ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁) မှ (၃၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)

بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၂၁)

يَـٰٓأَيُّہَا ٱلنَّاسُ ٱعۡبُدُواْ رَبَّكُمُ ٱلَّذِى خَلَقَكُمۡ وَٱلَّذِينَ مِن قَبۡلِكُمۡ لَعَلَّكُمۡ تَتَّقُونَ

အို…လူသားခပ်သိမ်းတို့၊ သင်တို့သည် သင်တို့ကို မရှိရာမှ ရှိရာသို့ ပြုစုပျိုးထောင်မွေးမြူစောင့်ရှောက် တော်မူသော အလ္လာဟ်အရှင်ကိုသာလျှင် နာခံရိုကျိုး၊ ဘ၀တည်ဆောက်ကြပါလေ။ ထိုအရှင်မြတ်ကသာလျှင် သင်တို့ကိုလည်းကောင်း၊ အသင်တို့ ရှေးခေတ် အဆက်ဆက် ရှိခဲ့သူတို့အားလည်းကောင်း၊ ဆင့်ကဲစီရင်ဖြစ် ထွန်း တိုးတက်စေတော် မူခဲ့ပေပြီ။ သို့ဆိုလျှင် သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ဆောင်ရန်နှင့်ရှောင်ရန် လမ်းညွှန်ချက်များကို ဖ၀ါးခြေထပ် လိုက်နာသူ “မွတ္တကီးန်” သူတော်စင်များ ဖြစ်ကြပေလိမ့်မည်။ (ဘကရာဟ် – ၂၁)

ရှင်းလင်းချက် ။ ။ ကျမ်းမြတ်ကုရ်အာန် (၅၁း၅၆) တွင် အလ္လာဟ်အရှင်မြတ်က လူသားတို့ကို စီရင်ဖြစ်ထွန်းစေရခြင်း၏ ရည်ရွယ်ချက်တစ်ရပ် ဖော်ပြထားပေသည်။

“ငါအလ္လာဟ်အရှင်မြတ်က ‘ဂျင်(န)’ နှင့် လူသားတို့ကို စီရင်ဖြစ်ထွန်းစေရခြင်းမှာ ငါ့အား နာခံရိုကျိုး ဘ၀တည်ဆောက်ရေး အတွက်ပင် ဖြစ်သည်” (ကုရ်အာန် – ၅၁း၅၆)

အလ္လာဟ်အရှင်မြတ်သည်သာလျှင် လူသားတို့၏ လိုအပ်ချက်အ၀၀ကို ထောက်ပံ့ချီးမြှင့်ထားကြောင်းနှင့် စွမ်းအားအရပ်ရပ် ပြည့်စုံတော်မူကြောင်းကိုလည်း ကုရ်အာန် (၅၁း၅၈) ၌ အောက်ပါအတိုင်း ဖော်ပြထားလေသည်။

“ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည်သာလျှင် လိုအပ်ချက်အ၀၀ကို ထောက်ပံ့ချီးမြှင့်ပေးတော်မူသော အရှင် ဖြစ်ပြီး စွမ်းအင်အရပ်ရပ်ကို နိုင်နင်းတောင့်တင်းစွာ ပိုင်ဆိုင်တော်မူသော အရှင်လည်းဖြစ်သည်” (ကုရ်အာန် – ၅၁း၅၈)

ထိုအရှင်မြတ်ကိုသာလျှင် နာခံရိုကျိုး ဘ၀တည်ဆောက် “အိဘာဒသ်” ပြုရမည်ဖြစ်ပြီး ထိုအရှင်မြတ်မှလွဲ၍ အခြား ခ၀ပ်ကိုးကွယ်အားထားရာအရှင် လုံးဝမရှိပေ။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၂)

ٱلَّذِى جَعَلَ لَكُمُ ٱلۡأَرۡضَ فِرَشً۬ا وَٱلسَّمَآءَ بِنَآءً۬ وَأَنزَلَ مِنَ ٱلسَّمَآءِ

مَآءً۬ فَأَخۡرَجَ بِهِۦ مِنَ ٱلثَّمَرَٲتِ رِزۡقً۬ا لَّكُمۡ‌ۖ فَلَا تَجۡعَلُواْ لِلَّهِ أَندَادً۬ا وَأَنتُمۡ تَعۡلَمُونَ

အလ္လာဟ်အရှင်မြတ်က သင်တို့အတွက် ကမ္ဘာမြေကို ဖြန့်ကျက် ခင်းထားခဲ့လေပြီ။ ပြီးနောက် အထက် ကောင်းကင်ဘုံကိုလည်း ထောက်မ တည်ဆောက်ထားခဲ့ပေပြီ။ ထို့ပြင်မက အထက်ကောင်းကင်ယံမှ ရေကို ရွာသွန်းလောင်းချပြီး၊ ထိုရေအားဖြင့် အသင်တို့၏ ရိုဇီရိက္ခာအဖြစ် သစ်သီးဝလံ၊ ကောက်ပဲသီးနှံများကို ဖြစ် ထွန်းပေါက်ရောက်စေခဲ့လေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာတစ်ခုခုကို တွဲဖက်၍ သင်တို့ မကိုးကွယ်ရန်ကိုမူ သင်တို့ နားလည်သိမြင်ထားရပေမည်။ (ဘကရာဟ် – ၂၂)

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၃)

وَإِن ڪُنتُمۡ فِى رَيۡبٍ۬ مِّمَّا نَزَّلۡنَا عَلَىٰ عَبۡدِنَا فَأۡتُواْ بِسُورَةٍ۬ مِّن مِّثۡلِهِۦ وَٱدۡعُواْ شُهَدَآءَكُم

مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَـٰدِقِينَ

အကယ်၍ သင် (မယုံကြည်သူ) တို့ အနေဖြင့် ငါအရှင်မြတ်က ငါ၏နာခံတော် (မုဟမ္မဒ်) အပေါ်သို့ ထုတ် ပြန်ပို့ချပေးခဲ့သော ကျမ်းမြတ်ကုရ်အာန်နှင့် ပတ်သက်၍ ဒွိဟသံသယရှိခဲ့လျှင် သင်တို့အနေဖြင့် ယင်း ကုရ်အာန်နှင့်အလားတူ၊ သဏ္ဍာန်တူ စူရာဟ်တစ်ပုဒ်ကို ယူဆောင်လာပါလေ။ ထို့ပြင်မက အကယ်၍ သင်တို့၏ ဒွိဟသံသယသည် ခိုင်လုံတိကျ မှန်ကန်သည်ဆိုပါက (သင်တို့၏ စီမံကိန်းကို ဆောင်ရွက်ရာ၌) အလ္လာဟ်အရှင်မြတ်ကို ဖီလာဆန့်ကျင်သော သင်တို့၏ သက်သေ သက္ကာယများကိုလည်း ဖိတ်ခေါ်ထားလိုက်ပါလေ။ (ဘကရာဟ် – ၂၃)

ရှင်းလင်းချက် ။ ။ ဤအာယသ်သည်ကား ကျမ်းမြတ်ကုရ်အာန်၏ ခိုင်လုံတိကျမှန်ကန်မှုနှင့် ပတ်သက်ပြီး တစ်စုံတစ် ရာသော ဒွိဟသံသယ ဖြစ်နေသူများအပေါ် အလ္လာဟ်အရှင်မြတ်၏ ပွင့်လင်းမြင်သာသော စိန်ခေါ်ချက်တစ်ရပ် ဖြစ်လေသည်။ အချို့က ကျမ်းမြတ်ကုရ်အာန်ကို မယုံကြည်ရုံမျှမက အမျိုးမျိုးသော အကြောင်းပြချက်များအားဖြင့် စွပ်စွဲတိုက် ခိုက်မှုများရှိလေသည်။ ထိုသို့ အကြောင်းပြချက်များ မှန်ကန်လျှင် မိမိသာမက၊ မိမိနှင့်ယုံကြည်ချက်တူ၊ အသွင်သဏ္ဍာန်တူ အုပ်စုများကိုပါ စုဖွဲ့၍ ကျမ်းမြတ်ကုရ်အာန်နှင့် အလားတူ “စူရာဟ်” တစ်ပုဒ် ရေးသား၊ စီကုံးပြပါဟု တိုက်တွန်း စိန်ခေါ်လိုက်ခြင်းဖြစ်ပေသည်။ ထို့ပြင် မိမိတို့ ပြုစုရေးသားထားသော အချက်အလက်များသည် ခိုင်လုံတိကျမှန်ကန် ကြောင်းကိုလည်းကောင်း သက်သေပြရမည်ဖြစ်သည်။ ယင်းကဲ့သို့ အာမခံချက် ပေးထားသောကျမ်းမျိုးမှာ ကျမ်းမြတ် ကုရ်အာန်မှလွဲ၍ အခြားမရှိပေ။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၄)

فَإِن لَّمۡ تَفۡعَلُواْ وَلَن تَفۡعَلُواْ فَٱتَّقُواْ ٱلنَّارَ ٱلَّتِى وَقُودُهَا ٱلنَّاسُ وَٱلۡحِجَارَةُ‌ۖ أُعِدَّتۡ لِلۡكَـٰفِرِينَ

သင်တို့သည် (ကုရ်အာန်တုပခြင်းဆိုင်ရာ စီမံကိန်းကို) ယခင်က လုပ်ဆောင်နိုင်ခြင်း မရှိသလို၊ ယခုလည်း လုပ်ဆောင်နိုင်ခြင်းရှိမည် မဟုတ်ပေ။ အနာဂတ်ကာလ၌မူ ဖြစ်နိုင်ဖွယ်ရာ အလျဉ်းရှိမည် မဟုတ်ပေ။ သို့ဖြစ်ရာ အသင်တို့သည် ပူလောင်ပြင်းပြသော အပူမီးမှ ဝေးစွာရှောင်ရှားကြပါလေ။ လူသားနှင့် ကျောက်စိုင်၊ ကျောက်ခက်ပမာ ခက်ထန်မာကျောမှုတို့က ပူလောင်ပြင်းပြသော မီး၏လောင်စာများ ဖြစ်နေကြပေပြီ။ ယင်း အပူမီးကို “ကာဖိရ်” များအတွက် တင်ကြိုစီမံထားပြီးဖြစ်သည်။ (ဘကရာဟ် – ၂၄)

ရှင်းလင်းချက် ။ ။ အမှန်တရား၊ သစ္စာတရားသည် အေးမြခြင်းကို ဆောင်ကြဉ်း၍ မိစ္ဆာအမှားသည်ကား ပူလောင်ခြင်းကို ပေးလေသည်။ အမှန်တရား၊ သစ္စာတရားဖြစ်သော ကျမ်းမြတ်ကုရ်အာန်ကို ဆန့်ကျင်တုဖက် ဖီဆန်ခြင်းသည် အပူမီးကို ဖိတ်ခေါ်ခြင်းသာဖြစ်သည်။ ဤလူ့ပြည် လူ့ရွာ၌ အမှန်တရားဆိုသည်မှာ တစ်ခုတည်းသာရှိသည်။ အမှန်တရားကို အတုအပပြုလုပ်၍ မရပေ။ တုပထားသော အမှန်တရားဆိုသည်မှာ တဒင်္ဂသာလျှင်ဖြစ်ပြီး မင်းသားရုပ်စွပ်ထားသော ဘီလူးခေါင်းနှင့် အလားတူပေသည်။ မကြာခင်မှာပင် မင်းသားရုပ် ကွာကျသွားမည်ဖြစ်သည်။

