ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်က မုအ်မင်န် ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်က မုအ်မင်န်
ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)
လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´
ယနေ့(၂၅.၃.၂၀၁၆)နေ့သောကြာ ဂျူမုအာဟ်ခွတ္တဗာဟ်ကို ဟောပြောတင်ပြခွင့်ရရှိတဲ့အတွက် ဦးစွာပထမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ချီးမွမ်းမှုပြုအပ်ပါတယ်။ အခုလိုမတ်လရောက်တိုင်းရောက်တိုင်း အပြည်ပြည် ဆိုင်ရာနေ့များနဲ့ ပြည့်နှက်နေလျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် မတ်လ ၂၁ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူမျိုးခွဲခြားမှု ကင်းစင်ရေးနေ့ အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက သတ်မှတ်ထားပါတယ်။ ဒီလို `အပြည်ပြည်ဆိုင်ရာ လူမျိုးခွဲခြားမှုများ ကင်းစင်ရေးနေ့´ပေါ်ပေါက်လာပုံလေးကို ကျွန်တော် အနည်းငယ်တင် ပြလိုပါတယ်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလက ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံခေါင်းဆောင်များ က အဆင့်မြင့်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ အဲဒီလိုကျင်းပပြီးတော့ `အပြည်ပြည်ဆိုင်ရာ လူမျိုးခွဲခြား မှုများ ကင်းစင်ရေးနေ့´အဖြစ် မတ်လ ၂၁ ရက်နေ့ကို သတ်မှတ်ပြီးတော့ အချို့နိုင်ငံတွေမှာ နှစ်စဉ်ကျင်းပကြပါ တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ အခုလို ဒီမိုကရေစီမျှော်လင့်ချက်တွေ ထွက်ပေါ်စပြုနေတဲ့ ၂၀၁၆ ခုနှစ်မှာမှ ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အင်းယားလိပ်ဟော်တယ်မှာ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအခမ်း အနားမှာ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာအနှံ့မှာ လူမျိုးခွဲခြားမှုကို တွန်းလှန်ဖို့၊ ကျူးလွန်ခံရသူတွေကို ကာကွယ်ပေးဖို့အတွက် အင်မတန်မှ လိုအပ်နေလျက်ရှိကြောင်း ပညာရှင်တွေက သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း မြင်သာထင်သာတဲ့ ဒီမိုကရေစီဖြစ်ထွန်းမှုတွေ ပေါ်ပေါက်လာပြီ ဖြစ်ပေမယ့်လည်း လူမျိုးစုတွေ၊ ဘာသာရေးလူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လေးစားလိုက်နာမှုဆိုတာ ဥပဒေ အရပဲ ဖြစ်စေ၊ လူမှုရေးအရပဲဖြစ်စေ လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာတော့ အင်မတန် ခက်ခဲကြီးမား တဲ့ အဟန့်အတားများရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံ ၂၀၀၈ အခြေခံဥပဒေမှာ လူမျိုးရေး၊ ဘာသာရေးများ ခွဲခြားမှုမလုပ်ရဆိုတဲ့ အချက်ပါဝင်ပေ မယ့် ခွဲခြားနှိမ့်ချမှုတွေကို ဥပဒေပြဌာန်း တားမြစ်ထားခြင်းမရှိတဲ့အတွက် အထူးသဖြင့် လူနည်းစု၊ လူမျိုးစုတွေ၊ လူနည်းစု ဘာသာဝင်တွေအတွက် လုံခြုံမှုတွေ ကင်းဝေးနေပါတယ်။ ဒါကြောင့် လူနည်းစုဘာသာဝင်တွေ၊ လူမျိုးစု များ အကြုံးဝင်တဲ့ ခွဲခြားဖိနှိပ်မှု၊ နှိမ့်ချစော်ကားမှုတွေကို တားမြစ်ပိတ်ပင်တဲ့ ဥပဒေတစ်ရပ်ကို အခြေခံဥပဒေနှင့် အညီ ပြဌာန်းပေးဖို့ အင်းယားလိပ်ဟိုတယ်မှာ လုပ်ခဲ့တဲ့အခမ်းအနားမှာ တောင်းဆိုခဲ့တယ်လို့ ကြားသိခဲ့ရပါတယ်။
ဒီနေရာမှာတော့ မွတ်ဆလင်မ်တွေအနေနဲ့ကလည်း အခြားဘာသာဝင်များကို အထင်သေးနှိမ့်ချဆက်ဆံခြင်းများ မပြုလုပ်မိစေဖို့ အထူးတင်ပြချင်တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မနေ့က သတင်းစာထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖြစ်အပျက်တစ်ခုကို ဖတ်လိုက်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၉၉ ခုနှစ်ကတည်းက အစ္စလာမ် ကနေ အခြားဘာသာကို ကူးပြောင်းသွားတဲ့ အသက် ၆၀ ကျော် လူတစ်ယောက်ကို လူ ၃ ယောက်က ဓါးနဲ့ထိုး သတ်လိုက်ကြတယ်။ အဲဒီ လူ ၃ယောက်ကို ရဲကဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါ သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့စစ်သွေးကြွအုပ်စုက ဖြစ်နေတယ်လို့ သိရကြောင်း ရဲကဖော်ထုတ်ခဲ့ပါတယ်။
