Social Communication ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

Social Communication

ကုရ်အာန်သုတေသီ ဦးတင်ထွန်းဦး

လေးစားအပ်ပါသော ကြွရောက်လာကြတဲ့ ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ ခင်ဗျား

အခုလိုမျိုး သောကြာဆွလားသ်နဲ့ ခွတ္တဗာဟ်ကို တည်ဆောက်ခွင့်ရရှိတဲ့အတွက် ကျွန်တော်တို့အားလုံး အလ္လာဟ်အရှင်မြတ်ကို အထူးကျေးဇူးတင်ရှိရမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ကျွန်တော်အနေနဲ့ ကြွရောက်လာကြ တဲ့ အမျိုးသား၊ အမျိုးသမီးအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားရင်း လူကြီးမင်းများအားလုံးအပေါ်သို့ ငြိမ်းချမ်းသာယာမှုအပေါင်း ခညောင်းပါစေကြောင်း ဆန္ဒပြုရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။

အတ်စလာမုအလိုင်းကွန်းမ် ၀ရဟ်မသွလ္လားဟိ ၀ဘရကာသုဟု

ကျွန်တော်အရင်က ခွတ္တဗာဟ်ပြောတိုင်း `အခုလိုတည် ငြိမ်းချမ်းစွာနဲ့ဆိုပြီး ထည့်ပြောပေမယ့်၊ ဒီနေ့တော့ ထည့်မပြောတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူကြီးမင်းတို့ အခုအချိန်တည်ငြိမ်အေးချမ်းစွာ ငြိမ်းချမ်းစွာ ဆွလားသ်နဲ့ခွတ္တဗာဟ်ကို တည်ဆောက်နေပေမယ့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်၊ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းမှာ ၀မ်းနည်းကြေကွဲရင်နာစရာတွေ ရှိနေတယ်ပေါ့နော်၊ ဒါကြောင့် ဒီကနေ့ ကျွန်တော်တို့ အလ္လာဟ်ရဲ့ဇိကိရ်ကို ကြားနာတည်ဆောက်ခွင့်ရတဲ့အပေါ်မှာ အလ္လာဟ်အရှင်မြတ်ကို ပိုပြီးကျေးဇူးတင်ရမှာဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်ပြောကြားမယ့် ခေါင်းစဉ်က `Social Communication´ ဖြစ်ပါတယ်။ မြန်မာလိုဆိုရင် တော့ လူမှုကွန်ရက်အချင်းချင်း၊ လူမှုအဖွဲ့အစည်းအချင်းချင်း အပြန်အလှန် ကူးလူးဆက်ဆံဖို့အတွက် ကျမ်းမြတ် ကုရ်အာန်က ဘယ်လိုလမ်းညွှန်မိန့်ကြားထားသလဲ ဆိုတာကို လေ့လာကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီခေါင်းစဉ်ကို ပြောကြားရခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ မွတ်ဆလင်မ်တစ်ဦးခြင်း၊ တစ်အုပ်စု၊ တစ်ဖွဲ့ခြင်းက တစ်ခြားသူတွေ၊ တစ်ခြားအဖွဲ့အစည်း တွေနဲ့ ဆက်ဆံဖို့အတွက် ဘယ်လိုပုံစံနဲ့ ဆက်ဆံပေါင်းသင်းရမလဲဆိုတာပြောချင်ပါတယ်။

Social Communication ဆိုတဲ့ နေရာမှာ ကျွန်တော်အနေနဲ့ အရေးကြီးတဲ့အပိုင်းနှစ်ပိုင်း ခွဲခြားထားပါ တယ်။ တစ်ပိုင်းက ကျွန်တော်တို့ Muslim Community အချင်းချင်းဆက်ဆံခြင်း၊ နောက်တစ်ပိုင်းက အခြားဘာ သာဝင် လူမှုအဖွဲ့အစည်းများနဲ့ ဆက်ဆံခြင်းဆိုတဲ့ အပိုင်းနှစ်ပိုင်းကို ကျွန်တော်ရှာဖွေ စုစည်းထားတဲ့ ကျမ်းမြတ် ကုရ်အာန်အာယသ်တော်များနဲ့ နှိုင်းယှဉ်ပြီး လေ့လာကြည့်ပါမယ်။

ပထမဦးဆုံးပြောချင်တာက ကျွန်တော်တို့ Muslim Community မှာ Group နဲ့ လုပ်ကြတဲ့ Activity တွေ မှာ ကြည့်လိုက်ရင်၊ ပလီထဲမှာ လုပ်ကြတဲ့ နမားဇ်ဖတ်တာ၊ တမန်တော်နေ့လို ဘာသာရေးနဲ့ ပတ်သက်တဲ့ပွဲတွေ၊ ဂျိုရ်ပွဲ၊ ဟာဂ်ျလုပ်တဲ့ ပွဲတွေကလွဲရင် ကျွန်တော်တို့ Muslim Community တွေဟာ Group တစ်ခုနဲ့တစ်ခု ပေါင်းသင်း ကူးလူးဆက်ဆံခြင်း မရှိကြဘူး။ မရှိတဲ့အပြင် တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မတည့်ကြဘူး။ ကုရ်ဘာနီ အိဒ်လိုမျိုး၊ ရမဒွါန်လ လကြည့်တဲ့ကိစ္စလိုမျိုးမှာတော့ နိုင်ငံတော်အစိုးရက ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်ဆုံးဖြတ်ကြပါဆိုကာမှ ပူးပေါင်းကြတာ။ ဒီလိုအခြေအနေ ဒီလိုပုံစံနဲ့ပဲ ကျွန်တော်တို့ Muslim Community အချင်းချင်းဟာ ဝေးကွာနေ တယ်။ ဒီဘက်နှစ်တွေကို ရောက်လာတဲ့အခါကျတော့ ကျွန်တော်တို့ Social Communication ဆိုတဲ့ ခေါင်းစဉ် အောက်ကနေပြီးတော့ တစ်ခြားအယူရှိတဲ့ ဘာသာမတူသူ ယုံကြည်ချက်မတူသူတွေနဲ့ ကူးလူးဆက်ဆံခြင်းတွေ လုပ်ကြတယ်။ ဘာတွေလုပ်ကြသလဲ။ ရေဘေး၊ မီးဘေး၊ လေဘေး ဒုက္ခသည်စခန်းတွေကို အတူတကွ ပေါင်းပြီး သွားရောက်ကူညီ အားပေးကြတယ်။ နောက်တစ်ခုက (Interfaith Dialogue) ပွဲတွေလုပ်ကြတယ်။ ပေါင်းစည်းရေး၊ ညီညွတ်ရေး၊ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးစတဲ့ Image မျိုးတွေ မြင်သာထင်သာ အောင် လုပ်ဆောင်ကြတယ်။ ကျွန်တော်တို့ ၅၉လမ်း ဗလီမှာတင် ပွဲတွေအများကြီး လုပ်ဆောင်ခဲ့ကြတယ်။

ဒါကဘာလဲဆိုရင် အခြားသော ဘာသာမတူသော Community တွေနဲ့ ကျွန်တော်တို့ Muslim Community အသီးသီး၊ အဖွဲ့ဖွဲ့ဟာ အချင်းချင်း ပူးပေါင်းဆောင်ရွက်တာတွေကို  ယှဉ်ကြည့်မယ်ဆိုရင် ဘာသာမတူသူတွေနဲ့ ကူးလူးဆက်ဆံရေးက ပိုပြီးအားသာနေတာကို တွေ့ရတယ်။ ပိုပြီးအဆင်ပြေတယ်။

