ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၁) မှ (၁၃၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)

بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၁)

ٱلَّذِينَ ءَاتَيۡنَـٰهُمُ ٱلۡكِتَـٰبَ يَتۡلُونَهُ ۥ حَقَّ تِلَاوَتِهِۦۤ أُوْلَـٰٓٮِٕكَ

يُؤۡمِنُونَ بِهِۦ‌ۗ وَمَن يَكۡفُرۡ بِهِۦ فَأُوْلَـٰٓٮِٕكَ هُمُ ٱلۡخَـٰسِرُونَ

ငါအလ္လာဟ်အရှင်မြတ်က သူတို့အပေါ်သို့ ကျမ်းဂန်တစ်စောင် (ကုရ်အာန်) ကို ချီးမြှင့်ပေးခဲ့လေသည်။ သူတို့ကလည်း ထိုကျမ်းဂန်အပေါ် တိကျမှန်ကန်စွာ လိုက်နာခံသည်ဖြစ်ရာ ထိုကျမ်းဂန်အား သူတို့သက်ဝင် ယုံကြည်ခဲ့ကြပြီးဖြစ်လေသည်။ မည်သူမဆို ထိုကျမ်းဂန်ကို သွေဖည်ငြင်းပယ်နေမည်ဆိုပါက သူတို့သည်သာ လျှင် ပျက်စီးဆုံးရှုံးသူများ ဖြစ်ကြလိမ့်မည်။ (ဘကရာဟ် – ၁၂၁)

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၂)

يَـٰبَنِىٓ إِسۡرَٲٓءِيلَ ٱذۡكُرُواْ نِعۡمَتِىَ ٱلَّتِىٓ أَنۡعَمۡتُ عَلَيۡكُمۡ

وَأَنِّى فَضَّلۡتُكُمۡ عَلَى ٱلۡعَـٰلَمِينَ

အို… အီစ်ရာအီးလ်မျိုးနွယ်အပေါင်းတို့ သင်တို့အပေါ် ငါအရှင်မြတ်က ချီးမြှင့်ခဲ့သည့် သုခအပေါင်းနှင့် ပြည့်စုံသောဘ၀ကို သတိရကြပါလေ။ ပြီးနောက် ငါအရှင်မြတ်က မဟာစကြ၀ဠာ တစ်ခွင်တစ်ပြင်၌ သင်တို့ အပေါ် အကျိုးကျေးဇူး ဖြစ်ထွန်းစေခဲ့မှုကိုလည်း သတိရဖော်ထုတ်ပါလေ။ (ဘကရာဟ် – ၁၂၂)

ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်က တမန်တော်မူစာ (အ) အားစေလွှတ်၍ အီဂျစ်ပြည်၌ ကျွန်ပြုဖိနှိပ်ခံနေရ သော “အီစ်ရာအီလ်း” မျိုးနွယ်များကို ကယ်ထုတ်စေခဲ့လေသည်။ ပြီးနောက် နယ်မြေတစ်ခုကို ချီးမြှင့်ပေးခဲ့ပြီး ထိုနယ် မြေသို့ သွားရာလမ်းတစ်လျှောက်တွင် လိုအပ်သော ထောက်ပံ့မှုအ၀၀ကို ချီးမြှင့်ခဲ့လေသည်။ သို့သော် “အီစ်ရာအီလ်း” မျိုးနွယ်တို့က အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို မေ့လျော့ခဲ့ကြလေသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၃)

وَٱتَّقُواْ يَوۡمً۬ا لَّا تَجۡزِى نَفۡسٌ عَن نَّفۡسٍ۬ شَيۡـًٔ۬ا وَلَا يُقۡبَلُ

مِنۡہَا عَدۡلٌ۬ وَلَا تَنفَعُهَا شَفَـٰعَةٌ۬ وَلَا هُمۡ يُنصَرُونَ

သင်တို့သည် တစ်ဦးကတစ်ဦးကို လုံးဝကိုယ်စားပြု စွမ်းဆောင်၊ ၀န်ဆောင်မှု ပေးနိုင်မည်မဟုတ်သော နေ့၊ တစ်ဦးကတစ်ဦးကို တရားမျှတအောင် ဆောင်ရွက်ပေးမှုကို လက်ခံတော့မည် မဟုတ်သောနေ့၊ တစ်ဦးက တစ်ဦးကို ကြားဝင်အသနားခံပေးမှု အရာမရောက်တော့သောနေ့၊ သူတို့အကူအညီ တစ်စုံတစ်ရာ ရရှိနိုင်တော့ မည်မဟုတ်သောနေ့၊ ထိုနေ့နှင့်ပတ်သက်၍ အရေးထားကြပါလေကုန်။ (ဘကရာဟ် – ၁၂၃)

