Islamic Civilization ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

Islamic Civilization

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာအလ္လာဟ် အရှင်မြတ်ကို ချီးမွမ်းထောပနာပြုအပ်ပါတယ်။`အလ်ဟမ်ဒုလိလ္လာဟ်´
ကြွရောက်လာကြတဲ့ လူကြီးမင်းများ အပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်မင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း ဆန္ဒပြုရင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ်မသွလ္လားဟိ ၀ဘရကားသုဟု —
ကျွန်တော်ဒီကနေ့ ဟောပြောတင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က Islamic Civilization ဖြစ်ပါတယ်။ မြန်မာလိုဆိုရင်တော့ `အစ္စလာမ့်ယဉ်ကျေးမှု´ဘာလဲဆိုတာကို ကျွန်တော်ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင် ပါတယ်။ ဒီအကြောင်းအရာကို ဘာကြောင့် ရွေးချယ်ဖြစ်သလဲဆိုတော့ ကျွန်တော့်မှာ ရည်ရွယ်ချက်ရှိပါ တယ်။ ဒီကနေ့ အစ္စလာမ်ကမ္ဘာကို ပုံဖျက်နေတာ၊ ပုံပျက်ပန်းပျက်ဖြစ်အောင်လုပ်နေတာက အနောက်ကမ္ဘာ၊အနောက် မီဒီယာနဲ့ မြန်မာနိုင်ငံမှာလည် လုပ်နေတဲ့ အချို့အဖွဲ့အစည်းတွေရှိပါတယ်။ တစ်ခုခုပြဿနာဖြစ်ခဲ့ရင် ပထမဦးဆုံးစဉ်းစားကြတာက မွတ်ဆလင်မ်တွေလုပ်လိုက်တာလားပေါ့။ ကနေဒါနိုင်ငံမှာ မြေအောက်မီးရထားလမ်း ပိတ်သွားတယ်။ မွတ်ဆလင်မ်တွေကြောင့် များလား၊ အကြမ်းဖက်အဖွဲ့အစည်းကြောင့်လား၊ ဒါမျိုးစဉ်းစားကြတယ်။ ဒီလိုမျိုးဖြစ်နေအောင်ကို ကျွန်တော်တို့ အစ္စလာမ်က ကမ္ဘာကြီးမှာ ပုံပျက်ပန်းပျက်ဖြစ်အောင်ကို ပုံပျက်နေတယ်။ အကြောင်း အမျိုးမျိုးရှိတယ်။
ကျွန်တော်ပြောချင်တာက အဲ့ဒီလိုပုံပျက်ပန်းပျက် ဖြစ်နေတာက တကယ်တော့ အလ္လာဟ်သတ်မှတ်ပြဌာန်း ထားတဲ့ အချက်အလက်တွေထဲကနေ ဆွဲထုတ်ပြီး ပုံဖျက်နေတာမဟုတ်ဘူး။ အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဌာန်း တဲ့ ကုရ်အာန်ကြောင့် အဲဒီလိုဖြစ်နေတာ မဟုတ်ဘူး။ လူတွေသတ်မှတ်ပြဌာန်းထားတဲ့ အချက်အလက် အခြေ အနေတွေ၊ ဆောင်ရွက်မှုတွေ၊ ယဉ်ကျေးမှုတွေ၊ Culture တွေ၊ အဲဒီလို အခြေအနေတွေကနေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အချင်းချင်းအဆင်မပြေကြပဲနဲ့ ပြဿနာတွေက တက်လာတယ်။ ဒါကြောင့် ဒီခေါင်းစဉ်ကို ကျွန်တော်ပြောဖို့ ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။
နောက်အကြောင်းအရင်းတစ်ခုက ဘာလဲဆိုတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀-၂၅ နှစ်လောက်က ဆင်မြူရယ်ဟိုင်တင်တန်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က အတွေးအခေါ်တစ်ခုကမ္ဘာကို ချပြခဲ့ပါတယ်။ နောက်ပိုင်းစာအုပ် လည်းထွက်ခဲ့ပါတယ်။ ၁၉၉၀ ၀န်းကျင်လောက်ကလို့ထင်ပါတယ်။ သူဘာပြောခဲ့သလဲဆိုတော့ (ကမ္ဘာကြီးဟာဟိုးကျောက်ခေတ်ကဆိုရင် အင်အားများတဲ့လူတွေက၊ အင်အားနည်းတဲ့လူတွေကို တိုက်ခိုက်တယ်။ စစ်ဖြစ်တယ်။ သိမ်းပိုက်ကြတယ်။ တိရစ္ဆာန်ဘာသာ အဆင့်မှာသာရှိတယ်။ အင်အားနဲ့ပဲဆုံးဖြတ်ကြတယ်။ သူ့ထက်နည်းနည်း အဆင့်မြင့်လာတဲ့အခါ ဘုရင်စနစ်တွေဖြစ်လာတယ်။ တိုင်းပြည်နိုင်ငံတွေထူထောင် နယ်နိမိတ်သတ်မှတ်လာကြ တယ်။ အဲဒီအခါမှာလည်း ဘုရင်တွေက ဟိုဘက်တိုင်းပြည်နဲ့ ဒီဘက်တိုင်းပြည်စစ်ဖြစ်ကြတယ်။ အာဏာတွေလုကြ တယ်။ နယ်မြေသိမ်းမှုတွေဖြစ်လာတယ်။ အင်အားသာတဲ့ တိုင်းပြည်ဘုရင်တွေကို လက်ဆောင်ပဏ္ဍာအခွန်ငွေတွေ ပို့၊ နောက်ဆုံးသမီးပေး သားယူအဆင့်တွေလုပ်ဆောင်လာကြတယ်။ ဒီလို အခြေအနေတွေနဲ့ သွားနေရာကနေ ကမ္ဘာကြီးဟာ နည်းနည်းပြောင်းလဲလာတယ်။ ဘာပြောင်းလဲလာလဲဆိုတော့ စီးပွားရေး နယ်ချဲ့လာကြတယ်။ စီးပွား ရေး အင်အားတွေစုမယ်။ ကိုယ့်ဆီကထုတ်ကုန်တွေ အခြားတိုင်းနိုင်ငံတွေကို တင်ပို့ရောင်းချပြီး တစ်စတစ်စ ကိုလိုနီနယ်ချဲ့စနစ်ဆိုတာကြီးပေါ်လာတယ်။ အဲဒီမှာ ကမ္ဘာအကြီးကျယ်ဆုံး သမိုင်းတွင် စစ်ပွဲကြီးတွေ အုပ်စုဖွဲ့ တိုက်လာကြတယ်။ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်ဆိုတာတွေ ပေါ်ပေါက်ခဲ့တယ်။ လူတွေသန်းပေါင်းများစွာ သေကြေဒဏ်ရာရ၊ အိုးအိမ်တိုက်တာတွေ ပျက်စီးဆုံးရှုံးကြရတယ်။ ဒီစာရေးဆရာက စစ်ပွဲတွေရဲ့သမိုင်း တွေကိုချပြတာ။
