ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၁) မှ (၁၈၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)
بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၁)
وَمَثَلُ ٱلَّذِينَ ڪَفَرُواْ كَمَثَلِ ٱلَّذِى يَنۡعِقُ بِمَا لَا يَسۡمَعُ إِلَّا دُعَآءً۬
وَنِدَآءً۬ۚ صُمُّۢ بُكۡمٌ عُمۡىٌ۬ فَهُمۡ لَا يَعۡقِلُونَ
သွေဖည်ငြင်းဆန်သူ “ကာဖိရ်” တို့၏ ပုံပမာသည်ကား ခေါ်သံ၊ အော်သံကို မကြားရတော့သည့် သူတစ်ယောက်ကို တစ်စုံတစ်ယောက်က အော်ဟစ်ခေါ်နေရသကဲ့သို့ ဖြစ်နေရပေပြီ။ နားပင်းနေသူ၊ ဆွံ့အနေသူ၊ အမြင်ကန်းနေ သူ (ကာဖိရ်) တို့သည်ကား၊ အသိတရားလည်း မရှိကြတော့ပေ။ (ဘကရာဟ် – ၁၇၁)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၂)
يَـٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ڪُلُواْ مِن طَيِّبَـٰتِ مَا رَزَقۡنَـٰكُمۡ
وَٱشۡكُرُواْ لِلَّهِ إِن ڪُنتُمۡ إِيَّاهُ تَعۡبُدُونَ
အို… အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ သင်တို့သည် ငါအရှင်မြတ် ထောက်ပံ့ထားသည်များ အနက်မှ သန့်ရှင်းစင်ကြယ်ပြီး၊ ခွန်အားဖြစ်စေသော၊ ဘေးဥပါဒ်ကင်းသော အစားအစာများကို စားသုံးကြပါ လေ။ ပြီးနောက် အသင်တို့သည် အလ္လာဟ်အရှင် တစ်ပါးတည်းကိုသာ ခ၀ပ်၊ ရိုကျိုးနာခံသည်ဆိုပါမူ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ကြပါလေ။ (ဘကရာဟ် – ၁၇၂)
ရှင်းလင်းချက်။ ။ အီမာန်သက်ဝင်ယုံကြည်သူတစ်ဦးအတွက် `ဟရာမ်´နှင့်`ဟလာလ်´ကို ခွဲခြားနားလည်ရမည်။ `ဟလာလ်´ခွင့်ပြုချက်ရှိထားပြီးသော်လည်း မိမိအတွက် `တွိုင်ယစ်(ဗ)´ဖြစ်သည၊် မဖြစ်သည်ကို ချင့်ချိန်စားသုံးဖို့ လို အပ်ပေသည်။ `ဟရာမ်´ဟု မသတ်မှတ်ထားသော်လည်း မိမိစားသုံးလိုက်ခြင်းဖြင့် သွေးထဲ၌ အဆီဓါတ်တိုးပွားလာ မည်ဆိုလျှင်၊ အချိုဓါတ်တိုးပွား၍ ဆီးချိုရောဂါ၊ ကျောက်ကပ်ရောဂါများ ဖြစ်လာမည်ဆိုလျှင်၊ ရင်ပြည့်ရင်ကယ် ဖြစ်လာ မည်ဆိုလျှင်၊ တစ်နည်းအားဖြင့် မိမိစားသုံးလိုက်သော အစာသည် မိမိ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခုကို ထိခိုက် ပျက်စီးလာမည်ဆိုလျှင် ထိုအစားအစာသည် `ဟရာမ်´ဟု မသတ်မှတ်ထားလင့်ကစား `တွိုင်ယစ်(ဗ)´မဖြစ်သည့် အတွက် ဆင်ဆင်ခြင်ခြင် စားသောက်ရမည်ဖြစ်သည်။ အချို့က ဆေးလိပ်သောက်သည်။ အချို့က ကွမ်းစားသည်။ ယင်းတို့သည် `ဟရာမ်´မဟုတ်ဟုဆိုသော်ငြားလည်း လူ့ခန္ဓာကိုယ်အတွက် `တွိုင်ယစ်(ဗ)´မဖြစ်ကြချေ။ အစားအ သောက်ကို ဗိုက်တင်း၊ ဗိုက်ကားအောင် စားသုံးခြင်းသည်လည်း `တွိုင်ယစ်(ဗ)´မဖြစ်ချေ။ `တွိုင်ယစ်(ဗ)´ဆိုသည်မှာ ဘေးဥပါဒ်တစ်စုံတစ်ရာ မဖြစ်စေရဘဲ၊ သန့်ရှင်းစင်ကြယ်ရပေမည်။ ထို့ပြင် စားသုံးလိုက်ခြင်းအားဖြင့် ခွန်အားဖြစ် အကျိုးပြုစေရပေမည်။
