နိုးထားသင့်ပြီ အိုမွတ်စလမ် – မုဖ်သီ ဦးသန်းအောင်(LL.B)
နိုးထားသင့်ပြီ အိုမွတ်စလမ် – မုဖ်သီ ဦးသန်းအောင်(LL.B)
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်း အပေါင်းတို့ခင်ဗျား- “အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ်ကဟ်သုဟု”
ကျွန်တော့်အနေနဲ့ အခုလို သောကြာခွတ္တဗါဟ်ပြောကြား ခွင့်ရရှိတဲ့အတွက် အလ္လာဟ်အရှင်မြတ်အား အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်။ ပြီးတဲ့နောက်မှာ ကျနော့်ကို ငယ်စဉ်တောင်ကျေး ကလေး ဘ၀ထဲက ပြုစုပျိုးထောင်ခဲ့ကြတဲ့ မိဘနှစ်ပါးနဲ့တကွ ကျွန်တော့်ရဲ့ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကို ဒီနေရာကနေ ဂါရ၀ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။
ကျွန်တော် ဒီနေ့ ဟောပြောမယ့်ခေါင်းစဉ်ကတော့ `နိုးထသင့်ပြီ အို-မွတ်ဆလင်မ်´ ဆိုတဲ့ခေါင်းစဉ်နဲ့ တင်ပြသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁)ရက် မေဒေးနေ့မှာ Naing Group ကုမ္ပဏီကနေ ကြီးမှူးပြုလုပ်တဲ့ အလုပ်သမားနေ့ အခမ်းအနားကို ကျွန်တော် ဖိတ်ကြားခြင်းခံရပြီး တက်ရောက်ခဲ့ရာမှာ စာပေပညာ ရှင်တစ်ယောက်က သူ့ရဲ့မိန့်ခွန်းထဲမှာပြောရင်းနဲ့ သူဟောပြောပို့ချ တဲ့အခါမှာ ဘာသာရပ်ဆိုင်ရာနဲ့ပတ်သက်ရင် အခုနောက်ဆုံး ဟောပြောနေတဲ့ခေါင်းစဉ်က `နိုးထသင့်ပြီ မြန်မာပြည်´ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောလျက်ရှိတယ်လို့ ပြောသွားပါတယ်။
တစ်နည်းအားဖြင့် မြန်မာနိုင်ငံမှာရှိနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ရာစုနှစ်နဲ့ချီပြီး အိပ်ပျော်နေရာကနေ ကမ္ဘာကြီးက (၂၁) ရာစုကို သွားနေတဲ့အချိန်မှာ ကျွန်တော်တို့တတွေ အခု အမီလိုက်ဖို့ `နိုးထသင့်ပြီ မြန်မာပြည်´ဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာက အဲဒီအခမ်းအနားမှာ ဟောပြောသွားတဲ့အချိန်မှာ ကျွန်တော်က လည်း မေလ(၁၀)ရက်နေ့ ခွတ္တဗါဟ်ပြောရမယ့်အလှည့်မှာ `နိုးထသင့်ပြီ မြန်မာပြည်´ကို `နိုးထသင့်ပြီ အို – မွတ်ဆလင်မ်´ ဆိုတဲ့ ခေါင်းစဉ်နဲ့ပြောဖို့ ကျွန်တော်စီစဉ်ခဲ့ပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ဆူရာဟ်(၂)၊ အာယတ် (၁၅၁) မှ (၁၅၇)ထိမှာ ဖော်ပြချက်တွေကို ကျွန်တော် တင်ပြသွား မှာဖြစ်ပြီးတော့ အဲဒီအထဲက ကျွန်တော်တို့ကို ပေးနေတဲ့ အလ္လာဟ် အရှင်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေနဲ့အညီ ကျွန်တော်တို့ တတွေလည်း နိုးထသင့်ပြီဆိုတာကို လူကြီးမင်းတို့ တွေ့မြင်လာရ မှာဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း(၁၄၀၀)ကျော်က လူသားကမ္ဘာထဲမှာ နောက်ဆုံးတမန်တော်အဖြစ် ပွင့်ပေါ်တော်မူခဲ့တဲ့ မုဟမ္မဒ်ဒွလ် ရစူလ်လွလ္လာဟ်(ဆွ)ဟာ နိုးထသင့်ပြီ အိုလူသားအပေါင်းတို့ ဆိုတဲ့ ပုံစံမျိုးနဲ့ လူတွေ ကမ္ဘာလောကတစ်ခွင်မှာ ဆိုးချင်တိုင်းဆိုး၊ မိုက်ချင်တိုင်းမိုက်၊ လုပ်ချင်တာလုပ်၊ ဖြစ်ချင်တာဖြစ်၊ ယုံချင်တာ ကိုယုံမယ်၊ နောင်ခါလာ နောင်ခါဈေးလို့ သဘောထားပြီး `ဂျာဟီ လီရသ်´လို့ခေါ်တဲ့ အမိုက်မှောင်ထုထဲမှာ ပျော်မွေ့နေတဲ့လူတွေကို နောက်ဆုံး အန္တိမတမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ)ဟာ ကျမ်းတော် မြတ်ကုရ်အာန်အားဖြင့် လိမ္မာယဉ်ကျေးသိမ်မွေ့တဲ့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းဝင်တွေဖြစ်အောင် ဟောကြားတင်ပြ လက်တွေ့ လိုက်နာ ကျင့်သုံးပြသသွားခဲ့ပါတယ်။
ဆူရာဟ် (၂း၁၅၁) မှာ-
အလ္လာဟ်အရှင်မြတ်က ရှေးယခင် လူ့အဖွဲ့အစည်းဝင် များထံ တမန်တော်မြတ်တွေကို စေလွှတ်တော်မူသကဲ့သို့ “ ကမား အာရ် ဆာလ်နာ ဖီးကွမ်းမ် ရစူလာမ် မီန်ကွမ်မ် ” `အသင်တို့ အနက်က ရစူလ်တမန်တော်တစ်ပါးကို အသင်တို့ထံ ငါအရှင်မြတ်က ယခင်က စေလွှတ်တော်မူသကဲ့သို့ စေလွှတ်တော်မူခဲ့ပြီး ဖြစ်တယ်´