မွတ်ဆလင်မ်က အချင်းချင်း ဆက်ဆံလို့မရဘူး၊ အဆင်မပြေဘူး၊ မွတ်ဆလင်မ်က ယဟူဒ်နဲ့ဆက်ဆံလို့ ရတယ်။ နဆွရာနဲ့လည်း ဆက်ဆံလို့ရတယ်။ အဆင်ပြေတယ်။ မွတ်ဆလင်မ် အချင်းချင်းဆိုရင် အဆင်မပြေဘူး။ မရဘူး။ ဘာဖြစ်လို့မရသလဲဆိုတဲ့ `ဖသ်ဝါ´တွေလည်းရှိတယ်။ ဥပမာ မွတ်ဆလင်မ်တစ်ယောက် အခြား မွတ်ဆလင်မ်တစ်ယောက်ကို မုနာဖိက်ဆိုပြီး၊ မုရ်သဒ်ဆိုပြီး၊ ကာဖိရ်ဆိုပြီး၊ မုရှရစ်က်ဆိုပြီးတော့ ဖသ်ဝါပေးလိုက်ပြီ ဆိုရင် (ဒါက လူသားပညာရှင်ဆိုသူတွေ တီထွင်ဖန်တီးပေးထားတဲ့ ရှရီအာဟ်ဥပဒေ) အဲဒီလူနဲ့ စကားမပြောရ။ အဆက်အသွယ် ပေါင်းသင်းဆက်ဆံမှု မလုပ်ရ။ ယဟူဒ်နဲ့ နဆွရာနဲ့ရတယ်။ မွတ်ဆလင်မ် အချင်းချင်းလုပ်လို့မရ ဘူး။ အဲဒီရှရီအာ ဥပဒေဆိုတာ တကယ်တော့ ကုရ်အာန်ရဲ့ ဥပဒေမဟုတ်။

မွတ်ဆလင်မ်အချင်းချင်း စီးပွားရေးလုပ်လို့ မရဘူး။ အပေးအယူလုပ်လို့မရဘူး။ ပေါင်းသင်းဆက်ဆံလို့ မရဘူး။ စွန္နီ၊ ရှီအာ စတဲ့ ကွဲလွဲချက်တွေကို ကြည့်ရင်သိမှာပါ။ ရေတောင် မသောက်ရဘူးလို့ တားမြစ်ချက်တွေက ရှိနေတယ်။ ယဟူဒ်အိမ်၊ နဆွရာအိမ်မှာရတယ်။ ဘေဒီန်အိမ်မှာရတယ်။ ဒါကြောင့် ကျွန်တော်တို့ မွတ်ဆလင်မ် လူ့အဖွဲ့အစည်းတွေကြားမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကူးလူးဆက်ဆံ ပေါင်းသင်းလို့မရခြင်း ဆိုတာရှိနေတာ ဖြစ်တယ်။

ကျမ်းမြတ်ကုရ်အာန်မှာ ဒါနဲ့ပတ်သက်ပြီး တိုက်တွန်းထားတာရှိတယ်။ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၄း၈၆)မှာ- `တစ်ဖန် အသင်တို့သည် တနည်းနည်းအားဖြင့် (စလာမ်မေတ္တာပို့သလျက်)နှုတ်ခွန်း ဆက်သခြင်းကို ခံကြရသောအခါ၊ အသင်တို့သည် ထိုနှုတ်ခွန်းဆက်သခြင်းခံကြရသည်ထက် ပိုမို၍ကောင်းမြတ်သော နည်းမျိုးဖြင့် (စလာမ်မေတ္တာပို့၍) နှုတ်ခွန်းဆက်သကြလေကုန်။ သို့တည်းမဟုတ် ထို(နှုတ်ခွန်းဆက်ခြင်းခံကြရသည့်)အတိုင်း ပင် တုံ့ပြန်ကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စစ်ဆေးတော်မူမည့် အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။´ ကုရ်အာန် (၄း၈၆)

ကုရ်အာန်ဘာသာပြန် ရိုးရိုးလေး။ ဒီဘာသာပြန်အပေါ်မှာ ကျွန်တော်နည်းနည်းလေး ကျွန်တော် နားလည် သလောက်တွေးတောကြည့်မယ်။

ဘာသာပြန်ကို ကျွန်တော်ဝေဖန်နေခြင်း မဟုတ်ဘူးနော်။ ကျွန်တော်လည်း မပြန်နိုင်ဘူး။ ဒီအပေါ်မှာ ကျွန်တ်ာဘယ်လိုနားလည်သလဲဆိုတာကိုပဲ ပြောမှာ။ အမှန်က ဒီအာယသ်အစမှအဆုံးအထိ (စလာမ်)ဆိုတဲ့ ဝေါဟာရ တစ်လုံးမှ မပါဘူး။ ကျွန်တော်တို့ ဒီအာယသ်အပေါ်မှာ ဘယ်လိုနားလည်သလဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်တွေ့ရင် အတ်စလာမုအလိုင်းကွန်းမ်လို့ စလာမ်မေတ္တာပို့သခဲ့ရင် ကြားသူ လက်ခံရမယ့် ပုဂ္ဂိုလ်က ဘာပြန်လုပ်ရမလဲ။ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို ပြဆိုထားတဲ့ အာယသ်လို့ ကျွန်တော်တို့က နားလည် သဘောပေါက်ထားကြတယ်။

ဝအလိုင်းကွန်းမ်စလာမ်လို့ တုန့်ပြန်လိုက်ပါ။ ဒါမှမဟုတ် ၀အလိုင်းကွန်းမ် စလာမ် ၀ရဟ်မသွလ္လားဟု ၀ဘရကသုဟုလို့ တုန့်ပြန်ပါ။ ပေးသူထက် ပိုကောင်းအောင် တုန့်ပြန်ခိုင်းတာပေါ့။ အဲ့ဒီတော့ ဒီအာယသ်ကို ကြည့်လိုက်ရင် လူတစ်ယောက်က ခင်ဗျားကို စလာမ်ပေးလာရင် သူ့နည်းတူ ဒါမှမဟုတ် သူ့ထက်ပိုကောင်းအောင် တုန့်ပြန်။ ဒါပဲ ဒီအာယသ်ရဲ့ အဓိပ္ပါယ်။ ဒီလောက်ပဲ ကျွန်တော်တို့သိထားကြတယ်။ ဒါပေမယ့် ဒီအာယသ်မှာ သုံးထားတာ စလားမွန်ဆိုတဲ့ဝေါဟာရ မဟုတ်ဘူး။ သဟီးရာဟ်ဆိုပြီး သုံးထားတယ်။ စလားမွန်ဆိုတဲ့ ဝေါဟာရနဲ့ သုံးထားရင်တောင် အဲ့ဒီစလာမ်ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကဘာလဲ။ ငြိမ်းအေး သာယာခြင်း၊ ငြိမ်းချမ်းခြင်း၊ အေးချမ်းခြင်း။

သဟီးရာဟ်ဆိုတဲ့ ဝေါဟာရမှာကြတော့ အကျိုးကျေးဇူး။ ဆိုလိုတာက လူတစ်ဖက်သားက လူတစ်ဖက် သားကို အကျိုးရှိစေတဲ့ ဆက်ဆံမှုမျိုးပါရမယ်။ လိုရင်းကို ပြောရရင် လူကြီးမင်းများ၊ ကျွန်တော့်ကို ခင်ဗျားကို အကျိုးပြုရင်၊ အကျိုးပြုတဲ့ပုံစံနဲ့ ဆက်ဆံလာရင် ဘယ်တော့မှ မျက်နှာမလွှဲရဘူး။ မွတ်ဆလင်မ်တွေမှာက စလာမ်ပေးရင် မျက်နှာလွှဲသွားတယ်။ သူ့ဆီက စလာမ်မယူရဘူး။ ယူလို့မရဘူးပြောတယ်။

