ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၁) မှ (၁၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)

بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ

မဟာစကြ၀ဠာကြီး၏ လိုအပ်ချက်အဝဝကို လိုလေသေးမရှိအောင် ကြိုတင်၍ စနစ်တကျ စီမံ ထောက်ပံ့ထားတော်မူသော မဟာကရုဏာတော် အရှင်ဖြစ်သည့် အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ဦးထိပ်ပန်ဆင်ပါ၏။

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၁)

يسٓ

အို – ဆီးန်…
(ကုရ်အာန် – ၃၆း၁)

ရှင်းလင်းချက် ။ ။ အရဗီဘာသာစာပေတွင် (ယား) ဆိုသည်မှာ (ယာ) ဆိုသည့်ဗျည်းနှင့် (အလီဖ်း) ဆိုသည့်ဗျည်းတို့ကို ပေါင်းစပ်ရေးသားထားခြင်းဖြစ်သည်။ အရဗီ (ယာ) ဆိုသည်မှာ `အို…´ ဟူသော `ရေရွတ်ဟစ်ခေါ်အသိပေးခြင်း´ကို ရည်ညွှန်းလေသည်။

(ဆီးန်) ဟူသောစကားလုံးသည် သင်္ကေတ သဘောကိုဆောင်၍ တစ်စုံတစ်ရာကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ယင်းကဲ့သို့ သင်္ကေတ သဘောဆောင်၍ ရည်ညွှန်းထားခြင်းက ကျမ်းမြတ်ကုရ်အာန်ကို လေ့လာဆည်းပူးသူတို့၏ ဦးနှောက်အသိဉာဏ်ကို စေစားအသုံးပြုစေလိုသော အလ္လာဟ်အရှင်မြတ်၏ ဆန္ဒတော်တစ်ရပ်ဖြစ်သည်။

ကျမ်းတော်မြတ်ကုရ်အာန် (၁၂း၂)တွင် ဤသို့ ပြဆိုထားသည်။

“ငါအလ္လာဟ်အရှင်မြတ်သည် ယင်းအရာကို အဖန်တလဲလဲ ဖတ်စရာအဖြစ်လည်းကောင်း၊ အရဗီဘာသာ စာပေအဖြစ်လည်းကောင်း၊ အဆင့်ဆင့် ထုတ်ပြန်ပို့ချပေးခဲ့ရခြင်းမှာ သင်တို့၏အသိဉာဏ်ကို စေစားအသုံးပြုနိုင်ရန် အတွက်ဖြစ်သည်” (ကုရ်အာန် – ၁၂း၂ )

(ဆီးန်) ဟူသော အရဗီသင်္ကေတဆိုင်ရာ ဝေါဟာရကို အချို့ပညာရှင်တို့က (နာစ်း) လူသား ကို ရည်ညွှန်းခြင်း ဟု အနက်ကောက်ယူကာ “ယားဆီးန်” `အို … လူသား´ ဟု အဓိပ္ပါယ်ဖွင့်ဆိုကြသည်။

အလားတူ (ဆီးန်)ဆိုသည်မှာ (ဆိုင်ယိဒ်)အကြီးအကဲ၊ ဦးစီးနာယက၊ ခေါင်းဆောင်ကြီး၊ ဂုဏ်သရေရှိသူ၊ ဦးဆောင်သူ ကို ရည်ညွှန်းသည်ဟု အနက်ကောက်ယူကြသည်။ ကျမ်းတော်မြတ်ကုရ်အာန်ကို ပို့ချဖြန့်ချိဟောကြားသူ နဗီတမန် တော်မြတ်ကြီးအား မွတ်စလင်မ်ထုတစ်ရပ်လုံးက ဆိုင်ယိဒ် ဟု သတ်မှတ်ထားကြသည့်အတွက် “ယားဆီးန်” “အို… လူသားတို့၏ ဦးစီးနာယက တမန်တော်မုဟမ္မဒ်(ဆွ)” ဟုလည်း အချို့ပညာရှင်တို့က အဓိပ္ပါယ်ဖွင့်ဆိုကြသည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၂)