အဲဒီ ရစူလ်တမန်တော်ဟာ “ ယသ်လူ အလိုင်ကွမ်မ် အာယားသိနာ ” `ငါအရှင်မြတ်ရဲ့ အာယတ် သက်သေလက္ခဏာ အထောက်အထားများ၊ ဒေသနာတော်များကို အသင်တို့အား ဖတ်ကြားရှင်းလင်းပြသ၍ လက်တွေ့၊ လိုက်နာ ကျင့်သုံးပြသ အကောင်အထည် ဖော်ခဲ့ပြီးဖြစ်သည်´ ။
“ ၀ယူဇာက်ကီးကွမ် ” `ဒီနောက်မှာ အသင်တို့ရဲ့ မူလတည်ရှိနေတဲ့ အယူစွဲ၊ ၀ါဒစွဲ၊ လူမျိုးစွဲ၊ တိုင်းပြည်စွဲ၊ လွဲမှားတဲ့ အစွဲအလမ်းမျိုးစုံကို စင်ကြယ်သန့်ရှင်းစေတော်မူပြီး သင်တို့ရဲ့ ဘ၀တွေကို ဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်ပေးတော်မူမယ့် တမန်တော်လည်းဖြစ်တယ်´ ။
“ ၀ယူအလ် လီမုကူမွလ် ကိတာဗ် ” `ဒါ့အပြင် အဲဒီ တမန်တော်ဟာ သင်တို့ကို ကျမ်းဂန်ဒေသနာ (ကုရ်အာန်)မှာပါရှိတဲ့ အသိတရားတွေကို တတ်မြောက်သည်အထိ သင်ကြားပြသမယ့် သူလည်းဖြစ်တယ်´ ။ ဒါ့အပြင် အသိအလိမ္မာ၊ ဥာဏ်အမြော်အမြင် နှင့်တကွ ကျမ်းဂန်(ကုရ်အာန်)ပါ လမ်းညွှန်မိန့်ကြားချက်တွေကို မည်သို့မည်ပုံ စဉ်းစားဆင်ခြင်၊ တွေးခေါ်မြော်မြင်ရမယ့် ဆင်ခြင် ဥာဏ်အမြော်အမြင်ကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာကိုလည်း သင်ကြားပေးလျက် ရှိနေပါတယ်။
“၀ယူအလ်လိမုကွမ်မ် မာလာမ် သကူလူဟ သအ်လမူးန်” `ဒါ့အပြင် အသင်တို့ သိနားလည် သဘောပေါက် ခြင်း မရှိသေးတဲ့ အသိပညာရပ်၊ အတတ်ပညာရပ်များစွာကိုလည်း အသင်တို့ကို အဲဒီတမန်တော်က သင်ကြားပြသ လမ်းပြလျက် ရှိနေပါတယ် ´
ဒီအခါမှာ မိုက်တွင်းနက်နေတဲ့ လူတွေထဲက လူအများ အပြားဟာ အိပ်ပျော်နေရာကနေ နိုးထလာကြပါတယ်။ အဲဒီလူတွေ တဖြည်းဖြည်းနဲ့ ယုံကြည်သက်ဝင်သူတွေ များလာတာကနေ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ)ဟာ ယဉ်ကျေးမှုထွန်းကားတဲ့ လူ့အဖွဲ့အစည်းကြီးတစ်ခုကို ထူထောင်နိုင်ခဲ့တယ်ဆိုတာ လူကြီး မင်းများအားလုံး အသိပဲဖြစ်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ မြတ်တမန်တော်ရဲ့ ဆုံးမ လမ်းညွှန်မှုကို လိုက်နာကျင့်သုံးရမှာဖြစ်သလို မြတ်တမန်တော် သွန်သင်ဆုံးမ လမ်းပြခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်ပါ လမ်းညွှန်မိန့် ကြားချက်များကို ကိုယ်တိုင် သိရှိနားလည် သဘောပေါက်အောင် လေ့လာသင်ယူ ဆည်းပူးရင်းနဲ့ မိမိဘ၀သက်တမ်းတလျှောက် လက်တွေ့လိုက်နာကျင့်သုံးဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဲဒီနောက်မှာ ကျွန်တော်တို့အားလုံးဟာ အဲဒီလို တမန်တော်မြတ်ကြီး လမ်းမှန်သို့ ညွှန်ကြားပြသနိုင်ရေးအတွက် စေလွှတ်တော်မူခဲ့တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ကျေးဇူးကို ထုတ်ဖော် ရမှာဖြစ်ပြီး ဘယ်တော့မှ မေ့ရမှာမဟုတ်ဘူးဆိုပြီးတော့ ကျမ်းမြတ် ကုရ်အာန် ဆူရာဟ် (၂) အာယတ် (၁၅၂)မှာ ပြောထားတာက –
“ ဖက်ဇ်ကူရူနီး အာဇ်ကူးရ်ကွမ်မ် ” `သင်တို့ဟာ အလ္လာဟ်အရှင်မြတ်ကို အောက်မေ့သတိရ´ ။ တစ်နည်းအားဖြင့် ကျွန်တော်တို့ အလွယ်တကူပြောရရင် ဆွဗ်ဟာနလ္လား၊ အလ်ဟမ် ဒုလိလ်လား၊ အလ္လာဟ်ဟု အက္ကဘရ် ။ အလ္လာဟ်ရဲ့ ဂုဏ်တော်တွေ ကို အောက်မေ့တသ သတိရတာတွေ အပါအ၀င် အလ္လာဟ်အရှင် မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်တွေကို အမြဲတမ်း အောက်မေ့တသ ပုံဖော်နေရင်းနဲ့ အလ္လာဟ်လမ်းညွှန်ပြသတဲ့အတိုင်း လက်တွေ့ လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဖို့ တာဝန်ရှိပါတယ်။
“ အာဇ် ကုရ်ကွမ်မ် ” အရှေ့မှာ (ပေ့ရှ်)နဲ့ဖော်ပြပြီးတော့ အနောက်မှာ ဂျဇမ်နဲ့ဖော်ပြထားတာကို ကြည့်မယ်ဆိုရင် လုပ်ရပ် တစ်ခုရဲ့အကျိုးဆက်၊ ဆုလဒ်ကို ရလဒ်ကိုဖော်ပြတဲ့အခါမှာ အရဗီ စာမှာ(ပေ့ရှ်)ကိုဖြုတ်ပြီးတော့ (ဂျဇဲမ်)နဲ့ဖော်ပြလေ့ရှိပါတယ်။ အ ကြောင်းတရားကြောင့်ဖြစ်ပေါ်လာတဲ့အကျိုးတရားကိုညွှန်းပါတယ်။
အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းညွှန်မိန့်ကြားချက်ကို လက် တွေ့လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရင်းနဲ့ အလ္လာဟ်ရဲ့ ကျေးဇူးတော်တွေကိုထုတ်ဖော်မယ်။ အလ္လာဟ်ကို အမြဲတမ်း အသိ သတိနဲ့ယှဉ်ပြီး ရင်ထဲမှာ အသဲထဲမှာ စိတ်ထဲမှာ လုပ်ရပ်တိုင်း၊ လုပ် ရပ်တိုင်း အရေးကိစ္စမှန်သမျှတိုင်းမှာ အလ္လာဟ့်ဂုဏ်တော်တွေကို ဖော်ညွှန်းနေမယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ကလည်း ကျွန်တော် တို့ကို (ဒီနေရာမှာ လွယ်လွယ်ပြောရရင် အလ္လာဟ်ကလည်း သတိ ပြန်ရမယ်ဆိုပါတော့)။
ကျွန်တော်တို့လို လူပုဂ္ဂိုလ်တွေရဲ့ သတိရတာမျိုး မဟုတ် ဘဲနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ `လုပ်ရပ်တစ်ခုအတွက် ချီးမြှင့်မယ့် အကျိုးဆက်ရလဒ်´ ကို အရှင်မြတ်က ပုံဖော်ပြသပေးမှာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ အလ္လာဟ့်ဥပဒေပြဌာန်းချက်ကို တစ်ခုလိုက် နာလိုက်တဲ့အချိန်မှာ အဲဒီတစ်ခုနဲ့လျော်ညီတဲ့ ကောင်းကျိုးရလဒ် (ဆုလဒ်)ကို အရှင်မြတ်က ကျွန်တော်တို့ကို ချက်ချင်းချီးမြှင့်ပြီးသား ဖြစ်နေတယ်ဆိုတာ ပေါ်လွင်ပါတယ်။
ပြီးတော့ “၀ါရှ်ကုရုလီ” အလ္လာဟ်က ပြောတယ်။ “အလ္လာဟ် ကို သတိရဖော်ထုတ်။ အလ္လာဟ်ရဲ့ကျေးဇူးတော်တွေကိုဖော်ထုတ်။ အလ္လာဟ်ရဲ့ကျေးဇူးတရား ဘယ်တော့မှမမေ့ကြနဲ့။ အလ္လာဟ်ကို အမြဲတမ်း ကျေးဇူးတင်လျက်ရှိနေကြ” ဆိုပြီးဖော်ပြတယ်။
ကောင်းပြီ။ အလ္လာဟ့်ကျေးဇူးတွေ ကျွန်တော်တို့အပေါ် မှာ အများကြီးရှိနေတယ်။ အလ္လာဟ်ကို ယုံသည် ဖြစ်စေ၊ မယုံသည် ဖြစ်စေ၊ အလ္လာဟ်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်ရှိတယ်လို့ပြောတဲ့ လူပဲဖြစ်ဖြစ်၊ အလ္လာဟ်မရှိပါ ဘူးလို့ပြောတဲ့လူပဲဖြစ်ဖြစ်၊ အဲဒီလူတွေ အလ္လာဟ်အရှင်မြတ် ချီးမြှင့် ပေးသနားတော်မူတဲ့ လေ၊ ရေ၊ သဘာဝအလင်းရောင် စတာတွေ ကို သူ သေချာပေါက် ရရှိခံစားရမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဘာဝအရင်းအမြစ်တွေ၊ သစ်တောအရင်းအမြစ်တွေ၊ ရေ အရင်း အမြစ်တွေ စတဲ့ သဘာဝနိယာမတစ်ခုလုံးက ပေးနေတဲ့ အကျိုး ကျေးဇူးတွေကို အလ္လာဟ်ကိုယုံတဲ့လူလည်း ခံစားရသလို အလ္လာဟ် ကို မယုံတဲ့လူလည်း ခံစားရတယ်။ အဲဒီ့ အလ္လာဟ်အရှင်မြတ်ရဲ့ ကျေးဇူး လူတွေမမေ့နဲ့ တဲ့။
အလွယ်ကူဆုံးဗျာ။ အလ္လာဟ့်ကျေးဇူးကိုမေ့တဲ့ အိမ်တွေ ထဲမှာ ကျွန်တော့်အိမ်လည်းပါတယ်။ ကျွန်တော် နမူနာတစ်ခု ပြော ပါ့မယ်။ အခုပြောမှာ ကျွန်တော့်အိမ်ကို နမူနာပေးပြီးပြောတာပါ။ လူကြီးမင်းတို့ကို တိုက်ရိုက်ထိခိုက်သွားမယ်ဆိုရင်တော့ ကျွန်တော် မတတ်နိုင်ပါဘူး။
လွယ်လွယ်လေး စဉ်းစားကြည့်ပါ။ ကျွန်တော်တို့ မီးမလာ ရင် ရေမလာဘူး။ ရေမလာရင် နီးစပ်ရာနေရာက အသည်းအသန် သွားခပ်ရတယ်။ မီးလာလို့ ရေလာလည်းလာရော ကတ္တရာလမ်း ကိုပါ ရေပက်ကြရော။ တစ်နေ့ သုံးခါပက်မယ်။ ရေကို ဖြုန်းတီး မယ်။ တစ်ချို့ အပေါ်ထပ်အိမ်တွေ ရေဒုက္ခကို ပိုသိပါတယ်။ ဒါပေမဲ့ ရေဖြုန်းတီးတဲ့နေရာမှာလည်း နံပါတ်တစ်။ ဘာလို့လည်းဆိုရင် ရေမလာတော့ ဒုက္ခခံပြီး၊ အိပ်ရေးပျက်ခံပြီး ညဘက်သန်းခေါင်မှ ရေဖွင့်ကြတယ်။ မော်တာဖွင့်ပြီး သူဝင်အိပ်လိုက်တယ်။ တစ်ညလုံး နောက်ဖေးမှာ ရေလျှံနေတယ်။
ကျွန်တော်ကလည်း ကျွန်တော်တစ်ယောက်တည်းရဲ့ ခံ စားချက်က ရေဘုံပိုင်က ပုံးထဲကိုကျနေတဲ့ ရေတစ်စက် တစ်စက်ရဲ့ အသံ(ရေသံ)ကြားနေရင် ကျွန်တော် အိပ်ပျော်နေရာကနေ လန့်နိုး သွားတယ်။ အဲဒီ ရေတစ်စက်တစ်စက် အစက်ပေါင်း မြောက်များ စွာကိုစုလိုက်ရင် ရေတွေအများကြီးရမယ်။ ကျွန်တော် ကျွန်တော့် မိသားစုကို ဆုံးမတယ်။ ရေရဲ့တန်ဖိုးကို သိချင်ရင် အဝေးကြီး မသွားနဲ့။ ရန်ကုန်မြို့ကနေ ဗမာငွေ ၁၀၀(တစ်ရာ)ကျပ် ပေးရင် ဟို ဘက်ကမ်း(ဒလ)ကိုရောက်တယ်။ ဒလမှာ ညနေ(၃)နာရီ (အခု ဆွလာဟ်ပြီးရင်သွားကြည့်လို့ရတယ်)ဆိုရင် ရေတစ်ထမ်းရဖို့အရေး တန်းစီရတာက အရှည်ကြီး။ ကလေးတွေ ကျောင်းလွှတ်တာနဲ့ လွယ်အိတ်ပစ်ချ။ ရေသွားတန်းစီ။ ကန်တွေကလည်း ရေခမ်းနေပြီ။ ရေရှားပါးမှုပြသနာကို ရင်ဆိုင်နေရတယ်။
