ဟဂ်ျအကြောင်း(အပိုင်း- ၆) မုဖ်သီဦးစန်းအောင် (B.Sc)

ဟဂ်ျအကြောင်း(အပိုင်း- ၆)

မုဖ်သီဦးစန်းအောင် (B.Sc)

          ဒီကနေ့(၁ဝ.၄.၂ဝ၁၅)နေ့မှာ ကျရောက်တဲ့ယောင်မွလ်ဂျုမုအာဟ်နေ့မှာ အလ္လာဟ်အရှင်မြတ်ကို အေဘာဒသ်ပြုရန်ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား……

အတ်စလာမုအလိုင်းကွန်း(မ်) ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု

ဒီကနေ့ ကျနော်တင်ပြမဲ့ခေါင်းစဉ်ကတော့ ကျနော်အခန်းဆက်အဖြစ် တင်ပြနေတဲ့ `ဟဂ်ျအကြောင်း´(အပိုင်း-၆) ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ဟဂ်ျအကြောင်း (အပိုင်း-၅)ကို တင်ပြရာမှာ `ဟဂ်ျ´ကျင့်စဉ်ကို ဆောင်ရွက်ကြရမဲ့ ဟာဂျီတစ်ဦး အနေနဲ့ မဖြစ်မနေ `ဖရဇ်´တာဝန်အဖြစ် ထမ်းဆောင်ရမဲ့ တာဝန်ပိုင်းတွေကို တင်ပြသွားရာမှာ အချိန်မလုံလောက်တဲ့အတွက် ဒီတာဝန်တွေအနက် အပိုင်း(၁)ဖြစ်တဲ့ `အဲဟ်ရာမ်´ ဝတ်ဆင်ခြင်းဆိုတဲ့ အပိုင်းကိုပဲ တင်ပြနိုင်ခဲ့ပါတယ်။ ဒီတစ်ပါတ်မှာတော့ ကျန်ရှိတဲ့ အပိုင်းတွေကို ပြီးပြတ်အောင်တင်ပြပြီး ကျနော်ခေါင်းစဉ်တစ်ခုအနေနဲ့ဟောကြားတင်ပြနေတဲ့ `ဟဂ်ျ´အကြောင်း ခေါင်းစဉ်ကို အဆုံးသတ်မှာဖြစ်ပါတယ်။

အခုကျွန်တော် ဆက်လက်တင်ပြမှာက ဟဂ်ျကျင့်စဉ်ကို ဆောင်ရွက်သူတစ်ဦးအနေနဲ့ မဖြစ်မနေဆောင်ရွက်ရမဲ့ `တွဝါးဖ်´လှည့်ခြင်းအပိုင်း ဖြစ်ပါတယ်။

(၂) တွဝါးဖ်လှည့်ခြင်း၊ …

ဟဂ်ျရဲ့မလုပ်မနေရ ဖရဇ်တာဝန်တစ်ရပ်ကတော့ ကအ်ဘာကို ဗဟိုပြုပြီး လမ်းလျှောက်လှည့်ပတ်ခြင်းပဲဖြစ်ပါတယ်။ ဟာဂျီအားလုံးဟာ တန်းစီပြီး တစ်ယောက်ကိုတစ်ယောက်တွဲကာ လှည့်ပတ်လမ်းလျှောက်ခြင်းကို တွဝါးဖ်လှည့်တယ်လို့ ခေါ်ပါတယ်။ ဒီလို တွဝါဖ်လှည့်ပတ်ခြင်းမှာ အင်မတန်မှ လေးနက်တဲ့ အနှစ်သာရနဲ့ ပြည့်စုံတဲ့သဘောတရားတွေ အများကြီးပါ ဝင်ပါတယ်။ အဓိဌာန်တစ်ခုကို ရည်စူးပြီးလူတွေတန်းစီလမ်းလျှောက်ခြင်းဟာ ယနေ့နိုင်ငံရေး လောကမှာ အင်မတန်မှ ထိရောက်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ `ကအ်ဘာ´ကျောင်းတော်ကြီးရဲ့ ပရဝုဏ်မှာ ဟာဂျီတွေဟာ တစ်ဦးကိုတစ်ဦး လက်ချင်း ချိတ်ဆက်ပြီး `တွဝါးဖ်´လှည့်ပတ်လမ်းလျှောက်ခြင်းဟာ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ သဘောကို ပြတယ်လို့ ကျွန်တော်နားလည်မိပါတယ်။ ကျွန်တော်တို့ ဟာဂျီတွေဟာ မတရားမှုအရပ်ရပ်ကို ဆန့်ကျင်ကန့်ကွက် သူများဖြစ်ကြပါတယ်။

`တွဝါးဖ်´ရဲ့ အဓိပ္ပါယ်ကို အချို့သော အရဗီအဘိဓါန်တွေမှာ `လှည့်ပတ်စောင့်ကြပ်ခြင်း´ဆိုတဲ့ အနက်သဘောကို ပေးပါတယ်။ ဒီအနက်သဘောအပေါ်မှာ အချို့သော ကုရ်အာန်ရေးရာ ပညာရှင်များက တွဝါးဖ် ဆိုသည်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်တဲ့အတွက် ဟာဂျီများသည် အများပြည်သူတို့ရဲ့ အသက် အိုးအိမ်စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ပေးသည့် လုပ်ငန်းစဉ်များမှာ ပါဝင်ရမယ်ဆိုပြီး ပြောဆိုကြတာတွေလည်း ရှိပါ တယ်။

(၃) ဆွဖာနှင့် မရ်ဝါကို `စအီ´ပြေးလျှောက်ခြင်း၊ …..

