Everyday Quran ဦးဉာဏ်လင်း (အာလင်မ် ဒီပလိုမာ – BE – MP)
Everyday Quran
ဦးဉာဏ်လင်း (အာလင်မ် ဒီပလိုမာ – BE – MP)
လေးစားရပါသောဂုဏ်သရေရှိလူကြီးမင်းအပေါင်းတို့ခင်ဗျာ၊ ကျွန်တော် ဒီနေ့တင်ပြဆွေးနွေးချင်တဲ့ ခေါင်းစဉ်ကတော့ နေ့စဉ် ကုရ်အာန်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးနေ့စဉ် လှုပ်ရှားသွားလာနေကြတဲ့ ကျွန်တော်တို့ကိုယ်ပိုင် ဘဝတွေမှာ ကုရ်အာန်က ဘယ်လိုနေရာတွေကပါဝင်နေလဲ။ ကျွန်တော်တို့မွတ်စလင်မ်တွေ လက်တွေ့ဘဝမှာ ကုရ်အာန်ကို ဘယ်လို နေရာမှာ ထားနေကြလဲ။ ကုရ်အာန်ကို ကျွန်တော်တို့ နေ့စဉ်ဘဝတွေမှာဘယ်လိုအသုံးချကြမလဲ ဆိုတာတွေကို တင်ပြချင်လို့ “နေ့စဉ်ကုရ်အာန်” လို့ ရွေးချယ်ပြီးတင်ပြရတာပဲဖြစ်ပါတယ်။
“မုချဧကန် ၎င်းသည် ကျွန်ုပ်ထံသို့ ဆုံးမသြဝါဒ ရောက်ရှိလာပြီးနောက်မှပင် ထိုဆုံးမသြဝါဒ (ကိုလိုက်နာခြင်း) မှ လွဲချော်စေခဲ့သည်။ စင်စစ် သော်ကား ရှိုင်တွာန် မိစ္ဆာကောင် သည် လူသားတို့အားစွန့်ပစ်ထားသူပင် ဖြစ်ချေသတည်း။” (25:29)
ဒီအာယသ်မှာဒီလူတွေက အလ္လာဟ်ထံတော်ကနေ ဆုံးမသြဝါဒဖြစ်တဲ့ လမ်းညွှန်ချက်တွေရရှိပြီးမှ လွဲချော်ခဲ့ရတဲ့ သူတွေအကြောင်းကို ဖော်ပြထားတာကိုတွေ့ရမှာဖြစ်ရမှာဖြစ်ပါတယ်။ နောက်အာယသ်မှာ တမန်တော်မြတ်က ဘာပြောလဲ ဆိုတော့ ထို့ပြင် ရစူလ်တမန်တော်မြတ်က “အို-ကျွန်တော်မျိုးအားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုး၏ အမျိုးသားများသည် ဤကုရ်အာန် ကျမ်းမြတ်တော်ကိုစွန့်ပစ်၍ ထားခဲ့ကြပါသည် “ဟုလျှောက် ထားပေမည်။
ကျမ်းမြတ်ကုရန်အာန်ရဲ့ အသုံးအနှုန်းက အလွန်လှပတယ် ဒီကုရ်အာန်ကိုရရှိပြီးမှာ ဟစ်ဂျရသ်လုပ်သွားကြတယ် အနီးဆုံးမှာရပြီးမှ နီးနီးလေးနဲ့ ဝေးအောင်လုပ်သွားကြတယ်ဆိုပြီး ဖော်ပြနေတာဖြစ်ပါတယ်။ ဒီလိုလူတွေဟာ အရှင်မြတ် ရှေ့တော်မှ အင်မတန်ညှိုးငယ်စွာနဲ့နောင်တရပြီး ကေယာမသ်နေ့ဟာ သူတို့အတွက်ခက်ခဲတဲ့နေ့ ဖြစ်တယ်ဆိုတာကို ဒီအာယတ်ရဲ့အပေါ်အာယတ်တွေက ဖော်ပြနေပါတယ်။ ကျွန်တော်တို့တွေလဲနောင်တရပြီး ဆုံးရှုံးသွားတဲ့သူတွေထဲမှာမပါဖို့ ကျွန်တော်တို့ရဲ့မျိုးဆက်တွေလဲ အဲလိုလူတွေထဲမှာမပါဖို့ လိုပါတယ်။
ပထမဆုံးအနေနဲ့ ကျမ်းမြတ်ကုရ်အာန်ကို ကျွန်တော်တို့တွေဘယ်လိုသိထားကြလဲဆိုတာကို ပြန်လည်သုံးသပ်ကြဖို့ လိုပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကုရ်အာန်ကိုဖတ်ရင်ကုသိုလ်ရမယ်၊ ရိုရိုသေသေကိုင်တွယ်ရမယ်၊ ကုရ်အာန်ကို လေ့လာဖို့ခက်တယ်၊ အာလင်တွေက လေ့လာပြီး ပြန်ပြောတာတွေကို သိရင်လုံလောက်တယ်ဆိုပြီး သိထားကြပါတယ်။ ကျွန်တော်အနေနဲ့ ဒါတွေကမှန်တယ် မှားတယ်ဆိုတာထက် ကျွန်တော်တို့ မွတ်စလင်မ်တွေ အများစု ကုရ်အာန်ကို သိထားကြပုံစံကို တင်ပြတာပါ။
