အမုန်းတရား၊ အမုန်းစကား ( Hate Speech) မုဖ်သီဦးစန်းအောင်

ယနေ့ (၂၅.၄.၂၀၁၄)၊ သောကြာနေ့မှာကျရောက်တဲ့ ယောင်မွလ်ဂျုမုအာဟ်မှာ အလ္လာဟ်အရှင်မြတ်ကို ‘ အိဗာဒသ်’ ပြုရန် ကြွရောက်လာကြတဲ့ မွတ်ဆလင်မ်အမျိုးသား၊ အမျိုးသမီးအပေါင်းတို့ခင်ဗျား……

အတ်ဆလာမ်း မုအာလိုင်းကွမ်း ဝရဟ်မသွလ်လားဟိ ဝဘရကားသုဟု………

ကျနော်ဒီကနေ့မှာ ကျနော်အခန်းဆက်အဖြစ်တင်ပြနေတဲ့ “အစ္စလာမ့်ရှရီအာဟ် ဥပဒေ” ဆိုတဲ့အပိုင်းကို ခေတ္တနားပြီး ကြားဖြတ်အနေနဲ့ အချိန်နဲ့တစ်ပြေးညီလိုအပ်နေတဲ့ “ အမုန်းစကား၊ အမုန်းတရား ( Hate Speech )” ဆိုတဲ့ခေါင်းစဉ်ကို ကြားဖြတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေမှာ ဒီလို အမုန်းစကား၊ အမုန်းတရား (Hate speech) တွေဟာ အတိုင်းအတာတစ်ခုအထိ နေရာဝင်ယူထားတာကို ကျနော်တို့ လေ့လာ ဆန်းစစ်ကြည့်မယ်ဆိုရင် တွေ့ရပါလိမ့်မယ်။ ယနေ့အခါမှာ လူအတော်များများဟာ ‘ အင်တာနက် အွန်လိုင်း’ ကို အသုံးများလာကြပါတယ်။ ဒီတော့ ဒီအွန်လိုင်းပေါ်မှာလည်း Hate speech တွေဟာ ပြန့်နှံ့ နေရာယူထားတာတွေ့ရပါတယ်။ ဒီအွန်လိုင်း ပေါ်ကနေ ပြဿနာတွေကို မဖြစ်၊ ဖြစ်အောင် ဖန်တီးလှုံဆော်နေတဲ့ အနေအထားတွေကိုလည်း တော်တော်များများ တွေ့နေရပါတယ်။

အမှန်တကယ်မှာတော့ ဒီကနေ့ဖြစ်ပေါ်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ဆိုင်ရာ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေဟာ နှစ်ဖက်စလုံးမှာ ဖြေရှင်းဖို့တာဝန်ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုတော့ သိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုဖြေရှင်းရင် အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိမယ်ဆိုတာကို ကျနော့ဖက်က လေ့လာသုံးသပ်ထားတာကို တင်ပြလိုပါသောကြောင့် ဒီနေ့ ခွတ္တဗါဟ်မှာ “ အမုန်းစကား၊ အမုန်းတရား (Hate Speech) ” ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်တင်ပြလိုက်ခြင်းဖြစ်ပါတယ်။

အဲဒီတော့ အရင်ဦးဆုံး လူတိုင်းဟာ မိမိကိုယ်မိမိ မေးခွန်းတစ်ရပ်ကို မေးကြည့်လိုက်ပါ။

   “ငါသည် လူမျိုးရေး၊ ဘာသာရေး နှင့်ပတ်သက်ပြီး ခွဲခြား၊ နှိမ့်ချ ရေးသားထားသည့် မှတ်ချက် (Status, Post, Comment) တစ်ခုကို Facebook အပေါ်တွင် ရေးဖူးပါသလား။ Share လုပ်ဖူးပါသလား။ ဒါမှမဟုတ် g-mail ကတစ်ဆင့် မိတ်ဆွေတွေထံကို လက်ဆင့်ကမ်းပေးပို့ဖူးပါသလား။ သို့မဟုတ် လဘက်ရည်သောက်ရင်း နီးစပ်ရာသူငယ်ချင်းများကို လူမျိုးတစ်မျိုး၊ ဘာသာဝင်တစ်ရပ်အကြောင်းဆန့်ကျင်တိုက်ခိုက်ပြောဆိုဖူးပါသလား။”

