ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၁) မှ (၂၂၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)

بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၁)

سَلۡ بَنِىٓ إِسۡرَٲٓءِيلَ كَمۡ ءَاتَيۡنَـٰهُم مِّنۡ ءَايَةِۭ بَيِّنَةٍ۬‌ۗ

وَمَن يُبَدِّلۡ نِعۡمَةَ ٱللَّهِ مِنۢ بَعۡدِ مَا جَآءَتۡهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ

ငါအရှင်မြတ်က အီစ်ရာအီလ်မျိုးနွယ်တို့အပေါ် ရှင်းလင်းထင်ရှားသော သက်သေလက္ခဏာတော် အဘယ်မျှပေးခဲ့သည်ကို အသင်တမန်တော် အီစ်ရာအီလ်မျိုးနွယ်များအား မေးမြန်းလိုက်ပါလေ။ မည်သူမဆို သူ့ထံသို့ ငါအရှင်မြတ်၏ သက်သေလက္ခဏာ ရောက်ရှိလာပြီးနောက် ယင်းကျေးဇူးတော် (သက်သေလက္ခဏာတော်) ကို ပြုပြင်ပြောင်းလဲ အစားထိုးလိုက်ပါက ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် ထိရောက်ပြင်းထန်သော ပြစ်ဒဏ်ကို သက်ရောက်စေပေမည်။ (ဘကရာဟ် – ၂၁၁)

ရှင်းလင်းချက်။ ။ တမန်တော်မုဟမ္မဒ်(ဆွ)က ကျမ်းမြတ်ကုရ်အာန်ကို လူသားတို့အား ဖြန့်ချိပို့ချနေစဉ် အီစ်ရာ အီလ်မျိုးနွယ် “ရဟူဒီ” တို့က ယင်းကုရ်အာန်ကို မယုံကြည်သည့်အားလျော်စွာ အမျိုးမျိုးသော မေးခွန်းများထုတ်၍ ဆင်ခြေပေး စောဒကတက်ကြလေသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား ယင်းအီစ်ရာအီလ်း အနွယ်ဝင် “ရဟူဒီ” တို့အား ပြန်လှန်သတိပေး မေးခွန်းထုတ်ခိုင်းခဲ့လေသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၂)

زُيِّنَ لِلَّذِينَ كَفَرُواْ ٱلۡحَيَوٰةُ ٱلدُّنۡيَا وَيَسۡخَرُونَ مِنَ ٱلَّذِينَ

ءَامَنُواْ‌ۘ وَٱلَّذِينَ ٱتَّقَوۡاْ فَوۡقَهُمۡ يَوۡمَ ٱلۡقِيَـٰمَةِ‌ۗ وَٱللَّهُ يَرۡزُقُ

مَن يَشَآءُ بِغَيۡرِ حِسَابٍ۬

အမှန်တရားကို သွေဖည်ငြင်းဆန်သူတို့အတွက် ဤမျက်မှောက်ကာလသည် အလှဆင်ထားခြင်းခံရ လေပြီ။ ထို့ပြင် သွေဖည်ငြင်းဆန်သူတို့က ယုံကြည်သူများကိုပင် လှောင်ပြောင်လိုက်ကြလေသည်။ သို့ရာတွင် “ကိယာမသ်” (၀ါ) ကမ္ဘာ့တရားစီရင်မည့်နေ့၌မူ အီမာန်သက်ဝင် ယုံကြည်ပြီး ပြစ်မှုကြဉ်ရှောင်သူတို့က “ကာဖိရ်” တို့၏အထက်တွင် ရှိနေကြပေမည်။ အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိသူ (မိမိအား နာခံရိုကျိုးသူ) တို့ကိုမူ အကန့်အသတ်မဲ့၊ အတိုင်းအဆမဲ့ ရိက္ခာချီးမြှင့်တော်မူပေလိမ့်မည်။ (ဘကရာဟ် – ၂၁၂)

ရှင်းလင်းချက်။ ။ တဒင်္ဂသော သာယာမှု၊ ကြည်နူးမှု၊ လှပမှုဆိုသည်မှာ အရိပ်တစ်ခုပမာဖြစ်သည်။ မမြဲသောအနေ အထားတစ်ရပ်ဖြစ်သည်။ ထိုသို့သော အခြေအနေတစ်ရပ်ကို ခေတ္တခဏပိုင်ဆိုင်ထားသူ `ကာဖိရ်´သွေဖည်သူတို့က မိမိတို့ပိုင်ဆိုင်မှုကို အရိပ်အသွင်သဏ္ဍာန်ဟုမမြင်ဘဲ အစစ်အမှန်ဟုထင်ကာ စွဲစွဲမြဲမြဲ ဖက်တွယ်ထားကြလေသည်။ ထို့ ပြင် အခြားတစ်ဖက်က အစစ်အမှန်ကို ကြိုးစားရှာဖွေနေသူ ယုံကြည်သူအီမာန်ရှင်များကိုပင် လှောင်ပြောင်သရော် လိုက်ကြသေးသည်။ အစစ်အမှန်ကို ရှာဖွေနေသူတို့အတွက် အရိပ်သဏ္ဍာန်ဆိုသည်မှာ တန်ဖိုးရှိသောအရာမဟုတ် ပေ။ သို့သော် အလ္လာဟ်အရှင်မြတ် အလိုရှိတော်မူသော အချိန်တစ်ခု၌ မည်သည့်အရာသည် အစစ်အမှန်ဖြစ်၍ မည် သည့်အရာသည် အရိပ်သဏ္ဍာန်ဖြစ်သည်ကိုတော့ မယုံကြည်သူတို့ သိရှိနားလည်သွားကြပေလိမ့်မည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၃)

