ဘင်လာဒင်သေဆုံးခြင်း အပေါ် သဘောထားနှင့် စပ်လျဉ်း၍ မေးမြန်းချက်

မေး။     ။ ကိုဇော်ဦး

 

မေးခွန်း – ဘင်လာဒင်သေသွားတာကို မွတ်စလင်တို့ရဲ့ ခေါင်းဆောင် သူတော်စင်ကြီး တယောက်ဆုံးရှူံးသွားသလိုမျိုး ပြောဆိုနေကြတဲ့ သူတွေရှိပါတယ်။ 59 လမ်းဗလီကကော ဘယ်လိုထင်ပါသလဲ။

 

ဖြေ။     ။ ဆရာ မုဖ်သီ ဦးစန်းအောင်(B.Sc)

စလာမ်ပို့သလျှက်ပါ။

အိုစမာဘင်လာဒင် နှင့်ပတ်သက်ပြီး (၅၉)လမ်းရဲ့ သဘောထားကိုတင်ပြပါရစေ။ ဘင်လာဒင်ဟာ Islam ဆိုတဲ့ ငြိမ်းချမ်းရေးကို လက်ခံထားသူ မွတ်စလင်မ်တို့ရဲ့ ခေါင်းဆောင်တော့ မဖြစ်နိုင်ပါဘူး။ သူဟာ “အလ်ကိုင်ဒါ” အဖွဲ့တာလီဘန်အဖွဲ့ရဲ့ ခေါင်းဆောင်ဘဲ ဖြစ်ပါတယ်။ ဘင်လာဒင်ကို မွတ်စလင်မ်ထုတစ်ရပ်လုံးက မွတ်စလင်မ် ခေါင်းဆောင်တစ်ဦး အဖြစ်သတ်မှတ်ထားခဲ့ခြင်းလည်း ထင်ထင်ရှားရှား သတ်သတ်မှတ်မှတ် မရှိခဲ့ပါဘူး။

 

ဘင်လာဒင်ဟာ Islam သူတော်စင်တစ်ပါးဖြစ်ခြင်း၊ မဖြစ်ခြင်းကတော့ ကျမ်းမြတ်ကုရ်အာန်နဲ့ဘဲ ချိန်ထိုးကြည့်ရပါလိမ့်မယ်။ ကျမ်းမြတ်ကုရ်အာန်မှာ ဒီလိုဖော်ပြထားပါတယ်။

 

“မည်သူမဆို အပြစ်မဲ့သူတစ်ဦးကို သတ်ဖြတ်လိုက်ခြင်းသည် လူသားထုတစ်ရပ်လုံးကို သတ်ဖြတ်လိုက်ခြင်းပင်ဖြစ်သည်။”
“မည်သူမဆို အပြစ်မဲ့သည့်လူသားတစ်ဦးကို ကယ်တင်လိုက်ခြင်းသည် လူသားထုတစ်ရပ် လုံးကိုကယ်တင်လိုက်ခြင်းသာဖြစ်သည်။” လို့ပါရှိပါတယ်။
ဘင်လာဒင်ဟာအထက်ပါ ကုရ်အာန်ရဲ့ ပြဌာန်းချက်နဲ့ ကိုက်ညီရင် သူတော်စင်ဖြစ်ပါလိမ့်မယ်။ မည်သူမဆို ကိုယ်ကြိုက်ရင် သူတော်စင်လို့ သတ်မှတ်ပြီး ကိုယ်မကြိုက်ရင် သူယုတ်မာလို့ တော့ သတ်မှတ်ပိုင်ခွင့် မရှိပါဘူး။