ဒီအချိန်မှာပဲ IS လို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဖြစ်အပျက်ကို မြှောက်ထိုး အပင့်ကော်လုပ်၊ အားပေးထောက်ခံပြီးတော့ တွစ်တာကနေ ဘယ်လိုရေးလိုက်သလဲဆိုရင် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရှီအာနဲ့ အဟ်မဒီယာတို့လို မွတ်ဆလင်မ်လူနည်းစုတွေနဲ့ အခြားဘာသာဝင်တွေ ကြည့်ထားကြ။ မွတ်ဆလင်မ်အများစုဖြစ်တဲ့ နိုင်ငံတွေမှာ မင်းတို့လိုလူတွေအတွက် နေရာမရှိဘူးလို့ ရေးသားဖော်ပြပါတယ်။ ဒီလိုလုပ်ရပ်တွေဟာ တခြားဘာသာဝင်တွေကို စိုးရိမ်စိတ်တွေ ဖြစ်ပေါ် စေပြီးတော့ တခြားဘာသာဝင်တွေက မွတ်ဆလင်မ်နဲ့ပတ်သက်ရင် အလွန်အကျွံကြောက်ရွံမှုတွေ ခံစားရသလို ကျွန်တော် အစ္စလာမ်အသိုင်းအ၀ိုင်း အတွက်လည်း အရုပ်ဆိုး၊ အကျည်းတန်ဖြစ်စေတဲ့ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ တခြားဘာသာဝင်တွေပဲ ခံရတာမဟုတ်ပါ။ မွတ်ဆလင်မ်တွေလည်း ခံရတာပါဘဲ။ ကျွန်တော်တို့ နှစ်ထပ်တောင်ခံရပါတယ်။
မွတ်ဆလင်မ်တွေထဲမှာ ဒီလိုမျိုး အကြမ်းဖက်သမားတွေရှိနေတယ်။ ဒါက ပထမအချက်။ နောက်တစ်ချက် က အကြမ်းဖက်မှုကို ကုရ်အာန်ကျမ်းတော်ကဘဲ ပြဌာန်းသတ်မှတ်ထားသယောင် ကျွန်တော်တို့ကို အခြားဘာသာဝင်တွေက အထင်အမြင်လွဲမှား စွပ်စွဲယုံကြည်အောင် လမ်းခင်းပေးပါတယ်။ အစ္စလာမ်ဟာ ဘာသာရေးခွဲခြား ဆက်ဆံတတ်တဲ့ လမ်းစဉ်၊ အခြားဘာသာရေးတွေကို သည်းမခံ၊ လက်မခံတတ်တဲ့ လမ်းစဉ် အဖြစ် အထင်အမြင်လွဲမှားခံရပါတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်များအားလုံးသိပါတယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဒီလိုလုပ်ဖို့ ညွှန်ကြားထားတာပါသလား။ ဖော်ပြထားပါသလား။
တချို့အကြမ်းဖက်လုပ်ရပ်ကို လုပ်နေတဲ့ စစ်သွေးကြွတွေက အစ္စလာမ်ဆိုတာ တခြားဘာသာဝင်တွေကို သတ်ဖြတ်နှိပ်စက်ရမယ်ဆိုတဲ့ အတွေးအခေါ်တွေကို မသိမသာသွတ်သွင်းပေးနေကြတယ်။ အမှန်မှာ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်မြတ်ညွှန်ပြထားတာက (လာအိက္ကရားဟ ဖိဒ်ဒီးန်) `အစ္စလာမ် လမ်းစဉ်(စနစ်)မှာ အတင်းအဓမ္မစနစ် မရှိ´ဆိုပြီး ဖော်ပြထားပါတယ်။ အစ္စလာမ်လမ်းစဉ်ဟာ အတင်းအဓမ္မနည်းနဲ့ သိမ်းသွင်းဆွဲဆောင်ရလောက်အောင်လည်း မညံ့ဘူး။ အစ္စလာမ်ဟာ ခိုင်ခိုင်မာမာနဲ့ ယုတ္တိနည်းလမ်းကျကျ ရှိနေတဲ့ လမ်းစဉ်ဖြစ်တယ်။ အစ္စလာမ်ကို ဒွိဟမကင်းဖြစ်နေသူများ၊ မယုံကြည်သူများ မယုံကြည်ရင်ပြတ်ပြတ်သားသား အစ္စလာမ်ဘောင်ထဲက ထွက်သွားကြပါ။ အစ္စလာမ်ကို ယုံကြည်ရင်နားလည်သဘောပေါက်အောင် ကြိုးစားကြပါ။ အဲဒီလို ကြိုးစားလျက်နဲ့ မယုံကြည်နိုင်သေးဘူးဆိုရင် အစ္စလာမ်အသိုင်းအ၀ိုင်းထဲက ထွက်သွားသူများကို ကျွန်တော်ကတော့ ကျေးဇူးတင်ပါ တယ်လို့ ပြောပါရစေ။ ပြတ်ပြတ်သားသား ထွက်သွားပါ။ ကျေးဇူးတင်ပါတယ်။
ကျွန်တော် ဆွေမျိုးအသိုင်းအ၀ိုင်းမှာဆိုရင် ကျွန်တော့်အဖိုးက မော်လ၀ီ။ ကျွန်တော့် ဦးလေးတစ်ယောက် က ဗုဒ္ဓဘာသာကို ပြောင်းသွားတယ်။ ကျွန်တော်တို့ အခင်မင်မပျက်သွားခဲ့ဘူး။ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ အခန်း ကဏ္ဍတွေမှာသာ သူနဲ့မပတ်သက် မဆက်ဆံပေမယ့် အခြားလူမှုရေးကိစ္စတွေမှာ ဆက်ဆံမြဲဆက်ဆံနေခဲ့ကြတယ်။ သူဟာ ဗုဒ္ဓဘာသာကို ယုံကြည်လို့သက်ဝင် ကူးပြောင်းသွားတာ။ ဒါကို ကျွန်တော်တို့ ကျေးဇူးတင်တယ်။ ဘာကိုမှ နားမလည်ပဲနဲ့ အစ္စလာမ်ပါလို့ ကြွေးကြော်ပြီး ပေါက်ကရတွေ လုပ်နေတာဟာ အလ္လာဟ်အရှင်မြတ်ကို စော်ကားနေ တာ၊ တမန်တော်ကို စော်ကားနေတာ အစ္စလာမ်ဘာသာတစ်ရပ်လုံးကို စော်ကားနေခြင်းဖြစ်တယ်။ ဒါကြောင့် အဲဒီလိုစော်ကားနေသူတွေထက်စာရင် မယုံကြည်လို့ ယုံကြည်ရာကို ကူးပြောင်းထွက်ခွာသွားသူတွေကို ကျွန်တော် ကျေးဇူးတင်တယ်။