وَٱلۡقُرۡءَانِ ٱلۡحَكِيمِ

အသိပညာအရပ်ရပ်အား ကြွယ်ဝစွာဖြင့် ပါဝင်ဖွဲ့စည်းထားသော ကျမ်းမြတ်ကုရ်အာန်ကို ငါအရှင် သက်သေထူတော်မူ၏။
(ကုရ်အာန် – ၃၆း၂)

ရှင်းလင်းချက် ။ ။ အထက်ပါအာယတ်တော်၏ ထိပ်ဆုံးတွင်ပါရှိသော (ဝေါဝ်)သည် (ဝေါဝ်အွလ် ကဆ်မီယဟ်) ဖြစ်သည်။ အလိုသဘောမှာ အလ္လာဟ်အရှင်မြတ်၏ တိုင်တည်သက်သေထူမှုကို ရည်ညွှန်းခြင်းဖြစ်သည်။ ယင်းကဲ့သို့သော ရည် ညွှန်းမှုများကို ကျမ်းတော်မြတ်ကုရ်အာန်၌ ဥပမာအားဖြင့် (၉၅း၁) (၉၅း၂) (၉၅း၃) (၁၀၀း၁) (၁၀၃း၁) အစရှိသည်တို့ ၌ တွေ့ရှိရပေသည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၃)

إِنَّكَ لَمِنَ ٱلۡمُرۡسَلِينَ

ဧကန်အမှန် အသင်(မုဟမ္မဒ်)သည် စေလွှတ်ခြင်းခံရသော အလ္လာဟ့်တမန်တော်များအနက်မှ တမန် တော်တစ်ပါးဖြစ်သည်။
(ကုရ်အာန် – ၃၆း၃)

ရှင်းလင်းချက် ။ ။ အလ္လာဟ်အရှင်မြတ်သည် လူသားအုပ်စုဝင်အဆက်တို့အတွက် လမ်းညွှန်ပြသူ တမန်တော် များအဖြစ် ယင်းလူသားတို့အတွင်းမှပင် လူသားတစ်ဦးကို ရွေးချယ်တာဝန်ပေးအပ်ခဲ့သည်။ ဥပမာ- တမန်တော်အီဗရာ ဟင်မ်(အ)၊ တမန်တော်မူဆာ(အ)၊ တမန်တော်အီဆာ(အ) အစရှိသည်တို့ဖြစ်သည်။ ယင်းကဲ့သို့ စဉ်ဆက် မပြတ်သော တမန်တော်များအနက် တမန်တော်မုဟမ္မဒ်(ဆွ)သည် နောက်ဆုံးဝဟီကို လက်ခံသယ်ဆောင်ဖြန့်ချိ ပေးသူ နောက်ဆုံးတမန်တော်ဖြစ်သည်။

သို့သော် အရဗ်နွယ်ဖွား တမန်တော်မုဟမ္မဒ်(ဆွ)နှင့်ပတ်သက်၍ ယင်းခေတ်ရှိ `ကိုရိုက်ရှ်´မျိုးနွယ်များက လက်မခံကြချေ။ ဂျူးနှင့် ခရစ်ယာန်တို့ကလည်း ငြင်းဆိုကြသည်။ ခရစ်ယာန်တို့အနေနှင့် တမန်တော်တစ်ပါး ထပ်မံ ပွင့်ပေါ်လာဦးမည်ဟူသော သူတို့၏ဗျာဒိတ်တော်ကို လက်ခံယုံကြည်ကြသော်လည်း သူတို့မျိုးနွယ်မှမဟုတ်ဘဲ အရဗ် မျိုးနွယ်မှပွင့်ပေါ်သော တမန်တော်မုဟမ္မဒ်ကို လက်မခံကြချေ။ လူလိမ်လူညာဟု စွပ်စွဲကြလေသည်။ ယင်းစွပ်စွဲပြောဆို ချက်အရပ်ရပ်ကို ယုံကြည်သူတို့အတွက် ယင်းအာယသ်တော် (၃၆း၃)က ချေဖျက်လိုက်ခြင်းဖြစ်သည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၄)

عَلَىٰ صِرَٲطٍ۬ مُّسۡتَقِيمٍ۬

ယင်းတမန်တော်သည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ပေါ်တွင် တည်ရှိနေသည်။
(ကုရ်အာန် – ၃၆း၎)

