ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ် မုဖ်သီ ဦးသန်းအောင် (LL.B)

ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ်

မုဖ်သီ ဦးသန်းအောင် (LL.B)

                လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ လူကြီးမင်းအပေါင်းတို့ခင်ဗျား –

            အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လာဟိ ဝဘရကာသုဟ်

            ကျွန်တော့်အနေနဲ့ အခုလို ဂျူမုအာဟ် ခွတ္တဗာဟ် ဟောပြောတင်ပြခွင့်ရရှိတဲ့ အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင် ချီးမွမ်းမှု ပြုခဲ့ပြီးဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ကျွန်တော်ရဲ့မိဘနှစ်ပါးနဲ့တကွ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများ အားလုံးကို ဂါရဝပြု ကျေးဇူးတင်ရှိပါကြောင်းနဲ့ ကြွရောက်အားပေး နားသောတဆင်နေကြပါသော လူကြီးမင်းများ အားလုံးကို လည်း ကျေးဇူးတင် ဂါရဝပြုပါကြောင်း ပြောကြားလိုပါတယ်။

            ကျွန်တော့်အနေနဲ့ ယခုအပတ်မှာ “ ကုရ်အာန်က ညွှန်ပြသော လူမှုကျင့်ဝတ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြသွားမှာ ဖြစ်ပါ တယ်။ ဒီခေါင်းစဉ်ကို တင်ပြဖို့အတွက် ကျွန်တော်စီစဉ်ပြီးတဲ့အချိန်မှာမှ တိုက်တိုက်ဆိုင်ဆိုင် လူ့အဖွဲ့အစည်းအတွင်းမှာ Food Box ဆိုတဲ့ ကိစ္စ၊ နောက်တစ်ခါ လုပ်ငန်းခွင်အတွင်းမှာ လူအချင်းချင်း နှိမ့်ချခွဲခြားဆက်ဆံပြီး ပြောဆိုပြုမူဆောင်ရွက်လိုက်တဲ့ လုပ်ရပ်ကြောင့် လူတစ်ယောက် (ပညာရှင်၊ လူငယ်) တစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့အဆင့်ထိ ဖြစ်သွားတဲ့ ဖြစ်ရပ်မျိုးတွေ ကြုံတဲ့အချိန်နဲ့ ကျွန်တော်တင်ပြဖို့ ရွေးချယ်စုဆောင်းထားတဲ့ ကုရ်အာန်အာယသ်တွေနဲ့ အပ်စပ်သွားပါတယ်။

            အစ္စလာမ်သည် လူတစ်ဦးချင်း၏ အကျင့်စာရိတ္တကောင်းမွန်ရေးမှ အစပြုပြီး လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်တစ်ခုလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ကောင်းမွန်ရေးကို အလေးအနက်ပြု အဓိကထားသည်။ လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားနှင့် အကျင့် စာရိတ္တကောင်းမွန်ရေး၊ အပြန်အလှန် အသိအမှတ်ပြုလေးစားတန်ဖိုးထားခြင်းဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းခြင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ခြင်း လူ့အခွင့်အရေးနှင့် ရပိုင်ခွင့်များ အပြည့်အဝရရှိပြီး ကောင်းမွန်သာယာဝပြောမှု စည်ပင်သာယာ အေးချမ်းမှုအတွက် အလွန်အရေးပါသော အခြေခံအချက် တစ်ချက်ဖြစ်ကြောင်း အစ္စလာမ်က အသိအမှတ်ပြုထားပါတယ်။ အလ္လာဟ်အရှင်မြတ် ဖြစ်ထွန်းပေါ်ပေါက်စေထားတဲ့ သက်ရှိတွေထဲမှာ လူသားဟာ အသိဉာဏ် ဆင်ခြင်တုံတရားနဲ့ ထည့်သွင်း ဖြစ်ထွန်းပေါ်ပေါက်စေခြင်း ခံထားရတဲ့အတွက်ကြောင့် လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး လူတစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် အသိအမှတ်ပြု လေးစားတန်ဖိုးထားပြီးတော့ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်ပြီး ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာကြီးတစ်ခုလုံး သာယာဝပြောအောင် လူတစ်ဦးချင်းဆီကနေ လူ့အဖွဲ့အစည်း တစ်ခုလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ ကုရ်အာန်က ညွှန်ပြလျက်ရှိပါတယ်။