အထက်ပါအပြုအမူတွေအနက်က တစ်ခုခုကို သင်ဆောင်ရွက်လိုက်မယ်ဆိုရင် သင်ဟာအမုန်းတရား၊အမုန်းစကာ(Hate speech)ကို လက်ခံဆောင်ရွက်နေပြီဖြစ်ပါတယ်။ဒါဆိုရင်သင်ဟာ အကြမ်းဖက်မှုတစ်ရပ်ဆီကို ဦးတည်တွန်းပို့နေသူတစ်ယောက်ဖြစ်နေပါပြီ။

ကျမ်းမြတ်ကုရ်အာန်က လူတစ်ယောက်နဲ့တစ်ယောက်အကြားမှာ အမုန်းစကား၊ အမုန်တရားတွေ မဖြစ်ပေါ်စေဖို့ တားမြစ်ပြဌာန်းချက်တွေ အများကြီးရှိပါတယ်။ အဲဒီအနက် ကျနော် ကုရ်အာန် (၄၉း ၆) ကို တင်ပြပါရစေ။

     အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူတစ်ဦးတစ်ယောက်က အသင်တို့ထံ တစ်စုံတစ်ရာသောသတင်းတစ်ရပ်ကို ယူဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် အသိမဲ့စွာဖြင့် လူမျိုးတစ်မျိုးကို အန္တရာယ်မပြုမိကြစေရန် ယင်းသတင်းမှန်၏၊ မမှန်၏ကို စူးစမ်း၊ စစ်ဆေးကြပါလေ။ သို့မဟုတ်လျှင် သင်တို့သည် မိမိတို့ပြုလုပ်မိခဲ့ကြသော လုပ်ရပ်ကြောင့် ကြေကွဲရပေလိမ့်မည်။    ( ကုရ်အာန်- ၄၉း ၆)

 

ဒီအာယသ်တော်မှာလေ့လာကြည့်လိုက်မယ်ဆိုရင် ‘ ဖါဆစ်ခ်’ လို့သုံးနှုံးထားတဲ့ အရဗီဝေါဟာရတစ်ခုကို ကျနော်တို့ တွေ့ရပါမယ်။ ဒိစာလုံးကိုအရင်ကတော့ ကျနော်တို့ ဆရာသခင်ကြီးတွေအချို့က ‘ မုတ်ဆိတ်မထားသူ’ လို့ပြောတာကြားဖူးပါလိမ့်မယ်။ ဒီကုရ်အာန်အာယသ်မှာတော့ ဒီဝေါဟာရကို ‘အမုန်းစကား၊ အမုန်းတရားဖန်တီးသူ’ ရည်ညွှန်းသုံးစွဲထားတာကို တွေ့ရပါတယ်။

 

မတူညီတဲ့အစုအဖွဲ့တွေအကြားမှာဖြစ်ပွားလေ့ရှိတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကအစ မျိုးတုန်းသတ်ဖြတ်မှုတွေဟာ အမုန်းတရား၊ အမုန်းစကား (Hate speech) တွေက အခြေခံခဲ့တယ်ဆိုတာ ကမ္ဘာ့ သမိုင်းမှာ တွေ့မြင်ခဲ့ရပါပြီ။

Hate speech ဆိုတာဘာလဲ……..

