Islamic Civilization (2) ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

Islamic Civilization (2)

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

လေးစားအပ်ပါသော ကြွရောက်လာကြသည့် ဂုဏ်သရေရှိ လူကြီးမင်းများခင်ဗျား
ယခုလို တည်ငြိမ်အေးချမ်းစွာနဲ့ ခွတ္တဗာဟ်နဲ့ဆွလားသ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ဦးစွာ အလ္လာဟ်အရှင်မြတ်ကို ချီးမွမ်းထောပနာပြုအပ်ပါတယ်။`အလ်ဟမ်ဒုလိလ္လာဟ်´
ကြွရောက်လာကြတဲ့ လူကြီးမင်းများ အပေါ်သို့လည်း ရဟ်မသ်၊ ဘရ်ကသ်မင်္ဂလာအဖြာဖြာ ကျရောက်ပါ စေကြောင်း ဆန္ဒပြုရင်းဆုမွန်ကောင်း တောင်းအပ်ပါတယ်။ အတ်စလာမုအလိုင်းကွန်းမ်၊ ၀ရဟ် မသွလ္လားဟိ ၀ဘရကားသုဟု —
ကျွန်တော်ဒီကနေ့ ဟောပြောတင်ပြဖို့ ရွေးချယ်ထားတဲ့ခေါင်းစဉ်က (12-5-2017) ရက်နေ့က ကျွန်တော်တာဝန်ကျတဲ့ အပတ်ကတင်ပြခဲ့တဲ့ Islamic Civilization ရဲ့ (အပိုင်း-၂) ဖြစ်ပါတယ်။ မြန်မာမှုပြုရင်တော့ `အစ္စလာမ်နှင့်ယဉ်ကျေးမှု´ဆိုတာဘာလဲ။ ပထမပိုင်း တင်ပြခဲ့တာကိုပြန်ပြိး Remind လုပ်ရမယ်ဆိုရင် Islamic Civilization (အစ္စလာမ်ယဉ်ကျေးမှု)၊ ဆိုတာက ကမ္ဘာပေါ်မှာ ဒီကနေ့တော်တော်ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်းနေတဲ့ ဝေါဟာရတစ်ခုပါ။ ကျွန်တော်ပထမပိုင်းကို ပြောကြားခဲ့စဉ်က မိတ်တွေတစ်ယောက်နှစ်ယောက်က အကြိမ်ကြိမ်လာပြော ကြတာက ကျွန်တော့်ရဲ့ ပြောဆိုတင်ပြမှုအားနည်းတဲ့အပေါ်မှာ ကျွန်တော်ရဲ့ပြောကြားမှုတွေ၊ ဟောပြောတင်ပြမှုတွေက နားလည်မှုလွဲမှားနိုင်တယ်ပေါ့။ ဒါကြောင့် ဒီကနေ့လည်း ကြိုတင်ပြီးမေတ္တာရပ်ခံချင်ပါတယ်။ ဒီ Islamic Civilization ဆိုတာက ကမ္ဘာပေါ်မှာ သုံးနေတာရှိပါတယ်။ Islamic Culture ဆိုတာလည်း ရှိပြီးသား။ Islamic University ဆိုတာလည်း အများကြီး။ Islamic Art ဆိုပြီးတော့လည်း သတ်မှတ်ထားတာ အများကြီး။ အဲဒါတွေကို ကျွန်တော်က ဝေဖန်ထိုးနှက်တိုက်ခိုက်ပြီးတော့ အဲဒါတွေမရှိပါဘူး။ အဲဒါတွေအလုပ်မဖြစ်ပါဘူးလို့ ဝေဖန်ဆွေးနွေး နေတာမဟုတ်ပါဘူး။ အဲဒီအပိုင်းကို ကျွန်တော်ဆွေးနွေးမှာ မဟုတ်ပါဘူး။
ကျွန်တော်ဆွေးနွေးနေတာက အဲဒီ အစ္စလာမ်ယဉ်ကျေးမှုလို့ ဒီကနေ့လူတွေနားလည်သဘောပေါက်ပြီး ပြောနေတဲ့ကိစ္စက ကျမ်းမြတ်ကုရ်အာန်က ပုံဖော်ခိုင်းတဲ့ စနစ်ဇယားတစ်ခု ဟုတ်၊ မဟုတ်ဆိုတာကို ကျွန်တော် ပြောချင်တာ။ တမန်တော် မုဟမ္မဒ်(ဆွ)က ဒီလူ့လောကကြီးကိုရောက်လာပြီးတော့ အစ္စလာမ်ကိုပေးတဲ့အခါမှာ၊ ကုရ်အာန်နဲ့လူ့ဘ၀တည်ဆောက်မှုစနစ် Code of Life တနည်းအားဖြင့် Way of Life ကို ချပြခြင်းဖြစ်တယ်။ ယဉ် ကျေးမှုတစ်ရပ်ကို တည်ထောင်ဖို့ လာတာမဟုတ်ပါဘူး။ ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့အခြား အချက်အလက်တွေကို တစ်စုံတစ်ရာလုပ်ဖို့လာတာ မဟုတ်ဘူး။ နောက်ပိုင်းမှာ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ ပြဿနာတွေ ဟာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့လုံးဝ မသက်ဆိုင်ဘူးဆိုတာ အဓိကထားပြီးဆွေးနွေးစေချင်တာပါ။
ပြီးခဲ့တဲ့အပတ်က ကျွန်တော်ဘာပြောခဲ့သလဲဆိုတော့ လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်လောက်က ဆင်မြူရယ် ဟိုင်တင်တန်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က ယဉ်ကျေးမှုခြင်းတွန်းတိုက်မိခြင်း ဆိုတဲ့ စာအုပ်တစ်အုပ်ရေးပါတယ်။ သူ့ရဲ့အတွေးအခေါ်ကဘာလဲဆိုတော့ ကမ္ဘာကြီးမှာ ကျောက်ခေတ်ကလည်း စစ်တွေဖြစ်တယ်။ စီးပွားရေး၊ နယ်ပယ်ချဲ့ထွင်ရေး စတာတွေကြောင့် ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်တွေဖြစ်ခဲ့ပါတယ်။ အဲဒီလိုစစ်ဖြစ်လာရင်းနဲ့ ဘယ်အထိရောက်လာသလဲဆိုတော့ ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့အခါမှာ ကမ္ဘာပေါ်မှာ စစ်အေးခေတ်ဆိုတာကြုံလာ ရတယ်။ အိုင်ဒီယာတိုက်ပွဲ၊ ဆိုရှယ်လစ်နဲ့ ဒီမိုကရေစီနဲ့ ကွန်မြူနစ်နဲ့ စသဖြင့် စစ်ပွဲအသွင်သဏ္ဍာန်ပြိုင်ဆိုင်မှုတွေ ဖြစ်လာတယ်။