            လူ့အဖွဲ့အစည်းဝင် လူသားအချင်းချင်းကြားမှာ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ ကျား/မလိင်စိတ်၊ အသားအရောင်၊ ရုပ်အသွင်အပြင်၊ အမူအကျင့်ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဖွဲ့စည်းမှု၊ လူမှုအဆင့်အတန်း၊ လူနေမှုပုံစံ၊ အသက်အရွယ်၊ လူကောင် အရွယ်အစား (သို့မဟုတ်) စွမ်းဆောင်နိုင်စွမ်းစသည့် မတူခြားနားမှုများ၊ ကွဲပြားမှုများကို အခြေခံပြီး လူ့အဖွဲ့အစည်းဝင် အချင်းချင်းကြားမှာ ခွဲခြားဆက်ဆံမှု၊ နှိမ့်ချကဲ့ရဲ့ပြစ်တင်မှု လူတစ်ဦးတစ်ယောက်ရဲ့ အားနည်းချက်ကို လှောင်ပြောင် ပြက်ရယ် ပြုခြင်းတို့ကို သတိကြီးစွာဖြင့် ရှောင်ကြဉ်ရန် လိုအပ်တယ်။ ၎င်းအပြင် လူတစ်ဦးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာအရဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာအရ ဖြစ်စေ စိတ်ခံစားမှုအရ ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ဖြင့် ထပ်ကာထပ်ကာ ပြုလုပ်သော အပြုအမူ တို့ကိုလည်းရှောင်ကြဉ်ရန် လိုအပ်ပါတယ်။ အချို့ စကားလုံးတွေကနေတဆင့် ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်း၊ လူတစ်ဦး ရဲ့ အားနည်းချက်ကို လှောင်ပြောင်ခြင်း၊ နှိမ့်ချမှုပြုခြင်းတို့ကို ပြောဆိုသူအတွက် အသေးအဖွဲကိစ္စသဖွယ် ပြောဆိုပြုမူ လုပ်ကိုင် ဆောင်ရွက်လျက်ရှိကြပါတယ်။ သေချာကြည့်ရင် အဲဒီလို လူတစ်ဦးချင်းကို ရည်ရွယ်ချက်မပါဘဲဖြစ်စေ၊ ရည်ရွယ်ချက်ရှိရှိနဲ့ ဖြစ်စေ ခွဲခြားဆက်ဆံခြင်း၊ အနိုင်ကျင့်ခြင်း၊ အားနည်းချက်ကို လှောင်ပြောင်နှိမ့်ချမှုပြုခြင်းဆိုတဲ့ ကိစ္စရပ်တွေဟာ ကျွန်တော်တို့ တစ်ဦးချင်းရဲ့ အိမ်ကနေ စတင်ပါတယ်။

            မိသားစုတွေကြားမှာလည်း ဖြစ်နေပါတယ်။ စာသင်ကျောင်းတွေ၊ ရုံးဌာန၊ လုပ်ငန်းခွင်တွေမှာလည်း ဖြစ်နေပါတယ်။ အဲဒီကနေ တဆင့်တက်ပြီး အခုခေတ်စားနေတဲ့ internet တို့ facebook တို့ဆိုတဲ့ လူမှုမီဒီယာတွေနဲ့ ဆိုက်ဘာအနိုင်ကျင့်မှု တွေလုပ်လာကြတာကို ကျွန်တော်တို့ မျက်မြင်တွေ့လာရပါတယ်။ ကလေးတစ်ယောက် တစ်နည်းအားဖြင့် လူမဖြစ်သေးတဲ့ ကလေးတစ်ယောက် မိခင်ရဲ့ဝမ်းကြာသိုက်ထဲမှာ ပဋိသန္ဓေတည်ပြီဆိုတာနဲ့ ပတ်ဝန်းကျင်က ဆွေမျိုးညာတိ သို့မဟုတ် အဲဒီ ဇနီးမောင်နှံထဲက အထူးသဖြင့် ခင်ပွန်းဖြစ်သူက စတင်ခွဲခြားဆက်ဆံမှု စတင်ပါတယ်။ Ultrasound ရိုက်ပြီဆိုတာနဲ့ စပြီး မေးတဲ့ မေးခွန်းက ယောက်ျားလေးလားလို့ ဖြစ်ပါတယ်။ အကယ်၍ အဖြေက မိန်းကလေးပါလို့ ဆိုလိုက်တာနဲ့ အဲဒီ ခင်ပွန်းရဲ့ မျက်နှာသိပ်မကြည်လင်တော့ဘူး။ အဲဒီကစလို့ လိင်စိတ်ကျား/မ ခွဲခြားဆက်ဆံမှုက စတင်လာခဲ့တယ်။ အဲဒီကနေ တဆင့် တက်လာရင် အဲဒီကလေးမွေးလိုက်တဲ့အချိန်မှာ လာကြည်တဲ့လူတွေက ခွဲခြားဆက်ဆံမှုစတယ်။ စပြီးမေးတဲ့မေးခွန်းက အသားဖြူလား၊ အဖေ့ဘက်က အမျိုးတွေလာကြည့်ရင် အဖေတူလေးနော်၊ အမေ့ဘက်က လာကြည့်တဲ့ အမျိုးတွေက အမေတူလေးနော်ဆိုပြီး ခွဲခြားကြတယ်။ အရွယ်ရောက်လာလို့ ဆံပင်နည်းနည်းပြောင်ရင် ခွဲခြားနှိမ့်ချပြန်ပြီ။ ထိပ်ပြောင်လို့ ခေါ်ကြပြီး မျက်စိလေးနည်းနည်းစောင်းရင် မျက်စောင်း ဒါမှမဟုတ် စွေစောင်း၊ အရပ်နည်းနည်းပုနေရင် ဂျပု၊ နည်းနည်း ဝရင် ဝက်ပုတ်၊ ဖက်တီး၊ နည်းနည်းပိန်ရင် ပိန်သေး၊ အရပ်ရှည်ရင် လန်ဘား Body Shaming လုပ်နေကြပါတယ်။ နည်းနည်း ကနွဲ့ကလျဖြစ်ရင် အပုန်းလေး၊ အခြောက် လေး၊ အိမ်ထောင်ရှင်တွေ ကလေးမရသေးရင် ကလေးမယူသေးဘူးလား။ အပျိုကြီး၊ လူပျိုကြီးတွေ တွေ့ရင် မစားရသေးဘူးလား။ မစွန်သေးဘူးလား စသဖြင့် နှိမ့်ချဆက်ဆံကြတယ်။