ဒီအပိုင်းမှာ ဟဂ်ျကျင့်စဉ်ပိုင်းနှင့်ပတ်သက်ပြီး သတိထားမှတ်သားရမဲ့ အချက်တစ်ခုကို တင်ပြလိုပါတယ်။ `ဟဂ်ျ´ ကျင့်စဉ်အပိုင်းမှာ ရှေ့လုပ်ငန်းစဉ်ရဲ့ စီမံကိန်းတွေ၊ အကောင်အထည်ဖော် အခန်းကဏ္ဍတွေ၊ ပါဝင်သလို Commemoration လို့ခေါ်တဲ့ အမှတ်ရ၊ သတိရ ၊ ဂုဏ်ပြုမှုအစီအစဉ်ကို ဆောင်ရွက်တဲ့အခါမှာ ဒီကအ်ဘာကျောင်းတော်ကြီးရဲ့ ဗိသုကာကြီးများ ဖြစ်ခဲ့ကြတဲ့ တမန်တော်အီဘရာဟင်မ်(အ)တို့ရဲ့ အတွေ့အကြုံတွေကိုလည်း အမှတ်တရဂုဏ်ပြုတဲ့အနေနဲ့ လိုက်နာဆောင် ရွက်ရပါတယ်။ အခုတင်ပြမဲ့ ဟဂ်ျကျင့်စဉ်တစ်ရပ်ဖြစ်တဲ့ ဆွဖာနဲ့မာရ်ဝါတောင်နှစ်လုံးကို `စအီ´ပြေးလျှောက်ခြင်းသည် ဇနီး သည် ဟာဂျရာသခင်မက သားတော်အီစ်မာအီလ်(အ)ရဲ့ ရေငတ်ဒဏ်ကို ဖြေဖျောက်ပေးဖို့ ရေရှာတဲ့အခါမှာ အပြေးအလွှား ရေရှာနေပုံကို ဖော်ကျူးတဲ့သဘောပါ။ ဒါကို ကျမ်းမြတ်ကုရ်အာန် (၂း၁၅၈)မှာ ဒီလိုပြထားပါတယ်။

ဧကန်မုချပင် `ဆွဖာ´တောင်နှင့် `မရ်ဝါ´တောင်သည် အလ္လာဟ်အရှင်မြတ်၏ အမှတ်သညာများပင် ဖြစ် သည်။ သို့ဖြစ်ရာ `ဟဂ်ျ´သို့မဟုတ်`အွမ္မရာ´ပြုသူတစ်ဦးအတွက် ယင်းတောင်နှစ်လုံးအကြား ကူးလူးသွားလာလှည့် ပတ်ခြင်းနှင့်ပတ်သက်၍ ထိုသူ့အပေါ်တွင် `တစ်စုံတစ်ရာ လွဲမှားသွားပြီ´ဟု အပြစ်တင်ဖွယ်ရာမရှိချေ။ လူသား တစ်ဦးသည် အများကောင်းကျိုးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက် လုပ်ကိုင်ဆောင်ရွက်ခြင်းသည် မင်္ဂလာတစ်ပါး ပင်ဖြစ်သည်။ ဧကန်မုချပင် အလ္လာဟ်အရှင်မြတ်သည် ကျေးဇူးတရားကို ဖော်ထုတ်တော်မူသော အကြွင်းမဲ့သိတော် မူသောအရှင်ဖြစ်သည်။                (ကုရ်အာန်-၂း ၁၅၈)

          အလ္လာဟ့်အိမ်တော်သို့သွားရောက်ပြီး`ဟဂ်ျ´ပြုသူ၊ `အွမ္မရာ´ပြုသူတွေဟာ အိမ်တော်(ကအ်ဘာ)၏ အရှေ့တောင်ဖက်အနီးရှိ `ဆွဖာ´နှင့် အနောက်တောင်ဖက်ရှိ `မရ်ဝါ´ဆိုတဲ့ တောင်ပူစာငယ်(၂)လုံးအကြားမှာ အပြန်အလှန် `စအီ´ပြု အမြန်လမ်းလျှောက်ကြပါတယ်။

ကျမ်းမြတ်ကုရ်အာန် (၂း၁၂၈)အရ တမန်တော်အီဗရာဟင်မ်(အ)နှင့်သားတော်အီစ်မာအီလ်း(အ)တို့ဟာ `ကအ်ဘာ´အလ္လာဟ့်အိမ်တော်ကြီးကို မွမ်းမံတည်ဆောက်ပြီးနောက် ယင်း`ကအ်ဘာ´ပရဝုဏ်မှာလုပ်ဆောင်ရမည့် ကျင့်စဉ်ကျင့်ရပ် (Rituals)များကို အလ္လာဟ်အရှင်မြတ်ထံမှ တောင်းခံနည်းယူခဲ့ပါတယ်။အဲဒီအခါ အလ္လာဟ်အရှင်မြတ်က ထိုကျင့်စဉ်ဆိုင်ရာ နည်းစနစ်များကို ချပေးခဲ့တယ်။ သို့သော် ကာလကြာမြင့်လာသည်နှင့်အမျှ နောက်ပိုင်းမျိုးဆက်တွေဟာ ယင်း`ကအ်ဘာ´အတွင်း၌ အလ္လာဟ့်စနစ်နှင့် လူလုပ်စနစ်များကို ရောထွေးပေါင်းစပ်၍ ပြုလုပ်လာကြပါတယ်။ တဖြေးဖြေး နှင့် မည်သည့်လုပ်ရပ်သည် အလ္လာဟ်အရှင်မြတ်၏ ပြဋ္ဌာန်းချက်ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်လုပ်ရပ်သည် လူသားများ၏ ပြဋ္ဌာန်းချက်ဖြစ်သည်ကိုလည်းကောင်း၊ ခွဲခြား၍မရတော့သည့် အခြေသို့ ဆိုက်ရောက်လာကြပါတယ်။