ကျွန်တော်တို့က ဒီအာယသ်မှာ စလာမ်ပေးခြင်း၊ ယူခြင်းနဲ့ပဲ ရပ်နေကြတယ်။ ကျွန်တော်က မြင်တာက လူတစ်ယောက်က ကျွန်တ်ာတို့နဲ့ ဆက်ဆံလာလို့ ကျွန်တော်တို့ အကျိုးမယုတ်စေဘူး။ အကျိုးဖြစ်ထွန်းစေတယ် ဆိုရင် လုံးဝလျစ်လျူရှုလို့ မရဘူး။ သူနဲ့ထိုက်သင့်တဲ့ သူ့ကို အကျိုးဖြစ်ထွန်းစေမယ့် ထိုက်တန်တဲ့ အနေအထား မျိုးနဲ့ သူ့ကိုပြန်ဆက်ဆံရမယ်။ ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီထက်ပိုကောင်းအောင် ပိုသာလွန်အောင် ကျွန်တော်တို့ တုန့်ပြန်ဆက်ဆံရမယ်။ ဒီနေရာမှာ ကျွန်တော်တို့က စလာမ်ပေးရင် မင်းတို့ စလာမ်ပြန်ယူကြပါဆိုတာလောက်ကိုပဲ ကျွန်တော်တို့စဉ်းစားရင် မွတ်ဆလင်မ် အချင်းချင်းအတွက်ပဲပေါ့။ ဘာလို့လဲဆိုတော့ မွတ်ဆလင်မ်အချင်းချင်း စလာမ်ပေးမှာလေ။ ဟုတ်တယ်လေ။ ကာဖိရ်၊ မုရှ်ရိက်၊ ယဟူဒ်၊ နဆွာရာနီ၊ ဘယ်သူက ကျွန်တော်တို့ကို စလာမ်ပေးလို့လဲ။ ကျွန်တော်တို့ကရော သူတို့ကို စလာမ်ပေးလို့လား။ မပေးကြဘူးလေ။ အဲ့ဒီတော့ ဒီအာယသ်က မွတ်ဆလင်မ်အတွက်ပဲ ဖြစ်နေတယ်။

တကယ်တော့ အဓိပ္ပါယ်ကို နားလည်ကြည့်လိုက်ရင် လူတွေအချင်းချင်း ဆက်ဆံတဲ့အခါမှာ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံတဲ့အခါမှာ တစ်ယောက်ကိုတစ်ယောက် ငြိမ်းချမ်းစွာ၊ အေးချမ်းစွာ၊ အကျိုးရှိစွာ၊ တစ်ယောက် အကျိုးတစ်ယောက် ဖြစ်ထွန်းစေတယ်ဆိုရင် အဲ့ဒီလို ဆက်ဆံမှုမျိုးကို လူကြီးမင်းတို့ ဘယ်တော့မှ မျက်နှာမလွဲရဘူး။

မသိကျိုးကျွန် မပြုရဘူး။ သူနဲ့တန်းတူညီမျှတဲ့ အကျိုးဖြစ်ထွန်းစေမှု ဆက်ဆံမှုမျိုးနဲ့ ပြန်လည်ဆက်ဆံရ မယ်။ ဒီထက်ပိုမိုသာလွန်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့လို့ပြောတာ။ ဒီအာယသ်မှာ အလ္လာဟ်အရှင်မြတ်က ကျွန်တော်တို့ကိုပေးတဲ့ Message က မွတ်ဆလင်မ်ဖြစ်ဖြစ်၊ အခြားသူပဲဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ကျွန်တော်တို့ တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဆက်ဆံတဲ့အခါမှာ ကျွန်တော်တို့ကို အကျိုးကျေးဇူးဖြစ်စေတဲ့ လူတွေနဲ့ ပူးပေါင်း လက်တွဲပြီး ဆောင်ရွက်ရမယ်။ သူတို့ရဲ့ အကျိုးကျေးဇူးကိုလည်း စဉ်းစားပေးရမယ်။ ဒီအာယသ်ကရှင်းပါတယ်။

ကျွန်တော်တို့ကို အကျိုးမဲ့စေမယ့် လူတွေနဲ့ဆက်ဆံခိုင်းတာ မဟုတ်ဘူးနော်။ အစ္စလာမ်ဘာသာကို သိက္ခာချနေတဲ့လူတွေ၊ ဒုက္ခမျိုးစုံပေးနေတဲ့လူတွေနဲ့ ပေါင်းသင်းခိုင်းနေတာမဟုတ်ဘူး။ ပြောချင်တာက အစ္စလာမ်ရဲ့အကျိုးရှိမယ်။ ကျွန်တော်တို့တစ်ဦးချင်းစီရဲ့ အကျိုးရှိမယ်ဆိုရင် ကျွန်တော်တို့က အဲ့ဒီလူနဲ့ ပတ်သက်ဆက်နွယ်ရမယ်။ ကျွန်တော်တို့ မျက်နှာလွှဲသွားလို့ မရဘူး။ ကျွန်တော်တို့ စလာမ်တစ်ခုတည်းကို ပြောနေတာမဟုတ်ဘူး။ အကျိုးကျေးဇူး အကျိုးဖြစ်ထွန်းစေမှု၊ ဒီအဓိပ္ပါယ်တွေပါတယ်။

နောက်တစ်ခါ ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၄း၃၆)မှာ အိမ်နီးနားချင်းများနဲ့ ပတ်သက်ပြီး ဆက်ဆံဖို့ အတွက်၊ မိဘမဲ့ကလေး၊ ဆွေမျိုးသားချင်းများနဲ့ ဆက်ဆံရေး ဆင်းရဲသားတွေနဲ့ ပတ်သက်ပြီး ဆက်ဆံရေး စတာ တွေကို ညွှန်ပြထားတယ်။ အဲ့ဒီထဲကမှ အိမ်နီးနားချင်းများ၊ မိမိနှင့် နီးကပ်စွာရှိသာ အိမ်နီနားချင်းများ၊ မိမိနှင့် အဝေး မှာရှိသော အိမ်နီးနားချင်းများလို့ ဖော်ပြထားတယ်။ ပညာရှင်တွေက ဘာသာပြန်မှာ ကွင်းစကွင်းပိတ်လေးနဲ့ ဖော်ပြ တာက နီးကပ်စွာရှိသော အိမ်နီးနားချင်းဆိုတာက ဆွေမျိုးတော်တဲ့ အိမ်နီးချင်းကို ပြောတာဖြစ်ပြီး အဝေးမှာရှိတဲ့ အိမ်နီးချင်းဆိုတာ အမျိုးမတော်တဲ့ အိမ်နီးချင်းကို ပြောတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကျွန်တော်အနေနဲ့နဲနဲလေးပိုတွေးကြည့်တဲ့အခါ ဘာတွေ့ရသလဲဆိုတော့ အိမ်နီးချင်းဆိုတာကို လေ့လာ ကြည့်ကြမယ်ဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို ပြောတာ။ ဆိုလိုတာက ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူနဲ့ လူ့အဖွဲ့အစည်းဝင်တွေ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စရပ်တွေကို ကျွန်တော်တို့ ဆောင်ရွက်ရမယ်လို့ ကုရ်အာန်က ပြောနေတာ။ ဒီတော့ အနီးအနားမှာရှိတဲ့ အိမ်နီးနားခြင်း၊ အဝေးမှာရှိတဲ့  အိမ်နီးနားချင်းဆိုတာကို ကျွန်တော်နားလည်သလို ဖွင့်ကြည့်မယ်ဆိုရင် လူတစ်ယောက်ဟာ နိုင်ငံတစ်နိုင်ငံရဲ့ ခေါင်းဆောင်ဆိုခဲ့ရင် အဲ့ဒီ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတိုင်းဟာ သူရဲ့ပတ်ဝန်းကျင်ပဲ။ ဒီတင်မက သူရဲ့အနီးပတ်လည်မှာရှိတဲ့ နိုင်ငံတွေမှာရှိတဲ့ နိုင်ငံသားတွေဟာလည်း သူရဲ့ ပတ်ဝန်းကျင်ပဲ။

