No Gentleman ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

No Gentleman

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား

အခုလို တည်ငြိမ်အေးချမ်းစွာနဲ့ အလ္လာဟ်ရှင်မြတ်ရဲ့`ဇကိရ်´ကို ဟောပြောတင်ပြခွင့်၊ နားသောတဆင်ခွင့် ရတဲ့အတွက် ဦးစွာပထမအလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ရှိကြောင်းပြောကြားရင်းနဲ့ ချီးမွမ်းထောပနာပြုအပ်ပါ တယ်။ ဆက်လက်ပြီးတော့ လူကြီးမင်းများအားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောကြားရင်းနဲ့ လူကြီးမင်းများအားလုံးအပေါ်သို့ အလ္လာဟ်အရှင်မြတ်ထံတော်မှ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

`အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လာဟိ ၀ဘရကားသုဟု´

ကျွန်တော်တို့က တည်ငြိမ်အေးချမ်းစွာ ဟောပြောခွင့်ရသလို တည်ငြိမ်အေးချမ်းစွာ နားသောတဆင်ခွင့် ရကြတယ်။ မတည်ငြိမ်တဲ့နေရာဒေသတွေ အများကြီးရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က ပိုပြီးတော့ အလ္လာဟ်ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ အကျပ်အတည်းအခက်အခဲတွေ ဘယ်လောက်ပဲရှိနေပါစေ။ ကျွန်တော်တို့ထက်ပိုပြီး ကျပ်တည်း၊ ခက်ခဲတဲ့နေရာဒေသတွေ အများကြီးရှိပါတယ်။

ဒီကနေ့ကျွန်တော်ပြောမယ့် ခေါင်းစဉ်ကအမှန်ဆိုရင် ကျွန်တော်ဒီဇင်ဘာလထဲမှာ ကမ္ဘာ့အထိမ်းအမှတ်နေ့ တွေ တော်တော်များများပါတယ်။ အဲ့ဒီထဲက ပြောဖို့တော်တော်လေး ပြင်ဆင်ထားတာတွေလည်းရှိပါတယ်။ ဒါပေ မယ့် အဲ့ဒါတွေကျွန်တော် မပြောတော့ဘူး။ ဒီကနေ့ကျွန်တော်တို့ဖြစ်နေတဲ့ ပြဿနာတွေ၊ ခံစားနေရတာတွေ တနည်းအားဖြင့် Currency နဲ့ Feeling တွေပေါ်မှာ အခြေခံပြီးတော့ ကျမ်းမြတ်ကုရ်အာန်က ကျွန်တော်တို့ကို ဘယ်လိုလမ်းညွှန်ထားလဲဆိုတာ လေ့လာပြီးတော့ No Gentleman ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြမှာဖြစ်ပါတယ်။

ကျွန်တော်တို့အမြဲလိုလို ပြောနေကြပါတယ်။ ဂုဏ်သရေရှိလူကြီးမင်းများ၊ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုး သမီးများဆိုပြီး ပြောနေဟောနေပေမယ့် တကယ့်အနှစ်သာရအနက်ကို မလေ့လာမိကြဘူး။ အမေရိကနဲ့ အနောက် ဥရောပတစ်ခွင်မှာဆိုရင် Ladies and Gentlemen ဆိုပြီးသုံးနှုန်းပြောဆိုနေကြသလို ကျွန်တော်တို့မှာလည်း ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား၊လူကြီးမင်းများခင်ဗျား၊ ဒါမျိုးခေါ်ဝေါ်သုံးနှုံးကြပါတယ်။ အဲ့ဒီအခေါ်အဝေါ်လေးအကြောင်းကို ကျွန်တော် ပြောချင်တယ်။ အဲ့ဒီမှာပါတဲ့ အနှစ်သာရပေါ့နော်။

Gentleman နဲ့ No Gentleman အနောက်တိုင်းက လူတွေသူတို့ကို No Genlteman လို့ခေါ်ရင်ပြောရင် သူတို့ အရမ်းနာကြပါတယ်။ ဆဲခံရတာထက် နာတယ်။ ပါရိုက်ခံရတာထက် သူတို့နာတယ်။ စာပေတွေထဲမှာ ကျွန်တော်ဖတ်ရတယ်။ စာရေးဆရာကြီး ရွှေဥဒေါန်းက ဒီ Gentleman ဆိုတဲ့ဝေါဟာရနဲ့ ပတ်သက်ပြီး ဘယ် လောက်အထိရည်ညွှန်းသလဲဆိုရင် Gentleman ဆိုတာ အရိယာလိုပဲတဲ့။ ဗုဒ္ဓဘာသာဆရာကြီးဖြစ်တော့ ဗုဒ္ဓဘာ သာရှုထောင့်ကနေပြီးရေးတာပေါ့။ အဲ့ဒီလောက် အရိယာလောက် အရည်အသွေးရှိမှ Gentleman ဖြစ်တာ။ ၀တ် စားဆင်ယင်မှုတစ်ခုတည်းနဲ့ ကြည့်ပြီးဆုံးဖြတ်လို့မရဘူး။ လုပ်ရပ်တွေ၊ လုပ်ဆောင်ချက်တွေ ဒါတွေပါလိုအပ်တယ်။ ဒါတွေကို ကျွန်တော်ပြောမှာ။

ကျွန်တော်တို့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းမှာ ဘယ်လိုတွေဖြစ်နေသလဲ။ နောက် ကျမ်းမြတ်ကုရ်အာန် မှာရော ဘယ်လိုပြဌာန်းလမ်းညွှန်ထားသလဲ။ ကုရ်အာန်မှာပါတဲ့ အာယသ်တွေကို မပြောခင် Gentleman နဲ့ ပတ်သက်ပြီး မိတ်ဆက်ကြည့်ကြရအောင်။ Gentleman ဘာလဲ။ အဲဒီအရည်အသွေးတွေပျက်ရင်၊ မရှိရင် No Gentleman ဖြစ်မယ်။ လူကြီးလူကောင်း မပီသဘူးပေါ့။ လူကြီးလူကောင်းဆိုတဲ့ဝေါဟာရမှာကိုက အဓိပ္ပါယ်ပြန်ဆို မှုမှာ လိုအပ်မယ်လို့ထင်ပါတယ်။ ဒါကို ဆရာတွေပိုနားလည်လိမ့်မယ်လို့ ထင်ပါတယ်။

ကောင်းပြီ — မုဆိုးမတစ်ယောက်လာရောင်းတဲ့ ပစ္စည်းတစ်ခု၊ ဈေးနှိမ်ပြီးမ၀ယ်ဘူး။ အဲ့ဒါ Gentleman ဘဲ။ ဈေးနှိမ်ပြီးဝယ်ရင် အဲ့ဒါ No Gentleman ဘဲ။ ဈေးကွက် ထဲမှာ အလုပ်လုပ်နေတဲ့လူတွေ၊ မွတ်ဆလင်မ်တွေ သတိထားရမှာ။ သူခိုးပစ္စည်း လက်မခံဘူး။ လက်ခံရင် Gentleman  မဟုတ်ဘူး။ ဒါက ပညာရှင်တွေ Gentleman ကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့ လူကြီးလူကောင်း၊ ကျွန်တော်တို့ မွတ်ဆလင်မ် လူကြီးလူကောင်းတွေ ဒါတွေလုပ်နေသလား၊ မလုပ်ဘူးလား၊ မသိဘူး။ နိုင်ငံတော်အဆင့် ပြောမယ် ဆိုရင်လည်း နိုင်ငံပိုင်ဘတ်ဂျက်တွေ ဖြုန်းမယ်၊ သုံးမယ်၊ ဘုံးမယ်။ ဒါတွေဟာ No Gentlemen ဖြစ်မှာဘဲ။ လယ်သမားတွေဆီက လယ်မလုဘူး။ ခရိုနီမလုပ်ဘူး။ ဒါဆိုရင် Gentlemen။  ဒီလိုအချက် တွေနဲ့ငြိစွန်းရင် Gentlemen မဟုတ်ဘူးတဲ့။