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၄)

وَإِذِ ٱبۡتَلَىٰٓ إِبۡرَٲهِـۧمَ رَبُّهُ ۥ بِكَلِمَـٰتٍ۬ فَأَتَمَّهُنَّ‌ۖ قَالَ إِنِّى جَاعِلُكَ

لِلنَّاسِ إِمَامً۬ا‌ۖ قَالَ وَمِن ذُرِّيَّتِى‌ۖ قَالَ لَا يَنَالُ عَهۡدِى ٱلظَّـٰلِمِينَ

တမန်တော်အီဘရာဟင်မ်အား သူ့ကိုပြုစုပျိုးထောင် လမ်းညွှန်တော်မူသော အလ္လာဟ်အရှင်မြတ်က မေးခွန်းမှတ်ချက်များဖြင့် စစ်ဆေးဖော်ထုတ်ခဲ့ရာ တမန်တော် အီဘရာဟင်မ်က ပြီးပြည့်စုံစွာ ဖြေဆိုဆောင် ရွက်နိုင်ခဲ့လေသည်။ သို့ဖြစ်ရာ ငါအရှင်မြတ်က “ငါသည် သင် (အီဘရာဟင်မ်) အား လူသားထု တစ်ရပ်လုံး၏ ဦးစီးနာယကအဖြစ် ခန့်အပ်ချီးမြှင့်တော်မူလိုက်ပြီ” ဟု မိန့်တော်မူလေသည်။ ထိုအခါ တမန်တော်အီဘရာဟင်မ် က “ကျွန်တော်မျိုး၏သား၊ မြေးများအတွက် (မည်သို့နည်း) ဟု ပြန်လည်မေးမြန်း လျှောက်တင်ခဲ့ရာ အလ္လာဟ် အရှင်မြတ်က “ငါ၏ကတိက၀တ်သည် မိုက်မဲကျူးလွန်သူများအတွက် သက်ရောက်မှုရှိမည်မဟုတ်” ဟု ပြန်လည် မိန့်ကြားတော်မူလေသည်။ (ဘကရာဟ် – ၁၂၄)

ရှင်းလင်းချက်။ ။ တမန်တော်အီဘရာဟင်မ် (အ) သည် အလ္လာဟ်အရှင်မြတ်၏ မိန့်မှာချက်များကို ပြီးပြည့်စုံစွာ ဖြေဆိုဆောင်ရွက်နိုင်ခဲ့လေသည်။ နေ၊ လ၊ နက္ခတ်တာရာတို့ကို လေ့လာသုံးသပ်ပြီး ကိုးကွယ်အားထားရာအရှင်မှာ အလ္လာဟ်အရှင်မြတ် တစ်ပါးတည်းသာဖြစ်ကြောင်း၊ “သောင်ဟီးဒ်” တရားကို ဖော်ထုတ်ပြနိုင်ခဲ့လေသည်။ ဇနီးသည် ဟာဂျရာဟ်သခင်မ၊ သားတော် “အီစ်မာအီလ်” (အ) တို့နှင့်အတူ “ကအ်ဘာ” ကျောင်းတော်ကြီးကို တည်ဆောက်မွမ်း မံခဲ့ခြင်းဖြင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ပြီးပြည့်ကျေပွန်စွာ ထမ်းဆောင်ပြခဲ့လေသည်။

သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က တမန်တော်အီဘရာဟင်မ် (အ) အား လူခပ်သိမ်းတို့အတွက် ဦးစီးနာယက အဖြစ် ခန့်အပ်ချီးမြှင့်ခဲ့လေသည်။ ထို့ပြင်မက တမန်တော်အီဘရာဟင်မ် (အ) ၏ တောင်းဆိုမှုအပေါ်လည်း သားစဉ် မြေးဆက်များကို တမန်တော်အဖြစ် မြှောက်စားခန့်အပ်ခဲ့လေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်က တမန်တော် အီဘရာဟင်မ် (အ) ၏ သားစဉ်မြေးဆက်ဖြစ်လင့်ကစား “ဇွာလင်မ်” လူမိုက်များကိုတော့မူ ယင်းတာဝန် မချီးမြှင့်ခဲ့ပေ။

