၂၀၁၆ ရမဒွါန် ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
၂၀၁၆ ရမဒွါန်
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြသော ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ကျေးဇူးတင်ရှိကြောင်းနဲ့ ချီးမွမ်းထောပနာပြုအပ်ပါတယ်။
`အလ်ဟမ်ဒုလိလ္လာဟ်´ကြွရောက်လာကြတဲ့ လူကြီးမင်းများအပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်အဖြာဖြာ ကျရောက်ပါစေကြောင်း ဆန္ဒပြုရင်း အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု —
စောစောက ကျွန်တော်ဖတ်ကြားသွားတဲ့ ကုရ်အာန်အာယသ်ဆိုရင် လူကြီးမင်းများသိရှိပြီးဖြစ်ပါတယ်။ ပလီတော်တော်များများမှာလည်း ဒီအာယသ်ကို ဒီနေ့ခွတ္တဗာဟ်မှာ ဖတ်ကြမှာဖြစ်ပါတယ်။ ဒီအာယသ်ဟာ ဆွီယာမ် နဲ့ ပတ်သက်တယ်ဆိုတာလည်း မွတ်ဆလင်မ်တော်တော်များများ သိရှိပြီးဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တင်ပြ မယ့်ခေါင်းစဉ်က `၂၀၁၆ ရမဒွါန်´ဖြစ်ပါတယ်။ မကြာခင် ကျရောက်တော့မယ့် ရမဒွါန်လရဲ့အကြိုအနေနဲ့ ဒီကနေ့ ဒီခေါင်းစဉ်နဲ့ တင်ပြမှာဖြစ်ပါတယ်။ လိုရင်းကတော့ ကျွန်တော်ရမဒွါန်လအကြောင်းပြောမှာပါ။
ရမဒွါန်လ ရောက်ပြီဆိုရင် ကျွန်တော်တို့ ပလီတွေအနေနဲ့ရော၊ မွတ်ဆလင်မ်တော် အနေနဲ့ရော ကြိုတင် ပြင်ဆင်ကြပါတယ်။ ကမ္ဘာမှာလည်း အဲဒီလို ဖြစ်မယ်လို့ ထင်ပါတယ်။ ဘာတွေပြင်ဆင်ကြလဲ။ နံပါတ်တစ် အရေးအကြီးဆုံးက ၀ါဖြေကြမယ်။ ၀ါဖြေပွဲ အတွက် တစ်ရက်ဘယ်လောက်ကျမယ်။ အလှူငွေထည့်ဝင်ကြပါ။ ပြီးရင် ရမဒွါန်ကော်မတီတွေ ဘာတွေဖွဲ့မယ်။ အစည်းအဝေးတွေ လုပ်ကြမယ်။ ရမဒွါန်အတွက် ပြင်ဆင်ကြတယ်။ ကျွန်တော်တို့လည်း ပြင်ဆင်ကြတယ်။
ကျွန်တော်တို့ အပါတ်စဉ်တနင်္ဂနွေနေ့တိုင်း ဆွေးနွေးပွဲတွေရှိတယ်။ ဆွေးနွေးပွဲတွေလုပ်တယ်။ ကျွန်တော် တို့အတွက်တော့ မထူးဆန်းဘူး။ နှစ်စဉ်လုပ်နေကြဘဲလေ။ အခြားသူတွေအတွက်တော့ ထူးခြားရင်ထူးခြားမှာပေါ့။ အဲဒီဆွေးနွေးပွဲတွေအတွက် ကျွန်တော်တို့ပြင်ဆင်ထားပါတယ်။ ပြောချင်တာက ရမဒွါန်လရောက်လာပြီဆိုရင် ကျွန်တော်တို့ မွတ်ဆလင်မ်တွေ တော်တော်လေး နိုးနိုးကြားကြားနဲ့ တက်တက်ကြွကြွရှိတယ်။ ရမဒွါန်လရောက် လာပြီဆိုရင် တမန်တော် ခေတ်ကဆိုဆွဟာဗာတွေ မျက်နှာတောင် အရောင်ပြောင်းသွားကြတယ်လို့ ကြားဘူးပါ တယ်။ ရမဒွါန်လ ဆွီယာမ်ဥပုသ်နဲ့ တွေ့ရတော့မယ်ဆိုပြီး သူတို့က သူတော်စင်တွေဆိုတော့ ၀မ်းသာကြည်နူးကြ တယ်ပေါ့။ ကျွန်တော်တို့ကျတော့လည်း ကုသိုလ်စ၀ါဗ်ကို အလေးထားကြတယ်။ ရမဒွါန်လမှာ အများစုမွတ်စလင်မ် တွေ သိရှိလက်ခံထားကြတာက ရှိုင်ဿွန်ကြီးတွေကို အလ္လာဟ်က သံခြေခြင်းခတ်ပြီး ဖမ်းထားလိုက်ပြီ။ အဲဒီတော့ တော်ရုံတန်ရုံ ဂိုနာဟ်(ငရဲ)မလုပ်မိတော့ဘူးပေါ့နော်။ ပြီးတော့ ရမဒွါန်လမှာ ဆ၀ါဗ်(ကုသိုလ်)တစ်ခုလုပ်ရင် အဆ ပေါင်း ဘယ်လောက်ရမယ်ပေါ့။
ဒီလို ကုသိုလ်စ၀ါဗ်ပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ ၀ါဖြေပွဲတွေ ကဒါရ်ညတွေအတွက်တွေပေါ်မှာ အခြေခံ ပြီး တကယ့်အနှစ်သာရအပိုင်း ကုရ်အာန် အာယသ်မှာပါတဲ့ အနှစ်သာရအပိုင်းမှာ ဘာတွေပါလဲဆိုတာကို ကျွန်တော်ဆွေးနွေးတင်ပြချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ ရမဒွါန်ကို အဓိပ္ပါယ်ဖွင့်ဆိုပြီးတော့ ဒါတွေအလကားပါ။ ၀ါရှောင်စရာမလိုဘူး လို့၊ ဆွီယာမ်ဥပုသ်သီလဟာ အငတ်ခံတာ၊ အပိုအလုပ်တွေပါလို့ တစ်ချို့ပြောလာတာတွေကိုလည်း တွေ့နေရ တယ်။ လူကြီးမင်းများ လည်း သိလောက်ပြီလို့ထင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီအာယသ်တွေကို လေ့လာကြည့်တဲ့အခါမှာ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂ အာယသ် ၁၈၃ ကနေ ၁၈၇ ထိ လေ့လာကြည့်မယ်ဆိုရင် `အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့ အပေါ်မှာ ဆွီယာမ်ဥပုသ်သီလကို ငါအရှင်ဥပဒေအဖြစ်ပြဌာန်းသတ်မှတ်လိုက်ပြီ ဖြစ်သည်။ အသင်တို့အရင်က လူတွေကိုလည်း ငါအရှင်ပြဌာန်းသတ်မှတ်ခဲ့ပြီးသကဲ့ အသင်တို့ အပေါ်မှာ သတ်မှတ်လိုက်ပြီ ဖြစ်သည်။´
