမလဲဆိုတာတွေကို လက်ရှိဖြစ်စဉ်တွေပေါ်မှာကြည့်ပြီး မလုံခြုံမှုကို ခံစားနေရသလို၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးမှာလည်း ကျွန်တော်တို့ကို အမျိုးမျိုးသော ခွဲခြားဆက်ဆံမှုတွေနဲ့ (သွေးနှောတို့၊ ဘာတို့၊ ညာတို့) ခွဲခြားဆက်ဆံခြင်းခံနေရတာကိုလည်း အစိုးရအပေါ် ကျွန်တော်တို့ မေးခွန်းထုတ်အရေးဆိုချင်ပါတယ်။
ကျွန်တော်အရေးကြီးတဲ့အချက် တစ်ချက်ပြောပါမယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာကို မကျေနပ်လို့ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာသာသနိက အဆောက်အဦးအချို့ကို သူတို့နိုင်ငံသား မွတ်ဆလင်မ်တွေက ဖျက်ဆီးခဲ့ကြတယ်။ အဲဒီအခါ နောက်တစ်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ၀န်ကြီးချုပ် ‘ရှိတ်ဟာ စီနာ’ ကိုယ်တိုင် ဖျက်ဆီးခံရတဲ့ ကျောင်းတိုက်တွေကို ရောက်လာပြီး အမေရိကန်ဒေါ်လာသန်း (၁ဝဝ) မတည်ပေးပြီး ပြန်ပြင်ဆင်ပေးခဲ့တဲ့အပြင်၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ဖမ်းဆီး၊ အပြစ်ပေးအရေးယူခဲ့တယ်။ ပြန်လေ့လာကြည့်တော့ ဘင်္ဂလားဒေ့ရှ်ရဲ့ အခြေခံဥပဒေမှာ လူနည်းစုအခွင့်အရေး (Minority Right) ကို ဥပဒေအဖြစ် အတည်ပြုပြဌာန်းထားပေးပါတယ်။ ဒါကြောင့် ဒီဥပဒေအရ သက်ဆိုင်ရာ လူနည်းစုတွေရဲ့ သာသနိက အဆောက်အဦးတွေ ဖျက်ဆီးခံခဲ့ရရင် နိုင်ငံတော်အစိုးရမှာ အပြည့်အဝတာဝန်ရှိတယ်။
ဒီနိုင်ငံမှာက အဲဒီဥပဒေက ဖွဲ့စည်းပုံ (Constitution) ထဲမှာပဲ ရှိနေတယ်။ အဲဒါကို ဥပဒေအဖြစ်၊ နည်းဥပဒေအဖြစ် မသတ်မှတ်ပေးသေးဘူး။ လူနည်းစုအခွင့်အရေးကို ဖွဲ့စည်းပုံရဲ့ ပုဒ်မ(၃၆၄)မှာ ပြဌာန်းထားပေမယ့် ဥပဒေအဖြစ် ပြဌာန်းသတ်မှတ်ပေးခြင်းမရှိသေးပါဘူး။ အရင်အစိုးရ်က ဘာကြောင့် မပေးတာလဲ လူတိုင်းသိတယ်။ ဒါပေမယ့် ဒီကနေ့ ဒီမိုကရေစီအစိုးရတစ်ရပ်ပေါ်ပေါက်လာတဲ့အပေါ်မှာ အစိုးရ အနေနဲ့ မတည်ငြိမ်မှုတွေ၊ မငြိမ်းချမ်းမှုတွေ၊ မလုံခြုံမှုတွေ၊ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ပေးပြီး၊ Nation Building တည်ဆောက်နိုင်ရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် ပုဒ်မ (၃၆၄) ကို Constitution မှသည် ဥပဒေ၊ နည်းဥပဒေဖြစ်လာစေရေး လွှတ်တော်မှာဆွေးနွေးပြဌာန်းပေးပါလို့ တောင်းဆိုပါတယ်။ အရင်အစိုးရတုန်းက ကျွန်တော်တောင်းဆိုခဲ့တာ ပယ်ခံရပါတယ်။ အဲဒီလို မလုပ်ပေးဘူးဆိုရင် ကျွန်တော်တို့ လူနည်းစုအခွင့်အရေးတွေဟာ ဆုံးရှုံးနေဦးမှာသာဖြစ်ပါတယ်။
ကျွန်တော်တို့ Nation Building တစ်ရပ်ကို တည်ဆောက်တဲ့အခါမှာ အဲဒီနိုင်ငံတော်အတွင်းမှာပါဝင်တဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး လူအားလုံးသည် မိမိနိုင်ငံတော် ငြိမ်းချမ်းရေး၊ တိုးတက်ရေး၊ အေးချမ်းသာယာစည်ပင်ဝပြောရေးဆိုတာကို အားလုံးလက်ခံနားလည်သဘောပေါက်ပြီးတော့ ကျမ်းမြတ်ကုရ်အာန် စူရာ (၄၉း၁၃) က ရည်ညွှန်းတဲ့အတိုင်း ကျွန်တော်တို့ရဲ့ Mindset တွေကို ပြုပြင်ပြီး ပါဝင်ဖို့လိုအပ်ပါတယ်။
နိုင်ငံတော်ဖက်ကလည်း လူနည်းစုတွေရဲ့အခွင့်အရေး (Minority Right) ကို ပြဌာန်း ကာကွယ်စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီတော့ ကျွန်တော်တောင်းဆိုချင်တာက ညီညွတ်ရေးကိုပြတဲ့အနေနဲ့၊ ခွဲခြားဆက်ဆံမှုမရှိဘူးဆိုတာကိုပြတဲ့အနေနဲ့ လက်ရှိနိုင်ငံတော်မှာတာဝန်ယူထားတဲ့ အစိုးရတာဝန်ရှိသူများနှင့် အဆင့်ဆင့်သောလွှတ်တော်ကိုယ်စားလှယ်များသည် အစ္စလာမ်ရေးဆိုင်ရာ အခန်းအနားများ၊ အရေးကိစ္စရပ်များမှာတက်ရောက်ပါဝင်ခြင်း၊ သဝဏ်လွှာပေးပို့ခြင်းများဖြင့် အသိအမှတ်ပြုပေးပါလို့ တောင်းဆိုဆန္ဒပြုရင်းကျွန်တော့ရဲ့ (၂ဝ၁၆)ခုနှစ် “အီဒွလ်ဖိတိရ်ခွတ္တဗါဟ်” ကို နိဂုံးချုပ်လိုက်ပါတယ်။
….. ဆလာမ်း – ငြိမ်းချမ်းမှုအဖြာဖြာသက်ရောက်ပါစေ။