အစ္စလာမ်ကို နားလည်သဘောပေါက်ခြင်း မရှိပဲနဲ့ အစ္စလာမ်အသိုင်းအ၀ိုင်းထဲမှာနေပြီးတော့ အကြမ်းဖက် IS တွေရဲ့ လုပ်ရပ်တွေ၊ စစ်သွေးကြွတွေရဲ့ လုပ်ရပ်တွေကို အားကျအတုယူပြီး လိုက်လုပ်နေရင် အစ္စလာမ်ကို ဖျက်ဆီးနေတာပဲဖြစ်တယ်။ ဒါပေမယ့် မသိနားမလည်သူတွေရဲ့ကြားမှာပဲ အစ္စလာမ်က နာမည်ပျက်မှာပါ။ အစ္စလာမ် ပျောက်ကွယ်သွားမယ်လို့ လုံးဝမထင်မှတ်လိုက်ပါနဲ့။ အဖျက်သမားတွေရဲ့ လုပ်ရပ်ကြောင့်၊ အဖျက်သမားလူရမ်း ကားတွေရဲ့ဝါဒဖြန့်မှုကြောင့် အစ္စလာမ်ရဲ့ အလင်းရောင်ဟာ ဘယ်တော့မှ မကွယ်ပျောက်သွားဘူး။ ဒါ ကျွန်တော် ပြောတဲ့ စကားမဟုတ်ဘူး။ အလ္လာဟ်ပေးထားတဲ့ ကတိဖြစ်တယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၆၁ အာယသ် ၈ မှာ ` အလ္လာဟ်ရဲ့ ရောင်ခြည်တော်ဖြစ်တဲ့ အစ္စလာမ်ကို ပါးစပ်တွေနဲ့ ငြှိမ်းသတ်ဖို့၊ အမှန်တရားကို ငြင်းဆန်လက်မခံသူ အဖျက်သမားများ (ကာဖိရ်တွေ)က ဘယ်လောက်ပင် ကြိုးပမ်း လင့်ကစား အလ္လာဟ်အရှင်မြတ်ကတော့ အစ္စလာမ်ကို ပြီးပြည့်စုံအောင် ဖော်ထုတ်ခဲ့ပြီးဖြစ်တယ်။´
အာယသ်တော် ၉ မှာဆက်ပြောတာက `အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ကို သစ္စာလမ်းစဉ်ဖြစ်တဲ့ အစ္စလာမ်နဲ့အတူ စေလွှတ်တော်မူခဲ့သော အရှင်ဖြစ်တယ်။ တွဲဖက်နှိုင်းယှဉ် ကိုးကွယ်သူတွေက မနှစ်မြို့ကြလင့်ကစား အစ္စလာမ့်လမ်းစဉ်ဟာ ထင်ရှားပေါ်လွင်နေမြဲသာဖြစ်တယ်။´
ဒါဟာ အလ္လာဟ်အရှင်မြတ်ပေးထားတော်မူတဲ့ ကတိတော်ဖြစ်ပါတယ်။ အဲဒီလို ကတိတော်တွေကို ကျွန်တော်တို့က သိရှိနားလည်နေပါလျက်နဲ့၊ ဖတ်မှတ်နေပါလျက်နဲ့ အစ္စလာမ်ကွယ်ပျောက်သွားမယ်လို့ ကျွန်တော်တို့က စိုးရိမ်နေပါတယ်ဆိုရင် (နအူဇုဗိလ္လာဟ်) ကျွန်တော်တို့ အလ္လာဟ်ကို မယုံကြည်ရာရောက်တယ်။ အလ္လာဟ်ရဲ့ကတိတော်ကို မယုံကြည်ရာရောက်ပါတယ်။ အလ္လာဟ်ရှိတယ်လို့ မယုံကြည်တဲ့သူတွေနဲ့ ကျွန်တော်တို့ တစ်တန်းတစ်စားတည်း ဖြစ်သွားမယ်။ အစ္စလာမ်လမ်းစဉ်ကို အတင်းအဓမ္မမပြုလုပ်စေရလို့ အလ္လာဟ်အရှင်မြတ်က တားမြစ်ပိတ်ပင်ထားပါလျက်နဲ့ မည်သူမဆို ယုံကြည်လိုက ယုံကြည်နိုင်ပြီး၊ မယုံကြည်လိုက မယုံကြည်ခွင့်ရှိပါ တယ်လို့ အလ္လာဟ်က ပြောထားပါလျက်နဲ့ အစ္စလာမ်ကနေ အခြားဘာသာကို ထွက်သွားရင် ကျွန်တော်တို့က ဆွေမျိုးဖြတ်တာတို့၊ သတ်ပစ်တာတို့ သေဒဏ်ပေးတာတို့ဟာ အလ္လာဟ်ပြဌာန်းသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ရာ ရောက်တယ်။
အလ္လာဟ်ကို ပုန်ကန်ရာရောက်တယ်။ အလ္လာဟ်ကိုယ်တော်တိုင် ပေးထားတဲ့ အခွင့်အရေးကို ကျွန်တော် တို့ လူသားအချင်းချင်းက ဘာလို့ပိတ်ပင်တားဆီးနေကြတာလဲ။ သူတို့တွေ အစ္စလာမ့်ဘောင်ကနေ ထွက်ခွာစွန့်လွှတ်သွား လို့ ကျွန်တော်တို့ အပြစ်ဒဏ်ခံရမှာမဟုတ်ဘူး။ ကျွန်တော်တို့မှာရှိတဲ့ တာဝန်က အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ အစ္စလာမ်လမ်းစဉ်(ကုရ်အာန်)ကို သဗ္ဗလီဂ်လုပ် ဖြန့်ချိနေရမှာသာ ဖြစ်တယ်။ ကျွန်တော်တို့ မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းထဲမှာ ဖြန့်ချိရမယ်။ ကျွန်တော်တို့ရဲ့ ဖြန့်ချိချက်ကို အတင်းအဓမ္မလက်ခံရမယ်လို့ မိမိသားသမီး ကိုတောင် ပြောပိုင်ခွင့်မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အစ္စလာမ်လမ်းစဉ်(ကုရ်အာန်)ကို သူတို့နားလည်သဘော ပေါက်အောင် ဖြန့်ချိရမယ်။ လမ်းတွေဖွင့်ပေးရမယ်။ အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။