ဒီစစ်ပွဲတွေပြီးတဲ့နောက် ကမ္ဘာကြီးဟာ စစ်တွေလဲပြီးရော အားလုံးမောပန်းပြီးထိုင်နေကြပြီတဲ့။ ဒါပေမယ့် စစ်ပွဲတွေငြိမ်းသွားသလားဆိုတော့ စစ်ပွဲတွေမငြိမ်းသေးဘူးတဲ့။ ဒုတိယကမ္ဘာစစ်သာပြီးသွားတယ်လို့ပြောတာ။ လက်နက်ကိုင် မတိုက်တာကလွဲလို့ စစ်အေးခေတ်ကာလမှာ Idea စစ်ပွဲတွေဖြစ်လာခဲ့တယ်။ Communism (ကွန်မြူနစ်စနစ်)၊ Socialism (ဆိုရှယ်လစ်စနစ်)၊ Democracy စတဲ့အယူဝါဒ မတူကွဲပြားတဲ့ တိုက်ပွဲတွေကြား မှာ ကမ္ဘာကြီးဟာ မျောနေခဲ့တယ်။ ဒါက ၁၉၉၀ လောက်က ဖြစ်ပျက်နေတဲ့အခြေအနေပါ။ စာရေးသူ ဆက်တွေး တာက ကမ္ဘာကြီးဟာ မကြာတော့တဲ့ နှစ်ကာလတွေမှာ စစ်ပွဲတွေဖြစ်လာနိုင်သေးတယ်။ အဲဒီစစ်ပွဲဟာ ဘယ်အကြောင်းအရာကြောင့် ဖြစ်လာမလဲဆိုတာကို စာရေးသူက နှစ်ပါင်း ၂၀ အရင်လောက်က ဟောကိန်း ထုတ်ခဲ့တယ်။ ဒါကို ကျွန်တော်ဒီကနေ့ ဒီခေါင်းစဉ်ကို ရွေးချယ်ပြောရခြင်းဖြစ်တယ်။ သူထုတ်ခဲ့တဲ့ ဟောကိန်းကို ကမ္ဘာတစ်ခုလုံးက လက်မခံဘူး။ တော်တော်ပြင်းပြင်းထန်ထန် တုန့်ပြန်ကန့်ကွက်မှုတွေရှိခဲ့တယ်။ သူထုတ်ခဲ့တဲ့ ဟောကိန်းက (ကမ္ဘာကြီးက ယဉ်ကျေးမှုချင်းတွန်းတိုက်မိမှာ) ဆိုတာပဲဖြစ်တယ်။ Clash of Civilization ဖြစ်တယ်။ စာအုပ်ပါထွက်ခဲ့တယ်။ အဲဒါက လွန်ခဲ့တဲ့ အနှစ်အစိတ်လောက်က ကိစ္စဆိုပေမယ့် ပြီးသွားပြီပေါ့။ ကမ္ဘာ့ပညာရှင် တော်တော်များများကလည်း လက်မခံဘူး။ ဒါက လမ်းကြောင်းပေးတာဘဲ ဖြစ်တယ်။ ကမ္ဘာကြီးက ယဉ်ကျေးမှုခြင်း တွန်းတိုက်စရာမရှိဘူးလို့ ပညာရှင်တွေက ကန့်ကွက်ခဲ့ကြတယ်။ မြန်မာပြည်မှာလည်း ဆောင်းပါးတွေ စာအုပ်တွေ ဘာသာပြန်ခဲ့ကြပါတယ်။ ဒါက ကြာခဲ့ပြီလေ။ ဒါပေမယ့် အခုဗမာပြည်မှာ အသေးစိတ်ဘာသာပြန်ထားတဲ့ စာအုပ် တိုက်တိုက်ဆိုင်ဆိုင် ထွက်နေပြီဖြစ်သလို အခြေအနေကလည်း လွန်ခဲ့တဲ့နှစ်ပေါင်း အစိတ်က ဟောကိန်းအတိုင်း ဖြစ်နေတယ်။
လိုရင်းကိုပြောရရင်တော့ Islamic Civilization နဲ့ ကမ္ဘာကြီးဟာ သဟဇာတဖြစ်မှာမဟုတ်ဘူး။ စစ်တွေဖြစ်ကြမှာ၊ ချကြမှာလို့ဆိုချင် တာ။ သူသုံးထားတာကိုက Islamic Civilization လို့သုံးတာ။ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ ကျန်တဲ့ကမ္ဘာပေါ်ရှိယဉ်ကျေး မှုတွေနဲ့ အဆင်မပြေဘူး။ ချကြမယ်လို့ပြောတာ။ သူပြောတဲ့အချိန်က ကမ္ဘာကြီးက လုံးဝလက်မခံပါဘူး။ မဖြစ်နိုင် ဘူးလို့ လုံးဝငြင်းကြတယ်။ အရပ်စကားနဲ့ပြောရင်တော့ ရန်မတိုက်ပေးနဲ့။ လမ်းမကြောင်းပေးနဲ့ပေါ့။ မြန်မာပြည်က စာရေးဆရာတစ်ယောက်ရေးတာ ကျွန်တော်မှတ်မှတ်ရရ ဖတ်ခဲ့ရတယ်။ ရွာတစ်ရွာမှာ ဘောလုံးပွဲတစ်ပွဲကျင်းပ တော့ ယာကွတ်တို့ မာမွတ်တို့ပါသလို ရာဂျူးတို့ဆွာမိတို့လည်းပါတယ်။ မောင်ဘတို့ မောင်မြတို့လည်းပါသလို ဒေးဗစ်တို့ ရောဘတ်တို့လည်းပါတယ်။ တစ်ရွာလုံးချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိနေတာဘာမှဖြစ်စရာ အကြောင်း မရှိဘူးလို့ရေးပါတယ်။
ဒါပေမယ့် ဒီကနေ့ ဒီအခြေအနေမှာ လမ်းကြောင်းပေးလို့ပဲဖြစ်စေ၊ ရန်တိုက်ပေးတယ်လို့ဆိုဆို ဘာဖြစ်လို့ Islamic Civilization ကို လူတွေလက်မခံနိုင်ကြတာလဲ။ ကျွန်တော်တို့ တိုင်းပြည်မှာပဲ လက်တွေ့ထင်ထင်ရှားရှားဖြစ်နေမြင်နေရပြီ။ စောစောကပြောခဲ့တာက လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကဟောကိန်း။ ဒါကို အကျယ်မချဲ့တော့ပါဘူး။ ကောင်းပြီ အစ္စလာမ်ယဉ်ကျေးမှုဆိုတာ ဘာလဲ။