            လူတစ်ယောက်က လှူလိုက်တယ်။ Food Box။ သူကလှူလိုက်ပြီးပြီ။ ယူတဲ့လူက ယူတယ်။ သူလိုချင်လို့ ယူတာ ပေါ့။ ဒါပေမယ့် မနေနိုင်၊ မထိုင်နိုင်တဲ့ လူအချို့က ကောင်းကောင်းဓါတ်ပုံရိုက်ပြီးတော့ Facebook ပေါ်တင် like များများ ရရှိရေး ဒို့အရေးဆိုပြီး ဒို့တာဝန်အရေးသုံးပါးထဲမှာ တစ်ခုထပ်တိုးပြိး အပြတ်ဖြန့်တယ်။ တဖက်လူကို အရှက်ရသွားစေအောင်၊ ဂုဏ်သိက္ခာထိခိုက်စေအောင်လုပ်တယ်။ လှူတဲ့လူက လှူပြီးပြီ။ ယူတဲ့လူကယူတယ်။ အဲဒီမှာ စည်းကမ်းရှိအောင် လုပ်ရမှာက သပ်သပ်ကိစ္စဖြစ်တယ်။ အခြားတစ်ဖက်က လူငယ်တစ်ယောက်ဆိုလည်း လုပ်ငန်းခွင်မှာ ခံနိုင်ရည်ရှိတဲ့ အထိခံလိုက်တယ်။ ခံနိုင်ရည်မရှိတဲ့အချိန်မှာ အဲဒီလူငယ်ဟာ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ကျောခိုင်းစွန့်ခွာ အသက်စွန့်သွားလိုက်တယ်။ အဲဒီလို ကိစ္စရပ်တွေအားလုံးဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လုံးဝမရှိသင့်တဲ့ အလေ့အထကိစ္စရပ်များဖြစ်ပါတယ်။