Hate speech ဆိုတာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စုအပေါ်မှာ ခွဲခြားနှိမ့်ချမှုကို အခြေခံပြီး တိုက်ခိုက်၊ ပြောဆို၊ ရေးသားမှုကို ခေါ်ဆိုပါတယ်။’

     တောင်အာဖရိကနိုင်ငံ ရိုစ်ဒ် တက္ကသိုလ်မှ ပဋိပက္ခရေးရာကျွမ်းကျင်သူ Peter Du Toit (ပီတာဒူထွား) က အကြမ်းဖက်၊ ပဋိပက္ခဖြစ်မှုကို ဒီလိုအနက်ဖွင့်ဆိုပါတယ်။

အဖွဲ့(၂)ဖွဲ့အကြား၊ ဒါမှမဟုတ် (၂)ဖွဲ့ထက်ပိုတဲ့အဖွဲ့တွေကြားထဲမှာ သဟဇာတမဖြစ်သည့် ပန်းတိုင်များရှိလာသည့်အခါ၊ သို့မဟုတ် ရှိသည်ဟုထင်မြင်လာကြသည့်အခါမှာ လိုချင်တာကိုရဖို့အတွက် အခြားတစ်ဖက်ကို အတင်းအကျပ်လုပ်ဆောင်ဖို့ ကြိုးစားရင်းနဲ့ ပဋိပက္ခတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။’

ပီတာဒူထွား ရဲ့အဆိုကို လေ့လာကြည့်လိုက်တဲ့အခါမှာ ‘အချို့သောပဋိပက္ခများဟာ တစ်ဖက်နဲ့တစ်ဖက်အထင်လွဲမှားမှုများအပေါ် အခြေခံထားတယ်’ ဆိုတဲ့သဘောကိုတွေ့ရပါတယ်။ အထင်လွဲမှားမှုရဲ့ မြစ်ဖျားခံရာကတော့ ‘ အမုန်းတရား၊ အမုန်းစကား ( Hate speech )’ ပဲဖြစ်တယ်ဆိုတာကို တွေ့ရပါလိမ့်မယ်။

လူအချင်းချင်း အကြမ်းဖက်တိုက်ခိုက်ဖို့ကို ပြုလုပ်ဖို့ တွန့်ဆုတ်နေတဲ့ သာမန်ပြည်သူတွေ အများအပြားရှိပါတယ်။ ဒီလူတွေကို အကြမ်းဖက်မှုကိုဖန်တီးလိုတဲ့အုပ်စုက တစ်ဖက်လူတွေဟာ လူမဆန်ကြောင်း၊ အန္တရာယ်ကြီးကြောင်း၊ အဲဒီလူတွေကို မနှိပ်ကွပ်ထားရင် တိုင်းပြည်ပျက်မှာဖြစ်ကြောင်း၊ စသဖြင့် ဟောပြောလှုံ့ဆော်၊ ရေးသားကြပါတယ်။ ဒီအနေအထားကိုက Hate speech ကို ဖန်တီးနေတာပါ။ ဘော့စ်နီးယားနဲ့ ရဝမ်ဒါ တို့မှာ ဒီလိုလူမျိုးရေး၊ ဘာသာရေး Hate speech တွေကိုတွေ့ရပါတယ်။ ဘော့စ်နီးယား မှာ မွတ်ဆလင်မ်တွေကို ဆာ့ဘ် တွေက လူ့အရည်အသွေးမပြည့်သူများဖြစ်ကြောင်းပြောပြီး Dehumanization လုပ်ခဲ့ပါတယ်။