ရှင်းလင်းချက် ။ ။ ကျမ်းတော်မြတ်ကုရ်အာန် (၄၂း၅၂)တွင် ဤသို့ပြဆိုထားလေသည်။

“ယင်းကဲ့သို့ပင် ငါအလ္လာဟ်အရှင်မြတ်က ငါ၏အမိန့်တော်အနက်မှ လူသားထုတစ်ရပ်လုံး သက်ဝင်လှုပ်ရှား လာစေသော `ရူဟ်´ဟူသည့် ကျမ်းမြတ်ကုရ်အာန်ကို ၀ဟီအဖြစ် ထုတ်ပြန်ပို့ချခဲ့လေပြီ။ သင်သည် ကျမ်းဂန်ဒေသနာ ဟူသည် အဘယ်နည်းဆိုသည်ကိုသော်လည်းကောင်း၊ အီမာန်သက်ဝင်ယုံကြည်ခြင်းဟူသည် အဘယ်နည်းဆိုသည်ကို လည်းကောင်း (၀ဟီမရခင် မွေးရာပါ) သိရှိလာခဲ့သည် အလျှင်းမဟုတ်ပေ။ သို့ပေငြားလည်း ငါအရှင်မြတ်သည် ငါ၏နာခံ တော်များအနက်မှ အလိုတူသူတို့အပေါ် ကျမ်းမြတ်ကုရ်အာန်ကို လင်းရောင်ခြည်အဖြစ် စီမံဆောင်ရွက်တော်မူပြီး ယင်း ကုရ်အာန်အားဖြင့် သူတို့အား လမ်းညွှန်ပြသလျက်ရှိသည်။ ဧကန်မလွဲ သင်သည်လည်း ဖြောင့်မတ်မှန်ကန်သော လမ်းကိုသာ ညွှန်ပြလျက်ရှိနေသည်” (ကုရ်အာန် – ၄၂း၅၂)

အလ္လာဟ်အရှင်မြတ်သည် တမန်တော်မြတ်(ဆွ)အား ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အပေါ်တွင် အမှန် တကယ်ရှိစေခဲ့သလို တမန်တော်မြတ်(ဆွ)ကလည်း ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်ပေါ် ဧကန်မလွဲရှိခဲ့ပေပြီ။

ဖြောင့်မတ်မှန်ကန်သောလမ်းစဉ်ကား အဘယ်နည်း။

ကျမ်းတော်မြတ်ကုရ်အာန်(၄၂း၅၂)အရ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်ဟူသည် ချိနဲ့အားနည်းနေသူများ အတွက် `ရူဟ်´တည်းဟူသော သက်ဝင်လှုပ်ရှားမှုကို ပေးစွမ်းနိုင်သော ကျမ်းတော်မြတ်ကုရ်အာန်ဖြစ်သည်။ အမှောင် အမိုက်ထဲရှိသူတို့ကို `နူးရ်´တည်းဟူသော အလင်းရောင်ဖြင့် လမ်းညွှန်ပြမည့် ကျမ်းမြတ်ကုရ်အာန်ဖြစ်သည်။ ယင်း ကျမ်မြတ်ကုရ်အာန်၏ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အားဖြင့် တမန်တော်မြတ်က လူသားထုတစ်ရပ်လုံးကို လမ်းပြ လျက်ရှိလေသည်။

အခြားတစ်ဖက်က ကြည့်မည်ဆိုလျှင် တမန်တော်မြတ်သည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်အပေါ် ရပ် တည်လျက်ရှိသည့်အားလျော်စွာ လောဘ၊ မောဟ၊ ဒေါသ၊ တဏှာရာဂ ကင်းရှင်းသူဖြစ်သည်။ သို့ဖြစ်ရာ တမန်တော် မြတ်(ဆွ)အပေါ် လောဘ၊ မောဟ၊ ဒေါသ၊ တဏှာရာဂ မကင်းနိုင်သူတစ်ဦးအဖြစ် ရှုမြင်သုံးသပ်ခြင်း၊ ရေးသားမှတ် တမ်းတင်ခြင်း၊ ပြောဆိုဆွေးနွေးခြင်း အစရှိသည်တို့မှာ တမန်တော်မြတ်အား မယုံကြည်ခြင်းနှင့် ကျမ်းမြတ်ကုရ်အာန် ကို ငြင်းပယ်ခြင်းသာဖြစ်သည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅)