            ကျွန်တော်တို့အတွက်တော့ ကျမ်းတော်မြတ်ကုရ်အာန်က လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကတည်းက အခုလို သင်ပေးထားပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို အရဗီလိုကြီးဘဲ ဖတ်သွားနေရင်းနဲ့ ကျော်သွားတဲ့ အတွက်သို့မဟုတ် ကိုယ်နားလည်တတ်ကျွမ်းတဲ့ ဘာသာစာစကားနဲ့ ဘာသာပြန်ထားတာကို မလေ့လာမိတဲ့အတွက် မသိသေးတာဘဲဖြစ်ပါတယ်။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် ၄၉း၁၁ မှာ အသိပေးထားတာက “အို အီမာန်သက်ဝင် ယုံကြည်သူအပေါင်းတို့၊ အမျိုးသားများသည် အခြားအမျိုးသားများအား သိက္ခာမဲ့အောင်၊ ပြက်ရယ်ပြုလှောင်ပြောင် သရော်သမှု မပြုရ။ ထိုသို့ ပြုခြင်းခံရသူတို့သည် ပြုလုပ်သောသူတို့ထက် ပို၍ကောင်းမြတ်သူများ ဖြစ်တန်ကြရာသည်။ ထိုနည်းတူ အမျိုးသမီးများသည်လည်း အခြားအမျိုးသမီးများအား သိက္ခာမဲ့အောင် ပြက်ရယ်ပြု လှောင်ပြောင်သရော်သမှု မပြုကြရ။ ထိုသို့ ပြုခြင်းခံရသူ အမျိုးသမီးတို့သည် ပြုလုပ်သော အမျိုးသမီးများထက် ပို၍ကောင်းမြတ်သောသူများ ဖြစ်တန် ကြရာသည်။”

            (ဟိုလူ့ကိုတစ်မျိုး၊ ဒီလူ့ကိုတစ်မျိုး ပြစ်တင်ကဲ့ရဲ့နှိမ့်ချခွဲခြားဆက်ဆံတဲ့ လူတွေဟာ ခံရတဲ့လူတွေလောက် ကောင်းချင် မှကောင်းပါလိမ့်မယ်။ အဲဒီလိုကိစ္စက ဘယ်ကစတင်လာသလဲလို့ သေချာလေ့လာကြည့်ရင် အဲဒီလိုအချင်းချင်း သိက္ခာမဲ့ အောင်လုပ်ခြင်း၊ လှောင်ပြောင်ခြင်း၊ သရော်ခြင်းသည် လူအချို့၏ စိတ်အတွင်း၌ တည်ရှိသော မနာလိုဝန်တိုမှု၊ မုန်းတီးမှု ရှိနေခြင်းကို မဖော်ပြရဲသဖြင့် ထိုသို့ပြောဆိုပြုမူလုပ်ကိုင်ဆောင်ရွက်ကြခြင်းသာဖြစ်ကြောင်းကို ပညာရှင်များက အဆိုရှိထားကြပါတယ်။) “၎င်းပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အပြစ်ရှာခြင်း ကဲ့ရဲ့ပြစ်တင်ငြူစူစောင်းမြောင်း၊ ဂုန်းချော ခြင်း မပြုကြလေနှင့်။” (သူတစ်ပါးရဲ့ အားနည်းချက်ကို အပြစ်ရှာပြီး အဲဒီလူကို သိက္ခာချတယ်။ ပြီးရင် အဲဒီလူကို အရှက်ရစေ တယ်။ အဲဒီလို အပြုအမူမျိုးကို မလုပ်ကြနဲ့လို့ ပြောတာပါ။) “ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း တစ်ဦးကိုတစ်ဦး လူ့ဂုဏ် သိက္ခာညှိုးနွမ်းစေသည့် အမည်နာမများဖြင့် မှည့်ခေါ်ခြင်း မပြုကြလေနှင့်။” (အမည်မှန်မဟုတ်သော အမည် သရော် သမှုပြုသော အမည်များကို လုံးဝမခေါ်လေနှင့်။ လူတစ်ယောက်ချင်းမှာ သူတို့မိဘတွေကပေးထားတဲ့ အင်မတန်နှစ်လိုဖွယ် ကောင်းတဲ့ အမည်နာမတွေရှိပါတယ်။ ဟိုတုန်းက လူကြီးတွေက ကျွန်တော်တို့ခေတ် လူကြီးတွေထက်သာတယ်။ ဧရာဝတီ တိုင်းဘက်မှာနေတဲ့ လူတွေ သားသမီးကို ခေါ်ရင် အဖေနာမည်ထည့်ပြီး ခေါ်ကြတယ်။ အဲဒါ ကုရ်အာန်က သင်ပေး ထားတာဖြစ်တယ်။ စူရာဟ် (၃၃း၅) မှာပါတယ်။ မွေးစားခြင်းကို အစ္စလာမ့်တရားဥပဒေအရ ခွင့်မပြုထားဘူး။ အဲဒီအတွက် မွေးစားသားဟာ သားအရင်းတစ်ယောက် ဘယ်တော့မှ မဖြစ်ဘူး။ အဲဒီရဲ့အနောက်မှာ လူတစ်ယောက်ကိုခေါ်ရင် သူ့အဖေရဲ့ နာမည်နဲ့ တွဲပြီး ခေါ်လို့ဖော်ပြထားပါတယ်။ ဒါကြောင့် အာရဗ်တွေရဲ့နာမည်ကို ကြည့်လိုက်ရင် ခါလစ်ဒ်ဗင်န် ဝလီဒ်၊ မုဟမ္မဒ် ဗင်န် အဗ္ဗဒူလ္လာဟ် အလီအိဗ္ဗနေ အဘီတွာ လစ်ဘ်၊ အုမရ်ဘင်န်ခတ္တာဘ် အဲဒီလိုတွေ့ရပါမယ်။)