လူသားတစ်ဦးအတွက် အမှန်တရား၊ သစ္စာတရားကို တုပဖက်ပြိုင် တန်ဖိုးချခြင်းသည် မိမိလက်ကို မိမိ မီးပုံထဲထည့်ခြင်းနှင့် အလားသဏ္ဍာန်တူပေသည်။ ထိုသို့ မိမိလက်ကိုမိမိ မီးပုံထဲထည့်ရာ၌ အားပေးတိုက်တွန်းနေသူ တစ်စုက ရှိနေပြန်သည်။ သူတို့က တစ်ဖက်က အားပေးတိုက်တွန်းနေသလို အခြားတစ်ဖက်ကလည်း မီးပုံထဲ လောင် စာထည့်ပေးလျက်ရှိရာ မီးပုံကြီးသည် ထုနှင့်ထည်နှင့် မီးတောက်မီးလျှံကြီးဖြစ်လာပြီး တစ်ကိုယ်လုံး လောင်မြိုက်ဝါးမျို ခြင်း ခံသွားရလေတော့သည်။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၅)

تَحۡتِهَا ٱلۡأَنۡهَـٰرُ‌ۖ ڪُلَّمَا رُزِقُواْ مِنۡہَا مِن ثَمَرَةٍ۬ رِّزۡقً۬ا‌ۙ قَالُواْ هَـٰذَا ٱلَّذِى رُزِقۡنَا

مِن قَبۡلُ‌ۖ وَأُتُواْ بِهِۦ مُتَشَـٰبِهً۬ا‌ۖ وَلَهُمۡ فِيهَآ أَزۡوَٲجٌ۬ مُّطَهَّرَةٌ۬‌ۖ وَهُمۡ فِيهَا خَـٰلِدُونَ

အသင်တမန်တော် အီမာန် သက်ဝင်ယုံကြည်ပြီး မိမိ၏ ယုံကြည်ချက်နှင့်အညီ ကောင်းမွန်လှပတင့်တယ်သော လုပ်ရပ်များကို ဆောင်ရွက်နေသူများအား သူတို့အတွက် ဥယျာဉ်တော် တစ်ခုရှိကြောင်းနှင့် ယင်းဥယျာဉ်တော်၏အောက်၌ စိမ့်စမ်းများ စီးဆင်းလျက်ရှိကြောင်း သတင်းကောင်းပေးလိုက်ပါ။ (သူတို့၏ ယုံကြည်ချက်နှင့်လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာရသော) အသီးအပွင့်၊ အထောက်အပံ့များအားဖြင့် ထောက်ပံ့မှု ရရှိခဲ့ပေပြီ။ ထိုအခါ သူ (ယုံကြည်သူ) တို့က “ဤအသီးအပွင့်များကို ကျွန်ုပ်တို့ ယခင်ကလည်း စားသုံးခံစားခဲ့ရပြီး” ဟု ပြောကြလေသည်။ ဤသည်မှာ မှန်ကန်သောယုံကြည်ချက်နှင့် လုပ်ရပ်အပေါ် တူညီသောအကျိုး ပေးဆပ်ခံရခြင်းပင်ဖြစ်သည်။ ထို့ပြင်မက သူတို့အတွက် ယင်းဥယျာဉ်တော်ထဲ၌ မွန်မြတ်သန့်စင်သော၊ ရိုးသားပွင့်လင်းသော မိတ်ဆွေကောင်းများလည်း ရှိပေသည်။ ယင်းဥယျာဉ်တော်ထဲ၌ သူတို့သည် စဉ်ဆက်မပြတ် နေထိုင်သွားရပေမည်။ (ဘကရာဟ် – ၂၅)

ရှင်းလင်းချက် ။ ။ ယုံကြည်သူနှင့် မယုံကြည်သူတို့၏ အခြေအနေသည်ကား လွန်စွာခြားနားလှပေသည်။ မယုံကြည် သူတစ်ဦးအတွက် အပူမီး၏ ၀ါးမျိုခြင်းကို ခံသွားရပေလင့်ကစား ယုံကြည်သူတစ်ဦး အတွက်မူ သာယာလှပသော ဥယျာဉ်တော်ကြီးက စောင့်ကြိုလျက်ရှိပေသည်။ မှန်ကန်သော ယုံကြည်ချက်နှင့် ယင်းယုံကြည်ချက်အပေါ် အခြေပြု ထားသော လုပ်ရပ် (အီမာန်နှင့်အမလ်) ကြောင့် ရရှိလာသော အသီးအပွင့်များကလည်း သူ့ကိုစောင့်ကြိုလျက် ရှိပေသည်။