အလ္လာဟ်အရှင်မြတ်က နောက်ဆုံးတမန်တော် မုဟမ္မဒ်(ဆွ)ကိုစေလွှတ်ပြီး `ကအ်ဘာ´အတွင်းမှ ရုပ်ဝါဒ ကိုးကွယ်ခြင်းများ၊ ရုပ်ထုဆင်းတုများ၊ လူလုပ်ကျင့်စဉ်ကျင့်ရပ်များကို အညစ်အကြေးများသဖွယ် သတ်မှတ်ပြီး၊ သန့်ရှင်းဆေးကြောဖယ်ရှားစေခဲ့လေသည်။ ထိုသို့ဖယ်ရှားရှင်းလင်းရာမှာ `ဆွဖါ´နှင့်`မရ်ဝါ´တောင်အား အပြန်အလှန်ပြေးလွှားခြင်းကိုမူ အထက်ပါအာယတ်တော်အရ အလ္လာဟ်အရှင်မြတ်က ခွင့်ပြုပေးခဲ့ပါတယ်။

သမိုင်းကြောင်းမှာ တမန်တော်အီဗရာဟင်မ်(အ)ရဲ့ ဇနီးသည်`ဟာဂျရာဟ်´သခင်မနှင့်သားတော် အီစ်မာအီလ်း(အ)တို့ဟာ အလ္လာဟ့်အမိန့်တော်အရ တမန်တော်အီဗရာဟင်မ်(အ)က `ကအ်ဘာ´ကျောင်းတော်ကြီးကို မွမ်းမံတည်ဆောက်ရာ၌ အဓိက ပံ့ပိုးကူညီပါဝင်ခဲ့ကြသူများဖြစ်တယ်။အဲဒီမိသားစုကအလွန်ပူပြင်းခြောက်သွေ့လှတဲ့ လွင်တီးခေါင်ပြင် သဲကန္တာရထဲမှာ အစ္စလာမ်၏ဘူမိနက်သန်ဖြစ်သော `ကအ်ဘာ´ကျောင်းတော်ကြီးကို ပင်ပန်းဆင်းရဲဒုက္ခခံကာ မွမ်းမံတည်ဆောက်ခဲ့ကြပါတယ်။ ယင်း`ဆွဖါ´တောင်နှင့် `မရ်ဝါ´တောင်ဟာ `ကအ်ဘာ´ကျောင်းတော်ကြီးကို တည်ဆောက်ရာမှာ တမန်တော်အီဗရာဟင်မ်(အ)၏မိသားစု ပင်ပန်းခက်ခဲစွာ လျှောက်လှမ်းဖြတ်သန်းခဲ့ရတဲ့ နေရာဒေသတစ်ခုပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် `အစ္စလာမ်´တည်းဟူသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဆင်းရဲဒုက္ခခံကာ ကြိုးစားပမ်းစား တည်ဆောက်ခဲ့ရပါတယ်။ဒီအချက်ကို အလ္လာဟ်အရှင်မြတ်က အမှတ်သညာပြု မှတ်တမ်းတင်ခဲ့ပါတယ်။ သူတို့၏ဒုက္ခဆင်းရဲမှုကို ဟာဂျီများကိုယ်တိုင် ကိုယ်ချင်းစာ ခံစားကြည့်စေချင်ပါတယ်။

အလ္လာဟ်အရှင်မြတ်က အဲဒီလို ဒုက္ခခံပြီးတည်ဆောက်ခဲ့ရသော `အစ္စလာမ်´တည်းဟူသည့် လူ့အဖွဲ့အစည်းကို မပြိုကွဲစေလိုပါဘူး။ ပို၍တိုးတက်မြင့်မားစေလိုပါတယ်။ဒီတာဝန်ကို အလ္လာဟ်အရှင်မြတ်က `ဟဂ်ျ´ပြုဖို့၊ `အွမ္မရာ´ပြုဖို့လာသူများကို တာဝန်ပေးလိုပါတယ်။ဒီတော့ ဟာဂျီတစ်ဦးသည် ကျမ်းမြတ်ကုရ်အာန်အရ `ဟဂ်ျ´ (သို့မဟုတ်) `အွမ္မရာ´တာဝန်ပြီးဆုံး၍ မိမိဒေသကို ပြန်ရောက်ရှိလာတဲ့အခါ အဓိကလုပ်ဆောင်ရမည့်တာဝန်များအနက် တာဝန်တစ်ရပ်မှာ တိုးတက်ဖွံ့ဖြိုးသောလူ့အဖွဲ့အစည်းတစ်ရပ်ကို မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့် တမန်တော် အီဗရာဟင်မ်(အ)၏မိသားစုကို စံနမူနာယူကာ အကျိုးပြုပါဝင်တည်ဆောက်ရေးပင်ဖြစ်ပါတယ်။ဒါကြောင့် `ဟာဂျီ´ ဆိုသည်မှာ လူ့အဖွဲ့အစည်းကို အပြစ်ရှာသူ၊ ငြူစူသူ၊ ဖျက်ဆီးသူ၊ သွေးခွဲလုပ်ကြံသူ မဖြစ်စေရပါဘူး။

ဒါပေမဲ့မျက်မှောက်ကာလမှာ လူအချို့ဟာ `ဟဂ်ျ´ပြုခြင်းဆိုတာ မိမိတို့၏ဒုစရိုက်မှုများကို အလ္လာဟ့်အိမ်တော်မှာ တစ်နှစ်တစ်ခါ သွားရောက်စုပုံစွန့်ပစ်ပြီး မိမိတို့၏လိုအပ်ချက်များကို အလ္လာဟ်အရှင်မြတ်ထံက ထပ်မံတောင်းဆို အရေးဆိုသွားမယ်ဆိုတဲ့ အတွေးအခေါ်လောက်သာ ရှိကြပါတယ်။အဲဒီလို အတွေးအခေါ်ရှိသူကို `ဟာဂျီ´အဆင့်မသတ်မှတ်ဘဲ အရဗ်နိုင်ငံခရီးသွားသူ `မူဆာဖိရ်´ခရီးသည်တစ်ယောက်အဆင့်သာ သတ်မှတ်သင့်ပါတယ်။