ယဉ်ကျေးမှုဆိုတဲ့ ကျွန်တော်တို့နားလည်တဲ့ Civilization နဲ့ နောက်တစ်မျိုး Culture။ Culture ဆိုတာကတော့ ယဉ်ကျေးမှုထဲမှာရှိတဲ့အချက်တွေ။ အဲဒီအချက်တွေ စုပေါင်း လိုက်တော့ Civilization ပေါ့။ ဆိုကြပါစို့။ ရှမ်းလူမျိုး၊ ရှမ်းယဉ်ကျေးမှု၊ ကချင်လူမျိုး၊ ကချင်ယဉ်ကျေးမှု၊ မြန်မာ့ယဉ် ကျေးမှု၊ တရုတ်ယဉ်ကျေးမှု၊ အမေရိကန်ယဉ်ကျေးမှု၊ အရဗ်ယဉ်ကျေးမှု၊ အဲဒီလိုပဲ ကျွန်တော်တို့ လူတွေကလည်း အားကျမခံ အစ္စလာမ့်ယဉ်ကျေးမှုဆိုပြီး သုံးလာကြတယ်။ ဘယ်လောက်ထိ သုံးစွဲလာကြသလဲဆိုရင် ဆိုင်ဖွင့် အရောင်းအ၀ယ်လုပ်တာတောင် အစ္စလာမ့်ယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများဆိုပြိး ယဉ်ကျေးမှုဆိုင်းဘုတ် ထောင် စီးပွားရှာလာကြတယ်။ ဒါက ဗမာပြည်တစ်ခုထဲမှာ မဟုတ်ဘူး။ တရုတ်ပြည်မှာလဲ ဒါမျိုးရှိတယ်။ တော် တော်ထူးဆန်းတယ်။ ဒါဆိုရင် ယဉ်ကျေးမှုဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်ဖွင့်ဆိုဖို့လိုအပ်တယ်။
ကျွန်တော့်ထက်ကို နားလည်တတ်ကျွမ်းတဲ့ ပုဂ္ဂိုလ်များကလည်း ကျွန်တော့်ကို အကြံဥာဏ်ပေးလို့ရတယ်။ ဆွေးနွေးတင်ပြပေးလို့ရပါတယ်။ ကျွန်တော့်ကို ပြန်သင်ပေးလို့လဲရပါတယ်။ ယဉ်ကျေးမှုဆိုတာကို အဓိပ္ပါယ်ဖွင့်ဖို့လို ပါတယ်။ ယဉ်ကျေးမှုတစ်ရပ်ဖြစ်ဖို့ ဘာတွေလိုအပ်ပါသလဲ။ ကျွန်တော်တို့ စဉ်းစားရမယ်။ ဥပမာ မြန်မာ့ယဉ်ကျေးမှု လို့ပြောရင် ဘာတွေလိုအပ်သလဲ။ ဘာတွေကို အခြေခံရမလဲ။ မြန်မာလူမျိုးကို အခြေခံရမယ်။ ပြီးရင် ဘာသာ စကားရှိတယ်။ စာပေရှိတယ်။ ကိုးကွယ်ယုံကြည်မှုရှိတယ်။ အစားအသောက်၊ ဓလေ့ထုံးတမ်းစဉ်လာ၊ သမိုင်း၊ နေရာ ဒေသ(ဥပမာ အိန္ဒိယယဉ်ကျေးမှုဆိုရင် အိန္ဒိတိုင်းနိုင်ငံဒေသကိုအခြေခံတယ်) ကျွန်တော်တို့စကားပြော တာကြည့်ပြီး၊ မော်လမြိုင် သား၊ မြိတ်သား၊ ထားဝယ်သား၊ အညာသား စသဖြင့် ခွဲခြားနိုင်)၊ အထိမ်းအမှတ် Logo၊ အနုပညာ စတဲ့ ဒီလို အခြေခံအချက်တွေဟာ ယဉ်ကျေးမှုတစ်ရပ်မှာ မရှိမဖြစ်ရှိနေတယ်။
မြန်မာ့ယဉ်ကျေးမှုလို့ ပြောရင် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးကို အခြေခံသော မြန်မာစာပေကို အခြေခံသော၊ မြန်မာဘာသာစကားကို အခြေခံသောအချက်တွေပါတယ်။ ရှမ်းယဉ်ကျေးမှုဆိုလည်း ဒီလိုပဲ။ ရှမ်းလူမျိုးတွေက သူတို့ယဉ် ကျေးမှုမပျောက်အောင် ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြမယ်ဆို သူတို့ဘာလုပ်ကြမလဲ။ ရှမ်းစာပေတွေသင်ပေးမယ်။ ရှမ်းရိုးရာ အစားအစာတွေကို ထိန်းသိမ်းမယ်။ အမျိုးသားဝတ်စုံတွေကို High Light လုပ်မယ်။ ရှမ်းရိုးရာ အနုပညာ ရိုးရာအက၊ တူရိယာသီချင်းတွေ ဖော်ထုတ်မယ်။ ဒါတွေဟာ ဘိုးစဉ်ဘောင်ဆက် အစဉ်အလာရှိနေတယ်။ အရဗ် ယဉ်ကျေးမှုမှာလည်း ရှိနေတယ်။ အရဗ်တွေထဲက ကူရိုက်ရှ်မျိုးနွယ်နဲ့ပတ်သက်ရင် ကျမ်းမြတ်ကုရ်အာန်မှာတောင် ပါတယ်။ စူရာဟ် ကူရိုက်ရှ်မှာပါတယ်။ ကူရိုက်ရှ်တွေရဲ့ဓလေ့ကို ဖော်ပြတာ။ (ဆောင်းရာသီမှာ ကူရိုက်ရှ်တွေဟာ တစ်နယ်နဲ့တစ်နယ် ကုန်စည်ကူးသန်းရောင်းဝယ်ကြတယ်။) ဒါကြောင့် ယဉ်ကျေးမှုထဲမှာ ကုန်စည်ကူးသန်းရောင်း ၀ယ်ရေးလဲပါတယ်။ သူတို့ဟာ ဘာစီးပွားရေးလုပ်သလဲဆိုတာကို ပြတာ။ နောက်ပြီး အသွင်အပြင် လက္ခဏာ Identity လဲပါတာပေါ့။
ကျွန်တော်တို့ အစ္စလာမ်ယဉ်ကျေးမှုလို့ပြောရအောင်၊ တနည်းအားဖြင့် အစ္စလာမ်ယဉ်ကျေးမှုလို့ ပြောချင် ရင် အစ္စ္စလာမ်က ဘယ်လူမျိုးကို အခြေခံမှာလဲ။ အစ္စလာမ်ကို ပုံဖော်ဖို့အတွက် တစ်နည်းအားဖြင့် အစ္စလာမ်ကို လက်ခံပြီး မွတ်ဆလင်မ်တစ်ဦးဖြစ်ဖို့အတွက် ဘာလူမျိုးဖြစ်ရမယ်လို့ရှိလား။ မြန်မာ့ယဉ်ကျေးမှုကို ပုံဖော်ဖို့အတွက် မြန်မာလူမျိုးဖြစ်ရမယ်လေ။ ရှမ်း၊ ကချင်၊ ကရင်၊ ကယား အားလုံးဒီအတိုင်းဘဲလေ။ အာဖရိကန်ယဉ်ကျေးမှုကို အာဖရိကန်လူမျိုးတွေ ပုံဖော်မယ်လေ။ အစ္စလာမ်ယဉ်ကျေးမှုဆိုတော့ ဘယ်သူတွေလုပ်ကြမှာလဲ။ အစ္စလာမ့် ယဉ်ကျေးမှုကိုလုပ်ဖို့ လူမျိုးမရှိဘူး။ အစ္စလာမ်က လူမျိုးကို အခြေခံမထားဘူး။ ဘယ်လူမျိုးမဆို အစ္စလာမ်ဖြစ်ခွင့် ရှိတယ်။ ဖြစ်နိုင်တယ်။ ဒီလိုဘဲ ဘာသာစကား ရှမ်းလူမျိုး ရှမ်းစကား၊ ကရင်လူမျိုး ကရင်စကား စသဖြင့် ရှိနေပေ မယ့် အစ္စလာမ့်ယဉ်ကျေးမှု ခင်ဗျားဘယ်ဘာသာစကားကို အခြေခံမှာလဲ။ အစ္စလာမ်က အရဗီဘာသာစကားကို အခြေခံထားတာလား။ မဟုတ်သေးဘူးနော်။ အရဗီစကားမတတ်ရင် မွတ်ဆလင်မ်မဖြစ်နိုင်တော့ဘူးလား။ ဒါလည်း မဟုတ်သေးဘူး။ အန္တိမတမန်တော် မုဟမ္မဒ်(ဆွ)သည် အရဗ်အမျိုးသားတစ်ယောက်ဖြစ်လို့ ကုရ်အာန်ကို အလ္လာဟ် အရှင်မြတ်က အရဗီဘာသာစကားနဲ့ ချပေးခဲ့ပေမယ့် အစ္စလာမ်ကို လက်ခံယုံကြည်တဲ့ မွတ်ဆလင်မ်တစ်ယောက် ဖြစ်ဖို့ အရဗီစကားတတ်ရမယ်လို့ ပြောလို့မရဘူး။ သတ်မှတ်ပြဌာန်းထားခြင်းလည်းမရှိဘူး။
ဆိုလိုတာက စာပေမှာလဲ ဒီအတိုင်းဘဲ။ အစ္စလာမ့်စာပေလို့ မသတ်မှတ်ထားဘူး။ ကုရ်အာန်က အရဗီစာ ပေနဲ့ချပေးခဲ့ပေမယ့် အစ္စလာမ်စာပေမဟုတ်ဘူး။ နောက်ပြီး အစ္စလာမ်မှာ သတ်မှတ်ထားတဲ့ အနုပညာရှိလား(အစ္စလာမ့်ဂီတ၊အစ္စလာမ်ရုပ်ရှင်ဆိုတာမျိုးပေါ့။ အာရဗ်ဂီတ၊ အရဗ်ရုပ်ရှင်တို့တော့ရှိမှာပေါ့)။ အစားအသောက်ရှိလား။ ရခိုင်ဆို ရခိုင်မုန့်တီ၊ ရှမ်းဆို ရင် ရှမ်းပဲပုတ်စသဖြင့် ရှိပေမယ့် ။အစ္စလာမ်က သတ်မှတ်ထားတဲ့ ရိုးရာအစားအစာရှိလား။ မရှိဘူးနော်။ လူမျိုးတွေ ရဲ့ အစားအသောက်နဲ့ အစ္စလာမ်နဲ့ ရောချလို့မရဘူးလေ။ စမိုင်တို့ ၊ ချပါတီတို့၊ ပလာတာတို့၊ ခိရ်ပူရီတို့ ဒါတွေက အစ္စလာမ့်အစားအသောက်တွေလား။ အဲဒီလိုဘဲ ဓလေ့ထုံးတမ်းစဉ်လာ။ လူမျိုးတစ်မျိုးစီတိုင်းမှာ ခေတ်ကာလ အလိုက် ဓလေ့ထုံးတမ်းစဉ်လာတွေရှိနေတယ်။ အစ္စလာမ့်ဓလေ့ထုံးတမ်းစဉ်လာဆိုပြီး သီးသန့်ရှိလား၊ ရှိတယ်။ အရဗ်တွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာ။ ဒီကနေ့ ၀တ်စားဆင်ယင်မှုတွေ အိန္ဒိယက ဓလေ့ထုံးတမ်းစဉ်လာအရ ၀တ် ဆင်နေကြတာ။ ဒီတော့ အားလုံးကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင် လူကြီးမင်းများ အတွေးနယ်ချဲ့လို့ရပါတယ်။ ဘယ်ယဉ်ကျေးမှု၊ ဘယ်လူ့အဖွဲ့အစည်းမှာမဆို အစ္စလာမ်က၀င်ဆန့်တယ်။ ရှင်းပါတယ်။ ရှမ်းရိုးရာ ဓလေ့စရိုက်ယဉ်ကျေးမှုနဲ့အညီ အစ္စလာမ်ကို လက်ခံရင် သူမွတ်ဆလင်မ်ဖြစ်တယ်။ ရှမ်းမွတ်စလင်မ်ပေါ့။
အဲဒီိလိုပဲ အာဖရိကန်တစ်ယောက် သူတို့ရဲ့ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်နဲ့အညီပဲ သူအစ္စလာမ်ကို လက်ခံ ရင် သူမွတ်ဆလင်မ်ဖြစ်သွားပြီ။ သူရိုးရာဓလေ့စရိုက် ယဉ်ကျေးမှုနဲ့ကုရ်အာန်ပါ ပြဌာန်းချက်နဲ့မကိုက်ညီ၊ ဆန့်ကျင် နေတဲ့ အချက်အနည်းငယ်ရှိနိုင်တယ်။ ဒါလေးကိုပဲ သူပြင်ရမယ်။ သူ့ရိုးရာဓလေ့ယဉ်ကျေးမှုကြီး တစ်ခုလုံးကို မစွန့် လွှတ်ခိုင်းဘူး။ ဒါကို Sub – Culture ခေါ်တယ်။ အဲဒီလို Sub – Culture သဘောသဘာဝအရ အာဖရိကတိုက်မှာ အစ္စလာမ်ကို လက်ခံတဲ့အတွက် သစ်ရွက်နဲ့ပတ်ပြီးနေထိုင်သူဖြစ်ပါစေ။ အစ္စလာမ်ကို ယုံကြည်လိုက်တဲ့အတွက် ကုရ်အာန်အရ သတ်မှတ်ထားတဲ့ ဒူးခေါင်းအောက်နားအထိ သူသစ်ရွက်ကို ဖုံးစေပြီး အစ္စလာမ့်ဘောင်အတိုင်း သူဖြည့်စွက်ခဲ့ရင် လုံလောက်ပြီ။
ကျမ်းမြတ်ကုရ်အာန်ရဲ့ ဖွင့်ဆိုချက်တစ်ခုကို လေ့လာကြည့်မယ်ဆိုရင် စူရာဟ် ၁၄ အာယသ် အမှတ် ၁ မှာ ဒီကုရ်အာန်ကျရောက်လာတာ အမှောင်ထုကနေ အလင်းရောင်ဆီကို ပို့ဖို့။