ယုံကြည်သူတစ်ဦးအနေဖြင့် ယင်းဥယျာဉ်တော်ထဲတွင် ထိုအသီးအပွင့်များကို ရရှိစားသုံးပြီးသောအခါ သူတို့ က “ဤအရသာမျိုး ကျွန်ုပ်တို့ ယခင်က စားသုံးခဲ့ရပြီးဖြစ်သည်” ဟု ပြောဆိုကြပေမည်။ ဤသည်မှာ မိမိ၏ “အီမာန်” နှင့် “အမလ်” အပေါ် နှစ်ဘ၀၊ နှစ်ဌာ အကျိုးရှိအောင်မြင်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ အီမာန်ယုံကြည်ချက်ထားရှိပြီး လက်တွေ့လုပ်ကိုင် ဆောင်ရွက်သူတစ်ဦးအတွက် ဤမျက်မှောက်ကာလ (ဒွန္နယာ) ၌ အကျိုးရှိသလို နောင်အနာဂတ်ကာလ (အာခိရတ်) ၌လည်း တူညီသောအကျိုးကို ရရှိခံစားရမည်သာဖြစ်သည်။

လူသည် အစုအဖွဲ့၊ အပေါင်းအသင်းနှင့် နေလို၊ နေတတ်သည့် သတ္တ၀ါဖြစ်သည်။ အပေါင်းအသင်း မိတ်ဆွေ များအပေါ် ခင်မင်တွယ်တာလိုစိတ်ရှိကြသည်။ သို့ဖြစ်ရာ နှလုံးသားဖြူစင်သော၊ စိတ်ထားကောင်းမွန်သော မိတ်ဆွေ အပေါင်းအသင်း၊ ခင်ပွန်း၊ ဇနီးများနှင့်သာ တွေ့ဆုံကြုံကြိုက်ဖို့ အရေးကြီးလေသည်။ လက်ကို မီးပုံထဲထည့်ခိုင်းပြီး တစ်ဖက်က လောင်စာဆီထည့်ပေးနေသော မိတ်ဆွေအပေါင်းအသင်းမျိုးနှင့် ရှောင်ရှားကွေကွင်းဖို့ ကြိုးစားရပေမည်။ သို့သော် ယုံကြည်သူများအတွက် အလ္လာဟ်အရှင်မြတ်ချီးမြှင့်မည့် ဥယျာဉ်တော်၌မူ စိတ်ထားမွန်မြတ်သည့် မိတ်ဆွေ အပေါင်းအသင်းများရှိလေသည်။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၆)

إِنَّ ٱللَّهَ لَا يَسۡتَحۡىِۦۤ أَن يَضۡرِبَ مَثَلاً۬ مَّا بَعُوضَةً۬ فَمَا فَوۡقَهَا‌ۚ فَأَمَّا ٱلَّذِينَ

ءَامَنُواْ فَيَعۡلَمُونَ أَنَّهُ ٱلۡحَقُّ مِن رَّبِّهِمۡ‌ۖ وَأَمَّا ٱلَّذِينَ ڪَفَرُواْ فَيَقُولُونَ مَاذَآ أَرَادَ ٱللَّهُ

بِهَـٰذَا مَثَلاً۬‌ۘ يُضِلُّ بِهِۦ ڪَثِيرً۬ا وَيَهۡدِى بِهِۦ كَثِيرً۬ا‌ۚ وَمَا يُضِلُّ بِهِۦۤ إِلَّا ٱلۡفَـٰسِقِينَ

အလွန်သေးငယ်သော ခြင်ကောင်ဖြစ်စေ၊ ထိုခြင်ထက်ပို၍ သေးနုပ်သော တစ်စုံတစ်ရာအားဖြင့်ဖြစ်စေ၊ ပုံဆောင်ဥပမာပြဆိုရခြင်းသည် အလ္လာဟ်အရှင်မြတ်အတွက် ကြီးကျယ်ခမ်းနား အရေးပါလှသော ကိစ္စတစ်ရပ်တော့ မဟုတ်ပေ။ (မည်သည့် ပုံသဏ္ဍာန်နှင့် ဥပမာပေးသည်ဖြစ်စေ) အီမာန်သက်ဝင်ယုံကြည်သူတို့က အလ္လာဟ်အရှင်မြတ်၏ ပုံဆောင်ချက်နှင့် ပတ်သက်ပြီး ယင်းပုံဆောင်ချက်သည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်၍ အမှန်တရား၊ သစ္စာတရားဖြစ်သည်ဟု သိရှိနားလည်ထားလျက် ရှိကြလေသည်။ သို့ရာတွင် မယုံကြည်သူ “ကာဖိရ်” တို့ကမူ “ဤပုံဆောင်ချက်ကို အလ္လာဟ်အရှင်မြတ်က ဘာကိုရည်ရွယ်၍ ပေးရသနည်း” ဟု စောဒကတက်နေကြပေသည်။ အလ္လာဟ်အရှင်မြတ်က ယင်းပုံဆောင်ဥပမာအားဖြင့် အများအပြားကို အချည်းအနှီးဖြစ်စေသော လမ်းကို ပို့ဆောင်ပေးခဲ့သလို ယင်းပုံဆောင် ဥပမာအားဖြင့်ပင် အများအပြားကို လမ်းညွှန်ချက် ပေးခဲ့လေသည်။ ယင်းပုံဆောင် ဥပမာပြုချက်အားဖြင့် အချည်းအနှီးဖြစ်သော လမ်းသို့ ရောက်သွားသူများ မှာ “ဖါဆစ်(က)” (ခေါ်) “အဓမ္မ၀ါဒအပေါ် ပျော်မွေ့နေသူများ” သာလျှင်ဖြစ်သည်။ (ဘကရာဟ် – ၂၆)