ဒါကိုကြည့်ခြင်းအားဖြင့် ဒါဟာ ကျွန်တော်တို့အတွက် အထူးအဆန်း မဟုတ်ဘူး။ အကြီးအကျယ် ကျွန်တော်တို့ စကားလုံးတွေ ဝေါဟာရတွေ ဖွင့်ဆိုပြီးတော့ တွေးတောငေးမောနေမယ်ဆိုရင် ဆရာ ဦးစန်းအောင် စကားနဲ့ပြောရမယ်ဆိုရင် တရားသဘောနဲ့ သဘောတရားကို လေ့လာကြည့်မယ်ဆိုရင် အဲဒီမှာ အဖြေပေါ်မှာ ဖြစ်တယ်။ ကျွန်တော်တို့အတွက် ဆွီယာမ်ဥပုသ်သီလဆောက်တည်တာ ဘာမှအထူးအဆန်းမဟုတ်ဘူး။ ကျွန်တော်တို့ကို တကူးတကနဲ့ အင်မတန်ချစ်မြတ်နိုးလို့ သတ်မှတ်ပြဌာန်းပေးတာပါလို့ အလ္လာဟ်ပြောတာမဟုတ်။ အလ္လာဟ်ပြောတာက ဟိုးအရင်လူတွေ လူတွေ လက်ထက်ကတည်းက ဒီဆွီယာမ်ဥပုသ်ရှိခဲ့ပြီးဖြစ်တယ်။ နည်းစနစ် တွေ ကွာခြားသွားကောင်း၊ ကွာခြားသွားမယ်။ ဘာသာတရားတိုင်းမှာလည်း ရှိတယ်။ ဂျူးဘာသာမှာလည်းရှိတယ်။ ဗုဒ္ဓဘာသာမှာလည်း ရှိတယ်။ ခရစ်ယာန်မှာလည်း သူ့နည်းသူ့ဟန်နဲ့ရှိပြီးဖြစ်တယ်။
အလ္လာဟ်သတ်မှတ်ပြဌာန်းခဲ့တဲ့ အရင့်အရင်လူမျိုစုတွေမှာ ဘယ်လိုအလ္လာဟ်သတ်မှတ်ထားသလဲ။ အဲဒီ အတိုင်း အသစ်တို့ကို သတ်မှတ်ပေးလိုက်တယ်။ မတူညီတဲ့ပုံစံ၊ စနစ်လေးတွေတော့ရှိမှာပေါ့။ ဥပမာ ဗုဒ္ဓဘာသာရဲ့ ဥပုသ်သီလဆောက်တည်ပုံနဲ့ မွတ်ဆလင်မ်တွေရဲ့ ဥပုသ်သီလဆောက်တည်ပုံမတူညီဘူးပေါ့။ form အားဖြင့် ပုံစံအားဖြင့် မတူညီဘူးပေါ့။ အဲဒီတော့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို ကျွန်တော်တို့လေ့လာကြည့်ရတော့ မယ်။ အလ္လာဟ်ပြောတဲ့ အရင်လူတွေဘယ်လို ဥပုသ်သီလဆောက်တည်ခဲ့ကြပါသလဲ။ သူတို့ကို အလ္လာဟ်ပြဌာန်းသတ် မှတ်ခဲ့တဲ့ ဥပုသ်သီလဆောက်တည်ပုံ၊ သူတို့ ဘယ်လိုဥပုသ်သီလဆောက်တည်ခဲ့သလဲ။ ဟီဘရူးဘာသာစကား မှာ ဘယ်လို သုံးထားသလဲ။ သူတို့က အဲဒီစကားလုံးတစ်လုံးချင်းစီမှာ လေ့လာပြီးတော့ အဓိပ္ပါယ်ဖွင့်ဆိုပြီး ဘာတွေလုပ်ခဲ့ကြသလဲ။
ကျွန်တော်တို့လို ဟုတ်ပါရဲ့လား။ ဒါမှမဟုတ် မဟုတ်ဘူးလားပေါ့။ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပြီး ဆွီယာမ်ကို ဘယ်လိုလုပ်ခဲ့ကြသလဲ။ ကျွန်တော်တို့ သမိုင်းလေ့လာဖို့လိုတယ်။ သမိုင်းလေ့လာဖို့အကြောင်းပြောတော့ တမန် တော်မုဟမ္မဒ်(ဆွ)ရဲ့ အဖေဘယ်သူလဲဆိုရင်။ အဲဒါပြဿနာဘဲ။ တစ်ယောက်က အီဆာလို့ပြောမယ်။ တစ်ယောက် က ယူစွဖ်လို့ပြောမယ်။ နောက်တစ်ယောက်က ဖာရွတ်လို့ပြောမယ်ဆိုရင် ကျွန်တော်တို့ဘာလုပ်ကြမလဲ။ ဒါကြောင့် ကျွန်တော်တို့သမိုင်းကို လေ့လာဖို့လိုအပ်တယ်။ လေ့လာရမယ်။ သမိုင်းမသိလို့မရဘူး။ သမိုင်းမလေ့လာရဖူးလို ကျွန်တော်တို့ မပြောဘူး။ အီမာန်သက်ဝင်ယုံကြည်မှုအပိုင်းက တစ်ပိုင်း၊ သမိုင်းလေ့လာတာက တစ်ပိုင်း။
ပုဂ္ဂိုလ်တစ်ယောက်နဲ့ထိုင်ဝိုင်း တစ်ခုမှာစကားပြောရင်းနဲ့ သမိုင်းအကြောင်းပြောပြတာ ရေရေလည်လည် မိုက်တယ်။ ဒီဖက်ခေတ်နဲ့ ကွက်တိဘဲ။ ဟဇရသ်အုမရ်အုပ်ချုပ်နေစဉ်ကာလမှာ ဘိုင်သွလ်မုကဒ္ဒစ်ရှိရာကို အစ္စလာမ် စစ်တပ်ကြီး ချီတက်နေစဉ် လမ်းမှာ အဲဒီအရပ်က ရဟူဒီ၊ နဆွရာနီတွေက ဖိတ်ခေါ်ကြတယ်။ `အဆွရ်´ အချိန်ကျ ရောက်ချိန်ပေါ့။ နဆွရာနီဘုန်းကြီးက ဘုရားကျောင်းထဲက ထွက်တွေ့ပြီးတော့ နှုတ်ဆက်စကားပြောတာပေါ့။ ဟဇရသ်အုမရ်က အမြန်နှုတ်ဆက်ပြီး ပြန်မလို့လုပ်တော့ ဘုန်းကြီးကဘာကြောင့် အလောတကြီး ပြန်မှာပါလဲလို့ ဟဇရသ်အုမရ်ကို မေးပါတယ်။ ဟဇရသ်အုမရ်က အဆွရ်အချိန်ကျရောက်နေပြီလို့ အမြန်ပြန်ရပါမယ်လို့ ပြောပါ တယ်။ နဆွရာနီဘုန်းကြီးက သူတို့ကျောင်းမှာပဲဝတ်ပြုသွားပါ။ ရပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဟဇရသ်အုမရ် က မဖတ်ပဲနဲ့ ပြန်သွားခဲ့ပါတယ်။