ထို့ကြောင့် မုအ်မင်န်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ် သတ်မှတ်ပြဋ္ဌာန်းထားသော အစားအစာကို မှန်မှန် ကန်ကန်၊ မျှမျှတတစားသုံးပြီးနောက် အလ္လာဟ်အရှင်မြတ်အပေါ် ကျေးဇူးသိတတ်ခြင်းမှာ ကြီးစွာသော`အိဘာဒသ်´ တစ်ရပ်ဖြစ်သည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၃)
إِنَّمَا حَرَّمَ عَلَيۡڪُمُ ٱلۡمَيۡتَةَ وَٱلدَّمَ وَلَحۡمَ ٱلۡخِنزِيرِ وَمَآ أُهِلَّ بِهِۦ لِغَيۡرِ ٱللَّهِۖ فَمَنِ
ٱضۡطُرَّ غَيۡرَ بَاغٍ۬ وَلَا عَادٍ۬ فَلَآ إِثۡمَ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٌ۬ رَّحِيمٌ
အလ္လာဟ်အရှင်မြတ်က သင်တို့အပေါ် “ဟရာမ်” တားမြစ်ချက် ဧကန်အမှန် ထုတ်ပြန်ထားသော အစားအစာများမှာ အသေသား၊ သွေး၊ ၀က်သားနှင့် အလ္လာဟ်အရှင်မြတ်၏ နာမတော်မဟုတ်ဘဲ၊ အခြားတစ် စုံတစ်ရာကို ရည်စူးလှီးဖြတ်ထားသော တိရစ္ဆာန်တို့သာလျှင်ဖြစ်သည်။ သို့ပါသော်လည်း (တားမြစ်ချက်ထုတ် ပြန်ထားပြီးသော အစားအစာကို) မလွဲမရှောင်သာသော အကြပ်အတည်းတစ်စုံတစ်ရာကို ရင်ဆိုင်ရသူတစ်ဦး အတွက် မက်မောနှစ်ခြိုက်မှုမရှိဘဲ (အနည်းငယ်စားသုံးခဲ့ပါလျှင်) ထိုသူအပေါ်၌ အပြစ်မရှိပေ။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသော ဆုံးစမဲ့ ဂရုဏာတော်အရှင်ဖြစ်သည်။ (ဘကရာဟ် – ၁၇၃)
ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ထဲ၌ စားသုံးရန် `ဟရာမ်´အဖြစ်သတ်မှတ်ထားသော အစားအစာမှာ အနည်းငယ်သာရှိပေသည်။ ယင်းတို့မှာ အသေသား၊ သွေး၊ ၀က်သားနှင့် အလ္လာဟ်အရှင်မြတ်၏ နာမ တော်မှလွဲ၍ အခြားတစ်စုံတစ်ရာကို ရည်စူးလှီးဖြတ်ထားသော တိရစ္ဆာန်၏အသား စသည်တို့ပင်ဖြစ်သည်။ ဆေးသိပ္ပံ ပညာရှုထောင့်က ကြည့်မည်ဆိုလျှင်လည်း ပထမ(၃)မျိုးမှာ စားသုံးရန်မသင့်သော အစားအစာများပင်ဖြစ်သည်။ အသေသားနှင့်ပတ်သက်၍ ဟရာမ်အဖြစ်သတ်မှတ်ချက်ကို ကုရ်အာန်(၅း၃)၌ အောက်ပါအတိုင်း တွေ့ရလေသည်။
“အသေသားသည်လည်းကောင်း၊ သွေးသည်လည်းကောင်း၊ ၀က်သားသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်မဟုတ်ဘဲ အခြားတစ်စုံတစ်ရာကို ရည်စူးလှီးဖြတ်ထားသော တိရစ္ဆာန်သည်လည်းကောင်း၊ (ဟရာမ်ဟု မသတ်မှတ်ထားသော်လည်း) လည်မျိုညှစ်ခံရ၍ (သို့မဟုတ်) တစ်စုံတစ်ရာကြောင့် အသက်ရှုမွန်းကျပ်၍ သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ ရိုက်နှက်ခံရ၍ (သို့မဟုတ်) ထိခိုက်နာကျင်မှုခံရ၍သေရသော တိရစ္ဆာန်သည်လည်း ကောင်း၊ အမြင့်မှပြုတ်ကျ၍သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်၍ (ဥပမာ- ဦးချိုဖြင့် ဝှေ့ခတ်ခံရခြင်း) ဖြင့်သေရသော တိရစ္ဆာန်သည်လည်းကောင်း၊ သားရဲတိရစ္ဆာန်ကြီးတစ်ကောင်၏ အမဲလိုက် ကိုက်ခဲမှုကိုခံရပြီး မသေမရှင်ဖြစ်နေစဉ် စနစ်တကျ လည်လှီးဖြတ်ခြင်းမခံရဘဲ သေဆုံးသွားရသော တိရစ္ဆာန်သည်လည်း ကောင်း၊ တစ်စုံတစ်ရာသောရုပ်တု၊ ဆင်းတု (သို့မဟုတ်) တစ်စုံတစ်ရာသော အထိမ်းအမှတ်ကို ရည်ရွယ်လှီးဖြတ်ထား သော တိရစ္ဆာန်သည်လည်းကောင်း၊ သင်တို့အပေါ်ဝယ် ဟရာမ်တားမြစ်ချက် ထုတ်ပြန်ခြင်းခံခဲ့ရပြီးဖြစ်သည်” (ကုရ်အာန် – ၅း၃)