ဟိုးအနောက်တိုင်းက လူတွေက You are no Gentlemen ဆိုလိုက်ရင် တော်တော်နာတယ်ဆိုတာက သူ့ကိုဒီလိုလူကြီးလူကောင်းအဆန်တဲ့ လုပ်ရပ်တွေ အောက်တန်းကျတဲ့လုပ်ရပ်တွေ လုပ်တယ်လို့ပြေဆိုစွတ်စွဲလိုက်တာလို့ ယူဆတာကိုး။ အဲ့ဒီအနှစ်သာရကပါနေတော့ အဲ့ဒီလိုပြောခံလိုက်ရတာက စွပ်စွဲခံလိုက်ရ တာဆိုတော့ နာတာပေါ့။ တကယ်ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုတာ ဒီအလုပ်တွေ မလုပ်ဘူးလေ။ မလုပ်တဲ့ အတွက် သူတို့ဒီလို အခေါ်မခံနိုင်ဘူး။ နာတယ်။

ဒီအကြောင်းအရာတွေ ပြောဖို့ ကျွန်တော် တို့ ၅၉လမ်းဗလီအနေနဲ့ ဟိုးအရင်ကတည်းက ဆရာကြီးတွေဟောပြောခဲ့တာက တခြားပလီတွေနဲ့ မတူဘူးလေ။ နည်းနည်းကွဲပြားတယ်။ တခြားပလီတွေမှာက ဘာသာရေး သိပ်ဆန်တယ်။ ကျွန်တော်တို့က ကုရ်အာန်ကပြတဲ့အရာတွေ ဟောပြောတော့ လူတွေက မင်းတို့ဘာတွေ ဟောနေကြတာလဲ။ မင်းတို့က နိုင်ငံရေးတွေဟောလိုက်၊ စီးပွားရေးတွေဟောလိုက်နဲ့ပေါ့။ ဒီလိုမျိုးဝေ ဖန်တာတွေလည်းရှိတာပေါ့။ ပြီးတော့ လပတ်ဒီဇင်ဘာ ၁ ရက်နေ့က ကမ္ဘာ့ AIDS နေ့ဖြစ်ပါတယ်။ ဒီ ဒီဇင်ဘာလ ထဲမှာ အဲ့ဒီလိုနေ့တွေ အများကြီး။ ဟိုအရင်က ကျွန်တော် တစ်ခေါက်ပြောဘူးတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ သစ်တော များ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မွတ်ဆလင်မ်တွေမှာလည်း လုပ်ဖို့တာဝန်ရှိတယ်လို့ သောကြာနေ့ ခွတ္တဗာဟ်မှာထည့်ဟောတယ်။ ဘယ်သူကဟောလည်းဆိုတော့ အင်ဒိုနီးရှား အိုလမာအဖွဲ့ချုပ်ကနေ စာထုတ်တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တော်တော်အားတက်သွားခဲ့တယ်။ အခုလည်း အားတက်စရာ ကြုံလာတယ်။ မလေးရှားတစ်နိုင်ငံလုံးမှာ ပြီးခဲ့တဲ့ သောကြာနေ့က ဘာအကြောင်းဟောလဲဆိုရင် AIDS အကြောင်း ဟောတယ်။ မလေးရှားတစ်နိုင်ငံလုံးရဲ့ မွတ်ဆလင်မ် အဖွဲ့ချုပ်ကနေ တစ်နိုင်ငံလုံးမှာရှိတဲ့ ၀တ်ကျောင်းတော်တွေ ကနေ AIDS အကြောင်းဟောပြောဖို့၊ AIDS ဝေဒနာရှင်တွေကို ဘယ်လိုဆက်ဆံကြဖို့ မခွဲခြားဖို့၊ ကာကွယ်ရေး၊ ကုသရေး၊ ဆက်ဆံရေး ဒါတွေကို လူတွေသိအောင် ဟောခိုင်းတယ်။

ဒီတော့ ကျွန်တော်တို့လည်း အားတက်စရာဖြစ်ခဲ့တယ်။ ကျမ်းမြတ်ကုရ်အာန် စူရာဟ် ၆၈ အာယသ် ၄ မှာ တမန်တော်မြတ်နဲ့ ပတ်သက်ပြီး

ထိုမှတစ်ပါးမလွဲဧကန်အသင်သည်ထူးကဲမြင့်မြတ်လှစွာသောသဘောသကန်အကျင့်စာရိတ္တ ပေါ်၌ရှိနေ၏။

တမန်တော် မုဟမ္မဒ်(ဆွ)ကို ပြောတာ။ တမန်တော် မဖြစ်ခင် မုဟမ္မဒ်အခြေအနေကို ပြောတာ မဟုတ်ဘူး။ တမန်တော်ဖြစ်ပြီး မုဟမ္မဒ်(ဆွ)ရဲ့ ဘ၀အခြေအနေမှာပြောတာ။ တမန်တော်ဖြစ်ပြီးမှာ ဂုဏ်ရည် တစ်ရပ်ခိုင်နှိုင်းပြီးပြောတာ။ ကျွန်တော်တို့က ဒါကိုကြွားဝါပြီးပြောဖို့မဟုတ်ဘူး။ ပြောချင်တဲ့ သဘောက ကျွန်တော်တို့ မွတ်ဆလင်မ်တွေ တကယ် တမန်တော်နောက်လိုက် ဖြစ်ချင်တယ်ဆိုရင် အဲဒီတမန်တော်မြတ်မှာရှိတဲ့ ဂုဏ်အရည်အသွေးတွေ၊ ကိုယ်ကျင့် တရား၊ သိက္ခာတွေ၊ အကျင့်စာရိတ္တတွေ ကျွန်တော်တို့မှာ ရှိရလိမ့်မယ်လို့ အလ္လာဟ်က ပြောတာ။

တမန်တော်ကြီးကျယ်မြင့်မြတ်ပါတယ်လို့ အလ္လာဟ်ကဖော်ပြနေတာက သူ့တမန်တော်မျက်နှာငယ်မှာစိုးလို့ မဟုတ်ဘူး။ ကျွန်တော်တို့ ကြွားဝါဖို့လည်း မဟုတ်ဘူး။ တကယ်တမ်း ကျွန်တော်တို့ တမန်တော်အကြောင်းသိတာ က အိမ်တွင်းမှုကိစ္စနဲ့၊ နိစ္စဓူဝကိစ္စ။ ဟိုတနေ့က မွတ်ဆလင်မ်လူငယ်လေးတွေ စကားပြောစွမ်းရည်ပြိုင်ပွဲတစ်ခု မှာ သွားနားထောင်တော့ `လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ယောက်အကြောင်း´ ပြောပါဆိုတော့ မိန်းကလေးတစ်ယောက်ကပြောတယ်။

သူအရမ်းလေးစားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ကမ္ဘာပေါ်မှာရှိတယ်။ တမန်တော်မုဟမ္မဒ်(ဆွ)ဖြစ်ပါတယ်။ သူပြောတဲ့အတိုင်း ကျွန်တော်ပြောမယ်နော်။ ခွင့်လွှတ် ပါ။ လူကြီးမင်းများရှင်- ကမ္ဘာပေါ်မှာ ဘယ်လောက်လေးစားဖို့ကောင်းတဲ့ တမန်တော်လည်းဆိုတာ သိလားတဲ့။ အဲ့ဒီတမန်တော်က ချီးပါပြီးရင် ဖင်ဘယ်လိုဆေးရလဲဆိုတာ သင်ပေးသွားတယ်သိလားတဲ့။ အဲ့ဒီလို ပုဂ္ဂိုလ်မျိုးကိုမှ ကျွန်မတို့က မလေးစားရင် နောက်ထပ်ကမ္ဘာပေါ်မှာ ဘယ်လိုပုဂ္ဂိုလ်ကိုလေးစားရမလဲတဲ့။

