2014 အီဒွလ်ဖိတိရ် ခွတ္တဗာဟ်

2014 အီဒွလ်ဖိတိရ် ခွတ္တဗာဟ်
ယနေ့(၂၀၁၄)ခုနှစ် အီဒွလ်ဖိတိရ် အီးဒ်ပွဲတော်ကို ဆင်နွှဲ ဖို့ကြွရောက်လာတဲ့ မွတ်ဆလင်မ်လူထုကြီးကို အလ္လာဟ်အရှင် မြတ်ဖက်တော်မှ ဆလာမသ်၊ ဘရကသ်၊ ရဟ်မာသ် ကျရောက် ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့-
`အတ်စ္စလားမုအလိုင်းကွန်းမ် ၀ရဟ်မသွလ်လားဟိ ၀ဘရ ကားသုဟု´
ဒီကနေ့(၂၀၁၄) အီဒွလ်ဖိတိရ်နေ့မှာ ကျနော်တင်ပြမဲ့ ခွတ္တဗာဟ်မိန့်ခွန်းကတော့ `ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခြင်း´ ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။
လေးစားအပ်ပါသော မွတ်ဆလင်မ်အပေါင်းတို့ခင်ဗျား-
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ၊ လူမျိုး ပေါင်းစုံဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အသိအမှတ်ပြု၊ အပြန်အလှန် နားလည်မှုပေးပြီး အတူယှဉ်တွဲကာ အေးချမ်းစွာ နေထိုင်လာခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ မိမိတို့ရဲ့သက်ဆိုင်ရာ ဘာသာ တရားတွေကို လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရခဲ့ပါတယ်။ ဒီလို ကိုးကွယ်ယုံကြည်ခွင့်နဲ့ပတ်သက်ပြီး ခိုင်လုံတဲ့သမိုင်း အထောက် အထားတွေ ရှိပါတယ်။ ဒီကနေ့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဥပမာ- ပလီဝတ်ကျောင်းတော်တွေ၊ ဟိန္ဒူ ဘုရားကျောင်းတွေ၊ တရုတ် ဘုံကျောင်းတွေ၊ ခရစ်ယာန်`ချာခ်ျ´ကျောင်းကြီးတွေဟာ အခုမှ တည်ဆောက်ပြီး ပေါ်ထွန်းလာတဲ့ သာသနိကအဆောက်အအုံတွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ရာစုနှစ်၊ ဆယ်စုနှစ်များစွာကတည်းက တည်ဆောက်ထားခဲ့တဲ့ သာသနိကအဆောက်အအုံပဲ ဖြစ်ပါတယ်။ အခုလူကြီးမင်းတို့ရောက်ရှိနေတဲ့ ၅၉လမ်း၊ ဆုတောင်းပြည့် အစ္စလာမ်ဝတ်ကျောင်းတော်သည်ပင် လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀) ကတည်းက ဒီမြေပေါ်မှာ တည်ရှိခဲ့တာကို ဗလီအရှေ့မျက်နှာစာ မှာရှိတဲ့ ကျောက်ထွင်းစာသားတွေက သက်သေပြနေပါတယ်။ တစ်ချိန်က မြန်မာဘုရင်များ အုပ်ချုပ်ခဲ့တဲ့ မန္တလေးမြို့ကြီးမှာ အဲဒီ ဘုရင်တွေတည်ဆောက်ပေးခဲ့တဲ့ အစ္စလာမ်ဗလီဝတ်ကျောင်းတော် တွေ အခြားဘာသာဝင်တွေရဲ့ သာသနိက အဆောက်အအုံတွေ အများအပြားရှိခဲ့ပါတယ်။ ဒီလိုပါပဲ၊ ကေတုမတီဆိုပြီး နာမည်ကျော် ခဲ့တဲ့ တောင်ငူမင်းနေပြည်တော်မှာလည်း ရှေးဟောင်းဗလီ ၀တ်ကျောင်းတော်တွေရှိခဲ့ပါတယ်။
လေးစားအပ်ပါသော မွတ်ဆလင်မအပေါင်းတို့ခင်ဗျား–
