Islam & Interfaith Dialogue အစ္စလာမ်နှင့် အင်တာဖိတ် ဒိုင်ယာလောဂ့် မုဖ်သီ ဦးစန်းအောင် (B.Sc)

Islam & Interfaith Dialogue

အစ္စလာမ်နှင့် အင်တာဖိတ် ဒိုင်ယာလောဂ့်

မုဖ်သီ ဦးစန်းအောင် (B.Sc)

          ဒီကနေ့ ၂ဝ၁၆၊ ဧပြီလ၊ ၈ ရက်နေ့မှာ ကျရောက်တဲ့ ဂျူမုအာဟ်နေ့မှာ အလ္လာဟ်အရှင် မြတ်ကို အေဗာဒသ်ပြုရန် ကြွရောက်လာကြတဲ့ လေးစားအပ်ပါသော မွတ်စလင်မ်ညီနောင် အမျိုးသား၊ အမျိုးသမီး အပေါင်းတို့ ခင်ဗျား။

“အတ်စလာမုအလိုင်းကွန်းမ် ဝရဟ်မသုလ္လားဟိ ဝဘရကာသုဟု”

ဒီကနေ့ ကျွန်တော်တို့တည်ငြိမ်အေးချမ်းစွာဖြင့် အလ္လာဟ်အရှင်မြတ်ကို အိဗာဒသ်ပြုခွင့်ရရှိတဲ့အပေါ်မှာ ရှေးဦးစွာ ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော် တင်ပြမဲ့ခေါင်းစဉ်ကတော့ “အစ္စလာမ်နှင့် အင်တာဖိတ် ဒိုင်ယာလော့ဂ်” ပဲဖြစ်ပါတယ်။ ဒါကို မြန်မာမှုပြုမယ်ဆိုရင် တော့ အနည်းငယ်အခက်အခဲ ရှိပါတယ်။ သို့သော်ငြားလည်း ဒီဝေါဟာရရဲ့ အဓိပ္ပါယ်ကတော့ ကျွန်တော် ရှင်းပြတဲ့အထဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။

“အစ္စလာမ်နှင့်အင်တာဖိတ်ဒိုင်ယာလော့ဂ်” ခေါင်းစဉ်ကို ကျွန်တော်ဘာရည်ရွယ်ချက်နဲ့ တင်ပြ ရသလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ဘာသာပေါင်းစုံ (တစ်ခုတော့ရှိပါတယ် မြန်မာနိုင်ငံမှာ ပွင့်ပေါ်ခဲ့တဲ့ ဘာသာ၊ သာသနာမရှိပါဘူး။) ဟာ နိုင်ငံခြားမှရောက်လာပြီး ဒီမြန်မာ့မြေဆီ၊ မြေနှစ်ပေါ်မှာ ကြီးထွားလာခြင်းသာဖြစ်ပါတယ်။ အားလုံး Import လုပ်ထားတဲ့ ဘာသာတွေသာဖြစ်ပါတယ်။ ဒီမြေပေါ်မှာ ဘာသာပေါင်းစုံကလည်း တော်တော်လေးထွန်းကားပါတယ်။ သက်ဆိုင်ရာ ဘာသာဝင်တွေကလည်း သူတို့ရဲ့ဘာသာတရားပေါ်မှာ လေးလေးစားစားလိုက်နာ ကျင့်သုံးကြတဲ့ အပိုင်းတွေရှိပါတယ်။

ဒီလိုနိုင်ငံမျိုးမှာ ဖြစ်ပွားခဲ့ရတဲ့ပြဿနာက နိုင်ငံရေးကို အခြေခံတယ်ပြောပြော၊ ယဉ်ကျေးမှုကိုအခြေခံတယ်ပြောပြော၊ ဘယ်လိုပဲ ဆိုစေကာမူ ဘာသာရေးပဋိပက္ခ သဘောမျိုးလေးတွေ (Religious conflicts) သွေးထိုးလှုံ့ဆော်ပေးလို့ပဲဖြစ်ဖြစ်၊ တစ်ဖက်နဲ့တစ်ဖက်အမြင် မကြည်လို့ပဲဖြစ်ဖြစ်၊ ဖြစ်ပွားခဲ့ပါတယ်။ ဒါတွေဟာနောက်နောင်လည်း ဖြစ်ပွားလာနိုင်တဲ့ အနေအထားလေးတွေကို မြင်တွေ့နေရတယ်။ အဲဒီလို နိုင်ငံမျိုးတွေမှာ ဒီအင်တာဖိသ်ဒိုင်ယာလော့ခ်က အဲဒီပြဿနာတွေကို လုံးဝထိန်းနိုင် သလားဆိုတော့၊ အဲဒီလို မဟုတ်ပေမယ့် အင်တာဖိသ်ဒိုင်ယာလော့ဂ်က ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမှာ အခန်းကဏ္ဍတစ်ရပ်ကနေပြီးတော့ ပါဝင်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြဿနာကို လုပ်ချင်တဲ့အုပ်စုတွေ၊ အမှန်တကယ်တော့ အဲဒီအုပ်စုတွေကလူနည်းစုပါ။ ဒါပေမယ့် အဲဒီအုပ်စုကို အားပေးနေတဲ့၊ ဘာမှသေသေချာချာမသိပဲ အသိမဲ့စွာ (Unwittingly) လိုက်ပါလာရတဲ့ သွေးထိုးလှုံ့ဆော်ခံလူအုပ်စုကအများစုပါ။ ကျွန်တော်တို့ကတော့ တမင်သက်သက် ရည်ရွယ်ပြီးပဋိပက္ခဖန်တီးသူတွေအတွက်တော့ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်ဖို့ မရည်ရွယ်ပါဘူး။ သူတို့ကလည်း ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လောက်နဲ့မရပါဘူး။ ဒါပေမဲ့ အသိမဲ့စွာဖြင့် ပါဝင်လာကြတဲ့ လူအုပ်စုကြီး၊ အဲဒီလူအုပ်စုကြီးကို ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ကရာခိုင်နှုန်းတော်တော်များများ ဖြေရှင်းအသိပေးပြီးတော့ ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်နိုင်တဲ့အနေအထားကို ကျွန်တော်တို့လုပ်ကိုင်ဆောင် ရွက်လို့ရနိုင်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မကြာသေးမီက ကျွန်တော်သီရိလင်္ကာနိုင်ငံကို ဖိတ်ကြားချက်အရ (သီရိလင်္ကာနိုင်ငံသည် မြန်မာနိုင်ငံနည်းတူ ဒီလိုကိစ္စမျိုးအတူတူဖြစ်ခဲ့သည်၊) သွားရောက်ခဲ့ပါတယ်။ အဲဒီကရရှိတဲ့ သတင်းအချက်အလက်တွေအရ အစိုးရအဖွဲ့ခေါင်းဆောင် ‘မဟိန္ဒရာရာဂျာပက်ဆာ’ ကနေပြီးတော့ သူ့အာဏာတည်မြဲရေးအတွက် ဘာသာရေးအကြမ်းဖက်မှုလုပ်ငန်းစဉ်တွေကို ပဋိပက္ခတွေဖန်တီးပြီး လှုံ့ဆော်မီးမွှေးခဲ့တာကို သိလိုက်ရပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေ၊ NGOတွေက ကျွန်တော်တို့ကို သီရိလင်္ကာနိုင်ငံမှာဖိတ်ခေါ်ပြီး ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ နဲ့ပတ်သက်တဲ့ပညာရပ်တွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ အသိပညာရပ်တွေကို ဆွေးနွေးသင်ပြပေးခဲ့ပါတယ်။ ကျွန်တော်တို့လည်းပညာတွေ အများကြီးရခဲ့ပါတယ်။ ပြန်စဉ်းစားလိုက်တော့ ဒီလို ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်ဖို့၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ကြဖို့အတွက် ပြန်လည်အသိပေးတင်ပြဖို့ ကျွန်တော့မှာတာဝန် ရှိလာတယ်လို့ခံယူမိပါတယ်။ ဒါကြောင့် ဒီကနေ့ ကျွန်တော် ဒီခေါင်းစဉ်ကို တင်ပြရခြင်းဖြစ်ပါတယ်။ ခွတ္တဗါဟ် မှာတင်ပြရတယ်ဆိုတော့ အချိန်အားဖြင့်အကန့်အသတ်ရှိပါတယ်။ စုံစုံလင်လင်တော့ ကျွန်တော်ပြောဖို့မလွယ်ပေမယ့် အဓိကအချက်တွေကိုပဲကျွန်တော်တင်ပြနိုင်မှာဖြစ်တဲ့အတွက်ကြောင့် အကယ်၍များ လိုအပ်မယ်ဆိုရင် တော့ နောက်ပိုင်းဆွေးနွေးပွဲအသွင်မျိုးနဲ့ လုပ်ပေးဖို့တော့ ရည်ရွယ်ထားပါတယ်။