အကြောင်းတိုက်ဆိုင်လို့ ကျွန်တော်ပြောရရင် လူကြီးမင်း များ အခုအချိန်မှာ အလှူသင့်ဆုံး အလှူတွေထဲမှာ (ဒုက္ခသည် စခန်းတွေကိုလည်း လှူတာလည်းလှူပေါ့) ရေအလှူကို လှူသင့် ပါတယ်။ လူတွေ ရေဒုက္ခ အရမ်းရောက်နေပါတယ်။ လူကြီးမင်းတို့ အနေနဲ့ ဒီအချိန်မှာ လှူသင့်တဲ့အလှူ၊ လှူသင့်တဲ့အချိန်ပဲ ဖြစ်ပါ တယ်။ အဲဒီထက်ပိုပြီး လူကြီးမင်းတို့ အမြဲတမ်းအလှူ လှူချင်တယ် ဆိုရင်လည်း ကျေးလက်ဒေသ ရေရရှိရေးဆိုတာ ကျွန်တော်တို့ ဒီ ဗိုလ်တထောင် လင်းစဒေါင်းထဲမှာ ရှိပါတယ်။ တွင်းတစ်တွင်း (ပေ 200) တူးရင် ငါးသိန်း၊ (ပေ 400) တူးရင် ဆယ်သိန်း၊ အဲဒီမှာ သွားလှူမယ်ဆိုရင် အလှူရှင်အမည်ကို ကမ္ဗည်းတင်ပေးတယ်။ ရေစက်ပါ မောင်းပေးမယ်ဆိုရင် အခု သိန်းအစိတ် (၂၅သိန်း)ကနေ သိန်းလေးဆယ်အထိ ကျမယ်။ အဲဒါ သူတို့က တူးပေးမယ်။
တခါတလေ ကျွန်တော်ပြောတယ်။ ကျွန်တော်တို့မွတ်ဆ လင်မ်တွေ လှူသင့်တယ်။ မကွေးတို့၊ စစ်ကိုင်းတို့ ရေရရှိရေး လုပ် နေတဲ့နေရာမှာ လှူလိုက်ပါ။ လှူပြီးရင် ဟာဂျီ ဦးသန်းအောင်၊ ဟာဂျီမ ဒေါ်ဘယ်သူ၊ ဟာဂျီ ဦးဖြူ ရေးခဲ့ပါ။ အဲဒီရေကို သူတို့ခတ် မယ်၊ သောက်မယ်။ အဲဒီလို နယ်ပယ်အသီးသီးမှာ လုပ်မယ်ဆိုရင် ပထမတော့ ပြောမှာပေါ့။ ဒီကုလားတွေ ဘာဖြစ်တယ်၊ ညာဖြစ် တယ်။ နောက် တဖြည်းဖြည်းနဲ့ ဒီကုလားလို့ မပြောတော့ဘူး။ ဒီ မွတ်ဆလင်မ်တွေလဲ မဆိုးဘူး။ အလှူတန်းမှာ ရေအကျိုးဆယ်ပါး ကျန်းမာပါစေ၊ ချမ်းသာပါစေ။ ဟာဂျီ ဦးသန်းအောင် ကျန်းမာပါစေ။
သူတို့လည်း ဆုတွေ ဘာတွေ တောင်းကြမယ်။ နောက် တဖြည်းဖြည်းနဲ့ ကုလားကြီးလည်းခေါ်မှာ မဟုတ်တော့ဘူး။ အရာ ကြီးလည်း ခေါ်မှာမဟုတ်တော့ဘူး။ ဆရာကြီး ဖြစ်သွားလိမ့်မယ်။ တခါတလေ ကျွန်တော်တို့မွတ်ဆလင်မ်တွေအနေနဲ့ ဒီလိုမျိုး အလှူ အတန်းတွေကို လှူကောင်းတယ်၊ လှူသင့်တယ်၊ လှူဖို့ လိုအပ် တယ်ဆိုတာ ကျွန်တော်တို့ သိဖို့လိုပါတယ်။ ရေကျေးဇူး၊ လေ ကျေးဇူး အများကြီးရှိတယ်။ အလ္လာဟ်ရဲ့ကျေးဇူးတွေကို ကျွန်တော် တို့ သိတတ်ဖို့လိုပါတယ်။ အလ္လာဟ်က ပြောတယ်။ `ငါ့ရဲ့ ကျေးဇူး ကို သိတတ်ကြ´ ။ ကျွန်တော်တို့ ရေကို မဖြုန်းတီးနဲ့။ အလ္လာဟ်က ပြောတယ်။ `စား၊ သောက်၊ မဖြုန်းတီးနဲ့´ လို့ ပြောတယ်။ ကျွန်တော်တို့က ဖြုန်းတီးတယ်။ `ဖြုန်းတီးတဲ့သူကို ငါ လုံးဝ မနှစ် သက်ဘူး´ လို့ ပြောတယ်။
ကျွန်တော် ဖြုန်းတီးရင် အလ္လာဟ်မနှစ်သက်တဲ့ အုပ်စု ထဲမှာပါမယ်။ ငါးကြိမ်မကလို့ ဆယ်ကြိမ်ဖတ်။ ရမ်မသွါန်လ တစ်လ မကလို့ တစ်သက်လုံး ၀ါရှောင်။ ၀ါရှောင်တဲ့ကိစ္စက တစ်ခု၊ ဖြုန်းတီး တဲ့ကိစ္စကတစ်ခု ဖြစ်လိမ့်မယ်။ အလ္လာဟ်က ပြောတယ်။ ကျေးဇူး သိတတ်။ အလ္လာဟ့်ကျေးဇူးကို သိတတ်။ အလ္လာဟ့်ကျေးဇူး ဘယ် တော့မှ မကန်းနဲ့တဲ့။ ကျွန်တော်တို့ အရမ်းသတိထားဖို့လိုတဲ့ အချက်တွေပါ။
ကောင်းပြီ။ ပြီးတော့ ကျွန်တော်တို့မှာ လိုအပ်ချက်တွေ ရှိလာရင် အလ္လာဟ်က ပြောတယ်။ နည်းလမ်း နှစ်သွယ်နဲ့ အလ္လာဟ် အရှင်မြတ်ဆီမှာ ရအောင်လုပ်လို့ရတယ်။ “ ယာ အိုင်ယ်ယူဟလ် လဇီးနား အားမနူးသ် သအီးနူ ဘိစ်ဆွဗ္ဗရေ ၀ါစ်ဆွလာဟ် အင်န် နာလ်လာဟာ မအားစ်ဆွာဘေရီးန် ”
`အို အီမာန်သက်ဝင်ယုံကြည်ပြီးသူအပေါင်းတို့ စိတ်ရှည်၊ သည်းခံ၊ ခန္နီပါရမီနဲ့ ပြည့်စုံအောင် နေကြ´ ဒါက ဆွဗရ်ရဲ့ အခြေခံသဘောတရားပဲ။ အဲဒီကနေ တစ်ဆင့်တက်လိုက်ရင် `မယိမ်းမယိုင် ကျောက်စာတိုင်ပမာ ကြံ့ကြံ့ခံရပ်တည်´ ကြိုက် သလို လာတွန်း၊ ကြိုက်သလို လာတိုက်၊ ကြိုက်သလို လာတိုက် ခိုက်၊ အစ္စလာမ်ဆိုတဲ့ အမှန်သစ္စာတရားအပေါ်မှာ ရပ်တည်နေတဲ့ ခြေကုပ်ကို ဘယ်လိုအရာ၊ ဘယ်လိုလူ၊ ဘယ်လိုလူ့အဖွဲ့အစည်း ကမှ လာရောက်ပြီး တွန်းတိုက်လို့မရလောက်အောင် ရပ်တည်မှု ခိုင်မာစွာနဲ့ အမှန်သစ္စာတရားပေါ်မှာ ရပ်။
“ဒါ့အပြင် လူနဲ့လူ့ပတ်ဝန်းကျင် အကျိုးဖြစ်ထွန်းစေမယ့် အလ္လာဟ်ရည်ညွှန်းပြသထားပြီး တမန်တော်မြတ်က ကိုယ်တိုင် ပုံဖော်ဆောင်ရွက်ခဲ့တဲ့ လူသားအကျိုးပြုလုပ်ငန်း ဆောင်ရွက်တဲ့ ဆွလာဟ်ဆိုတဲ့စနစ်ဇယားပေါ်မှာလည်း ရပ်။ အဲဒီစနစ်ကို ပုံဖော်။ အဲဒီလို ပုံဖော်ပြီးတော့ မိမိမှာရှိတဲ့လိုအပ်ချက်တွေကို အရှင်မြတ် ထံမှာ တောင်းခံ ရယူမှုပြုကြ ” ။