အထက်ပါပုံစံမျိုးဖြင့်သေသော (သို့မဟုတ်) အသတ်ခံရသော တိရစ္ဆာန်၏အသားသည်လည်းကောင်း၊ အလို အလျောက်သေသွားသော တိရစ္ဆာန်တစ်ကောင်၏ အသားသည်လည်းကောင်း၊ စားသောက်ရန် `ဟရာမ်´တားမြစ်ခံရ ပြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မွန်းကျပ်ခြင်း၊ အမြင့်မှပြုတ်ကျခြင်း စသည်တို့မှာ တစ်စုံတစ်ရာသော ရောဂါရှိ၍ ဖြစ်နိုင်ပေသည်။ လူက ထိုအသားကိုစားလိုက်လျှင် ထိုရောဂါက လူကို ကူးစက်နိုင်ပေသည်။ ရိုက်သတ်၍သေသွားသော တိရစ္ဆာန်သည်လည်းကောင်း၊ တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်၍သေဆုံး သွားရသော တိရစ္ဆာန်သည်လည်းကောင်း၊ ခန္ဓာကိုယ်တွင်းမှ လုံလောက်သောသွေးများ ထွက်သွားခြင်းရှိမရှိနှင့်ပတ် သက်၍ မသင်္ကာဖွယ်ဖြစ်သည်။ ထို့ကြောင့် ထိုသတ္တ၀ါမျိုးကို မစားထိုက်ချေ။ အဘယ်ကြောင့်ဆိုသော် အစ္စလာမ်က သွေးကို `ဟရာမ်´သတ်မှတ်ထားသောကြောင့်ဖြစ်သည်။
အစ္စလာမ်က `သွေး´ကို အဘယ်ကြောင့် `ဟရာမ်´ဟု တားမြစ်ထားရသနည်း။
လူတစ်ဦးချင်း၏ ခန္ဓာကိုယ်ထံ၌ရှိသောသွေးသည် ရောဂါပိုးများ ခိုအောင်းရာ၊ ဘေးဥပါဒ်ဖြစ်စေသည့် (Oxidant) များ စုဝေးရာနေရာတစ်ခုဖြစ်သည်။ ထို့ကြောင့် သွေးကို အစ္စလာမ်က စားသုံးရန် တားမြစ်ထားခြင်းဖြစ်သည်။
အစ္စလာမ်က အဘယ်ကြောင့် မိမိစားသုံးလိုသော သတ္တ၀ါ (ဥပမာ- ကြက်၊ ဆိတ်၊ နွား)တို့ကို လည်လှီးဖြတ် ပြီးမှ ချက်ပြုတ်စားသုံးခွင့်ပြုရသနည်း။
သွေးသည် ဟရာမ်ဖြစ်သည့်အားလျော်စွာ မိမိစားသုံးမည့်အသားထဲတွင် မကျန်ရလေအောင် ဖယ်ရှားထုတ် ပစ်ရပေမည်။ ထိုသို့ဖယ်ထုတ်ရာတွင် သတ္တ၀ါတစ်ကောင်၏လည်ပင်းရှိ သွေးပြန်ကြောကြီးကို ဖြတ်ထုတ်ခြင်းသည် အကောင်းဆုံးသော သွေးအထွက်ဆုံးသော သွေးဖောက်ထုတ်နည်းဖြစ်လေသည်။ ထို့ကြောင့် လည်လှီးပြီးသော သတ္တ၀ါကို ချုပ်ကိုင်ထားခြင်း၊ ကြိုးချည်ထားခြင်းမပြုရပေ။ ရုန်းကန်လေလေ သွေးထွက်လေလေပင်ဖြစ်သည်။
အစ္စလာမ်က အဘယ်ကြောင့် ငါးကို လည်လှီးပြီးမစားခိုင်းရသနည်း။
လူသားတို့စားသုံးသည့် သတ္တ၀ါများတွင် အဓိကအားဖြင့် သွေးနွေးသတ္တ၀ါနှင့် သွေးအေးသတ္တ၀ါဟူ၍ (၂)မျိုး ရှိလေသည်။ သွေးနွေးသတ္တ၀ါတို့သည် ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးများ လှည့်ပတ်သွားလာလျက်ရှိပြီး သွေးအေး သတ္တ၀ါတို့တွင်မူ သွားလာလှည့်ပတ်မှုနည်းလေသည်။ ထို့ကြောင့် သွေးအေးသတ္တ၀ါကို လှည်လှီးသော်လည်း သွေးလုံ လောက်စွာ ထွက်ရှိမည်မဟုတ်ပေ။ ဗိုက်ခွဲပြီး သွေးကြောများကို အလွယ်တကူ ဖယ်ရှားထုတ်နိုင်လေသည်။ သို့ဖြစ်ရာ သွေးနွေးသတ္တ၀ါများဖြစ်သော ခြေလေးချောင်းသတ္တ၀ါများကို လည်လှီးရသော်လည်း သွေးအေးသတ္တ၀ါဖြစ်သော ငါးကို လည်လှီးရန်မလိုအပ်ပေ။
အစ္စလာမ်က အဘယ်ကြောင့် ၀က်သားကို တားမြစ်ရသနည်း။
