Responsibility in Islam ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
Responsibility in Islam
ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး
လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား
အခုလိုမျိုး သောကြာဆွလားသ်နဲ့ ခွတ္တဗာဟ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ကျွန်တော်တို့အားလုံး အလ္လာဟ် အရှင်မြတ်ကို အထူးကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်အနေနဲ့ ကြွရောက်လာကြတဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း လူကြီးမင်းများအားလုံးအပေါ်သို့ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေကြောင်း ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။
အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသွလ္လားဟိ ဝဘရကာသုဟု
ဒီကနေ့ ဟောပြောတင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က “Responsibility in Islam” ဖြစ်ပါတယ်။ Responsibility ဆိုတာက အနီးစပ်ဆုံးပြောရမယ်ဆိုရင် တာဝန်ယူမှုဖြစ်ပါတယ်။ ကျွန်တော်တို့က မိမိတို့ဟာ အစ္စလာမ်ဘာသာဝင်၊ အစ္စလာမ် သာသနာဝင်ပါလို့ ပြောကြတာလေ။ ပြောကြတဲ့အခါမှာ ကျွန်တော်တို့မှာ ဘာတာဝန်တွေရှိသလဲ။ ကျွန်တော် ဒီခေါင်းစဉ်ကို အပိုင်းတွေခွဲပြီး ပြောပါမယ။် ကျွန်တော်ပြောချင်တဲ့အပိုင်းတွေကို အကြမ်းဖျဉ်းပြောပြပါမယ်။ လူတစ်ယောက်ဖြစ်လာရင် လူ့ တာဝန်ဆိုတာ ရှိတယ်။ လူက ကိုယ့်မှာဘာတာဝန်ရှိသလဲဆိုတာ ကိုယ်မသိဘူး။ တာဝန်တွေကို ကျေပွန်စွာမလုပ်ရင် အခွင့် အရေးသာရချင်လို့ မရဘူး။ ကျွန်တော်တို့ အခွင့်အရေးတစ်ခုလိုချင်ရင် အဲဒီ အခွင့်အရေးရဖို့အတွက် ထိုက်တန်တဲ့ တာဝန်ယူမှု လည်းရှိရမယ်။ ဘာတာဝန်မှတော့ မယူဘူး။ အခွင့်အရေးဘဲ ခံစားချင်လို့တော့ မရဘူး။ ဒါကို ကျွန်တော် လူ့တာဝန်နဲ့ ပတ်သက်ပြီး ပြောတဲ့အခါကျရင် နှိုင်းယှဉ်ပြိး သုံးသပ်ပြပါမယ်။ တိရစ္ဆာန်တွေမှာတောင် သူတို့မှာ တာဝန်ဝတ္တရားတွေရှိတယ်။ အလ္လာဟ်သတ်မှတ်ပြဌာန်းထားတာတွေရှိတယ်။ အဲဒီ အလ္လာဟ်ပေးထားတဲ့ တာဝန်ဝတ္တရားတွေအတိုင်း သူတို့တသဝေမတိမ်း လုပ်နေတယ်။ သူတို့မှာ အကျိုးခံစားခွင့်ရှိတယ်။
လူသားမှာလည်းဘဲ လူ့တာဝန်ရှိတယ်။ လူ့တာဝန် မကျေပွန်ရင် လူသားတွေရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ သီးသန့်အခွင့်အရေးဘဲ ခံစားချင်လို့ မရဘူး။ ဒီလိုဘဲ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တယ်။ (အမျိုသား၊ အမျိုးသမီး) အားလုံး ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရင် မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေရှိတယ်။ အဲဒီ တာဝန်တွေ တစ်ခုမှမကျေပွန်ဘဲနဲ့ လူကြီးမင်းက နိုင်ငံသားအခွင့်အရေး၊ ဘာအခွင့်အရေး၊ ညာအခွင့်အရေးဆိုပြီး အခွင့်အရေး ကြီးဘဲ လိုချင်လို့ မရဘူး။ ကျွန်တော်တို့က ပြောကြတယ်လေ။ စင်္ကာပူကို ကျော်ချင်တယ်။ စင်္ကာပူကို မှီချင်တယ်။ စင်္ကာပူလို ဖြစ်ချင်တယ်။ ဟုတ်တယ်နော်။ စင်္ကာပူလို ဖြစ်ချင်တယ်ဆိုတာက စင်္ကာပူရဲ့ Facility တွေကို လိုချင်ကြတာလား။ လူကြီးမင်း များက စင်္ကာပူရဲ့ မိုးပျံရထားတွေ၊ ကားလမ်းတွေ၊ ကားတွေ၊ လူနေမှုဘဝစံနှုန်းတွေ လုံခြုံဘေးကင်းအေးချမ်းမှုတွေ၊ ငွေကြေး တန်ဖိုးရှိမှုတွေ စသဖြင့် အဲဒီဟာတွေကြီးဘဲ သီးသန့်လိုချင်တာလား။ လုံးဝမရပါဘူး။ မရနိုင်ပါဘူး။ သူတို့ စင်္ကာပူနိုင်ငံသား တွေရဲ့ Responsibility ဘာတွေရှိသလဲကြည့်ရမယ်။ အဲဒီနိုင်ငံသားတွေ တစ်ဦးချင်းစီရဲ့ တာဝန်ယူမှု၊ သူတို့တာဝန်ဘယ် လောက်ကျေပွန်ကြသလဲ။ သူတို့ဘယ်လောက် လူသားဆန်ကြသလဲ။ အဲဒီ စံနှုန်းတွေကိုရော မယူချင်ကြဘူးလား။ သူတို့ရဲ့ လူ့အခွင့်အရေး ရှုထောင့်ကပေးထားတဲ့ အခွင့်အရေးတွေကိုရော၊ မယူချင်ကြဘူးလား။ အဲဒါတွေကိုတော့ မယူချင်ကြဘဲနဲ့ အခွင့်အရေးဘဲလိုချင်လို့ မရဘူး။
ဒီလိုဘဲ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရင် နိုင်ငံသားတာဝန်တွေရှိတယ်။ အဲဒီ နိုင်ငံသားတာဝန်တွေ မကျေရင် အခွင့်အရေးကို မမျှော်လင့်နဲ့။ ဒါက ကျွန်တော်ပြောမယ့် အပိုင်းတွေထဲမှာ ပါမယ့် အခန်းကဏ္ဍတွေပါ။ သာမန်အားဖြင့် ကျွန်ေတော်တို့သိပါတယ်။ အစ္စလာမ့်သတင်းစကားပေးဖို့ တာဝန်တွေဟာ မွတ်ဆလင်မ်တိုင်းမှာရှိတယ်။ သဗ္ဗလိဂ်လုပ်ဖို့ တာဝန်ရှိတယ်။ မိသားစုတာဝန်တွေရှိတယ်။ အစ္စလာမ်ကလည်းပြောတယ်။ ကုရ်အာန်ကလည်း ပြတယ်။ မိသားစုအပေါ်မှာ တာဝန်ယူမှုဆိုတဲ့ အခန်းကဏ္ဍဟာရှိတယ်။ ဖခင်တာဝန်၊ မိခင်တာဝန်၊ သားသမီးတာဝန်ရှိမယ်။ ဆွေမျိုးသားချင်း၊ အသိုင်းအဝိုင်းတာဝန်ရှိမယ်။ လင်နဲ့မယား အပြန်အလှန်တာဝန်တွေရှိမယ်။ အဲဒီတာဝန်တွေ ကျေပွန်ပြီးမှ ကျွန်တော်တို့ အခွင့် အရေးကိုရမယ်။