တမန်တော်အီဘရာဟင်မ် (အ) ၏တောင်းဆိုမှုကြောင့် သားတော် “အီစ်ဟာက်” (အ) အနွယ်မှ အပါးပါး သောတမန်တော်များပွင့်ခဲ့သလို သားတော် “အီစ်မာအီလ်း” (အ) အနွယ်မှလည်း နောက်ဆုံးတမန်တော် မုဟမ္မဒ် (ဆွ) ပွင့်ပေါ်ခဲ့လေသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၅)

وَإِذۡ جَعَلۡنَا ٱلۡبَيۡتَ مَثَابَةً۬ لِّلنَّاسِ وَأَمۡنً۬ا وَٱتَّخِذُواْ مِن مَّقَامِ إِبۡرَٲهِـۧمَ مُصَلًّ۬ى‌ۖ

وَعَهِدۡنَآ إِلَىٰٓ إِبۡرَٲهِـۧمَ وَإِسۡمَـٰعِيلَ أَن طَهِّرَا بَيۡتِىَ لِلطَّآٮِٕفِينَ وَٱلۡعَـٰكِفِينَ وَٱلرُّڪَّعِ ٱلسُّجُودِ

ငါအရှင်မြတ်က အိမ်တော်ကြီး (ကအ်ဘာကျောင်းတော်ကြီး) ကို ကမ္ဘာ့လူသားတို့ စုဝေးဆုံဆည်းရာ အဖြစ်လည်းကောင်း၊ ကမ္ဘာ့လူသားတို့ လုံခြုံအေးချမ်းစေရန် အတွက် လည်းကောင်း ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။ သင်တို့သည် တမန်တော်အီဘရာဟင်မ် (အ) ၏ ရပ်တည်ချက်ကို “ဆွလာသ်း” တည်ဆောက်ရာ အခင်းအကျင်းအဖြစ် ရယူထားကြပါလေ။ ငါအရှင်မြတ်က တမန်တော်အီဘရာဟင်မ် (အ) နှင့် တမန်တော် အီစ်မာအီလ်း (အ) တို့ကို ငါ၏အိမ်တော်အား “တွဝါဖ်း” လှည့်ပတ်နေသူများ အတွက် လည်းကောင်း၊ စဉ်ဆက် မပြတ် နေထိုင်သီတင်းသုံးနေသူများ အတွက် လည်းကောင်း၊ နာခံရိုကျိုးခြင်းကို ဦးထိပ်ပန်ဆင်ထားသူများ အတွက်လည်းကောင်း၊ (မိစ္ဆာအယူမှားမှုများမှ) သန့်ရှင်းစင်ကြယ်စွာထားရှိရန် ခန့်အပ်တာဝန်ပေးအပ် ခဲ့လေသည်။ (ဘကရာဟ် – ၁၂၅)