သူက အဲဒီအချိန်မှာ ဘာဟောကိန်းထုတ်လိုက်သလဲဆိုရင် နောင်တစ်ချိန်တစ်ခါမှာ စစ်ဖြစ်လို့ရှိရင် ယဉ်ကျေးမှုချင်း ပွတ်တိုက်မိမှာပါတဲ့။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံဖြစ်တာထက်စာရင် နိုင်ငံတခုအတွင်းထဲမှာတင် ယဉ်ကျေးမှုမတူညီတဲ့ လူအချင်းချင်း တိုက်ကြခိုက်ကြလိမ့်မယ်လို့ ဟောကိန်းထုတ်ရေးသားခဲ့ပါတယ်။ သူ Highlight လုပ်ပြတာက Islamic Civilization ပေါ့။ Islamic Civilization က ကမ္ဘာကြီးနဲ့အဆင်မပြေဘူး။ ဥပရောပနဲ့လည်း အဆင်မပြေဘူး။ အမေရိကနဲ့လည်း ပြဿနာတက်မယ်။ အာရှမှာလည်း ပြဿနာဖြစ်မယ်။ သူပြောချင်တဲ့သဘောကို သုံးသပ်ကြည့်တော့ မြန်မာနိုင်ငံအတွင်းမှာလည်း Islamic Civilization ဆိုပြီးတော့ နားလည်မှုလွဲမှားစွာနဲ့ မွတ်ဆလင်မ်နဲ့ပတ်သက်ပြီးပြောတဲ့အခါကျတော့ အဆင်မပြေဘူးလို့ပြောဆိုတာတွေ ရှိလာတဲ့အခါမှာကျွန်တော့်အနေနဲ့ဒီခေါင်းစဉ်ကိုရွေးချယ်ပြီးတင်ပြရခြင်းဖြစ်ပါတယ်။ ကျွန်တော်ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုပြခဲ့ပါတယ်တယ်။ ယဉ်ကျေးမှုတစ်ခုဖြစ်ဖို့ ဘာတွေလိုသလဲ။ မြန်မာ့ယဉ်ကျေးမှု၊ ရှမ်းယဉ်ကျေးမှု၊ ကရင်ယဉ်ကျေးမှု၊ မွန်ယဉ်ကျေးမှု၊ အင်ဒီယန်ယဉ်ကျေးမှု၊ တရုတ်ယဉ်ကျေးမှု၊ အာဖရိကန် ယဉ်ကျေးမှု စသဖြင့်၊ အဲဒီလိုယဉ်ကျေးမှုလို့ပြောလိုက်ပြီဆိုရင် အဲဒီယဉ်ကျေးမှုဆိုတဲ့ ခေါင်းစဉ်ကြီး အောက်မှာ ဘာတွေပါရမလဲဆိုရင်၊အခြေခံအားဖြင့် လူမျိုးဆိုတာ ပါရမယ်။ ယဉ်ကျေးမှုဆိုမှတော့ လူမျိုးကို အခြေခံမှာပေါ့။ လူမျိုး ဆိုတာရှိရမှာပေါ့။ ဥပမာ မွန်ယဉ်ကျေးမှုဆိုလိုက်တာနဲ့ မွန်လူမျိုးဆိုတာရှိရမှာပေါ့။ အိန္ဒိယဉ်ကျေးမှုဆိုရင် အိန္ဒိလူမျိုး တွေကို အခြေခံမှာပေါ့။ ဘာသာစကားတွေရှိတယ်။ စာပေတွေရှိတယ်။ အနုပညာတွေရှိတယ်။ အပြောအဆို၊ အမူ အကျင့်၊ စရိုက်လက္ခဏာတွေ အသွင်အပြင်၊ Identity ၊ နေရာဒေသ စီးပွားရေး၊ ကုန်ကူးသန်းရောင်းဝယ်ရေး၊ အစားအသောက်၊ အ၀တ်အစား၊ ဓလေ့ထုံးတမ်းအစဉ်အလာ။ အဲဒါတွေအားလုံးဟာ ယဉ်ကျေးမှုတစ်ခုဖြစ်တည်ဖို့ အတွက် အထောက်အပံ့တွေဖြစ်တယ်။
အစ္စလာမ့်ယဉ်ကျေးမှုလို့ ကျွန်တော်တို့က ပြောလိုက်မယ်ဆိုရင် အစ္စလာမ်က ဘယ်လူမျိုးကို အခြေခံတာ လဲ။ ကျွန်တော်မေးခွန်းထုတ်ပြီ။ ဖြေရခက်ပြီ။ အစ္စလာမ်က ဘယ်အစားအသောက်တွေစားတဲ့ လူတွေကို အစ္စလာမ် လို့ခေါ်တာလဲ။ စွန်ပလွန်သီးစားတဲ့လူတွေကို ခေါ်တာလား။ အစ္စလာမ်က ဘယ်အ၀တ်အစားဝတ်တဲ့လူတွေကို အခြေခံတာလဲ။ ကျွန်တော်တို့က အစ္စလာမ်ယဉ်ကျေးမှုဆိုတဲ့ ဆိုင်းဘုတ်ကြီးကို စိုက်ထူမယ်ဆိုရင် ဒီလိုမေးခွန်း တွေကို ဖြေရလိမ့်မယ်။ အ၀တ်အစား၊ အစားအသောက်၊ အနုပညာ၊ အစ္စလာမ်ရဲ့အနုပညာဆိုတာ ဘာလဲ။ Islamic Civilization မှာရှိတဲ့ အနုပညာလက်ရာတွေဆိုတာက ဥပမာ စပိန်မှာရှိတဲ့ အနုပညာလက်ရာတွေဆိုပါ တော့။ အရဗ်တွေ မွတ်ဆလင်မ်ဖြစ်ပြီး စပိန်ကိုရောက်တော့ အနုပညာလက်ရာတွေတည်ဆောက်တယ်ဆိုပေမယ့် သူတို့ (အရဗ်)တွေဟာ မွတ်ဆလင်မ်မဖြစ်ခင်ကတည်းက အရဗ်အနုပညာလက်ရာတွေရှိခဲ့ပြီးသားပဲလေ။ တရုတ်ပြည်ကိုရောက်တယ်။ အိန္ဒိယကိုရောက်တယ်။ နောက်ဆုံးမြန်မာပြည်လည်း ရောက်ခဲ့တယ်။ ဒါပေမယ့် အဲဒီအနုပညာလက်ရာမှန်သမျှဟာ မွတ်ဆလင်မ်ဆိုတာ မဖြစ်ခင်ကတည်းက ရှိခဲ့ပြီးသား။ ဒါပေမယ့် သူတို့မွတ်စလင်မ်ဖြစ်ပြီးမှ အနယ်နယ်အရပ်ရပ် အတိုင်းတိုင်းအပြည်ပြည်ကို ရောက်တော့ ဒီအနုပညာလက်ရာတွေ ဟာ အစ္စလာမ့်ယဉ်ကျေးမှုလို့ သတ်မှတ်လိုက်ကြတယ်။
ဒါက ကောင်းပါတယ်။ ဂုဏ်ယူစရာဘဲပေါ့။ ဒါကို မကြိုက်စရာ၊ ရှုတ်ချစရာမရှိပါဘူး။ သို့သော် ကျွန်တော် တို့ သေချာနားလည်ထားရမှာက အစ္စလာမ်ယဉ်ကျေးမှုဆိုပြီး ပလီဆောက်တဲ့အခါ ဂွန်ဗတ်ပါရမယ်လို့ပြောထားတာ မဟုတ်ဘူး။ ကုရ်အာန်ရဲ့ လမ်းညွှန်ချက်လည်းမဟုတ်ဘူး။ သူ့လူမျိုး သူ့ယဉ်ကျေးမှု၊ သူ့အနုပညာလက်ရာတွေနဲ့ လုပ်ဆောင်သွားကြတာဖြစ်တယ်။ ဒါလောက်ဆိုရင် ကျွန်တော်တို့ရဲ့ အစ္စလာမ်သည် ယဉ်ကျေးမှုတစ်ရပ်ကို ထူထောင်ဖို့ ရောက်လာတာမဟုတ်ဘူးဆိုတာကို အကြမ်းဖျဉ်းသိထားလိုက်ရပြီ။
ဆရာကြီး ဦးဃနီ(အစ္စလာမ် ကောင်စီ၊ အတွင်းရေးမှူးချုပ်ဟောင်း) ရဲ့ အမှာစာတစ်ခုကိုလည်း ကျွန်တော် Refer လုပ်ပါတယ်။ အစ္စလာမ်သည် သီးခြား လူမျိုးတစ်မျိုးတီထွင်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ သီးခြားတိုင်းပြည်နိုင်ငံ တည်ထောင်ရန် ကျရောက်လာခဲ့ခြင်း မဟုတ်။ သီးခြားလူ့ယဉ်ကျေးမှုတစ်ရပ် ဖော်ဆောင်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ ရှိပြီးသား ယဉ်ကျေးမှုများကို တိုက်ဖျက်ရန်ကျရောက်လာခဲ့ခြင်းမဟုတ်။ ရှိပြီးသား ၀တ်စားဆင်ယင်မှုများကို ချိုးဖောက်ရန် ကျရောက်လာခဲ့ခြင်း မဟုတ်။ တိုင်းပြည်နိုင်ငံများ၊ လူမျိုးများကို ဖျောက်ဖျက်ပစ်ရန် ကျရောက်လာခဲ့ခြင်းမဟုတ်။ တော်လှန်ဖျက်ဆီးရန် ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်။