အမှန်တကယ်မှာတော့ Hate speech အများစုဟာ မိမိဘာသာနဲ့လူမျိုးကို ရိုးရိုးသားသားချစ်ခင်မြတ်နိုးတဲ့ ပြည်သူတွေရဲ့ အညှာကို ကိုင်လှုပ်ပြီး အကြမ်းဖက်မှုကို နှိုးဆော်လိုက်ခြင်းပါပဲ။ ဒါကြောင့် ခေတ်သစ်မျိုးဖြုတ်သတ်ဖြတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ ဘော့စ်နိးယားနဲ့ ရဝမ်ဒါ နှစ်ခုစလုံးမှာ Hate speech ဟာအဓိကသော့ချက်ဖြစ်တယ်ဆိုတာလေ့လာတွေ့ရှိနိုင်ပါတယ်။ မတူညီတဲ့လူမျိုးစု၊ မတူညီတဲ့ဘာသာဝင်များကိုတိုက်ခိုက်လိုတဲ့ နိုင်ငံရေးခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ စစ်ခေါင်းဆောင် များက Hate speech တွေကို ပြည်သူတွေထဲ စနစ်တကျဖြန့်ဝေပေးလေ့ရှိပါတယ်။ ဥပမာ၊ တရားဟောသူတွေက လူထုအတွင်းမှာ Hate speech တွေကို ဟောပြောပွဲတွေမှာ၊ လူမှုမီဒီယာတွေမှာ ချပြလေ့ရှိပါတယ်။ လက်ကမ်းစာစောင်တွေ၊ စီဒီများကတစ်ဆင့်ဖြန့်ဖြူးကြသလို ပင်မရေစီးဖြစ်တဲ့ သတင်းမီဒီယာတွေကိုပါ ထိုးဖေါက်အသုံးချလာတာကိုတွေ့ရပါတယ်။ အမုန်းတရား၊ အမုန်းစကား ( Hate speech) ဆိုတဲ့သတ်မှတ်ချက်မှာ…

 ‘ ဘယ်လိုလူနည်းစုဘာသာဝင်ကိုတော့ဖြင့် လူအများစုရရှိထားတဲ့ အခွင့်အရေးမျိုးမပေးပဲ ကန့်သတ်ထားရမယ်။ ဘယ်လိုဘာသာဝင်နဲ့ ဘယ်လိုလူမျိုးတွေရဲ့ဈေးဆိုင်ကိုတော့ဖြင့် ဈေးမဝယ်ပဲ ရှောင်ကြဉ်ရမယ်။’

….ဒါတွေဟာ Hate speech တွေပါ။ ဥပမာ.. ဒုတိယကမ္ဘာစစ်က ဂျာမနီပြည်မှာ လူနည်းစုဂျူးတွေရဲ့ ဈေးဆိုင်တွေမှာ အားမပေးဖို့၊ ဂျူးတွေနဲ့မဆက်ဆံဖို့၊ သူတို့ကိုဆန့်ကျင်ဖို့ အစရှိတဲ့စကားမျိုးတွေဟာ Hate speech တွေပါပဲ။ ဆင်ခြေပြတဲ့အနေနဲ့ သူတို့ပြောလေ့ရှိတာကတော့…

‘ ကမ္ဘာကြီးမှာ အခြားသောဂျူးလူမျိုးနိုင်ငံတွေ အများကြီးရှိတယ်။ ဒါကြောင့် ဂျာမန်တွေဟာ သူတို့ရဲ့အမျိုးပျောက်မှာစိုးကြောက်တဲ့အတွက် သူတို့နိုင်ငံအတွင်းက ဂျူးလူမျိုးတွေကို ခွဲခြားဆက်ဆံနေရတာပါ။ ဂျူးတွေရဲ့ ဆိုင်တွေမှာဈေးမဝယ်ခြင်းအားဖြင့် အမျိုး၊ ဘာသာ၊ သာသနာကာကွယ်စောင့်ရှောက်ရေးလုပ်နေတာပါ…..’

