လူမှုဆက်ဆံရေးတစေ့တစောင်း ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လူမှုဆက်ဆံရေးတစေ့တစောင်း

ကုရ်အာန်သုတေသီ ဦးခင်မောင် (B.Sc)

လေးစားအပ်ပါသော ဂုဏ်သရေရှိ အမျိုးသား၊ အမျိုးသမီးများခင်ဗျား။

`အတ်စ္စလားမုအလိုင်းကွန်းမ်  ၀ရဟ်မသွလ်လားဟိ ၀ဘရကာသုဟု´

ယနေ့ဟစ်ဂျရီ ၁၄၃၆ခုနှစ် ဂျမာဒီလ်ဆာနီလ(၆)ရက် ခရစ်သက္ကရာဇ် ၂၀၁၅ခုနှစ် မတ်လ ၂၇ ရက် (တော်လှန်ရေးနေ့)ဖြစ်ပါတယ်။ ဒီနေ့ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့အတွက် အင်မတန်မှ ဂုဏ်ယူဖွယ်ကောင်းတဲ့ သမိုင်းဝင် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ့ခေါင်းဆောင်တွေဟာ ကိုလိုနီနယ်ချဲ့ကို တွန်းလှန်ဖို့ အတွက် ဖက်ဆစ်ဂျပန်တွေနဲ့ ပူးပေါင်းပြီး ရဲဘော်သုံးကျိပ်တို့က မြန်မာ့တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့ကြတယ်။ ဖက်ဆစ်ဂျပန်နဲ့ ရဲဘော်သုံးကျိပ် ဦးဆောင်တဲ့မြန်မာ့တပ်မတော်ဟာ အင်္ဂလိပ်နယ်ချဲ့ကို အိန္ဒိယထိ မောင်းထုတ်နိုင် ခဲ့ကြတယ်။ ဒါပေမယ့် နယ်ချဲ့လက်အောက် လွတ်မြောက်တဲ့ မြန်မာနိုင်ငံဟာ ဖက်ဆစ်လက်အောက် ရောက်သွား ခဲ့ရတယ်။ ဖက်ဆက်တို့ရဲ့ သရုပ်မှန်ကိုနားလည်သွားတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာ့ ခေါင်းဆောင်များဟာ အင်္ဂလိပ်အကူအညီနဲ့ ဖက်ဆစ်ဂျပန်ကို ပြန်လည်တော်လှန်ခဲ့ကြတယ်။ မြန်မာတစ်နိုင်ငံလုံး မှာ ဖက်ဆစ်ဂျပန် စတင်တော်လှန်ခဲ့တဲ့နေ့ဟာ မတ်လ ၂၇ ရက်နေ့ဖြစ်တဲ့အတွက် ဒီနေ့ကို တော်လှန်ရေးနေ့ တစ်ချို့က တပ်မတော်နေ့လို့ သတ်မှတ်ခဲ့ကြတာဖြစ်တယ်။

ဒီနေရာမှာ `ကျွန်တော်တို့ဟာ အင်္ဂလိပ်ကိုဖြစ်ဖြစ်၊ ဂျပန်ကိုဖြစ်ဖြစ် မမုန်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံကို နယ်ချဲ့သိမ်းပိုက်တဲ့ ဘယ်သူ့ကိုမဆို ပြန်လည်တွန်းလှန်မှာဘဲဖြစ်တယ်´လို့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ပြန်လည်အမှတ်ရမိပါတယ်။ ဒီစကားမှာ ဗိုလ်ချုပ်အောင်ဆန်းမှာ ရှိနေတဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓါတ် ကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီလိုမျိုး မျိုးချစ်စိတ်ဓါတ်ကို လူတိုင်းလူတိုင်းမှာ ရှိနေသင့်ပါတယ်။ အင်္ဂလိပ်တို့၊ ဂျပန် တို့ကို ပြန်လည်တော်လှန်တိုက်ခိုက်တာဟာ လူမျိုးရေး မုန်းတီးမှုကြောင့်မဟုတ်၊ မိမိနိုင်ငံသူ၊ နိုင်ငံသားများအကျိုးကို ကာကွယ်ဖို့ပဲဖြစ်တယ်။ အများအတွက် အကျိုးရှိမယ်ဆိုရင် ရန်သူတွေနဲ့တောင် စေ့စပ်ညှိနှိုင်းရဲတဲ့ အစွမ်းသတ္တိတွေလည်းရှိရမယ်ဆိုတဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အသွေးတွေကို ဗိုလ်ချုပ်ရဲ့စကားမှာ ဖော် ပြနေပါတယ်။ တိုင်းသူပြည်သားတွေရဲ့ အကျိုးအတွက် ရန်သူတွေအပေါ် ပြတ်ပြတ်သားသား ပွင့်ပွင့်လင်းလင်း ဆက်ဆံတတ်တဲ့ ဗိုလ်ချုပ်ရဲ့ ကိုယ်ရည်ကိုယ်သွေးမျိုး ကျွန်တော်တို့မြန်မာ မွတ်ဆလင်မ်တွေမှာ ရှိသင့်ပါတယ်။ ဒီနေရာမှာ ကျမ်းတော်မြတ်ကုရ်အာန် (၄၈း၂၉)မှာပါရှိတဲ့ တမန်တော်မုဟမ္မဒ်(ဆွ)နှင့် သူရဲ့သာဝကတို့ရဲ့ စိတ်ထား ကိုလည်း တင်ပြလိုပါတယ်။

…. မုဟမ္မဒ်(ဆွ)နှင့်အတူရှိနေကြသူတို့သည် အမှန်တရားကို သွေဖည်ကြသူတို့အပေါ် ပြတ်သားကြ၍ အချင်းချင်းကို မေတ္တာထားကြလေသည်…..