အစ္စလာမ်က ဘယ်လူမျိုး၊ ဘယ်တိုင်းနိုင်ငံမှာပဲဖြစ်ဖြစ် ကျမ်းတော်မြတ်ကုရ်အာန်က ညွှန်ကြားချက်တွေနဲ့ အညီ အစ္စလာမ်ကို သက်ဝင်ယုံကြည်မယ်ဆိုရင် သူ့လူမျိုး၊ သူ့ယဉ်ကျေးမှုကို မစွန့်လွှတ်ပဲ။ စွန့်လွှတ်စရာမလိုဘဲနဲ့ မွတ်ဆလင်မ်ဖြစ်ခွင့်ရှိတယ်။ ကျွန်တော်ပြောချင်တာက ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ အစ္စလာမ်တွေ ဘယ်လိုမျိုး တိုင်းပြည်နိုင်ငံတွေမှာ လူ့ဘ၀တည်ဆောက်ကြမလဲ။ ကျွန်တော်တို့ မွေးဖွားနေထိုင်နေတဲ့ တိုင်းပြည်နိုင်ငံတွေမှာ ရှိတဲ့ ယဉ်ကျေးမှုတွေနဲ့ ဘယ်လိုသဟဇာတဖြစ်အောင်နေကြရမလဲဆိုတာပါ။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် အမှတ် ၂ အာယသ်အမှတ် ၂၁၃ မှာ — `လူသားအားလုံးတို့သည် တစ်သင်းတစ်ဖွဲ့ အုပ်စုတစ်စုတည်းသာဖြစ်၏။´ လူရယ်လို့ ဖြစ်လာရင် အလ္လာဟ်အရှေ့မှာ အုပ်စုတစ်စုတည်းဖြစ်တယ်။ လူကို အုပ်စု တစ်စုတည်းအဖြစ် သတ်မှတ်ထားတယ်။
အဲဒီလူအုပ်စုတစ်စုတည်းမှာမှ အရောင်အသွေးစုံလင်စွာ၊ ကွဲပြားခြားနားပြီးရှိနေစေခဲ့တယ်။ ဥပမာ အရှေ့ အလယ်ပိုင်း၊ အာဖရိကန်၊ ဥရောပ၊ အာရှစသဖြင့် နေရာဒေသကွဲပြားမှုအလိုက် ပုံစံအမျိုးမျိုးနဲ့ရှိနေစေတယ်။ ဒီတော့အဲဒီလို ကွဲပြားနေတဲ့ လူမျိုးစုတွေအားလုံးထံကို အလ္လာဟ်ကတမန်တော်တွေ စေလွှတ်ခဲ့တယ်။ အဲဒီ အုပ်စု တွေကို လမ်းညွှန်ဖို့အတွက် တမန်တော်တွေကို ၀ဟီပေးပြီး အလ္လာဟ်က စေလွှတ်ခဲ့တယ်။ အဲဒီအခါမှာ အဲဒီလူမျိုး စုတွေဟာ ရောက်လာတဲ့ ၀ဟီ(ကျမ်းဂန်)အပေါ်မှာ အငြင်းမပွားကြဘူး။ ဘယ်အချိန်မှာ ပြဿနာတက်သလဲဆို တော့ အဲဒီနဗီတမန်တော်လည်း မရှိတော့ရောလူတွေဟာ အကွဲကွဲအပြားပြားဖြစ်ပြီး ကိုယ့်သဘောကိုယ်ဆောင်၊ ကိုယ်နှစ်သက်ရာ ကိုယ်လုပ်လာကြတယ်။ အဲဒီအခါမှာ လူတွေကြားမှာ ပြဿနာတွေတက်လာကြတယ်။
အဲဒီအခါမှာ ဒီအာယသ်က ဖော်ပြထားတာက (အလ္လာဟ်အရှင်မြတ်က ကောင်းမွန်၊ မှန်ကန်သောသူများ အား လမ်းညွှန်ပြသတော်မူမယ်) မှားယွင်းသော လူများကတော့ လမ်းလွဲမှာရှိနေမှာပဲဖြစ်တယ်။
ကျွန်တော် ဒီနေရာ မှာ ဘာကိုတွေးမိသလဲဆိုတော့ ဘာသာတရားရဲ့နယ်ပယ်ဟာ တကယ်ကို ကျယ်ပြန့်တယ်။ ဘောင်ကျယ်တယ်။ နယ်နိမိတ်တွေ စည်းမျဉ်းတွေနဲ့ ကန့်သတ်ထားလို့မရဘူး။ မြန်မာနိုင်ငံရဲ့နယ်နိမိတ်ကို စည်းတစ်ခုကာပြီးတော့ အပြင်က ဘယ်ဘာသာမှလာလို့မရဘူးလို့ တားလို့ရမလား။ ဗုဒ္ဓဘာသာဆိုလည်း ရောက်လာမှာပဲ။ ခရစ်ယာန် လည်း ရောက်လာမှာပဲ။ အစ္စလာမ်ဆိုလည်း ရောက်လာမှာပဲ။ ဘောင်ကန့်ထားလို့မရဘူး။ ဗုဒ္ဓဘာသာဆိုလည်း အမေရိကကိုရောက်သွားတာဘဲ။ ပြင်သစ်ကိုလည်း ရောက်နိုင်တာပဲ။ ဂျပန်ကိုလည်း ရောက်နိုင်တာဘဲ။ နေရာ တကာကို ရောက်နိုင်တယ်။ ကမ္ဘာအရပ်ရပ်မှာ လူတွေရှိနေတဲ့နေရာမှန်သမျှကို ရောက်နိုင်တာပဲ။
သို့သော် စောစာက ကုရ်အာန်အာယသ်ကပြောတာက တမန်တော်တွေကိုစေလွှတ်တဲ့အခါမှာ တမန်တော် တွေကို ပို့ချခဲ့တဲ့ (အလ်ကိသာဗ်)ဆိုတဲ့ ၀ဟီလမ်းညွှန်ချက်တွေဟာ နယ်မြေအကန့်အသတ်မရှိဘူး။ ကျော်ပြီး ရောက်သွားတယ်။ ဒါပေမယ့် အဲဒီယဉ်ကျေးမှုဆိုတဲ့ လူ့ယဉ်ကျေးမှုနယ်ပယ်က အကန့်အသတ်ရှိတယ်။ နယ်နိမိတ် စည်းမျဉ်းဘောင်တွေကို ကျော်လို့မရဘူး။ တမန်တော် မုဟမ္မဒ်(ဆွ) ယူဆောင်လာတဲ့၊ အလ္လာဟ်လမ်းညွှန်ချက်ဝဟီက စည်းတားထားလို့မရဘူး။ နယ်မြေကန့်သတ်ထားလို့ မရဘူး။ ပိတ်ထားလို့ မရဘူး။ ရောက်သွားမှာပဲ။ တမန်တော်မြတ်က မက္ကာဟ်မှာ ဒုက္ခတွေအများကြီး ရောက်ခဲ့တဲ့(၁၃)နှစ်တာ ကာလမှာ ကြိုးပမ်းတာ လူ ၂၀၀ မပြည့်ဘူး။ (၁၃) နှစ် ပြည့်လို့ မဒီနာကို (ဟစ်ဂျရသ်)သွားတဲ့အခါမှာ မဒီနာမှာ မွတ်ဆလင်မ်တွေမြောက်များစွာ ဖြစ်နေကြပြီ။ အဲဒါဘာကြောင့်လဲဆိုတော့ ၀ဟီရပြီးတဲ့နောက်မှာ ဟိုဘက်ကို (ဒအ်ဝဟ်)လုပ်တာတွေ အများကြီးရှိခဲ့တယ်။
ဒါကြောင့် ကာဖိရ်ပြောပြော၊ မုရှ်ရိက်ပြောပြော၊ ဘယ်လိုပဲပြောပြော ၀ဟီရဲ့နယ်နိမိတ်ကို ဘယ်သူမှ မတားနိုင်ဘူး။ လူတွေရဲ့ယုံကြည်ချက်ထဲကို ၀င်သွားတာ။ တဖြည်းဖြည်း များလာတဲ့အခါမှာ တမန်တော်မြတ်က မဒီနာကို ထွက်ခွာသွားခဲ့တာ။ မက္ကာဟ်မှာ (၁၃)နှစ် သူကိုယ်တိုင်နေတာ အဆင်မပြေဘူး။ ဒါက ဘာကိုပြသလဲ ဆိုရင် ယုံကြည်ချက်နဲ့ ပတ်သက်ပြီး ၀ဟီရဲ့နယ်နိမိတ်က ကန့်သတ်ထားလို့ မရဘူး။ ဒါပေမယ့် စောစောက ပြောတဲ့ယဉ်ကျေးမှုဆိုတဲ့ နယ်နိမိတ်ကဘောင်ရှိတယ်။ အခုပဲကြည့်လေ။ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး အရဗ်ကမ္ဘာက မွတ်ဆလင်မ်တွေ အမေရိကားကို မ၀င်ရ။ မလာရ လုပ်ပြီလေ။ သူတို့က မွတ်ဆလင်မ်မလာရလို့ သာမာန်အားဖြင့် ပြောလိုက်တာက မွတ်ဆလင်မ်တစ်ဦးကို မြင်လိုက်တာနဲ့ ဒီ Islamic Civilization ဆိုပြီးတွဲမြင်တယ်။