အစ္စလာမ်က ၀က်နှင့်တကွ ၀က်နှင့်မျိုးစုတူ၊ မျိုးစိပ်တူ သတ္တ၀ါအားလုံးကို စားသုံးခြင်းမပြုရန် တားမြစ်သည်။ ၀က်ကိုစားသုံးခြင်းအား တားမြစ်ထားရခြင်းမှာ ပထမအချက်အနေဖြင့် ၀က်၏နေထိုင်ပုံနှင့် စားသောက်ပုံကြောင့်ဖြစ် သည်။ ဒုတိယအချက်မှာ ၀က်၌ ကပ်ပါးကောင်အဖြစ်တွယ်ကပ်နေသော`တီရီယာဆိုလီယမ်´ခေါ် တုတ်ပြားသံကောင် ကပ်ပါးပိုးကြောင့်ဖြစ်သည်။ ၀က်ကိုချက်ပြုတ်ရာ၌ ၀က်၏အသားကျက်နေပြီးဖြစ်သော်လည်း ယင်းတုတ်ပြားကောင်မှာ ချက်ပြုတ်မှုအပူဒဏ်ကို ကောင်းစွာခံနိုင်သောကြောင့် မသေနိုင်ပဲရှိရသည်။ ထိုဝက်ကိုစားသုံးရာမှ တုတ်ပြားသံကောင် သည် လူသို့ကူးစက်ပြီး ရောဂါဆိုးကို ခံရလေတော့သည်။ ထိုတုတ်ပြားကောင် သေသည်အထိ မီးအပူပေးပြီး ကျော် မည်၊ ချက်မည်ဆိုပါက အသားများ မီးကျွမ်းသွားပြီး စားမရလောက်အောင်ဖြစ်သွားပေမည်။ ယနေ့ ဆေးသိပ္ပံက မီးကျွမ်းထားပြီးသော အစားအသောက်များသည် လူကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု ဆိုထားပြန်သည်။
အစ္စလာမ်က အဘယ်ကြောင့် အလ္လာဟ်အရှင်မြတ်၏ အမည်နာမမှလွဲ၍ အခြားကိုရည်စူးလှီးဖြတ်ထားသော တိရစ္ဆာန်၏အသားကို `ဟရာမ်´အဖြစ် တားမြစ်ရသနည်း။
ဤသည်က အစ္စလာမ့်ရေးရာ ယုံကြည်ချက်ပိုင်းနှင့် အဓိကသက်ဆိုင်ပေသည်။ မိမိအရှင်သခင်က ကျွေး သောအစားအစာကို အရှင့်အား ကျေးဇူးတင်ရန် အရှင့်အမည်ကို သတိရတသရန် ယုံကြည်ချက်အားဖြင့် လိုအပ်လေ သည်။ မိမိစားသောက်မည့်အစားအစာသည် အရှင်မြတ်က ပြဋ္ဌာန်းထားသော ဥပဒေသတ်မှတ်ချက်နှင့်အညီ နည်းမှန်၊ လမ်းမှန်ဖြင့် ရှာဖွေထားသော ရိက္ခာမျိုးဖြစ်ရမည်။ သမ္မာအာဇီဝကျရပေမည်။ ကျမ်းမြတ်ကုရ်အာန် (၆း၁၁၈)၌ ဤသို့ ပြဆိုထားသည်။
“အကယ်၍ သင်တို့သည် အလ္လာဟ်အရှင်၏ သက်သေလက္ခဏာတော်များကို ယုံကြည်သက်ဝင်ကြမည်ဆိုပါမူ အရှင်မြတ်၏နာမတော်ကို ဖော်ထုတ်တသထားပြီးသော အရာတို့ကိုသာ စားသုံးကြပါလေ” (ကုရ်အာန် – ၆း၁၁၈)
အထက်ပါအာယသ်တော်က အီမာန်သက်ဝင်ယုံကြည်သူတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်က ခွင့်ပြုထားပြီး သော စားသုံးဖွယ်ရာများကိုသာ သမ္မာအာဇီဝနည်းဖြင့်ရှာဖွေပြီး အလ္လာဟ်အရှင်မြတ်အပေါ် ကျေးဇူးတရားသိတတ်ကြ ရန် ရည်ညွှန်းလေသည်။ အလ္လာဟ်အရှင်မြတ်က `ဟရာမ်´အဖြစ် သတ်မှတ်ထားပြီးသော်လည်း ရှောင်လွှဲလို့မရသော အခြေအနေ တစ်ရပ်ကြောင့် ထိုတားမြစ်ထားပြီးသော အစားအစာများကို မက်မောနှစ်ခြိုက်စွာမဟုတ်ဘဲ၊ အနည်းငယ် စားသုံးခွင့်ပြုထားခြင်းက အလ္လာဟ်အရှင်မြတ်၏ ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်သည် ကာလံ၊ ဒေသံအားလုံးနှင့် ညီညွတ်မှု ရှိကြောင်း၊ ပျော့ပြောင်းမှုရှိကြောင်းကို ပြသရာရောက်ပေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၄)
إِنَّ ٱلَّذِينَ يَكۡتُمُونَ مَآ أَنزَلَ ٱللَّهُ مِنَ ٱلۡڪِتَـٰبِ وَيَشۡتَرُونَ بِهِۦ ثَمَنً۬ا قَلِيلاًۙ أُوْلَـٰٓٮِٕكَ
مَا يَأۡكُلُونَ فِى بُطُونِهِمۡ إِلَّا ٱلنَّارَ وَلَا يُڪَلِّمُهُمُ ٱللَّهُ يَوۡمَ ٱلۡقِيَـٰمَةِ
وَلَا يُزَڪِّيهِمۡ وَلَهُمۡ عَذَابٌ أَلِيمٌ
