ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၁) မှ (၆၀) အထိ (ပြန်ဆိုသူ – မုဖ်သီ ဦးစန်းအောင်)

بِسۡمِ ٱللهِ ٱلرَّحۡمَـٰنِ ٱلرَّحِيمِ

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၁)

وَنُفِخَ فِى ٱلصُّورِ فَإِذَا هُم مِّنَ ٱلۡأَجۡدَاثِ إِلَىٰ رَبِّهِمۡ يَنسِلُونَ

ပြီးနောက် တံပိုးခရာမှုတ်သောအခါ သူတို့သည် သူတို့လဲလျောင်းခဲ့ရာ သဂြိုဟ်မှုပြုရာ နေရာများမှ ထထွက်လာပြီး သူတို့အား မွေးမြူပြုစုရာအရှင်ထံသို့ အလျင်အမြန် လာကြပေလိမ့်မည်။
(ကုရ်အာန် – ၃၆း၅၁)

ရှင်းလင်းချက် ။ ။ ကျမ်းတော်မြတ်ကုရ်အာန်က ရည်ညွှန်းသော တံပိုးခရာမှုတ်ခြင်းဆိုသည်မှာ အဘယ်နည်း။ မည်သည့်အချိန်တွင် တံပိုးခရာမှုတ်မည်နည်း။
အထက်ပါမေးခွန်း(၂)ရပ်ကို လေ့လာသုံးသပ်ပြောဆိုမည်ဆိုပါက ကျမ်းတော်မြတ်ကုရ်အာန် အခြားအာယသ်များတွင် ဖော်ညွှန်းထားသော တံပိုးခရာမှုတ်ခြင်းဆိုင်ရာ သဘောတရားများကို လေ့လာရန်လိုအပ်ပေသည်။ ကျမ်း တော်မြတ်ကုရ်အာန်တွင် `တံပိုးခရာမှုတ်ခြင်း´နှင့်ပတ်သက်၍ အထက်ဖော်ပြပါ ဆူရာဟ် ယာဆီးန်၊ အာယသ်တော်(၅၁) အပါအ၀င် အာယသ်တော်ပေါင်း(၁ဝ)ပါးအထိ ဖော်ပြထားလေသည်။

“တံပိုးခရာမှုတ်ခြင်း အချင်းအရာသည်ကား ချိန်းဆိုထားသော အချိန်အခါပင်ဖြစ်သည်” ( ကုရ်အာန် – ၅၀း၂၀ )

“ထိုနေ့သောအခါဝယ် ငါအရှင်မြတ်သည် လူသားတို့အနက် အချို့တို့အပေါ် လှိုင်းလုံး၊ လှိုင်းလိပ်ကြီးများ သဏ္ဍာန် တိုးဝှေ့ထပ်ဆင့်လျက် ထားရှိတော်မူပေမည်။ တံပိုးခရာမှုတ်ပြီးသောအခါ၌မူ ငါအရှင်မြတ်သည် သူတို့အားလုံး ကို တစ်စုတစ်စည်းတည်းဖြင့် စုရုံးထားတော်မူပေမည်” ( ကုရ်အာန် – ၁၈း၉၉ )

“တံပိုးခရာမှုတ်သောအခါ သူတို့၏အကြားတွင် ဆွေမျိုးတော်စပ်ခြင်းများ ပျက်ပြယ်သွားသလို တစ်ဦးနှင့် တစ်ဦးအကြားတွင် အပြန်အလှန် စကားစမြည်ပြောဆိုကြခြင်းများလည်း အလျဉ်းရှိကြတော့မည်မဟုတ်ပေ” ( ကုရ်အာန် – ၂၃း၁၀၁ )

“တံပိုးခရာမှုတ်သောနေ့တွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်ကို နာခံသူတို့မှအပ မဟာစကြ၀ဠာ၌ ရှိသူတို့ သည်လည်းကောင်း၊ ကမ္ဘာဂြိုဟ်ပေါ်၌ရှိသူတို့သည်လည်းကောင်း၊ ထိတ်လန့်တုန်လှုပ် ပြိုလဲသွားကြပေမည်။ ထိုမှတစ် ပါး အားလုံးတို့သည် ရှုံးနိမ့်သူများပမာ အလ္လာဟ်အရှင်မြတ်ထံ ရောက်ရှိလာကြပေမည်” (ကုရ်အာန် – ၂၇း၈၇)

“ထိုနေ့တွင် အသင်တို့က အလွန်ခိုင်မြဲတောင့်တင်းသော ကျောက်စိုင်ကျောက်ခဲများဖြစ်သည်ဟု ယူဆထား သည့်တောင်များကို မိုးတိမ်များ လွင့်မျောသကဲ့သို့ လွင့်မျောနေသည်ကို သင်တို့ မြင်တွေ့ရပေလိမ့်မည်” (ကုရ်အာန် – ၂၇း၈၈)