“ အင်န်နာလ်လာဟ မအာစ်ဆွာဗေရီးန် ” အချက်(၂) ချက်ပြောပေမယ့် ဆွလာဟ်ကို ပုံဖော်တဲ့နေရာမှာလည်း `ဆွဗရ်´ ဆိုတာအရေးကြီးတယ်လို့ ဒီအာယတ်က ဖော်ပြနေပါတယ်။ ကျွန်တော်တို့ `ဆွလာဟ်´စနစ်ကို အကောင်အထည်ဖော်တဲ့နေရာ မှာ လွယ်လွယ်ကူကူ အကောင်အထည်ဖော်လို့ ရနိုင်မှာမဟုတ်ပါ ဘူး။ ခက်ခဲကြမ်းတမ်းပါလိမ့်မယ်။ အခက်အခဲတွေ တွေ့ရပါလိမ့် မယ်။ အဲဒီလို အခက်အခဲ၊ ကြမ်းတမ်းမှု၊ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့ လာရတဲ့အခါမှာ မယိမ်းမယိုင် ကျောက်စာတိုင်ပမာ တည်တံ့ခိုင်မြဲ စွာ နေတဲ့လူတွေနဲ့ အလ္လာဟ်အရှင်မြတ်က အတူရှိတော်မူတယ်။
တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က ဒီလူတွေကို အမြဲတမ်း အားပေးကူညီ ထောက်ပံ့ဖြည့်ဆည်းပေးနေတယ်လို့ ဖော်ပြထားတာကို ကျွန်တော်လေ့လာတွေ့ရှိရပါတယ်။
နောက်တစ်ခါ အဲဒီကနေ တစ်ဆင့်တက်လာရင် အလ္လာဟ်အရှင်မြတ်ရဲ့ လမ်းစဉ်၊ အလ္လာဟ့်ဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်နေရင်းနဲ့ တမန်တော်မြတ်ကြီး မုဟမ္မဒ်(ဆွ) လက်ထက်ကဆိုရင် ပထမဦးဆုံး ညှိနှိုင်းမှုလာမယ်။ ညှိနှိုင်းလို့မရ တဲ့အခါမှာ တိုက်ခိုက်မှုလာမယ်။ အဲဒီလို တိုက်ခိုက်မှုလာရင်းနဲ့ ပထမ အပုပ်ချတယ်။ အပုပ်ချနေရင်းနဲ့ နောက်ဆုံး မရတဲ့အခါ အသက်ကို အန္တရာယ်ပြုလာတယ်။
အဲဒီအခါမှာ တမန်တော်မြတ်(ဆွ)နဲ့ ယုံကြည် သူတို့ဟာ မွေးရပ်မြေကိုစွန့်ခွာပြီး မက္ကာဟ်ကနေ မဒီနာကို ပြောင်း ရွှေ့သွားကြရတယ်။ ပြောင်းသွားပြီးတဲ့အထိ ဒီကနေ လိုက်ပြီး တိုက်ခိုက်တယ်။ တိုက်တဲ့အခါမှာ တိုက်ပွဲတစ်ခုဖြစ်ပြီဆိုရင် တစ် ဖက်က အမှန်တရားပေါ်မှာ ရပ်တည်တဲ့ သားကောင်းစစ်သည်တွေ ပေါ့ဗျာ။ တစ်ဖက်က သောင်းကျန်းမှုနဲ့ အဖျက်သမားကို လိုလားတဲ့ သောင်းကျန်းသူအဖွဲ့အစည်းပေါ့ဗျာ။
အဲဒီလိုဖြစ်လာရင် နှစ်ဖက်စလုံးမှာ အကျအဆုံးရှိမယ်။ တိုင်းပြည်အတွက် အသက်ပေးစွန့်လှူခဲ့ရတဲ့လူတွေ၊ ခန္ဓာကိုယ် စွန့် လွှတ်ခဲ့ရတဲ့လူတွေလည်း ရှိတယ်။ အဲဒီလူတွေအတွက် အလ္လာဟ် အရှင်မြတ်က အာမခံချက်တစ်ခုပေးပါတယ်။ နိုင်ငံသားကောင်း တွေ၊ တိုင်းပြည်အတွက် အသက်ပေးစွန့်လွှတ်တယ်လို့ ပြောလို့ရ တဲ့ အမှန်သစ္စာတရားပေါ်မှာ မြဲမြံစွာ ရပ်တည်ဆောင်ရွက်ရင်းနဲ့ အ သတ်ခံရတဲ့လူတွေနဲ့ပတ်သက်ပြီး ဆူရာဟ်(၂း၁၅၃)မှာ `အလ္လာဟ့် ဥပဒေ လမ်းညွှန်ပြဌာန်းချက်ကို ပုံဖော်လျှောက်လှမ်းရင်းနဲ့ အလ္လာဟ့်လမ်း မှာ အသတ်ခံရတဲ့လူတွေကို လူသေတွေလို့ သင်တို့ မပြောကြ နဲ့ ´ ။
“ ဘားလ်အဟ်ယာအူးန် ၀ါလာကီလ်လား သရှ်ကူရူးန် ” “ အဲဒီလူတွေ သေသွားတာလုံးဝမဟုတ်ဘူး ” ။ လူ့ရုပ်ခန္ဓာ သေသွားမယ်။ လွယ်လွယ်လေးဗျာ။ အစ္စလာမ်သမိုင်းမှာကြည့်ရင် ဟဇရသ် အူမရ် (ရဒွီ) လုပ်ကြံခံရတယ်။ သေသွားတယ်။ ဟဇရသ် အလီ(ရဒွီ) လုပ်ကြံခံရတယ်။ သေသွားတယ်။ ဒါပေမဲ့ ဒီနေ့ ကမ္ဘာ ပေါ်မှာ အူမရ်တွေလည်းအများကြီးပဲ။ အလီတွေလည်း အများကြီး ပဲ။ အေမာမ်ဟာဆန်၊ အေမာမ်ဟူစိန် လုပ်ကြံခံရတယ်။ သေတယ်။ ဒါပေမဲ့ အများကြီးပဲ။ တခြားသော အလ္လာဟ့်လမ်းမှာ အသတ်ခံရ တဲ့ အဆွဗ်တော်တွေလည်း အများကြီးပဲ။
ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူတို့ကို လုပ်ကြံ သတ်ဖြတ်ခဲ့ကြတဲ့ လူတွေရဲ့နာမည်ကို ဂုဏ်ပေးပြီးတော့ `ငါတို့ တော့ သားယောက်ျားလေး မွေးပြီဟေ့´ `ယဇီးဒ်´လို့ထားရအောင် လို့ ဘယ်သူမှတော့ မပြောပါဘူး။ `ငါတို့တော့ သမီးမိန်းကလေး မွေးပြီဟေ့´`ဟိန္ဒ´လို့ထားလိုက်ရအောင်လို့တော့ ဘယ်သူမှမပြော ပါဘူး။ `ဟိန္ဒ´တို့က အသက်ရှင်ပေမဲ့ သူတို့ဘ၀သမိုင်းကြောင်းမှာ သေသွားပြီ။
ဟဇရသ်အူမရ်တို့၊ ဟဇရသ်အလီတို့၊ ဟဇရသ်ဟူစိန်၊ ဟာစန်တို့ စတဲ့ အဆွားဗ်တော်တွေ အသက်ပေးပြီး သေသွားပေမဲ့ ဒီကနေ့ ကမ္ဘာပေါ်မှာ ဟာဆန်တွေလည်းအများကြီး။ ဟူစိန်တွေ လည်း အများကြီးပဲ။ အူမရ်တွေ၊ အလီတွေလည်း အများကြီးပဲ။ အဲဒီလိုပဲ။ ကမ္ဘာ့သမိုင်းကြောင်းတစ်လျှောက် ကြည့်လိုက်ရင် အာဇာနည်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေနဲ့ အမှန်သစ္စာတရားပေါ် မှာ လျှောက်လှမ်းခဲ့တဲ့လူတွေရဲ့ နာမည်ကို ဂုဏ်ပေးပြီး နောင်လာ နောင်သားတွေကိုပေးခဲ့သလို အဲဒီလူတွေကို လုပ်ကြံသတ်ဖြတ် လိုက်တဲ့ လူမိုက်တွေ၊ လူရမ်းကားတွေ၊ အကြမ်းဖက်သမားတွေ ရဲ့နာမည်ကို ဂုဏ်ပေးပြီး နာမည်ပေးတာမျိုး မရှိပါဘူး။