အလ္လာဟ်စီရင်ဖြစ်ထွန်းစေထားတဲ့ သဘာဝဓမ္မကြီးကို နားလည်မြင်တွေ့ သဘောပေါက်အောင် သင်ကြား ပြသရမှာ ဖြစ်သလို အခြားလူတွေလူတွေရဲ့ ယုံကြည်ချက်အမျိုးမျိုး၊ အကျင့်အမူ အမျိုးမျိုး၊ ယဉ်ကျေးမှုအဖုံဖုံကို သူတို့လေ့လာနိုင်အောင် ကျွန်တော်တို့လမ်းဖွင့်ပေးရမှာဖြစ်တယ်။ ဒါပေမယ့် တသက်လုံး အစ္စလာမ်ကိုသာ ယုံကြည်၊ မွတ်ဆလင်မ်အဖြစ်သာ နေထိုင်ကြ၊ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ မိဘဘိုးဘွား ဆွေမျိုးတစ်ခုရဲ့သိက္ခာကို ငဲ့ညာထောက်ထားပြီး မွတ်ဆလင်မ်အဖြစ်နဲ့သာနေထိုင်ပါလို့ ပြောခြင်းဟာ အလ္လာဟ်ပေး ထားတဲ့ အခွင့်အရေး(လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ပိုင်ခွင့်)ကို တားမြစ်ပိတ်ပင် ဆန့်ကျင်ရာ ရောက်တယ်။
အလ္လာဟ်ကလည်း လူသားတွေကို အစ္စလာမ်ကိုယုံ၊ မွတ်ဆလင်မ်ဖြစ်ရမယ်လို့ အတင်းအဓမ္မ၊ မျက်စိစုံမှိတ် ပြီး၊ ယုံပါလို့ပြောထားခြင်းမဟုတ်ပါ။ အလ္လာဟ်က စီရင်ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းအကွာမှာ သက်သေ အထောက်အထားတွေ အများကြီးရှိနေတယ်။ ဒါတွေကို မြင်အောင်မကြည့်တတ်တဲ့ သူတွေ၊ မလေ့လာမစူးစမ်းမဆင်ခြင်တတ်သူတွေ အစ္စလာမ်ဘောင်ထဲက ထွက်ခွာသွားကြပါစေ။ ညံ့ဖျင်းတဲ့လူတွေ၊ အစ္စလာမ်ဘောင်ထဲမှာရှိနေခြင်းဟာ အစ္စလာမ်အတွက် အန္တရာယ်ဖြစ်တယ်။ ဒါကြောင့် အစ္စလာမ်ကို မကြိုက်လို့ အစ္စလာမ်ဘောင်ထဲက ထွက်သွားတယ်ဆိုရင် ကျွန်တော့်အနေနဲ့ ကျေးဇူးတင်ပါတယ်ဗျာ လို့ လှိုက်လှိုက်လှဲလှဲပဲ ပြောချင်ပါတယ်။
ဒါဟာ ကျွန်တော်တို့ အစ္စလာမ်ရဲ့ သဘောထားဖြစ်တယ်။ မိမိရဲ့ဘာသာ သာသနာကို အတင်းအဓမ္မသွတ် သွင်းဖို့ ကျွန်တော်တို့ သားသမီးတွေအပေါ်မှာတောင် မလုပ်သင့်ဘူးဆိုရင် တခြားက သူတွေဆို အဝေးကြီး။ အစ္စလာမ်သာသနာကို နားလည်သဘောပေါက်လေ့လာနိုင်အောင် အခွင့်အလန်းတွေ ဖန်တီးပေးရမှာက ကျွန်တော်တို့ တာဝန်။ ဒါတွေကို မလုပ်ပေးဘူးဆိုရင် ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်ကို အကျိုးဆက်တွေကို ကျွန်တော်တို့ခံစားရမှာဖြစ်တယ်။ အလ္လာဟ်အရှင်မြတ်က လူသားတွေကို ဘယ်လိုသဘောထားရမလဲဆိုတာကို ကျမ်းမြတ်ကုရ်အာန်မှာ သင်ကြားပြသပေးထားပါတယ်။ စူရာဟ် အမှတ် ၄၉ အာယသ် အမှတ် ၁၃ မှာ
`အို လူသားအပေါင်းတို့ အသင်တို့ကို ငါအလ္လာဟ်အရှင်မြတ်က တစ်ခုတည်းသော ဖိုဗီဇနှင့် မဗီဇတို့မှ ဖြစ်ထွန်းပေါ်ပေါက်စေတော်မူခြင်းဖြစ်သည်။ ထို့ပြင် အသင်တို့တစ်ဦးနှင့်တစ်ဦး သိရှိနားလည်စေရန်လည်းကောင်း၊ အမှတ်အသားပြုနိုင်ရန်လည်းကောင်း အသင်တို့ကို လူမျိုးနွယ်များ၊ လူမျိုးစုများ အဖြစ် ဖြစ်ထွန်းပေါ်ပေါက်စေတော် မူထားခြင်းဖြစ်သည်။ အလ္လာဟ်ထံပါးမှာ အမြင့်မြတ်ဆုံးသောသူဆိုသည်မှာ ကိုယ်ကျင့်သီလအားဖြင့် အကောင်းဆုံး သောသူပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အရာကိစ္စအ၀၀ကို သိမြင်တော်မူသောအရှင်၊ သတင်းအလုံးစုံကို အကြွင်းမဲ့သိရှိနေတော်မူသော အရှင်ဖြစ်သည်။´
အစ္စလာမ်လမ်းစဉ်က လူသားတွေကို အသားအရောင်၊ အမျိုးအနွယ်၊ ကျားမ လိင် ဆိုတဲ့အချက်တွေပေါ် မူတည်ပြီး အဆင့်အတန်းခွဲခြားခြင်းမဟုတ်။ ဒါပေမယ့် အစ္စလာမ်မှာ အဆင့်အတန်းရှိတယ်။ ဘယ်လိုအဆင့် အတန်းရှိသလဲဆိုရင် ကိုယ်ကျင့်သီလကောင်းတဲ့လူနဲ့၊ ကိုယ်ကျင့်သီလ မကောင်းတဲ့လူဆိုပြီး အဆင့်အတန်းခြင်း မတူညီတာရှိတယ်။ အလ္လာဟ်ထံပါးမှာ ကိုယ်ကျင့်သီလအားဖြင့် အကောင်းဆုံးသူဟာ အမြင့်မြတ်ဆုံးဖြစ်တယ်။ ချမ်းသာလို့၊ ရာထူးကြီးလို့၊ ၀န်ကြီးဖြစ်လို့၊ သမ္မတကြီးဖြစ်လို့၊ ဘုရင်ဖြစ်လို့ဆိုတိုင်း အမြင့်မြတ်ဆုံးဖြစ်တာ မဟုတ် ဘူး။ အသားဖြူလို့၊ ယောက်ျားဖြစ်လို့ မြင့်မြတ်တာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့က ဘုရင်ဖြစ်နေလို့၊ သမ္မတ ကြီးဖြစ်နေလို့ မြင့်မြတ်တယ်လို့ထင်နေကြတယ်။ ယောက်ျားဖြစ်လို့၊ ချမ်းသာလို့ အမြင့်မြတ်ဆုံးလို့ထင်နေကြတယ်။ ဒါက လူသားတွေက သတ်မှတ်တာ။ အလ္လာဟ်ကတော့ ဘုရင်ဖြစ်ဖြစ်၊ သူတောင်းစားဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ်၊ ဆင်းရဲသား ဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ ကိုယ်ကျင့်သီလ ဘယ်သူကောင်းလဲ၊ အဲဒီလူဟာ အမြင့်မြတ်ဆုံးဖြစ် တယ်။