အထက်ဖော်ပြပါ တံပိုးခရာမှုတ်ခြင်းဆိုင်ရာ အာယသ်တော်များကို လေ့လာကြည့်ပါလျှင် ကျမ်းတော်မြတ် ကုရ်အာန်က ရည်ညွှန်းနေသော `တံပိုးခရာမှုတ်ခြင်း´ဆိုသည့် စကားရပ်သည် အမှန်တကယ်၌ တံပိုးခရာတစ်လက်ကို တစ်စုံတစ်ယောက်က မှုတ်ခြင်းကို ဆိုလိုခြင်းမဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။ အခြေအနေပြောင်းလဲမှုတစ် ရပ်အတွက် သတိပေးချက်တစ်ရပ်ကို လူအများနားလည်အောင် ဥပမာပေးတင်စားထားခြင်းသာဖြစ်သည်ကို တွေ့ရပေ သည်။ အချို့ပညာရှင်များတို့က ကုရ်အာန်ကရည်ညွှန်းသော `တံပိုးခရာမှုတ်ခြင်း´ဆိုသည်မှာ မဟာစကြ၀ဠာအတွင်း ရှိ နေစကြ၀ဠာပေါက်ကွဲခြင်းကြောင့် ထွက်ပေါ်လာသော ကြီးမားသည့်ပေါက်ကွဲသံကို ရည်ညွှန်းခြင်းဖြစ်သည်ဟု ဆိုကြပေသည်။ ယင်းအယူအဆကို မှားသည်ဟုတော့ မဆိုသာပေ။ ဖြစ်နိုင်ချေများလှပေသည်။ ကျမ်းမြတ်ကုရ်အာန်တွင် စကြ၀ဠာအတွင်းရှိ ဂြိုဟ်ကြီးများပေါက်ကွဲမည့်အကြောင်း ဖော်ပြထားသော အာယသ်တော်များရှိပေသည်။

အခြားတစ်ဖက်မှ ကြည့်မည်ဆိုပြန်လျှင်လည်း ကျမ်းတော်မြတ်ကုရ်အာန်တွင် မဟာစကြ၀ဠာကြီးနှင့် ကမ္ဘာ ဂြိုဟ် အဆင့်ဆင့်ပြောင်းလဲဖြစ်တည်ထားသည့် အခြေခံသဘောကို ပြဆိုထားလေသည်။ ယင်းကဲ့သို့ဖြစ်တည်မှုအဆင့် ဆင့်ကို လေ့လာရာတွင် ပရမ်းပတာဖြစ်တည်ထားခြင်းမဟုတ်ဘဲ တစ်ဆင့်ပြီးတစ်ဆင့် ဖြစ်တည်ထားခြင်းကို လေ့လာ တွေ့ရှိရပေသည်။ သို့ဖြစ်၍ မဟာစကြာဝဠာကြီး ပျက်စီးသွားခြင်း၌လည်း အဆင့်ဆင့်ကူးပြောင်းပျက်စီးသွားမည်ဖြစ်ရာ `တံပိုးခရာမှုတ်ခြင်း’ သည်လည်း ပျက်စီးခြင်းဆိုင်ရာ အခန်းကဏ္ဍတစ်ရပ်ကို ရည်ညွှန်းနေကြောင်း၊ ယင်းအခန်းကဏ္ဍ သည် မည်သို့မည်ပုံ ဖြစ်ပျက်သွားမည်ဆိုသည့်အကြောင်းကို ကျမ်းမြတ်ကုရ်အာန်က ပုံဖော်နေခြင်းပင်ဖြစ်သည်။
တံပိုးခရာမှုတ်ခြင်းခံရပြီးနောက် ဖြစ်ပေါ်လာရသော `ကိယာမသ် (၀ါ) မဟာစကြ၀ဠာကြီး၏နိဂုံးကို ကျမ်း မြတ်ကုရ်အာန်က ပုံဖော်ပြထားပုံမှာ များစွာမှတ်သားဖွယ် ကောင်းလှပေသည်။ သက်မဲ့လူသားများ၊ ပြန်လည်ရှင်ပြန် ထမြောက်လာပုံ၊ လူသားတို့ ဖရိုဖရဲဖြစ်ပြီး နောက်ဆုံး မိမိအရှင်ထံသို့ ဦးတည်ပြေးလွှားကြပုံ၊ မိသားစုဖြစ်လင့်ကစား တစ်ဦးကိုတစ်ဦး မကယ်နိုင်ပုံ စသည်တို့ကို ကျမ်းတော်မြတ်ကုရ်အာန်က ပုံဖော်သတိပေးထားလေသည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၂)

قَالُواْ يَـٰوَيۡلَنَا مَنۢ بَعَثَنَا مِن مَّرۡقَدِنَاۜ‌ۗ هَـٰذَا مَا وَعَدَ ٱلرَّحۡمَـٰنُ وَصَدَقَ ٱلۡمُرۡسَلُونَ

(ကဘရ်အတွင်း အိပ်စက်ရာမှ နိုးထလာကြသူများက) ပြောကြသည်မှာ `အော်-ငါတို့အကျိုးနည်းရ ခြင်းပါတကား။ မည်သူကများ ငါတို့၏အိပ်စက်ရာမှ ငါတို့အား နိုးထစေလိုက်သနည်း´ဟု ညည်းညူမြည်တမ်း ကြလေမည်။ ဧကန်အမှန်၌မူ ယင်းသည်ကား `ရဟ်မာန်တော်´အရှင် အလ္လာဟ်အရှင်မြတ်က ချိန်းဆိုထား သော ချိန်းဆိုချက်ပင်ဖြစ်သည်။ ယင်းအချက်နှင့်ပတ်သက်၍ တမန်တော်များက တိကျမှန်ကန်စွာ သတိပေး ပြောကြားခဲ့ပြီးဖြစ်သည်။ (ကုရ်အာန် – ၃၆း၅၂)

ရှင်းလင်းချက် ။ ။ ဆူရာဟ်ယာဆီးန် အာယသ်တော်(၅၂)အရဆိုလျှင် ကွယ်လွန်သူ သေဆုံးသွားပြီးသူအပေါင်း သည် `ကဘရ်´မြေကြီးထဲ၌ ငြိမ်းချမ်းစွာဖြင့် အိပ်စက်အနားယူနေကြမည်သာဖြစ်သည်။ တံပိုးခရာမှုတ်သောအခါမှ သာ သူတို့၏အိပ်စက်ရာမှ နိုးထလာကြပြီး ယင်းသို့ နိုးထလာရသည့်အပေါ် ညည်းညူမြည်တမ်းကြမည်ဖြစ်သည်။