အမှန်တကယ်မှာတော့ ဒီလိုရှေးဗမာ ဘုရင်လက်ထက် ကတည်းက ထားခဲ့တဲ့ဗလီတွေရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် ဒီဗလီဝတ်ကျောင်းတော်တွေတည်ဆောက်ပေးခဲ့တဲ့ တည်ဆောက် ခွင့်ပြုခဲ့တဲ့ ရှေးဗမာဘုရင်တွေဟာ သက်ဦးဆံပိုင်စနစ်ကို လက်ကိုင် ပြုထားသူတွေပါ။ အာဏာရှင်တွေပါ။ ဒီလိုသက်ဦးဆံပိုင်ဘုရင်တွေ လက်ထက်မှာတောင် အုပ်ချုပ်သူများဟာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်သူ အခြားဘာသာဝင်များအပေါ် သနား၊ ကြင်နာ၊ နားလည်မှုပေးခဲ့တယ်ဆိုရင် အခုလို အာဏာရှင်မဟုတ်တဲ့၊ ယဉ် ကျေးသိမ်မွေ့တဲ့ တိုးတက်မြင့်မားတဲ့ လူအဖွဲ့အစည်းတစ်ရပ်ကို အုပ်ချုပ်နေတဲ့ ဒီမိုကရေစီအစိုးရများခေတ်မှာဆို အစိုးရမင်းများရဲ့ ပြည်သူလူထု အပေါ်သဘောထား၊ မြန်မာနိုင်ငံသား အခြား ဘာသာဝင်များရဲ့အပေါ်မှာ ထားရှိရမဲ့စိတ်နေသဘောထားများဟာ အထူးပြောစရာမလိုဘူးလို့ ထင်ပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်အများစု နေထိုင်ပါတယ်။ အလားတူ အစ္စလာမ်ဘာသာဝင်၊ ခရစ်ယာန် ဘာသာဝင်၊ ဟိန္ဒူဘာသာဝင်တို့ဟာလည်း ရာခိုင်နှုန်းတစ်ရပ်အထိ နေထိုင်ကြပါတယ်။ ဒါက မြန်မာနိုင်ငံရဲ့ အားသာချက်တစ်ရပ်ပါ။ အဲ့ဒီတော့ သက်ဦးဆံပိုင်ဘုရင်မင်းတွေ လက်ထက်မှာတောင် မင်းနေပြည်တော်ဖြစ်တဲ့ မန္တလေးလိုနေရာမျိုးမှာ ကေတုမတီလို့ ခေါ်တဲ့ တောင်ငူလိုဒေသမျိုးမှာ ဗလီဝတ်ကျောင်းတော်တွေ တည် ဆောက်ခွင့်ရခဲ့ရင်၊ ယနေ့လိုဒီမိုကရေစီ အစိုးရခေတ်မျိုးမှာ ဘာသာ ပေါင်းစုံချစ်ကြည် ညီညွတ်ရေးရဲ့ပြယုဂ် တစ်ရပ်အနေနဲ့ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်းမှာ ဘာသာပေါင်းစုံအတူအကွ ယှဉ်တွဲနေထိုင်တဲ့ ပြယုဂ်တစ်ရပ်အနေနဲ့ အစိုးရရုံးစိုက်ရာ နေပြည် တော်မှာ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်တို့ရဲ့ သာသနိကအဆောက်အအုံကြီး အနည်းဆုံး တစ်ခုစီကို အစိုးရ အနေနဲ့တည်ဆောက်ပေးဖို့ စီစဉ်သင့်ပါတယ်။
လေးစားအပ်ပါသော မွတ်ဆလင်မ်အပေါင်းတို့ခင်ဗျား-
ဒီကနေ့မြန်မာနိုင်ငံမှာ ဖြေရှင်းရမဲ့ပြသနာတွေ အများ အပြားအနက်မှာ မကြာခင်ကဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဟာလည်း ထိပ်တန်းဖြေရှင်းရမဲ့ ပြသနာတစ်ရပ်လို့ မြင်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှာ အစိုးရဖက် က ဖြေရှင်းရမဲ့အပိုင်းရှိသလို၊ ကျွန်တော်တို့(၂)ဖက် ဘာသာဝင် တွေက ပူးပေါင်းဖြေရှင်းရမဲ့ အပိုင်းတွေလည်းရှိပါတယ်။ အစိုးရ အနေနဲ့ သူဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာ ကျွန်တော်တို့ ထက်သူ ပိုပြီးနားလည်ပါလိမ့်မယ်။ ကျွန်တော်တို့ဖက်က လုပ်ရမဲ့ အပိုင်းက ဘာသာစုံရှိတဲ့မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ အခြားဘာသာ ၀င်တွေအကြားမှာ ပြသနာမဖြစ်ပဲ၊ ဗုဒ္ဓဘာသာနဲ့အစ္စလာမ် ဘာသာ အကြားမှာပဲ ပြသနာဖြစ်နေရတာလဲ။ ဒီ(၂)ဘာသာ အကြားမှာ