လက်ခုပ်တွေတီး။ ဒိုင်တွေကလည်း အမှတ်တွေပေးပေါ့။ ကဲ စဉ်းစားကြည့်ရအောင်။ ကလေးတွေ ဒါတွေ ကိုဘယ်လိုသိလဲ။ ဘယ်ကကြားသလဲ။ ဒါ ဆရာတွေသင်ပေးတာ။ သေချာတယ်။ ဆရာတွေသင်လို့သိတာ။ ဆရာ တွေကို ဆရာ့ဆရာကြီးတွေ သင်ပေးတာ။ တကယ်တော့ ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းမှာ တမန် တော်ရဲ့ အနှစ်သာရကိုသိလို့ ကြွားနေကြတာ မဟုတ်ဘူး။ဘာလဲကျနော်တို့ ရဲ့နှစ်ဘ၀သခင်တမန်တော်မြတ်ကြီးဟာချီးပါသေးပေါက် မသာရေချိုးနည်းတွေသင်ပေးဖို့ ဒီလောကကိုရောက်လာတာလား။ဂုဏ်ယူပြီးပြောစရာအဲဒီလောက်ရှားသလားဗျာ။

တကယ်တမ်း အလ္လာဟ်အရှင်မြတ်ပြောချင်တာက တမန်တော်မြတ်(ဆွ)ဟာ Gentlemen တစ်ယောက်မှာရှိရမယ့် အရည်အသွေး၊ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရား၊ အဲ့ဒါတွေ အားလုံးရှိနေတယ်လို့ ပြောနေတာ။ တမန်တော်မြတ်(ဆွ)မှာရှိတယ်။ မင်းတို့မှာရှိအောင်လုပ်။

ဆိုလိုတာက လူတွေက ငါဘာလဲဆိုတာ သိနေတယ်။ ငါ Gentlemenလား၊ ဘာလဲ၊ ဆိုတာ ကိုယ်တိုင်သိနေတယ်။ ကျွန်တော်တို့က ဟန်ပြခေါ်လို့ကောင်းလို့ခေါ်နေတာ။ ဂုဏ်သရေရှိလူကြီးမင်းများ ခင်ဗျား။ မွတ်ဆလင်မ် ညီနောင်၊ ညီမအပေါင်းတို့ခင်ဗျား စသည်ဖြင့်ပေါ့။ စကားအရာအရ ခေါ်နေတာ။ အဲ့ဒီစကား ရဲ့နောက်က အနှစ်သာရတွေရှိရမှာဖြစ်တယ်။ နောက်ထပ်ရှိသေးတယ်။

ကုရ်အာန် ဆူရာဟ် ၄၉ အာယသ် ၁၃ မှာ၊ ဒီအာယသ်မှာက သက္က၀ါအကြောင်းပြောတာ။ သက္က၀ါဆိုရင် ကျွန်တော်တို့ သိထား တာက အပြစ်တွေကို ရှောင်၊ ကုသိုလ်ရေးတွေလုပ်ပေါ့နော်။ သက္က၀ါအကြောင်းတော့ အကျယ်မပြောပါဘူး။ ပြောချင်တာက လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်ရှိရမယ့် အရည်အချင်း၊ အရည်အသွေးများ စောစောကပြောသလို လူကြီးလူကောင်းတစ်ယောက် ဖြစ်ဖို့၊ Gentlemenဖြစ်ဖို့ လိုအပ်တယ်လို့ ပြောချင်တာ။ ဒီလိုအရည်အချင်း၊ အရည် အသွေးတွေမရှိရင်၊ ပျက်ရင် ဘာဖြစ်သလဲဆိုတာ ကုရ်အာန်မှာအများအပြားဖော်ပြထားပါတယ်။ ဆူရာဟ် မုအ်မင်န်၊ ဆူရာဟ် လုက္ကမာန် ကို လေ့လာကြည့်ပါ။

ကောင်းပြီ။ လူကြီးလူကောင်း Gentlemen ရဲ့ အရည်အသွေးတွေ လေ့လာကြည့်ရအောင်။ `အားနည်းတဲ့ သူကို အနိုင်မကျင့်ဘူး။´ ဆိုပါတော့ ခွေးတစ်ကောင်ဟာ အမဲရိုးကိုက်နေတဲ့အချိန်မှာ နောက်ထပ်ခွေးတစ်ကောင် ရောက်လာရင် ကိုက်ကြရော။ နောက်ထပ်ရောက်လာတဲ့ ခွေးဟာခြေကျိုးနေလို့၊ အားမရှိရင်ဆိုပြီး အားရှိတဲ့ခွေးက ရှောင်ပေးပါ့မလား။ အဲဒါမျိုးစိတ်ဓါတ် ခွေးတွေ မှာ ရှိပါ့မလား။ ဘယ်ရှိမလဲ။ တိရစ္ဆာန်လေ။ လူတွေမှာက အားနည်းတဲ့လူ အနိုင်မကျင့်ရဘူး။ လက်ဝှေ့ထိုးတာကိုကြည့်။ ဘက်ညီမှ။ အားနည်းတဲ့သူကို အနိုင်မကျင့်ရဘူး။ အဲ့ဒီအရည်အသွေးဖျက်ရင် No Gentlemen ပဲ။ မင်းလူကြီးလူကောင်း၊ ဂုဏ်သရေရှိလူကြီးမင်းမဟုတ်ဘူး။

ခြုံငုံပြီးပြောရရင် အဲ့ဒါ တွေဟာ Gentlemen မဟုတ်ဘူး။

အားနည်းတဲ့သူကို အနိုင်မကျင့်ဘူး။ အားနည်းတဲ့သူနဲ့ ယှဉ်ပြိုင်တဲ့အခါ တန်းတူယှဉ်ပြိုင်လို့မရဘူး။ လူ့အခွင့်အရးနဲ့ပတ်သက်တဲ့ ကာတွန်းတစ်ခုမှာဆိုရင် ဘောလုံးပွဲတစ်ပွဲကြည့်နေတဲ့ လူနှစ်ယောက်။ တစ်ယောက်က ပုတယ်။ တစ်ယောက်ကမြင့်တယ်။ ရှေ့မှာအကာအရံကြီးရှိနေတော့ မြင့်တဲ့လူမြင်ရပေမယ့် ပုတဲ့ လူမှာကပြဿနာရှိတယ်။ ဒါကြောင့်ခုံခုပေးရတယ်။ တန်းညှိတဲ့သဘော။ တန်းတူညီမျှတဲ့သဘော။ ဆိုလိုတာက ဘက်မျှဖို့အတွက် ညီညီမျှမျှ လုပ်ပေးဖို့ လူ့အဖွဲ့အစည်းမှာလိုအပ်တယ်။

ပညာမဲ့တွေ၊ ဆင်းရဲသားတွေနဲ့ ဆက်ဆံတဲ့အခါမှာ ကလိမ်ကကျစ်လုပ်မယ်။ အနိုင်ကျင့်မယ်။ လူရဲ့နှလုံး သားထဲမှာရှိနေရမယ့် ကိုယ်ချင်းစာနာတတ်ရမယ့်စိတ်၊ သနားညှာတာထောက်ထားရမယ့် စိတ်ရှိရမယ်။ မရှိဘူးဆို ရင် သေချာပြီ No Gentlemen ပဲ။ အဲဒီလို No Gentlemen လို့ပြောရင် အနောက်တိုင်းသားတွေက အရမ်းနာ တယ်။ ကျွန်တော်တို့က `မင်းလူကြီးလူကောင်း မဟုတ်ဘူး´လို့ အပြောခံရရင် သိပ်စိတ်မ၀င်စားဘူး။ အဲ့ဒီဝေါဟာရ အနက်အဓိပ္ပါယ်လေးနက်မှုကို ကျွန်တော်တို့က မသိဘူးလေ။ ခေါ်ကောင်းလို့ ခေါ်နေတာကိုး။