အဲဒီလူတွေနဲ့ ဆက်ဆံရေးဟာ အကျိုးဖြစ်ထွန်းစေမှုမျိုး၊ မျှတမှုမျိုး သူ့မှာရှိရမယ်။ လူတစ်ယောက်ဟာ နိုင်ငံတော်အဆင့်မရှိလို့ မြို့ရွာအဆင့်မှာရှိရင်လည်း အဲ့ဒီမြို့ အဲ့ဒီရွာဟာ သူ့ရဲ့ပတ်ဝန်းကျင်ပဲ။ သူ့အနီးအနားမှာ ရှိတဲ့ လူတွေနဲ့ အကျိုးဖြစ်ထွန်းစွာ ဆက်ဆံဖို့ သူ့မှာတာဝန်ရှိတယ်။ အဲဒီလိုပဲ ရပ်ကွက်တစ်ခုရဲ့ ခေါင်းဆောင်ဆိုရင် လည်း အဲ့ဒီရပ်ကွက် သူ့ရပ်ကွက်သားတွေဟာ သူ့ရဲ့ပတ်ဝန်းကျင်ပဲ။ သူ့မှာ တာဝန်ရှိတယ်။ အဲ့ဒီအဆင့်လည်း မရှိ လို့ အိမ်တစ်အိမ်မှာဆိုရင်လည်း အဲဒီအိမ် သူ့အိမ်သားတွေက သူ့ရဲ့ပတ်ဝန်းကျင်ပဲ။

ကျွန်တော်တို့ရဲ့ တမန်တော်မြတ် မုဟမ္မဒ်(ဆွ)ဆိုရင် ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လူသားတွေဟာ သူရဲ့ ပတ်ဝန်းကျင်ဖြစ်သလို လူသားတွေ အကျိုးဖြစ်ထွန်းစေမယ့် ပြုမူလုပ်ကိုင် ဆောင်ရွက်မှုတွေကိုပဲ လုပ်ကိုင်ဆောင် ရွက်ခဲ့တယ်။

နောက်ဆုံး မိသားစုနဲ့ အိမ်သူအိမ်သားမရှိဘူး။ တစ်ယောက်တည်း ဆိုခဲ့ရင်တောင် အဲ့ဒီသူဟာ သူသာ လျင်သူ့ပတ်ဝန်းကျင်ဖြစ်တယ်။ သူ့အကျိုးဖြစ်ထွန်းအောင် သူဆောင်ရွက်ပြုမုနေထိုင်ရမယ်။ သူနေချင်သလို နေမယ်ဆိုရင် သူ့ရဲ့လုပ်ရပ်ဟာ သူ့ကိုပဲ ထိခိုက်လိမ့်မယ်။ဒီအာယသ်ရဲ့ ဆိုလိုရင်းက အဲ့ဒါပဲ။ ကိုယ်ကိုယ်တိုင်ကစလို့ ကိုယ့်ပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်ကို ကောင်းအောင် အကျိုးဖြစ်ထွန်းအောင် လုပ်ရမယ်လို့ ပြောတာ။

ဒီနေရာမှာ ဆက်ပြောစရာရှိတာက ကျွန်တော်တို့ရဲက လက်တစ်ကမ်းမှာရှိတဲ့ သူဆင်းရဲတွေ၊ မိဘမဲ့ကလေးတွေရဲ့ အားနည်းချက်တွေ ဖြည့်စွက်ပေးရမယ်။ ကျမ်းမြတ် ကုရ်အာန် ဆူရာဟ်(၇၆း၉)မှာ မိမိတို့ရဲ့ အားသာချက်များကို အားနည်းချက်ရှိသူများကို မျှဝေသုံးစွဲစေတဲ့ သူတွေ ဟာ မည်သည့်အကျိုးကျေးဇူးတစ်စုံတစ်ရာကိုမျှ မျှော်လင့်၍မဟုတ်၊ ကျေးဇူးတင်ခံရမည်ကိုလည်း ရည်စူးကြသည်မဟုတ်။

ဆရာ ဦးမြတ်သူရဲ့စကားကို ကျွန်တော် Highlight လုပ်ပြရမယ်ဆိုရင် ကျေးဇူးရှင် ဂိုက်မဖမ်းပါနဲ့။ ဒီနေရာ မှာ တစ်ခါတစ်ရံ တစ်ချို့ကိစ္စတွေမှာ ကျွန်တော်တို့ အလှူရှင်ရဲ့ အမည်နဲ့ဂုဏ်ပုဒ်ကို ကြေညာပေးရတာရှိတယ်။ ဒါက အခြားသူတွေ လှူချင်လာအောင်၊ လှူတဲ့လူတွေကို မေတ္တာပွားနိုင်အောင် ကြေညာရတာ။ လူတွေကို မေတ္တာ ပွားနိုင်အောင် ကြေညာရတာ။ ဒါက မဆိုင်ဘူး။ ဒါက လိုအပ်ချက်အရလုပ်တာ။

ကျနော်ပြောချင်တဲ့အပိုင်းကဒီလိုပါ။ လိုအပ်ချက်ရှိတဲ့ လူတွေကို ဘယ်လိုကူညီရမလဲဆိုတာနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဒီပလီမှာ စာဖတ်ဝိုင်းမကြာခဏ လုပ်ဖြစ်တယ်။ အဲ့ဒီမှာ တစ်နေ့ စာရေးဆရာ ဖေမြင့်ရဲ့ စာတစ်ပုဒ်အကြောင်း ဆွေးနွေးဖြစ်တယ်။ အဲဒီဆွေးနွေးပွဲမှာ

တစ်ခါက မြို့တစ်မြို့မှာ ဆင်းရဲသားမိသားစုတစ်စုရှိတယ်။ အဖေရယ် အမေရယ် သားသမီး ၃ ယောက် ရယ်ပေါ့။ စားနိုင်သောက်နိုင်ရုံပဲရှိတဲ့ မိသားစုပေါ့။ တစ်နေ့တော့ သူတို့ရဲ့ လမ်းထဲကို ရုပ်ရှင်ကြော်ငြာကားတစ်စီး ရောက်လာပြီး ရုပ်ရှင်ကားတစ်ကားကို ကြော်ငြာတာပေါ့။ လက်ကမ်းစာစောင်ဝေတာပေါ့။ ကလေးတွေက ရုပ်ရှင် ကြော်ငြာရတော့ ကြည့်ချင်လို့ မိဘကို ပူစာတာပေါ့။ အဖေ့ကို တောင်းဆိုတာပေါ့။ အဖေကလည်း ကောင်းပြီ ပြမယ်။ တစ်ရက်နှစ်ရက်တော့ စောင့်ဖို့ပြောပြီး၊ တစ်ရက်မှာ မိသားစု ချက်ပြုတ်စား သောက်ပြီး၊ ပျော်ပျော်ပါးပါး ရုပ်ရှင်ရုံကို သွားကြတယ်။ ရုံကိုရောက်တော့ ရုပ်ရှင်လက်မှတ်ဝယ်ဖို့ တန်းစီကြတယ်။