ဒီအာယတ်တော်က မွတ်ဆလင်မ်များ စံနမူယူရမဲ့ တမန်တော်မြတ်(ဆွ)နှင့် သူရဲ့သာဝကကြီးများ စိတ်နေ စိတ်ထားဖြစ်ပါတယ်။ အမှန်တရားကို သွေဖည်တဲ့သူတွေဆိုတာ အားနည်းသူများကို ဖိနှိပ်ချုပ်ချယ်ညှင်းပန်း နှိပ် စက်သူများလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ပြတ်သားစွာဆက်ဆံတယ်ဆိုတာ မုန်းတီးခြင်းမဟုတ်ပါ။ မိမိတို့ လူ့အဖွဲ့အစည်း၊ မိမိနိုင်ငံတော်ကို ထိပါးလာတဲ့သူတွေကို ပြတ်ပြတ်သားသားဆက်ဆံခြင်းသည် မိမိလူ့အဖွဲ့ အစည်း၊ မိမိနိုင်ငံအပေါ် မေတ္တာထားခြင်းဖြစ်ပါတယ်။

ယနေ့ခွတ္တဗာဟ်မှာ လူမှုဆက်ဆံရေးအကြောင်းကို မိမိနှင့် ဆန့်ကျင်ဘက်များအား ဆက်ဆံခြင်း၊ အိမ် ထောင်ရေးကိစ္စများနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးများအကြောင်း တင်ပြမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကုရ်အာန်မှာပါတဲ့ အတိုင်း အကျယ်တ၀င့်တင်ပြနိုင်မှာ မဟုတ်ပါဘူး။ ရတဲ့အချိန်အတွင်းမှာ တစေ့တစောင်း တင်ပြသွားမှာဖြစ်ပါ တယ်။

မိမိတို့ရဲ့ ဆန့်ကျင်ဘက်ဆိုတာ ကုရ်အာန်မှာသုံးထားတဲ့ `ကာဖိရ်´များကို ရည်ညွှန်းတာပါ။ ကျွန်တော်တို့ ကအစ္စလာမ်မဟုတ်သူများကို `ကာဖိရ်´များလို့ မှတ်ယူနေတာ ကုရ်အာန်ရဲ့ ဆိုလိုချက်နဲ့ ကွဲလွဲပါတယ်။ အစ္စလာမ် မဟုတ်သူများကို ရန်သူလို့သဘောထားရမှာမဟုတ်။ ယှဉ်ပြိုင်ဘက်များလို့ သဘောထားရမှာပါ။ `ကာဖိရ်´ဆိုတာ သစ္စာတရားကို လျစ်လျူရှုသူများလို့ ကုရ်အာန်ကသုံးနှုံးပါတယ်။ အမှန်တရား သစ္စာတရားကို မျက်ကွယ်ပြုနေခြင်း ဟာ အခြားသူများကို ဖိနှိပ်ချုပ်ချယ်၊ ညှင်းပန်းနှိပ်စက်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တမန်တော်မြတ်အပါအ၀င် သာဝကကြီးများဟာ ဒီလိုလူအချင်းချင်း ဖိနှိပ်ဆက်ဆံမှု(ကုဖ်ရ်)ပြုသူများ၊ အမှန်တရားကို သွေဖည်ငြင်းပယ်သူ များကို ပြတ်ပြတ်သားသား ဆက်ဆံခြင်းဖြင့် ဖိနှိပ်ခံများကို မေတ္တာဖြန့်ဝေပေးသူများ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် များနဲ့ ဆက်ဆံရေးကို တင်ပြပြီးတဲ့နောက်၊ အိမ်ထောင်မှုဆက်ဆံရေးကိုလည်း တင်ပြပါ့မယ်။

ယနေ့ ၅၉ လမ်း ဆုတောင်းပြည့်အစ္စလာမ်ဝတ်ကျောင်းတော်မှာ နိကာဟ်မင်္ဂလာပွဲတစ်ခုရှိပါတယ်။ အရွယ် ရောက်ပြီး လွတ်လပ်တဲ့အမျိုးသားတစ်ဦးနဲ့ အရွယ်ရောက်ပြီး လွတ်လပ်တဲ့ အမျိုးသမီးတစ်ဦးတို့ရဲ့ ထိမ်းမြားခြင်း ဖြစ်တဲ့အတွက် ဒီနေရာကနေ ဂုဏ်ပြုစကားပြောကြားလိုပါတယ်။ အခုကာလမှာ လိင်တူခြင်းထိမ်းမြားမှုတွေလည်း ခေတ်စားနေပြီး လူ့အခွင့်အရေးရှုထောင့်ကနေ အားပေးအားမြှောက်ပြုနေကြပါတယ်။