كَانَ ٱلنَّاسُ أُمَّةً۬ وَٲحِدَةً۬ فَبَعَثَ ٱللَّهُ ٱلنَّبِيِّـۧنَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ ٱلۡكِتَـٰبَ

بِٱلۡحَقِّ لِيَحۡكُمَ بَيۡنَ ٱلنَّاسِ فِيمَا ٱخۡتَلَفُواْ فِيهِ‌ۚ وَمَا ٱخۡتَلَفَ فِيهِ إِلَّا ٱلَّذِينَ

أُوتُوهُ مِنۢ بَعۡدِ مَا جَآءَتۡهُمُ ٱلۡبَيِّنَـٰتُ بَغۡيَۢا بَيۡنَهُمۡ‌ۖ فَهَدَى ٱللَّهُ ٱلَّذِينَ

ءَامَنُواْ لِمَا ٱخۡتَلَفُواْ فِيهِ مِنَ ٱلۡحَقِّ بِإِذۡنِهِۦ‌ۗ وَٱللَّهُ يَهۡدِى مَن يَشَآءُ إِلَىٰ صِرَٲطٍ۬ مُّسۡتَقِيمٍ

(အလ္လာဟ်အရှင်မြတ်၏ အလိုဆန္ဒတော်မှာ) လူသားအားလုံးကို တစ်စုတစ်စည်းတည်းသော အွမ္မသ် ထု `အွမ္မသေ၀ါဟိဒါဟ်´ ဖြစ်ရေးပင်ဖြစ်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က နဗီများ၊ သတင်းကောင်းပေး သူများ၊ သတိပေးနှိုးဆော်သူများကို (လူသားတို့ထံသို့) စေလွှတ်ခဲ့လေသည်။ ထို့ပြင် သူတို့နှင့်အတူ ခိုင်လုံတိ ကျမှန်ကန်သော ကျမ်းဂန်ဒေသနာကို ပို့ချထုတ်ပြန်ခဲ့လေသည်။ ယင်းသို့ အလ္လာဟ်အရှင်မြတ်က စီမံဆောင် ရွက်ရခြင်းမှာ သူတို့အတွင်း၌ ကွဲပြားခြားနား ကွာဟမှုဖြစ်နေသော အရေးအရာများကို မှန်မှန်ကန်ကန် ဆုံး ဖြတ်စီရင်နိုင်ရေးအတွက်ဖြစ်သည်။

သူတို့အကြား၌ မတော်မတရားမှုများ၊ အချင်းချင်း မလိုမုန်းထားမှုများရှိခြင်းကြောင့် ကျမ်းဂန်ချီးမြှင့် ခံရသူတို့သည် ရှင်းလင်းထင်ရှားသောကျမ်း ရောက်ရှိလာပြီးလျက် ကွဲပြားခြားနားမှုများ ဖြစ်ပေါ်လာခဲ့ကြလေ သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်က အီမာန်သက်ဝင်ယုံကြည်သူတို့အား အမှန်တရားနှင့် သွေဖည်ကွဲပြား လျက်ရှိသော သူတို့၏အရေးကိစ္စများကို အရှင်မြတ်၏အလိုတော်ဖြင့် လမ်းညွှန်ပြခဲ့လေပြီ။ အလ္လာဟ်အရှင် မြတ်သည် မိမိကို နှစ်သက်အလိုရှိသူတို့အား ဖြောင့်မတ်မှန်ကန်သော သစ္စာတရားလမ်းဆီသို့ ညွှန်ပြလျက်ရှိ ပေသည်။ (ဘကရာဟ် – ၂၁၃)

ရှင်းလင်းချက်။ ။ အလ္လာဟ်အရှင်မြတ်သည် လူသားကို မျိုးရိုးဗီဇတစ်ခုတည်းမှ စီရင်ဖြစ်ထွန်းထားစေခဲ့သည်ဖြစ်ရာ လူသားအားလုံး တစ်စုတစ်စည်းတည်းသော `အွမ္မသ်´ထု (အွမ္မသေ၀ါဟိဒါဟ်) ဖြစ်ပေါ်လာစေရေးမှာ အလ္လာဟ်အရှင် မြတ်၏ အလိုဆန္ဒတော်သာဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာစေရေးအတွက် အလ္လာဟ်အရှင်မြတ်က နဗီတမန်တော်များ၊ သတိပေးနှိုးဆော်သူများကို မှာတမ်းများနှင့်တကွ လူသားများထံသို့ အလီလီပို့လွှတ်ခဲ့လေသည်။ လူသားတို့အားလည်း အလ္လာဟ်အရှင်မြတ်ထုတ်ပြန်ပေးသော ၀ဟီကျမ်းများနှင့်အညီသာ သူတို့အတွင်း၌ပေါ်ပေါက်လာသော ပြဿနာအရပ် ရပ်ကို အလ္လာဟ်အရှင်မြတ်က ဖြေရှင်းဆောင်ရွက်စေလိုသည်။