ဘာကြောင့် အဲဒီနဆွရာနီကျောင်းမှာ ဟဇရသ်အုမရ်ဝတ်မပြုရတာလဲ။ ဟဇရသ် အုမရ် ပြောခဲ့တာ အရမ်းမိုက်တယ်။ `အကယ်၍ ငါ့အနေနဲ့ အဲဒီ နဆွရာကျောင်းမှာဝတ်ပြုခဲ့မယ်ဆိုရင် ငါသေသွား တဲ့နောက် ငါ့နောက်လိုက်တွေက အမီးရုလ်မို့အ်မေနီး ဟဇရသ်အုမရ် ဒီကျောင်းမှာဝတ်ြပုခဲ့ဘူးတယ်ဆိုပြီး ပလီလုပ်လိုက်ကြမယ်။ အဲဒါကိုကြိုသိလို့ ငါဝတ်မပြုခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဒါက လိုရင်းကိုဘဲပြောတာပါ။ နောက်ထပ် ဖွင့်ဆိုချက် တွေအများကြီးရှိသေးတယ်။ သူ့နေရာမှာ ၀တ်ပြုရင် ကိုယ့်နေရာမှာလည်း ၀တ်ပြုခွင့်ပေးရမယ်။ နဆွရာကျောင်းမှာ ကျွန်တော်တို့က နမားဇ်ဖတ်ရင် ပလီကိုသူရောက်လာခဲ့ရင် သူ့ကိုရှိခိုးခွင့်ပေးရမှာပေါ့။ ဒါတွေက ကြိုတင်ပြင်ဆင် စဉ်းစားရတဲ့ ကိစ္စရပ်တွေ။ ဒါဟာ သမိုင်းလေ့လာဖို့ လိုအပ်တယ်ဆိုတာ ပေါ်လွင်တယ်။
ကျွန်တော်တို့နဲ့ အများမွတ်ဆလင်မ်သမိုင်းဆိုင်ရာ အချက်အလက်တွေကို လက်ခံပုံချင်းမတူတာက တစ်ပိုင်း၊ သမိုင်းလေ့လာရမှာက တစ်ပိုင်း၊ ဒါမှ ကျွန်တော်တို့ သိမှာ။ စောစောက တင်ပြခဲ့သလို ဆွီယာမ်ကို သူတို့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။ ဆွီယာမ်မှာ သူတို့ဘာလုပ်ခဲ့တာလဲ။ သူတို့ Form အားဖြင့် ရုပ်အားဖြင့် မလုပ်ခဲ့ ဘူးဘား။ ဒါဘယ်လောက်အထိ အရေးကြီးသလဲ၊ ဘယ်လောက်အထိ အရေးမကြီးဘူးလဲဆိုတာကို ကျွန်တော်တို့ လေ့လာသုံးသပ်ဖို့ လိုတယ်။ ကုရ်အာန် စူရာဟ် ၂း၁၈၃ နဲ့ တစ်ဆက်တည်း ၂း၁၈၄ ကို လေ့လာကြည့်မယ်ဆိုရင်
`အကယ်၍များ အသင်တို့ လမ်းခရီးကို ရောက်နေမယ်။ ရောဂါဘယတစ်ခုခုနဲ့ ကြုံနေမယ်၊ ဆွီယာမ် ဥပုသ်ဆောက်တည်ဖို့ မတတ်နိုင်စွမ်းဘူးဆိုရင် အခြားသောနေ့ရက်တွေမှာ ရေတွက်ပြီး ဖြည့်စွက်ပါ။ ဒါမှ မတတ် စွမ်းဘူးဆိုရင် ဆင်းရဲသားတစ်ဦးဦးကို ထမင်းတစ်ရက်စာကျွေးပါ။´
ကျွန်တော်တို့ အရဗီစကားလုံးတစ်လုံး (ဥပမာ ရမဒွါန်)ကို တရားသဘောအတိုင်း မယူဘဲနဲ့၊ သဘော တရားအပိုင်းယူမယ်ဆိုရင် ပြဿနာရှိနိုင်တယ်။ သဘောတရားအပိုင်းကို မယူရဘူးလို့ ပြောတာမဟုတ်ပါ။ လေ့လာ မယ်။ သိရှိလာတာတွေကိုဖြည့်စွက်မယ်။ ဖျောက်လိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားဆင်ခြင်ရမယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ရှင်းရှင်း လင်းလင်း ပြထားတာရှိပါတယ်။ ကျွန်တော် ဥပမာတစ်ခုပြမယ်။ ဥပမာ ၀က် ။ ၀က်ကို အရဗီလို `ခင်န်ဇီးရ်´လို့ ခေါ်တယ်။ ငါအလ္လာဟ်အရှင်က အသင်တို့ကို အသေသား၊ သွေး၊ ၀က်ရဲ့အသားကို ဟရမ်အဖြစ်သတ်မှတ်လိုက် တယ်လို့ပါရှိပါတယ်။
ဒီတော့ ဒီအာယသ်ကျရောက်တဲ့ တမန်တော်ခေတ်ကို မျက်စိထဲမြင်ကြည့်လိုက်။ တမန်တော်က ဒီအာ ယသ် ကျရောက်လာခြင်းအကြောင်းကို ပြောပြီး ဆွဟဗာတွေက နားထောင်ပြီး အဲဒီအချိန်မှာ ဘယ်ဆွဟဗာတစ် ယောက်ကမှ ခင်န်ဇီးရ် ဆိုတာ ဘာလဲလို့ မတွေးဘူး။ လူကြီးမင်းများကရော တွေးမယ်လို့ထင်လား။ ခင်န်ဇီးရ် ဘာလဲဆိုတာကို အာရေဗီးယားက ဆွဟာဗာတွေ မသိဘူးလား။ မသိနိုင်ဘူးလား။ အားလုံးက ၀က်ကို ရည်ညွှန်း တယ်ဆိုတာ သိတယ်။ ခင်န်ဇီးရ်ဆိုတဲ့ ဝေါဟာရ အလ္လာဟ်သတ်မှတ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ ရှုပ်ထွေးတာတွေရှိပါတယ်။ တမန်တော်မြတ်(ဆွ) မမွေးခင်ကတည်းက `အာရဗ်တွေက အရဗီ လ(၁၂)လရဲ့ နာမည်တွေလည်းရှိတယ်။ လူနာမည်တွေလည်းရှိတယ်။ ဒီလိုပဲ တမန်တော်မမွေးခင်ကတည်းက ကျမ်းမြတ်ကုရ်အာန် မကျရောက်ခင်ကတည်းက ၀က်ဆိုတဲ့ ခင်န်ဇီးရ်ဆိုတာ ရှိပြီးသား။ ဒါကို အခုအချိန်မှာ ကျွန်တော်တို့က ခင်န်ဇီးရ်ဆိုတဲ့ဝေါဟာရကို ခေက ဘာလဲ။ ဇေက ဘာလဲ။ နူးန်က ဘာလဲဆိုပြီး တစ်လုံးချင်း ခွဲခြမ်းစိတ်ဖြာရင် ဘာတွေတွေ့လာရမလဲသိလား။ အစားပုပ်တို့၊ ပင်လယ်ထဲမှာရှိတဲ့ လင်းပိုင်တစ်မျိုးကိုလည်း ခင်န်ဇီးရ်လို့ခေါ်တယ်။ လေ့လာရင် လေ့လာသလောက်တွေ့ရမယ်။ ဆေးသိပ္ပံမှာ အသုံးပြုတဲ့ ပူးတစ်မျိုးကိုလည်း ခေါ်တယ်။ ဒါက ရုပ်ဝတ္ထုတွေကို အဓိပ္ပါယ်ဖွင့်ဆိုတာ။ ရုပ်ဝတ္ထုမဟုတ်ပဲနဲ့ သဘောတရား အနှစ်သာရအပိုင်းကို လေ့လာကြည့်မယ်ဆိုရင် လောဘကြီးတာ၊ ငို့ဘသမား၊ ကိုယ်ကျိုးရှာတာ၊ မောင်ပိုင်စီးတာ စတာတွေဟာ ခင်န်ဇီးရ်ရဲ့အနှစ် သာရဖြစ်တယ်။