လူတစ်ချို့ရဲ့ ပြုမူဆောင်ရွက်မှုများဟာ လူ့အဖွဲ့အစည်းတစ်ခုက ချမှတ်ထားတဲ့စံတွေနဲ့ သွေဖည်နေတာ တွေလည်းဖြစ်တတ်ပါတယ်။ ယနေ့ခေတ်ကာလမှာ လူ့အခွင့်အရေးနဲ့ အစ္စလာမ် လူ့အဖွဲ့အစည်းတို့ကြားမှာ ၀ိရောဓိ ဖြစ်နေတယ်လို့ထင်ရတဲ့ ကိစ္စကိုတင်ပြပါရစေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)က လိင်တူချင်းဆက်ဆံသူများဟာ စိတ်ရောဂါသည်များ မဟုတ်လို့ သတ်မှတ်လိုက်ပါတယ်။ အဲဒီအခါ လိင်တူအခွင့်အရေးများ တောင်းဆိုလာကြတယ်။ သူတို့ကို နှိမ့်ချဆက်ဆံမှုများ မပြုလုပ်ဖို့ ပြောဆိုလာကြတယ်။ မိန်းမလျာ၊ ယောက်ကျားလျာတွေကို LGBT လို့သတ်မှတ်ခေါ်ဝေါ်လာကြပါတယ်။ LGBT တွေဟာ ပညာသင်ကြားရေးမှာ ခွဲခြားအဆက်ဆံခံရဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး အပါ အ၀င် သမ္မတအိုဘားမားတို့၊ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို့က LGBTတွေကို ရွံ့ရှာမုန်းတီးမှုတွေ ပပျောက်စေရေးအတွက် ကမ္ဘာလုံးဆိုင်လှုပ်ရှားမှုတွေ ဆောင်ရွက်နေကြပါတယ်။ ဒီအခါ LGBT တွေက လိင်တူချင်းလက်ထပ်ခွင့်ကို တရားဝင်ဖြစ်အောင် တောင်းဆိုလာကြပါတော့တယ်။

အစ္စလာမ်ဘာသာဝင်တွေအတွက် ကျမ်းမြတ်ကုရ်အာန်ရဲ့ သတ်မှတ်ချက်(၇း၈)အရ လိင်တူချင်း ဆက်ဆံ ခြင်းဟာ လူ့စည်းကို ချိုးဖောက်သောသူ၊ အကျိုးမဲ့လုပ်ရပ်ကို ဆောင်ရွက်သူ(မုရှရစ်ဖ်)တို့ရဲ့ အကျင့်အမူလို့ သတ် မှတ်ထားပါတယ်။ ကျွန်တော် တစ်ဦးတည်းရဲ့ အမြင်ကို တင်ပြရရင်လည်း လိင်တူချင်းတပ်မက်မှုဟာ စိတ်ခံစားမှု ကိုဦးစားပေးသူများဖြစ်ပါတယ်။ ဘ၀တစ်ခုကို တည်ဆောက်ရာမှာ ခံစားမှုတွေကို ရှေ့တန်းတင်ရင် ကျပ်တည်း ကျဉ်းမြောင်းမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

ဒီနေရာမှာ LGBT တို့ရဲ့ အမူအကျင့်တွေကိုလည်း ဖော်ပြခွင့်ပြုပါ။

L ဆိုတာ Lesbian လိင်တူနှစ်သက်သော မိန်းမ။

G ဆိုတာ Gay လိင်တူနှစ်သက်သော ယောက်ကျား။

B ဆိုတာ Bisexuality လိင်တူ၊ လိင်ကွဲ နှစ်မျိုးလုံးကို နှစ်သက်သူ။

T ဆိုတာ Transgender ဆန့်ကျင်ဖက်လိင်ကဲ့သို့ ပြုမူပြောဆို ၀တ်ဆင်တတ်သူ။

ဒါကြောင့် မိန်းမလျာပဲဆိုပြီး မိန်းခလေးတွေကို သူတို့နဲ့ အလွန်တရာရင်းနှီးစွာ ဆက်ဆံခြင်း၊ မိန်းမလျာ များနဲ့ ဆိတ်ကွယ်ရာမှာ နှစ်ဦးတည်း တွေ့ဆုံခြင်းတွေ မလုပ်သင့်ပါဘူး။ တစ်ချို့မိန်းမလျာများဟာ Bisexuality တွေ အရပ်စကားနဲ့ပြောရရင် နှစ်ဖက်ချွန်တွေဖြစ်နေတတ်တယ်။