မိမိကိုယ်ကိုလည်း တာဝန်တွေရှိတယ်။ အဲဒါလည်း ကုရ်အာန်ထဲမှာပါတယ်။ သဘာဝလောကကြီးနဲ့ အခြားသော ဖန်ဆင်းခံများအပေါ်မှာလည်း လူသားတွေရဲ့တာဝန်ရှိတယ်။ အဲဒါ ကုရ်အာန်က ပြောထားတာ၊ ဘာတာဝန်မှ မရှိဘူးဆိုပြိး တာဝန်မဲ့နေလို့ မရဘူး။ တာဝန်မဲ့နေရင် အဲဒီကနေ ဖြစ်လာမယ့် effective အကုန်လုံး ကျွန်တော်တို့ ခံစားရမှာမလွဲဘူး။ အခွင့် အရေးတွေ အကောင်းစားတွေ လေနုအေးတွေ၊ စကီနာတွေကြီးဘဲ လိုချင်နေလို့ မရဘူး။ လူကြီးမင်းတို့က သဘာဝဘေးပတ် ဝန်းကျင်ကို ဖျက်ဆီးလို့ရှိရင်၊ ဖျက်ဆီးနေမှန်းသိရက်နဲ့ မသိကျိုးကျွန်နေလို့ရှိရင် အဲဒီနဲ့ထိုက်တန်တဲ့ တုန့်ပြန်မှုရလဒ်ကို လူကြီး မင်းတို့ ခံရမယ်။ လူကြီးမင်းတို့ အခွင့်အရေးအကောင်းကြီးဘဲ လိုချင်နေလို့ မရပါ။ ဒါလည်း ကုရ်အာန်မှာပါတယ်။
ကုရ်အာန်အပေါ်မှာ ထားရှိရမယ့် Responsibility ရှိတယ်။ တာဝန်ရှိတယ်။ အဲဒီ တာဝန်တွေကျေပွန်ပါမှ ကျွန်တော်တို့ ကုရ်အာန်ကပေးတဲ့ အခွင့်အရေးတွေရနိုင်မယ်။ (အလ်ကုရ်အာန် ဟူဒလ်လင်န်နားစ်) ဆိုပြီး ကုရ်အာန်က ပြောသလို (အလ်ကုရ်အာန် ဟူဒလ်လိလ် မွသ်သကီးန်)လို့လည်း ပြောထားတယ် ။တော်တော်လေး စဉ်းစားစရာ။ တစ်နေရာမှာကျတော့ လူသားအားလုံး လမ်းညွှန်မယ်ပြောတယ်။ တစ်နေရာမှာကျတော့ မုအ်မင်န်တွေကိုဘဲ လမ်းညွှန်မယ် ဆိုတော့ နှစ်မျိုးဖြစ်နေပါလားဆိုပြီး သာမန်စဉ်းစားရင် ထင်ရတယ် ။မဟုတ်ပါ။ အဲဒါ Responsibility နဲ့ဆိုင်တယ်။ မိုးရွာတာက လူသားအားလုံးအတွက်ရွာတာ။ ဒါပေမယ့် မိုးရေထဲထွက်ပြီး ရေချိုးမှ မိုးစိုမှာ။ ရေခံတဲ့လူဘဲ မိုးရေကိုရမှာ။ ဘာမှမခံရင် ဘာမှ မရဘူး။ ဒါက လွယ်လွယ်ကူကူ ဥပမာပေးတာပါ။ မွသ်သကီးန်အတွက် လမ်းညွှန်တယ်ဆိုတာ ဒါကိုပြောချင်တာပါ။ အခု ပြောချင်တာက အလ္လာဟ်နဲ့တမန်တော်အပေါ် ကျွန်တော်တို့ ထားရှိရမယ့် Responsibility ၊ တာဝန်ဝတ္တရား။
ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့ မွတ်စလင်မ်တွေမှာ တာဝန်ရှိတယ်။ အလ္လာဟ်နဲ့ အလ္လာဟ်တမန်တော်အပေါ်မှာ ဘယ်လိုတာဝန်တွေရှိတယ်။ အလ္လာဟ်နဲ့ အလ္လာဟ်တမန်တော်အပေါ်မှာ ဘယ်လိုတာဝန်တွေ ရှိလဲ။ ဘာတာဝန်တွေ ရှိသလဲ။ ဒီအကြောင်းကို ကျွန်တော်အဓိကထားပြီး ဒီနေ့ပြောချင်ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန် စူရာဟ် ၁၆၊ အာယသ် ၁၂၅ မှာ “အို တမန်တော် အသင်သည် မိမိအားဖန်ဆင်းမွေးမြူသော အရှင်မြတ်၏လမ်းတော်သို့ (လူတို့အား) ဉာဏ်ပညာနှင့်လည်းကောင်း၊ ကောင်းမြတ်သော ဆုံးမသြဝါဒနှင့်လည်းကောင်း ဖိတ်ခေါ်ပါလေ။ ထိုမှတပါး အသင်သည် ၎င်းတို့အား အကောင်းဆုံးသောနည်းဖြင့် အချေအတင် ပြောဆိုပါလေ။”
ဒီအကြောင်းကို ကျွန်တော်ပြောချင်တာပါ။ ကျွန်တော်တို့က တရားဟောတဲ့အခါ၊ စကားပြောတဲ့အခါ၊ လူတွေကို ပို့ချ တဲ့အခါလောက်ဘဲ အသုံးချကြတယ်။ ဒီကုရ်အာန်အာယသ်ကို သေသေချာချာလေ့လာကြည့်မယ်ဆိုရင် (ဂျာဒီလ်ဟွန်းမ်) ဆိုတာပါတယ်။ ဆိုလိုတာက အချေအတင် ငြင်းခုံမှု၊ ဒီခေတ်အရဆိုရင် Debate ယဉ်ကျေးမှုဆိုတာ ထွန်းကားလာပြီ မဟုတ်ပါ လား။ ကျွန်တော်တို့ ဘာသာတရားနဲ့ပတ်သက်ရင် အချေအတင်ပြောဆိုရတာတွေရှိတယ်။ ကုရ်အာန်က ပြောနေတာပါ။ အမြဲ တမ်းရွှေပြည်အေး တရားကြီးဘဲ ဟောနေလို့ မရပါဘူး။ ကုရ်အာန်အာယသ်က ပြောနေတာပါ။ ကျွန်တော်တို့မှာ တာဝန်ရှိပါ တယ်။ ကျွန်တော်တို့က လူတွေကို အစ္စလာမ်အကြောင်းပြောမယ်။ ကုရ်အာန်အကြောင်းပြောမယ်။ တမန်တော်အကြောင်း ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့မှာ ဒီတာဝန်တွေလည်းရှိတယ်။