သို့သော် ခေတ်အဆက်ဆက်မှအစ ယနေ့အထိသော လူသားအများစုကမူ အလ္လာဟ်အရှင်မြတ် ထုတ်ပြန် ပေးသောကျမ်းများကို ကျောခိုင်းကာ သာသနာပိုင်များမွေးထုတ်၍ ထိုသာသနာပိုင်တို့၏ အလိုကျမိမိတို့၏ အရေးကိစ္စ များကို ဖြေရှင်းဆောင်ရွက်ကြလေသည်။ ဤသည်ကပင် ရှင်းလင်းထင်ရှားသော ကျမ်းဂန်ရောက်ရှိလာပြီးမှ အလ္လာဟ့် ဆန္ဒနှင့် လူ့ဆန္ဒအကြား ကြီးမားသောကွာဟချက်တစ်ရပ် ဖြစ်ပေါ်လာရ၏။

မည်သို့ပင်ရှိစေကာမူ အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်အပေါ် လေးစားယုံကြည်လိုက်နာသူ တစ်ဦးအတွက် ကမူ အလ္လာဟ်ထုတ်ပြန်ပေးသော ကျမ်းမြတ်ကုရ်အာန်က သူ့အတွက် မှန်ကန်ဖြောင့်မတ်သော သစ္စာတရားဆီသို့ အမြဲတမ်းလမ်းညွှန်လျက်ရှိသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၄)

أَمۡ حَسِبۡتُمۡ أَن تَدۡخُلُواْ ٱلۡجَنَّةَ وَلَمَّا يَأۡتِكُم مَّثَلُ ٱلَّذِينَ خَلَوۡاْ

مِن قَبۡلِكُم‌ۖ مَّسَّتۡہُمُ ٱلۡبَأۡسَآءُ وَٱلضَّرَّآءُ وَزُلۡزِلُواْ حَتَّىٰ يَقُولَ ٱلرَّسُولُ وَٱلَّذِينَ

ءَامَنُواْ مَعَهُ ۥ مَتَىٰ نَصۡرُ ٱللَّهِ‌ۗ أَلَآ إِنَّ نَصۡرَ ٱللَّهِ قَرِيبٌ۬

“ဂျန္နသ်” တည်းဟူသော သုတိမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အခြေအနေတစ်ရပ်ကို သင်တို့၏ရှေ့က လွန်လေပြီးသော သူတော်စင်၊ သူမြတ်လောင်းတို့ ဖြတ်သန်းခဲ့ရသည့် ဘ၀အနေအထားမျိုး၊ သင်တို့ထံ မကြုံဆုံမရောက်ရှိဘဲ သင်တို့သည် ၀င်ရောက်ခံစားရမည်ဟု ထင်မြင်ယူဆနေကြပါလေသလော။ ဒုက္ခဆင်းရဲမှုသည် လည်းကောင်း၊ ဘေးအန္တရာယ် အသွယ်သွယ်သည် လည်းကောင်း၊ တုန်လှုပ်ခြောက်ခြားပြီး အလူး အလဲခံရမှုသည် လည်းကောင်း၊ ထိုသူတော်စင် သူမြတ်လောင်းတို့အပေါ် သက်ရောက်ခဲ့သည်ဖြစ်ရာ တမန်တော်မြတ်နှင့် သူနှင့်အတူရှိသော အီမာန်သက်ဝင် ယုံကြည်သူတို့သည် `အလ္လာဟ့်အကူအညီ ဘယ်တော့ ရောက်လာမလဲ´ ဟု ငြီးငြူရသည်အထိ ဖြစ်ခဲ့ရလေသည်။ အသိရှိ၊ သတိရှိကြလေကုန်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်၏ အကူအညီသည် နီးကပ်လျက်ရှိပေပြီ။ (ဘကရာဟ် – ၂၁၄)