လူတွေအမိုက်မှောင်တွေ၊ အယူအဆအတွေးအခေါ်မှားတွေနဲ့ တိုက်ခိုက်၊ သတ်ြဖတ်၊ ဆိုးသွမ်း၊ ယုတ်မာ၊ ရက်စက်၊ ကောက်ကျစ်တာတွေကို မလုပ်တော့ဘဲနဲ့ အဲဒီလုပ်ရပ်တွေနဲ့ ဆန့်ကျင် တဲ့ ကောင်းမွန်လှပတဲ့လုပ်ရပ်တွေ၊ လူ့အဖွဲ့အစည်းပျက်သုန်းပျောက်ကွယ်မှု လုပ်ရပ်မျိုးကနေ တိုးတက်စည်ပင် ၀ပြောစေမယ့် လုပ်ရပ်တွေကို လုပ်ဖို့၊ ဆောင်ကျဉ်းပေးဖို့အတွက် ကုရ်အာန်ရောက်လာတာလို့ ပြောခြင်းဖြစ်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်ဒီခွတ္တဗာဟ်ရေးဖို့ ပြင်ဆင်နေရင်းနဲ့ ဟိုးအရင်က ကျွန်တော်စုဆောင်းခဲ့တဲ့ စာအုပ် တွေထဲက ဆရာ အုမရ်မြင့်နိုင်ရေးတဲ့ အစ္စလာမ်နဲ့ဝတ်စားဆင်ယင်မှုဆိုတဲ့ စာအုပ်ကို သေချာဖတ်ကြည့်ဖြစ်ပါ တယ်။ အဲဒီစာအုပ်မှာ အမှာစာရေးပေးတဲ့သူက ဆရာကြီး ဦးဂနီ(အစ္စလာမ်ကောင်စီ အတွင်းရေးမှူးချုပ်) ရဲ့ အမှာ စာမှာ ရေးထားတာက ကျွန်တော်ဒီကနေ့ ပြောနေတဲ့ ခေါင်းစဉ်နဲ့ ကွက်တိဘဲ။ ဘာမှကို ပြောစရာမလိုလောက် အောင်ကို ရှင်းတယ်။
သူ့ရဲ့အမှာစာမှာ ရေးထားတဲ့အထဲကတစ်ချို့ကိုဖေါ်ပြရမယ်ဆိုရင်
“အစ္စလာမ်သည် သီးခြားလူမျိုးတစ်မျိုး တီထွင်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ အစ္စလာမ်သည် သီးခြားတိုင်းပြည်နိုင်ငံ တည်ထောင်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ အစ္စလာမ်သည် သီးခြား လူ့ယဉ်ကျေးမှုတစ်ရပ်ဖော်ဆောင်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ အစ္စလာမ်သည် ရှိပြီးသား ယဉ်ကျေးမှုများကို တိုက်ဖျက်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ အစ္စလာမ်သည် ရှိပြီးသား ၀တ်စားဆင် ယင်မှုများကို ချိုးဖောက်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ အစ္စလာမ်သည် တိုင်းပြည်နိုင်ငံများ၊ လူမျိုးများကို ပျောက်ပျက်စေရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ တော်လှန်ဖျက်ဆီးရန် ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်။”
အစ္စလာမ်က ဘယ်လူမျိုး ဘယ်ယဉ်ကျေးမှုမှာဘဲဖြစ်ပါစေ ၀င်ဆန့်တယ်။ ဒီကနေ့ ကျွန်တော်တို့ ၀င်ဆန့် တာ၊ မ၀င်ဆန့်တာက တစ်ပိုင်း။ ဒါကို ကျွန်တော်တို့ အစ္စလာမ်နဲ့ မရောချဖို့လိုတယ်။ ကျွန်တော်တို့ ဒီလူ့ အဖွဲ့အစည်းမှာ နေလို့မရဘူး။ အစ္စလာမ်ကနေလို့ မရတာမဟုတ်ဘူး။ ကျွန်တော်တို့ နေလို့မရတာ။ ဘာကြောင့်လဲဆိုတာသာ အဖြေရှာဖို့ပဲလိုတယ်။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် အမှတ် ၃၊ အာယသ် ၇၉ မှာ `တမန်တော်များက သင်တို့သည် အလ္လာဟ်အရှင်၏ ဥပဒေ ပြဌာန်းချက်များကိုလည်းလိုက်နာ၊ ငါတမန်တော်၏ အမိန့်ကိုလည်း နာခံဟု ပြောဆိုပိုင်ခွင့် အလျဉ်းမရှိပေ။´ ဒီအာယသ်က ပြောနေတာက အလ္လာဟ့်အမိန့်ကလွဲလို့ ဘယ်တမန်တော်ကမှ ငါ့အမိန့်ကိုလည်းကောင်း၊ ငါ့လုပ် ဆောင်ချက်တွေကိုလည်းကောင်း ဖြည့်စွက်လိုက်နာကျင့်ကြံပါလို့ ပြောဆိုခွင့် မည်သည့်တမန်တော်ကိုမှ အလ္လာဟ် အရှင်ပေးထားခြင်း မရှိဘူးလို့ပြောတာ။ ဘယ်လိုပဲပြောလို့ရမလဲ (ကူးလူ ရဗ္ဗာနီယီးန) မင်းတို့ ရဗ်ဗာနီဖြစ်ကြလို့ပဲ ပြောတာ။ ကောင်းပြီ၊ ရဗ်ဆိုတာဘာလဲ။ ရဗ်ဆိုတာ ကျွန်တော်တို့က အလ္လာဟ်ကိုပြောတာလေ။ ရဗ်ဆိုတာ အဆင့် ဆင့်ပြုစုပျိုးထောင်ရှင်။ ကျွန်တော်တို့ ဒုအာ တောင်းတယ်လေ။ (ရဗ္ဗနာ အာသိနာ — ) ဘာပြောထားလဲ တစ်ချို့ ဆရာတွေက အို အရှင်လို့ပြောတယ်။ တစ်ချို့က မရပ်ဘူး။ အို အဆင့်ဆင့်ပြုစု၊ ပျိုးထောင်၊ ကျွေးမွေးစောင့်ရှောက်၊ လမ်းညွှန်ထိန်းသိမ်းကြပ်မတ်။ ပေးကမ်းစွန့်ကြဲတော်မူသော အရှင်ပေါ့။ နောက်ထပ် အရှည်ကြီးရှိသေးတယ်။ အဲဒါ တွေက ရဗ်ရဲ့ဂုဏ်တော်တွေ။ အလ္လာဟ်ပြောတာက ငါအရှင်သည် ရဗ်။ မင်းတို့လဲ ရဗ်ဖြစ်ရမယ်။ ပြောချင်တာက အလ္လာဟ်လုပ်တဲ့ စနစ်ဇယားတွေကို ပုံဖော်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ နေရာတွေမှာ လူတွေရှိရ မယ်။ အဲဒီလို လူတွေဖြစ်ကြလို့ပြောတာ။