ကျွန်တော်တို့က ဂုဏ်ယူခဲ့တယ်။ ဘယ်လိုခမ်းနားတယ်။ Islamic Civilization၊ အစ္စလာမ်ရှရီအာ။ ဒါပေမယ့် တစ်ဖက်က ကမ္ဘာကြီးမှာ ဘယ်လိုဖြစ်နေလဲ။ စောစောက ဆင်မြူရယ်ဟိုင်တင်တန်စွပ်စွဲထားသလိုမျိုး ကမ္ဘာကြီးက Islamic Civilization ကိုလက်မခံဘူး။ အဆင်မပြေဘူးလို့ မြင်နေပြီ။ အခြားဘာသာတရား၊ ယဉ်ကျေး မှု၊ ဓလေ့ထုံးတမ်းတွေနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတယ်။ သီချင်းဆိုလို့မရ။ ခရစ်မတ်ပွဲ ကျင်းပလို့မရ။ ဘာသာရေးပွဲ တော်တွေ ကျင်းပလို့မရ စသဖြင့်မြင်နေကြတယ်။ အဲဒီတော့ သူတို့က မွတ်ဆလင်မ်တွေ မရှိတာပိုကောင်းတယ်။ ဒါက ရိုးရိုးလေးတွေးလိုက်တာ။ သာမန်အရပ်က အတွေးမျိုး။
အဲဒီလိုဘဲ ကမ္ဘာကြီးကလည်း အဲဒါတွေကိုဆွဲထုတ်ပြီး Islamic Civilization က အစ္စလာမ်မဟုတ်သူတွေနဲ့ အဆင်မပြေဘူးလို့ သတ်မှတ်လာကြပြီ။ ဘာဖြစ်လို့လဲ။ ယဉ်ကျေးမှုနယ်နိမိတ်က နယ်ချဲ့တာကို လက်ခံလို့ အဆင်မပြေဘူး။ အိန္ဒိယယဉ်ကျေးမှု ဗမာပြည်ကိုအများကြီးရောက်လာတာ သိပ်ပြီးအဆင်မပြေဘူး။ အဲဒီလိုပဲ အမေရိကန်နိုင်ငံမှာလည်း ဘယ်လောက်ပဲ လွတ်လပ်တယ် ပြောပြော အမေရိကန်နိုင်ငံရဲ့ မြို့တစ်မြို့လုံးနီးပါး အခြားယဉ်ကျေးမှုတွေဝင်လာမယ်ဆိုရင် လက်မခံနိုင်လို့ အခုဆိုဆန္ဒပြတာတွေရှိလာနေပြီလေ။ မွတ်ဆလင်မ်မှ မဟုတ်ပါဘူး။ အခြား ဘယ်လိုယဉ်ကျေးမှုပဲ လာလာ။ လက်မခံဘူးလေ။
မြန်မာနိုင်ငံရဲ့ မြို့တစ်မြို့မှာ အိန္ဒိယပလာတာနဲ့ အီကြာကွေးနဲ့ ဒါဘဲရှိတယ်။ ရုပ်ရှင်လည်း အိန္ဒိယကား တွေဘဲရှိတော့မယ်။ သီချင်းလည်း မိုဟာမက်ရဖီးသီချင်းပဲရှိတော့မယ်။ အဲဒီလိုဖြစ်သွားပြီဆိုရင် ကျန်တဲ့လူ့အဖွဲ့ အစည်းက အဲဒီလိုယဉ်ကျေးမှုနယ်ချဲ့လာတယ်လို့ မြင်သွားပြီ။ အဲဒီအခါမှာ ပြဿနာတွေဖြစ်လာမယ်။ အဲဒါ အစ္စလာမ်နဲ့ဘာဆိုင်လဲ။ လူ့အဖွဲ့အစည်းတစ်ခုမှာ ကျွန်တော်မနေနိုင်တာ အစ္စလာမ်နဲ့ဘာဆိုင်လဲ။ ကျွန်တော် မနေနိုင်တာလေ။ ကျွန်တော်အဆင်မပြေတာ။ ကျွန်တော့်ပြဿနာ။ အစ္စလာမ်နဲ့ဘာဆိုင်လဲ။ ဒါပေမယ့် ဒီကနေ့ ဖြစ်နေတာက အစ္စလာမ်ကဘဲ ကမ္ဘာကြီးထဲ မ၀င်ဆန့်နိုင်သလို လူ့အဖွဲ့အစည်းဝင်တွေနဲ့ သဟဇာတမဖြစ်သလို ဖြစ်နေတာ။ ဒီလိုဘဲ စွပ်စွဲခံနေရတာဖြစ်တယ်။
တမန်တော်တွေက ရိုးရိုးရှင်းရှင်းလေး။ ၀ဟီကိုဘဲ ဒအ်ဝသ်လုပ်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်ဆလင်မ်တွေက အဆိုးဆုံးဘဲ။ ကျွန်တော်တို့ တမန်တော်က ၀ဟီ(ကုရ်အာန်)ကိုဘဲ ဖြန့်ချိခဲ့တာ။ ဒအ်ဝသ်လုပ် ခဲ့တာ။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီလောက်နဲ့ မတင်းတိမ်ဘူး။ တမန်တော်မြတ်ကြီးကို အရမ်းချစ်လို့ဆိုပြီး တမန်တော်အိမ်သာဘယ်လိုတက်လဲ။ ဈေးဘယ်လိုသွားလဲ။ ဘာဝတ်လဲ ဘာစားလဲ။ ဘယ်လိုအိပ်လဲ အဲဒီလို ပုံစံ အကုန်လုံးကို import လုပ်ကြတယ်။ ကုရ်အာန်က အဲဒါကိုမပြောဘူး။ ဒီအာယသ်အရဆို ၀ဟီကိုဘဲ ပြောတာ။ အဲဒီတော့ ၀ဟီ တစ်ခုတည်းဘဲဆိုရင် မည်သည့်လူ့အဖွဲ့အစည်းကမဆို၊ မည်သည့်လူ့ယဉ်ကျေးမှုကမဆို လက်ခံဖို့ သိပ်မခက်ခဲဘူး။ ဒါပေမယ့် စောစောကလို Culture တွေ၊ ယဉ်ကျေးမှုတွေ၊ Civilization တွေပါလာတော့ လက်မခံ ချင်ကြတော့ဘူး။ ဘယ်လိုနေရမယ်၊ ဘယ်လိုဝတ်ရမယ်။ ဘယ်လိုစားရမယ်။ ဘယ်လိုသွားရမယ်။ ဘယ်လို လမ်းလျှောက်ရမယ်။ ပြီးတော့ မွတ်ဆလင်မ်တွေများလာတော့ ခရစ်စမတ်မလုပ်ရဘူး။ လုပ်ခွင့်မပြုဘူး။ ဘရူနိုင်း နိုင်ငံမှာကျွန်တော်တို့ ထင်ထင်ရှားရှားမြင်သွားပြီ။ ဆိုလိုတာက Islamic Civilization က ကမ္ဘာကြီးနဲ့ အဆင်မပြေ တာဟာ ကုရ်အာန်ကအဆင်မပြေတာ မဟုတ်ဘူးဆိုတာ ဒီအာယသ်ကနေသိရတယ်။
နောက်ထပ် ဆွေးနွေးချင်တာက ကျမ်းမြတ်ကုရ်အာန် စူရာဟ်အမှတ် ၇ အာယသ် အမှတ် ၂၆ မှာ
“ အို အာဒမ်၏ သားမြေးအပေါင်းတို့ ငါအရှင်မြတ်သည် အသင်တို့၏အရှက်ကို ဖုံးအုပ်သည့် အ၀တ်အစားကို လည်းကောင်း ——” ဆိုလိုရင်းက အရှက်သိက္ခာမဲ့တဲ့ အနေအထားမျိုးကနေ ကာကွယ်ဖို့ အတွက် အ၀တ်အစား ၀တ်ကြတာ။ အရှက်သိက္ခာ ထိန်းသိမ်းပေးတဲ့ အ၀တ်အစားတန်ဆာတွေကို အလ္လာဟ်အရှင်ြမတ်က ဖန်တီးထားပေးတယ်။ အလ္လာဟ်အရှင်ြမတ် ပြောတဲ့ အရှက်သိက္ခာ ထိန်းသိမ်းပေးတဲ့အ၀တ်အစားဆိုတာ ဘယ်လိုအ၀တ်အစားမျိုးလဲ။ မြန်မာဝတ်စုံမပါဘူး လား။ အိန္ဒိယ၀တ်စုံမပါဘူး လား။ ကရင်၊ ကယား၊ ကချင်၊ မွန်၊ ရခိုင်ဝတ်စုံတွေရောမပါဘူးလား။ အမေရိကန် ၀တ်စုံရောမပါဘူးလား။ ဂျပန် ၀တ်စုံကရော အရှက်သိက္ခာမရှိဘူးလား။ ဘာလဲ။ အရေးဗီးယားက၀တ်စုံကမှ အရှက်သိက္ခာကို လုံခြုံစေတာလား။ အိန္ဒိယ၀တ်စုံကမှ အရှက်သိက္ခာကို လုံခြုံစေတာလား။
တခါတလေ ဖေ့စ်ဘုတ်ပေါ်မှာ ဓါတ်ပုံ ၂ ပုံ ယှဉ်တွဲဖော်ပြထားတယ်။ တစ်ပုံက ဘုရ်ခါ ၀တ်ထားပြီး တစ်ပုံက သာမာန်အမျိုးသမီး ၀တ်စုံပေါ့။ (အတို၊ အပြတ်၊ လည်ဟိုက်) ၀တ်ဆင်ထားတာ မပြောဘူးနော်။ ပြောချင် တာက သာမန်ဝတ်စုံနဲ့ဘုရ်ခါဝတ်စုံ။ အဲဒီမှာ မေးလိုက်သေးတယ်။ ဘယ်ဝတ်စုံက ပိုပြီးကျက်သရေရှိလဲပေါ့။ တစ်ချို့ မွတ်ဆလင်မ်တွေက အဲဒီလိုလုပ်လေ့ရှိတယ်။ မသိရင်ဘဲ တဖက်က တခြားယဉ်ကျေးမှုဝတ်စုံ၊ လူမျိုးစု ၀တ်စုံတွေက အရှက်မဲ့နေသလို၊ ဘေအိဇသ်ဖြစ်နေသလို မြင်နေလက်ခံနေတဲ့လူတွေရှိနေတယ်။ ဒါက တကယ် တမ်းပြောရင် ဒီကုရ်အာန်အာယသ်မှာ ပြောထားတဲ့ သဘောသဘာဝကို ကျော်လွန်နေပြီ။ ကုရ်အာန်က ပြောတာ အရှက်သိက္ခာရှိစေတဲ့ ဘယ်လိုအ၀တ်အစားမျိုးကိုမဆို အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားတယ်လို့ ဒီအာယသ်က မက်ဆေ့ခ်ျပေးနေတာ။
မြန်မာပြည်မှာဆိုလည်း မြန်မာဝတ်စုံ။ တချို့မကြိုက်ကြဘူး။ ကျွန်တော်တို့ အခမ်းအနားတွေလုပ်တဲ့အခါ၊ အမျိုးသမီးတွေ ဟောပြောတင်ပြဆွေးနွေးတဲ့ပုံတွေ line ပေါ်တင်ရင် အဲဒီမှာ ပက်ပက်စက်စက်ဝေဖန်ဆဲဆိုပြီ။ ပြဿနာကအဲဒါဘဲ။ အရင်ဆိုရင် မိန်းကလေး ပလီထဲဝင်တာကို တိုက်တယ်။ အခု အဲဒါမတိုက်တော့ဘူး။ ဘာလို့ လဲဆိုတော့ ပလီတော်တော်များများမှာ ၀င်ခွင့်ပြုနေပြီလေ။ အ၀တ်အစားဘက်လှည့်ပြန်တယ်။ ဘာဖြစ်လို့ မြန်မာ ၀တ်စုံနဲ့ဖြစ်နေတာလဲ။ ဘာဖြစ်လို့ အစ္စလာမ်ဝတ်စုံကို မ၀တ်တာလဲ။ ဒီမေးခွန်းကိုပဲ မေးကြပြောကြတယ်။
နောက်အာယသ်တစ်ခု မှာ ပြေတာက — ကျမ်းမြတ်ကုရ်အာန် စူရာဟ် အမှတ် ၇၊ အာယသ် အမှတ် ၃၂ မှာ “အလ္လာဟ်အရှင်ြမတ်သည် ကျက်သရေမင်္ဂလာရှိသော အ၀တ်အစားများကိုလည်းကောင်း၊ အစားအသောက်များကို လည်းကောင်း —-” ဒီတော့ အလ္လာဟ်အရှင်မြတ်က လူမျိုးစုမျိုးနွယ်အသီးသီး အရောင်အသွေးစုံလင်စွာ ဖန်တီးပေးထားတယ်။ လူတွေတင်မက တိရစ္ဆာန်တွေကိုလည်း အရောင်အသွေးစုံလင်စွာဖန်တီးထားတယ်။ အဲဒါ တွေ အားလုံးကို အာလင်မ်တွေကပဲ အသိအမှတ်ပြုနိုင်တာလို့ အလ္လာဟ်ကပြောတာ။ အာလင်မ်မဟုတ်တဲ့ ဂျာဟီလ်တွေက အသိအမှတ်မပြုနိုင်ဘူး။ ဒီအာယသ်ကပြောနေတာ။ ဆက်ပြီးပြောထားတာက အဲဒီလို ဂုဏ်ကျက် သရေနဲ့ပြည့်စုံတဲ့ အလ္လာဟ်ဖန်တီးပေးထားတဲ့ အ၀တ်အစားတွေကို (မန်ဟရ်ရမ) ဘယ်သူက တားမြစ်တာလဲလို့ အလ္လာဟ်ကမေးခွန်းထုတ်ထားတာပါ။ ဘယ်သူက ဟရမ်လုပ်တာလဲ။ ဘယ်သူက ဟရမ်လို့ပြောနေတာလဲ။ ရိုးရိုး ရှင်းရှင်းလေး။ အလ္လာဟ်မေးခွန်းမေးပြီ။ ကျက်သရေမင်္ဂလာရှိတဲ့ အ၀တ်အစားတွေကို ဘယ်သူတားရဲသလဲ။ တားလို့မရဘူး။ ကုရ်အာန်က မတားပါနဲ့လို့ ပြောချင်တဲ့သဘော။ တားခွင့်မရှိဘူးလို့ သတိပေးနေတာ။
ဒါပေမယ့် ကျွန်တော်တို့က ကျက်သရေမင်္ဂလာရှိတဲ့ အ၀တ်အစားကို အဓိပ္ပါယ်အမျိုးမျိုးဖွင့်တယ်။ ကျန်တဲ့ ၀တ်စားဆင်ယင်မှုကိုလည်း အမြဲတမ်းဝေဖန်တိုက်ခိုက်တယ်။ ဒီနေရာမှာသုံးသပ်ကြည့်မယ်ဆိုရင် ဒီဝတ်စားဆင် ယင်မှုပဲဖြစ်ဖြစ်၊ နေထိုင်စားသောက်မှု ဓလေ့စရိုက်ပဲဖြစ်ဖြစ် စဉ်းစားကြည့်ရမှာက တမန်တော်မုဟမ္မဒ်(ဆွ)ဆီကနေ ကျွန်တော်တို့ယူလာတာဘာလဲ။ သူပေးခဲ့တာကရောဘာလဲ။ အစ္စလာမ်ကိုပဲ ယူလာတာလေ။ သူကလည်း ကျွန်တော်တို့ကို ပေးတာ အစ္စလာမ်ပဲလေ။ ၀ဟီ (ကုရ်အာန်)ပဲလေ။ ဆရာ ဦးစန်းအောင်ကလည်း တစ်ခါက ပြောဖူးတယ်။ အိန္ဒိယက ဆရာကြီးတွေကို လေးစားတယ်တဲ့။ ဘာဖြစ်လို့လေးစားရသလဲဆိုတော့ အိန္ဒိယကဆရာ ကြီးတွေက တစ်ယောက်မှ အရဗ်ယဉ်ကျေးမှုကို ယူမလာပဲ။ အစ္စလာမ်ကိုပဲ ယူလာကြတယ်။ သေသေချာချာ တွေးကြည့်၊ မြင်ကြည့်။ အိန္ဒိယဆရာကြီးတွေ အရဗ်ယဉ်ကျေးမှုဓလေ့စရိုက်တွေကိုမယူဘဲ၊ အိန္ဒိယယဉ်ကျေးမှု ဓလေ့စရိုက်၊ ၀တ်စားဆင်ယင်မှုတွေနဲ့ပဲ မွတ်ဆလင်မ်ဖြစ်ခဲ့ကြတာ။ မွတ်ဆလင်မ်ဖြစ်သွားကြလို့ ဘာမှအရဗ် အစားအစာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်၊ ၀တ်စားဆင်ယင်မှုကိုမှ မခံယူမကျင့်သုံးခဲ့ဘူး။
သူတို့ရဲ့ ဒီဇိုင်းတွေအားလုံးက အိန္ဒိယဒီဇိုင်းပဲ။ သူတို့ယူလိုက်တာက အစ္စလာမ်သီးသီးသန့်သန့်ပဲ။ ကျွန်တော်တို့ကြမှ ဘယ်လိုဖြစ်ပြီးတော့ အစ္စလာမ်ကိုလည်းယူတယ်။ ပြီးတော့ အိန္ဒိယလည်းမက၊ အရဗ်လည်း မကျ၊ ကျွန်တော်တို့ကပြားဖြစ်နေတယ်။ ကိုယ်ဝတ်တဲ့ဝတ်စုံက အိန္ဒိယ၀တ်စုံလား။ အရဗ်ဝတ်စုံလား ကွဲကွဲပြားပြား ခွဲခြားလို့မရဘူးဖြစ်နေတယ်။ ပိုဆိုးတာက ဘာမသိ၊ ညာမသိနဲ့ ကိုယ်ကြိုက်လို့ဝတ်တဲ့ဝတ်စုံကို အစ္စလာမ်ဝတ်စုံ၊ အစ္စလာမ်ယဉ်ကျေးမှုဆိုပြိး အလ္လာဟ်ကပဲသတ်မှတ်ပေးထားသလိုလို ထင်ပြီး ဒီဝတ်စုံမ၀တ်တဲ့ လူတွေကို ဖသ်ဝါ ပေါင်းစုံပေးနေတာက ပြဿနာဖြစ်နေတာ။ ဒါကြောင့်တစ်ဖက်က Islamic Civilization က လူမှုအသိုင်းအ၀ိုင်းနဲ့ အဆင်မပြေပါဘူးလို့ ပြောနေကြခြင်းဖြစ်တယ်။ အစ္စလာမ်တွေရောက်လာရင် တို့ဒုက္ခရောက်သွားမှာပေါ့လို့ ပြောနေတာဖြစ်တယ်။