လက်မှတ်ရုံရှေ့ရောက်တော့ လက်မှတ် ၅ စောင်ဝယ်တာပေါ့။ တစ်စောင် ၁၀၊ ၅ စောင် ၅၀ပေါ့။ ဒါပေမယ့် ငွေက ၄၀ပဲရှိတယ်။ ၁၀ လိုနေပြီ။ ဘာလုပ်ကြမလဲ။ ဘယ်လိုလုပ်မလဲ။ စဉ်းစားကြည့်ကြပေါ့။ မိသားစုကလေး အားလုံးပျော်ရွှင်ချမ်းမြေ့ကြည်နူးနေတဲ့အချိန် အခိုက်အတန့်လေး။ ပျောက်ဆုံးပျက်စီးသွားမှာလား။ တစ်ယောက် အပြင်မှာ ကျန်နေရစ်ပြီး၊ လေးယောက်ထဲ ကြည့်မလား။ ဒါဆိုရင် အပြည့်အ၀ပျော်ရမှာလား။ အဲဒီအခြေအနေမျိုးမှာ အဲ့ဒီမိသားစုနဲ့ ကပ်လျက်နောက်မှာ တန်းစီနေတာ ပိုက်ဆံချမ်းသာတဲ့ သားအဖနှစ်ယောက်ထဲက အဖေဖြစ်သူ လူချမ်းသာက သူ့ရှေ့က မိသားစုရဲ့အဖြစ်အပျက် အခက်အခဲ အလုံးစုံကို မြင်တွေ့နေပါတယ်။ သူကူညီရတော့ မယ်။ သူကူညီမယ်။ သူဘယ်လိုကူညီမလဲ။ ကျွန်တော်တို့ လူကြီးမင်းတို့ဆိုရင်ရော ဘယ်လို ကူညီမလဲ။ ဒီနေရာမှာ အဲဒီပုဂ္ဂိုလ်ဘယ်လို ကူညီလိုက်သလဲ။ အဲဒါပွိုင့်ဘဲ။ ကြည့်ရအောင်။

အဲ့ဒီလူချမ်းသာက ပိုက်ဆံ ၁၀ ကို ရုတ်တရက် အောက်ကို ပစ်ချလိုက်တယ်။ ပြီးတော့ ရှေ့လူကို ပုခုံး ပုတ်ပြီး ခင်ဗျားပိုက်ဆံ ၁၀ အောက်မှာကျနေတယ်လို့ ပြောလိုက်တယ်။ သူဆင်းရဲက လူချမ်းသာရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ သူသိလိုက်တယ်။ ဒီလူ ငါ့အခက်အခဲ အကျပ်အတည်းကို ကူညီဖြေရှင်းတယ်ဆိုတာ သူသိ တယ်။ ကျေးဇူးတင်တယ်ဆိုတာကိုလည်း မျက်လုံးချင်းစကားပြောလိုက်တယ်။ ပိုက်ဆံကို ကောက်လိုက်တယ်။ လက်မှတ်ဝယ် ရုပ်ရှင်ကြည့်ကြတယ်။

ဒီနေရာမှာ စာရေးသူက ကျွန်တော်တို့ကို ပေးချင်တဲ့ Messageက ဘာလဲ။ လူတွေကို ကူညီတဲ့အခါမှာ တဖက်သားရဲ့ ဂုဏ်သိက္ခာကို ထည့်ထွက်ပြီးမှာ ကူညီရမယ်။ လူ့တန်ဖိုးနဲ့ ဂုဏ်သိက္ခာကို အသိအမှတ်ပြုရမယ်။ ကျွန်တော်တို့ Muslim Community မှာက တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သာရင်လည်း အပေါ်စီးက မာနနဲ့ ဆက်ဆံဖို့ ၀န်မလေးသလို၊ အခြေအနေမကောင်းလို့ နိမ့်ခဲ့ရင်လည်း မာနမရှိတော့ဘူး။ ဒီလိုမျိုး။ စောစောက အကြောင်းအရာလေးက ပေးတဲ့ Message က ကိုယ်ကူညီတာကို ဘယ်သူမှ သိစရာမလိုဘူး။ ကျေးဇူးရှင်ဂိုက် မဖမ်းဘူး။ ကိုယ့်ရဲ့ဆောင်ရွက်ချက်တွေ၊ ပံ့ပိုးမှုတွေ၊ မတည်ချက်တွေ ပါသွားတာတောင်မှ ဘယ်သူမှ မသိစေချင် ဘူး။

ဒါက စောစောက ကုရ်အာန်အာယသ်ကပေးတဲ့ Message နဲ့ အတူတူပဲ။ ဆရာဖေမြင့်က ဒီအာယသ်ကို ကြည့်ပြီး ရေးထားတာတော့မဟုတ်ဘူး။ အမေရိကန်မှာ ဒုက္ခသည်စခန်းတွေဖြစ်ခဲ့ရင် အမေရိကန် သမ္မတ ဘယ်လိုသွားလဲ။ ကျွန်တော်တို့ဆီမှာ ဒုက္ခသည်စခန်းကလူတွေက ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံရသလဲ။ နှိုင်း ယှဉ်ကြည့်ရမယ်။ ကျေးဇူးရှင်ဂိုက်မဖမ်းနဲ့ဆိုတာ ဒါကိုပြောတာ။

နောက် ကျမ်းမြတ်ကုရ်အာန် ဆူရာဟ်(၅း၂)မှာ

လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု ဆက်ဆံကြတဲ့အခါ လူမျိုးတစ်မျိုးမျိုးကိုသော်လည်းကောင်း၊ လူ့အဖွဲ့အစည်း တစ်ဖွဲ့ဖွဲ့ကိုသော်လည်းကောင်း၊ လူတစ်ယောက်ကိုသော်လည်းကောင်း၊ မုန်းတီးမှုကြောင့် တရားမျှတမှု ကင်းမဲ့စွာ ကျူးလွန်ဖောက်ဖျက်တဲ့ ပုံစံမျိုးနဲ့ မဆက်ဆံပါနဲ့တဲ့။ အဲ့ဒီမုန်းတီးမှုကြောင့် တရားမျှတမှုကို လက်မလွတ်ပါစေနဲ့တဲ့။ လူ့အခွင့်အရေးတွေ ဘာတွေ၊ မချိုးဖောက်လိုက်နဲ့။ ကျွန်တော်တို့ Muslim Community အချင်းချင်းပဲ ဖြစ်ပါစေ။ အခြား Community နဲ့ပဲ ဖြစ်ပါစေ။ တရားမျှတရမယ်လို့ ဒီကုရ်အာန် အာယသ်က ပြောနေတာ။

ကျွန်တော်တို့ Muslim Community အချင်းချင်း စုပေါင်းပြီး အလုပ်လုပ်ကြတဲ့အခါ တော်တော်များများ ပြန်ပြိုကွဲသွားတာတွေရှိတယ်။ ဘာလို့လဲဆိုတော့ ဟိုလူကို၊ ဟိုအဖွဲ့ကို မလှူရဘူး။ မကူညီရဘူး။ ဟိုကိစ္စ၊ ဒီကိစ္စ မလုပ်ရဘူး။ မပိုင်ဘူး။ ဘာညာဆိုပြီး လုပ်ငန်းပျက်သွားတာတွေရှိတယ်။ မအောင်မြင်ဘူး။ ဒီလိုအတွေးအခေါ်တွေ အယူအဆခံယူချက်တွေနဲ့ Muslim Community တွေပေါင်းစည်းလုပ်လို့မရဘူး။