အကောင်းဆုံး၊ အသိပေးဆုံး၊ အယဉ်ကျေးဆုံး ပြောတာမှန်သလို လိုအပ်ရင်အချေအတင် အငြင်းအခုံ ပြောဆိုရမှာ လည်း တာဝန်ရှိတယ်။ အမြဲတမ်းလက်ရှောင်ပြီး နောက်ဆုတ်သွားလို့ မရဘူး။ အဲဒါ တာဝန်ထဲမှာပါတယ်။ အဲဒါကို မေ့နေလို့မရဘူး။ ကိုယ့်ကိုစော်ကားရင် ကိုယ့်အကြောင်း မဟုတ်ကဟုတ်က ပြောရင် မမှန်မကန်ပြောရင် ကျွန်တော်တို့ ဘယ်သူကမှ သည်းညည်းမခံဘူး။ ကျွန်တော့်ကို တစ်ယောက်ယောက်က ဆဲဆိုမိုက်ရိုင်းစော်ကားသည်ဖြစ်စေ၊ တစ်ယောက်ယောက်ကို ကျွန်တော်က စော်ကားသည်ဖြစ်စေ သည်းခံခွင့်လွှတ်ဖို့ဆိုတာ မလွယ်ဘူး။ မရ ရတဲ့နည်းနဲ့ လက်တုန့်ပြန်ကြမှာ အမှန်မလွဲဘဲ။ ဒါပေမယ့်ဗျာ အလ္လာဟ်ရဲ့ အန္တိမနောက်ဆုံးတမန်တော်မြတ်ကြီး ကျွန်တော်တို့နှစ်ဘဝသခင် ကျေးဇူးရှင်ပါဆိုတဲ့ တမန်တော် မြတ် မုဟမ္မဒ်(ဆွ)ကို စော်ကားတဲ့အခါမှာတော့ ကျွန်တော်တို့မှာ ဘာတာဝန်မှ မရှိတော့ဘူးလား။ ဆွဗရ်ဘဲလား။ ဒိုအာ တောင်းရုံပဲလား။
ကျွန်တော်တို့ ဟဒီစ်တွေနဲ့ပတ်သက်ပြီး အများကြီး ကြားဘူးကြပါတယ်။ ဟဒီးစ်တစ်ပုဒ်မှာပါတာက တမန်တော်မြတ် ကြီးဟာ မင်ဘရ်ပေါ်တက်တဲ့အခါမှာ မင်ဘရ်က ၃ ဆင့်ရှိတယ်။ အဆင့်တစ်ဆင့်တက်တိုင်း တက်တိုင်းမှာ တမန်တော်က အာမီးန်လို့ ဆိုတယ်လို့ ပြောပါတယ်။ အဲဒီလို အာမီးန်လို့ ကိုယ်တော်မုဟမ္မဒ်က လိုက်ဆိုတာကို ဆွဟာဗာတွေက ဘာလို့ ကိုယ်တော်က အာမီးန်လို့ ဆိုတာလဲလို့ မေးမြန်းကြပါတယ်။ အဲဒီအခါမှာ ကိုယ်တော်က ဖြေကြားပါတယ်။ အလ္လာဟ်အရှင် မြတ်ဘက်ကနေ လအ်နသ်ပို့တဲ့လူ ၃ မျိုးရှိတယ်။ အဲဒီ အလ္လာဟ်ပို့တဲ့ လအ်နသ် ၃ မျိုးထဲက နောက်ဆုံးအချက်က ငါကိုယ်တော် (မုဟမ္မဒ်)ရဲ့ နာမည်ကြားရဲ့သားနဲ့ ဆွလ်လလ်လားဟု ဝလိုင်းဝစ္စလာမ် မဆိုရင် အဲဒီလူပျက်စီးပါစေလို့ လအ်နသ်ပို့ခြင်း ဖြစ်တယ်။ အလ္လာဟ်က လအ်နသ်ပို့တာကို တမန်တော်က အာမီးန်လိုက်နာတာနော်။ အလ္လာဟ်ဟု အက်ဘရ်။ တမန်တော် နာမည်ကြားရင် ဒရူးဒ်ပြန်မပို့ရင် ပျက်စီးပါစေလို့ ကျိန်စာတိုက်တယ်။ ဆဲဆို ပုတ်ခတ်တဲ့လူတွေ အတွက်ကျတော့ ကျွန်တော် တို့က ဘာသောကမှ မရှိဘူး။ ကျွန်တော်တို့ ညဘက်အိပ်ပျော်ကြတယ်။ နိုင်ငံတစ်ခုမှာဖြစ်တဲ့ အဖြစ်အပျက်လေးတစ်ခုကို တင်ပြပါမယ်။ တမန်တော်မုဟမ္မဒ်ကို ကာတွန်းတွေ၊ ရုပ်ပြောင်တွေ ရေးပြိး စော်ကားနေကြတယ်။ အိမ်တစ်အိမ်မှာ အမေအို ကြီးက သားအခန်းထဲမှာ သားသိမ်းထားတဲ့ တမန်တော်မုဟမ္မဒ်ကို စော်ကားရေးဆွဲထားတဲ့ ကာတွန်းပါတဲ့ သတင်းစာဖြတ်ပိုင်း လေးကို မြင်တွေ့သွားတယ်။ အဲဒီ အခါမှ ာအမေက သားပြန်အလာကို ထိုင်စောင့်နေခဲ့တယ်။ သားပြန်လာတဲ့အခါမှာ သားကို မေးပါတယ်။ ဒီကာတွန်းပါ သတင်းစာ စာရွက်ဟာ သားဥစ္စာလားလို့ မေးပါတယ်။ သားက ဟုတ်ပါတယ်လို့ ပြောပါတယ်။ ဘယ်နေ့ကသတင်းစာလည်းလို့ မေးတော့ သားက ၃ ရက်ရှိပြီလို့ ဖြေပါတယ်။ အဲဒီ အခါမှာ အမေက (မင်းဟာ ဘယ်လိုများ ငါ့ရဲ့သားဖြစ်နေရတာလဲ။ မင်းဟာ ၃ ရက်လုံး အလုပ်အကိုင်မပျက်၊ အစားအသောက်မပျက်၊ အအိပ်အနေမပျက်၊ တည်ငြိမ် အေးချမ်းနေတာဟာ ဘယ်လိုများ ငါ့ရဲ့သားဖြစ်နေရတာလဲ)လို့ ပြောပါတယ်။
ကျွန်တော်ပြောတာ လူကြီးမင်းတို့ သဘောပေါက်မှာပါ။ ကျွန်တော်တို့လည်း ဒီအတိုင်းဘဲ။ အေးအေးဆေးဆေးဘဲ။ တမန်တော်ကို ချစ်သလားလို့ မမေးလိုက်နဲ့။ အရမ်း အရမ်းကို ချစ်တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ အိပ်ပျော်တယ်။ စားဝင် တယ်။ ဘာတာဝန်ပေးထားလဲ ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ဘူးလို့ထင်နေတယ်။ ပလီဝတ်ကျောင်း တော်တစ်ခုမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ အဲဒီပလီမှာ မီး၊ ရေ၊ လျှပ်စစ် ပျက်နေခဲ့ရင် တာဝန်ရှိတယ်။ အဲဒီတော့ မွတ်ဆလင်မ်တွေမှာလည်းဘဲ အသီးသီး အသက အသက ကိုယ်ဘာတာဝန်ရှိသလဲဆိုတာ သိဖို့တော့လိုပါတယ်။ မသိရင် စောစောကပြောသလို ဘာအခွင့်အရေးမှ ရဖို့မရှိဘူး။ တာဝန်မယူဘဲနဲ့ ဘာအခွင့်အရေးမှ မလိုချင်နဲ့။ ကျွန်တော်တို့ ဆွလားသ် တည်ဆောက်တဲ့အခါ တစ်တန်းတည်းရပ်ကြတယ်။ အဲဒီ တစ်တန်းတည်းမှာ ညီတူညီမျှတာဝန်ရှိတယ်။ အရှေ့မှာ တစ်ယောက်က အီမာမ်ဆောင်တယ်။ အဲဒီအခါမှာ အဲဒီ အီမာမ်ရဲ့တာဝန်နဲ့ အနောက်က ဂျမာအသ်ရဲ့တာဝန်မတူဘူး။ Responsibility ချင်းမတူဘူး။ အဲဒီလိုဘဲ လူမှုအဖွဲ့အစည်းနယ်ပယ်မှာလည်ဘဲ မွတ်ဆလင်မ်အားလုံးမှာ တစ်တန်းတည်းရပ် နေရင် တာဝန်ရှိတာမှန်တယ်။ ဒါပေမယ့် လူကြီးမင်းက အရှေ့တစ်လှမ်းထွက်ပြီး ရပ်နေရင် လူကြီးမင်းမှာ ပိုပြီးတာဝန်ရှိတယ်။