ရှင်းလင်းချက်။ ။ `မက္ကာဟ်´မြို့ရှိ အလ္လာဟ့်အိမ်တော်ကြီးနှင့်ပတ်သက်၍ အလ္လာဟ်အရှင်မြတ်၏ရည်ရွယ်ချက်မှာ ကမ္ဘာ့လူသားထုတစ်ရပ်လုံး ငြိမ်းချမ်းသာယာဝပြောစေရေး အတွက် လူသားတို့ စုဝေးဆုံဆည်းပြီး အဖြေရှာလုပ်ကိုင် ဆောင်ရွက်ရန်ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ကမ္ဘာ့နိုင်ငံပေါင်းစုံမှ ကိုယ်စားလှယ်ကြီးများ စုဝေးတက်ရောက်ကြ ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးကို အန်တုစိန်ခေါ်နေသော ပြဿနာအရပ်ရပ်ကို စုပေါင်းအဖြေရှာ ညှိနှိုင်းဆွေးနွေးရန် နေရာ သတ်မှတ်ပေးထားခြင်းဖြစ်သည်။ ထိုအဆောက်အအုံနေရာကို တည်ဆောက်မွမ်းမံရန် အလ္လာဟ်အရှင်မြတ်က တမန် တော်အီဘရာဟင်မ် (အ) နှင့် သားတော် အီစ်မာအီလ်း (အ) တို့အား တာဝန်အပ်နှင်းပေးခဲ့လေသည်။ တစ်ဆက် တည်းမှာပင် ယင်းအိမ်တော်အတွင်း၌ တစ်ဦးကတစ်ဦးကို လှည့်ဖျားခြင်း၊ တစ်ဦးနှင့်တစ်ဦး ရန်ပြုခြင်း၊ ရုပ်ဝါဒကို ကိုး ကွယ်ခြင်း၊ မဆည်းကပ်သင့်သည်များကို ဆည်းကပ်ခြင်းအစရှိသော မိစ္ဆာအယူမှားများကို ရှင်းလင်းဖယ်ရှားထုတ်ပြီး `သောင်ဟီးဒ်´တရားကိုသာ အခြေပြုစေရန် အီဘရာဟင်မ်(အ)နှင့် အီစ်မာအီလ်း(အ)တို့ကို မှာကြားခဲ့ပြန်သည်။

သို့ဆိုလျှင် ယနေ့ အလ္လာဟ့်အိမ်တော်ကြီးတွင် ဆောင်ရွက်နေသော လုပ်ငန်းစဉ်များ၌ တစ်ဦးကတစ်ဦးကို လှည့်ဖျားခြင်း ကင်းနေပြီလော။ တစ်ဦးနှင့်တစ်ဦး ခိုက်ရန်ပြုခြင်း ကင်းဝေးသွားပြီလော။ ရုပ်ဝါဒကို ကိုးကွယ်ခြင်း၊ မဆည်းကပ်ရမည်များကို ဆည်းကပ်ခြင်းများ ကင်းစင်သွားပြီလော။ အလ္လာဟ်တစ်ပါးတည်း အနှိုင်းမဲ့စွာဖြင့်တည်ရှိ သော `သောင်ဟီဒ်း´တရား စစ်မှန်စွာထွန်းကားနေပြီလော။ ထိုမလိုလားအပ်သောစနစ်များကို တမန်တော်များက `ကအ်ဘာ´အတွင်းမှ ဖယ်ထုတ်ပေးခဲ့သော်လည်း တမန်တော်များမရှိသည့်နောက်ပိုင်း လူသားတို့က ယင်းစနစ်များ ကို ပြန်လည်ထည့်သွင်း ခဲ့ကြလေသည်။

“မကာမေ့အီဘရာဟင်မ်” (ဝါ) အီဘရာဟင်မ် (အ) ၏ ရပ်တည်ချက်သည်ကား အဘယ်နည်း။

အီဘရာဟင်မ် (အ) ၏ ရပ်တည်ချက်ကို ကျမ်းမြတ်ကုရ်အာန် (၆း၇၉) ၌ ဤသို့ဖော်ပြထားလေသည်။

“ဧကန်မုချပင် ကျွန်ုပ်၏မျက်နှာကို (ဦးတည်ချက်ကို) မဟာစကြ၀ဠာနှင့် ကမ္ဘာဂြိုဟ်အား စီမံဆောင်ရွက်တော် မူခဲ့သော အရှင်မြတ်ဖက်ဆီသို့သာ ဖြောင့်မတ်တည်ကြည်စွာဖြင့် လှည့်ခဲ့ပါပြီ။ ပြီးနောက် ကျွန်ုပ်သည် တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူ `မွတ်ရှရီးက်´များအနက်မှ မဟုတ်ပေ။” (ကုရ်အာန် – ၆း၇၉)

အထက်ဖော်ပြပါ တမန်တော်အီဘရာဟင်မ် (အ) ၏ ရပ်တည်ချက် (မကာမေအီဘရာဟင်မ်) ကို မွတ်စလင်မ် တိုင်းအတွက် ဘ၀တည်ဆောက်ရာ၏ အခင်းအကျင်းအဖြစ် မှတ်ယူထားရပေမည်။ `သောင်ဟီဒ်း´တရားကို ဖော် ဆောင်လက်ကိုင်ပြုရပေမည်။`သောင်ဟီဒ်း´တရားပျောက်လျှင်`မွတ်ရှရီက်း´အမှားက နေရာဝင်ယူလာမည်ဖြစ်သည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၆)