လူကြီးမင်းတို့ လမ်းမှာသွားရင်းလာရင်းတွေ့တဲ့ ခရစ်ယာန်တစ်ယောက်ကို သမ္မာကျမ်းစာအကြောင်း မေးကြည့်ရင် ကျွန်တော်တို့စိတ်ဝင်စားသွားအောင် ရှင်းပြနိုင်ပါတယ်။ ဒီလိုမျိုး မွတ်စလင်တစ်ယောက်ကိုမေးရင်တော့ များသောအားဖြင့် မပြောပြ၊ မရှင်းပြနိုင်ပါဘူး။ ရှက်ဖို့ကောင်းပါတယ်။ ဝမ်းနည်းဖို့လည်းကောင်းပါတယ်။ ကျွန်တော်တု့ိတွေက ငယ်ငယ်ကထဲက ကုရ်အာန်ကို ထိတွေ့ခဲ့ကြရတာပါ။ ကျွန်တော်တို့တွေ ဘယ်လိုထိတွေခဲ့ရလဲ။ အများစုကတော့ မဒရစာကျောင်းတွေကနေ အာရဗီအဖတ်သင်လာကြတယ်။ မိဘတွေကလည်း သားသမီးတွေကို မဒရ်ဆာကိုပို့ကြတယ်။ အစ္စလာမ်ရေးရာကိစ္စတွေသိဖို့၊ ကုရ်အာန်ခက်သမ်ဖြစ်ဖို့၊ ဘာသာရေးနားလည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပေါ့။ ဒါတွေက အခုထိလက်ရှိလည်းဒီတိုင်းပါပဲ။ ဒီလိုသင်ခဲ့ရတာ ဘယ်လောက်ထိ အကျိုးရှိလဲ၊ ကျွန်တော်တို့နေ့စဉ်ဘဝမှာ ဘယ်လောက် အရေးပါလဲဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အပြစ်တင်တဲ့ပုံစံ Blaming System လုပ်ဖို့ပြောနေတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေပြီး ဘယ်သူမှလည်း အကျိုးမရှိသွားပါဘူး.။ ကျွန်တော်တို့ အမြင်မတူတာတွေကို အချက်အလက်တွေနဲ့ ဝေဖန်ထောက်ပြမှပဲ အကုန်လုံးအတွက် အကျိုးရှိသွားမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင် ဆဲဆိုနေတဲ့ လူမှုစနစ်တွေကို ကျွန်တော်တို့မျိုးဆက်တွေအတွက် အမွေမပေးခဲ့ဖို့ အလွန်အရေးကြီးပါတယ်။
ကျမ်းမြတ်ကုရ်အာန်ကို ကျွန်တော်တို့ငယ်စဉ်က ထိတွေခဲ့ကြတဲ့ပုံစံတွေကလည်း အကျိုးရှိခဲ့ပါတယ်။ ကုရ်အာန်ကို အာရဗီလို ကျွန်တော်တို့ဖတ်နိုင်တယ်၊ ကုရ်အာန်ဖတ်ရင် စိတ်တည်ငြိမ်တယ်၊ ကျွန်တော်တို့ ကောင်းတာကိုလုပ်တယ်လို့ ခံစားရတယ်။ တစ်ကယ်လည်းကောင်းပါတယ်။ ဒီကြားထဲမှာက ကျွန်တော်တို့သူများထက်ပိုသာရင် မွတ်စလင်မ်ကြားမှာ ဦးဆောင်ခွင့်ရမယ်၊ ဒါတွေဟာ ကောင်းကျိုးတွေပါပဲ။ ဒါပေမယ့် စကြာဝဠာအစအဆုံးကို အဆင့်ဆင့် ပြုစုပျိုးထောင်တော်မူတဲ့ မဟာဂရုဏာရှင်က ချီးမြှင့်ထားတဲ့ကုရ်အာန်က ဒီထက်အများကြီးပိုပါတယ်။ ကျွန်တော်တို့ဆရာ ဒေါက်တာအေးမင်းထွန်း စကားနဲ့ပြောရင်တော့ နည်းနည်းထိရင် နည်းနည်းညှိမယ် များများထိရင် များများညှိမယ်ပေါ့။