သို့သော် မွတ်စလင်မ်အများစု၏ ယုံကြည်ချက်မှာ အထက်ပါအာယသ်တော်က ရည်ညွှန်းထားသလို ကွယ် လွန်သေဆုံးသွားပြီးသူသည် သင်္ချိုင်းထဲ၌ အေးချမ်းစွာ လဲလျောင်းနေရမည်မဟုတ်ပေ။ လူတစ်ယောက်သေဆုံးသွား၍ မြေမြှုပ်ပြီးဆိုပါက ခြေလှမ်း(၄၀)ပြည့်လျှင် `မွန်ကီရ်နကီးရ်´ခေါ် စေတမန်နှစ်ပါး သေသူထံရောက်ရှိလာမည်ဖြစ်သည်။ ပြီးနောက် သေသူကို မေးခွန်းအချို့ စစ်မေး၍ အပြစ်ပေးအရေးယူမည်ဟု မွတ်စလင်မ်တို့က ယုံကြည်ထားကြပေသည်။
အမှန်တကယ်ဆိုလျှင် မွတ်စလင်မ်တို့၏ `ကဘရ်အဇာဗ်-သင်္ချိုင်းတွင်းမှပြစ်ဒဏ်´ဆိုင်ရာယုံကြည်ချက်သည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် ဆန့်ကျင်လေသည်။ ကျမ်းတော်မြတ်ကုရ်အာန်၏ မည်သည့်နေရာတွင်မှ `ကဘရ် အဇာဗ်´ကို ဖော်ပြမထားပေ။ ကျမ်းတော်မြတ်ကုရ်အာန်အရ လူသားတစ်ဦးအတွက် သူ၏လုပ်ရပ်များနှင့်ပတ်သက်ပြီး စစ်ဆေးခြင်းအကြောင်းကို ကုရ်အာန်(၃း၁၈၅)တွင် အောက်ပါအတိုင်း ဖော်ပြထားလေသည်။

“သက်ရှိတိုင်းသည် သေခြင်းတရားကို မြည်းစမ်းကြရမည်သာဖြစ်သည်။ သင်တို့၏ လုပ်ကိုင်ဆောင်ရွက်ခဲ့ သောလုပ်ရပ် (ဆိုးကျိုး၊ ကောင်းကျိုး)များနှင့်ပတ်သက်ပြီး ထိုက်တန်သောအကျိုးရလဒ်ကို `ကိယာမသ်´နေ့၌သာလျှင် ပေးဆပ်ခြင်းခံကြရပေမည်” ( ကုရ်အာန် – ၃း၁၈၅ )

တစ်ဖန် ကျမ်းတော်မြတ်ကုရ်အာန် (၂၂း၆၉)တွင်လည်း ဤသို့ပြဋ္ဌာန်းထားပြီးဖြစ်သည်။ “အလ္လာဟ်အရှင်မြတ်သည် သင်တို့အကြားဝယ် ကွဲလွဲလျက်ရှိသော ပြဿနာအရေးကိစ္စများကို`ကိယာမသ်´ နေ့တွင် စီရင်ဆုံးဖြတ်တော်မူပေမည် ” (ကုရ်အာန် – ၂၂း၆၉)

အထက်တွင်ဖော်ပြခဲ့သော ကုရ်အာန်(၃း၁၈၅)နှင့် (၂၂း၆၉)အရဆိုလျှင် လူသားတစ်ဦးချင်း၏ လုပ်ကိုင် ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်ခဲ့သမျှကို စီရင်စစ်ဆေးမည့်သူမှာ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင်ဖြစ်သည်။ စစ် ဆေးမည့်အချိန်မှာ `ကိယာမသ်´နေ့တွင်ဖြစ်သည်။

သို့သော် မွတ်စလင်မ်တို့၏ ယုံကြည်ချက်အရဆိုလျှင် လူသားတစ်ဦးချင်း၏ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ပတ် သက်သမျှကို စီရင်စစ်ဆေးမည့်သူမှာ `မွန်ကီရ်နကီရ်´ဖြစ်ပြီး စစ်ဆေးမည့်အချိန်မှာ `ကိယာမသ်´နေ့မရောက်ခင် `ကဘရ်´သင်္ချိုင်းထဲ၌ဖြစ်သည်။

အဘယ်ကြောင့် မွတ်စလင်မ်တို့၏ ယုံကြည်ချက်သည် ကျမ်းတော်မြတ်ကုရ်အာန်နှင့် လွဲချော်နေရသနည်း။

`ကဘရ်အဇါးဗ်´ဟူသော အယူအဆသည် မည်သည့်အချိန်က မည်သည့်ရည်ရွယ်ချက်အားဖြင့် ပေါ်ထွန်း လာရသနည်း။
သမိုင်းကြောင်းကို ပြန်လေ့လာမည်ဆိုလျှင် တမန်တော်မြတ်(ဆွ) ကွယ်လွန်(၀ဖါးသ်)ဖြစ်ပြီးနောက် မွတ်စလင်မ်တို့အကြားတွင် နိုင်ငံရေးအာဏာရယူလိုမှုနှင့် ပတ်သက်ပြီး ဂိုဏ်းဂဏကွဲများ အမြောက်အများပေါ်လာခဲ့ရ သည်။ ပထမပိုင်းတွင် ယင်းဂိုဏ်းကွဲများသည် နိုင်ငံရေးကိုအခြေခံပြီး ကွဲပြားခြားနားခဲ့ကြသော်လည်း မကြာခင်မှာပင် ဘာသာရေးယုံကြည်ချက်များပါ ကွဲပြားခြားနားအောင် ဖန်တီးလာကြသည်။