        `ငါအလ္လာဟ်အရှင်မြတ်က လူသားတို့အတွက် ကျမ်းမြတ်ကုရ်အာန်ထဲ၌ ထိုအကြောင်းအရာကို ရှင်းလင်းမိန့်ကြားပြီးနောက် ထိုသူတို့သည် ငါအရှင်မြတ် ထုတ်ပြန်ပို့ချထားပြီးသော ရှင်းလင်းမိန့်ကြားချက်နှင့် လမ်းညွှန်ချက်တို့ကို ဧကန်အမှန် မသိကျိုးကျွံပြု ထိမ်ချန်ထားလျက်ရှိသည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ `ရဟ်မသ်´တော်မှ ကင်းဝေးပြီးဖြစ်သလို ကျိန်ဆဲပြစ်တင်နေသူများကလည်း သူတို့ကို ကျိန်ဆဲပြစ်တင်လျက်ရှိပေသည်။´                                                                                            (ကုရ်အာန်- ၂း ၁၅၉)

          အထက်ပါအာယသ်တော်ကို မွတ်စလင်မ်များ အထူးသဖြင့် `ဟာဂျီ´များ ဂရုပြုသင့်ပါတယ်။ မိမိတို့ပြုခဲ့သည့်`ဟဂ်ျ´၊ မိမိတို့ပြုခဲ့သည့် `အွမ္မရာ´ဆိုတာဘာလဲ။ အလ္လာဟ်အရှင်မြတ်က မည်သို့လမ်းညွှန်အမိန့်ပေးထားသလဲ။ အလ္လာဟ်အရှင်မြတ် ဖြစ်စေချင်သည်ကဘာလဲ အစရှိသည်တို့ကို ထိမ်ချန်မထားတော့ဘဲ သိအောင်ကြိုးစားရပေမည်။ `ဟာဂျီ´တစ်ယောက်ရဲ့ တာဝန်နှင့်ဝတ္တရားကို သိနားလည်အောင်ကြိုးပမ်းရပေမည်။ သို့မဟုတ်ပါက အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ကို တစ်သွေမတိမ်းလိုက်နာနေတဲ့သဘာဝလောကကြီးရဲ့ ကျိန်ဆဲပြစ်တင်နေမှုကို ခံနေရမှာဖြစ်ပါတယ်။

ဒီအာယသ်တော်တွေရဲ့ လမ်းညွှန်ချက်အရဆိုရင် ဟဂ်ျတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လိုသူ ဟာဂျီများအတွက် ဆွဖါနှင့်မရ်ဝါကို `စအီ´အပြေးလျှောက်စဉ်မှာ ဘယ်လို စိတ်ကူးစိတ်သန်းမျိုး၊ ဘယ်လိုစိတ်နေစိတ်ထားမျိုးရှိရမလဲဆိုတာ ပေါ်လွင်ထင်ရှားလှပါတယ်။

(၄) အာရဖတ်ကွင်းပြင်၌ ခွတ္တဗာဟ်နားထောင်ခြင်း၊ ….

`သင်တို့ကို ပြုစုပျိုးထောင်တော်မူသော အရှင်မြတ်ထံတော်မှ သင်တို့အတွက် အကျိုးစီးပွားကို ရှာဖွေ ဆည်းပူးခြင်းသည် သင်တို့အပေါ်၌ တစ်စုံတစ်ရာသော အပြစ်ဆိုဖွယ်ရာမရှိပေ။ သင်တို့သည် `အရဖါတ်´ ကွင်းပြင်မှ ပြန်ရောက်လာပြီးနောက် `မရှိအီရိလ်ဟရာမ်´ ခေါ် `မုဇ်ဒလီဖါဟ်´အရပ်၌ အလ္လာဟ်အရှင်မြတ်ကို သတိရတသကြပါလေ။ အလ္လာဟ်အရှင်မြတ်ကို အလ္လာဟ်အရှင်မြတ်က သင်တို့ကို လမ်းညွှန်ထားသည့်အတိုင်းပင် သတိရတသကြပါလေ။ ထိုအရှင်မြတ်ကို သင်တို့ သတိရတမ်းတမှုမရှိခင်က ဧကန်အမှန်ပင် သင်တို့သည် အကျိုးမဲ့၊ အချည်းအနှီးအနေအထား၌ပင် ရှိနေကြလေသည်။ ´ (ကုရ်အာန်-၂း ၁၉၈)

`ဟဂ်ျ´ပြုရာ၌ (၁) အိဟ်ရာမ်ဝတ်ခြင်း၊  (၂) `ကအ်ဘာ´ကို တွဝါဖ်လှည့်ခြင်း၊ (၃) ဆွဖာနှင့် မရ်ဝါသို့ အပြန်ပြန်အလှန်လှန် `စအီ´ အမြန်လျှောက်လှမ်းခြင်း၊ (၄) `အာရဖါတ်´ကွင်းပြင်၌ `ခွတ္တဗါဟ်´နားထောင်ပြီး `မရှ်အိရိလ်ဟရာမ်´ ခေါ် `မုဇ်ဒလိဖာဟ်´အရပ်၌ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များကို အလ္လာဟ်အရှင်မြတ်၏ လမ်းညွှန်ချက်နှင့်အညီ သတိရဖော်ထုတ်ခြင်းဟူသော `ဖရဇ်´တာဝန်(၄)ရပ်ကို မဖြစ်မနေထမ်းဆောင်ရမှာဖြစ်ပါတယ်။ အထက်ပါအချက်များအနက် အချက်တစ်ချက်ပြုကျင့်ရန် ပျက်ကွက်လျှင် `ဟဂ်ျ´တာဝန်မကျေပါဘူး။ တစ်နည်းအားဖြင့် `ဟာဂျီ´ဖြစ်ဖို့ လိုအပ်ချက်ရှိသွားပါလိမ့်မယ်။