(အို-နဗီတမန်တော်) ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကို လူတို့ အကျိုးငှာ တိကျမှန်ကန်စွာချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကိုရယူခဲ့လျှင် (ယင်းတရားလမ်းမှန် ရရှိခြင်း၏အကျိုးမှာ) ၎င်း၏အဖို့ဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆိုလမ်းလွဲခဲ့မူ၊ (ယင်းလမ်းလွဲမှု၏ ဆုံးရှုံးမှုမှာလည်း) ထိုသူ၏အပေါ်၌သာလျှင် ကျရောက်ပေမည်။ စင်စစ်သော်ကား အသင်သည်၎င်းတို့အပေါ်၌ တာဝန်ရှိသူ အဖြစ် (စေလွှတ်ခြင်းခံခဲ့ရသည်) မဟုတ်ပေ။ (39:41)
ကုရ်အာန်ကတော့ အလ္လာဟ်အရှင်မြတ်ရဲ့စောင့်ရှောက်မှု၊ ထိန်းသိမ်းမှုနဲ့အတူ ကျွန်တော်တို့အားလုံးဆီကို ရောက်ရှိခဲ့ပြီးပါပြီ။ ဒီကုရ်အာန်နဲ့ပဲ ကျွန်တော်တို့ဘဝမှာ လမ်းမှန်ရွေးမယ်ဆိုလည်း ကျွန်တော်တို့အတွက်ပဲ၊ မရွေးဘူး ဆိုလည်း ကျွန်တော်တို့အတွက်ပဲဆိုပြီး ဖော်ပြနေတာဖြစ်တယ်။
အကြင်သူတို့အား ငါအရှင်မြတ်သည် ဒေသနာတော်ကျမ်းမြတ်ကို ပေးသနားတော်မူခဲ့၏။ အကယ်၍ထိုသူတို့သည် ယင်းဒေသနာတော် ကျမ်းမြတ်ကို ထိုက်သင့်သောနည်းဖြင့် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ရွတ်ဖတ်ကြ၍ လိုက်နာ ကျင့်ကြံကြပါမူ ထိုသူတို့သည်သာလျှင် သဒ္ဓမ္မတရားတည်းဟူသောကျမ်းတော်မြတ်ကို အမှန်ယုံကြည်သူများဖြစ်ကြအံ့၊ အကြင်မည်သူမဆို ယင်းကျမ်းတော်မြတ်ကို ငြင်းပယ်ကြပါမူ ထိုသူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးခြင်းသို့ကျရောက်သော သူများပင်ဖြစ်လတ္တံ့။
ကုရန်အာန်ကိုယုံတယ်ဆိုတယ်ဆိုတာ ကျွန်တော်တို့ အမှန်ကိုအမှန်အတိုင်း လိုက်နာကျင့်သုံးတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ ဒီလိုမှပဲ တစ်ကယ်ယုံကြည်သူတွေဖြစ်တယ်ဆိုပြီး ဖော်ပြနေတာဖြစ်တယ်။
ဒီတော့ လမ်းညွှန်ဆိုတာဘာလဲ ကျွန်တော်တို့ပြန်သုံးသပ်ကြည့်ရအောင်၊ ဥပမာအနေနဲ့ ကျွန်တော်တို့က တစ်ယောက်ယောက်ကိုလမ်းညွှန်မယ်ဆိုရင် သူရောက်ရှိလိုတဲ့နေရာကို ဘယ်လိုသွားရမယ်ဆိုပြီး ညွှန်ပြတာဖြစ်ပါတယ်။ ဒီလို ညွှန်ပြဖို့ဆိုရင် လမ်းညွှန်မည့်သူကတော့ဒီလမ်းတွေကို သိထားရမှာပေါ့။ ကျွန်တော်တို့သွားချင်တဲ့ပန်းတိုင်၊ သွားချင်တဲ့ နေရာကိုလမ်းညွှန်မည့်သူက ကျွမ်းကျင်ပြီး ဒီလမ်းအကြောင်းသိပြီးသားလုံးဝ professional ဖြစ်ဖို့လိုတာပါပဲ။ ဒီလိုပဲ ကျွန်တော်တို့ဘဝခရီးကို လျှောက်လှမ်းတဲ့အခါမှာရော ကျွန်တော်တို့ဘဝခရီးမှာ လမ်းမှားမရောက်အောင် ဂုဏ်သိက္ခာမဲ့ ကိုယ်ရေကိုယ်သွေးနည်းကြသူတွေ မဖြစ်အောင်၊ ငြိမ်းချမ်းလုံခြုံတဲ့လမ်းကို လျှောက်လှမ်းနိုင်အောင် လမ်းညွှန်နေတဲ့ အရှင်မြတ်ရှိပါတယ်။