တမန်တော်မြတ်(ဆွ) ကွယ်လွန်(၀ဖါးသ်)ဖြစ်ပြီးနောက် ပထမဦးဆုံး ခွဲထွက်ခဲ့သည့်ဂိုဏ်းသည် စတုတ္ထ သမ္မတကြီး `ဟဇရသ်အလီ(ရသွီ)´လုပ်ကြံခံရပြီးနောက် သမ္မတကြီး၏အုပ်စုထဲမှ ခွဲထွက်လာသော `ခါရီဂျီ´ ဂိုဏ်းဖြစ် သည်။ သူတို့၏ ဘာသာရေးဆိုင်ရာယုံကြည်ချက်အရ မွတ်စလင်မ်တစ်ဦးအနေနှင့် ပြစ်မှုတစ်ရပ်ကို ကျူးလွန်လိုက်ရုံမျှနှင့် `ကာဖိရ်´ဖြစ်သွားလေသည်။ လိမ်လည်ပြောဆိုခြင်း၊ မကောင်းသည့်စကားကို ပြောဆိုခြင်း၊ တရားတော်အရ တားမြစ်ထားသည့် လုပ်ရပ်တစ်ခုကို လုပ်ကိုင်ဆောင်ရွက်ခြင်းသည် `ကာဖိရ်´အဖြစ်သို့ ကူးပြောင်းသွားခြင်းသာဖြစ် သည်ဟု ယုံကြည်ထားကြသည်။ ဆေးလိပ်သောက်ခြင်း၊ လောင်းကစားခြင်း၊ တီးမှုတ်ဖျော်ဖြေခြင်း၊ ဂီတသံနားထောင် ခြင်း၊ `ဆူဖီ´အတွင်းလမ်းစဉ်ကို လိုက်စားခြင်း၊ ဇိမ်ခံပစ္စည်းသုံးစွဲခြင်း၊ အိမ်ထောင်မပြုခြင်းတို့သည် `ကာဖိရ်´တို့၏ လုပ်ရပ်ဟု လက်ခံယုံကြည်ထားကြသည်။ သူတို့က လက်ရှိအုပ်ချုပ်နေသူ `အမီရ်မုအာဝေယာ´အစိုးရကို လုံးဝလက်မခံဘဲ ဆန့်ကျင်တော်လှန် ပုန်ကန်ကြသည်။ `ခါရီဂျီ´၏အဓိပ္ပါယ်မှာ `ခွဲထွက်သွားကြသူများ´ဟူ၍ဖြစ်သည်။
အစ္စလာမ့်သမိုင်းတွင် ဒုတိယမြောက်ပေါ်ထွန်းလာသောဂိုဏ်းမှာ `မွရ်ဂျီအာဟ်´ဂိုဏ်းဖြစ်သည်။ အဓိပ္ပါယ်မှာ `ပြန်လှည့်လာကြသူများ´ဟူ၍ဖြစ်သည်။ ယင်းဂိုဏ်းက `အမီရ်မုအာဝေယာ´အစိုးရကို ပြတ်ပြတ်သားသား ထောက်ခံ ကြသည်။ `ခါရီဂျီ´ဂိုဏ်းနှင့် ဆန့်ကျင်ဖက်ဖြစ်သော `မွရ်ဂျီအာဟ်´ဂိုဏ်း၏အယူအဆမှာ-
မွတ်စလင်မ်တစ်ဦးသည် `ရှရီးက်´လုပ်ရပ်ဖြစ်သော အလ္လာဟ်အရှင်မြတ်နှင့် အခြားအရာတစ်ခုခုကို တွဲဖက် သည်မှလွဲ၍ ကျန်အပြစ်များကို ကျူးလွန်ခြင်းသည် အီမာန်ယုံကြည်ချက် မပျက်သွားပေ။ `ကာဖိရ်´ဖြစ်မသွားပေ။ တမန်တော်မြတ်၏ `ရှဖါအသ်´ကြားဝင်အသနားခံမှုအားဖြင့်သော်လည်းကောင်း၊ မိမိတို့ပြုလုပ်ခဲ့သောအပြစ်များ ပ,လပ်ပျောက်ပျက်ခွင့်ရသွားမည်ဟု ယုံကြည်ထားကြလေသည်။ တစ်နည်းအားဖြင့် `ကလေမာဟ်´ဖတ်ထားသူတိုင်း ငရဲမလားဟူသည့် အယူအဆဖြစ်သည်။

ဤတွင် `ဂျာမီ´အယူအဆတစ်ရပ်က ပေါ်လာရ၏။ မွတ်စလင်မ်ဆိုက တမန်တော်မြတ်၏ `ရှဖါအသ်´ကြား ဝင်အသနားခံမှုကြောင့် ပြစ်မှုများ ပပျောက်သွားပြီး `ဂျန္နသ်´နိဗ္ဗါန်ဘုံသို့ ဝင်ရောက်ရမည်ဆိုလျှင် မွတ်စလင်မ်တစ်ဦးချင်းအတွက် ကုသိုလ်ကောင်းမှုပြုခြင်းနှင့် အကုသိုလ်မကောင်းမှုပြုခြင်းတို့၏ အကျိုးရလဒ်က မည်သို့ကွာခြားမည်နည်း? ဟူသောမေးခွန်းတစ်ရပ်ပေါ်လာရ၏။