ဘယ်အကြောင်းအရာတွေက ပြသနာဖြစ်အောင် တွန်းပို့နေရတာ လဲ။ အစိုးရကသော်လည်းကောင်း၊ ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဗုဒ္ဓဘာသာဝင်တွေကသော်လည်းကောင်း၊ ဒီအကြမ်းဖက်မှုတွေက် လက်မခံကြသော်ငြားလည်း၊ ဒီပဋိပက္ခ၊ ဒီအကြမ်းဖက်မှုကြီးဟာ အားကောင်းမောင်းသန်နဲ့ ခေါင်းထောင်နေရတာလဲ။ ဒီပြသနာ ကို(၂)ဖက်သော ဘာသာဝင်တွေဟာ ပူးပေါင်းပြီး ဘယ်လိုဖြေရှင်း ကြမလဲ ဆိုတာကို စဉ်းစား၊ လုပ်ဆောင်ဖို့လိုအပ်နေပါပြီ။ ဒီနေရာ မှာအထူးသတိပြုရမဲ့အချက်က အများအမြင်ကောင်းအောင် အပေါ် ယံကြောရုပ်ပြ၊ ဟန်ဆောင်မဖြစ်ဖို့တော့ အရေးကြီးပါတယ်။
လေးစားအပ်ပါသော မွတ်ဆလင်မ်အပေါင်းတို့ခင်ဗျား-
ဒီနေ့ခွတ္တဗာဟ်ရဲ့ နိဒါန်းပိုင်းမှာ ကျွန်တော်ရွတ်ဖတ်ခဲ့တဲ့ ကျမ်းမြတ်ကုရ်အာန်(၄၉း၆)ကို ရှင်းပြလိုပါတယ်။ `အို– အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ် ၍ သင်တို့ထံသို့ လူ့အဖွဲ့အစည်းတစ်ရပ် မတည်မငြိမ်ဖြစ်စေရန် မီးမွှေးလိုသူတစ်ယောက်က သတင်းစကားတစ်ရပ်ကို ယူဆောင် လာသည်ရှိသော်၊ သင်တို့သည် အသိတရားမဲ့စွာဖြင့် အခြားလူမျိုး တစ်မျိုးကို ဘေးအန္တရာယ်မပြုမိစေရန်၊ ယင်းသတင်းစကားအား မှန်မမှန်ကို စိစစ်အတည်ပြုချက် ရယူကြပါလေ။ သို့မဟုတ်ပါက အသင်တို့သည် မိမိတို့၏လုပ်ရပ်ကြောင့် ကြေကွဲအရှက်ကြရ ပေမည်။ (ကုရ်အာန် – ၄၉း၆)
ယနေ့မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာမတူမှုအပေါ် အကြမ်းဖက်၊ ဖျက်ဆီးမှုတွေမှာ ဒီကုရ်အာန်(၄၉း၆) ရဲ့သတိပေး ချက်ဟာ ထိထိမိမိအကျိုးသက်ရောက်နေတာကို တွေ့ရပါတယ်။ ဥပမာ- ဘယ်ဘာသာဝင်အမျိုးသားက ဘယ်ဘာသာဝင် အမျိုး သမီးကို မုဒိမ်းကျင့်လိုက်ပါတယ်ဆိုတဲ့ ကောလဟာလ သတင်း စကားကြောင့် နေရာ တော်တော်များများမှာ အပြစ်မဲ့ပြည်သူတွေ အသတ်ခံရတယ်။ အိုးအိမ်တွေ၊ သာသနိကအဆောက်အအုံတွေ ဖျက်ဆီးခံခဲ့ရတယ်။ နောက်ဆုံးတော့လည်း ဘာအဖြေမှမထွက်ပဲ ဖြေမဆည်နိုင်တဲ့ မျက်ရည်တွေနဲ့ပဲ အဆုံးသတ် လိုက်ရပါတယ်။ ၀မ်းနည်းကြေကွဲခဲ့ရပါတယ်။ အခုနောက်ဆုံး မန္တလေးမှာဖြစ်တဲ့ ပြသနာကိုကြည့်ပါ။ မုဒိန်းအကျင့် ခံရပါတယ်ဆိုပြီး ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ သေသေချာချာ စိစစ်လိုက်တော့၊ လုပ်ကြံမှု