ဒါကြောင့် ပြောချင်တာက တာဝန်မယူနိုင်ရင် အနောက်ဆုတ်ပါ။ အားလုံးနဲ့ အတူတူပြန်ရပ်။ လူကြီးမင်း တစ်လှမ်း ရှေ့ထွက်ရင် တစ်လှမ်းစာတာဝန်ပိုရှိလာပြီ။ အဲဒါသိဖို့လိုအပ်တယ်။ စောစောက တင်ပြခဲ့တဲ့ ကုရ်အာန်အာယက ဘာလဲ ပလီဆရာနဲ့ဘဲဆိုင်တယ်လို့ ထင်နေကြပါသလား။ ဒီအာယသ်က ဒါဆိုရင် ပလီဆရာကို ပြောနေတာလား။ အစ္စလာမ်မှာ ပလီ ဆရာဆိုတဲ့ လူတန်းစားကို မရှိတာ။ ဘုန်းကြီး ရဟန်းလူတန်းစားက တခြားဘာသာတွေမှာဘဲရှိတာ။ ကျွန်တေ်ာတို့ ဘာမှ ဝေဖန် ပြောစရာစကားမရှိဘူး။ ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာတော့ မရှိဘူး။ မရှိတဲ့အတွက် ဒီအာယသ်(၁၆း၁၂၅)ဟာ လူကြီးမင်းတို့၊ ကျွန်တော်တို့၊ မွတ်ဆလင်မ်အားလုံးနဲ့သက်ဆိုင်တယ်။ အစ္စလာမ်နဲ့ ပတ်သက်ပြီး သတင်းစကားဖြန့်ချိတဲ့အခါမှာ အကောင်းဆုံး၊ အချိုသာဆုံး၊ အယဉ်ကျေးဆုံး၊ အလှပဆုံး ဖြန့်ချိရမယ်။ အကယ်၍များ (ဂျာဒီလ်ဟွန်းမ်)အသင်တို့ အငြင်းအခုန် ဖြစ်ရတော့မယ်။ အတိုက်အခံလုပ်ရတော့မယ်ဆိုရင်လည်းဘဲ အသင်တို့အကောင်းဆုံး လုပ်ကြပါလို့ ပြောတာ။
ဆက်လက်ပြီး အဲဒီ စူရာဟ် ၁၆ အာယသ် ၁၂၆ မှာ ဆက်ပြီးပြောတာကို မပြောခင်မှာ ကျွန်တော်တို့က ကုရ်အာန်ကို ဘာသာရေးရှုထောင့်ကဘဲ ကြည့်ကြတယ်။ ကုရ်အာန်က ဘာသာရေးကျမ်းစာ မဟုတ်ဘူး။ သူများတွေက အဲဒီလိုမြင်ကောင်း မြင်မယ်။ ဒါပေမယ့် အစ္စလာမ်တွေက သိဖို့တော့လိုမယ်။ ကုရ်အာန်က ဘဝတည်ဆောက်ဖို့အတွက် လမ်းညွှန်ထားတာပါ။ စီးပွားရေးလုပ်ဖို့လည်းပါတယ်။ လူမှုရေး၊ အကြောင်းအရာတွေပါတယ်။ သဘာဝဘေးပတ်ဝန်းကျင်အကြောင်းအရာတွေ ပါတယ်။ တွင်းထွက်အကြောင်းတွေပါတယ်။ ပင်လယ်အကြောင်းတွေ ပြောထားတယ်။ ကုရ်အာန်ဟာ Way of Lifeဘ၀ တည်ဆောက်ဖို့ဖြစ်တယ်။ တမန်တော်မြတ်ဟာ ဘာသာရေးခေါင်းဆောင် မဟုတ်ဘူး။ တမန်တော်မြတ်ဟာ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ စည်းရုံးရေး စတဲ့ဘက်ပေါင်းစုံကနေ လူ့အဖွဲ့အစည်းကြီးတစ်ခုကို ဦးဆောင်တည် ဆောက်ပြခဲ့တာဖြစ်ပါတယ်။
ကုရ်အာန် စူရာဟ် ၁၆ အာယသ် ၁၂၆ ကပြောတာက “၎င်းပြင် အကယ်၍ အသင်တို့သည် တုန့်ပြန်လက်စားချေလို ခဲ့ကြသည်ရှိသော် မိမိတို့ ဒုက္ခပေးခြင်း ခံကြရသည်နှင့် ညီတူညီမျှပင် တုန့်ပြန်လက်စားချေကြလေကုန်။ သို့ရာတွင် အကယ်၍ အသင်တို့သည် သည်းခံခဲ့ကြပင်လျှင် ဧကန်မလွဲ ယင်းသည်သည်းခံမှုသည် ခန္တီတရားထားရှိကြသူတို့အဖို့ အကောင်းဆုံးပါ တည်း။” အလ္လာဟ်အရှင်မြတ်က ပြောထားတာက အသင်တို့ အစော်ကားခံရရင် အကောင်းဆုံးပြန်လည်ပြီးတော့ ဖြေရှင်းဖို့ အတွက် အခွင့်အရေးကျွန်တော်တို့ကို ပေးထားတယ်။ ဥပဒေဘောင် အတွင်းကနော်။ ဥပဒေဘောင်အတွင်းက မဖြေရှင်းရင် ဥပဒေမဲ့လုပ်လာရင် ခင်ဗျားတို့ တာဝန်ခံရမယ်။
ဒီကနေ့ ကမ္ဘာကြီးမှာဖြစ်ပျက်နေတာ ဘယ်သူ့မှာတာဝန်ရှိပါသလဲ။ လူကြီးမင်းတို့၊ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်တာ ကျွန်တော်တို့မှာတာဝန်ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က အလ္လာဟ်ပေး ထားတဲ့ အခွင့်အရေးကိုယူပြီး ဥပဒေဘောင်အတွင်းက မတုန့်ပြန်တဲ့အတွက် မခံမရပ်နိုင်တဲ့လူတွေက ဆိုးဆိုးဝါးဝါး တုန့်ပြန် တာက ကျွန်တော်တို့ တာဝန်မဲ့လို့ပါ။ ဆိုရိုးစကားတစ်ခုကြားဖူးမှာပါ။ ထိုက်တန်တဲ့နေရာတစ်ခုကို လူကြီးမင်းဝင်မယူရင် မထိုက်တန်တဲ့သူတွေရဲ့ အုပ်ချုပ်မှုတွေကို ခံယူလိုက်ပါတဲ့။ သူတို့ရဲ့ ဦးဆောင်မှုကို လိုက်နာလိုက်ပါတဲ့။ ထိုက်တန်တဲ့ တာဝန် ယူမှုတွေ လူကြီးမင်းတို့ မလုပ်ဘူးဆိုရင် မထိုက်တန်တဲ့လူတွေ တာဝန်ယူပြီး လုပ်နေတဲ့အလုပ်တွေကို နောက်လိုက်လုပ်ကြပါ။ ခံလိုက်ကြပါ။
ကုရ်အာန်ကပြောနေတာက တရားမျှတတဲ့ အခွင့်အရေးရှိနေတယ်။ မျှမျှတတဘဲ။ဘာမှ လွန်လွန်ကျူးကျူး အလ္လာဟ် မပြောဘူး။ အကောင်းဆုံး ပုံစံနဲ့ဥပဒေဘောင်အတွင်းက ကျွန်တော်တို့မှာ တုန့်ပြန်လို့ရတဲ့ အခြေအနေတွေ အခွင့်အရေးတွေ ရှိတယ်။ တမန်တော်မြတ်ခေတ်မှာ စစ်ပွဲတစ်ပွဲတိုက်တဲ့အခါ ဆွဟာဗာ တစ်ပါးရဲ့လည်ပင်းအပေါ်မှာ ဓါးတင်လိုက်ပြိး အသတ် မခံချင်ရင် တမန်တော်မြတ်ကို စော်ကားတဲ့ စကားတစ်ခွန်းပြောလို့ အမိန့်ပေးပါတယ်။ (ဟဒီးစ်တစ်ပုဒ်မှာ ပါတာပါ။) ဆွဟာဗာ တွေဟာ တမန်တော်မြတ်ကို ပါးစပ်နဲ့စော်ကားဖို့မပြောနဲ့။ တမန်တော်မြတ် ဆူး စူးသွားမှာကိုတောင် ငါမလိုချင်ဘူး။ တမန် တော်မြတ်ခြေထောက်မှာ ဆူးစူးတဲ့ဝေဒနာကိုတောင် ငါအသက်နဲ့လဲလိုက်မယ်။ သတ်ချင်သတ်လို့ ပြောခဲ့တယ်။ ပါးစပ်ကနေ တမန်တော်ကို စော်ကားဖို့ဆိုတာ အဝေးကြီး။ ကြားရဖို့ မရှိဘူး။ ကျွန်တော်တို့ ဒါတွေကို အာဘောင်အာရင်းသန်သန်နဲ့ ပလီတွေမှာ ပြောကြတယ်။ အံ့သြလို့ မဆုံးဘူး။ ဒါပေမယ့် တမန်တော်နဲ့ ပတ်သက်ပြီး ဝေဖန်လာတယ်။ ပုတ်ခတ်လာတယ်။ စော်ကားလာတဲ့အခါမှာ ကျွန်တော်တို့က စားဝင်အိပ်ပျော် အေးဆေးတည်ငြိမ်လျက်ဘဲ။ ကျွန်တော်တို့မှာ Way ဘဲ မရှိတာ လား။ လုပ်လို့ကိုင်လို့ဘဲ မတတ်တာလား။ ဘယ်လိုလုပ်ရမှန်းမသိတာလား။ မလုပ်ချင်တာလား။ လုပ်ဖို့ စောသေးတာလား။ ကြောက်နေတာလား။ ဘာလဲတော့မသိဘူး။