ဆိုလိုတာက ကျွန်တော်တို့ရဲ့ တမန်တော် မုဟမ္မဒ်မွတ်စ်တွဖှာ (ဆွ)က သူ့လူမျိုး၊ (အရဗ်/ကူရိုက်ရှ်)တွေရဲ့ ဓလေ့စရိုက်ယဉ်ကျေးမှုတွေကို Promote လုပ်ဖို့လာတာမဟုတ်ဘူး။ အရဗ်ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို Promote လုပ်ဖို့ တမန်တော်ကို အလ္လာဟ်စေလွှတ်ခဲ့တာ မဟုတ်ဘူး။ တမန်တော်မြတ်ကလဲ အရဗ်ယဉ်ကျေးမှုကို Export မလုပ်ခဲ့ဘူး။ ကျွန်တော်တို့က Import လုပ်တာ။
တမန်တော်ကို ချစ်လို့ အရဗ်ယဉ်ကျေးမှုကို ချစ်တာရတယ်။ ပြဿနာ မရှိဘူး။ အရဗ် ၀တ်စုံကို တမန်တော်ကို ချစ်လို့ဝတ်တာဝတ်ပါ။ နောက်တစ်ချက်က တမန်တော် စွန်ပလွန်သီးကြိုက်တယ်။ ကြိုက်ကောင်း ကြိုက်နိုင်တယ်။ ဒါပေမယ့် ကျုပ်ရဲ့ အွမ္မသ်တွေ၊ ခင်ဗျားတို့လည်း စွန်ပလွန်သီးကြိုက်ကြပါ၊ ကြိုက်ရမယ် လို့ ပြောခွင့် တမန်တော်မှာမရှိဘူး။ ဒီအာယသ်မှာ အလ္လာဟ်ပြောတာ။ တမန်တော် စွန်ပလွန်သီးကြိုက်တယ် စားတယ်။ ဒါကြောင့်ငါလည်း ကြိုက်တယ်။ စားတယ်။ ရတယ်။ ဘာပြဿနာမှ မရှိဘူး။ ဒါပေမယ့် တမန်တော်ကြိုက်လို့၊ စားလို့၊ မင်းတို့စားရမယ်လို့ ကြိုက်ရမယ်လို့ တမန်တော်တောင် မပြောခဲ့တာ။ ပြောခွင့်မရှိခဲ့တာ။ ကျနော်တို့ ခင်ဗျားတို့ကရော ပြောခွင့်ရှိပါ့မလား။ တမန်တော်မြတ်ကလည်း စွန်ပလွန်သီးစားဖို့၊ မိန်းမတွေ အများ ကြီးယူဖို့ စသဖြင့် ဘာမှမမှာခဲ့ဘူး။ ဘူးသီး၊ ကြိုက်လားခင်ဗျား။ စားပေါ့။ မကြိုက်လို့ မစားတဲ့လူကို မစားရကောင်း လားလို့ ပြဿနာမရှာနဲ့ပေါ့။ ဒါဆိုကမ္ဘာကြီး အလွန်ငြိမ်းချမ်းသွားမယ်။ ပြဿနာက အဲဒီမှာ။ အစ္စလာမ့်ယဉ်ကျေးမှုဆိုတာတွေ ဘာလို့ဖြစ်လာလဲဆိုရင် အဲဒါတွေကို ဆွဲသွင်းလို့ဖြစ်တာ။
အစ္စလာမ်ဆိုရင် စွန်ပလွန်သီးစားရမယ်။ ပျားရည်ကြိုက်ရမယ်။ တမာကိုင်းနဲ့ သွားတိုက်ရမယ်။ မြေကြီး ပေါ်မှာထိုင်ပြီး ထမင်းစားရမယ်။ ပန်းကန်ပြောင်သွားအောင် လျှာနဲ့ယက်ရမယ်။ ဒါတွေကို အစ္စလာမ်ထဲဆွဲသွင်း လာတော့ တစ်ဖက်က ဒါတွေဟာ အစ္စလာမ့်ယဉ်ကျေးမှုလို့မြင်သွားတယ်။ ကိုယ့်လူတွေကလည်း သဘောကျ လက်ခံထားလိုက်ကြတယ်။ စီးပွားရေးသမားတွေကလည်း ဂွင်ပဲဆိုပြီး လုပ်စားလိုက်ကြတယ်။ ဒါတွေက လူတွေ ပုံဖော်လာခြင်းသာဖြစ်တယ်။ အလ္လာဟ်မပြောထားသလို အလ္လာဟ့်တမန်တော်လည်း မပြောထားဘူး။
ဒါကြောင့် ကုရ်အာန်ရဲ့ ပြဌာန်းချက်မဟုတ်တဲ့ ဘယ်အရာကိုမှ ကျွန်တော်တို့က တမန်တော်မြတ်ရဲ့ ခေါင်းပေါ်ပုံချဖို့ မကြိုးစား ကြနဲ့။ ကုရ်အာန်ရဲ့ပြဌာန်းချက်မဟုတ်တဲ့ ဘယ်အချက်ကိုဖြစ်စေ ကျွန်တော်တို့ကပိုကဲပြီးလုပ်ရင် ဒေါက်တာ ဇာကိရ်နိုက် စကားနဲ့ပြောရရင် ကျွန်တော်တို့လည်း တခြားဘာသာတွေလိုပဲဖြစ်သွားမှာ အမှန်ပဲ။ သူတို့ကလည်း သူတို့ရဲ့ ဘုရား သခင်ဆိုသူတွေ မပြောခဲ့တာကို ပြောခဲ့ပါတယ်ဆိုပြီး လုပ်ချင်ရာလုပ်နေကြတယ်ဆိုပြီး ကျွန်တော်တို့က သူများဘာသာတွေကို စွပ်စွဲနေတာ။ ကျွန်တော်တို့ကရော ထူးလို့လား။ အလ္လာဟ်နဲ့ တမန်တော် မပြောထားဘူး။ ဒါပေမယ့် ကျနော်တို့က ပြောခဲ့တဲ့ ပုံစံမျိုး အချိုးချိုးတယ်။
အလ္လာဟ့်ပြဌာန်းချက်မဟုတ်တာကို တမန်တော် လုပ်ခဲ့လို့ လုပ်တာလောက်က ပြဿနာမရှိပေမယ့် ဒါဟာ အစ္စလာမ့်ယဉ်ကျေးမှု ခင်ဗျားတို့လည်းလုပ်ကြပါ လုပ်ရမယ်ဆိုတာကျတော့ ပြဿနာရှိတယ်။ မနှစ်ကဆို ဘရူနိုင်း နိုင်ငံမှာ ခရစ်စမတ်မလုပ်ရဘူးဆိုပြီး ပြဿနာကြီးကြီးမားမားဖြစ်ခဲ့တယ်။ အလ္လာဟ်တားထားလို့လား။ ဘာလို့ ဒါတွေဖြစ်လာရသလဲ။ အစ္စလာမ်ယဉ်ကျေးမှုဆိုတာကြီးက ခရစ်စမတ်ကို လက်မခံဘူး။ ဒီတော့ ကမ္ဘာ့မီဒီယာ တွေက အစ္စလာမ်ကို အပြစ်ရှာရေးကြတာပေါ့။ အဲဒါအလ္လာဟ်တားထားလို့လား။ ဘယ်ကနေ ဘယ်လိုဖြစ်လာသလဲ။ ရရှီအသ်မှာ မရဘူး။ ပြဿနာက ရှရီအသ်ဖက်ကို လှည့်သွားပြန်ရော။ ရှရီအသ်ကဘာလဲ။
ရှရီအသ်မှာ သီချင်းဆိုလို့ရလား။ မရဘူး နော်။ ရှရီအာသ်မှာ ရုပ်ရှင်ကြည့်လို့လည်းမရဘူးနော်။ လူတွေပုံဖော်ထားတဲ့ အခြေအနေ။ ခင်ဗျားတို့ အဲလိုရှရီအာသ်ကို တကယ်လက်ခံလား။ အဲဒါဆို ဘရူနိုင်းဘုရင်နဲ့ ပေါင်းလိုက်။ အဲဒီအတိုင်းသွား ။ ဘာလို့ လဲ။ လူတွေပုံဖော်ထားတဲ့ ရှရီအသ်မှာ ဒါတွေရှိတာကိုး။