            “အီမာန်သက်ဝင်ယုံကြည်ပြီးနောက် အကျင့်စာရိတ္တပျက်ယွင်းစေသော ပြစ်မှုတည်းဟူသော အမည်နာမသည် လွန်စွာဆိုးရွားလှပါသည်။ သို့ပါလျက် မည်သူမဆို အမှန်တရားဘက်ကို ပြန်လှည့်ခြင်း (ဝန်ချတောင်းပန်ခြင်း) မပြုခဲ့ပါသော် ယင်းသူတို့သည်သာလျှင် အလွဲသုံးစားပြုသူ၊ ပြစ်မှုကျူးလွန်သူ အနိုင်ကျင့်စော်ကားသူ၊ မတရားသောသူများဖြစ်ကြပေ သတည်။ ”(၄၉း၁၁) ဒီအာယသ်က သင်ပေးလိုက်တဲ့ သင်ကြားချက်ကို ကြည့်ရင် ဘာတွေ့ရသလဲဆိုတော့ လူ့အဖွဲ့အစည်းဝင် အချင်းချင်းကြားမှာ အထူးသဖြင့် ယုံကြည်သက်ဝင်သူ မုအ်မင်န်ဆိုရင် မနာလိုဝန်တိုမှု(ဟစဒ်)မရှိရဘူး။ မုန်းတီးမှုမရှိရဘူး။ တစ်ဖက်လူကို ငြူစူစောင်းမြောင်းချင်တဲ့စိတ် မရှိရဘူး။ အထင်သေးခွဲခြားနှိမ့်ချဆက်ဆံချင်တဲ့စိတ် မရှိရဘူး။ တစ်ဖက်လူကို ပြောင်လှောင်ပြစ်တင်သရော်သမှု မပြုရဘူး။ ကဲ့ရဲ့ရှုံ့ချပြစ်တင်မှုမပြုရဘူး။ လူတစ်ဖက်သားရဲ့အပြစ်ကိုဘဲ လိုက်ရှာပြီး မေးငေါ့ ပြစ်တင်တဲ့စိတ်မရှိရဘူး။ လုပ်သင့်တာက ကိုယ့်အပြစ်ကိုဘဲ သေသေချာချာကြည့်ပြီး ပြုပြင်ရန်သာလိုအပ်ပါတယ်။ နာမည် ဖျက်ပြီး မခေါ်ရ၊ သိက္ခာကျအောင် မလုပ်ရ၊ ငယ်ကျိုးငယ်နာ မဖော်ရ၊ လူ့ဂုဏ်သိက္ခာကို တန်ဘိုးထားလေးစားရမည်။

            ကလေးသူငယ် အရွယ်နည်းနည်းဆော့တတ်ကာစမှာ မိဘတွေက သူတို့စကားနားမထောင်တဲ့အခါ ပထမဦးဆုံး ပြောတဲ့စကားက နင့်ကို ကုလားကြီးဖမ်းလိမ့်မယ်ကစပြီး ပြောပါတယ်။ အဲဒီအခါမှာ ကလေးရဲ့စိတ်မှာ ငယ်စဉ်တောင်ကျေးထဲ က ကုလားကြီးကိုမုန်းတီးချင်တဲ့စိတ်ကို ဒီလူကြီးတွေက ရိုက်သွင်းပေးလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားကြီးလို့ ပြောလိုက်တာနဲ့ ကလေးရဲ့စိတ်မှာ ကြောက်စရာလူကြီးလို့ သူတို့ရဲ့စိတ်မှာ မှတ်သွားတယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကို ကြည့်လိုက်ရင် အဲဒီကနေစပြီး ခွဲခြားတာ။ တစ်ချို့ဆိုရင် စကားပြောတဲ့အခါ လူမျိုးရဲ့နာမည်နဲ့ကိုင်ပြီး အဲဒီလူမျိုးကို မုန်းတီးချင်တဲ့စိတ်ကို ထည့်ပေးလိုက်တယ်။ အဲဒါက ကျွန်တော်တို့ကို ကုရ်အာန်ကတားမြစ်ထားတဲ့ လူ့ကျင့်ဝတ်တွေကို ဖောက်လွဲဖောက်ပြန်လုပ်ပြီး Hate Speech တွေကို ဖြန့်ချိနေခြင်းဖြစ်ပါတယ်။ အသားအရောင် ဆိုရင်လည်း ဒီအရေပြားပေါ်ကအရောင်ကို သူကိုယ်တိုင် ရွေးချယ်ခွင့်ရှိတာမှ မဟုတ်တာဘဲလေ။ ပြီးတော့ အရေပြားဆိုတာကြီးကို ဆွဲခွာ လိုက်ရင်လူသားအားလုံးဟာ အတူတူဘဲ။ နောက်တစ်ခါ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် (၄၉း၁၂)မှာ ဖော်ပြထားတာက