ပထမဦးဆုံးတင်ပြချင်တာက ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဆိုတာဘာလဲ။ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဆိုတာက ပညာရှင်တွေအများကြီးရဲ့ တစ်ဦးချင်းရဲ့အဓိပ္ပါယ်ဖွင့်ဆိုမှုတွေကို စုစည်းလိုက်မယ်ဆိုရင်တော့ အဖြေတစ်ခုထွက်လာပါ တယ်။ အဲဒါဘာလဲဆိုရင်….

         “ မတူကွဲပြားသောဘာသာတရားတို့၏ သက်ဆိုင်ရာယုံကြည်ချက်များကို လက်ခံယုံကြည်နေကြသူ များအကြား၊ တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ၊ အတူတကွ ပူးပေါင်းနေထိုင်ကြရာတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အပြုသဘောဆောင်သော နားလည်မှုပေးရေး၊ အပေါင်းလက္ခဏာဆန်သော ဆက်ဆံ မှုတွေကို ပြသနိုင်ရေးစသည်တို့အတွက် တစ်ဖက်နှင့်တစ်ဖက် ဆွေးနွေး၊ ညှိနှိုင်းပြောဆိုခြင်းကို ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လို့ခေါ်ပါတယ်။”

ကျွန်တော်တို့နိုင်ငံမှာဆိုရင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်တို့အပြင်၊ နတ်ကိုးကွယ်သူတွေ၊ Free-thinker လို့ခေါ်တဲ့ ‘လွတ်လပ်စွာအတွေးနယ်ချဲ့သူ’ တွေလည်းရှိနေပါတယ်။ အဲဒီလိုအုပ်စုတွေကြားထဲမှာ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်ဖို့အတွက် (Common ground) တစ်ခုကို ကျွန်တော်တို့ ရှာရပါမယ်။ မဟုတ်ရင် ကျွန်တော်တို့အတူတကွယှဉ်တွဲနေထိုင်ဖို့ အခက်အခဲအများကြီးရှိပါတယ်။ ဥပမာဆိုရင် ဗုဒ္ဓဘာသာကလည်း အစ္စလာမ်နဲ့ပတ်သက်ပြီး အထင်အမြင်လွဲစရာတွေရှိပါတယ်။ ကျွန်တော်တို့ အစ္စလာမ်တွေဘက်ကလည်း ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အထင်အမြင်လွဲစရာတွေရှိနေပါတယ်။ ခရစ်ယာန်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မရှင်းလင်းတာတွေရှိသလို ဟိန္ဒူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမြင်မသဲကွဲတာတွေ ရှိပါတယ်။

(၂၆-၃-၂ဝ၁၆) ရက်နေ့က ကျွန်တော်တို့ Summit Parkview Hotel မှာ ဘာသာရေးယုံကြည်ချက်ကိုအခြေခံတဲ့အုပ်စု (၇) စုကအခြေပြုပြီး “ ဘာသာတရားအသီးသီးမှ သင်ပြသောမေတ္တာတရား” (The Most Sacred Teachings of Religions about ‘METTA’ – Loving..Kindness) ဆိုတဲ့ Forum တစ်ခုကို ကျွန်တော်တို့ ကျင်းပဆောင်ရွက်ခဲ့ပါတယ်။

ဒီနေရာမှာ အချို့ကလည်းမေးပါတယ်။ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဆိုတာက ဘာသာတရားတစ်ခုလား။ ဒါမှမဟုတ် ဘာသာတွေအားလုံးကို တူညီတဲ့အရာတွေ ပေါင်းစပ်ပြီး ဘာသာတစ်ခုထူထောင် မလို့လားလို့ မေးသူအချို့လည်းရှိပါတယ်။ တစ်ချိန်တုန်းက ကမ္ဘာ့သမိုင်းမှာ ရှိခဲ့ဘူးပါတယ်။ ဟိုဘာသာက နည်းနည်း၊ ဒီဘာသာကနည်းနည်း အားလုံးကောင်းတာလေးတွေ စုပေါင်းမယ်ဆိုပြီး ဘာသာအသစ်တစ်ခု ထူထောင်လိုက်တာ ရှိခဲ့ပါတယ်။