ကျွန်တော်တို့ မုန်းတီးတဲ့လူတစ်ယောက် အဖွဲ့တစ်ဖွဲ့ဖြစ်ပါစေ။ ဘိုးစဉ်ဘောင်ဆက် ဒုက္ခပေးခဲ့ပါစေ။ မုန်းကို မုန်းတီးထိုက်တဲ့လူတွေ အဖွဲ့တွေဖြစ်ပါစေ။ ကျွန်တော်တို့ တရားမျှတမှုရှိရမယ်။ အကျိုးဖြစ်ထွန်းစေမယ့် ကိစ္စတွေ ကို အတူတကွ ပူးပေါင်းဆောင်ရွက်သင့်ရင် ဆောင်ရွက်ရမယ်။ လူ့အခွင့်အရေးတွေချိဲးဖောက်ပြီးဆက်ဆံလို့ မရဘူး။ ဘာမှတွေဝေနေစရာမလိုဘူး။ ပိုင်လား၊ မပိုင်လား၊ စဉ်းစားရမယ့် ခေတ်မဟုတ်တော့ဘူး။ ဒါကို ဒီအာယသ်က Message ပေးနေခြင်းဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် ဆူရာဟ် (၄၂း၃၈)မှာ- လူ့အဖွဲ့အစည်းအချင်းချင်း ကူးလူးဆက်ဆံကြတဲ့အခါမှာ ညှိနှိုင်း၊ တိုင်ပင် ဆွေးနွေးရမယ့်အပိုင်းတွေရှိတယ်။ အဲဒီအာယသ်ရဲ့အပေါ် အာယသ်မှာဆိုရင် ဘာပြောသလဲ ဆိုတော့ မကောင်းမှုဒုစရိုက်မှ ရှောင်ကြဉ်ရာမှာလည်းကောင်း၊ အချင်းချင်း ကူညီရိုင်းပင်းကြလေကုန်။ သို့ရာတွင် ပြစ်မှုဒုစရိုက်ပြုကျင့်ရာတွင်လည်းကောင်း၊ ကျူးကျော်စော်ကားရာတွင်လည်းကောင်း၊ အချင်းချင်း ကူညီရိုင်းပင်း ခြင်း မပြုကြလေနှင့်။

ကုရ်အာန် အာယသ်က ပြောတာက မကောင်းမှုလုပ်တာသွားပြီး မတိုင်ပင်နဲ့။ ဒီနေရာမှာ ကျွန်တော်တို့က အသေးအမွှား ဖဲရိုက်၊ အရက်သောက်ကိစ္စလောက်ပဲ တွေးလို့မရဘူး။ တကယ်တမ်းက ကျွန်တော်တို့ လူ့အဖွဲ့ အစည်းမှာ အရေးကြီးရင် သွေးနီးရမယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင် ကျွန်တော်တို့ နိုင်ငံမှာ အန္တရာယ်ဘေးဒုက္ခတစ်စုံတစ်ရာ ကျရောက်လာခဲ့ရင် ကျွန်တော်တို့ အကွဲကွဲ၊ အပြဲပြဲဖြစ်နေတဲ့ Community တွေ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်။ စုပေါင်းတိုင်ပင် ညှိနှိုင်း ဆောင်ရွက်ဆိုတာ ဒါကိုပြောတာ။ ဆိုလိုတာက ဘုံသဘောတူညီချက်တွေကိုရှာရမယ်လို့ ပြောတာ။ အကောင်းဆုံးဖြစ်အောင် နောင်လာမယ့် မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့ `နှီးနှောဖလှယ် စုပေါင်းတိုင်ပင်´ (ရှူရာဟ်)လုပ်ရမယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်လွန်ခဲ့တဲ့ တစ်နှစ်လောက်က စာရေးဆရာ တစ်ယောက်ရဲ့ စကားကို ပြောခဲ့ဘူးတယ်။ `ကြောင်တွေဟာ အမှောင်ထဲမှာ တစ်ရောင်တည်းပဲ´တဲ့။ မိနီတွေ၊ ရွှေဝါတွေ ဘာတွေ မှောင်နေရင်မသိရဘူး။ ဒါကဘာကို ပြောနေသလဲဆိုတော့ အမှောင်ထုကျရောက်နေရင် (တစ်နည်း) ဒုက္ခရောက်နေတဲ့ အချိန်မှာအားလုံး ပူးပေါင်းဆောင်ရွက်ရမယ်လို့ ပြောတာ။

ကျွန်တော်တို့ Muslim Community မှာက အမှောင်ထဲမှာလည်း အရောင်ကွဲတယ်။ သူများတွေက ဒုက္ခ ရောက်နေရင် စုစည်းသွားတယ်။ ညီညွတ်သွားကြတယ်။ ကျွန်တော်တို့က အမှောင်ထဲမှာလည်း အရောင်ကွဲတယ်။ မျက်မှန်စိမ်းတွေတပ်မယ်။ ညကြည့်မှန်တွေ တပ်မယ်။ ဘယ်ကောင် မိဖြူလည်း၊ မိဝါလည်း၊ မိနီလည်း ရှာမယ်။ ဘာကိုပြောချင်တာလည်းဆိုတော့ ဒုက္ခရောက်နေတယ်။ အကြီးအကျယ်ဘ၀ပျက်နေတယ်။ ဒါလည်းကွဲနေတုန်းပဲ။ ချနေကြတုန်းပဲ။ ရှူရာဟ်တွေ ဘာတွေမသိဘူး။ ညှိလို့မရဘူး။ စိတ်မ၀င်စားဘူး။ ဘုံသဘော တူညီချက်တွေ ဘာတွေ မလိုချင်ဘူး။ ဆရာသခင် ကျေးဇူးရှင်တွေရဲ့ လောင်းရိပ်အောင်က မထွက်နိုင်ဘူး။ အားလုံး ဟာရှရ်မှာ ရှင်းမယ်။ အလ္လာဟ်က ဟရှရ်မှာပေးမယ်ဆိုတဲ့ အမြင်မျိုး။ အဲဒါဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့ အနာဂါတ်ကိုယုံကြည်တဲ့ပုံစံ အာခိရသ်ကို ယုံကြည်တဲ့ပုံစံ နည်းနည်းလေးများ ဒီနေရာမှာ လွဲမှားနေသလားလို့။ ကျွန်တော်တို့က အာခိရသ်ကို ဘယ်လိုယုံကြည်သလဲဆိုတော့ သေပြီးတဲ့ကာလ။ သေသွားပြီ။ ကဘရ်ထဲရောက် တယ်။ မွန်ကီရ် နကီရ်လာမယ်။ အဲ့ဒီကနေ စစ်ဆေးမေးမြန်ပြီး ဂျန္နသ်ရောက်မယ်။ ဂျဟန္နမ်ရောက်မယ်။ ဂျန္နသ်မှာ ပျားရည်ချောင်ေးတွ၊ ဟူရ်ကညာပျိုတွေနဲ့ ပျော်မြူးမယ်။ ဂျဟန္နမ်သွားမယ်။ အဲ့ဒီမှာ ကာဖိရ်တွေ မုရှ်ရိက်တွေ မုနာဖိက်တွေ၊ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ Hollywood ၊ Bolly Wood အားလုံး အဲ့ဒီကိုသွားကြ။ အဲ့လိုမျိုးပုံစံနဲ့ လမ်းခွဲထားကြတယ်။ ဒါကျွန်တော်တို့ ယုံထားတဲ့ အာခိရသ်။ ဟိုရောက်မှ ခံစား၊ စံစားရမယ်။ ဒီမှာဘာလုပ်လုပ်၊ အဖြေက ဒီမှာလုပ်တာ အလကား၊ သေခါနီးကလီမာ ပါသွားတာတို့ဘာတို့။ ခွေးတစ်ကောင်ကို ရေတိုက်ခဲ့ဘူးရင် လည်း ဂျန္နသ်ရောက်နိုင်တယ်။ ဘာမှမစိုးရိမ်ရဘူး။ ကုရ်အာန်မှာ ပြောတာ အဲ့ဒီလို မဟုတ်ဘူးနော်။ ဆူရာဟ် ၉၉း၇ နဲ့ ၈ မှာ ဘာပြောသလဲ။