ကျွန်တော်တို့က ခင်န်ဇီးရ်မစားနဲ့လို့ အလ္လာဟ်ပြောတာက ၀က်သားမစားခိုင်းတာမဟုတ်ဘူး။ ပြောတာက လက်ဝါးကြီးမအုပ်နဲ့။ မောင်ပိုင်မစီးနဲ့၊ ကိုယ်ကျိုးမရှာနဲ့။ ဒါဘဲပြောနေတာဆိုရင် အဲဒီသဘောတရားအနှစ်သာရကိုပဲ သွားမယ်ဆိုရင် ၀က်သားမစားနဲ့ဆိုတာ ဘယ်လိုစဉ်းစားကြမလဲ။ ဘယ်လိုလုပ်ကြမလဲ။ လူကြီးမင်းများ ဆက်လက် စဉ်းစားပေါ့။ ကျွန်တော်ပြောလို့လဲ မသင့်ပါဘူး။
နောက်ပြီး တမန်တော်မုဟမ္မဒ်နဲ့ ပတ်သက်တဲ့စကားလုံး မုဟမ္မဒွန် ဆိုတဲ့ ဝေါဟာရ။ အဲဒီတော့ မုဟမ္မဒ်ဆိုတာ ဟန်မ်ဒွန် ကလာတယ်။ ဟေရယ်၊ မီမ်ရယ်၊ ဒါလ်ရယ်၊ သူ့ရဲ့ဝေါဟာရကို ဖွင့်ဆိုလိုက်ရင် ချီးမွမ်းခြင်း၊ ထောပနာပြုခြင်း၊ အဲဒီတော့ မုဟမ္မဒ်ဆိုတော့ ချီးမွမ်းထောပနာပြုခြင်းခံရသော လူတစ် ယောက်။ စကားလုံးအရ ကျွန်တော်တို့ဆွေးနွေးမယ်ဆိုရင် အဲဒီလို ပေါ်လာမှာဘဲ။ ကဲ ဘယ်လိုစဉ်းစားကြမလဲ။
မုဟမ္မဒ်လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့သိနေတယ်လေ။ ကုရ်အာန်ထဲမှာပါတဲ့ မုဟမ္မဒ်က တမန်တော် ကိုပြောတာဘဲလေ။ မဟုတ်ဘူးလား။ ရှင်းရှင်းလေးဘဲလေ။ ဒါပေမယ့် စကားလုံးတွေကို ခွဲခြမ်းစိတ်ဖြာပြီး အဲဒီ နောက်ကို တောက်လျှောက်ဆက်လိုက်နေမယ်ဆိုလို့ရှိရင် မုဟမ္မဒ်ဆိုတဲ့ ဝေါဟာရအရ ချီးမွမ်းထောပနာပြုခြင်း ကနေ ဘယ်သူမှန်းမသိဘူးဖြစ်သွားမယ်။ တရားသဘောအရ ကုရ်အာန်က ၀က်သားမစားနဲ့လို့ တားမြစ်တယ်။ ကောင်းပြီ ၀က်သားမစားဘူး။ ပြီးပြီ။ သဘောတရားအရ ၀က်မှာရှိတဲ့အရည်အချင်းတွေ မောင်ပိုင်စီးတာ၊ ကိုယ်ကျိုး ရှာတာ။ လက်ဝါးကြီးအုပ်တာ၊ အစားပုပ်တာတွေကိုပါ ရှောင်ရှားနိုင်မယ်ဆိုရင်တော့ အလွန်အင်မတန် ကောင်းတာ ပေါ့။ ဒီလိုမှ မဟုတ်ဘဲနဲ့ ဒါဘဲ။ ဟိုဟာဘဲဆိုပြီး ဥပမာ ၀က်သားပဲမစားခိုင်းတာ ၀က်အသည်း၊ ၀က်အရိုးမပါဘူး။ စားလို့ရတယ်ဆိုရင် ရှုပ်ကုန်မှာပေါ့။
စူရာဟ် ၂း၁၈၅ ကို ရောက်လာတဲ့အခါမှာ `ရမဒွါန်လထဲမျာ ကုရ်အာန်ကျမ်းကျရောက်ခဲ့တယ်။´
အဲဒီတော့ ရမဒွါန်ဆိုတာ လ တစ်လရဲ့အမည်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ သိရှိရတယ်ပေါ့။ အရင် ကလည်းရှိခဲ့တယ်။ `အကယ်၍ အကြင်မည်သူမဆို ဒီလနဲ့ ကြုံကြိုက်ခဲ့မယ်ဆိုရင် ဆွီယာမ်ဥပုသ်သီလဆောက် တည်ဖို့ တာဝန်ရှိမယ်။´ ဒါကြောင့် မွတ်ဆလင်မ်နိုင်ငံအချို့မှာ ဆိုလို့ရှိရင် လမ်းမပေါ်မှာ ဆေးလိပ်သောက်တာ၊ မုန့်စားတာတွေကိုတွေ့ရင် ဒဏ်ရိုက်တာတို့ အခြားအပြစ်ပေးတာတို့ရှိတယ်။ အဲဒါဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာဖြစ် လို့လဲဆိုရင် အစ္စလာမ်ဘာသာဝင်တွေအတွက် ဒီလရောက်လာပြီဆိုရင် ဆွီယာမ်ဥပုသ်တည်ဆောက်ရမယ်။ အဲဒီအတိုင်းနေရမယ်။
ကျွန်တော်၊ ကျွန်မကတော့ ကျန်းမာရေးမကောင်းလို့ အားရပါးရ စားပြနေလို့ မရဘူး။ ပြောချင်တာက ဒီရမဒွါန်လရောက်ရင် အဲဒီဆွီယာမ်ဥပုသ်သီလစည်းမျဉ်း စည်းကမ်းတွေအတိုင်း ကျွန်တော်တို့လိုက်နာကျင့်သုံးရ မယ်။ ၀ါတစ်လုံးရခြင်း မရခြင်းက အနှစ်သာရမဟုတ်ဘူး။ ဥပမာ ကျွန်တော် ဆွီယာမ်တည်ဆောက်ထားတယ်။ နေ့လည်မှာ ကျန်းမာရေး အခြေအနေတစ်ရပ်ကြောင့် ဆရာဝန်က ရေသောက်ရမယ်လို့ ညွှန်ကြားလာခဲ့ရင် ရေသောက်ရမယ်။ ဆရာဝန်ကို ရေသောက်ရုံနဲ့ လုံလောက်ပြီလားလို့ မေးလို့ လုံလောက်တယ်ဆိုရင် ကျွန်တော် ရေဘဲသောက်ပြီး ကျွန်တော်ဆွီယာမ်တည်ဆောက်နေမှာ။ ၀ါပိုင်တာ၊ မပိုင်တာ၊ ၀ါပျက်တာ မပျက်တာ တစ်ပိုင်း။
ပြောချင်တာက ရေတစ်ခွက်သောက်ပြီးပြီ။ ၀ါလည်းပျက်ပြီ။ ကျန်တာအားလုံးလည်းစား။ မထူးပါဘူးဆိုပြီး လုပ်ချင်တာလုပ်ဖို့မဟုတ်ဘူး။ အလ္လာဟ်ပြောချင်တဲ့ အနှစ်သာရက အသင်တို့ဒီလနဲ့ကြုံကြိုက်ခဲ့ရငိ ဒီလိုနေ၊ ဒီလို ထိုင်၊ ကုရ်အာန်မှာပါတဲ့ ဆွီယာမ်စည်းမျဉ်းအတိုင်း စည်းကမ်းအတိုင်း၊ ရမဒွါန်စည်းကမ်းအတိုင်း စနစ်တကျသွား။ ၀ါ ပိုင်တာ မပိုင်တာ တစ်ပိုင်း။ ၀ါတစ်လုံး၊ နှစ်လုံး၊ သုံးဆယ်လုံးဆိုတာ အလ္လာဟ်ပြောတဲ့ထဲမှာ မရှိဘူး။ ဒါကလူတွေ သတ်မှတ်တာ။ အလ္လာဟ်ပြောတာဘာလဲ။ ဒီရမဒွါန်လနဲ့ ကြုံကြိုက်ခဲ့ရင် ဆွီယာမ်နဲ့ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းအတိုင်းနေထိုင်ဖို့ အသင်တို့မှာ တာဝန်ရှိတယ်။