အဲဒီလို မဟုတ်ပါဘူး။ ‘အင်တာဖိတ် ဒိုင်ယာလော့ဂ်’ ဆိုသည်မှာ ဘာသာတရားတစ်ခုလည်းမဟုတ်သလို၊ အားလုံးစုပေါင်းပြီးဘာသာတရား အသစ်တစ်ခုထူထောင်ခြင်းလည်းမဟုတ်ပါဘူး။ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ရဲ့ သဘောက ဘာသာတရားများအကြားမှာ ဥဒဟိုလှည့်လည်၊ လှည့်ပတ်သွားလာနေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အခြားတစ်ဖက်က ကြည့်မယ်ဆိုရင် ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဆိုသည်မှာ ဘာသာတရားတစ်ခုနဲ့တစ်ခုကြားမှာ ကူးလူးဖြတ်သန်းဖို့ ထိုးပေးလိုက်တဲ့ တံတားတစ်စင်းသာဖြစ်ပါတယ်။ ဘာသာတရားတွေ တစ်ခုနဲ့တစ်ခုကြားမှာ တံတိုင်းတွေ ရှိနေပါတယ်။          ‘ပညတ်’ လို့ခေါ်တဲ့အပေါ်မှာ လူတွေကတံတိုင်းတွေလုပ်ထားကြတယ်။  ဒီလိုနဲ့ လူတွေဟာ ‘ပညတ်’ ရဲ့ကျေးကျွန်တွေဖြစ်နေကြတယ်။ (ကျွန်တော်က မွတ်ဆလင်မ်ဆိုတော့ မွတ်ဆလင်မ်အကြောင်းပဲ ပြောပါမယ်။ သူများဘာသာအကြောင်းတော့ မပြောပါဘူး။)  မွတ်ဆလင်မ်ကလည်း တံတိုင်းလေးတွေလုပ်လာကြတယ်။ တံတိုင်းလုပ်ခြင်းသည် မတူညီခြင်းကိုကန့်သတ်ခွဲခြားပြသတာပဲဖြစ်တယ်။ မင်းတို့နဲ့ငါတို့မတူဘူးနော်။ ဒါ ငါတို့ရဲ့စည်းဝိုင်း။ တစ်ခါတည်း တံတိုင်းခြားလိုက်ကြတယ်။ ‘အင်တာဖိတ် ဒိုင်ယာလော့ဂ်’ ကတံတိုင်းကာတာမဟုတ်ဘူး။ တံတားထိုး ခြင်းဖြစ်တယ်။ ကျွန်တော်တို့ဟာ ‘အင်တာဖိတ်ဒိုင်ယာ လော့ဂ်’ လုပ်ခြင်းအားဖြင့် တစ်ယောက်စကားကို တစ်ယောက် နားထောင်ကြည့်ရပါလိမ့်မယ်။

ကျွန်တော်တို့ (၂၆.၃.၂ဝ၁၆)နေ့က Summit Parkview မှာပွဲကျင်းပတဲ့အခါ ဗုဒ္ဓဘာသာကဖွင့်ဆိုတဲ့ မေတ္တာတရားဆိုတာဘာလဲ။ အစ္စလာမ်က ဖွင့်တဲ့မေတ္တာတရားဆိုတာ ဘာလဲ။ ခရစ်ယာန်ကဖွင့်တဲ့ မေတ္တာတရားဆိုတာ ဘာလဲ။ ဟိန္ဒူက ဖွင့်တဲ့မေတ္တာတရားဆိုတာ ဘာလဲ။ ဒါဟာကျနော်တို့(Common ground) တစ်ရပ်ကိုယူတာပါ။ ဘာသာအားလုံးသည် မေတ္တာ တရားကို အခြေခံထားတယ်။ တစ်ချို့ကလည်း အစ္စလာမ်သည် မေတ္တာတရား မရှိဘူးလို့မြင်နေကြတဲ့ အုပ်စုအချို့ လည်းရှိတယ်။ ဒါကြောင့် ဘာသာတရားအသီးသီးမှာရှိတဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ကျွန်တော်တို့က နားလည်သဘောပေါက်အောင် ကြိုးစားကြရမှာဖြစ်သလို ကျွန်တော်တို့ရဲ့ ယုံကြည်ချက်နဲ့ ခံယူချက်ကိုလည်း တစ်ဖက်သား သိနားလည်သဘောပေါက်အောင် လုပ်ပေးခြင်းက ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဖြစ်ပါတယ်။ ဒီနေရာ မှာ နားလည်သဘောပေါက်ထားရမယ့် အချက်လေးတစ်ချက်ကို တင်ပြလိုပါတယ်။ စောစောကတင်ပြခဲ့သလို ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်ခြင်းဟာ ဘာသာတရားအားလုံးကို (ခေတ်စကားနဲ့ပြောရရင်) ရောသမမွှေတာ တော့ မဟုတ်ဘူး။ သူ့ယုံကြည်ချက်ကို ကိုယ်ကယူပြီး ကိုယ့်ယုံကြည်ချက်ကို သူ့ကိုလက်ခံစေတဲ့ သဘောမျိုးလဲ မဟုတ်ဘူး။ ဘာသာတရားတစ်ခုနဲ့ တစ်ခုအကြားမှာ Compromise လုပ်တာလည်း မဟုတ်ပါဘူး။

ဥပမာ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်အကြားမှာ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်ခြင်းဟာ ကျွန်တော်တို့က ဗုဒ္ဓဘာသာထဲက အချက်တွေကို လက်ခံလိုက်တာမဟုတ်သလို၊ ကျွန်တော်တို့ထဲက အချက်တွေ ကိုလည်း ဗုဒ္ဓဘာသာတွေက် လက်ခံလိုက်တာ မဟုတ်ပါဘူး။ သူ့ယုံကြည်ချက်ဘာရှိဘဲ။ ကိုယ့်ယုံကြည်ချက်ဘာရှိ လဲ။ ဒါကို နားလည်သဘောပေါက်အောင် ရပ်တည်ပြခြင်းသာဖြစ်ပါတယ်။ ကိုယ့်ယုံကြည်ချက်ကို သူနားလည် သဘောပေါက် အသိအမှတ်ပြုပေးခြင်းဖြစ်သလို၊ သူ့ရဲ့ယုံကြည်ချက်ကိုလည်း ကိုယ်က နားလည်သဘောပေါက် အသိအမှတ်ပြုပေးခြင်းသာ ဖြစ်တယ်။ ရောသမမွှေတာ မဟုတ်ပါဘူး။