ယင်းမေးခွန်းအပေါ် `ဂျာမီ´အယူအဆက ဖြေရှင်းသည်မှာ မွတ်စလင်မ်တစ်ဦးအတွက် တမန်တော်မြတ် `ရှဖါအသ်´ထောက်ခံပေးမည့် `ကိယာမသ်´ကမ္ဘာ့တရားစီရင်မည့်နေ့မတိုင်ခင်ဖြစ်သော တစ်နည်းအားဖြင့် မွတ်စလင် တစ်ဦးသေဆုံးသွား၍ မြေမြှုပ်ပြီးနောက် ခြေလှမ်း(၄ဝ)ပြည့်သွားပြီးသောအချိန်တွင် စေတမန်နှစ်ပါးရောက်လာ၍ သေသူအား စစ်မေးမြန်းလိမ့်မည်။ ပြီးနောက် သူ၏ဆိုးပြစ်များအပေါ် `ကိယာမသ်´နေ့အထိတိုင် `ကဘရ်´သင်္ချိုင်းထဲ၌ အပြစ်ဒဏ်ပေးခံရမည်။ ယင်းကဲ့သို့ `ကဘရ်အဇားဗ်´ထားရှိခြင်းဖြင့် တမန်တော်မြတ်၏ `ရှဖါအသ်´ကို ရရှိမည်ဖြစ် သော်ငြားလည်း ကုသိုလ်ကောင်းမှုပြုလုပ်သော မွတ်စလင်မ်တစ်ဦးနှင့် အကုသိုလ်မကောင်းမှုပြုလုပ်သော မွတ်စလင် မ်တစ်ဦးတို့ကို `ကဘရ်အဇါးဗ်´က စည်းခြားပေးလိုက်သလို ဖြစ်သွားရလေသည်။ တစ်နည်းအားဖြင့် မကောင်းမှု အကုသိုလ်ပြုလုပ်သူ မွတ်စလင်မ်တစ်ဦးအတွက် တမန်တော်မြတ်၏ `ရှဖါအသ်´အားဖြင့် ဂျန္နသ်သုခဘုံသို့ စံမြန်းရ မည်မှန်သော်လည်း မိမိ၏မကောင်းမှုလုပ်ရပ်နှင့်ပတ်သက်ပြီး `ကိယာမသ်´မတိုင်ခင် `ကဘရ်´သင်္ချိုင်းထဲ၌ အပြစ် ပေးခြင်းကို ခံရပေမည်။

ဤသို့ဖြင့် ကုရ်အာန်က ပြဋ္ဌာန်းထားခြင်းမရှိသော `ကဘရ်အဇါးဗ်´သည် `ဂျာမီ´အယူအဆအားဖြင့် မွတ်စလင်မ်တို့၏ အီမာန်ယုံကြည်ချက်တွင် သံမှိုအနှက်ခံထားရပြီးဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန် (၂၂း၈)က ဤသို့ပြဆို၏။

“လူသားတို့အနက်တွင် အသိပညာ လုံးဝမရှိဘဲလျက်သော်လည်းကောင်း၊ လမ်းညွှန်ချက်မရှိပါဘဲလျက်သော် လည်းကောင်း၊ ခိုင်လုံတိကျ ရှင်းလင်းထင်ရှားသော ကျမ်းဂန်မရှိပါဘဲလျက်သော်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏ အရေးအရာနှင့်ပတ်သက်၍ ထင်မြင်ယူဆ အခြေအတင် ငြင်းခုံလျက်ရှိနေကြလေသည်” (ကုရ်အာန် – ၂၂း၈)

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၃)

إِن ڪَانَتۡ إِلَّا صَيۡحَةً۬ وَٲحِدَةً۬ فَإِذَا هُمۡ جَمِيعٌ۬ لَّدَيۡنَا مُحۡضَرُونَ

တံပိုးခရာမှုတ်ခြင်းဆိုသည်မှာ စူးရှပြင်းထန်သော ဟစ်အော်သံတစ်ရပ်မျှသာလျှင်ဖြစ်သည်။ ထိုသောအခါ၌ သူတို့အားလုံးသည် ငါအရှင်မြတ်ထံတော်ပါးသို့ တစ်စုတစ်စည်းတည်း ခေါ်ဆောင်ခြင်းခံရပေ လိမ့်မည်။ (ကုရ်အာန် – ၃၆း၅၃)

ရှင်းလင်းချက် ။ ။ ကုရ်အာန်က ရည်ညွှန်းသော တံပိုးခရာမှုတ်ခြင်းသည် တံပိုးခရာတစ်လက်ကို တစ်စုံတစ် ယောက်က မှုတ်ခြင်းမဟုတ်သည်ကို အထက်ပါအာယသ်က ရှင်းလင်းပြဆိုနေပေသည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၄)

فَٱلۡيَوۡمَ لَا تُظۡلَمُ نَفۡسٌ۬ شَيۡـًٔ۬ا وَلَا تُجۡزَوۡنَ إِلَّا مَا ڪُنتُمۡ تَعۡمَلُونَ

ယင်းကိယာမသ်(၀ါ) ကမ္ဘာ့တရားစီရင်မည့်နေ့၌ မည်သူတစ်ဦးတစ်ယောက်မျှပင် စိုးစဉ်းမျှ မတရား စီရင်မှုကို ခံရမည်မဟုတ်ပေ။ ၎င်းအပြင် သင်တို့သည် သင်တို့ကျင့်ကြံ ပြုမူဆောင်ရွက်ခဲ့သော လုပ်ရပ်ပေါ် တွင်သာ ထိုက်တန်သော အစားပေးခြင်းကို ရရှိကြမည်ဖြစ်သည်။ (ကုရ်အာန် – ၃၆း၅၄)

ရှင်းလင်းချက် ။ ။ လူတစ်ဦးချင်းသည် မိမိ၏ ယနေ့ပြုမူဆောင်ရွက်ချက် အရပ်ရပ်နှင့်ပတ်သက်ပြီး အနာဂတ် ကာလဖြစ်သော ကိယာမသ်(၀ါ)ကမ္ဘာ့တရားစီရင်မည့်နေ့၌ ဖော်ထုတ်စစ်ဆေးခြင်းခံရပေမည်။ မိမိပြုလုပ်ခဲ့သော မြူမှုံ ပမာဏခန့် ကောင်းကျိုးကိုလည်းကောင်း၊ မြူမှုံပမာဏခန့် ဆိုးပြစ်ကိုလည်းကောင်း၊ ပြန်လည်တွေ့မြင်ရမည်ဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန်(၉၉း၇)နှင့် (၉၉း၈)တို့တွင် အောက်ပါအတိုင်း ဖော်ပြထားလေသည်။