တချို့က မွတ်ဆလင်မ်၊ မုအ်မင်န်တို့ရဲ့ အရည်အသွေး၊ အရည်အချင်းမရှိပေမယ့်လည်း မုအ်မင်န်လို့ပြောမှ၊ မွတ်ဆလင်မ်လို့ပြောမှ မြင့်မြတ်တယ်လို့ ပြောနေကြတဲ့လူတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်ခဏခဏ တင်ပြခဲ့ပါတယ်။ အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေးလမ်းစဉ်၊ မွတ်ဆလင်မ်ဆိုတာ အဲဒီငြိမ်းချမ်းရေးကို ကြိုးစားဖော်ဆောင် ကြိုးပမ်းနေသောသူ။ မုအ်မင်န်ဆိုတာ ငြိမ်းချမ်းရေးရပြီးတဲ့သူ။ ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်မှာရှိနေတဲ့သူ။ ဒီကနေ့ ကျွန်တော်မုအ်မင်န်နဲ့ မွတ်ဆလင်မ်တို့ရဲ့ အရည်အချင်း၊ အရည် အသွေးတွေကို ကျွန်တော်တင်ပြဖို့ ရည်ရွယ်ထားပါတယ်။ အထက်က ကျွန်တော်လေ့လာ တင်ပြခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄၉း၁၃ မှာ လူသားအားလုံးကို ပြောပြီးတဲ့နောက် ကျန်တဲ့အာယသ်တော်တော်များများမှာ လူသားတွေထဲကမုအ်မင်န်တွေကိုပဲ ပြောတာတွေ့ရပါတယ်။ (ယာအိုင် ယူဟလ်လဇီးန အားမနူး)အို (မုအ်မင်န်) ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်၌ ရှိနေကြသူအပေါင်းတို့— နဲ့စတင်တဲ့ အာယသ် ၅ ခုလောက်ရှိပါတယ်။ ပြီးတော့ (အင်န်နမ မုအ်မိနူးန်) (မုအ်မင်န်) ငြိမ်းချမ်းရေးလမ်းစဉ်ပေါ်၌ ရှိနေကြကုန်သော သက်ဝင်ယုံကြည်သူဆိုသည်မှာ—- ဆိုပြီး စတဲ့ မုအ်မင်န်ဆိုတာ ဘယ်လိုလဲဆိုတာကို ပြသတဲ့ အာယသ် ၂ ခုရှိပါတယ်။ အဲဒါတွေကို လေ့လာလိုက်ရင် မုအ်မင်န် ဆိုတာ ဘယ်လိုအရည်အသွေးရှိလဲ၊ ဘယ်လိုအရည်အချင်းရှိလဲ၊ ဘယ်လိုအရည်အသွေး၊ အရည်အချင်းရှိမှ မုအ် မင်န်ခေါ်တာလဲ။ အလ္လာဟ်အနှစ်သက်ဆုံးမုအ်မင်န်က ဘယ်သူလဲဆိုတာ ကျွန်တော်တို့ပေါ်လွင်လာမှာဖြစ်ပါတယ်။
စူရာဟ် ၄၉း၁ မှာ `အို- မုအ်မင်န်တို့၊ ငြိမ်းချမ်းရေး လမ်းစဉ်ပေါ်မှာရှိနေကြသူအပေါင်းတို့ အလ္လာဟ်နှင့် အလ္လာဟ့်ရစူလ်တို့၏ ပြဌာန်းချက်များထက် အသင်တို့မကျော်လွန်စေနဲ့။ အလ္လာဟ်အရှင်မြတ်သည် အရာရာကို အမြဲတမ်းသိနေ၊ ကြားနေ၊ မြင်နေတော်မူသော အရှင်ဖြစ်သည်။´
အဲဒီလို သိနေ၊ ကြားနေ၊ မြင်နေတော်မူသော အရှင်က ပြဌာန်းထားတဲ့ အရာတွေထဲမှာ လိုနေသေးတယ်လို့ထင်ပြီး ကျွန်တော်တို့က ရှေ့တိုးပြီး ပြဌာန်းချက်တွေ လုပ်ထားတာ အများကြီးရှိပါတယ်။ စူရာဟ် ၄၉း၂ မှာ – `အလ္လာဟ်ရဲ့ သတင်းစကားကို လက်ခံနာယူကျင့်သုံး ပြသခဲ့တဲ့ နဗီရဲ့အသံထက် မင်းတို့ရဲ့အသံက မကျယ်လောင်စေနဲ့။´
အစ္စလာမ်လမ်းစဉ်ကို ကြပ်မတ်ပြဌာန်းပေး တော်မူသော အလ္လာဟ်၊ ထိုလမ်းစဉ်အတိုင်း ဆောင်ရွက်ခဲ့တဲ့ တမန်တော်မုဟမ္မဒ်(ဆွ)ကို ကျော်လွန်ပြီးတော့ တရားတော်တွေကို မပြဌာန်းကြနဲ့။ သူတို့မပြဌာန်းထားတဲ့ တရားတော်တွေကို အသင်တို့၊ မပြဌာန်းကြပါနဲ့တဲ့။ သူတို့ ပြဌာန်းချက်အတိုင်း လိုက်နာရင် လုံလောက်ကြပါပြီ။ စောစောက တင်ပြခဲ့သလို အမြဲတမ်း သိနေတော်မူ သောအရှင်၊ မြင်နေတော်မူသော အရှင်၊ သတင်းပေါင်းစုံကို အစဉ်အမြဲကြားနေတော်မူသောအရှင်က ပြဌာန်းထား တဲ့ လမ်းစဉ်ကို ကျွန်တော်တို့က လိုနေသေးတယ်ထင်ပြီး ပိုလုပ်တာ၊ ပိုနေတယ်ထင်ပြီး လျော့လုပ်တာတွေဟာ အလ္လာဟ်နဲ့အလ္လာဟ်ရစူလ်ကို ကျော်လွန်ခြင်းသာ ဖြစ်ပါ တယ်။
အဲဒါတွေဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ့်မုအ်မင်န်တွေက လိုက်နာလုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီလို ကျော်လွန်ပြီးလုပ်ရင် ငြိမ်းချမ်းမှုတွေ ကင်းမဲ့ကုန်လိမ့်မယ်။ ပြီးတော့ အသင်တို့ဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူ မုအ်မင်န်မဖြစ်နိုင်တော့ဘူးလို့ ဖော်ပြထားပါတယ်။ အလ္လာဟ်အရှင်မြတ်က အစ္စလာမ်လမ်းစဉ်မှာ အတင်းအဓမ္မ စနစ်မရှိစေရ။ မည်သူမဆို အစ္စလာမ်လမ်းစဉ်ကို လီဆယ်လုပ်ကြံပါစေ၊ အစ္စလာမ်လမ်းစဉ်ကတော့ ဘယ်သော အခါမှ ကွယ်ပျောက်မှာ မဟုတ်ဘူးလို့ တမန်တော်ကနေတဆင့် ကုရ်အာန်မှာ ပြောကြားထားချက်များကို အကြွင်းမဲ့ ယုံကြည်မှသာ မုအ်မင်န်ဖြစ်မယ်။ ဒါကို မယုံကြည်ဘဲနဲ့ အလ္လာဟ်ကို စော်ကားတဲ့လူတွေကို သတ်ပစ်လိုက်၊ အစ္စလာမ်နဲ့ ပတ်သက်ပြီး ရုပ်ပြောင်ဆွဲတဲ့လူကို သတ်ပစ်လိုက်၊ အစ္စလာမ်ဘာသာကနေ ဘာသာပြောင်းသွားတဲ့ လူတွေကို သတ်လိုက်၊ အဆက်အသွယ်မလုပ်နဲ့၊ စီးပွားရေးမလုပ်နဲ့လို့ ပြောခြင်း၊ ပြုမူဆောင်ရွက်ခြင်းတွေဟာ အစ္စလာမ့်လမ်းစဉ်ကို ကျော်လွန်ဆောင်ရွက်သူတွေသာဖြစ်တယ်။