وَإِذۡ قَالَ إِبۡرَٲهِـۧمُ رَبِّ ٱجۡعَلۡ هَـٰذَا بَلَدًا ءَامِنً۬ا وَٱرۡزُقۡ أَهۡلَهُ ۥ مِنَ ٱلثَّمَرَٲتِ مَنۡ ءَامَنَ مِنۡہُم بِٱللَّهِ

وَٱلۡيَوۡمِ ٱلۡأَخِرِ‌ۖ قَالَ وَمَن كَفَرَ فَأُمَتِّعُهُ ۥ قَلِيلاً۬ ثُمَّ أَضۡطَرُّهُ ۥۤ إِلَىٰ عَذَابِ ٱلنَّارِ‌ۖ وَبِئۡسَ ٱلۡمَصِيرُ

တမန်တော်အီဘရာဟင်မ် (အ) က “ကျွန်တော်မျိုးအား ပြုစုစောင့်ရှောက် လမ်းညွှန်တော်မူသော အရှင်၊ ဤဒေသကို လုံခြုံအေးချမ်းအောင် ပြုပေးတော်မူပါ။ ဤဒေသခံများအနက် အလ္လာဟ်အရှင်မြတ်နှင့် အနာဂတ်ကာလကို အီမာန်သက်ဝင် ယုံကြည်သူတို့အား ထူးကဲမြင့်မြတ်သော အကျိုးခံစားခွင့်ကို ထောက်ပံ့ ပေးတော်မူပါ” ဟု တောင်းဆုပြုလေသည်။
ထိုအခါ အလ္လာဟ်အရှင်မြတ်က လက်ခံပြီး ဤသို့မိန့်တော်မူခဲ့လေသည်။ “သွေဖည်ငြင်းပယ်သူကိုမူ ငါအရှင်မြတ်က နွမ်းပါးချို့တဲ့သော ဘ၀နေထိုင်မှုကိုသာ ရရှိစေပြီး သူ၏ငြင်းပယ်မှုက သူ့အား ပူလောင်ပြင်းပြ သော အပူမီးဆီသို့ မောင်းနှင်ပို့ဆောင်ပေးမည်ဖြစ်သည်။ သူတို့သွားရမည့် ခရီးလမ်းဆုံးသည် ဆိုးရွားလှပေသည်။” (ဘကရာဟ် – ၁၂၆)

ရှင်းလင်းချက်။ ။ တစ်ချိန်တစ်ခါက အလွန်ခြောက်သွေ့သော သဲကန္တာရနှင့်အတိပြီးသည့် `ကအ်ဘာ´ကျောင်း တော်ကြီး တည်ရှိရာဒေသသည် တမန်တော်အီဘရာဟင်မ် (အ) ၏ `ဒုအာ´ကြောင့် တစ်နည်းအားဖြင့် တမန်တော် အီဘရာဟင်မ်(အ) ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ယနေ့သော် စိမ်းလန်းစိုပြေပြီး ပေါများကြွယ်ဝသော၊ အလွန် ခေတ်မှီသော ဒေသကြီးတစ်ခုဖြစ်နေပေပြီ။ ကမ္ဘာ့လူဦးရေး သန်းနှင့်ချီ၍လာရောက်ပြီး `ဟဂ်ျ´ပြုရာဒေသလည်း ဖြစ်နေပေပြီ။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၇)

وَإِذۡ يَرۡفَعُ إِبۡرَٲهِـۧمُ ٱلۡقَوَاعِدَ مِنَ ٱلۡبَيۡتِ وَإِسۡمَـٰعِيلُ

رَبَّنَا تَقَبَّلۡ مِنَّآ‌ۖ إِنَّكَ أَنتَ ٱلسَّمِيعُ ٱلۡعَلِيمُ

တစ်ချိန်တစ်ခါက တမန်တော်အီဘရာဟင်မ် (အ) သည် သားတော် အီစ်မာအီလ်း (အ)နှင့် အိမ်တော်ကြီး (ကအ်ဘာ) ၏ အုတ်မြစ်ကို ပင့်မြှောက်၍တောင်းဆုပြုခဲ့သည်မှာ … “ကျွန်ုပ်တို့အား မွေးမြူပြုစု ပျိုးထောင် လမ်းညွှန်တော်မူသောအရှင်၊ ကျွန်တော်မျိုးတို့အား လက်ခံသဘောတူတော်မူပါ။ ဧကန်မုချ အသင်သည် အကြွင်းမဲ့ကြားတော်မူသော သိတော်မူသောအရှင်ဖြစ်သည်။” (ဘကရာဟ် – ၁၂၇)