ဒါကြောင့် တချို့မွတ်ဆလင်မ်နိုင်ငံတွေက ဒီလိုလမျိုးမှာ လမ်းပေါ်စားတာသောက်တာ စသဖြင့် တားမြစ် ကြတယ်။ ဒါကို လူ့အခွင့်အရေးအရ ကြည့်ရင်တော့ တစ်ပိုင်းပေါ့။ တချို့နိုင်ငံဆိုရငိ ကာစီနိုဝိုင်းတွေ၊ လောင်းကစား ၀ိုင်းတွေကို မ၀င်ရဘူးလို့တားမြစ်တာလည်း ရှိတာဘဲ။ ဒါကြောင့်တစ်ချို့ကိစ္စတွေက နားလည်ပေးလို့ရတယ်။ ဒါကလည်း လေ့လာမှသိနိုင်တာ၊ မဟုတ်ရင် ကျွန်တော်တို့က အပြစ်တင်စောဖို့ပဲ သိတာလေ။ ဒီအာယသ်မှာပါတဲ့ အနှစ်သာရကို ကျွန်တော်ပြောချင်တာ။
အလ္လာဟ်အရှင်မြတ်က အသင်တို့အတွက် ဆွီယာမ်ဥပုသ်သီလဆောက်တည်ခိုင်းပြီး ဒုက္ခပေးထားတာ မဟုတ်ဘူးတဲ့။ ကျွန်တော်တို့က တစ်နေကုန်အငတ်နေ၊ ရေငတ်၊ ဗိုက်ဆာ၊ မောပန်း၊ ဒါဟာ ဒုက္ခပဲလို့ထင်နေမှာ လားလို့ အလ္လာဟ်ကသိလို့ ဒီအာယသ်ကို ချပေးတာ။ ဒီအာယသ်မှာ သက္က၀ါရဲ့အနှစ်သာရပိုင်းလည်းပါတယ်။ ကျွန်တော်တို့ကို အလ္လာဟ်အရှင်မြတ်က လွယ်ကူမှုကိုပေးတယ်။ ခက်ခဲမှုကို မပေးဘူး။ မနှစ်ကရမဒွါန် ၀ါဖြေပွဲမှာ နိုင်ငံခြားက သတင်းလာယူသူတစ်ယောက်က ကျွန်တော်ကို အင်တာဗျူးတယ်။ မေးတယ်။ ခင်ဗျားတို့ ဆွီယာမ် တည်ဆောက်ရတာ မပင်ပန်းဘူးလားလို့ မေးပါတယ်။ ဒုက္ခခံစားနေရတယ်လို့ မယူဆဘူးလားလို့ မေးတာ။ ကျွန်တော်ချက်ချင်းသတိရတယ်။ ဒီအာယသ်ကို ကျွန်တော်သူ့ကို ပြောပြတယ်။ ကျွန်တော်တို့မှာ ၅ နှစ် ၆ နှစ်ကလေးတောင် ဒီပုံစံဝါရှောင်နိုင်တယ်လို့။ သူတော်တော်အံ့သြသွားတယ်။
ကျွန်တော်တို့က ငယ်ငယ်လေးထဲက လေ့ကျင့်ပေးကြခြင်းဖြစ်တယ်။ အဓိက အလေ့အကျင့်ဘဲ။ တကယ် တော့ ဒါဟာ ဘာမှမခက်ခဲဘူး။ တကယ်တမ်းက ပင်ပန်းတယ်။ မခံနိုင်ဘူးဆိုရင် ဒါက ကျန်းမာရေးနဲ့ဆိုင်သွားပြီ။ ဒါက ချွင်းချက်။ နောက်တစ်ခုက အလုပ်အကိုင်အနေနဲ့ နေပူထဲမှာလုပ်ကိုင်ရတဲ့ အလုပ်မျိုးဆိုရင် ဒါလဲချွင်းချက်။ ဒီလိုမှ မဟုတ်ဘဲ ပုံမှန်အတိုင်းဆို ကျွန်တော်တို့က ရမဒွါန်လမှာ ပိုစားကြတယ်။ လေ့လာကြည့်ပေါ့။ အလုပ်လျော့ လုပ်တယ်။ ပိုပြီးအိပ်တယ်။ အလုပ်ရှင်တွေကလည်း လုပ်ငန်းတွေလျှော့လိုက်သလို အလုပ်သမားတွေကလည်း ညနေ ၄ နာရီဆို သိမ်းမယ်။ အဆွာရ်ဖတ်ရမယ်။ စောစောသိမ်း။ စားတဲ့အကြိမ်အရေအတွက်လည်း များတယ်။ မနက်အစောကြီးထပြီး ဆဲဟ်ရီစားကြသေးတယ်။
ပြောချင်တာက ဆွီယာမ်ဥပုသ်သီလဆိုတာ ကျွန်တော်တို့အတွက် သိပ်ပြီးခဲယဉ်းနေတယ် ပင်ပန်းနေတယ်လို့ ယူဆနေစရာအကြောင်းတော့ မဟုတ်ဘူး။ လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်အောင် အလ္လာဟ်ပေးထားတယ်။ မလုပ်နိုင်တဲ့ အတိုင်းအတာသတ်မှတ်ချက်ကိုလည်း အလ္လာဟ်ပြဌာန်းသတ်မှတ်ပေးထားတယ်။ နောက် စူရာဟ် ၂း၁၈၆ မှာ
`ဒီလ(ရမဒွါန်)မှာ အလ္လာဟ်ထံမှ ဒုအာလုပ်ခဲ့မယ်ဆိုရင် အလ္လာဟ်က ချက်ချင်းလက်ခံတော်မူမယ်။´
အဲဒီတော့ ကျွန်တော်တို့အတွက် အမြတ်(ဖိုင်ဒါ)ရတဲ့လ သည် ရမဒွါန်လ။ ရမဒွါန်လမှာ နမားဇ် ၂ ရကအသ် ဖတ်ရင် ကျန်တဲ့လမှာဖတ်တာထက် ၂၅ ဆပိုရတယ်။ ဒုအာတွေလည်း တောင်းကြတာပေါ့။ ဒုအာတောင်းတာ တောင်းပါ။ မတောင်းရဘူး မဆိုလိုပါ။ ဒါပေမယ့် အနှစ်သာရအပိုင်းကကျတော့ သုံးထားတဲ့ ဝေါဟာရ ဒအ်ဝသ်ဆို တာက အလ္လာဟ့်လမ်းကိုဖိတ်ခေါ်တယ်လို့လည်း သုံးတယ်။ ထမင်းကျွေးဖို့ခေါ်ရင်လည်း ဒအ်ဝသ်လို့ သုံးတာပဲ လေ။ အနှစ်သာရက ဖိတ်ခေါ်တာပေါ့။ ဘာသာခြားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဒအ်ဝသ်လုပ်တဲ့အခါမှာ ဒီဆွီယာမ်ဥပုသ်သီလကလည်း သူတို့အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့အချက်ဖြစ်တယ်။ ကုရ်အာန်အာယသ်ကို ဆွီယာမ်ကို အကြောင်းခံပြီး ကျွန်တော်တို့ရဲ့ ဒအ်ဝသ်ကိုမြှင့်တင်ပေးတာပေါ့။ ဒီအပေါ်မှာ ကျွန်တော်တို့ အကျိုးပိုရှိတယ်ပေါ့။ အခြားဘာသာခြားတွေကို ဆွီယာမ်နဲ့ပတ်သက်ပြီး အကျေအလည် သေသေ ချာချာရှင်းပြနိုင်မယ်ဆိုရင် (ဥပမာ ဆရာဝန်တွေကလည်း အကျိုးရှိကြောင်း ဖော်ပြကြတာဘဲ။ ဆွီယာမ်ဥပုသ် စောင့်တဲ့အခါ ခန္ဓာကိုယ်ရှိ ကလီစာတွေ အစာအိမ်တွေဟာ ကောင်းမွန်သန့်စင်လာတယ်ပေါ့။ Up date ဖြစ်သွား တယ်ပေါ့။ ဒါတွေဟာ ဘာသာခြားတွေအတွက် စိတ်ဝင်စားစရာကြီးဘဲ။ ဒါဟာ ဆွီယာမ်ကိုအကြောင်းခံပြီး ဒအ်ဝသ်ရဲ့အရှိန်ကို မြှင့်တင်ပေးခြင်းဖြစ်တယ်။