အနောက်တိုင်းသားတွေ အရမ်းနာတယ်။ ဘာလို့လဲဆိုတော့ No Gentlemen ရဲ့ အနက်အဓိပ္ပါယ်သူတို့ သိနားလည်သဘောပေါက်နေလို့ဖြစ်တယ်။

နောက်တစ်ချက်က အဲ့ဒီလိုအနိုင်ကျင့်စော်ကားနေတာ တွေ့ရင်လည်း မျက်နှာမလွှဲသွားဘူး။ ငါနဲ့မဆိုင်ဘူးဆိုပြီး နေတတ်သလို မနေခဲ့ဘူး။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာက ဘတ်စ် ကားပေါ်မှာ  တစ်ယောက်ကို စပယ်ယာက ဟောက်နေရင်လည်း ကိုယ်နဲ့မဆိုင်သလိုနေတယ်။ မသိချင် ယောင်ဆောင်နေတယ်။ ကိုယ်ပါကြောက်နေရတဲ့ သဘောဖြစ်နေတယ်။ အဲဒီလိုမျိုး လူ့အဖွဲ့အစည်း။ သူများအနိုင် ကျင့်နေတာကိုတွေ့ရင် မျက်နှာမလွှဲပဲ အနိုင်ကျင့်ခံရသူဘက်က ရပ်တည်သူ၊ မျှမျှတတဖြစ်စေလိုသူ၊ လူနည်းစု တွေ၊ ဘာသာဝင် မတူတဲ့လူတွေကို အနိုင်ကျင့်နေတာကိုလည်း လက်မခံသူ။ အနည်းဆုံးဗျာ နှုတ်နဲ့တော့ ရှုံ့ချလို့ ရတယ်လေ။ စာတိုလေးတစ်ခုရှိတယ်။

`ကမ္ဘာကြီးက လူယုတ်မာတို့ကြောင့် ပျက်ဆီးမှာမဟုတ်ဘူးတဲ့။ အဲ့ဒီ လူယုတ်မာတွေကို ယုတ်မာခွင့် ပေးပြီး ရပ်တည်နေတာကြောင့် ပျက်စီးမှာတဲ့´ တရားရုံးတွေမှာ ကြည့်မလား။ လူ့အဖွဲ့အစည်းတွေမှာ ကြည့်မ လား။ နေရာတကာမှာ ကြည့်မလား။ ကြည့်လိုက်လို့ မတရားမှု၊ အနိုင်ကျင့်စော်ကားမှုတွေကို မြင်လာရင် Gentlemen တွေဟာ အဲ့ဒီမတရားမှုကို မကျော်သွားဘူး။ မမြင်ချင်ယောင်ဆောင်၊ မသိချင်ယောင်ဆောင် မနေဘူး။ လျစ်လျူမရှုလိုက်ဘူး။ အနည်းဆုံး နှုတ်နဲ့ရှုံ့ချ၊ ဆန့်ကျင်၊ ကန့်ကွက်ကြတယ်။ ကျွန်တော်တို့မွတ် ဆလင်မ် လူ့အဖွဲ့အစည်းမှာ အခုလတ်တလောဖြစ်နေတာကိုကြည့်။ ပါကစ္စတန်မှာဖြစ်တယ်။ သြစတေးလျမှာဖြစ် တယ်။ ကျွန်တော်တို့ပဲ ရှုံ့ချနေရတယ်။ ကန့်ကွက်နေရတယ်။

အခုမှပေါ်လာတဲ့ စကားလုံးအသစ်အကြောင်း ပြောပါမယ်။ ပါကစ္စတန်နိုင်ငံရဲ့ မွဖ်သီချုပ် မနေ့က `ဖသ်ဝါ´ထုတ်တယ်။ တမန်တော်မြတ်(ဆွ)က စစ်တိုက်ထွက်ရင် ရန်သူရဲ့မိန်းမ၊ ကလေးတွေကို မသတ်ရဘူး။ နောက်ပြန်လှည့်ပြေးတဲ့ရန်သူကို မသတ်ရဘူး။ လက်ရဖမ်းမိတဲ့ သုံ့ပန်းတွေကို မသတ်ရဘူး။ သက်ကြီးရွယ်အိုတွေ ကို မသတ်ရဘူး။ အများကြီးပဲ သူပြောသွားပါတယ်။ နောက်ဆုံး နိဂုံးချုပ်မှာပြောတာက အခုတာလီဘန်တွေဟာ တာလီဘန်တွေမဟုတ်တော့ဘူးတဲ့။ ဖြစ်ခြင်းဖြစ်ရင် `ဇွာလေမန်´တွေပဲ ဖြစ်မယ်တဲ့။ အဲ့ဒါ စကားးလုံးအသစ်ပဲ။ ဘာလဲတာလီဘန် မဟုတ်တဲ့ ဇွာလေမန်တွေ။ အဲ့ဒီတော့ ပါကစ္စတန်တစ်နိုင်ငံလုံးရော၊ အရပ်ဖက်လူ့အဖွဲ့အစည်း တွေရော အစိုးရရော၊ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အကြမ်းဖက်ဆန့်ကျင်ရေး အဖွဲ့အစည်းတွေအားလုံးပေါင်းပြီး ဒီတာလီ ဘန်မဟုတ်တဲ့ ဇွာလေမာန်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်လို့ ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။

ဒီတော့ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မတရား အနိုင်ကျင့်စော်ကားနေတာ အကြမ်းဖက်နေတာကိုတွေ့ ရင် မျက်နှာမလွှဲရဘူး။ မျက်နှာလွှဲရင် ဒါ Gentlemen မဆန်ဘူး။ ကျွန်တော်မိထ္ထီလာအရေးအခင်း မဖြစ်ခင်က ခွတ္တဗာဟ်မှာပြောဖူးတဲ့ ပုံလေးတစ်ပုဒ်ရှိတယ်။ ညဖက်ကြီး လူတစ်ယောက်ကို တံခါးခေါက်ပြီး လာဖမ်းတယ်။ အခြားလူတစ်ယောက်က ထကြည့်တယ်။ ဂျူးတစ်ယောက်ကို လာဖမ်းတာ။ ငါဂျူးမဟုတ်ဘူးဆိုပြီး ပြန်အိပ်နေ လိုက်တယ်။ နောက်တစ်နေ့လည်း ဒီလိုပဲ။ နောက်တစ်ယောက်ကို လာဖမ်းတယ်။ ထကြည့်တယ်။ ခရစ်ယာန် တစ်ယောက်ဖြစ်နေတယ်။ငါခရစ်ယာန်မဟုတ်ဘူးဆိုပြီး ပြန်အိပ်နေ လိုက်တယ်။ နောက်တစ်နေ့လည်း ဒီလိုပဲ။သူ့အိမ်ကိုတံခါးလာခေါက်တယ်။သူ့ ကိုလာဖမ်းပြီလေ။ ဒါနဲ့ သူ့ရပ်ကွက်ထဲကို ကြည့်လိုက်တော့ လူတွေအကုန်လုံး ပြတင်း ပေါက်ကနေ သူ့ကိုကြည့်နေတာတွေ့ရတယ်။ ပြီးတော့ တံခါးပိတ်ပြီး ပြန်အိပ်ကြတယ်။ သူ့လို လူတွေကြီးပဲ။

ဘာပြောချင်တာလဲဆိုတော့ နင်ပြီးရင်ငါ့အလှည့် ရောက်လာလိမ့်မယ်။ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက မတရားမှုကို မတရားဖို့အတွက် ခွင့်ပြုထားရင် တစ်နေ့နေ့ တစ်ချိန်ချိန် တစ်နေရာရာမှာ ကိုယ့်အလှည့်ရောက်လာ ပါလိမ့်မယ်။ ကိုယ်တိုင်မတရားလုပ်ခြင်း ခံရလိမ့်မယ်။ အဲဒီအကြမ်းဖက်မှု၊ အဲဒီမတရားမှုကို ကိုယ်တိုင်ခံစားရလိမ့် မယ်။ လက်တွေ့၊ မျက်တွေ့ ရင်ဆိုင်ရလိမ့်မယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်တွေ ယုံကြည်ချက်အရဆိုရင် အလ္လာဟ် ကပြမှာပဲ။ အဲ့ဒီတော့ ကျွန်တော်တို့နှုတ်ဆိတ်မနေဖို့လိုတယ်။