တကယ်တော့ အစ္စလာမ်ရဲ့ရှရီအာသ်အမှန်က ကုရ်အာန်ပဲဖြစ်တယ်။ ကုရ်အာန်နဲ့ပဲ စံနှုန်းထားပြီး ဆုံးဖြတ် ရမယ်။ မှတ်ကျောက်ဖြစ်ရမယ်။ အခုလူတွေ တော်တော်များများ ရှရီအာသ်လို့ပြောဆိုလက်ခံပြီး ငြိမ်းချမ်းရေးပွဲတွေ မှာ သံစဉ်တွေနဲ့ ဆုတောင်းနေကြတယ်။ ပြောတော့ ကဗျာရွတ်တာတဲ့။ သူတို့ရှရီအာသ်က ပြောတာ ဂီတ အားလုံး လက်ခံလို့မရဘူး။ က၀ါလီလည်းမရဘူး။ ရားနဗီလည်းမရဘူး။ သံစဉ်ပါတယ်။ ဂီတရဲ့ သဘောမှာကိုက ဆူညံသံနဲ့ သာယာသံဆိုတာရှိတယ်။ သာယာသံ အားလုံးဟာ ဂီတထဲမှာပါတယ်။ အဇာန်ပေးတာသံစဉ်နဲ့။ ခင်ဗျားတို့ နမားဇ်ဖတ်တော့ ရှေ့ဆောင်ဆရာက အလ်ဟမ်ဒုလိလ္လာဟ်နဲ့စူရာဟ်ကို သံစဉ်နဲ့ဖတ်တာ။ အဲဒါ ဂီတအမျိုးအစားပဲ။ အမှန်ဆိုဒါမျိုးလည်းဖတ်လို့ရပါ့မလား။ တစ်ချို့အဲဒီလိုမဖတ်ရဘူးလို့ တားတာရှိတယ်နော်။ ဆိုလိုတာက ကျွန်တော် တို့ရဲ့လူ့အဖွဲ့အစည်းက ကိုယ့်ဘာသာကိုယ်ဘောင်ခတ်ထားတဲ့ အချက်တွေ၊ အလ္လာဟ်တားထားတာမဟုတ်ဘူး။ ဒါတွေနဲ့ ကျွန်တော်တို့ဟာ နှစ်ပေါင်းများစွာ ကြာလာတော့ ချောင်တစ်ချောင်မှာ ပိတ်မိနေတဲ့အခြေအနေဖြစ်နေ တာ။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၃၀ အာယသ် ၂၂ မှာ `အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော် များ မိုးကောင်းကင် ကမ္ဘာမြေကြီးစတာတွေ အများကြီးရှိတယ်။ ဟောဒီလောကကြီးထဲမှာ အသင်လူသားတို့ကို ဘာသာစကားအမျိုးမျိုး၊ အသွေးအရောင်အမျိုးမျိုး ကွဲကွဲပြားပြား၊ ခြားခြားနားနား ငါအရှင်စီမံတော်မူတယ်။ အမဲရောင်တွေ၊ အနီရောင်တွေ၊ အဖြူရောင်တွေအများကြီး ကမ္ဘာ့လူ့အဖွဲ့အစည်းကို သုတေသနပြုတဲ့အခါမှာ အများကြီးရှိတယ်။ အကြမ်းဖျဉ်းပြောရရင် ဟို အမေရိကားမှာရှိတဲ့ လူတစ်ယောက်အနေနဲ့ အရှေ့တောင်အာရှမှာ ရှိတဲ့လူတွေကို ကြည့်ရင် သူ့မျက်စိထဲမှာ အကုန်အတူတူလိုပဲ။ ယိုးဒယားနဲ့ ရှမ်းနဲ့ လာအိုနဲ့ ဗီယက်နမ်နဲ့ ကမ္ဘော ဒီးယားနဲ့ မြန်မာနဲ့ အကုန်အတူတူပဲ။ အမေရိကားကို ရောက်ရင် သူတို့သိပ်သိမှာမဟုတ်ဘူး။ သူသိတာက အရှေ့ တောင်အာရှကလူတွေ။ ဘယ်နိုင်ငံ ဘယ်လူမျိုးဆိုတာ တိတိကျကျ ပြောဖို့မလွယ်ဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံကလူတွေကလည်း ဥရောပ၊ အနောက်နိုင်ငံကလူတွေ လူတွေလာရင်လည်း ကျွန်တော်တို့ ဘယ်လိုခေါ်လဲ အင်္ဂလိပ်တွေလာတယ်။ သေသေချာချာသိလား။ ဒိန်းမတ်လား။ ဂျာမဏီလား။ အီတာလျံလား။ စပိန်လား၊ ပြင်သစ်လား၊ ဒါမသိနိုင်ဘူး။ ဒါပေမယ့် အဲဒီအထဲမှာလည်း အလ္လာဟ်က ကွဲကွဲပြားပြား ဖန်ဆင်းထားသေးတယ်။ အာဖရိကဆို ပိုဆိုးသေး။ အဲဒီမှာ လည်း အများကြီးကို ကွဲပြားနေတာရှိတယ်။ ဟူတူနဲ့ တွတ်စီချကြတာ ရ၀မ်ဒါမှာ လူတွေအများကြီးသေကြတယ်။ ကျနောတို့ ဘယ်ဟာတွတဆီ ဘယ်ဟာ ဟူတူဆိုတာမခွဲနိုင်ဘူး။ သူတို့ ကသိတယ်။ ဟူတူ ဘယ်သူလဲ။ တွတ်စီဘယ်သူလဲဆိုတာ။ ကျွန်တော်တို့မသိဘူး။ ကျွန်တော်ပြောချင်တာက အလ္လာဟ်အရှင်မြတ်က လူသားတွေကို အဲဒီလို အသေးစိတ်ကွဲကွဲပြားပြား ခြားခြားနားနား ဖန်ဆင်းထားတယ်။ ဘာသာစကားတွေလည်း မတူဘူး။ အဲဒီလိုကွဲပြားခြားနားမှုတွေကို အလ္လာဟ်ကိုယ်တိုင် လုပ်ထား တယ်ဆိုတာကို ပြောချင်တာ။
ကွဲပြားမှုတွေ မတူညီမှုတွေ နဲ့ပတ်သက်ပြီး ခင်ဗျားတို့ ကျွန်တော်တို့ ဘာမှဒေါသထွက်၊ သောကရောက်နေစရာမလိုဘူး။ ကွဲပြား ခြားနားမှုတွေကို အလ္လာဟ်က ဖန်တီးထားတာ။ တစ်နည်းအားဖြင့် အလ္လာဟ်လက်ခံထားတာ Diversity ကို။ ဒါဆိုရင် အစ္စလာမ်က လက်မခံဘူးလို့ ဒီကနေ့ ဘာဖြစ် လို့ ကမ္ဘာကြီးကထင်နေတာလဲ။ အစ္စလာမ်က ကွဲပြားမှုကို လက်မခံဘူး။ အစ္စလာမ်မိုက်ဇေးရှင်းပဲလုပ်နေကြတယ်။ စွပ်စွဲချက်တွေ။ အစ္စလာမ့်ယဉ်ကျေးမှုနဲ့ ပြဿနာတက်သွားမယ်။ အစ္စလာမ်ကို အိမ်မငှားနဲ့။ မရောင်းနဲ့။ ရွာထဲပေး မ၀င်နဲ့ စတဲ့ တစ်ဖက်စွန်းရောက်မြင်လာကြတာ ဘာကြောင့်လဲ။ အစ္စလာမ့်ယဉ်ကျေးမှုကြီးက လွှမ်းမိုးသွားမယ် ဆိုပြီးမြင်တဲ့အတွက် ဒီလိုဖြစ်နေတာဖြစ်တယ်။