နောက်ပြီး ယောက်ျားလျာမတွေဟာ ယောက်ျားတွေနဲ့ အလွန်တရာရင်းနှီးစွာ အရောဝင်တာ စိတ်ကွယ်ရာ မှာ နှစ်ဦးတည်း တွေ့ဆုံခြင်းဟာ ဒီလိုယောက်ျားလျာတွေအတွက် အန္တရာယ်ရှိပါတယ်။ မိန်းမလျာတွေကို တရားလွန် အရောဝင်တဲ့ မိန်းမတွေနဲ့ ယောက်ျားတွေကို တရားလွန်အရောဝင်တဲ့ ယောက်ျားလျာတွေဟာ ဗိုက်တစ်လုံးနဲ့ ကျန်ရစ်နေတတ်တယ်။ (အသုံးအနှုံးကြမ်းတမ်းသွားရင် ခွင့်လွှတ်ပါ)

မိန်းမလျာတွေနဲ့ လက်ထပ်တဲ့ မိန်းမတွေ၊ ယောက်ျားလျာတွေနဲ့ လက်ထပ်တဲ့ ယောက်ျားတွေလည်း ရှိပါတယ်။ ဒါဟာလူ့သဘာဝနဲ့ ကိုက်ညီတဲ့ ထိမ်းမြားလက်ထပ်မှုဖြစ်တဲ့အတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ မိန်းမလျာ၊ ယောက်ျားလျာတွေဟာ နှစ်ဖက်ချွန်တွေဖြစ်နေရင် မိန်းမလျာရဲ့ မိန်းမကို `နင့်ယောက်ျားဘယ်သွားလဲ´လို့မေးရင် `ကျွန်မယောက်ျား သူ့ယောက်ျားဆီ သွားတယ်´လို့၊ ယောက်ျားလျာရဲ့ ယောက်ျားကလည်း `ကျွန်တော့်မိန်းမ သူ့မိန်းမဆီသွားတယ်လို့´ ဖြေနေရပါလိမ့်မယ်။

မိန်းမအချင်းချင်း ယောက်ျားအချင်းချင်း လက်ထပ်ထိမ်းမြားတာကို မုရှရစ်ဖ်တို့ရဲ့ လုပ်ရပ်လို့ အစ္စလာမ်က သတ်မှတ်ထားတယ်ဆို တာကို တင်ပြပြီးပါပြီ။ ဒါပေမယ့် သူတို့တတွေကို မုန်းတီးရွံရှာရမှာ မဟုတ်ပါဘူး။  ကျွန်တော်ငယ်စဉ်က မော်လ၀ီ တစ်ပါးက ဆိုဆုံးမရာမှာ မကောင်းမှုပြုကျင့်သူတွေကို မုန်းတီးရမှာမဟုတ်ဘူး။ မကောင်းမှုပြုခြင်းကို ရှက်ခြင်း၊ မကောင်းမှုပြုရမှာမကို ကြောက်ရွံ့ခြင်း ရှိရမှာဖြစ်တယ်။ ဒါမှ မကောင်းမှုကို ဝေးစွာရှောင်ရှားနိုင်မှာ ဖြစ်တယ်လို့ သင်ပြခဲ့ဖူးပါတယ်။ မကောင်းမှုကျူးလွန်သူတွေကို မုန်းတီးရွံရှာစိတ်နဲ့ ဘေးဖယ်ထားရမှာ မဟုတ်ပါဘူး။ LGBT တွေဆိုတာလည်း သူတို့ရဲ့ အပြုအမူတွေဟာ ကျွန်တော်တို့အတွက် လက်ခံနိုင်စရာမရှိပေမဲ့ သူတို့တတွေကို စိတ်ခံစားမှုတွေ မတွန်းလှန်နိုင်တဲ့ လူသားတွေအဖြစ်ပဲ မြင်ကြရမှာပါ။ လူသားတိုင်းကို လူအဖြစ်မွေးဖွားလာခြင်းအကြောင်း တစ်ခုထဲနဲ့တင် လေးစားစွာ ဆက်ဆံကြရမှာဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် (၁၇း၇၀)မှာ-

`အလ္လာဟ်သည် လူသားမျိုးနွယ်တို့အား ဂုဏ်သိက္ခာချီးမြှင့်ထားတော်မူ၏။ ကုန်းလမ်း၊ ရေလမ်းဖြင့် သွားလာစေတော်မူ၏။ သူတို့အား သန့်ရှင်းစင်ကြယ်သော အထောက်အပံ့များ ပေးထားတော်မူ၏။ အလ္လာဟ်ဖြစ် တည်စေထားသည့် များစွာသောအရာများထက် သာလွန်စွာ ခံစားစေထားတော်မူ၏။´