تَنزِيلَ ٱلۡعَزِيزِ ٱلرَّحِيمِ

အရာရာကို မဟာကရုဏာတော်ဖြင့် လွှမ်းခြုံနိုင်လောက်အောင် တန်ခိုးအာနုဘော် စွမ်းပကားတို့ဖြင့် ပြည့်စုံတော်မူသည့် အလ္လာဟ်အရှင်မြတ်ထံမှ ထုတ်ပြန်ပို့ချသော ကျမ်းဂန်ကုရ်အာန်ဖြစ်သည်။
(ကုရ်အာန် – ၃၆း၅)

ရှင်းလင်းချက် ။ ။ ကုရ်အာန် (၂၅း၁)တွင် ကျမ်းတော်မြတ်ကုရ်အာန်ကို လူသားတို့အတွက် အမှားနှင့်အမှန်ကို ခွဲခြားပေးရန် မှတ်ကျောက် (Criterion) အဖြစ်လည်းကောင်း၊ သတိပေးနှိုးဆော်ရန်အတွက်လည်းကောင်း ထုတ် ပြန်ပို့ချပေးထားခြင်းဖြစ်ကြောင်းကို အောက်ပါအတိုင်းပြဆိုထားသည်။

“မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်သည် သူ၏နာခံတော် မုဟမ္မဒ်(ဆွ)အပေါ်သို့ အမှားနှင့်အမှန်၊ အဆိုးနှင့်အကောင်းတို့ကို တိတိကျကျ ခွဲခြမ်းစိတ်ဖြာပေးနိုင်သော မှတ်ကျောက်(ကုရ်အာန်)ကို ထုတ် ပြန်ပို့ချပေးခဲ့လေပြီ။ ထိုသို့ထုတ်ပြန်ပို့ချပေးရခြင်းမှာ စကြ၀ဠာခပ်သိမ်းအား ယင်းမှတ်ကျောက်(ကုရ်အာန်)အားဖြင့် အသိပေးဆုံးမ၊ တရားပြနိုင်ရေးအလို့ငှာဖြစ်သည်” (ကုရ်အာန် – ၂၅း၁ )

တမန်တော်မြတ် သတိပေးဆုံးမ တရားပြခဲ့သော ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် အဆိုးနှင့်အကောင်း၊ အမှားနှင့်အမှန်ကို မှတ်ကျောက်တင် ဝေဖန်ပိုင်းခြားပြီး အမှန်တရားကို လိုက်နာကျင့်ကြံသူတို့အဖို့ အလ္လာဟ်အရှင် မြတ်၏ `ရဟ်မသ်´တော်ဖြင့် လွှမ်းခြုံခံရမည်ဖြစ်သည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၆)

لِتُنذِرَ قَوۡمً۬ا مَّآ أُنذِرَ ءَابَآؤُهُمۡ فَهُمۡ غَـٰفِلُونَ

သတိပေးဆုံးမတရားပြခြင်း မခံခဲ့ရသော သင်တို့၏ ဘိုး၊ ဘွား၊ ဘီ၊ ဘင် မျိုးနွယ်တစ်ရပ်အား သင်တမန်တော်က သတိပေးဆုံးမ တရားပြနိုင်ရေးအတွက် ယင်းကုရ်အာန်ကို ထုတ်ပြန် ပို့ချပေးခဲ့ခြင်းဖြစ်သည်။ သူတို့၏ဘိုးဘွားဘီဘင်တို့မှာ အမှန်တရားနှင့်ပတ်သက်၍ သတိမမူမိကြသူများဖြစ်ကြ၏။
(ကုရ်အာန် – ၃၆း၆)

ရှင်းလင်းချက် ။ ။ တမန်တော်မြတ်သည် ကျမ်းတော်မြတ်ကုရ်အာန်အားဖြင့် မက္ကာဟ်သားတို့အား အရင်ဦးဆုံး သတိပေးဆုံးမ တရားပြခဲ့လေသည်။ သို့ပေငြားလည်း မက္ကာဟ်သားအများစုမှာ သူတို့၏ ဘိုးဘွားဘီဘင်တို့၏ ကိုး ကွယ်မှုဆိုင်ရာပေါ်တွင်သာ အသိမဲ့စွာ ရပ်တည်လျက်ရှိကြသည်။ ကျမ်းတော်မြတ်ကုရ်အာန် (၂း၁၇၀)တွင် ဤသို့ ပြဆိုထားလေသည်။