အစ္စလာမ်က ယဉ်ကျေးမှု နယ်ချဲ့တဲ့ပုံစံမျိုးနဲ့မဟုတ်ဘဲ၊ လူတွေရဲ့ဓလေ့စရိုက်တွေကို နယ်ချဲ့ တဲ့ပုံစံမျိုးမဟုတ်ပဲနဲ့ ဒအ်ဝဟ်လုပ်တဲ့နည်းလည်းပေးပြီးသား။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၁၆ အာယသ် အမှတ် ၁၂၅ ကို လေ့လာကြည့်ရင် —
လူတွေကို ဒအ်ဝဟ်လုပ်တဲ့အခါမှာ (တမန်တော်တွေလုပ်ခဲ့တဲ့နည်း) အစ္စလာမ်နဲ့ပတ်သက်ပြီး ဒအ်ဝဟ်လုပ်တဲ့အခါမှာ မိမိမှာရှိတဲ့ဥာဏ်ပညာကို အစွမ်းကုန်ထုတ်သုံး၊ ကောင်းမြတ်တဲ့အဆုံးအမသြ၀ါဒတွေနဲ့ ဖိတ်ခေါ်၊ ပြီးတော့ အကောင်းဆုံးနည်းလမ်းနဲ့ နည်းစနစ်တွေကို ရှာဖွေပြိး အလှပဆုံးနည်းစနစ်တွေနဲ့ ဒအ်ဝဟ်လုပ် ပါလို့ အလ္လာဟ်ကလမ်းညွှန်ထားတာဖြစ်ပါတယ်။ ဒီအာယသ်က ညွှန်ပြနေတာက ဒအ်ဝဟ်လုပ်တဲ့နည်းကို ပေးနေတာ တမန်တော်ခေတ်ကဆို တမန်တော်မြတ်က သူ့ကိုလက်ခံနိုင်လောက်တဲ့အသိုင်းအ၀ိုင်းကို အရင်ဦးဆုံး စည်းရုံးတယ်။ တမန်တော်မြတ်က ငါတော့ဝဟီရပြီ။ ချက်ချင်းအဘူဂျာဟီလ်ကိုသွားပြီး မစည်းရုံးဘူး။ သူက ဂျာဟီလ်၊ အလုပ်ဖြစ်မှာမဟုတ်ဘူးဆိုတာ သိနေတယ်။ ပြီးတော့ အနီးဆုံးမိတ်ဆွေ၊ မိသားစု၊ အသိုင်းအ၀ိုင်းကို စည်းရုံးတယ်။ အဲဒီကမှ တစ်ဆင့်ပြီးတစ်ဆင့် စည်းရုံးတယ်။ နောက်ဆုံးမရတော့ဘူး ခက်ခဲနေပြီဆိုတော့ ဘာလုပ် လဲ။ မဒီနာထိ စည်းရုံးတယ်။ သတ္တိရှိတဲ့အာဏာရှိတဲ့ ဟဇရသ်အုမရ်လိုပုဂ္ဂိုလ်မျိုး အစ္စလာမ်ထဲဝင်လာအောင် စည်းရုံးလိုက်တယ်။ ငွေကြေးပြည့်စုံတဲ့ လူတွေရှိဖို့လိုလို့ ဟဇရသ်အဘူဘက္ကရ်(ရ)လို ပုဂ္ဂိုလ်မျိုးကို အစ္စလာမ်ဖြစ် အောင်စည်းရုံးခဲ့တယ်။
ဒါဟာ တမန်တော်မြတ်က သူ့ခေတ်သူ့အခါမှာ အကောင်းဆုံးသော နည်းစနစ်တွေနဲ့ အစ္စလာမ်ကို ဒအ်ဝဟ်လုပ်ခဲ့တာ။ ကျွန်တော်တို့ အဲဒီလိုဒအ်ဝဟ်လုပ်ရမယ်ဆိုတာကို ကုရ်အာန်က ပြောနေတာ။ အကျိုးရှိတဲ့ Debate တွေ၊ ဆွေးနွေးပွဲတွေ၊ workshop တွေကို လုပ်ရမှာ။ ဒါပေမယ့် ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်း မှာက များသောအားဖြင့် အကျိုးမရှိတဲ့ ပြဿာနဖြစ်စေမယ့် အငြင်းအခံလုပ်နေကြတာကများနေတယ်။ အကျိုးရှိတဲ့ အလုပ်ကို ကိုယ်တိုင်လည်း မလုပ်ဘူး။ လုပ်နေတဲ့ လူတွေကိုတော့ ပြဿနာရှာတယ်။ မင်းတို့ ဘာ အင်တာဖိတ် တွေ၊ ဘာသာပေါင်းစုံချစ်ကြည်ရေးတွေလုပ်နေတာလဲ။ မင်းတို့လုပ်ပြီးတာနဲ့မီးလောင်တာပဲ ဆိုပြီးဝေဖန် တိုက်ခိုက်ကြတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ပဲနေရင်ရော။ အဲဒီမြို့မပျက်ပါဘူး လို့ ဘယ်သူအာမခံမလဲ။ မင်းတို့ဒီလိုနေလို့ ဒီလိုဖြစ်သွားတယ်ဆိုရင် ဒီလိုမနေရင်ရော မဖြစ်ပါဘူးလို့ အာမခံ မလား။
ဒီကနေ့ ကျွန်တော်တို့ ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်မှာ လုပ်တဲ့ကိစ္စရပ်တွေ၊ Online တင်တာတွေ လုပ်ရပ်မှန်သမျှကို ပြင်ပကအချို့မွတ်ဆလင်မ်တွေ ဝေဖန်ကြတယ်။ မင်းတို့အဲဒီလိုလုပ်လို့ ငါတို့အစ္စလာမ် သိက္ခာကျတယ်ပေါ့။ မင်းတို့အဲဒီလိုနေနေလို့ အစ္စလာမ်စော်ကားခံနေရတယ်ပေါ့။ ကောင်းပြီ။ ကျွန်တော်တို့ အဲဒီလို မလုပ်ဘူး။ မနေဘူး။ ပလီတံခါးပိတ်ထားလိုက်မယ်။ အစ္စလာမ်စော်ကားမခံရဘူးလို့ ဘယ်သူအာမခံရဲသလဲ။ ပြောနေတဲ့ လူတွေအာမခံရဲသလား။ မဆိုင်ဘူးလေ။ ကျွန်တော်တို့က ခေတ်မီတဲ့ နည်းစနစ်တွေနဲ့ အကောင်းဆုံးသော ဒအ်ဝဟ်လုပ်တဲ့နည်းစနစ်တွေနဲ့ ကြိုးစားပမ်းစားလုပ်နေတာဖြစ်တယ်။ အားနည်းချက် ချွတ်ယွင်းချက်တွေ ရှိကောင်းရှိမယ်။ ဒါကို အပြုသဘောဆောင် ဝေဖန်အကြံပြုလို့ရပါတယ်။ ဒီကနေ့ခေတ် ဖေ့စ်ဘုတ်တွေ၊ You tube တွေစတဲ့ အင်တာနက်တွေကနေ ဒအ်ဝဟ်တွေလုပ်တယ်။ Boardcasting လို့ခေါ်တဲ့ ရေဒီယို တီဗွီ စတဲ့ Online Media တွေကနေ ဒအ်ဝဟ်လုပ်နေကြတယ်။ ဒေါက်တာဇာကိရ်နိုက်ကို ကြည့်။ peace tv ဆိုပြီး ကမ္ဘာအနှံ့အပြား ဒအ်ဝဟ် လုပ်နေတယ်။