ဘယ်လူသားကိုမဆို အလ္လာဟ်က ဂုဏ်သိက္ခာချီးမြှင့်ထားပါတယ်။ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ၊ မိန်းမ လျာတွေ၊ ယောက်ျားလျာတွေဖြစ်နေပါစေ။ အလ္လာဟ်ကို လက်ခံယုံကြည်သည်ဖြစ်စေ၊ အလ္လာဟ်ကို  မယုံကြည် သွေဖည်သူဖြစ်စေ၊ လူဖြစ်နေခြင်းကြောင့် ဂုဏ်သိက္ခာရှိနှင့်နေပြီးဖြစ်ပါတယ်။ မည်သူမဆို မိမိလုပ်ရပ်နှင့်လျောညီ သော ကောင်းကျိုး၊ ဆိုးကျိုးတွေကို ခံစား၊ စံစားရမှာဖြစ်ပါတယ်။

လူသားမှာ ဘယ်သက်ရှိ၊ သက်မဲ့မှာမှမရှိတဲ့ ညစ်ညမ်းစေတဲ့ အရာတစ်ခုရှိပါတယ်။  အညစ်ညမ်းဆုံးအရာက စိတ်ထားပါ။ ဒီစိတ်ကပဲ ယုတ်မာ၊ ရက်စက်၊ ရိုင်းစိုင်းတဲ့အပြုအမူတွေ ကို ကြံစည်ပြီး လုပ်ကိုင်စေပါတယ်။ မြို့ရွာ၊ ရပ်ကွက်ထဲမှာ မြို့မျက်နှာဖုံး ရပ်မိရပ်ဖတွေ၊ ဘုရားလူကြီးတွေ ဖြစ်နေ ပေမယ့်လည်း၊ လူမမြင်ကွယ်ရာမှာ ယုတ်မာ၊ ရက်စက်၊ စုတ်ပြတ်တဲ့အလုပ်တွေ ခိုးကြောင်းခိုးဝှက်လုပ်နေတဲ့သူ တွေလည်း အများကြီးရှိပါတယ်။ လေးစားကြည်ညိုဖွယ် Gentleman ပုံစံနဲ့ ခါးပိုက်နှိုက်တွေလည်းရှိပါတယ်။ မိန်းမလျာ၊ ယောက်ကျားလျာဖြစ်နေပြီး လူသားအကျိုးကို ဆောင်ရွက်လုပ်ကိုင်နေတဲ့သူတွေလည်း ရှိပါတယ်။ လူတစ် ယောက်ကို ပြင်ပသွင်ပြင်လက္ခဏာတွေကြည့်ပြီး တန်ဖိုးဖြတ်တာ မှားယွင်းတတ်ပါတယ်။ ဘယ်သူ့ကိုမဆို လူသား ဖြစ်နေခြင်းကြောင့် လေးစားစွာ ဆက်ဆံရပါတယ်။ လူတိုင်းကို လေးစားပါ။ ယုံပုံအားကိုးမှုတော့ မလုပ်နိုင်ပါ။ မိမိ ကိုယ်သာ မိမိအားကိုးပါ။ လူတိုင်းကို လေးစားပါ။ ဂုဏ်ပေးပါ။ လူတိုင်းရဲ့ လုပ်ရပ်တွေကိုတော့ မထောက်ခံနိုင်ပါ။ လိင်တူချင်း ထိမ်းမြားလက်ထပ်တာကိုတော့ အစ္စလာမ်တရားတော်အရ တရားဝင်အသိအမှတ်မပြုနိုင်ပါဘူး။ ဒီလူတွေကို မုန်းလို့တော့မဟုတ်ဘူး။ လူ့သဘာဝကို မဆန့်ကျင်လိုတာကြောင့်ဖြစ်ပါတယ်။

ယောက်ျားနဲ့ မိန်းမတို့မှာ အားသာချက်၊ အားနည်းချက်တွေ ကိုယ်စီရှိနေပါတယ်။ လူဆိုတာ ကျားနဲ့မပေါင်းစည်းပြီး တစ်ဦး၏အားနည်းချက်ကို တစ်ဦးက ဖြည့်ဆည်းလို့ ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုဘ၀ကိုတည်ထောင်ကြရမှာပါ။ ဒီလိုမိသားစုတွေကနေ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတွေကို တည်ဆောက် ရမှာဖြစ်ပါတယ်။ အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတွေ လက်တွဲပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တွေ တည်ဆောက် ၊ ဖွံ့ဖြိုးတိုးတက်တဲံ နိုင်ငံတွေ စုပေါင်းပြီး ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးကို ဖန်တီးကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်း ချမ်းရေးအစဖြစ်တဲ့ လွတ်လပ်တဲ့ အမျိုးသားနဲ့ လွတ်လပ်တဲ့ အမျိုးသမီးတို့ရဲ့ မင်္ဂလာပွဲတွေကို ကျွန်တော်တို့ အားပေးချီးမြှင့်ကြပါတယ်။ ဒီလိုမင်္ဂလာပွဲတွေကို အစ္စလာမ်က နေကာဟ်လို့ သတ်မှတ်ပါတယ်။