စူရာဟ် ၆ အာယသ်၁၀၈ မှာ “သူများဘာသာရဲ့ ခေါင်းဆောင်တွေ၊ ဘုရားကျောင်းတွေကို ပုတ်ခတ်စော်ကားမှုတွေ မလုပ်ရဘူး။ အဲဒါတွေလုပ်လို့ရှိရင် အဲဒီလူတွေက ပြန်ပြီး အသိမဲ့စွာနဲ့ အလ္လာဟ်အရှင်မြတ်ကို ပြန်စော်ကားမယ်။” ပြန်စော်ကားလာရင် အဲဒီတာဝန်ဘယ်သူခံရမလဲ။ လူကြီးမင်းတို့ ကျွန်တော်တို့က သူတပါး ဘာသာကိုစော်ကားခဲ့လို့ရှိရင် သူတပါးက ကျွန်တော်တို့ကို စော်ကားမှာ မဟုတ်ဘူး။ အလ္လာဟ်အရှင်မြတ်ကို စော်ကားမှာ။ ကုရ်အာန်က အဲဒီလောက်အထိ ပြထားတာ။ ဒါကြောင့်တာဝန်ဘယ်သူယူရမလဲ။ လူကြီးမင်းတို့ ကျွန်တော်တို့ယူရမှာ။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃၃ အာယသ် ၅၆ မှာ “အလ္လာဟ်နဲ့ အလ္လာဟ်မလာအိကာတွေက တမန်တော် (မုဟမ္မဒ်)အပေါ်ကို ဆွလားသ်လုပ် နေတယ်။ စလာ်လုပ်နေတယ်။ မေတ္တာပို့တယ်။ ဒရူးဒ်ပို့တယ်။ ဆက်ပြောတာက အို အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ (ဆွလာဟ်) အသင်တို့လည်း စလာမ်လုပ်ကြ။ စလာမ်ဆိုကြလို့ပြောတာ။” ကျွန်တော်တို့က အဲဒီအခါကျရင် ဘာလုပ်ကြပါသလဲ။ အဲဒီ အာယသ်ဖတ်သံကြားတဲ့အခါ ဘာလုပ်ကြလဲ။ ဒရူးဒ်ရှရီ်ဖ် ဖတ်ကြတယ်။ (အလ္လာဟ်ဟွမ်မ ဆွလ္လိ ——– )
အဓိပ္ပါယ်က ဘာလဲ။ အလ္လာဟ်ပြောတာက ငါနဲ့ ငါ့ရဲ့မလာအိကာဟ်တွေက ဟောဒီ တမန်တော်မုဟမ္မဒ်အပေါ်ကို ဆွလဝသ်စလာမ် လုပ်နေတယ်။ အသင်တို့လည်း လုပ်ကြလို့ပြောတာ။ ဒါကို လူတွေ (မွတ်ဆလင်မ်)က ဘာပြန်လုပ်သလဲဆို တော့ (အလ္လာဟ်ဟွမ်မ၊ ဆွလ္လီအလာဟ် မုဟမ္မဒ်) အို အလ္လာဟ် မုဟမ္မဒ်ကို ဆွလားသ်လုပ်လိုက်ပါတဲ့။ ကျွန်တော်ပြောတာ သဘောပေါက်လား မသိဘူး။ အလ္လာဟ်က ကျွန်တော်တို့ကိုခိုင်းတာ။ ကျွန်တော်တို့က အလ္လာဟ်ကို ပြန်လုပ်ခိုင်းနေတာ။ အလ္လာဟ်ဘဲလုပ်လိုက်လို့ ပြန်ခိုင်းသလိုဖြစ်နေတာ။ ကျွန်တေ်ာတို့က ဒရူဒ်ရှရီးဖ်ဖတ်တဲ့အဆင့်မှာဘဲရှိနေသေးတယ်။ ဒရူးဒ် ရှရီဖ် ဖတ်တာ မကောင်းဘူး မပြောပါ။ ကောင်းပါတယ်။ ဒါပေမယ့် ဒီအာယသ်ကပြောနေတာက အလ္လာဟ်နဲ့အလ္လာဟ့် မလာအိကာဟ်တွေက တမန်တော်မြတ်ကို ဆွလဝသ်ပို့နေတယ်ဆိုတာ တမန်တော်ရဲ့ဘေးကင်းလုံခြုံရေး တမန်တော် အေးချမ်းတည်ငြိမ်မှု ရရှိရေး၊ ရန် အန္တရာယ်ဘေးဒုက္ခအပေါင်းကနေ အလ္လာဟ်ကာကယ်စောင့်ရှောက်နေတာ။ အလ္လာဟ်ထိန်း သိမ်းစောင့်ရှောက်နေတာ။ အလ္လာဟ်ရဲ့ ရဗ္ဗ်ဆိုတဲ့ ဂုဏ်တော်တစ်ခုမှာ အဲဒါပါတယ်။
(ကူးလု ရဗ္ဗနီယီးန) အလ္လာဟ်ရဗ္ဗ်ဖြစ်တယ်။ အသင်တို့ ရဗ္ဗာနီဖြစ်ကြ။ အလ္လာဟ်ရဲ့ရဗူဗီယသ်စနစ်ထဲမှာ အသင်တို့က ပူးပေါင်းကူညီဆောင်ရွက်ကြသူတွေ ဖြစ်ကြရမယ်။ အဲဒီ အာယသ်နဲ့ချိတ်ဆက်ကြည့်ပါ။ အလ္လာဟ်နဲ့အလ္လာဟ် မလာအိကာဟ် တွေက တမန်တော်အပေါ်မှာ ဒီလိုတာဝန်တွေယူထားတယ်။ လူကြီးမင်းတို့ ကျွန်တော်တို့အပေါ်မှာလည်း အဲဒီတာဝန်တွေရှိ တယ်။ အလ္လာဟ်ကတာဝန်ပေးထားတယ်။ ကျွန်တော်တို့က အလ္လာဟ်ကိုပြန်ခိုင်းတဲ့ ဒရူးဒ်ရှရီးဖ်တွေဖတ်ပြီး ကျေနပ်ဂုဏ်ယူနေ ကြတယ်။ တမန်တော်မှ မရှိတော့တာ။ ဟဂျ်ကာလမှာ မဒီနာကို တစ်နှစ်တစ်ကြိမ်သွားပြီး ရောင်ဇာတော်မှာ ဇေရာရသ်လုပ် လိုက်ကြတယ်။ ဒါဘဲလား။ ဒီလောက်ဘဲလား။ ကျွန်တော်တို့မှာ ဒရူးဒ်ရှရီးဖ် ဖတ်ရုံကလွဲပြီး နောက်ဘာတာဝန်မှ မရှိဘူးလား။
အလ္လာဟ်နဲ့ မလာအိကာဟ်တွေက ဒရူးဒ်ရှရီးဖတ်နေတာလား။ ပြောချင်တာက ဒရူးဒ်ရှရီးဖ်ဖတ်ရုံမကဘူး။ အနှစ်သာရတွေပါတယ်။ ထိန်းသိမ်းကာကွယ်စောင့်ရှောက်တာတွေ ပါတယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃၃ အာယသ် ၅၇ မှာ “ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ စိတ် ဒုက္ခပေးကြကုန်သော သူတို့အား အလ္လာဟ်အရှင်မြတ်သည် လောကီဘဝ၌လည်းကောင်း၊ အာခိရသ် တမလွန်ဘဝ၌ လည်းကောင်း၊ ကရုဏာတော်မှ ကင်းဝေးစေတော်မူသည့်အပြင် ထိုအရှင်မြတ်သည် ၎င်းတို့အဖို့ ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူ၏။” (၃၃း၅၇)