ရှင်းလင်းချက်။ ။ မွတ်စလင်မ်တို့က `ဂျန္နသ်´ဟူသောအခြေအနေတစ်ရပ်ကို အလွယ်တကူရရှိမည်ဟု မျှော်လင့် ထားကြသည်။ ထိုသို့မျှော်လင့်နေကြသလို မွတ်စလင်မ်သာသနာပိုင်ဆိုင်သူအချို့ကလည်း အနီးကပ်`ဂျန္နသ်´၀င်ခွင့် သင်တန်းများကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။ မည်သည့်ဒုအာကို ဘယ်နှစ်ကြိမ်ဖတ်ရုံမျှနှင့် ဂျန္နသ်ဝင်ရမည်ဟုလည်း ကောင်း၊ မည်သည့်အရာကို ဘယ်လိုလုပ်လိုက်ရုံမျှဖြင့် `ဂျန္နသ်´၀င်ရမည်ဟုလည်းကောင်း၊ သာသနာ့ပညာရှင်တစ်ဦး နှင့် ထမင်းအတူထိုင်စားရုံမျှဖြင့် ငရဲမီးမှ လွတ်ကင်းခွင့်ရမည်ဟူ၍လည်းကောင်း၊ အဓိပ္ပါယ်မဲ့သော သင်ခန်းစာများကို ထိုသင်တန်းများ၌ သင်ကြားပို့ချလျက်ရှိပေသည်။ သူတို့၏ အဆိုမှန်ကန်နေပါမူ တမန်တော်မြတ်များသည်လည်း ကောင်း၊ ဆွဟာဗာအပေါင်းသည်လည်းကောင်း၊ သာသနာ့အာဇာနည် (ရှဟီဒီ) အပေါင်းသည်လည်းကောင်း၊ သူတို့၏ ဥစ္စာပစ္စည်း၊ သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ စွန့်လွှတ်ဆုံးရှုံးကာ အစ္စလာမ်အတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်သွား ကြသည်မှာ အပိုအလုပ် လုပ်သွားကြခြင်းဖြစ်ပါလေသလော။ `ဂျန္နသ်´အမတသုခံဘုံသည် လူပျင်း၊ လူညံ့၊ ရေသာခို အချောင်သမားစိတ်ဓါတ်ရှိသူတို့နှင့် လားလားမျှမထိုက်တန်ပေ။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၅)

يَسۡـَٔلُونَكَ مَاذَا يُنفِقُونَ‌ۖ قُلۡ مَآ أَنفَقۡتُم مِّنۡ خَيۡرٍ۬ فَلِلۡوَٲلِدَيۡنِ

وَٱلۡأَقۡرَبِينَ وَٱلۡيَتَـٰمَىٰ وَٱلۡمَسَـٰكِينِ وَٱبۡنِ ٱلسَّبِيلِ‌ۗ وَمَا تَفۡعَلُواْ مِنۡ خَيۡرٍ۬ فَإِنَّ ٱللَّهَ بِهِۦ عَلِيمٌ۬

သူတို့က သင်တမန်တော်အား “မည်သည့်အရာကို မည်ကဲ့သို့ ထောက်ပံ့မျှဝေသုံးစွဲရမည်နည်း” ဟု မေးမြန်းကြလိမ့်မည်။ သင်တမန်တော် မိန့်တော်မူလိုက်ပါ။ သင်တို့၏ကောင်းမြတ်သော အားသာချက်များ အနက်မှ မိဘနှစ်ပါးအတွက်လည်းကောင်း၊ ဆွေမျိုးမိတ်သင်္ဂဟများအတွက်သော်လည်းကောင်း၊ ဘ၀၌ ဦးဆောင်မှုကင်းမဲ့နေသူ (ယတီမ်း) များအတွက်သော်လည်းကောင်း၊ ဘ၀ပျက်စီးပြိုလဲနေသူများ (မစ်ကီန်း) အတွက်သော်လည်းကောင်း၊ ဘ၀ခရီး၏လမ်းခုလပ်၌ အခက်အခဲကြုံတွေ့နေသူများ အတွက်သော်လည်းကောင်း၊ ထောက်ပံ့မျှဝေ သုံးစွဲမှုပြုနိုင်ပေသည်။ သင်တို့၏ မည်သည့်အားသာချက်ကိုမဆို ထောက်ပံ့မျှဝေ သုံးစွဲသည်ဖြစ်စေ၊ ဧကန်အမှန် အလ္လာဟ်အရှင်မြတ်သည် ယင်းလုပ်ရပ်ကို အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်သည်။ (ဘကရာဟ် – ၂၁၅)

ရှင်းလင်းချက်။ ။ လူတစ်ဦးချင်းတွင်ရှိသော ကာယအား၊ ဉာဏ်အား၊ ဓနအား၊ သြဇာအာဏာ၊ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် အစရှိသည်တို့မှာ ထိုသူ၏ အားသာချက်များပင်ဖြစ်သည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၆)

كُتِبَ عَلَيۡڪُمُ ٱلۡقِتَالُ وَهُوَ كُرۡهٌ۬ لَّكُمۡ‌ۖ وَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـًٔ۬ا

وَهُوَ خَيۡرٌ۬ لَّڪُمۡ‌ۖ وَعَسَىٰٓ أَن تُحِبُّواْ شَيۡـًٔ۬ا وَهُوَ شَرٌّ۬ لَّكُمۡ‌ۗ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ

သင်တို့ (အီမာန်သက်ဝင်ယုံကြည်သူတို့) အပေါ်ဝယ် စစ်မက်တိုက်ခိုက်ခြင်းသည် ပြဋ္ဌာန်းချက်တစ် ရပ်အဖြစ် သတ်မှတ်ခံခဲ့ရပြီးဖြစ်သည်။ အမှန်တကယ်၌မူ စစ်မက်ဖြစ်ပွားခြင်းသည် သင်တို့အတွက် မုန်းတီး စက်ဆုပ်ဖွယ်ရာ တစ်ရပ်ဖြစ်သည်။ အကြောင်းအရာ တစ်ရပ်သည် သင်တို့အနေဖြင့် မည်သို့ပင် မနှစ်မြို့ မလိုလားဖွယ်ဖြစ်စေကာမူ ထိုအရာသည် သင်တို့အတွက် ကောင်းမွန်ရာကိုလည်း ဖြစ်သွားနိုင်သည်။ ထို့ပြင် အကြောင်းအရာတစ်ခုသည် သင်တို့အနေဖြင့် မည်သို့ပင် နှစ်သက်မြတ်နိုးနေစေကာမူ ထိုအရာသည် သင်တို့ အတွက် မုန်းတီး၊ စက်ဆုပ်ဖွယ်ရာလည်း ဖြစ်သွားနိုင်သည်။ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိမြင်တော် မူပြီး သင်တို့သည် အကြွင်းမဲ့သိမြင်သည်မဟုတ်ပေ။ (ဘကရာဟ် – ၂၁၆)

ရှင်းလင်းချက်။ ။ လူသားတစ်ဦးအတွက် မည်သည်က ကောင်းသည်ကိုလည်းကောင်း၊ မည်သည်က ဆိုးသည်ကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်ကသာလျှင် အကြွင်းမဲ့သိရှိနိုင်တော်မူလေသည်။ လူသားက ကောင်းပါသည်ဟု သတ်မှတ်လက်ခံထားသောအရာက သူ့ကို အကျိုးမဲ့စေနိုင်သလို ဆိုးပါသည်ဟု သတ်မှတ်လက်ခံထားသောအရာက လည်း သူ့ကို ကောင်းကျိုးပြုနိုင်ပေသည်။ အမှန်တကယ်၌မူ စစ်မက်တိုက်ခိုက်ခြင်းသည် မုန်းတီးဖွယ်ရာ၊ မလိုလား ဖွယ်ရာဖြစ်သော်ငြားလည်း အမှန်တရားအတွက် လက်နက်ကိုင်ဖြေရှင်းရသမှုများသည် လူ့သမိုင်း၌ အများအပြား မှတ် တမ်းမှတ်ရာများနှင့် ရှိနေပြန်သည်။ ဖိနှိပ်မခံရဘဲ၊ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နိုင်ရေးအတွက် လက်နက်က သာလျှင် အကောင်းဆုံးဖြစ်သည်ဟူသော အနေအထားများရှိခဲ့လေသည်။ လူအုပ်စု (၂) ခုအကြား မေတ္တာတရားကို ရှေ့ထား၍ပြောဆိုဆွေးနွေးမှုများကို နားလည်သဘောပေါက်မှုများရှိသလို တစ်ခါတစ်ရံ သူတို့နားလည်သည့် ဘာသာ စကား၊ အပြုအမူများနှင့် ပြောမှနားလည်သည့် အုပ်စုများလည်းရှိတတ်ပေသည်။ ဆိုလိုသည်မှာ လက်နက်နှင့်ဖြေရှင်းမှ ပြီးမြောက်နိုင်မည့်ကိစ္စကို လက်နက်နှင့် ဖြေရှင်းရမည်ဖြစ်သည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၇)

يَسۡـَٔلُونَكَ عَنِ ٱلشَّہۡرِ ٱلۡحَرَامِ قِتَالٍ۬ فِيهِ‌ۖ قُلۡ قِتَالٌ۬ فِيهِ كَبِيرٌ۬‌ۖ وَصَدٌّ عَن سَبِيلِ ٱللَّهِ

وَڪُفۡرُۢ بِهِۦ وَٱلۡمَسۡجِدِ ٱلۡحَرَامِ وَإِخۡرَاجُ أَهۡلِهِۦ مِنۡهُ أَكۡبَرُ عِندَ ٱللَّهِ‌ۚ وَٱلۡفِتۡنَةُ

أَڪۡبَرُ مِنَ ٱلۡقَتۡلِ‌ۗ وَلَا يَزَالُونَ يُقَـٰتِلُونَكُمۡ حَتَّىٰ يَرُدُّوكُمۡ عَن دِينِڪُمۡ إِنِ ٱسۡتَطَـٰعُواْ‌ۚ وَمَن

يَرۡتَدِدۡ مِنكُمۡ عَن دِينِهِۦ فَيَمُتۡ وَهُوَ ڪَافِرٌ۬ فَأُوْلَـٰٓٮِٕكَ حَبِطَتۡ أَعۡمَـٰلُهُمۡ

فِى ٱلدُّنۡيَا وَٱلۡأَخِرَةِ‌ۖ وَأُوْلَـٰٓٮِٕكَ أَصۡحَـٰبُ ٱلنَّارِ‌ۖ هُمۡ فِيهَا خَـٰلِدُونَ