အဲဒီတော့ မတူကွဲပြားလင့်ကစား၊ ဒီလိုမတူညီခြင်းကို ရန်ဘက်သဘောမထားဘဲ၊ မတူညီမှုကို တန်ဘိုး တစ်ရပ်ထားပြီး နားလည်အသိအမှတ်ပြုခြင်းဖြစ်တယ်။ ဒါလေးကိုတော့ ကျွန်တော်တို့သဘောပေါက်ဖို့ လိုအပ်ပါ တယ်။ ဒီလို ‘အင်တာဖိတ် ဒိုင်ယာလော့ဂ်’ ပြုလုပ်ခြင်းအားဖြင့် ပါဝင်သူအားလုံးရဲ့ နှလုံးသားထဲမှာ အလင်းရောင် (Light) တစ်ခုကို ကျွန်တော်တို့က ထွန်းညှိပေးလိုက်ရတယ်။ အဲဒီအလင်းရောင်ဟာ ဘာလဲဆိုတော့ Love and Kindness ပါ။ မေတ္တာဆိုတာ အဲဒီဟာပဲ။ ဒီအလင်းရောင်တွေ လူတွေရဲ့စိတ်ထဲ နှလုံးသားထဲရောက်သွားရင် ဘယ်လိုနိုင်ငံရေး သွေးထိုးမှုကိုဖန်တီးသည်ဖြစ်စေ၊ ဘယ်လိုဘာသာရေး အမုန်းထားမှုကိုဖန်တီးသည်ဖြစ်စေ၊ လူတစ်စုက လုပ်ရင် အဲဒီလူတစ်စုရဲ့ လုပ်ကြံမှုဟာ ကွက်ကွက်ကွင်းကွင်းပေါ်လာမှာဖြစ်တယ်။

အဲဒီတော့ တောင်အာဖရိက အင်္ဂလီကန်ဘုန်းတော်ကြီးတစ်ပါးဖြစ်တဲ့ ‘ဒက်စ္စမွန်တူးတူး’ က ဘာပြောလဲဆိုတော့….

        “ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဆိုသည်မှာ မတူကွဲပြားတဲ့အရာနှစ်ခုကို ပေါင်းစပ်ပေးခြင်းအားဖြင့် စွဲဆောင်စွဲမက်ဖွယ်ရာ အရာတစ်ခုအဖြစ်သို့ ရောက်ရှိစေပါတယ်။ သင့်ထံမှာ မရှိသောစွမ်းဆောင်ရည် တစ်ရပ်က ကျွန်ုပ်ထံတွင်ရှိပြီးတော့ ကျွန်ုပ်ထံတွင်မရှိသော စွမ်းဆောင်ရည်တစ်ရပ်က သင့်ထံတွင်ရှိပါတယ်။ ဒီစွမ်းဆောင်ရည်တွေကို အပြန်အလှန်ဖလှယ်ခြင်းဖြစ်ပါတယ်။ လူတိုင်းသည် Perfect မဟုတ်ပါဘူး။ သူ့ဆီမှာရှိတဲ့ စွမ်းဆောင်ရည်အားသာချက်တွေ ကိုယ့်ဆီမှာရှိတဲ့ စွမ်းဆောင်ရည် အားသာချက်တွေ၊ ဒါတွေကို အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် အဲဒီကနေပြီးတော့ ကျွန်တော်တို့အင်အားတစ်ခုကို ရစေပါတယ်။”

ခက်တာက ကျွန်တော်တို့ မွတ်ဆလင်မ်တွေမှာ ဘယ်လိုဖြစ်နေသလဲဆိုရင် (နအူးဇိုဗိလ္လာဟ်) အလ္လာဟ့်နေရာကို ယူလိုက်ကြတယ်။ ဟိုကောင် ကာဖိရ်၊ ဟိုကောင် မုရ်သဒ်၊ ဟိုကောင် မုရှ်ရိက် စသဖြင့် ဖသ်ဝါအမျိုးမျိုး ပေးနေကြတယ်။ အဲဒါမဖြစ်သင့်ဘူး။ တစ်ဖြေးဖြေးနဲ့ မွတ်ဆလင်မ်မရှိတော့ဘူး။

လူအများစုကတော့ သူတို့စိတ်ထဲမှာ ‘မွတ်ဆလင်မ်တွေဟာ တခြားဘာသာဝင်တွေနဲ့ ဘာသာရေးဆိုင်ရာ၊ ယုံကြည်ချက်ဆိုင်ရာ ကိစ္စတွေမှာ ဆွေးနွေးတိုင်ပင်ခြင်းမလုပ်လိုတဲ့၊ ဆန္ဒမရှိကြတဲ့၊ တစ်ဖက်ပိတ်သမားတွေ၊ အမြင်ကျဉ်းသူတွေ’ လို့ထင်မြင်ထားကြပါတယ်။ အဲဒါဟုတ်လား၊ မဟုတ်ဘူးလားဆိုတာ ကျွန်တော်ပြောပါမယ်။ မွတ်ဆလင်မ်တွေက ဗလီထဲကို အခြားဘာသာဝင်တွေ အဝင်မခံလိုကြဘူး။ သန့်ရှင်းမှုကိုအကြောင်းပြတယ်။ ဒီမှာတင်အထင်လွဲကြတယ်။ ပြဿနာရှာချင်တဲ့အုပ်စုက ဒီအနေအထားကိုအခွင့်ကောင်းယူပြီး ဗလီထဲမှာ လက်နက်တွေစုထားတယ်ဆိုပြီး သတင်းလွှင့်ပါတော့တယ်။ အမှန်ဟုတ်၏၊ မဟုတ်၏ဆိုတာကို ထုတ်ဖေါ်ရေးမှာ အခက်အခဲရှိလာပါတယ်။ အခုနောက်ပိုင်းတော့ ခြေ၊ လက်ဆေးပြီးရင်ဝင်လို့ ရတဲ့အနေအထားကို အချို့ကလက်ခံလာပါတယ်။ နေရာအစိတ်အပိုင်းတွေကန့်သတ်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ (၅၉) လမ်းဗလီမှာတော့ အခြားဘာသာဝင်တွေလာရောက်လေ့လာမှုတွေရှိပါတယ်။ အစ္စလာမ်အကြောင်းကိုလည်း ကျွန်တော်တို့ဆီမှာ လာမေးကြတယ်။  လေ့လာတယ်။ ဆွေးနွေးတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး သူတို့မသိတာ၊ မရှင်းတာတွေ မေးတယ်။ သူတို့ကလည်း သိချင်ကြတယ်။ မေးချင် ကြတယ်။ ဒါပေမယ့် ဗလီထဲဘာသာခြားဝင်လို့ရတဲ့ ဗလီကမြန်မာနိုင်ငံမှာ လက်ငါးချောင်းပြည့်အောင် မရှိဘူး။ (၅၉) လမ်းဗလီကတော့ အမြဲတမ်း Welcome ပဲ။ လာကြပါ။ မေးကြပါ။ လေ့လာကြပါ။ ဘာသာလူမျိုး၊ ကျားမ၊ မခွဲ၊ လက်ခံဖြေကြား ရှင်းလင်းပြသပေးနေပါတယ်။ ပြီးခဲ့တဲ့ အပတ်လောက်ကဆို မြန်မာနိုင်ငံ( Women Organization Network) အမျိုးသမီးအဖွဲ့က ကျနော်တို့ဗလီရဲ့အပေါ်ထပ် အမျိုးသမီးဝတ်ပြုဆောင်မှာ လာရောက်လေ့လာခဲ့ပါတယ်။ သူတို့က အမျိုးသမီး အခွင့်အရေးနဲ့ပတ်သက်ပြီး တိုက်ပွဲဝင်နေတဲ့အမျိုးသမီးကွန်ရက်ကြီးတစ်ခုပါ။ သူတို့သိထားတာက အစ္စလာမ်မှာ အမျိုးသမီးအခွင့်အရေးအားနည်းတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဆရာများက “အစ္စလာမ်က(ကုရ်အာန်)ကပေးထားသော အမျိုးသမီးအခွင့်အရေး” အကြောင်းကို ရှင်းလင်းတင်ပြပေးခဲ့ပါတယ်။ နောက်ထပ် သူတို့သိလိုတဲ့ မေးခွန်းတွေကို ကျွန်တော်ရယ်၊ ဆရာဦးသန်းအောင်ရယ်၊ ဆရာဦးခင်မောင်ရယ်က ဖြေကြားပေးခဲ့ပါတယ်။