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၈)

رَبَّنَا وَٱجۡعَلۡنَا مُسۡلِمَيۡنِ لَكَ وَمِن ذُرِّيَّتِنَآ أُمَّةً۬ مُّسۡلِمَةً۬ لَّكَ

وَأَرِنَا مَنَاسِكَنَا وَتُبۡ عَلَيۡنَآ‌ۖ إِنَّكَ أَنتَ ٱلتَّوَّابُ ٱلرَّحِيمُ

“ကျွနု်ပ်တို့အား မွေးမြူပြုစုပျိုးထောင် စောင့်ရှောက် လမ်းညွှန်တော်မူသော အရှင်၊ ကျွန်တော်မျိုးတို့ အား အရှင့်ကို နာခံသူ မွတ်စလင်မ်(၂) ဦးဖြစ်စေတော်မူပါ။ ထိုနည်းတူ ကျွန်တော်မျိုးတို့၏ သားစဉ်မြေးဆက် ကိုလည်း အရှင့်ကို နာခံသူမွတ်စလင်မ် လူ့အဖွဲ့အစည်းအဖြစ် ဆောင်ကြဉ်းပေးတော်မူပါ။ ထို့အပြင် ကျွန်တော်မျိုးတို့အား အရှင်မြတ်ကို နာခံဘ၀တည်ဆောက်ရာတွင် လိုအပ်သည့်လုပ်ထုံး၊ လုပ်နည်းများကို ပြသတော်မူပါ။ ကျွန်တော်မျိုးတို့ဖက်ဆီသို့ အရှင်မြတ်၏ ခွင့်လွှတ်ချမ်းသာမှုကို လွှမ်းခြုံပေးပါ။ ဧကန်မုချပင် အရှင်မြတ်သည် အဖန်တလဲလဲ ခွင့်လွှတ်ချမ်းသာမှုကို လွှမ်းခြုံပေးပြီး လိုအပ်ချက်အ၀၀ကို လိုလေသေးမရှိ အောင် ကြိုတင်ထောက်ပံ့ပေးတော်မူသော အရှင်မြတ် ဖြစ်တော်မူပေသည်။ (ဘကရာဟ် – ၁၂၈)

ရှင်းလင်းချက်။ ။ အထက်ပါအာယတ်တော်အရ ယနေ့မွတ်စလင်မ်တို့အတွက် မဖြစ်မနေ လိုက်နာကျင့်သုံးရမည့် “ဆွလားသ်” “ဇကားသ်” “ဟဂ်ျ” ဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် တမန်တော်အီဘရာဟင်မ် (အ) ၏ အလ္လာဟ် အရှင်ထံ တောင်းဆိုခဲ့မှုအပေါ် ထိုခေတ်ထိုအခါကတည်းက အလ္လာဟ်အရှင်မြတ်က ပြသလမ်းညွှန်ပေးခဲ့ပြီးဖြစ်သည်။ တမန်တော်မြတ်မုဟမ္မဒ် (ဆွ) ကလည်း ထိုလုပ်ထုံးလုပ်နည်းများကိုသာ ဆက်လက် ကျင့်သုံးခဲ့လေသည်။
သို့သော် နောက်ပိုင်း၌ ခေတ်အဆက်ဆက်ပေါ်ထွန်းလာခဲ့သော အေမာမ်ကြီးများက သူတို့နားလည်သဘော ပေါက်သလို စိတ်ကောင်းစေတနာဖြင့် သုံးသပ်တင်ပြုမှုများ ရှိလာခဲ့ပေသည်။ သို့ဖြစ်ရာ ဥပမာ – “ဆွလားသ်” ဆိုလျှင် `ဟနဖီ´နည်းစနစ်၊ `ရှာဖီအီ´နည်းစနစ်၊ `မာလီကီ´နည်းစနစ်၊ `ဟမ်ဘလီ´နည်းစနစ် ဟူ၍ ပေါ်ထွန်းဖြစ်တည်လာခဲ့ လေသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၂၉)