အသင်တမန်တော်ကို သူတို့က ထူးကဲမြင့်မြတ်သောလများ၌ စစ်မက်တိုက်ခိုက်ခြင်းနှင့်ပတ်သက်၍ မေးမြန်းကြပေလိမ့်မည်။ သင်တမန်တော် (ဤသို့) မိန့်ကြားဖြေဆိုလိုက်ပါ။
`ထူးကဲမြင့်မြတ်သောလများ၌ စစ်မက်တိုက်ခိုက်ခြင်းသည် ကြီးမားသောပြစ်မှုကြီးကို ကျူးလွန်ခြင်း ဖြစ်သည်။ သို့ပေငြားလည်း အလ္လာဟ်အရှင်မြတ်၏ မူဝါဒရေးရာလမ်းစဉ်ကို အကောင်အထည်ဖော်ရန် ပိတ်ပင် တားဆီးခြင်း၊ သွေဖည်ငြင်းပယ်ခြင်း၊ `မဆ်ဂျီဒိလ်ဟရာမ်´အရပ်၌ အခြေချနေသူများကို ဆွဲထုတ်၊ မောင်းနှင် ထုတ်ခြင်း စသည်တို့က အလ္လာဟ်အရှင်မြတ်ထံတော်၌ ထူးမြတ်သောလများတွင် စစ်မက်တိုက်ခိုက်ခြင်းထက် သာလွန်ကြီးမားသောပြစ်မှုကို ကျူးလွန်ခြင်းဖြစ်သည်။ ဖိနှိပ်ညှင်းပမ်းနှိပ်စက် ပြဿနာရှာနေခြင်းက အသတ်ခံ ရခြင်းထက်ပို၍ နာကြင်မှုကိုဖြစ်စေသည်။ သူတို့(ရန်သူတို့)သည် အီမာန်သက်ဝင်ယုံကြည်သူတို့နှင့်သူတို့၏ ယုံကြည်ရာ `ဒီန်း´လမ်းစဉ်ကို စွန့်လွှတ်၊ စွန့်ခွာသွားသည်အထိ ဆက်လက်တိုက်ခိုက် ရန်ပြုနေကြမည်သာ ဖြစ်သည်။ သို့ဖြစ်ရာ မည်သူမဆို သူယုံကြည်ရာ `ဒီန်း´လမ်းစဉ်ကို စွန့်လွှတ်၊ စွန့်ခွာသွားပြီဆိုလျှင် သူသည် မယုံကြည်သူ `ကာဖိရ်´ တစ်ယောက်အနေနှင့် ဘ၀နိဂုံးချုပ်သွားရပေမည်။ ထိုသူတို့သည် သူတို့၏လုပ်ရပ်များကို မျက်မှောက်ကာလ၌ရော၊ အနာဂတ်ကာလ၌ပါ အချည်းအနှီး အကျိုးမဲ့စေပြီးဖြစ်သည်။ သူတို့သည် ပူပြင်း တောက်လောင်သော ပရိဒေ၀မီး၏အပေါင်းအပါများ ဖြစ်သွားကြပေပြီ။ သူတို့သည် ယင်းအခြေအနေ၌ အမြဲတမ်းရှိနေပေတော့မည်။´ (ဘကရာဟ် – ၂၁၇)

ရှင်းလင်းချက်။ ။ ထူးမြတ်သောလများ၌ စစ်မက်ဖက်ပြိုင်တိုက်ခိုက်ခြင်းကို အစ္စလာမ်က တားမြစ်ထားလေသည်။ သို့သော် ရန်သူ`ကာဖိရ်´တို့ဖက်၌ ဤကန့်သတ်ချက်မရှိပေ။ သို့ဖြစ်ရာ ရန်သူတို့အနေဖြင့် အချိန်မရွေး တိုက်ခိုက်လာ နိုင်ပေသည်။ ရန်သူတို့၏ အဆုံးအစွန်သော ရည်ရွယ်ချက်သည်သာ မွတ်စလင်မ်တို့အနေဖြင့် သူတို့ယုံကြည်ရာ`ဒီန်း´ လမ်းစဉ်ကို စွန့်လွှတ်၊ စွန့်ခွာသွားစေရေးဖြစ်သည်။ ထို့ကြောင့် မရပ်မနား ထိုးစစ်ဆင်နေမည်သာဖြစ်သည်။ ယင်းကဲ့သို့ ထိုးစစ်ဆင်လာသည့်အပေါ် မွတ်စလင်မ်တို့ကလည်း စဉ်ဆက်မပြတ် ခုခံစစ် ဆင်နွှဲသွားရမည်သာဖြစ်သည်။ တမန်တော်မြတ် (ဆွ) သည် မွတ်စလင်မ်တို့အတွက် ထူးကဲမြင့်မြတ်လှသော ရမသွာန်လမြတ်၌ပင် ရန်သူတို့ ထိုးစစ်ဆင် လာသော `ဗဒရ်´စစ်ပွဲကို ခုခံတိုက်ခိုက်ခဲ့လေသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၈)

إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَاجَرُواْ وَجَـٰهَدُواْ فِى سَبِيلِ ٱللَّهِ