သူတို့ကျေနပ်ကြပါတယ်။ ဗလီထဲဝင်ရောက်လေ့လာခွင့်ရခြင်းကိုက သူတို့အတွက် အထူးအဆန်းဖြစ်နေပါတယ်။ တကယ်တော့ သူတို့နားလည်ထားတာက မွတ်ဆလင်မ်တွေထဲမှာ အများစုက ဆွေးနွေးတိုင်ပင်ညှိနှိုင်းမရဘူး။ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ကို လက်မခံဘူးလို့ ထင်နေကြတယ်။ မွတ်ဆလင်မ်တွေဟာ တစ်ဖက်ပိတ်သမားတွေလို့ သူတို့ထင်ကြတယ်။ ဒီလို ထင်မြင်ယူဆခြင်းဟာ အစ္စလာမ်အခြေခံတရားနဲ့ လုံးဝလွဲချော်ပါတယ်။ အစ္စလာမ်က ‘အင်တာဖိတ်ဒိုင်ယာလော့ဂ’် လက်မခံဘူးဆိုတာ လုံးဝမှားပါတယ်။ ဒါကြောင့် ကျွန်တော်ဒီနေ့ ခွတ္တဗါဟ်ကို “အစ္စလာမ်နှင့်အင်တာဖိတ်ဒိုင်ယာလော့ဂ် – Islam and Interfaith Dialogue” ဆိုပြီးတင်ပြရခြင်းဖြစ်ပါတယ်။ သူတို့အထင်လွဲတယ်ဆိုတာ သူတို့ကို အပြစ်မတင်ပါဘူး။ ကိုယ့်လူတွေကြောင့်လည်း ပါပါတယ်။ ကျွန်တော်ပြောမယ်။ ‘အော်သိုဒေါစ့်ဂျူး’ တွေမှာ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ကို လုံးဝလက်မခံပါဘူး။ ဘာဖြစ်လို့လဲသိလား။ (We are the chosen people)၊ ‘ငါတို့သည် ဘုရားသခင်က တိုက်ရိုက်ရွေးချယ်ထားတဲ့ လူတွေဖြစ်တယ်’ လို့ သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြပါတယ်။ ‘Promise Land ကို  ကတိရထားတဲ့ လူတွေ၊ ငါတို့သည်သာ အကောင်းဆုံး၊ အမြင့်မြတ်ဆုံးဖြစ်တယ်၊ ဒါကြောင့် ကျန်တဲ့လူတွေနဲ့ ငါတို့ဆွေးနွေးစရာအကြောင်းမရှိဘူး’ ဆိုပြီး ယုံကြည်ယူဆထားကြတယ်။ မွတ်ဆလင်မ်ထဲမှာလည်း ဥပမာ.. ‘ဟစ်(ဇ)ဘွသ်သဟ်ရီရ်း’ အုပ်စုဆိုရင် ‘အင်တာဖိတ် ဒိုင်ယာလော့ဂ်’ ကို လုံးဝလက်မခံပါဘူး။ သူတို့က “မင်းတို့ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ ဆိုတာ အနောက်တိုင်းရဲ့ စနစ်ဇယား တစ်ခုကို မွတ်ဆလင်မ်ထဲမှာလာထည့်ပြီး ကုလားဖန်ထိုးမလို့လား” လို့ မေးခွန်းထုတ်ကြပါတယ်။

အခြားဘာသာဝင်တွေနဲ့ တနည်းအားဖြင့် မွတ်ဆလင်မ်မဟုတ်သူများနဲ့ ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်ဖို့၊ အပြန်အလှန်ဆွေးနွေး၊ ပြောဆိုကြဖို့ တိုက်တွန်းနှိုးဆော်ထားတာကို ကျမ်းမြတ်ကုရ်အာန်မှာ လေ့လာကြည့်မယ်ဆိုရင်တော့ ရှင်းရှင်းလင်းလင်းတွေ့မြင်ရပါတယ်။ သမိုင်းမှာ ပြန်ကြည့်မယ်ဆိုရင်လည်း တမန်တော်မြတ်(ဆွ) အများကြီးလုပ်ခဲ့ပါတယ်။ တမန်တော်မြတ်ရှိစဉ်မှာ တမန်တော်မြတ်မှာ ရုံးမရှိဘူး။ သူ့ရဲ့ဗလီ၊ သူ့ရဲ့မစ်ဂျီးဒ်သည် သူ့ရဲ့ရုံးဖြစ်တယ်။ ဘာသာခြားတွေ လာတွေ့ရင် ဘယ်မှာတွေ့သလဲ။ အဲဒီဗလီမှာပဲ တွေ့ကြတယ်။