`ဟဂ်ျ´အချိန်ကာလမှာ အနယ်နယ်အရပ်ရပ်မှလာရောက်ကြတဲ့ `ဟာဂျီ´များအကြား စီးပွားရေးကိစ္စဆွေးနွေးခြင်းသည် အရှင်မြတ်၏`ဟရာမ်´တားမြစ်ချက်၌မပါဝင်ပါဘူး။ သို့သော် `ဟဂ်ျ´ပြုလုပ်ရန်လာခြင်းသည် စီးပွားရှာခြင်းမဟုတ်ဘူးဆိုတာကိုတော့ သတိပြုထားရပါမယ်။ စီးပွားရေးကိစ္စများက `ဟဂ်ျ´ကျင့်စဉ်များကို လစ်ဟင်းခြင်း၊ ထိခိုက်ခြင်းမရှိစေရပါဘူး။ လုပ်ငန်းဆောင်တာအရပ်ရပ်၌ အလ္လာဟ်အရှင်မြတ်၏ ကန့်သတ်ချက်တွေရှိပါတယ်။

`အာရဖါတ်´ဆိုတာက မက္ကာဟ်မြို့နှင့် `တွာအိဖ်´မြို့သွားရာ မက္ကာဟ်မြို့၏အရှေ့ဖက် (၁၂)မိုင်အကွာမှာရှိတဲ့ ကွင်းပြင်ကြီးတစ်ခုရဲ့ အမည်ပဲဖြစ်ပါတယ်။အဲဒီကွင်းပြင်မှာ `အာရဖါတ်´ဟူသော တောင်ကုန်းတစ်ခုရှိပါတယ်။ ဟာဂျီတွေဟာ ဇွလ်ဟဂ်ျလ(၈)ရက်နေ့မှာ မက္ကာဟ်မြို့မှ `မီနာ´အရပ်ကို ခရီးထွက်ကြပါတယ်။ ဇွလ်ဟဂ်ျ (၉)ရက်တွင်မူ မီနာမှ အာရဖါတ်ကွင်းပြင်သို့ ဆက်လက်ခရီးထွက်ကြပြန်ပါတယ်။ အာရဖါတ်မှာတာဝန်ရှိသည်များကို ဆောင်ရွက်ပြီး `မရှ်အိရိလ်ဟရာမ်´ခေါ် `မုဇ်ဒလိဖာဟ်´အရပ်သို့ သွားရောက်ရပါတယ်။ `မရှ်ရိအိလ်ဟရာမ်´ဟူသည် `ရိုသေလေးစားဖွယ်ရာသော အထိမ်းအမှတ်´လို့ အဓိပ္ပါယ်ရရှိပြီး မက္ကာဟ်မြို့အရှေ့ဖက် (၆)မိုင်အကွာမှာ တည်ရှိပါတယ်။

နိုင်ငံအသီးသီးမှလာရောက်ကြသော ကိုယ်စားလှယ်တော်`ဟာဂျီ´များသည် `အာရဖါတ်´ကွင်းပြင်မှာ `ခွတ္တဗါဟ်´နားထောင်ကြရတယ်။ ယင်း`ခွတ္တဗါဟ်´သည် ကမ္ဘာ့မွတ်စလင်မ်လူထုတစ်ရပ်လုံး၏ နိုင်ငံအလိုက်ဖြစ်ပေါ်နေသော အရေးအရာများ၏ ဆုံးဖြတ်ချက်ပင်ဖြစ်တယ်။ ယင်းဆုံးဖြတ်ချက်များကို ဟာဂျီများက နှလုံးသွင်းမှတ်သားထားရပါမယ်။ ယင်း`ခွတ္တဗါဟ်´ကို `အရဗီ´စကားမပြောနိုင်သည့်နိုင်ငံများ၊ ကိုယ်စားလှယ်များအတွက် သက်ဆိုင်ရာ ဘာသာစကားဖြင့် ဘာသာပြန်ဆို ဖြန့်ချိသင့်ပါတယ်။ ယင်းဆုံးဖြတ်ချက်များ၌ နိုင်ငံအလိုက် စီးပွားရေးဆိုင်ရာ အခန်းကဏ္ဍများထည့်သွင်းဆွေးနွေးခြင်းကို အလ္လာဟ်အရှင်မြတ်က တားမြစ်ပိတ်ပင်ထားခြင်းမရှိပါဘူး။

`ဟဂ်ျ´ဆိုသည်မှာ လူသားထုတစ်ရပ်လုံး၏ လုံခြုံဘေးကင်းရေးနှင့် တိုးတက်စည်ပင်ရေးအတွက် ဦးတည်ဆောင်ရွက်သော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်ကို `ဟာဂျီ´များအနေဖြင့် သတိပြုထားရမှာဖြစ်ပါတယ်။ဒါကြောင့် `အာရဖါတ်´မှာ ဆုံးဖြတ်မှတ်တမ်းတင်ပြီးသော အချက်အလက်များကို `မရှ်အိရိလ်ဟရာမ်´ခေါ် `မုဇ်ဒလီဖာဟ်´မှာ မိမိတို့၏ကိုယ်စားလှယ် အစုအဖွဲ့များအကြား ပြန်လည်ရှင်းလင်း ဆွေးနွေးကြရပါမယ်။ အကယ်၍ အလ္လာဟ်အရှင်မြတ် ပြဋ္ဌာန်းချက်နှင့်အညီ မဆောင်ရွက်နိုင်ပါက မွတ်စလင်မ်တို့၏လုပ်ရပ်များမှာ အကျိုးမဲ့ အချည်းအနှီးသာဖြစ်သွားမှာ ဖြစ်ပါတယ်။

`ပြီးနောက် မည်သို့ပင်ဆိုစေကာမူ သင်တို့သည် လူသားတို့၏အရေးအရာကိစ္စအဝဝအား ဆွေးနွေးတိုင်ပင် ညှိနှိုင်းခြင်း (Negotiation)များ ပြုလုပ်ဆောင်ရွက်ကြပါ။ တစ်ဆက်တည်းမှာပင် အလ္လာဟ်အရှင်မြတ်ထံတော်မှ လုံခြုံဘေးကင်းမှုကိုလည်း တောင်းဆုပြကြပါလေ။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူသော ဆုံးစမဲ့ ကရုဏာတော်အရှင်ဖြစ်ပေသည်။ ´                                           (ကုရ်အာန်-၂း ၁၉၉)