လွန်ခဲ့တဲ့ နှစ် အစိတ်လောက်ကဆိုရင် မိုက်ခ်တောင်မသုံးတဲ့ ပလီဆရာကြီး တွေ့ဘူးတယ်။ မိုက်ခ်က ရှိုင်တွာန်ရဲ့အသံတဲ့။ သေတဲ့အထိ မိုက်ခ်မသုံးသွားတဲ့ အီမာန်ရှေ့ဆောင်ဆရာကြီးတစ်ပါးကို ကျွန်တော်ကြုံဘူး တယ်။ ကျွန်တော်တို့ သူ့နောက်မှာ ဖတ်ခဲ့ရတယ်။ အဲဒီလို အယူဝါဒ ဒီကနေ့ခေတ်အထိ ရှိနေသေးတယ်။ ဒီကနေ့လို သောကြာတရားပွဲမှာ ဟောတာကို တီဗွီတွေ၊ အွန်လိုင်းတွေကနေ အထွေထွေဗဟုသုတတွေ၊ ဘာသာ ရေးတွေ ကြည့်တာမကောင်းဘူးတဲ့။ မကြည့်သင့်ဘူးတဲ့။ အဲဒီလိုခေတ်မီစွာ ဒအ်ဝဟ်လုပ်တဲ့ နည်းစနစ်တွေကို လက်မခံဘူး။ မွတ်ဆလင်မ်တွေ မကြည့်သင့်ဘူးတဲ့။ ဝေဖန်တာ။ ပြောချင်တာက ကျွန်တော်တို့ မွတ်ဆလင်မ်တွေ အနေနဲ့ ခေတ်မီတဲ့နည်းစနစ်တွေနဲ့ ဒအ်ဝဟ်လုပ်ရမယ်ဆိုတဲ့အသိလေးတောင် မရှိဘူး။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး သူများနဲ့ယှဉ်တွဲပြီး အလုပ်လုပ်မလဲ။ ရုပ်ရှင်ကြည့်လို့မရဘူး။ သီချင်းဆိုလို့မရဘူး။ ဓါတ်ပုံရိုက်လို့ မရဘူး။ အဲဒီလို ယဉ်ကျေးမှုနယ်ချဲ့လာတဲ့အခါမှာ လူတွေက ကျွန်တော်တို့နဲ့ဆက်ဆံတဲ့အခါ အစ္စလာမ်ကြီးဘဲ ဆက်ဆံရတာ မဟုတ်တော့ဘူး။ ကျနော်တို့ရဲ့ ဘာသာရေးအယူသီးမှုတွေကို တွဲပြီးမြင်လာတယ်။
လူတွေက ကျွန်တော်တို့နဲ့ဆက်ဆံတဲ့အခါမှာ အစ္စလာမ်နဲ့ပဲ ဆက်ဆံနေရတာမဟုတ်တော့ဘူး။ ကျွန်တော် နဲ့အခြားဘာသာဝင်တစ်ယောက်ယောက်နဲ့ ဆက်ဆံတဲ့အခါမှာ အစ္စလာမ်သီးသန့်ဆက်ဆံနေရတာမဟုတ်ဘူး။ ကျွန်တော်နဲ့အတူကပ်ပါလာတဲ့ အခြားယဉ်ကျေးမှုတွေ၊ Culture တွေ၊ စရိုက်တွေကိုပါ သူတို့ကလက်ခံပြီး စဉ်းစား ပေးနေရတာ။ အဲဒီမှာ အဆင်မပြေမှုတွေဖြစ်လာရတာ။ အစ္စလာမ်ကြီးဘဲဆို အဆင်မပြေစရာမရှိဘူး။
ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၂၂ အာယသ် အမှတ် ၄၀ မှာ ပြောထားတာက ဆိုရှယ်ဟာမိုနီနဲ့ ပတ်သက်ပြီးတော့ လမ်းညွှန်ခြင်းဖြစ်တယ်။ လူ့အဖွဲ့အစည်းမှာ လူတွေဟာ အမျိုးအစားများစွာရှိသလို ယုံကြည်မှုတေလည်း အသီးသီး ရှိတယ်။ ထင်ရှားတာဆို ဗုဒ္ဓဘာသာ၊ ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်ရှိတယ်။ အဲဒီလူ့အဖွဲ့အစည်းကို အလ္လာဟ်အရှင် မြတ်က အချင်းချင်းထိန်းကျောင်းတဲ့ နည်းစနစ်တွေနဲ့ကမ္ဘာကြီးပေါ်မှာ ရှင်သန်ရပ်တည်ဖို့အတွက် အလ္လာဟ်က ပြဌာန်းထားတယ်။ အဲဒီစနစ်ကို ဖောက်ဖျက်ရင် တည်ငြိမ်မှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် ရဟူဒီဝတ်ကျောင်းတော်များ သည်လည်းကောင်း၊ မွတ်ဆလင်မ်များရဲ့ ဗလီဝတ်ကျောင်းတော်များသည်လည်းကောင်း အားလုံးဟာ ပျက်စီး ဆုံးရှုံးမြေခသွားမယ်လို့ အလ္လာဟ်ကသတိပေးထားပါတယ်။
အစ္စလာမ်ရဲ့အနှစ်အသားဖြစ်တဲ့ ကုရ်အာန်ကိုပဲ ကျွန်တော်တို့က ဒအ်ဝဟ်လုပ်ရမှာဖြစ်တယ်။ မဟုတ်ပဲနဲ့ ကျွန်တော်တို့က လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ဘာသာတရားတစ်ခုနဲ့တစ်ခု အဆင်မပြေလောက်အောင် လုပ်မယ်။ မထိန်းသိမ်းဘူးဆိုရင် ပျက်စီးမှုတွေနဲ့ကြုံတွေ့ရလိမ့်မယ်။ အာဖဂန်နစ္စတန်ကိုကြည့်ပေါ့။ ဘာမီယံရုပ်ထုကို ဗုံးခွဲပစ်လိုက်တယ်။ အဲဒီ တော့ အဆင်ပြေသွားလား။ ကျွန်တော်တို့ဆီမှာပါ ဒုက္ခသုက္ခတွေ ရောက်ကြရတယ်။ မဟုတ်ဘူးလား။ အခုကြည့် လေ။ ဒီလူမျိုးရေးပဋိပက္ခတွေ ကမ္ဘာမှာဖြစ်လာရတာ။ ဒီမှာ တစ်ခုခုဖြစ်ရင် မလေးရှားမှာပြဿနာက ရောက်သွားတယ်။ ဘာကိုပြောချင်တာလဲဆိုတော့ ဒီကုရ်အာန် အာယသ် (၂၂း၄၀)ကပြောတာ လူ့အဖွဲ့အစည်း တစ်ခုနဲ့တစ်ခု၊ ဘာသာတရားတစ်ခုနဲ့တစ်ခု၊ ယုံကြည်ချက်တွေတစ်ခုနဲ့တစ်ခု အပြန်အလှန်နားလည်လေးစားမှုနဲ့ ထိန်းသိမ်းထားတယ်။ အဲဒါတွေကို ဖျက်ဆီးပစ်လိုက်ရင်၊ အဲဒါတွေကို ဖျက်ဆီးတယ်ဆိုတာဘာလဲ။ ရှင်းရှင်းလေး။ ဟိုဟာမလုပ်ရဘူး။ ဒီဟာမလုပ်ရဘူး။ ခရစ္စမတ်မလုပ်ရဘူး။ အီရတ်မှာလို ရှေးဟောင်းအမွေအနှစ်ရုပ်ထုတွေ ဗုံးခွဲ ဖျက်ဆီးသမိုင်းဖျောက်၊ ဒါတွေလုပ်လို့ ကောင်းသွားမယ်လို့ မထင်နဲ့။ ကျန်တဲ့လူ့အဖွဲ့အစည်းနဲ့ ဘယ်တော့မှ အဆင် ပြေပြေရပ်တည်နိုင်မှာ မဟုတ်ဘူး။ အဲဒါက လူ့အဖွဲ့အစည်းအချင်းချင်း ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခု အဆင်မပြေတာ။
ဆင်မြူရယ် ဟိုင်တင်တန်ပြောတာကလည်း အဲဒါဘဲ။ ကုရ်အာန်အဆင်မပြေတာမဟုတ်ဘူး။ အစ္စလာမ် အဆင်မပြေတာမဟုတ်ဘူး။ လူ့ယဉ်ကျေးမှုတွေ အချင်းချင်း အဆင်မပြေ ပွတ်တိုက်မှုတွေ၊ ထိခိုက်မှုတွေ၊ ထိပ် တိုက်တွေ့မှုတွေ ဖြစ်မယ်ဆိုတာကို ကြိုတင်ဟောကိန်းထုတ်ခဲ့တယ်။ အဲဒီအတိုင်းလည်း ဒီကနေ့ဖြစ်နေတယ်။ ဒီအာယသ်ကပေးတဲ့ မက်ဆေ့ခ်ျက လူ့အဖွဲ့အစည်းအချင်းချင်း ထိန်းကွပ်ဖို့လိုတယ်။ အမြဲတမ်းအပြန်အလှန် နားလည်ဆက်ဆံမှုတွေ လုပ်ဖို့လိုတယ်။ ပြီးတော့ ယဉ်ကျေးမှုအချင်းချင်း အသိအမှတ်ပြုဖို့လိုတယ်။