ပြီးတော့ မုအ်မင်န်တွေရဲ့ အရည်အသွေးအချို့ကိုလည်း ဒီစူရာဟ် ၄၉ မှာဖော်ပြထားတာတွေရှိပါတယ်။ စူရာဟ် ၄၉း၆ မှာ – `အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ မသမာလူတချို့က လူ့အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်း ရေးပျက်ပြားစေတဲ့ သတင်းစကားတစ်ခုကို ယူလာမယ်ဆိုရင် အသင်တို့ဟာ လူမျိုးတစ်မျိုးကို ဘေးအန္တရာယ် မပြု မိစေဖို့ အဲဒီသတင်းစကားကို စိစစ်သုံးသပ်ကြပါ။ သို့မဟုတ် မိမိတို့ရဲ့ မဆင်မခြင်လုပ်ရပ်ကြောင့် ကြေကွဲဝမ်းနည်း နေကြရလိမ့်မယ်။ အရှက်ရနေကြရမယ်။´
မုအ်မင်န် တစ်ယောက်အတွက် လိုက်နာစောင့်ထိန်းရမယ့် အချက်တစ် ချက်ကို အလ္လာဟ်က ဖော်ပြထားခြင်းဖြစ်တယ်။ လူ့လောကအတွက် အင်မတန်လိုအပ်တယ်။ ကောလဟာလ သတင်းတွေအမြဲမပြတ် ကျွန်တော်တို့ကြားနေရတယ်။ သတင်းတစ်ခုကို ယူလာရင် ဒီသတင်းမှန်၏။ မှား၏။ မစဉ်းစား၊ မဝေဖန်၊ မသုံးသပ် ပဲနဲ့ ဖြန့်ချိလိုက်ကြတယ်။ အခုဆိုရင် ဖေ့စ်ဘုတ်ကနေဖြန့်တယ်။ အင်တာနက်တွေကနေ ဖြန့်တယ်။ ကမ္ဘာအနှံ့ကို စက္ကန့်ပိုင်းအတွင်း ပြန့်နှံ့သွားတယ်။ ဒီသတင်းရဲ့ခိုင်လုံမှု၊ မခိုင်လုံမှုကို မစိစစ်၊ မသုံးသပ်ကြတော့ဘူး။ အဲဒီလို မစိစစ် မသုံးသပ်ပဲနဲ့ ဖြန့်ချိတဲ့လူဟာ မုအ်မင်န်မဟုတ်ဘူး။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့လူမဖြစ်နိုင်ဘူး။ ဆက်လက်ပြီး စူရာဟ် ၄၉း၁၁ မှာ `အို မုအ်မင်န်သက်ဝင်ယုံကြည်သူအပေါင်းတို့ လူမျိုးတစ်မျိုးက လူမျိုးတစ်မျိုးကို သရော်၊ လှောင်ပြောင်ကဲ့ရဲ့ခြင်း မပြုကြလေနှင့်။ အဲဒီလို ကဲ့ရဲ့ခံရသူတွေဟာ ကဲ့ရဲ့သူတွေထက် ပိုမိုကောင်းမွန်တဲ့ သူတွေဖြစ်တယ်။ အမျိုးသမီးကလည်း အမျိုးသမီးတစ်ဦးကို ကဲ့ရဲ့ခြင်းမပြုကြနဲ့။ အဲဒီလို ကဲ့ရဲ့ခံရတဲ့ အမျိုးသမီးက ကဲ့ရဲ့သူ အမျိုးသမီးထက် ပိုမိုကောင်းမွန်သူဖြစ်တယ်။ ပြီးတော့ လူအချင်းချင်း အသရေမဖျက်နဲ့။ နာမည်ပြောင်တွေနဲ့ မခေါ်နဲ့။ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေပါတယ်လို့ ခံယူထားတဲ့လူတွေအတွက် ဤသို့သော အပြုအမူများသည် ယုတ်မာမှုများဖြစ်သည်။ အမှားကိုသိရင် အမှန်ကို ပြင်လိုက်ပါ။ အဲဒီလို မပြင်တဲ့လူတွေဟာ ဇွာလီမ် အမိုက်ကောင်တွေသာဖြစ်တယ်လို့ ပြောထားပါတယ်။
ဆက်လက်ပြီး စူရာဟ် ၄၉း၁၂ မှာ ဖော်ပြထားတာက မုအ်မင်န်အပေါင်းတို့ဟာ ထင်မြင်ယူဆ ချက်တွေကို ရှောင်ကျဉ်ရမယ်။ ဘာကြောင့်လဲဆိုတော့ များစွာသော ထင်မြင်ယူဆချက်တွေဟာ အပြစ်တွေဖြစ် တယ်။ မကောင်းမှုတွေကို ဖြစ်ပေါ်စေတယ်။ ပြီးတော့ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးက မစပ်စုရဘူး။ သိခဲ့ရင် တောင် ဖုံးကွယ်ပေးရမယ်။ တခြားသူတွေကို ပြန်လည်ဖြန့်ချိခြင်း မပြုရဘူး။ ဒီအားနည်းချက်ကို ကိုင်စွဲအသုံးချပြီး သူ့ကို အနိုင်ကျင့်ဖို့ မကြိုးစားရဘူး။ တစ်ယောက်နဲ့တစ်ယောက် အတင်းပြောပြီး ဂုံးမချောနဲ့။
ဒါတွေဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နေပါတယ်လို့ပြောတဲ့ မုအ်မင်န်တစ်ဦးချင်း လိုက်နာရမယ့် စည်းကမ်းဥပဒေဖြစ်တယ်။ အဲဒီလို တစ်ဦးချင်းကနေ လူ့အဖွဲ့အစည်းအလိုက် စည်းကမ်းလမ်းညွှန်ချက်တွေ လိုက်နာကျင့်သုံး အကောင် အထည်ဖော်မှသာလျှင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာဖြစ်တယ်။