أُوْلَـٰٓٮِٕكَ يَرۡجُونَ رَحۡمَتَ ٱللَّهِ‌ۚ وَٱللَّهُ غَفُورٌ۬ رَّحِيمٌ۬

ဧကန်မုချပင် ထိုသူတို့သည် အီမာန်သက်ဝင်ယုံကြည်ကြသည်။ အစ္စလာမ်အတွက် မိမိ၏ပိုင်ဆိုင်မှု အ၀၀ကို စွန့်လွှတ်ပြီး တစ်နယ်တစ်ကျေး၌ စစ်အင်အားပြန်လည်ဖြည့်တင်းရန် `ဟစ်ဂျရသ်´ ခရီးထွက်ခဲ့ကြသည်။ ပြီးနောက် အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်ကို ဦးထိပ်ပန်ဆင်၍ သက်စွန့်ကြိုးပမ်း`ဂျီဟာဒ်´ပြုကြသည်။ ထိုသူတို့သည်ကား အလ္လာဟ်အရှင်မြတ်၏ `ရဟ်မသ်´တော်ကို မျှော်လင့်နေကြသူများသာဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသော ဆုံးစမဲ့ ကရုဏာတော်အရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၁၈)

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁၉)

يَسۡـَٔلُونَكَ عَنِ ٱلۡخَمۡرِ وَٱلۡمَيۡسِرِ‌ۖ قُلۡ فِيهِمَآ إِثۡمٌ۬ ڪَبِيرٌ۬ وَمَنَـٰفِعُ لِلنَّاسِ

وَإِثۡمُهُمَآ أَڪۡبَرُ مِن نَّفۡعِهِمَا‌ۗ وَيَسۡـَٔلُونَكَ مَاذَا يُنفِقُونَ قُلِ ٱلۡعَفۡوَ‌ۗ كَذَٲلِكَ

يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأَيَـٰتِ لَعَلَّڪُمۡ تَتَفَكَّرُونَ

သူတို့က သင်တမန်တော်အား မူးယစ်ပြီး စိတ်ကိုပြောင်းလဲစေတတ်သော အရာများနှင့်ပတ်သက်၍ သော်လည်းကောင်း၊ လောင်းကစားပြုမှုနှင့် ပတ်သက်၍သော်လည်းကောင်း၊ (အစ္စလာမ်က ပြဋ္ဌာန်းသတ်မှတ် ချက်ကို) မေးမြန်းကြပေလိမ့်မည်။ သင်တမန်တော် (ဤသို့)မိန့်ကြားဖြေဆိုလိုက်ပါ။

“ယင်းအရေးအရာ (၂) ရပ်စလုံး၌ လူသားတို့အတွက် အသုံးတည့်မှု ရှိသော်ငြားလည်း ကြီးမားစွာသော ကိုယ်ရည်ကိုယ်သွေးပျက်ပြားမှုကို ဖြစ်စေသည်။ ယင်းအရာ(၂)ခု၏ ကိုယ်ရည်ကိုယ်သွေး ပျက်ပြားမှုက အသုံးတည့်မှုထက် ပိုမိုသာလွန်လှပေသည်။”

သူတို့က သင်တမန်တော်အား `မည်သည့်အရာကို မည်ကဲ့သို့ထောက်ပံ့၊ မျှဝေသုံးစွဲရမည်နည်း´ဟု မေးမြန်းကြလိမ့်မည်။ သင်တမန်တော် (ဤသို့) မိန့်ကြားပြောဆိုလိုက်ပါ။ `မိမိလိုအပ်သည်ထက် ပိုလျှံသည် ကို ထောက်ပံ့မျှဝေသုံးစွဲနိုင်သည်´။

ယင်းကဲ့သို့ပင် အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် အာယသ်တော်များကို ထင်သာမြင်သာဖြစ် စေရန် ရှင်းလင်းပြဆိုထားရခြင်းမှာ သင်တို့အနေဖြင့် စဉ်းစားတွေးခေါ် ချင့်ချိန်မြှော်မြင်နိုင်စေရန်ဖြစ်သည်။´ (ဘကရာဟ် – ၂၁၉)

ရှင်းလင်းချက်။ ။ မူးယစ်ပြီး စိတ်ကိုပြောင်းလဲစေသောအရာများနှင့် နည်းအမျိုးမျိုးသော လောင်းကစားမှုတို့သည် လူသားတို့အတွက် တဒင်္ဂသော၊ ခဏတာသော သာယာကြည်နူးမှုကို ပေးနိုင်စွမ်းရှိသော်လည်း ရေရှည်၌ လူ့ကျန်းမာ ရေးကိုလည်းကောင်း၊ လူ့အတွေးအခေါ်နှင့် လူ့အရည်အသွေးကိုလည်းကောင်း၊ များစွာထိခိုက်ပျက်စီးနိုင်ပေသည်။ အစ္စလာမ်က လူဖြစ်ရခြင်းကို တန်ဖိုးထားသည်။ လူ့အရည်အသွေးကို မြှင့်တင်ပေးသည်။ ဤအနေအထားမျိုှးနှင့် ဆန့် ကျင်ဖက်ဖြစ်စေသော မူးယစ်ဆေးဝါးနှင့် လောင်းကစားမှုတို့ကို အစ္စလာမ်က တားမြစ်ဆန့်ကျင်လေသည်။