      ဒီလိုဆင်ခြေမျိုးက ကမ္ဘာလုံးဆိုင်ရာသဘောတူညီချက်တွေကြားထဲက အချုပ်အခြာအာဏာဆိုတာကို လစ်လျူရှုပြီး လူမျိုးရေးခွဲခြားလိုစိတ်နဲ့ အမုန်းတရား Hate speech တွေကို ဖန်တီးနေတာပဲဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံမှာ လူနည်းစုလူမျိုးတွေကအမျိုးစောင့်ရှောက်ဖို့ရာ ကိုယ့်အချင်းချင်းသာ

လက်ထပ်ထိမ်းမြားကြဖို့၊ ကိုယ့်လူမျိုးဈေးဆိုင်တွေမှာသာအဓိကဈေးဝယ်ဖို့၊တိုက်တွန်းနှိုးဆော်နေတာကို အမုန်းစကား ( Hate speech ) ဖြစ်အောင် တိုက်တွန်းနှိုးဆော်နေတယ်လို့ မှတ်ယူလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုအတွင်းမှာ လူနည်းစုလူမျိုးတွေ၊ ဘာသာဝင်တွေဟာ သူတို့ရဲ့လူမျိုးနဲ့ဘာသာကို သူတို့က ထိန်းသိမ်းစောင့်ရှောက်နေခြင်းပဲဖြစ်ပါတယ်။ ဒီလိုမြင်ပေးလို့ရပါတယ်။

နိုင်ငံတိုင်းမှာတော့ လူအချင်းချင်းအကြားမှာ လူမျိုးရေးမုန်းတီးစိတ်နဲ့တိုက်ခိုက်ပြောဆိုတဲ့စကား ( Fighting words) တစ်နည်းအားဖြင့် ( Hate speech ) တွေကို တားမြစ်ပိတ်ပင်ဖို့ ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့ ကြီးစိုးနေတဲ့လူမျိုး၊ ဘာသာရေးနဲ့ နိုင်ငံသားဖြစ်မှု အစရှိတဲ့အပိုင်းတွေမှာ အုပ်ချုပ်ရေးယန္တယားနဲ့ အုပ်ချုပ်ရေးအပိုင်းကိုအကောင်အထည်ဖေါ်ဆောင်နေသူအချို့ရဲ့ အစွန်းရောက်အမြင်ရှိမှုတွေ၊ အာဏာမက်မောမှုတွေအပေါ်မူတည်ပြီး Hate speech ကို နိုင်ငံရေးကစားကွက် တစ်ရပ်အနေနဲ့တော့ အသုံးချနေပါတယ်။ ဥပမာ.. အချို့သောပုဂ္ဂိုလ်ကြီးများက အစ္စလာမ်ဘာသာဝင်တို့အပေါ် ဆန့်ကျင်ခွဲခြားပြီး အစ္စလာမ်ဘာသာဝင်များနဲ့ စီးပွားရေးအရ၊ လူမှုရေးအရ အဆက်အဆံမလုပ်ဖို့ ပြောင်ပြောင်တင်းတင်း ဟောပြောနေတဲ့တရားပွဲတွေ၊ တရားခွေတွေ အလွယ်တကူပြန့်နှံ့နေပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက အရေးယူမှု အားနည်းနေတာကို တွေ့မြင်နေရပါတယ်။ ဒီလိုအရေးယူမှုအားနည်းနေတာကို ပြည်တွင်းမီဒီယာတွေကလည်း ဖေါ်ထုတ်၊ ဝေဖန်ရေးသားဖို့ လက်ရှောင်နေတာကိုလည်းတွေ့ရပါတယ်။ အမှန်တကယ်မှာတော့ Hate speech အပေါ်အခြေခံပြီးဖြစ်ပေါ်လာနေတဲ့ ပဋိပက္ခတွေဟာ အရေးအခင်းဖြစ်နေတဲ့ဒေသရှိပြည်သူများအကြားသာမက မီဒီယာများအထိပါကူးစက်လာတာကိုတွေ့ရပါတယ်။ ပြည်တွင်းမီဒီယာများအနေနဲ့ အကြမ်းဖက်မှု၊ လှုံ့ဆော်မှုတွေနဲ့ ပြည်သူလူထုအကြားမှာမြင့်တက်လာနေတဲ့ လူမျိုးရေး၊ ဘာသာရေးမုန်းတီးစိတ်တွေကို ထောက်ပြဝေဖန်ဖို့အားနည်းခဲ့ပေမဲ့  တိုင်း(TIME) မဂ္ဂဇင်းရဲ့ မျက်နှာဖုံးဆောင်းပါးပါရှိလာချိန်မှာတော့ လှုပ်လှုပ်ရှားရှား ပြန်လည်တုံ့ပြန်ဝေဖန်ခဲ့ပါတယ်။