ဧကန်အမှန်ပင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ပို့ချသော ဒေသနာတော်များကို ထိမ်ချန်နေကြသည့်အပြင် တန်ဖိုးချလျက်လည်းရှိကြပေသည်။ သူတို့သည် သူတို့၏၀မ်းဗိုက်ထဲသို့ ပူပြင်း တောက်လောင်သော လောင်မီးကို ၀ါးမြိုချနေကြခြင်းသာဖြစ်သည်။ `ကိယာမသ်´နေ့တွင် အလ္လာဟ်အရှင် မြတ်က သူတို့ကို ဧည့်ခံစကားပြောမည်မဟုတ်သလို သူတို့၏ ပြစ်မှုများကိုလည်း ဆေးကြောသန့်စင်ပေးမည် မဟုတ်ပေ။ သူတို့အတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်သာရှိပေလိမ့်မည်။ (ဘကရာဟ် – ၁၇၄)
ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်က ထုတ်ပြန်ထားပြီးသော `ဟရာမ်´နှင့်`ဟလာလ်´ကို သိနားလည်အောင် မကြိုးစားခြင်း၊ သိနားလည်ပါလျက် ထိမ်ချန်ထားခြင်း၊ တန်ဖိုးမဲ့အောင် ပြက်ရယ်ပြုခြင်းတို့သည်ကား အလွန်ရင်လေး ဖွယ်ရာဖြစ်သည်။ `ဟရာမ်´နှင့်`ဟလာလ်´ကို မခွဲခြား မသတ်မှတ်ဘဲ စားသောက်နေခြင်းက လောင်မီးကို ၀မ်းဗိုက် ထဲသို့ မျိုချနေသလိုဖြစ်နေပေပြီ။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၅)
أُوْلَـٰٓٮِٕكَ ٱلَّذِينَ ٱشۡتَرَوُاْ ٱلضَّلَـٰلَةَ بِٱلۡهُدَىٰ وَٱلۡعَذَابَ بِٱلۡمَغۡفِرَةِۚ فَمَآ أَصۡبَرَهُمۡ عَلَى ٱلنَّارِ
သူတို့သည် အချည်းအနှီးဖြစ်စေသောလမ်းကို တရားလမ်းမှန်အားဖြင့်သော်လည်းကောင်း၊ ပြစ်ဒဏ် ကို လွတ်ငြိမ်းချမ်းသာမှုအားဖြင့်သော် လည်းကောင်း၊ ဖလှယ်ဝယ်ယူလိုက်ကြပေပြီ။ သို့ဖြစ်ရာ သူတို့သည် ပူပြင်းလောင်မြိုက်မှုကို ဘယ်လောက် ကြံ့ကြံ့ခံနိုင်မည်နည်း။ (ဘကရာဟ် – ၁၇၅)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၆)
ذَٲلِكَ بِأَنَّ ٱللَّهَ نَزَّلَ ٱلۡڪِتَـٰبَ بِٱلۡحَقِّۗ وَإِنَّ ٱلَّذِينَ ٱخۡتَلَفُواْ فِى ٱلۡكِتَـٰبِ لَفِى شِقَاقِۭ بَعِيدٍ۬
ယင်းကဲ့သို့ဖြစ်ရသည်မှာ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်ကို မှန်ကန်တိကျ ခိုင်လုံမှုအား ဖြင့် ထုတ်ပြန်ခဲ့လေသည်။ သို့သော် သူတို့က ကုရ်အာန်နှင့် သဘောထားကွဲကြလေသည်။ သူတို့၏ သဘော ကွဲလွဲမှုက (ကုရ်အာန်)နှင့် ဝေးခြင်းမက ဝေးသွားခဲ့ရပေပြီ။ (ဘကရာဟ် – ၁၇၆)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၇)
لَّيۡسَ ٱلۡبِرَّ أَن تُوَلُّواْ وُجُوهَكُمۡ قِبَلَ ٱلۡمَشۡرِقِ وَٱلۡمَغۡرِبِ وَلَـٰكِنَّ ٱلۡبِرَّ مَنۡ ءَامَنَ بِٱللَّهِ
وَٱلۡيَوۡمِ ٱلۡأَخِرِ وَٱلۡمَلَـٰٓٮِٕڪَةِ وَٱلۡكِتَـٰبِ وَٱلنَّبِيِّـۧنَ وَءَاتَى ٱلۡمَالَ عَلَىٰ حُبِّهِۦ ذَوِى ٱلۡقُرۡبَىٰ
وَٱلۡيَتَـٰمَىٰ وَٱلۡمَسَـٰكِينَ وَٱبۡنَ ٱلسَّبِيلِ وَٱلسَّآٮِٕلِينَ وَفِى ٱلرِّقَابِ وَأَقَامَ ٱلصَّلَوٰةَ
وَءَاتَى ٱلزَّڪَوٰةَ وَٱلۡمُوفُونَ بِعَهۡدِهِمۡ إِذَا عَـٰهَدُواْۖ وَٱلصَّـٰبِرِينَ فِى ٱلۡبَأۡسَآءِ
وَٱلضَّرَّآءِ وَحِينَ ٱلۡبَأۡسِۗ أُوْلَـٰٓٮِٕكَ ٱلَّذِينَ صَدَقُواْۖ وَأُوْلَـٰٓٮِٕكَ هُمُ ٱلۡمُتَّقُونَ