ဘာလုပ်လုပ် မြူမှုန်လောက်ဖြစ်ပါစေ။ ကောင်းတာလုပ် ကောင်းတာစံ။ မကောင်းတာလုပ် မကောင်းတာ ခံ။ အလ္လာဟ်ပြောတာ။ အကုန်ပြန်ခံစား၊ စံစားရမယ်။ အာပတ်ဖြေလို့ မရဘူး။ အစားထိုးလို့ မရဘူး။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာက ဆရာသခင် ကျေးဇူးရှင်တွေရဲ့ မှိုင်းတိုက်ချက်က မကောင်းတာ ဘာလုပ်လုပ် အာပတ်ဖြေလို့ ရမယ်။ ဘယ်အာယသ်တွေ ဘယ်လိုဒိုအာတွေကို ဘယ်နှစ်ခေါက်၊ ဘယ်နေရာမှာဖတ်၊ ဘယ်အချိန်မှာ ဘယ်နှစ် ခေါက်ဖတ်ဆိုပြီး အာပတ်ဖြေနည်းတွေ ရှိနေတယ်။

အဲ့ဒါကျွန်တော်တို့ရဲ့ အနာဂါတ်ကာလကို ယုံကြည်မှု  လွဲမှားခြင်းဖြစ်တယ်။ ဥပမာ သိပ္ပံပညာရှင်တွေ၊ နာဆာအပါအ၀င်ပေါ့၊ ကမ္ဘာ့ကုလသမဂ္ဂက ဖွဲ့စည်းထားတဲ့ NGO တွေ အပါအ၀င်ပေါ့။ သုတေသနတွေလုပ်ပြီးတော့ ကမ္ဘာပေါ်မှာ နောက်နှစ်ပေါင်း ၅၀၀ လောက်နေရင် လူသားတွေ အလွန်တိုးပွားလာပြီး လူတစ်ယောက်ရဲ့ မြေပိုင်ဆိုမှု ၃ ပေလောက်ပဲ ပိုင်တော့မယ်ဆိုပြီး သောကတွေဖြစ်နေတယ်။ သူနဲ့ဘာဆိုင်လဲ။ ကျွန်တော်တို့ Muslim တွေဆို ဘာပြောမလဲ။ `ဘိုင် – ဘိုင်နဲ့ ဘာဆိုင်လဲ။ ဘိုင်လည်းမရှိတော့ဘူး။ ဘိုင့်မြေး၊ မြစ်တွေလည်း မရှိတော့ဘူး။ ဘိုင်ဘာလို့ တွေးပူးနေတာလည်းဘိုင်၊ အလ္လာဟ်သ၀က္ကလ်၊ အလ္လာဟ်လုပ်မှာပေါ့ ဘိုင်ရယ်´လို့ ပြောကြမယ်။

ဒါပေမယ့် သူတို့တွေးပူတယ်။ လူဦးရေ ထိန်းချုပ်၊ စီမံကိန်းမျိုးစုံချဖို့ ကြိုးစားကြတယ်။ နောင်မျိုးဆက်တွေ အတွက်၊ ရာသီဥတုဖောက်ပြန်နေပြီ။ နောက်နှစ်တွေကြာလာရင် ခရမ်းလွန်ရောင်ခြည် ပျက်တော့မယ်။ အဲ့ဒီမှာ လည်း စီမံကိန်းတွေ၊ ပညာပေးတွေ လုပ်ကြ။ အမှန်က သူတို့နဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမယ့် အနာဂါတ် မျိုးဆက် သစ်တစ်ခုလုံး လူ့အဖွဲ့အစည်းတစ်ရပ်လုံးအတွက် ရေရှည်မျှော်တွေးပြီး အလုပ်လုပ်ကြတာ။ အဲ့ဒါတကယ်တမ်း ပြောရရင် အာခိရသ်ကို ယုံကြည်ခြင်းပဲ။ သူတို့ရဲ့ယုံကြည်မှုကမှ တကယ်မှန်တာ။ ကျွန်တော်တို့က လွဲနေတာ။

အခုကျွန်တော်က ပလီအပြန်လူတစ်ယောက်ကို သတ်လိုက်မယ်ဆိုပါစို့။ ဖမ်းခံထိမှာပဲ။ ယုံကြည်လား။ ယုံကြည်လို့ ကျွန်တော်မသတ်ရဲဘူး။ ဒါပေမယ့် ကျွန်တော်အဖမ်းမခံရဘူးလို့ ယုံကြည်တယ်။ ကျွန်တော့်မှာ ကာဗာတွေရှိနေ မယ်ဆိုရင် ခိုး၊ ဆိုး၊ လုယက်၊ အကြမ်းဖက် လုပ်ချင်တာလုပ်မှာပေါ့။ ကျွန်တော်ဘာမှ မဖြစ်ဘူးဆိုတာ သိနေတာလေ။ အဲ့ဒါတကယ့် ယုံကြည်တာဘဲ။

နောက်လာမယ့်နှစ် ၅၀ အတွက်၊ ကျွန်တော်တို့ မြန်မာမွတ်ဆလင်မ် လူ့အဖွဲ့အစည်းအတွက် ကျွန်တော်တို့ ဘာစဉ်းစားပြီးပြီလဲ။ သူတို့ရပ်တည်နိုင်ဖို့အတွက်၊ သူတို့လူတန်းစေ့ နေထိုင်နိုင်ဖို့အတွက် ကျွန်တော်တို့ အခုလုပ်ရ မှာ။ လွန်ခဲ့တဲ့ အနှစ် ၁၀၀ ၀န်းကျင်က လုပ်ခဲ့တဲ့လူတွေရဲ့ အကျိုးကျေးဇူးတွေကို ကျွန်တော်တို့ ဒီကနေ့ ခံစား စံစား နေရတာလေ။ ကျွန်တော်တို့ လက်ထက်မှာလည်း ဘာမှမလုပ် ဘာမှ မဆောင်ရွက်ရင် နောင်လာမည့် သမိုင်း ကြောင်းမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်တွေ ပိုဒုက္ခရောက်မှာပဲ။ အဲ့ဒါတွေက် တကယ်အာခိရသ်ကို ယုံကြည်တဲ့ လူတွေကလုပ်ရမှာ။ လူ့အဖွဲ့အစည်း အချင်းချင်း အပြန်အလှန် ဆက်ဆံတယ်ဆိုတာလည်း ဒါဘဲ။ တစ်ချို့ဆရာ တွေကပြောတယ်။ ခင်ဗျားတို့ လုပ်သင့်တာတွေကို မလုပ်တဲ့အတွက် အခုမလုပ်ချင်တာတွေကိုလုပ်ရတာတဲ့။ သူပြောချင်တာက တစ်ချို့ဗလီတွေမှာ၊ သံဃာတွေ၊ ဘာသာခြားတွေခေါ်ပြီး အပြန်ပြန်အလှန်လှန် ယုံကြည်မှု တည်ဆောက်တဲ့လုပ်ငန်းစဉ်တွေလုပ်တာကို အပြစ်ပြောချင်တာပါ။ လုပ်သင့်တာက ဘာလဲဆိုရင် ခင်ဗျားတို့ နားမဇ်တွေဖတ်ကြ၊ ဇကိရ်တွေ စိတ်ကြ၊ ထိုင်ဝိုင်းတွေ ထိုင်ကြပေါ့။ သူတို့ပြောချင်တာက အဲ့ဒါ။ အဲ့ဒါတွေလုပ်လို့ ရှိရင် ဒါမျိုးမဖြစ်ဘူးပေါ့။ သူပြောချင်တာက မင်းတို့ အဲ့ဒါတွေ မလုပ်ခဲ့လို့ အလ္လာဟ်က မင်းတို့မလုပ်ချင်တာတွေ လုပ်ခိုင်းနေတဲ့ သဘော။ တကယ်တော့ သူမလုပ်ချင်တာကို သူပြောနေတာ။