ကြီးဖြစ်နေတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုကို အစဉ် တစိုက်ထိန်းသိမ်းလာခဲ့တဲ့မန္တလေးမြို့တော်ကြီးမှာတော့ အရုပ်ဆိုး၊ အကျည်းတန်တဲ့ မြင်ကွင်းတွေ၊ ဖြစ်ရပ်တွေနဲ့ ၀မ်းနည်းဖွယ်ရာ အဖြစ်အပျက်တွေကို ကြုံခဲ့ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အင်မတန်မှ ၀မ်းနည်းစရာပါ။ ဒါမျိုးနောက်မဖြစ်ပွားအောင် ကျွန်တော် တို့ ကြိုးစားရမယ်။
လေးစားအပ်ပါသော ဓမ္မမိတ်ဆွေအပေါင်းတို့ခင်ဗျား-
မန္တလေးဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ဒီလိုဘာသာ မတူ ညီမှု အပေါ်မှာ အခွင့်ကောင်းယူပြီး၊ အကြမ်းဖက်မှု ဖန်တီးသူတွေ ဟာ မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့အထိကိုပါ ခုတုံးလုပ်သွားသည် အထိ လက်ရဲဇက်ရဲနိုင်လှတဲ့အပေါ်မှာ ပြည်သူတစ်ယောက် အနေ နဲ့ ခန့်မှန်းမိတာက ဒီလိုအကြမ်းဖက်မှုကို နောက်ကွယ်က ကြိုးကိုင် နေသူဟာ တော်တော်လေးသြဇာရှိပြီး၊ အင်အားကြီးမားမဲ့ပုံပေါ် ပါတယ်။ ဘာပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ဒါဟာလုပ်ကြံမှုကြီး ဆိုတာဖော်ထုတ်လိုက်ပါပြီ။ ဒီအပေါ်မှာ ဆက်စပ်စဉ်းစားကြည့်မယ် ဆိုရင် မန္တလေားမတိုင်ခင်က ဘာသာရေးမတူမှု အပေါ်မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုများဟာလည်း မန္တလေးမှာလုပ်ကြံခဲ့သလို အင်အား ကြီးမားတဲ့ နောက်ကွယ်က လူတစ်စုကပဲ ကြိုးကိုင်လုပ်ဆောင်ခဲ့ သလားဆိုတာကို သုံးသပ်ဖို့လိုလာပါပြီ။
ကျွန်တော်တို့ မွတ်ဆလင်မ်ဖက်ကလည်း ဖြစ်သင့်တာ ဖြစ်ဖို့လိုပါတယ်။ ဒီနိုင်ံမှာနေရင် ဒီနိုင်ငံအပေါ်မှာ သစ္စာစောင့်သိ ရိုသေဖို့ လိုအပ်ပါတယ်။ ဒီနိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေး၊ ဒီနိုင်ငံ တိုးတက် ရေးတို့ဟာ ဒီနိုင်ငံမှာနေတဲ့ ကျွန်တော်တို့ မွတ်ဆလင်မ် တွေမှာလည်း တာဝန်ရှိကြောင်းသိနားလည်ထားဖို့လိုပါတယ်။
ကျမ်းမြတ်ကုရ်အာန်(၂း၁၉၅)မှာ-
`သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ မူဝါဒနှင့်အညီ ပေးကမ်းဖြည့်စွက်ကြကုန်လေ။ သင်တို့၏ လက်များဖြင့် ပျက်စီးရာ၊ ပျက်စီးကြောင်း အဖျက်လုပ်များကို မပြုလုပ်ကြလေနှင့်။ လောက ကို အလှဆင်ကြပါ။ ဧကန်မုချ လောကအလှဆင်သူကို အလ္လာဟ် အရှင်မြတ်က နှစ်သက်မြတ်နိုးတော်မူပေသည်။´
ကုရ်အာန် (၂း၁၉၅)
ဒီအာယသ်ရဲ့ ပြဌာန်းချက်အရ၊ မွတ်ဆလင်မ်တိုင်းဟာ အဖျက်လုပ်ရပ်တွေကို ဆန့်ကျင်ပြီး မိမိနေထိုင်ရာ နိုင်ငံကို အလှဆင်ကြပါလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။