ဒါကြောင့် ၃၃း၅၆ မှာပြောတဲ့ အနှစ်သာရတွေ အဓိပ္ပါယ်တွေအောက်က အာယသ် ၃၃း၅၇ နဲ့ ချိတ်ဆက်ပြီး လေ့လာ ကြည့်ရမယ်။ အလ္လာဟ်က အားလုံးအဆင်သင့်လုပ်ထားပြီးပြီဆိုတော့ ကျွန်တော်တို့ ဘာမှလုပ်စရာ မလိုတော့ဘူးလား။ အလ္လာဟ်ရဲ့ ရဗူဗီယသ်စနစ်ထဲမှာ ကျွန်တော်တို့ကပါဝင်ကူညီဆောင်ရွက်ခဲ့သူတွေ ဖြစ်ရမှာလေ။ ကုရ်အာန်မှာ အာယသ်တွေ အများကြီးရှိပါတယ်။ ဘာလဲဆိုတော့ ကောင်းမှုတွေကို အသင်တို့တိုက်တွန်းနှိုးဆော်ကြ။ မကောင်းမှုတွေကို မတိုက်တွန်း မနှိုး ဆော်ကြနဲ့။ မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ် ဆိုသလိုပေါ့။ အလ္လာဟ်က ဂျဟန္နမ်မှ ာအဆင်သင့်လုပ်ထားမယ် မဟုတ်လား။ လူတွေအတွက် အဆင်သင့်လုပ်ထားတယ်။ ကိုယ်လည်းဘဲ သွားချင်ရင်သွား။ ကိုယ်ကိုယ်တိုင် Motivation ယူပေါ့။ ဂျဟန္နမ်သွားဖို့အတွက် ဒါမှမဟုတ် သွားချင်တဲံလူရှိရင်လည်း ရှာဖွေဖော်ထုတ်ပြီး လမ်းကြောင်းပေး။ ကူညီ ဆောင်ရွက် ပေး။ မသွားစေချင်တဲ့ လူကိုလည်း ကယ်။ ဒီလမ်းကြောင်းက ဂျဟန္နမ်သွားမယ့် လမ်းကြောင်းပါဆိုပြီး တားပေးရမယ်။ ကျွန် တော်တို့မှာ အဲဒီတာဝန်တွေတော့ရှိတယ်။ အလ္လာဟ်အားလုံး စီစဉ်ပြီးပြီ။ ကျွန်တော်တို့မှာ ဘာတာဝန်မှ မရှိဘူး။ ဒီလို အာယသ်တွေကို အမလ်လုပ်ဖို့ မလိုဘူးလို့ ထင်နေရင် မှားသွားမယ်။ အမလ်လုပ်ဖို့ လိုတယ်။ တာဝန်ရှိတယ်။
တမန်တော်ခေတ်က ဘယ်လိုမျိုးပုံစံနဲ့ တုန့်ပြန်ခဲ့သလဲဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ဖို့ လိုတယ် ။လူကြီးမင်း တို့ အားလုံးအဗူဂျာဟီလ်ကို သိကြပါတယ်။ အစ္စလာမ်ရဲ့ ရန်သူကြီး၊ တမန်တော်မြတ်ကို ဒုက္ခပေါင်းစုံပေးတဲ့သူဆိုပြီး သိထား ကြတယ်။ အဲဒီ အဗူဂျာဟီလ်က တစ်ရက်မှာ တမန်တော်မြတ်ကို စော်ကားလိုက်တယ်။ ကိုယ်ထိလက်ရောက်ပြုလိုက်တယ်လို့ ဆိုရိုးမှာရှိတယ်။ အဲဒီအချိန်မှာ အဲဒီကိစ္စကို အမျိုးသမီးတစ်ယောက် ဟမ်ဇာကို သွားပြောတယ်။ ဟမ်ဇာဆိုတာ တမန်တော်မြတ်ရဲ့ဦးလေး ပြီးတော့ အဲဒီအချိန်မှာ ဟမ်ဇာဟာ မွတ်ဆလင်မ် မဖြစ်သေးဘူး။ ဒါပေမယ့် သူဟာ ကာဖိရ် မုရှ်ရိက် လည်းမဟုတ်ဘူး။ တစ်နည်းအားဖြင့် ပြောရရင် သူဟာ ဘာသာရေးဆိုင်ရာ လူတန်းစား မဟုတ်ဘူး။ မုဆိုး အလုပ်ကို လုပ်နေ တဲ့ လူဘဲဖြစ်တယ်။ အမျိုးသမီးက ဟမ်ဇာကို အသင်က သူရဲကောင်းကြီး ဟုတ်လား။ အလွန်ဂုဏ်သိက္ခာရှိသူကြီး ဟုတ်လား။ ဟိုမှာ အသင့်တူ မုဟမ္မဒ်ကို အဗူဂျာဟီလ် ဘယ်လိုစော်ကားရတာလဲလို့ ပြောလိုက်တဲ့အခါမှာ ချက်ချင်း ဟမ်ဇာဟာ အဗူဂျာ ဟိလ်ရဲ့ အိမ်ရှေ့ကိုသွားပြီး အဗူဂျာဟိလ်ကို ပါးရိုက်လိုက်တယ်။ တစ်ချို့ကတော့ လက်သီးနဲ့ထိုးလိုက်တယ်လို့ ပြောကြတယ်။
မည်သို့ပင်ဆိုစေကာမူ တမနတော် မုဟမ္မဒ် (ဆွ)နဲ့ ပတ်သက်ပြိး စော်ကားတဲ့အခါမှာ အဲဒီအချိန်က အစ္စလာမ်ကို လက်မခံသေးတဲ့ အီမာန်ရှင်မဖြစ်သေးတဲ့ သူတွေရဲ့လုပ်နည်းလုပ်တောင် ကျွန်တော်တို့ တမန်တော်ချစ် ပုဂ္ဂိုလ်တွေလောက် သွေးမအေးကြဘူး။ ကာဖိရ် မုရှ်ရိက်တွေရဲ့ ဆီရ်ဆီလာကို လေ့လာကြည့်ရင် အဲဒီလို အစော်ကားမခံဘူး။ ကျွန်တော်တို့က ကာဖိရ် မုရှ်ရိက်တွေထက်တောင် ဆွဗရ်ရှိနေကြတယ်။ ကျွန်တော်တို့ သည်းခံနိုင်စွမ်းအရမ်းမြင့်မားတယ်။ ဝလီသူတော်စင်တွေ အဖြစ် ဂျန္နသ်မှာ ကျွန်တော်တို့အတွက် ဟူရ်ကညာပျိုတွေ၊ လေနုအေးတွေ၊ စပျစ်ရည်ချောင်းတွေ၊ အရက်ချောင်းတွေ၊ အဆင်သင့် ဖန်တီးထားပေးမယ်ဆိုတဲ့ ဝါကီယာနဲ့သွားနေလေတော့ ဒါက တော်တော်အဆင်ပြေနေတယ်။ ကျမ်းမြတ် ကုရ်အာန် စူရာဟ် ၃၃ အာယသ် ၅၈ မှာ “မုအ်မင်န် သက်ဝင်ယုံကြည်သူယောက်ျား၊ မိန်းမများအား ၎င်းတို့တစ်စုံတစ်ရာကို ကျူးလွန်ကြသည် မရှိပါဘဲလျက် စိတ်ဒုက္ခပေးကြသော သူတို့မှာမူကား မတရားယိုးစွပ်မှုကို လည်းကောင်း၊ ထင်ရှားစွာသော ပြစ်မှုကိုလည်းကောင်း၊ ထမ်းဆောင်ခဲ့ကြကုန်သတည်း။”
အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ ဒီအတိုင်းထိုင်ကြည့်နေသလား။ ကျွန်တော်တို့ရှေ့မှာ လူတစ်ယောက်ကို သတ်သွားရင် ကျွန်တော် 199 ကို ဖုန်းမဆက်ဘူးလား။ ဆက်ရမှာပေါ့။ မဟုတ်ရင် ကျွန်တော်ပါ ကြံရာပါဖြစ်တယ်။ မတရားမှု တစ်ခုကိုတွေ့ရင် အမှန်တရားအတွက် ဖွင့်ဟကြေညာဖို့ တာဝန်မရှိဘူးလား။ “အမှန်စင်စစ်သော်ကား အကယ်၍ မုနာဖိက် အယောင်ဆောင် မွတ်စလင်မ်တို့သည် လည်းကောင်း၊ စိတ်တွင်းဝယ် ရောဂါဝေဒနာရှိသူတို့သည်လည်းကောင်း၊ မဒီနာမြို့ တွင်း၌ ထိတ်လန့်ဖွယ် သတင်းလွှင့်သူတို့သည် လည်းကောင်း၊ (မိမိတို့၏ အပြုအမူများကို) မရပ်စဲခဲ့ကြလျှင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ်ဝယ် လွှမ်းမိုးစေတော်မူမည်။ ထို့နောက် ၎င်းတို့သည် အသင့်ထံတွင် မဒီနာမြို့၌ အနည်းငယ်မျှသော ကာလမှတပါး နေကြရမည် မဟုတ်ပေ။” (၃၃း၆၀)
ဒီအာယသ်မှာပါတဲ့ စိတ်တွင်းဝယ်ရောဂါဝေဒနာရှိသူတို့ဆိုတာက အမုန်းတရားတွေ၊ ဒေါသတွေ၊ မုဟမ္မဒ်နဲ့ ပတ်သက်ပြီး အစ္စလာမ်နဲ့ပတ်သက်ပြီး မွတ်ဆလင်မ်တွေကိုမနာလို၊ မရှုစိမ့်တဲ့လူတွေ မုန်းတီးရန်လိုတဲ့လူတွေဟာ တမန်တော် ခေတ်ကစလို့ ဒီကနေ့အထိရှိနေတယ်။ အဲဒီလို လူတွေကို မဟုတ်မမှန်လုပ်ကြံဖန်တီး သတင်းလွှင့်မှုတွေကို အသင် (မွတ်စလင်မ်)တို့ အနေနဲ့ အဲဒီလုပ်ရပ်တွေကို အမှန်အတိုင်း ဖော်ထုတ်ပြီး ဖြေရှင်းနိုင်တဲ့ အရည်အသွေးလမ်းကြောင်းတွေကို အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူမယ်လို့ ပြောတာပါ။ အဲဒီလို လူ၊ လူ့အဖွဲ့အစည်းဟာ မြို့ပြအဖွဲ့အစည်းမှာ ကြာကြာ ရပ်တည်နိုင်လိမ့်မယ် မဟုတ်ဘူး။ သူတို့နည်း သူတို့ဟန်နဲ့ သွားလိုက်လိမ့်မယ်လို့ အလ္လာဟ်က အသိပေးထားခြင်းဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော်တို့ အားထုတ်မှုတော့ လိုတယ်နော်။ ကျွန်တော်တို့အားထုတ်မှု ဘာမှမရှိဘဲနဲ့ သူ့နည်းသူ့ဟန်နဲ့ သွားလိုက် ရင် စောစောက ကျွန်တော်ပြောခဲ့သလို ဘာအကျိုးခံစားခွင့်မှ ရမှာမဟုတ်ဘူး။ ကျွန်တော်တို့ ဘာတာဝန်မှ မယူဘဲနဲ့ အကျိုး ကျေးဇူးတွေ ခံစားဖို့ မရှိဘူး။ ကျွန်တော်တို့မှာလည်း တာဝန်ရှိပါတယ်။
ဆက်လက်ပြီး ဒီစူရာဟ် ၃၃ အာယသ် ၆၁ မှာ ဆက်ပြောတာက “ယင်းကဲ့သို့ အနည်းငယ်မျှသော ကာလတိုင်အောင် နေပင်နေကြရငြားသော်လည်း ၎င်းတို့မှာ ကရုဏာတော်မှ ကင်းဝေးစေခြင်း ခံကြရသူများအဖြစ် နေကြရသည့်ပြင် မည်သည့် နေရာ၌မဆို တွေ့ရှိခဲ့ကြလျှင် ၎င်းတို့သည် ဖမ်းဆီးခြင်းခံကြရပေမည်။ ထို့ပြင် ၎င်းတို့သည် ပြင်းထန်စွာသတ်ဖြတ်ခြင်းကို ခံကြရပေမည်။” ပြောချင်တာက တမန်တော်ခေတ်ကာလရဲ့ အခြေအနေတစ်ခုကို ဖော်ပြနေတာ။ နှုတ်နဲ့ဖြစ်စေ ကိုယ်ထိ လက်ရောက်ဖြစ်စေ စော်ကားရင် စော်ကားတဲ့လူကို ဘယ်လိုတုန့်ပြန်ရမလဲဆိုတဲ့ အခွင့်အရေးတွေပေးထားတယ်။ ကုရ်အာန် ထဲမှာပါ။
ပြီးတော့ ကုရ်အာန်မှာ စစ်ပွဲမြင်ကွင်းတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ အာယသ်တော်တွေရှိပါတယ်။ ကျွန်တော်တို့ က စစ်ပွဲမြင်ကွင်းဆိုတာနဲ့ စစ်တိုက်တာကိုဘဲမြင်နေတယ်။ အမှန်က စစ်ပွဲမြင်ကွင်းတွေဆိုတာက ကျွန်တော်တို့အတွက် စစ်ဖြစ်မှကျင့်သုံးရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ ကုရ်အာန် စူရာဟ် ၈ အာယသ် ၃၉ မှာ “အသင်တို့သည် ယင်းသူတို့ နှိပ်စက် ညှင်းပန်းမှု ပပျောက်ကာ အလ္လာဟ်အရှင်မြတ်၏ စီရင်ဆုံးဖြတ်ချက်သည် လုံးဝတည်တံ့၍သွားသည်အထိ တိုက်ခိုက်ကြ လေကုန်။ ” ဒါကို စစ်ပွဲကြီးဘဲလို့ မထင်လေနဲ့။ စစ်ဘဲတိုက်ခိုင်းနေတာ် မဟုတ်ပါ။ စော်ကားခံရရင် ပြန်လည်ခုခံကာကွယ်ပိုင် ခွင့်ရှိတယ်ဆိုတာကို ဖော်ညွှန်းနေတာဖြစ်ပါတယ်။ ဟိုတုန်းက ကျွန်တော်တို့ကို ဆိုးဆိုးဝါးဝါး စွပ်စွဲပုတ်ခတ်တဲ့ အာယသ်တစ်ခု ရှိတယ်။ အဲဒါ စူရာဟ် ၂ အာယသ် ၁၉၁ မှာပါတယ်။
“အသင်တို့သည် ထိုကာဖိရ်မိစ္ဆာဒိဌိတို့အား တွေ့ရာအရပ်၌ သုတ်သင်ရှင်းလင်းကြ။” ဒီလိုအာယသ် ကုရ်အာန်ထဲမှာ ရှိတယ်။ ကျွန်တော်တို့ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု ပုံစံနေရာလွဲမှားနေတဲ့အတွက် တစ်ဖက်ကလာပြီး ထောက်ပြဝေဖန်လာတဲ့အခါမှာ ဘာလုပ်ရမှန်းမသိဖြစ်ကြရတယ်။ အမှန်က ကုရ်အာန်ရဲ့ဆိုလိုရင်း အမှန်ကိုသာ ရှင်းပြနိုင်မယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးကို ချပြလို့ရပါတယ်။ ကုရ်အာန်က (လာရိုင်းဘာဖီး) လို့ ပြောထားတယ် မဟုတ်ပါလား။ ဒီကျမ်းထဲမှာ သံသယမရှိဘူးလို့ ပြောတာ မဟုတ်ပါလား။ ကုရ်အာန်ထဲမှာရှိတဲ့ စကားလုံးတွေ၊ အရေးအသားတွေဟာ သံသယရှိစရာမလို၊ အတုလည်း မဟုတ်လို့ ပြောရုံ မကပါ။ ကျမ်းမြတ်ကုရ်အာန်ရဲ့ ဥပဒေသကို ကြိုက်တဲ့လူအရှေ့မှာ ချပြ။ ဘာပြဿနာမှ မဖြစ်စေရဘူး။ အဲဒါကို သံသယမရှိဘူး လို့ ပြောတာ။ ဒီအာယသ်ကတော့ အခြေအနေနဲ့ အချိန်အခါအရ ခဏဆိုင်းတာ၊ ဖွင့်ပြောလို့ မရသေးဘူးဆိုရင် လူကြီးမင်း ကုရ်အာန်က သံသယမရှိဘူးဆိုတာကို မယုံလို့၊ သံသယရှိနေလို့ ဖြစ်တယ်။