“ သို့ဖြစ်ရာ မည်သူမဆို တစ်စုံတစ်ရာသောကောင်းမှုကို မြူမှုံခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုကောင်းမှုကို သူမြင်တွေ့ရလိမ့်မည် ” ( ကုရ်အာန် – ၉၉း၇ )

“ မည်သူမဆို တစ်စုံတစ်ရာသော မကောင်းမှုကို မြူမှုံခန့်မျှပင် ပြုမူခဲ့သည်ရှိသော် ထိုမကောင်းမှုကို သူမြင် တွေ့ရပေမည် ” ( ကုရ်အာန် – ၉၉း၈ )

မည်သူတစ်ဦးတစ်ယောက်မှ မိမိမပြုကျင့်ခဲ့သော ဆိုးပြစ်ကို ခံစားရမည်မဟုတ်သလို မိမိပြုကျင့်ခဲ့သော ကောင်းကျိုးကို လက်လွှတ်ဆုံးရှုံးသွားရမည်လည်း မဟုတ်ပေ။ ကိယာမသ်နေ့တွင် တရားစီရင်မည့် အလ္လာဟ်အရှင် မြတ်သည် အကောင်းဆုံးသော၊ အမှန်ကန်ဆုံးသော တရားသူကြီးဖြစ်ကြောင်းကို ကုရ်အာန်(၉၅း၈)တွင် ဤသို့ဖော်ပြ ထားပေသည်။

“ အလ္လာဟ်အရှင်မြတ်သည် တရားစီရင်သူအပေါင်းတို့တွင် အမှန်ကန်ဆုံး၊ အကောင်းဆုံး၊ တရားစီရင်သူ မဟုတ်ပါလေသလော ” ( ကုရ်အာန် – ၉၅း၈ )

ကိယာမသ်(၀ါ)တရားစီရင်မည့်နေ့တွင် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် တရားစီရင်မည်ဖြစ်ရာ မည်သူ တစ်ဦးတစ်ယောက်မျှ မတော်မတရား လွဲမှားစွာ တရားစီရင်ခံရမည်မဟုတ်ပေ။ လူသားတိုင်းသည် မိမိတို့ လုပ်ကိုင် ဆည်းပူးခဲ့သည်နှင့်အညီသာ ထိုက်တန်စွာသော ဆုလာဘ်နှင့်ပြစ်ဒဏ်ကို ရရှိခံစားရမည်ဖြစ်သည်။
ထိုက်တန်စွာသော ဆုလာဘ်နှင့်ပြစ်ဒဏ်ဆိုသည်မှာ အဘယ်နည်း။

လူ့လောက၏ တရားစီရင်မှု၌ ဥပမာ- လူတစ်ယောက်ကို သတ်သူအား သေဒဏ်ထိုက်စေ၏။ အကယ်၍ လူ(၁ဝ)ယောက်ကို သတ်သူအားလည်း သေဒဏ်ကိုသာ အပြစ်ပေးနိုင်သည်။ လူတစ်ယောက်ကို သတ်သူအား တစ်ကြိမ်သေဒဏ်ထိုက်စေပြီး၊ လူ(၁ဝ)ယောက်ကိုသတ်သူကို (၁ဝ)ကြိမ်တိုင် သေဒဏ်ပေး၍မရပေ။ ဆိုလိုသည်မှာ လူတစ်ယောက်ကို သတ်သူအား သေဒဏ်တစ်ကြိမ်သာ ပေးနိုင်သလို၊ လူ(၁ဝ)ယောက်ကို သတ်သူအားလည်း တစ် ကြိမ်တည်းသာ ကြိုးပေးကွပ်မျက်နိုင်သည်။ လူ့လောက၏တရားစီရင်မှုက တရားမျှတမှုမရှိဟူသော စောဒကတက် ဖွယ်ရာဖြစ်သည်။

အလားတူ လူတစ်ဦးတစ်ယောက်၏ဘဝကို မိမိ၏အသက်ပေး၍ ကာကွယ်လိုက်သူအား မည်သည့်နှုံးထား ဖြင့် တန်ဖိုးဖြတ်၍ ပေးဆပ်နိုင်မည်နည်း။ မိမိအား တိုက်ကျွေးခဲ့သော မိခင်၏နို့ဖိုးကို ဘယ်လိုဆပ်နိုင်ပါသနည်း။ အမှန် တကယ် တန်ဖိုးတစ်ရပ် သတ်မှတ်နိုင်ပါ၏လော။ အမှန်တကယ်၌မူ ယင်းကောင်းကျိုးလုပ်ရပ်များ၏ တန်ဖိုးကိုဖြတ်ပြီး ဆုလာဘ်ချီးမြှင့်နိုင်သူမှာ အလ္လာဟ်အရှင်မြတ်သာလျှင်ဖြစ်သည်။ ထို့ကြောင့် ဆူရာဟ်ယာဆီးန် အာယသ်တော်(၅၄)တွင် `အလ္လာဟ်အရှင်မြတ်သည်သာလျှင် လူသားတို့ ကျင့်ကြံအားထုတ်ခဲ့မှုအပေါ် ထိုက်တန်သော အစားပေးမှုကို တတ် စွမ်းနိုင်သောအရှင်ဖြစ်သည်´ ဟူသည့်သဘောကို ရည်ညွှန်းပြထားခြင်းဖြစ်သည်။
ဆူရာဟ်ယာဆီးန် အာယသ်တော်(၅၄)တွင် ဖော်ပြထားသည့် `ကျင့်ကြံအားထုတ် ပြုမူဆောင်ရွက်ခဲ့မှုအပေါ် တွင် ထိုက်တန်သော အစားပေးခြင်းကို ရရှိမည်´ ဟူသော ပြဋ္ဌာန်းချက်ကို ရှုထောင့်တစ်ရပ်မှ အကျယ်ဖွင့်ဆို တင်ပြလိုပါသည်။