ကျမ်းမြတ်ကုရ်အာန်မှာ မွတ်ဆလင်မ်တစ်ဦးအတွက် ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်မယ်ဆိုရင် အချက်(၃)ချက်ကို စံပြုထားရမှာဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

၁။ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆွေးနွေးကြဖို့။

၂။ စိတ်ရှည် သည်းခံ ဒေါသမထွက်ရန်။

၃။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် တစ်ပါးတည်းသော လမ်းညွှန်အရှင်ဖြစ်ကြောင်းကို နှလုံးသွင်းရန်။

အဲဒီ (၃)ချက်ကို ကုရ်အာန်က လမ်းညွှန်ထားပါတယ်။ မွတ်ဆလင်မ်တစ်ဦးအနေနဲ့ ဘယ်အချိန်မှာမဆို တစ်ဖက်သားနဲ့ ဆွေးနွေးတဲ့အခါမှာ အကောင်းဆုံးသော အပြုအမူအားဖြင့်လည်းကောင်း၊ ဥာဏ်အမြော်အမြင်ရှိစွာ ဖြင့်လည်းကောင်း၊ ဆွေးနွေးတင်ပြရမှာဖြစ်ကြောင်း၊ စိတ်ရှည်၊ သည်းခံစွာဖြင့် တစ်ဖက်သားရဲ့ ပြောဆိုချက်တွေ ကို နားထောင်ပေးရမှာဖြစ်ကြောင်း၊ ကိုယ့်ရဲ့ဆွေးနွေးတင်ပြချက်တွေကို နောက်ဆုံးမှာတစ်ဖက်ကလက်မခံခဲ့ဘူးဆိုရင် အလ္လာဟ်အရှင်မြတ်သည်သာလျှင် တစ်ပါးတည်းသော လမ်းညွှန်အရှင်ဖြစ်ကြောင်းကို နှလုံးသွင်းရမှာဖြစ်ကြောင်းကို ကုရ်အာန်ကပြဌာန်းထားပါတယ်။

ကျွန်တော်တို့က နားထောင်တာနည်းပြီး များများပြောတတ်တဲ့အကျင့်ရှိတယ်။ ကိုယ်ကသူများကို အများကြီး Input လုပ်တယ်။ ဒါကြောင့် ကျွန်တော်တို့က သူများပြောတာ နားထောင်တတ်တဲ့ အလေ့အကျင့်လုပ်ပါ။ ကိုယ်ပြောမယ် ဆိုရင်လည်း သူများပြန်ပြောနိုင်အောင် စကားကို ဖြတ်တောက်ပေးပါ။ နောက်တစ်ချက်က မိမိရဲ့တင်ပြချက်တွေကို ကျိုးကြောင်းဆီလျော်စွာ တင်ပြရမှာဖြစ်ပါတယ်။ အသိပညာတွေကို တစ်ဖက်နဲ့တစ်ဖက် ဖလှယ်ရမှာဖြစ်တယ်။ ဗုဒ္ဓ ဘာသာအကြောင်းကို ကျွန်တော်တို့သိထားရမယ်။ ကျွန်တော်တို့အကြောင်းကို သူတို့သိရမယ်။ ကျွန်တော်တို့က တမန်တော် မုဟမ္မဒ်(ဆွ)တစ်ပါးတည်းကို ယုံကြည်လို့ မရဘူး။ ဟိုးအရင်တမန်တော် အဆက်ဆက်ကို ယုံရတယ်။ ဒါကြောင့် သူတို့ရဲ့ သမိုင်းကြောင်းကို သူတို့အွမ္မသ်တွေရဲ့ ဘဝအကြောင်းကိုသိဖို့ ကျွန်တော်တို့အတွက် လိုအပ်ပါ တယ်။

 

၁။ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆွေးနွေးကြဖို့။

မွတ်ဆလင်မ်တစ်ဦးအနေနဲ့ ဘယ်အချိန်မှာမဆို တစ်ဖက်သားနဲ့ ဆွေးနွေးတဲ့အခါမှာ အကောင်းဆုံးသောအပြုအမူအားဖြင့်လည်းကောင်း၊ ဥာဏ်အမြှော်အမြင်ရှိစွာဖြင့်လည်းကောင်း၊ ဆွေးနွေးတင်ပြရမှာဖြစ်ကြောင်း၊ စိတ်ရှည်သီးခံစွာဖြင့် တစ်ဖက်သားရဲ့ ပြောဆိုချက်တွေကို နားထောင်ရမှာဖြစ်ကြောင်း၊ မိမိရဲ့တင်ပြချက်တွေကို ကျိုးကြောင်းဆီလျော်စွာဖြင့်တင်ပြရမှာဖြစ်ကြောင်း၊ အသိပညာတွေကို တစ်ဖက်နဲ့တစ်ဖက်ဖလှယ်ရမှာဖြစ်ကြောင်း၊ စတာတွေကို ကျမ်းမြတ်ကုရ်အာန် (၁၆း၁၂၅) မှာ အောက်ပါအတိုင်းပြဆိုထားပါတယ်။

            “အသင်သည် အသင့်ကိုပြုစုပျိုးထောင်တော်မူသော အသင့်အရှင်၏ လမ်းစဉ်ဘက်သို့ အသိဥာဏ်(Wisdom) (ဟိက်မဟ်)အားဖြင့်သော်လည်းကောင်း၊ တင့်တယ်လှပ သော အဆုံးအမများဖြင့်သော်လည်းကောင်း၊ လူသားတို့အား ဖိတ်ခေါ်(ဒအ်ဝသ်) လုပ်ပါလေ။ ထို့ပြင် အသင်သည် သူတို့နှင့် လှပတင့်တယ်သော နည်းအားဖြင့်သာ အခြေအတင်ဆွေးနွေးကြပါလေ။”……  (ကုရ်အာန်- ၁၆း၁၂၅)

 

   “မတော်မတရား ယုတ်မာကျူးလွန်သူတို့နှင့်မှလွဲ၍ အသင်သည် ကျမ်းရသူတို့နှင့် အချေအတင်ဆွေးနွေး သောအခါ ကောင်းမွန်ယဉ်ကျေးသိမ်မွေ့သော နည်းအားဖြင့်သာ ပြောဆိုဆွေးနွေးပါလေ။ ကျွန်ုပ်တို့ကို ချပေးသော ကျမ်းကိုလည်းကောင်း၊ အသင်တို့အပေါ် ထုတ်ပြန်ပေးသော ကျမ်းကိုလည်း ကောင်း၊ ကျွန်ုပ်တို့ယုံကြည်ခဲ့ပါပြီ။