            “အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ရှောင်ကြဉ်ကြ လေကုန်။” လူအချို့ဟာ လူတစ်ယောက် အလုပ်ကြိုးစားလို့ အောင်မြင်ဖြစ်ထွန်းလာတဲ့အခါမှာ သူ့လိုအလုပ် ကြိုးစားရမယ့် အစား အဲဒီလူအပေါ်မှာ မနာလိုဝန်တိုမှုတွေကစပြီး ဖြစ်ပေါ်လာတယ်။ ပြီးတဲ့နောက် ဒီလူဘယ်မှာ ဘယ်လိုဂွင်ရိုက်လိုက်ပြီ။ ဘယ်လိုလုပ်လိုက်တာဆိုပြီး ပြောဆိုလာကြတယ်။ ထင်မြင်ယူဆချက်တွေနဲ့ လူတစ်ဖက်သားကို နှိမ့်ချဆက်ဆံပြုမူပြောဆို လာကြတယ်။ “ဧကန်မုချ အချို့သော ထင်မြင်ယူဆချက် (သင်္ကာမကင်းဖြစ်ခြင်း၊ ထင်ရောင်ထင်မှားဖြစ်ခြင်း) များသည် တိုးတက်ဖွံ့ဖြိုးမှုကို နှေးကွေးစေသည့် အဖြစ်ပင်ဖြစ်လေသည်။ ”  အစ်မွန်ဆိုတဲ့ဝေါဟာရရဲ့ သဘောက အ-စိ-မ လို့ခေါ်တဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ဟာ ကုလားအုတ်ဟာ ကုလားအုတ်အုပ်စုတန်းစီပြီးသွားရင် နှေးကွေးဖင့်တွဲပြီးတော့ အရှေ့ကသွားနေတဲ့ ကုလားအုတ်တွေကို အမှီမလိုက်နိုင်ဘူး။ အင်အားဆုတ်ယုတ်နေတယ်။ ပျော့ညံ့နေတယ်။ အားနည်းတယ်။ အသုံးဝင်မှုနည်းပါးနေတယ်။ နောက် ကောက် ကျနေတယ်။ မူးယစ်စေတတ်သောအရာတွေနဲ့ ပတ်သက်လို့သုံးရင်လည်း အစ်စ်မွန်ဆိုတဲ့စကားလုံးကို သုံးတယ်။ မူးယစ်စေသောအရာကို သုံးစွဲပြီးရင် အဲဒီလူဟာ လေးလံထိုင်းမှိုင်းပြီး အဲဒီလူဟာ လူ့အဖွဲ့အစည်းမှာ အမြဲတမ်းနောက်ကောက် ကြနေတာ တွေ့ရမှာဖြစ်ပါတယ်။ “၎င်းပြင် အသင်တို့သည် တစ်ဦး၏နောက်ကွယ်တွင် တစ်ဦးက မကောင်းကြောင်း၊ အတင်း ပြောခြင်းမပြုရ (သူတပါးမကောင်းကြောင်း နောက်ကွယ်တွင် မပြောကြရပါ) အသင်တို့အနက် တစ်ဦးတစ်ယောက်သည် မိမိ ညီအစ်ကို၏အသေသားကို စားသုံးရန် နှစ်သက်ပါမည်လော။ စင်စစ် အသင်တို့သည် ထိုသို့အသေသားစားသုံးခြင်းကို (မနှစ် မြို့)စက်ဆုပ်ရွံရှာကြမည်သာ။”