ကျွန်တော်တို့ မွတ်ဆလင်မ်လူ့အဖွဲ့အစည်းက အလုပ်လုပ်ရလိမ့်မယ်။ နေရာယူနိုင်ရမယ်။ အစိုးရဌာန ဖြစ်ဖြစ်၊ ၀န်ကြီးဌာနတွေမှာဖြစ်ဖြစ်၊ စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကျွန်တော်တို့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းက အလုပ်လုပ်ရမယ်။ နေရာဝင်ယူရမယ်။ ဆိုကြပါစို့ဗျာ။ အဖွဲ့အစည်းတစ်ခုမှာ ကျွန်တော့်ကို ခင်ဗျား ဥက္ကဌလုပ်ပါလား။ ဆိုခဲ့ရင်(ဥပမာနော်) ကျွန်တော့်ကို အရည်အချင်းရှိလို့ ပေးတာကို ကျွန်တော်က `ဟာ၊ ကျွန်တော်မလုပ်ချင်ဘူးဗျာ၊ နေပါစေ၊ ´ဆိုပြီး ငြင်းတယ်။

ကျွန်တော်တို့ မွတ်ဆလင်မ်က ဒါမျိုးတွေများတယ်။ နောက်မှသာနေရာရပြီး အရသာသိပြီး ခုံကမဖယ်ပေး ချင်တော့တာ၊ ပြောရင်တော့ မလုပ်ပါနဲ့ဗျာ။ မလုပ်ပါရစေနဲ့။ အလုပ်များတယ်ဆိုပြီး ခေါင်းရှောင်နေတတ်ကြတယ်။ ဒါမျိုးကများပါတယ်။ အဲဒီလို ကိုယ်နဲ့ထိုက်တန်ရဲ့သားနဲ့ တာဝန်ယူနိုင်ရက်နဲ့ ခေါင်းရှောင်ခြင်းက လူယုတ်မာတွေကို ယုတ်မာနိုင်ဖို့၊ မတရားလုပ်ဖို့ အခွင့်အရေးပေးလိုက်တာပဲ၊ ခင်ဗျားတို့က လိုလိုလားလား အခွင့်အရေးဖန်တီးပေးတာ။ ထိုက်တန်တဲ့နေရာမှာ ခင်ဗျားတို့နေရာမယူရင် မထိုက်တန်တဲ့လူတွေ နေရာယူပြီး ဖျက်ဆီးပစ်လိမ့်မယ်။ အဲ့ဒီ ဖျက်ဆီးမှုမှာ ခင်ဗျားနေရာ ခေါင်းရှောင်ခဲ့တဲ့အတွက် ခင်ဗျားမှာလည်း တာဝန်ရှိတယ်။ မွတ်ဆလင်မ်တိုင်း မွတ်ဆလင်မ်တိုင်း စိတ်ထဲမှာ မှတ်သားထားရမယ်။

လွန်ခဲ့တဲ့နှစ် ၅၀က အဲ့ဒီလို နေရာမယူခဲ့ရင် ဒီကနေ့ သမိုင်းမှာ ဦးရာရှစ်ဆိုတာလည်း မရှိဘူး။ ဦးရာဇာတ် ဆိုတာလည်း မရှိဘူး။ ရဲဘော်ကိုထွေး ဦးဖေခင်၊ ဦးခမ်း ဘယ်သူမှရှိမှာမဟုတ်ဘူး။ သူတို့နေရာလွယ်လွယ်လေးရ လိုက်ကြတာလို့ ထင်လား။ အတိုက်အခိုက် အတားအဆီးမရှိဘူးလို့ ထင်လား။ အကြီးအကျယ် အတွန်းအတိုက် တွေရှိခဲ့တယ်။ အဲဒီနေရာကို ထိုက်ထိုက်တန်တန်ရခဲ့တာ။

ကျွန်တော်တို့က အဲ့ဒီနေရာကို အဲ့ဒီလိုရဖို့ မကြိုးစားဘူး။ ကျွန်တော်တို့က စီးပွားရေးလောက်နဲ့ပဲ ငြိမ်သက် နေတယ်။ အလှူပေးရင်တောင် မွတ်ဆလင်မ်က ကိုယ့်နာမည် မပြောရဲဘူး။ ကြောက်နေတယ်။ အမည်မဖော်လိုသူတစ်ဦးတဲ့။ မကြွားဝါလိုတာက တစ်ပိုင်း၊ မွတ်ဆလင်မ်လူ့အဖွဲ့ အစည်းက နေရာတကာမှာနေရာ မ၀င်ယူဘူး။ အလုပ်မလုပ်ဘူး။ ကိုယ့်အလုပ်ပဲကိုယ်လုပ်နေကြတာပေါ့။ လူ့အဖွဲ့ အစည်းအတွက် အလုပ်လုပ်မယ့်နေရာမှာ ကျွန်တော်တို့ ထိုက်ထိုက်တန်တန် မရောက်လာဘူး။ ဒီတော့ လူ့အဖွဲ့ အစည်းမှာ အကြမ်းဖက်မှုတွေ မတရားမှုတွေဖြစ်လာတဲ့အခါ ဘာမှမတတ်နိုင်ကြတော့ဘူး။ မျက်နှာလွှဲ ခဲပစ် လျစ်လျူရှုခံ နေရတဲ့ဘ၀တွေ ဖြစ်နေတယ်။ ကိုယ်ကိုယ်တိုင်ကလည်း လုပ်ကိုင်လိုစိတ်မရှိဘူးလေ။ အဲ့ဒီတော့ ပြော ချင်တာက လူ့အဖွဲ့အစည်းမှာ အနိုင်ကျင့်ခံရတာ၊ အကြမ်းဖက်ခံရတာ၊ မမျှတတာမြင်ရင် ကျွန်တော်တို့က ၀င်ရောက်ပြီး လုပ်ဆောင်ရမယ်။ အနည်းဆုံးပြောရမယ်။ ဆန့်ကျင်ကန့်ကွက် ရှုတ်ချရမယ်။ မဟုတ်ရင် No Gentleman ပဲ လူကြီးလူကောင်းမပီသဘူး။ လူသားမဆန်ဘူး။

ဆက်စပ်ပြီးပြောရမယ်ဆိုရင် ထိုက်သင့်တဲ့အခွင့်အရးထက်ပိုယူရင်လည်း Gentleman မဆန်ဘူး။ No Gentleman ပဲ။ ထမင်းထုတ်ဝေတယ်။ တစ်ယောက်တစ်ထုတ်၊ ပလီဆရာမို့လို့ နှစ်ထုတ်။ မရဘူး။ မယူရဘူး။ ဂေါပကဖြစ်လို့ ချိုင့်ကြီး ချိုင့်ငယ်နဲ့အိမ်ပို့မယ်။ မရဘူး။ အဲဒါGentleman မဆန်ဘူး။ ကျွန်တော် ဥပမာပြောတာ နော်။ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ရွယ်ပြောတာ မဟုတ်ဘူး။ ကျွန်တော်ပြောချင်တာက ကိုယ်ရောက်နေတဲ့ နေရာ ကိုယ်လုပ်တဲ့အလုပ်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးထက်ပိုပြီး မယူရဘူး။ ဒါကိုပြောတာ။

ကျွန်တော်တို့ Gentlemanဖြစ်ဖို့ အများကြီး ကြိုးစားကြရဦးမယ်။ နိုင်ငံတော်အဆင့်အထိပေါ့။ ဥရုဂွေးက သမ္မတကြီး၊ သမ္မတနန်းတော်မှာ မနေဘူးတဲ့။ သူ့အတွက်မလိုအပ်လို့ပေါ့။