ရှင်းလင်းချက် ။ ။ ကျမ်းမြတ်ကုရ်အာန်ထဲ၌ လူသားတို့အတွက် လမ်းညွှန်ချက်ပေးရာ၌ အလ္လာဟ်အရှင်မြတ်က ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ဥပမာပေးလျက် ရှိပေသည်။ အချို့နေရာ၌ ခန့်ခန့်ညားညားသော ဥပမာမျိုးကို ပုံဆောင်ပြသလို အချို့နေရာ၌ သာမန်အနေအထားဖြင့်သာ ပုံဆောင် ဥပမာပေးလျက်ရှိသည်။ ယုံကြည်သူတစ်ဦးအတွက် အလ္လာဟ် အရှင်မြတ်ကပေးသော မည်သည့် ဥပမာပုံဆောင်ချက်မျိုးကိုမဆို အမှန်တရားဟု လက်ခံ သက်ဝင်ယုံကြည်ပြီးဖြစ်သည်။ သို့သော် မယုံကြည်သူ တစ်ဦးအတွက်မူ အလ္လာဟ်အရှင်မြတ်၏ ဥပမာပုံဆောင်ချက်များကို အသွင်အမျိုးမျိုးနှင့် ငြင်းဆန် စောဒကတက်လျက် ရှိပေသည်။

သို့ဖြစ်ရာ ကျမ်းမြတ်ကုရ်အာန်၌ အလ္လာဟ်အရှင်မြတ်က ရည်ညွှန်းလိုက်သော ဥပမာပုံဆောင်ချက်တစ်ရပ် သည် လူ့အလွှာအတွင်း၌ ယုံကြည်လိုစိတ်နှင့် ငြင်းပယ်လိုစိတ်အပေါ်အခြေခံပြီး၊ “မုအ်မင်န် ယုံကြည်သူအုပ်စု” နှင့် “ဖါဆစ်(က)” အဓမ္မ၀ါဒအပေါ် ပျော်မွေ့နေသူအုပ်စုဟူ၍ အုပ်စု(၂)ခု ဟု ကွဲပြားပေါ်ထွက်လာရလေသည်။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၇)

ٱلَّذِينَ يَنقُضُونَ عَهۡدَ ٱللَّهِ مِنۢ بَعۡدِ مِيثَـٰقِهِۦ وَيَقۡطَعُونَ مَآ أَمَرَ ٱللَّهُ بِهِۦۤ

أَن يُوصَلَ وَيُفۡسِدُونَ فِى ٱلۡأَرۡضِ‌ۚ أُوْلَـٰٓٮِٕكَ هُمُ ٱلۡخَـٰسِرُونَ

ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ခိုင်မာစွာ ချုပ်ဆိုထားခဲ့ပြီးသော သဘောတူညီချက်များကို ချိုးဖောက်လျက် ရှိပေသည်။ အလ္လာဟ်အရှင်မြတ်သည် ထိုသဘောတူညီချက်အားဖြင့် တစ်စုတစ်စည်းတည်းသော လူ့အစုအဝေး (အွမ္မသ်ထု) ကို တည်ဆောက်ရန် ပြဋ္ဌာန်းထားခဲ့ပြီးဖြစ်ရာ ထိုပြဋ္ဌာန်းချက်ကို သူတို့က အစိတ်စိတ် အပိုင်းပိုင်းဖြစ်အောင် ဖြတ်တောက် ချိုးဖဲ့ပစ်လျက် ရှိလေသည်။ ပြီးနောက် လူ့ပြည်လူ့ရွာအတွင်း မတည်ငြိမ်မှုဖြစ်စေရန် သွေးထိုးဖန်တီး လှုံ့ဆော်ကြပေသည်။ သူတို့သည်သာလျှင် ပျက်စီးဆုံးရှုံးကြသူများ ဖြစ်သွားကြပေမည်။ (ဘကရာဟ် – ၂၇)

ရှင်းလင်းချက် ။ ။ လူသားတို့အနက် အချို့သည် “ကျွန်ုပ်တို့ အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းချက်များကို နာခံကြပါမည်” ဟု ပြောဆိုကြလေသည်။ အလ္လာဟ်အရှင်မြတ်က သူတို့ကို “မွတ်စလင်မ်” ဟူ၍ အမည်သညာ သတ်မှတ်ပေးခဲ့လေသည်။ တစ်စုတစ်စည်းတည်းနှင့် တစ်ခုတည်းသော အမည်ကို ပေးခဲ့လေသည်။ ကျမ်းမြတ်ကုရ်အာန် (၂၂း၇၈) ၌ ဤသို့ဖော်ပြထားလေသည်။

“အလ္လာဟ်အရှင်မြတ်က သင်တို့ကို “မွတ်စလင်မ်များ” ဟု အမည်သညာ သတ်မှတ်ပေးခဲ့လေပြီ” – (ကုရ်အာန် – ၂၂း၇၈)

အလ္လာဟ်အရှင်မြတ်က “မွတ်စလင်မ်” ဟု အမည် သတ်မှတ်ပေးပြီးပါလျက် ထိုအမည်နာမကို လိုလိုလားလား သဘောတူ လက်ခံပြီးပါလျက် တမန်တော်မြတ်(ဆွ) မရှိသည့်နောက်ပိုင်းတွင် မွတ်စလင်မ်ဆိုသူများသည် မိမိတို့ ကိုယ်မိမိတို့ အမည်အမျိုးမျိုးဖြင့် ခေါင်းစဉ်တပ်ကာ ဂိုဏ်းဂဏကွဲ အများအပြား တည်ထောင်လာကြသည်။ အလ္လာဟ် အရှင်မြတ်၏ ပြဋ္ဌာန်းချက်များကို ပုံစံအမျိုးမျိုးဖြင့် အသွင်ယူထားကြလေသည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်ဖြစ်သော တစ်စုတစ်စည်းတည်းသော “အွမ္မသ်” လူ့အဖွဲ့အစည်းသည် ကွဲပြဲခဲ့ရလေပြီ။ မိမိတို့ကိုယ်မိမိတို့  အမည်တပ်သော ခေါင်းစီးများကို ရှေ့တန်းတင်၍ မွတ်စလင်မ် အချင်းချင်းကြား သွေးထိုးလှုံ့ဆော် ဖန်တီးတိုက်ခိုက်လျက် ရှိကြပေပြီ။ ထိုသူများသည် မကြာခင်မှာ ပျက်စီးဆုံးရှုံးမှုတို့  ကြုံရပေတော့မည်။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၈)