ယနေ့ မွတ်ဆလင်မ် ကမ္ဘာက လိုအပ်နေတဲ့ အချက်ကဘာလဲဆိုတော့ ကိုယ်ကအသိအမှတ်ပြုခံချင်တယ်။ ဒီနှစ်ဆိုရင် အီးဒ်မိတ်ဆုံစားပွဲ၊ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်က သမ္မတအိမ်တော်မှာ မလုပ်ပေးဘူး။ ဘယ်နှစ်နှစ်ရှိပြီ လုပ်လာတာ။ အခုမလုပ်ပေးဘူး။ ကျွန်တော်တို့က၀မ်းနည်းကြေကွဲနေတယ်။ ငါတို့ကို အသိအမှတ်မပြုပါလား။ ဗမာပြည်က မွတ်ဆလင်မ်ဖြစ်တဲ့ ကျွန်တော်တို့လည်း ၀မ်းနည်းနေတယ်။ ဘာမှလည်းမဆိုင်ဘူး။
ကောင်းပြီ။ ကျွန်တော်တို့ကရော သူများဘာသာနဲ့ ပတ်သက်ပြီးသူတို့ရဲ့ ပွဲတော်တွေကို ဘယ်တုန်းကများ ဂုဏ်ပြု၊ အသိအမှတ်ပြုခဲ့ပေးခဲ့ဖူးလို့လဲ။ သီတင်းကျွတ်၊ တန်ဆောင်တိုင်၊ မြန်မာ့နှစ်ဆန်းတစ်ရက်စသဖြင့် ဂုဏ်ပြု အမှာစာထုတ်ပေးခဲ့ဖူးပါသလား။ ဖေ့စ်ဘုတ်မှာရော ကျွန်တော်က ပျော်ရွှင်ချမ်းမြေ့ပါစေလို့ ရေးဖူးသလား။ ကျွန်တော်တောင်မရေးဘူးဆိုရင် ဗမာပြည်မှာရှိတဲ့ အစ္စလာမ်အဖွဲ့အစည်းကြီးတွေဆို ဝေးရော။ ကျွန်တော်က ဘယ်အဖွဲ့အစည်းတွေကိုမှ အပြစ်တင်နေတာမဟုတ်ဘူး။ ဥပမာအနေနဲ့ပြောတာ။ ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့ အစည်းဖြစ်နေတာ ကျွန်တော်တို့က အသိအမှတ်ပြုခံချင်တယ်။ စင်္ကာပူမှာ အီးဒ်မူဘာရက် ဘယ်လိုလုပ်ထား သလဲ။ ကြည့်စမ်း။ စင်္ကာပူဘယ်လောက်ကောင်းသလဲ။ ပျော်နေတယ်။ ကျွန်တော်တို့ကိုလည်း လုပ်ပေးစေချင်တာ။
ကောင်းပြီ။ ဆော်ဒီအာရေဗီးယားက အခြားခရစ်စမတ်ပွဲတွေဘာတွေ အဲဒီလိုလုပ်ပေးတာတွေတွေ့ဘူးသ လား။ အခြားမွတ်ဆလင်မ်နိုင်ငံတွေကရော တပေါင်းလပြည့်နေ့ ၀ါဆိုလပြည့်နေ့၊ ကဆုန်လပြည့်နေ့တို့ လုပ်ပေးတာ မြင်ဖူးလား။ ရှိတော့ရှိတယ်။ အလွန်ရှားတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ကို အသိအမှတ်ပြုတာ ခံချင်တယ်။ တခြားအသိအမှတ်ပြုတဲ့နိုင်ငံတွေကို လက်ညှိုးထိုးပြီး ငါတို့ကိုဘာဖြစ်လို့ အသိအမှတ်မပြုသလဲ မေးခွန်းထုတ်တယ်။ ကျွန်တော်တို့ကတော့ သူများကိုအသိအမှတ်ပြုဖို့ကျတော့ ပါးစပ်ပိတ်နှုတ်ဆိတ်နေကြတယ်။ တစ်ချို့က ဖသ်ဝါပါထုတ်ပြီး ရှရီအာသ်မှာမရဘူးလို့။ ရှိုင်တွာန်လုပ်ရပ်တို့ဆိုပြီး အဆင်မပြေမှုတွေဖန်တီးတယ်။ အစ္စလာမ်ယဉ်ကျေးမှုရဲ့ဘောင်အပြင်ဘက်ရောက်သွားမယ်ပြောလို့ပြော။
ဘာလဲ အစ္စလာမ်ယဉ်ကျေးမှု။ ယဉ်ကျေးမှုကဘောင်ရှိတယ်လေ။ ဘာသာတရားက ဘောင်မရှိဘူး။ အစ္စလာမ်က ဘောင်မရှိဘူး။ ဒါဆို ကျွန်တော်လက်ခံကျင့်သုံးနေတာ အစ္စလာမ်ယဉ်ကျေးမှုမဟုတ်ဘူး။ ကျွန်တော်ကျင့်သုံးနေတာ ဘာယဉ်ကျေးမှုလဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်။ အိန္ဒိယယဉ်ကျေးမှုလား၊ အရဗ် ယဉ်ကျေးမှုလား။
ဒါကြောင့် ကျွန်တော်တို့က ကိုယ်အသိအမှတ်ပြုခံချင်ရင် သူများကိုလည်း အသိအမှတ်ပြုတတ်ရမယ်။ Give and Take ရှိရမယ်။ အယူရှိရင် အပေးရှိရမယ်။
နိဂုံးချုပ်ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဒီကနေ့ရှိနေ တဲ့ မွတ်ဆလင်မ်တွေကိုယ်တိုင်က ပြဿနာပေါင်းစုံတက်လာတဲ့အခါမှာ စိတ်ညစ်လာပြီး ကိုယ့်ဘာသာကိုယ်၊ ဒါက ငါတို့တိုင်းပြည်မှ မဟုတ်တာ။ ငါတို့ ဒီနိုင်ငံသားမဟတ်ုဘူးလို့ ပြောတဲ့လူတွေရှိတယ်။ ဘယ်လိုလုပ်မလဲ။ သည်းခံ ပေါ့ဆိုပြီး စိတ်ဓါတ်တွေပျက်ပြားလာပြီး ကိုယ်ဟာအပြင်လူတစ်ယောက်လို ဖြစ်တာတွေရှိတယ်။ အစ္စလာမ်ကို လက်ခံကျင့်သုံးလိုက်ရင် ငါတော့သွားပါပြီလို့ ငါတော့အိန္ဒိယဖြစ်သွားပြီလို့ အတွေးအမြင်တွေရောက်လာတယ်။ ဘာဖြစ်လို့လဲ အစ္စလာမ်နဲ့အိန္ဒိယနဲ့တွဲတယ်။ အစ္စလာမ်နဲ့အရဗ်နဲ့တွဲတယ်။ ဒါကြောင့် အစ္စလာမ်လက်ခံရင် ငါတော့ သွားပြီလို့ထင်တာဟာမဆိုင်ဘူးလို့ သေသေချာချာနားလည်လက်ခံ သဘောပေါက်ဖို့လိုပါတယ်။
အဲဒီတော့ ဆင်မြူရယ်ဟိုင်တင်တန်ရဲ့ဟောကိန်းက မှန်ကောင်းမှန်နိုင်တယ်။ သို့သော်သူပြောတဲ့ ယဉ်ကျေးမှုတွန်းတိုက်မိမယ်ဆိုတာက နည်းနည်းတော့လွဲနေပြီ။ ဘာယဉ်ကျေးမှုလည်းဆိုတော့ အစ္စလာမ်ယဉ် ကျေးမှု မဟုတ်ဘူး။ သက်ဆိုင်ရာ လူမျိုးစုတွေရဲ့ယဉ်ကျေးမှုတွေ တွန်းတိုက်မိတာ။ အဲဒါဖြစ်နိုင်တယ်။ အရဗ်ယဉ် ကျေးမှုနဲ့ ဥရောပယဉ်ကျေးမှု၊ အဆင်ပြေမှာမဟုတ်ဘူး။ အိန္ဒိယ ကျေးမှုနဲ့ မြန်မာ့ ယဉ်ကျေးမှု၊ အဆင်ပြေမှာမဟုတ်ဘူး။ နိုင်ငံတွင်းမှာရှိတဲ့ တူညီသောယဉ်ကျေးမှုနှစ်ခုတောင်မှ အချင်းချင်းစွဲငြိပြီး ဖလှယ်နေရတယ်။ ဘာကြောင့်လဲဆိုတော့ပွတ်တိုက်မှုတွေဖြစ်မှာကိုး။ ဆင်မြူရယ်ဟိုင်တင်တန် ပြောသလိုပွတ်တိုက်မှုတွေဖြစ်နိုင်တယ်။ အဲဒါအားလုံးဟာ လူတွေသတ်မှတ်ထားတဲ့ ယဉ်ကျေးမှုတွေဖြစ်ပြီးတော့ အစ္စလာမ်နဲ့ မသက်ဆိုင်ဘူး။ အစ္စလာမ်ယဉ်ကျေးမှုလည်း မဟုတ်ဘူး။ အစ္စလာမ်ကြောင့် ဘာမှပွတ်တိုက်မှုလည်း မဖြစ်နိုင်ဘူးလို့ပြောရင်း နိဂုံးချုပ်ပါတယ်။