`အွမ္မရာဟ်´နှင့်`ဟဂ်ျ´အချိန်ကာလများတွင် ပါဝင်ဆောင်ရွက်ကြသူ ဟာဂျီများက ကမ္ဘာ့လူသားထုတစ်ရပ်လုံးရဲ့ ဘေးကင်းလုံခြုံရေးနှင့် တိုးတက်စည်ပင်ရေးကို အဓိကဦးတည်ပြီး တိုင်ပင်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ တစ်ဖက်နှင့်တစ်ဖက် အမြင်မတူမှု၊ အယူဝါဒကွဲပြားမှုတို့ကိုအကြောင်းပြုပြီး မွတ်စလင်မ်ထုအကြား စိတ်ဝမ်းကွဲအောင်၊ ပြိုပျက်သွားအောင် ဖန်တီးနေသောအကြောင်းကိစ္စများကို မည်သို့ပင်ဆိုစေကာမူ ပြေလည်သွားသည်အထိ၊ သဘောတူညီမှုတစ်ရပ်ရရှိသည်အထိ ညှိနှိုင်းဆောင်ရွက်သွားရပါမယ်။ မိမိတို့ရဲ့ကိုယ်ပိုင်ခံယူချက်၊ သဘောထားအမြင်တွေနဲ့ အယူဝါဒတွေကို ဘေးဖယ်ပြီး ကျစ်လစ်သိပ်သည်းသော၊ ထုထည်ရှိသော `အွမ္မသ်´ထုတစ်ရပ်၊ လူ့အဖွဲ့အစည်းတစ်ရပ်ကို အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်နှင့်အညီ တည်ဆောက်ဖွဲ့စည်းရပါမယ်။

`သင်တို့၏စီမံဆောင်ရွက်ဖွယ်ရာများ၊ အခမ်းအနားများ ပြီးဆုံးသွားသောအခါ အလ္လာဟ်အရှင်မြတ်အား သင်တို့၏ရှေ့က ဘိုးဘွား၊ ဘီဘင်များ သတိရတသ သကဲ့သို့ပင် သင်တို့သည် သတိရတသကြပါလေ။ သို့မဟုတ် ထိုထက်ပင် ပို၍သတိရ တသဖော်ထုတ်ကြပါလေ။

        လူသားတို့အနက်မှ အချို့က `ကျွန်ုပ်တို့အား ပြုစုပျိုးထောင်သောအရှင်၊ မျက်မှောက်ကာလ၏ ကောင်းကျိုးချမ်းသာကို ချီးမြှင့်ပါ´ဟု (အလ္လာဟ်အရှင်မြတ်ထံ) တောင်းဆို အရေးဆိုကြလေသည်။ ထိုသူအတွက် အနာဂတ်(အာခိရသ်)ကာလ၌ တစ်စုံတစ်ရာသောရပိုင်ခွင့်၊ ခံစားပိုင်ခွင့် ရှိမည်မဟုတ်ပေ။ ´   (ကုရ်အာန်-၂း၂ဝဝ)

          မည်သူမဆို ကောင်းမွန်သော၊ လှပတင့်တယ်သော အကျိုးပြုလုပ်ငန်းတစ်ရပ်ကို လုပ်ဆောင်ပြီးသောအခါ မိမိ၏နှလုံးသား ဖြူစင်သန့်ရှင်းကြောင်းကို အလ္လာဟ်အရှင်မြတ်အား တိုင်တည်သစ္စာပြုရပါမယ်။ မိမိရဲ့လုပ်ဆောင်ချက် အကောင်အထည်ဖော်နိုင်ရန် အလ္လာဟ်အရှင်မြတ် လက်ခံသဘောတူရန်၊ အလ္လာဟ်အရှင်မြတ်ထံ အားကိုးတကြီး ဆုပန်တောင်းဆုပြုရန် လိုအပ်ပါတယ်။ လူသားအကျိုးပြုလုပ်ငန်းများကို ရှေ့ဘိုးဘွား၊ ဘီဘင်တို့ကလည်း လုပ်ဆောင်ခဲ့ကြသည်ဖြစ်ရာ မိမိ၏လုပ်ဆောင်ချက်သည် သူတို့ထက်တော့ လျော့နည်း၍မဖြစ်ပေ။ ဖြစ်နိုင်လျှင် သူတို့ထက်ပင် ပို၍ဆထက်တန်ဖိုး လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။

ဒါပေမဲ့ လူ့အကျိုးပြုစီမံကိန်းများကို ဆောင်ရွက်ကြရာတွင် အချို့က တဒင်္ဂအရေးဖြစ်သော မျက်မှောက်ကာလအတွက် လူမြင်ကောင်းအောင် ပြစားမှုများ၊ လူအထင်ကြီးအောင် ဂုဏ်ဖော်မှုများ၊ အစရှိသည်တို့ကို စိတ်ထားဖြူစင်မှုကင်းမဲ့စွာနဲ့ ကြွားလုံးထုတ် ပြစားလျက်ရှိပါတယ်။ သူတို့အတွက် သူတို့လုပ်ရပ်များက သူတို့ရဲ့အနာဂါတ်ကို မှေးမှိန်စေပါတယ်။

သို့သော် လူသားတို့အနက်မှ (အချို့က) တောင်းဆို အဓိဋ္ဌာန်ပြုကြသည်မှာ-

        `ကျွန်ုပ်တို့အား ပြုစုပျိုးထောင် လမ်းညွှန်စောင့်ရှောက်တော်မူသောအရှင် ကျွန်ုပ်တို့အား ဤမျက်မှောက်ကာလ၌ ကောင်းမွန်လှပတင့်တယ်မှုကို ချီးမြှင့်ပေးတော်မူပါ။ အနာဂါတ် (အာခိရသ်)၌လည်းကောင်းမွန်လှပတင့်တယ်မှုကို ချီးမြှင့်ပေးတော်မူပါ။ ပြီးနောက် ပူပြင်းစွာလောင်မြိုက်လျက်ရှိသော ပရိဒေဝမီးမှ ကျွန်ုပ်တို့အား ဖယ်ရှားပေးပြီး လုံခြုံမှုကိုပေးသနားတော်မူပါ´ဟူ၍ဖြစ်သည်။                    (ကုရ်အာန်- ၂း၂ဝ၁)