“တစ်စုံတစ်ဦးက သူတို့အား သင်တို့သည် အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ပို့ချသော ကျမ်းမြတ်ကုရ်အာန်ကို ဖ၀ါးခြေထပ် လိုက်နာကြလေကုန်ဟုပြောသောအခါ ထိုသူတို့က `အလျဉ်းမဟုတ်ပေ။ ငါတို့သည် ငါတို့၏ ဘိုးဘွား ဘီဘင်များက လိုက်နာကျင့်သုံးခဲ့သော ကျင့်စဉ်ကျင့်ရပ်များအပေါ်တွင်သာ လိုက်နာကျင့်သုံးလျက်ရှိကြသည်´ ဟု ပြောဆိုခဲ့ကြလေသည်။ လုံးဝအသိတရားမရှိခဲ့ကြသလို လမ်းမှန်ပေါ်၌လည်းမရှိကြသော သူတို့၏ ဘိုးဘွားဘီဘင်လမ်း စဉ်ပေါ်တွင် သူတို့ လိုက်နာအခြေပြုလိုကြသလော”
(ကုရ်အာန် – ၂း၁၇၀ )

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၇)

لَقَدۡ حَقَّ ٱلۡقَوۡلُ عَلَىٰٓ أَكۡثَرِهِمۡ فَهُمۡ لَا يُؤۡمِنُونَ

သတိပေးဆုံးမ ပြောကြားချက်သည် မြောက်များစွာသော သူတို့အပေါ်၌ ဧကန်အမှန် အတည်ပြု ပြဋ္ဌာန်းထားခဲ့ပြီး ဖြစ်သော်လည်း သူတို့သည်ကား ယင်းအပေါ်၌ သက်ဝင်ယုံကြည်မှု အလျဉ်းမရှိကြချေ။
(ကုရ်အာန် – ၃၆း၇)

ရှင်းလင်းချက် ။ ။ အစ္စလာမ်က သတ်မှတ်သော အမှန်တရားဆိုသည်မှာ လူ များသည်၊ နည်းသည်ဟူသော အရေအတွက်နှင့် မသက်ဆိုင်ပေ။ အရည်အချင်းနှင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် အများစုက ကျင့်သုံးနေကြသဖြင့် မိမိသည်လည်း လိုက်နာကျင့်သုံးမည်ဆိုသည်ထက် အမှန်တရား ဟုတ်၊ မဟုတ်ကို လေ့လာဆန်းစစ်ပြီးမှ လိုက်နာ ကျင့်သုံးခြင်းကသာလျှင် အစ္စလာမ်၏အနှစ်သာရဖြစ်သည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၈)

إِنَّا جَعَلۡنَا فِىٓ أَعۡنَـٰقِهِمۡ أَغۡلَـٰلاً۬ فَهِىَ إِلَى ٱلۡأَذۡقَانِ فَهُم مُّقۡمَحُونَ

ဧကန်အမှန် ငါအလ္လာဟ်အရှင်မြတ်သည် ယင်းအများစုတို့၏ လည်ကုပ်များတွင် လည်ကွင်းများကို သူတို့၏မေးစေ့ရောက်သည်အထိ စွပ်ပေးထားလေသည်။ သို့ဖြစ်ရာ သူတို့သည် ခေါင်းပင်မငုံ့နိုင်တော့ဘဲ မော် ကြွားမောက်မာလျက်ရှိသည်။
(ကုရ်အာန် – ၃၆း၈)