رَبَّنَا وَٱبۡعَثۡ فِيهِمۡ رَسُولاً۬ مِّنۡہُمۡ يَتۡلُواْ عَلَيۡہِمۡ ءَايَـٰتِكَ وَيُعَلِّمُهُمُ ٱلۡكِتَـٰبَ

وَٱلۡحِكۡمَةَ وَيُزَكِّيہِمۡ‌ۚ إِنَّكَ أَنتَ ٱلۡعَزِيزُ ٱلۡحَكِيمُ

“ကျွန်ုပ်တို့အား မွေးမြူပြုစုပျိုးထောင် လမ်းညွှန်တော်မူသောအရှင်၊ ကျွန်တော်မျိုးတို့၏ သားစဉ်မြေး ဆက်များအား အရှင်၏ အာယသ်တော်များကို ရွတ်ဖတ်လိုက်နာပြရန်လည်းကောင်း၊ (အရှင်မြတ်ထုတ်ပြန်သော) ကျမ်းဂန်နှင့် ယင်းကျမ်းဂန်၌ပါရှိသော ဉာဏ်အမြော်အမြင်တို့ကို သင်ကြားပြသပေးရန်လည်းကောင်း၊ သူတို့၏နှလုံးသားများ စင်ကြယ်သန့်ရှင်းသွားစေရန် လည်းကောင်း၊ သူတို့ (သားစဉ်မြေးဆက်) အနက်မှ တမန်တော်တစ်ပါးကို သူတို့အတွင်း၌ စေလွှတ်ပွင့်ပေါ်စေတော်မူပါ။ အရှင်မြတ်သည်သာလျှင် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူပြီး အသိထူး၊ အမြင်ထူးနှင့် ဉာဏ်အမြှော်အမြင် ပြည့်စုံတော်မူသော အရှင်သခင်ဖြစ်ပေသည်။” (ဘကရာဟ် – ၁၂၉)

ရှင်းလင်းချက်။ ။ ဤသည်တို့မှာ တမန်တော်အီဘရာဟင်မ် (အ)နှင့် တမန်တော်အီစ်မာအီလ်း (အ) တို့၏ အလ္လာဟ်အရှင်မြတ်ထံ တောင်းဆိုသော ဆုမွန်ဒုအာများဖြစ်လေသည်။ သူတို့၏ ဆုမွန်ဒုအာကြောင့် အီမာအီလ်း (အ) မျိုးနွယ်မှ အရေးဗီးယားကျွန်းဆွယ်တွင် “မုဟမ္မဒ်” ဟုအမည်တွင်သော တမန်တော်တစ်ပါး ပွင့်ခဲ့ရလေသည်။ အချို့က “တမန်တော်မြတ်မုဟမ္မဒ် (ဆွ) ကို အလ္လာဟ်အရှင်မြတ်က ပွင့်ပေါ်စေမည်မဟုတ်လျှင် ဤမဟာစကြ၀ဠာကိုလည်းကောင်း၊ ဤကမ္ဘာဂြိုဟ်ကိုလည်းကောင်း၊ တမန်တော်အီဘရာဟင်မ် (အ) အပါအ၀င် လူသားမျိုးနွယ်တစ်ရပ်လုံးကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က ဖန်ဆင်းမည်မဟုတ်” ဟု ပြောဆိုကြသည်။

ကျမ်းမြတ်ကုရ်အာန်ထဲတွင် ဤသို့ သောအဆိုကို မတွေ့ရှိရပေ။ တမန်တော်မြတ်မုဟမ္မဒ် (ဆွ) ကို အလ္လာဟ်က ပွင့်ပေါ်စေရခြင်းမှာ ကျမ်းမြတ်ကုရ်အာန်အရဆိုလျှင် တမန်တော်အီဘရာဟင်မ် (အ)နှင့် သားတော် အီစ်မာအီလ်း (အ) တို့၏ ဆုမွန်ဒုအာကြောင့်ဖြစ်ကြောင်း တွေ့ရှိရလေသည်။