လူတစ်ဦးချင်းသည် မိမိမကွယ်လွန်မီ လူ့ဘဝသက်တမ်းကို ပိုင်ဆိုင်ထားချိန်၌ မိမိကိုယ်တိုင်က ကုသိုလ် ကောင်းမှုအ၀၀ကို မိမိလက်ဖြင့် ပြုလုပ်ဆောင်ရွက်သွားရပေမည်။ အကယ်၍ မိမိကွယ်လွန်သွားပြီဆိုလျှင် မိမိ၏မှတ် တမ်းသည် ပိတ်သွားပြီဖြစ်သည်။ အချို့က မိမိသက်ရှိနေထိုင်နေစဉ်ကာလ၌ မိမိ၏ပိုင်ဆိုင်မှုအနက်မှ လှူဒါန်းခြင်းကို ထိထိရောက်ရောက် ပြုမူဆောင်ရွက်ခဲ့ခြင်းမရှိပေ။ မိမိကွယ်လွန်သွားပြီးမှ ကျန်ရစ်သူမိသားစုက လှူဒါန်းခြင်းမှာ ကျမ်း တော်မြတ်ကုရ်အာန်အရ မိမိနှင့် သက်ဆိုင်ခြင်းမရှိတော့ပေ။
အစ္စလာမ့်ရှရီအသ်ဥပဒေအရ လူတစ်ယောက် ကွယ်လွန်သေဆုံးသွားလျှင် သူ၏ပိုင်ဆိုင်မှုအ၀၀သည် သူ့အပေါ်တင်ကျန်ခဲ့သော ကြွေးမြီအရပ်ရပ်ကိုဆပ်ပြီးနောက် ကျန်ပိုင်ဆိုင်မှုအားလုံးသည် သက်ဆိုင်ရာ အမွေဆက်ခံ ခွင့်ရှိသူ အသီးသီးထံသို့ လွှဲပြောင်းရောက်ရှိသွားပြီဖြစ်သည်။ ထို့ကြောင့် သူသေပြီးနောက်မှ လှူဒါန်းခြင်းသည် သူ့ပိုင် ဆိုင်ကို လှူဒါန်းခြင်းမမြောက်တော့ပေ။ ကျန်ရစ်သူအမွေခံတို့၏ ပိုင်ဆိုင်မှုကို ခွဲဝေလှူဒါန်းခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့ဖြစ်ပေရာ မိမိ သက်ရှိထင်ရှားရှိစဉ်ကာလတွင် မိမိပိုင်ဆိုင်မှုကို မိမိကိုယ်တိုင် မိမိလက်ဖြင့် လှူဒါန်းသွားရန် လိုအပ် ပေသည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၅)

إِنَّ أَصۡحَـٰبَ ٱلۡجَنَّةِ ٱلۡيَوۡمَ فِى شُغُلٍ۬ فَـٰكِهُونَ

ဧကန်အမှန်ပင် ကိယာမသ်နေ့၌ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်နှင့်အညီ ဘ၀တည်ဆောက်ခဲ့ သည့် သုခဘုံသားတို့သည် အလ္လာဟ်အရှင်မြတ်၏ တရားစီရင်မှုနှင့်ပတ်သက်၍ ပျော်ရွှင်ကြည်နူးလျက်ရှိပေ လိမ့်မည်။ (ကုရ်အာန် – ၃၆း၅၅)

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၆)

هُمۡ وَأَزۡوَٲجُهُمۡ فِى ظِلَـٰلٍ عَلَى ٱلۡأَرَآٮِٕكِ مُتَّكِـُٔونَ

သုခဘုံသားတို့သည် အရိပ်အာဝါသအောက်တွင် သူတို့၏ ကြင်ယာကြင်ဖက် အပေါင်းအဖော်များနှင့် အတူ ငြိမ်းချမ်းခြင်းပလ္လင်ထက်ဝယ် စံမြန်းလျက်ရှိကြပေမည်။ (ကုရ်အာန် – ၃၆း၅၆)

ရှင်းလင်းချက် ။ ။ ကမ္ဘာ့တရားစီရင်မည့်နေ့တွင် ဒွန္နယာလောက၌ ကောင်းမှုကုသိုလ်ပြုခဲ့ကြသူများအတွက် မိမိ၏ ကောင်းမှုကုသိုလ်က မိမိကို အရိပ်အာဝါသပြုပေးခြင်းအားဖြင့် အေးချမ်းသာယာလျက်ရှိစေသည်။ မိမိပြုခဲ့သော ကောင်းမှုများကို တွေ့မြင်ခံစားရသည့်အပေါ် ကြည်နူးပျော်ရွှင်လျက်ရှိပေသည်။ ထို့ပြင်မက မိမိနှင့်စိတ်တူ၊ သဘောတူ၊ အသွင်တူ မိတ်တွေများနှင့် အတူတကွရှိနေခြင်းကပင် စိတ်ချမ်းသာမှုတစ်ရပ်ကို ရရှိစေ၏။ ကျမ်းတော်မြတ်ကုရ်အာန် (၇၆း၁၁)က ဤသို့ဖော်ညွှန်းထားလေသည်။

“ အလ္လာဟ်အရှင်မြတ်သည် သူတို့(သုခဘုံသား)အပေါ်ဝယ် ထိုနေ့၏ဘေးဆိုးမှ လွတ်ငြိမ်းချမ်းသာစေတော်မူ ပေလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အား ရွှင်လန်းချမ်းမြေ့မှုနှင့်လည်းကောင်း၊ ပျော်ရွှင်ကြည်နူးမှုနှင့်လည်း ကောင်း တွေ့ဆုံကြုံကြိုက်စေတော်မူမည်ဖြစ်သည် ” ( ကုရ်အာန် – ၇၆း၁၁ )