`တာဝန်သိခြင်း´ဆိုသည်မှာ သင်တို့၏မျက်နှာကို အရှေ့ဖက်လှည့်ခြင်း၊ အနောက်ဖက်လှည့်ခြင်း ပြုလုပ်ရုံမျှဖြင့် ဖြစ်မလာနိုင်ပါ။ `တာဝန်သိခြင်း´ဆိုသည်မှာ လူတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်ကို လည်းကောင်း၊ အနာဂတ်ကာလကိုလည်းကောင်း၊ `မလာအိကာဟ်´သဘာဝစွမ်းအားစုများကိုလည်းကောင်း၊ `၀ဟီ´ပြဋ္ဌာန်းချက် ကျမ်းများကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်းကောင်း၊ အီမာန်သက်ဝင်ယုံ ကြည်ရပေမည်။ ပြီးနောက် သူကိုယ်တိုင် နှစ်သက်မြတ်နိုးသော ဥစ္စာပစ္စည်းကို ဆွေမျိုးသားချင်းများ၊ ဘ၀တွင် ဦးဆောင်မှုကင်းမဲ့နေပြီဖြစ်သော `ယတီမ်း´များ၊ ဘ၀ဆုံးနေပြီဖြစ်သော `မစ်ကီန်း´များ၊ လမ်းခုလပ်၌ ရှေ့ မဆက်နိုင်ဘဲ ဖြစ်နေရသူများ၊ အကူအညီတောင်းခံလာသူများ၊ ဖိနှိပ်ခံ အခြေခံ လူတန်းစားများအား ထောက်ပံ့ ပေးကမ်းလေသည်။ ထို့ပြင် `ဆွလားသ်´တည်းဟူသော လူနေမှုဘ၀ဆိုင်ရာ စနစ်ဇယားကို စွဲမြဲစွာ ထူထောင် တည်ဆောက်ပြီး၊ `ဇကားသ်´တည်းဟူသော မညီမမျှဖြစ်နေသည့် လူမှုဘ၀ကွာခြားမှုကိုလည်း နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်လေသည်။ ကတိက၀တ်ပြုပြီးသောအခါ သူတို့၏ကတိက၀တ်ကို တည်ကြည်အောင် ထိန်းသိမ်းကြလေသည်။ ကံမကောင်း၊ အကြောင်းမလှမှုကြောင့်သော် လည်းကောင်း၊ ဘေးဥပါဒ် အန္တရာယ်ကျရောက်လာမှုကြောင့် သော်လည်းကောင်း၊ အကျပ်အတည်း တစ်စုံတစ်ရာဖြစ်ပေါ်ချိန်၌ လည်းကောင်း၊ သူတို့သည် ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းသူများဖြစ်ကြလေသည်။ ထိုသူတို့သည် သစ္စာဝါဒီများ ဖြစ်ကြလေသည်။ ယင်းသူတို့သည်သာလျှင် `မွတ္တကီန်း´များ ဖြစ်ကြလေသည်။ (ဘကရာဟ် – ၁၇၇)
ရှင်းလင်းချက်။ ။ လူ့လောက၌ မိမိကိုယ်မိမိ လူဖြစ်ခြင်း၏အနှစ်သာရကို နားလည်သဘောပေါက်ပြီး လူ့တာဝန်သိ သူကို `တက္က၀ါ´ရှင်ဟုခေါ်ဆိုကြောင်း ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းပြဆိုလေသည်။ အထက်ပါအာယတ်တော်က `တက္က၀ါ´ရှင်တစ်ဦး၏အရည်အသွေးကို တိတိကျကျ ရည်ညွှန်းထားလေသည်။ `တက္က၀ါ´ရှင်တစ်ဦးသည် (၁) အီမာန်ယုံကြည်ချက် ခိုင်ခိုင်မာမာရှိရမည်။ (၂) လက်တွေ့ကျကျ ဆောင်ရွက် မှုရှိရမည်။ ဤသည်မှာ `အီမာန်နှင့်အမလ်´ (ယုံကြည်ချက်နှင့် လက်တွေ့လုပ်ဆောင်ချက်) ပင်ဖြစ်သည်။ ယင်းအခြေ ခံသဘောနှစ်ရပ်ကို လက်တွေ့ကျကျ ပေါင်းစပ်နိုင်မှသာ `တက္က၀ါ´ရှင်ဖြစ်လာလိမ့်မည်။ `တက္က၀ါ´ရှင်တို့သည် လူ့ပတ်ဝန်းကျင်၌ မိမိတို့ကိုယ်မိမိတို့ တစ်ဒေါင့်တစ်နေရာက ပါဝင်တာဝန်ထမ်းဆောင် နိုင်ရန်၊ အသုံးချခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားကြလေသည်။ ဤသည်မှာ တာဝန်သိတတ်ခြင်းပင်ဖြစ်သည်။ လူ့တန်ဖိုး ကို နားလည်ခြင်းပင်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်က လူ့တန်ဖိုးနားလည်ခြင်းကို `သစ္စာ´ရှိခြင်းဟု ဖွင့်ဆိုထားလေ သည်။ `တက္က၀ါ´ဆိုသည်မှာ အရည်အသွေးတစ်ရပ်ဖြစ်၍ ထိုအရည်အသွေးကို လူ့ပတ်ဝန်းကျင်၌ မှန်ကန်စွာဖော် ထုတ်အသုံးချခြင်းကို `အီဘာဒသ်´ဟုခေါ်သည်။ ထိုကြောင့် ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော `အိဘာဒသ်´ ကို ဖော်ကျူးနိုင်ရန် ကျမ်းမြတ်ကုရ်အာန်က ရည်ညွှန်းသော `တက္က၀ါ´ အရည်အသွေးရှိရန် လိုအပ်ပေသည်။ `တက္က၀ါ´ အရည်အသွေး ယုတ်လျော့အားနည်းနေသမျှ ကာလပတ်လုံး မိမိပြုလုပ်ထားသော `အိဘာဒသ်´မှာလည်း အားနည်း ချို့ယွင်းနေမည်သာဖြစ်သည်။ `အိဘာဒသ်´ဆိုသည်မှာ အလ္လာဟ်အရှင်မြတ်ပြဋ္ဌာန်းထားသော လမ်းစဉ်အပေါ် နာခံ၊ ရိုကျိုး ဘ၀တည်ဆောက်ခြင်းကိုခေါ်ပါသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၈)
يَـٰٓأَيُّہَا ٱلَّذِينَ ءَامَنُواْ كُتِبَ عَلَيۡكُمُ ٱلۡقِصَاصُ فِى ٱلۡقَتۡلَىۖ ٱلۡحُرُّ بِٱلۡحُرِّ وَٱلۡعَبۡدُ بِٱلۡعَبۡدِ
وَٱلۡأُنثَىٰ بِٱلۡأُنثَىٰۚ فَمَنۡ عُفِىَ لَهُ ۥ مِنۡ أَخِيهِ شَىۡءٌ۬ فَٱتِّبَاعُۢ بِٱلۡمَعۡرُوفِ وَأَدَآءٌ إِلَيۡهِ بِإِحۡسَـٰنٍ۬ۗ
ذَٲلِكَ تَخۡفِيفٌ۬ مِّن رَّبِّكُمۡ وَرَحۡمَةٌ۬ۗ فَمَنِ ٱعۡتَدَىٰ بَعۡدَ ذَٲلِكَ فَلَهُ ۥ عَذَابٌ أَلِيمٌ۬
အို… အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့ သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ ပြန်လည်လက်စား ချေခွင့်ကို သင်တို့အပေါ် ပြဋ္ဌာန်းခြင်းခံရပြီးဖြစ်သည်။ လွတ်လပ်သော အမျိုးသားတစ်ဦးကို လွတ်လပ်သော အမျိုးသားတစ်ဦးအားဖြင့်သော်လည်းကောင်း၊ အစေခံတစ်ယောက်ကို အစေခံတစ်ယောက်အားဖြင့်သော် လည်းကောင်း၊ အမျိုးသမီးတစ်ဦးကို အမျိုးသမီးတစ်ဦးအားဖြင့်သော်လည်းကောင်း (အညီအမျှ လက်စားချေ ခွင့်ရှိသည်)။ သို့ရာတွင် တစ်ဦးတစ်ယောက်သည် သတ်ဖြတ်မှုကို ကျူးလွန်ခဲ့သော်ငြားလည်း အသတ်ခံရသူ ၏ ညီနောက်သားချင်းက သတ်ဖြတ်သူအား လွတ်ငြိမ်းခွင့်ပြုပြီး တစ်စုံတစ်ရာကို အရေးဆိုလာပါက သတ် ဖြတ်သူဖက်မှ အသတ်ခံရသူဖက်သို့ အကောင်းမွန်ဆုံးသော ပေးဆပ်မှုတစ်ရပ်ကိုပေးဆပ်ခြင်းဖြင့် တောင်းဆို မှုကို အသိတရားရှိစွာဖြင့် လိုက်နာဆောင်ရွက်ရပေမည်။ ယင်းသည်ကား သင်တို့ကို ပြုစုပျိုးထောင်တော်မူ သော အရှင်မြတ်ထံတော်မှ လျော့ပေါ့ပေးမှုနှင့် ကရုဏာတော်တစ်ရပ်ပင်ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို ထိုသို့ပြဋ္ဌာန်းပြီးနောက် ပြဋ္ဌာန်းချက်ကို ကျူးလွန်ချိုးဖောက်ပါက ထိုသူအတွက် ပြင်းပြနာကျင်ဖွယ်ရာသော ပြစ်ဒဏ်ရှိပေသည်။ (ဘကရာဟ် – ၁၇၈)