လူကြီးမင်းတို့ ကျွန်တော်တို့လိုအီမာန်သက်ဝင်ယုံကြည်တဲ့ မွတ်စလင်မ်တွေကို လမ်းညွှန်နေတဲ့သူက ဘယ်သူလဲ…။ စကြာဝဠာအန္နတကို မရှိရှိရာမှဖြစ်ထွန်းပေါ်ပေါက်ဆိုပြီး ကျွန်တော်တို့ကို အဆင့်ဆင့်ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ဆီကဖြစ်တယ်။ အဲဒီအရှင်က ကျွန်တော်တို့ကိုလမ်းညွှန်နေတာဖြစ်တယ်။ အဲဒီအရှင်က လူကြီးမင်းတို့၊ကျွန်တော်တို့အားလုံးရဲ့လက်ထဲကို သူ့ရဲ့လမ်းညွှန်းကျမ်းကိုထည့်ပေးထားတာဖြစ်တယ်။ ခေတ်စနစ်တိုင်းအတွက် ရှေ့ရောက်နေတဲ့ ကုရ်အာန်၊ ကျွန်တော်တို့တစ်ယောက်ချင်းစီကို ငြိမ်းချမ်းမှု၊ အောင်မြင်မှုစတဲ့ ရဟမသ် အဖြာဖြာပေးနိုင်တဲ့လမ်းညွှန်။ ကျွန်တော်တို့ဖွင့်ဖတ်ပြီး အဲဒီအတိုင်းလျှောက်လှမ်းဖို့ပဲလိုတယ်။
ကျွန်တော်တို့အားလုံး နေ့တိုင်း၊ အချိန်တိုင်း၊ ဆုံးဖြတ်ချက်ချရပါတယ်။ လူကြီးမင်းတို့လည်း အခုလို ဗလီကိုလာဖို့ကို ငါဒီနေ့ဂျွန်မာနေ့ဗလီသွားမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးလာခဲ့ရတာပဲ။ ကျွန်တော်တို့နေ့စဉ်လူမှုဘဝမှာ ဆုံးဖြတ်ချက်တွေ ချနေရတာပဲ၊ ငါဒီအလုပ်လုပ်ရင်ကောင်းမယ်၊ ဒီကိစ္စမှာတော့ ငါတို့ပါဝင်ကူညီရမယ်၊ ဒါမျိုးလုပ်လို့တော့ ဘယ်ဖြစ်မလဲစတဲ့ကျွန်တော်တို့နေ့စဉ်ဘဝမှာ တစ်ယောက်ချင်းစီကစလို့အဖွဲ့အစည်းအစုအဖွဲ့လိုက် ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ အရှင်မြတ်ရဲ့လမ်းညွှန်ချက်၊ ကျမ်းမြတ်ကုရ်အာန်ရဲ့လမ်းညွှန်ချက်အတိုင်း ဖြစ်ဖို့လိုပါတယ်။ ဒါမှပဲကျွန်တော်တို့ရဲ့ အခုလက်ရှိကနေပြီးတော့ နောင်အနာဂတ်အထိပါ ငြိမ်းချမ်းသာယာတဲ့အစ္စလာမ်ဆိုတဲ့အတိုင်း ကျွန်တော်တို့ဘဝရဲ့ နေ့ရက်တွေမှာ အစ္စလာမ်ရဲ့စနစ်ဇယားအတိုင်း ငြိမ်းချမ်းပြီး တိုးတက်ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့အားလုံး သိတဲ့အတိုင်းပဲ၊ ကုရ်အာန်ထဲမှာ စကားဘယ်လိုပြောရမလဲ၊ လမ်းဘယ်လိုလျှောက်ရမလဲကအစ လူမှုရေး၊ စီးပွားရှာတဲ့နေရာမှာ ဘယ်လိုရှာရမလဲဆိုတဲ့ တိုက်ရိုက်လမ်းညွှန်ချက်တွေ ရှိသလို၊ လူမျိုးစုအသီးသီးတွေနဲ့ တမန်တော်တွေ လူ့အဖွဲ့အစည်းတွေအကြောင်း သမိုင်းကြောင်းတွေဖော်ပြထားတာတွေရှိပါတယ်။ အဲဒီအကြောင်းအရာတွေကလည်း ကျွန်တော်တု့ိသင်ခန်းစာယူပြီး ကျွန်တော်တို့နေ့စဉ်ဘဝမှာ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေရယူရမှာ ဖြစ်ပါတယ်။ လူကြီးမင်းများခင်ဗျား ကျွန်တော်တို့နေ့တိုင်း ဆုံးဖြတ်ချက်ချတဲ့အခါ ကုရ်အာန်ကပြောတဲ့အတိုင်း လိုက်နာတာက ကုရ်အာန်ကလမ်းညွှန်တဲ့လမ်းအတိုင်း လျှောက်လှမ်းတာပဲလို့ ကျွန်တော်ယုံကြည်ပါတယ်။