နေကာဟ်ဆိုတာ သိရှိနားလည်အရွယ်ရောက်ပြီးဖြစ်တဲ့ ကျားနဲ့မတို့ဟာ ဘ၀တစ်လျှောက်လုံး သယာ စိုပြေပြီး လုံခြုံအေးချမ်းမှုရှိတဲ့ မိသားစုဘ၀တစ်ခုကို ဖန်တီးတည်ဆောက်ခြင်းပဲဖြစ်တယ်။ ကျားနဲ့မဆိုတဲ့ မင်္ဂလာသတို့သားနဲ့ မင်္ဂလာသတို့သမီးတို့ဟာ မိသားစုဘ၀ကို တည်ဆောက်ရာမှာ မိမိတို့ရဲ့တာဝန်ဝတ္တရားများကို အပြန်အလှန် ဆောင်ရွက်ဖို့ ကတိသစ္စာပြုခြင်းလည်းဖြစ်ပါတယ်။

ကျမ်းမြတ်ကုရ်အာန် (၂း၂၂၃)မှာ ဇနီးမယားများကို လယ်ယာမြေများ၊ လင်ယောက်ျားများကို လယ်ယာ ဥယျာဉ်ကို ပြုစုပျိုးထောင်ပေးသူများ (အဆ်ွဟာဗုလ်ဂျန္နသ်)လို့ (၆၈း၁၇)မှာ တင်စား သုံးနှုံးထားပါတယ်။ ဆိုလို တာက ဇနီးမောင်နှံဆိုတာ သစ်သီးဝလံသစ်ပင်ပန်းမန်နဲ့တူတဲ့ သားသမီးတွေကို ရှင်သန်ပေါက်ရောက် ပြုစု ပျိုးထောင်ရန်ဖြစ်ပါတယ်။ ခင်ပွန်းသည်ဆိုတာ လယ်ယာကိုပြုစုစောင့်ရှောက်ပေးသူ၊ ဇနီးသည်ဆိုတာ လယ်ယာ မြေလို့ ဂုဏ်ပြုသတ်မှတ်ထားခြင်းဟာ ခင်ပွန်းသည်တွေဟာ ဇနီးသည်တွေအပေါ်မှာ ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသူလို့လဲ ရည်ညွှန်းပါတယ်။

ကျမ်းမြတ်ကုရ်အာန် (၂း၂၂၃)မှာ- `သင်တို့၏ လယ်ယာမြေ၌ သင်တို့ဆန္ဒရှိသည့်အတိုင်းသွားလာ ကြကုန်။´ ဆိုတာကို အချိန်မရွေး စည်းမဲ့ကမ်းမဲ့ ပရမ်းပတာမဖွယ်မရာ ပေါင်းသင်းဆက်ဆံလို့ရတယ်လို့ မထင် လိုက်ပါနဲ့။

ကျမ်းမြတ်ကုရ်အာန် (၂း၂၂၂)မှာ – `သူမတို့ ရာသီသွေးလာခြင်းမှ သန့်ရှင်းစင်ကြယ်သည့်တိုင်အောင် သူမတို့ထံ မချဉ်းကပ်ကြလေနှင့်။ သူမတို့သန့်ရှင်းစင်ကြယ်လာသောအခါ အလ္လာဟ်၏ပြဌာန်းချက်နှင့်အညီ သူမ တို့ထံ သွားလာနေထိုင်ကြပါလေ´ ဟူသော ဥပဒေက သူ့နေရာနှင့် သူ့အချိန်အခါနဲ့ စည်းစနစ်တကျ ပေါင်းသင်း ဆက်ဆံဖို့ ပြဌာန်းထားခြင်းဖြစ်ပါတယ်။

လယ်သမားသဖွယ် ဖခင်နှင့်လယ်ယာမြေသဖွယ် မိခင်တို့က ကျန်းမာသန်စွမ်းပါမှ လတ်ဆတ်ချိုမြိန်မွှေးမြ တဲ့ သစ်သီးဝလံ ပန်းမာန်တွေပေါက်ရောက် ထွန်းကားလာနိုင်ပါတယ်။ နေကာဟ်ပြုတဲ့အရွယ်ဆိုတာ (၄း၆)နှင့် (၄၀း၆၇)တို့အရ ကလေးငယ်နှင့် အိုမင်းချိန်ကြား ခန္ဓာကိုယ်ဖွံ့ဖြိုးကြီးထွားပြီး အသိဥာဏ်ပါရင့်ကျက်တဲ့အချိန် ဖြစ်ရ ပါမယ်။ အစ္စလာမ်က အရွယ်မရောက်သေးမီ လက်ထပ်ထိမ်းမြားခြင်းကို အားမပေးပါဘူး။ အရွယ်မရောက်သေး သူများကို ထိမ်းမြားလက်ထပ်ခြင်းဆိုတာက တမန်တော် မုဟမ္မဒ်(ဆွ)မပေါ်ခင် အမိုက်ခေတ်ရဲ့ဓလေ့ ထုံးစံသာဖြစ် ပါတယ်။