ဒီအာယသ်မှာတော့ ငါအရှင်မြတ်၏ အမိန့်တော်များကို လက်ခံနာယူ၍ ငါအရှင်ြမတ်ကိုသာ ယုံကြည် မြတ်နိုးကြရမည်။ မွတ်ဆလင်မ်တွေ မုအ်မင်န်တွေကို ပြောတာပေါ့။ ဆွီယာမ်ရဲ့အနှစ်သာရကို ဖော်ထုတ်ပြီး ကျွန်တော်တို့ ဒအ်ဝသ်လုပ်လို့ရတယ်ဆိုတာကို ဒီအာယသ်ကနေ ကျွန်တော်တို့တွေ့ရှိနေရတာပေါ့။ နောက် အာယသ်တစ်ခုမှာက ရမဒွါန်၊ ဆွီယာမ်နဲ့ပတ်သက်ပြီး စောင့်ထိန်းရမယ့်အပိုင်းပါ။ စူရာဟ် ၂း၁၈၈ မှာ
`ဆွီယာမ်တည်ဆောက်တဲ့ညများမှာ ငါအရှင်မြတ်က အသင်တို့ကို အသင်တို့၏ ဇနီးများနှင့်အတူနေထိုင် ရန်ခွင့်ပြုသည်။´
ကြုံလို့တစ်ခုပြောပြပါမယ်။ ဒီအာယသ်က ကျွန်တော်တို့ကို ဟဒီးစ်လက်မခံဘူးဆိုပြီးထိုးနှက်တဲ့ ပွိုင့်တစ်ခု ဖြစ်တယ်။ တွေ့လား။ အလ္လာဟ်ခွင့်ပြုလိုက်ပြီဆိုတော့ ကုရ်အာန်ထဲမှာ အလ္လာဟ်တားထားတာပါလားတဲ့။ မပါဘူး မဟုတ်လား။ ဒါကြောင့် ဟဒီးစ်လက်ခံရမယ်တဲ့။ ကုရ်အာန်တစ်အုပ်ထဲနဲ့ နဲ့မဖြစ်ဘူး။ အပြင်မှာရှိသေးတယ်။ ကုရ်အာန်မှာက တစ်ခြမ်းပဲပါတယ်။ နောက်တစ်ခြမ်းက ဘယ်မှာလဲ။ ကျွန်တော်မေးပါမယ်။ အလ္လာဟ်တားထားတာကို အတိအကျ ရှိနေတဲ့ဟဒီးစ်ရှိပါသလား။
ဒီအာယတ်က ပြောချင်တာက ရမဒွါန်၊ ဆွီယာမ်ဆောက်တည်တာကို မပြောနဲ့အုံး။ အစ္စလာမ်ဘာသာ ၀င် အရဗ်တွေမှာ တမန်တော်မုဟမ္မဒ်(ဆွ) အစ္စလာမ်ဖြစ်တဲ့အခါမှာ အရဗ်တွေအများကြီး လုပ်ချင်တာတွေ အများ ကြီးသူတို့လုပ်ကြတာပဲ။ မိန်းကလေးမွေးရင် သတ်ဖြတ်ပစ်လိုက်တာတွေ။
စွန်ပလွန်သီးစားတာလည်း အရဗ်တွေ လုပ်ကြတာဘဲ။ ဒါပေမယ့်တမန်တော်မြတ်က စွန်ပလွန်သီးတော့ ဆက်စားတယ်လေ။ ဂျွဗ္ဗာဟ်ဝတ်တာ အရဗ်ယဉ်ကျေးမှု မဟုတ်ဘူးလား။ ဒါပေမယ့် တမန်တော်မြတ်က ဂျွဗ္ဗာဟ်ဆက်ဝတ်တယ်လေ။ မုတ်ဆိတ်ထားတာ အရဗ်ယဉ်ကျေးမှု မဟုတ်ဘူးလား။ တမန်တော်မြတ် မုတ်ဆိတ်လည်း ဆက်ထားတယ်လေ။ သမီးမိန်းကလေးမွေးရင် အရဗ်တွေ သတ်လိုက်ကြတယ်။ ဒါပေမယ့် တမန်တော်ဆက်လုပ်သလား။ မလုပ်ဘူး။ အဲဒီလိုပဲ အရဗ်တွေဟာ သူတို့ဥပုသ် သူတို့နည်းနဲ့သူတို့စောင့်၊ ပြီးရင် ညဖက်ကျတော့ မိန်းမနဲ့အတူမနေ၊ ပြီးရင် အမျိုးသမီးလစဉ်ရာသီပန်းပေါ်နေချိန်ဆို အခန်းထဲထည့်ထားပြီး ခွဲခြားဆက်ဆံကြတယ်လေ။ ဥရောပမှာတောင် ရှိခဲ့တယ်ပြောတယ်။ ဒီလိုမျိုးခွဲခြားဆက်ဆံ မှုတွေကို တမန်တော်မြတ် ဆက်လုပ်ခဲ့သလား။ မလုပ်ခဲ့ဘူး။
ဒီအာယသ်က အလ္လာဟ်ပြောတာ။ ရမဒွါန်လရဲ့ညတွေမှာ သူတို့ဖာသာသူတို့ ကြောင်တောင်တောင်နဲ့ ရှောင်နေတာ။ ဘာမှအလ္လာဟ်တားထားတာ မဟုတ်ဘူး။ ဟိုတုန်းကလဲ မတားထားဘူး။ ဘယ်တုန်းကမှ မတား ထားဘူး။ မတားထားတာတွေကို ကျွန်တော်တို့က တားထားတယ်ထင်နေကြတယ်။ လူတွေက ကိုယ့်စည်းမျဉ်း ကိုယ်သတ်မှတ်ထားကြတာ။ အခုလည်းရှိနေတယ်။ ကိုယ့်ဘောင်နဲ့ကိုယ်ရှိနေတယ်။ ဟိုလိုလုပ်ရမယ်။ ဒီလိုမလုပ်ရ ဘူး။ အမျိုးသမီးတွေ ဗလီမလာရဘူး။ ဘာဖြစ်တယ်။ ညာဖြစ်တယ်။ အမျိုးမျိုး ကိုယ့်သဘောနဲ့ကိုယ် သတ်မှတ်နေ ကြတယ်။
နောက်တစ်ချက် ၀ါဖြေချိန်နဲ့ပတ်သက်ပြီး ဘာပါသလဲဆိုတော့ ကျွန်တော်လိုရင်းကိုပဲတင်ပြပါမယ်။ တစ်ချို့ကလည်း ကျွန်တော်တို့ အများသူငါနဲ့ မိနစ် ၂၀ လောက် နောက်ကျနေတာကို သဘောရိုးနဲ့မေးတဲ့လူတွေ ရှိပါတယ်။ ဒီနှစ်ဆို ဘယ်လောက်နောက်ကျသလဲဆိုတော့ (၂၄)မိနစ်လောက် ရှိမှာပေါ့။