كَيۡفَ تَكۡفُرُونَ بِٱللَّهِ وَڪُنتُمۡ أَمۡوَٲتً۬ا فَأَحۡيَـٰڪُمۡ‌ۖ ثُمَّ يُمِيتُكُمۡ ثُمَّ يُحۡيِيكُمۡ ثُمَّ إِلَيۡهِ تُرۡجَعُونَ

အသင်တို့သည် အလ္လာဟ်အရှင်မြတ်ကို အဘယ်ကဲ့သို့ ငြင်းပယ်ကြမည်နည်း။ သင်တို့သည် အသက်မဲ့နေရာမှ ထိုအရှင်မြတ်က သင်တို့ကို သက်ရှိဘ၀သို့ ရောက်ရှိစေသည်။ ပြီးနောက် အရှင်မြတ်က သင်တို့ကို ကွယ်လွန်သေဆုံးစေခဲ့သည်။ ယင်းနောက် ပြန်လည် အသက်သွင်းပြီး တစ်ဆက်တည်းမှာပင် သူ့ထံသို့ (အလ္လာဟ်အရှင်မြတ် ထံသို့) ပြန်လည်ရောက်ရှိစေခဲ့သည်။ (ဘကရာဟ် – ၂၈)

ရှင်းလင်းချက် ။ ။ လူသားတစ်ဦးချင်း၏ မူလအခြေအနေသည် မရှိခြင်း (၀ါ) အသက်မဲ့ခြင်းမှ စတင်ခဲ့သည်။ ယင်း အခြေအနေမှ တစ်ဆင့် အလ္လာဟ်အရှင်မြတ်က မိခင်၏ ၀မ်းကြာသိုက်အတွင်း၌ အသက်သွင်းပေးလိုက်ပြီးနောက် လူ့ ဘ၀တစ်ခုကို ရရှိစေခဲ့သည်။ ယင်းလူသားကို အလ္လာဟ်အရှင်မြတ်က လူ့ဘ၀သက်တမ်း၏ အချိန်ကာလတစ်ရပ်တွင် အသက်နှုတ်သိမ်း၍ သေစေတော်မူခဲ့၏။ နောက်ဆုံး ကမ္ဘာ့တရားစီရင်မည့်နေ့ (ကိယာမသ်) တွင် ယင်းလူသားကို ပြန်လည်ရှင်သန်စေပြီး သူ၏ရှေ့တော်မှောက် တရားစစ်ဆေးစီရင်မှုကို ခံယူရန် စီမံဆောင်ရွက်တော်မူလေသည်။ ယင်းကဲ့သို့ တစ်ဆင့်ပြီးတစ်ဆင့် စီရင်ဖြစ်ထွန်းစေသော အလ္လာဟ်အရှင်မြတ်၏ စွမ်းဆောင်မှု အ၀၀ကို လူသားတစ်ဦးအနေဖြင့် မည်ကဲ့သို့ လွတ်မြောက်အောင် ကြိုးပမ်းအားထုတ်နိုင်ပါသနည်း။ အလ္လာဟ်အရှင်မြတ်၏ စီမံဆောင်ရွက်မှုများကို မည်ကဲ့သို့ ငြင်းပယ်နိုင်ပါသနည်း။

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၂၉)

هُوَ ٱلَّذِى خَلَقَ لَكُم مَّا فِى ٱلۡأَرۡضِ جَمِيعً۬ا ثُمَّ ٱسۡتَوَىٰٓ إِلَى ٱلسَّمَآءِ

فَسَوَّٮٰهُنَّ سَبۡعَ سَمَـٰوَٲتٍ۬‌ۚ وَهُوَ بِكُلِّ شَىۡءٍ عَلِيمٌ۬

အလ္လာဟ်အရှင်မြတ်သည် သင်တို့အတွက် ဤကမ္ဘာဂြိုဟ်ထဲ၌ အရာဝတ္ထု အစုစုကို ဆင့်ကဲစီရင်ဖြစ် ထွန်းစေခဲ့လေသည်။ ပြီးနောက် တစ်ဆက်တည်းမှာပင် မဟာစကြ၀ဠာကြီးကို အလွှာအထပ် (၇) ထပ်ဖြင့် ညီညာပြန့်ပြူးစွာ အထပ်အထပ် တည်ဆောက်ခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်သည် အလုံးစုံသောအရာတို့ ၏ အကြွင်းမဲ့ ဉာဏ်တော်ရှင်ဖြစ်သည်။ (ဘကရာဟ် – ၂၉)