`ငြိမ်းချမ်းရေးသမားတွေဟာ ညီရင်းအစ်ကို မောင်ရင်းနှမတွေဖြစ်တယ်။ အချင်းချင်းကြားမှာ ကောင်းရာကောင်းကျိုးဖြစ်စေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်ကြရတယ်။ ဒါမှသာလျှင် ကိုယ်ကျင့်သီလ ကောင်းမွန်ပြီးတော့ မေတ္တာတရားတွေ ထွန်းကားလာလိမ့်မယ်´ လို့ စူရာဟ် ၄၉း၁၀ မှာ တင်ပြထားပါတယ်။
`သူတပါးရဲ့အတင်းအဖျင်းကို ပြောခြင်းဟာ ဘာနဲ့တူသလဲဆိုရင် မိမိရဲ့သေသွားပြီးဖြစ်တဲ့ ညီရင်းအစ်ကို ရဲ့အသားကို စားသောက်တဲ့ လူတွေလိုဘဲ အင်မတန်အော့နှလုံးနာစရာ ကိစ္စဖြစ်တယ်။´လို့ ဥပမာပေး တင်ပြထား ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ ဒီလောက်စက်ဆုပ်ရွံရှာလွယ်ကောင်းတဲ့အရာတွေကို အကောင်းတွေထင် ပြီးတော့ လုပ်နေပြုမူနေကြတယ်။ ယုံကြည်ချက်ရှိတဲ့လူတွေ အချင်းချင်းဟာ ညီအစ်ကိုတွေပဲဖြစ်တယ်။ အလ္လာဟ် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာကြ။ ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းကြ။ ဒါမှသာ မင်းတို့ အချင်းချင်း ကြားမှာ မေတ္တာတရားတွေ ပွားများနိုင်ကြလိမ့်မယ်။ ဒါဟာ စူရာဟ် ၄၉း၁၀ မှာ ဖော်ပြထားခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်သူမည်သူမဆို မည်သည့်ဘယ်ဘာသာဝင်မဆို ငြိမ်းချမ်ေးရးကိုဖြစ်စေတဲ့ လူတွေဟာ မုအ်မင်န်တွေဖြစ်တယ်။ ဒါပေမယ့် စစ်မှန်ပြီး တည်တံ့ခိုင်မြဲတဲ့ မုအ်မင်န်ဆိုတာ ဘယ်သူတွေလဲဆိုတာ စူရာဟ် ၄၉း၁၅ မှာ ဖော်ပြထားတာက –
`စစ်မှန်တဲ့ မုအ်မင်န်ဆိုတာ အလ္လာဟ်နဲ့ အလ္လာဟ်ရဲ့ ရစူလ်လမ်းစဉ်ဖြစ်တဲ့ အစ္စလာမ် ကို လက်ခံယုံကြည်သူဖြစ်ရမယ်။ အဲဒီလို ယုံကြည်ပြီးနောက မိမိရဲ့အသက်၊ သွေး၊ ချွေး၊ ပစ္စည်းဥစ္စာစည်းစိမ် တွေကို ငြိမ်းချမ်းရေးအတွက် ပေးဆပ်မှသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်မယ်´လို့ ဖော်ပြထားပါတယ်။ ဒီလို အရည်အသွေး၊ အရည်အချင်းတွေရှိမှ တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်လို့ရမှာဖြစ်သလို၊ ဒီအရည်အချင်း၊ အရည်အသွေးရှိမှ (မုအ်မေနူးန ဆွာဒေကီးန်) စစ်မှန်တဲ့မုအ်မင်န်တွေဖြစ်မယ်။
အဲဒီလို အရည်အသွေးအရည်အချင်းတွေ မရှိပါဘဲ မိမိကိုယ်မိမိ မုအ်မင်န်ပါလို့ မပြောနဲ့လို့ ကုရ်အာန်က တားမြစ်ထားပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၄၉း၁၄ မှာ အာရဗ်တွေကို နမူနာပြပြီး အလ္လာဟ်အရှင်မြတ်က လူသားအားလုံးကို ဘယ်လိုဆုံးမထားသလဲဆိုရင်
အရဗ်တွေကပြောကြတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးသမားတွေပါ။ ကျွန်တော်တို့ငြိမ်းချမ်းရေးဖော်ဆောင်တဲ့သူဖြစ်တယ်။ မုအ် မင်န်တွေဖြစ်ပါတယ်။ အသင်တို့ မုအ်မင်န်လို့မပြောနဲ့၊ အသင်တို့ အစ္စလာမ်လို့ပဲပြောပါ။ အစ္စလာမ်လမ်းစဉ်ကို လက်ခံတဲ့လူတွေလို့ပဲ ပြောပါ။ ငြိမ်းချမ်းရေးလမ်းစဉ်ကို လက်ခံပါပြီလို့ပဲပြောပါ။ ဘာကြောင့်လဲဆိုရင် အသင်တို့ရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းရေးစိတ်ဓါတ်တွေ မကိန်းအောင်းသေးဘူး။ အသင်တို့ အလ္လာဟ်နဲ့အလ္လာဟ်ရဲ့ရစူလ်ရဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို လိုက်နာရင် အသင်တို့ လုပ်သမျှအလုပ်တွေ အကျိုးမဲ့အချည်းအနှီးမဖြစ်စေရဘူးလို့ ငါအရှင်တာဝန်ယူတော်မူတယ်။
မိမိကိုယ်ကိုယ် မိမိမုအ်မင်န်အဖြစ် ကြိုးစာရမယ်။ ဒါပေမယ့် မုအ်မင်န်ဖြစ်ပါပြီလို့ တော့မထင်လိုက်ပါနဲ့။ ကျွန်တော်တို့ အစ္စလာမ်ကိုလက်ခံပြီးအလ္လာဟ်နဲ့ အလ္လာဟ်ရစူလ်ပြဌာန်းထားတာတွေကို ကျွန်တော်တို့ ကြိုးစားပမ်းစားလေ့လာဆည်းပူးပြီး လုပ်ကိုင်ဆောင်ရွက်နေရမယ်။ အဲဒီလိုလုပ်ကိုင်နေရင် ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေဟာ စစ်မှန်တဲ့မုအ်မင်န်အဖြစ် မရောက်ရင်တောင်မှ အကျိုးမဲ့အချည်းနှီးမဖြစ်စေရဘူး။ စစ်မှန်တဲ့ မုအ်မင်န် အဆင့်ရောက်သွားရင်တော့ အတိုင်းထက်အလွန်ပေါ့။
စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို ရရှိဖို့ဆိုရင်တော့ အလ္လာဟ်နဲ့အလ္လာဟ်ရစူလ်ကို ယုံကြည်ပြီးတော့ မိမိဘက်က ပေးဆပ်မှုတွေ အများကြီးလုပ်ရမယ်။ အဲဒီပေးဆပ်မှုတွေနဲ့အတူ အလ္လာဟ်နဲ့အလ္လာဟ်ရစူလ် ပြဌာန်းထားတဲ့ အရာတွေကို အမြဲမပြတ်လေ့လာနေရမယ်။ အဲဒီလိုသာဆိုရင် ကျွန်တော်တို့ဟာ လိုချင်တဲ့ပန်းတိုင် မရောက်ရင် တောင်မှ အကျိုးမဲ့တော့ ဖြစ်မှာမဟုတ်ပါဘူးလို့ အလ္လာဟ်ကဆုံးမထားပါတယ်။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ အစ္စလာမ်လမ်းစဉ်နဲ့ အဲဒီလမ်းစဉ်ပေါ်က မုအ်မင်န်၊ မွတ်ဆလင်မ်တို့ရဲ့ အရည်အသွေးတွေပါ။ ဒီအရည်အသွေး၊ အရည်အချင်းမရှိတဲ့လူတွေက အလ္လာဟ်နဲ့အလ္လာဟ်ရစူလ်အမည်ကို တပ်ပြီးတော့ အဖျက်လုပ်ရပ်တွေကို လုပ်နေ ရင် သူတို့ကအစ္စလာမ်လမ်းစဉ်ဘောင်အတွင်းက မဟုတ်ဘူးဆိုတာ ထင်ရှားပေါ်လွင်နေပါတယ်။ ကျွန်တော်တို့ သိရှိနားလည်ဖို့လိုပါတယ်။ ဒီလို အကြမ်းဖက်လုပ်ရပ်တွေလုပ်နေကြလို့ မွတ်ဆလင်မ်တွေ သိက္ခာကျနေပြီလို့ ကျွန်တော်တို့ စိတ်ဓါတ်ကျစရာမလိုပါဘူး။ သူတို့ဟာ မွတ်ဆလင်မ်မဟုတ်ဘူး။ မွတ်ဆလင်မ်ကို ဖျက်ဆီးနေတဲ့ အဖျက်သမားတွေဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်ဖို့လိုအပ်ပါတယ်။
ဒီသတင်းစကားတွေကို ကျွန်တော်တို့ရဲ့ မိသားစုအသိုင်းအ၀ိုင်းနဲ့၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဖြန့်ချိ၊ သဗ္ဗလီဂ်လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ သူတို့လက်ခံခြင်း၊ လက်မခံခြင်းက ကျွန်တော်တို့ အပိုင်း မဟုတ်ပါ။ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်ပြဖို့တော့ လိုပါတယ်။ အလ္လာဟ်က မိမိမလုပ်တဲ့အလုပ်တွေကို ပြောတာကို လုံးဝမနှစ်သက်ဘူး။ မိမိမလုပ်တဲ့အရာတွေကို ဘာဖြစ်လို့ပြောနေတာလဲလို့ မေးခွန်းထုတ်ထားတာ ကုရ်အာန်မှာရှိပါတယ်။ လူတွေကို အစ္စလာမ်ဖြစ်လာဖို့ မွတ်ဆလင်မ်ဖြစ်လာဖို့ အတင်းအဓမ္မပြုဖို့ လုံးဝမလိုပါ။ အဲဒီလိုမွတ်ဆလင်မ်ဖြစ်စေဖို့ တာဝန်ဟာ ကျွန်တော်တို့ရဲ့ တာဝန်လုံးဝမဟုတ်ပါ။ ဒါဟာ အလ္လာဟ်နဲ့သာဆိုင်တဲ့ အလ္လာဟ်ကိစ္စသာဖြစ်ပါတယ်။ ဒါကလည်း အလ္လာဟ်သတ်မှတ်ပြဌာန်းထားတဲ့ စည်းမျဉ်းသာဖြစ်တယ်။
အလ္လာဟ်က လူသားအားလုံးကို တပြေးညီမွတ်ဆလင်မ်ဖြစ်စေနိုင်ပေမယ့်၊ အလ္လာဟ်ရဲ့ သက်သေ လက္ခဏာတွေကို လေ့လာဆည်းပူးခြုံငုံသုံးသပ်ပြီး မိမိရဲ့စိတ်ဆန္ဒနဲ့သာ ဘ၀င်ကျစွာ မွတ်ဆလင်မ်ဖြစ်စေဖို့ လူသားကို ကြား၊ သိ၊ မြင်နိုင်စေပြီး စဉ်းစားဆင်ခြင်သုံးသပ်နိုင်စွမ်းကို ပေးထားခြင်းဖြစ်တယ်။ ဒါတွေလေ့လာပြီး အစ္စလာမ်ကို လက်ခံမွတ်ဆလင်မ်ဖြစ်မှသာ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို တည်ဆောက်သူစစ်မှန်တဲ့ မုအ်မင်န်ဖြစ်နိုင်မယ်။ အဲဒီ လိုဖြစ်နိုင်ဖို့အတွက် ကျွန်တော်တို့က သူတို့ကို မည်သည့်နည်းဖြင့်မှ သွေးဆောင်ဖြားယောင်းခြင်း လုံးဝလုပ်ဖို့ မလိုအပ်ဘူး။ ခြိမ်းခြောက်အကျပ်ကိုင် အတင်းအဓမ္မပြုလုပ်ဖို့ မလိုအပ်ဘူး။ အစ္စလာမ်ဟာ နှစ်ပေါင်း ၁၅၀၀ လောက်ကတည်းက ပြီးပြည့်စုံစွာ တည်ရှိနေနိုင်ခြင်းဟာ အဓမ္မခြိမ်းခြောက်ပြီး ပြုကျင့်ခဲ့လို့ဆိုပြီး ပြောဆိုနေခြင်းဟာ လုံးဝအဓိပ္ပါယ်မရှိပါ။ ကြောက်လို့ လက်ခံထား ပါတယ်လို့ ပြောပြောနေသူတွေဟာ အကြောက်တရားနဲ့ ကင်းဝေးသွားရင် သူတို့ပြန်လည်ထွက်ခွာ သွားမှာဖြစ် တယ်။
ကြောက်ရွံ့ပြီး (သို့မဟုတ်) မိဘဂုဏ်သိက္ခာကြောင့် အစ္စလာမ်လမ်းစဉ်ကို လက်ခံထားသူတွေ ကျွန်တော်တို့ကြားမှာရှိရင် သူတို့လွတ်လွတ်လပ်လပ်ထွက်သွားပါစေ။ သူတို့ အလွယ်တကူ အစ္စလာမ်ဘောင် အတွင်းက ထွက်ခွာသွားအောင် ၀ိုင်းဝန်းကူညီပေးဖို့တောင် ကောင်းပါတယ်။ ကမ္ဘာလောကမှ အလ္လာဟ်ပြသ ထားတဲ့ အထောက်အထားတွေကို သိရှိနားလည်ပြီး ဘ၀င်ကျစွာ လက်ခံယုံကြည်ထားသူတွေ အနေနဲ့ကတော့ မွတ်ဆလင်မ်ဖြစ်ဖို့ မုအ်မင်န်ဖြစ်ဖို့အတွက် အလ္လာဟ်လမ်းစဉ် (ကုရ်အာန်)ကို လေ့လာကြပြီး လက်တွေ့လိုက်နာ ကျင့်သုံးဖို့သာ လိုအပ်ပါတယ်လို့ ပြောရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။