ဆွလာဟ်နှင့် စပ်လျဉ်း၍ မေးမြန်းချက်
မေး။ ။ Eibne husein
မေးခွန်း – ဝဟီအဖြစ်ကျရောက်ခဲ့တဲ့ ကုရ်အာန်တစ်အုပ်တည်း ဖြစ်တယ်ဆိုတော့ အဲ့ဒီ ကုရ်အာန်ထဲမှာ တနေ့မှာ ဆွလာဟ် ဘယ်နှစ်ကြိမ် ဝတ်ပြုရမယ်၊ ဘယ်ပုံဝတ်ပြုရမယ် ဆိုတာလေးကို ကျွန်တော်မတွေ့လို့ ဝဟီအဖြစ် ကျရောက်ခဲ့တဲ့ ကုရ်အာန် တစ်အုပ်တည်းက ကျေးဇူးပြုပြီး တင်ပြပေးပါဦးလို့ မေတ္တာရပ်ခံပါတယ်။
ဖြေ။ ။ ဆရာ ကုရ်အာန်သုတေသီ ဦးတင်ဝင်း(LL.b)
လူကြီးမင်း Eibne Husein အား ကျနော်စလာမ်ဆို၍ နှုတ်ခွန်းဆက်သလိုက်ပါတယ်။ လူကြီးမင်းမေးတဲ့ မေးခွန်းကို ကျနော်ဖြေဆိုမှာဖြစ်ပါတယ်။ ၀ဟီအဖြစ်ကျရောက်ခဲ့တာ ကုရ်အာန်တစ်အုပ်တည်းဆိုတာကို ကျမ်းတော်မြတ် ကုရ်အာန်ထဲ မှာ (၆း၁၉)မှာ ဖော်ပြထားပြီဖြစ်လို့ လူကြီးမင်း လက်ခံထားပြီးဖြစ်တယ်လို့လည်း လူကြီးမင်းမေးခွန်း အရ ကျနော် မှတ်ယူလိုက်ပါတယ်။ ဒါပေမယ့် အဲဒီ ကုရ်အာန်ထဲမှာ တစ်နေ့မှာ ဆွလာသ် ဘယ်နှစ်ကြိမ် ၀တ်ပြုရမယ်။ ဘယ်ပုံ ၀တ်ပြုရမယ်ဆိုတာကို လူကြီးမင်း မတွေ့ဘူးဆိုတာကိုတော့ ကုရ်အာန်ထဲမှာ မဖော်ပြထားလို့ပါဘဲ။
လူကြီးမင်းခင်ဗျာ တကယ်တော့ ဒီကနေ့ ကျနော်တို့ပြုလုပ်ဆောင်ရွက်နေတဲ့ ဆွလာသ်ရဲ့ ပုံစံပိုင်းတွေဆိုတာ ကုရ်အာန်ထဲမှာလုံးဝမပါ ပါ။ လူသားပညာရှင်၏ သတ်မှတ်ထားချက် အပေါ်မှာ အစဉ်အလာအရ ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။ တကယ်တော့ ဆွလာသ်ဆိုတာ တမန်တော် မုဟမ္မဒ် (ဆွ) လက်ထက်ကျမှ စတင်ပေါ်ပေါက် လာတာမဟုတ်ပါဘူး။ တမန်တော် မုဟမ္မဒ်မတိုင်ခင် ရှေးယခင် တမန်တော်များ လက်ထက်မှာ ကတည်းက ရှိပြီးသားဖြစ်ပါတယ်။ ဒါကို ၀ဟီအဖြစ်ကျရောက်ခဲ့တဲ့ ကုရ်အာန်တစ်အုပ်တည်းနဲ့ ကျနော်သက်သေပြပါ့မယ်။
“တမန်တော်ရှုအိုက်ဗ်ကို သူ့အမျိုးသားတွေက ပြောကြတယ်။ အို ရှုအိုက်ဗ် အသင်ပြောဆိုနေသည့် ဆွလာသ်ဆိုသည်မှာ ကျွန်ုပ်တို့ ဘိုးဘွားဘီဘင်တွေ ယုံကြည် လက်ခံထားကြတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာများကို စွန့်ပယ်ပစ်ရန်နှင့် ကျွန်ုပ်တို့စိတ်တိုင်းကျ သုံးစွဲချင်တိုင်း၊သုံးစွဲခွင့်ကို အသင် (ရှုအိုက်ဗ်) ပြောဆိုနေသည့် ဆွလာသ်က တားမြစ်ပိတ်ပင်နေပါရော့လား” ဟူ၍ ဖော်ပြထားပါသည်။
ဒါကြောင့် လူကြီးမင်းခင်ဗျာ ဆွလာသ်ဆိုတာ တမန်တော်မုဟမ္မဒ် (ဆွ) မတိုင်ခင် ရှေးယခင် တမန်တော်များ လက်ထက်များကတည်းက ရှိနေပြီဖြစ်ကြောင်း တမန်တော် မုဟမ္မဒ် (ဆွ) လက်ထက်ရောက်မှ အထူးတာဝန်တစ်ရပ်လို တစ်နေ့ဘယ်နှစ်ကြိမ် ဘယ်နှစ်ရကအသ်ဟူ၍ ဘယ်လိုဖတ်ရ မယ်ဆိုတာထက် ကုရ်အာန်မှာဖော်ပြထားတဲ့ ဆွလားသ်သည် ထိုထက်ပင်ပိုကာ အဓ္ဓိပါယ် လေးနက်၍ အနှစ်သာရနှင့်ပြည့်စုံကြောင်း ကျမ်းတော်မြတ်ကုရ်အာန် (၁၁း၈၇)မှာ ဖော်ပြထားသည်ကို လေ့လာခြင်းအားဖြင့် အလွယ်တကူ သဘောပေါက် သိရှိနားလည်နိုင်လိမ့် မည်ဖြစ်ကြောင်းဖြေကြား လိုက်ပါသည်။