          ကျမ်းမြတ်ကုရ်အာန်က နှစ်ဘဝ၊ နှစ်ဋ္ဌာနအောင်မြင်မှု၊ လုံခြုံအေးချမ်းမှုကိုသာ ပုံဖော်ပေးပါတယ်။ လက်ရှိအနေအထား ကောင်းမွန်လှပပြီး အနာဂါတ်မှာ မရေရာခြင်း၊ အနာဂါတ်ကာလမှာ အထူးကောင်းမွန်တင့်တယ်ပြီး လက်ရှိကာလ မသေချာမရေရာခြင်းတို့ဟာ ကျမ်းမြတ်ကုရ်အာန်၏ ဖော်ညွှန်းချက်မဟုတ်ပေ။ မျက်မှောက်ကာလသည် အနာဂါတ်ကာလ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့်အားလျော်စွာ ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုသည် ကောင်းမွန်သော အကျိုးခံစားခွင့်ကို ရရှိစေမှာဖြစ်ပါ တယ်။

အထက်ပါအာယတ်တော်မှာ မွတ်စလင်မ်တို့အတွက် အလ္လာဟ်အရှင်မြတ်ထံ တောင်းဆိုရသော ဆုမွန်ဒုအာ တစ်ရပ်ဖြစ်သလို မွတ်စလင်မ်တို့၏ သဘောထားကြေညာစာတမ်း (Manifesto) လည်းဖြစ်ပါတယ်။

`မွတ်စလင်မ်တို့သည် ကောင်းမွန်လှပတင့်တယ်သော အနာဂါတ်ကို ပိုင်ဆိုင်ရယူနိုင်ရေးအတွက် ကောင်းမွန်လှပတင့်တယ်သော လုပ်ဆောင်ချက်များကို ရင်းနှီးမြှုပ်နှံ စိုက်ထုတ်လျက်ရှိကြသည်´

ဤသည်မှာ စစ်မှန်သော `မုအ်မင်န်´သက်ဝင်ယုံကြည်သူ မွတ်စလင်မ်အီမာန်ရှင်တို့ရဲ့ သဘောထားကြေညာချက်ပဲဖြစ်ပါတယ်။ မည်သူမဆို ဤသဘောထားကို ဦးထိပ်ပန်ဆင်နိုင်ခြင်းမရှိသမျှ ကာလပတ်လုံး မွတ်စလင်မ် မဖြစ်နိုင်ပါ။

`အသင်တို့သည် `ဟဂ်ျ´နှင့်`အွမ္မရာဟ်´ကို အလ္လာဟ်အရှင်မြတ်အား ရည်စူး၍ ပြီးပြည့်စုံအောင် ဆောင်ရွက်ကြပါ။ အကယ်၍ သင်တို့သည် တစ်စုံတစ်ရာသောအကြောင်းကြောင့် (ပြင်ဆင်ဆောင်ရွက်ပြီးမှ) `ဟဂ်ျ´ခရီးစဉ်မထွက်ဖြစ်ခဲ့လျှင် လွယ်ကူစွာရရှိနိုင်သော သားကောင်တစ်ကောင်ကို လှူဒါန်းပေးလိုက်ပါ။ ထို့ပြင် သင်တို့သည် သင်တို့လှူဒါန်းလိုက်သောသားကောင်ကို သတ်မှတ်နေရာသို့ရောက်ရှိပြီး သတ်ဖြတ် လှူဒါန်းမှုမပြီးမချင်း သင်တို့၏ဦးခေါင်းရှိ အမွှေးအမျှင်(ဆံပင်၊ မုတ်ဆိတ်)များကို မရိပ်ကြလေနှင့်။

        မည်သူမဆို `ဟဂ်ျ´ကျင့်စဉ်များကို ကျင့်ကြံဆောင်ရွက်နေစဉ်ကာလအတွင်း ရောဂါဘယ တစ်စုံတစ်ရာဖြစ်ခဲ့လျှင်သော်လည်းကောင်း၊ သူ၏ဦးခေါင်း၌ ရောဂါဝေဒနာတစ်စုံတစ်ရာ စွဲကပ်ခဲ့လျှင်သော်လည်းကောင်း၊(ဟဂ်ျကျင့်စဉ်ကို ရပ်ဆိုင်းလိုက်၍) ဆွီယာမ်တည်ဆောက်ခြင်း (သို့မဟုတ်) အလှူဒါနပြုခြင်း (သို့မဟုတ်) သားကောင်တစ်ကောင်ကို လှီးဖြတ်ပေးလှူခြင်းအားဖြင့် အစားပေးကြရပေမည်။

        ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဘေးကင်းလုံခြုံသွားသောအခါ `အွမ္မရာဟ်´နှင့်`ဟဂ်ျ´ကို စိတ်လက်ကြည်နူးစွာ ဆောင်ရွက်ရပေလိမ့်မည်။ သို့ဖြစ်ရာ လွယ်လင့်တကူရရှိသော သားကောင်တစ်ကောင်ကို ထိုသူ လှူဒါန်းရပေလိမ့်မည်။ အကယ်၍ သားကောင်ကို အလွယ်တကူမရရှိခဲ့သော် `ဟဂ်ျ´ကာလဆောင် ရွက်ချိန်၌ `ဆွီယာမ်´ဥပုသ်(၃)ရက်စောင့်ထိန်းပြီး မိမိနေရပ်သို့ ပြန်လည်ရောက်ရှိသောအခါ `ဆွီယာမ်´ဥပုသ်(၇)ရက်၊ စုစုပေါင်း(၁ဝ)ရက်ပြည့်သည့်အထိ ပြီးမြောက်အောင်စောင့်ထိန်းရပေမည်။ ထိုသို့ ပြုလုပ်ခြင်းသည် `မဆ်ဂျီဒေဟရာမ်´အရပ်၌ မိသားစု ဆွေမျိုးအုပ်စုမရှိသူ တစ်ဦးအတွက်သာလျှင်ဖြစ်သည်။