ပညာရှင်တော်တော်များများက wisdomဆိုတဲ့ဉာဏ်ပညာဆိုတာ Art of decision making, ဆုံးဖြတ်တတ်ခြင်း အနုပညာဆိုပြီး ပြောကြပါတယ်။ ဘယ်အချိန် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုအနေအထားမှာ ဘယ်လိုရပ်တည်ရမယ်ဆိုတဲ့မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ခြင်းကို ဉာဏ်ပညာလို့ခေါ်ပါတယ်။ ကုရ်အာန်က ကျွန်တော်တို့အတွက် အင်မတန်အသုံးဝင်တဲ့ ပညာရပ်ဆိုင်ရာ လူမှုနေထိုင်မှုဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ဉာဏ်ပညာအမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့လမ်းညွှန်ကျမ်းဖြစ်တယ်။
ကျွန်တော်တို့လက်တွေ့ဘဝမှာ ပြသနာတွေက ပိုပိုပြီးရှုပ်ထွေးလာပါတယ်။ ဓလေ့ထုံးစံတွေ၊ အစဉ်အလာတွေ၊ စံနှုန်းသတ်မှတ်ချက်တွေ အမျိုးမျိုးရှိတဲ့ လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့အပြုအမှုတွေ ဘယ်ဟာကမှန်လဲ၊ ဘယ်ဟာကမှားလဲဆိုတာ ပြောဖို့တော်တော်ခက်ခဲပါတယ်။
ဥပမာ LGBD လိုမျိုးကိစ္စတွေ၊ လူ့အခွင့်အရေးနဲ့ကိစ္စတွေ၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ကိစ္စတွေလိုမျိုးကနေ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ကိစ္စတွေ ကျွန်တော်တို့ကိုယ်တိုင် ရှုပ်ထွေးသွားတတ်တဲ့ အခြေအနေမျိုး ကျွန်တော်တို့အားလုံး ဖြစ်ဖူးကြမှာပါ။ အမှားအမှန် ဝေဖန်ပိုင်းခြား ပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကို မိမိကျွန်၏အပေါ်ဝယ် ချပေးသနားတော်မူခဲ့သော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာအပေါင်းနှင့်ပြည့်စုံတော်မူပါပေသည်။ သို့ချပေးသနားတော်မူခြင်းမှာ ထိုကျွန်(ဝါ)တမန်တော်မုဟမ္မဒ်)သည် စကြာဝဠာခပ်သိမ်းတို့ကို သတိပေးနှိုးဆော်သူ ဖြစ်အံ့သောငှာ အမှားအမှန် ဝေဖန်ပိုင်းခြားပေးအပ်သော(ကျမ်းဂန်ကုရ်အာန်)ကိုချပေးသနားတော်မူသော အရှင်မြတ်သည် ကောင်းချီးမင်္ဂလာနှင့် ပြည့်စုံတော်မူပါပေသည်။ (25:1)
အမှားအမှန် ဝေဖန်ခွဲခြားပေးနိုင်တဲ့ ဖွရ်ကန်လို့ခေါ်တဲ့မှတ်ကျောက်အဖြစ် စံထားစရာကျမ်းကို အရှင်မြတ်က ကျွန်တော်တို့ကို တမန်တော်မြတ်ကြီးမုဟမ္မဒ်(ဆွ)ထံမှ တစ်ဆင့်ချပေးထားတာဖြစ်တယ်။ ကျွန်တော်တို့မတင်မကျ ဖြစ်နေတာတွေ၊ ဒွိဟသံသယတွေကို မှတ်ကျောက်ဖြစ်တဲ့ ကုရ်အာန်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး အမှန်တရားကို ယုံကြည်လိုက်နာရမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ သမိုင်းကိုပြန်လေ့လာမယ်ဆိုရင် လူတွေက အမှန်တရားလို့ထင်တဲ့၊အကောင်းဆုံးလို့ထင်တဲ့လူနေမှုစနစ်တွေ၊ နိုင်ငံရေးစနစ်တွေအမျိုးမျိုးကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။ အရင်းရှင်စနစ်၊ ကွန်မြူနစ်စနစ်၊ ယနေ့ ဒီမိုကရေစီစနစ်၊ ဖဒရယ် idea တွေလိုမျိုးစနစ်၊ ကမ္ဘာကြီးအတွက် အကောင်းဆုံးဖြစ်မယ့်စနစ်တွေ ပြောင်းလဲခဲ့ကြတယ်။ ဒီလိုမျိုးခေတ်စနစ်တွေ ပေါ်ပေါက်ဖို့အချိန်တွေ၊ လူ့အသက်တွေပေါင်း များစွာပေးဆပ်ခဲ့၊ ကမ္ဘာပေါ်မှာ အာဏာရှင်တွေများစွာ ပေါ်ပေါက်ခဲ့ရတယ်။ ဒီနေရာမှာအရေးကြီးတာကတော့ အမှန်တရားဆိုတာ လူသားရှာဖွေတဲ့အခါ အကြောင်းတရားပေါ် မူတည်ပြီး ဖြစ်ပေါ်တဲ့အမှန်တရားကို ရှာဖွေဖို့တောင်အချိန်တွေအများကြီး ပေးဆပ်မှုတွေအများကြီး လိုအပ်ပါတယ်။ ဒါကြောင့်ပဲ အရှင်မြတ်ဟာ လူ့အဖွဲ့အစည်းအသီးသီးကို တမန်တော်တွေစေလွှတ်ပြီး၊ လမ်းညွှန်ချက်တွေပို့ချပြီး အလင်းပြခဲ့တာဖြစ်ပါတယ်။
ဧကန်မလွဲ ငါအရှင်မြတ်သည်ပင် ယင်းကုရ်အာန်ကျမ်းတော်မြတ်ကိုလိုက်လသုလ်ကဒ်ရ် မြင့်မြတ်သောည၌ ချပေး သနားတော်မူခဲ့၏။ စင်စစ် လိုက်လသုလ်ကဒ်ရ် မြင့်မြတ်သောညဉ့်သည် အဘယ်နည်းဟု အသင်သိပါသလော။ လိုက်လသုလ်ကဒ်ရ် မြင့်မြတ်သောညကား လပေါင်းတစ်ထောင်ထက်ပင် ပိုမို၍ ကောင်းမြတ်လှ၏။ အမိုက်အမှောင်တွေ ထွန်းကား၊ မတရားမှုတွေပေါများနေတဲ့ ခေတ်ကာလမှာ ကျမ်းမြတ်ကုရ်အာန်ကိုချပေးခဲ့တယ်၊ ဒီကုရ်အာန်ရဲ့ လမ်းညွှန်ချက်နဲ့ပဲ ဖဂျရ်ဆိုတဲ့အလင်းရောင်ဆီကိုရောက်အောင် ဖောက်ထွင်းခဲ့တယ်။ ဒီလိုအမှားအမှန်ခွဲခြားပြနိုင်တဲ့ မှတ်ကျောက် ဖွရ်ကန်ဆိုတဲ့ကျမ်းဟာ ကျွန်တော်တို့လက်ထဲမှာ ရှိနေပါပြီ။ ကျွန်တော်တို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ရှုပ်ထွေးနေတဲ့ ဒွိယသံသယတွေကို ဒီမှတ်ကျောက် ကုရ်အာန်ပါလမ်းညွှန်ချက်တွေနဲ့တိုက်ဆိုင်စစ်ဆေးဖို့လိုပါတယ်။ ဘာသာရေးနဲ့ကိစ္စတွေ ဘယ်လိုလုပ်ရင်ပိုင်တယ်၊ ဘယ်ဟာကတော့မပိုင်ဘူး ဆိုတာတွေ ကျွန်တော်တို့သံသယဖြစ်နေတာတွေ အခြားနေရာမှာ လိုက်ရှာနေရင် ကျွန်တော်တို့ ပင်ပန်းသောကများရပါလိမ့်မယ်။ (အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင်၏ရင်ကိုဖွင့်ပေးတော်မူခဲ့သည် မဟုတ်လော။ ၎င်းပြင် ငါအရှင်မြတ်သည် အသင်၏အပေါ်မှ အသင်၏ဝန်ထုပ်ကို ချပေးတော်မူခဲ့သည်(မဟုတ်လော)။ ထိုဝန်ထုပ်သည် အသင်၏ကျောကို ကိုင်းညွှတ်စေခဲ့၏။ (ချိုးထားခဲ့၏)။