              ကျွန်ုပ်တို့သည် ဆည်းကပ်အားထားရာ အချင်းချင်း သင်တို့ဆည်းကပ်အားထားရာ အရှင်သည် တစ်ဆူ တည်း ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် အရှင့်ကိုသာ လိုက်နာရိုကျိုးသူများဖြစ်ကြသည်ဟု ပြောဆိုကြပါလေ။”           (ကုရ်အာန်- ၂၉း၄၆)

အဲဒီလိုဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့က တူညီတဲ့သဘောတူညီချက်တစ်ရပ်ကို ဖေါ်ထုတ်ရပါမယ်။ ခရစ်ယာန်တစ်ယောက်နဲ့ဖြစ်စေ၊ ဂျူးတစ်ယောက်နဲ့ဖြစ်စေ ကျွန်တော်တို့ကဆွေးနွေးမယ်ဆိုရင် ‘ မိတ်ဆွေတို့အပေါ်ချပေးတဲ့ကျမ်း၊ ကျွန်တော်တို့အပေါ် ချပေးတဲ့ကျမ်း၊ အားလုံးကို ကျွန်ုပ်တို့ယုံပါတယ်’ ဆိုတာကိုပြောဆိုဖို့ ကုရ်အာန်ကလမ်းညွှန်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့အားသာချက်တစ်ခုက ကျွန်တော်တို့မွတ်ဆလင်မ်တွေဟာ ဂျူးတွေအပေါ်အလ္လာဟ်ချပေးတဲ့ကျမ်းကိုယုံတယ်။ ခရစ်ယာန်တွေအပေါ်အလ္လာဟ်ချပေးထားတဲ့ ကျမ်းကိုယုံတယ်။ သို့သော်ငြားလည်း သူတို့က ကျွန်တော်တို့အပေါ် အလ္လာဟ်ချပေးတဲ့ကျမ်း (ကုရ်အာန်)ကို မယုံဘူး။ ဘယ်သူက ဘယ်သူထက် သဘောထားကြီးလဲ။ အဲဒါက ကျွန်တော်တို့ရဲ့ အားသာချက်ဖြစ်တယ်။ အစ္စလာမ်က အလ္လာဟ်ချပေးခဲ့တဲ့ ကျမ်းတွေကို မယုံရင် ‘ကာဖိရ်’ နော်။             လူတွေကပြောတယ်။ တမန်တော် အီဗရာဟင်မ်(အ)ဟာ ဂျူးတဲ့။ နဆွရာနီတဲ့။ ကျမ်းမြတ်ကုရ်အာန်မှာ အလ္လာဟ်အရှင်က အမိန့်ရှိတယ်။ တမန်တော် အီဗရာဟင်မ်(အ)ဟာ မွတ်ဆလင်မ်ဖြစ်တယ်လို့ ဖော်ပြပါတယ်။ မွတ်ဆလင်မ်က လူမျိုးမဟုတ်ဘူးနော်။ အကြင်မည်သူမဆို အစ္စလာမ်ကို ယုံကြည်ခဲ့ရင် မွတ်ဆလင်မ်ဖြစ်တယ်လို့ ပြောရပါမယ်။ အစ္စလာမ်ဆိုတာ ဘာလဲ။ အစ္စလာမ်ဆိုတာ ငြိမ်းချမ်းရေး။ မည်သူမဆို ငြိမ်းချမ်းရေးကို လက်ခံမယ်ဆိုရင် သူမွတ်ဆလင်မ်ပဲ။ Islam is not Religion. အစ္စလာမ်သည် ဘာသာတရား မဟုတ်ပါ။ Islam is Code of Life. Islam is Code of Behavior ပါ။

တခြားအာယသ်တွေလည်း ရှိပါသေးတယ်။ ဒါပေမယ့် ဒီအာယသ် (၂) ခုလောက်နဲ့တင် ကျွန်တော်တို့သည် ‘အင်တာဖိတ်ဒိုင်ယာလော့ဂ်’ လုပ်ရတော့မှာဖြစ်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် အစ္စလာမ်က ကုရ်အာန်အရ လုပ်ခိုင်းနေခြင်းဖြစ်ပါတယ်။ ဒါက ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို ဆက်ဆံရမယ့်အပိုင်း ဖြစ်ပြီးတော့ ဆက်လက်ပြီး နံပါတ် (၂) အချက်ဖြစ်တဲ့ ‘စိတ်ရှည်သည်းခံဒေါသမထွက်ရန်’ ဆိုတဲ့ အပိုင်းကို ဆက်လက်တင်ပြပါ့မယ်။

 

       ၂။ စိတ်ရှည် သည်းခံ ဒေါသမထွက်ရန်။

ဆွေးနွေးပွဲမှာ ဒေါသထွက်လို့မရဘူး။ ခုံကိုထု၊ အော်ကြီးဟစ်ကျယ်ပြော၊ ရန်ဖြစ်စတဲ့ ကြမ်းတမ်းတဲ့ အမူအရာ၊ အမူအကျင့်တွေက Not Islam ပဲ။ မလုပ်ရဘူး။ တစ်စုံတစ်ယောက်က သင်နှင့်ဆွေးနွေးရာတွင် သည်းမခံနိုင်လောက်အောင် သင့်အပေါ်လည်းကောင်း၊ သင့်ယုံကြည်ချက်အပေါ်လည်းကောင်း၊ နောက်ပြောင် စော်ကားလာခဲ့လျှင်၊ သင်၏ခိုင်လုံသော ပြောဆိုချက်များကို ရယ်သွမ်းသွေးခဲ့လျှင် စိတ်ဆိုးဒေါသထွက်မှုကို မပြပဲ တည်ငြိမ်စွာဖြင့် ကျောပေးလာခဲ့ပါရန် အောက်ပါကုရ်အာန်အာယသ်များက လမ်းညွှန်နေပါတယ်။ ‘ဆွဗရ် – Tolerance’ ထားရှိရမယ်လို့ ကုရ်အာန်ကလမ်းညွှန်နေပါတယ်။ တစ်ဖက်က ဒေါသတွေဘယ်လောက်ထွက်ထွက် ပြုံးပြုံးလေးနဲ့ ရင်ဆိုင်တာပေါ့။

“ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်က သင်တို့အပေါ် ကုရ်အာန်ကျမ်းတော်မြတ်တွင် ဤသို့ အမိန့်ထုတ် ပြန်ပေးခဲ့ပြီးဖြစ်သည်။ သူတို့အနေဖြင့် အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းဆန်စော်ကားနေသံကို လည်း၊ ပျက်ရယ်ပြုနေသံကိုသော်လည်းကောင်း၊ သင်တို့ကြားနေရပြီဆိုလျှင် ထိုသို့ပြုမူစော်ကားခြင်းကို ကြားနေရ သမျှကာလပတ်လုံး ထိုသူတို့နှင့် အတူမထိုင်ကြလေနှင့်။ ထိုသို့ထိုင်နေကြပါမူ အသင်တို့သည်လည်း အပြစ်ရှိသူ များပင်ဖြစ်သည်။”   (ကုရ်အာန် ၄း၁၄ဝ)

တစ်ဖက်သားရဲ့ စော်ကားပြောဆိုနေမှုများကို လက်တုန့်ပြန် ပြောဆိုနေမယ့်အစား ကြံ့ကြံ့ခံ၊ သည်းခံခွင့် လွှတ်လိုက်ဖို့ကို ကုရ်အာန် ၅ဝး၃၉ မှာပြဌာန်းထားပါတယ်။

“ သို့ဖြစ်ပေရာ အသင်တမန်တော်က သူတို့၏ပြောဆိုနေမှုများနှင့်ပတ်သက်ပြီး ကြံ့ကြံ့ခံ၊ သည်းခံခွင့်လွှတ် (Tolerance) လိုက်ပါလေ။ ပြီးနောက် နေမထွက်မီနှင့် နေမဝင်မီ အချိန်ကာလများတွင် သင့်ကိုပြုစုပျိုးထောင်တော် မူသော အလ္လာဟ်အရှင်မြတ်၏ ဂုဏ်ကျေးဇူးများကို ချီးမွမ်းထောပနာပြုသလို ထိုအရှင်မြတ်သည် ချို့တဲ့မှုအရပ်ရပ် မှ ကင်းစင်ကြောင်း မြွက်ဟပါလေ။”       (ကုရ်အာန်- ၅ဝး၃၉)

 

    ၃။ အလ္လာဟ်အရှင်မြတ်သည်သာလျှင် တစ်ပါးတည်းသော လမ်းညွှန်အရှင်ဖြစ်ကြောင်းကို နှလုံးသွင်းရန်။

          အခြားဘာသာတစ်ခုနှင့်ဆွေးနွေးရာမှာ မိမိနှင့်ဆွေးနွေးဖက်က မိမိရဲ့ဆွေးနွေးတင်ပြချက်တွေကိုလက်မခံတဲ့အတွက်တော့ စိတ်ပျက်အားငယ်စရာမလိုပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လူတစ်ယောက်ကို ‘ဟေဒါယသ်’ လို့ခေါ်တဲ့ လမ်းမှန်အပေါ်ကို ရောက်အောင်ဆောင်ရွက်ပေးနိုင်တာ အလ္လာဟ်အရှင်မြတ်သာလျှင်ဖြစ်လို့ပါ။ ဒါနဲ့ပတ်သက်ပြီး ကုရ်အာန်မှာ ဒီလိုပြဆိုထားပါတယ်။

    “ အသင်(တမန်တော်)သည် ကြံ့ကြံ့ခံခြင်းအားဖြင့် ခန္တီပါရမီကို လက်ကိုင်ပြုပါလေ။ သင်၏ခန္တီပါရမီရှိမှုက အလ္လာဟ်အရှင်မြတ်အားဖြင့်သာဖြစ်သည်။ အသင်သည် သူတို့အတွက် ဝမ်းနည်းပူဆွေးခြင်းမဖြစ်ပါလေနှင့်။ ထို့ပြင်အသင်သည် သူတို့၏မမှန်မကန်ကြံစည်မှုအပေါ်လည်း စိတ်ကျဉ်းကြပ်မှု မဖြစ်လေနှင့်။”       (ကုရ်အာန် – ၁၆း၁၂၇)

    “ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် ‘တက္ကဝါရှင်’ များနှင့်သော်လည်းကောင်း၊ လောကကို အလှဆင်သူများနှင့်သော်လည်းကောင်း၊ အတူရှိတော်မူသည်။”  (ကုရ်အာန် – ၁၆း၁၂၈)

 

    “ဒီန်း´တည်းဟူသော `အစ္စလာမ်´လမ်းစဉ်တွင် အတင်းအဓမ္မဟူသော စနစ်မရှိပေ။ လမ်းမှန်သည် လမ်းမှားနှင့် ကွဲကွဲပြားပြားထင်ရှားလျက် ရှိနေပြီးဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို စိတ်ဆန္ဒ၏ အတ္တလွန်ကဲမှု ကို ငြင်းဆန်သွေဖည်လာပြီဆိုပါက အလ္လာဟ်အရှင်မြတ်ကို အီမာန်သက်ဝင်ယုံကြည်ဖို့ရာ ဖြစ်လာလေတော့ သည်။ ယင်းသို့သော အီမာန်သက်ဝင်ယုံကြည်မှုက ဧကန်အမှန်ပင် ထိုသူသည် ဘယ်သောအခါမှ ပြေလျော့ ကျိုးပြတ်သွားခြင်း ရှိမည်မဟုတ်သော စည်းနှောင်အားတစ်ရပ်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားလိုက်ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသော၊ သိတော်မူသောအရှင်ဖြစ်သည်။   (ကုရ်အာန် – ၂း၂၅၆)

 

နိဂုံးချုပ်အားဖြင့် ကျွန်တော့အနေနဲ့ Global Ethic Foundation ရဲ့ဥက္ကဌဖြစ်သူ Professor Dr. Hans Kung ရဲ့  Religion နဲ့ Peace building ကိုဆက်စပ်သုံးသပ်ပြသွားတာကို တင်ပြပါရစေ။

 

There will be no peace among the nations without peace among the religions. There will be no peace among the religions without dialogue among the religions

ဒီကနေ့ကမ္ဘာပေါ်မှာ Pluralistic rationalist အုပ်စုတွေအများအပြားပေါ်ထွက်လာသလို ဒီအုပ်စုတွေက Interfaith dialogue လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်လုပ်ဆောင်နေကြပါပြီး။ ဒီနေရာမှာ မွတ်ဆလင်မ်နိုင်ငံက ပညာရှင်များသည်ပင်လျှင် ဦးဆောင်အခန်းကဏ္ဍက ပါဝင်နေတာကို တွေ့နေရပါပြီး လို့တင်ပြပြောကြားရင်း ကျွန်တော့ရဲ့ Islam and Interfaith Dialogue ခေါင်းစဉ်ကို နိဂုံးချုပ်လိုက်ပါတယ်။       Slaam…..