ဒီနေရာမှာ Freedom of speech လို့ခေါ်တဲ့ လွတ်လပ်စွာပြောဆိုခွင့်ကို အကာအကွယ်ယူပြီး Hate speech ကိုရှေ့တန်းတင်လာမှုတွေလည်းရှိလာပါတယ်။ အမှန်တကယ်မှာတော့ Freedom of speech နဲ့ Hate speech ဆိုတာ ဆန့်ကျင်ဖက်သဘောပြဲဖစ်ပါတယ်။ လွတ်လပ်စွာပြောဆိုခွင့်ကို အသုံးချ၊ အကာအကွယ်ယူပြီး အမုန်းတရားပေါ်ပေါက်စေတဲ့ ပြောဆို၊ ဆောင်ရွက်မှုများရဲ့ ဦးတည်ရာကို ရှုမြင်သုံးသပ်ဖို့တော့ လိုပါလိမ့်မယ်။ လူတစ်ယောက်ရဲ့ လွတ်လပ်စွာပြောဆိုခွင့် ဆိုသည်မှာ သူ၏ပြောဆို၊ ရေးသားခြင်းသည် သူ့အတွက် အကျိုးရှိသည်ဖြစ်စေ၊ အကျိုးမရှိသည်ဖြစ်စေ၊ သူတစ်ပါး၏အကျိုးကိုတော့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ထိခိုက်ပျက်စီးခြင်းမဖြစ်စေရပေ။ အကယ်၍ ထိခိုက်နစ်နာမှုရှိလာပါက ထိုသူ၏ပြောဆိုမှု၊ ရေးသားမှုတို့အတွက် ထိုသူကသာ တာဝန်ယူရပါမယ်။ မိမိ၏လွတ်လပ်စွာပြောဆို ရေးသားခွင့်ကို မိမိနားလည်သလို သူတစ်ပါး၏အခွင့်အရေးကိုလည်း သတိပြုရပါမယ်။

လွတ်လပ်စွာပြောဆိုခွင့်သည် တစ်ဦးချင်းပုဂ္ဂလဆိုင်ရာ အပြောအဆိုနဲ့  အများပြည်သူနဲ့သက်ဆိုင်သောအပြောအဆို ဆိုပြီး (၂)မျိုးရှိပါတယ်။ ဒီအချက်ကို ခုခံကာကွယ်ခွင့်ရှိသောအပြောအဆို နဲ့ ခုခံကာကွယ်၍မရသောအပြောအဆို ဆိုပြီးတော့လည်း သုံးနှုံးကြပါတယ်။ အများပြည်သူနဲ့သက်ဆိုင်သောအပြောအဆိုကိစ္စမှာ ခုခံကာကွယ်ပိုင်ခွင့်ရှိသောအပြောအဆို ( Protected speech) သည် နိုင်ငံရေးရာ၊ သဘောတရားရေးရာ၊ ပုဂ္ဂိုလ်ရေးအပြုသဘောဆောင်မှု၊ အထိမ်းအမှတ်ဆိုင်ရာ၊ ရောင်းဝယ်ရေးဆိုင်ရာ စကားမျိုးအဖြစ်သတ်မှတ်ထားပါတယ်။