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၇)

لَهُمۡ فِيہَا فَـٰكِهَةٌ۬ وَلَهُم مَّا يَدَّعُونَ

သူတို့အတွက် ယင်းသုခဘုံတွင် သစ်သီးဝလံများရှိလေသည်။ ထို့ပြင်မက သူတို့အတွက် သူတို့ လိုလားတောင့်တသော အရာဟူသမျှလည်း အဆင်သင့်ရှိလေသည်။ (ကုရ်အာန် – ၃၆း၅၇)

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၈)

سَلَـٰمٌ۬ قَوۡلاً۬ مِّن رَّبٍّ۬ رَّحِيمٍ۬

ဖန်ဆင်းခံတို့အတွက် လိုအပ်ချက်အ၀၀ကို လိုလေသေးမရှိအောင် ထောက်ပံ့ဖြည့်ဆည်းပေးထားပြီး သော အနန္တစကြ၀ဠာကို ပြုစုပျိုးထောင်တော်မူသော `ရဟ်မာန်´အရှင် အလ္လာဟ်အရှင်မြတ်၏ စကားတော် တစ်ရပ်သည်ကား `ငြိမ်းချမ်းသာယာမှုရှိပါစေ´ဟူ၍ဖြစ်သည်။ (ကုရ်အာန် – ၃၆း၅၈)

ရှင်းလင်းချက် ။ ။ အမှန်တကယ်၌မူ `ဂျန္နသ်´အမတသုခဘုံဆိုသည်မှာမူ ပူလောင်ခြင်း၊ ဆွေးမြေ့ခြင်း၊ ၀မ်းနည်း ကြေကွဲခြင်း၊ လောဘ၊ မောဟ၊ ဒေါသ၊ တဏှာရာဂတို့ ချုပ်ငြိမ်းရာ၊ တစ်နည်းအားဖြင့် အလ္လာဟ်အရှင်မြတ်က ပေး ဆပ်သော ငြိမ်းချမ်းရာဌာနတစ်ခုသာဖြစ်သည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၅၉)

وَٱمۡتَـٰزُواْ ٱلۡيَوۡمَ أَيُّہَا ٱلۡمُجۡرِمُونَ

အို… ပြစ်မှုကျူးလွန်ခဲ့သူ ရာဇ၀တ်သားအပေါင်းတို့ ယခုအချိန်ဝယ် သင်တို့သည် (သုခဘုံသားတို့နှင့်) တသီးတခြား ခွဲခြားနေကြတော့။ (ကုရ်အာန် – ၃၆း၅၉)

ရှင်းလင်းချက် ။ ။ ကမ္ဘာ့တရားစီရင်မည့်နေ့သည်ကား အမှန်နှင့်အမှား၊ အကောင်းနှင့်အဆိုး၊ ကုသိုလ်နှင့် အကုသိုလ်၊ အလင်းနှင့်အမှောင် စသည့် ဆန့်ကျင်ဘက် သဘောတရားတို့ကို သီးခြားစီ ခွဲခြမ်းစိတ်ဖြာထုတ်လိုက်သော အခါသမယပင်ဖြစ်သည်။

 

ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၆၀)

۞ أَلَمۡ أَعۡهَدۡ إِلَيۡكُمۡ يَـٰبَنِىٓ ءَادَمَ أَن لَّا تَعۡبُدُواْ ٱلشَّيۡطَـٰنَ‌ۖ إِنَّهُ ۥ لَكُمۡ عَدُوٌّ۬ مُّبِينٌ۬

အို… အာဒမ်၏သားစဉ်မြေးဆက်အပေါင်းတို့၊ ငါအရှင်မြတ်သည် သင်တို့အား `ရှိုင်တွာန်´ မိစ္ဆာစနစ် ကို ဆည်းကပ်အားထားခြင်း မပြုကြရန် အသိပေး၊ သတိပေးခဲ့သည်မဟုတ်လော။ ဧကန်အမှန် ယင်း `ရှိုင်တွာန်´သည် သင်တို့အတွက် ကြီးကျယ်ထင်ရှားသော ရန်သူဖြစ်သည်။ (ကုရ်အာန် – ၃၆း၆၀)

ရှင်းလင်းချက် ။ ။ `ရှိုင်တွာန်´ဆိုသည်မှာ လူသားတို့အတွက် ပျက်စီးရာပျက်စီးကြောင်းကို ရှေးရှုအကောင် အထည်ဖော်ပေးထားသော စနစ်တစ်ရပ် (Destructive Element) သာဖြစ်သည်။ ယင်းစနစ်သည် အလ္လာဟ့်လမ်းစဉ် နှင့် လုံးဝ ဖီလာဆန့်ကျင်ဖက်ဖြစ်သည်။ ကျမ်းတော်မြတ်ကုရ်အာန်တစ်အုပ်လုံး၌ `ရှိုင်တွာန်´စနစ်ကို ရှုံ့ချဆန့်ကျင် ထားလေသည်။ သို့ဖြစ်ရာ လူသားတစ်ဦးအနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန်ကို မျက်ကွယ်ပြု၊ မေ့လျော့လိုက်သည် နှင့်တစ်ပြိုင်နက် `ရှိုင်တွာန်´၏ ပူးကပ်ဝင်ရောက်စီးနင်းခြင်းကို ခံရလေတော့သည်။

 

(ဆက်လက်ဖော်ပြပါမည်)
ဆူရာဟ် ယာဆီးန်၊ အာယသ်တော် (၄၁) မှ (၅၀) အထိ ပြန်ဆိုမှုအား ဖတ်ရှုရန်