ရှင်းလင်းချက် ။ ။ အရဗီ ဘာသာစာပေ၌ (၇) ဟူသောဂဏန်းကို “များစွာသောအရေအတွက်” ဟူသည့် သဘောကိုလည်း သုံးနှုန်းလေ့ ရှိလေသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ဤကမ္ဘာဂြိုဟ်ကို လိုလေသေးမရှိအောင် ပြည့်စုံစွာ စီရင်ဖြစ်ထွန်းစေခဲ့လေသည်။ လူသားတစ်ဦးချင်း၏ လိုအပ်ချက်အ၀၀ကို ဤကမ္ဘာဂြိုဟ်က ဖြည့် ဆည်းပေးလျက်ရှိသည်။ အနန္တစကြ၀ဠာထဲရှိ ဂြိုဟ်အများအပြားရှိသည့်အနက် ဤကမ္ဘာဂြိုဟ်သည် လူသားတို့ အတွက် နေထိုင်ရန် အသင့်လျော်ဆုံးဖြစ်လေသည်။ ဤကမ္ဘာဂြိုဟ်ကြီး ပိုမိုသာယာလှပအောင် အလ္လာဟ်အရှင်မြတ်က အာကာသ မိုးကောင်းကင်ကြီးကိုလည်း စီမံဖြစ်ထွန်းစေခဲ့သည်။ ယင်းအာကာသ မိုးကောင်းကင်ကြီးသည် လူသားတို့ အတွက် လုံခြုံအေးချမ်းမှုကို စွမ်းဆောင်ပေးသလို အမြင်လှပတင့်တင်မှုကိုလည်း ဖြစ်စေသည်။ ကျမ်းမြတ်ကုရ်အာန် (၁၅း၁၆) ၌ ဤသို့ဖော်ပြထားလေသည်။
“ငါအလ္လာဟ်အရှင်မြတ်သည် အာကာသမိုးကောင်းကင်၌ ကြယ်တာရာများကို ပြုလုပ်ထားခဲ့ပြီးဖြစ်ရာ ယင်း အာကာသကို လှမ်းမျှော်ကြည့်သူတို့အဖို့ မျက်စိပသာဒဖြစ်စေခဲ့လေပြီ (ကုရ်အာန် – ၁၅း၁၆)

 

ဆူရာဟ် ဘကရာဟ်၊ အာယသ်တော် (၃၀)

وَإِذۡ قَالَ رَبُّكَ لِلۡمَلَـٰٓٮِٕكَةِ إِنِّى جَاعِلٌ۬ فِى ٱلۡأَرۡضِ خَلِيفَةً۬‌ۖ قَالُوٓاْ أَتَجۡعَلُ

فِيہَا مَن يُفۡسِدُ فِيہَا وَيَسۡفِكُ ٱلدِّمَآءَ وَنَحۡنُ نُسَبِّحُ بِحَمۡدِكَ

وَنُقَدِّسُ لَكَ‌ۖ قَالَ إِنِّىٓ أَعۡلَمُ مَا لَا تَعۡلَمُونَ

အခါတစ်ပါး၌ အသင်(တမန်တော်မြတ်) ကို မွေးမြူစောင့်ရှောက် ပြုစုတော်မူသော အရှင်မြတ်က “မလာအိကာဟ်” များအား “ဧကန်အမှန်ပင် ငါအရှင်မြတ်သည် ဤကမ္ဘာဂြိုဟ်ကို ထိန်းချုပ်၊ အုပ်ချုပ်စီမံသူ ကိုယ်စားလှယ်ဟူသော ဖန်ဆင်းခံတစ်ရပ်ကို စီမံပြုလုပ် ဆောင်ရွက်တော်မူမည်” ဟု မိန့်ကြားတော်မူလေသည်။ ထိုသောအခါ “မလာအိကာဟ်” များက “ယင်းကမ္ဘာဂြိုဟ်ပေါ်၌ အလ္လာဟ်အရှင်မြတ်က ပြဿနာဖန်တီးသူများ၊ သွေးချောင်းစီး သတ်ဖြတ်ကြသူများကို စီမံပြုလုပ်တော်မူပါမည်လား။ ကျွန်ုပ်တို့သည် အသင်အရှင်မြတ်အတွက် အရှင်မြတ်၏ဂုဏ်ကျေးဇူးတော်များကို စဉ်ဆက်မပြတ် ထုတ်ဖော်ချီးမွမ်းနေပြီး အရှင်မြတ်၏ မြင့်မြတ် ခံ့ညားမှုကို လေးစား အရိုအသေ ပြုလျက်ရှိနေကြပါပြီ” ဟု ပြန်လည် လျှောက်တင်ကြလေသည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က “ဧကန်အမှန်ပင် ငါသည် သင်တို့ မသိသေးသည်များကို အကြွင်းမဲ့သိတော်မူ၏” ဟု ပြန်လည်မိန့်ကြားခဲ့လေသည်။ (ဘကရာဟ် – ၃၀)