ထိမ်းမြားလက်ထပ်တဲ့အခါ အမျိုးသားက အမျိုးသမီးကို လက်ဆောင်ပေးရပါတယ်။ အဲဒါကို မွတ်ဆလင်မ် များက မဟရ်ပေးတယ်လို့ ပြောဆိုကြပါတယ်။ မဟဲရ်ကို ကုရ်အာန် (၄း၎)မှာ (ဆွဒကာသေဟင်းန နေဟ်လဟ်) အနှောင်အဖွဲ့ကင်းသော လက်ဆောင်လို့ဖော်ပြထားပါတယ်။ အချို့က ပြောသလို ခန်းဝင်ကြေးလို့ပြောတာ ရိုင်းစိုင်းမှားယွင်းတဲ့ အသုံးအနှုံးဖြစ်ပါတယ်။ အဲဒါက ဇနီးမယားရဲ့ ပစ္စည်းပိုင်ဆိုင်ခွင့်ကို အသိအမှတ်ပြုတဲ့ သဘောလည်းဖြစ်ပါတယ်။ ဇနီးသည်ရဲ့ ရပိုင်ခွင့်ပါ။ အဲဒီလက်ဆောင်(မဟဲရ်)ကို ဇနီးသည်ရဲ့ ခွင့်ပြုချက်မရှိရင် လင်ယောက်ျားဖြစ်သူတောင် သုံးစွဲပိုင်ခွင့် မရှိပါ။

အစ္စလာမ်က ထိမ်းမြားလက်ထပ်မှုဆိုင်ရာ ဆောင်ရွက်မှုအဖြစ်ကို စည်းမျဉ်းစည်းကမ်းများဖြင့် အရေးတယူ သတ်မှတ်ပြဌာန်းထားပါတယ်။  ယောက်ျားတစ်ဦးနဲ့ မိန်းမတစ်ဦးတို့က လွတ်လပ်တဲ့ စိတ်သဘောဆန္ဒအရ ထိမ်းမြားလက်ထပ်ခြင်းဖြစ်ရပါမယ်။ ထိမ်းမြားလက်ထပ်ပေးသူက သတို့သားနှင့် သတို့သမီးနှစ်ဦးလုံးကို ဒီမင်္ဂလာပွဲကို လက်ခံ သဘောတူပါသလားလို့ အသိသက်သေများရှေ့မှာ မေးမြန်းရပါတယ်။ နှစ်ဖက်သော မိဘဆွေမျိုးများရဲ့ ဆန္ဒကြောင့်သာ မတတ်သာလို့ လက်ခံလိုက်ရတဲ့ မင်္ဂလာပွဲမျိုး မဖြစ်သင့်ပါဘူး။ အချို့အရပ်ဒေသတွေမှာ ကလေးအရွယ်ကတည်းက စေ့စပ်ကြောင်းလမ်းထားပြီး အနည်းငယ်ကြီးပြင်းလာတာနဲ့ လက်ထပ်ပေးတဲ့ အစဉ်အလာတွေဟာ အစ္စလာမ် သာသနာတော်နဲ့ လုံးဝမဆိုင်။ ကုရ်အာန်အရလက်ခံနိုင်ဖွယ် အလျဉ်းမရှိ။ လူမျိုးနွယ်များ၏ ဓလေ့စရိုက်များကို အစ္စလာမ် ပြဌာန်းချက်ဟု လွဲမှားစွာ မှတ်ယူဆောင်ရွက်နေခြင်းသာဖြစ်သည်။ ၎င်းတို့အား ကုရ်အာန်၏ လမ်းညွှန်ချက် များကို အသိပေးပို့ချရန် အထူးလိုအပ်ပါသည်။

နိဂုံးမချုပ်ခင်လေးမှာ မိန်းမလေးယောက်ကိစ္စကိုလည်း လေ့လာသုံးသပ်လိုပါတယ်။ ကုရ်အာန် (၄း၃)မှာ

`အသင်တို့သည် အကြောင်းကြောင်းကြောင့် (၀အင်န်ခေ့ဖ်သွန်)ခိုကိုးရာမဲ့ (ယတီမ်)များကိစ္စတွင် တရားမျှတစွာ ဆောင်ရွက်ခြင်းမပြုနိုင်ပါက သင်တို့နှစ်သက်သဘောကျသော ခိုကိုးရာမဲ့ အမျိုးသမီးလေးဦးအထိကို တရားတော် နှင့်အညီ ထိမ်းမြားလက်ထပ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်ရန်ဖြစ်သည်။ အကြောင်းကြောင့် တရားမျှတစွာ ထိန်းသိမ်းစောင့်ရှောက်မှု မပြုနိုင်ပါက တစ်ဦးတည်းကိုသာ ထိမ်းမြားလက်ထပ်ရမည်။ ထိုတည်းမဟုတ်မူ မိမိ၏ လက်အောက်ငယ်သား တစ်ဦးကိုသာ ထိမ်းမြားလက်ထပ်၍ ထိန်းသိမ်းစောင့်ရှောက်သင့်ပေသည်။ ဤသည် သင်တို့အတွက် စည်းကမ်းကို မကျူးလွန်စေရန် အကောင်းဆုံးဆောင်ရွက်ချက်ဖြစ်ပေသည်။´