ကုရ်အာန်ရဲ့စနစ်ကို ကြိုက်တဲ့ ကမ္ဘာ၊ ကြိုက်တဲ့လူမှု အဖွဲ့အစည်းမှာချပြီး ကျင့်သုံး၊ အဆင်ပြေရမယ်။ အောင်မြင် ရမယ်။ ချော့မွေ့ရမယ်။ ကုရ်အာန်ထဲမှာ အဆင်ပြေတဲ့ နည်းတွေရှိတယ်။ ဘယ်လောက်သဘောထားတင်းမာတဲ့လူ ဖြစ်နေပါ စေ။ သူ့ကို ပျော့ပြောင်းသွားအောင် ညှိနှိုင်းရမယ့်ပုံစံတွေ ကုရ်အာန်ထဲမှာ အများကြီးပါဝင်ပါတယ်။ အဲဒီလို မယုံကြည်သေးရင် လူကြီးမင်းအနေနဲ့ (လာရိုင်းဗဖီး)ကို မယုံသေးလို့။ ဒီအာယသ်က ပြောချင်တာက ကျွန်တော်တို့ မတရားနှိပ်စက်ညှင်းပန်းခံရပြီ ဆိုရင်၊ အဲဒီလို မတရားညှင်းပန်းနှိပ်စက်ခံရတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဘယ်ကစတင်ဖြစ်ပေါ်လာသလဲဆိုတဲ့အထိ သွားရမယ်။ အကိုင်းအခက်အလက်အရွက်လောက်ကို မစဉ်းစားနဲ့။ ပင်မပင်စည် တနည်းအားဖြင့် မြစ်ဖျားခံရာအထိ စဉ်းစားလို့ ဆိုလိုတာ။
ကျွန်တော်တို့မှာ ခုခံကာကွယ်ခွင့်ရှိတယ်။ ကျွန်တော်တို့ အဲဒီအပင်ကို ဆွဲချွတ်ရမယ်။ စနစ်တကျ၊ လိမ္မာပါးနပ်စွာနဲ့ ဥပဒေဘောင်အတွင်းကနေ ကျွန်တော်တို့ ကာကွယ်ရမယ်။ အဲဒီလို မလုပ်ရင် ဟို မလိမ္မာတဲ့လူတွေက မိုက်မိုက်ကန်းကန်းတွေ လုပ်တော့ ကျွန်တေ်ာတို့ဘဲ ခံရတာမဟုတ်ဘူးလား။ အဲဒါ ကျွန်တော်တို့တာဝန်ဘဲ မဟုတ်ဘူးလား။ အဲဒီလို အကြမ်းဖက် ဖြစ်ရပ်တွေ ဖြစ်ပြီးကာမှ မိမိတို့နဲ့မသက်ဆိုင်၊ အစ္စလာမ်နဲ့မသက်ဆိုင်၊ အလ္လာဟ်ခိုင်းထားတာ မဟုတ်ပါဘူးလို့ စာတွေပေတွေ ထုတ်ကြတာ။ ကျွန်တော်တို့က အလ္လာဟ်ခိုင်းထားတာကိုရော လုပ်ကြလို့လား။ မလုပ်ကြဘူးလေ။ မလုပ်တော့ ဟိုက မခိုင်း ထားတာတွေလျှောက်လုပ်တော့မှ ကိုယ်နဲ့မဆိုင်ပါဘူးလို့ ပြောကြပြန်တယ်။
အဲဒီတော့ တခြားဘာသာဝင်တွေရဲ့ ခေါင်းဆောင်တွေ၊ ဘာသာတရားနဲ့သက်ဆိုင်တဲ့သူတွေကိုတော့ ကျွန်တော်တို့ က မမှန်မကန်နည်းစနစ်တွေနဲ့ မကောင်းပြောပြီး သွားလို့မရဘူး။ အကောင်းဆုံး၊ အမှန်အကန်ဆုံး နည်းစနစ်တွေနဲ့ ပြန်လည် ခုခံရမယ်။ ဆရာကြီး မုဖ်သီ ဦးမြတ်သူ စာသင်တုန်းကပြောခဲ့တာတွေ ရှိပါတယ်။ မွတ်ဆလင်မ်က သူများကို မစော်ကားဘူးတဲ့။ သူများကို စော်ကားရင် မွတ်ဆလင်မ်မဟုတ်ဘူး။ ဆက်ပြောတယ်။ အစော်ကားခံရရင်လည်း မွတ်ဆလင်မ်မဟုတ်ဘူး။ အမြဲ တမ်း အစော်ကားခံနေရရင်လည်း မွတ်ဆလင်မ်မဟုတ်ဘူး။ ကျွန်တော်တို့က အလ္လာဟ်လုပ်လိုက်လိမ့်မယ်။ အလ္လာဟ်အဇဗ် ပေးလိမ့်မယ်။ ရူးသွားလိမ့်မယ်။ သေချင်းဆိုးသွားမယ်။ ဝရမ်းပြေးဖြစ်သွားမယ်ဆိုပြီး နေကြတယ်။ မွတ်ဆလင်မ်တွေရဲ့ ဘဝဟာ ဂုဏ်သိက္ခာမဲ့စွာနဲ့ ရပ်တည်ရတော့မယ့်အနေအထား တစ်ရပ်ဖြစ်လာရင် ဘာလုပ်ပေးနိုင်မလဲ။ ဒီလိုအခြေအနေအထိ ပါ ကျွန်တော်တို့ စဉ်းစားရမယ်။
ကျွန်တော်တို့ Muslim Community က ဘယ်လို အကောင်းဆုံးပုံစံနဲ့ ရင်ဆိုင်ကျော်လွှားမလဲ။ ဒိုအာလည်း တောင်းရ မှာပေါ့။ ဒါပေမယ့် ကုလားအုတ်ကိုလည်း ကြိုးချည်ရလိမ့်မယ်။ ကုလားအုတ်ကို ကြိုးမချည်ဘဲနဲ့ ဒိုအာတောင်းနေတော့ ပြန်ထွက်လာတဲ့အခါ ကုလားအုတ်က မရှိတော့ဘူး။ ယာအလ္လာဟ် ဘယ်လိုဖြစ်တာလဲ။ ကျွန်တော် အလ္လာဟ်ကို ကုလားအုတ် အပ်ထားတာအခုမရှိတော့ဘူးဆိုတော့ အလ္လာဟ်က အေးလေ ငါလဲ ကုလားအုတ်ကို ကြည့်နေတာဘဲ၊ ကုလားအုတ်က မသေသေးဘူး။ လျှောက်သွားနေတယ်လို့ ပြောတယ်။ အလ္လာဟ် ကျွန်တော်တို့ကို စောင့်ရှောက်မယ် မပူကြပါနဲ့။ ဂျန္နသ်မှာ ဟူရ်ကညာပျို အပါအဝင်အားလုံးပေးထားတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီမှာ သေချင်းဆိုးနဲ့သေသလို သေနေလို့တော့ မရဘူး။ အလ္လာဟ်ကဟိုမှာ ပေးမှာက အမှန်ပါ။ ဒါပေမယ့် ဒီမှာက ဂုဏ်သိက္ခာမဲ့စွာနဲ့ ရပ်တည်နေရမှာလား။
နိဂုံးအနေနဲ့ ဒေါက်တာ ဇာကိရ်နိုက်ကပြောတဲ့ အကောင်းဆုံးတုန့်ပြန်လို့ရတဲ့ နည်းလမ်းတွေထဲက မီဒီယာကနေ ပြန်လည်ဖြေရှင်းဆောင်ရွက်ပါ။ ကန့်ကွက်စာတွေပို့ပါ။ (သံရုံး၊ နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့၊ လွှတ်တော်ပါတီ စသဖြင့်) ငြိမ်းချမ်း စွာ ဆန္ဒပြပါ။ သပိတ်မှောက်ပါ။ အရေးအကြီးဆုံးအချက်က ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပါ။ အဲဒါမှ စောစောက ပြောတဲ့ အစော်ကားခံရတဲ့ အခြေအနေကနေ နောက်ဆုတ်လာမယ်။ မဟုတ်ရင် စော်ကားသူကိုတော့ အလ္လာဟ်ရိုက်မယ်။ ရူးအောင်၊ ဝရမ်းပြေးဖြစ်အောင် လုပ်လိုက်မယ်။ ကျန်ခဲ့တဲ့ အစော်ကားခံလိုက်ရတဲ့ ကျွန်တော်တို့လူတွေက စပယ်ယာရဲ့ စော်ကားခြင်းလည်းခံရမယ်။ သွားရင်းလာရင်း နေရင်းထိုင်ရင်း ဘယ်လိုလူစားမျိုးကမဆို စော်ကားခြင်းကို မွတ်ဆလင်မ်တွေ ခံနေရမယ်။ ဂုဏ်သိက္ခာမဲ့စွာနဲ့ အသက်ရှင်နေထိုင်ရလိမ့်မယ်။ တမန်တော်က မက္ကာဟ်မှာ ဂုဏ်သိက္ခာမဲ့စွာ မရပ်တည်ခဲ့ဘဲ အလ္လာဟ်အမိန့်နဲ့ မဒီနာကို ဟစ်ဂျရသ်လုပ်ခဲ့တယ်။ နောက်ဆုံးအချက်က နိုင်ငံရေးအရလည်း ဆောင်ရွက်နိုင်ပါတယ်လို့ ပြောကြားရင်း ရပ်နားလိုက်ပါတယ်။