တကယ်တော့ အစ္စလာမ်က Diversity ကို လက်ခံထားပြီးသား။ ကုရ်အာန် စူရာဟ် ၃၅ အာယသ် ၂၈ မှာ ပြောတာက `လူတွေအများကြီး တိရစ္ဆာန်တွေအများကြီးကို အရောင်အသွေးစုံလင်စွာနဲ့ အလ္လာဟ်ဖန်ဆင်းထား တယ်။ အဲဒီလို အရောင်အသွေးစုံလင်စွာနဲ့ ဖန်တီးထားတဲ့ အချက်က ဘယ်သူတွေက အသိအမှတ်ပြုနိုင်မလဲ ဆိုတော့ (အီဗားဒီဟိလ် အုလမာ) အာလင်မ်တွေ အုလမာတွေပဲသိမှာတဲ့။ ဒီကိစ္စကို နားလည်သဘောပေါက်နိုင်မှာ အာလင်မ်တွေ။ မိချောင်းတွေရဲ့ သဘောသဘောဝကို အာလင်မ်တွေသိမှာတဲ့ဗျာ။ လူတွေရဲ့ ဂျင်းန်စ်။ ဘယ်နှအုပ်စုရှိ သလဲ။ ဘယ်လိုဆင်းသက်လာသလဲ စတဲ့လူသားဗေဒပညာရှင်တွေ မရှိဘူးလား။ အဲဒီလူတွေက အာလင်မ်တွေလို့ ကုရ်အာန်ကပြောတာ။ ကျွန်တော်ပြောတာမဟုတ်ပါ။ ပြောချင်တာက ကမ္ဘာကြီးမှာ ကွဲပြားခြားနား၊ အရောင်အသွေး စုံစုံလင်လင် အလ္လာဟ်ဖန်တီးထားတဲ့ စနစ်ဇယားတွေကို လေ့လာလိုက်စားပြီး အသိအမှတ်ပြုနိုင် တဲ့လူတွေဟာ အာလင်မ်တွေ၊ ဂျာဟီလ်တွေမဟုတ်ဘူး။ ဂျာဟီလ်တွေက အသိအမှတ်မပြုနိုင်ဘူး။ ဂျာဟီလ်ဆို တာ ဘာလဲ။ သူယုတ်မာ။ ရင်ထဲမှာရှိတဲ့ အယုတ်တမာတွေကို လက်တွေ့လည်းလုပ်မယ်။ ပါးစပ်ကလည်း ထုတ်ပြီးပြောမယ်။ မင်းတို့ကို အသိအမှတ်မပြုဘူး။ မင်းနဲ့ငါနဲ့ မတူဘူး။ မင်းအိမ်မှာ ထမင်းစားလို့ မရဘူး။ ရေသောက်လို့ မရဘူး။ ဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေလုပ်ရင် ဂျာဟီလ် ပဲ။ ကုရ်အာန်ကပြောတာ။
အာလင်မ်တွေက အသိအမှတ်ပြုတယ်။ အားလုံးကို ဖြစ်နိုင်လောက်တဲ့ အတွေးအခေါ် အရည်အသွေးတွေ အလ္လာဟ်ပေးထားတယ်။ အဲဒီ အရည်အသွေးတွေကို ထုတ်နုတ်ပြီး အသုံးချတယ်။ တောင်တွေရဲ့ သဘောသဘာ ၀ကို သိရအောင် အုလမာရုံးတွေကို ကျွန်တော်တို့ သွားကြည့်ရမှာပေါ့။ သူတို့လေ့လာထားတာ ရှိမလားမသိဘူး။ အလ္လာဟ်အရှင်မြတ်ပြောထားတာလေ။ ကမ္ဘာမြေပေါ်မှာ လူ၊ တိရစ္ဆာန်နဲ့ အခြားအရာတွေကို အရောင်အသွေး စုံစုံ လင်လင်၊ ကွဲကွဲပြားပြား ခြားခြားနားနား ဖန်တီးထားပြီး ဒါတွေကို အာလင်မ်တွေက သိရှိနားလည်သဘောပေါက် လက်ခံကြတယ်ဆိုတော့ ကျွန်တော်တို့ အာလင်မ်တွေကို ချဉ်းကပ်ပြီး မေးကြည့်ရမှာပေါ့။ အင်ဒိုနီးရှားက အုလမာ အဖွဲ့က ဟိုတလောက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ဘာတွေလုပ်သင့်တယ်ဆိုပြီး ထုတ်ပြန်တော့ ကျွန်တော် အရမ်းလေးစားသွားတယ်။ အုလမာက တောမီးမလောင်ရေး၊ သစ်တောတွေ ထိန်းသိမ်းရေးအတွက် ပညာပေး အစီအစဉ်တွေလုပ်ပြီး တရားဟောကြတယ်။
ပထမကျွန်တော် တော်တော်ဒေါသထွက်သွားတယ်။ ဒီလူတွေ ကြောင်တောင်တောင်နဲ့ ကိုယ်နဲ့မဆိုင်တာ တွေလုပ်နေတယ်ပေါ့။ ပြီးတော့မှ ဒီကုရ်အာန်အာယသ်ကြည့်မိမှ အလွန်လေးစားသွားတယ်။ အလ္လာဟ်ပြောထား တာကလည်း ဒီအလုပ်တွေလုပ်တဲ့လူတွေကို အာလင်မ်ခေါ်တာ။ ဒီအလုပ်တွေကို အသိအမှတ်မပြုနိုင်ဘူး။ နားမလည်နိုင်ဘူး လုပ်တဲ့လူတွေကို ရန်ရှာတယ်ဆိုရင် အဲဒါဂျာဟီလ်ပဲ။ အဲဒါ အာလင်မ်မဟုတ်တော့ဘူး။ ဒါကြောင့် ကျွန်တော်တို့ မသိတာတွေကို သိချင်တာတွေကို အာလင်မ်တွေကို ချဉ်းကပ်ပြီး မေးရမှာပေါ့။ နောက်ထပ် ရှိသေးတယ်။ တောင်တွေရဲ့ သဘောသဘာဝတွေ၊ ပင်လယ်ပြင်အကြောင်းတွေ၊ သဘာဝပတ်ဝန်း ကျင်အကြောင်းတွေ၊ လူတွေရဲ့အကြောင်းတွေ၊ ဒါတွေကို အလ္လာဟ်ကဖန်တီးထားတယ်။ ဒါတွေကိုလေ့လာစူးစမ်း သုတေသနပြုမှသာ အာလင်မ်တွေဖြစ်တယ်လို့ ကုရ်အာန်မှာ အလ္လာဟ်ကပြောထားတာပါ။
နောက်တစ်ခေါက် ကျွန်တော်အလှည့်ကျတဲ့အခါ Islamic Civilization ဘာကြောင့် အဲဒီလိုဖြစ်လာတာလဲ၊ ဒီကနေ့ ကမ္ဘာကြီးမှာ ဘာဖြစ်နေသလဲ။ နောင်တစ်ချိန်ဘယ်လို နိဂုံးချုပ်နိုင်သလဲဆိုတာကို တင်ြပပါ့မယ်ဆိုတာ ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။