အထူးသတိပြုရမည့် အချက်တစ်ရပ်မှာ ထိုတမန်တော်နှစ်ပါး၏ ဒုအာတွင် တမန်တော်တစ်ပါး ပွင့်ပေါ်စေရန်သာ တောင်းဆိုကြကြောင်း တွေ့ရှိရလေသည်။ ထို့ကြောင့် သူတို့၏တောင်းဆိုချက်အရ တမန်တော်မြတ်မုဟမ္မဒ် (ဆွ) တစ်ပါးတည်းသာဖြစ်ပြီး၊ နောက်ထပ် တမန်တော်ပွင့်ပေါ်စရာ အလျဉ်းမရှိတော့ပေ။ တမန်တော်မြတ် (ဆွ) သည် နောက်ဆုံးတမန်တော်သာဖြစ်လေသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၃၀)

وَمَن يَرۡغَبُ عَن مِّلَّةِ إِبۡرَٲهِـۧمَ إِلَّا مَن سَفِهَ نَفۡسَهُ ۥ‌ۚ وَلَقَدِ ٱصۡطَفَيۡنَـٰهُ

فِى ٱلدُّنۡيَا‌ۖ وَإِنَّهُ ۥ فِى ٱلۡأَخِرَةِ لَمِنَ ٱلصَّـٰلِحِينَ

မိမိကိုယ်မိမိ ရူးမိုက်စွာဖြင့် ပြုမူဆောင်ရွက်ထားသူမှ လွဲ၍ အဘယ်သူသည် တမန်တော် အီဘရာဟင်မ်၏ ယုံကြည်ချက်ဆိုင်ရာ လူနေမှုပုံစံကို မနှစ်သက်ဘဲ ရှိကြမည်နည်း။ အမှန်တကယ်ပင် ငါအရှင်မြတ်က သူ့ အား ဤမျက်မှောက်လောကအတွက် ရွေးချယ်ချီးမြှောက်ခဲ့ပေပြီ။ ဧကန်အမှန်ပင် သူသည် အနာဂတ်ကာလ ၌လည်း ပါရမီရှင် သူမွန်သူမြတ်များ အနက်မှ တစ်ဦးအပါအ၀င်ဖြစ်လေပြီ။ (ဘကရာဟ် – ၁၃၀)

ရှင်းလင်းချက်။ ။ ကျမ်းမြတ်ကုရ်အာန် (၆း၁၆၁) ၌ တမန်တော်မြတ် (ဆွ) သည်လည်း တမန်တော်အီဘရာဟင်မ် (အ) ၏ ယုံကြည်ချက်ဆိုင်ရာ လူနေမှုပုံစံ (မီလ်လသ်) ကိုသာ လိုက်နာလျက်ရှိကြောင်း ဤသို့ပြဆိုထားလေသည်။

“အသင်တမန်တော် ကြေညာလိုက်ပါ … `ဧကန်မုချပင် ငါ့အား ပြုစုပျိုးထောင် စောင့်ရှောက်တော်မူသော အရှင်မြတ်က ငါ့အား ဖြောင့်မတ်မှန်ကန်သော လမ်းဆီသို့ညွှန်ပြခဲ့ပေပြီ။ ယင်းလမ်းသည်ကား တည်တံ့ခိုင်မာသော ဘ၀ နေနည်း (ဒီန်းလမ်းစဉ်) ဖြစ်သလို ဖြောင့်မတ်မှန်ကန်သော တမန်တော်အီဘရာဟင်မ် (အ) ၏ ယုံကြည်ချက်ဆိုင်ရာ လူနေမှုပုံစံ (မီလ်လာသ်း) လည်းဖြစ်သည်။ သူသည် `မွတ်ရှရီက်း´(၀ါ) တုဖက်နှိုင်းယှဉ် ကိုးကွယ်သူများအနက်မှ မဟုတ်ပေ” (ကုရ်အာန် – ၆း၁၆၁)

သို့ဖြစ်ရာ တမန်တော်မြတ် (ဆွ) ကို ဖ၀ါးခြေထပ် လိုက်နာခြင်းသည် တမန်တော်အီဘရာဟင်မ် (အ) ကို ဖ၀ါးခြေထပ်လိုက်နာခြင်းသာဖြစ်သည်။

 

(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၁၁) မှ (၁၂၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်