ပြဿနာက ဘာလဲဆိုတော့ မဂ္ဂရိဗ်အချိန်က ညရောက်ပြီပေါ့။ မဂ္ဂရိဗ်အာဇန်ပေးတာ ညဘဲလေ။ ကုရ်အာန်ကလည်းပြောထားတာကိုး။ ဘာပြောထားလဲ။ `ဆွမ္မအသင်မ်မုဆ် ဆွယားမအိလလ်လိုင်း´ညရောက်ပြီ ၀ါဖြေလိုက်ကြ။ အဲဒီမှာ ကျွန်တော်တို့က ညရောက်ပြီ။ ညမရောက်သေးဘူးဆိုတဲ့ ပြဿနာကတက်လာတာပဲ။ ညဘယ်ဟာလဲ။ မဂ္ဂရိဗ်ရောက်တာနဲ့ ညလား။ ကျွန်တော်တို့က မရောက်သေးဘူး။ နောက် ၁၅ မိနစ်လောက်နေမှ ညရောက်မှာ။ ကျွန်တော်တို့က ဘယ်အပေါ်မှာပြောတာလဲဆိုတော့ Twilight ပေါ်မှာ အခြေခံပြီး ပြောတာ။ Twilight (၃)မျိုးရှိတယ်။ (၁)Civil Twilight (၂) Nortical Twilight (၃) Astro Twilight သိပ္ပံနည်းအရသတ်မှတ်မယ်ဆိုရင် တကယ့် Nightfall က ည ၉နာရီလောက်မ ကျမှာ။ ဒီကြားထဲမှာ Twilight ရဲ့အဆင့်တွေအများကြီးရှိတယ်။ Civil Twilight က ဒီနှစ်ဆို ၂၀ မိနစ်လောက်ကွာမယ်။ မနက်ပိုင်းမှာလည်းရှိတယ်။ ညနေပိုင်းမှာလည်းရှိတယ်။
ဘာကြောင့် ကျွန်တော်တို့ ဒီလိုယူဆရသလဲ။ ဒီအာယသ်အရဘဲဖြစ်တယ်။ ညရဲ့အဓိပ္ပါယ်ကို ကျွန်တော် တို့ ကြိုက်သလိုသတ်မှတ်လို့ရတယ်။ ပညာရှင်တွေက အမျိုးမျိုးသတ်မှတ်ကြမယ်။ တစ်ယောက်က မဂ္ဂရိဗ်လို့ ပြောမယ်။ တစ်ယောက်က တစ်မျိုးပြောမယ်။ ဒီအာယသ်မှာ အလ္လာဟ်က အဓိပ္ပါယ်ဖွင့်ဆိုပေးထားပါတယ်။ ညကို ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။ ဒီအာယသ်ကပေးတဲ့ ပေးထားချက်အရ ညကို အဓိပ္ပါယ်ဖွင့်လို့ရတယ်။ (ချည်မျှင်အနက် တည်း ဟူသော ညဥ့်၏အမှောင်မှ ချည်မျှင်အဖြူတည်းဟူသော နံနက်မိုးသောက်ချိန်အထိ) အပ်ချည်ကိုထောင် ကြည့်သလားဆိုတော့လည်း ဘယ်သူမှမကြည့်ဘူး။ ဒါက Night ကို သတ်မှတ်ဖို့အတွက် ဥပဒေသတစ်ခုသာဖြစ် တယ်။ ကုရ်အာန်ကပြောတာက အသင်တို့လိုင်းလ်ဖြစ်ရင် ၀ါဖြေကြ။ အဲဒီလိုင်းလ်က ချည်မျှင်ဖြူ နက်မှောင်ပြီး မမြင်ရတော့တဲ့ အချိန်ကိုပြောတာ။
ဘာဖြစ်လို့ ကုရ်အာန်ထဲမှာ ချည်မျှင်အဖြူတွေ အနက်တွေ ထည့်ထားသလဲ။ ဘာအရေးပါလို့ထည့်ထား တာလဲ။ တစ်ချို့ကပြောတယ်။ တမန်တော်မြတ်ခေတ်က နာရီမရှိလို့တဲ့။ ဒါပေမယ့် ကုရ်အာန်က တမန်တော်မြတ် တစ်ခေတ်တည်းအတွက် အလ္လာဟ်ချပေးထားခြင်းမဟုတ်ဘူး။ တမန်တော်မြတ်ခေတ်အတွက်ဘဲဆို ကျွန်တော် မေးခွန်းတစ်ခုမေးမယ်။ ဟဇရသ်ဘီလလ်က ချည်မျှင်ကို ကြည့်ပြီး မဂ္ဂရိဗ်အာဇန်ပေးတယ်ပဲထား။ ကျွန်တော်တို့ ဒီကနေ့ ဖတ်နေတဲ့ မဂ္ဂရိဗ်အချိန်ဘဲလို့ထင်လား။ သေသေချာချာ စဉ်းစားကြည့်နော်။ ကျွန်တော်တို့ အခုအချန်မှာ မော်ဇင်တွေ ဆိုင်းဘုတ်ကြည့်ပြီး မဂ္ဂရိဗ်အာဇန်ပေးတာ။ တိုးတာတွေ လျော့တာတွေ နေ့စဉ်လိုလို ပြင်ရေးကြတယ်။
မဂ္ဂရိဗ်အချိန်ကြရင် ဆိုင်းဘုတ်ကြည့် နာရီကြည့်ပြီး ပြေးပြီး အာဇန်ပေးကြတာလေ။ ဘယ်သူမှ နေ၀င်ပြီ လား မကြည့်ဘူး။ မကြည့်ရင်သိနိုင်မလား။ နာရီဘယ်လောက်၊ မိနစ်ဘယ်လောက်မှာ နေ၀င်တယ်လို့ တွက်ချက်မှု မရှိရင် မဂ္ဂရိဗ်အာဇန်ဘယ်လိုပေးမလဲ။ ကျွန်တော့်အမြင်အရဆိုရင်တော့ တမန်တော်မြတ်ခေတ်က ၀ါဖြေချိန်ဟာ ကျွန်တော်တို့နဲ့အတူတူဘဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က မဂ္ဂရိဗ်ကို နေ၀င်တာနဲ့မဖတ်နိုင်ပါဘူး။ သူတို့မျကိစိနဲ့သေချာကြည့်ပြီးမှ အဇန်ပေးနိုင်မှာပါ။
ကျွန်တော်တို့ နှစ်တိုင်းလည်း တင်ပြဘူး ပါတယ်။ အလင်းပြန်နိယာမအရ အရာဝတ္ထုတစ်ခုပေါ် အလင်းမကျရောက်တော့ဘူးဆိုရင် မမြင်ရတော့ဘူး။ ဒါကို အလ္လာဟ်က ကျွန်တော်တို့ကို နားလည်စေချင်လို့ ပြောတာ။ ဒါဟာ ရူပဗေဒသဘောတရားဘဲ။
ဒါကြောင့် ကျွန်တော်တို့ မိနစ် ၂၀ခန့် နောက်ကျနေတယ်။ ဒီအပေါ်မှာ ပြဿနာမရှိပါဘူး။ တစ်ခုပဲရှိတာက ကျွန်တော်တို့က မဂ္ဂရိဗ်ကို ၁၅ မိနစ်လောက် နောက်ဆုတ်ပြီးမှ အာဇန်ပေးလိုက်။ ဒါဆိုရှင်းရော။