            အစ္စလာမ်က လူတစ်ဖက်သားရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုစည်းကို မကျော်ရဘူးလို့ ပြောထားတယ်။ ပြီးခဲ့တဲ့အပတ်က ဆရာ ဦးစန်းအောင် ဟောသွားတဲ့ တမန်တော်မြတ်နဲ့ ကိုယ်တော့်ရဲ့အိမ်သူသက်ထားတွေကိစ္စ၊ ဆက်စပ်တွေးတောကြည့်မယ်ဆိုရင် ကျွန်တော်တို့ လူသားအချင်းချင်းကြားမှာတောင် ဒီလိုမျိုးတားမြစ်ထားတဲ့ ကုရ်အာန်ပါ အာယသ်ကို တမန်တော်မြတ်ရဲ့ လက်အောက်ငယ်သား ဆွဟာဗာတွေက ချိုးဖောက်စပ်စုမေးမြန်ကြမယ်လို့ လူကြီးမင်းတို့ ထင်ပါသလား။ ကျွန်တော်ကတော့ လုံးဝမထင်ပါဘူး။ ပြီးတော့ လူတစ်ဖက်သားရဲ့ ဂုဏ်သိက္ခာကို လေးစားမှုပြုတဲ့အနေနဲ့ သူတပါးမကောင်းကြောင်း နောက်ကွယ် တွင် အတင်းမပြောရ။ လူ့အခွင့်အရေး ရှုထောင့်ကနေကြည့်ရင် ဘယ်လောက်အထိ ကျမ်းတော်မြတ်ကုရ်အာန်က လူဖြစ်မှုနဲ့ လူတစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို ဖော်ပြပြီး လူတစ်ယောက်ချင်းရဲ့တန်ဖိုးကို မြှင့်တင်ပေးနေတယ်ဆိုတာ လေ့လာလို့ရပါတယ်။

            ကုရ်အာန်က ရှင်းပြလိုက်ရင် အရမ်းကို ထိထိမိမိရှိတယ်။ လူကြီးမင်းများကို ဝက်သားစားမလားလို့ မေးရင်မစားပါ ဘူးလို့ဘဲ ဖြေကြမှာဖြစ်ပါတယ်။ ဒါပေမယ့် လူသားတော့စားတယ်မဟုတ်လား။ ကျွတ်တို့ မျှော့တို့လို သတ္တဝါတွေတောင် အချင်းချင်း မနှိပ်ကွပ်ကြပေမယ့် လူဟာ အချင်းချင်းနှိပ်ကွပ်တတ်ကြပါတယ်။ ဒါကြောင့် ကျမ်းတော်မြတ်ကုရ်အာန်အရ လူသားဟာ အထင်အမြင်လွဲမှားမှုတွေကြောင့် အချင်းချင်းစိတ်ဝမ်းကွဲနိုင်ကြောင်းနှင့် ကြီးလေးသောပြစ်မှုကို ကျူးလွန်နိုင် ကြောင်း အသိပေးထားပါတယ်။ ဒါကြောင့် လူသားအချင်းချင်း အစဉ်မြင့်မြတ်သော စိတ်ထားထားရှိရန်လိုပါတယ်။ လူသား အချင်းချင်း ကောင်းမြတ်သော စိတ်နေစိတ်ထားရှိဖို့လိုပါတယ်။ လူသားအချင်းချင်းကြားမှာ ဖြူစင်သော စေတနာထားရှိဖို့ လိုပါတယ်။ လူတစ်ဦးချင်းရဲ့ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်၊ လုံခြုံခွင့်တွေကို အနှောင့်အယှက်မဖြစ်စေရပါဘူး။ လူ့ဂုဏ်သိက္ခာကို မထိခိုက်စေရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မတ်လက ဥပဒေတစ်ရပ် ကို အခုလိုပြဌာန်းခဲ့ပါတယ်။ “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ” ဆိုတာရှိပါတယ်။