ကိုယ်ရလာတဲ့ ကိုယ်နေရာရဲ့အခွင့်အရေးမှန်သမျှကို ပိုပြီးယူချင်တဲ့ လူတွေ Gentleman မဟုတ်ဘူး။ အဲ့ဒီလူဟာ ဘယ်လိုလူကြီးဘယ်လို ပုဂ္ဂိုလ်ဖြစ်နေပါစေ။ Gentleman မဟုတ်ဘူး။ အနောက်တိုင်းမှာ ဆိုရင် No Gentlemanပြောခံရရင် အရမ်းနာတယ်။ ဒီမှာကတော့ ခင်ဗျားလူကြီးလူကောင်း မဆန်ဘူးပြောရင် ရီ နေတယ်။ အဲ့အနှစ်သာရကိုမှ မသိတာ။ မခံစားတတ်တာ။

တကယ်တော့ အဲဒီလို အခွင့်ထူးခံစား နေရတာကိုက သူတို့ရှက်တယ်။ လူတွေပြောမှာကို ပြောခံရမှာကို ရှက်တယ်။ စိုးရိမ်နေမယ်။ ဒါဟာ Gentleman ရဲ့ စိတ်ဓါတ်။ အိန္ဒိယနိုင်ငံရဲ့ သမ္မတကြီး အဗ္ဗဒူလ် ကလာမ် သမ္မတဖြစ်လို့ သမ္မတအိမ်တော်ဝင်တော့ သေတ္တာနှစ်လုံးပဲပါတယ်။ သမ္မတသက်တမ်းကုန်လို့ သမ္မတအိမ် တော်က ထွက်တော့လည်း အဲ့ဒီသေတ္တာနှစ်လုံးပဲ။ ဖွင့်ပြီး စစ်ခိုင်းတယ်။ လာတုန်းကလည်းဘာပါလဲ။ ပြန်တော့လဲ အဲ့ဒါဘဲပါတယ်။ ပတ္တမြား၊ နီလာ၊ ရွှေ၊ ကျောက်သံ ပတ္တမြားဘာမှ မပါဘူး။ ငါ့ပိုင်ဆိုင်မှု တစ်နိုင်ငံလုံးမှာ ဘာမှမရှိ ဘူး။ ငါ့စာအုပ်တွေပဲရှိတယ်။ အဲ့ဒီစာအုပ်တောင် င့ါလခနဲ့ငါဝယ်ထားတာ။

ဆိုလိုတာက သမ္မတသက်တမ်းမှာ အကယ်၍ အမျိုးတွေဆီက အမွေရလို့ လယ်ပိုင်၊ ယာပိုင်ဖြစ်ခဲ့မယ်ဆို ရင်တောင် ဒါဟာသမာသမတ်နည်းနဲ့ ရတယ်လို့။ လူတွေထင်မှာကို စိုးရိမ်နေတဲ့ စိတ်မျိုးရှိနေတာ။ ဒါဟာ တကယ့် Gentleman တွေရဲ့ စိတ်ဓါတ်။ သူများထင်မှာတောင် အထင်မခံနိုင်ဘူး။ ရှက်တယ်။ ကျွန်တော်တို့ အဲ့ဒီလို ရှက် တတ်ဖို့ အများကြီးသင်ယူရဦးမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ မရှက်ဘူး။ မရှက်တတ် ဘူး။

ကျွန်တော်တို့ရဲ့ ဆရာဦးမြတ်သူ။ လက်ဖက်ရည်ဆိုင်ထိုင်လို့ စားပွဲထိုးက လက်ဖက်ရည်ကို ကျွန်တော်တို့ အရှေ့ကို အရင်ချပေးတယ်။ သူ့ကိုလည်း ဆရာကြီးမှန်း စားပွဲထိုးကမသိဘူးလေ။ ဒါကို ကျွန်တော်တို့က ကိုယ်ရှေ့ က ခွက်ကို သူ့ကိုအရင်ပေးရင် မကြိုက်ဘူး။ မင်းရှေ့ရောက်တာမင်းအရင်သောက်။ ပွဲမလုပ်နဲ့။ ငါ့ဆီလည်း ရောက်လာလိမ့်မယ်။ သူ ဥပမာတစ်ခုပြောပြခဲ့ဘူးတယ်။ ဗလီတစ်လုံးမှာ ဗလီဆရာကြီးပဲဖြစ်ဖြစ်၊ ရပ်ကွက်လူကြီးပဲ ဖြစ်ဖြစ် ဗလီကို စောစောလာပြီး ရှေ့ဆုံးမှာဝင်ထိုင်ရတယ်တဲ့။ ဒါကိုဗလီဆရာ တရားဟောမှ လူတွေများလာမှ ရောက်လာပြီး ဟိုးနောက်ဆုံးဂျောင်မှာ သွားထိုင်ပြတာ ပွဲခံတာတဲ့။ ဘာလို့လဲဆိုတော့ ဗလီထဲကလူတွေက ‘ ဟာ ဆရာကြီး မလုပ်နဲ့လေ။ လာ ရှေ့မှာထိုင်ပါ။ ဘာညာနဲ့ လူတွေလှည့်ကြည့်၊ အဲဒါပွဲခံတာ၊ ပွဲလုပ်တာ၊ ဆိုလိုတာက ဘာပြောချင်တာလည်းဆိုတော့ အခွင့်အရေးကို လိုတာထက်ပိုပြီး အခွင့်ထူးမခံနဲ့လို့ပြောတာ။ အဲ့ဒီလို ခံစားဖို့လည်း ဆရာကရှက်တယ်။ ကျွန်တော်တို့ ရှက်တတ်ရမယ်။ ဆရာကပြောဖူးတယ်။ သူခွတ္တဗာဟ်ပြောနေတဲ့အချိန် သူ့ကို စလာမ်လှမ်းပေးတဲ့ လူရှိတယ်တဲ့။ အဲ့ဒါပွဲလုပ်တာလို့ ဆရာကပြောတယ်။

ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ အများကြီးရှိတယ်။ Myanmar People Forum မှာလည်း ဒါမျိုးကြုံရတယ်။ အခမ်းအနားစပြီးမှ စကားပြောနေမှ ဆရာကြီးတစ်ယောက်က၀င်လာတယ်။ ထိုင်နေတဲ့လူတွေလည်း ထကြထိုင်ကြ နဲ့ ပွဲဖြစ်သွားတယ်။ ဒါ Gentleman မဟုတ်ဘူး။ ခင်ဗျား လူကြီးလူကောင်း မဟုတ်ဘူး။

နောက်တစ်ချက်က နိုင်ငံရေးလောကမှာ ဖြစ်ဖြစ်၊ ဘာသာရေးလောကမှာဖြစ်ဖြစ်၊ စီးပွားရေး၊ လူမှုရေးလောကမှာ ဖြစ်ဖြစ် ဘယ်သူ့ဆီမှ မချူဘူး၊ မနှိုက်ဘူး၊ ကိုယ့်သိက္ခာ၊ ကိုယ့်အရှက် ကိုယ်ထိန်းတယ်။ အုပ်စုဖွဲ့၊ အနိုင်ကျင့်၊ ဗိုလ်ကျ၊ မတရားလုပ် ဒါတွေက No Gentleman ဘဲ။ ထိုက်တန်စွာ အလုပ်လုပ်ပြီးမှ ရသင့်တဲ့အခွင့်အရေးကိုယူတယ်။ ဘာမှအလကား မယူဘူး။ လယ် သမား၊ အလုပ်သမား၊ ပန်းရံ၊ လက်သမား၊ လက်အောက်ငယ်သား သူတို့တတွေရဲ့ ‘ ဟာက် ’နဲ့ ပတ်သက်ပြီး မောင်ပိုင်စီးချင်တဲ့ လူတွေဟာ No Gentleman ဘဲ။ ခေါင်းပုံဖြတ်နေတဲ့ လူတွေဟာ Gentleman မဟုတ်ဘူး။ လူကြီးလူကောင်း မဆန်ဘူး။