ခုခံကာကွယ်၍မရသောအပြောအဆို (Unprotected speech) ဆိုသည်မှာ အမှန်တကယ်ခြိမ်းခြောက်မှုများ၊ အကြောင်းမဲ့ပြောဆိုတိုက်ခိုက်မှုများ၊ ရိုင်းစိုင်းကြမ်းတမ်းသောဝေါဟာရအသုံးများ၊ ရန်ငြှိုးမုန်းတီးမှုအပေါ်ပြောဆိုမှုများ ကိုရည်ညွှန်းပါတယ်။ ဒါကြောင့် တစ်ချို့သောပြောဆိုမှုများဟာ လွတ်လပ်စွာပြောဆိုခွင့်ရှိသည်မှန်သော်လည်း၊ ဥပမာ စာအမှတ်အသားနဲ့ဖြစ်စေ၊ ကိုယ်နှုတ်အားဖြင့်ဖြစ်စေ၊ အသရေဖျက်လျှင်သော်လည်းကောင်း၊ လူသိထင်ရှားသောပုဂ္ဂိုလ်များ၊ လူထုခေါင်းဆောင်များကို မုန်းတီးစိတ်နဲ့ ပုတ်ခတ်ပြောဆိုနေမှုများဟာ ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက ကာကွယ်ခုခံဖို့ မလွယ်ကူပါ။ ဆိုလိုတာကတော့ လူတစ်ယောက်ဟာ လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်ရှိသည်ဆိုငြားလည်း ပုဂ္ဂိုလ်ရေးအရ ခိုင်လုံသောအကြောင်းယုတ္တိနဲ့ သဘောရိုးမရှိပဲ အခြားသူတစ်ဦးကိုဖြစ်စေ၊ အစုအဖွဲ့ အသင်းအပင်းကိုဖြစ်စေ၊ ပြောဆိုရေးသားခြင်းဟာ အသရေဖျက်ခြင်းဖြစ်လို Hate speech လည်းဖြစ်သွားပါလိမ့်မယ်။ လွတ်လပ်စွာပြောဆိုခွင့် (Freedom of speech) က မိမိယုံကြည်ရာအတွေးအခေါ်၊ ယူဆချက် စတာတွေကို အချုပ်အနှောင်မဲ့ ထုတ်ဖေါ်ခွင့်ရှိသည်မှန်သော်လည်း ထိုအပြုအမူ၊ ထိုအပြောအဆိုကြောင့် တစ်ခါတစ်ရံ အများပြည်သူရဲ့ အကျိုးပျက်စီးစေမှုကို ထိခိုက်ကျူးလွန်ရာရောက်နေတတ်ကြောင်း သတိပြုရပါမယ်။

လွတ်လပ်စွာပြောဆိုခွင့်ကို အကာအကွယ်ယူပြီး ရည်ရွယ်ချက်ရှိရှိနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ အစရှိတာတွေကို မတည်မငြိမ်ဖြစ်ရေန် ဖန်တီးနေမှုများကြောင့် အမှိုက်စပြီး ပြာဿာဒ်မီးလောင်သလို ဖြစ်ပေါ်နေတဲ့ အမှုအခင်းတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ အများအပြားဖြစ်လာနေသလို တစ်ဖက်မှာလည်း ဘာသာရေးကိုတမင်စော်ကားခြင်း ( Blasphemy)၊ လှုံ့ဆော်ခြင်း (Incitements)၊ လူမျိုးရေးမုန်းတီးခြင်း (Racial hatred)၊ ပူးပေါင်းကြံစည်ခြင်း (Conspiracy)၊ စတာတွေ ဖြစ်ပေါ်နေပါတယ်။