ရှင်းလင်းချက် ။ ။ ကျမ်းတော်မြတ်ကုရ်အာန်၏ ပကတိအမှန်တရားကို ကျောခိုင်းကာ ဘိုးဘွားဘီဘင် ကျင့်သုံးမှု များကိုသာ လက်ခံကျင့်သုံးနေသူများသည်လည်းကောင်း၊ အများစုအနောက်သို့ လိုက်နေကြသူများသည်လည်း ကောင်း၊ သူတို့၏လည်ကုပ်၌ လွဲမှားသော အယူအဆများက ခွစီးထားပြီးဖြစ်၏။ ထို့ပြင်မက ထိုသူတို့သည် မိမိတို့၏ အယူအဆများသည်သာ အမှန်တရား၊ သစ္စာတရားဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားစွာ လက်ခံထားသည့်အပေါ် အလွန် မောက်မာမော်ကြွားနေကြပြီး အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အပေါ် ဘယ်တော့မျှ ဦးညွတ်ခယ ရိုကျိုးကြလိမ့်မည် မဟုတ်ပေ။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၉)

وَجَعَلۡنَا مِنۢ بَيۡنِ أَيۡدِيہِمۡ سَدًّ۬ا وَمِنۡ خَلۡفِهِمۡ سَدًّ۬ا فَأَغۡشَيۡنَـٰهُمۡ فَهُمۡ لَا يُبۡصِرُونَ

ငါအရှင်မြတ်သည် သူတို့၏ရှေ့၌ အတားအဆီး၊ အကာအရံတစ်ခုကိုလည်းကောင်း၊ သူတို့၏နောက်၌ အတားအဆီး၊ အကာအရံတစ်ခုကိုလည်းကောင်း စီမံဆောင်ရွက်ထားပေးခဲ့ပြီးဖြစ်သည်။ ယင်းအကာကွယ် များဖြင့် သူတို့အား ငါအရှင်မြတ်က တားဆီးလိုက်သည့်အတွက် သူတို့သည် မမြင်နိုင်ကြတော့ချေ။ (ကုရ်အာန် – ၃၆း၉)

ရှင်းလင်းချက် ။ ။ ကုရ်အာန် (၃၆း၈)တွင်ဖော်ပြထားသော မောက်မာမော်ကြွားနေသူတို့၏အရှေ့တွင် အကာအရံ တစ်ခုကိုလည်းကောင်း၊ အနောက်တွင် အကာအရံတစ်ခုကိုလည်းကောင်း ၊အလ္လာဟ်အရှင်မြတ်က ကာရံပေးလိုက် သည်ဆိုခြင်းမှာ သူတို့၏ မောက်မာမော်ကြွားမှုက အတိတ်ကို ပြန်လည်မသုံးသပ်နိုင်သလို အနာဂတ်ကိုလည်း စူးစမ်း မြော်မြင်နိုင်စွမ်းမရှိတော့ခြင်းကို ရည်ညွှန်းလေသည်။ သူတို့သည် သူတို့၏လက်ရှိဘ၀ကိုသာ ပျော်ပိုက်နေကြသော အတိတ်မေ့၊ အနာဂတ်ပျောက်နေသူများဖြစ်သည်။ မိမိသာလျှင် မိမိဘ၀၏အရှင်သခင်ဟု တွေးထင်ထားကြသူများ သည် အမှန်တကယ်မှာမူ ဝေဒနာရှင်များသာဖြစ်လေသည်။
ကျမ်းတော်မြတ်ကုရ်အာန်(၂း၇)၌ ဤသို့ပြဆိုထားသည်။

“အလ္လာဟ်အရှင်မြတ်သည် ဖုံးကွယ်မှုတစ်ရပ်ကို သူတို့၏နှလုံးသားများအပေါ်၌လည်းကောင်း၊ သူတို့၏ အကြားအာရုံအပေါ်၌လည်းကောင်း၊ သူတို့၏ အမြင်အာရုံ အပေါ်၌ လည်းကောင်း ခတ်နှိပ်ပေးခဲ့လေပြီ” (ကုရ်အာန် – ၂း၇)

“သူတို့၏နှလုံးသားများက ဝေဒနာတစ်ရပ်ကို မွေးထုတ်ပေးလိုက်ပြီဖြစ်ရာ အလ္လာဟ်အရှင်မြတ်ကလည်း ယင်း ဝေဒနာကို တိုးပွားစေတော်မူလိုက်၏” (ကုရ်အာန် – ၂း၁၀ )

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၁၀)