အဲဒီအာဇာနည်ပုဂ္ဂိုလ်တွေဟာ လူသေသွားပေမဲ့ နာမည် ဂုဏ်သိက္ခာ ဘယ်တော့မှမသေပါဘူးတဲ့။ သူတို့အမြဲတမ်း ရှင်သန် နေတယ်။ သင်တို့ဟာ သင်တို့ရဲ့တွေးဆဆင်ခြင် သိမြင်နိုင်မှုတော့ အားနည်းပါလိမ့်မယ်။ ကောင်းပြီ။ ကျွန်တော်တို့ကရော ဒီလိုပဲ။ “ လားအိလာဟ အိလ်လလ်လာဟ် မုဟမ္မဒ်ဒွလ် ရစူလ်လွလ် လားဟ် ” တစ်နေ့ငါးကြိမ်၊ မမှီရင် သုံးကြိမ်၊ နောက်ဆုံးမမှီရင် ဖဂျရ်လောက်ဖတ်၊ မမှီရင် အေရှာလောက်ဖတ်။ ရမ်ဒွါန်လရောက် ရင် တစ်ရက် ဒါမှမဟုတ် တစ်ဆယ့်ငါးရက်၊ ဒါမှမဟုတ် ၁-၁၅-၃၀ သုံးရက်၊ ဒါမှမဟုတ် ကဒရ်ညလောက်ပေါ့။ ပိုက်ဆံရှိရင် ဟဂ်ျ တစ်နှစ်တစ်ခါသွား။ အာပတ်ဖြေ။ ပြီးရင် တစ်နှစ်လုံး လုပ်ချင်တာ လုပ်။ အဲဒီလိုတွေ လုပ်လိုက်ရုံနဲ့ အလ္လာဟ်ကို ယုံပါပြီလို့ ပြောလိုက် ရုံနဲ့ အလ္လာဟ်က ကျွန်တော်တို့ကို အရည်အသွေးမစစ်၊ ပေါ်လွင် ထင်ရှားအောင်မလုပ်ဘဲနဲ့ လွှတ်ထားလိုက်လိမ့်မယ်လို့ လူတွေက ထင်နေလား … တဲ့။ ဆူရာဟ် (၂း၁၅၄)မှာ-
အလ္လာဟ်အရှင်မြတ်က အသင်တို့ကို ( ရှေ့မှာ `ယာအိုင် ယူဟာလ် လဇီးန အာမနူး´) လို့ အီမာန်သက်ဝင်ယုံကြည်ပါပြီလို့ ပြောတဲ့လူတွေကို အလ္လာဟ်ကပြောတယ်။ ကြောက်ရွံ့ခြင်းကြောင့် သော်လည်းကောင်း၊ `ခေါက်ဖ်´ကိုကြည့်ရင် ဘာတွေ့ရလဲဆို တော့ ကြောက်ရွံ့ခြင်း၊ စိုးရိမ်သောကဖြစ်ခြင်း၊ လုံခြုံမှုကင်းမဲ့ခြင်း။ အဲဒီလိုကြောက်လာရင် လူက ကြောက်ရွံ့စိတ်ကြောင့် သူ့ရဲ့ မူလ ရှိရင်းစွဲ ခန္ဓီပါရမီ လျော့နည်းလာပါတယ်။
`၀ါရ် ဂျူးအ်´ ဆာလောင်မွတ်သိပ်ခြင်း၊ ငတ်မွတ်ခေါင်း ပါးခြင်း။ သမုဒ္ဒရာ ၀မ်းတစ်ထွာလို့ ပြောကြပါတယ်။ တကယ်ပဲ ၀မ်း က တစ်ထွာပဲမို့လို့ပါ။ ကျွန်တော်တို့ နောက်ပြီး ပြောကြတယ်။ ၀မ်းတစ်ထွာမဟုတ်ဘဲ ၀မ်းတစ်တောင်သာဆိုရင် သွားပြီလို့။ ၀မ်း တစ်ထွာတောင်မှ လူတွေ ဟုတ်တာ၊ မဟုတ်တာ၊ တရားတာ၊ မတ ရားတာ နည်းလမ်းပေါင်းစုံနဲ့ရှာပြီး စားနေကြတယ်။ ၀မ်းတစ်တောင် သာဆိုလို့ကတော့ လောကကြီးမှာ လူတစ်ဝက်လောက် သေပြီလို့။ လူတွေ သတ်ကြမှာပဲ။
အဲဒီတော့ “ ၀ါလ် ဂျူး ၀ါနာက်စွမ်းမ မီနားလ်အမ်မ်ဝါးလ် ၀ါလ်အာန်ဖူဆိ ၀ါစ်ဆမရွာသ် ” ။ အရင်းအမြစ်တွေ၊ ဥစ္စာပစ္စည်း တွေ ပျက်စီးဆုံးရှုံးမှုကြောင့်လည်းကောင်း၊ ကိုယ် စိတ် နောက်ဆုံး အသက် သေကြေပျက်စီးမှုကြောင့်သော်လည်းကောင်း၊ လယ်ယာ၊ ကိုင်းကျွန်း၊ ဥယျာဉ်ခြံမြေ၊ ကောက်ပဲသီးနှံများ၊ လယ်မြေများ၊ လယ်မြေ မတရားသိမ်းခံလိုက်ရလို့သော်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုကြောင့် ကောက်ပဲသီးနှံများ အထွက်နည်း ဆုံးရှုံးမှုများကြောင့်သော်လည်းကောင်း၊ တွေ့ကြုံလာရရင် လူဆို တဲ့လူက တုန်လှုပ်မှု၊ ခြောက်ခြားမှု၊ ပျက်စီးမှု ဖြစ်စေပါတယ်။
ဒီကနေ့ မြန်မာနိုင်ငံမှာရှိနေတဲ့ ယဉ်ကျေးမှုစကားနဲ့ ပြော ရရင် `ဘယ်လိုလုပ်မလဲဗျာ … အများမိုးခါးရေသောက်နေကြတဲ့ ခေတ်ကြီးမှာ ကျွန်တော်က ဘာကောင်မို့လို့လဲ၊ ကျွန်တော်က ဘာ များတတ်နိုင်မှာလဲ´။ အဲဒီတော့ ကျမ်းမြတ်ကုရ်အာန်ရဲ့ အရှိတရား ဆုံးမချက်ကတော့ ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့ဆိုတဲ့ မူကို လမ်းညွှန်ပြနေပါတယ်။
ပညာရှင်တွေက စိုးရိမ်ခြင်းနဲ့ပတ်သက်တဲ့ `ခေါက်ဖ်´ မှာ အသက်အိုးအိမ်စည်းစိမ်၊ ဥစ္စဓနတွေ ပျက်စီးသွားတာ၊ ဆုံးရှုံးသွား တာတွေပါသလို၊ လူတစ်ယောက်ချင်း လူ့အဖွဲ့အစည်းဝင်တွေရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ဘ၀လုံခြုံမှုကင်းမဲ့နေတာလည်း ပါပါ တယ်တဲ့။ နောက်တစ်ခါ လူ့ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေတဲ့ အခြေအနေလည်း ပါပါတယ်တဲ့။ ဒါ့အပြင် လူအချင်းချင်း ခွဲခြား ဆက်ဆံခံရခြင်းတွေလည်း အဲဒီ`ခေါက်ဖ်´ဆိုတဲ့ ကြောက်ရွံ့၊စိုးရိမ်၊ သောကဖြစ်ခြင်းထဲမှာ ပါပါတယ်တဲ့။