ဒါကြောင့်ပြည်သူလူထုဟာ “ လွတ်လပ်စွာပြောဆိုခွင့်နှင့် တူသောအရာမရှိ” ဆိုတဲ့ စကားမျိုးကို ကျယ်ကျယ်လောင်လောင် ဝံ့ဝံ့ကြွားကြွား ပြောဆိုနိုင်ဖို့ လူအချင်းချင်းမုန်းတီးစေတဲ့ Hate speech အမုန်းစကားတွေကို မောင်းထုတ်၊ ဖယ်ရှားပစ်ဖို့လိုအပ်ပါတယ်။ တစ်နည်းဆိုရရင် လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံဖို့ ပြောဆိုလုပ်ကိုင်မှုတွေကို လက်ခံပေးနေတဲ့နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်နိုင်ငံပျက်စီးဖို့အရေး အုတ်မြစ်ချပေးနေခြင်းပဲဖြစ်ပါတယ်။

 

Hate speech ကိုတားဆီးနေသော ကုရ်အာန် အာယသ်တော် အချို့

 

အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အကယ်၍ စာရိတ္တဖောက်ပြန်သူတစ်ဦးတစ်ယောက်က အသင်တို့ထံ တစ်စုံတစ်ရာသောသတင်းတစ်ရပ်ကို ယူဆောင်လာခဲ့သည်ရှိသော် အသင်တို့သည် အသိမဲ့စွာဖြင့် လူမျိုးတစ်မျိုးကို အန္တရာယ်မပြုမိကြစေရန် ယင်းသတင်းမှန်၏၊ မမှန်၏ကို စူးစမ်း၊ စစ်ဆေးကြပါလေ။ သို့မဟုတ်လျှင် သင်တို့သည် မိမိတို့ပြုလုပ်မိခဲ့ကြသော လုပ်ရပ်ကြောင့် ကြေကွဲရပေလိမ့်မည်။    ( ကုရ်အာန်- ၄၉း ၆)

 

အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အမျိုးသားများသည် အခြားအမျိုးသားများအား သရော်လှောင်ပြောင်ခြင်းမပြုရ။ သရော်လှောင်ပြောင်ခြင်းပြုခံရသော အမျိုးသားသည် သရော်လှောင်ပြောင်သူအမျိုးသားထက် သာလွန်ကောင်းမွန်သူများဖြစ်တန်ရာ၏။ အလားတူ အမျိုးသမီးများသည်လည်း အခြားအမျိုးသမီးများအား သရော်လှောင်ပြောင်ခြင်းမပြုရ။ သရော်လှောင်ပြောင်ခြင်းပြုခံရသော အမျိုးသမီးသည် သရော်လှောင်ပြောင်သူအမျိုးသမီးထက် သာလွန်ကောင်းမွန်သူများဖြစ်တန်ရာ၏။

ထို့ပြင် အသင်တို့သည်မိမိတို့အချင်းချင်းတစ်ဦးကိုတစ်ဦး ငြူစူစောင်းမြောင်း ကဲ့ရဲ့ပြစ်တင်ခြင်းလည်းမပြုကြလေနှင့်။ သရော်လှောင်ပြောင်သော အမည်နာမများကိုလည်း အချင်းချင်း ခေါ်ဆိုခြင်းမပြုလေနှင့်။…(ကုရ်အာန်- ၄၉း ၁၁)

 

အို…အီမာန်သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် များစွာသော ထင်မြင်ယူဆချက်များမှ ကြဉ်ရှောင်ကြပါလေ။ အမှန်စင်စစ် အချို့သောထင်မြင်ယူဆချက်များမှာ ကိုယ်ရည်ကိုယ်သွေးကို ပျက်ပြားစေ၏။ ထို့ပြင် သင်တို့သည် သူတစ်ပါး၏အားနည်းချက်၊ ချို့ယွင်းချက်များကို ထောက်လှမ်းစူးစမ်းခြင်း မပြုကြလေနှင့်။ တစ်ဦး၏နောက်ကွယ်၌ တစ်ဦး၏မကောင်းသတင်းကို မပြောရပေ။……(ကုရ်အာန်- ၄၉း ၁၂)