ကုရ်အာန် (၄း၃)ရဲ့ ညွှန်ကြားချက်ကို အခွင့်ကောင်းယူပြီး ယောက်ျားတစ်ယောက်ဟာ မိန်းမလေးယောက် ထိ ယူလို့ရတယ်၊ ဒါဟာ ငါတို့ယောက်ျားတွေကို  အလ္လာဟ်ပေးထားတဲ့ အခွင့်အရေးပဲလို့ ထင်နေကြတာဟာ အတော်လွဲမှားတဲ့ အယူအဆဖြစ်ပါတယ်။ အလ္လာဟ်ကို လှောင်ပြောသရော်ရာလည်း ရောက်ပါတယ်။ ကုရ်အာန် (၄း၃)က ခိုကိုးရာမဲ့ အမျိုးသမီးတွေအပေါ် ယောက်ျားတွေရဲ့ တာဝန်တစ်ရပ်အနေနဲ့ ဆောင်ရွက်ခိုင်းထားတာပါ။

ဒီအာယသ်ရဲ့အစမှာပါတဲ့ (အင်န်ခေ့ဖ်သွန်)ဆိုတဲ့ စကားလုံးက အထူးသတိထားရမဲ့ စကားလုံးဖြစ်ပါတယ်။ သာမန်အခြေအနေမဟုတ်တဲ့  စိုးရိမ်ရတဲ့အခြေအနေတစ်ရပ်ကို ညွှန်းဆိုနေတာပါ။ စစ်မက်ဖြစ်ပွားနေတဲ့ အခြေအနေ၊ ကပ်ရောဂါများ ကျရောက်နေတဲ့အခြေအနေ၊ ရာသီဥတုဆိုးဝါးနေတဲ့ အခြေအနေတွေကြောင့် ခိုကိုး ရာမဲ့အမျိုးသမီးတွေ ပေါ်ပေါက်လာတဲ့အခါ ယောက်ျားတွေက ၎င်းအမျိုးသမီးများကို စောင့်ရှောက်ထိန်းသိမ်းရမဲ့ တာဝန်ကို ရည်ညွှန်းထားတာပါ။ ယောက်ျားတွေရဲ့အခွင့်အရေးမဟုတ်ပါ။ အလယ်မှာပါတဲ့ (အင်န်ခေ့ဖ်သွန် အာလာ သအ်ဒေလူး)ဆိုတာ လင်ယောက်ျားအဖြစ် တာဝန်မကျေပွန်နိုင်ရင်လို့ ဆိုလိုတာပါ။ ဇနီးသည်တွေအပေါ် ထားရမဲ့ တာဝန်နဲ့ဝတ္တရားကို အထူးအလေးပေးဖော်ပြနေတာပါ။

အစစအရာရာ တာဝန်ယူနိုင်ရင် ခိုကိုးရာမဲ့များကို လေးယောက်အထိ ဇနီးသည်အဖြစ် တာဝန်ယူ ထိန်းသိမ်းနိုင်တယ်။ လင့်ဝတ္တရား ကျေပွန်စွာမထမ်းဆောင်နိုင်ရင် တစ်ယောက်ကိုပဲ ထိမ်းမြားလက်ထပ်ပါ။ ခိုကိုးရာမဲ့ တစ်ယောက်ကိုတောင် မတတ်နိုင်ရင် မိမိရဲ့ လက်အောက်ငယ်သား တစ်ယောက်ကိုပဲ ထိမ်းမြားလက်ထပ်ပါလို့ ညွှန်ကြားထားတာပါ။

ဒါဟာ လူမှုဆက်ဆံရေး တစေ့တစောင်းဆိုတဲ့ ခေါင်းစဉ်နဲ့တင်ပြခဲ့ခြင်းပါ။ အစ္စလာမ့်လူမှုဆက်ဆံရေး ဆိုတာ မကျဉ်းမြောင်းပါဘူး။ အယူမသီးပါဘူး။ အင်မတန်ကျယ်ပြန့်ပြီး သဘောထားကြီးမြင့်ပါတယ်။ အစ္စလာမ့် အစွန်းရောက်များရဲ့ လက်ချက်ကြောင့် မွတ်ဆလင်မ်များဟာ ကမ္ဘာ့လူ့အဖွဲ့အစည်းမှာ သီးသန့်ဆန်တဲ့ လူတွေ ပေါင်းရသင်းရခက်တဲ့သူတွေအဖြစ် မြင်နေကြတာပါ။ အစ္စလာမ့်ရဲ့ အရင်းမူလတရားသဘောအရ လူ့အဖွဲ့အစည်း များအားလုံးနဲ့ နွေးထွေးစွာ ပေါင်းသင်းဆက်ဆံပြီး လောကကောင်းကျိုးကို သယ်ပိုးနိုင်ပါတယ်။ အစ္စလာမ်ဘာသာ ၀င်များအားလုံး လူ့အဖွဲ့အစည်းများနှင့် သဟဇာတဖြစ်စွာ ပေါင်းသင်းဆက်ဆံနိုင်ပါစေလို့ ဆုမွန်တောင်းဆိုလိုက်ပါ တယ်။