ဒီအာယဒ်တော်တွေမှာကြည့်ရင် အလ္လာဟ်ကတမန်တော်ကို ရင်ကိုဖွင့်ပေးခဲ့တယ်။ ကျွန်တော်တို့ဘဝမှာ အသုံးမဝင် ဝန်ထုပ်ဝန်ပိုးဖြစ်စေမဲ့အရာတွေ၊ အသုံးမဝင်တဲ့အပြင် ကျွန်တော်တို့ကျောကိုညွှတ်စေတဲ့အရာတွေ၊ ဒီနေရာမှာကျော Spine ဆိုတာ လူတစ်ယောက်အတွက် အလွန်အရေးပါတယ်၊ ကျောရိုးဆိုတာ ကျွန်တော်တို့ မတ်တပ်ရပ်လမ်းလျှောက်ရုံသာမက ကျောရိုးက Spinal cord လို့ခေါ်တဲ့ ပင်မအာရုံကြောကိုပါ ကာကွယ်ပေးထားပါတယ်၊ အဲဒီအာရုံကြောက ကျွန်တော်တို့ဦးနှောက်နဲ့ချိတ်ဆက်ပြီး ကျွန်တော်တို့ခန္ဓာကိုယ်တစ်ခုလုံး လှုပ်ရှားသွားလာလို့ရအောင် ထိန်းပေးထားတာပါ။ ဒီအာယသ်ကို ကျွန်တော်နားလည်းတာကတော့ ကျွန်တော်တို့ဘဝတွေ ရှင်သန်လှုပ်ရှားဖို့ ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ အိမ်မက်တွေ၊ ကျွန်တော်တို့မျိုးဆက်တွေရဲ့အနာဂတ်၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီမှာ ကျွန်တော်တို့လွတ်လပ်စွာရှင်သန်လို့မရအောင် ကျွန်တော်တို့ကျောပေါ်မှာတင်ထားကြတဲ့ အထုပ်တွေရှိပါတယ်။ သူများက လာတင်ထားတာကော၊ ကျွန်တော်တို့ကိုယ်တိုင်ယုံကြည်လွန်းလို့တင်ထားတဲ့ အထုပ်တွေရှိပါတယ်။
အမှန်တော့ အလ္လာဟ်အရှင်မြတ်က အမိုက်အမှောင်ခေတ်မှာ တမန်တော်မြတ်ကြီးမုဟမဒ္ဒ်(ဆွ)ကို ပွင့်စေတော်မူပြီး အရှုပ်အထုပ်တွေအကုန်လုံးကို အစ္စလာမ်ဆိုတဲ့စနစ်ဇယားနဲ့ ဒီကျမ်းမြတ်ကုရ်အာန်နဲ့ပဲ ရှင်းပေးခဲ့ပါတယ်။ ဒီတော့ကျွန်တော်တို့ဟာလည်း ကျွန်တော်တို့တိုးတက်ရှင်သန်ဖို့ ကျွန်တော်တို့ community လူ့အဖွဲ့အစည်း တိုးတက်ရှင်သန်ဖို့၊ ကျွန်တော်တို့ကျောပေါ်ကဝန်ထုပ်ဝန်ပိုးတွေက လွှတ်ချဖို့လိုပါတယ်။ ဘယ်ဟာတွေကို ကျွန်တော်တို့ ဖယ်ရှားရမလဲ၊ ဘယ်ဟာတွေက ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေလဲဆိုတာ ဖွရ်ကန်ဖြစ်တဲ့ ကုရ်အာန်နဲ့ ချိန်ဆကြည့်ရမှာပဲ ဖြစ်တယ်။
နောက်ထပ်တင်ပြရမယ်ဆိုရင် ကျမ်းမြတ်ကုရ်အာန်ဟာ ကျွန်တော်တို့ နှလုံးသားတွေကိုပြန်လည်သန်းစွမ်းစေတဲ့ ကျွန်တော်တို့ ရင်တွင်းမှာရှိတဲ့ ဝေဒနာတွေကို ပျောက်ကင်းစေတဲ့အရာလည်း ဖြစ်ပါတယ်။ ဒါကို ကုရ်အာန် ၁၀း၅၇ မှာ အို-လူအပေါင်းတို့ မုချဧကန် အသင်တို့ထံသို့ အသင်တို့အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ဆုံးမသြဝါဒတော်သည် လည်းကောင်း၊ ရင်များတွင်ရှိသော(ဝေဒနာများ)ကို ပျောက်ကင်းစေသောဆေးသည်လည်းကောင်း၊ “မုအ်မင်န်”သက်ဝင်ယုံကြည်သူတို့အဖို့ တရားပြလမ်းညွှန်ခြင်းသည် လည်းကောင်း၊ ကရုဏာတော်သည်လည်းကောင်း ရောက်ရှိလာခဲ့လေပြီ။ ကျမ်းမြတ်ကုရ်အာန်က ပကတိအမှန်တရားနှင့် အရှင်မြတ်ထံမှဂရုဏာတော်လည်းဖြစ်တယ်။ ကျွန်တော်တို့လူသားတွေရဲ့ဘဝမှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ အများအပြားရှိပါတယ်။ ကျွန်တော်တို့အခက်အခဲတွေကြုံတွေတဲ့အခါ ကျွန်တော်တို့စိတ်နှလုံးတွေညှိုးနွမ်းတဲ့အခါ အရှင်မြတ်ထံမှာ အရှင့်ရဲ့ လမ်းညွှန်ချက်အတိုင်းသာလျှောက်လှမ်းရင် မုချအဆင်ပြေလုံခြုံအောင်မြင်မယ်ဆိုတဲ့ အားပေးမှုတွေ အာမခံမှုတွေ ပါဝင်ပါတယ်။ မုချဧကန် ခက်ခဲမှုတွေနဲ့အတူ လွယ်ကူမှုတွေရှိနေတဲ့အာယသ်မျိုးတွေ၊ လူသားတွေဆိုတာ အမေ့အမှားတွေ ချို့ယွင်းချက်တွေ အများအပြားရှိပါတယ်။ ဒီလိုမှားယွင်းပြီးဆောင်ရွက်ချက်တွေကို အရှင်မြတ်ထံမှာသောင်ဗာလုပ်ပြီး လမ်းမှန်ဘက်ကိုပြန့်လှည့်လာသူတွေကို အရှင်မြတ်က အကြိမ်ကြိမ်ခွင့်လွှတ်တော်မူပြီး လုံခြုံအေးချမ်းမှုပေးမည့် အကြောင်း ကိုလည်း (၃း၃၁) (အို-နဗီတမန်တော်) အသင်သည်(လူခပင်းတို့အားဤသို့)ပြောကြားပါလေ။ အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ချစ်ကြည်မြတ်နိုးကြပါမူ ငါ၏အမိန့်သြဝါဒများကို အစဉ်တစိုက်လိုက်နာကြကုန်။ (သို့မှသာလျှင်) အသင်တို့အား အလ္လာဟ်အရှင်မြတ်သည် ချစ်ကြည်မြတ်နိုးတော်မူအံ့။ ထို့ပြင်တ၀ ထိုအရှင်မြတ်သည် အသင်တို့၏ ပြစ်မှု ဒုစရိုက်များကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူအံ့။ စင်စစ်တမူကားအလ္လာဟ် အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အစဉ်သနားညှာတာတော်မူသောမဟာကရုဏာတော်ရှင် ဖြစ်တော်မူသတည်း။ တွင်ဖော်ပြထားပါတယ်။ အရှင်မြတ်က သူရဲ့လမ်းညွှန်ချက်အတိုင်း လျှောက်လှမ်းမယ့်သူတွေကို သူတို့ပြုလုပ်ခဲ့တဲ့ မှားယွင်းချက်တွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အရှင်ဖြစ်ပါတယ်။ စကြာဝဠာတစ်ခုလုံးကို ဖန်ဆင်း ပြုစုပျိုးထောင်ရှင်ထံက အာမခံချက်တွေ၊ လမ်းညွှန်ချက်တွေထက် ဘယ်အရာတွေက ကျွန်တော်တို့နှလုံးသားတွေကို ဘယ်အရာတွေကများ ပိုပြီးလုံခြုံငြိမ်းချမ်းစေမှာလည်း၊
နိဂုံးချုပ်အနေနဲ့ကျွန်တော်ဒီနေ့တင်ပြခဲ့တာအပိုင်း ၃ ပိုင်းရှိပါတယ်။ ပထမကတော့ ကျမ်းမြတ်ကုရ်အာန်ဟာ ကျွန်တော်တို့အတွက် လမ်းညွှန်ချက်ဖြစ်တယ်၊ နောက်တစ်ခုကတော့ ဖွရ်ကန်လို့ခေါ်တဲ့ အမှားအမှန် ဝေဖန်ပိုင်းခြားပေးတဲ့ မှတ်ကျောက်ဖြစ်တယ်ဆိုတာနဲ့ နောက်ဆုံးအနေနဲ့ ကျမ်းမြတ်ကုရ်အာန်ဟာ ကျွန်တော်တို့နှလုံးသားတွေရဲ့ ဝေဒနာတွေကို ကုစားပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေမှာ ကျမ်းမြတ်ကုရ်အာန်ရဲ့ လမ်းညွှန်ချက်၊ ပြဌာန်းချက်တွေအတိုင်း လိုက်နာဆောင်ရွက်ရင်း အရှင်မြတ်ရဲ့အလိုရှိသူများ ဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်း တောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။