            တရားဥပဒေနှင့်အညီ ခိုင်လုံသော အထောက်အထားမရှိဘဲ မစွပ်စွဲရပါ။ မစပ်စုရပါ။ သေချာရေရာသော စုံစမ်းမှု မပြီးပြတ်မီ စွပ်စွဲပြစ်တင်ခြင်း မပြုရပါ။ လူမှုကွန်ယက်များ၊ ဆိုက်ဘာအသုံးပြုမှုတွေနဲ့ facebook မှာ page တင်တာ၊ like လုပ်တာ၊ comment ဝင်ရေးတာ၊ share လုပ်တာတွေကို သတိထားကြပါ။ အခန့်မသင့်ရင် အဲဒီဥပဒေက အာမခံ မရပါဘူး။ ကျမ်းတော်မြတ်ကုရ်အာန် စူရာဟ် (၁၀၄း၁)မှာ “လူ့အဖွဲ့အစည်း အစုအဝေးအတွင်း ကွဲပြားအောင်လုပ်ခြင်း (ပုံကြီးချဲ့ ပြဿနာဖြစ်စေရန် ဆောင်ရွက်ခြင်း၊ အဆိုးမြင်အပြစ်ရှာကာ အတင်းပြောခြင်း) ပြုလုပ်သူတိုင်းနှင့် သူတပါးတို့၏အပြစ်ကို ရှာဖွေပြီး ကဲ့ရဲ့ပြစ်တင်သူတိုင်းသည် ပျက်စီးဆုံးရှုံးခြင်းရှိပါတယ်။ ” လို့ ဖော်ပြလမ်းညွှန်ထားပါတယ်။

            လူမှုကွန်ယက်များ၊ ဆိုက်ဘာ အသုံးပြုမှုတွေကတဆင့် လူအချင်းချင်း အနိုင်ကျင့်စော်ကားမှုတွေ (လတ်တလော facebook ပေါ်မှာ ဖြစ်ပေါ်နေတဲ့ food box ပြဿနာကအစ စကားလုံးများကတဆင့် ခွဲခြားဆက်ဆံခြင်း၊ အားနည်းချက်ကို လှောင်ပြောင်ခြင်း၊ ဆိုင်ဘာအနိုင်ကျင့်မှု ပြုလုပ်ခြင်း၊ မမှန်မကန် ဝေဖန်မှု၊ အနိုင်ကျင့်မှုတွေကို လူအချင်းချင်း ကိုယ်ချင်းစာ တရား ကင်းမဲ့စွာနှင့် လူ့အဖွဲ့အစည်းဝင် အချင်းချင်း ခွဲခြားဆက်ဆံကာ၊ အရှက်ခွဲနေကြတာတွေ့ရပါမည်။ အခုခေတ်တွင် အင်တာနက်နှင့် နည်းပညာအသုံးပြုကာ ဆိုက်ဘာအနိုင်ကျင့်မှုတွေ ပြုလုပ်လာကြပြီး လူပုဂ္ဂိုလ်တစ်ဦးရဲ့ ပုဂ္ဂိုလ်ရေး အချက် အလက်များ၊ စွပ်စွဲချက်များဖြင့် ထိခိုက်အရှက်ရစေရန် ဆောင်ရွက်လာကြပါတယ်။ ခံရသူတွေကတော့ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ၊ အရှက်တကွဲအကျိုးနဲဖြစ်ကာ လူမှုရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ ယုံကြည် သက်ဝင်မှု အရဖြစ် စေ၊ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆင်ကြုံတွေ့ခံစားနေကြရတာတွေ ရှိနေသော်လည်း တစ်ပါးသူရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် အနိုင်ကျင့်မှုတွေ၊ အမုန်းစကားပွားများမှုတွေ၊ အဖျက်လုပ်ရပ် ကျူးလွန်ဖို့တို့ကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုပြုမူ လုပ်ကိုင် ဆောင်ရွက်လျက်ရှိနေကြတာ စိတ်မကောင်းဖွယ် တွေ့ရှိရမှာပါ။ ဒီလို လုပ်ရပ်ကျူးလွန်သူတွေထဲ ကျွန်တော်တို့ မပါဝင်ဖို့ ကုရ်အာန်က လမ်းညွှန်ထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် အနှစ်ချုပ်တင်ပြရမယ်ဆိုရင် ကုရ်အာန်က ဖော်ပြထားသော လူမှုကျင့်ဝတ်တွေအရဆိုရင် လူမျိုးဘာသာ၊ အပြန်ပြန်အလှန်လှန် လေးစားတန်ဖိုးထားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ စာနာနားလည်မှု၊ ရိုင်းပင်းကူညီမှု၊ ငြိမ်းချမ်းစွာအတူတကွ ပေါင်းစည်းနေထိုင်မှု၊ တည်ငြိမ်အေးချမ်းမှုစတဲ့ ကောင်းမြတ်ဖွံ့ဖြိုးတိုးတက် ငြိမ်းချမ်းရေးအတွက် ညွှန်ပြနေတာကို မွတ်ဆလင်မ်တိုင်း၊ လူသားတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ကြခြင်းဖြင့် လူ့ဘောင်လောကကို အလှဆင်နိုင်ကြသူများ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုတြင်ပရင်း ရပ်နားလိုက်ပါတယ်။