        သင်တို့သည် အလ္လာဟ်အရှင်မြတ်၏ပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးခြင်းဖြင့် `တက္ကဝါ´တရားကို လက်ကိုင်ပြုထားကြပါလေ။ အလ္လာဟ်အရှင်မြတ်သည် ထိရောက်ပြင်းထန်သော ပြစ်ဒဏ်ပေးသည်ကိုလည်း သင်တို့သိနားလည်ထားကြပါလေ။´   (ကုရ်အာန် -၂း ၁၉၆)

အထက်ပါကုရ်အာန်(၂း၁၉၆)က `အွမ္မရာဟ်´ နှင့် `ဟဂ်ျ´ကို ပြုလုပ်ဆောင်ရွက်သူတစ်ဦးချင်းအတွက် ရုတ်တရက်ဖြစ်ပေါ်လာရသော ပြသနာတစ်ရပ်ကို မည်ကဲ့သို့ဆောင်ရွက်ဖြေရှင်းရမည်ကို ညွှန်ကြားပြသထားခြင်းဖြစ်ပါတယ်။

`ဟဂ်ျ´နှင့်`အွမ္မရာဟ်´၏အနှစ်သာရမှာ အလ္လာဟ်အရှင်မြတ်က ကျမ်းမြတ်ကုရ်အာန်၌ ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများနှင့် လူသားထုတစ်ရပ်လုံး၏ရပိုင်ခွင့်ကို အီမာန်သက်ဝင်ယုံကြည်သူတို့က ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စုပေါင်းတိုင်ပင်အရေးဆို ဆွေးနွေးကြခြင်းပင်ဖြစ်ပါတယ်။ `ဟဂ်ျ´ ဆိုသည်မှာ တစ်နှစ်တစ်ကြိမ်ကျင်းပရသော လူထုအစည်းအဝေးကြီးဖြစ်၍ `အွမ္မရာဟ်´ဆိုသည်မှာ အချိန်နှင့်တစ်ပြေးညီ လိုအပ်သလိုကျင်းပရသော လူထုကိုယ်စားလှယ်များ၏ အစည်းအဝေးသဘောပဲဖြစ်ပါတယ်။ ကမ္ဘာ့မွတ်စလင်မ်တို့သည် တစ်နှစ်လျှင်တစ်ကြိမ် အလ္လာဟ့်အိမ်တော်သို့ လာရောက်စုဝေးကြပြီး မိမိတို့နိုင်ငံအလိုက် ဖြစ်ပေါ်လျက်ရှိသော၊ လိုအပ်လျက်ရှိသော အရေးကိစ္စအဝဝကို နိုင်ငံအသီးသီးမှတက်ရောက်လာသည့် ကိုယ်စားလှယ်ကြီးများနှင့် စုပေါင်းပြီးဆွေးနွေးတိုင်ပင် အဖြေရှာကြခြင်းဖြစ်တယ်။ တစ်နည်းအားဖြင့်ဆိုလျှင် ယနေ့ကျင်းပနေသော ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံကြီးသည် ကျမ်းတော်မြတ်ကုရ်အာန်က ရည်ညွှန်းဖော်ဆောင်နေသော `ဟဂ်ျ´နှင့်`အွမ္မရာဟ်´၏သဘောသဘာဝပဲဖြစ်ပါတယ်။

ကမ္ဘာအရပ်ရပ်မှရောက်ရှိလာသော မွတ်စလင်မ်ကိုယ်စားလှယ်တော် `ဟာဂျီလောင်းများသည် ရှေးဦးစွာ တမန်တော်အီဗရာဟင်မ်(အ)နှင့် သူ၏မိသားစုတို့ ဆောင်ရွက်ခဲ့ကြသော ဘာသာရေးဆိုင်ရာ ကျင့်စဉ်များဖြစ်သည့် စုပေါင်းညီညာစွာ `တွဝါဖ်း´လှည့်ခြင်း၊ `ဆွဖာ´နှင့်`မရ်ဝါ´သို့ အမြန်လျှောက်ခြင်းတို့ကို တစ်ဦးနှင့်တစ်ဦးအကြား အပြန်အလှန်နားလည်ချစ်ခင်မှုရရှိစေရန် ဆောင်ရွက်ရပါတယ်။ ထို့နောက် `အွမ္မရာဟ်´အခန်းကဏ္ဍကိုဆောင်ရွက်ရာမှာ နိုင်ငံအလိုက်ကိုယ်စားလှယ်များက မိမိတို့နိုင်ငံ၏အရေးအရာများကို ပဏာမတင်သွင်းကြရပါမယ်။ `ဟဂ်ျ´ညီ လာခံအချိန်ရောက်သောအခါ တင်သွင်းလာသောအစီရင်ခံစာများကို ညှိနှိုင်းတိုင်ပင်ပြီး`အာရဖါတ်´နေ့၌ `အာရဖါတ်´ ကွင်းပြင်တွင် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များချကာ ထိုမွတ်စလင်မ်ကိုယ်စားလှယ်`ဟာဂျီ´များက ထိုဆုံးဖြတ်ချက်များနှင့်အညီ စုပေါင်းအကောင်အထည် ဖော်ဆောင်သွားကြမည်ဆိုလျှင် ယနေ့ကမ္ဘာပေါ်တွင် မွတ်စလင်မ်ကို မည်သူကမျှ မော်ကြည့်ရဲမည်ပင်မဟုတ်ပေ။ ယနေ့ မွတ်စလင်မ်တို့ကျင်းပနေသည့်`ဟဂ်ျ´သည် ဤသဘောဆောင်က အလွန်ကောင်းမှာပဲ လို့ပြောကြားရင်းနဲ့ ကျနော်အခန်းဆက်တင်ပြနေတဲ့ “ဟဂ်ျအကြောင်း”ခေါင်းစဉ်ကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။