ရှင်းလင်းချက်။ ။ ကျမ်းမြတ်ကုရ်အာန်၏ အစ္စလာမ့်ရေးရာ ဥပဒေပြဋ္ဌာန်းချက်အရ အသတ်ခံရမှုနှင့်ပတ်သက်ပြီး လက်စားချေခွင့်ကိုပြုထားသည်။ သို့သော်လည်း ထိုသို့လက်စားချေရာတွင် ညီမျှသော လက်စားချေခွင့်ကိုသာ အစ္စလာမ်က ခွင့်ပြုထားသည်။ မိမိဖက်က တစ်ဦးတစ်ယောက်အသတ်ခံရသည့်အပေါ် `မျိုးဆက်တစ်ခုလုံးကို ပြန် သတ်မည် (သို့မဟုတ်) တစ်ရွာလုံးကို သတ်ပစ်မည်´ဟူသော ကြုံးဝါးမှုမျိုးကို အစ္စလာမ့်ဥပဒေက ခွင့်မပြုပေ။ ဤသို့ ပြုလုပ်ခြင်းသည် ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထားပြီးမှ ယင်းဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။ သို့ရာတွင် အသတ်ခံရသူ၏ ဆွေမျိုးသားချင်းများဖက်မှ လျော်ကြေးတစ်စုံတစ်ရာကို တောင်းဆိုခြင်းဖြင့် သတ်ဖြတ်သူအား `သေစား သေစေ´ပြဋ္ဌာန်းချက်မှ လွတ်ငြိမ်းခွင့်ပြုခြင်းကို အစ္စလာမ့်ဥပဒေက ခွင့်ပြုလေသည်။ ဤသည်မှာ တစ်ကြိမ်တစ်ခါ မှားယွင်းမှုကို ခွင့်ပြုခြင်းသာဖြစ်သည်။ လျော်ကြေးပေး၍ လူတစ်ယောက်ကို သတ်ဖြတ် ခွင့်ရှိသည်ဟု ယူဆလိုက်ပါက ပြဋ္ဌာန်းချက်တစ်ရပ်ကို ပြဋ္ဌာန်းပြီးနောက်မှပင် ကျူးလွန်ချိုးဖောက်စော်ကားခြင်းဖြစ် သည်။ ဒေါသအလျောက် လူတစ်ယောက်ကို ပါးရိုက်မိသည်ဆိုပါစို့။ တရားရုံးရောက်သော် တရားသူကြီးက ပါးရိုက် သူကို ဒဏ်ငွေ(၁၀၀ိ/)ပေးဆောင်စေရန် ပြစ်ဒဏ်ချမှတ်လိုက်သည်။ ထိုအခါ ပါးရိုက်သူက ငွေ(၂၀၀ိ/)ပေးပြီး ကျန်ပါး တစ်ဖက်ကိုပါ ထပ်ရိုက်လိုက်သည်။ ဒုတိယရိုက်ချက်ကိုတော့ ဥပဒေက ပထမပြစ်ဒဏ်မျိုး ပေးမည်မဟုတ်ပေ။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၇၉)
وَلَكُمۡ فِى ٱلۡقِصَاصِ حَيَوٰةٌ۬ يَـٰٓأُوْلِى ٱلۡأَلۡبَـٰبِ لَعَلَّڪُمۡ تَتَّقُونَ
အို… ပညာရှိသုခမိန်အပေါင်းတို့ အသင်တို့အတွက် လက်စားချေမှု၌ ရှင်သန်ခွင့်ကို ပေးထားခြင်းက ပင်လျှင် သင်တို့အဖို့ရာ ပြစ်မှုများကို ရှောင်ကြဉ်သူများ ဖြစ်ကြစေရေး ဖြစ်သည်။ (ဘကရာဟ် – ၁၇၉)
ရှင်းလင်းချက်။ ။ အစ္စလာမ့်ဥပဒေက လက်စားချေခွင့်ကို ပြဋ္ဌာန်းထားသော်လည်း လွတ်ငြိမ်းခွင့်ကို ပေးထားခြင်းက အညှိုးအတေးမရှိသည့်သဘော၊ အခဲမကြေမှုမရှိသည့်သဘော၊ ရန်ကိုရနှ်နှင့် မတုံ့ပြန်လိုသည့်သဘော အစရှိသည်ဖြင့် လူသားဆန်မှု၊ သဘောထားကြီးမှုတို့ကို ဖော်ဆောင်ရည်ညွှန်းလေသည်။
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၈၀)
كُتِبَ عَلَيۡكُمۡ إِذَا حَضَرَ أَحَدَكُمُ ٱلۡمَوۡتُ إِن تَرَكَ خَيۡرًا
ٱلۡوَصِيَّةُ لِلۡوَٲلِدَيۡنِ وَٱلۡأَقۡرَبِينَ بِٱلۡمَعۡرُوفِۖ حَقًّا عَلَى ٱلۡمُتَّقِينَ
အသင်(ယုံကြည်သူ)တို့အပေါ် ပြဋ္ဌာန်းချက်တစ်ရပ် ထုတ်ပြန်ခြင်းခံခဲ့ရပေပြီ။ အသင်တို့အနက် တစ် ဦးတစ်ယောက်ထံ သေခြင်းတရား ရောက်လာတော့မည်ဆိုပါက ထိုသူကလည်း ပိုင်ဆိုင်မှုများ ချန်ထားခဲ့ပါလျှင် မိဘနှစ်ပါးအတွက် သော်လည်းကောင်း၊ ဆွေမျိုးသားချင်းများအတွက် သော်လည်းကောင်း၊ `၀ဆွီယာသ်´ (သေတမ်းစာ – Will) တစ်ရပ်ကို အသိတရားရှိစွာဖြင့် ဆောင်ရွက်ထားရှိခဲ့ရန် တာဝန်ရှိပေ သည်။ ဤသည်မှာ `တက္က၀ါ´ရှင်တို့အပေါ် ရှောင်လွှဲ၍မရနိုင်သော တာဝန်တစ်ရပ်ပင်ဖြစ်သည်။ (ဘကရာဟ် – ၁၈၀)
(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၆၁) မှ (၁၇၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်