ရှင်းလင်းချက် ။ ။ လူ့အသိုင်းအ၀ိုင်း၌ လူသားတို့ နမူနာကောင်းများ ရရှိစေရေးအတွက် အကြောင်းအရာတစ်ခုကို ခင်းကျင်းပြရာတွင် ပြဇာတ်သဘောဖြင့် ခင်းကျင်းပြရသည်။ ရုပ်ရှင်သဘောမျိုး တင်ဆက်သည်များ ရှိသည်။ ပုံပြင်သဏ္ဍာန် ဇာတ်လမ်းဇာတ်အိမ်ဖွဲ့၍ အသိပေးရလေသည်။ ဤသည်မှာ အနုပညာဆန်စွာ၊ သုခုမမြောက်စွာ တင်ပြချက် များသာဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်၏ အထက်ပါ အာယသ်တော်ကလည်း အလ္လာဟ်အရှင်မြတ်က မိမိသိစေလိုသော သတင်းစကားတစ်ရပ်ကို လူသားတို့ထံ ကျမ်းမြတ်ကုရ်အာန်မှတစ်ဆင့် “ပြဇာတ်စာပေ” သဘောမျိုးဖြင့် အသိ ပေးခဲ့ခြင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်နှင့် မလာအိကာဟ်များက အကြောင်းအရာတစ်ရပ်ကို အမှန်တကယ် အခြေအတင် ဆွေးနွေးညှိနှိုင်းနေခြင်း မဟုတ်သည်ကိုတော့ ပြဇာတ်စာပေသဘောအရ သိရှိနားလည်ထားရန် လိုအပ်ပေသည်။ သို့မဟုတ်ပါက “မလာအိကာဟ်များသည် အလ္လာဟ်၏အမိန့်တော်တစ်ရပ်ကို စောဒကတက် ဆန့်ကျင်နိုင်ပါသလား” ဟူ၍လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်က စီမံကိန်းတစ်ရပ်ကို ရေးဆွဲရာ၌ “မလာအိကာဟ်များနှင့် တိုင်ပင် ဆွေးနွေးရပါသလား” ဟူ၍လည်းကောင်း အသီးသီးသောမေးခွန်းများက နေရာဝင်ယူလာပါလိမ့်မည်။ အထက်ပါ အာယတ်တော်ကို လေ့လာကြည့်ပါလျှင် အလ္လာဟ်အရှင်မြတ်က မဟာစကြ၀ဠာ အတွင်းရှိ မြောက်များစွာသော ဂြိုဟ်များအနက် ကမ္ဘာဂြိုဟ်ပေါ်၌ ဖန်ဆင်းခံတစ်မျိုးဖြစ်သော လူသားအတွက် နေရာထိုင်ခင်း စီစဉ်ပေး လေသည်။ ထို့နောက် လူသားကို စီရင်ဖြစ်ထွန်းစေ၏။ ထို့နောက် လူသားကို တစ်ဆင့်ပြီးတစ်ဆင့် အဆင့်မြှင့်တင်ပြီး “အင်န်စာန်” အဆင့်မှ “အာဒမ်” အဆင့် တစ်နည်းအားဖြင့် လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသော၊ အသိဉာဏ်ပညာရှိသော၊ မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်သောအဆင့်သို့ တိုးတက်ရောက်ရှိစေခဲ့လေသည်။ ထို “အာဒမ်” အဆင့်သို့ ရောက်ရှိ သောအခါ “မလာအိကာဟ်” ဟုခေါ်သော သဘာဝစွမ်းအားစုများကို လူသား၏ လွှမ်းမိုးချုပ်ကိုင်မှုအောက်သို့ ရောက်ရှိအောင် အလ္လာဟ်အရှင်မြတ်က စီမံဆောင်ရွက်လေသည်။

ဤတွင် ဇာတ်လမ်းသဘောအရ “မလာအိကာဟ်” တို့က လူသားတို့၏ လွှမ်းမိုးချုပ်ကိုင်မှုကို လက်မခံလိုကြောင်း၊ အလ္လာဟ်အရှင်မြတ်၏ တိုက်ရိုက်ခိုင်းစေ လိုမှုကိုသာ နာခံလိုကြောင်း စောဒကတက်ကြလေသည်။

ဖြစ်စဉ်၏ အနက်သဘောကိုလေ့လာကြည့်လျှင် အလ္လာဟ်အရှင်မြတ်က လူသားကို အဆင့်မြှင့်တင်ပြီး ကမ္ဘာကြီးကို အုပ်ချုပ်မှု “အမာနသ်” ပေးလေသည်။ သို့သော် လူသား၏ သဘောသဘာဝသည်ကား ကိုယ်ကျိုးရှာလိုကြသည်။ တရားမဲ့မှုကို ခုံမင်သည်။ သို့ဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကို စဉ်ဆက်မပြတ် နာခံရိုကျိုးလျက်ရှိသော “မလာအိကာဟ်” သဘာဝစွမ်းအားစုများကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချပြီး အုပ်စုဝင်အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ခြင်းဖြင့် သွေးချောင်းစီးမှုကို ဖန်တီးလုပ်ဆောင်ကြသည်။ တစ်နည်းအားဖြင့်ဆိုသော် အလ္လာဟ်အရှင်မြတ်က ချီးမြှင့် ထားသော “မလာအိကာဟ်” သဘာဝစွမ်းအားစုများကို လူသားအကျိုးအတွက် မှန်မှန်ကန်ကန် အသုံးချလျှင် တစ်စုံ တစ်ရာ အကျိုးရှိမည်ဖြစ်သော်လည်း မှန်မှန်ကန်ကန်အသုံးမချဘဲ ကိုယ်ကျိုးစီးပွားအတွက် ခုတုံးလုပ်လျှင်မူ လူအများ ပျက်စီးဆုံးရှုံး၍ သွေးချောင်းစီးသွားနိုင်ကြောင်းကို လူ့သဘောသဘာဝနှင့် “မလာအိကာဟ်” ၏ သဘောသဘာဝကို အထက်ပါအာယသ်တော်က ပြဇာတ်စာပေဆန်ဆန် အသိပေး ရည်ညွှန်းပြသထားခြင်းသာ ဖြစ်သည်။

 

(ဆက်လက်ဖော်ပြပါမည်)

 

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁) မှ (၁၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်

ဆူရာဟ်ဘကရာဟ်၊ အာယသ်တော် (၁၁) မှ (၂၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်