ဆွီယာမ်ဥပုသ်သီလရဲ့ သက္က၀ါဆိုတာက ဒီအာယသ်မှာပါတာက အသင်တို့အချင်းချင်း တစ်ဦးတစ်ယောက်ရဲ့ ဥစ္စာပစ္စည်းများကို မတရား မစားသုံးကြနဲ့။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သိထားတာက ရသိမ်ကလေးတွေပေါ့။ ချမ်းသာတဲ့ မိဘကမွေးပြီး မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ ဥစ္စာပစ္စည်းတွေကို မစားကြနဲ့လို့ ဗလီဆရာတွေက တရားဟောတယ်။ ဒီလောက်ပဲ မဟုတ်ဘူး။ တကယ်တမ်းပြောမယ်ဆို လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေသော တစ်ယောက်နဲ့တစ်ယောက် လိမ်လည်လှည့်ဖြားမှုတွေ မတရားစားသုံးမှုတွေကို ပြောတာ။ စားတာကြီးဘဲ မဟုတ်ဘူး။ အဲဒီလိုမျိုး လိမ်လည် လှည့်ဖြား မတရားစားသုံးရန်အတွက် အာဏာပိုင်တွေထံသွားပြီး လာဘ်မပေးနဲ့တဲ့။ ကုရ်အာန် စူရာဟ် ၂း၂၈၉ မှာ ပါတာပါ။ လေ့လာကြည့်ကြပါ။ စဉ်းစားကြည့်မယ်ဆိုရင် နိုင်ငံတစ်နိုင်ငံက အာဏာပိုင်တွေနဲ့ ပူးပေါင်းပြိး သယံဇာတ တွေ၊ တွင်းထွက်တွေ၊ သစ်တောတွေကို ထုတ်ယူသုံးစွဲ အလွဲသုံးစားလုပ်ခြင်းဖြင့် လူအများစုကို ထိခိုက်နစ်နာစေ မယ့် ကိစ္စမျိုးတွေကို မလုပ်ဖို့တားမြစ်ထားခြင်းလည်းဖြစ်တယ်။
မစားသုံးကြနဲ့လို့ ပြောတာက စားတာကြီးဘဲပြောတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းထဲမှာနေရာရအောင်၊ ငါ ဥက္ကဌဖြစ်ဖို့အတွက် ငါတို့ မွတ်ဆလင်မ် ဘယ်အုပ်စုကို ချနင်းလိုက်မယ်ဆိုတာလည်းပါတယ်။ ငါတို့ လူမျိုးစုတိုး တက်အောင်မြင်ဖို့အတွက် ဟိုဖက်က လူမျိုးစုတွေက ကန်ချလိုက်မယ်ဆိုတာလည်းပါတယ်။ အဲဒီထဲမှာ အဲဒါလည်း လုပ်လို့မရဘူး။ ဒီအာယသ်ကပေးတဲ့ မက်ဆေ့ခ်ျလေးက ငါတို့ ၅၉လမ်း၊ ဒီအချိန်မှာ ဂွင်ဘဲကွာ။ အကွက်တော့ ဆိုက်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ မွတ်ဆလင်မ်တွေက ဗမာပြည်မှာ နည်းနည်းလဲ ကျပ်တည်းလာတော့ ၅၉ လမ်း style ကလည်း တစ်မျိုးဆိုတော့ ငါတို့တော့ ဂွင်ဆိုပြီး တစ်ခြားလူတွေကို ချနင်းဖို့ မကြိုးစားနဲ့။ အဲဒါလည်း ဒီအာယသ်အရ ပါတယ်။ ကျနော်တို့ တခြားမွတ်စလင်မ်တွေကို ချနင်းဖို့မကြိုးစားပါနဲ့။
ဆိုလိုတာက လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ အခွင့်အရေးရတာနဲ့ နင်းပြီးတော့ တက်ဖို့မလုပ်ပါနဲ့လို့ ပြောခြင်းဖြစ်တယ်။ ထမင်းစားတာ၊ ငွေလိမ်တာလောက်ကို ပြောနေတာမဟုတ်ဘူး။ လူအဖွဲ့အစည်းတစ်ခုဖြင့် တိုးတက်ဖို့ ဒုက္ခပေး ချနင်းတာမျိုး မလုပ်ရလို့ ဒီအာယသ်ကညွှန်ြပနေတာကို တင်ပြရင်းနိဂုံးချုပ်ပါတယ်။
နောက်ဆက်တွဲ
ဇွန်လ ၅ ရက်နေ့
- ရန်ကုန် – နေ၀င်ချိန် ၆ နာရီ ၃၆ မိနစ် လ၀င်ချိန် ၆ နာရီ ၅၁ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၁၅ မိနစ် ဖြစ်ပါတယ်။ ဒါကြောင့် ၆ ရက်နေ့ ဟာ ရမဒါန် ၁ ရက်နေ့ ဖြစ်ပါတယ်။
- စင်္ကာပူ – နေ၀င်ချိန် ၇ နာရီ ၈ မိနစ် လ၀င်ချိန် ၇ နာရီ ၂၇ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၁၉ မိနစ် ဖြစ်ပါတယ်။
- အင်ဒို – နေ၀င်ချိန် ၆ နာရီ ၆ မိနစ် လ၀င်ချိန် ၆ နာရီ ၂၆ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၂၀ မိနစ် ဖြစ်ပါတယ်။
- ထိုင်း – နေ၀င်ချိန် ၆ နာရီ ၄၀ မိနစ် လ၀င်ချိန် ၆ နာရီ ၅၄ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၁၄ မိနစ် ဖြစ်ပါတယ်။
- အိန္ဒိယ – နေ၀င်ချိန် ၇ နာရီ ၁၄ မိနစ် လ၀င်ချိန် ၇ နာရီ ၃၂ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၁၈ မိနစ် ဖြစ်ပါတယ်။
- ပါကစ္စတန် – နေ၀င်ချိန် ၇ နာရီ ၁၉ မိနစ် လ၀င်ချိန် ၇ နာရီ ၃၅ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၁၆ မိနစ် ဖြစ်ပါတယ်။
- ဘင်္ဂလားဒေ့ရှ် – နေ၀င်ချိန် ၆ နာရီ ၄၃ မိနစ် လ၀င်ချိန် ၆ နာရီ ၅၆ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၁၃ မိနစ် ဖြစ်ပါတယ်။
- စအူဒီ – နေ၀င်ချိန် ၇ နာရီ ၀ မိနစ် လ၀င်ချိန် ၇ နာရီ ၂၃ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့ ၂၃ မိနစ် ဖြစ်ပါတယ်။
ဇွန်လ ၆ ရက်နေ့
- ရန်ကုန် – နေ၀င်ချိန် ၆ နာရီ ၃၇ မိနစ် လ၀င်ချိန် ၇ နာရီ ၅၁ မိနစ် ဖြစ်တဲ့ နေ၀င်ပြီးနောက် လ ကျန်ရှိချိန် ကတော့
၇၄ မိနစ် ဖြစ်ပါတယ်။