နောက်တစ်ချက်က အမျိုးမြတ်တယ်ဆိုပြီးတော့လည်း မာန်မတက်နဲ့။ ငါတို့က ဘယ်လိုအမျိုး၊ ရှေးပဝေသဏီ ထဲကရှိတာ။ ဒါမျိုးမာန်တက်နေရင်လည်း No Gentleman ဘဲ။ Gentleman တွေ အဲ့ဒီလို မပြောဘူး။ စောစောက ကိုယ်ကျင့်တရား၊ သိက္ခာ၊ သက္က၀ါနဲ့ပဲ လူ့အဖွဲ့အစည်းမှာ ဂုဏ်ယူထိုက်တာ။ ငါတို့က ချမ်းသာလို့၊ ဘာလူမျိုးမို့လို့ ငါတို့နယ်မြေဒေသ ဘယ်လိုကြီးကျယ်မြင့်မြတ်လို့ဆိုပြီး လူ့အဖွဲ့အစည်းမှာ ခွဲခြားဆက်ဆံမယ် အခြားလူမျိုးကို နှိမ် မယ်ဆိုရင်တော့  ဒါတွေဟာ No Gentleman ဘဲ။

အနောက်တိုင်း မှာက No Gentleman ဆိုရင် အရိုင်းအစိုင်းလို့ ပြောလိုက်တာ။ Gentlemanတွေဟာ ဆင်းရဲတာ ကိုမရှက်ဘူး။ သူတပါးအပေါ် ညစ်ပတ်ရမယ်ဆိုတာမျိုးကို ရှက်တာ။ ငွေဆင်းရဲတာ ပြဿနာမဟုတ်ဘူး။ သိက္ခာ ဆင်းရဲ၊ ပညာဆင်းရဲ၊ စာရိတ္တဆင်းရဲ၊ ပရဟိတ စိတ်ဓါတ် ဆင်းရဲခြင်း အဲဒါတွေကသာ ရှက်စာရာဖြစ်တယ်။ Gentleman လူကြီးလူကောင်းတွေဟာ အဲ့ဒါတွေကို ရှက်တယ်။

လိုရင်းကိုပြောရမယ်ဆိုရင် တကယ့်လူကြီးလူကောင်း Gentlemanဆိုတာ ဆရာကြီး ရွှေဥဒေါင်းက ဘာပြောလဲဆိုရင် ‘အရိယာ’ ရဟန်းလိုပဲတဲ့။ အနေအထိုင်၊ အပြောအဆို၊ လုပ်ရပ်၊ ရှုထောင့်ပေါင်းစုံကနေ အကောင်းဆုံးနေနိုင်တာကိုမှ လူကြီးလူကောင်းလို့ခေါ်တာတဲ့။ မဟုတ်ဘူးဆိုရင်တော့ No Gentleman ဖြစ်မှာဘဲ။ Gentleman စိတ်ဓါတ်ဂျပန်တွေမှာ ရှိတယ်နော်။ ဂျပန်မှာ ငလျင်လှုပ်တော့ (CCTV မှာပါတယ်)။ ကလေးတွေ မိဘမရှိ၊ ရွာပျက်၊ အဲ့ဒီမှာ ကလေးတွေကို မုန့်ဝေတော့ မုန့်တန်းစီယူနေတဲ့ အထဲမှာ နောက်ဆုံးက ကလေးကငို နေ၊ နှပ်တွေကယိုနေ၊ အဲ့ဒီမှာ UN က ဖိလစ်ပိုင်က စစ်သားတစ်ယောက်က ကလေးကို သွားမေးတာပေါ့ ဘာဖြစ်လဲ၊ ဘာလို့ငိုနေတာလဲပေါ့၊ ချမ်းကလည်းချမ်းနေတော့ စစ်သားကသူဝတ်ထားတဲ့ ဂျာကင် ချွတ်ပြီး ကလေးကို ၀တ်ပေးတယ်။ အဲ့ဒီမှာ အင်္ကျီထဲက သူတို့ရဲ့ရိက္ခာပေါ့လေ။ အစုံပါတယ်။ (ပေါင်မုန့်ထောပတ်၊ ဘာညာအစုံပေါ့) အဲ့ဒီ အိတ်ကထွက်ကျသွားတယ်။ အဲ့ဒီအထုတ်ကြီးကို မင်းဘဲယူလိုက်တော့ဆိုပြီး စစ်သားက ကလေးကို ပေးတယ်။ အဲ့ဒီကလေးဘာလုပ်မယ်ထင်သလဲ။ အဲ့ဒါတကမ္ဘာလုံးမြင်နေရတယ်။

အဲဒီကလေးက အထုတ်ကိုယူပြိး ဟိုရှေ့ဆုံးကိုသွားပြီး ရိက္ခာဝေနေတဲ့ ဂျပန်အဘိုးကြီးလက်ထဲ အထုတ်ကို ထည့်ပြီး အခုတန်းစီနေကြတဲ့ ကျွန်တော့်သူငယ်ချင်းတွေကို ဝေပေးလိုက်လို့ ပြောပြီးနောက်ကို ပြန်လာပြီး ဆက်ငို နေတယ်။ အဲ့ဒါအကြီးမားဆုံး Gentleman စိတ်ဓါတ်။ ဂျပန်က ကားတွေကို အကောင်းစားလုပ်တာ တစ်ခုတည်း မဟုတ်ဘူး။ ထုတ်ကုန်ပစ္စည်းတွေကိုပဲ အကောင်းဆုံးလုတ်တာ မဟုတ်ဘူး။ လူငယ်လူရွယ်တွေရဲ့ နှလုံးသား၊ စိတ်ဓါတ်ကိုပါ Special ဖြစ်အောင် လုပ်တာ။ ကျွန်တ်ာက ဂျပန်ကို အမွှန်းတင်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တိုက်ပုံဝတ်ပြီး ခပ်တည်တည်လူကြီးလူကောင်း ပုံဖမ်းနေလို့မရဘူး။ ဒါက Gentleman စိတ်ဓါတ်မဟုတ်သေးဘူး။ Gentleman စိတ်ဓါတ်ကို မွေးကတည်းက ကျောင်းမှာ ပညာအရည်အသွေးတစ်ဆင့်ခြင်းမှာ အဲ့ဒီစိတ်ဓါတ်တွေ ထည့်ပေးရမယ်။

အမှိုက်ကို စနစ်တကျမပစ်တာကို ရှက်တတ်ရမယ်။ စည်းမဲ့ကမ်းမဲ့ ကားမောင်တာရှက်တတ်ရမယ်။ စည်းကမ်းမဲ့ လမ်းကူးတာရှက်တတ်ရမယ်။ ဒါတွေက ရှောင်တခင်ပြင်လို့ မရဘူး။ မွေးမြူပေးရမယ်။ သူတို့နိုင်ငံရဲ့ ပညာရေးစနစ်ကိုက အဲ့ဒီလို တဆင့်စီမွေးမြူပေးခဲ့တာ ၊ ပံ့ပိုးရိုက်သွင်းပေးခဲ့တာ။ အနောက်တိုင်းက လူတွေရဲ့ တစ်ချို့လုပ်ဆောင်ချက်တွေဟာ ကျမ်းမြတ်ကုရ်အာန်နဲ့ သွားညီနေတော့ ကျွန်တော်တို့ မွတ်ဆလင်မ်တွေက နာတယ်။ ကျွန်တော်တို့ မွတ်ဆလင်မ်တွက ကုရ်အာန်ကလည်း လမ်းညွှန်တယ်။ တမန်တော်မြတ်(ဆွ)ကလည်း နေထိုင်ပြခဲ့တယ်။ ဒါလည်း ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ အဲဒါကိုမလုပ်ဘူး။ သူများတွေက လုပ်နေတယ်။

 

 