وَسَوَآءٌ عَلَيۡہِمۡ ءَأَنذَرۡتَهُمۡ أَمۡ لَمۡ تُنذِرۡهُمۡ لَا يُؤۡمِنُونَ

သူတို့၏ အီမာန်သက်ဝင်ယုံကြည်နိုင်မှု မရှိခြင်းအပေါ် သင်တမန်တော်က သတိပေး၊ တရားပြဆုံးမမှု ကို ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ သူတို့အပေါ် အကျိုးသက်ရောက်မှု တစ်စုံတစ်ရာရှိမည်မဟုတ်ပေ။
(ကုရ်အာန် – ၃၆း၁၀)

ရှင်းလင်းချက် ။ ။ အီမာန်သက်ဝင်ယုံကြည်ခြင်းသည် နူးညံ့သိမ်မွေ့သော နှလုံးသားပိုင်ရှင်တို့အတွက်သာ ဖြစ် သည်။ အီမာန်နှင့် မောက်မာမော်ကြွားမှုသည် ဆန့်ကျင်ဖက်ဖြစ်သည်။ ထို့ကြောင့် အမှန်တရား၊ သစ္စာတရားကို လက် ခံနာယူမှတ်သားနိုင်သူတို့၏ အရည်အသွေးသည် လက်ရှိမျက်မှောက်အနေအထားကို မျက်ခြေမပြတ်ဘဲ အတိတ်ကို အမြဲတမ်း ပြန်လည်သုံးသပ်နေသူဖြစ်ရမည်။ အနာဂတ်ကိုလည်း ရှုမျှော်သုံးသပ်နိုင်သောအမြင် ရှိရပေမည်။ မိမိမျက် မှောက်အခြေအနေနှင့် အတိတ်ကာလအကြာ၌လည်းကောင်း၊ အနာဂတ်ကာလအကြား၌လည်းကောင်း၊ အတားအ ဆီး၊ အကာအရံများ မခြားထားသင့်ပေ။

ထို့ပြင်မက အီမာန်သက်ဝင်ယုံကြည်သူတို့မည်သည် မိမိတို့၏အယူအဆ၊ အတွေးအခေါ်၊ မူဝါဒတစ်ရပ်ကို ပုံ သေဆုပ်ကိုင်ထားပြီး တိုးတက်ပြောင်းလဲနေသော ဖြစ်စဉ်အရပ်ရပ်ကို လက်မခံလိုသောတရားသေဝါဒီများ မဖြစ်ဖို့လို အပ်ပေသည်။ တရားသေဝါဒီတို့၏ နှလုံးသားများသည်ကား ကျောက်ဆောင်များထက်ပင် ခက်ထန်မာကျောလှပေ သည်။ ကျမ်းတော်မြတ်ကုရ်အာန် (၅၉း၂၁)တွင် အောက်ပါအတိုင်း ပြဆိုထားသည်။

“အကယ်၍ ဤကုရ်အာန်ကို ကျောက်တောင်တစ်လုံးအပေါ်သို့ ငါအလ္လာဟ်အရှင်မြတ်က ချပေးလိုက်မည်ဆို လျှင် ယင်းတောင်သည် အလ္လာဟ် ငါအရှင်မြတ်ကို ကြောက်ရွံ့သောကြောင့် နိမ့်ကျပြိုပျက်ပြီး အစိပ်စိပ် အမွှာမွှာ ကွဲကြေ သွားသည်ကို ဧကန်အမှန်ပင် သင်တွေ့ရပေလိမ့်မည်။ ငါအလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် ယင်းဥပမာ ပုံဆောင်ချက်ကို ခိုင်းနှိုင်းဖော်ပြရခြင်းမှာ သူတို့စဉ်းစားဆင်ခြင် သုံးသပ်ကြစေရေးအလို့ငှာဖြစ်သည်” (ကုရ်အာန် – ၅၉း၂၁)

ထို့ကြောင့် ကျောက်တောင်များထက်ပင် ပို၍မာကျောသော တရားသေဝါဒီတို့၏ နှလုံးသားအပေါ်သို့ တမန် တော်မြတ်၏ သတိပေးဆုံးမ တရားပြမှုဖြစ်သော ကျမ်းမြတ်ကုရ်အာန်သည်ကား အလျဉ်းထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ကြောင်းကို ကုရ်အာန်(၃၆း၁၀)က ရည်ညွှန်းပြဆိုနေခြင်းဖြစ်သည်။

 

(ဆက်လက်ဖော်ပြပါမည်)