နောက်တစ်ခါ `ဂျူးအ်´လို့ခေါ်တဲ့ မွတ်သိပ်ဆာလောင် ခြင်းဆိုတဲ့နေရာမှာတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုခုကြောင့်သော် လည်းကောင်း၊ လူ့ပယောဂကြောင့်သော်လည်းကောင်း၊ လူတွေ၊ လူ့အဖွဲ့အစည်းဝင်တွေ လူမှုဒုက္ခများ တွေ့ကြုံခံစားရခြင်းဖြင့် ဆာလောင်မွတ်သိပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဆိုတာလည်း ပါပါ တယ်။
“ ၀ါနာက်ဆွင်မ် မီနာလ်အမ်မ၀ါလေ ၀ါလ်အာန်ဖူဆေ ၀ါဆ်ဆမာရာသ် ” နဲ့ပတ်သက်ပြီး ဥစ္စာပစ္စည်းဆုံးရှုံးမှု၊ ဥစ္စာပစ္စည်း ပျက်စီးခြင်းဆိုတာ မီးဘေး၊ ရေဘေး၊ ခိုးသားဓါးပြတို့ ခိုးယူလုယက် ခြင်း၊ ရန်သူမျိုးငါးပါးကြောင့် ဥစ္စပစ္စည်း၊ အသက်အိုးအိမ်စည်းစိမ် တွေ ပျက်စီးခြင်းလည်း ပါပါတယ်။ အသက်ဇီဝိန်ပျက်စီးခြင်းဆိုတဲ့ နေရာမှာ လူတစ်ယောက် အသက်မသေဘဲနဲ့ အနာရောဂါဘယ ဘေးတွေ ဖိစီးလာတာတွေ၊ ဒါ့အပြင် အခုအချိန်မှာ အများဆုံးကြုံ တွေ့လာတဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်စေ၊ ယခုကမ္ဘာပေါ် မှာ ကြုံတွေ့နေရတဲ့ လူတွေရဲ့ ပယောဂကြောင့် ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ စစ်ပွဲတွေရဲ့ဘေးဒဏ်ကြောင့်ဖြစ်စေ၊ လူမိုက် လူ့ဗာလ အဖျက်သမားတွေရဲ့ ရန်ပြုအန္တရာယ်ပေးမှုကြောင့်ဖြစ်စေ ဖြစ်ပေါ် လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေဟာလည်း ပါဝင်ပါတယ်။ လယ်ယာ ကိုင်းကျွန်း ဥယျာဉ်ခြံမြေ ကောက်ပဲသီးနှံ ပျက်စီးခြင်းဆိုတဲ့နေရာ မှာ လယ်ယာကိုင်းကျွန်း ဥယျာဉ်ခြံမြေတွေသာမက မိမိတို့နေ့စဉ် ဆောင်ရွက်နေတဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ လုပ်ငန်းများ၊ အ လုပ်အကိုင်အခွင့်အလမ်းတွေ ဆုံးရှုံးမှု တွေ့ကြုံရခြင်း၊ သားသမီး ရင်သွေးငယ်တွေရဲ့ ဘ၀တက်လမ်း၊ ပညာဆည်းပူးမှုစတဲ့ လူမှု ဘ၀ ထူထောင်မှုတွေအပါအ၀င် အသက်သေကြေ ပျက်စီးမှုတွေကို လည်း ဆိုလိုပါတယ်။ ဒါက ပညာရှင်တွေ အမျိုးမျိုးဖွင့်ဆိုထားတဲ့ ဒီအာယတ်ရဲ့ ဖွင့်ဆိုရှင်းလင်းချက်တွေဖြစ်ကြောင်းကို ကျွန်တော် လေ့လာတွေ့ရှိရပါတယ်။
အခု ကျွန်တော်ပြောသလို ဘေးဒုက္ခအန္တရာယ်အမျိုးမျိုး၊ ကြောက်ရွံ့စိုးရိမ်ခြင်း၊ ဆာလောင်မွတ်သိပ်ခြင်း၊ ဥစ္စာပစ္စည်းများ၊ အရင်းအမြစ်များ၊ လူ့ဂုဏ်သိက္ခာနဲ့ လူ့ဘ၀ အသက်သေကြေ ပျက် စီးခြင်းနဲ့ လူငယ်တွေရဲ့ အခွင့်အလမ်းတွေ၊ လယ်ယာဥယျာဉ်မြေနဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီး လူ တွေရဲ့ဘ၀မှာ ကြုံတွေ့ရလေ့ရှိပြီးတော့ အဲဒီအပေါ်မှာ လူတွေရဲ့ ယုံကြည်ချက်နဲ့စိတ်နေစိတ်ထား ဘယ်လိုပြောင်းလဲသွားမလဲ ဆို တာကို အလ္လာဟ်အရှင်မြတ်က ပေါ်လွင်ထင်ရှားစေဖို့ အမြဲစီမံထား ပြီးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ဥပဒေပြဌာန်းထားပြီးဖြစ်တယ်။
ကျွန်တော်တို့ အလွယ်ကူဆုံးပြောရရင် အလ္လာဟ်အရှင် မြတ်က အရည်အချင်း စစ်ဆေးစမ်းသပ်မယ်ဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ လူဟာ မိမိမှာရှိတဲ့ ခန္ဓီပါရမီနဲ့ပြည့်စုံ အောင် ရပ်တည်ဖို့လိုလာပြီ။ “ ၀ါဘာရှ်ရှေ့ရီစ် ဆွာဘေရီန် ” အဲဒီလိုအကြောင်းချင်းရာတစ်ခုစီဖြစ်စေ၊ အားလုံးစုပုံ၍ဖြစ်စေ၊ ဖြစ်ပေါ်လာရင်…ကျွန်တော် ဥပမာပေးရရင်…ကျွန်တော်ကိုယ်တိုင် နဲ့ပဲ ဥပမာပေးချင်ပါတယ်။
၁၉၉၅ ခုနှစ် ဧပြီလ(၇)ရက်နေ့ကနေ ဇွန်လ (၂၀)ရက် နေ့အတွင်း တစ်နည်းအားဖြင့် နှစ်လအတွင်း ကျွန်တော့်အိမ်မှာ ကျွန်တော့်အကိုကြီးနဲ့ ကျွန်တော့်အဒေါ်နှစ်ယောက် အလ္လာဟ် အရှင် အမိန့်တော်ခံ ကွယ်လွန်သွားပါတယ်။ တစ်အိမ်ထဲမှာ နှစ်လ အတွင်း လူ(၃)ယောက်ကွယ်လွန်သွားတော့ ပတ်ဝန်းကျင်က မွတ် ဆလင်မ်အားပေးကူညီသူတွေ ရောက်လာပြီးတော့ ကျွန်တော်တို့ အိမ်ကို နွားနို့နဲ့ဆေးဖို့ လိုတယ်လို့ပြောကြပါတယ်။ တော်တော်ခိုက် နေပြီ။ နွားနို့နဲ့ဆေးရမယ်။ မွတ်ဆလင်မ်မဟုတ်တဲ့ မိတ်ဆွေတစ် ယောက်ကတော့ သူတို့ဘာသာတရားအရ ကျောက်ဖရုံသီးကို လမ်းဆုံလမ်းခွမှာခွဲရမယ်။ သူကူညီပေးမယ်လို့ ပြောပါတယ်။