လူသားတစ်ဦးချင်းအတွက် မိမိတို့လိုအပ်သည်ထက် ပိုလျှံသည်များကို လှူဒါန်းမျှဝေလိုက်ခြင်းသည် အမြင့် မားဆုံးသော အလှူဒါနတစ်ရပ်ဖြစ်သည်။ တော်ရုံ၊ တန်ရုံ စိတ်နေစိတ်ထားဖြင့် ထိုအလှူဒါနမျိုးကို မပြုနိုင်ပေ။ လူသား တိုင်းက နှမြောတွန့်တိုတတ်ကြလေသည်။ မိမိတွင် ပိုလျှံနေသည်ဆိုသော်လည်း သူတစ်ပါးအား မျှဝေရန် တွန့်တိုစိတ် ရှိကြလေသည်။ မိမိဘယ်လိုမှ အသုံးမ၀င်တော့မှသာလျှင် သူတစ်ပါးကို စွန့်ကြဲလှူဒါန်းပြီး ဂုဏ်ယူပြတတ်ကြလေ သည်။ ပွင့်ပေါ်လာခဲ့သည့်အပါးပါးသော အလ္လာဟ့်တမန်တော်များသည်လည်းကောင်း၊ သာသနာသူရဲကောင်းများ သည်လည်းကောင်း၊ ပိုလျှံသောဥစ္စာပစ္စည်းများသာမက အသက်ကိုပင် အလ္လာဟ့်လမ်းတွင် စွန့်လှူထားကြလေသည်။

ကျမ်းမြတ်ကုရ်အာန်၏ ပြဋ္ဌာန်းသတ်မှတ်ချက်များက ကျယ်ဝန်း၍ လုပ်သာကိုင်သာရှိလေသည်။ လှေနံဓါး ထစ်သဘောမျိုးကို မဆောင်တတ်ပေ။ ဤအချက်ကပင် ပြီးပြည့်စုံသော အနေအထားတစ်ရပ်ကို ရည်ညွှန်းဖော်ဆောင် လျက်ရှိသည်။

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၂၀)

فِى ٱلدُّنۡيَا وَٱلۡأَخِرَةِ‌ۗ وَيَسۡـَٔلُونَكَ عَنِ ٱلۡيَتَـٰمَىٰ‌ۖ قُلۡ إِصۡلَاحٌ۬ لَّهُمۡ

خَيۡرٌ۬‌ۖ وَإِن تُخَالِطُوهُمۡ فَإِخۡوَٲنُكُمۡ‌ۚ وَٱللَّهُ يَعۡلَمُ ٱلۡمُفۡسِدَ

مِنَ ٱلۡمُصۡلِحِ‌ۚ وَلَوۡ شَآءَ ٱللَّهُ لَأَعۡنَتَكُمۡ‌ۚ إِنَّ ٱللَّهَ عَزِيزٌ حَكِيمٌ۬

ဘ၀၌ ဦးဆောင်မှုကင်းမဲ့နေသော `ယတီမ်း´ များနှင့် ပတ်သက်၍ သူတို့က သင်တမန်တော်အား မေးမြန်းကြပေလိမ့်မည်။ သင်တမန်တော် (ဤသို့) မိန့်ကြားဖြေဆိုပါလေ။
`သူတို့အတွက် ညီညွတ်မျှတ သဟဇာတဖြစ်အောင် ဆောင်ရွက်ပေးခြင်းသည်သာ မျက်မှောက်ကာလနှင့် အနာဂတ်ကာလအတွက် အကောင်းဆုံးဖြစ်သည်။ အကယ်၍ သင်တို့ကသာ (သူတို့၏အရေးကိစ္စများကို) ရောထွေးရှုပ်ထွေးအောင် ပြုလုပ်ကြမည်ဆိုလျှင် သူတို့သည် သင်တို့၏ ညီနောင်များဖြစ်သည်ကို သိရှိ ထားကြပါလေ။
အလ္လာဟ်အရှင်မြတ်သည် ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သူနှင့် သဟဇာတဖြစ်စေရန် စေ့စပ်ညှိ နှိုင်းပေးသူတို့ကို ခွဲခြားသိမြင်တော် မူလေသည်။ အကယ်၍ အလ္လာဟ်အရှင်မြတ်ကသာ အလိုရှိခဲ့ပါမူ သင်တို့ ကို အမှန်တကယ်ပင် ဖျက်ဆီးပစ်လိမ့်မည်ဖြစ်သည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် တန်ခိုးတော် အစုံ၊ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ဉာဏ်တော်အပေါင်းနှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၂၀)

ရှင်းလင်းချက်။ ။ ဘ၀၌ ဦးဆောင်မှုကင်းမဲ့သွားသူများ၊ မိဘမဲ့သွားသူများ၏ အခွင့်အရေးကို မဖြစ်မနေဖော်ဆောင် ပေးရေးမှာ မွတ်စလင်မ်တစ်ဦးချင်းအတွက် ရှောင်လွှဲ၍မရသော တာဝန်ဖြစ်သည်။ သူတို့၏ ရပိုင်ခွင့်များကို လျစ်လျူရှု ခြင်း၊ မတရားသဖြင့်စားသုံးခြင်း၊ မိမိကိုယ်ကျိုးအတွက် အသုံးချခြင်းတို့သည် အလ္လာဟ်အရှင်မြတ်၏ အမျက်တော်ရှမှု ကို ကြိုလင့်နေခြင်းသာဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၀၁) မှ (၂၁၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်