ကျွန်တော်ကလည်း အဲဒီစကားကိုလဲ ပြန်ပြောမယ်။ ခင်ဗျားတို့ လုပ်သင့်တာတွေ မလုပ်ခဲ့တဲ့အတွက် ခင်ဗျားတို့ မလုပ်ချင်တာကို လုပ်နေရတာ။ ကျွန်တော်လည်း ဒီအတိုင်းပဲ ပြောမယ်။ ကျွန်တော်ပြောချင်တဲ့ အဓိပ္ပါယ်ကဘာလဲ။ ခင်ဗျားတို့ လုပ်သင့်တာတွေ မလုပ်ခဲ့ဘူး။ မြန်မာမွတ်ဆလင်မ်တွေ ဘာတွေလုပ်ခဲ့သလဲ။ ထမနဲထိုးခဲ့တယ်။ မြန်မာ့ရိုးရာ ထုံးတမ်းစဉ်လာဓလေ့စရိုက်တွေနဲ့အညီ မွတ်ဆလင်မ်တွေဖြစ်ခဲ့ ကြတယ်။

အမေရိကန်နိုင်ငံမှာ မွတ်ဆလင်မ်တစ်ယောက်ဖြစ်ဖို့အတွက် အမေရိကန်တွေရဲ့ ဓလေ့ထုံးတမ်းစဉ်လာနဲ့ အညီ မွတ်ဆလင်မ်ဖြစ်ခွင့်ရှိတယ်။ ကျွန်တော်တို့ နားလည်ရမှာက ကုရ်အာန်နဲ့ မဆန့်ကျင်ရအောင်ပေါ့။

ကျနော်တို့က အနောက်တိုင်းယဉ်ကျေးမှုဆိုလိုက်ရင် စကပ်အတိုအပြတ်၊ အဖော်အချွတ်ကိုပဲ မျက်စိထဲ ပြေးမြင်လိုက်တာ။ အဲ့ဒါသူတို့ ယဉ်ကျေးမှုမဟုတ်ဘူး။ လူယဉ်ကျေးတွေရဲ့ ယဉ်ကျေးမှု မဟုတ်ဘူး။ အဲ့ဒီလိုဟာ တွေက သရုပ်ပျက်ယဉ်ကျေးမှုပဲဖြစ်တယ်။ တလောက အိုဘားမား သမီးတောင် ဝေဖန်ခံရတယ်။ ဒါတောင် သရုပ်ပျက်မဟုတ်ဘူး။ သူတို့မှာ နေရာဒေသ၊ ကာလ၊ အချိန်အလိုက် ၀တ်စုံသတ်မှတ် ချက်တွေရှိတယ်။ ကျွန်တော်တို့က အမေရိကန်မှာ နေထိုင်ရင်းနဲ့ အမေရိကန်မွတ်ဆလင်မ် ဖြစ်ခွင့်ရှိတယ်။ အာရဗ် မှာနေမှ အာရဗ် လိုနေမှ မွတ်ဆလင်မ်ဖြစ်မှာ မဟုတ်ဘူး။ တကယ်တမ်းပြောရရင် အိန္ဒိယဆရာကြီးတွေက လေးစားဖို့ကောင်း တယ်။ သူတို့ဆီကို အာရဗ်မွတ်ဆလင်မ်တွေ ရောက်လာတဲ့အခါမှာ အစ္စလာမ်ကိုပဲ လက်ခံခဲ့ပြီး အိန္ဒိယယဉ် ကျေးမှုကို မစွန့်လွှတ်ခဲ့ဘူး။ သူတို့ရဲ့ ၀တ်စားဆင်ယင်မှု၊ သူတို့ရဲ့ ပြောစကားတွေကို မစွန့်လွှတ်ခဲ့တဲ့အပြင် အာရဗ် ယဉ်ကျေးမှုကို တားထားတဲ့အပြင် ဘာသာတွေပြန်ပစ်တယ်။ သဒ္ဒါတွေကို အူရ်ဒူလို ပြောင်းတယ်။ တကယ်တမ်း ပြောရရင် လေးစားဖို့ကောင်းတယ်။

ကုရ်အာန်ကို အူရ်ဒူလို ဘာသာပြန်လိုက်တယ်။ ပညာရှင်တွေ အများကြီးပေါ်လာတယ်။ ကျွန်တော်တို့က မွေး၊ နေ၊ သေမဲ့နိုင်ငံရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဖြစ်တဲ့ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ (အာရဗ်ယဉ်ကျေးမှု၊ အိန္ဒိယယဉ် ကျေးမှုတွေကို အ၀င်မခံပဲနဲ့) မွတ်ဆလင်မ်ဖြစ်ဖို့အတွက် ပြောင်းပစ်ရမယ်။ အာရဗ်ယဉ်ကျေးမှု၊ အိန္ဒိယယဉ် ကျေးမှုတွေကို တားထားရမယ်။  မြန်မာမှုပြုရမယ်။ ဘာသာတွေပြန်ရမယ်။ ကျွန်တော်တို့ အတုယူ ရမယ်။ အိန္ဒိယက ဆရာကြီးတွေကို အတူယူရမယ်။ သူတို့အာရေဗျပုံစံ မယူခဲ့ဘူး။ တကယ်တမ်းပြောရင် တရုတ် ပြည် ရောက်ရင် တရုတ်ယဉ်ကျေးမှုနဲ့အညီ မွတ်ဆလင်မ်ဖြစ်ရမယ်လေ။ အာဖရိကမှာ အာဖရိက ယဉ်ကျေးမှုပေါ့။ ယဉ်ကျေးမှုလို့ ပြောပြီဆိုရင် အများကြီးပဲ။ ဘာသာစကား၊ စာပေ၊ အနုပညာ၊ ဓလေ့ ထုံးတမ်း၊ ကုန်စည် ကူးသန်းရောင်းဝယ်ရေး၊ အစားအသောက်၊ အ၀တ်အစား၊  အဲ့ဒါတွေအားလုံး လိုက်လျောညီထွေဖြစ်မှ ဟာမိုနီဖြစ်မှ ဒီ Social Community တစ်ခုနဲ့တစ်ခု ချိန်ဆက်နိုင်မှာပေါ့။  တစ်ဖက်အဖွဲ့နဲ့ ဆက်ဆံတဲ့အခါမှာ အဲ့ဒီ အဖွဲ့ရဲ့ ထုံးတမ်း၊ ဓလေ့၊ ယဉ်ကျေးမှုကို လေးစားရမယ်။ ကျွန်တော်တို့ မလေးစားရင် ကျွန်တော်တို့ မလေးမစားလုပ်ခြင်း ပြန်ခံရမယ်။

ကျွန်တော်တို့ Muslim Community အချင်းချင်း ပေါင်းစည်းညီညွတ်နိုင်ပါစေကြောင်း၊ အခြား Community တွေနဲ့ ဆက်ဆံတဲ့အခါမှာ အဆင်ပြေ ချောမွေ့အောင်မြင်စွာ ဆက်ဆံနိုင်ကြပါစေကြောင်း ဆုမွန် ကောင်းတောင်းရင်းနဲ့ ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။