Ladies လည်း ဒီလိုပဲ။

အမေရိကန်မှာ သမ္မတဖြစ်ရင် သမ္မတကတော်က First Ladies ဖြစ်တာနော်။ အဲ့ဒီတော့ သမ္မတတစ်ယောက် အရွေးခံရဖို့ဆိုတာ သူ့မိန်းမကလည်း အရေးကြီးတယ်။ ပေါ့ပေါ့တန်တန် ဆိုလို့ ကတော့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်ဖို့ မလွယ်ဘူး။ ဆိုလိုတာက အဲဒီလိုအရည်အချင်း၊ အရည်အသွေးမျိုးတွေရှိရမယ်။ ဟိုတလောကဆိုရင် သမ္မတအိုဘားမားရဲ့ သမီးနှစ်ယောက်က အခန်းအနားတစ်ခုသွားတာ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြိး အရမ်း ဝေဖန်ခံရတယ်။ လူကြီးလူကောင်း မဆန်ဘူးပေါ့။ ဒါတောင် ရုပ်ပျက်ဆင်းပျက် အတိုအပြတ် ဖော်ချွတ်ဝတ်ထား သလားဆိုတော့ မဟုတ်ဘူး။ လုံလုံခြုံခြုံဝတ်ထားတယ်။ ဒါပေမယ့် ၀တ်ထားတဲ့ အ၀တ်အစားနဲ့ အခမ်းအနားနဲ့ မညီဘူး။ သတ်မှတ်ချက်ရှိပြီးသား၊ သတ်မှတ်ထားတဲ့ ၀တ်စုံမ၀တ်လို့ Ladies and Gentleman မဟုတ်ဘူးလို့ ပြောတာ။

ကျွန်တော်တို့က မလုံ့တလုံ အဖော်အချွတ်ဝတ်မှ ရိုင်းတယ်၊ မယဉ်ကျေးဘူးထင်တာ။ ကျွန်တော်တို့ တစ်ကိုယ်လုံးမျက်နှာကအစ အုပ်ထားရုံနဲ့ အင်မတန်ယဉ်ကျေးလှပြီလို့ ထင်နေတာ။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် ၂၄ အာယသ် ၃၁ ကိုတင်ပြပါ့မယ်။

‘ မုအ်မင်န်သက်ဝင်ယုံကြည်သူ၊ အမျိုးသမီးများ အသင်တို့၏ မျက်စိများကို အောက်ချထားကြ။’

ဘာပြောတာလဲ၊ မျက်စိကို တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့လို့ ပြောတာလား။ ဒါမှမဟုတ် မျက်စိရှေ့က နေကာထားခိုင်းတာလား။ မျက်စိက ထွက်ပေါက်နော်။ လူတိုင်းသိပါတယ။် မိန်းကလေးနဲ့ ယောက် ကျားလေးမျက်လုံးနဲ့ စကားပြောလို့ရတယ်။ ဒီမျက်စိက ဘယ်လောက်အလုပ်လုပ်သလဲ။ မျက်စိက အများကြီး အလုပ်လုပ်လို့ရတယ်။ မျက်လွှာကို ပတ်ခိုင်းပြီး ပေါက်ကရလုပ်ခိုင်းတာ မဟုတ်ဘူး။ ပြီးတော့ ထပ်ပြောသေးတယ်။

ကာမေသုမိစ္ဆာစာရမှု ကျူးလွန်ခြင်းမှ ထိန်းသိမ်းကြ။ မိမိတို့အရှက်အင်္ဂါကို ထိန်းသိမ်းကြဆိုတာ။ အ၀တ် ကြီးနဲ့ဖုံးအုပ်ခိုင်းတာ မဟုတ်ဘူး။ အင်္ကျီ ၆ ထပ် ရ ထပ် ၀တ်ခိုင်းနေတာ မဟုတ်ဘူး။ ဘာတွေ ဘယ်လောက် ၀တ်ဝတ် ခင်ဗျားဖောက်လွဲဖောက်ပြန်လုပ်နေရင် ဘာထူးလဲ။ ဒါကြောင့် အဲ့ဒီလို တစ်ကိုယ်လုံးဖုံးနေအောင် ၀တ်ဆင်ပါမှ အရှက်အင်္ဂါကို ထိန်းသိမ်းရာကျတယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုဟာ အရှက်ကင်းမဲ့တဲ့ ၀တ်စုံလာ၊ ဥရောပတိုင်းသားတွေရဲ့ ၀တ်စုံဟာ အရှက်ကင်းမဲ့တဲ့ ၀တ်စုံလား။ ဘာပြောချင်တာ လည်း ကျန်အလှအပများကို မပေါ်စေရတဲ့။ ဘယ်ဟာလဲ ကျန်အလှအပ။

အာဖရိကတိုက်မှာ သူတို့ သတ်မှတ်ထားတဲ့ အလှအပနဲ့ သူတို့ရှိတယ်။ ဘယ်ဟာကို ပြောတာလဲ အလှ အပဆိုတာ။ တာလီဘန်တွေအကြောင်းကို ရိုက်တဲ့ရုပ်ရှင်ကားမှာ ခြေထောက်ကို ဒုတ်နဲ့ရိုက်တယ်။ ဘာလို့လဲ ဆိုတော့ ခြေထောက်ပေါ်နေလို့။ အဲ့ဒါအလှအပတဲ့။ အဲ့ဒါဖုံထားရမယ်။ အဲဒီတော့ အလှအပကို ဘယ်လောက် အတိုင်းအတာအထိ ဘယ်သူက သတ်မှတ်မှာလည်း အာဖရိကမှာ အပေါ်ပိုင်းဗလာဖော်ထားတဲ့အမျိုးသမီးတွေ ခုထိရှိ တယ်။ အဲဒါသူတို့ အတွက် အရှက်လို့ မသတ်မှတ်ဘူး။

ကျွန်တော်ပြောချင်တာက ယဉ်ကျေးမှုတွေ ကူးလူးစပ်ယှက်နေတဲ့အချိန်မှာ ကျွန်တော်တို့က Ladies ဖြစ်ဖို့ အတွက် ဂုဏ်သရေရှိအမျိုးသမီးဖြစ်ဖို့အတွက် လုံခြုံရမယ်ဆိုတာမှန်တယ်။ ဒါပေမယ့် လုံခြုံနေရုံနဲ့မပြီးဘူး။ မျက်စိ နောက်အောင်မလုပ်နဲ့။ လူနဲ့လူ့ပတ်ဝန်းကျင်ကို အနှောက်အယှက်မဖြစ်စေနဲ့။ စောစောက အိုဘားမားသမီး နှစ်ယောက်၊ လုံလုံခြုံခြုံဝတ်ထားတာဘဲ။ ဒါပေမယ့် ဒီအခမ်းအနားနဲ့ မအပ်စပ်ဘူး။ လက်မခံဘူး။ ဆက်မလုပ်နဲ့။ ဆက်လုပ်ရင် အိုဘားမားပါ ဒုက္ခရောက်နိုင်တယ်။ ကျွန်တော်တို့မှာ အဲလိုနားလည်မှုမျိုး မရှိဘူး။ ကိုယ်ချင်ရာကိုယ်လုပ်ကြတယ်။ မစဉ်း စားဘူး။

နိဂုံးချုပ်ပြောချင်တာက လူ့အဖွဲ့အစည်းမှာ လူဟာGentleman ဖြစ်ဖို့လိုတယ်။ လူကြီးလူကောင်းဖြစ်ဖို့ လိုတယ်။ အမျိုးသားတွရော၊ အမျိုးသမီးတွေရော။ အဲ့ဒီလို မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ဟာ ကျမ်းမြတ်ကုရ်အာန် နဲ့ တမန်တော်ရဲ့ လမ်းညွှန်လျှောက်လှမ်းခဲ့တာတွေနဲ့ အမြဲတမ်းလွဲချော်နေမှာပဲ။ ဒါကြောင့် ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံတ၀ှမ်းမှာ အရည်အသွေးမြှင့်တင်ပြီး အကောင်းဆုံးရပ်တည်နိုင်ကြပါစေလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ်အပ်ပါတယ်။