ကျွန်တော်တို့အမေ ရှိပါတယ်။ ကျွန်တော်တို့အမေက အူရ်ဒူတတ်ပါတယ်။ ရန်ဒေးရီးယား ကျောင်းထွက်ပါ။ ကျွန်တော့် အမေကို ကျွန်တော် ဒီကုရ်အာန်အာယတ်ကို ပြပါတယ်။ အူရ်ဒူ ဘာသာပြန်လည်း ရှိပါတယ်။ ဆူရာဟ် ( ၂း ၁၅၃ မှ ၁၅၅ ထိ ) ဖွင့်ပြလိုက်ပါတယ်။ ကျွန်တော့်အမေက အဲဒီအာယတ်ကို ဖတ်ပြီး တော့ ဟိုလူတွေကို လိမ္မာယဉ်ကျေးစွာနဲ့ပဲ `ရပါတယ် … ဘာမှ မလိုတော့ပါဘူး´ လို့ ပြောလိုက်ပါတယ်။
ဘာဖြစ်လို့လဲ။ လူပဲ … လူဆိုတာ မွေးပြီးရင် တစ်နေ့သေ ရမှာပဲလေ။ လူဖြစ်တဲ့အတွက် နာမှာပဲ။ လူတွေ အလုပ်အကိုင်လုပ် ရင် မြတ်တဲ့နေ့ရှိမယ်။ ရှုံးတဲ့နေ့ရှိမယ်။ ဒါတွေက လူ့လောကကြီး မှာ သေချာပေါက်ကြုံတွေ့ရမယ့်ကိစ္စတွေ။ အနောက်ကို ဆက် လေ့လာကြည့်ပါ။
အဲဒီ ဆွဗရ် မယိမ်းမယိုင် ကျောက်စာတိုင်ပမာ ရပ်တည် တဲ့ ခန္ဒီပါရမီရှင်တွေကိုသိစေဖို့ တမန်တော်မြတ်(ဆွ)ကို အလ္လာဟ် က မိန့်တော်မူတယ်။ အဲဒီလူတွေအတွက် ပီတိထောမနသဖြစ်စရာ ၀မ်းမြောက်ဖွယ် သတင်းကောင်းရှိကြောင်း အသင်ပြောလိုက်ပါ။ အဲဒီ ဆွဗရ်ရှင်တွေဟာ သူတို့ကို ဘယ်လိုအရေးကိစ္စ တစ်စုံတစ်ရာ ကမဆို လာရောက်ထိ တွေ့မယ်ဆိုရင်၊ ဘေးဒုက္ခအန္တရာယ်တွေနဲ့ ကြုံတွေ့မယ်ဆိုရင် သူတို့တွေ ဘာပြောလဲ။ မွတ်ဆလင်မ်တော် တော်များများ ရကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နာရေး သတင်း၊ မွတ်ဆလင်မ်တစ်ယောက်ဆုံးတဲ့ သတင်းကြားရင် ဖတ် ကြတယ်။ “ ကားလူ အင်န်နာလိလ္လာဟိ ၀အင်န်နာ အိလိုင်းဟိ ရာဂျေအူးန် ” `တို့များ အားလုံးကို အလ္လာဟ်ပိုင်တယ်။ အလ္လာဟ့်လမ်းညွှန်၊ ဥပဒေပြဌာန်းချက်ရဲ့ ရှေ့မှောက်မှာလဲ တို့တွေ အားလုံးကြုံတွေ့ရမှာပဲ´ ဆိုပြီး တော့ ကျွန်တော်တို့ရဲ့ခံယူချက်ကို ကြွေးကြော်တာဖြစ်တယ်။ (၂း၁၅၆)
သေတဲ့သတင်းကြားတဲ့အချိန် ဆိုတာလည်း ဆိုပေါ့ဗျာ။ ဒီနေရာမှာ ကျွန်တော်တို့မွတ်ဆလင်မ်တစ်ချို့က မွတ်ဆလင်မ် သေရင် ဒါမျိုး ဆိုပြီးတော့ မွတ်ဆလင်မ်မဟုတ်တဲ့လူတွေ ကွယ်လွန်တာကိုကြားရင် မဟုတ်တဲ့ကိစ္စတွေကို သင်ပေးခဲ့တယ်။ အဲဒါမျိုးကို ကျွန်တော်တို့က ဘယ်တော့မှမလုပ်ရဘူး။ အခုန စာချိုးလေး လွယ်လွယ်လေးမှတ်ရင် `ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့´။ လူပဲဗျာ။ ဘယ်သူသေသေ။ လူပဲသေတာပဲ။ လူတစ်ယောက်သေသွားလို့ ဘယ်သူမှ စိတ်မချမ်းသာပါဘူး။
ဒီတော့ ကျွန်တော်တို့ကို အလ္လာဟ်ပိုင်တယ်။ အလ္လာဟ် ရဲ့ရှေ့မှောက်မှာ ကျွန်တော်တို့ရဲ့လုပ်ရပ် အကျိုးဆက်နဲ့ ပတ်သက် ပြီး အလ္လာဟ့်ဥပဒေပြဌာန်းချက်ရှေ့မှောက်ကို သေချာပေါက် ပြန် ရောက်ကြရမှာဖြစ်တယ်။ အဲဒီ ဆွဗရ်ရှင်တွေဟာ အရှင်မြတ်ထံက နေ သူတို့အတွက် ကောင်းသတင်း၊ ကျော်စောခြင်း၊ လူသေပေမဲ့ နာမည်မသေ၊ သူတို့ရဲ့ကောင်းသတင်း ကျော်စောမှုဟာ အမြဲတမ်း ကျန်နေမယ်။ ကောင်းချီးမင်္ဂလာ မေတ္တာတော်အပေါင်း အလ္လာဟ့် ထံကနေ သူတို့အပေါ် သေချာပေါက် ခညောင်းမှာဖြစ်တဲ့အပြင် `၀ါရဟ်မာဟ်´ အလ္လာဟ်အရှင်မြတ်ထံတော်ကနေ လိုလေးသေး မရှိ ပြီးပြည့်စုံစွာ စီမံခန့်ခွဲထားတဲ့ အထောက်အပံ့ (အလ္လာဟ့်ရဲ့ ကရုဏာ)ကို သေချာပေါက် ခံစားရမှာဖြစ်ပါတယ်။
“ ၀အူလာအေက … ” အဲဒီမှာ တိကျခိုင်မာစွာ မယိမ်း မယိုင် ကျောက်စာတိုင်ပမာ ရပ်တည်နိုင်ပြီး လက်တွေ့ဘ၀မှာ တည်ဆောက်နိုင်တဲ့လူတွေ အဲဒီလူတွေဟာ လမ်းညွှန်ပြဌာန်းချက် တွေကို သေချာပေါက်ခံရတဲ့လူတွေ ဖြစ်ပါတယ်ဆိုပြီးတော့ ကုရ်အာန်မှာ ဖော်ပြထားပါတယ်။ (၂း၁၅၇)
အဲဒါကြောင့် ကျွန်တော်တို့အားလုံး အလ္လာဟ့်ကြိုးတော် ကျမ်းတော်မြတ်ကုရ်အာန်ကို ကျွန်တော်တို့အားလုံး တစ်စုတစ် စည်းတည်း စွဲမြဲစွာကိုင်စွဲပြီး ကျန်ရှိနေသေးတဲ့ လူ့ဘ၀မှာ နေထိုင် အသက်ရှင်ဖို့ လိုအပ်နေပြီ။ ကျွန်တော်တို့ ဘယ်တော့မှ သွေးကွဲတဲ့ စကား၊ သွေးကွဲတဲ့အဖြစ် မဖြစ်ကြဖို့လည်း ကျမ်းတော်မြတ် ကုရ်အာန်က ညွှန်ကြားပြသထားတာကို ဖော်ပြရင်းနဲ့ ကျွန်တော် ဒီနေ့ပြောကြားတဲ့ နိုးထသင့်ပြီ အို…မွတ်ဆလင်မ်ကို ဒီမှာပဲ ရပ်နား လိုက်ပါတယ်ခင်ဗျား ။ ။